Monday, January 8, 2024

နယ်ပြောင်း ခံရပြီ အပိုင်း ( ၁ )


 

❝ နယ်ပြောင်း ခံရပြီ ❞

အပိုင်း ( ၁ )

မြန်မာစကား တွင် “ စူဠလိပ် ကို ရေထဲ လွှတ်သည် ” ဟူ၍ လည်းကောင်း  “ ကွမ်းသီး ကြိုက် တောင်ငူ ပို့ ” ဟူ၍ လည်းကောင်း တစ်စုံ တစ်ယောက် သော သူ သည် ရောက်ရှိ သွားသော နေရာ၌ အံဝင်ခွင်ကျ ဖြစ် သွားပုံကို တင်စား ပြောဆိုလေ့ ရှိကြ၏ ။

ထို စကားပုံ သည် ယခုအခါ ၌ ကျွန်ုပ် ၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင် နှင့် တိုက်ရိုက်ကြီး သက်ဆိုင် နေ သကဲ့သို့ ရှိ လေတော့၏ ။ အဘယ့်ကြောင့် ဆိုမူ ဆားပုလင်း နှင်းမောင် သည် ၎င်း စုံစမ်းထောက်လှမ်း နေသော အမှု တစ်ခု ၌ အမှု နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသော မျက်နှာဖြူလူမျိုး ယစ်မျိုးအရာရှိ တစ်ဦး က ဝင်ရောက် ၍ ဩဇာ ပေး သဖြင့် ထို မျက်နှာဖြူ အရာရှိ ၏ မေးရိုးပါးချိတ် ကို လက်သီး ဖြင့် “ ခွပ် ” ခနဲ ထိုး မိသည် ဖြစ်ရာ နာရီပိုင်း အတွင်း၌ ပင် ဆားပုလင်းနှင်းမောင် အား အင်းစိန် စီအိုင်ဒီ မှ နေ၍ မုံရွာဂါတ် ဆီ သို့ ပြောင်းရွှေ့ရန် အမိန့်စာ ထွက် လာသောကြောင့် ဖြစ်၏ ။ ဆားပုလင်းနှင်းမောင် သည် ထို အမိန့်စာ ကို ယူ၍ ဖတ်ကြည့် ပြီး လျှင် ပြုံး လိုက် လေတော့၏ ။

“ နေရာ ကျ တာပဲ ၊ ကျုပ် လဲ လယ်တီဆရာတော်ဘုရားကြီး ကို မဖူးရတာ ကြာပြီဗျာ ၊ အခုတော့ ဆရာတော်ဘုရားကြီး ကို နေ့စဉ် ဖူးခွင့် ရပြီ ဗျ ။ မျက်နှာဖြူ ယစ်မျိုးအရာရှိ ရဲ့ ကျေးဇူးပဲ ဗျို့ ”

ဟု ကျွန်ုပ် အား လှမ်း၍ ပြော လိုက်လေ၏ ။

ကျွန်ုပ် မှာ မူ ဆားပုလင်းနှင်းမောင် နှင့် ခွဲခွာရမည် ဖြစ်သဖြင့် ဝမ်းနည်း သကဲ့ သို့ ရှိ နေလေ၏ ။ ဆားပုလင်းနှင်းမောင် မှာ မူ တော်ရုံ ကိစ္စလောက် နှင့် အလွယ်တကူ ဝမ်းနည်း တတ်သော လူမျိုး မဟုတ်ရကား ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ပင် ရှိလေ၏ ။ ၎င်း အား အပြစ် ရှိသဖြင့် နယ် သို့ ပို့ လိုက်ခြင်း ကို ပင် အကောင်းဘက် က တွေး၍ ပျော်ရွှင်နိုင်လေ၏ ။

ကျွန်ုပ်မှာ မူ ကား “ ဆားပုလင်းနှင်းမောင် မရှိရင် တော့ ဒုက္ခပါပဲ ” ဟု စိတ် ၌ တွေးရင်း ၎င်း အား

“ ခင်ဗျား ဘယ်တော့ သွားမတုန်း ” 

ဟု မေး လိုက်မိလေ၏ ။

“ အခုပဲ သွားမယ်လေ အိုင်ပီ ” 

ဟု ဆားပုလင်းနှင်းမောင် က ပြန်၍ ဖြေလေ၏ ။

“ ပစ္စည်းတွေ ဘာတွေ မယူတော့ဘူးလား အိုင်ဆေး ” 

ဟု ကျွန်ုပ် က ပြန် ၍ မေးလိုက် မိလေ၏ ။

ထိုအခါ ဆားပုလင်း နှင်းမောင် က

“ စုံထောက် တစ်ယောက် နယ် ပြောင်းတဲ့ ကိစ္စ မှာ အရေးကြီးဆုံး ပါ ဖို့ ပစ္စည်း က ဒါပဲ မဟုတ်လားဗျ ” 

ဟု ဆိုကာ ကုတ်အင်္ကျီ အောက် တွင် ဝှက် ၍ လွယ် ထားသော ခြောက်လုံးပြူး ကို ကျွန်ုပ် အား မြင်စေရန် အတွက် ကုတ်အင်္ကျီ ကို လှစ် ၍ ပြ လိုက်လေ၏ ။

“ အဝတ်အစားတွေ ပြော တာလေဗျာ ” 

ဟု ကျွန်ုပ် က စိတ် မရှည်သော လေသံ ဖြင့် ပြန် ၍ ပြော လိုက်လေ၏ ။

“ ဟို ရောက်တော့ မှ ယောလုံချည် နှစ်ထည် လောက် ထပ်ပြီး ဝယ် မယ်ဗျာ ၊ ဖျင်ကြမ်းအကျီ နှစ်ထည် လောက် ထပ်ပြီး ချုပ်မယ်ဗျာ ၊ ဒီ အပြင် ဘာများ လိုသေးလို့လဲ ” 

ဟု ဆားပုလင်းနှင်းမောင် က ပြန်၍ ပြောဆိုကာ ကုတ်အင်္ကျီ အိတ် အတွင်း မှ ဂလေစီရာ ရေခဲတောင် တံဆိပ် စီးကရက် ကို ထုတ်ယူ၍ နှုတ်ခမ်းဖျား ၌ တေ့ ပြီး လျှင် ကု,လားအုတ် တံဆိပ် စီးကရက်ကုမ္ပဏီ မှ ကြော်ငြာ အဖြစ် ထုတ်လုပ်သော ကု,လားအုတ်တံဆိပ် ကြေးမီးခြစ် ကို “ ထောက် ” ခနဲ ဖွင့် ၍ မီးခြစ် ကာ စီးကရက် ၌ တို့ လိုက်လေ၏ ။

ပြီးလျှင် စီးကရက် ကို ဖွာ၍ မီးခိုးများ ကို မျက်နှာကြက် ဆီ သို့ မှုတ် ထုတ် လိုက် လေ၏ ။

ကျွန်ုပ် သည် ဆားပုလင်းနှင်းမောင် အား ခြေဆုံးခေါင်းဆုံး ကြည့် လိုက်မိ၏ ။ အနက်ရောင် ကျားပါးစပ် ဖိနပ် ကို စီး ထား၏ ။

ယောလုံချည် အနက် ကာကီရောင် ရှပ်အင်္ကျီ ကို အောက်၌ခံ၍ နက်ပြာရောင် ကုတ်အင်္ကျီ ဖားဖားကြီး ကို အပေါ် မှ ဝတ်ထားလေ၏ ။ သက္ကလတ်ဦးထုပ် အညိုရောင် ကို ခပ်ငိုက်ငိုက် ဆောင်း ၍ ထား၏ ။

၎င်း သည် အရပ် အားဖြင့် ငါးပေ ဆယ်လက်မ ခန့် ရှိပေရာ မြန်မာလူမျိုး ထဲ တွင် အရပ် မြင့်သူ စာရင်း ၌ ထိပ်ဆုံးတန်း ၌ ပါဝင်ခွင့် ရလေတော့၏ ။ ၎င်း ၏ ကိုယ်လုံးမှာ အလေးမသမားများ ကဲ့သို့ ကြည့် မကောင်း ရှုမကောင်း ဖွယ်ရာ ကြွက်သားကြီးများ ဖုထစ်နေခြင်း လည်း မရှိ ။ မည်သည့် ကိုယ်ကာယ လေ့ကျင့်ခန်း ကို မျှ မလုပ်သဖြင့် ပိန်စောက်စောက်ကြီး ဖြစ် နေသော လူမျိုး နှင့် လည်း မတူ ။ ဘားကျွမ်း ကစားခြင်း ၊ လက်ဝှေ့ ထိုးခြင်း ၊ ဗန်တိုဗန်ရှည်များ လေ့ကျင့်ခြင်း တို့ ကြောင့် ဖြောင့်စင်း တောင့်တင်း၍ လွန်စွာ အချိုး ကျသော ကိုယ်လုံးကိုယ်ပေါက် ကို ရရှိ ထားပေ၏ ။

ဆားပုလင်းနှင်းမောင် သည် ကိုယ်လုံးကိုယ်ပေါက် တစ်ခု တည်း ၌ သာလျှင် ကြည့်၍ ကောင်းသည် မဟုတ် ။ ၎င်း ၏ မျက်နှာသွင်ပြင် မှာ လည်း တစ်ခါ မြင်လိုက်ရုံ ဖြင့် မြင်ရသူ အဖို့ မကျေနပ်သေး ဘဲ နှစ်ခါ ထပ်၍ ကြည့် ရ လောက် အောင် ထူးခြားမှု ရှိလေ၏ ။

ကျွန်ုပ် ဆိုလိုသော ထူးခြားချက် မှာ ချောခြင်း လှခြင်း ကို မဆိုလို ။ ထူးခြား ပေါ်လွင်ခြင်း ကို သာ ဆိုလိုပေ၏ ။

ထိုအချိန်၌ မှာ ပင် တစ်ဘက် သော ရုံးခန်း မှ လက်ဝါးကိုကိုကြီး ဟူ၍ ပုလိပ် လောက ၌နာမည် ကြီးသော အိုင်ပီ ဦးကိုကိုကြီး သည် ကျွန်ုပ်တို့ ရှိရာသို့ ရောက် ရှိ လာ ပြီးလျှင်

“ အိုင်ဆေး ကိုနှင်းမောင် ရယ် ၊ အခုလို ဗြုန်းစားကြီး သွားမယ်ဆိုတော့ ခက်တာ များ ပေါ့ဗျာ ၊ ဟို ရောက်ရင် ကျုပ် ရဲ့ မိတ်ဆွေတွေ ရှိပါတယ် ၊ သူ့ နာမည် က ဗျာ ၊ ပါးစပ်ဖျား တင် ပါ ၊ နေပါဦး ၊ ဘယ်သူ တဲ့ ၊ မေ့ နေ လိုက်တာဗျာ ၊ ဘုရားကြီးလမ်း မှာ နေ တာပါ ။ ကုန်စုံဆိုင်ကြီး ရှိတယ်ဗျာ ၊ တရုတ်လူမျိုး ပါ ပဲ ၊ အင်း အရေးထဲ ကျ ရင် မေ့ ပြီဗျာ ”

ဟု ပြော လိုက်ရာ ဆားပုလင်းနှင်းမောင် က

“ မုံရွာဘုရားကြီးလမ်း က တရုတ်လူမျိုး ကုန်သည် ထဲ က ဆိုရင် ဂင်မိုးချမ်း ရယ် ၊ ဟိန်းဟိုး ရယ် လို့ ကုန်စုံတိုက်ကြီး နှစ်တိုက် ရှိ တယ်ဗျာ ၊ ပြီးတော့ ဂျင်ချွမ်း ဆို တာက ကိုယ်စားလှယ်ကြီး ဗျ ။ မြန်မာ ထဲ က ကိုတင်အောင် ညီအစ်ကို တစ်စု ၊ သံထည်ပစ္စည်း နဲ့ စာအုပ်တိုက် ရှိတယ်ဗျာ ” 

ဟု ပြန်၍ ပြော လိုက်ရာ လက်ဝါးဦးကိုကိုကြီး က

“ ဟုတ်ပြီ ဟုတ်ပြီ ၊ ဂင်မိုးချမ်း ကုန်စုံတိုက် ကို ပြော မလို့ပါဗျာ ၊ အင်း ပြီးတော့ ကျောက်ကာလမ်း ဘက် မှာ လဲ ကျုပ် အသိတွေ တော်တော်များများ ရှိတယ်ဗျာ ၊ သူတို့ ဆီ ကို မိတ်ဆက်စာ ရေး ပေး လိုက်တာ ၊ ပြီးတော့ ကုန်သည်ကြီး လင်မယား လဲ ကျုပ် အသိပါပဲ ၊ နာမည် မေ့ နေပြန်ပြီ ” 

ဟု ပြော ပြန်လေ၏ ။

“ ကျောက်ကာလမ်း က ဒေါ်မြရီ ၊ နယားပျံဆေးလိပ်တိုက် လား ၊ ကုန်သည် လင်မယား ဆိုတာ က ကိုအုံးဆင့် တို့ လင်မယား ကို ပြောတာလား ” 

ဟု ဆားပုလင်း နှင်းမောင် က ပြန်၍ မေး လိုက်ပြန်ရာ လက်ဝါးဦးကိုကိုကြီး က

“ အစစ်ပေါ့ဗျာ ၊ ပြီးတော့ ကျုပ် အသိ မော်တော်ဝပ်ရှော့ တစ်ခု လဲ ရှိသေးတယ် ဗျ ။ အဲဒါက အလုံလမ်း ဘက် မှာ ၊ နာမည်တော့ မေ့ နေပြီဗျာ ” 

ဟု ပြောပြန်လေ၏ ။

ထိုအခါ ဆားပုလင်းနှင်းမောင် က

“ အလုံလမ်း က မော်တော်ဝပ်ရှော့ ဆိုတာ ကိုဘိုထွန်း မစံ ရဲ့ မော်တော်ဝပ်ရှော့ ကို ပြောတာလား ” 

ဟု မေး ပြန်လေ၏ ။

ဦးကိုကိုကြီး သည် အလျှော့ မပေးသေးဘဲ

“ ကန်တော်ကြီးလမ်းဘက် မှာ လဲ ကျုပ် နဲ့ သိ တဲ့ ပွဲရုံ နှစ်ရုံ ရှိတယ်ဗျို ၊ အင်း ဒါပေမဲ့ နာည်တွေ မေ့ နေတယ်ဗျ ” 

ဟု ပြောပြန်လေ၏ ။

“ ကန်တော်ကြီးလမ်း က ပွဲရုံ ဆိုတော့ ကိုဘထူး ရဲ့ ခေတ်မီပွဲရုံ နဲ့ ကိုထွန်းရင် ရဲ လူထုပွဲရုံ ကို ပြောတာများလား ဗျာ ” 

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်ပြန်ရာ ဦးကိုကိုကြီး က ခေါင်း ကို ကုတ်၍ 

“ ဟုတ်ပါတယ်ဗျာ မိတ်ဆက် စာ လဲ ရေး မပေးတော့ပါဘူး ။ ခင်ဗျား က အကုန် သိ နေတာပဲ ဥစ္စာ ၊ အင်း ခင်ဗျား ဦးနှောက် ကလဲ ဘယ်လို ဦးနှောက်မျိုး လဲ ဗျာ ၊ မှတ်မိ လိုက်တာ လွန်ပါရော ၊ ဖိုတိုဂရပ်ဖစ်ဘရိမ်း ဆို တာ ဒါမျိုးများ လား ဗျာ ”

ဦးကိုကိုကြီး က ပြော လိုက်လေတော့၏ ။

ထို့နောက် များမကြာမီ အချိန်အတွင်း ၌ ပင် ကျွန်ုပ် နှင့် လက်ဝါးဦးကိုကိုကြီး တို့သည် ကားတစ်စီး ကို ထုတ်၍ ဆားပုလင်းနှင်းမောင် အား ကွမ်းခြံဘူတာကြီး သို့ လိုက် ပို့ လိုက်လေတော့၏ ။ ဘူတာ သို့ ရောက်လျှင် ရထား ထွက်ရန် အချိန် စော သေး သဖြင့် ပလက်ဖောင်း ပေါ် ၌ ပင် ကျွန်ုပ်တို့ သုံးဦး သည် မတ်တတ် ရပ်လျက် ရောက်တတ်ရာရာ စကားများ ကို ပြောဆို နေကြလေ၏ ။

ထိုသို့ စကား ပြောနေစဉ် အတွင်း ၌ ကျွန်ုပ် သည် ဆားပုလင်းနှင်းမောင် နှင့် ပတ်သက်သော အကြောင်းအရာများ ကို “ တရစပ် ” စဉ်းစား နေမိလေတော့၏ ။

အမှန်စင်စစ် အားဖြင့် “ ဆားပုလင်း ” ဆိုသည် မှာ အင်္ဂလိပ် စကား ( Surveillance ) ဆားဗီးလင့် သံသယရှိခြင်း ခံရသောပုဂ္ဂိုလ်များ ကို အနီးကပ် စောင့်ကြည့်ခြင်း ဟူသော စကား မှ အသံချင်း ဖလှယ်၍ ကျွန်ုပ်တို့ မြန်မာများ သည် အင်္ဂလိပ် စကား အချို့ကို မွေးစား ခဲ့ကြ၏ ။ ထိုသို့ မွေးစားရာ ၌ လည်း အချို့သော စကားလုံးများ ကို တိုက်ရိုက် မွေးစားခဲ့၏ ။ မော်တော်ကား ၊ ရေဒီယို ၊ ဝိုင်ယာလက် ၊ ဒါရိုက်တာ စသည် များစွာ မှာ တိုက်ရိုက် မွေးစား ခဲ့သော စကားလုံးများ ဖြစ်၏ ။

ထိုသို့ မဟုတ်ဘဲ အင်္ဂလိပ်စကား ကို မြန်မာ အသံ ပြုကာ မွေးစားခဲ့သော စကားများလည်း ရှိပေသေး၏ ။ ဆာမွန် ကို သာမန်စာ ဟူ၍ လည်းကောင်း ၊ ရီဂျစ်စတာ ကို ရေစစ္စလီ ဟူ ၍ လည်းကောင်း ၊ ပူလိစ် ကို ပုလိပ် ဟူ၍ လည်းကောင်း ၊ ဘင့် ကို ဘဏ် ဟူ ၍ လည်းကောင်း မြန်မာသံ နှင့် ညှိကာ မွေးစား ခဲ့လေ၏ ။ ထိုသို့ အသံချင်း ညှိ၍ မွေးစား ခဲ့သော စကားလုံးများ အနက် က ကျွန်ုပ်တို့ ပုလိပ် ဘက် တွင် အသုံးပြုသည့် “ ဆာဗီးလင့် ” ဟူသော စကားလုံး သည် အင်္ဂလိပ်စာ မတတ်သော မြန်မာတို့ ၏ ပါးစပ် တွင် “ ဆားပုလင်း ” ဟူ၍ ဖြစ် သွားလေတော့၏ ။ ထိုသို့ ဖြစ်သွားရုံ မျှ မက မူရင်း ဖြစ်သော ဆားလင့် သည် ပင် တိမ်မြုပ်၍ ဆားပုလင်း ဟူသော ဝေါဟာရ က အမြစ်တွယ် ရေပန်းစား သွားလေတော့၏ ။

ထို့ကြောင့် ကျွန်ုပ် ၏ မိတ်ဆွေကြီး ( Surveilance ) ကိုနှင်းမောင် သည် ပင် မြန်မာပြည် ပုလိပ်အဖွဲ့ ၌ လည်းကောင်း ၊ ပုလိပ်အဖွဲ့ နှင့် တိုက်ရိုက် ပတ်သက် နေရသော  ”  ဒုစရိုက်သမား တို့ ၏ လောက ၌ လည်းကောင်း “ ဆားပုလင်းနှင်းမောင် ”  ဟူ၍ ကျော်ကြား လာခဲ့ရ လေတော့၏ ။

အမှန်စင်စစ် အားဖြင့် ဆားပုလင်း ဟူသော ရာထူး မှာ ပုလိပ် ဘက် ၌ ပြောပါ လောက်သော ရာထူးမျိုး မဟုတ်ပေ ။ သို့ရာတွင် ဆားပုလင်းနှင်းမောင် မှာ ကား ပြောပ လောက်သူ ဖြစ်ရုံ သာ မက စာ တစ်စောင် ပေ တစ်ဖွဲ့  နှင့် ပင် မှတ်တမ်း တင် ထားထိုက် သည် ဟု ယူဆသည့် အလျောက် ကျွန်ုပ် သည် ၎င်း နှင့် ပတ်သက်သော အကြောင်းအရာ များ ကို မှတ်သားထားလေ့ ရှိ၏ ။ ၎င်း လိုက်ခဲ့သော အမှုများ နှင့် ၎င်း ၏ စွန့်စားခန်းများ ကို လည်း ကျွန်ုပ် ၏ ကိုယ်ပိုင် မှတ်တမ်း ၌ ရေးမှတ်ထားသည် ချည်း ဖြစ်၏ ။ အဘယ်ကြောင့် ရေးမှတ်ရသနည်း ဆိုမူ နောင် တစ်ချိန် ကျွန်ုပ် ပင်စင် ယူသော ကာလ ၌ ဆားပုလင်းနှင်းမောင် အကြောင်း ကို အများပြည်သူ သိရှိရန် အတွက် ကျွန်ုပ် အနေနှင့် စာအုပ် စာတမ်းများ ပြုစုရေးသားမည် ဟု ကြံရွယ်ထားသောကြောင့် ဖြစ်၏ ။

အမှန်စင်စစ် ကျွန်ုပ် သည် ကျွန်ုပ် မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင် ထက် ရာထူး အားဖြင့် လွန်စွာ ကြီးမား ပေသည် ။ သို့ရာတွင် ဆားပုလင်းနှင်းမောင် မှာ မူ အရည်အချင်း အားဖြင့် ကျွန်ုပ် ထက် လွန်စွာ ကြီးမားကြောင်း ကို လည်း ကျွန်ုပ် အနေနှင့် ဝန်ခံ ရပေသည် ။

ကျွန်ုပ် ၏ အိမ် ၌ မှန်ပေါင် တပ်၍ ချိတ်ထားသော အမှုထမ်းကောင်း လက်မှတ်များ ၊ ရှိုး ပြလိုသော သဘော နှင့် ချိတ်ဆွဲ ထားသည့် ဆုငွေဓားများ မှာ ကျွန်ုပ် ၏ အစွမ်းအစ ကြောင့် မဟုတ်ဘဲ ကိုနှင်းမောင် ၏ အစွမ်းကြောင့် ဖြစ်ကြောင်း ကို လည်း ကျွန်ုပ် အနေနှင့် ဝန်ခံရန် အသင့် ရှိပြန်၏ ။ ကိုနှင်းမောင် ၌ ထူးခြားသော စိတ်နေ သဘာဝများ ရှိသည့် အနက် မနာလိုခြင်း ကင်းသော စိတ်နေသဘာဝ တစ်ခု သည် လည်း ချီးမွမ်းစရာ ကောင်း လှတော့၏ ။ အထက် က ဆိုခဲ့သော အမှုထမ်းကောင်း လက်မှတ်များ ၊ ငွေဓားဆုများ သည် သူ ၏ ကြိုးပမ်းမှုကြောင့် ကျွန်ုပ် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကို သူလည်း ကောင်းစွာ သိပေ၏ ။ သို့ရာတွင် အများသူငါ ကဲ့သို့ “ လုပ်တော့ ငါ က လုပ်ပြီး အကျိုး ရှိတော့ သူ့ မှာ အကျိုး ရှိနေတာပဲ ၊ ဘာဖြစ်လို့ လုပ် ရမလဲ ”  ဟူသော စိတ်ထားမျိုးလည်း မရှိ “ သူ ရထားတဲ့ ဆုတွေ ၊ အမှုထမ်းကောင်း လက်မှတ်တွေ ဟာ သူ့ အစွမ်း မဟုတ်ပါဘူးဗျာ ၊ ကျုပ် ကြောင့် ရတာတွေ ပါ ။ ဘယ် အမှုတုန်း က ကျုပ် လိုက်ပေးခဲ့တာပဲ ၊ ခင်ဗျားတို့ လဲ အသိသား မဟုတ်လား ”  ဟူ၍ ကျွန်ုပ် ၏ ကွယ်ရာ၌လည်း အသား မယူ ၊ ကျွန်ုပ် ၏ ရှေ့တွင် လည်း ထို ကိစ္စ ကို အကြောင်းပြု ၍ အခွင့်အရေး မတောင်းရုံမျှ မက ၎င်း ကြောင့် ရရှိခဲ့သော ဆုဓားများ နှင့် အမှုထမ်းကောင်း လက်မှတ်များ ကို စိတ် မျှ ပင် ဝင်စားခြင်း မရှိသည် ကို တွေ့ရလေတော့၏ ။

တစ်ခါက ကျွန်ုပ်သည် ကိုနှင်းမောင် အား အောက်ပါ အတိုင်း မေးဖူးလေ၏ ။

“ အိုင်ဆေး ကိုနှင်းမောင် ၊ ကျုပ် နဲ့ ခင်ဗျား နဲ့ တွဲ လာတဲ့ တစ်လျှောက်လုံး မှာ ခင်ဗျား ကြောင့် အမှုတွေ ပေါ် လာခဲ့တယ် ။ ရာထူး တက် တော့ ကျုပ် က တက် ခဲ့တယ် ဆုတွေ ရတော့ ကျုပ် က ရခဲ့တယ် ၊ ခင်ဗျား မှာ တော့ ဒုံရင်း ဒုံရင်း ပဲ ၊ ကျုပ် မှာ တောင် ခင်ဗျား ကို အကြောင်းပြုပြီး အကျိုး ရှိပါ့ဗျာ ၊ အဲဒီတော့ ခင်ဗျား စိတ်ထဲမှာ ဘယ်လိုများ ခံစား ရသလဲ ၊ အမှန်အတိုင်း ပြောစမ်းပါဗျာ ”

ထိုအခါ ကိုနှင်းမောင် သည် ၎င်း ၏ ထုံးစံအတိုင်း မခို့တရို့ကလေး ပြုံး လိုက်ပြီး လျှင်

“ အိုင်ပီ မှား နေပြီ ၊ ခင်ဗျား ရာထူး တက်တာတွေ ၊ အမှုထမ်းကောင်း လက်မှတ် တွေ ၊ ငွေဓားဆုတွေ ရ တာဟာ ကျုပ် ကြောင့် လို့ ထင် နေတာကိုး ၊ လုံးလုံး မဟုတ်ဘူးဗျ ။ ခင်ဗျား ဟာ ခင်ဗျား ရတာတွေချည်းပဲ လို့ မှတ် ”

ဟု ပြောလေ၏ ။

“ ဘယ်ဟုတ်မလဲ ကိုနှင်းမောင် ရယ် ၊ မြိုင်ရာဇာတာတေ အမှု မှာ ကျုပ် ရာထူး တက် ခဲ့တာ ခင်ဗျား လဲ အသိသားပဲ ၊ အဲဒီ အမှု တုန်းက ကျုပ် က ဘာများ လုပ်တတ် လို့လဲဗျာ ၊ ခင်ဗျား ပဲ အစအဆုံး အမှု ကို ဖော်ခဲ့တာ မဟုတ်လား ၊ ရာထူး တက်တော့ သာ ကျုပ် က တက် ခဲ့တာပဲ ”

ဟု ကျွန်ုပ် က ပြောလျှင် ကိုနှင်းမောင် က ပြုံး၍

“ အိုင်ပီ ၊ ဒီ အသက်အရွယ် အထိ အုန်းပင် တစ်ပင် လောက်များ စိုက်ဖူးသလား ၊ စိုက်ဖူးမယ် မထင်ပါဘူး ”

ဟု ပြောလိုက်လေ၏ ။

“ မစိုက်ဖူးပေါင်ဗျာ ၊ အဲဒါ ဘာဖြစ်သလဲ ”

ဟု ကျွန်ုပ် က ပြန်၍ မေး လိုက်ရာ ကိုနှင်းမောင် က

“ မစိုက်ဖူးပေမယ့် အုန်းသီး တော့ စား ဖူးမှာပေါ့နော် ”

ဟု ပြန်၍ မေးလိုက် လေ၏ ။

“ စားဖူးတာပေါ့ ကိုနှင်းမောင် ရယ် ၊ ကျုပ် က အုန်းသီး သိပ်ပြီး ကြိုက်တယ်ဗျ ” 

ဟု ကျွန်ုပ် က ပြော လိုက်ရာ ကိုနှင်းမောင် က

“ အိုင်ပီ စားခဲ့ဖူးတဲ့ အုန်းသီးတွေ ကို စိုက်ပျိုး ခဲ့တဲ့ အုန်းပင်စိုက်သမား က ငါ က တော့ အုန်းပင် စိုက် ရတယ် ၊ ငါ အုန်းပင် စိုက် နေတုန်း က ပေါက်ပြားကလေး တောင် ကူပြီး ကိုင်ပေးဖော် မှ မရတဲ့ စီအိုင်ဒီ က ပုလိပ် အင်စပိတ်တော်ကြီး ဦးအောင်သင်း ဟာ ၊ ငါ စိုက် ခဲ့တဲ့ အုန်းပင် က အုန်းသီးတွေ ကို တဝတပြဲ စား နေပြီလို့ မကျေမနပ်များ ဖြစ်မယ် ။ ထင်လို့လား ” 

ဟု ကျွန်ုပ် အား မေးလိုက်၏ ။

“ ကတ်သီး ကတ်သတ်ဗျာ ”

ဟု ကျွန်ုပ် က ပြန်၍ ပြောရာ ကိုနှင်းမောင် က

“ အဲဒီလိုပဲ အိုင်ပီ ၊ ကတ်သီးကတ်သတ်ဗျာ ၊ ခင်ဗျား ကုသိုလ် ခင်ဗျား ရတာတွေ ပါ အိုင်ပီ ၊ ကျုပ် တော်လို့ ရတယ် ဆိုရင် တောင် မှ ဒီလို တော်တဲ့ လူ ကို ရ ထားဖို့ ခင်ဗျား မှာ ကုသိုလ် ရှိတယ်လို့ မှတ်ပါ ၊ ကျုပ် က တော့ အုန်းပင် စိုက် တဲ့ လူ လိုပါ ၊ စိုက် နေရရင် ကျေနပ်ပါတယ်ဗျာ ၊ ကျုပ် ကုသိုလ် က လဲ စိုက် နေရရင် ကျေနပ်နိုင်အောင် ကို ကျုပ် ရဲ့ စိတ်နှလုံး က ပါ လာပါတယ် ၊ ဒီ အတွက် တော့ သံသယ မရှိပါနဲ့ အိုင်ပီ ” 

ဟု ပြောဆို ရယ်မော လေတော့၏ ။

အင်္ဂလိပ်စကား ၌ စိတ်ထား ကြီးမြင့်သူ ကို အိုးလ်မော်ရယ်လတီ “ မြင့်မြတ်သော စိတ်ထား ”  ဟု တင်စား ပြောဆိုလေ့ ရှိကြသည် ကို ၎င်းတို့ ၏ ဝတ္ထု ဘုတ်အုပ်များ ၌ မကြာခဏ ဖတ်ရှုမိဖူးပေ၏ ။ ၎င်းတို့ ပြောဆိုလိုသည့် “ မြင့်မြတ်သောစိတ်ထား ” ဆိုသည် မှာ ယခင် က သဘော မပေါက် သော်လည်း ကိုနှင်းမောင် နှင့် တွေ့သော အခါ၌မူ ကိုနှင်းမောင် ၏ စိတ်ထားမျိုး ကို ဆိုလိုကြောင်း ကျွန်ုပ် အနေ နှင့် သဘော ပေါက်မိ လေတော့၏ ။

ကိုနှင်းမောင် သည် လူတော် တစ်ဦး ဖြစ်ကြောင်း ကို ကျွန်ုပ် သည် ကောင်းစွာ နားလည် လေ၏ ။ သို့ရာတွင် ကိုနှင်းမောင် မည်မျှ တော်ကြောင်း ၊ ကိုနှင်းမောင် မည်မျှ အရည်အချင်း ရှိကြောင်း ကို မူ ကျွန်ုပ် သည် စာအုပ် တစ်အုပ် တည်း ဖြင့် ပြည့်စုံအောင် ဖော်ပြနိုင်မည် မဟုတ်ပေ ။

လူတော် ဟု ဆိုသူများ ကို ကျွန်ုပ် တွေ့ဖူးပါ၏ ။ အချို့သည် စိတ်ထား ဘက် ၌ ရာနှုန်းပြည့် မျှ နီးပါး တော်၏ ။ သို့ရာတွင် အခြားသော တတ်ကျွမ်းမှု လေ့လာမှုများ ၌ အားနည်း နေပြန်၏ ။ အချို့မှာ လက်တွေ့ လုပ်ကိုင်ခြင်း၌ များစွာ တော်၏ ။ တတ်ကျွမ်း၏ ။ လေ့လာမှု လည်း အားကောင်း၏ ။ သို့ရာတွင် စိတ်ထား ဘက် ၌ မူ ပေ မမီ ၊ ဒေါက် မမီ ဖြစ်နေ ပြန်၏ ။ ကိုနှင်းမောင် ကား ထိုသို့ မဟုတ် ၊ စွယ်စုံဘက်စုံ တော်သူ ဖြစ်၏ ။ အကြမ်း ရော အနု ပါ ရ၏ ။ ဦးနှောက် အလုပ် ၌ တော် သကဲ့သို့ ကိုယ်ကာယ နှင့် ဆိုင်သည့် တိုက်ခြင်း ၊ ခိုက်ခြင်း အလုပ်မျိုး ၌ လည်း ၎င်း ကို မီသောသူ ကို ပုလိပ်ဘက် ၌ ယခု စာ ကို ရေး နေသည့် အချိန် အထိ ကျွန်ုပ် အနေ နှင့် မတွေ့ဖူးပေ ။

ကျွန်ုပ် သည် ဤသို့လျှင် ကျွန်ုပ် ၏ မိတ်ဆွေကြီး ကိုနှင်းမောင် ခေါ် စုံထောက်ကြီး ဆားပုလင်းနှင်းမောင် ၏ အကြောင်းအရာများ ကို ပြန်ပြောင်း တွေးတော၍ သတိရ နေစဉ် ပင် မီးရထားကြီး သည် ထွက်ခွာရန် အတွက် အချက် ပြ လေတော့၏ ။ ဂါတ်ဗိုလ် က လည်း လိပ် ၍ ကိုင် ထားသော အလံစိမ်း ကို ဖြန့် ၍ ခေါင်းတွဲ ကို ပြ လေတော့၏ ။

“ ကဲ သွားမယ်ဗျာ ” 

ဟု ဆားပုလင်းနှင်းမောင် က ကျွန်ုပ် နှင့် ဦးကိုကိုကြီး အား နှုတ်ဆက် လိုက်လေ၏ ။

ထိုအချိန်၌ မှာ ပင်

“ ဘယ်ကို သွားမှာလဲ ဆရာကိုနှင်းမောင် ရဲ့ ၊ သွားလို့ မရသေးဘူး ၊ မင်းကြီး က ပြန် လာခဲ့ပါ တဲ့ ၊ ဟောဒီ မှာ စာ ပေးလိုက်တယ် ” 

ဟု ဆိုကာ ကျွန်ုပ်တို့ စီအိုင်ဒီရုံး မှ ပြာတာကလေး မောင်ညို သည် ဆားပုလင်းနှင်းမောင် အား စာ တစ်စောင် ထုတ် ၍ ပေး လိုက်လေ၏ ။

ထိုအခါ ဦးကိုကိုကြီး က

“ နေစမ်းပါဦး မောင်ညို ရ ၊ မင်း က ဘယ်ကနေ ဘယ်လို ရောက်လာတာတုံး ” 

ဟု မေး လိုက်ရာ မောင်ညို က

“ ပဲခူး မှာ လူသ,တ်မှု ဖြစ်လို့တဲ့ ဆရာ ရဲ့ ၊ အဲဒါ ကျွန်တော့် ကို လွှတ် လိုက်တာ ၊ ဆားပုလင်းနှင်းမောင် ဘူတာရုံ မှာ ရှိမယ် ၊ သူ့ ကို အဲဒီ စာ ပြပြီး ပြန် ခေါ်ခဲ့ပါ လို့ မင်းကြီး က ခိုင်း လိုက်တာ ၊ ကျွန်တော် လဲ မီရာ ကား နဲ့ အမြန်ဆုံး လိုက်လာရတာ ” 

ဟု ဆိုကာ မောင်ညို သည် ၎င်း ၏ အိတ် အတွင်း မှ စက္ကူ ဖြင့် ထုပ်ထားသော ကွမ်းယာ တစ်ယာ ကို တစ်မြုံ့မြုံ့ ဝါး ၍ နေလေတော့၏ ။

ဆားပုလင်းနှင်းမောင် သည် မောင်ညို ပေးသော စာ ကို ဖတ်ပြီး နောက် ကျွန်ုပ် အား ထို စာ ကို ပေးလိုက်၏ ။ ကျွန်ုပ် လည်း ၎င်း ပေးသော စာ ကို ယူ၍ ဖတ်ကြည့်ရာ အင်္ဂလိပ်စာ ဖြင့် ရေးထားသော အောက်ပါ အဓိပ္ပာယ် ရ သော စာ ကို တွေ့ ရလေတော့၏ ။

ဆားပုလင်း နှင်းမောင်

ခရီး ဆက်ပြီး မသွားပါနှင့်ဦး ၊ ပဲခူး မှာ အလွန် စိတ်ညစ်စရာ ကောင်းတဲ့ လူသ,တ်မှုကြီး ဖြစ်ပွားတယ်လို့ ပဲခူးဂါတ် က စီအိုင်ဒီ ကို အကြောင်း ကြားတယ် ၊ ဒီလို အမှုမျိုး မှာ ဆားပုလင်းနှင်းမောင် မရှိ ရင် စီအိုင်ဒီ အတွက် လွန်စွာ အခက် အခဲတွေ ရှိဖို့ ရှိတယ် ၊ ဒါကြောင့် စာ ရရချင်း ပြန် လာပါ ။

          မစ္စတာ ကရစ်ပင်
          စုံထောက်မင်းကြီး
          အင်းစိန် စီအိုင်ဒီ

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment