Saturday, January 20, 2024

မမယ်ဇယ် ပြန်လာပြီ


 ❝ မမယ်ဇယ် ပြန်လာပြီ ❞ 


ဤနေရာ ၌ မမယ်ဇယ် ၏ ကံတရား ကို ကြားဖြတ် ဖော်ပြရန် လိုပေသည် ။ 


“ သေကံမရောက် သက်မပျောက် ” ဟူသော စကား သည် မမယ်ဇယ်ကလေး အတွက် သီးသန့် ထားရှိသော စကား ဟု ပင် ဆိုရ မလောက် မမယ်ဇယ်ကလေး ၏ ကံတရား ကား ဆန်းကြယ်လှဘိ၏ ။


မမယ်ဇယ် သည် လင် ဖြစ်သူ မောင်ခင်ဦး ၊ မစန်းအေး တို့ နှင့် အတူ လ သာသော ည တစ်ည တွင် တောင်ပေါ်လမ်း မှ မော်တော်ကား ဖြင့် ပြန်ခဲ့ကြောင်း ၊ တောင် ၏ အဆင်း တစ်နေရာ သို့ ရောက်သော အခါ ၌ မော်တော်ကား သည် ထိန်း ၍ မရနိုင် လောက်အောင် ဟိုထိုး သည်ထိုး ၊ ဟိုယမ်း သည်ယမ်း ဖြစ်ပြီး လျှင် နောက်ပိုင်း ထိုင်ခုံ တွင် စီး လာသော မစန်းအေး သည် ကားတံခါး ပွင့်၍ လမ်း ပေါ်သို့ ပုံလျက်သား ကျခဲ့ကြောင်း ၊ ထို့နောက် ကား မောင်းသော မောင်ခင်ဦး ဘက် မှ မော်တော်ကား တံခါး သည် ရုတ်တရက် ပွင့်သွား ပြီး လျှင် မောင်ခင်ဦး ပါ ကတ္တရာလမ်း ပေါ် သို့ ခွေခွေကလေး ကျခဲ့ ကြောင်း ၊ မမယ်ဇယ်ကလေး တစ်ဦးတည်း သာ လျှင် မော်တော်ကား နှင့် အတူ တောင် အောက် ချောက်တွင်း သို့ ကျ သွား ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပေသည် ။


ထို့ အပြင် မောင်ခင်ဦး သည် ဂါတ် သို့ သွားရောက် ၍ အမှု ဖွင့်ပုံ ၊ မော်တော်ကား ပျက် နှင့် မမယ်ဇယ်ကလေး ၏ အလောင်း ကို ပုလိပ် တို့ အား ရှာခိုင်းပုံ ၊ ပုလိပ်တို့ က သွားရောက် ၍ ရှာဖွေရာ ၌ မော်တော်ကားပျက် နှင့် သွေးစသွေးနများ ကို တွေ့သော် လည်း မမယ်ဇယ်ကလေး ၏ အလောင်း ကို မတွေ့ သဖြင့် ကျားဆွဲ သွားပြီ ဟု ယူဆပုံ ၊ မောင်ခင်ဦး တို့ က ပုလိပ်များ ကို ငွေ ပေး၍ မမယ်ဇယ်ကလေး အတွက် သပိတ်သွတ် ခိုင်းပုံ တို့ ကို ပါ အသေးစိတ် ဖော်ပြပြီး ဖြစ် ပေသည် ။


ယခု ဖော်ပြရန် ကျန်သည် မှာ မမယ်ဇယ်ကလေး သည် မော်တော်ကား နှင့် အတူ ချောက် တွင်း သို့ ကျသည် ကား မှန်၏ ။ သို့ရာတွင် ကံတရား ဟူသော အရာ ကား ဆန်းကြယ်၏ ။ မမယ်ဇယ်ကလေး သည် သေကံ မရောက် သေး သဖြင့် မည်သည့်နည်း နှင့် မျှ အသက် ရှင်ရန် လမ်း မရှိသော နေရာ၌ ကြံဖန် ၍ အသက် ချမ်းသာရာ ရ ပုံ ကို ဖော်ပြရန် ဖြစ်ပေသည် ။


      ( စာရေးသူ )


မော်တော်ကား သည် မတ်စောက်သော ချောက်ကမ်းပါးကြီး အတွင်း သို့ အရှိန် နှင့် ထိုး ၍ ကျသွား လေတော့၏ ။ မမယ်ဇယ်ကလေး သည် လန့်ဖျပ် ၍ သတိလစ် သွားလေ တော့၏ ။ သတိရသော အခါ၌ ၎င်း သည် လွန်စွာ မြင့်မားသော တောင်ကြီး ပေါ်မှ ကျခဲ့သည့် အဖြစ်ကို ကောင်းစွာ သတိရ လေ၏ ။ တစစီ ဖြစ် နေသော မော်တော်ကား ကို လည်း တွေ့ရ လေ၏ ။ ညဉ့် မှာ အတော် နက် နေပြီ ဖြစ်ရာ “ လ ” သည် လည်း ဦးခေါင်း ပေါ် တည့်တည့် ကို ရောက် နေပြီ ဖြစ်၏ ။ မမယ်ဇယ်ကလေး သည် မတ်တတ် ရပ် ရန် ကြိုးစား ကြည့်လေ၏ ။ သို့ရာတွင် ခြေထောက် တစ်ချောင်း သည် မထောက်နိုင် ဘဲ ရှိ လေ၏ ။ တစ်ကိုယ်လုံး မှာ လည်း နေရာမလပ် နာကျင် နေ၏ ။ မမယ်ဇယ်ကလေး သည် မော်တော်ကား နှင့် အတူ မိမိ ကျ ခဲ့သော တောင်မြင့်မြင့်ကြီး ကို မော့ ၍ ကြည့် ပြီးနောက် မိမိ ကိုယ် ကို မိမိ မယုံ သကဲ့သို့ ဖြစ်နေ၏ ။


“ ဒါလောက် အမြင့်ကြီး က ကား မှောက်ပြီး ကျတာ ငါ ဟာ သေရမှာပေါ့ ။ ဘာဖြစ်လို့ မသေပါလိမ့် ၊ သေနေတာ ဖြစ်မှာပါပဲ ၊ လူ ဟာ သေခြင်း မှာ သေမှန်း မသိ ဘူးလို့ ပြောတာ အခု ငါ ဖြစ်တာမျိုးနဲ့ တူပါရဲ့ ” ဟု စဉ်းစား နေ မိလေ၏ ။ ထို့နောက်


“ သေတာ ဖြစ်မှာပါပဲ ၊ သေမှန်း မသိသေးလို့ နေမှာပါ ၊ အင်းလေ ဘာပဲဖြစ်ဖြစ် လူသေ ဟာ လူသေ လို နေတာပဲ ကောင်းပါတယ် ” ဟု ဆိုကာ ခေါင်း ကို မြေကြီး နှင့် ကပ်၍ ငြိမ်ငြိမ်ကလေး နေ လိုက် လေ၏ ။


အေးမြသော လေ သည် ကွင်းပြင် ကို ဖြတ် ၍ တိုက် လိုက်ရာ မမယ်ဇယ် သည် စိမ့်၍ ချမ်းလာလေ၏ ။ ထို့ကြောင့် တစ်ဘက် သို့ အနည်းငယ် လှည့် လိုက်ရာ မခံမရပ် နိုင် အောင် နာကျင် လေ တော့၏ ။


“ အို ၊ ကျွတ် ကျွတ် ကျွတ် နာလှချည်လား ၊ အင်း နာတာ ကို လဲ ငါသိတယ် ၊ ချမ်းတာ ကို လည်း ငါ သိ နေတာပဲ ၊ ဒါဆိုရင် သေတာ မဟုတ်နိုင်သေးဘူး ” ဟု တွေးမိ ကာ ၎င်း ၏ စိတ် သည် တက်ကြွ လာ လေတော့၏ ။ ထိုသို့ တက်ကြွ လာခါ မှ ပင် တောင် ပေါ် ၌ ကျ၍ ကျန် ခဲ့သော လင်ယောက်ျား ဖြစ်သူ မောင်ခင်ဦး ကို အော်၍ ခေါ်ကြည့် လေ၏ ။


“ ကိုခင်ဦး ကိုခင်ဦး  ” 

 

မမယ်ဇယ် ၏ အသံ မှာ လွန်စွာ တိုး လှ၏ ။ ဝေဒနာ ခံစား နေရသော ကြောင့် အသံ လည်း မထွက်တော့ပေ ။ ထို အခါ ကျ မှ ပင် ဝမ်းနည်း ၍ လာလေတော့၏ ။


“ အင်း ငါ့ ကိုတော့ ကိုခင်ဦး နဲ့ မစန်းအေး တို့ က သေပြီ မှတ်၍ ထားခဲ့ကြ တော့မယ် ၊ ငါ က တော့ မသေဘဲ ဒီ ချောက်ကြီး ထဲ မှာ နေခဲ့ရတော့မယ် ၊ ဒါလောက် တောကြီး မျက်မည်း ထဲ မှာ ဆိုတော့ မြွေတွေ ကျားတွေ ရှိမှာပဲ ” 


ဟု တွေးမိသည့် တစ်ခဏ၌ မယ်ဇယ်ကလေး သည် ဆီးကင်းခန့် ဇောချွေးများ ယိုစိမ့် လာ ပြီးလျှင် သတိ လစ် ၍ သွား ပြန်၏ ။ တစ်အောင့်မျှ ကြာလျှင် လေနုအေးကလေး တိုက်ခတ် လိုက်သော ကြောင့် ပြန်လည် ၍ သတိရ လာပြန် လေတော့၏ ။


သတိရ သော အခါ၌ မမယ်ဇယ်ကလေး သည် ထပ်၍ ကြောက် ပြန်၏ ။ ထိုအချိန် ၌ မှာ ပင် တောင် ၏ အခြားဘက် တွင် ရှိသော ကွင်းပြင် ခပ်လှမ်းလှမ်း ဆီမှ ဆွဲဆွဲငင်ငင် အူ လိုက်သော ခွေးအူသံကို ပင် မမယ်ဇယ်ကလေး သည် ကြောက်ရ ပြန် လေ၏ ။


“ ဒီလို အူပုံမျိုး ဟာ မကောင်းဆိုးဝါး ကို မြင်လို့ အူတာမျိုး ” ဟု တွေးမိ လေ၏ ။


ထို့နောက် “ ခွေး အူတယ် ဆို ကတည်းက ခွေး ရှိလို့ အူ နိုင်တာပဲ ၊ ခွေး ဆိုတာ က လည်း လူ ရဲ့ အနီးအနားမှာ မှ နေလေ့ ရှိတာ ၊ ဒီတော့ ခွေး အူတဲ့ ဘက် ကို တရွေ့ရွေ့ ကြိုးစားပြီး သွားမယ် ဆိုရင် တော့ လူနေအိမ်ခြေ ကို တွေ့မှာပဲ ” ဟု လည်း တွေးမိ ပြန် သဖြင့် အားတက် သွား ပြန်၏ ။


“ အို ကြောက် နေလို့ အလကားပဲ ၊ ဒီအတိုင်း နေရင် အအေး မိပြီး လည်း သေ နိုင်တယ် ၊ ကြောက် ပြီးလ ည်း သေ နိုင်တယ် ၊ သေမယ့် အတူတူ မထူးဘူး ” 


ဟု အားတင်း လိုစိတ်များ ဖြစ်ပေါ်လာကာ မမယ်ဇယ်ကလေး သည် တရွေ့ရွေ့ တရွတ် ဆွဲ ၍ ကွင်းပြင် ဘက် ဆီ သို့ ကြိုးစား ၍ သွားလေ၏ ။ နာကျင်သည် မှာ လည်း ဆိုဖွယ်ရာ မရှိတော့ပေ ။ သို့ရာတွင် နာကျင်သည် ကို ကြိတ်မှိတ် ခံရင်း “ ငါ့ ကံနှယ် ဆိုးလှချည်လား ”  ဟု ညည်းညူရင်း ရွှေ့ ၍ သွားနေရာ များမကြာမီ ၌ ပင် အကျယ် အား ဖြင့် တစ်လံလောက် သာ ရှိသော ရိုးချောင်းကလေး ကို တွေ့ရ လေ၏ ။


“ ဟောတော့ ၊ ခက်တော့တာပဲ ၊ ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ ဆိုတာမျိုး ပါလား ၊ တရွတ်ဆွဲ ပြီး သွားနေရတဲ့ အထဲ ချောင်းကြီး က ကန့်လန့် ခံ နေတော့ ဘယ်လိုများ လုပ်ရမလဲ ၊ ကိုခင်ဦး ရဲ့ မြင်လှည့်ပါဦး ” ဟု အော်၍ ငို လေတော့၏ ။ ထို့နောက် ၎င်း ကျ ခဲ့သော နေရာ ကိုလှည့်၍ ကြည့် လိုက်မိ လေ၏ ။  


“ အလို ၊ ငါ တရွေ့ရွေ့ နဲ့ လာခဲ့တာ အတော်ကလေး ရောက် လာမှပဲ ၊ ငို နေလို့လဲ မထူးပါဘူး ။ ဒီ ချောင်းရိုးကလေး အတိုင်း တရွေ့ရွေ့ သွားရမှာပဲ ” ဟု တွေးရင်း အားတင်း ကာ သွား လေ၏ ။ နာကျင်လွန်း သည့် အခါ၌ နား ၍ အနည်းငယ် သက်သာ လျှင် တရွေ့ရွေ့ သွား ပြန်၏ ။


“ မသေတာ ကို က ငါ ကံကောင်းတာပဲ ” ဟု လည်း မိမိ ကိုယ် ကို မိမိ အားပေး ရင်း တရွေ့ရွေ့သွား ခဲ့ရာ အဝေး မှ မီးရောင်ကလေး ကို လှမ်း ၍ မြင် ရလေ၏ ။


မမယ်ဇယ်ကလေး သည် မီးရောင် ကို တွေ့လျှင် လွန်စွာ အားတက် ၍ သွားလေ တော့၏ ။


“ ဟောဟို မှာ မီးရောင် တွေ့ပြီ ၊ အဲဒီမှာ လူ ရှိမှာပဲ ၊ ငါ တော့ အကူအညီ ရပါပြီ ” ဟု လွန်စွာစိတ်အား ထက်သန်စွာဖြင့် ရေရွတ် လိုက်လေ၏ ။ ထို့ကြောင့် မိမယ်ဇယ်ကလေး သည် မီးရောင် ရှိရာ သို့ အားခဲ ၍ သွားလေ၏ ။


လမ်း တွင် ဝါးလုံး တစ်ခု ကို တွေ့သဖြင့် ထို ဝါးလုံး ကို ကောက်ယူ ကာ တောင်ဝှေး သဖွယ် အသုံးပြု ၍ ကြိုးစား ကာ သွားလေ၏ ။ နာရီဝက်ခန့် ကြာသော အခါ ၌ ဥရောပကျေးရွာများ တွင် တွေ့ရ တတ်သော သစ်အလုံး လိုက် ကာရံ ထားသည့် သစ်လုံး အိမ်ကလေး တစ်လုံး ကို တွေ့ရလေ၏ ။ အိမ် ထဲ မှ လည်း ခွေးအူသံ ကို ကြားရ လေ၏ ။


မမယ်ဇယ်ကလေး သည် အိမ် အနီး သို့ တရွေ့ရွေ့ ချဉ်းကပ် သွားလေ၏ ။ အိမ် ၏ ဝင်းပေါက် သို့ ရောက် လျှင် အထဲ သို့ လှမ်းမျှော် ကြည့် လိုက်ရာ မီးဖို အနီး၌ သံကြိုး ဖြင့် ချည် ထားသော ခွေးတစ်ကောင် နှင့် မီးလှုံရင်း စာ ဖတ် နေသည့် လွန်စွာ မုတ်ဆိတ် ပါးမြိုင်းမွေး ထူထပ် လှသော အသက် လေးဆယ် နီးပါး အရွယ် ခန့် ရှိ အရုပ်ဆိုးဆိုး ယောက်ျားကြီး တစ်ဦး ကို တွေ့ရလေ၏ ။  


မမယ်ဇယ်ကလေး သည် လှမ်း ၍ အသံ ပြု၏ ။ သို့ရာတွင် လည်ချောင်း မှာ ခြောက်ကပ် ဆို့နင့်နေ သောကြောင့် အသံ မထွက်ပေ ။ ထို့ကြောင့် အသံ မပြုဘဲ အိမ်ကလေး အတွင်း သို့ ဝင် လေ၏ ။


ထိုသို့ ဝင် လိုက်ရာ ဒယီးဒယိုင် ဖြစ်သွား သောကြောင့် အိမ်ကလေး ၏ တံခါးပေါင် ကို လှမ်း ၍ ကိုင် လိုက်ရလေ၏ ။ ခွေး သည် မမယ်ဇယ်ကလေး ကို တွေ့မြင် သွားလျှင် စားတော့ဝါးတော့မည် ကဲ့သို့ ဟောင် ၍ သံကြိုး ပြတ် မတတ် ရုန်း လေတော့၏ ။


အရုပ်ဆိုးဆိုး ယောက်ျားကြီး မှာ မူ မမယ်ဇယ်ကလေး အား လှမ်း မကြည့်ဘဲ ခွေး ကို စုပ်သပ် ၍ ချော့ရင်း လက် တစ်ဘက် ဖြင့် ခွေး ၏ ဇက် ကို ပွတ်ပေး လေ၏ ။


“ လာပါစေကွာ ၊ မင်း က လဲ ခွေး လို့ မပြောရဘူး ၊ လူစိမ်း တွေ့ရင် ဟောင်ရမယ် ဆိုတဲ့ ပုံသေနည်း ကို မှတ်ထား တာကိုး ၊ ဒါကြောင့်လဲ မင်း ကို ခွေး လို့ ခေါ်ရတာပဲ ၊ မင်းတို့ ခွေးတွေ ဟာ ကမ္ဘာဦး ကတည်း က လူစိမ်း တွေ့ ရင် ဟောင်ရမယ် ဆိုတာ မှတ်ထား လိုက် တော့ နည်းနည်းကလေး မှ ကို မပြောင်းတော့ဘူး ကိုး ၊ သူ့ ခမျာ သနားပါတယ် ကွာ ” 


ဟု ပြောရင်း လက် တစ်ဘက် ဖြင့် ခွေး ၏ ဇက်ပိုး ကို ပွတ် နေ သကဲ့သို့ အခြား သော လက် တစ်ဘက် ဖြင့် စာအုပ် ကို ကိုင်ကာ စာ ကို သဲသဲမဲမဲကြီး ဖတ် နေလေ၏ ။ သူ ၏ ခွေး မှာ မူ ဟောင်မြဲ ဟောင်၍ နေ လေ၏ ။


“ လာပါစေကွာ ၊ နေရာတကာ မှာ ပုံသေကားကျ မှတ် မထားစမ်းပါနဲ့ ဟဲ ဟဲ ၊ ဒါကြောင့်မို့ လား မဆိုနိုင်ဘူး ၊ အင်္ဂလိပ်စကား မှာ တစ်ယူသန် တရားသေ ဖြစ်ခြင်း ကို “ ဒေါ့ဂ်မက်တစ် ” လို့ ခွေး ကို ပြောတာပဲ ၊ မင်း ရဲ့ အကျင့်တွေ ကို ဖျောက် လိုက်ပါ ၊ ရဲရဲတင်းတင်း ပြောင်း လိုက်စမ်းပါ ၊ ရှက်မနေပါနဲ့ ” ဟု ခွေး ကို ပြောရင်း စာ ကို ဆက်၍ ဖတ် နေ လေ၏ ။


မမယ်ဇယ်ကလေး သည် တရွေ့ရွေ့ ဖြင့် အနီး သို့ တိုး သွားလေ၏ ။ ထိုအခါ ကိုရုပ်ဆိုးကြီး က


“ ဟောဟိုမှာ ပက်လက်ကု,လားထိုင်ကလေး ရှိတယ် မသက်ပြင်း ၊ အဲဒါလေး ကို ဒီနား ဆွဲ လာခဲ့ ၊ ပြီးတော့ အဲဒီ ပက်လက်ကု,လားထို င် ပေါ် မှာ ခင်ဗျား ထိုင်ပြီး မီးပုံဘေး မှာ နွေးနွေးထွေးထွေး အိပ် ပေတော့ ၊ မနက်ကျ မှ ပဲ ဒဏ်ရာတွေ ကို ဆေးထည့် ပေးမယ် ၊ ဆေးရုံ တက်စရာ ရှိရင်လဲ မနက် ကျမှပဲ ပို့ပေးမယ် ” ဟု ပြော လိုက်လေ၏ ။


မမယ်ဇယ်ကလေး သည် ကူညီမည့် လူ ကို တွေ့ရပြီ ဖြစ်သောကြောင့် တစ်လျှောက်လုံး တင်း လာသည့် စိတ် ကို လျှော့ချ လိုက်ရာ နေရာ၌ ပင် အရုပ်ကြိုးပြတ် လဲ ကျ ၍ သတိလစ် သွားလေတော့၏ ။


ထိုအခါ ကျ မှ ပင် မီးပုံဘေး ၌ စာ ဖတ် နေသော ယောက်ျားကြီး သည် စာအုပ် ကို ပိတ် လိုက်ပြီးနောက်


“ အင်း စိတ် စိတ် စိတ် တင်းလာတဲ့ စိတ် ကို လျှော့ချ လိုက် တာကိုး ” ဟု တစ်ကိုယ်တည်း ရေရွတ်ရင်း ပက်လက်ကု,လားထိုင် ကို မီးပုံ အနီးသို့ ဆွဲယူ၍ မမယ်ဇယ်ကလေး ကို ပွေ့ပြီး လျှင် ထို ပက်လက်ကု,လားထိုင် ပေါ် သို့ တင် ထား လိုက် လေ၏ ။ ထို့နောက် ဂွမ်းစောင်ကြီး တစ်ထည် ကို လွှမ်းခြုံ ပေးထား လိုက်ပြီး လျှင် ၎င်း က မူ စောစောက ဖတ်လက်စ စာအုပ် ကို ဆက်လက် ၍ ဖတ်ရှု နေလေတော့၏ ။


ထို လူကြီး သည် စာ ဖတ်ရင်း ၎င်း ၏ ခွေး ကို


“ သုနက္ခာ ရေ ၊ ငါတို့ ရဲ့ ငြိမ်းချမ်းသာယာတဲ့ အိမ်ကလေး ကို မိန်းမ တစ်ယောက် ရောက်လာပြီ ဟေ့ ၊ မကြာခင် မှာ ဒုက္ခတွေ ပေါ်လာတော့မယ် ကွ ” ဟု ပြော လိုက်လေ၏ ။


ထို့နောက် ဆေးတံ ကို ဆေး ဖြည့်၍ မီးညှိ ကာ ဆေးတံ ဖွာရင်း ဘီစကွတ် မုန့်ပုံး ကို ဖွင့်၍ မုန့်နှစ်ချပ် ကို ယူပြီး လျှင် သူ ၏ ခွေး ကို ကျွေး လိုက်လေ၏ ။


“ စား ထား သုနက္ခာ ရဲ့ ၊ တို့ အိမ်ကလေး မှာ လူ တစ်ယောက် တိုးလာပြီကွ အလျင် ကတော့ မင်း နဲ့ ငါ နှစ်ဦးတည်း ဆိုတော့ ပန်းကန်ပြား က နှစ်ချပ် ပဲ လိုတာ ၊ အခုတော့ ပန်ကန်ပြား နောက်ထပ် တစ်ချပ် ရှာရ ဦးမယ် ၊ ရေနွေးကြမ်း တို့ ကော်ဖီ တို့ သောက်ဖို့ ကလဲ အလျင် က ခွက် နှစ်လုံး ဆို လောက်တယ် ၊ အခုတော့ နောက်ထပ် ခွက် တစ်လုံး ရှာရဦးမယ် ဟေ့ ” 


ဟု လည်း လူကြီး က ပြော နေ လေ၏ ။သူ ၏ ခွေး ကမူ မုန့်နှစ်ချပ် ကို တကြွပ်ကြွပ် ဖြင့် ဝါး စား၍ နေပြီ ဖြစ်၏ ။


မမယ်ဇယ်ကလေး မှာ မူ တစ်ခဏ မျှ မေ့မြော ၍ သွား သော်လည်း ပြန်လည် သတိရ လာလေ၏ ။ ထိုသို့ သတိ ရလာသည့် အခါ၌ လည်ချောင်း မှာ မီး တောက်လု မတတ် ပူပြင်းလှသည် ဖြစ်ရာ “ ရေ ရေ  ” ဟု ရေ ကို  တောင်း လေ၏ ။ ထိုအခါလူကြီး လည်း ဖက်လက်စ စာအုပ် ကို ကိုင် ၍ သောက်ရေအိုး မှ ရေ ကို ခပ်ပြီး လျှင် မမယ်ဇယ်ကလေး အား တိုက် လေ၏ ။  


မမယ်ဇယ်ကလေး လည်း ရေ ကို အားရပါးရ သောက် လေ၏ ။


“ အပေါ် က ဂွမ်းစောင်ကြီး ကို ဖယ်ပေးပါ ဦးရှင့် ” ဟု မမယ်ဇယ်ကလေး က ပြော သဖြင့် ထို လူကြီး သည် မမယ်ဇယ်ကလေး အား ခြုံပေး ထားသော ဂွမ်းစောင်ကြီး ကို ၍ ကွပ်ပျစ် ပေါ် သို့ ပစ်တင် လိုက်လေ၏ ။


ထို့နောက် စာအုပ် ကို လှန်၍ ဆက်လက် ဖတ်ရှု နေပြန်လေ၏ ။ ထိုအချိန်၌ မမယ်ဇယ်ကလေး သည် အအေးဒဏ် ကို မခံနိုင် သဖြင့် “ အေး လိုက်တာရှင် ၊ ကျွန်မ ကို စောင် ပေးပါဦး ” ဟု စောင် ကို တောင်း လေ၏ ။


လူကြီး လည်း စာအုပ် ကို ချ၍ စောင် ကို ယူ၍ ခြုံပေး ရ ပြန်၏ ။ ထို့နောက် မယ်ဇယ်လေး က


“ အမယ်လေး နာ လိုက်တာရှင် ၊ ကယ်ပါဦး ” ဟု အော်၍ ညည်းပြန် လေ၏ ။ ထို့ကြောင့် လူကြီးသည် ဆေးလုံးကလေး တစ်လုံး ကို ထုတ် ၍ မမယ်ဇယ်ကလေး အား ပါးစပ် ဟ ခိုင်း ပြီး လျှင် ပါးစပ် တွင်း သို့ ထ ည့်ကာ ကော်ဖီ တစ်ခွက် ကို တိုက် လိုက် လေ၏ ။ မယ်ဇယ်ကလေး လည်း ထို ဆေး ကို မျိုချ ပြီး နောက် နှစ်ခြိုက်စွာ အိပ်ပျော် သွား လေတော့၏ ။


လူကြီး သည် မီးဖို အနီး ၌ ထိုင် ကာ ကော်ဖီ သောက် လေ၏ ။ ထိုသို့ ကော်ဖီ သောက် ရင်း သူ ၏ ခွေး ဘက် သို့ လှည့်ကာ


“ ဟေ့ကောင် သုနက္ခာ ၊ မြင်ပြီ မဟုတ်လား ၊ မိန်းမ တစ်ယောက် ရောက်လာတာ တို့ အဖို့ ဘယ်လောက် အလုပ် ရှုပ်သလဲ ၊ ဒါကြောင့် မင်း ကို မိန်းမ မယူပါနဲ့ လို့ ပြောတာ ပေါ့ ကွ ၊ မင်း ဟာ လေ တော်သလင်းလ ရောက်ပြီ ဆိုရင် မိန်းမ လိုချင်လို့ ဟိုရွာ သွားချင်တာ နဲ့ ၊ ဒီရွာ သွားချင်ရတာ နဲ့ ရွာ ထဲ က ကောင်တွေ က လဲ သူတို့ ဆီ က ကောင်မ ကို အပြီး နောက်ပိုး ရ မလား ဆိုပြီး မင်း ကို ဝိုင်း ဆော်ကြတာပဲ မဟုတ်လား ၊ ဟား ဟား ၊ ဒီ ကိစ္စ မှာ တော့ မင်း တို့ ဟာ လူ နဲ့ အတူဆုံး သတ္တဝါပဲ ၊ ဟဲ ဟဲ အိပ်တော့ ၊ ငါ လဲ အိပ်မယ် ” 


ဟု ပြော လိုက်ရာ သူ ၏ ခွေး လည်း လူစကား နားလည်သည့် အလား ဆိုဖာ ဘေးတွင် ပင် ခွေခွေကလေး အိပ်စက်လေ တော့၏ ။


နံနက် မိုး လင်းသော အခါ၌ မမယ်ဇယ်ကလေး သည် အိပ်ရာ မှ နိုး လေ၏ ။ ထို့ကြောင့် ခြုံထား သော ဂွမ်းစောင် ကို ဖွင့်၍ ကြည့် လိုက်ရာ မျက်နှာ တည့်တည့် လောက်တွင် ရှိသော သင်ပုန်း ပေါ် ၌ မြေဖြူ ဖြင့် ရေး ထားသော အောက်ပါ စာ ကို တွေ့ရ လေ၏ ။


    မသက်ပြင်း

      ကိုယ်တွေ လက်တွေ နာ နေရင် မထပါ နဲ့ ၊ မင်း အိမ် က လူတွေ ကို အကြောင်း ကြား ပေးဖို့ ၊ ကျုပ် အပြင် ကို သွားပါတယ် ၊ ပြီးတော့ အိမ် မှာ လဲ ရိက္ခာပြတ် နေပြီ ဖြစ်လို့ ဈေးဝယ်ရ ဦးမယ် ။

             ကိုကြာပွတ်


မမယ်ဇယ်ကလေး သည် ထို စာ ကို ဖတ်ပြီး နောက်


“ ငါ့ ကို ရေးခဲ့တာပဲ ၊ ငါ့ ကို မသက်ပြင်း လို့ ခေါ်ထား ပါလား ၊ အင်းလေ ငါ့ အသက် က ပြင်းပေတာကိုး ၊ ဒါလောက် မြင့်တဲ့ တောင်ကြီး ပေါ် က မော်တော်ကား နဲ့ ကျ တာ တောင် မသေဘူး ဆိုတာ မသက်ပြင်း လို့ ခေါ်သင့်တာ ပေါ့ ။ အင်း သူ့ နာမည် ကလဲ အဆန်းပါလား ၊ ဦးကြာပွတ် တဲ့ ၊ ကြောက်စရာ လိုလို ရယ်စရာ လိုလိုပါပဲလား ။ ဘာပဲဖြစ်ဖြစ်လေ ငါ ဟာ အခု နေ အခါ မှာ မလှုပ်နိုင် လောက်အောင် တစ်ကိုယ်လုံး  နာကျင် နေတော့ ဒီ ကြာပွတ်ကြီး ကို ပဲ အားကိုး ရ မှာ ပဲ ၊ သူ ပြန် လာမှပဲ ကိုခင်ဦး ဆီ ကို အကြောင်းကြား ခိုင်းရမယ် ” 


ဟု တွေးတော နေ မိလေ၏ ။


လူကြီး မှာ မူ သူ ၏ ခွေးကြီး ကို ဆွဲ၍ အပြင်သို့ ထွက်သွား နေပြီ ဖြစ်၏ ။ လူကြီး သည် ချောင်းရိုးကလေး အတိုင်း လျှောက် ၍ လာရာ တစ်မိုင် ကျော်ကျော် ခန့် လျှောက်မိ လျှင် ပုလိပ်များ နှင့် တွေ့လေ တော့၏ ။


ထိုအခါ ပုလိပ် တစ်ဦး က “ ဟေ့လူ ” ဟု လူကြီး အား လှမ်း ၍ ခေါ် လိုက်လေ၏ ။ “ ဘာလဲဟေ့ ပုလိပ် ”  ဟု လူကြီး က ပြန်၍ ထူး လိုက်လေ၏ ။ ထိုအခါ ပုလိ ပ် က “ အူကြောင်ကြောင် မလုပ်နဲ့ ၊ ကျုပ်တို့ က တာဝန် နဲ့ လာတာ ” ဟု ပြော လေ၏ ။ “ ကျုပ် က လဲ တာဝန် နဲ့ လာတာပဲပေါ့ ” ဟု လူကြီး က ပြန် ၍ ပြော လေ၏ ။


“ ခင်ဗျား က ဘာ တာဝန်လဲ ” ဟု ပုလိပ် က မေး လေ၏ ။ “ ကိုယ့် လူ ကလဲ ဘာ တာဝန်လဲ ”  ဟု လူကြီး က ပြန် ၍ မေး လေ၏ ။


“ တောင်ပေါ် က ကား မှောက်ပြီး ကျ သေတဲ့ မိန်းမ အလောင်း တစ်လောင်း ရှာ တာဝန် နဲ့ ထွက်လာတာ ” ဟု လူကြီး က ပြောလေ၏ ။


“ ခင်ဗျား က ခွေးတာဝန်ပဲ ” ဟု ပုလိပ် က ပြော လျှင် လူကြီး က ...


“ ကိုယ့် လူ ကလဲ မသာ တာဝန် ပဲ ” ဟု လူကြီး က ပြ န်၍ ပြော လေ၏ ။


“ ပြောစမ်းပါဗျာ ၊ မိန်းမ အလောင်း တစ်လောင်း မတွေ့မိဘူးလား ” ဟု ပုလိပ် က မေး လေ၏ ။


“ တကယ်ပါ ဗျာ ၊ အလောင်း တော့ မတွေ့မိ တာ အမှန်ပါပဲ ” ဟု လူကြီး က ပြန် ၍ ပြော လိုက် လျှင် ပုလိပ် လည်း နောက်သို့ ချာခနဲ လှည့်ကာ ပြန်သွား လေတော့၏ ။


လူကြီး သည် ခပ်လှမ်းလှမ်း ဆီသို့ လှမ်းမျှော် ကြည့်ရာ တောင် အောက် တွင် ပုလိပ်များ စုရုံး စုရုံး လုပ် နေသည် ကို တွေ့ရ လေ၏ ။


လူကြီး သည် ကွင်းပြင် ကို ဖြတ်၍ “ တုံးဘို ” ဆိုသော အရပ် ဆီ သို့ သွား လေ၏ ။ ထိုမှ တစ်ဖန် ဈေး သို့ သွားလေ၏ ။ ဈေး ရောက် လျှင် ကော်ဖီမှုန့် ၊ နို့ဆီ ၊ သကြား ၊ ဝက်အူချောင်း ၊ ငါးသေတ္တာ ၊ ငါးခြောက် ၊ အာလူး ၊ ပေါင်မုန့် ၊ သံပန်းကန်ပြား တစ်ချပ် ၊ မတ်ခွက် တစ်လုံး စသည်များ ကို ဝယ်ယူ လေ၏ ။ ထို့နောက် ခေါက်ဆွဲဆိုင် သို့ ဝင်ကာ ခေါက်ဆွဲ နှင့် အခါးရည် ကို သောက် လေ၏ ။


ခေါက်ဆွဲဆိုင် ၌ မူ လူများ သည် ည က တောင် ပေါ် မှ ကျသော မော်တော်ကား အကြောင်း ကို ပြောဆို နေကြ လေ၏ ။ ထို သူတို့ ၏ စကား ၌ ကျ သော ကားပေါ် တွင် ယောက်ျား တစ်ယောက် နှင့် မိန်းမ နှစ်ယောက် ပါကြောင်း ၊ ထို ယောက်ျား မှာ မယား နှစ်ယောက် ရှိကြောင်း ၊ တောင်အောက် သို့ မော်တော်ကား နှင့် အတူ ကျ၍ သေဆုံးသွားသည့် မိန်းမ မှာ မယားကြီး ဖြစ်ကြောင်း ၊ ထို ယောက်ျား နှင့် မယားငယ် မှာ မူ ဂါတ် ၌ ပင် ရှိသေးကြောင်း စသည်တို့ ကို ပြောဆို လေ၏ ။


ကိုကြာပွတ်ကြီး သည် ခေါက်ဆွဲ စားပြီး နောက် ဂါတ် သို့ သွားရောက်၍ လေ့လာ ကြည့်ရှု လေ၏ ။ ဂါတ်ဝင်း အတွင်း ရာဇဝတ်အုပ် ၏ အိမ်ရှေ့ တွင် နှစ်ယောက်သား ထိုင်ကာ ပြုံးကာ ရယ်ကာ နှင့် စကား ပြော နေသည်ကို တွေ့ရ လေ၏ ။


ကိုကြာပွတ် သည် ဂါတ်ဝင်း အတွင်း ၌ လှည့်လည် စုံစမ်းလေ၏ ။ ထို့ကြောင့် ၎င်း ၏ အိမ် သို့ ရောက်ရှိ နေသည့် မိန်းကလေး ၏ အမည် မှာ မမယ်ဇယ် ဖြစ်ကြောင်း ၊ ၎င်း ၏ သူငယ်ချင်းမ မှာ မစန်းအေး ဆိုသူ ဖြစ်ကြောင်း သိရလေ တော့၏ ။ ထို့ပြင် ရာဇဝတ်အုပ် အိ မ်၌ တည်းခို နေသော မောင်ခင်ဦး နှင့် မစန်းအေး တို့ ၏ အနေအထိုင် ကို လည်း သွားရောက် အကဲခတ် ကြည့်ရှု လေ့လာ လေ၏ ။ ပြီး လျှင် ဂါတ်စာရေး ထံ သို့ အမှတ်တမဲ့ ချဉ်းကပ်ကာ မောင်ခင်ဦး တို့ ၏ လိပ်စာ နှင့် အလုပ်အကိုင် ကို မေးမြန်း စုံစမ်းလေ၏ ။ ပြည့်စုံသည် အထိ လေ့လာ ပြီး နောက် ပြန်ခဲ့ လေတော့၏ ။


ပြန်ခဲ့သည့် အခါ ၌ လည်း မမယ်ဇယ် ကျခဲ့သော နေရာ ကို သွားရောက် ကြည့်ရှု လေ၏ ။ ကားပျက် ကို လည်း တွေ့ခဲ့ လေ၏ ။ မမယ်ဇယ် ၏ ကိုယ်ခန္ဓာ မှ ထွက်ခဲ့သော သွေးကွက်များ ကို လည်း မြင်တွေ့ရ လေ၏ ။ ထို့နောက် ဤမျှ မြင့်မားသော နေရာမှ ကျခဲ့ လျက် မမယ်ဇယ် မသေရသည့် အကြောင်း ကို သိလို သဖြင့် တောင်ပေါ် သို့ ကားလမ်း အတိုင်း တက် ၍ ကြည့်ရှု လေ၏ ။ ထိုသို့ ကြည့်ရှု ရာ တွင် ဝါးပင်များ ကို တွေ့ရ၏ ။ ပါးပင် အဖျား တွင် မမယ်ဇယ်ကလေး ၏ အဝတ်စ ၊ အဝတ်နများ ကို တွေ့ရလေ၏ ။ ထိုအခါ၌ ကိုကြာပွတ်ကြီး သည် အောက်ပါ အတိုင်း စဉ်းစား လေ၏ ။  


မမယ်ဇယ် ၏ ကား သည် ဤနေရာ မှ လျှောကျမ ည် ။ ထိုအခါ မမယ်ဇယ် သည် ကား ပေါ် မှ ထွက် ၍ ကျမည် ။ ကား က ရှေ့ က မမယ်ဇယ် က နောက်က ၊ ရှေ့ဆင့် နောက်ဆင့် ကျမည် ၊ ရှေ့မှ ကျသော ကားသည် ဝါးပင် ဝါးကိုင်းများ ကို သပ် ၍ ချပေး သကဲ့သို့ ရှိ မည် ။ မမယ်ဇယ်ကလေး သည် ဝါးပင်အုပ်များ ပေါ်  မှ နေ၍ လိမ့်၍ လိမ့်၍ ဖြည်းဖြည်းချင်း ကျ လိမ့်မည် ။ အောက်နား သို့ ရောက်သော အခါ၌ အလွန် ကောင်းသော ချုံကြီး သည် ပိုက်ကွန်ကြီး သဖွယ် ခံပေး ထားလိမ့်မည် ။ ဤသို့လျှင် ဝါးပင်များ ၊ ချုံများ က ဆိုဖာများ ၊ ပိုက်ကွန်များ သဖွယ် မမယ်ဇယ်ကလေး ကျ လာသည် ကို ခံ၍ ပေးထား သောကြောင့် သာ မယ်ဇယ်ကလေး မသေခြင်း ဖြစ်သည် ။


ကိုကြာပွတ်ကြီး သည် ဤသို့ စဉ်းစားပြီး နောက် ဝါးပင် ၌ ငြိ နေသော မမယ်ဇယ် ကလေး ၏ အဝတ်အစ များ ကို ယူ၍ တောင်အောက် သို့ ဆင်းလာ ပြီးလျှင် အိမ် သို့ ပြန်ခဲ့ လေတော့၏ ။ အိမ် သို့ ရောက်သော အခါ ၌ မမယ်ဇယ်ကလေး က ကိုကြာပွတ်ကြီး အား


“ ဒီမှာရှင့် ၊ ကျွန်မ ယောက်ျား ကို တွေ့ခဲ့သလား ” ဟု မေး လေ၏ ။


“ မတွေ့ခဲ့ဘူး ” ဟု ကိုကြာပွတ်ကြီး က လိ မ်၍ ပြော လေ၏ ။


ထို့နောက် ကိုကြာပွတ်ကြီး က ပင်


“ ဒီလို မိန်းကလေး ရဲ့ ၊ မြန်မြန် နေကောင်း အောင် လုပ် ၊ ကျုပ် လဲ ဆေးကုသ ပေးမယ် ၊ လိုအပ်တဲ့ ဆေးဝါး လဲ ဝယ် ပေးမယ် ၊ နေ့ကောင်းတာ နဲ့ ပြန် ပေါ့ ၊ အခုတော့ လူ က လှုပ်တောင် မလှုပ်နိုင်သေးဘူး ဆိုတော့ ခရီး က သိပ် ကြမ်းတယ် ” ဟု ပြော လိုက် လေ၏ ။


“ ဒါလဲ ဘာ ခက်သလဲ ကွယ် ၊ တစ်ရက် နှစ်ရက် သုံးလေးရက် လောက် ဆိုရင် သွားသွားလာလာ လုပ်လို့ ရတာ နဲ့ ရထား ပေါ် တင် ပေး လိုက်မယ် ၊ စာတွေ ထည့် ၊ သံကြိုးတွေ ရိုက် လုပ် မနေပါနဲ့ ” ဟု ကိုကြာပွတ်ကြီး က ပြော လေ၏ ။  


ထို့နောက် ရေနွေးအိုး တည် ကာ မမယ်ဇယ်ကလေး ၏ ဒဏ်ရာများ ကို ရေနွေး နှင့် ဆေးကြောပေး လေ၏ ။ မမြင်အပ်သော နေရာများ မှ ဒဏ်ရာများ ကို ဆေးထည့်ရန် ကို မူ မမယ်ဇယ် က ငြင်းဆန် လေ၏ ။


ထိုအခါ ကိုကြာပွတ်ကြီး က “ ခက်တော့တာပဲ ဗျာ ၊ မမြင်ဝံ့ ဆေးသမားတဲ့ ” ဟု ဆိုကာ အတင်းအဓမ္မ ဆေးထည့် ပေးရ လေ၏ ။ ထိုသို့ ဆေးထည့် ပေးရင်း “ ကျုပ် ကို ယုံစမ်းပါ မိန်းကလေး ရဲ့ ၊ ကျုပ် ဟာ မတရားတာ ဆိုရင် ဘာမှ မလုပ်တဲ့ လူ ပါ ” ဟု လည်း ပြော လိုက်လေ၏ ။


ကိုကြာပွတ်ကြီး သည် အနာများ ကို ဆေးကြောခြင်း ၊ ဆေးထည့်ခြင်း ပြုလုပ် ပြီးသော အခါ ၌ မမယ်ဇယ်ကလေး သောက်ရန် အတွက် ဆန်ပြုတ် ပြုတ် လေ၏ ။ ဆန်ပြုတ် ကျက် လျှင် မမယ်ဇယ်ကလေး အား ဆန်ပြုတ် တိုက် လေ၏ ။ ပြီးလျှင် အိပ်စက်ခိုင်း ထား၏ ။


ကိုကြာပွတ်ကြီး ၏ ခွေး မှာ လည်း မမယ်ဇယ် အား ယဉ်ပါး သွားပြီ ဖြစ်သည့် အလျောက် မမယ်ဇယ် ၏ အနီး ၌ အမြီးကလေး တနန့်နန့် နှင့် လုပ် ၍ နေ လေတော့၏ ။


ကိုကြာပွတ်ကြီး  မှာမူ မမယ်ဇယ်ကလေး အား စောင်ခြုံ ပေးထား ပြီးလျှင် သူ နှင့် သူ ၏ ခွေး စားရန် အတွက် ချက်ပြုတ်လေ၏ ။  


ဤသို့နှင့် ပင် မမယ်ဇယ်ကလေး သည် ကိုကြာပွတ် ၏ သစ်လုံးအိမ်ကလေး ၌ သူမမာ အဖြစ် နှင့် သောင်တင် ၍ နေလေ တော့၏ ။


ကိုကြာပွတ် သည် မမယ်ဇယ်ကလေး အား ကောင်းစွာ ပြုစုလေ၏ ။ ကိုကြာပွတ် အပြင် သို့ သွားသော အခါ၌ လည်း ကိုကြာပွတ် ၏ ခွေးကလေး သုနက္ခာ သည် မမယ်ဇယ် အား ကောင်းစွာ စောင့်ရှောက် ၏ ။ မမယ်ဇယ် က လာ ဟု ဆိုလျှင် လာ၏ ။ လက်ပေး ဆိုလျှင် လက် ပေး၏ ။ သွား ငါ့ နား မလာနှင့် ဆိုလျှင် အနား မှ ခွာ ၍ သွား၏ ။ ဤသည်ကို ကြည့်၍ မမယ်ဇယ် က


“ အင်း ခွေးကလေး က အတော့် ကို လိမ္မာတာပဲ ၊ ဒါကြောင့်လဲ သူ့ သခင်ကြီး က သူ့ ကို သိပ် ချစ်ရှာ တာကိုး ” ဟု တွေးမိ လေ၏ ။


မမယ်ဇယ်ကလေး သည် ခွေးကလေး နှင့် စိတ်ပြေ လက်ပျောက် ဆော့ခြင်း စကားပြောခြင်း လုပ် နေ လေ၏ ။ ထိုအချိန် ၌ ပင် ကိုကြာပွတ် ပြန် လာ၏ ။ ထိုအခါမှ ပင် ခွေးကလေး သည် ကိုကြာပွတ် ထံ သို့ ပြေးသွား ၍ ဆီးကြို လေ၏ ။ ထိုအခါ ကိုကြာပွတ် က


“ မင်း က လဲ ကွာ ငါ ပြန် လာတာ တောင် မသိဘူးလား ၊ ဒီ အိမ် ကို မိန်းမ တစ်ယောက် ရောက်လာ မှ မင်း နဲ့ ငါ နဲ့ စိတ်ဝမ်း ကွဲရတယ် ဆိုရင် မကောင်းဘူးကွ ” ဟု ပြော လိုက်ရာ မမယ်ဇယ် သည် ထို စကား ကို လွန်စွာ သဘောကျ ၍ ပြုံးလိုက် လေ တော့၏ ။


ဤသို့နှင့် ပင် မမယ်ဇယ်ကလေး သည် တစ်နေ့ ထက် တစ်နေ့ ကျန်းမာ ၍ လာလေ တော့၏ ။ ထိုအခါ ကိုကြာပွတ် က


“ ဒီမှာ မသက်ပြင်း ၊ မင်း ဒီကို ရောက်တာ ခုနစ်ရက် ပြည့်ပြီ ၊ အခု မင်း ကျန်း လဲ ကျန်းမာ လာပြီ ၊ ဟောဒီ မှာ ရထားလက်မှတ် ဝယ်ခဲ့တယ် ၊ မနက် အစောကြီး ရထား ထွက်လိမ့်မယ် ” ဟု ပြောလိုက်လေ၏ ။


“ ကျေးဇူး တင်လိုက်တာ ရှင် ၊ ကျွန်မ လေ အခုလို ဗြုန်းစားကြီး အိမ် ပြန် ရောက် သွားရင် ကိုခင်ဦး တို့ မစန်းအေး တို့ က တော့ အတော့် ကို ဝမ်းသာကြ မှာ ” 


ဟု မမယ်ဇယ် က ပြော လေ၏ ။


နောက် တစ်နေ့ နံနက် စောစော ၌ ပင် ကိုကြာပွတ် နှင့် ခွေးကလေး သည် မမယ်ဇယ်ကလေး အား ရွှေညောင်ဘူတာရုံ သို့ လိုက်၍ ပို့လေ၏ ။


ကိုကြာပွတ် သည် မမယ်ဇယ် လမ်း ၌ စား သွားရန် အတွက် စားဖွယ်သောက်ဖွယ် များ ကို ဝယ်၍ ပေး လိုက်လေ၏ ။ ရထား ထွက်သော အခါ၌ မမယ်ဇယ်ကလေး လက်ပြ ၍ နှုတ်ဆက် သကဲ့သို့ ကိုကြာပွတ်ကြီး က လည်း ပြန်လည် ၍ လက်ပြ လေ၏ ခွေးကလေး က လည်း ရထား ထွက်သွား လျှင် မမယ်ဇယ် အား တဝုတ်ဝုတ် နှင့် ဟောင် ကာ နှုတ်ဆက် လေ၏ ။


မမယ်ဇယ် သည် ခွေးကလေး ကို ကြည့်၍ လွန်စွာ စိတ်မကောင်း ဖြစ်သွား လေ၏ ။


“ ခွေးကလေး ရေ ၊ မမ ပြန်လာခဲ့မှာပါ ကွာ ” ဟုလည်း ရထား ပေါ် မှ ပြောကြား သွား လေတော့၏ ။


◾မင်းသိင်္ခ


📖 မိုးပေါ်မှာ ကြယ်တစ်လုံး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment