Monday, January 1, 2024

အပေးအယူ သူ နှင့် ကျွန်တော်


 

❝ အပေးအယူ သူ နှင့် ကျွန်တော် ❞

( ၁ )

“ မဟာဗန္ဓုလပန်းခြံလမ်း ကို အရင် က တော့ ဘားလမ်း လို့ ခေါ်ကြတယ် ။ ဒီ လမ်း မှာ ဘားကောင်စီရုံးခန်း ၊ ဘာရစ္စတာ ဝတ်လုံ နဲ့ ရှေ့နေရုံးခန်း တွေ ရှိသည် ။ ဒီတော့ ရှေ့နေ ရှေ့ရပ် ၊ ဘား နဲ့ ဆိုင်တဲ့ လမ်း မို့ ဘားလမ်း ခေါ်တာ လို့ အများ က ထင် ကြတယ် ။ တကယ်တော့ ဒီလို မဟုတ်ဘူး ။ မော်လမြိုင် စစ်ကဲဟောင်း ၊ နောင် မှာ လက်ထောက် ကော်မရှင်နာ မင်းကြီး ဖြစ် လာတဲ့ မစ္စတာ ဂျီးအီးဘား ( Mr. G. E. Barr ) ကို အကြောင်းပြု ပြီး ဘာလမ်း လို့ အမည် တွင် ခဲ့တာ ”

ဧမာနွေလဘုရားကျောင်း ရှေ့ မှ ဖြတ်၍ မဟာ ဗန္ဓုလပန်းခြံ လမ်း ထဲ သို့ ချိုးဝင်မိသည် နှင့် တစ်ခါ က ဆရာ တစ်ဦး ပြောခဲ့ဖူးသော စကား အချို့ကို ကျွန်တော် သတိရ လိုက် မိပါသည် ။

မဟာဗန္ဓုလပန်းခြံလမ်း မှ ဆိုင် တစ်ဆိုင် တွင် စာအုပ် တစ်အုပ် ကို မိတ္တူ ကူးရန် အပ်ပါသည် ။ အညာ မှ ကြွ လာသော ကျွန်တော် ၏ ညီ ဦးပဉ္စင်း သည် သိမ်ကြီးဈေး အပေါ်ထပ် ရှိ မျက်စိဆေးခန်း တွင် တက်၍ မျက်စိ ခွဲ နေသည် ဖြစ်ရာ ထို ဆေးခ န်းသို့ နေ့ဆွမ်း အမီ ကျွန်တော် အရောက် သွား ရပါမည် ။ ကျွန်တော့် ဇနီး နှင့် လည်း ထို ဆေးခန်း တွင် ဆုံကြရန် ချိန်းထား ပါသည် ။

ရှေ့နေရှေ့ရပ်များ ကို အကြောင်းပြု ၍ မှည့်ခေါ်ခြင်း မဟုတ် ဟု ဆိုသော်လည်း ဤလမ်း ထဲ တွင် ရှေ့နေများ ကို သာ အများဆုံး တွေ့နေရ ပါသည် ။ ဟိုနေရာ ကြည့် လည်း မည်းမည်း ၊ သည်နေရာ ကြည့် လည်း မည်းမည်း နှင့် တိုက်ပုံ အနက်တွေ ကို သာ မြင်နေရ သော ကြောင့် လှတောသား စကား နှင့် ပြောရ လျှင် ကျွဲအုပ်ကြီး ထဲ ရောက်နေသလား အောက်မေ့ရပါသည် ။

သို့သော် ထို တိုက်ပုံအနက်များ အကြား တွင် ထူးထူးခြားခြား တိုက်ပုံအဖြူ ဝတ်ထားသည့် ပုဂ္ဂိုလ် တစ်ဦး ကို ပန်းခြံ အနီး စည်းရိုးငုပင်ကြီး အောက် ၌ ကြံကြံဖန်ဖန် ဆုံတွေ့ခဲ့ရပါသည် ။

( ၂ )

“ ဟေ့ ... ခင်ဗျား အခု ဘယ်မှာ လုပ်နေလဲ ”

တရင်းတနှီး မေး လိုက်သော အသံ ကြောင့် ခြေလှမ်း ကို တုံ့ပြီး လှည့် အကြည့် တွင် တိုက်ပုံအဖြူ နှင့် လူ ကို တွေ့လိုက်ရ ပါသည် ။

ဆံပင် ကို အလယ် တည့်တည့် မှ ခွဲ၍ သေသပ်စွာ ဖြီး ထားသည် ။ အသား လတ်လတ် ၊ နှာတံ ပေါ်ပေါ်  ၊ မျက်ခုံး ထူထူ ၊ ရှပ်အင်္ကျီ ကော်လာကတုံး အဖြူရောင် ကို လည်ပင်းသီး တပ်
ထားသည် ။

တိုက်ပုံအင်္ကျီ ၏ အပေါ်ဆုံးကြယ်သီး ကို ပင် တပ်ထား သဖြင့် အဝတ်အစား ကို ဂရုစိုက်သူ ဖြစ်ကြောင်း ထင်ရှားသည် ။ ရခိုင်ပုဆိုး အစိမ်းရင့်ရောင် ကို ဝတ် ထားပြီး အနီရောင် ကတ္တီပါခင်း ဖိနပ် စီး ထားသည် ။ လက် ထဲ တွင် သံတမန်အိတ် ကိုင်ထားသော ကြောင့် အရာရှိ တစ်ဦး ဖြစ်မည် ဟု ခန့်မှန်း ရ ပါသည် ။

ခက်သည် က ဘယ်လိုပင် စဉ်းစား ကြည့် သော်လည်း ကျွန်တော် သူ့ ကို မမှတ်မိတော့ပါ ။ ကျွန်တော် မှာ ဘဝ အမျိုးမျိုး ၊ ဒေသ အမျိုးမျိုး ၌ ကျင်လည် ဖြတ်သန်းခဲ့ရ သူ ဖြစ်ရာ ဤကဲ့သို့ မိမိ ကို နှုတ်ဆက်သူ အား မိမိ က အမှတ်မိသော ဖြစ်ရပ်မျိုး ကို မကြာခဏ ကြုံတွေ့ခဲ့ ရ ဖူးပါသည် ။

ထို့ကြောင့် တစ်ဖက်သား အနေ မခက်စေရန် ခါတိုင်းလို ပင် မှတ်မိသည့် မျက်နှာပေးမျိုး ထား ၍ ဖြေဆို လိုက်ပါသည် ။

“ ကျွန်တော် ဓမ္မရက္ခိတ မှာ မလုပ်တော့ဘူး ။ ပြီးခဲ့တဲ့ ဧပြီလ က ပဲ အနားယူ လိုက်တယ် ”

“ အိုး ... ကျွတ် ... ကျွတ် နှမြောစရာ ကောင်းလိုက်တာ ”

သူ ၏ အာမေဍိတ် မှာ ကျွန်တော် ၏ အရည်အသွေး နှင့် ဝန်ဆောင်မှု ကို တန်ဖိုးထား ရာ ရောက် သောကြောင့် စိတ် ထဲ တွင် ကျိတ်ပြီး ကျေနပ်မိပါသည် ။

သူက ဆက်၍ ...

“ ကျွန်တော် ဦးရွှေမောင် ရဲ့ သားလေ ”

ဦးရွှေမောင် မှာ ဓမ္မရက္ခိတ တွင် မသိ သူ မရှိ ။ အားလုံး လေးစားရသည့် ဌာနမှူး တစ်ဦး ဖြစ်ပြီး လွန်ခဲ့သော ဆယ်နှစ် ခန့် က ပင်စင် ယူ သွား ခဲ့ပါသည် ။ ဆရာဦးရွှေမော င်၏ သား ဟု သိရ သဖြင့် ကျွန်တော် သူ့ ကို ပိုပြီး ခင်မင် သွားပါသည် ။ ယခုမှ သူ့ ကို သတိထား ကြည့်မိတော့ ဆရာဦးရွှေမောင် နှင့် ပါးစပ် က တူ သလိုလို ၊ နှာခေါင်း က တူ သလိုလို ၊ မျက်လုံး က တူ သလိုလို ထင် လာပါသည် ။ သေချာပေါက်ကတော့ ဆရာဦးရွှေမောင် သည် သူ့ လို ပဲ မျက်ခုံးမွေး ထူပါသည် ။

“ ပါပါ ဆုံးသွားတာ နှစ်နှစ် ရှိပြီ ”

သူ က ညှိုးငယ်သော မျက်နှာ နှင့် ပြောသည် ။ ကျွန်တော် စိတ် မကောင်းပါ ၊ ဆရာ ဆုံး စဉ်က နာရေးကြော်ငြာ ကို သတင်းစာ တွင် တွေ့လိုက်ရ သော်လည်း ကျွန်တော် နယ် ရောက်နေခိုက် ဖြစ်၍ လိုက် မပို့ဖြစ်ခဲ့ပါ ။

“ ပါပါ က  အမြော်အမြင် ကြီးတယ် ၊ သဘော လည်း ပြည့်တယ် ။ ကျွန်တော်တို့ အဖို့ တော့ ရွှေတောင်ကြီး ပြိုသွား သလိုပါပဲ ”

ဝမ်းပန်းတနည်း ပြော နေသော သူ့ ကို ဘယ်လို နှစ်သိမ့် ရမည် မသိ သဖြင့် ခပ်မဆိတ် ပင်
နေ လိုက်ပါသည် ။

“ ဒါနဲ့ နေတော့ အခု ဘယ်မှာ နေသလဲ ”

သူ က မေး ပါသည် ။

“ ပြည်ကြီးမွန် လမ်း မှာ နေတာပါ ”

“ ဟာ ... ကျွန်တော် လည်း ပြည်ကြီးမွန်လမ်း မှာ နေတာပဲ ။ အိမ်နံပါတ် သုံးဆယ့်ရှစ် လေ ။ ဩော် ... ဒါကြောင့် တွေ့တွေ့ နေတာကိုး ”

တရားရုံးချုပ် နာရီစင် မှ လက်တံများ ကို ကျွန်တော် လှမ်း ကြည့်ပါသည် ။ မဟာဗန္ဓုလ
ပန်းခြံလမ်း ထဲ သို့ အဲယားကွန်းဘက်စ် ကားကြီး တစ်စီး ဝင် လာပြီး ထိုး ရပ် လိုက်ရာ ခရီးသည်များ အလျှိုလျှို ဆင်း လာကြ၏ ။

“ တစ်လမ်းတည်း နေတဲ့ လူချင်း ပဲ ။ လာ လည်ရအောင် လိပ်စာလေး မှတ်ထားလိုက်ပါဦး ။ လာပါ ”

သူ က ပလက်ဖောင်း ပေါ် မှ ဆင်း ပြီး လမ်းဘေး တွင် တန်းစီ ရပ်ထားသော ကားများ အကြား မှ ဆလွန်းကား အဖြူ တစ်စီး အနီး တွင် သွား ရပ်နေ သဖြင့် ကျွန်တော် လည်း
ဆင်း လိုက် သွားရပါသည် ။

ကား ကြား ထဲ ရောက်သွားသော အခါ သူ က ဘောလ်ပင် လှမ်း ပေးပြီး သူ့ လိပ်စာ နှင့် ဖုန်းနံပါတ်တွေ ရွတ်ပြ နေရာ မှတ်စုစာအုပ် ကို ထုတ်ပြီး ကျွန်တော် လိုက် မှတ် နေရပါသည် ။

“ ကျွန်တော် စက်ရုံမှူး ဖြစ်နေပြီ ။ ကား ပါတယ် ။ အမ်ဒီ လည်း ပါတယ် ”

ဆရာရွှေမောင် ကွယ်လွန် သွား သော်လည်း ကျန်ရစ်သူ ဆရာ့ သားသမီး များ ကောင်းစား နေသည် ကို တွေ့ရ သဖြင့် ကျွန်တော် မုဒိတာ ပွား မိပါသည် ။

သူ က ကားဖြူလေး အနီး သို့ တိုးကပ် သွားကာ တံခါး ကို ဆွဲ ဖွင့်တော့ မလို ကိုယ် ကို ကိုင်းညွှတ် လိုက်ပြီး မှ မဖွင့်သေး ဘဲ ကျွန်တော့် ဘက် သို့ လှည့် ၍ -

“ ဆေး လာ ထုတ်တာ ။ ကြုံတုန်း ပေး လိုက်ချင်တယ် ။ ဘာဆေး လိုချင်လဲ ။ ဘားပလက် ၊ ဗီတာဇုံ ၊ စီဗစ် ၊ ဗျူရာမင်ဘီစီ ၊ အနာဂျက်စင် ၊ ဘတ်စပရို ... ”

သူ က ဆေးနာမည်တွေ တသီကြီး ဆက် ရွတ် နေပါသည် ။ တောတော် စေတနာ ကောင်းတဲ့ လူပဲ ။

“ ကျေးဇူး တင်ပါတယ် ၊ တော်ပါပြီ ၊ မလိုပါဘူး ၊ မပေးပါနဲ့ ”

ကျွန်တော် က အားနာနာ နှင့် ငြင်း ပါသည် ။ တကယ်လည်း အဆိုပါ ဆေးများ ကျွန်တော့် အတွက် လိုအပ်ခြင်း မရှိပါ ။

“ ယူသွား ပါ ၊ သူများ ဆိုရင် မပေးဘူး ၊ ပါပါ့ တပည့် ဆိုတော့ ပေးလိုက် ချင်တယ် ၊ ဂျယ်ရီယာဗစ် ရော ယူမလား ။ ပါတယ် ”

“ ဂျယ်ရီယာဗစ် ဟုတ်လား ”

ကျွန်တော် ဟန် မဆောင်နိုင် ဘဲ မေး လိုက် မိပါသည် ။ ကျွန်တော့် မျက်လုံးတွေ လည်း ဝင်းလက် နေမှာ သေချာပါသည် ။

ဤနေရာ တွင် ကျွန်တော် ဒုက္ခ တစ်ခု အကြောင်း ကို ပြောပြချင် ပါသည် ။ ကျွန်တော့် တွင် ရောဂါ ဝေဒနာ ကြီးကြီးမားမား မရှိသော် လည်း ဘယ်ဘက် မျက်စိ က မကြာမကြာ ဒုက္ခ ပေး ပါသည် ။ မျက်စိ နာ သလိုလို ၊ မျက်မှေး ရောင် သလိုလို ဖြစ်ပြီး မျက်ရည် တရွှဲရွှဲ ကျ နေ တတ်ပါသည် ။

ဆရာဝန် နှင့် ပြ ကြည့်တော့ လည်း ဘာ ရောဂါ မှ မတွေ့ပါ ။ မျက်ရည်လမ်းကြောင်း ပိတ်သည် ထင် ၍ ဆေးကြော ခဲ့ သော်လည်း ယင်း ဝေဒနာ မပျောက်ပါ ။ မျက်ရည် ကျ မြဲ ကျ ပါသည် ။

ဝဋ်နာ ကံနာ နေမှာပဲလေ ဟု သဘောထား ၍ သာ ကြိတ်မှတ် ခံစား နေခဲ့ရ ပါသည် ။ တစ်နေ့ တွင် မိတ်ဆွေ တစ်ဦး ထံ မှ ဂျယ်ရီယာဗစ် ဆေး တစ်ဘူး ရ သဖြင့် အားဆေး အဖြစ် သောက်သုံး ခဲ့ ရာ မမျှော်လင့်ဘဲ ယင်း ဝေဒနာ ပျောက်ကင်း သွား ပါသည် ။

မျက်ရည် မကျတော့ပါ ။
( ဆေးပညာ သဘော အရ ထိုသို့ ဖြစ်နိုင်ခြေ ရှိ မရှိ ကျွန်တော် မသိပါ ။ ကျွန်တော် ၏ ကိုယ်တွေ့ ကို ပြောပြခြင်း သာ ဖြစ်ပါသည် ။ )

ဂျယ်ရီယာဗစ် ဆေး ကို မှန်မှန် သောက်ခဲ့ ရာ နောက်ပိုင်း တွင် ဆေးဝါးစက်ရုံ မှ မထုတ်တော့ ၍ လား မသိ ။ ဆေး ဝယ် မရတော့ပါ ။ ရပြန် တော့ လည်း ဆေးတောင့်များ အစေး ပေါက် ၍ ပူးကပ် နေ ပါသည် ။ အချို့ ပေါက်ပြဲ ပြီး ဆေးမှုန့်တွေ ထွက်ကျ နေ သဖြင့် သောက် မရတော့ပါ ။ ယင်း ဆေး ဝယ် မရတော့သည့် နောက်ပိုင်း တွင် ကျွန်တော့် မျက်စိ ဝေဒနာ လည်း ပြန် ပေါ်လာခဲ့ ပြန်ပါသည် ။

ထို အခြေအနေမျိုး တွင် သူ့ ထံ မှ ဂျယ်ရီယာဗစ် ဟူသော အသံ ကို ကြားလိုက်ရသည့် အခါ ၌ ကျွန်တော့် မှာ ပြော မပြနိုင်လောက် အောင် ဝမ်းသာ သွားမိ ပါသည် ။ ယင်း ဆေး ကို လိုချင်သည့် လောဘစိတ် တွေလည်း တဖွားဖွား ပေါ် လာ ပါသည် ။

“ ဟုတ်တယ်လေ ၊ ဂျယ်ရီယာဗစ် ၊ ယူမလား ”

“ ဂျယ်ရီယာဗစ် ဆိုရင်တော့ လိုချင်သား ဗျာ ”

“ ယူလိုက်လေ ၊ ဝစ်ဟိုမုန်းနော် ”

“ ဟုတ်ကဲ့ ၊ ဟိုမုန်း ပါတာပဲ ယူ ပါ့မယ် ”

“ ရတယ် ၊ သုံးဘူး ယူလိုက် ၊ သုံးဘူး ”

“ ဗျာ ... သုံးဘူး တောင် ”

“ ဘာလဲ ပေးနိုင်တုန်း ပေး ရတာ ၊ ယူသာ ထားလိုက် ။ သူများ တော့ မပေးဘူး နော် ၊ ဘရာသာ ကို တောင် ပါပါ့ တပည့် မို့ ပေးတာ ။ ပါပါ ဆုံးသွားတာ ကျွန်တော့်တို့ သိပ် နစ်နာတယ် ။ တခြား ဘာဆေး ယူဦးမလဲ ။ မျက်စိ အတွက် ဆိုရင် အေဒီဗစ် တို့ ၊ ဘီဗစ် တို့ ရော ယူဦးပေါ့ ”

“ မယူတော့ပါဘူး ၊ ဂျယ်ရီယာဗစ် ရတာပဲ ကျေးဇူး တင်လှပါပြီ ”

သူ က ကျွန်တော့် ထံ မှ ဘောလ်ပင် ကို ပြန် ယူပြီး တိုက်ပုံအိတ် တွင် စိုက် ပါသည် ။ လက်ကိုင်ပဝါ ကို ထုတ် ၍ အခေါက် မပျက် မျက်နှာ ကို ဖွဖွလေး တို့ ပြီး ချွေး သုတ်ပါသည် ။

ထို့နောက် သံတမန် အိတ် ကို လက်ပြောင်း ကိုင် လိုက်ပြီး အား သွားသော လက် ကို လှန် ၍ လက်ချောင်းလေးများ ကို ကွေးချည် ၊ ဆန့်ချည် လုပ် ရင်း ပြောပါသည် ။

“ လေးထောင့်ကိုးရာ နဲ့ ဆယ့်ငါးကျပ် ကျတယ် ။ ပေး ... ပေး ”

ဘယ်လိုကြီးလဲ ဟ ၊ တစ်မျိုးကြီး ပဲ ။ မမျှော်လင့်သော စကား ကို ကြား လိုက်ရ၍ ကျွန်တော် အံ့အားသင့် သွား ပါသည် ။ အလကား ပေးမည့် သဘော ပြောဆို နေရာမှ ဆေးဖိုး အတောင်း ခံ လိုက်ရသော ကြောင့် ခပ်အမ်းအမ်း ဖြစ် သွားပါသည် ။ နောက်မှ ဩော် ဒီ ကာလ မှာ အလကား ရတာ ရယ် ဘယ်မှာ ရှိပါ့မလဲ လေ ။ သူတို့ လည်း ဆေး လာ ထုတ်တုန်း အပြင် မှာ ထည့် ရောင်းပြီး အပို ဝင်ငွေ ရှာ တာ ထင်ပါရဲ့ ဟု တွေးရင်း စိတ်လက် ပြန်လည် ပေါ့ပါး သွားပါသည် ။

ထိုနေ့ က ကျွန်တော့် တွင် ငွေ တော်တော်များများ ပါ လာ ခဲ့ရာ အိတ် ထဲ မှ တစ်ထောင်တန် အုပ် ကို ထုတ် ပြီး ငွေစက္ကူ ငါးရွက် ကို ဖြုတ် ၍ သူ့ ကို ပေး လိုက်ပါသည် ။

“ ခဏစောင့် နော် ။ ဆေးသွား ထုတ် နေတုန်း မို့ ဆယ်မိနစ် လောက် ကြာရင် ရမယ် ။ ပို တဲ့ ငွေ လည်း ပြန် အမ်း မယ် နော် ”

သူ က တစ်ထောင်တန်များ ကို အိတ် ထဲ သို့ ထည့် ပါသည် ။ ထို့နောက် သူ့ အိမ် လိပ်စာ အတိုင်း လာ လည်ရန် နှင့် ဖုန်း ဆက်ရန် ပြောပါသည် ။ ပါပါ ဆုံး သွားတာ ကျွန်တော်တို့ သိပ် နစ်နာတာပဲ ဗျာ ဟု လည်း ထပ် ပြောပါသည် ။

“ ပန်းဟေဝန် ရှေ့ မှာ စောင့် နေနော် ။ ဆယ်မိနစ် ပဲ စောင့် ။ ကျွန်တော် ဆေး သွား ယူလိုက်ဦးမယ် ”

သူ က ပန်းဟေဝန် စားသောက်ဆိုင် ကို လက်ညှိုး ဖြင့် ညွှန်ပြ ၍ ကျွန်တော့် ကို မှာကြား ရင်း ကုန်သည်လမ်း ဘက် သို့ လျှောက်သွား ပါသည် ။

ပန်းဟေဝန် ရှေ့ မှာ ကျွန်တော် ရပ်ပြီး စောင့် နေပါသည် ။ ဆယ်မိနစ် ပြည့် သွား သော်လည်း မလာသေးပါ ။ အလုပ် မပြီးသေး လို့ ထင်ပါရဲ့ လေ ။ ထုတ်ရမယ့် ဆေးတွေ က လည်း များတယ် ထင်ပါရဲ့ ။ ကျွန်တော် ဆက် စောင့်ပါသည် ။ မိနစ်နှ စ်ဆယ် ကြာသွား သော်လည်း ပေါ် မလာသေးပါ ။ နာရီဝက် ကျော် သွားသည့် အခါတွင် တော့ ကျွန်တော် စိတ်နှလုံး တုံးတုံး ချ လိုက်ပါသည် ။ သွားပြီ ။ ကျွန်တော် အလိမ် ခံ လိုက်ရပြီ ။

( ၃ )

ဒေါသ ရှို့မြိုက်သော ကိုယ် ကို ဆောင်ကြဉ်း လျက် သိမ်ကြီးဈေး သို့ ချီတက် ခဲ့ ရသည် ။ “ သက်သက်မဲ့ ဗျာ ၊ မလိမ်ကောင်း လိမ်ကောင်း ၊ ငါ့ ကို လိမ်သွား လိုက်တာ ။ ဆရာရွှေမောင် ရဲ့ သား တဲ့ ။ ဆရာ့ နာမည် ကို လည်း အလွဲသုံးစား လုပ်သွား သေးတယ် ။ စက်ရုံမှူး တဲ့ ၊ ကား ပါတယ် တဲ့ ၊ အမ်ဒီ ပါတယ် တဲ့ ။ အလကား လှိမ့်လုံးတွေ ။ တစ်ခု မှ အမှန် မဟုတ်ဘူး ။ ကားဖြူလေး က ပဲ သူ့ ကား လိုလို ။ အိုက်တင် လုပ် ပြနေသေးတယ် ။ လိပ်စာ ၊ ဖုန်းနံပါတ် အတုတွေ က လည်း ပေးသွား လိုက်သေး ။ ( နောင်တွင် ယင်း ဖုန်းနံပါတ်များ ကို ကျွန်တော် လှည့် ကြည့်ရာ “ လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်း မှာ တပ်ဆင်ခြင်း မပြုရသေးပါ ရှင် ” ဟူသော ဖြေဆိုသံ ကို ကြားရပါသည် ။ ) ငါ့ မှာ တော့ စားသောက်ဆိုင် ရှေ့ မှာ နာရီ တကြည့်ကြည့် နဲ့ စောင့် လိုက်ရတာ ။ လာသမျှ အသိတွေ လည်း နှုတ်ဆက်ရ သေးတယ် ။ ရှက်စရာ ကောင်း လိုက်တာ ။ အချိန်တွေ သိပ် နှမြောစရာ ကောင်းတာပဲ ။ တော်တော် ဆိုးတဲ့ လူ ”

တနုံ့နုံ့ နှင့် စဉ်းစား လိုက် တိုင်း ဒေါမနဿ ပွား နေပါသည် ။

သိမ်ကြီးဈေး အပေါ် ထပ် ရှိ မျက်စိဆေးခန်း သို့ ရောက်သွားသည့် အခါတွင် တော့ ကျွန်တော့် အရင် ရောက်နှင့် နေသော ဇနီးသည် ကို တွေ့ ရပါသည် ။

“ ရှင် က လည်း ကြာ လိုက်တာ ။ ဦးပဉ္စင်း ကို တောင် ဆွမ်းကပ် ပြီးသွားပြီ ”

ဦးပဉ္စင်း မှာ ကြိမ်ကု,လားထိုင် ထက် မှ နေကထိုင် ပေါ် တွင် သီးတင်းသုံး လျက် ရှိပါသည် ။ ဦးပဉ္စင်း ခွဲ ထားသော မျက်လုံး ပေါ် တွင် ယောက်သွား သဏ္ဌာန် ပလတ်စတစ်ခွက် အုပ် ပြီး ပလတ်စတာ ကပ် ထားသည် ကို တွေ့ရပါသည် ။

ဦးပဉ္စင်း က မျက်စိ ခွဲသည့် ကိစ္စ အဆင်ပြေကြောင်း ပြောပါသည် ။

ဦးပဉ္စင်း နှင့် အညာ အကြောင်း ၊ ရွာ အကြောင်း ၊ ဆွေမျိုးများ အကြောင်း ပြောကြပါသည် ။

ထို့နောက် ဒေါသ ဦးစီးခဲ့သော ကျွန်တော် ၏ စိတ် မှာ အနည်းငယ် တည်ငြိမ်မှု ရှိလာ သဖြင့် ဇနီးသည် အား ဘားလမ်း တွင် ကြုံတွေ့ ခဲ့ရသည့် ဇာတ်လမ်း အစုံ ကို အသေးစိတ် ပြောပြပါသည် ။

ဦးပဉ္စင်း က လည်း ကု,လားထိုင် ပေါ် မှ နားစွင့် နေပါသည် ။ ပြောရင်း ပြောရင်း ရှက်စိတ် ၊ ခံပြင်းစိတ် တို့ က ရိုက်ခတ်သော ကြောင့် ဒေါသ လှိုင်းတံပိုးများ ထကြွ လာကြ ပြန်ရာ
ကျွန်တော့် အသံတွေ တုန် နေပါသည် ။

“ ငါ ဖြင့် ရှက် လည်း ရှက် ၊ ဒေါသ လည်း ထွက် လိုက်ပုံများတော့ မပြောပါနဲ့တော့ ကွာ ”

ကျွန်တော့် ဇနီး မှာ မျက်မှောင်ကြုတ် ပြီး အသာ ငြိမ် ၍ နားထောင် နေပါသည် ။ စကား ဆုံး ၍ ဦးပဉ္စင်း ကို လှမ်း ကြည့် လိုက်ရာ မိန့်မိန့် ကြီး ပြုံး နေသည် ကို တွေ့ရပါသည် ။

“ ဦးပဉ္စင်း က ဘာ ပြုံးတာလဲ ဘုရာ့ ၊ ဒီမှာ စိတ် တိုနေရတဲ့ အထဲ ”

“ ပြုံးစရာ တွေ့ လို့ ပြုံးတာပေါ့ ဒကာကြီး ရဲ့ ”

ဆက်လက်၍ ဦးပဉ္စင်း က ဤသို့ မိန့်ဆိုပါသည် ။

“ ပေါ်ပြီလေ ဒကာကြီး ရဲ့ ပေါ်ပြီ ။ မှောက် ထားသော ခွက် ကို လှန်ဘိ သကဲ့သို့ ၊ ဖုံး ထားသော အဝတ် ကို ချွတ်ဘိ သကဲ့သို့ ဒကာကြီး ရဲ့ ဇာတိရုပ်တွေ ပေါ် လာပြီ ။ လက်စသတ်တော့ ဒကာကြီး က လူလိမ် ကိုး ။ အတိတ် ဘဝ တုန်း က သူ တစ်ပါး ပိုက်ဆံ ကို လိမ်လည် လှည့်ဖြားပြီး ယူခဲ့တဲ့ လူကိုး ။ ကံ ဆိုတာ တူသော အကျိုး ကို ပေးတတ်တဲ့ မျိုးစေ့ နဲ့ တူတယ် တဲ့ ။ သရက်စေ့ ကို ပျိုး ခဲ့လို့ သရက်ပင် ပေါက် တာပေါ့ ။ မျက်မှောက် ဘဝ မှာ အလိမ် ခံရတာ ဟာ အတိတ်ဘဝ တုန်း က ကိုယ် လိမ်ခဲ့လို့ ဖြစ်တယ် ဆို တာ ကောင်းကောင်း သဘောပေါက် ။ ဒေါသ ဖြစ် မနေနဲ့ ။ ဒေါသ ဖြစ်ရင် အကုသိုလ် စိတ် ဖြစ်ပြီး ကိုယ် ပဲ နစ်နာမယ် ။ ငါ အကြွေး တစ်ခု ကျေ သွားတာပဲ ။ ငါ လှူလိုက်ရတာ ပဲ လို့ နှလုံး သွင်းပြီး ဝမ်းမြောက် ။
ကုသိုလ်စိတ်လေး ဖြစ်အောင် ကြိုးစား ။ ဟုတ်ပြီနော် ဒကာကြီး ”

လက်အုပ် ချီ ရင်း ဦးပဉ္ဇင်း ၏သြဝါဒများ ကို မှတ်သားရ ပါသည် ။

ဇနီးသည် က ဤသို့ မှတ်ချက်ချ ပါသည် ။

“ ပါ သမျှ ပိုက်ဆံတွေ အကုန် တောင်းလည်း ရှင် က အားနာတာ နဲ့ ပေး လိုက်မှာပဲ ။ သူ ချန်ထား ခဲ့လို့ ဆေးခန်း အတွက် ငွေ ကျန်တာ ။ သူ့ကို  ကျေးဇူး တင် ရမယ် ။ တစ်နေရာ ကို လှည့်ဖြားပြီး ခေါ် လည်း ရှင် က အားနာတာ နဲ့ လိုက်သွား မှာပဲ ။ ဟိုနေရာ ရောက်မှ လူ ကိုသ,တ်ပြီး ပစ္စည်း ယူ သွားရင် ဒုက္ခ ။ သူ ညှာခဲ့လို့ ကိုယ့် အသက် ကျန်တာ ။ သူ့ ကို ကျေးဇူး တင်ရမယ် ။ ကျေးဇူး တင်ပါတယ် ကိုဟိုဒင်း ရယ် ။ ကျေးဇူး တင်ပါတယ် ”

ကျွန်တော့် ရင် ထဲ ၌ လှိုင်းလေ ငြိမ်သက်ခဲ့ပါပြီ ။ စိတ် ကို ထိန်းသိမ်းနိုင် ခဲ့ပါပြီ ။

ကျွန်တော် က ဤသို့ စဉ်းစား ကြည့် ပါသည် ။

“ သူ လည်း ဘယ်မှာ လိမ်ချင်ပါ့ မလဲ ။ ဘယ်လို အပူမီး ကြုံလို့ များ ဒီလို လိမ်ရပါ လိမ့် ၊ မယားဇနီး ဇော လား ၊ သားမီး အမော လား ။ ဒါမှမဟုတ် လှည့်ဖြား လိုတဲ့ အထုံဝသီ စရိုက်ဆိုး က ရောဂါ တစ်ခု သဖွယ် ဖိစီး စွဲကပ် နေတာ ကို မလွန်ဆန် နိုင်ရှာလို့ များ လား ”

ကျွန်တော် က တော့ သူ့ ကို ပဲ သနား နေ မိပါသည် ။

◾မြတ်သင်း

📖 မုသား ပျားရည် နှစ်စက်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment