Wednesday, January 31, 2024

ဖူးစာရှင် ကိုကြာပွတ် ၏ ဇာတ်ကြောင်း


 

❝ ဖူးစာရှင် ကိုကြာပွတ် ၏ ဇာတ်ကြောင်း ❞

ကိုကြာပွတ် နှင့် မမယ်ဇယ် တို့ သည် ပဲခူးမြစ် ၏ တစ်နေရာ သို့ ရောက်ရှိ သွားလေ တော့၏ ။ ထို နေရာ ၌ အသင့် တွေ့ သော လှေ တစ်စီး ကို ယူ ကာ မြစ်ညာဘက် ကို ဆန်တက် လှော်ခတ် သွားလေတော့၏ ။ 

အချို့ နေရာများ တွင် ရပ်နား ၍ ထမင်ဟင်းလျာများ ဝယ်ယူ ကာ စားသောက်၏ ။ ဤသို့နှင့် ပင် ကိုကြာပွတ် နှင့် မမယ်ဇယ် တို့ ၏ လှေကလေး သည် တဖြည်းဖြည်း တရွေ့ရွေ့ ဆန်တက် နေလေတော့၏ ။

ဤသို့ ဆန်တက် ရင်း ကိုကြာပွတ် က

“ မမယ်ဇယ် ၊ မင်း နဲ့ ကျုပ် နဲ့ ကတော့ ကြံဖန်ပြီး ရေစက် ဆုံတာပဲ ။ ဖူးစာဖက် တောင် ဖြစ်ချင် ဖြစ်သွားဦးမှာ ။ ဟောဒီ မင်း အဖေ ဦးမြူ ရေးထားတဲ့ မှတ်တမ်းကြီး ဟာ အနာဂတ် မှာ ငါတို့ လျှောက်ရမယ့် လမ်း ကို ရွှေ နဲ့ ခင်းပြီး စိန်မှုန် ကြဲ ထား သလို ဖြစ်နေပြီ “ သန်းခေါင်ကြယ် ”  ဂိုဏ်းသားတွေ ဝှက်ထားတဲ့ ကျွန်း ရော ။ သွားပုံ သွားနည်း အသေးစိတ် ရော ဒီ မှတ်တမ်းကြီး ထဲ မှာ ပါတယ် ကွယ့် ။ ဟို ကျရင် ပိုက်စိပ်တိုက် ပြီး ရှာကြရုံပဲ ရှိတော့တာ ပိုင်ဆိုင်ခွင့် ရ ရင် တော့ မင်း ရော ငါ ရော ဟာ ကမ္ဘာ ပေါ် မှာ ရှိတဲ့ မီလျံနာသူဌေးကြီး တွေ စာရင်း တောင် ဝင် နိုင်တယ် ။ အဲဒီတော့ မင်း ကို ငါ ပြောချင်တာ က မင်း လက်ခံမယ် ဆိုရင် မင်း ကို ငါ ယူမယ် ”

ဟု ပြော လိုက်လေ၏ ။

ထိုအခါ မမယ်ဇယ် က ကိုကြာပွတ် ၏ စကား ကို လမ်းကြောင်း ပြောင်းစေ လို သဖြင့်

“ ဒီမှာ ကိုကြာပွတ် ။ အခု ကျွန်မတို့ ဘယ်ကို သွားကြမှာတုံး ”

ဟု မမယ်ဇယ် က မေး လိုက်လေ၏ ။

“ ဒီလိုကွ တကယ်လို့ ပုလိပ်တွေ ခြေရာခံပြီး လိုက် လာရင် လွဲ သွားအောင် ဆိုပြီး ရေလမ်း က လာ နေတာ ။ တစ်နေရာ ကျ တော့ လဲ ကုန်း ပေါ် တက်ပြီး ကုန်းလမ်း က သွား ကြတာပေါ့ တောင်ကမ်းပါး အောက် က ငါ ရဲ့ အိမ်ကလေး ဆီ ကို သွားမယ် ။ အဲဒီ အိမ် နဲ့ ခြံကလေး ကို အနီးအပါး က လူတွေ ကို ရတဲ့ ဈေး နဲ့ ရောင်းခဲ့မယ် ။ ပြီးတော့ ရန်ကုန် ကို ရွှေ့ပြောင်း နေထိုင်မယ် ။ အဲဒီလို နေထိုင် ပြီးတော့ စက်လှေ တစ်စီး ဝယ် မယ်ကွာ ။ အဲဒီ စက်လှေ နဲ့ ကုန်ကူး သလို လုပ်နေပြီး စိတ်ချရတဲ့ လှေသမား တွေ့တဲ့ အခါ မှာ ရတနာတွေ ရှိတဲ့ ကျွန်း ကို သွား ကြမယ် ။ ပြီးတော့ ရတနာ ရှာမယ် ” 

ဟု ကိုကြာပွတ် က ပြော လိုက်လေ၏ ။

“ ရန်ကုန် မှာ နေတာက ဟုတ်ပါပြီ ။ ဘယ်မှာ နေကြမှာတုံး ” 

ဟု မမယ်ဇယ် က မေး လိုက်လေ၏ ။

“ ဪ မမယ်ဇယ် ကို ကျုပ် က မပြောရသေးပါဘူး ။ ရန်ကုန် ကြို့ကုန်း ဘက် မှာ ကျုပ် ရဲ့ တိုက် တစ်လုံး ရှိ တယ်လေ ။ အဲဒီမှာ နေကြမှာပေါ့ ။ ကျုပ် အခု နေတဲ့ တောင်ကမ်းပါး အောက် က တဲကလေး က အပျင်းပြေ လာပြီး နေတာပါ ။ ကျုပ် က ကောင်းကင် နတ်တွေကို ကြည့်တာ ဝါသနာ ပါတယ် ။ တစ်ခါတလေ ရန်ကုန် မှာ မနေဘဲ ရှမ်းပြည်ဘက် ကို ထွက် လာပြီး အဲဒီ တဲကလေး ထဲ မှာ အချိန် ဖြုန်း လေ့ ရှိတယ် ။ ည ဆိုရင် အပြင်ဘက် ကို ထွက်ပြီး ကောင်းကင် ကို ကြည့်တဲ့ မှန်ပြောင်း တစ်လက် နဲ့ ကောင်းကင် က ကြယ်တွေ ကိုကြည့်ရင်း နာကျင်စရာ ကောင်း တဲ့ အတိတ် အနာဂတ် က အဖြစ်အပျက်တွေ ကို ဖြေဖျောက် နေရတဲ့ လူ တစ်ယောက် ဖြစ်ပါတယ် ” 

ဟု ကိုကြာပွတ် က ပြော လိုက်လေ၏ ။

ထိုအခါ မမယ်ဇယ် က

“ ကိုကြာပွတ် က လဲ ကျွန်မ လို ပဲ နာကျည်းစရာ အဖြစ်အပျက် တွေ ဖြစ်ပျက်ခဲ့လို့လား ” 

ဟု မေး လိုက်လေ၏ ။

ထိုအခါ ကိုကြာပွတ် က ...

“ ကျုပ် နာမည် က တကယ်တော့ ကိုကြာပွတ် မဟုတ်ဘူးဗျ ။ မြသာ တဲ့ ။ အင်းလေ တကယ် ပြောရရင် မြသာ လဲ မဟုတ်ပါဘူး ။ မြသာ ဆိုတာ က ကျုပ် ဆရာကြီး က ကျုပ် ကို ကင်ပွန်း တပ် ပေး ထားတာပေါ့ ။ ကျုပ် ရဲ့ တကယ့် နာမည်ရင်းက တိုင်းကျော် တဲ့ ။ ကျုပ် နဲ့ မမယ်ဇယ် ဟာ စီးပွားဖက်တွေ ဖြစ်ကြတယ် ။ ပြီးတော့လဲ မကြာခင် ယူကြတော့မယ့် ဖူးစာဖက်တွေ လဲ ဖြစ်ကြလေတော့ ကိုကြာပွတ် ခေါ် ကိုမြသာ ခေါ် ကိုတိုင်းကျော် ရဲ့ အကြောင်းကို တော့ မမယ်ဇယ် ဟာ ခရေစေ့တွင်းကျ သိထား သင့် ပါတယ် ။ ဒါကြောင့် ကျုပ် အကြောင်း ကို ကျုပ် ပြောပြမယ် ”

ဟု ဆိုကာ ကိုကြာပွတ်ကြီး သည် လှေ လှော်ရင်း သူ ၏ အကြောင်း ကို ပြောပြ လေ၏ ။

ည မှာ တိတ်ဆိတ် လှပေ၏ ။ ထို ည က လ လည်း သာ နေ၏ ။ ပဲခူးမြစ် ထဲ တွင် မြစ်ညာဘက်သို့ ဆန်တက် နေသော လှေကလေး တစ်စင်း သာ လျှင် ရှိ၏ ။ လှေကလေး ပေါ် မှ လူကြမ်းကြီး တစ်ယောက် သည် နုနယ် ဖြူဖွေးသော မိန်းမ တစ်ယောက် အား ၎င်း ၏ စိတ်ဝင်စားဖွယ်ရာ ရင်နင့်ဖွယ်ရာ ကောင်းသော အဖြစ်အပျက်ရှည်ကြီး ကို ပြောပြ ခဲ့လေတော့သည် ။

( မှတ်ချက် ။  ။ ကိုကြာပွတ်ကြီး ၏ အဖြစ်အပျက် ကို အစ မှ အဆုံးတိုင် ဝတ္ထု သဖွယ် ရေးသား ၍ ဖော်ပြအပ်ပေ သတည်း ။ )

( စာရေးသူ )

   •••••   •••••   •••••

◾ထမင်းဆိုင် က ကောင်မလေး

တောမကျ မြို့မကျ မြို့ကလေး တစ်မြို့ ရှိ၏ ။ ထို မြို့ကလေး သည် ရန်ကုန် နှင့် လွန်စွာ နီးကပ်၏ ။ ရထားလမ်း ၊ ကားလမ်း ၊ ရေလမ်း တို့ ဖြင့် သွားလျှင် ရ၏ ။ အလွန် အင်မတန် မှ လည်း စည်ကား၏ ။ ထို မြို့ကလေး တွင် နယ်ပိုင်ရုံး ရှိ၏ ။ ဆေးရုံ ကြီးကြီးမားမား ရှိ၏ ။ ဟိုက်စကူးကျောင်း ရှိ၏ ။ မြို့အင်္ဂါ နှင့် လွန်စွာ ညီညွတ်၏ ။ လူငယ် သုံးယောက် သည်  ထို မြို့သို့ တစ်နေ့တည်း တစ်ရက် တည်း ၌ ရောက်ရှိ လာ ကြ၏ ။ ၎င်းတို့ အချင်းချင်း လည်း သူငယ်ချင်းများ ဖြစ်ကြ ကုန်၏ ။ ၎င်းတို့ သည် အစိုးရအလုပ်များ ကို လက်ခံကြပြီးနောက် အလုပ် ဝင်ရန် အတွက် ရောက်ရှိ လာကြခြင်း ဖြစ်၏ ။

တစ်ဦး ၏ အမည် မှာ မောင်တိုင်းကျော် ဟူ ၍ ဖြစ်ပြီး ။ သူ သည် မြို့ပိုင်ကလေး အလုပ် ရ သဖြင့် ထို မြို့ သို့လာခဲ့ခြင်း ဖြစ်၏ ။ အခြား တစ်ယောက် မှာ ကျောင်းဆရာ အဖြစ် ဖြင့် ရောက်သော မောင်ကျော်ဝင်း ဖြစ်၏ ။ ကျန် တစ်ယောက် မှာ စာရေးကြီး အဖြစ် ဖြင့် နယ်ပိုင်ရုံး သို့ ပြောင်း လာသော မောင်ပြည့် ဖြစ်၏ ။

၎င်းတို့ သုံးဦးသား သည် တစ်နေ့ တည်း ၊ တစ်ချိန် တည်း ၊ တစ်မြို့ တည်း သို့ ပြောင်းရွှေ့ လာကြ သကဲ့သို့ မြို့ အစွန် ရှိ အိမ်ကြီး တစ်အိမ် ကို စုပေါင်း ၍ ငှားရမ်း ကာ တစ်အိမ် တည်း ၌ နေထိုင်ကြ လေတော့၏ ။

ထို့နောက် မော်တော်ကားဂိတ် အနီးရှိ ထမင်းဆိုင် တစ်ဆိုင် ၌ လည်း အတူတကွ ထမင်းလခ ပေး ၍ စား ကြ၏ ။

၎င်းတို့ သည် နံနက်ပိုင်း ၌ နံနက်စာ ကို ထမင်းချိုင့် ယူ၍ စား လေ၏ ။ ၎င်း ထမင်းဆိုင်ကလေး မှာ ၎င်းတို့ သုံးဦး အတွက် ထမင်းချိုင့် သုံးလုံး အသင့် ထည့်ပေး ထား ရ၏ ။

မြို့ပိုင်ကလေး မောင်တိုင်းကျော် က လည်း သူ ၏ ရုံး မှ မင်းစေ ကို ထမင်းဆိုင် တွင် ထမင်းချိုင့် ယူ ခိုင်းလေ့ ရှိ၏ ။ ကျောင်းဆရာ မောင်ကျော်ဝင်း က လည်း သူ ၏ ကျောင်းသား တစ်ယောက် ကို ထမင်းချိုင့် ယူ ခိုင်း၏ ။ မောင်ပြည့် က လည်း ရုံးဒရဝမ်ကြီး ကို ထမင်းချိုင့် ယူ ခိုင်း၏ ။ ညနေစာ ကို မူ ၎င်းတို့ သည် ဆိုင် သို့ သွား ၍ စားကြ၏ ။ ဤသို့လျှင် တစ်ပတ်ခန့် စားမိပြီးသော အခါ၌ မောင်ပြည့် က ဆိုင်ရှင် အဒေါ်ကြီး အား

“ အဒေါ် ရေ မနက်ဖြန် ကျွန်တော့် အတွက် ထမင်းချိုင့် လုပ် မထားနဲ့ ကျွန်တော့် ဘာသာ ကျွန်တော် လာ စားမယ် ” 

ဟု ပြောလေ၏ ။

ကျောင်းဆရာ မောင်ကျော်ဝင်း ကလ ည်း မောင်ပြည့် ကဲ့သို့ ပင်

“ အဒေါ် ရေ ကျွန်တော် လဲ ကျောင်းသားလေးတွေ ခိုင်း ရတာ အားနာပါတယ် ။ အဲဒီတော့ ကျွန်တော့် အတွက် လဲ ထမင်းချိုင့် ထည့် မထားပါနဲ့ ။ ကျွန်တော် ဘာသာ ကျွန်တော် လာပြီး စားပါ့မယ် ”

ဟု ပြောလေ၏ ။

မောင်တိုင်းကျော် တစ်ဦး တည်း သာ လျှင် အခါတိုင်း ကဲ့သို့ပင် နံနက်စာ ကို ထမင်းချိုင့် ယူ၍ စားမြဲ စား နေလေ၏ ။

ထိုအခါ ထမင်းဆိုင်ရှင် အဒေါ်ကြီး က

“ မောင်တို့ နှစ်ယောက် အတွက်တော့ ထမင်းချိုင့် ထည့်ရတဲ့ ဒုက္ခ ငြိမ်း သွားပါပြီ ။ ဟို သူငယ် တစ်ယောက် အတွက်တော့ ကျန်နေ သေးရဲ့ ” 

ဟု ညည်းညူ ရာ ကျောင်းဆရာ မောင်ကျော်ဝင်း နှင့် နယ်ပိုင်ရုံး စာရေးကြီး မောင်ပြည့် တို့ က

“ အဒေါ် ကို သနားတယ် ။ အဲဒါကြောင့် ကျွန်တော်တို့ က ဒုက္ခ မပေးချင်လို့ ကိုယ်တိုင် လာ စားတာပဲ အဒေါ် ရေ ” 

ဟု ပြောကြလေ၏ ။

အမှန်မှာ ထို သတ္တဝါ နှစ်ဦး သည် ထမင်းဆိုင်ရှင် အဒေါ်ကြီး အား သနားကြခြင်း မဟုတ် ။ ထို အဒေါ်ကြီး ၏ တူမ ဖြစ်သူ မပန်းနု အား သာ လျှင် သနား ကြခြင်း ဖြစ်သည် ။ ၎င်းတို့သည် ပန်းနု ကိုယ်တိုင် ခူးခပ် ပေးသည် ကို စားသောက် လိုကြ၏ ။ ထို့ကြောင့် ထမင်းချိုင့် မယူဘဲ ကိုယ်တိုင် ကိုယ်ကြပ် စားသောက် ကြခြင်း ဖြစ်၏ ။ မပန်းနု က ထမင်း လာရောက် ထည့်ပေးသော အခါ တွင် ကျောင်းဆရာ မောင်ကျော်ဝင်း က

“ ဒီကနေ့ မပန်းနု ချက်တဲ့ ဟင်းချိုကလေး ဟာ သိပ် ချိုတာပဲ ။ ကျုပ် ဖြင့် ဆွေမျိုး ပါ တောင် မေ့ သွားတာပဲ ” 

ဟူ၍ ပြော၏ ။

ထိုအခါ မပန်းနု က

“ အဲဒီ ဟင်းချို ကျွန်မ ချက်တာ မဟုတ်ဘူး ။ အဒေါ် ချက်တာ ” 

ဟု ပြန်၍ ပြောရာ မောင်ကျော်ဝင်း က

“ ကျုပ် က လဲ အားနာပါးနာ နဲ့ ချီးမွမ်း ရတာပေါ့ ဗျာ ။ အတော့်ကို ညံ့တဲ့ ဟင်းချို ပဲ ။ လက်ဆေးရေ ကို ဆား ခတ်ပြီး သောက် ရင် တောင် ဒီထက် ကောင်းဦးမယ် ”

ဟူ၍ ပြောလေ၏ ။

ထိုအခါ မပန်းနု က ၎င်း ၏ မရိုးဖြောင့်သော သဘော ကို ရိပ်စားမိ လေတော့၏ ။ ရုံးစာရေးကြီး မောင်ပြည့် မှာ လည်း ဤနည်း အတိုင်း ပင် ဖြစ်၏ ။

“ မပန်းနု ရယ် ။ ကျုပ် ဖြင့် ဒီ မြို့ က တောင် ပြောင်းရမှာ သိပ် ကို စိုးရိမ် နေပြီ ။ မပန်းနု လက်ရာကလေးတွေ နဲ့ ဝေး ရ မှာ ကို တွေးပြီး ကျုပ် ဖြင့် အိပ် လို့ တောင် မပျော်ဘူး ။ ကျုပ် ရဲ့ မျက်နှာ ကို ကြည့်ပါလား ။ ရောက်ခါစ နဲ့ တောင် မတူဘူး ။ မျက်တွင်းတွေ ချိုင့် နေတယ်မဟုတ်လား ” 

ဟု ပြော လေ၏ ။

ထိုအခါ မပန်းနု က

“ အိပ်လို့ မပျော်ရင် အဒေါ့် ဆီ မှာ ဆေး တောင်း သွား ။ သီလရှင်ကြီး ဖော်ပေး ထားတဲ့ ဆေး တစ် ဖုံရှိတယ် ။ အဒေါ် က သွေးဆုံး ကိုင်ပြီး ကတည်း က အိပ် မပျော်လို့ အဲ့ဒီ ဆေးစား နေရတာ ” 

ဟု ပြန်၍ ပြောလေ၏ ။

၎င်းတို့ နှစ်ဦး သည် ဤသို့လျှင် မထိတထိ ပါးစပ် ဖြင့် ပြောဆို နေရာမှ နောင်တွင် မပန်းနု ထမင်း လာရောက် ပြင်ဆင် ပေးသော အခါ၌ မတော်တဆ ထိသည့် ဟန် ဖြင့် ပန်းနု ၏ လက်ကလေးများ ကို ထိကိုင် ကြလေ၏ ။ ထို့နောက် တစ်ဆင့် တက် ကာ မပန်းနု အား တစ်ယောက် တစ်လှည့် ပြောင်ပြောင်တင်းတင်းကြီး ချစ်ရေး ဆိုကြ လေတော့၏ ။ မပန်းနု ၏ အဒေါ် ကို လည်း ချဉ်းကပ်ကြ လေတော့၏ ။

“ အဒေါ် ရေ စိတ်ကူး မလွဲနဲ့နော် ။ အဒေါ့် တူမ ကျောင်းအုပ်ဆရာကြီးကတော် ဖြစ်မှာ ” 

ဟု မောင်ကျော်ဝင်း က ပြော သကဲ့သို့ မောင်ပြည့် က လည်း

“ စိတ်ကူး မလွဲနဲ့နော် အဒေါ် ။ ကျုပ် က လဲ ဥပဒေပညာ ကို လိုက်စား နေတယ် ။ မကြာခင် ရှေ့နေကြီး ဖြစ် မှာ ။ အဲဒီတော့ အဒေါ့် တူမ အတွက် စဉ်းစားရင် ကျုပ် ကို ထိပ်ဆုံး က ထားပြီး စဉ်းစားနော် ” 

ဟု ပြော လေ၏ ။

ထိုအခါ မပန်းနု ၏ အဒေါ် က

“ ကျုပ် က စဉ်းစားဖို့ မလိုပါဘူး ။ ပန်းနု က စဉ်းစားရမှာပါ ။ သူ က သာ ကြိုက်စမ်းပါစေ ။ ကျောင်းအုပ် ပဲ ဖြစ်ဖြစ် ။ ကျောင်းစောင့် ပဲ ဖြစ်ဖြစ် ။ ရှေ့နေ ပဲ ဖြစ်ဖြစ် ။ နောက်နေ ပဲ ဖြစ်ဖြစ် ။ ကျုပ် က ပေးစား လိုက်မှာ ။ သူ့ ဦးလေး မရှိ ကတည်း က ကျုပ် မှာ လဲ တာဝန် က မသေးဘူး ။ ဒါပေမဲ့ ခမျာ က တော်ရှာပါတယ် ။ ခုချိန်ထိ ရည်းစား ဆိုလို့ ညောင်းရင် နှိပ်ခိုင်းဖို့ တောင် မရှိဘူး ။ ကားသမားတွေ က လဲ သူ့ ကို ပိုးကြ ပန်းကြ တာပဲ ။ ကား တစ်စီး တည်း က ဒရိုင်ဘာ နဲ့ စပယ်ယာ ဟာ ပန်းနု ကို ပြိုင် ပိုးရင်း ရန်ဖြစ် ပြီး ခွာပြဲ သွားကြတာလဲ မနည်းဘူး ။ စာရေး စာချီတွေ လဲ ဒီလိုပဲ ။ ပန်းနု ကို လာပြီး ပိုး ကြတယ် ။ အဲ့ဒီထဲ မှာ မြို့အုပ် တွေ ။ ဝန်ထောက် တွေ တောင် ပါ သေးရဲ့ ။ ဒါပေမဲ့ ပန်းနု က အဲဒါတွေ ကို လက်နှီးစုတ် လောက် တောင် တန်ဖိုး မထားဘူး ။ မောင်ရင် တို့ လဲ ကြိုးစား ကြည့်ဦး ”

ဟု ပြော လေတော့၏ ။

ထို သတ္တဝါ နှစ်ဦး သည် မပန်းနု ၏ ထမင်းဆိုင် ၌ ယောက်ယက်ခတ် နေကြ သော်လည်း မြို့ပိုင်ကလေး မောင်တိုင်းကျော် မှာ မူ ၎င်း ၏ အလုပ်များ ၌ သာ နစ်မြုပ် နေ လေတော့၏ ။ လယ်သမားများ ၏ အမတော်ကြေး ကိစ္စများ ဆောင်ရွက် ပေးရ၏ ။ ဖြေရှင်း ပေးရ၏ ။ တောနယ်များ သို့ လည်း မကြာခဏ ဆင်းကာ အလုပ်များ လုပ် ရ၏ ။ ထို့ကြောင့် ထမင်းဆိုင် သို့ ပင် နေ့စဉ် မလာနိုင်တော့ ဘဲ ပျက်ကွက်ရသည် က များလေ၏ ။

တစ်နေ့သ၌ မောင်တိုင်းကျော် သည် အတော်ကြီး မိုးချုပ် ၍ ထမင်းဆိုင် သိမ်း ခါ နီး တွင် မပန်းနု တို့ ဆိုင်သို့ ရောက် လာ၏ ။ ထိုအခါ ဆိုင်ရှင် အဒေါ်ကြီး က

“ ဟောတော့ ဘာ ဟင်း မှ မရှိတော့ဘူး ။ မြို့ပိုင်ကလေး က လဲ အခုမှ ရောက် လာတာကိုး ” 

ဟု ပြောရာ မောင်တိုင်းကျော် က

“ ဟင်း မလိုပါဘူး အဒေါ်ရယ် ။ ငါးပိ နဲ့ တို့စရာ ရရင် လဲ ဖြစ်ပါတယ် ” 

ဟု ပြော လေ၏ ။

ထို့ကြောင့် ဆိုင်ရှင် အဒေါ်ကြီး က မပန်းနု အား

“ ပန်းနု ရေ ငါးပိရည် နဲ့ တို့စရာ ပဲ ပြင် ပေးလိုက်ပါကွယ် ” 

ဟု ပြောရာ မပန်းနု လည်း ငါးပိရည် နှင့် တို့စရာ ပြင် ပေးလေ၏ ။

မောင်တိုင်းကျော် သည် ဆာဆာ နှင့် ငါးပိရည် နှင့် တို့စရာ ကို အားထား ၍ မြိန်ရှက်စွာ စား လေတော့၏ ။

ထိုအခါ မပန်းနု က အားနာ လှ သဖြင့် 

“ ခဏ နေပါဦးလား ပန်းနု ဘဲဥလေး ကြော် ပေးမယ်လေ ” 

ဟု ပြောရာ မောင်တိုင်းကျော် က  ...

“ မကြော်နဲ့ တော့ မပန်းနု ရေ ။ ကျုပ် က အခု ထမင်းစား ပြီး တာ နဲ့ ခရီး ထွက် ရမှာ ။ ကဆင်ရွာ ဘက် က သူတွေ ကျောက်ဆေး ထိုး မခံလို့ ဒဏ် ရိုက် ဖို့ ရှိတယ် ”

ဟု ပြန် ၍ ပြောလေ၏ ။

“ သူ့ ဘာသာ သူ ဆေး ထိုး မခံတာပဲ ။ ကိုတိုင်းကျော် တို့ က ဒဏ် ရိုက်သတဲ့လား ရှင် ” 

ဟု မေး လေတော့၏ ။

“ ဒီလို မဟုတ်ဘူး မပန်းနု ရဲ့ ။ တစ်ခါတလေ ကိုယ့် ဘာသာ ကိုယ် လုပ်တဲ့ ကိစ္စတွေ ဟာ အများ ကို ထိခိုက်တတ် တာ လဲ ရှိသေးတယ် မဟုတ်လား ။ အဲဒါကြောင့် အစိုးရ က ကျောက်ဆေး ထိုးဖို့ နယ်တွေ ကို ကျောက်ဆေးထိုး ဆရာတွေ လွှတ် ပေးတယ် ။ ဒါပေမဲ့ တချို့က ကျောက်ဆေး ထိုး မခံဘူး ။ ရှောင် နေ ကြတယ် ။ အဲဒီ လူတွေ ဟာ ကျောက်ရောဂါ ဖြစ်လာ ကြ လိမ့်မယ် ။ သူတို့ ဖြစ် လာရင် တစ်ရွာလုံး ကို ကူးစက် နိုင်တယ် ဟုတ်လား ။ အဲဒါကြောင့် ကျောက်ဆေးထိုး မခံခြင်း ဟာ တစ်ရွာလုံး ကို ကျောက်ရောဂါ ဖြစ်အောင် လုပ်တာနဲ့ အတူတူပဲ ။ အဲဒီတော့ သူတို့ မှာ အပြစ် ရှိတယ် ။ အဲဒါကြောင့် ဒဏ်ငွေ ဆောင်ခိုင်းရတာ ”

ဟု မြို့ပိုင်ကလေး မောင်တိုင်းကျော် က ရှင်းပြ လေ၏ ။

ထိုအခါ ပန်းနု က

“ ဒဏ်ချ တာတော့ ဟုတ်ပါပြီ ။ ဒဏ်ငွေ မဆောင်နိုင်ရင် ဘယ့်နှယ် လုပ်မလဲ ” 

ဟု ထပ်၍ မေးပြန်လေ၏ ။

“ ဒဏ်ငွေ မဆောင်နိုင် ရင်တော့ ထောင်ချ ရတယ် ။ ထောင် ထဲ ကျတော့ အဲဒီ လူ ဟာ ကျောက်ဆေး ထိုး ရ မှာပဲ ။ အဲဒီတော့ သူတို့ လဲ နားလည် သွားမယ် ။ သူတို့ နားလည် သွားရင် ကျောက်ရောဂါ ပပျောက် သွားမယ် ” 

ဟု မောင်တိုင်းကျော် က ပြန်၍ ပြော လေ၏ ။

“ ကိုတိုင်းကျော် က တော့ အလုပ်တာဝန် အရ ရော ။ စေတနာ အရ ရော သူတို့ ကို ထောင်ချတယ် ။ ဒဏ်ငွေ ဆောင်ခိုင်းတယ် ။ ဒါပေမဲ့ ရှင် တော့ ဝဋ် လိုက်လိမ့်မယ် ” 

ဟု ပန်းနု က ပြောလေ၏ ။

“ မတတ်နိုင်ဘူး လေ ။ ကျုပ် က ဒီ အလုပ် လုပ်မိတာ ကိုး ။ ဒါပေမဲ့ ကျုပ် သားသမီးများ ကျရင် တော့ ဒီ အလုပ် ကို လုပ် မခိုင်းတော့ဘူး ။ ကုန်သည်ပွဲစားပဲ လုပ်ခိုင်းမယ် ” 

ဟု မောင်တိုင်းကျော် က ပြောရာ ပန်းနု က

“ ကိုတိုင်းကျော် မှာ သားသမီး ဘယ်နှစ်ယောက် ရှိသလဲ ”

ဟု မေး လေ၏ ။

“ မရှိပါဘူး ရှိ လာရင် ပြောတာပါ ” 

ဟု မောင်တိုင်းကျော် က ပြန်၍ ဖြေရာ ပန်းနု က

“ ရှင် အိမ်ထောင် ကျ တာ ဘယ်လောက် ကြာပြီလဲ ။ အခုထက် ထိ သားသမီး မရသေးဘူးလား ” 

ဟု မေး လေ၏ ။

“ ကျုပ် အိမ်ထောင် မကျသေးပါဘူး ”

ဟု မောင်တိုင်းကျော် က ပြန်၍ ပြောရာ ပန်းနု က

“ ဪ ရှင့် ကို အိမ်ထောင် နဲ့ လို့ အောက်မေ့ နေတော ။ ရှင့် ကို ကြည့်ရတာ ဟို နှစ်ယောက် နဲ့ မတူဘူး ။ ရှင် က သား ကျွေးဖို့ ။ မယား ကျွေးဖို့ ရှာ နေတာ ကျနေ တာ ပဲ တော့် ကို ပင်ပန်းတယ် ။ ဟို နှစ်ယောက် က တော့ ကြော့ နေတာပဲ ”

ဟု ပြောလေ၏ ။

“ ဪ မောင်ပြည့် နဲ့ မောင်ကျော်ဝင်း တို့ ကို ပြော နေတာလား ။ ဟုတ်မှာ ဟုတ်မှာ ။ သူတို့ က သန့်သန့်ပြန့်ပြန့် နေ တတ်တယ် ။ လူကောင်းတွေ ပါ ။ တစ်ယောက် က ကျောင်းဆရာကြီး ။ တစ်ယောက် က စာရေးကြီး ။ စာရေးကြီး က လဲ ရှေ့နေစာမေးပွဲ အလွတ် က ဖြေ နေတာ ။ မကြာခင် အောင် မှာ ။ ကျောင်းဆရာကြီး က လဲ မကြာခင် ကျောင်းအုပ်ကြီး ဖြစ်မယ့် လူ ပဲ ။ ကျုပ် ရဲ့ သူငယ်ချင်း တွေ ပါ ။ သူတို့ မိဘတွေ လဲ မျိုး အလွန် ကောင်းပါတယ် ”

ဟု ပြောဆိုကာ မောင်တိုင်းကျော် သည် ထမင်း စား၍ ပြီးပြီ ဖြစ်သဖြင့် လက်ဆေး လေတော့၏ ။

ထို့နောက် ဆိုင်ရှင် အဒေါ်ကြီး နှင့် ပန်းနု အား နှုတ်ဆက်ကာ ဆိုင်တွင်း မှ ထွက်သွား လေတော့၏ ။ နောက် တစ်နေ့ တွင် မောင်ပြည့် ထမင်း လာ ၍ စားသော အခါ ၌ ဆိုင်ရှင် အဒေါ်ကြီး က မောင်ပြည့် အား မနေ့ည က ဆိုင်သိမ်း ပြီး အိုးတွေ ခွက်တွေ ဆေးတော့ မှ မင်းတို့ သူငယ်ချင်း မြို့ပိုင်ကလေး ရောက်လာ သေးတယ် ။ ဘာ ဟင်း မှ မရှိတော့ဘူး ။ အဲဒါ ပန်းနု က ငါးပိရည် နဲ့ တို့စရာ ကျွေး လွှတ်လိုက်တာပဲ ” 

ဟု ပြောလိုက် ရာ မောင်ပြည့် က

“ ဒီ ကောင် က ရာထူး သိပ် မက်တာ ။ ဒါကြောင့် အလုပ် အရမ်း လုပ်နေတာ ။ ရာထူး ဆိုတာ ရူးတာ ပါ အဒေါ် ရယ် ” 

ဆိုကာ မောင်ပြည့် သည် ထမင်းစားပွဲ သို့ ဝင် လေ၏ ။ ပန်းနု က ထမင်းဟင်းလျာများ လာ၍ ချ ပေးလေ၏ ။ ထိုအခါ မောင်ပြည့် က

“ ည က တိုင်းကျော် ထမင်း လာ စားသွားသေးတယ်ဆို ... ပန်းနု ကို ဘာတွေ ပြောသွားသေးလဲ ” 

ဟု မေး လေ၏ ။

“ ဘာမှ မပြောပါဘူး ။ သူ့ ဘာသာ သူ ထမင်း စားပြီး ထွက် သွားတာပဲ ။ ကျွန်မ က အားနာ လို့ ဘဲဥ ကြော် ပေးမယ် ဆိုတာ မကြော် နဲ့ လို့ ပြောတယ် ” 

ဟု ပန်းနု က ပြော ရာ မောင်ပြည့် က 

“ ဒီကောင့် အတွက်များ ကြော်ပေး မနေစမ်းပါ နဲ့ ။ သူ့ အဖို့ က ရှေ့ မှာ လဲ တက်လမ်း မရှိတော့ဘူး ။ မြို့ပိုင်ကလေး ရာထူး တင် နေမယ့် အကောင်ပါ  ။ ဒီကောင်တွေ မျိုးရိုး ကလဲ လက်လုပ်လက်စားတွေ ပါ ။ ကြီးကြီးကျယ်ကျယ် ထဲ က မရှိပါဘူး ”

ဟု တိုင်းကျော် အား နှိမ့်ချ ၍ ပြောဆို လေတော့၏ ။ ကျောင်းဆရာ မောင်ကျော်ဝင်း ရောက် လာသည့် အခါ၌ လည်း မောင်ကျော်ဝင်း က

“ လူ မှာ က ရာထူး ကြီးတာ ငယ်တာ အရေး မကြီးပါဘူး ။ မျိုးရိုး က အဆင့်အတန်း မြင့်ဖို့ လို ပါတယ် ။ ကျုပ်တို့ မျိုးရိုး မှာ အားလုံး ရာထူးရာခံတွေ ရှိကြတယ် ။ ငွေကြေး ချမ်းသာ ကြတယ် ။ တိုင်းကျော် တို့ မျိုးရိုး မှာ က အားလုံး အနုတ်စုတ် ကုပ်စုတ် တွေ ချည်းပါပဲ ။ ဒီကောင် တစ်ယောက် သာ မဖြစ်စလောက်လေး ရာထူးကလေး ရ ထားတာပါ ”

ဟု ပြောလေတော့၏ ။

မပန်းနု သည် တစ်စုံတစ်ရာ ပြန်လည် ပြောဆိုခြင်း မပြုဘဲ ၎င်းတို့ ပြောဆိုသည် ကို နားထောင်ခဲ့ လေ တော့၏ ။ ဤသို့  ဖြစ်ပျက်ပြီး ရက် အတန် ကြာသော ည တစ်ည ၌ မြို့ပိုင်ကလေး မောင်တိုင်းကျော် သည် ထမင်းဆိုင် သို့ ရောက်လာ ပြန်၏ ။ ထိုအခါ ပန်းနု က

“ ငါးသလောက်ဟင်း တစ်မျိုး ပဲ ရှိတော့တယ် ” 

ဟု ပြောရာ မောင်တိုင်းကျော် က

“ ရပါတယ် ။ အဲဒါနဲ့ပဲ စား တာပေါ့ ”

ဟု ပြန်၍ ပြောလေ၏ ။

ပန်းနု လည်း တိုင်းကျော် အား ထမင်းဟင်း ခူးခပ် ပေး လေတော့၏ ။ တိုင်းကျော် သည် ဆာလောင်မွတ်သိပ် လာသည် ဖြစ်ရာ ထမင်း ကို မြိန်ရှက်စွာ စားသောက် လေ တော့၏ ။ ထိုအခါ ပန်းနု က

“ ကိုတိုင်းကျော် ရဲ့ သူငယ်ချင်းတွေ က တော့ အမြဲတမ်း ဟင်းကောင်း နဲ့ စား နေရ ပါတယ် ။ ကိုတိုင်းကျော် သာ အချိန်မတော် မှ ရောက် ရောက်လာ လို့ ဖြစ်သလို စားနေရတာ ” 

ဟု ပြော လိုက်ရာ မောင်တိုင်းကျော် က ...

“ ကျုပ် က အရေး မကြီးပါဘူးဗျာ ။ နဂို ကတည်း က ဖြစ်သလို စားသောက် တတ်တဲ့ လူပါ ။ ကျုပ် သူငယ်ချင်းတွေ ကတော့ ကျုပ် လို မဟုတ်ကြဘူး ။ အမြဲတမ်း မြင့်မြင့် နေလာ ကြတော့ ကောင်းကောင်းမွန်မွန် စားရ မှ ဖြစ်မှာ ။ ကျုပ် အတွက် မကျန်ချင် နေပါစေဗျာ သူတို့ ကို ဦးစားပေးပြီး ကျွေး ပါ ။ ဒီ လူတွေ က အရည်အချင်း ရှိတဲ့ လူတွေ ဗျ ။ မကြာခင် ကြီးပွားကြတော့ မှာ ။ ရာထူးရာခံ တွေ ရကြတော့ မှာ ။ သူတို့ မှာ အသောက်အစား အကစား ၊ အပျော်အပါး လဲ မရှိဘူး ။ ဒီအတိုင်း သာ နေ သွားရင် မကြာခင် တိုးတက်ကြ တော့မှာပါ ။ စိတ်ကောင်း သဘောကောင်းလဲ ရှိကြတယ် ဗျို့ ”

ဟု ပြောရာ ပန်းနု သည် စိတ် အတွင်း ၌ ကျိတ်၍ ...

“ ဪ ကိုတိုင်းကျော် ဟာ စိတ်ထား ကြီးမြတ်ပါကလား ။ ဟို နှစ်ယောက် က ဖြင့် သူ့ ကို နှိမ့်ချ လိုက်တာ ။ သူ က ဖြင့် ဟို နှစ်ယောက် မကောင်းကြောင်း မပြောရှာဘူး ။ ယောက်ျားကောင်း ပီသပါ ပေတယ် ”

ဟု တွေး မိကာ မောင်တိုင်းကျော် အပေါ် ၌ တိမ်းညွှတ် မိ လေတော့၏ ။ ထို့ကြောင့် ပန်းနု က

“ ကိုတိုင်းကျော် တောနယ်တွေ ဆင်းတဲ့ အခါမှာ ထမင်း စားတော့ ဘယ်လို လုပ်ပြီး စားသတုံး ” 

ဟု မေး လေ၏ ။ 

“ တော မှာ က ထမင်းဆိုင် မရှိဘူး မပန်းနု ရဲ့ ၊ သူကြီးအိမ် စားရတာ များတာပါပဲ ” 

ဟု မောင်တိုင်းကျော် က ပြောလေ၏ ။ 

“ သူကြီး သမီးတွေ ဆိုတော့ ချော မှာ ပဲ နော် ” 

ဟု မပန်းနု က မေးလေ၏ ။

“ သူကြီး တိုင်း မှာ သမီး ရှိတာ မှ မဟုတ်တာ ။ သမီး ရှိတော့လဲ ချောတာလဲ ရှိတာပေါ့ ။ ရုပ်ဆိုး တာ လဲ ရှိတာပေါ့ ” 

ဟု မောင်တိုင်းကျော် က ပြန်၍ ပြောလေ၏ ။

“ ကျွန်မ ကြားဖူးတာ က တော့ ရွာတွေ ကို ရောက် လာတဲ့ မြို့ပိုင်ကလေးတွေ နဲ့ သူကြီးသမီးတွေ နဲ့ ဖြစ် ကုန်ကြတယ် ကြားဖူးတာပဲ ” 

ဟု ပန်းနု က ပြော ပြန် လေ၏ ။

“ ဖြစ်ကုန်တာ လဲ ရှိတာပေါ့ ။ မဖြစ်တာလဲ ရှိမှာပေါ့ ” 

ဟု မောင်တိုင်းကျော် က ပြော ပြန်လေ၏ ။

“ ဒီလိုဆိုရင် ကိုတိုင်းကျော် က ဖြစ်တဲ့ အထဲ မှာ ပါသလား ။ မဖြစ်တဲ့ အထဲမှာ ပါသလား ” 

ဟု ပန်းနု က မေးလေ၏ ။

“ ကျုပ် က မဖြစ်တဲ့ အထဲ မှာ ပါ ပါတယ် ”

ဟု တိုင်းကျော် က ပြောရာ ပန်းနု က

“ ရှင် တော်တော် ရိုး တာပဲ နော် ” 

ဟု ပြောလေ၏ ။

“ ရိုး လို့ မဖြစ်တာ မဟုတ်ဘူး ။ မဖြစ်လို့ ကို မဖြစ်တာ မပန်းနု ရ ”

ဟု မောင်တိုင်းကျော် က ပြန်၍ ပြောပြန်လေ၏ ။

ထိုအခါ မပန်းနု က “ ခစ် ”  ခနဲ ရယ် ၍

“ ဒါဖြင့်ရင် ရှင် က ဘယ်တော့ ဖြစ်မှာတုံး ” 

ဟု မေး လေတော့၏ ။

“ ဖြစ်တဲ့ အခါတော့ ဖြစ်မလား မဆိုနိုင်ဘူး ” 

ဟု မောင်တိုင်းကျော် က ပြော ပြန်ရာ ပန်းနု က

“ ဖြစ်ရင် ဘယ်သူ နဲ့ ဖြစ်မှာတုံး ” 

ဟု မေး လေ၏ ။

“ အဲဒါတော့ ကျုပ် လဲ မပြောတတ်ဘူး ။ ကံ ပဲ ။ သူ့ ကံ နဲ့ သူ ရ မှာ ။ နားလည်တယ် မဟုတ်လား ။ ဖူးစာရေးနတ် ဆိုတာဟာ လေ ။ သူ က ကျုပ် ကို ဘယ်သူ နဲ့ ပေးစားမလဲ မဆိုနိုင်ဘူး ။ သူ ပေးစားတာ ကို ကျုပ် ယူရ မှာပဲ ။ ယူ ပြီး ရင်တော့ သား မှတ်မှတ် မယား မှတ်မှတ် ကြင်ကြင်နာနာ ပေါင်း ရ မှာပဲ ။ ဒါပဲ ။ နောက် မှ ဆက်ပြီး ပြောကြတာပေါ့ ။ အမတော်ကြေး မဆပ်တဲ့ လယ်သမားတွေ အမှုတွေ ကို စစ် ဖို့ ရှိသေးတယ် ”

ဟု ဆိုကာ မောင်တိုင်းကျော် သည် ဆိုင်တွင်း မှ ထွက်သွား လေတော့၏ ။

မောင်တိုင်းကျော် ရိုး သလောက် ဟို သတ္တဝါ နှစ်ကောင် က ဆန်း၏ ။ ပန်းနု ထမင်းချက် နေရာ သို့ အမှတ်မဲ့ သွား ကာ လက် ဆွဲလား ဆွဲ၏ ။ စကား ပြောလား ပြော၏ ။ သို့ရာတွင် ပန်းနု က လက်မခံ ။ အော်ငေါက် ၍ လွှတ်၏ ။ ထို သတ္တဝါ နှစ်ကောင် က လည်း အလျှော့မပေး ။ ကဲမြဲ ကဲ၏ ။ ၎င်းတို့ ကဲ လေ ပန်းနု အချစ် သည် မောင်တိုင်းကျော် ၏ အပေါ် ၌ ပို ကဲလေ ဖြစ် လေတော့၏ ။ နောက်ဆုံး တွင် ပန်းနု က ပင် မောင်တိုင်းကျော် အား မေတ္တာ ရှိနေကြောင်း လမ်းခင်း ပေး ရ လေတော့၏ ။ ထိုအခါ ကျ တော့ လည်း လူရိုး လူအ မောင်တိုင်းကျော် သည် ပန်းနု ၏ အချစ် ကို ဝမ်းပန်းတသာ လက်ခံ လေတော့၏ ။

“ ကျုပ် က လဲ မပန်းနု ကို ချစ်ပါတယ် ဗျာ ။ အလုပ်တွေ က လဲ မအားတာ က တစ်ကြောင်း ။ ကျုပ် ချစ်တဲ့ အကြောင်း မပန်းနု ကို ဖွင့် ပြော လိုက်ရင် မပန်းနု စိတ်ဆိုး သွားမှာ ကို လဲ စိုးရိမ်ရတယ် ။ ပန်းနု စိတ် ဆိုး ရင် ကျုပ် လည်း ထမင်း စားဖို့ ထမင်းဆိုင် အသစ် ရှာရ ဦးမယ် မဟုတ်လား ။ ဒီ နား မှာ က လဲ ကု,လားဆိုင် တွေ ပဲ ရှိတယ် မဟုတ်လား ။ ကျွန်တော် က ကု,လားဆိုင် က ထမင်းဟင်း ကို သိပ်ပြီး မကြိုက်ဘူး ” 

ဟု တိုင်းကျော် က ပြော လိုက်ရာ ပန်းနု က

“ ဒီလိုဆိုရင် ကိုတိုင်းကျော် က ကျွန်မ ကို ချစ်တာ ထမင်း ငတ် မှာ ကြောက်လို့ ချစ်တာပေါ့ ” 

ဟု ပြန် ၍ မေး လေတော့၏ ။

“ မဟုတ်ဘူးလေ မပန်းနု ရဲ့ ။ အမုန်း လဲ ရသေး ။ ထမင်း လဲ ငတ်သေး ဆိုရင် ကျောက်ဆေး မထိုးတဲ့ တောသားတွေ လို ဖြစ်မှာပေါ့ ။ ဒဏ်ငွေ လဲ အကျခံရသေး ။ ဆေး လဲ အထိုးခံရသေး ဖြစ်တော့ မပေါ့ ”

ဟု တိုင်းကျော် က ပြန်၍ ပြော လိုက်ရာ ပန်းနု က

“ ကိုတိုင်းကျော် တော်တော် ရိုး တယ်နော် ”

ဟု ကရုဏာသံ ဖြင့် ပြော လိုက် လေတော့၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment