Wednesday, January 17, 2024

နှောင့်ယှက်တဲ့သူ တေတေး


 

❝ နှောင့်ယှက်တဲ့သူ တေတေး ❞

ဤ နေရာ ၌ မောင်ခင်ဦး နှင့် မမယ်ဇယ် တို့ ၏ မင်္ဂလာဦး ည ကို ဖော်ပြ ရန် လိုပေသည် ။ ဤသို့ ဖော်ပြရခြင်း ၏ ရည်ရွယ်ချက် မှာ ညစ်ညမ်းသော အရာ ကို ချဲ့ကား လိုခြင်းကြောင့် မဟုတ် ၊ သတို့သား ဖြစ်သူ မောင်ခင်ဦး ၏ စိတ်နေ သဘာဝ ကို သိစေ လိုသော ကြောင့် သာ ဖြစ်၏ ။

မောင်ခင်ဦး သည် မမယ်ဇယ် နှင့် လက်ထပ်ရမည် ဟု သိရသော နေ့ မှ စ၍ ပျော် တပြုံးပြုံး ဖြစ်နေ၏ ။ ၎င်း နှင့် ရင်းနှီးသော ခပ်ရှုပ်ရှုပ် ခပ်ပွေပွေ နိုင်လှသည့် သူငယ်ချင်း များ က လည်း အမျိုးမျိုး အဖုံဖုံသော တော်နစ် အားဆေးများ ကို ဝယ်၍ လက်ဆောင် ပေး ကြ၏ ။ အမျိုးမျိုး အဖုံဖုံသော မိန်းမယောက်ျား တို့ သံဝါညှိ နေသည့် ဓာတ်ပုံများ ကို ရှာဖွေ၍ လက်ဆောင် ပေးကြ၏ ။ အမျိုးမျိုးသော သံဝါသနည်း စာအုပ်များ ၊ ကျမ်းများ ကို ပေးကြ၏ ။

မောင်ခင်ဦး ကိုယ်တိုင် က လည်း ထို စာအုပ်များ ကို စိတ်ဝင်စားစွာ ဖတ်ရှု၏ ။ ဓာတ်ပုံများ ကို ကြည့်ရှု၏ ။ ကာမဂုဏ် နှင့် စပ်သော အားဆေးများ တော်နစ်များ ကို စားသုံး၏ ။ နောက် မင်္ဂလာဦးည သို့ ရောက်ရှိ လာမည့် ရက် ကို လက်ချိုး ၍ ရေတွက် နေ၏ ။

ဤသို့နှင့် ပင် မင်္ဂလာဦးည သို့ ရောက်ရှိ လာ လေတော့၏ ။ ဧည့်သည်များ ပြန် သွားမည့် အချိန် ကို စိတ် စော၍ နေ၏ ။ ဧည့်သည်များ ပြန် သွားသည် နှင့် တစ်ပြိုင်နက် အိပ်ခန်း သို့ ဝင် လေတော့၏ ။

မောင်ခင်ဦး ၏ ဟန်ပန် အမူအရာ မှာ လပေါင်း များစွာ မမာမကျန်း ဖြစ်နေသော လူမမာ နာလန်ထ သည် စားချင်ပါ လျက် ရှောင်ကြဉ် ခဲ့ရသော အစာ ကို ဆေးဆရာ က စားနိုင်ပြီ ဟု ပြော လိုက်သော တစ်ခဏ၌ ပင် “ ငါ တော့ စားရပြီ ဟဲ့ ” ဟု ကြုံးဝါးရင်း သွားရည် တမြားမြား ကျလာသော နာလန်ထ ခါ စ လူမမာ နှင့် တူ၏ ။ ငါ တော့ တစ်ဝကြီး စားရတော့မယ် ဟဲ့ ဟု အားခဲ နေဘိ သကဲ့ သို့ လည်း ရှိလေ၏ ။

ဤသို့နှင့် ပင် မောင်ခင်ဦး နှင့် မမယ်ဇယ်လေး တို့ သည် အုံးစက်ရာ ယှဉ်တွဲကြရ လေတော့၏ ။ မောင်ခင်ဦး သည် ခြင်ထောင် အတွင်း မှ ထွက်လာ ပြီးလျှင် ရေ အနည်းငယ် သောက်၏ ။ ထို့နောက် ဝီစကီပုလင်း ကို ဖွင့် ကာ ဖန်ခွက် အတွင်း သို့ လက် နှစ်လုံး ခန့် ထည့် ၍ ဇိမ်ယူ ကာ မော့ နေလေ၏ ။ ထိုအခါ မမယ်ဇယ်ကလေး က အရက်နံ့ ကို ရရှိ သဖြင့် မောင်ခင်ဦး အနီး သို့ လာရောက် ကြည့်ရှု ကာ

“ အရက်တွေ ပါ လား ”

ဟု အလန့်တကြား ပြော လိုက်လေ၏ ။ ထို့နောက် မမယ်ဇယ်ကလေး က ပင်  ၊

“ အဖေ ပြောတော့ ကိုခင်ဦး က အရက် မသောက်တတ်ဘူး ဆို ”

ဟု မေး လိုက်လေ၏ ။

“ ကိုခင်ဦး ဟာ အရက်သမား မဟုတ်ပါဘူး မမယ်ဇယ် ရယ် ၊ ဒါပေမဲ့ စားကောင်း အိပ်ပျော် အောင် တော့ ကျန်းမာရေး အတွက် နည်းနည်းပါးပါး သောက်ရတယ်ကွယ့် ၊ ပြီးတော့ ဝီစကီ က သွေးပူတယ် ၊ ဉာဏ်ရွှင်တယ် ၊ ခွန်အား ဖြစ်တယ်ကွယ့် ” 

ဟု မောင်ခင်ဦး က ပြန်၍ ပြော ပြီးလျှင် မမယ်ဇယ် ၏ ခါး ကို လှမ်း ဆွဲ၍ အိပ်ရာ တွင်း သို့ ဝင် ပြန်လေ၏ ။

အချိန် အတော်ကြာသော အခါ မောင်ခင်ဦး သည် အိပ်ရာ မှ ထ၍ ဝီစကီ သောက် ပြန်လေ၏ ။ ထို့နောက် အိပ်ရာ သို့ ပြန် ၍ ဝင် သွား လေ၏ ။

နံနက် မိုး လင်းသောအခါ မမယ်ဇယ်ကလေး သည် အိပ်ရာ မှ ထ၍ အိမ်မှုကိစ္စ များ ကို စတင် ၍လုပ်လေ၏ ။ ဘုရားပန်း လဲခြင်း ၊ သောက်တော်ရေ ကပ်ခြင်း ကို လည်း ပြု၏ ။ ကော်ဖီ ၊ မုန့် စသည် တို့ ကို လည်း စီစဉ်လေ၏ ။

မောင်ခင်ဦး မှာ မူ အတော်ကြီး နေမြင့် မှ အိပ်ရာ မှ နိုးလေ၏ ။ ထို့နောက် အိမ်သာ ကို အကြာကြီး တက် ၍ မျက်နှာ ကို အကြာကြီး သစ် လေ၏ ။ မျက်နှာ သစ် ရာ ၌ လည်း မမယ်ဇယ်ကလေး က သွားပွတ်တံ ၌ သွားတိုက်ဆေး ထည့်ကာ မျက်နှာသုတ်ပဝါကလေး နှင့် လာ ၍ စောင့်ပေးလေ၏ ။ မောင်ခင်ဦး သည် အိမ်သာ တက်သော ကိစ္စ နှင့် မျက်နှာ သစ်သော ကိစ္စ ၌ တစ်နာရီ ခန့် အသုံး ပြု ပြီး လျှင် ကော်ဖီ သောက်ရန် စားပွဲ ထိုင် လေ၏ ။

ထို့နောက် သတင်းစာ ကို အကြာကြီး ဖတ်လေ၏ ။ ပြီးလျှင် ပက်လက်ကု,လားထိုင် ၌ အကြာကြီး ထိုင် ကာ အချိန်ဖြုန်း နေ လေတော့၏ ။ မမယ်ဇယ်ကလေး သည် ဈေး သို့ သွား ၍ ဈေး ဝယ်ကာ ပြန် လာပြီး ချက်ပြုတ်ကြော်လှော် လေ၏ ။ ဆွမ်းခံ ကြွ လာသော သံဃာတော်များ အား ဆွမ်းလောင်း လေ၏ ။ မောင်ခင်ဦး မှာ ပက်လက်ကု,လားထိုင် ၌ စီးကရက် သောက်ရင်း အချိန် ဖြုန်း နေဆဲ ဖြစ်လေ၏ ။ ယမန်နေ့ က အထိ အလုပ် ကို ကြိုးစား ခဲ့သော မောင်ခင်ဦး သည် ယနေ့ မှ စ၍ အလုပ် ကို ခေါင်းထဲ မျှ မထည့်တော့ ဘဲ ဇိမ် ခတ် ၍ နေ လေတော့၏ ။

   •••••   •••••   •••••

ဤသို့လျှင် နေလာခဲ့ ရာ တစ်လ ခန့် ကြာသော အခါ၌ မောင်ခင်ဦး သည် ပက်လက်ကု,လားထိုင် ၌ ထုံးစံ အတိုင်း “ ဇိမ်ခံ ” ၍ နေ၏ ။ မမယ်ဇယ်ကလေး က ဆွမ်းတော် ကပ် ၍ နေ၏ ။ ထိုအချိန် ၌ တစ်စုံ တစ်ယောက် သော မိန်းမ တစ်ယောက် ၏ အသံ သည် အိမ်ရှေ့ မှ စူးစူးရွားရွားကြီး ပေါ်ထွက်လာ လေတော့၏ ။

“ ဪ ရှင် ကတော့ ဒီမှာ လာပြီး သူဌေး သမက် လုပ် နေတယ်ပေါ့ ၊ ကျုပ် မှာ တော့ ကလေးတွေ နဲ့ ဒုက္ခ ရောက်လို့ ၊ အံ့ပါရဲ့ ရှင် ၊ သူဌေးသမီး က လဲ ဒါလောက်တောင် လင် ရှား ရသလား ၊ ရှင့် လို ကလေး သုံးယောက် နဲ့ မိန်းမကြီး တန်းလန်း နဲ့ လူ ကို မှ ယူရသတဲ့ လား ”

ထိုအခါ မောင်ခင်ဦး က  ။

“ ဟေ့ ဟေ့ တိုးတိုး လုပ်ပါကွ ၊ အားလုံး ဒုက္ခ ရောက် ကုန်လိမ့်မယ် ”

ဟု ဟန့်တား သော်လည်း မိန်းမ လုပ်သူ က

“ တိုးတိုး မလုပ်နိုင်ဘူး ကိုခင်ဦး ရဲ့ ” 

ဟု အော်ဟစ် ကာ အိမ် ပေါ် တက်၍ လာလေ၏ ။

ထို မိန်းမ သည် ကလေး တစ်ယောက် ကို ခါးထစ်ခွင် လျက် တစ်ယောက် ကို လက် မှ ဆွဲထား၏ ။ ကျန်သော ကလေး အကြီးကလေး မှာ မူ မိခင် ၏ လုံချည် ကို ဆွဲ ထားလေ၏ ။ မမယ်ဇယ်ကလေး သည် ဆွမ်းတော် ကပ် ရင်း ထို အသံ ကို ကြားရလေ၏ ။

သို့ရာတွင် ဆက် ၍ ကပ်မြဲ ကပ်ပြီး နေ၏ ။ အလုံးစုံ ပြုဖွယ် ကိစ္စ ကို ပြီးသော အခါကျ မှ သာ လျှင် ဘုရားစင် ရှေ့ မှ ထ ကာ “ ဘာလဲ ကိုခင်ဦး ”  ဟု မေး လိုက်ရာ အိမ်ရှေ့ မှ မိန်းမ သည် ထဘီစွန်တောင် ဆွဲ ၍ တက်လာပြီး လျှင်

“ ဘာမှ မဟုတ်ဘူးဟေ့ လင်ခိုးမ ရဲ့ ၊ ငါ့ လင် ကို ငါ လာ ခေါ်တာ ” 

ဟု ပြောလေတော့၏ ။

“ ဘာဖြစ်တာလဲ ၊ ရှင်းရှင်း ပြောကြစမ်းပါ ” 

ဟု မမယ်ဇယ်ကလေး က မေးလေ၏ ။

“ ရှင်းရှင်း ပြောရမယ် ဟုတ်လား ၊ ဟောဒီ ခင်ဦး ဟာ ငါ့ လင် ၊ ဟောဒီမှာ သူ့ ကလေး တွေ ၊ ညည်း က ရုပ်ကလေး သနားရုပ် နဲ့ ငါ့ လင် ကို ခိုးထားလို့ ငါ လာခေါ်တာ ” 

ဟု ထို မိန်းမ က ပြောလိုက် ရာ မမယ်ဇယ်ကလေး သည် ပါးစပ် အဟောင်းသား ဖြစ်ကာ

“ အို ကျွန်မ မသိရပါဘူး ရှင် ၊ ဟုတ်လား ကိုခင်ဦး ” 

ဟု မေးရှာ လေ၏ ။

“ မဟုတ်ဘဲ ၊ လာပါ့မလား ဟဲ့ ၊ ကြောင်တောင်နှိုက်မ ရဲ့ ” 

ဟု ခင်ဦး မယားကြီး ဆိုသူ က ပြောလေ၏ ။

“ တိုးတိုး ပြောပါရှင် ၊ ကျွန်မ မသိပါဘူး ၊ ကိုခင်ဦး ဟာ လူပျို ဆိုလို့ ယူမိတာပါ ” 

ဟု မမယ်ဇယ်ကလေး က ငို၍ တောင်းပန် လေ၏ ။

“ ဪ လင် ခိုး တုန်း က မရှက်ဘူး ၊ အခုမှ ရှက်တယ် ဟုတ်လား ၊ လာခဲ့ ဟေ့ကောင် ခင်ဦး ” 

ဟု ဆိုကာ ထို မိန်းမ က ခင်ဦး ၏ နားရွက် ကို ဆွဲ ၍ ခေါ်လေ၏ ။

“ ဒီလို အရမ်း မလုပ်ပါနဲ့ မိတိုး ရယ် ၊ နင် ကျေနပ်အောင် ငါ လုပ်ပေးပါ့မယ် ” 

ဟု ခင်ဦး က လေပြည်ကလေး နှင့် ပြော လေ၏ ။

ထို အချိန်၌ ပင် ခင်ဦး ၏ ကလေးများ သည် အိမ် ပေါ် ၌ ပြေးလွှား ခုန်ပေါက်၍ “ တို့ အဖေ ကြီးအိမ် က တယ် ကြီးပါလား ” ဟု ဆို ကာ ဆော့ကြ လေတော့၏ ။

မမယ်ဇယ်ကလေး မှာ မူ ရှက် လွန်း ၍ မျက်နှာ ကို လက်ဝါး ဖြင့် အုပ် ကာ ငိုယို ၍ အိမ်ခန်း အတွင်း သို့ ဝင် ပြေးလေတော့၏ ။

ထိုအခါ ကလေး တစ်ဦး က “ တို့ အမေ နိုင်ပြီ ၊ တို့ အဖေ ရဲ့ မိန်းမ က လင်ခိုးမ ဖြစ်ပြီး ထွက်ပြေး သွားရပြီ ”  ဟု အော်ဟစ် ကာ လက်ခုပ် တီး လေ၏ ။

ထို့နောက် ကလေး နှစ်ဦး သည် မှန်ဗီရို ထဲ တွင် ထည့်ထားသော ဖန်ကလပ်များ ၊ ဒန်ရေကောင်းများ ကို မြင်ရ သဖြင့် ဗီရို ကို မရမက ဖွင့် ကြရာ ဗီရိုမှန်ကြီး သည် ဂွမ်းခနဲ ကျ ကွဲ သွားလေတော့၏ ။ ကလေး နှစ်ဦး သည် ဖန်ကလပ်များ ကို သူ့ ထက် ငါ လု၍ ယူ ကြရာ ဖန်ထည်ပစ္စည်းများ ကျ၍ ကွဲ ပြန်လေ၏ ။

မောင်ခင်ဦး က မူ ၎င်း ၏ မယားကြီး တောသူမ မမိတိုး အား ...

“ မအစမ်းပါနဲ့ မိတိုး ရယ် ၊ လိမ္မာ ရင် နင့်ဖို့ ချည်းပဲ ” 

ဟု အစ ချီကာ တိုးတိုး တိုးတိုး ဖြင့် ကျိတ်၍ ချော့မော့ လေ၏ ။ မိတိုး လည်း ခင်ဦး ၏ စကား ကို တစ်စ ထက် တစ်စ လက်ခံ လိုက်လေတော့၏ ။ ထိုအခါ ခင်ဦး သည် အိပ်ခန်း အတွင်း သို့ ဝင် ကာ ဗီရို ကို ဖွင့် ၍ ငွေ တစ်ထောင်ထုပ် တစ်ထုပ် ကို ယူ၍ ပြန် ထွက်လာ ပြီးလျှင် မိတိုး အား ပေး လိုက်လေ၏ ။

မိတိုး လည်း ဤမျှ များပြားသော ငွေ ကို မကိုင်ဖူး သဖြင့် မိမိ လင် သူတစ်ပါး လက်ထဲ ပါ သွားသည် ကို ပင် မေ့ ကာ ကြည်နူး သွား လေတော့၏ ။

“ ဒါပဲနော် ၊ ဒါနဲ့တော့ အပြီး မဟုတ်သေးဘူး ၊ ရှင့် ကောင်မ ကို လဲ ပြောလိုက် ” 

ဟု ဆိုကာ ကလေးများ ကို ခေါ်၍ ပြန်သွား လေ တော့၏ ။

ကလေးများ သည် ဖန်ကလပ်များ ကို လက် တစ်ဘက် တွင် တစ်လုံးကျ ကိုင်၍  ၊ မိခင် ထံ သို့သွား ရင်း ခင်ဦး အား

“ ဒါပဲနော် ၊ အဖေ ရွာ ကို ပြန်လာခဲ့ဦး ၊ အဖေ့ မိန်းမ ကို လဲ ပြောလိုက် ၊ ကစားစရာတွေ ဝယ်ထားလိုက်ဦး ” 

ဟု ပြောဆို ၍ သွား ကြလေ၏ ။

မိတိုး တို့ သားအမိ တစ်တွေ ထွက်သွား လျှင် ခင်ဦး သည် အိမ်ခန်း တွင်း သို့ ဝင်လာ လေ၏ ။ မမယ်ဇယ်ကလေး ကား အိပ်ရာ ထက် တွင် ရှိုက်ကြီးတငင် ငိုကြွေး နေရှာ လေ၏ ။ မောင်ခင်ဦး သည် မမယ်ဇယ်ကလေး အနီး ၌ ထိုင်ကာ မမယ်ဇယ်ကလေး ၏ ပခုံး ကို အသာအယာ ကိုင်လျက် “ ပြန်သွားကြပါပြီကွယ် ” ဟု ပြော လေ၏ ။

“ ကျွန်မ ဟာ ရှင့် ကို လူပျို မှတ်လို့ ယူတာ ၊ အဖေ က လဲ လူပျို မှတ်လို့ ပေးစား တာ အခုတော့ ရှင် ဟာ အတော့် ကို အကြံ ပက်စက်တယ် ” 

ဟု မမယ်ဇယ်ကလေး က ရန် တွေ့ လေ၏ ။

“ ချစ်လွန်းလို့ပါ မမယ်ဇယ် ရယ် ၊ ကျုပ် လေ သူတို့ သားအမိ ကို ငွေ ပေးပြီး ပြန်ခိုင်း လိုက်ပါပြီ ၊ မပေါင်းနိုင်တော့ဘူး လို့ လဲ အတည့်အလင်း ပြောလိုက်ပါပြီ ” 

ဟု ခင်ဦး က ဆိုလေ၏ ။

“ ဒီလို လုပ်လို့ တော်မလား ရှင့် ၊ ခမျာမှာ ကလေး သုံးယောက် နဲ့ ဒုက္ခ ရောက်တော့ မှာပေါ့ ၊ ကျွန်မ နဲ့ မပေါင်းပါ နဲ့ ၊ ရှင် လိုက်သွားရင် အကောင်းဆုံးပါပဲ ” 

ဟု မမယ်ဇယ်ကလေး က ပြောလေ၏ ။

“ မနေ့ က ပဲ မင်္ဂလာ ဆောင်တယ် ၊ ဒီနေ့ ကွဲမယ် ဆိုတော့ မသင့်တော်ပါဘူးကွယ် ။ သူ နဲ့ ပြတ်ပြတ်စဲစဲ ဖြစ်မယ်ကွာ ၊ သူတို့ ရင်းနှီးစားဖို့ နောက်ထပ် လဲ ငွေ ပေး လိုက်ဦးမယ်ကွာ ။ ကိုခင်ဦး မိန်းမ က ငွေ ရရင် ကျေနပ်မယ့် ဟာ ပါ ၊ လူ ကို သူ က မခက်ပါဘူး ၊ အခု မတွေ့ ဘူးလား ၊ ငွေ လဲပေး လိုက်ရော အသံတောင် မကြားရဘူး ၊ တိတ်တိတ်ကလေး ပြန် သွားလိုက်တာ ” 

ဟု မောင်ခင်ဦး က ပြောလေ၏ ။

မမယ်ဇယ်ကလေး အဖို့ ယခု မှ ပင် အခက်တွေ့ ရ လေတော့၏ ။ မောင်ခင်ဦး အား ကွာရှင်း ရအောင် က လည်း ပြီးခဲ့သော လ က မှ ပင် လူသိရှင်ကြား မင်္ဂလာ ဆောင် ၍ ယူခဲ့ပြီး ဖြစ်၏ ။ ပတ်ဝန်းကျင် က မည်သို့ ပြော မည်နည်း ။ မောင်ခင်ဦး နှင့် သဘော တူ၍ ပေးစားခဲ့သော ၎င်း ၏ ဖခင် မှာ လည်း မည်သည့် အရပ်ဒေသ ဆီ သို့ ရောက် နေသည် မသိရ ။

မောင်ခင်ဦး အား ဆက်လက် ပေါင်းသင်းရန် မှာ လည်း ၎င်း ၌ သားကြီး မယားကြီး ရှိ နေကြောင်း သိရပြီ ဖြစ်၏ ။

မမယ်ဇယ်ကလေး သည် မိမိ အဖြစ် ကို မိမိ တွေး မိတိုင်း ငိုမြဲ ငို၍ နေ လေတော့၏ ။

အနှူးကောင်း အနှပ်ကောင်း မောင်ခင်ဦး က အမျိုးမျိုး အဖုံဖုံ သော နည်းဖြင့် ချော့မော့လေ၏ ။

“ မမယ်ဇယ် ရယ် ၊ သူ မလာတော့ပါဘူး ကွယ် ၊ ကိုခင်ဦး က သူ့ ကို ငွေကလေး ဘာကလေး ထပ်ပြီး ပေးလိုက်ပါဦးမယ် ၊ ကိုခင်ဦး ပြောတာ ကို ယုံပါ ၊ တကယ်လို့ ကိုခင်ဦး ပြောတဲ့ အတိုင်း မဟုတ်ဘဲ မိတိုး ထပ်ပြီး လာရင် ကိုခင်ဦး ကို မပေါင်းပါနဲ့ ၊ အပြီးအပိုင် ကွာ ပစ်လိုက်ပါ ။ အခုတော့ ယူ တာမှ ဘာမှ မကြာသေးဘူး ၊ လင်မယား ကွဲတယ် ဆိုရင် ကိုခင်ဦး အပြစ် လို့ ထင်ကြမှာ မဟုတ်ဘူး ၊ မမယ်ဇယ် ကို ပဲ ပတ်ဝန်းကျင် က အပြစ် တင်ကြမှာ ” 

ဟု မောင်ခင်ဦး က ပြော လေ၏ ။

ထို့ကြောင့် မမယ်ဇယ်ကလေး ၏ စိတ် ၌ “ ဟုတ်ပေသားပဲ ၊ မယားကြီး ဖြစ်တဲ့ လူလဲ မနစ်နာရအောင် ၊ လူမသိ သူမသိ ကျိတ်ပြီး ငွေ ပေး လိုက်ရင် အဆင်ပြေ သွားမှာပါ ” ဟု တွေး ၍ ၎င်း ၏ စိတ် ကို ဖြေရ လေတော့၏ ။

မှန်ပေသည် ။ မောင်ခင်ဦး ၏ မယားကြီး သည် တော်တော်နှင့် ပေါ် မလာတော့ပေ ။ အဘယ်ကြောင့် ပေါ်၍ မလာသည် ကို မမယ်ဇယ်ကလေး က မရိပ်မိ ရှာပေ ။ အမှန် မှာ မောင်ခင်ဦး က ၎င်း ၏ မယားကြီး အား လစဉ် ငွေများ ပို့ ပေး နေ၏ ။ လက်ဝတ် လက်စားများ ပြုလုပ် ၍ ပို့ပေးနေ၏ ။ မယားကြီး ဖြစ်သူ မှာ ငွေ အမြောက်အမြား နှင့် လက်ဝတ်လက်စားများ ရရှိ နေသော ကြောင့် မယားငယ် ယူသော ၎င်း ၏ ယောက်ျား မောင်ခင်ဦး အပေါ် ၌ စိတ် မဆိုးသည့် အပြင် ဤကဲ့သို့ ရမည် ဆိုပါက နောက် တစ်ယောက် လောက် ယူပါဦးလား ဟုပင် တိုက်တွန်းချင် စိတ်များ ဖြစ်ပေါ်၍ နေလေတော့၏ ။

တောသူမ မိတိုး မှာ လည်း ၎င်း ၏ ရွာ ၌ လူချမ်းသာ စာရင်းဝင် တစ်ဦး ဖြစ် လာလေ တော့၏ ။ ရွှေငွေ လက်ဝတ်လက်စား အပြည့် ရှိ၏ ။ အိမ် မှာ လည်း သုံးပင် နှစ်ခန်း ပျဉ်ထောင် သွပ်မိုး အိမ် ဖြစ်၍ နေပြီ ဖြစ်၏ ။ လှည်း နှင့် နွား နှင့် ပြည့်စုံ နေပြီ ဖြစ်၏ ။

ဤသို့ ပြည့်စုံ နေသည့် အခါ၌ ရွာ သို့ ရောက်ရှိ လာသော ကျောက်ထိုးဆရာ နှင့် ကြာ ဇာတ်လမ်း စ လေ တော့၏ ။ ထို့ကြောင့် မိတိုး က မောင်ခင်ဦး ထံ သို့ မရေးတတ် ရေးတတ် နှင့် အောက်ပါ အတိုင်း စာ ကို ရေး၍ ပို့ လိုက်လေတော့၏ ။

ခင်ဦး ...
နင် လဲ ရွာ ကို မလာနဲ့တော့ ၊ နင့် ကောင်မ နဲ့ နင် နေ ပေတော့ ၊ ငါ လဲ လင် ယူ တော့မယ် ၊ တစ်ယောက် နဲ့ တစ်ယောက် မနှောင့်ယှက်ကြေး ၊ နှောင့်ယှက်တဲ့လူ တေတေး ။
                      မိတိုး

မိတိုး ၏ စာ ကို ရလျှင် မောင်ခင်ဦး သည် ပျော်၍ နေ၏ ။ ထို စာ ကို မမယ်ဇယ်ကလေး အား လည်း ပြ လေ၏ ။ မမယ်ဇယ်ကလေး သည် စာ ကို ဖတ်ပြီးနောက်

“ နှောင့်ယှက်တဲ့သူ တေတေး ဆိုပါလား ၊ တေတေး ဆိုတာ က ဘာလုပ်မယ်လို့ ပြော တာလဲ ” 

ဟု မေးလေ၏ ။

“ ကိုခင်ဦး လဲ မသိပါဘူးမမယ်ဇယ် ရယ် ၊ တော မှာတော့ အဲဒီ တေတေး ဆိုတာကို ကလေး ကတည်း က ပြောခဲ့ဖူးတာပဲ ၊ တေတေး ဆိုတာ တေတေး ပေါ့ ကွယ် ”

ဟု မောင်ခင်ဦး က ပြော ၍ ရယ်လေ၏ ။ မမယ်ဇယ်ကလေး လည်း ရယ်လေ၏ ။ မမယ်ဇယ် သည် ယခု မှ ပင် ရယ်နိုင်ရှာလေတော့၏ ။

မိတိုး မှာ မူ ခင်ဦး က ၎င်း ကို ပစ်ထားခဲ့ပြီ ဖြစ်ကြောင်း တစ်ရွာလုံး ၌ မောင်းထု ထားပြီး ဖြစ်ရာ ကျောက်ထိုးဆရာ နှင့် အတည့်အလင်း ယူသည် ကို မည်သူ က မျှ အပြစ် မတင်တော့ပေ ။ သို့ရာတွင် ကျောက်ထိုးဆရာ နှင့် ယူပြီး တစ်လ ခန့် ကြာသောအခါ မိတိုး ၏ အိမ်ရှေ့ တွင် မိန်းမ တစ်ယောက် သည် ကလေး ကို ခါးထစ်ခွင် ချီ လျက်

“ ဟဲ့ လင်ခိုးမ ၊ ကျောက်ထိုးဆရာ လခလေး နဲ့ မဝရေစာ စားသောက် နေရတဲ့ ငါတို့ သားအမိ ကို မကြည့်တော့ ဘူးလား ။ ကြောင်တောင် နှိုက် ရသလား ၊ နင်တို့ ရွာ မှာ ယောက်ျား ရှားသလား ဟဲ့ ၊ ငါ့ လင် ကို ခိုးရသလား ” 

ဟု အော်ဟစ် ဆဲဆိုလေ၏ ။

ထိုအခါ ကျောက်ထိုးဆရာ လည်း မယားကြီး အား ချော့မော့ရ လေတော့၏ မိတိုး မှာ မူ ရှက်လွန်း ၍ မျက်နှာ ကို လက်ဝါး နှင့် အုပ်ကာ ငိုယို နေ လေတော့၏ ။ မိတိုး ၏ ကလေးများ က မူ

“ အမေ ရေ ၊ အမေ့ ယောက်ျားကြီး က သူ့ မိန်းမ ကို ငွေတွေ ပေးနေပြီဗျ ”

ဟု အော်ဟစ်လေ၏ ။ မှန်ပေသည် ။ ကျောက်ထိုးဆရာ သည် ၎င်း ၏ မယားကြီး အား

“ မိန်းမ ရယ် သူ က တော မှာ နေပေမယ့် လှည်း နဲ့ နွား နဲ့ သွပ်မိုး နဲ့ ဟဲ့ ၊ လိမ္မာစမ်း ပါကွယ် ၊ နင်လိမ္မာ ရင် နှင့်ဖို့ချည်း ပဲ ရော့ ရော့ ”

ဟု ဆိုကာ ငွေ နှစ်ရာ ကို ကျိတ်၍ ပေး လိုက်လေ၏ ။

ကျောက်ထိုးဆရာ ၏ မယားကြီး လည်း ပြန် သွား လေတော့၏ ။ ထိုအခါ ကျ မှ ကျောက်ထိုးဆရာ သည် မိတိုး ၏ အနီး သို့ လာကာ မိတိုး ၏ ပခုံးကလေး ကို အသာအယာ ကိုင်၍

“ တိတ်ပါ အတိုး ရယ် ၊ သူ မလာတော့ပါဘူး ကွယ့် ၊ ကျုပ် သူ့ ကို ပိုက်ဆံ ပေးလိုက်ပြီး နောက်ကို လဲ နည်းနည်းပါးပါး ပေး လိုက် ရင် ပြီးသွား မှာပါ ၊ သူ က သိပ်ပြီး ပိုက်ဆံ မက်တာ ၊ မြင်တယ် မဟုတ်လား ၊ ပိုက်ဆံ လဲ ပေးလိုက်ရော ဆင်း သွားတာ အသံတောင် မှ မကြားရဘူး ” 

ဟု ပြောလိုက်လေတော့ သတည်း ။

◾မင်းသိင်္ခ

📖 မိုးပေါ် မှာ ကြယ် တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment