❝ ကိုဇော်ဌေး ၊ မမွှေးကြူ နှင့် သူတို့ ၏ သားများ ❞
ကိုဇော်ဌေး နဲ့ မမွှေးကြူ တို့ အိမ်ထောင်ကျ တော့ နှစ်ယောက် စလုံး အသက် လေးဆယ် ကျော် ဒီမှာ ဘက်ဆီ သီသီ စွန်း ခဲ့ကြပါပြီ ။ ခုဆို သူတို့ နှစ်ယောက် အိမ်ထောင်သက် ပဲ ရှိလှပြီပေါ့ ... လေး ၊ ငါးနှစ် တော့ ။ သားသမီးရူး လိုက်ကြတာ လည်း ပြော မနေနဲ့ တော့ ။ ဒါပေမယ့် ကံဇာတာ က သား တစ်ရာ ၊ မြေး တစ်ဖြာ နဲ့ နေရဖို့ မျက်နှာသာ မပေးခဲ့ဘူး ထင်ပါရဲ့ ။
“ အဲဒါ ... ရှင် အသုံးမကျ လို့ ”
မမွှေးကြူ က တော့ စကား စပ်မိတိုင်း ကို ဇော်ဌေး ကို သာ ရန်လုပ် နေမိတော့တာပဲ ။
“ အောင်မာ ... ငါ ... နောက် မိန်းမ ယူပြ လိုက်ရမလား ”
စကားနိုင် လုကြရင်း ရန်ဖြစ် စကားများ ကြ ရတာ လည်း အကြိမ်ကြိမ် ။
ကိုဇော်ဌေး က တော့ ယောက်ျားသား ဆိုတော့ သိပ်ကြီး ခံစားစွဲလမ်းမှု မရှိလှဘူး ထင်ပါရဲ့ ။ မ မွှေးကြူ က တော့ မနေနိုင်ဘူး ။ စားစား ၊ သွားသွား အဲဒီ ချင်ခြင်း ကို ဖျောက် မရနိုင်ဘူး ။ မမွှေးကြူ ကုန်စိမ်း ရောင်းတဲ့ ဈေးကလေး က နံနက် ရော ညနေ ပါ တစ်နေ့လုံး ရောင်းရတဲ့ ဈေးလေး ဆိုတော့ နေ့လည် ၊ နေ့ခင်းတွေ မှ ဈေးဝယ်သူ က မရှိ သလောက် ရှားပါးလှတယ် ။ အဲဒီ အချိန်ဆို ဈေးသူဈေးသားတွေ တစ်ရေးတစ်မော မှေးငိုက် ၊ အနားယူ ကြတဲ့ အချိန်ပေါ့ ။ ဆိုင်နား နီချင်း ကလေး အမေတွေ အေးအေး လူလူ နှပ် နေချိန်မှာ မမွှေးကြူ တစ်ယောက် က တော့ အဲဒီ ဆိုင်နီးနားချင်းတွေ ရဲ့ သား ၊ သမီး အရွယ်စုံ ကို ထိန်းကျောင်း ချော့မြူ ပေးရင်း တစ်နေ့လည်ခင်းလုံး အချိန် ဖြုန်း နေတော့တာပင် ။
ဒါလည်း မမွှေးကြူ နဲ့ ကလေးအမေတွေ အကြောင်းအပေါင်း သင့်နေကြပါ မှ ။ ပြောလွယ် ၊ ဆိုလွယ် ၊ စိတ်ဆိုးလွယ် ပြီး မေ့ပျောက်လွယ် တဲ့ မမွှေးကြူ နဲ့ စကားအကျ ကောက်ပြီး ပုံကြီးချဲ့ ရန်ထောင် တတ် တဲ့ ဆိုင်နီးချင်း အမျိုးသမီးတွေ ကြား မှာ စကားတင်းဆိုခြင်း ၊ ငြူစူစောင်းမြောင်းခြင်း ၊ ဆဲရေးတိုင်းထွာ အော်ဟစ် ရန်ဖြစ်ရခြင်း ဆိုတာတွေ က လည်း ခဏခဏ ။ စိတ်ဆိုး နေတုန်း သာ အနိုင် မခံစိတ် နဲ့ မောင်းကုန်တင် ၊ ခုန်ပေါက်အော်ဟစ် နေမိကြတာ ။ ပြောရင်း မော လာကြတော့ နှစ်ဘက်စလုံး စိတ်ဆိုး ပြေချင် နေကြပြီ ။ ဒါပေမယ့် ကိုယ့်ဘက် က စတင်ပြီး ပြန်လည်ခေါ်ပြော ဖို့ တော့ ဘယ် ဖြစ်ပါ့မလဲ ။ ပြန်လည် ပတ်သက် ခေါ်ပြောစရာ အကြောင်း တစုံတရာ ပေါ်ပေါက် လာခဲ့ လျှင် ခပ်တင်းတင်း ၊ ကင်းကင်း နေလို့ ရသူ က စတင် အလံဖြူ ပြကြစတမ်း ပဲ လေ ။
ဒါပေမယ့် အခါများ စွာ မှာ တော့ အမှတ်အတေး နည်းလှသော မမွှေးကြူ က သာ ပြန်လည် စတင် ၊ ကမ်းလှမ်း ခေါ်ငင်ဖြစ်ရသည် ချည်း ပင် ။ ကိုယ် က သင်းတို့ တတွေ နှင့် မခေါ် မပြော ရ လျှင် လည်း အောင့်အည်း နေနိုင်သေးပေမယ့် သင်းတို့ ဥ က ပေါက်သော တွတ်တီးတွတ်တာလေးတွေ နဲ့ တော့ ကင်းစိမ်းပြတ်တောက် လို့ မ နေနိုင်ဘူးလေ ။
တစ်ခါတလေ ဇွတ်တင် ထားရတဲ့ မျက်နှာကြီး ကို ပင် ချီမော့ ထားနေ လျက် က “ ကြီးမေ ” ဟု ဘယ်သူလေး လှမ်း ခေါ်လိုက်မှာလဲ ဟု နားစွင့် နေမိလျက်သား ။
“ သူများ သားသမီး ချစ်ရတာလည်း ... မပိုင် ဝက်မွေး ဘဝ ”
တစ်ခါတစ်ရံ စိတ် နာချင်သလို ရှိသော်လည်း မမွှေးကြူ ရဲ့ ဆိုင် မှာ ၊ အိမ် မှာ အချိ န်နဲ့ အမျှ ကလေး ငိုသံ ၊ ရယ်မော ချော့မြူသံ တို့ က မစဲ ။
••••• ••••• •••••
“ အဲဒီ မိန်းမ လည်း တစ်နေ့ ၊ တစ်နေ့ အဲဒီ ဝမ်းမနာတွေ နဲ့ အချိန်ကုန် နေတော့တာပဲ ”
ကိုဇော်ဌေး က ငြိုငြင် သလို ဆိုလာခဲ့ လျှင် ကလေးငယ် ကို မုန့်ဖဲ့ ကျွေးရင်း ရောက်တတ်ရာ ရာ တွေ မနားတမ်း ရေရွတ် မြူချော့ နေတဲ့ မမွှေးကြူ က ...
“ ဟုတ်တယ် ။ အဲဒါ ဘာဖြစ်လဲ ။ ဘဘ က သား ကို မနာလို ဖြစ်နေတာလား လို့ ပြန် မေး လိုက်စမ်းပါ ... သားရယ် ”
“ ... ... ”
“ သားလေး ... မေမေ့ သားလေး ရေ ... ၊ မေမေ့ကို ဘယ်လောက် ချစ်လဲ ပြောပါဦး ”
“ ... ... ”
“ ဪ အများကြီး ချစ်တယ် ... ဟုတ်လား ။ ကြည့်စမ်း လိမ္မာလိုက်တဲ့ မေ့သားလေး ”
ခေါင်းရင်းအိမ် က ဘကြီးငွေ တစ်ယောက် နံနက် လေးနာရီဆို ဘုရားဝတ်တက် ၊ အမျှအတမ်း ပေးဝေး နေကျ ။ ဒီနေ့ နံနက် လည်း ကိုယ်လက် သန့်စင်ပြီး ဆီမီး ၊ ရေချမ်း ကပ်လှူမယ်ရယ် လို့ ဘုရားကျောင်း ရှေ့ မှာ နေရာ ယူမိရုံ ရှိသေး တယ် ။ မမွှေးကြူ တို့ အိမ် က အချိန် မတော် ကလေး ချော့မြူသံ ကြောင့် အံ့ဩ သွားတယ် ။ မောင်ဇော်ဌေး တို့ ၊ မမွှေးကြူ တို့ ကလေး မွေးစားလိုက်တယ် လို့ လည်း မကြားမိပါဘူး ။
ဇဝေဇဝါ အတွေး က နံနက် လင်း တော့ မှ အဖြေ ပေါ် တော့တယ် ။ ကိုဇော်ဌေး က မမွှေးကြူ အတွက် သားခွဲ အရွယ် ခွေးပေါက်စလေး တစ်ကောင် ကို သူ့ သူငယ်ချင်း တစ်ယောက် အိမ် က တောင်းယူ ခဲ့ သတဲ့ ။
ပြောရလျှင် တော့ အဲဒီနေ့ က စလို့ ဘကြီးငွေ အပါအဝင် အိမ်နီးချင်းတွေ အားလုံး ကသိက အောက် ဖြစ်ကြရတော့တာ ပင် ။
မမွှေးကြူ က မြို့မကုန်စိမ်းဈေး မှ လက်ကားဒိုင်တွေ ဆီ နံနက် မလင်းမီ အရောက် သွား တော့ မည် ပြင်ဆဲ မှာ -
“ မေ့သားလေး ရေ ၊ မေကြီး သွားတော့မယ် နော် ။ အိမ် ကို သေချာစောင့်ထား ။ ဘယ်သူမှ ဝင်မလာစေနဲ့ သိလား ”
သူတို့ အိမ်ထောင် တစ်သက် ဒီလိုပဲ ထား သွား နေကျ အိမ် ကို အခုမှ စိတ်မချ လေဟန် ဖြင့် မှာတမ်းတွေ ချွေနေတော့တာ ဟာ ပတ်ဝန်းကျင် ကို စော်ကားရာ ရောက် မနေဘူးလား ။ ပြီးတော့ အိမ် ထဲ မှာ ကိုဇော်ဌေး တစ်ယောက် လုံး လည်း သက်ရှိ ရှင်လျက် ကျန် နေ သေးတာ မဟုတ်လား ။
“ သား အဖေ အိပ်ပုပ် ကို နှိုးထားလိုက်ဦး ။ လက်ဖက်ရည်ဆိုင် မထွက်ခင် မေ့ ဆိုင် ကို လိုက် လာခဲ့ ဖို့ လည်း သတိပေး လိုက်ဦး ”
မမွှေးကြူ ကုန်စိမ်းဒိုင် ဆီ သွားနေချိန် ဆိုင် ကြိုဖွင့် ထား နှင့် ပြီး စောင့်ရလေ့ ရှိတာ ကိုဇော်ဌေး ရဲ့ နိစ္စဓူဝ ဝတ္တရား ဆိုတာ တစ်လမ်း လုံး ၊ တစ်ဈေးလုံး က အသိ ။ မမွှေးကြူ ကို ဆိုင်ခင်း ပေးပြီး မှ ကိုဇော်ဌေး တစ်ယောက် လက်ဖက်ရည်ဆိုင် သွားရလေ့ ရှိတာ ။ လက်ဖက်ရည် ဆိုင် က အပြန် မမွှေးကြူ ထံ နောက်တစ်ကြိမ် ပြန် သွားပြီး မမွှေးကြူ ဝယ်ခြ မ်း ပေးလိုက်သမျှ ယူ ၊ အိမ်ပြန် ချက်ပြုတ်ပေးထား ရသည် ။ ဈေးကွဲချိန် လောက် ကို မှန်းကာ မွှေးကြူ ကို အိမ်ပြန် စေပြီး ကိုဇော်ဌေး က ဆိုင်စောင့် ပေး ထားရပြန် တာ လည်း ဆံချည်တစ်မျှင်စာ ပင် အချိန် မလွဲစေရ ။
ခုတော့ ကိုဇော်ဌေး အား ကြီးကြပ်စေညွှန်ဖို့ သူတို့ ၏ မွေးစားခွေး ကို ပင် တစ်ဆင့်ခံ တာဝန် လွှဲအပ် နေပြန်တာ နားကလော စရာ ။
အိပ်ရာ ထဲ မှာ ရ သလောက် နှပ်နေချင်သေး သော ကိုဇော်ဌေး က လည်း နား ထဲ သို့ ဇွတ်တိုး ဝင် လာသော မမွှေးကြူ ၏ ညံစာစာ ၊ သံသာသာ စကားတွေ ကြောင့် စည်းစိမ် လျော့ကျသည် ဟု စိတ်တို နေပြီ ။
“ ဟေ့ကောင် ခွေးမသား ၊ မိုး မလင်းသေးဘူး မင်းတို့ သားအမိ အသံချည်း ပဲ ။ ဇိမ် ပျက် တယ်ကွာ ”
“ ... ... ”
မမွှေးကြူ ရဲ့ သားလေး က ပြည်တွင်းဖြစ် ခွေးတွေ ထဲ မှာ တော့ တသွေးတမွေး ပဲ ပြောရမယ် ။ အဆစ်အလျား က တိုတို ၊ ဝလုံးလုံးကလေး ရယ် ။ အမွေးဝါနုကလေး တွေ က လည်း မြင်ဖူးနေကျ ပတ်ဝန်းကျင် က ခွေးတွေ ထက် ပိုမို ရှည်လျားပြီး စိုနု နေတော့တာ ။
မမွှေးကြူ က သူ့ ခွေး ကို သူ့ အသည်းစွဲ ကိုရီးယားစတား တစ်ယောက် ရဲ့ နာမည် မှည့်ပေး လိုက် သေးတာ ။ ကိုရီးယားပရိသတ် က ဘယ် ငြိမ်နေကြပါ့မလဲ ။ သောသောညံညံ ကန့် ကွက် လိုက်ကြတာ ။ ကိုဇော်ဌေး လည်း နားပူလာတာနဲ့
“ ကဲ .. ငြင်းမနေကြနဲ့ ။ ငါ့ သား ကို ငါ ကိုယ်တိုင် နာမည် ပေးမယ် ”
ဆိုပြီး ‘ ရမ်ဘို ’ တဲ့ ။ ထုံးစံအတိုင်း မမွှေးကြူ နဲ့ တော့ ငြင်းခုန် အော်ဟစ်ရသေးပေမယ့် အရပ် က သူတို့ ကိုရီးယားမင်းသားလေးတွေ ဘေး န် ကင်းရင် ပြီးရော ဆိုပြီး ဝိုင်းထောက်ခံကြ တော့ အများ နဲ့ တစ်ယောက် မို့ မမွှေးကြူ လျှော့ပေး လိုက်ရတယ် ။
ဒါပေမယ့် ကိုဇော်ဌေး က သူ စိတ်မလို ရင် တော့ ..
“ မျိုးမစစ်ကောင် ” တဲ့ ။
အဲဒီလို ကျီစယ် တတ် ပြန်တာကြောင့် မမွှေးကြူ နဲ့ ရန်ပွဲ နွှဲရတာလည်း အကြိမ်ကြိမ် ပါ ။
“ ရှင် ... ကလေး ကို မဟုတ်တမ်းတရားတွေ နဲ့ ချိုးချိုးဖဲ့ဖဲ့ မပြောနဲ့ နော် ။ ဖေကြီး တို့ အမျိုး ကျ တော့ရော ကောင်းလို့လား လို့ ပြန် မေးလို က်စမ်း ... သား ”
ခွေး နဲ့ လှည့် တိုက်လာတော့ ကိုဇော်ဌေး ပါးစပ် ပိတ် နေလိုက်ရတော့တယ် ။ မမွှေးကြူ က တော့ သူ့ သား နဲ့ ပတ်သက်လာ ရင် နည်းနည်း မှ မလျှော့ တဲ့ အထဲက ပါ ပဲ ။ တလော က ကိုဇော်ဌေး ဖခင်ကြီး သူတို့ အိမ် အလည် ရောက် လာခဲ့တော့ ...
“ ဟော ... ဘဘကြီး လာ လည်တယ် သား ရေ ... ထွက် ကြိုလိုက်ပါဦး ”
“ ဘဘကြီး နေကောင်းလား မေးလိုက်ပါဦး သားရယ် ... ကြီးမေကြီး တို့ ရော အဆင်ပြေကြရဲ့ လားလို့ ”
“ ဘဘကြီး ကို ဦးတော် လုပ်ပြ လိုက်ပါဦး ”
အဖိုးအို ခမျာ မောမောပန်းပန်း ကြား က စကား တစ်ခွန်း မှ ပြန် မဆိုနိုင်ရှာဘူး ။
“ ငါတို့ တစ်မျိုးလုံး လည်း ခွေးမျိုး ဖြစ်ပါပြီ ”
ရှုံ့ရှုံ့မဲ့မဲ့ ညည်းညူရင်း ရေနွေးကြမ်း တစ်ခွက် တောင် ဖြောင့်အောင် သောက် မသွားနိုင်ရှာ တော့ပါဘူး ။
မမွှေးကြူ က တော့ ကိုဇော်ဌေး ကို တောင် တိုက်ရိုက် စကား ဆိုတာ မရှိသလောက် နည်းပါး သွား ခဲ့ပါပြီ ။
“ သားကြီး ရေ ။ နင့် အဖေ ကို မှာလိုက်ဦး ... ။ ညနေ အိမ် စောစောပြန်ဝင် လို့ ။ ဘောလုံးပွဲ ပြီး မှ အချိန်မတော် အိမ်ပြန် လာရင် မေမေ က အိမ် တံခါး ပိတ်ထားမယ် လို့ ”
ကိုဇော်ဌေး က လည်း မခေဘူး ။
“ ခွေးမသား ရေ ၊ ဖေကြီး အိပ်ကပ် ထဲ က ပိုက်ဆံ မင်း အမေ နှိုက်ယူထားတာ မင်း မြင်တယ် မဟုတ်လား ။ ပြန် တောင်းပေးကွာ ၊ ဖေကြီး လက်ဖက်ရည်ဆိုင် ထိုင် ဖို့ တောင် မရှိတော့ဘူးကွ ။ လုပ်ပါကွာ ... မြန်မြန်လေး ၊ မင်း အမေ စိတ်မပြောင်း ခင် ”
ဘာပဲပြောပြော သူတို့ အချင်းချင်း တော့ အဆင်ပြေ နေတာပါပဲ ။ အရပ် ထဲ ကတော့ ခွေးတို့ အဖေ နဲ့ ခွေးတို့ အမေ ဆိုပြီး တီးတိုးတီးတိုး ပေါ့ ။ ဒါပေမယ့် မမွှေးကြူ ပဲ လေ ။
“ ခင်ဗျားတို့ ကျွန်တော် စား သလို မစားနိုင် ၊ မနေနိုင် တိုင်း မနာလို လိုက် ဖြစ်နေတာလားလို့ ပြောလိုက်စမ်း ... သားလေး ”
ခုတော့ မမွှေးကြူ နဲ့ ဖက်ပြိုင် ပြောရဲသူ လည်း မရှိတော့ပါဘူး ။ မမွှေးကြူ က သူ့ စိတ် နဲ့ မတည့်ရင် သူ့ နှုတ် က ခွန်းတုံ့ ပြောချင် လာသမျှ စကားတွေ ကို ရမ်ဘို့ ပါးစပ် ထဲ ထည့်ပေးပြီး ရမ်ဘို့ ပါးစပ် က ပဲ ထွက်လာတော့ သယောင် ပြော နေတာ မို့ ကိုယ် က ပြန် ပြောလျှင် ကိုယ်တွေ ပဲ ရမ်ဘို နဲ့ တုဖက်ပြိုင် ပြောရာ ရောက်သွားတော့ မှာ မဟုတ်လား ။
အဆိုးဆုံး က တော့ မမွှေးကြူ ရဲ့ ကုန်စိမ်းဆိုင်လေး ရှေ့ ဖြတ်လျှောက်ရတဲ့ ဈေးဝယ်သူတွေပဲ ။
“ အန်တီကြီး ရေ ... ၊ ချဉ်ပေါင်တွေ လတ်တယ် ၊ အားပေးပါဦးလို့ ပြောလိုက်ပါဦး သားရယ် ”
“ ဈေးလျှော့ လို့တော့ မရဘူးဗျာ ။ သားမေကြီး မှာ သုံးစည်း မှ တစ်ကျပ်ပဲ အမြတ် ကျန် တော့ တာလို့ ”
ကိုယ် က တစ်ကျပ်တစ်ပြား မြော်မြင်ပြီး ဆက်ပြော နေမိလျှင် ဘယ် အဖြစ် ရောက်သွားမလဲ ကဲ ။ ခက်တာက နိစ္စဓူဝ ဈေးဝယ်ရပြီ ဆိုမှ တော့ မမွှေးကြူ ဆိုင်ရှေ့ က မဖြတ်ဘဲလည်း နေလို့ မှ မရဘဲ ။ အဲတော့ ကိုယ်တွေ သူ့ ဆိုင်ရှေ့ ဖြတ်လျှောက်မိချိန်တွေ မှာ ကိုယ့် ကို မမြင် ၊ မတွေ့ ၊ နုတ်မဆက် အား လောက်အောင် မမွှေးကြူ တစ်ယောက် အခြား ဈေးဝယ်တွေ နှင့် အလုပ်ရှုပ် နေပါစေ လို့ ပဲ ဆုတောင်း ရ တော့မယ် ။
ဆိုင်နီးချင်း အမျိုးသမီးတွေ မှာ လည်း တစ်ဒုက္ခ ။ နေ့လည်နေ့ခင်းတွေ မှာ ကိုယ့် ကလေး သူ့ ဆီ ထိုး ပေးပြီး ကိုယ် က တစ်ရေး မှေးငိုက်နေ ကျလေ ။ ခုတော့ ကလေးထိန်း အကူ မရတော့ တဲ့ အပြင် သူ့ ခွေး ကို တွတ်တီးတွတ်တာတွေ ပြောရင်း အနှောင့်အသွား မလွတ်သော စကားတွေ နှင့် စောင်းလား မြောင်းလား ပြောဆို နေတာတွေ ကို အောင့် ည်းသည်းခံ ရေငုံ နေရတော့ တဲ့ အဖြစ် ။
မမွှေးကြူ က ကိုယ့် ကလေး ကို တစ်ခါတစ်ရံ စိတ်လိုလက်ရ ရှိချိန်တွေ ခေါ်ယူ ထိန်းကျောင်း ချော့မြူ လိုခဲ့လျှင် တောင် “ ဂူဂူး ရေ ၊ လာ ... မောင်လေး နဲ့ အတူ ဆော့ရအောင် ” လို့ ဆိုတော့ ခက် ခက်ရ ချည် ရဲ့ ။
••••• ••••• •••••
ဖြစ်ပုံ က -
ပြီးခဲ့တဲ့ တစ်ပတ် က ကလေးငယ် တစ်ယောက် ရဲ့ ခြေသလုံး ကို ရမ်ဘို က အစွယ် နဲ့ ခြစ်လို က် မိတယ် ။
အမှန်က ဒီ ရပ်ကွက် ၊ ဒီ လမ်း ထဲက ကလေးတွေ အားလုံး ဟာ မမွှေးကြူ တို့ အိမ် ကို ဝင်ထွက် သွားလာ လည်ပတ်နေကျ ပါ ။ အဲဒီ နေ့ က တော့ ကလေးတွေ က ရမ်ဘို့ ကို စ, ပြီး ရှေ့ က ထွက်ပြေးကြ ၊ ရမ်ဘို က နောက် က လိုက် ရင်း မီ ရာ ကလေး တစ်ယောက် ကို ဖမ်းမိလိုက်ရာ က ကလေး ရဲ့ ခြေသလုံးသား က ရမ်ဘို့ အစွယ် နဲ့ ငြိ သွားရော ။ ကလေး က လည်း ရုတ်တရက် ဆိုတော့ ကြောက်လန့်တကြား နဲ့ ပြေးနေဆဲ အရှိန် ကို မလျှော့လေ တော့ အစွယ်ရာ က မဆိုစလောက် များ သွားခဲ့တယ် ထင်ပါရဲ့ ။ ကိုဇော်ဌေး တို့ ၊ မမွှေးကြူ တို့ ဆိုတာ တစ်သက်လုံး က မသုံးနှုန်းဖူးတဲ့ လေသံနူးညံ့လေး တွေ နဲ့ ကလေးမိဘတွေ ကို မျက်နှာအောက်ချ တောင်းပန်ရှာ ပါတယ် ။ ကလေး ရဲ့ ဒဏ်ရာ ပကတိ ကောင်းမွန် တဲ့ အထိ ဆေးဖိုးဝါးခ တာဝန် ယူဖို့ လည်း ရဲရဲ အာမခံ ခဲ့ကြပါတယ် ။ နေ့တိုင်း သတင်းမေး ၊ ဓာတ်စာပို့ပေးရင်း နဲ့ လည်း ...
“ ကိုယ့် ညီလေး ကို ဗွေမယူပါ နဲ့ ... သားလေး ရယ် ” လို့ တောင် မမွှေးကြူ က နှစ်သိမ့်တောင်းပန် ခဲ့သေးတာပင် ။
••••• ••••• •••••
ဒီနေ့ နံနက် တော့ ...
“ သားရေ ”
မမွှေးကြူ အိပ်ရာ က နိုးနိုးချင်း ထုံးစံ မပျက် သား ကို အသံပြု ကြည့်တော့ အနား ရောက် မ လာ ။ သူ့ အိပ်ရာ ထဲ မှာ လည်း ရှိ မနေ ။
“ သားရေ ”
သားပျောက်ပြီ ဆိုတဲ့ အတွေး နဲ့ မမွှေးကြူ တစ်ယောက် နံနက် မလင်းမီ အဦးအဖျား ငိုပစ်လို က် သေးသည် ။ လင်မယား နှစ်ယောက်သား ဈေး မသွား ၊ ဆိုင် လည်း မထွက်ဖြစ်ကြတော့ဘဲ ရမ်ဘို ရှာပုံတော် ဖွင့်ကြသည် မှာ တစ်လမ်းလုံး အုန်းအုန်းသဲသဲ ။ နံနက်လင်း လေ မှ အိမ် နှင့် ခပ်လှမ်းလှမ်း ၊ လမ်းသွယ်ကလေး တစ်ခု ၏ နံဘေး မှာ ရမ်ဘို့ ကို တွေ့တော့သည် ။ သွေးအ လိမ်းလိမ်း ၊ အသက် ငွေ့ငွေ့ သာ ကျန်တော့ သော မမွှေးကြူ ၏ သားကလေး က မမွှေးကြူ ကို မှတ်မိနေသေး သလို တအိုင်အိုင် အော်ညည်းရင်း ကနေ မျက်စေ့မှိတ် သွားတော့တာ ။
မမွှေးကြူ က တော့ လူသေ သလို ကို သည်းသည်းလှုပ်လှုပ် အော်ဟစ်ငိုကြွေး မိတော့တာပင် ။
“ ခွေးအကြီး တစ်ကောင် ကောင် အနိုင်ကျင့် သွားတာ ဖြစ်မှာ ပေါ့ ”
မမွှေးကြူ က တော့ မယုံနိုင်ပါ ။ အနိုင်ကျင့် တဲ့ ညဉ်ဆိုး က လူတွေ မှာ ပိုလို့ များ တာ ။ ငိုနေ လျက် က လမ်း ထဲ ရှိသမျှ ဟိုလူ ၊ ဒီလူ ကို ထင်ယောင် ထင်မှား သိမ်းကျုံး ရမ်း ပစ်လိုက်သေးသည် ။
အဲဒီ ညနေ မှာ တော့ မျက်ရည် မခြောက် သေး သော မို့အစ် နီရဲမျက်နှာ နှင့် ပင် မမွှေးကြူ တို့ လင်မယား က ရမ်ဘို့ အတွက် ရည်စူးကာ လမ်းထဲ ရှိ ကလေးငယ်တွေ ကို သာကူယာဂု တို က်ခဲ့လေသည် ။
••••• ••••• •••••
အခု မမွှေးကြူ တို့ တတိယမြောက် သား ဖြစ်တဲ့ ခွေးကလေး အမည် က “ ဆူမို ” တဲ့ ။ ။
◾သတိုး
📖 သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း
အမှတ် - ၁၂
ဧပြီလ ၊ ၂၀၁၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment