Wednesday, January 24, 2024

တွေးကြည့်ခြင်း


 ❝ တွေးကြည့်ခြင်း ❞


( ၁ )


အင်္ကျီ က ပါးသည် ။ နိုင်လွန်ကဲ့သို့ ကြည် နေအောင် ပါးလှပ်ခြင်း မဟုတ်သော်လည်း ထင်သာ မြင်သာ တော့ ရှိသည် ။ အတွင်းခံ အင်္ကျီ သည် လက်တစ်လုံး ဟု ခေါ် သော အမျိုးအစား ဖြစ်သည် ။ နောက်ကျော ဘက် မှ စ၍ မြင်ရခြင်း ဖြစ်သည် ။ အချိုးအဆက် ပြေပြစ်သည် ။ သူ့ အရွယ် နှင့်သူ တော့ တော်တော် ကြည့်လို့ ကောင်းသည် ။ အပျိုစင်ကလေး ကဲ့သို့ နုသစ်သော အလှများ မရှိတော့ သော်လည်း ဆွဲဆောင်အားတော့ ရှိနေ၏ ။


မြို့လယ် လူစည်ကားရာ အရပ် ၌ တွေ့ လိုက်ရခြင်း ဖြစ်သည် ။ အမျိုးသမီး ကို ခေတ်ပေါ်ကား တစ်စီး ပေါ် က အဆင်း တံခါး ပြန်ပိတ်သော့ခတ် စဉ် တွေ့ လိုက်ရသည် ။ ကား ကို ကိုယ်တိုင်မောင်း ခဲ့ခြင်း ဖြစ်မည် ။ စာရွက်စာတမ်း အချို့ ကို လက်ကိုင်အိတ် ခပ်ကြီးကြီး ၌ ထည့် လိုက်သည် ။ သွက်လက်လှပစွာ လှည့် ထွက်သည် ။


မျက်နှာကို ဘေးစောင်းအနေအထား ဖြင့် တွေ့လိုက်ရသည် ။ ချက်ချင်း မှတ်မိ၏ ။ ‘ စင်သီယာ ’ ပါကလား ။ 


ကျွန်တော် သည် သွက်လက်သော ခြေလှမ်းများ ဖြင့် သူ့နောက် သို့ လိုက် မိသည် ။ ဘယ်လို က ဘယ်လို သွက်လက် သွားကြောင်း ကျွန်တော့် ဘာသာ မစဉ်းစားမိ ။ 


“ စင်သီယာ ”


ရှုပ်ထွေး ဆူညံလှသော မြို့လယ် အသံဗလံများ ကြား မှ ကျွန်တော့် ခေါ်သံ ကို သူ ကြား၏ ။ လှည့် ကြည့်၏ ။


“ ဟင် ... ကိုကျော်မြင့် ” 


ကျွန်တော့် ကို ချက်ချင်း မှတ်မိသည် ။ 


“ နေကောင်းလား ”


နှုတ်ဆက် နေကျ အဓိပ္ပာယ် သိပ် မရှိလှသော စကား ကို ကျွန်တော် ပြော လိုက်သည် ။


စင်သီယာ သည် သူ့ မူပိုင်အပြုံး ကို ပြုံး၏ ။ သူ ပြုံးလျှင် မျက်လုံးများ က ပါ ရီဝေ သွားတတ်သည် ။ ကျွန်တော် စွဲလမ်းခဲ့သည် မှာလည်း သည် အပြုံး သည် မျက်လုံး များပင် ဖြစ်သည် ။


သူ ငယ်စဉ်က ပါးပါးလျားလျား ပင် ဖြစ်သည် ။ ရှိုက်ဖိုကြီးငယ်များ သည် တပ်မက်ဖွယ်မဟုတ် ။ သူ့ တွင် စွဲလမ်းစရာဟူ၍ မျက်လုံး နှင့် နှုတ်ခမ်းသာ ရှိ၏ ။ မျက်လုံး က အနည်းငယ် မှေးသယောင် ရှိသည် ။ နှုတ်ခမ်း က တော့ ဖူးငုံ လျက် ရှိသည် ။ နှုတ်ခမ်းဆိုးဆေး အမြဲ သုံး သည် ။ အရောင် အမျိုးမျိုး ဆိုးတတ်သည် ။ အစဉ်သဖြင့် စိုစွတ်စေလေ့ ရှိ၏ ။ ထိုနှုတ်ခမ်း သည် ကျွန်တော့် စိတ် ကို အလှုပ်ရှားစေဆုံး ဖြစ်သည် ။


ယခုအခါ ထို နှုတ်ခမ်းမျိုး ရှိသေးသလား ။


သူ့ နှုတ်ခမ်းအစုံ ကို ဂရုစိုက်မိသည် ။ လှပဆဲပါပဲ ။ ဆွဲဆောင်ဆဲပါပဲ ။


“ နေလို့ကောင်း ၊ အိပ်လို့ကောင်းပါပဲ ကိုကျော်မြင့် ရဲ့ ” 


ပြောပြီး သူ့ လက်ကိုင်အိတ် တစ်နေရာ ကို ဖွင့်၏ ။ ကတ်ပြားကလေး တစ်ပြားထုတ်၏ ။ ကျွန်တော့် ကို ပေး၏ ။


“ ရော့ …. ကိုကျော်မြင့် ဗစ်ဇတင်းကတ် ၊ စင်သီယာ အခုကိစ္စလေး တစ်ခု အရေးကြီးနေ လို့ သွား လိုက်ဦးမယ် ။ အိမ်ကို အလည် လာပါဦး ။ အလုပ်ခန်း မှာ တော့ စင်သီယာ သိပ် မရှိဘူး ။ ဒီလိုပဲ သွားလာ နေတာ များတယ် ။ အကြောင်းကိစ္စ ရှိရင်တော့ တယ်လီဖုန်း ဆက်ပြီး မှာထားပေါ့ ။ ကိုကျော်မြင့် အရင်နေရာ မှာ ပဲ နေသလား ၊ လိပ်စာ မေ့ သွားလို့ ပေးထားဦး ”


ကျွန်တော် သူ့ လိပ်စာကတ်ပြားကလေး ယူပြီး ကျွန်တော့် လိပ်စာ ကို ပြောလိုက်သည် ။ ရွှေရောင် ဘောလ်ပင်ကလေး ထုတ်ပြီး မှတ်စုစာအုပ်ကလေး ၌ အကြမ်း ရေးခြစ် လိုက်သည် ။ ဆေးဆိုး ထားသော သူ့ လက်သည်း ရှည်ရှည်ချွန်ချွန်ကလေးများ သည် လိပ်ပြာ ကလေး တစ်ကောင် အတောင်ပံ ခတ် သကဲ့သို့ လှုပ်ရှား သွား၏ ။ ထို့နောက် ‘ ဆီးယူ ’ ဟု ပြောပြီး နွဲ့ လျသွက်လက်စွာ ထွက်သွား၏ ။ ဘဲလေးကချေသည် တစ်ဦး ကန့်လန့် ကာ အကွယ်သို့ ဝင်ရောက် ပျောက်ကွယ်သွား သကဲ့သို့ ပါပဲ ။


ရှုပ်ထွေး ဆူညံလှသော မြို့လယ် ကို ဖြတ်သန်းရင်း ကျွန်တော် ပြန် စဉ်းစားနေမိသည် ။ မစ်ရှင်ကျောင်းသူ ဘဝ ၌ စင်သီယာ ဟု တွင်သည် ။


စင်သီယာ နှင့် ကျွန်တော် သည် အသက် ချင်း မတိမ်း မယိမ်း ဖြစ်၏ ။ သူ့ ကို အိမ် မှာခေါ်ကြသည် က ရီရီ ဟူသောအမည် ဖြစ်သည် ။ နောက် သူ တက္ကသိုလ် ရောက် တော့ နွဲ့ရီသန္တာ ဟု ပြောင်း လိုက်သည် ။


ကျွန်တော် တက္ကသိုလ် နောက်ဆုံးနှစ် တွင် စင်သီယာ တက္ကသိုလ် ရောက် လာ၏ ။ ငယ်စဉ် က ပင် ရင်းနှီး ခဲ့သည်မို့ တက္ကသိုလ် တွင် ကျွန်တော် က သူ့ အစ်ကို လိုလို ဘာ လိုလို နှင့် စောင့်ရှောက်မည် ပြုသည် ။ သို့ရာတွင် စင်သီယာ သည် တက္ကသိုလ် ပထမနှစ် မှာ ပင် ယောက်ျားလေး အဖော် နှစ်ယောက် လောက် ရှိနေပြီ ဟု ကြားရသည် ။ နွဲ့ရီသန္တာ စင်သီယာ ဟူသော အမည် သည် ကျောင်းသားများ အကြား ၌ ရေပန်းစား ခဲ့၏ ။


ဟော ... တစ်ယောက် ၊ ဟော .. တစ်ယောက် အတွဲ များသည် ဟု ပြော ကြ၏ ။


“ စာအုပ် သွား ထပ်ထား ၊ ကိုယ့် အလှည့် ရောက်ရင်

အရောင်းထိုင်း ပစ္စည်း တစ်ခု ခု နဲ့ တွဲပြီး ရနိုင်တယ် ” ဟု ကျွန်တော့် သူငယ်ချင်းများ က ပြောကြသည် ။


ကျွန်တော် စင်သီယာ အတွက် ရင်လေး ခဲ့ ရသည် ။ သို့သော် ကျွန်တော် ကျောင်း က ထွက်ပြီး ကိုယ့် ဘဝ နှင့် ကိုယ် လှုပ်ရှား လုပ်ကိုင် နေစဉ် မှာပင် စင်သီယာ အိမ်ထောင် ပြုလိုက်သည် ။ ကျွန်တော့် ထံ ဖိတ်စာ ပို့၏ ။ သတို့သား သည် ချမ်းသာ ကြွယ်ဝသော အသိုင်းအဝိုင်း မှ ဖြစ်၏ ။ စင်သီယာ သည် ခေါင်းခေါက် ရွေးယူ လိုက်ပြီ ဟု ကျွန်တော် နားလည် လိုက်သည် ။


သူ့ လက်ထပ်ပွဲ သို့ ကျွန်တော် သွားသည် ။ ခမ်းနားပါ၏ ။ လှပပါ၏ ၊ ပြည့်စုံပါ၏ ။ သတို့သား သည် လည်း လူချောလူခန့် တစ်ယောက် ပါပဲ ။


သို့ရာတွင် ထို လူ သည် တစ်စုံတစ်ခု ကို လိုချင် လျှင် တရားသည် ဖြစ်စေ ၊ မတရားသည် ဖြစ်စေ ရအောင် ယူမည့် လူစားမျိုး ဟု ကျွန်တော့်စိတ် ထဲ တွင် ထင်မိ၏ ။ ကျွန်တော့် အတွေး မှာ တစ်ဖက်သတ် ဆန်နေမည်လား ဟု သတိရ ပြီး စင်သီယာ့ ကို သေသေချာချာ ကြည့်မိပြန်သည် ။ စင်သီယာ သည် လည်း သူ လိုချင်သည် ကို အရ ယူမည့် မျက်နှာထားမျိုး ရှိသည် ဟု ကျွန်တော် မှန်းဆမိပါ သည် ။ သူတို့ နှစ်ယောက်သည် လိုက်ဖက်ပေစွ ဟု ဆုံးဖြတ် ခဲ့ပါသည် ။


ကျွန်တော် ကျင်လည်ရသော ပတ်ဝန်းကျင် နှင့် စင်သီယာ ကျင်လည်သော ပတ်ဝန်းကျင်သည် ခြားနား၏ ။ ထို့ကြောင့် ကျွန်တော်တို့ အဆက်အသွယ် ပြတ် သွားကြသည် ။


ယခု ပြန် တွေ့ကြရသည် ။


သူ သည် ရှည်လျားသော ယာဉ် တစ်စင်း နှင့် တူ၍ ကျွန်တော် သည် လမ်းဘေး မှ သစ်ပင်တစ်ပင် နှင့် တူသည် ။ သူ သည် သူ့နည်း သူ့ဟန် နှင့် ရွေ့လျား ပြောင်းလဲနေသကဲ့သို့ ကျွန်တော် သည်လည်း ကျွန်တော့် သဘာဝ နှင့် ကျွန်တော် ကြီးရင့် ပြောင်းလဲ နေမည် သာ ဖြစ်သည် ။


တစ် ဘဝဘစီ တစ် ဘာသာ စီ ဟု နားလည် ထားလိုက် လျှင် ပြီးပြတ်မည် ဖြစ်သော်လည်း ...


( ၂ )


စင်သီယာ နှင့် ပြန်လည် တွေ့ဆုံရပြီး နောက်များ မကြာမီ အကြောင်း ကိစ္စ တစ်ခု ဖန်တီးလာသည် ။


ကျွန်တော့် သူငယ်ချင်း တစ်ယောက် သည် စင်သီယာ ထံ မှ အကူအညီ တစ်ခု လိုအပ်ကြောင်း ပြော၏ ။ ကုန်ပစ္စည်း အရောင်းအဝယ် ကိစ္စပါပဲ ။ စင်သီယာ ကူညီ လုပ်ကိုင် ပေး လျှင် ကျွန်တော့်သူငယ်ချင်း အတွက် အကျိုး အမြတ် များမည် ဟု ပြော၏ ။


ကျွန်တော် စင်သီယာ ထံ ဖုန်း ဆက်၏ ။ သူ အလုပ်ခန်း မှာ မရှိ ။ ညနေ ခြောက်နာရီ မှ ခုနစ်နာရီ အကြား အိမ် မှာ ရှိသည် ဟု ပြောသည် ။


ခြောက်နာရီ သာသာ ခန့် သူ့ အိမ် သို့ ဖုန်း ဆက်၏ ။ သူတို့ အလုပ်ကိစ္စများ သည် ကျွန်တော် နားမလည်နိုင် သော ကိစ္စများ ဖြစ်၏ ။ စင်သီယာ က ကျွန်တော့်ချင်း ထံ မှ သူ သိချင်သော အချက်အလက်များ ကို မေးခိုင်းပြီး ထို အချက်အလက် ကိန်းဂဏန်းများ ကို ရေးမှတ် ၍ ကျွန်တော်တစ်ယောက် တည်း သူ့ အိမ် သို့ လာခဲ့ပါ ဟု ပြောသည် ။


ဆိတ်ငြိမ်ရပ်ကွက် တစ်ခု ၏ လမ်းသွယ်ကလေး အတိုင်း သွားရသည် ၊ စည်းရိုးကာလုံခြုံသည် ။ သံတံခါး အလယ်ပိုင်း ကို သံပြား တစ်ချပ် ကာ ထားသည် ။ လူခေါ် ခေါင်းလောင်း လိုက် ရှာရာ မတွေ့  ။ ခွေး တစ်ကောင် ဟိန်း ဟောင်လျက် ပြေး လာသည် ။ သံတံခါးကြီး ခြားနေပါ လျက် ကျွန်တော် လန့်ပြီး နောက် ဆုတ်မိသည် ။


မိန်းမကြီး တစ်ယောက် ထွက် လာသည် ။ ကျွန်တော့် ကို မေးမြန်း နေဆဲ မှာ ပင် ...


“ ဒေါ်သီ ဖွင့် ပေးလိုက်ပါ ၊ ကိုကျော်မြင့် လာလာ ” 


တိုက်ပုကလေး အတွင်း မှ စင်သီယာ့ အသံ ကို ကြား ရ၏ ။


ကျွန်တော် ဧည့်ခန်း သို့ရောက်၏ ။ စင်သီယာ သည် ပိုးပျော့အင်္ကျီပါး ကို ဝတ်ထား၏ ။ ထဘီ က လည်း ပိုးပျော့ထဘီ ပင် ။ အပြာ ကဲသော ခရမ်းရောင် ဖြစ်သည် ။


ကျွန်တော့် ထံမှ အချက်အလက်များ ကို ယူ၏ ။ ဂဏန်းပေါင်းစက်ကလေးနှင့် တွက်၏ ။ တစ်နေရာ သို့

ဖုန်း ဆက်၏ ။ ကျွန်တော်သည် သူ့ လှုပ်ရှားမှုများ ကို ဂရုတစိုက် ကြည့် နေမိသည် ။ စိတ် လှုပ်ရှားဖွယ် ကောင်း၏ ။ ရေချိုး ပြီး စ ဖြစ်လိမ့်မည် ။ သင်းပျံ့သော အနံ့ တစ်မျိုး ရသည် ။


ကျွန်တော်နှင့် မျက်နှာချင်းဆိုင် တွင် ထိုင်သည် ။ ကိုယ် ကို ကိုင်း၍ စာရွက် တစ်ရွက် ပေါ် တွင် ကိန်းဂဏန်း တစ်ခု ရေးချသည် ။ သူ့ အင်္ကျီ သည် လည်ဟိုက်အင်္ကျီ ဖြစ်၏ ။ သူ့ ကိုယ် ကို ပြန် မတ်၏ ။ ကျွန်တော့် ကို ကြည့် သည် ။


“ ဒီ စာရင်း ထဲ မှာ ကိုကျော်မြင့် အတွက် ပါပြီလား ” 


“ မပါ ပါဘူး ၊ ကျွန်တော့်သူငယ်ချင်း အတွက် တတ်နိုင်သမျှ ကူညီ ပေးတာပါ ”


သူ ပြုံး၏  ။


“ ကိုကျော်မြင့် လို လူမျိုးလည်း ရှိသေးတယ် ကိုး ၊ ထားပါလေ ... အဆင်ပြေပါတယ် ။ ကိုကျော်မြင့် သူငယ်ချင်း ဆီ က ပစ္စည်း ကို နက်ဖြန် မနက် ၁ဝ နာရီ အရောက် မန္တလေးကားဂိတ် ကို ပို့ခိုင်း လိုက်ပါ ။ အဲဒီမှာပဲ ငွေ ချေ ပါ လိမ့်မယ် ။ ပို့ရမယ့်လိပ်စာရယ် ၊ ငွေယူရမယ့် စာရယ် စင်သီယာ ရေး ပေးလိုက်ပါ့မယ် ”


နိုင်ငံခြားသို့ တင်ပို့ ရောင်းမည့် ပစ္စည်း ကို မန္တလေး သို့ အဘယ်ကြောင့် ပို့ခိုင်း မှန်း ကျွန်တော် မသိပါ ။ သို့သော် ကျွန်တော် နှင့် မဆိုင်သဖြင့် မမေးတော့ ။


 “ ကဲ ... အလုပ်ကိစ္စ က ပြီးပါပြီ ၊ ခု ကိုကျော်မြင့် ဘာတွေလုပ် နေသလဲ ”


“ ကျူရှင် ပြတယ် ”


“ အဆင် ပြေရဲ့လား ” 


“ အသင့်အတင့် ပါ ”


“ ကျူရှင်ဆရာတွေ ဟန်ကျတယ် ဆို ”


“ တချို့တလေ ပါ ”


“ ထမင်း စားပြီးပြီလား ” 


“ ပြန်မှ ပဲ စားတော့မယ် ”


“ မတွေ့တာ လည်း ကြာလှပြီ ၊ စားသွား ပေါ့ ။ ငြင်းလို့ မရဘူးနော် ”


ပြောပြောဆိုဆို ပင် ထ သွား၏ ။ ယခု အချိန်ထိ သူ့  အိမ်သား ဟူ ၍ ခြံဝ ၌ တံခါး လာ ဖွင့်သော မိန်းမကြီး တစ် ယောက် သာ တွေ့ ရသေးသည် ။


ထမင်းဝိုင်း တွင် ယမကာပါသည် ။ 


“ သောက်လေ့ ရှိတယ် မဟုတ်လား ”


စင်သီယာ မေးသည် ။ ကျွန်တော် ခေါင်းညိတ်၏ ။ နိုင်ငံခြား အရက် တစ်ခွက် စီ ငှဲ့ ၏ ။


“ လိုရင် ထပ်ယူဇနာ် ၊ အားမနာနဲ့ ”


အရက် နှစ်ခွက် လောက် ဝင်ပြီးနောက် အာရွှင် လာသည် ။


“ ကလေးတွေ မမြင်ပါလား ” ကျွန်တော် မေးသည် ။ 


“ ကျောင်းပိတ်ရက် မို့ တောင်ကြီး က သူတို့ အဘိုးအဘွား အိမ်မှာ သွား နေကြတယ် ”


“ ခင်ပွန်း ကော ”


သူ မျက်လုံး ဝိုင်းပြ၏ ။ ပခုံး တွန့်၏ ။ ရယ်၏ ။


“ ဒီလောက်တောင် အဆက်ပြတ် နေရသလား ကိုကျော်မြင့် ရယ် ၊ သူ နဲ့ စင်သီယာ ပြတ်တာ ကြာပါပြီ ။ ခု သူ စင်ကာပူ မှာ လေ ။ နောက် အိမ်ထောင် နဲ့ ၊ စင်သီယာ ရသင့်တာတွေ အားလုံး ယူထားလိုက်တယ် ။ သူ လည်း ယူနိုင်သလောက် ယူ သွား တာပဲ ”


သူ ရီဝေစွာ ပြောပြ၏ ။


ဝါလဲ့လဲ့ မီးရောင် အောက် တွင် ပိုးပျော့ဝတ်စုံ နှင့် လျော့ရဲစွာ လှနေသော ခရမ်းပြာရောင် စင်သီယာ ကို ကြည့်ရင်း ကျွန်တော့် သွေးများ လျင်မြန်စွာ လှည့်ပတ် လှုပ်ရှား နေလေသည် ။


သူ ကျွန်တော့် ကို စိုက် ကြည့်သည် ။ ပြုံးသည် ။ မျက်စိ မှေးပြသည် ။ သူ့ ညှို့ချက် တွင် ကျွန်တော် မိသွား လေပြီ ။


•••••   •••••   •••••


ကျွန်တော် နှင့် စင်သီယာ ခေါ်  နွဲ့ရီသန္တာ တို့ လက်ထပ် လိုက်ကြပါသည် ။


စင်သီယာ သည် အနွဲ့အပြောင်း အလှည့်အပတ် အယိမ်းအယိုင် ပိုင်နိုင် လှ၏ ။ လောက စည်းစိမ် ကို အပြည့်အဝ ပေးနိုင် စွမ်း၏ ။ ယူနိုင် စွမ်း၏ ။


ကျွန်တော် လည်း ဘတ်စ်ကားဖြင့် ဟိုပြေး သည်လွှား ကျူရှင် လိုက်ပြ နေသော ဘဝ မှ လူကုံထံ သားသမီးများ အိမ် သို့ ကိုယ်ပိုင်ကား ဖြင့် သွား၍ ကြေးကြီးကြီး နှင့် စာ ပြ ပေးနိုင်သော ဆရာ တစ်ယောက်အဖြစ် ရပ်တည် နေရပြီ ။ ကျွန်တော် ပြောင်ပြောင်ရောင်ရောင် ဖြစ်လာသည် မှာ ကျွန်တော့် အစွမ်းအစ နှင့် မဟုတ်နိုင်ပါ ။ စင်သီယာ ၏ အစွမ်း က ပို များပါသည် ။ ကျွန်တော် စာ ပြခြင်းသည် အခြား ဆရာများ နှင့် ဘာမှ မထူးပါ ။ သို့သော် ကျွန်တော့် တပည့်များ မှာ ဂုဏ်ထူး ရကြလေသည် ။ ဒါလည်း စင်သီယာ လက်ချက် ပင် ဖြစ်ပါလိမ့်မည် ။


ကျွန်တော်တို့ အိမ်ထောင်ရေး သည် သာယာသည် ဟု ဆိုရပါမည် ။


စင်သီယာ့ ကလေး နှစ်ယောက် က လည်း ကျွန်တော့်ကို ပထွေး တစ်ယောက် လို မဆက်ဆံပါ ။ အဖေ တစ်ယောက် ကဲ့သို့ လည်း မဆက်ဆံပါ ။ သူတို့ အမေ သဘောကျ သော ယောက်ျား တစ်ယောက် အိမ် ပေါ် ခေါ် ထားသည် ဟု သာ သဘော ထားပုံ ရပါသည် ။ စင်သီယာ က လည်း ကလေးများ ကို ထိန်းကျောင်း ရာ ၌ ကျွမ်းကျင် သည် ။ ပြဿနာ မပေါ်အောင် ထိန်းထားနိုင်၏ ။


ကျွန်တော့် ကို အချိန်ဇယား ဆွဲပေး ထား၏ ။ ထို အချိန်ဇယား တွင် သူ နှင့်ကျွန်တော် နှစ်ယောက် တည်း ရှိနိုင်သော အချိန် လည်း ပါ၏ ။ ကလေးများ ကို လည်း အချိန်ဇယား ဆွဲပေး ထား၏ ။ သူ ကိုယ်တိုင် လည်း အချိန် ဇယား နှင့် လှုပ်ရှား၏ ။


စီးပွားရေး လည်း တစ်စ ထက်တစ်စ တိုးတက် လာ၏ ။ ကျွန်တော် လည်း လူစော် နံသော ဘတ်စ်ကား မစီးချင်တော့ ။ နံနက် စောစော လမ်း လျှောက်ခြင်း ၊ ရေကူး ကန်သွားခြင်း ၊ ဘီယာလေး မြုံခြင်း အစရှိသည်များ နှင့် ပျော်မွေ့  ယစ်မူး နေလေပြီ ။


•••••   •••••   •••••


နှစ်ပေါင်း များစွာ ကို အမှတ်တမဲ့ ဖြတ်သန်း ခဲ့သည် ။ စင်သီယာ နှင့် ကျွန်တော်တို့ တွင် သားသမီး မထွန်းကားပါ ။ စင်သီယာ သည် ကျွန်တော် နှင့် လက်မထပ်မီ က ပင် ကိုယ်ဝန် တားဆီး ဖြတ်တောက် ပြီး ဖြစ်၏ ။


တစ်နံနက် တွင် ကျွန်တော် လမ်းလျှောက် ထွက်ခဲ့သည် ။


ကျွန်တော် လျှောက် နေကျလမ်း ပင် ဖြစ်သော်လည်း လူတစ်ရပ်ခန့် မြင့်သည့် သစ်ပင်များ တန်းစီ ပေါက် နေသည် ကို ခု မှ သတိထား မိ၏ ။


မနေ့ တစ်နေ့ က ဤ သစ်ပင်များ မရှိပါ ။ တစ်ရက် နှစ်ရက် အတွင်း လူ တစ်ရပ်ခန့် မြင့် သော သစ်ပင်များ မပေါက်နိုင် ပါ ။ စဉ်းစား ကြည့်တော့ မှ စိုက်ပျိုးရေးဌာန နှင့် လမ်းဌာန တို့ ပူးပေါင်း ပြီး တစ်နေရာ ၌ သစ်ပင်ပျိုး ၍ ဤလမ်း တစ်လျှောက် တွင် လာရောက် စိုက်ပေးခြင်း ဖြစ် လိမ့်မည် ။ ကန်ပေါင် ကုန်းစောင်း အထက် ၌ ကုက္ကိုပင်အိုကြီး တစ်ပင် တွေ့ ရသည် ။


ကျွန်တော့် ဦးနှောက် ထဲ သို့ အတွေးမျှင် တစ်စ ဝင် လာ သည် ။


ကျွန်တော် ကျောင်း က ထွက်ပြီး နောက် ယောင်ချာချာ ဖြစ်ခဲ့သည် ။ ထို့နောက် ကျူရှင် ပြ၏ ။ အတန်အသင့် သော ဝင်ငွေကလေး ရ၏ ။ ထိုစဉ် က တပည့်များ သည် မြို့စွန်ရပ်ကွက် မှ ဖြစ်၏ ။ မချမ်းသာကြ ။ နောက် စင်သီယာ ၏ ကြံစည်ဖန်တီးမှုများကြောင့် ကျွန်တော် သည် ငွေကြေး ကြွယ်ဝသော အသိုင်းအဝိုင်း တွင် နာမည် ကြီး သော ကျူရှင်ဆရာ ဖြစ် လာသည် ။ သို့ရာတွင် ကျွန်တော့် ဝင်ငွေ သည် စင်သီယာ ၏ စီးပွားရေးလုပ်ငန်း မှ ဝင်ငွေ ၏ အစွန်းထွက် မျှသာ ရှိ၏ ။ ပြီးတော့ ကျွန်တော် သည် အချိန်ဇယား နှင့် လှုပ်ရှား ခဲ့ရသည် ။


နံနက် စောစော ထ ၊ လမ်းလျှောက် ၊ စားကောင်း သောက်ဖွယ်စား ။ ပြီးတော့ ကား တစ်စီး နှင့် အိမ်များ သို့ လိုက် ၍ စာသင် ၊ ညနေ ကလပ် သွား ၊ ရေ ကူး ချင် ကူး ၊ ဘိလိယက် ထိုး ချင် ထိုး ၊ ဘီယာ သောက် ၊ အိမ်ပြန် ၊ စားကောင်းသောက်ဖွယ် စား ၊ စွဲမက်ဖွယ် ကောင်းသည့် မိန်းမ နှင့် နေ ။


နောက် တစ်နေ့ ၎င်း အတိုင်း ။ ကျောင်းပိတ်ရက် အားလပ်ရက် မှာ မိသားစု နှင့် အပန်းဖြေ ခရီးသွား ။ ပြီးတော့ နောက်တစ်နှစ်မှာ ဇယား အတိုင်း ဆက်လုပ် ။


စင်သီယာ က လည်း ယခင် က ကဲ့သို့ တပ်မက်စွဲလမ်း ဖွယ် မကောင်းတော့ ။ အသက်အလျောက် ယိုယွင်း အိုမင်း လာပြီ ။ တစ်ခါတစ်ရံ ရိပ်သာ သွား ၍ တရား အား ထုတ် နေတတ်ပြီ ။ ကျွန်တော်လည်း ယောင်တောင်ပေါင် တောင် နှင့် တရားရိပ်သာ သို့ လိုက်ဖူးပြီ ။ ဘာ တရား မှ လည်း မတွေ့ ၊ ဆရာတော်များ ဆိုဆုံးမ စဉ် ခဏ၌ သာ တည်ငြိမ် အေးချမ်း၏ ။ ထို့နောက် တော့ ဝဲ ထဲ မှာ ပြန် လည် နေ သကဲ့သို့ ။


ပျိုးပင်များ ကို နေရာရွှေ့စိုက်၍ ရနိုင်သည် ။ အသက် အတော်အတန် ရင့်နေပြီ ဖြစ်သော သစ်ပင် တစ်ပင် ကို အမြစ် က တူး၍ နေရာ ရွှေ့ စိုက် လျှင် မြေသြဇာ တွေ ကျွေး သော်ငြားလည်း ၊ ရေ လောင်း သော်ငြားလည်း ခက်လက် ဝေစည်စွာ ပြန်လည် မဖြစ်ထွန်း နိုင်တော့ ။ အညွန့် အညှောက်များ လည်း မထွက်နိုင်တော့ ။ တဖြည်းဖြည်း ကြုံလှီ ခြောက်သွေ့ သွားမည်သာ ဖြစ်၏ ။ 


ကျွန်တော့် ကိုယ်ကျွန်တော် နေရာ ရွှေ့ အစိုက်ခံ ရသော သစ်ပင် တစ်ပင် ကဲ့သို့ မြင် လာ၏ ။ သစ်ခြောက်ပင် တစ်ပင် ကဲ့ သို့ ထင်း အဖြစ်မှ တစ်ပါး အသုံး မဝင်နိုင် တော့ ဟု ထင် လာသည် ။


ကျွန်တော့် အထင်အမြင် အယူအဆ ကို စင်သီယာ အား ပြောပြ၏ ။ စင်သီယာ က ပြုံးသည် ။ ပြီးတော့ ကျွန်တော့် အချိန်ဇယား ထဲ မှာ ရပ်ရေးရွာရေး ကိစ္စ လုပ်ရန် နှင့် ဘုန်းကြီးကျောင်း သွားရန် အချိန်များ ကို ထည့်၍ ရေးဆွဲပေး လိုက်လေသည် ။  ။


◾မောင်ဝဏ္ဏ


📖 ရင်ခုန်သံ မဂ္ဂဇင်း

      ၁၉၉၃ ၊ အောက်တိုဘာလ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment