Tuesday, January 16, 2024

သူဌေးကြီး ဦးမြူ တောထွက်ခန်း


 

❝ သူဌေးကြီး ဦးမြူ တောထွက်ခန်း ❞

တစ်နေ့သ၌ ဆန်စက် သူဌေးကြီး ဦးမြူ သည် ၎င်း ၏ တစ်ဦး တည်း သော သမီး ဖြစ်သူ မမယ်ဇယ်ကလေး အား အရေးကြီးသော စကား ပြောရန် ရှိသည် ဟု ဆိုကာ အနီး သို့ ခေါ်ယူ လိုက်လေ၏ ။ လွန်စွာ လိမ္မာလှသော သမီးကလေး မမယ်ဇယ် က လည်း “ ဘာလဲ အဖေ ၊ ဘာ ပြောစရာ ရှိလို့လဲ ” ဟု တီတီတာတာ ပြော ဆိုကာ ဖခင် ၏ အနီး ၌ လာ၍ ထိုင်လေ၏ ။

“ ဒီလို သမီးရဲ့ ၊ အဖေ အခု ပြောမယ့် စကား ဟာ သိပ် အရေးကြီးတယ် သမီး ၊ သမီး ရဲ့ မိခင် ဟာ သမီးကလေး ရှစ်နှစ် အရွယ် မှာ ပဲ ဆုံးပါး သွား ရှာတယ် မဟုတ်လား ၊ အဲဒီတုန်း က ဆိုရင် အဖေ့ ကို နောက် အိမ်ထောင် ပြုဖို့ မိတ်ဆွေတွေ ကရော မကင်းရာ ကင်းကြောင်းတွေ ကရော အများကြီး တိုက်တွန်းကြပါတယ် ၊ ဒါပေမဲ့ အဖေ ဟာ နောက် အိမ်ထောင် ဘယ်တော့မှ မပြုဘူး လို့ ယတိပြတ် ဆုံးဖြတ်ခဲ့ပါတယ် ၊ ဘာကြောင့်လဲ ဆိုတော့ ငါ့ သမီးကလေး ကို သူစိမ်း တရံဆံ လက် ထဲ မှာ မကြီးပျင်းစေချင်လို့ပဲ ၊ အဖေ ကိုယ်တိုင် မိထွေး လက် ထဲ မှာ ကြီးပြင်း ခဲ့ရတဲ့ လူ တစ်ယောက် ဖြစ်လေတော့ မိထွေး အကြောင်း နောကျေတယ် ဆိုပါတော့ ကွယ် ၊ အဖေ တွေး တာ မှားချင် မှားလိမ့်မယ်ပေါ့ ၊ ဒီ လောက မှာ မိထွေး ဆိုရင် မိထွေးတော် ဂေါတမီ တစ်ယောက် က လွဲပြီး ကျန်တဲ့ မိထွေး တွေ ဟာ ကောင်းမယ်လို့ မထင်ဘူးကွယ့် ၊ ကောင်းတဲ့ မိထွေး လဲ ရှိချင် ရှိမှာပေါ့ကွယ် အဖေ ထင်တာ ကို ပြောတာ ။ ကဲပါ ဒါတွေ ထားလိုက်ပါတော့ ၊ အဖေ ဟာ သမီး အမေ ဆုံးတဲ့ အခါ မှာ တော်တော့် ကို ဆောက်တည်ရာ မရ ဖြစ်ခဲ့တယ် ၊ ဘာကြောင့်လဲ ဆိုတော့ သမီး အမေ ဟာ အတော့် ကို တော်တဲ့ မိန်း မပဲ ကွ ၊ လင်သား ကို ပြုစုတဲ့ နေရာ မှာ ရော ၊ သားသမီး ကို စောင့်ရှောက်တဲ့ နေရာ မှာ ရော ၊ အိမ်ထောင်မှု ထိန်းသိမ်းတဲ့ နေရာမှာ ရော ပေါ့ကွယ် ၊ အဖေ့ အတွက် တော့ အစား မရနိုင်တဲ့ မိန်းမမျိုး ပါပဲ ၊ ဒီလို မိန်းမမျိုး ဆုံးရှုံးရတဲ့ ယောက်ျား တစ်ယောက် အဖို့ ယူကျုံး မရ ဖြစ်တာဟာ အဆန်း မဟုတ်ပါဘူး သမီး ရယ် ၊ အဖေ ဟာ အတော့် ကို စိတ် ထိခိုက်ပြီး ဆောက်တည်ရာ မရ ဖြစ်ခဲ့ရတယ် ၊ အဲဒီ အချိန် မှာ ပဲ အဖေ့ အတွက် ကံကောင်းချင်တော့ အဖေတို့ ကိုးကွယ်တဲ့ ဗောဓိ ဘုန်းကြီးကျောင်း ကို ကျိုက်ထို ဘက် က ဦးပဉ္စင်းကလေး တစ်ပါး ရောက် လာတယ်ကွယ့် ၊ အဲဒီ ဦးပဉ္စင်းလေး က အဖေ့ အဖြစ် ကို သိရတော့ အတော့် ကို ကရုဏာ သက် သွားရှာတယ် ၊ ဦးပဉ္စင်းလေး ရဲ့ ဘွဲ့တော်က ဦးမေဓာ တဲ့ ၊ အဲဒီ ဦးဇင်း ဦးမေဓာလေး ဟာ အဖေ့ ကို တရားတွေ ဟောခဲ့တယ် ၊ တရားတွေ ပြခဲ့တယ် ၊ တရားတွေ ထိုင် ခိုင်းခဲ့တယ် ၊ အဲဒီ ကတည်း က အဖေ ဟာ ဦးဇင်း ဟောတဲ့ တရားတွေ ကို သဘောကျ ပြီး ဦးဇင်းလေး ပြတဲ့ နည်း အတိုင်း တရား ထိုင်ခဲ့ ပါတယ် ၊ သမီး အမေ ဆုံး ကတည်း က ဆိုတော့ အဖေ ဟာ နေ့စဉ် ရက်ဆက် မပြတ် တရားထိုင် ခဲ့တာ တစ်ဆယ့်ငါးနှစ် ရှိပြီကွယ် ၊ အဲဒီလို တစ်ဆယ့်ငါးနှစ် ပတ်လုံး မပျက်မကွက် တရားထိုင် လာခဲ့လေတော့ အဖေ့ ရဲ့ အသိဉာဏ်တွေ ၊ အဖေ့ ရဲ့ နှလုံးသားတွေ အဖေ့ ရဲ့ အယူအဆတွေ အားလုံး လောက် နီးနီး ပြောင်းလဲ သွားပြီကွယ့် ၊ အဖေ့ ဆရာ ဦးဇင်း ဦးမေဓာလေး ဟာ အဖေ့ ကို တစ်နှစ် တိတိ တရား ဟော ၊ တရား ပြ လုပ်သွားတယ် ။ တနှစ် လဲ ပြည့် ရော သူ လဲ ကျောင်း မှာ မရှိတော့ဘူး ၊ တစ်ခါတည်း တောထွက် သွားတယ် ။ အာဇာနည် ပုဂ္ဂိုလ် ပါ ပဲ သမီး ရယ် ၊ သူ ပြောသွားတဲ့ စကား တစ်ခု ရှိသေးတယ် သမီး ။ တရား ဆိုတာ သူများ နာ ဖို့ ဟောရုံ သက်သက် မဟုတ်ဘူး ၊ ကိုယ်တိုင် လုပ်ဖို့ကလဲ အရေးကြီးသေးတယ် ဒကာကြီး ရဲ့ တဲ့ ၊ ပြောတဲ့ အတိုင်း လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ပဲ ကွယ် ။ အခု သူ ဟာ ကျိုက်ထို နား က တော တစ်ခု မှာ တောရ ဆောက်တည် နေတယ် လို့ သတင်း ကြားရတယ် ၊ တွေ့ခဲ့ မြင်ခဲ့ ရတဲ့သူတွေ ရဲ့ သတင်း စကား အရ ဆိုရင်တော့ အဖေ မျှော်လင့်တဲ့ အတိုင်း ဦးဇင်းလေး က ဖြစ်သွားရှာ ပြီပေါ့ ။ မျှော်လင့်တဲ့ အတိုင်း ငြီးငွေ့ စိတ်ကုန် လာပြီ ။ တိုတို ပြောရရင်ကွယ် ၊ အဖေ လူ့ဘောင် ကို စွန့်ခွာပြီး ရဟန်း ဝတ် ဦးဇင်းလေး နောက် ကို လိုက်ချင်တယ် ၊ အဲ့ဒီလိုများ လိုက်ပြီး ဦးဇင်းလေး ဆီ မှာ အားထုတ်ခွင့် ရမယ် ဆိုရင်တော့ အဖေ ဟာ လူ ဖြစ်ရကျိုး နပ်ပြီလို့ ယူဆတယ် ၊ အဲဒီလို အဖေ ရဟန်း ဝတ်ပြီး လိုက်သွား နိုင်အောင် သမီးကလေး က ပါရမီ ဖြည့်မှ ဖြစ်မယ် ။ ဒီတော့ သမီး က ပါရမီ ဖြည့်နိုင်ပါ့မလား ”

ဦးမြူ သည် ရှည်လျားစွာ ပြောပြီး နောက် သမီး ဖြစ်သူ မမယ်ဇယ်ကလေး ၏ မျက်နှာ ကို လှမ်း ၍ ကြည့် လိုက်လေ၏ ။ ထိုအခါ သမီး ဖြစ်သူ မမယ်ဇယ်ကလေး က

“ အဖေ ရယ် ၊ ဘာဖြစ်လို့ ပါရမီ မဖြည့်နိုင်ရမှာလဲ ဖြည့်နိုင်တာပေါ့ ” ဟု ဖြတ်လက်စွာ ဖြေ လိုက်လေ၏ ။

“ ကောင်းပြီ သမီး ၊ ဘယ်လို ပါရမီ ဖြည့်ရမယ် ဆိုတာကော သိသလား ” ဟု က ပြန်၍ မေးလိုက်လေ၏ ။

“ ဟင့်အင်း အဖေ ၊ အဲ့ဒါတော့ မသိဘူး ၊ အဖေ ပြောပါ ၊ အဖေ ပြောတာကို အကုန် လုပ်ပါ့မယ် ” ဟု မမယ်ဇယ်ကလေး က ပြန်၍ ပြော ရှာ လေ၏ ။

“ ဒီမှာ သမီး ၊ အဖေ ဟာ လူ့ဘောင် လူ့လောက ကို စွန့်ခွာသွားတဲ့ အခါမှာ ဒီ တစ်ယောက် တည်း ဒီ အတိုင်း ထားခဲ့ရမှာ ၊ လယ်ယာချောင်းမြောင်းတွေ ၊ ဥယျာဉ်ခြံမြေတွေ ၊ အတွင်းပစ္စည်းတွေ ၊ ငွေတွေ နဲ့ ဆန်စက်ကြီး နှစ်လုံး ရယ် နဲ့ သမီး တစ်ယောက် တည်း ထားခဲ့လို့ သင့်တော်ပါ့မလား ၊ “ မောင်တစ်ကျိပ် ပင် ရှိလင့်ကစား ၊ ခင်ပွန်းယောက်ျား မရှိပါမှု ၊ မိန်းမသည် မတင့်တယ် ” လို့ လောကနီတိ မှာ ဆိုထားတယ် ကွယ့် ၊ သမီး မှာ က မောင်တစ်ကျိပ် မပြောနဲ့ ၊ မောင် တစ်ယောက် တောင် မရှိလေ တော့ ပိုလို့တောင် ဆိုးတာပေါ့ သမီးလေး ရယ် ၊ အဲ့ဒီတော့ ဟောဒီ သတင်းကျွတ် မှာ သမီး အိမ်ထောင် ပြုရမယ် ” ဟု ဖခင် ဖြစ်သူ ဦးမြူး က ပြောလိုက်ရာ မယ်ဇယ်ကလေး က

“ ဟင် ” ဟု ရေရွတ်လိုက် လေ၏ ။

“ အိမ်ထောင် ပြုရမယ် ဆိုတာ ဒီလိုပါ သမီးရဲ့ ၊ သမီး အနေ နဲ့ မေတ္တာ မျှတဲ့ လူ ရှိရင် အဖေ့ ကို ဖွင့် ပြောပါ ၊ အဖေ ပေးစားမယ် ၊ လွတ်လပ်တဲ့လူ ဖြစ်ဖို့ရယ် ၊ တခြား ဘာသာကွဲ မဖြစ်ဖို့ရယ် ပဲ အရေးကြီးတယ် ၊ ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ ၊ အရေး မကြီးပါဘူး ၊ သမီး မှာ စီးပွားဥစ္စာ အပြည့်အစုံ ရှိသားပဲ ၊ ကဲ သမီး ၊ အဲ့ဒါ ပြောပေတော့ ” ဟု ဖခင် ဖြစ်သူ  ဦးမြူ က မေးလိုက်လေ၏ ။

“ အဖေရယ် ၊ သမီး မှာ မေတ္တာ မျှတဲ့ လူ မရှိပါဘူး ၊ အဲ့ဒါ အမှန်ပါပဲ ”

ဟု မမယ်ဇင်းကလေး က ပြန်၍ ဖြေရှာလေ၏ ။

“ ကောင်းပြီ သမီး ၊ သမီး ပြောပြလို့ သမီး နဲ့ မေတ္တာ မျှနေတဲ့ သူ မရှိဘူး ဆိုတာ တော့ အဖေ သိရပြီ ၊ သမီး မေတ္တာမျှ ချင်တဲ့ သူ ရော ရှိသေးသလား ၊ မရှက် နဲ့ သမီး ရဲရဲ သာ ပြော ၊ သမီး တော့ ဘယ်သူ့ ရဲ့ သား ကို စိတ် ထဲ က မေတ္တာ ရှိနေပါတယ် ၊ သူ က မဆွတ် လို့ သမီး က မညွှတ်ရ သေးတာပါ ဆိုတာမျိုး များ ရှိရင် လဲ အဖေ့ ကို ဖွင့်ပြော သမီး ရ ရပါစေ့မယ် ၊ အဖေ ကိုယ်တိုင် သက်ဆိုင်ရာ မိဘတွေ ဆီ မှာ သွားရောက် တောင်းရမ်းပေးပါ့မယ် ”

ဟု ဦးမြူ က ပြော ပြန်လေ၏ ။

ထိုအခါ ဖခင် ဖြစ်သူ ဦးမြူ က

“ ကဲ ကောင်းပြီ ၊ ဒီလို ဆိုရင် အဖေ သဘော တူတဲ့ လူ နဲ့ နေရာ ချ ထား ပေးမယ် သမီး သဘောတူရဲ့လား ” ဟု မေးမြန်းလေ၏ ။

“ အဖေ သင့်တော်တာကို စီမံပါ ၊ သမီး မငြင်းပါဘူး ” ဟု မမယ်ဇယ်ကလေး ဖြေ လိုက်လေ၏ ။

“ ကောင်းပြီ သမီး ၊ ဒီ သီတင်းကျွတ် မှာ အပြီး စီမံမယ် ၊ တန်ဆောင်မုန်း မှာ အဖေ တော ထွက်မယ် ၊ ကဲ ငါ့ သမီး လုပ်စရာ ရှိတာ သွား လုပ်ပေတော့ ” ဟု ဖခင် ဖြစ်သူ ဦးမြူ က ပြောလိုက် လျှင် မမယ်ဇယ်ကလေး သည် ဖခင် ဖြစ်သူ အနီး မှ ရိုကျိုးစွာ ထ၍ မီးဖိုဆောင် သို့ ဝင်သွား လေတော့၏ ။

ဤ နောက်ဆုံး စကား မှာ ဖခင် ဖြစ်သူ ဦးမြူ က မမယ်ဇယ်ကလေး ၏ စိတ် ကို စမ်းသပ်လိုက်ခြင်း ဖြစ်၏ ။ အမှန်စင်စစ် ဖခင် ဖြစ်သူ က သီတင်းကျွတ် တွင် အိမ်ထောင် ချထား ပေးမည် ။ တန်ဆောင်မုန်း တွင် မိမိ တောထွက်တော့မည် ဟု ပြော လိုက် လျှင်သမီး ဖြစ်သူသည် “ ဘယ့်နှယ်လဲ အဖေ ” ဟု မေးရန် ရှိ၏ ။

ယခုမူ မမယ်ဇယ်ကလေး သည် မည်သူမည်ဝါ ဖြစ်သည် ကို မျှ မမေးတော့ ဖခင် ပေးစားမည့် သူ အား မငြင်း မဆန်ဘဲ ယူ ရန် အသင့် ဖြစ်နေပြီ ဖြစ်ကြောင်း ထင်ရှား လှပေ၏ ။

ထို့နောက်တွင် ကား စက်သူဌေးကြီး ဦးမြူ သည် သမီး ဖြစ်သူ မမယ်ဇယ် အား မကြာခဏ ဆိုသလို အောက်ပါ အတိုင်း သွန်သင် ဆုံးမလေ့ ရှိလေ၏ ။

“ ဒီလိုကွယ့် သမီး ရဲ့ ၊ မိန်းမတွေ မှာ ဖောက်ပြန် ပျက်စီး နိုင်တဲ့ အကြောင်းတရာ ဆယ့်သုံးပါး ကို ဟိတောပဒေသ မှာ အတည့်အလင်း ဆိုထားတယ် ကွယ့် ၊ အဲဒါတွေ က ဘာတွေလဲ ဆိုတော့ မိခင် နဲ့ မကြီးပြင်းခဲ့ရဘဲ ဖခင် နဲ့ သာ ကြီးပြင်းရတဲ့ အဖြစ်ဟာ အကြောင်း တစ်ခု အနေနဲ့ပါတယ် ၊ အဲဒါ ပါဠိ လို တော့ “ ပိတုမန္ဒိရံဝသန ” လို့ ခေါ်တယ်ကွယ့် ၊ ပြီးတော့ ကိုယ်ပိုင် လွတ်လပ်ခွင့် ရ နေတဲ့ မိန်းမမျိုး လဲ ဖောက်ပြန် ပျက်စီး နိုင်တယ်ကွယ့် ။ အဲဒါကို “ သပဌာန ” လို့ ခေါ်တယ် ၊ ပျော်ပွဲတွေ ၊ ကပွဲတွေ ၊ အခမ်းအနားတွေ မှာ မကြာခဏ ပါဝင် ရင် လဲ မကောင်းပြန်ဘူး သမီး ရဲ့ ၊ “ ယာတြောဿဝ အင်္ဂတိ ”  လို့ ခေါ်တယ် ၊ နောက် တစ်ခု ကတော့ ကိုယ့် အိမ် ကိုယ် မနေဘဲ အိမ်တကာ လျှောက် လည် နေရင်လဲ ပျက်စီးတတ် တာပဲ ၊ “ အနိယမဝါသ ” တဲ့ ကွယ့် ၊ ယောက်ျားတွေ နဲ့ ဝိုင်းဖွဲ့ ကာ တသောသော နေပြန်ရင်လဲ “ ပုရိသ သနိဓိ ဂေါဌိ ” တဲ့ ၊ အဲဒါ ပျက်စီးတတ်တဲ့ သဘောပဲ ၊ တစ်မြို့ နဲ့ တစ်မြို့ ကူးချည်သန်းချည် တစ်ယောက်တည်း သွားလာ နေရင်လဲ မကောင်းပြန်ဘူးကွယ့် ၊ “ ဝိဒေသဝါသ ” လို့ ခေါ်တယ် ၊ အကျင့်စာရိတ္တ မကောင်းတဲ့ မိန်းမတွေ နဲ့ အတူ တွဲဖက် ပေါင်းဖော် နေရင်လဲပဲ ပျက်စီးနိုင်တာပဲကွယ့် ၊ “ သကုသဋသံသဂ္ဂ ” လို့ ဆိုတာ ကွယ့် ၊ မကြာခဏ စီးပွား ပျက် ရင်လဲ ပဲ မိန်းမ တစ်ယောက် ဟာ ပျက်စီး သွားနိုင်ရှာတာပဲ ၊ ဒါကြောင့် ဘယ် လုပ်ငန်း မှ ပျက်စီး မသွားအောင် ဂရုတစိုက် လုပ်ဖို့ လိုတယ်ကွယ် ၊ အဲဒါကို “ နီဇာယဝုတ္တိဗျသန ” လို့ ခေါ်တယ် ၊ ကိုယ် ယူ ထားတဲ့ ယောက်ျား အဆမတန် အသက် ကြီး နေရင်လဲ ပျက်စီး နိုင်တာပဲ ၊ “ ပတိဝုဒ္ဓက ” လို့ ခေါ်တယ်ကွယ့် ။ နောက် တစ်ခု က ကိုယ့် ယောက်ျား ဟာ တခြား မိန်းမတွေ နဲ့ ပျော်ပါး နေရင်လဲ ပျက်စီး နိုင်တာပဲ ၊ အဲဒါကို တော့ “ ဣဿိတ ” လို့ ခေါ်တယ် ၊ ယောက်ျား နဲ့ အချိန် ကြာမြင့်စွာ ခွဲခွာ နေရရင်လဲ ပျက်စီး နိုင် တာပဲ ကွယ့် ၊ “ ပ ဝါသန ” လို့ ခေါ်တယ် ၊ မိန်းမ တန်မယ့် ဘိန်း ၊ ဘင်း ၊ ကစော် ၊ လှော်စာ ၊ အရက် တစ်ခု ခု စွဲနေရင်လဲ ပျက်စီးနိုင်တာပဲ ၊ အဲဒါကို “ ပါန ” လို့ ခေါ်တယ် ။ နောက် တစ်ခု က တော့ မိန်းမ တစ်ယောက် ဟာ တခြား ယောက်ျား တစ်ယောက် နဲ့ ပျော်ပါး ပေါင်းဖော် ရတယ် လို့ မကြာခဏ အိပ်မက် မက် ရင်လဲ ပျက်စီး နိုင်တယ် ၊ အဲဒါ ကို “ သုပ္ပ ” လို့ခေါ်တယ် ၊ ဒါကြောင့် ည အိပ်ခါ နီး မှာ ဘုရား ဝတ်တက်ခြင်း ပုတီးစိပ်ခြင်း စတဲ့ မနောအာရုံ ကို ကောင်းစေတဲ့ အလုပ် ကို လုပ်ပြီး မှ အိပ်ရတယ် ကွယ့် ၊ အဲဒါတွေ ကို သမီးကလေး နားလည် ထားပါ မှ သမီး ရဲ့ အိမ်ထောင်ရေး ဟာ မပျက်မစီး မယိုမယွင်း ဖြစ်လိမ့်မယ် ”

သူဌေးကြီး ဦးမြူ သည် ဟိတောပဒေသကျမ်း ကို ကိုးကား၍ သမီးကလေး မမယ်ဇယ် အား သွန်သင် လေ၏ ။ မမယ်ဇယ် လည်း ကောင်းစွာ နာယူ မှတ်သား၏ ။ ထို့နောက် တစ်ဖန် ရက် အတန်ကြာ သော အခါ၌ ဦးမြူ သည် သွန်သင်ခဲ့သော အကြောင်းအရာများ ကို မှတ်မိခြင်း ရှိ မရှိ သမီးကလေး အား စစ်ဆေး ပြန်၏ ။

သမီးကလေး မမယ်ဇယ် က ကောင်းစွာ ဖြေဆို နိုင်သော အခါတွင် အောက်ပါ အတိုင်း သွန်သင်ပြန်လေ၏ ။

“ ငါတို့ မြတ်စွာဘုရား ဟာ ကောသလ မင်းကြီး ကို မိန်းမမြတ် ဖြစ်နိုင်တဲ့ အကြောင်းတရား လေးပါး ကို ဟောကြားခဲ့ဖူးတယ် ၊ အဲဒါတွေ က ဘာတွေလဲ ဆိုရင် “ သီလဝတီ ” အကျင့်သီလ ဣန္ဒြေသိက္ခာ ရှိခြင်း  ၊ “ မေဓာဝီနီ ” အမြော်အမြင် ဆင်ခြင်ဉာဏ် ရှိခြင်း တဲ့ ၊ “ သဿုဒေဝါ ” ယောက္ခမ ကို အိမ်ဦးနတ် ကဲ့သို့ ဆည်းကပ်ခြင်း ၊ “ ပတိဗ္ဗတာ ” လင် ကို လွန်စွာ ယုယ မြတ်နိုးခြင်း တဲ့ ၊ ဒီ အချက် လေးချက် ဟာ သမီး လိုက် ရမယ့် အချက်တွေ ပဲ ”

သူဌေးကြီး ဦးမြူ သည် အထက်ပါ အတိုင်း သွန်သင် ဆုံးမပြီး နောက် ရက် အတန် ကြာ လျှင် သမီးကလေး မှတ်မိခြင်း ရှိ မရှိ ပြန်လည် စစ်မေးပြန်၏ ။ သမီးလေး ကောင်းစွာ ဖြေဆိုနိုင်သော အခါ၌ မူ ရှေ့ ဆက်၍ မိန်းမ နှင့် ပတ်သက်သော မှတ်သားသင့်သည် များ ကို မှတ်သား ခိုင်းပြန်၏ ။

“ မိန်းမတွေ မှာ အစား နှစ်ပြန် ၊ ဉာဏ် လေးဆ ၊ လုံ့လ ခြောက်ပုံ ၊ ကာမဂုဏ်ရှစ် ယောက်ျား ထက် ပိုတယ် လို့ စဏကျ ဆရာ က ဆိုထားတယ် ၊ ဒီလို မဖြစ်ရအောင် ဂရုစိုက်ပေါ့ ကွယ် ”

ဦးမြူ သည် ဤသို့လျှင် မိန်းမများ နှင့် စပ်သမျှ ကို သမီးကလေး မမယ်ဇယ် အား နေ့စဉ် ရက်ဆက် ဆိုသလို သွန်သင်ခဲ့လေ၏ ။ သမီးကလေး မမယ်ဇယ် က လည်း ကောင်းစွာ မှတ်သား လိုက်နာလေ၏ ။

ဤသို့နှင့် ပင် သီတင်းကျွတ်လ အနီး သို့ ရောက်ရှိ ခဲ့လေတော့၏ ။ ထိုအခါ စက်သူဌေးကြီး ဦးမြူ သည် သမီးကလေး အား အနီးသို့ ခေါ်ယူ ပြန်၍

“ သမီးရေ ၊ သမီး နဲ့ နေရာ ချထားပေးမယ့် သူ ကို အဖေ ပြောတော့မယ် ၊ သူ ကတော့ တခြားလူ မဟုတ်ဘူးကွယ့် ၊ အဖေ့ စက်ကြီးမှာ မန်နေဂျာ လုပ်နေတဲ့ မောင်ခင်ဦး ပဲ ။ ဒီ သူငယ် ကို အဖေ ဟာ ခြောက်နှစ် လောက် လေ့လာ အကဲခတ် ပြီး ပြီ ၊ သုံးလ မှာ တစ်ခါလောက် ၊ လေးလ မှာ တစ်ခါလောက် တော ကို ပြန်ပြီး ၊ သူ့ ရဲ့ မိခင် မုဆိုးမကြီး ကိုငွေ ပြန်ပြီး ပို့ တာက လွဲလို့ အသုံးအဖြုန်း အသောက်အစား လဲ မရှိဘူးကွယ့် ၊ ရိုးလိုက်တာ လဲ လွန်ပါရော ၊ လူကြီး ကို ရိုသေတဲ့ နေရာ မှာ လဲ အဖေ တွေ့ ဖူးတဲ့ လူငယ် ထဲ မှာ ပြိုင်စံရှားပါပဲကွယ် ” ဟု ပြောလေ၏ ။

မမယ်ဇယ် က မူ ကောင်းသည် ဟု လည်း မပြော ။ ဆိုးသည် ဟု လည်း မဆိုဘဲ ငြိမ်၍ နားထောင် နေလေ၏ ။

“ ငါ့ သမီး သဘောကျတယ် မဟုတ်လား ” ဟု ဖခင် ဖြစ်သူ ဦးမြူ က ပြော လိုက်လေ၏ ။

“ သမီး သဘော ကျ မကျ တာ အရေး မကြီးပါဘူး အဖေ ရယ် ၊ သမီး ပြောပြီး ပါရောလား ၊ အဖေ့ ကို ပါရမီ ဖြည့်ရမှာ ဆိုတော့ အဖေ သင့်တော် လို့ စီမံတာ ကို သမီး မငြင်းပါဘူး ” ဟု မယ်ဇယ်ကလေး က ပြန်၍ ပြောလျှင် ဦးမြူ က

“ သာဓုကွယ် ၊ သာဓု ၊ သာဓု ” ဟု ကျေနပ် ဝမ်းမြောက်စွာ ပြောလိုက်လေ တော့၏ ။

ဦးမြူ သည် သမီး ဖြစ်သူ ထံ မှ ကတိ စကား ကို ကြားရ လျှင် ၎င်း စက် မန်နေဂျာ ဖြစ်သူ မောင်ခင်ဦး အား ခေါ်ယူ ပြန် လေ၏ ။ မန်နေဂျာ မောင်ခင်ဦး လည်း ဦးမြူ အနား သို့ ရိုကျိုးစွာ လာရောက်လေ၏ ။

“ ထိုင်စမ်းပါဦး မောင်ခင်ဦး ရဲ့ ” ဟု ဦးမြူ က ကု,လားထိုင် ၌ အထိုင် ခိုင်းသည့် တိုင်အောင် မောင်ခင်ဦး က

“ ရပါတယ် ခင်ဗျာ ၊ မထိုင်ပါရစေနဲ့ ၊ သူဌေးမင်း အမိန့် ရှိ လိုတာကို အမိန့် ရှိပါ ခင်ဗျာ ၊ ကိုယ့် ထက် အသက် အားဖြင့် လည်းကောင်း ၊ ဂုဏ် အားဖြင့် လည်းကောင်း ကြီးတဲ့ လူ နဲ့ ရင်ပေါင် တန်းပြီး နေထိုင်ဖို့ မသင့်ပါဘူး ၊ ဒီလို မနေဖို့ ကို လဲ ကျွန်တော့် ရဲ့ မေမေ က ငယ်စဉ် က ပဲ ဆုံးမ ထားပါတယ် ”

ဟု ပြော၍ ဦးမြူ ၏ ရှေ့ တွင် ယို့ယို့ကလေး ရပ်မြဲ ရပ် ၍ နေလေ၏ ။ ထိုအခါ ဦးမြူ သည် လွန်စွာ သဘောကျ၍

“ သာဓုကွယ် ၊ သာဓု အခု ခေတ် လူငယ်တွေ မှာ ဒီလို ဂါရဝ တရားမျိုးတွေ ပျောက် ကုန်ပြီကွယ့် ၊ မောင်ခင်ဦး ရေ တိုတိုပဲ ပြောမယ်ကွယ် ” ဟု အစချီကာ ဦးမြူ သည် မိမိ ရဟန်း ဝတ်တော့မည် ဖြစ်ကြောင်း ၊ သမီးကလေး နှင့် နေရာ ချထားပေးခဲ့ လိုကြောင်း ပြောလေ တော့၏ ။

ထိုအခါ မောင်ခင်ဦး က

“ မတော်ပါဘူး ခင်ဗျာ ၊ ကျွန်တော် က ဆင်းရဲသား ပါ ၊ ဦး သမီး မမယ်ဇယ်ကလေး က သူဌေးသမီး ပါ ၊ ရုပ်ရည်ကလေး ကလဲ ချော လိုက်တာ မှ ဦးရယ် ၊ ကျွန်တော် နဲ့ မထိုက်ပါဘူး ၊ မင်းထိုက် စိုးထိုက်ကလေး ပါ ၊ မင်းထဲ စိုးထဲ သူဌေး ထဲ က သင့်လျော်ရာ ကို ရှာပြီး နေရာချ ပေးပါ ၊ ကျွန်တော့် လို  ငပမွှား နဲ့ ပေးစား ရင် မိန်းကလေး အဖို့ အလွန်ပဲ နစ်နာပါတယ် ”

ဟု အထိတ်တလန့် အမူအရာ နဲ့ ငြင်းဆို လိုက်ရာ သူဌေးကြီးဦးမြူ က

“ မောင်ရင် က ဦး စိတ်ဓာတ် ကို မသိသေးဘဲ ကိုး ၊ ဦး ဟာ ပစ္စည်းဥစ္စာ နဲ့ ရာထူး ဂုဏ်သိန် ကို ဒီလောက် အထင် မကြီးဘူး ကွယ့် ၊ ရိုးသားမှု ကို ပဲ တန်ဖိုး ထားတာ ၊ ဒီမှာ မောင်ခင်ဦး ရွှေပင်နား တော့ ရွှေကျေး ဆိုတဲ့ စကား ကြားဖူးတယ် မဟုတ်လား ၊ မင်း ဟာ မင်း ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ ၊ သူဌေး သမီး ကို ရတော့လဲ သူဌေး ဖြစ်ရ တာပေါ့ကွ ၊ အခုဟာ က မမယ်ဇယ်ကလေး ဟာ သူဌေးသမီး တောင် မဟုတ်တော့ဘူး ၊ ဦး က ပစ္စည်းတွေ အားလုံး လွှဲခဲ့ပြီး ရဟန်းဘောင် ကို သွားတော့မယ် ဆိုတော့ သူ ကိုယ်တိုင် သူဌေးမလေး ဖြစ်နေပြီ ကွယ့် ၊ ဒီတော့ သူဌေးမ နဲ့ အကြောင်း ဆက်တော့ မင်း လဲ သူဌေး ဖြစ်ရောပေါ့ ငါ့ လူ ရဲ့ ” ဟု ပြော လိုက်ရာ လွန်စွာ ရိုးသားသော မောင်ခင်ဦးကလေး က “ ဦး သဘော အတိုင်းသာ စီမံပါတော့ ခင်ဗျာ ” ဟု ပြောလိုက်လေတော့၏ ။

ထို အချိန် မှ စ၍ ဆန်စက်သူဌေးကြီး ဦးမြူ သည် လွန်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး လျှင် သမီးကလေး မယ်ဇယ် အား မိန်းမ တို့ သိသင့် သိထိုက်သော အကြောင်း အရာများ ကို ထပ်မံ၍ အနီးကပ် သွန်သင်ပြန် လေတော့၏ ။

“ သမီးရေ ၊ မိန်းမ တို့ မှာ အပြစ် ခုနှစ်ပါး ရယ် လို့ ရှိတယ် ၊ အဲဒါတွေက ဘာတွေလဲ ဆိုတော့ ဖောက်ပြန် မှားယွင်းတဲ့ အကျင့် ကိုကျင့်ခြင်း “ အသတ ” ၊ မစူးစမ်း မဆင်ခြင်ဘဲ ပြုလုပ်တတ်ခြင်း “ သာလသာ ” လို့ ခေါ်တယ် ။ လိမ်လည်လှည့်ဖြား ကောက်ကျစ်ခြင်း “ မာယာ ”  လို့ ခေါ်တယ် ။ ဝန်တိုစိတ် များခြင်း “ မစ္ဆရိယ ” လို့ ခေါ်တယ် ။ တဏှာရာဂလောဘရမ္မက် ထူပြောခြင်း “ အတိလုဒ္ဓ ” လို့ ခေါ်တယ် ။ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် လုပ်ရမယ့် ကိစ္စတွေ မှာ မလုပ်တတ်ခြင်း “ နိဂ္ဂုဏတွံ ”  ၊ သန့်သန့်ရှင်းရှင်း စင်စင်ကြယ်ကြယ် မရှိခြင်း “ အသောစတွံ ” တဲ့ ”

ထိုအခါ သမီး ဖြစ်သူ မမယ်ဇယ်ကလေး က “ ကောင်းပါပြီ အဖေ ၊ သမီး သေသေချာချာ မှတ်သား ထားပါ့မယ် ”

“ နောက်တစ်ခုက ဣတ္ထိသျှတ္တရ ကျမ်း မှာ ရော ၊ မဟာသုဒဿနသုတ် မှာ ရော ဖော်ပြထားတဲ့ မိန်းမ တို့ လိုက်နာရမယ့် ကျင့်ဝတ် ငါးပါး ရှိတယ်ကွယ့် ၊ မိမိ လုပ်မယ့်  လုပ်ငန်းကိစ္စတွေ မှာ လင်ယောက်ျား နဲ့ တိုင်ပင်ပြီး သဘော တူ မှ လုပ်ရမယ် ၊ လင် အိပ် မှ အိပ်ရမယ် ၊ အိပ်ရာ ဝင် မှာ လင်ယောက်ျား ကို နင်းနှိပ်ပေးခြင်း ၊ ဝေယျဝစ္စ လုပ် ပေး ရမယ် ။ လင် ဖြစ်သူ အိပ်ရာ မှ မထခင် ထရမယ် ၊ လင့် ရဲ့ မြတ်နိုး နှစ်သက်မှု ကို မှတ်သားပြီး လိုက်နာ ကျင့်ကြံရမယ် ၊ လင်ယောက်ျား နဲ့ စကား ပြောဆိုရာမှာ ရွှင်ပြုံး တဲ့ မျက်နှာ ၊ သာယာတဲ့ အသံ နဲ့ ပြော ရမယ် ”

ဟု ဦးမြူ က ပြောပြ ပြန် ရာ သမီး ဖြစ်သူ မမယ်ဇယ်ကလေး က ကောင်းစွာ မှတ်သားရပြန်၏ ။

ထို့နောက် ဖခင် ဖြစ်သူ ဦးမြူ က မယားမြတ် ရှစ်ယောက် အကြောင်း ကို ပြောပြ ပြန် လေ၏ ။

“ လောကီကျမ်းတွေ မှာ မယားမြတ် ရှစ်ယောက် ကို ဒီလို ခွဲခြမ်းထားသေးတယ် ကွယ့် ၊ လင်ယောက်ျား ကို အစားအသောက် ကျွေးတဲ့ အခါ မှာ မိခင် ကဲ့သို့ ကျွေးမွေးတဲ့ မယား ၊ လင်ယောက်ျား ကို ကောင်းစွာ အဝတ်ပြုပြင် ပြင်ဆင်ပေးတတ်တဲ့ မယား ၊ ဒါလဲ အရေးကြီးတယ် ကွယ့် ၊ တချို့ မိန်းမတွေ များ ယောက်ျား အဝတ်အစား ကို ကောင်းကောင်းမွန်မွန် လျှော်ဖွပ် မပေးလို့ သူတို့ ယောက်ျားတွေ မှာ ချေး လက်လေးသစ် နဲ့ ဝတ်နေရတာတွေ ကို တွေ့ဖူးတယ် မဟုတ်လား ၊ ပကတိ အခါမှာ လင်ယောက်ျား ကို မောင် လို အစ်ကို လို ရှက်ကြောက် တတ်တဲ့ မယား တဲ့ ၊ မေထုန် ကိစ္စ မှာ တော့ လင် ၏ မွေ့လျော်ဖွယ် ကို ပြုကျင့်တတ်တဲ့ မယား တဲ့ ၊ လင် ကို အရှင်သခင် လို သဘော ထားပြီး ကိုယ် ကတော့ ကျွန် သဖွယ် လုပ်ကိုင် ပေးတတ်တဲ့ မယား ၊ ကိုယ့် ကို ကိုယ် လဲ လှလှပပ သပ်သပ်ရပ်ရပ် ဖြစ်အောင် ဖြီးလိမ်း ပြင်ဆင်တတ်တဲ့ မယား တဲ့ ၊ လ င်ရဲ့ အပေါ် မှာ သည်းခံ နိုင်တဲ့ မယား တဲ့ ၊ ပြီးတော့ လင်ယောက်ျား အတိဒုက္ခ ရောက်တဲ့ အခါမှာ တိုင်ပင်ဖော် ရတဲ့ မယား တဲ့ ”

ဖခင် ပြောပြီးသည့် အခါ၌ သမီး ဖြစ်သူ မမယ်ဇယ်ကလေး က လည်း “ ကောင်းပါပြီအဖေ ” ဟု ဆိုကာ လိုက်နာ မှတ်သား လေ၏ ။

“ နောက် တစ်ခု ယောက်ျား ဖြစ်သူ က မိန်းမ ဖြစ်သူ ကို မယား အဖြစ် က ပယ်စွန့် နိုင် တဲ့ အကြောင်း ငါးပါး ကို ဓမ္မသတ် မှာ ဆိုထားတယ် ကွယ့် ၊ ရှစ်နှစ် တိုင်တိုင် ပေါင်းသင်း လို့ မှ သားသမီး မ ရတဲ့ မယား ကို ပယ်စွန့် နိုင်တယ် ၊ ရှစ်ယောက် ဆယ်ယောက် အထိ မွေးသမျှ  အားလုံး ဟာ သားယောက်ျားလေး မပါဘဲ သမီးတွေ ချည်း ဖြစ်နေမယ် ဆိုရင် ကွာစွန့်ချင် လို က ကွာစွန့် နိုင်တယ် ၊ မိန်းမ မှာ ကုဋ္ဌနူနာ စွဲကပ် လာရင်လဲ ယောက်ျား က ကွာချင် ရင် ကွာလို့ ရတယ် ၊ မျောက်မ ထားတဲ့ မယား ကို လဲ ကွာခွင့် ရှိတယ် ကွယ့် ၊ မျိုးရိုး အကျင့်တရား ကို ဖောက်ဖျက်မယ် ဆိုရင်လဲ ယောက်ျား လုပ် သူ က ကွာချင် ရင် ကွာခွင့် ရှိတယ်ကွယ့် အဲဒါကိုလဲ သိထားမှ ဖြစ်မယ် ” ဟု ဦးမြူ က ပြောပြလေ၏ ။

ထို့နောက် တွင် လည်း အများ သိပြီး ဖြစ်သော မယားဝတ် ငါးပါး ၊ မဃဒေ ဝလာ မယားအပြား ခုနစ်ပါး ၊ မနုဓမ္မသတ် လာ မယားခိုး မြောက်ကြောင်း ခုနစ်ချက် ၊ မိန်းမတို့ သာလျှင် ခံစားရသော ၊ အဝေဏိက ငါးပါး စသော မိန်းမ နှင့် ပတ်သက်သည့် အကြောင်းအရာများ ကို တစ်ခု မကျန် ပြောပြလေ၏ ။

ဤသို့လျှင် ကျေနပ် လောက်အောင် သွန်သင်ဆုံးမ ပြီး နောက် သီတင်းဝါလ ကျွတ် သော အခါ တွင် ဦးမြူ သည် မောင်ခင်ဦး နှင့် သမီး ဖြစ်သူ မမယ်ဇယ်ကလေး အား ကြီးကျယ် ခမ်းနားစွာ မင်္ဂလာ ဆောင်နှင်း ပေး လိုက်လေတော့၏ ။

ထိုသို့ မင်္ဂလာ ဆောင်နှင်း သည့် နေ့ ညနေပိုင်း သို့ ရောက်သော အခါ ၌ ဦးမြူ သည် ဗောဓိကျောင်း သို့ သွားရောက် ၍ ဆရာတော် ထံ ခွင့်ပန် ပြီးလျှင် ရဟန်းဘောင် သို့ ဝင်လေ၏ ။ နောက် တစ်နေ့ အရုဏ်တက် တွင် မူ ဆရာတော် အား ခွင့်ပန်ပြီး ထို ကျောင်း မှ မည်သည့် အရပ်ဒေသ ဆီ သို့ ဟု မဖော်ပြဘဲ ထွက် သွား လေတော့ သတည်း ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment