Monday, January 22, 2024

ကိုကြာပွတ် ထံ ပြန်သွားခြင်း


 

❝ ကိုကြာပွတ် ထံ ပြန်သွားခြင်း ❞

မမယ်ဇယ် သည် စိတ်ပျက်ခြင်း ၊ အားငယ်ခြင်း ၊ မကျေနပ်ခြင်း ၊ လက်စားချေ လိုခြင်း စသော ဝေဒနာ ကို ခံစား လျက် ခရီး ထွက်ခဲ့ လေတော့၏ ။ မီးရထား လက်မှတ် ကို ဝယ် ကာ မီးရထား ဖြင့် ရှမ်းပြည် တောင်ပိုင်း သို့ ပြန်ခဲ့ လေ တော့၏ ။

သူ သည် သူ့ အား ကယ်ဆယ် ခဲ့သော ကိုကြာပွတ် ဆို သည့် လူကြီး နှင့် သူ့ အား လွန်စွာ ချစ်ခင်သော သုနက္ခာ ဆိုသည့် ခွေးကလေး ရှိရာ တောင်ချောက်ကြီး တစ်ခု အတွင်း မှ တဲကလေး ဆီ သို့ ပြန်လာခဲ့ခြင်း ဖြစ်၏ ။

ထိုနေရာ သို့ မှ မပြန် လျှင် လည်း ပြန်စရာ နေရာ မရှိတော့ပေ ။ သူ သည် ယခု အခါ၌ အထီးကျန် ဖြစ်နေ၏ ။ အဖော် မဲ့ နေ၏ ။ သူ့ အိမ်အောက် တွင် တွေ့ခဲ့ ရသော ခွေးဝဲစားကလေး တစ်ကောင် ထက် ပင် အထီးကျန် ဖြစ်၍ နေ၏ ။ အဖော် မဲ့ နေ၏ ။

ထို ခွေးဝဲစားကလေး ၌ ကား အခြားသော ခွေး အဖော် များ ရှိ၏ ။ သူ့ ၌ ကား အဖော် ဟူ၍ မရှိတော့ပေ ။ တစ်ကောင်ကြွက် သက်သက် ပင် ဖြစ်နေလေတော့၏ ။

ထို့ကြောင့် လွန်စွာ ဘုကျသော ၊ လွန်စွာ စကားပြော တိုသော ကိုကြာပွတ် ဆိုသည့် လူကြီးထံ သို့ ပြန်လိုသည် ဖြစ်စေ ၊ မပြန်လိုသည် ဖြစ်စေ ပြန်ရပေ တော့မည် ။

“ ဘာပဲ ဖြစ်ဖြစ်လေ ၊ ဒီ ကိုကြာပွတ် ဆိုတဲ့ လူကြီး ဟာ ဆက်ဆံရေး မပြေပြစ် ပေမယ့် စိတ်ကောင်း စေတနာကောင်း တော့ ရှိပါတယ် ၊ ငါ့ ကို လဲ အကူအညီ ပေးခဲ့ပဲ ၊ ဘာပဲဖြစ်ဖြစ် သူ့ ဆီ ကို ပြန်သွားတာ မှန်တယ် ” ဟု မမယ်ဇယ် က တွေးမိ လေ၏ ။

မမယ်ဇယ် သည် လမ်း တစ်လျှောက်လုံး တွင် ၎င်း ၏ လင်ယောက်ျား ဖြစ်သူ မောင်ခင်ဦး နှင့် ၎င်း ၏ သူငယ်ချင်း မစန်းအေး တို့ က ၎င်း အပေါ် အသက် ကို လုပ်ကြံသည် အထိ ရက်စက်ခဲ့ ပုံများ ကို တွေး မိရင်း မျက်လုံးအိမ် မှ မျက်ရည်များ သည် ပါးပြင် ပေါ် သို့ တသွင်သွင် စီး ကျ လေတော့၏ ။

“ ရှေးလူကြီးတွေ ပြောတဲ့ မင်းလှေ မျောလဲ မဆယ်နဲ့ ၊ နားရွက်တို လဲ မကယ် နဲ့ ဆိုတဲ့ စကား ဟာ တယ်လဲ မှန်ပါလား ၊ အခု ကြည့်စမ်း ၊ မစန်းအေး ဒုက္ခ ရောက် နေတာ ကို ငါ က ကယ်ခဲ့မိတဲ့ အတွက် ငါ့ မှာ အရှင်လတ်လတ် နဲ့ သေစာရင်း ထဲ ရောက် နေရပြီ ကိုး ။ ငါ့ ကို သိနေကြတဲ့ လူတွေ ဟာ ငါ သေသွားပြီ လို့ မှတ်နေကြပြီ ၊ ငါ ဟာ လူ့လောက စာရင်း က ဖျက် ခံ လိုက်ရပြီ ၊ အသက် ရှင် နေပေမယ့် သေ နေတဲ့ လူ တစ်ယောက် ပါ ။ သင်းတို့ ဟာ ငါ့ အပေါ် မှာ ရက်စက်နိုင်ကြပါရဲ့ ၊ ငါ မကျေဘူး ၊ သင်းတို့ နှစ်ယောက် ကို လှလှကြီး ကို လက်စားချေမယ် ” ဟု စိတ် အတွင်း မှ ကြိမ်းဝါး ရင်း ပါးပြင် ပေါ် မှ မျက်ရည် ကို သုတ်ကာ အံကို ကြိတ် လိုက်လေတော့၏ ။

ဤသို့လျှင် ငိုချည် တစ်လှည့် ၊ အံကြိတ်သည် တစ်ခါ ဖြင့် ရထား ပေါ် ၌ လိုက်ပါ လာခဲ့ရာ နောက်ဆုံး ခရီးဆုံး ဘူတာ ဖြစ်သော ရွှေညောင်ဘူတာ သို့ ရောက်ရှိခဲ့ လေတော့၏ ။

ထိုအခါ မမယ်ဇယ် သည် လှည်းကြုံ ဖြင့် ကိုကြာပွတ် ၏ တဲ ရှိရာ တောင်ကမ်းပါးယံ ချောက်အတွင်း ဆီသို့ ခရီး ဆက်ခဲ့လေတော့၏ ။

၎င်း သည် မြေနီလမ်းကလေး တစ်ခု သို့ ရောက်သော အခါ လှည်း ပေါ် မှ ဆင်း ၍ တောင် အောက် ဆီ သို့ ခြေကျင် သွားလေတော့၏ ။

တောင်အောက် သို့ စတင် ရောက်ရှိသည့် အချိန်၌ နေဝင် သွားပြီ ဖြစ်သဖြင့် ပတ်ဝန်းကျင် တစ်ခု လုံး မည်းမှော င်၍ နေ လေတော့၏ ။ မမယ်ဇယ် သည် အားငယ်စွာ ဖြင့် မှောင်ကြီး ထဲ လျှောက် ၍ လာ ခဲ့ရာ အတော်ဝေးဝေး ဆီ မှ မီးရောင်ကလေး ကို လှမ်း ၍ မြင်ရ လေတော့၏ ။

ထို မီးရောင်ကလေး ကား ကိုကြာပွတ် ၏ သစ်လုံးအိမ်ကလေး မှ မီးရောင် ဖြစ်ကြောင်း မမယ်ဇယ် သည် ကောင်းစွာ သိလေ၏ ။

“ ဪ တော င်ပေါ် က မော်တော်ကား နဲ့ ချောက် ထဲ ကို ကျခဲ့တဲ့ ည ကလဲ ဒီ မီးရောင်ကလေး ကို မှန်းပြီး ငါ ဟာ ကိုကြာပွတ် ရဲ့ အိမ်ကလေး ဆီ သို့ သွားခဲ့ရတာပဲ ၊ ဘာပဲဖြစ်ဖြစ် ဒီ မီးရောင်ကလေး ဟာ ငါ့ ကို တော့ အတော့် ကို အကျိုး ပြုတယ် ” ဟု တွေးတော ရင်း ချောင်းရိုးကလေး တစ်ခု ကို ကျော်ဖြတ် ရ ပြန်လေ၏ ။

ထို့နောက် ထို ခွေးကလေး သည် မမယ်ဇယ် ၏ ကိုယ်နံ့ ကို ရသွား သဖြင့် အဟောင် ရပ် ကာ မမယ်ဇယ် ထံ သို့ အားကုန် သွန်၍ ပြေး လာ လေ၏ ။ မမယ်ဇယ် အား ပတတ် ရပ် ၍ နှုတ်ဆက် လေတော့၏ ။

မမယ်ဇယ် သည် ခွေးကလေး ၏ ခေါင်း ကို လက်ဖြင့် ပွတ်ပေးရင်း

“ ငါ့ ကို ကြင်နာလိုက်တဲ့ ခွေးကလေး ရယ် ၊ မင်း ဟာ လေ ငါ့ ယောက်ျား မောင်ခင်ဦး ဆိုတဲ့ ကောင် ထက် တောင် မှ အကြင်နာတရား ကြီးပါလား ၊ ငါ့ အဖေ ဦးဘိုးမြူး ဟာ ငါ့ ကို မောင်ခင်ဦး နဲ့ မပေးစား ဘဲ မင်း လို ခွေးတစ်ကောင် နဲ့ ပေးစား ခဲ့ရင် တောင် ငါ ဟာ အခု လောက် ဒုက္ခ ရောက်ဖို့ မရှိဘူး ၊ မောင်ခင်ဦး ဟာ ခွေး ထက် တောင် ဆိုး သေးတယ် ”

ဟု တိုးတိုးကလေး ပြောဆို ကာ ငိုကြွေး ပြန်လေတော့၏ ။

ထို့နောက် မမယ်ဇယ် သည် ခွေးကလေး နှင့် အတူ သစ်လုံးအိမ်ကလေး ၏ တံခါးဝ ဆီသို့ ရောက်ရှိ သွားလေတော့၏ ။

ထိုအခါ အိမ် အတွင်း မှ ကိုကြာပွတ်ကြီး က ထမင်းအိုး တည်ရင်း တံခါးပေါက် ဆီ သို့ လှည့်၍ မျှပင် မကြည့်ဘဲ

“ မသက်ပြင်း ပြန်လာပြီကိုး ”

ဟု ပြောလိုက်လေတော့၏ ။

မမယ်ဇယ် သည် ၎င်း အား လှည့် ၍ မျှ မကြည့်ဘဲ ဤသို့ ပြောလိုက်ခြင်း ကြောင့် အနည်းငယ် အံ့ဩ ၍ သွားလေ၏ ။

“ ရှင် က လှည့်တောင် မကြည့်ဘဲ ကျွန်မ မှန်း အတပ် သိ နေတာကိုး ”

ဟု မမယ်ဇယ် က ပြောလိုက်လေ၏ ။ 

“ သိတာပေါ့ ဗျာ ၊ သိတာပေါ့ ၊ ခွေးကလေး က ဟောင် နေရာ ကနေ အဟောင် ရပ်သွားတာပဲ ၊ ပြီးတော့ ဟောင်တာလဲ မဟုတ် ညည်းတာလဲ မဟုတ် ၊ “ ကက် ကက် ” ဆိုတဲ့ အသံမျိုးလေး လုပ် နေတယ်လေ ၊ အဲဒါ သူ ဝမ်းသာ ရင် လုပ်တဲ့ အသံမျိုးပဲ ၊ ဒီမှာ က ကျုပ် အပြင် သူ နဲ့ ရင်းနှီးတဲ့ လူ ဆိုလို့ တစ်ယောက် မှ မရှိဘူးဗျ ၊ အဲဒီတော့ မသက်ပြင်း ပဲ ရှိရမှာပေါ့ဗျာ ”

ဟု ကိုကြာပွတ်ကြီး က ပြော လိုက်ရာ မမယ်ဇယ် က

“ ဪ ဒီလိုကိုး ”

ဟု ဆိုကာ အိမ်အတွင်း သို့ ဝင်လေ၏ ။ ထို့နောက် ထို လူကြီး ထမင်းချက် နေရာ သို့ သွားရောက် ကာ ထမင်းအိုး ကို ယောက်မ ဖြင့် မွှေ၍ ပေးလေ၏ ထိုသို့ မွှေရင်း

“ ထမင်းတွေ က လဲ များလှချည့်လား ”

ဟု မေးလေ၏ ။

“ ကျုပ် တစ်ယောက် တည်း အတွက် မှ မဟုတ်ဘဲ ၊ မသက်ပြင်း ပါ စားဖို့လေ ”

လူကြီး က ပြောလိုက်လေ၏ ။ ထိုအခါ မမယ်ဇယ် က

“ ဒါနဲ့ ရှင် စောစောက ပြောတုန်း က ခွေးကလေး ကြောင့် ကျွန်မ ရောက်တာ ကို သိတယ် ဆို ၊ အခုတော့ ဘယ်မှာ ဟုတ်လို့တုံး ၊ ထမင်း တောင် ပိုပြီး ချက်ထားတယ် ဆိုတော့ ကျွန်မ လာမယ် ဆိုတာ နဂို ကတည်းက သိနေတယ်ပေါ့ ”

ဟု မမယ်ဇယ် မေး လိုက်လေ၏ ။

“ သိတာပေါ့ မသက်ပြင်း ရယ် ၊ ခင်ဗျား သွားတဲ့ ရက် ရယ် ၊ ဟို ရောက်မဲ့ ရက် ရယ် ၊ ဟိုရောက် တာ နဲ့ ခင်ဗျား ယောက်ျား နဲ့ တခြား မိန်းမ ပလူးပလဲ လုပ်နေတာ ခင်ဗျား မြင်ခဲ့ရမယ် ၊ ပြီးတော့ ခင်ဗျား ချက်ချင်း ပြန်လာခဲ့ရမယ် ဆိုတာ ကျုပ် က ကြို တွက်ထား ပြီးသားပဲ ”

ဟု ကိုကြာပွတ်ကြီး က ပြော လိုက်လေ၏ ။

“ ရှင် အဲဒါတွေ ဘယ်လို လုပ် ပြီး သိနေတာတုံး ”

ဟု မမယ်ဇယ် က ပြန် မေး လိုက်လေ၏ ။

“ ခင်ဗျား တောင် ပေါ် က ကား နဲ့ ချောက် ထဲ ကို ကျလာတယ် ဆိုတာ ကျုပ် ယုံတာ မဟုတ်ဘူး ၊ ခင်ဗျား နဲ့ အတူ ကား မောင်းတဲ့ လူ ပါ ကျခဲ့ရမှာ ၊ အဲဒီလို မဟုတ် ကတည်း ကို က ခင်ဗျား ကို တစ်စုံတစ်ယောက် က သေကြောင်း ကြံတယ် လို့ ကျုပ် ထင်ပြီးသားပဲ ၊ ပြီးတော့ ခင်ဗျား ကိစ္စ အတွက် ဂါတ် ကို သွားတဲ့ အခါမှာ ခင်ဗျား ယောက်ျား မောင်ခင်ဦး နဲ့ မစန်းအေး ဆိုတဲ့ မိန်းမ ကို ကျုပ် တွေ့ခဲ့ပါတယ် ၊ သူတို့ နေပုံထိုင်ပုံ ကျုပ် က သိပ်ပြီး မကြိုက်ဘူး ၊ အဲဒီ ကတည်း က ခင်ဗျား ကို သူတို့ နှစ်ယောက် က လုပ်ကြံ လိုက်ပြီ လို့ ကျုပ် နားလည်ခဲ့ပါတယ် ”

ဟု ကိုကြာပွတ်ကြီး က ရှင်းပြရာ မမယ်ဇယ် က

“ အဲဒီ ကတည်း ကို က ရှင် က ကျွန်မ ကို ဘာဖြစ်လို့ မပြောရတာတုံး ”

ဟု မမယ်ဇယ် ကအပြစ်တင် လိုက်လေ၏ ။

“ လင်မယား ကိ စ္စဆိုတာ ကြား က ပြောလို့ ကောင်းတာမျိုး မဟုတ်ဘူး ၊ ကိုယ်တိုင် မြင်ရမှ ကောင်းတာ ”

ဟု ကိုကြာပွတ်ကြီး က ပြောလိုက်လေ၏ ။ 

ထိုအခါ မမယ်ဇယ် သည် ငိုကြွေး ၍ ၎င်း ကိုယ်တိုင် မြင်ခဲ့ကြားခဲ့ရ ပုံ ကို ထို ကြာပွတ်ကြီး အား ပြောပြ လေတော့၏ ။ ကိုကြာပွတ်ကြီး သည် စိတ်ရှည် လက်ရှည် နားထောင် နေလေ၏ ။ ထိုသို့ နားထောင် ပြီး နောက် ထမင်း စားရန် အတွက် ထမင်းဟင်းများ ခူးခပ်ကာ မမယ်ဇယ်နှင့် အတူ ထမင်းစား ကြလေ၏ ။ ထမင်း စားပြီးသော အခါ

“ မမယ်ဇယ် ဘယ်လို လုပ်ချင်လို့တုံး ”

ဟု ကိုကြာပွတ်ကြီး က မေး လိုက်လေ၏ ။

“ ကျွန်မ ကတော့ ကျွန်မ ကို သေကြောင်းကြံ တဲ့ ဒီ နှစ်ယောက် ကို အဆုံး စီရင် ပစ် ချင်တာပဲ ” 

ဟု မမယ်ဇယ် က ပြော လိုက်ရာ ကိုကြာပွတ်ကြီး က 

“ မှန်တယ် ထင်တာကို လုပ်ဖို့တော့ ကျုပ် လဲ တိုက်တွန်းပါတယ်ဗျာ ၊ အတတ်နိုင်ဆုံး လဲ လိုတဲ့ အကူအညီ ကို ပေးပါ့မယ် ၊ ဒီလို အကူအညီ ပေးတာဟာ မမယ်ဇယ် ကို ချစ် လို့လဲ မဟုတ်ဘူး ၊ သနား လို့လဲ မဟုတ်ဘူး ၊ ကူညီဖို့ လိုအပ်တယ် ထင်လို့ ကူညီတာပဲ ၊ ဒါပေမဲ့ ခင်ဗျား ကိစ္စ အောင်မြင်သွားတဲ့ အခါ ကျုပ် လိုချင်တာ တစ်ခု ရှိတယ် ၊ အဲဒါက ဘာလဲ ဆိုတော့ ခင်ဗျား ယောက်ျား မောင်ခင်ဦး နဲ့ မစန်းအေး တို့ ဖတ် နေကြတယ် ဆိုတဲ့ ခင်ဗျား အဖေ ရဲ့ မှတ်တမ်းကြီး ပဲ ၊ အဲဒါ ကျုပ် စိတ် အဝင်စားဆုံးပဲ ၊ အဲဒီ အထဲမှာ သန်းခေါင်ကြယ်အဖွဲ့ ဆိုတဲ့ အကြောင်းလဲ ပါတယ် ဆို ”

ဟု ကိုကြာပွတ် က မေး လိုက် လေ၏ ။ ထိုအခါ မမယ်ဇယ် က

“ ကျွန်မ အဖေ ရေးထား တဲ့ မှတ်တမ်း ဟာ ရှင် နဲ့ ဘယ်လို ပတ်သက်လို့ ရှင့် ကို ပေးရမှာတုံး ”

ဟု ပြန်၍ မေးလိုက်လေ၏ ။

“ ဒါကတော့ ကျုပ် လိုချင်တာ ကို ပြောတာပါ ၊ ခင်ဗျား မပေးချင်လဲ နေပေါ့ ”

ဟု ကိုကြာပွတ်ကြီး က ပြော လိုက်လေ၏ ။

ထို့နောက် ဘီစကွတ်ပုံး ကို ဖွင့် ကာ မုန့် နှစ်ချပ် ကို ယူ၍ အနီး ရှိ ခွေးကလေး ကို ချ၍ ကျွေး လိုက်လေ၏ ။ မမယ်ဇယ် လည်း ခရီးပန်း လာပြီ ဖြစ် သဖြင့် ကွပ်ပျစ်ကလေး ပေါ်၌ ခွေခွေလေး လှဲရင်း အိပ်ပျော် သွားလေတော့ သတည်း ။

မမယ်ဇယ် သည် နောက် တစ်နေ့ နံနက် ကိုးနာရီ ထိုးသည့် အခါ ကျမှ ပင် အိပ်ရာ နိုး လေတော့၏ ။ ထိုအခါ၌ လည်း မမယ်ဇယ် စားသောက်ရန် အတွက် ကိုကြာပွတ်ကြီး သည် အစားအသောက်များ ကို စီမံ ပြီး ဖြစ်လေတော့၏ ။ ထို့နောက် ၎င်းတို့ နှစ်ဦး သည် နံနက် စာ ကို စားသောက်ကြ လေတော့၏ ။ ထိုသို့ စားသောက်ရင်း ကိုကြာပွတ် က

“ မမယ်ဇယ် ကြားခဲ့ရတယ် ဆိုတဲ့ သူတို့ မှတ်တမ်းကြီး အကြောင်းကို ကျုပ် ကို ပြောပြပါဦး ”

ဟု ဆိုသဖြင့် မမယ်ဇယ် က

“ ည က ရှင့် ကို ပြောပြီးပြီပဲ ကိုကြာပွတ်ရဲ့ ”

ဟု မမယ်ဇယ် က ပြန်၍ ပြောလိုက် လေ၏ ။

“ ည က ပြောတာ တော့ ဟုတ်ပါရဲ့ မသက်ပြင်း အဲ အဲ မမယ်ဇယ် ရယ် ဒါပေမဲ့ ည က ပြောတာက မပြည့်စုံပါဘူး ဗျာ ၊ ပြည့်ပြည့်စုံစုံလေး ပြောစမ်းပါဦး ”

ဟု ဆိုသဖြင့် မမယ်ဇယ် လည်း ၎င်း ကြားခဲ့ သမျှသော မှတ်တမ်းကြီး မှ အကြောင်းအရာများ ကို ပြောပြလေ၏ ။

ထို အကြောင်းအရာများ ထဲ တွင် ရတနာပစ္စည်းများ အကြောင်း လည်း ပါ၏ ။ တစ်ဦး ကို တစ်ဦး ရက်စက်စွာ သတ်ဖြတ်ခြင်း အကြောင်း လည်း ပါ၏ ။ သို့ရာတွင် မမယ်ဇင် ကိုယ်တိုင် က ထို မှတ်တမ်းကြီး ကို အပြည့်အစုံ ကြားခဲ့ရသည် မဟုတ် ၊ အစွန်အဖျား လောက် သာ ကြားခဲ့ရခြင်း ဖြစ်၏ ။ ထို အစွန်အဖျား လောက် ကို ပင် ကိုကြာပွတ်ကြီး သည် လွန်စွာ စိတ်ဝင်စား ၍ နေ လေ၏ ။

ကိုကြာပွတ် သည် မမယ်ဇယ် ပြောပြသော မှတ်တမ်း ဆိုသည် ကို နားထောင် ပြီး နောက် ပျော်ရွှင် သကဲ့သို့ ရှိလေ၏ ။ ထို့နောက် မမယ်ဇယ် အနေ နှင့် မောင်ခင်ဦး နှင့် မစန်းအေး တို့ အား လက်စာ ချေလို က ချေနိုင်ကြောင်း ၊ မိမိ အနေ နှင့် အတတ်နိုင်ဆုံး ကူညီမည် ဖြစ်ကြောင်း ကိုကြာပွတ်ကြီး က တဖွဖွ ပြော လေတော့၏ ။

မမယ်ဇယ် က လည်း မောင်ခင်ဦး နှင့် မစန်းအေး တို့ အား လက်စား ချေမည် ဖြစ်ကြောင်း ကျိန်တွယ် ၍ ပြောလေ၏ ။ ထိုနေ့ အဖို့ မမယ်ဇယ် နှင့် ကိုကြာပွတ် တို့ သည် မောင်ခင်ဦး နှင့် မစန်းအေး တို့ အား မည်သို့မည်ပုံ လက်စား ချေရမည် ကို အသေးစိတ် တိုင်ပင်ရင်း နှင့် သာ အချိန် ကုန်ခဲ့လေတော့ သတည်း ။

ဤနေရာ ၌ မောင်ခင်ဦး နှင့် မစန်းအေး တို့ ဖတ်ခဲ့ကြသော ဦးမြူ ရေး ထားသည့် မှတ်တမ်းကြီး ကို ဖော်ပြရန် လိုပေသည် ။ ထိုသို့ ဖော်ပြရာ ၌ လည်း အတတ်နိုင်ဆုံး အသေးစိတ် ဖော်ပြရန် လိုသည့် အလျောက် ဖော်ပြ လိုက်ရပေတော့ သတည်း ။ 

( စာရေးသူ )

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment