Wednesday, January 10, 2024

နှင်းမုန်တိုင်းလော မိုးရိုင်းလော


 ❝ နှင်းမုန်တိုင်းလော မိုးရိုင်းလော ❞ 


( ၁ )


“ ဒီ ည တော့ ညည်း အဆက်ကြီး လာလိမ့်မတော့ ” 


ဤ အသံ ကို ကြားတိုင်း အေးကြည် သည် နား ကလော လှ၏ ။ မငွေစိန် က မူ အေးကြည် ကို နောက်စရာ ပြောင်စရာ ကလေးသူငယ် အရွယ် ဟု ယူဆ လေသလား မသိ ။ ဤ စကားမျိုး ဖြင့် တစ်ည တစ်ခါ မစ ရ လျှင် မနေနိုင် ။


မည်သို့ပင် စ,စ မငွေစိန် ကို အေးကြည် စိတ် ဆိုး ၍ မရ ။ အဘယ့်ကြောင့် ဆိုသော် အေးကြည် သည် စိတ် မဆိုးတတ်ခြင်းကြောင့် ဖြစ်၏ ။ အကယ်တန္တု အေးကြည် က စိတ်ဆိုးသည် ပဲ ထားဦးတော့ မငွေစိန် က ဂရုမစိုက် ။ သူ နောက်ချင် ရာ နောက် ၍ နေရ လျှင် ကျေနပ်သည် သာ ဖြစ်၏ ။ ဘာ တစ်ခု မျှ လည်း အလေးအနက် ရှိတတ်သည့် မငွေစိန် မဟုတ်ချေ ။


ထို့ပြင် မငွေစိန် နှင့် ပတ်သက် လာ လျှင် အေးကြည် သည် စိတ် မဆိုးနိုင် သော စိတ် ဆိုး၍ မရသော အကြောင်းရင်းခံ များစွာ တို့ ရှိနေကြပေသေးသည် ။ မငွေစိန် သည် အေးကြည် ထက် အသက်အရွယ် အားဖြင့် ကြီးသည် သာ မက ဘဝ မျိုးစုံ အလုပ် မျိုးစုံ တွင် ကျင်လည် လာခဲ့သူ လည်း ဖြစ်ပါသေး၏ ။ ဤ နေရာ သို့ အေးကြည် တစ်ယောက် ဈေးတောင်း ခေါင်းရွက် ဘဝ ဖြင့် ရောက် လာစဉ် က အသက် ၁၆ နှစ် သာ ရှိသေးသည် ။ သူ့ ထက် အသက် ထက်ဝက် ကြီးသော မငွေစိန် သည် အေးကြည် အတွက် မျက်နှာစိမ်း တို့ အလယ် တွင် အားထားရာ အားကိုးရာ ဖြစ်ခဲ့လေသည် ။ 


ယခု မူ ဈေးတောင်း ခေါင်းရွက် ရောင်း ရင်း အေးကြည် သည် ဤ နေရာ ဤbဒေသကလေး တစ်ဝိုက် မှာ ပင် အသက် ၂ဝ တင်းတင်း ပြည့် လာခဲ့၏ ။ ထိုနည်း တူစွာ ပင် မငွေစိန် မှာ လည်း ပို၍ အသက် ကြီး လာခဲ့လေပြီ ။ ဤနေရာ ဤဒေသကလေး တစ်ဝိုက် တွင် သူတို့ နှစ်ယောက် သည် ကုန်ပစ္စည်း မျိုးစုံ ကို ခင်း၍ ရောင်းခဲ့ကြ၏ ။ ခေါင်းရွက် ၍ လည်း ရောင်းခဲ့ကြ၏ ။ တစ်မျိုး ဟန် မကျလျှင် တစ်မျိုး လုပ်၏ ။ တန်းစီ တိုးစား သော အလုပ် ခေတ်ကောင်း စဉ် က ဆိုလျှင် တစ်ယောက် တစ်လဲ သွား၍ တန်းစီ ကြ သေး၏ ။ ငွေစကလေး အနည်းငယ် စုဆောင်းမိပြီ ဆိုလျှင် ကြည်ကြည်ဌေး နှင့် ရွှေဘ တို့ တွဲ သော ဘိုင်စကုတ် ကို ပြေး ကြည့်ကြ၏ ။ ဒါမှ မဟုတ် လျှင် ရွှေမန်းတင်မောင် ဖြစ်ဖြစ် ၊ စိန်အောင်မင်း ဖြစ်ဖြစ် ၊ တစ်ခါတစ်ရံ ဘုန်းကြီးလမ်း တို့ ၊ ရေကျော် တို့ တွင် ကပြ လေ့ ရှိသော ရုပ်သေး သို့ ဖြစ်ဖြစ် ညလုံး ပေါက် သွားတတ်ကြ သေး ၏ ။ ဤသို့ လျှင် ချွေးခံ အင်္ကျီအိတ် အတွင်း ၌ ချိတ် နှင့် အိတ် နှုတ်ခမ်း ကို ပိတ် ထိုးကာ ကျစ်ကျစ် ပါ အောင် သိမ်း ၍ ထားသော ငွေစကလေးများ ကို အေးအေးလူလူ ပင် သုံး လိုက်ကြသည် ။


ယင်း ငွေစကလေးတွေ မကုန်သေး လျှင် နှုတ်ခမ်းဆိုးဆေး ခပ်ပေါပေါ နှင့် အင်္ကျီစတွေ ဝယ်ဝတ် ကြ ပြန်သည် ။ မငွေစိန် က ဆိုလျှင် ခပေါင်းစီးကရက် ၊ လုပ်သား စီးကရက် သာ မက ဒူးယားပရုပ်အေး သောက် ကောင်းသည် ။ ခံတွင်း ရှင်းသည် ဆိုကာ မီးခိုး တလူလူ နေအောင် ဝယ် သောက် တတ်သေး၏ ။


နောက်ဆုံး လက် ထဲ ၌ ပိုက်ဆံ ပြတ်တော့မည် ဆိုသည် နှင့် တစ်ပြိုင်နက် သူတို့ နှစ်ယောက် သည် ဈေးတောင်းကလေး ကိုယ်စီ နှင့် ဗိုနေမြဲ ကျားနေမြဲ ပြန် ဖြစ် နေ တတ်ပြန်သည် ။ သည်လို နှင့် ပင် ၄ နှစ် ခန့် ကြာ ခဲ့လေပြီ ။


သူတို့ ကျင်လည် ကျက်စားရာ ဒေသကလေး မှာ အခြား မဟုတ် ။ ရန်ကုန် အနောက်ပိုင်း အစွန် ဖြစ်သော ကီလီလမ်း ငါးဈေးသစ်ကြီး နှင့် ဟင်းသီးဟင်းရွက် ဈေးရုံကြီး တစ်ဝိုက် ပင် ဖြစ်လေ၏ ။ ယင်း ဈေးကြီးများ တစ်ဝိုက် တွင် အလုပ်ချိန် မှာ ညဦးပိုင်း ၉ နာရီ ၊ ၁ဝ နာရီ ခန့် တွင် စတင် တတ်ပြီး မိုး ထိန်ထိန်လင်း သည် အထိ တလှုပ်လှုပ် တရွရွ အလုပ် လုပ်ကြရသည် ။ မြစ်ဝကျွန်းပေါ်  ၏ မြစ်ရိုးချောင်းရိုး တစ်လျှောက် မှ ငါးစည်များ နှင့် ဟင်းသီးဟင်းရွက်များ သည် ညနေ စောင်းပြီ ဆိုသည် နှင့် တစ်ပြိုင်နက် အလျှိုလျှို ရောက် လာ တတ်ကြ၏ ။ ညဦးပိုင်း တစ်ပိုင်းလုံး ရောက် သမျှ ငါးတွေ ၊ ဟင်းသီးဟင်းရွက်တွေ ကို ဈေးရုံကြီးများ ဆီ သို့ သယ်တင် ကြသည် ။ ညဉ့်နက်ပိုင်း ဆို လျှင် ရန်ကုန် တစ်မြို့လုံး နှင့် ဆင်ခြေဖုံး ဒေသရှိ ဈေးများ ၌ ယင်း သားငါး နှင့် ဟင်းသီးဟင်းရွက်များ ကို ရောင်းမည့် ဈေးသည် တို့ အလျှိုလျှို ရောက်လာကြသည် ။ အရောင်း အဝယ် လုပ်ကြသည် ။ ထို့နောက် နံနက် ၃ နာရီခွဲ ၊ ၄ နာရီ ခန့် ဆို လျှင် သားငါး နှင့် ဟင်းသီးဟင်းရွက် အပြည့် တင် ထားသော ဒေါ့ဂျစ်များ သည် သက်ဆိုင်ရာ ဈေးငယ်များ ဆီ သို့ ဦးတည် ထွက်ခွာ ကြ တော့သည် ။


အေးကြည် ရောက် စ က မူ မငွေစိန် သည် ဟင်းသီးဟင်းရွက်တွေ ဖောက်သည် ယူကာ မော်တင်ဈေး နှင့် သံဈေး တို့ တွင် လိုက်လံ ရောင်းချ နေခဲ့၏ ။ ဟင်းသီးဟင်းရွက် ဈေး မကိုက်သော အခါ ငါး ရောင်းပြန်၏ ။ ပထမ တွင် အေးကြည် သည် မငွေစိန် နှင့် အတူ အလုပ်သင် သဘော ဖြင့် လိုက် ရောင်း နေလိုက်သေး၏ ။ နောက်ပိုင်း၌ ကား ကွမ်းယာ ၊ ဆေးလိပ် စသည့် တိုလီမိုလီ စားစရာပစ္စည်းကလေး တွေ ကို ငါးဈေးသစ်ကြီး အနီး ၌ ညလုံး ပေါက် ဖွင့်သည့် ဈေးတန်းကလေး တွင် ရောင်း ကြည့်သည် ။ ဤ အလုပ် မှာ အတည်တကျ လို ဖြစ်သည့် အတွက် ဤ အလုပ် တွင် သာ ပျော်ပိုက် လာ လေတော့သည် ။


ယခုတော့ မူ အေးကြည် က သာ ကွမ်းယာ ၊ ဆေးလိပ် နှင့် မြဲ နေ သော် လည်း မငွေစိန် ကား ပစ္စည်း အမျိုးမျိုး ကို တစ်လှည့် စီ ရောင်းလာရာမှ နောက်ဆုံး ၌ ကောက်ညှင်းပေါင်း ရောင်း နေ ပြန်လေသည် ။ အရင်းအနှီး နည်းသော ပစ္စည်း ကို ရောင်းရပြီ ဆိုလျှင် မငွေစိန် ထံ ၌ ငွေပြတ် နေပြီ ဟု အလိုအလျောက် နားလည် နေ သည် ။ အေးကြည် သည် ငွေပိုကလေးများ ရှိလျှင် မငွေစိန် အား လှည့် တတ်သေး၏ ။


ဤသို့ အား ဖြင့် ဟံသာဝတီခရိုင် အတွင်း ရှိ ဘုရားပြိုရွာ ဇာတိ ဖြစ်ပြီး မိခင် မုဆိုးမကြီး နှင့် အတူ ရန်ကုန် သို့ အရဲ စွန့် ကာ လာရောက် နေထိုင်သည့် အေးကြည် နှင့် ပဲခူးခရိုင် ၊ ကမာစဲရွာ ဇာတိ ဖြစ်သော မငွေစိန် တို့ သည် များစွာ ချစ်ခင် ရင်းနှီး လာခဲ့ ရ တော့သည် ။ သူတို့ ကို ကြား ဝင်၍ မိတ်ဆက် ပေးသူ မရှိ ၊ တစ်ယောက် နှင့် တစ်ယောက် လည်း ဟန်ဆောင် နေစရာ မရှိ ။ တစ်ဝမ်း တစ်ခါး အတွက် လုပ်ရင်း ကိုင်ရင်း သိကျွမ်း ခင်မင် လာကြခြင်း ဖြစ်သည် ။ သို့ရာတွင် တစ်ခု တော့ ခြားနားချက် ရှိသည် ။ ယင်း ခြားနာချက် မှာ အခြား မဟုတ် ။ မငွေစိန် က မုဆိုးမ ဖြစ်လျက် ၊ အေးကြည် က အပျို ဖြစ်နေခြင်း ပေ တည်း ။


“ ဒီ ည ညည်း အဆက် လာလိမ့်ဦးမယ် သိလား ”


မငွေစိန် က မကြားဟန် ပြုနေသော အေးကြည် အား လှမ်း ပြော လိုက်ပြန်၏ ။ သည် တစ်ကြိမ် မူ မငွေစိန် ၏ အသံ မှာ အတန်ငယ် ကျယ် လာသည့် အတွက် အခြား လူတွေ ကြားသွားမည် ကို စိုးရိမ်သော အေးကြည် က နှုတ်ခမ်း အစုံ ကို စူတူတူ လုပ်ထား လိုက်ပြီး နောက် မငွေစိန် အား မည်သို့မျှ ဖက်မ ပြောရဲသည့် အလား ခပ်မဆိတ် နေ လိုက်မိလေသည် ။


“ ငါ ပြောတာ ကို စိတ်ဆိုး သွားတာလား ။ ဖိုးကြိုင်းဒုတ် ဖြစ်သွားတာလား အေ့ ကောင်မ ရဲ့ ”


မငွေစိန် က ထပ်ပြော နေပြန်၏ ။ ထိုအခါ၌ ကား အေးကြည် သည် ခွန်းတုန့် ပြန် မပြော၍ မဖြစ်တော့သည့် အလျှောက် မငွေစိန် ဘက် သို့ လှည့်ကာ မတိုးမကျယ် လှမ်း ပြောလိုက်လေ၏ ။


“ မမစိန် ဒီ့ပြင် ဟာ စချင် သလောက် စ ပါ ။ ဒီဟာကြီး နဲ့ တော့ ကျွန်မ ကို မစပါ နဲ့ ။ မုန်းလွန်း လို့ ကျွန်မ ဘယ်လောက် အမြင်ကတ်တယ် ဆိုတာ မမစိန် သိသားနဲ့ ”


“ အလကား စတာပါ အေးကြည် ရယ် ။ ဒီဟာကြီး ကို ညည်း မပြော နဲ့ ငါ တောင် စိတ်ကုန်တယ် ”


မငွေစိန် က သို့ကလို တစ်ခွန်းတည်း ပြန် ပြောလိုက်သော အခါ အေးကြည် မှာ ကျေနပ်ရ စမြဲသာ ဖြစ်လေသည် ။ မကျေနပ် ၍ လည်း မဖြစ် ။ လေပြေထိုး နေသည် ကို ပင် လျှင် မငွေစိန် သည် ဇွတ်တရွတ် ထပ် လုပ်တတ်သေးသည် မဟုတ်လော ။


ရန်ကုန်မြစ် ကို ဖြတ်သန်းလာသော လေ တွင် အအေးဓာတ် သည် အရှိန် ပြင်းစွာ တိုးဝှေ့ ဝင်ရောက် လျက် ရှိရာ ကီလီလမ်း ဆိပ်ကမ်း တစ်လျှောက် ရှိ ညဈေးတန်းကလေး မှ မီးခွက်မီးအိမ်များ မှာ လင်းချည် တစ်ခါ မှိန်ချည် တစ်လှည့် ဖြစ်နေကြသည် ။ မာကြူရီမီးသီးများ ထွန်းညှိ ထားသည့် မီးတိုင် တို့ ၏ အနားတွင် မူ ပိုးကောင်ငယ်များ သည် အလုံးအရင်း နှင့် ထွေးလုံးရစ်ပတ် ဝဲပျံ နေကြသည် ။


ညဉ့် နက်သည် ထက် နက်လာ လေလေ အအေးဒဏ် က ပိုမို ပြင်းထန် လေလေ ဖြစ်သည့်အတွက် အေးကြည် သည် ရိနွမ်းနေပြီ ဖြစ်သည့် စွယ်တာလက်ရှည် ၏ ရင်ဘတ်ကြယ်သီး ကို တပ် လိုက်ကာ ပခုံး ပေါ် ၌ တင် ထားသည့် မုဒုံစောင် နီညိုရောင် ကို လည်း လွှားခြုံ လိုက်၏ ။ ဘက် တစ်ဖက် က မူ ငြိမ်းလိုက် တောက်လိုက် ဖြစ် နေသည့် မီးခွက် ကို လေဒဏ် မှ ကာကွယ် ပေးထားရ သေးသည် ။ နေ့လယ် က ကောင်းစွာ မအိပ်ရသည် မို့ မျက်စိ အစုံ မှာ စင်း လာသည် ။ သို့သော် အိပ်၍ မဖြစ်သေး ။ သန်းခေါင်ကျော် တစ်ချက်တီး ခန့် ဆိုလျှင် ဈေးစည် လာတော့မည် ။


( ၂ )


“ ကောက်ညှင်းပေါင်း ပေးစမ်းပါဦး ”


ဤ အသံ ကို ကြားသည် နှင့် တစ်ပြိုင်နက် အေးကြည် သည် အနေရ ခက်နေ မိလေ၏ ။ အဘယ့်ကြောင့် ဆိုသော် ဤ အသံရှင် ကား အခြား မဟုတ် ၊ သူ အလွန် မုန်းတီး စက်ဆုပ်သော ကိုဘိုးခွေး ဖြစ်ခြင်း ကြောင့်တည်း ။


စောစောပိုင်း က မငွေစိန် နောက် နေသော ‘ ညည်း အဆက်ကြီး ’ ဆိုသူ မှာ သူ ပင် ဖြစ်၏ ။ မယား နှင့် ကွဲ နေသည် ဆိုသော ဤ ကိုဘိုးခွေး သည် အသား မည်း၏ ။ သူ့ ကိုယ်လုံးကိုယ်ပေါက် မှာ လူ နှင့် မတူ ။ ကျွဲ နှင့် ပို တူသည် ဟု အေးကြည် ထင် မိသည် ။ ကြည့်တော့ အသား မည်းရသည့် ကြား တွင် သွား တွေ က ကြိုးတိုးကြဲတဲ နိုင်လှသေး သည် ။ အရပ် ပုသည် ဟု မဆိုသာ သော် လည်း ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းသူ ဖြစ် သဖြင့် ပုသည် ဟု ထင်ရ၏ ။ ကိုဘိုးခွေး ၏ လက်မောင်းတွေ မှာ တုတ်ခိုင်လှသည် ။ သို့သော် ခြေသလုံး ကား အတန်ငယ် ခွင်သည် ။ စကား ပြော လျှင် မာကျယ်ကျယ် နိုင် သလောက် အာဘောင်အာရင်း က လည်း သန်လှသေးသည် ။ ဤမျှ မျက်မုန်းကျိုး ဖွယ် ဖြစ်သော်လည်း ကိုဘိုးခွေး ကို အလိုက်သင့် အလျားသင့် ပေါင်းကြသူတွေ များ လှသည် ။ ဤသို့ အလိုက်သင့် အလျားသင့် ပေါင်းရသူ များစွာ တို့ အနက် တွင် အေးကြည် နှင့် မငွေစိန် တို့ နှစ်ယောက် လည်း အပါအဝင် ဖြစ်လေသည် ။


အဘယ့်ကြောင့် ဆိုသော် ကိုဘိုးခွေး သည် မြင်ပြင်းကတ်စရာ ကောင်း သော် လည်း ဤ ဆိပ်ကမ်း ၌ နှစ်ပေါင်း များစွာ လုပ်သက်ရင့် လာသူ ဖြစ်ခြင်း ၊ အလုပ်သမား များ အထူးသဖြင့် ငါးတောင်းထမ်း အလုပ်သမားများ နှင့် ငါး အတင်အချ ကု,လား အလုပ်သမား များစွာ တို့ ကို သူ သည် သြဇာစူးရှ နိုင်နင်းခြင်း ကြောင့် ဖြစ်ပေ၏ ။ အေးကြည် ၏ ကွမ်းယာဆိုင်ကလေး မှာ ကိုဘိုးခွေး ကြောင့် ရောင်း ကောင်းသည် ဟု ဆိုလျှင် မမှား ။


လွန်ခဲ့သည့် တစ်လခန့် က စ၍ ကိုဘိုးခွေး သည် အေးကြည် အား ရိသဲ့သဲ့ လုပ် လာ၏ ။ ရိသဲ့သဲ့ လုပ် တတ်သော အလေ့ မှာ ထူးဆန်းလှသည် မဟုတ်သည့် အတွက် အစ ကနဦး တွင် အေးကြည် သည် ပေါ့ပေါ့တန်တန် ပင် နေ ခဲ့ပေ၏ ။ သို့ရာတွင် ကိုဘိုးခွေး သည် တစ်စ ထက် တစ်စ အတင့် ရဲ လာ၏ ။ လူ စည်ကား နေ သည့် ဈေးတန်း အလယ်ခေါင် မှာ ပင် တစ်ခါတစ်ရံ လူပျိုစကား ပြောသည် အထိ ဖြစ်လာ၏ ။ ညစဉ် လိုလို အရက် နံ့ တထောင်းထောင်း နံ နေသော သူ့ ပါးစပ်ကြီး ဖြင့် အနား ကပ် ၍ လူပျိုစကား အပြော ခံရသည် မှာ ရှက်စရာ ကောင်းလှသည် ဟု အေးကြည် ထင် မိလေ သည် ။


သို့သော် ကိုဘိုးခွေး ကို ကြောက်သည့် အတွက် နင်ဘဲ ငဆ တစ်ခွန်း မျှ ပြန် မပြောရဲ ။ တစ်ခါတစ်ရံ သူ ပြော သမျှ စကားတွေ ကို မကြားချင် ဟန် ပြု နေလိုက်ရပြီး တစ်ခါတစ်ရံတွင် ကား ကိုယ့် ရှေ့ မှာ ရပ် နေပါလျက် သူ့ တစ်ကိုယ်လုံး ကို ပါ မမြင်ချင် ဟန် ပြု နေလိုက်ရသည် ။ ဤသို့မှ မလုပ်လျှင် မဖြစ် ။ ကိုဘိုးခွေး ကို အလုပ်သမား အများစု က ကြောက်ကြရသည် ။ သူ က လည်း သို့ကလို ကြောက်ရ လောက် အောင် နောက်ကြောင်း ရာဇဝင်တွေ ရှိခဲ့ဖူးသည် ။ မိုက်သည် ။ ရက်စက်သည် ။ ခေတ် အဆက်ဆက် တွင် ကိုဘိုးခွေး သည် ကီလီလမ်း နှင့် မော်တင်လမ်း ဆိပ်ကမ်း နယ်မြေ တရိုး ၌ သူ့ စကား ကို နား မထောင်သော ၊ သူ့ ကို ကလန်ကဆန် လုပ်သော အလုပ်သမား အချို့ ၏ ဦးခေါင်း ကို ရိုက်ခွဲ ခဲ့ ဖူး သူ ဖြစ်သည် ။ 


“ ကောက်ညှင်း က လည်း မာကျောကျော ကြီး ” 


“ မာ လည်း မတတ်နိုင်ဘူး ။ ဒါပဲ ရတယ် ” 


“ နောက်ထပ် ဆယ်ပြားဘိုး ပေးဦး ”


မငွေစိန် က ကောက်ညှင်းတောင်း တွင်း သို့ လက် နှိုက်ကာ ကောက်ညှင်း ကို အသာအယာ ဖွ နေသည် ။ ကိုဘိုးခွေး က မူ မငွေစိန် ထံ ၌ ကောက်ညှင်းပေါင်း ဝယ်စား ၍ မငွေစိန် နှင့် သာ စကား ပြော နေသော်လည်း မျက်စိ မှာ အေးကြည် ဆီ ၌ သာ ဝဲရစ် ကျက်စား နေလေသည် ။ အေးကြည် ကား ကိုဘိုးခွေး ဆီ သို့ မကြည့် ရှေ့ တည့်တည့် ကို သာ စူးစိုက် ကြည့်နေမိ၏ ။


“ လက်ဖက်ရည် သုံးခွက် ပေးစမ်းဟေ့ ”


အေးကြည် နှင့် မငွေစိန် ၏ အကြား တွင် လက်ဖက်ရည်သည် ကု,လားလေး တစ်ယောက် ထိုင် နေသည် ။ မီးဖိုကလေး ပေါ် တွင် အသင့် ဖျော် ပြီးသား လက်ဖက်ရည် ကရား ကို တင်ကာ လမ်းမ ပေါ် ၌ ချ ရောင်းသော ကု,လားလေး စွပ်ပယား လက်ဖက်ရည် ဆိုင်တည်း ။


“ ဘယ်နှခွက်လဲ ဆရာ ”


“ သုံးခွက် ကွ စွပ်ပယား ။ ချွတ်ကရား ရဲ့ ”


စွပ်ပယား ဆိုသော လက်ဖက်ရည်ဆိုင်ရှင် ကု,လားလေး သည် ကိုဘိုးခွေး က နောက် နေသည် ဟု အထင် ရောက် ဟန် တူ၏ ။ သို့မို့ကြောင့် လည်း လက်ဖက်ရည် ကို ထည့် မပေးဘဲ မျက်စိ အစုံ ကို ပေကလပ် ပေကလပ် လုပ် ကာ ကိုဘိုးခွေး ထံ သို့ သွားကလေး ချဲ လျက် ကြည့် နေလေ၏ ။


“ ဒီ ခွေးသားလေး ၃ ခွက် ပါ ဆို ဘာ လုပ် နေတာလဲ ”


“ ဆရာ တစ်ယောက် တည်း လာတယ် ။ ၃ ခွက် သောက်မလား ” 


စွပ်ပယား က မရဲတရဲ ပြန် မေး လိုက်၏ ။ မီးရောင် တွင် သူ ၏ မည်းမှောင် သော မျက်နှာကလေး သည် ပြောင်လက် နေ၏ ။


“ ဒီကောင် စကား တော်တော် ရှည်တဲ့ ကောင် ပဲ ။ ငါ နားရင်း တစ်ချက် အုပ် လိုက်ရ မူလွတ်ပြန် ရောက် သွားမယ် ။ ထည့် ဆို ထည့် စမ်း ၃ ခွက် ။ နောက်ထပ် ဘာ တစ်လုံး မှ မပြောနဲ့ ပြောရင် အသေပဲ ”


ကု,လားလေး စွပ်ပယား သည် ကြောက်ကြောက်လန့်လန့် ဖြင့် လက်ဖက်ရည် ငှဲ့ နေရ လေရာ သူ့ လက်ချောင်းကလေးများ မှာ တုန်ယင် လျက် ရှိလေသည် ။ လက်ဖက်ရည် ၃ ခွက် အနက် ကိုဘိုးခွေး က တစ်ခွက် ကို မငွေစိန် ဆီ သို့ လှမ်း ပေးကာ တစ်ခွက် ကို မူ အေးကြည် ၏ ဈေးဗန်း အစွန် နား သို့ လာ တင်သည် ။ 


“ လက်ဖက်ရည်လေး ဘာလေး သောက်လိုက်ဦး ”


“ မသောက်ချင်ဘူး ”


“ အိုး .. အိပ်ချင်ပြေ တိုက်တာပါ ဟ အေးကြည် ရ ။ သောက်လိုက်ပါ ပူပူနွေးနွေး ”


“ ကျွန်မ ဗိုက်ပြည့် နေတယ် ”


“ ပြည့်ပြည့် လေ သဒ္ဓါ လို့ ကျွေး သေဆေး တောင် ကြမ်းပေါက် ထဲ သွန်ချ ရ သေးတာ ဟား ... ဟား ... ဟား ”


ကိုဘိုးခွေး ၏ ပါးစပ် မှ အရက်နံ့ ထောင်း ခနဲ ထွက် လာသည် ။ ချဉ်စုတ်စုတ် စူးရှရှ ဤ အနံ့ကြီး ကို အေးကြည် ရွံလှသည် ။ ကိုဘိုးခွေး ၏ မျက်နှာ သည် တင်းအစ် နေ၏ ။ အရက်တွေ အလွန်အကျွံ သောက်ထားသည့် အတွက် မျက်စိ အစုံ မှာ ရဲရဲ နီ နေ ၏ ။ ခါတိုင်း ညများ တွင်လည်း ကိုဘိုးခွေး သောက်နေကျ ဖြစ်ကြောင်း အေးကြည် သိ သည် ။ သို့သော် ယနေ့ ည တွင်မူ ခါတိုင်း ထက် ပို၍ မူးလာသည် ဟု ထင်ရ လောက် အောင် ကိုဘိုးခွေး ၏ အခြေအနေ မှာ ပျက် နေလေ၏ ။ အသက် ရှူသံ မှာ ပြင်းထန် လှ ၏ ။ နွားသိုး တစ်ကောင် လို တရှူးရှူး မြည်အောင် ကို ရှူ နေခြင်း ဖြစ်၏ ။ အနား ကပ် လာ သော သူ့ ခန္ဓာကိုယ် တစ်ခုလုံး သည် ချွေးနံ့ နှင့် အရက်နံ့ တွေ ပေါင်းစပ် ရောနှော ကာ ဆိတ် သတ္တဝါ ပမာ အောက်သိုးသိုး အနံ့ ထွက် နေလေသည် ။


“ သောက်ပါ အေးကြည် ရ ။ နင့် ကြည့်ရတာ အိပ်ချင် သလိုပဲ ။ မျက်လုံးတွေ စင်း လို့ ။ ဒါ့ကြောင့် ငါ က နင့် အတွက် ပို မှာ တာ ”


အေးကြည် သည် အကာအကွယ် ကင်းမဲ့ရာ အရပ် ၌ ကျား နှင့် တွေ့ရသော သားကောင် ပမာ မလှုပ်မယှက် ဖြစ်နေ မိ လေ၏ ။ သို့မို့ကြောင့် လည်း အကူအညီ ရလို ရငြား မငွေစိန် ဘက် သို့ လှမ်း ကြည့်သည် ။ မငွေစိန် က မျက်စိ တစ်ဖက် မှိတ် ကာ လက်ဖက်ရည် ကို သောက်လိုက် ဖို့ အချက် ပြ လေသည် ။


“ ဒါဖြင့်လည်း သောက်တာပေါ့ ထားပါ ”


ဟု အေးကြည် က တုံးတိတိ ပြန် ပြော လိုက်၏ ။


“ ငါ့ ကို ကွမ်း ပေးဦး ” 


“ ဘယ်နှစ်ယာ လဲ ” 


“ နှစ်ယာ ပေါ့ ”


အေးကြည် သည် လွှမ်း ထားသော စောင် ကို ဖယ်ချ လိုက်ပြီး နောက် ကွမ်းရွက် အထပ်ကလေး နှစ်ထပ် ကို ဆွဲ ထုတ်ကာ ကွမ်းသီး ထည့် နေ၏ ။ ထိုအခိုက် ကိုဘိုးခွေး က အေးကြည် ၏ တစ်ကိုယ်လုံး ကို ဝါးမျိုးတော့မည့် အတိုင်း စူးစူးစိုက်စိုက် ကြည့် နေလေ၏ ။ အေးကြည် ၏ အသားအရေ မှာ လတ်၏ ။ အတန်ငယ် ဝါဝင်းသည် ဟု ဆိုနိုင်ပါ သေး၏ ။ ပါးမို့ကလေး အစုံ နှင့် ဖြိုးမောက် တင်းပြည့် သော ရင်သား အစုံ တို့ မှာ တပ်မက်စရာ ပင် ဖြစ်၏ ။ ခန္ဓာကိုယ် ကို လှုပ် လိုက်တိုင်း ဤ ရင်သား အစုံ သည် မသိ မသာ လှုပ်ရှား နေ၏ ။ ကိုဘိုးခွေး ၏ ရီဝေမှိုင်းတွဲ့သော မျက်စိ များ ကား တပ်မက်ခြင်း အတိ ပြီး သည့် အကြည့် ဖြင့် သာ စူးစူးရဲရဲ ကြည့် နေလေ၏ ။


“ တစ်ယာ က ပုလင်းဆေး ရယ် ၊ ဗမာဆေး ရယ် ၊ ကွမ်းသီး ရယ် ဒါပဲ ။ တစ်ယာ က တော့ နင် ကြိုက် ရာ ရာ နင် ယာ ပေးတာ ငါ စားမယ် ”


သူ ပြောသည့် အတိုင်း အေးကြည် က ခပ်မြန်မြန်ကလေး ပြီး အောင် ယာ ပေးသည် ။ ကွမ်းယာ ကို လှမ်း ပေးသောအခါ ကိုဘိုးခွေး သည် အေးကြည် ၏ လက် ကို ပါ ဖမ်းဆုပ် ထားလိုက်၏ ။ အေးကြည် က ကွမ်းယာ ကို သူ့ လက်တွင်း ၌အတင်း ထား ကာ မိမိ ၏ လက် ကို မူ ကမန်းကတန်း ပြန် ထုတ် လိုက်ရလေ၏ ။


“ ဟဲ ... ဟဲ .. အေးကြည် ... တကယ် ပြောတာ နင် ဟာ သိပ် လှတာပဲ ။ ငါ တော့ တကယ် ”


ကိုဘိုးခွေး စကား မဆုံးခင် မငွေစိန် က ...


“ ဒီ သေနာ မယားတရူးကြီး အရေတွေ သောက် လာပြီး အေးအေး နေစမ်း ။ လူတွေ ကြား ထဲ မှာ အရှက် မရှိ ” ဟု လှမ်း၍ ဟန့် လိုက်၏ ။


အေးကြည် သည် မုဒုံစောင် ကို ပခုံး ပေါ် မှ လွှမ်းခြုံ လိုက်၏ ။ အအေးဒဏ် ကို ပင် သတိ မရတော့ဘဲ ဇောချွေး တွေ ပြန် နေ၏ ။ ဆိပ်ကမ်းနယ်မြေ သို့ ရောက်လာ သည့် အချိန် မှ စ၍ အဖြစ်အပျက် မျိုးစုံ ၊ လူ မျိုးစုံ ကို သူ တွေ့ခဲ့ဖူးသည် ။ သို့သော် ကိုဘိုးခွေး နှင့် ယနေ့ တွေ့ရပုံ လောက် စိတ်ပျက်စရာ ကောင်းသော အဖြစ်မျိုး ကို မတွေ့ခဲ့ ဖူးသေး ဟု သူ ထင်သည် ။


“ ခင်ဗျား က အသာ နေစမ်းပါ ဝင်ဝင် ပြော မနေစမ်းပါနဲ့ ရွာ နာတယ် ။ မုဆိုးမ ၊ မုဆိုးမ ဘာသာ နေတာ မဟုတ်ဘူး ” 


“ ဘာပြောတယ် ” 


“ အသာနေစမ်း ”


“ ဘာဖြစ်လို့ အသာ နေရမလဲ ။ အလကား မိန်းကလေး တစ်ယောက် ကို လိုက် နှောင့်ယှက်နေတာ ”


ထိုအခိုက် လမ်းသွားလမ်းလာများ ၊ အလုပ်သမားများ ဝိုင်း လာကြသည် ။ 


“ တယ် .. ဒီကောင်မ တယ် လျှာရှည် ပါ လား ။ ငါ လုပ်လိုက်ရ ” ဟု ကိုဘိုးခွေး က ကြိမ်းနေပြန်သည် ။ သူ့ မျက်နှာ သည် မီးကျီးမီးခဲ လို ရဲရဲ နီနေ၏ ။ အသက် ရှူသံ မှာ ပို၍ ပြင်းထန်လာ၏ ။


“ လုပ်ရဲ လုပ် ကြည့်ပါလား ။ ရှင့် မျက်နှာ ကို ကျုပ် က ပွတ် လွှတ်လိုက်မယ် ။ လူ က များ ကောင်မလေး ဘာလေး နှင့် အရေတွေ သောက် လာ ပြီး ရင် လူမှန်း ကို မသိဘူး ”


“ ကဲပါ မမစိန် တော်ပါတော့ ။ လူတွေ ကြား ထဲ ရှက်စရာကြီး ။ ကဲ ... ကိုဘိုးခွေး သွားပါတော့ ရှင် .. ကျွန်မ တောင်းပန်ပါတယ် ”


ကိုဘိုးခွေး က တောင်းပန် ဖျန်ဖြေ နေသော အေးကြည် ၏ လက် ကို ဖျက်ခနဲ လှမ်း ဆွဲလိုက်၏ ။ “ အေး .. နင်တို့ သတိထား ၊ ငါ့ အကြောင်း တစ်နေ့ သိမယ် ” ဟုလည်း ရှူးရှူးရှားရှား ရေရွတ် ကာ လူအုပ် ကြား မှ ထိုးထွက် သွားလေ၏ ။ ထိုအခါ ၌ မငွေစိန် သည် မကျေမချမ်းဖြစ်ကာ ဆက်လက် ရေရွတ် မြည်တွန် လျက် ရှိသော်လည်း အေးကြည် က မူ မျက်လွှာ ကို အောက်ချ ထားမိ၏ ။ လေ တိုး လိုက်သည့် အတွက် ငြိမ်း သွားသော မီးခွက် ကို ပင် လျှင် ပြန် မထွန်းတော့ ။


( ၄ )


“ အလင်း ဆိုက်မယ့် သင်္ဘောတွေ မစောင့်တော့ဘူးလား ” 


“ မစောင့်တော့ဘူး မမစိန် ၊ ကျွန်မ ပြန်မယ် ။ သိပ် အိပ်ချင်တာပဲ ။ အမေ လည်း သိပ်နေကောင်းတာ မဟုတ်ဘူး ”


ကျုံမငေး ၊ မော်လမြိုင်ကျွန်း ၊ ပုသိမ် ၊ ဝါးခယ်မ စသော မြစ်ဝကျွန်းပေါ် ဒေသ အသီးသီး မှ ရန်ကုန် သို့ လာသည့် အစိုးရသင်္ဘော အချို့ နှင့် ပုဂ္ဂလိကပိုင် သင်္ဘော အချို့ တို့ မှာ နံနက် ၃ နာရီခွဲ ၊ ၄ နာရီခန့် ရောက် လာ တတ်သည် ။ သင်္ဘောများ သည် နံနက် ၆ နာရီခွဲ ၊ ၇ နာရီ အထိ တစ်စင်း ပြီး တစ်စင်း ရှေ့ဆင့် နောက်ဆင့် ဆိုသလို ဆိုက်ကပ် လာကြသည် သာ ဖြစ်၏ ။ သို့စဉ်လျက် အေးကြည် တစ်ယောက် မှာ ၄ နာရီခွဲ သာသာ ခန့် ရှိသေးသည် ဆိုင် သိမ်းနေလေပြီ ။


“ အေးလေ ... ဒါဖြင့်လည်း ပြန် ။ မနက် ကျ တော့ ငါ လာခဲ့ဦးမယ် ”


အေးကြည် သည် ထင်းရှူးပြားတွေ ကို ခင်း ထားသော ကွမ်းယာဗန်း ကို ရွက် လျက် ငါးဈေးသစ်ကြီး နံဘေး အတိုင်း ကတ္တရာလမ်း ပေါ် မှ လျှောက် ကာ နှင်းတော ထဲ သို့ တိုးဝင်ပြန်ခဲ့၏ ။ ရန်ကုန်မြစ်တွင်း ၌ သင်္ဘောများ ၊ မော်တော်များ အသွားအလာ စိပ်စ ပြုလာ လေပြီ ။ ငါးထမ်း အလုပ်သမားတွေ က ငါးစည်တွေ ကို ထမ်း ချ ရင်း အော်ကြ ဟစ်ကြသည့် အသံ ၊ လက်တွန်းလှည်းဘီးများ အား ဆိပ်ကမ်း တံတား ပေါ် တွင် တအား တွန်း သွားသည့် အတွက် ကြိတ်ကာ ညပ်ကာ ပေါ်ထွက်လာ သော အသံ ၊ ဥဩသံ ၊ ငါးဈေးသစ်ကြီး အတွင်း မှ လှုပ်လှုပ်ရွရွ တိုးကြ ရွှေ့ကြ သော ငါးသည်များ ပခုံးထမ်း ကူလီများ အသံ စသည့် အသံဘလံ မျိုးစုံတို့ မှာ သူ့ နောက်ကျော ဘက် တွင် တဖြည်းဖြည်း ဝေးကျန် ရစ်သည် ။


အလုံ သစ်စက်ဝင်း နဘေး မှ ဖြတ်စီး နေသော မြောင်းကြီး နား ရှိ သူ့ တဲကလေး ဆီ သို့ လျှောက်လာခဲ့သည့် အေးကြည် သည် ငါးဈေးသစ်ကြီး အလွန် ရှိ ကွက်လပ် မှ ဖြတ်ထွက် လိုက် မိသည် နှင့် နှင်းထု နှင့် မှောင်ရိပ် ကြား မှ ထွက် လာသော ကိုဘိုးခွေး နှင့် ပက်ပင်းသွား တိုး နေလေ၏ ။ အဖြစ်အပျက် တို့ မှာ လျင်မြန်လွန်းလှ၏ ။ ကိုဘိုးခွေး သည် မှောင်ရိပ်တွင်း မှ ထွက်ပြီးသည် နှင့် တစ်ပြိုင်နက် အေးကြည် ၏ ခန္ဓာကိုယ် တစ်ခုလုံး ကို သန်မာလှသော သူ့ လက် နှစ်ဖက် ဖြင့် ပွေ့ဖက် လိုက်၏ ။ အေးကြည် ၏ ခေါင်း ပေါ် မှ ကွမ်းယာဗန်း မှာ လည်း မြေပေါ် သို့ ထိုးကျ သွား၏ ။ အေးကြည် သည် ကိုဘိုးခွေး ၏ ရင်ခွင် ထဲ သို့ ရုန်းရင်းကန်ရင်း နှင့် ပင် ပါ သွားလေ၏ ။ ကိုဘိုးခွေး သည် အရက်နံ့ စူးစူးဝါးဝါး နံစော် နေသော သူ့ ပါးစပ်ကြီး ဖြင့် အေးကြည် ၏ ပါး ကို အငမ်းမရ နမ်း ၍ မို့မောက်ပြည့်ဖြိုးသည့် အေးကြည် ၏ ရင်သား တပ်မက် ကြမ်းတမ်းစွာ ဆွဲ ကိုင်၏ ။ ထို့နောက် အေးကြည် ကို မြေကြီး ပေါ် သို့ အတင်း လှဲ ချကာ အေးကြည် ၏ ခန္ဓာကိုယ် ပေါ် သို့ တက် ဖိရန် ကြိုးပမ်း၏ ။ 


“ ကယ်တော်မူကြပါ ”


အေးကြည် က အခွင့် ရ ခိုက် ၊ သံကုန်ဟစ် ကာ အော် လိုက်သည် ။ အေးကြည် ၏ အသံ သည် နိုးစ ပြုပြီ ဖြစ်သော ဝန်းကျင် တစ်ခုလုံး ကို ပို၍ လှုပ်ရှား သွားစေ၏ ။ စူးစူးဝါးဝါး နိုင် လှသည့် ဤ အသံ က တစ်ဝမ်း တစ်ခါး အတွက် အလုပ်ရှုပ် နေကြသည့် လောက ဆီ သို့ ဖောက်ထွင်း တိုးထွက် သွား လေတော့သည် ။


“ ဟင် ... ခွေးမ အော်ဦး ... အော်ဦး .. ” ဟု ဆိုကာ ကိုဘိုခွေး သည် အေးကြည် ၏ ပါးပြင် ကို သူ့ လက်ဖဝါးကြမ်းကြီး ဖြင့် နှစ်ချက် ဆက်၍ ရိုက် လိုက်၏ ။ ထို့နောက် အေးကြည် ၏ ကိုယ် ကို မြေပေါ် တွင် ပြားကပ် နေအောင် ဖိ ထား၍ အေးကြည် မှာ ရှိသမျှ ခွန်အား ကို ဖျစ်ညှစ်ကာ “ ကယ်ကြပါ ” ဟု ထပ် အော်သည် ။ မြေ ပေါ် မှ ရုန်းကန် ၍ လည်း ထသည် ။ သို့သော် ကိုဘိုခွေး က မူ ခန္ဓာကိုယ် ကို တအား လှဲချ လိုက် လေရာ နောက် သို့ ပက်လက်လန် လဲ အကျ တွင် ကျောက်ခဲများ အုတ်ခဲစများ ပြွမ်းတီးသော မြေကြီး နှင့် အေးကြည် ၏ ဦးခေါင်း ကို အရှိန် ပြင်းစွာ ရိုက်မိ သွားသည့် အတွက် အေးကြည် သည် မိုက်ခနဲ ဖြစ် သွား၏ ။ လူတွေ ပြေးလာသံ ၊ စကားသံ ၊ ခြေသံတွေ ကို ကြား ရသည် ။ အရက်နံ့ဆိုးကြီး ကို လည်း အရ ရှိုက်မိသေး သည် ။ ထို့နောက် အေးကြည် သတိ မရတော့ ...


ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေ၏ ။ လူအုပ်ကြီး သည် အေးကြည် နှင့် ကိုဘိုခွေး ရှိရာ သို့ ရောက် လာ၏ ။ မိန်းမော နေသော အေးကြည် နှင့် သူ့ ကို နိုင့်ထက်စီးနင်း ပြုရန် ကြိုးပမ်း နေသော ကိုဘိုးခွေး အား တွေ့လိုက်သည် နှင့် တစ်ပြိုင်နက် အုပ်မနိုင် ထိန်းမရ ဖြစ်ကြသည် ။ တစ်ယောက် တစ်ပေါက် ဆဲကြ တိုင်းကြ သည် ။ ဝိုင်း ရိုက်ကြသည် ။ ကိုဘိုးခွေး ကား ဤ နေရာ တွင် ပင် မရှုမလှ ပွဲချင်းပြီး အသက်ပျောက် နေလေတော့သည် ။


ခဏ အကြာ တွင် အေးကြည် သတိ လည် လာသည် ။ သူ့ ကို တစ်စုံ တစ်ယောက် က ပွေ့ယူ ထားကြောင်း သိရသည် ။ မငွေစိန် ပါ တကား ။


အေးကြည် ၏ ဆွယ်တာ သည် ကျွတ်ကျ နေ၏ ။ အတွင်းခံ ဇာဘော်လီကြိုး တွေ မှာ ပြတ်ထွက် နေ၏ ။ တင်ပါး ပေါ် ထိ လျှောကျ နေသော ထဘီ ကို မငွေစိန် က ကဗျာကသီ ဆွဲတင် ကာ ဝတ်ပေး လိုက်၏ ။ နှုတ်ခမ်း ထောင့်နား ဆီ ၌ သွေးစ အချို့ ပေ နေသည် ကို လည်း သုတ် ပေး၏ ။ ဆိပ်ကမ်းရဲများ ဝိုင်းယာလက်ကားများ ရောက် လာကြ၏ ။ အေးကြည် သည် မငွေစိန် ကို ဖက် ၍ ရှိုက်ကြီး တငင် ငိုကြွေး နေလေ၏ ။


ကံကောင်း ထောက် မသဖြင့် အေးကြည် ၏ အပျိုစင် ဘဝ မဆုံးပါးသေး သော်လည်း သူ နှင့် သူ့ အမေအို ၏ တစ်ဝမ်းတစ်ခါး အတွက် အားထားရာ ဖြစ်သော ကွမ်းယာဗန်းကလေး မှာ မူ မြေ ပေါ် တွင် ဖရိုဖရဲ ကြေမွ ပျက်စီး ခဲ့လေပြီ ။


ထိုအခိုက် တွင် နှင်းမြူ တို့ သည် ထူထပ်စွာ ဆို့ဆိုင်း ကျဆင်း နေ၏ ။ မုတ်သုန်ဦး ၏ မိုးစက်မိုးပေါက်များ လား ထင်ရ လောက် အောင် နှင်းမုန်တိုင်း တို့ စွေထန် နေ၏ ။ အရှေ့ဘက် ကောင်းကင် ၌ မူ ပတ္တမြားရည် တို့ သည် နှင်းထု ကို ဖောက်ထွင်း ကာ ဤ ကမ္ဘာ မြေပြင်ပေါ် သို့ စီးဆင်း သွန်းလောင်းစ ပြုနေပြီ ဖြစ်ပါ သတည်း ။


◾မောင်နေဝင်း 


📖 ငွေတာရီ 

     စက်တင်ဘာ ၊ ၁၉၆၉


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment