❝ ပေတဖြူ ၊ ပေတလူ ညီအစ်ကို ပင်လယ်ဓားပြ ဖြစ်ခဲ့ခြင်း ❞
တစ်ညသ၌ ပင်လယ်ဓားပြများ အသုံးပြုသည့် “ သန်းခေါင်ကြယ် ” အမည် ရှိ ရွက်သင်္ဘောကြီး တစ်စင်း သည် ပင်လယ်သမုဒ္ဒရာကြီး ကို ဖြတ်၍ မထင်မရှားသော ကျွန်း တစ်ကျွန်း ၌ ဆိုက်ကပ် လေ၏ ။ ထို့နောက် “ သန်းခေါင်ကြယ် ” ပင်လယ်ဓားပြ အဖွဲ့ကြီး ၏ ဦးစီးဦးဆောင် ဖြစ်သော ဓားပြကြီး သည် ၎င်း ၏ လူများ ကို သင်္ဘော ပေါ် တွင် ပါလာသော ရတနာ ပစ္စည်းများ ကို ကျွန်း ပေါ် သို့ သယ် ၍ ချခိုင်း လေ၏ ။
ထိုသို့ သယ်၍ ခိုင်းပြီးနောက် ပစ္စည်းသေတ္တာများ ကို စစ်ဆေး လေ၏ ။ နှစ်ပေါင်း များစွာ တိုက်ခိုက် ခဲ့ ပြီး စုဆောင်း ထားသော ပစ္စည်းများ ဖြစ်သဖြင့် လွန်စွာ မှ လည်း များပြား လေ၏ ။ ပစ္စည်းများ ကို စစ်ဆေးပြီးသော အခါ၌ ဓားပြခေါင်းဆောင်ကြီး က
“ ကဲ ငါ့ တပည့်တို့ မင်းတို့ ရဲ့ တာဝန် ကတော့ ပြီးပြီ ။ မျက်စိ ပိတ် ထား ခံရတဲ့ ကု,လားတို့လူစု ကို ချပေးလိုက် ”
ဟု ပြော သဖြင့် မျက်စိ ကို အဝတ် စည်း ၍ ထားသော လူ လေးယောက် ချပေး လိုက်ကြလေ၏ ။
ထိုအခါ ဓားပြ ခေါင်းဆောင်ကြီး သည် ထို လူ လေးယောက် အား အဝတ်များ ဖြုတ်ခိုင်း ပြီးလျှင်
“ မင်းတို့ လေးယောက် တိုင်ပင်ပြီး ဒီ ပစ္စည်းတွေ ကို ဒီ ကျွန်းကြီး ပေါ် မှာ လုံလုံခြုံခြုံ ဝှက်ပေတော့ ။ ဝှက်ပြီး ရင် မင်းတို့ လေးယောက် ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ ကု,လား က မြေပုံဆွဲပြီး ။ မြေပုံ ကို ခွဲပြီး တစ်ခု စီ ဝေပြီး ယူထားကြ ။ မင်းတို့ အတွက် တစ်လစာ ရေရယ် ရိက္ခာရယ် ၊ လက်နက်ကိရိယာတွေ ရယ် ထားခဲ့မယ် ။ တစ်လ လောက် ကြာမှ ငါ တို့ လာ ခေါ်မယ် ”
ဟု ဆိုကာ အခြားသော လက်အောက်ငယ်သားများ ကို ခေါ်ကာ ပင်လယ်ပြင် ကို ဖြတ်သန်း ၍ ပြန်ခဲ့ကြ လေ၏ ။
ထိုသို့ ပြန်ခဲ့ကြရာ တွင် သင်္ဘောကြီး ပေါ် ၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပ၍ လာခဲ့၏ ။ ၎င်း ၏ ပင်လယ်ဓားပြ အဖွဲ့ဝင် တိုင်း သည် ဘေးစောင်း မှုတ်ရသော ပလွေ ကို မှုတ်တတ် မှ သာ လျှင် အဖွဲ့ဝင် အဖြစ် လက်ခံသည် ဖြစ်ရာ ဓားပြတိုင်း လိုလို သည် ပလွေ ကောင်းစွာ မှုတ်တတ်ကြလေ၏ ။ ထို ပလွေ သည် ပင် လျှင် ၎င်းတို့ ၏ အဖွဲ့ဝင် ဖြစ်ကြောင်း အမှတ်အသား ဖြစ်ပေ၏ ။
၎င်းတို့ သည် ပလွေများ ကို မှုတ် ၍ က သူ က ၏ ။ အရက် သောက် သူ သောက်၏ ။ ပျော်ရွှင်စွာ ဖြင့် ပင်လယ်သမုဒ္ဒရာ ကို ဖြတ်သန်း ခဲ့ ကြ လေ၏ ။
ထိုသို့ လာရာလမ်း တွင် ၎င်းတို့ ၏ ဓားပြခေါင်းဆောင်ကြီး ဗိုလ်ကြယ် က
“ မင်း တို့ ငါ လုပ်တဲ့ အဓိပ္ပာယ် ကို သိကြပြီလား ”
ဟု မေးလေ၏ ။ ဓားပြများ က
“ မသိပါဘူး ဆရာကြီး ”
ဟု သံပြိုင် ဖြေကြလေ၏ ။
“ မင်းတို့ စဉ်းစား ကြည့်စမ်း ။ အဲဒီ ကျွန်း ကို ရောက် အောင် ဘယ်လောက် သွားသလဲ ။ လမ်း မှာ ကလဲ ဆင်တူယိုးမှား ကျွန်းတွေ ကလဲ အများကြီးပဲ ။ မြေပုံ မပါဘဲ သွားဖို့ ဘယ်လောက် ခက်သလဲ ”
ဟု ဓားပြခေါင်းဆောင်ကြီး က ပြော လေ၏ ။
ဓားပြများ သည် “ ဟုတ်ပါတယ် ဆရာကြီး ” ဟု ဝန်ခံကြလေ၏ ။
“ အေး အဲဒါလောက် ခက်တဲ့လမ်း ကို တစ်လမ်းလုံး မျက်စိ ပိတ်ပြီး သင်္ဘော ဝမ်း ထဲ မှာ ထည့်ပြီး ခေါ်လာတဲ့ ကု,လားတို့ လူစုတွေ ဟာ လမ်း ကို သိနိုင်ပါ့မလား ”
ဟု ဓားပြခေါင်းဆောင် လုပ်သူ က မေး ပြန်လေ၏ ။
“ မသိနိုင်ပါဘူး ဆရာကြီး ”
ဟု ဓားပြများ က လည်း ပြိုင်တူ ဖြေကြလေ၏ ။
“ အေး အဲဒီ ကျွန်း ကို သွားဖို့ လမ်း မသိတဲ့ ကောင်တွေ ကို ကျွန်း ပေါ် မှာ ပစ္စည်း ဝှက်ခိုင်း လိုက်ပြန်တယ် ။ ဒီတော့ မင်းတို့ ငါတို့ ကလဲ အဲဒီ ကျွန်း ပေါ် ရောက်အောင် သွားနိုင်တယ် ထားဦး ။ ပစ္စည်း ဝှက်တဲ့ နေရာ ကို မသိနိုင်ဘူး ။ ပစ္စည်း ဝှက်တဲ့ နေရာ ကို ဒီမှာ က ကု,လားတို့ လူစု ၊ ကျွန်း ကို သိတာ က ငါတို့ အားလုံး ။ အဲဒီလို လုပ်လိုက်တဲ့ အတွက် တို့ အထဲ က သစ္စာ ဖောက်ပြီး ဒီ ပစ္စည်း ကို ယူချင် ရင် တောင် မလွယ်ဘူး ။ မလွယ်တာ မှ ငါ ကိုယ်တိုင် လိုချင်ရင် တောင် မလွယ်တော့ဘူး ။ မင်း တို့ ကျေနပ်ရဲ့လား ”
ဟု ဓားပြခေါင်းဆောင်ကြီး က မေး လိုက်လေ၏ ။
“ ကျေနပ်ပါတယ် ” ဟု ဓားပြများ က ပြိုင်တူ ဖြေကြလေ၏ ။
ထို အထဲ တွင် ကောင်းကင် နက္ခတ်များ ကို နားလည်သော ဓားပြညီ အစ်ကို နှစ်ဦး ပါ၍ လာလေ၏ ။ ၎င်းတို့ ဤသို့ အမြင်နက္ခတ်များ နားလည် တတ်ကျွမ်းသည် ကို လည်း ကျွန်း ပေါ် တွင် ရတနာမြှုပ် ရန် ကျန်ခဲ့သော ကု,လား ဆို သူ မှ လွဲ၍ ကျန်သော လူများ က ရိပ်စားမိခြင်း မရှိကြချေ ။ ၎င်းတို့ ညီအစ်ကို နှစ်ဦး ၏ အမည် မှာ ကိုပေတဖြူ နှင့် ကိုပေတလူ ဟူ၍ ဖြစ်ကြလေ၏ ။ ၎င်းတို့ သည် ငယ်စဉ် အခါက ဘုန်းကြီးကျောင်းသားများ ဖြစ်ခဲ့ကြရာ ၎င်းတို့ ၏ ဆရာဘုန်းတော်ကြီး က ၎င်းတို့ အား ငယ်စဉ် က ပင် အမြင် နက္ခတ် ကြည့်နည်း ကို သင်ကြား ပေးခဲ့လေ၏ ။
ကိုပေတဖြူ နှင့် ကိုပေတလူ တို့ သည် နေ့အခါ များ ၌ တစ်ယောက် သော သူ က လက်ယာ ဘက်တွင် တွေ့မြင် ရသော ကျွန်းများ ကို မှတ်သား၍ တစ်ယောက် သော သူ က လက်ဝဲ ဘက်တွင် တွေ့မြင် ရသော ကျွန်းများ ကို မှတ်သား ခဲ့လေ၏ ။ ညအခါများ ၌ မူ ကောင်းကင် ကြယ်တာရာများ ကို ကောင်းစွာ မှတ်သားခြင်း ဖြင့် ပင်လယ်သမုဒ္ဒရာ ခရီး အား စိတ် ၌ အလွတ် မှတ်ထားခဲ့ကြလေ၏ ။
ဤသို့ လာခဲ့ကြရာ ငါးရက်မြောက် သော ည ၌ အခြားသော ရွက်သင်္ဘော တစ်စီး ကို လရောင် ၌ ကောင်းစွာ မြင်တွေ့ရလေ၏ ။ ထို ရွက်သင်္ဘော မှ လည်း မီးတုတ်များ ပြ ကာ အချက်ပေး နှုတ်ဆက် လေ၏ ။ ထိုအခါ ဓားပြခေါင်းဆောင် လုပ်သူက မျှော်စင် သို့ တက် ကာ မှန်ပြောင်း နှင့် ကြည့်ပြီး လျှင်
“ နေရာ ကျပြီဟေ့ ။ အဲဒီ သင်္ဘော ကို တိုက်မယ် ”
ဟု သူ ၏ လူများ ကို အချက် ပေး လိုက်ရာ သူ ၏ လူများ သည် ပလွေများ ကို မှုတ်ကြလေသည် ။ တစ်ဘက် ရွက်သင်္ဘောမှ လူများ က လည်း ပလွေသံများ ကို ကြား လျှင် ရန်သူများ မဟုတ် ဟု ယူဆ ကာ ဗုံတိုများ တီး၍ ကခုန်ကြ လေ၏ ။ ဤသို့နှင့်ပင် သင်္ဘော ချင်း ကပ်မိကြလေတော့၏ ။ ထိုသို့ ကပ်မိသော အခါ၌ ပင်လယ်ဓားပြကြီး သည် သူ ၏ လူများ ကို အမိန့် ပေးလိုက်ရာ သူ လူများလ ည်း တစ်ဘက် ရွက်သင်္ဘော သို့ ကူးကာ တိုက်ခိုက် လေတော့၏ ။ တစ်နာရီ နီးပါး တိုက်ခိုက် ပြီးနောက် တစ်ဘက် သင်္ဘော အား လုံးဝ အနိုင် ရရှိ သွားလေတော့၏ ။
တစ်ဘက် သင်္ဘော မှာ အကြောင်း တစ်ခု နှင့် ထွက်ပြေး လာသော မဟာရာဂျာ တစ်ဦး ၏ သင်္ဘော ဖြစ်လေ၏ ။ ရတနာရွှေငွေများ လည်း ပါ လာ၏ ။ ပင်လယ်ဓားပြများ သည် ပစ္စည်းများ ကို ယူပြီး လျှင် သင်္ဘောကြီး ကို လူများ နှင့်တကွ ရက်စက်စွာ မြှုပ်ပစ် လိုက်လေတော့၏ ။
ထို့နောက် ပင်လယ်ဓားပြများ သည် ဆိပ်ကမ်း တစ်ခု သို့ ကုန်သည် ရွက်သင်္ဘော ဟန်ဆောင်၍ ဆိုက်ကပ် ပြီး လျှင် ရိက္ခာများ ဝယ်ယူကာ ကု,လားတို့ လူစု ပစ္စည်း ဝှက် နေခဲ့သော ရတနာကျွန်း ဆီ သို့ ခရီး ထွက်ခဲ့ကြ လေတော့၏ ။ ထို့နောက် ကု,လားတို့ အား သင်္ဘော ပေါ်တင် ပြီးလျှင် မျက်စိများ ကို အဝတ် ဖြင့် စည်းကာ ခုနစ်ရက် ခန့် သွားရသော ကျွန်း တစ်ကျွန်း ဆီ သို့ ခေါ်သွား ပြီးလျှင် ထို ကျွန်း ၌ လည်း ရိက္ခာများ နှင့် တကွ ပစ္စည်း ဝှက်ရန် အတွက် ရှေးနည်း အတိုင်း မှာကြားခဲ့ ပြီးလျှင် ပြန်ခဲ့ကြ ပြန်၏ ။
ထိုသို့ ပြန်ခဲ့ကြရာ လမ်းခရီး တစ်ဝက် သို့ အရောက် တွင် လေမုန်တိုင်း မိသဖြင့် ၎င်းတို့ ၏ “ သန်းခေါင်ကြယ် ” ရွက်သင်္ဘောကြီး သည် ပျက်လေ တော့၏ ။ ပင်လယ်ဓားပြ သင်္ဘောသား အမြောက်အမြား ရေနစ်မြှုပ် ၍ သေကြလေ၏ ။ ဓားပြခေါင်းဆောင်ကြီး ပင် လျှင် သေဆုံး သွားရ လေတော့၏ ။ ဓားပြ အချို့ သည် ပျဉ်ချပ်များ ကို မှီတွယ် ၍ မျော ချင် ရာ မျော ကြရလေ၏ ။
ကိုပေတဖြူ နှင့် ကိုပေတလူ တို့ ညီအစ်ကို မှာ လည်း ပျဉ်ချပ် တစ်ချပ် ကို နှစ်ယောက် တွယ်လျက် မျောခဲ့ ကြ ရာ နောက်ဆုံး တွင် မြိတ်ကျွန်းစု ဘက် သို့ သွားသော သင်္ဘော တစ်စီး က တွေ့ရှိ သဖြင့် ကယ်ဆယ် သွားရာ အသက်ဘေး မှ လွတ်မြောက် သွားလေ တော့၏ ။
၎င်းတို့ ညီအစ်ကို သည် အသက်ဘေး မှ လွတ်မြောက်သည့် အချိန် မှ စ၍ ၎င်းတို့ ရောက်ခဲ့ဖူးသော ရတနာကျွန်းမြေပုံ ကို နှစ်ယောက် တိုင်ပင် ၍ ဆွဲကြလေ၏ ။
ထိုသို့ ဆွဲရင်း ကိုပေတလူ က ၎င်း ၏ အစ်ကို ကိုပေတဖြူ အား
“ ပေတဖြူ ရေ ။ ငါတို့ လူတွေ လဲ သေကုန်ကြပါပြီ ဗျာ ။ မသေလို့ ကျန် ရင် နည်းနည်းပဲ ကျန်တော့မှာ ပါ ။ မှုစရာ မလိုပါဘူး ။ ငါ တော့ သူတို့ လူစု ဆီ ကို ပြန် မသွားတော့ဘူး ။ ကောင်းရောင်း ကောင်းဝယ် လုပ်စားမယ် ဗျာ ။ အခွင့်အရေး နည်းနည်း ရတာ နဲ့ စက်လှေ တစ်စီး ဝယ်ပြီး ရတနာကျွန်း ကို သွားမယ် ။ သူတို့ ဘယ်လောက် ဝှက်ထား ဝှတ်ထား တစ်ကျွန်းလုံး ကို ပိုက်စိပ်တိုက် ပြီး ရှာမယ် ။ အဲဒီလို ဆိုရင် ရတနာတွေ ကို တို့ ညီအစ်ကိုတွေ ပဲ ရမှာ ”
ဟု ပြော လိုက်ရာ ၎င်း၏ အစ်ကို ပေတဖြူ က လည်း သဘောတူ လေ၏ ။
ထို့ကြောင့် ၎င်းတို့ ညီအစ်ကို နှစ်ဦး သည် မြိတ်မြို့ ၊ တနင်္သာရီမြို့ များ တွင် နေထိုင် ကာအရောင်းအဝယ် လုပ်ငန်းများ ကို လုပ်ကိုင်ကြ လေ တော့၏ ။ ထို မြို့များ ၌ ပင် အိမ်ထောင် ပြု၍ အခြေချ လိုက်လေတော့၏ ။
အတော်အတန် စီးပွား ဖြစ်သော အခါ၌ စက်လှေကြီး တစ်စီး ကို ပုတ်ပြတ် ငှား ကာ ရတနာကျွန်း ကို ကြိုးစား၍ ရှာဖွေကြ လေတော့၏ ။ ခက်ခဲစွာ ရှာဖွေ ပြီးနောက် ရတနာကျွန်း ကို တွေ့ရှိကြ လေတော့၏ ။
၎င်းတို့ ဤသို့ ရှာဖွေနိုင်ခြင်း မှာ လည်း ကောင်းကင်နက္ခတ် တတ်ခြင်း သာလျှင် အကြောင်းရင်း ဖြစ် ပေတော့၏ ။ ၎င်းတို့ သည် မှန်းဆ ၍ ရေးဆွဲ ထားသော မြေပုံ ကို အသုံးပြုခြင်း ၌ လွန်စွာ အခက်အခဲ တွေ့သည် ဖြစ်ရာ ကောင်းကင်နက္ခတ်များ ကို အမှီ ပြု၍ မြေပုံ အသစ် တစ်ချပ် ရေးဆွဲ လေတော့၏ ။
ထို မြေပုံ မှာ လည်း ကောင်းကင်နက္ခတ် ကို နားမလည်သူများ ရရှိ သွားပါ က မည်သို့မျှ အသုံး ဝင်မည် မဟုတ်ပေ ။ ၎င်းတို့ ညီအစ်ကို နှစ်ဦး သည် ရတနာကျွန်း ပေါ် သို့ ရောက်၏ ။
သို့ရာတွင် ကု,လားတို့ လူစု မှာ အဝှက် ကောင်း သောကြောင့် ရတနာများ ကို မရဘဲ အချည်းနှီး ပြန်ခဲ့ကြရ လေ၏ ။ ထို့ကြောင့် ၎င်းတို့ သည် ရတနာပစ္စည်းများ ရှိသည် ကို သေချာပေါက် သိလျက် ထို ပစ္စည်းများ မရဘဲ ပြန်ခဲ့ရခြင်း ကို ကြိတ်မနိုင် ခဲမရ ဖြစ်ကာ မကြာခဏ ဆိုသလို ထို ကျွန်းသို့ သွားရောက် ရှာဖွေခြင်း ဖြင့်သာလျှင် အသက်များ ကြီးရင့် လာလေတော့၏ ။
ဤနေရာ ၌ ၎င်းတို့ နှင့် အတူ ပင်လယ် တွင်း ၌ သင်္ဘော ပျက် ၍ အတိဒုက္ခ ရောက် ကုန်သော ပင်လယ်ဓားပြများ ၏ အကြောင်း ကို ရေးသား ဖော်ပြန်ရန် လိုပေသည် ။
ထိုစဉ် က ပင်လယ်ဓားပြ သုံးပုံ နှစ်ပုံ သည် ရေ နစ် ၍ သေခဲ့လေ၏ ။ တစ်ပုံ သော သူတို့ မှာ အကြောင်း အမျိုးမျိုးဖြင့် အသက်ရှင် ခွင့် ရကြလေ၏ ။ ထိုသူ တို့ သည် တစ်နှစ် နီးပါး ကြာသော အခါ၌ ပြန်လည် စုစည်း မိကြလေတော့၏ ။
ထိုသို့ စုစည်းမိသော အခါ၌ ၎င်းတို့ အနက် မှ ငတက် ဆိုသော အရည်အချင်း ရှိသော ဓားပြ တစ်ဦး ကို ယာယီ အကြီးအမှူး အဖြစ် ခန့်အပ် ကာ သင်္ဘော ငှားရမ်း ၍ မဟာရာဂျာ ၏ ပစ္စည်းများ ကို ဝှက်ရန် ကျွန်း တစ်ကျွန်း ပေါ် ၌ ကျန်ရစ် ခဲ့သော ကု,လား ၏ လူစု အား ပြန်လည် ရှာဖွေကြ ရ လေတော့၏ ။
ခက်ခဲစွာ ရှာဖွေကြ ပြီးနောက် ကံအားလျော်စွာ ကု,လားတို့ ရှိရာ ကျွန်း ကို တွေ့ရလေတော့၏ ။ ကုလား တို့ လူစု မှာ တစ်နှစ် ကျော်ကျော် ခန့် ကျွန်း ပေါ် တွင် နေရ သော ကြောင့် ဆံပင်မုတ်ဆိတ်များ ရှည်လျား ကုန်၏ ။
ရိက္ခာ ပြတ်ပြီ ဖြစ်သော ကြောင့် တောဆိတ်များ ကို သ,တ်၍ စားကြရ၏ သောက်ရေ မှာလည်း မိုးတွင်း အခါ၌ မိုးရွာ ၍ ကျောက်ခွက် ကျောက်ဖျာများ တွင် တင်ရှိ နေသော ရေ ကို သာလျှင် စစ် ၍ သောက်ကြ ရလေ၏ ။
ကု,လားတို့ သည် ၎င်းတို့ အား လာရောက် ခေါ် ကြောင်း သိလျှင် လွန်စွာ ပျော်ကြ လေတော့၏ ။ ထို့နောက် တစ်ဦး ၏ အဖြစ် ကို တစ်ဦး ပြန်လည် ပြောဆိုကာ ပင်လယ်ဓားပြများ နှင့်အတူ လိုက်ပါခဲ့ကြလေ၏ ။ ဆိပ်ကမ်းများ တွင် အဖမ်းအဆီး များ နေသောကြောင့် ၎င်းတို့ သည် ကျွန်း ပေါ် တွင် မြှုပ် ထားသော မဟာရာဂျာ တစ်ဦး ထံ မှ တိုက် ၍ ရရှိထားသည့် ရတနာပစ္စည်းများ ကို ပြန်၍ ယူ မသွားကြဘဲ ထားခဲ့ကြ လေ၏ ။ အခြေအနေ ကောင်း မှ ပြန်၍ ယူရန် အားလုံး သဘောတူ ကြလေ၏ ။
ထို့နောက် လမ်းခရီး ၌ ပင် မူလ ဓားပြကြီး ၏ နေရာ တွင် ကု,လား ကို ခေါင်းဆောင် ခန့် ကာ
“ သန်းခေါင်ကြယ် ” ပင်လယ်ဓားပြအဖွဲ့ကြီး ကို ပြန်လည် ဖွဲ့စည်းကြလေ၏ ထိုသို့ ဖွဲ့စည်း ပြီးနောက် ၎င်းတို့ သည် ယခင် က အတိုင်း ပင်လယ်သမုဒ္ဒရာ အတွင်း တိုက်ခိုက် ဆိုးသွမ်း နေကြပြန်လေ၏ ။
လေ ၊ မိုး ပြင်းထန်သော ရာသီဥတုများ ၌ မူ နီးရာ ဆိပ်ကမ်းများ၌ ကပ်ကာ ရာသီဥတုဒဏ် ကို ခိုလှုံ ကြလေ၏ ။ တချို့သော ပင်လယ်ဓားပြများ လည်း မိမိ တို့ ၏ ဇာတိမြို့ရွာ များ သို့ ပြန်ခွင့် ရ ကြလေ၏ ။
ဤသို့ နေထိုင်လာ ခဲ့ရာ တစ်နေ့သော အခါ ပင်လယ်ဓားပြ တစ်ဦး သည် မြိတ်မြို့ ကိုပေတလူ ကို မြင်တွေ့ လိုက်ရသည် ဆို၏ ။ ထိုသို့ မြင်တွေ့ လိုက်ရ သဖြင့် ၎င်းတို့ ၏ ဆရာ ကိုကု,လား ထံ သို့ အကြောင်းကြား လေ၏ ။ ထိုအခါ ကိုကု,လား က ၎င်း ၏ တပည့် အားလုံး ကို စုဝေးစေပြီး လျှင် ...
“ မင်းတို့ အားလုံး ကို အရေးကြီးတဲ့ စကား ပြောမယ် ။ အစက တော့ “ ပေတလူ ” နဲ့ “ ပေတဖြူ ” ညီအစ်ကို နှစ်ယောက် လေမုန်တိုင်း မိပြီး သင်္ဘော ပျက်တုန်းက ကိစ္စ ချော သွားပြီလို့ ထင်တာ နဲ့ ဘာမှ အရေးမကြီးတော့ဘူး လို့ ထင်ခဲ့တယ် ။ ခုတော့ ဒီ ညီအစ်ကို နှစ်ယောက် မသေဘဲ ရှိသေးတယ် ဆိုတော့ ငါတို့ အတွက် အရေးကြီးလာပြီ ။ ငါတို့ ဆရာကြီး ဦးကြယ် လက်ထက် က တိုက်လို့ ရတဲ့ ရတနာပစ္စည်းတွေ ကို ကျွန်း တစ်ကျွန်း မှာ မြှုပ်ခဲ့တယ် ။ တစ်ကျွန်း က တော့ ကိစ္စ မရှိဘူး ။ မြှုပ်တဲ့ နေရာကို လဲ သိတယ် ။ ရေကြောင်းခရီးလမ်း မြေပုံ လဲ ရှိတယ် ။ အခြေအနေ အေးတာ နဲ့ သွား ယူကြရုံပဲ ။ ဒါပေမဲ့ အဲဒီ ရတနာ ပစ္စည်းတွေ က သိပ် မများဘူး ။ အသေးအဖွဲ ရှိသေးတယ် ။ ထွက်ပြေး လာတဲ့ မဟာရာဂျာ ဆီ က တိုက် လိုက် ရတဲ့ ရတနာပစ္စည်း အနည်းအကျဉ်း လောက်ပဲ ရှိတယ် ။ ပထမဦးဆုံး ကျွန်း မှာ မြှုပ်ပြီး ဝှက် ထားတဲ့ ရတနာပစ္စည်းတွေ က မှ အဆမတန် များတာ ။ အဲဒါကို ရဖို့ က ပို အရေးကြီးတယ် ။ အဲဒီ ကျွန်း မှာ ဝှက်ထားတဲ့ နေရာ ကို တော့ ငါ ကိုယ်တိုင် ဝှက်ထားခဲ့ လို့ မှတ်မိတယ် ။ မြေပုံ လဲ လုပ်ထားတယ် ။ ခက်တာ က အဲဒီ ကျွန်း ကို ဘယ်လို ရှာရမှာလဲ ဆိုတာတော့ ငါ လဲ မသိဘူး ။ အဲဒီတုန်း က ငါ့ ကို မျက်နှာ မှာ အဝတ် စည်းပြီး ခေါ် သွားတော့ ဘယ်လို လုပ်ပြီး ရေကြောင်းလမ်း ခရီး ကို မှတ်မိမှာလဲ ။ ကျန်တဲ့ လူသစ်တွေ ကတော့ ထားပါတော့ ။ အဲဒီတုန်းက ပါတဲ့ “ ငတက် ” တို့ တစ်တွေ က လဲ ဘယ်ကျွန်း ဆိုတာ မမှတ်မိတော့ဘူး ဆိုတော့ မခက်ပါလား ။ တယ်လဲ လျှော်တာပဲ ။ ပင်လယ်ဓားပြ လုပ်စားပြီး ဘယ်ကျွန်း ကို ဘယ်လို မှတ်ပြီး ဘယ်လို သွားရမလဲ ဆိုတာကို တောင် မသိကြဘူးကွာ ။ နမော်နမဲ့ နေကြတဲ့ ကောင်တွေပဲ ။ ဒါပေမဲ့ ဟို ညီအစ်ကို က တော့ မင်းတို့ လို မဟုတ်ဘူး သိပ်အကင်းပါးတယ် ။ တို့ ဆရာကြီး ဦးကြယ် လက်အောက် မှာ တို့ တစ်တွေ အတူ နေကြတုန်း ကတည်း က အဲဒီ ပေတလူ တို့ ညီအစ်ကို နှစ်ယောက် ကို ငါ မသင်္ကာဘူး ။ တစ်နေ့နေ့ တော့ သစ္စာဖောက်မယ့် အကောင်တွေ လို့ ငါ့ စိတ် ထဲ မှာ ထင်နေမိခဲ့တယ် ။ ပြီးတော့ ဒီ ညီအစ်ကို နှစ်ယောက် ဟာ ကောင်းကင် နက္ခတ်တွေ ကို ကောင်းကောင်း ကြည့်တတ်တယ်ကွ ။ သူတို့ အဲဒီလို နက္ခတ် တတ်မှန်း ကို ဘယ်သူမှ မသိကြဘူး ။ အဲ့ဒီတုန်း ငါ တစ်ယောက် တည်း သိတယ် ။ တို့ ဆရာကြီး ဦးကြယ် တောင် မရိပ်မိဘူး ။ ငါ ကလဲ သိပ် အရေးမကြီးဘူး ထင် တာနဲ့ ပြော မပြမိခဲ့ဘူး ။ ကောင်းကင် က နက္ခတ်တွေကို ကြည့် တတ်တဲ့ လူတွေဟာ ရေကြောင်း ခရီး ကျွမ်းကျင် ကြတယ်ကွ ။ မဟုတ်မှ လွဲရော ဒီ ညီအစ်ကို တို့ ဆီ ကို လာ မပေါင်းဘဲ ခြေရာ ဖျောက်ပြီး နေ နေတယ် ဆိုတော့ ကျွန်း ကို သွားတဲ့ မြေပုံ ကို ဒီကောင်တွေ လုပ်ထားကြလိမ့်မယ် ။ အဲဒီ ကျွန်း ကို သွားပြီး ရှာ ရင်တောင် ရှာကြလိမ့်မယ် ။ ဒါပေမဲ့ ကျွန်း ကို ပဲ ရောက်မယ် ။ ငါတို့ ဝှက်ထားတဲ့ ရတနာ ပစ္စည်းတွေ ကို တော့ တွေ့မှာ မဟုတ်ဘူး ။ ကျွန်း မှာ ဝှက်ထားတဲ့ ရတနာမြေပုံ က ငါ့ ဆီ မှာရှိတယ် ။ ဒီတော့ တို့ တစ်တွေ အဲ့ဒီ ညီအစ်ကို နှစ်ယောက် နောက် ကို မျက်ခြည်ပြတ် မခံဘဲ လိုက်ပြီး သူတို့ ဆွဲ ထားတဲ့ ကျွန်း ကို သွားတဲ့ မြေပုံ ကို ရအောင် ယူရမယ် ”
ဟု ပြောဆိုကာ ၎င်း ၏ လူ အချို့အား ကိုပေတလူ နှင့် ကိုပေတဖြူ တို့ ညီအစ်ကို နှစ်ယောက် နောက်သို့ လိုက် ခိုင်း လေတော့၏ ။
၎င်းတို့ ညီအစ်ကို နှစ်ဦး လည်း ပင်လယ်ဓမြများ က ၎င်းတို့ အား ရှာဖွေ နေကြောင်း ရိပ်မိ လျှင် နေရာ ပြောင်းရွှေ့ ကြရလေတော့၏ ။ ဤသို့ လျှင် မကြာခဏ ဆိုသလို သန်းခေါင်ကြယ်အဖွဲ့သစ် မှ ပင်လယ်ဒမြများ က လိုက်လံ ရှာဖွေခြင်း ခံရ သဖြင့် ကိုပေတဖြူ နှင့် ကိုပေတလူ တို့ ညီအစ်ကို နှစ်ဦး သည် လည်း တစ်မြို့ ပြီး တစ်မြို့ ပြောင်းရွှေ့ နေထိုင်ခဲ့လေတော့၏ ။
နောက်ဆုံးတွင် ပင်လယ်ဒမြများ မျက်ခြည် ပြတ် သွား သဖြင့် ရန်ကုန်မြို့ သို့ ပြောင်းရွှေ့ ကာ အခြေချ ကြရလေတော့၏ ။ ကိုပေတဖြူ မှာ မူ မြစ်ဝကျွန်းပေါ် ဘက် တွင် အခြေချ ၍ ဇာတ်မြှုပ် နေထိုင်ခဲ့လေ၏ ။ ဤသို့ နေထိုင်ရင်း လည်း ၎င်းတို့ ၌ ရှိသော မြေပုံ ကို အသုံးပြု၍ ရတနာကျွန်း ကို မကြာခဏ သွားရောက် ရှာဖွေခဲ့လေ၏ ။
ရတနာကျွန်း ကား မြေပုံ ရှိသောကြောင့် အလွယ်တကူပင် တွေ့ပါ၏ ။ ရတနာ မြှုပ်ထားသော မြေပုံ မှာ မူ ၎င်းတို့ ၌ မရှိ သောကြောင့် ရတနာ ကို မရဘဲ ရှိလေ၏ ။
၎င်းတို့ ညီအစ်ကို နှစ်ဦး သည် ရွှေဖြစ် ငွေဖြစ် လမ်း ကို လိုက်သော အဂ္ဂိရတ် ဆရာ သည် တစ်နေ့ ရွှေဖြစ် နိုးနိုး နှင့် သဲသဲမဲမဲကြီး အဆင်းရဲ ခံ သကဲ့သို့ ၎င်းတို့ သည် လည်း ဒီ တစ်ခေါက် ရနိုးနိုး ၊ ဟို တစ်ခေါက် ရနိုးနိုး နှင့် ရတနာ ကို ရှာဖွေခဲ့ သော်လည်း အချည်းနှီး သာ လျှင် ဖြစ်ခဲ့ရလေ၏ ။
သို့ရာတွင် ၎င်းတို့ ညီအစ်ကို နှစ်ဦး သည် အခြားသော စီးပွားရေးလုပ်ငန်းများ ကို လုပ်ကိုင် ထားသည် ဖြစ်ရာ ထို လုပ်ငန်းများ သည် အောင်မြင်၍ စီးပွား ဖြစ်ထွန်း ခဲ့လေ၏ ။
သို့ရာတွင် ၎င်းတို့ နှစ်ဦးကား ရတနာကျွန်း ပေါ် ၌ စိတ် မကုန်သေးပေ ။ အသက်များ လည်း တစ်စ တစ်စ ကြီးရင့် လာ ပြီဖြစ်၏ ။
“ သန်းခေါင်ကြယ် ” အဖွဲ့ ၏ အန္တရာယ် ကင်းရှင်းသော နေ့ ၌ ထို ရတနာကျွန်း အား သွားဦးမည် ဟု စိတ် ၌ ပိုင်းဖြတ် ထားကြသည် ဟူ၏ ။
◾မင်းသိင်္ခ
📖 မိုးပေါ်မှာ ကြယ်တစ်လုံး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment