Monday, January 15, 2024

လာဘ် ပေါ် ကိုး အုပ် တော့ မြတ်ကျော် ပုဆိုးစုတ်


 ❝ လာဘ် ပေါ်  ကိုး အုပ် တော့ မြတ်ကျော် ပုဆိုးစုတ် ❞ 


ဝဲ ပေါက် ရင် ထုံးမှုန့် သိပ်ရတယ် ဆိုတာ ဘယ် ပညာရှိ ထားခဲ့တဲ့ ဆေးမြီးတို မှန်း မသိဘူး ။ စိန်ကြင် က တော့ သူ့ လက်ဖမိုး က ဝဲ တွေ ကို ကြားဖူး နားဝ ကုထုံး နဲ့ ထုံးတွေ သိပ် ဖို့ ပြင်ဆင် နေတယ် ။


ထောင် ထဲ မှာ တော့ တစ်ဆင့် စကား တစ်ဆင့် ကြား နဲ့ လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့ကြတဲ့ ဒီလို ကုထုံးတွေ အများကြီး ။ ဂျွတ် ပေါက် ရင် အုတ်ပူ နဲ့ ကပ်ရတယ် ဆိုလို့ လရှည် နှစ်များ ဂျွတ်သမား တွေ ပုဆိုးတွေ လှန် ပြီး ရေတွင်း နှုတ်ခမ်း ပေါ် သူ တို့ ကပ္ပာယ်အိတ်တွေ တင်လား တင် ကြရဲ့ ။ မုတ္တမ ကျ ရင် ဖားပြုပ် နဲ့ တို့ ရတယ် ဆို လို့ ဖားပြုပ် အရှင် ကို ဆေးလိပ်တွေ နဲ့ အလဲအလှယ် လုပ် လား လုပ်ကြရဲ့ ။ လိပ်ခေါင်း ထွက် ရင် ပုတ်သင်ညို အရှင် ရဲ့ ဦးခေါင်း နဲ့ တေ့ပေး ရ သတဲ့ လေ ။


စိန်ကြင် အတွက် ထုံးတွေ က တော့ ပေါ ပါတယ် ။ နံရံတွေ မှာ အထပ် ထပ် သုတ် ထားတဲ့ ထုံးတွေ ကို ဝါဒါ အလစ် မှာ ဝါးခြမ်းပြား နဲ့ ဗျိ ဗျိ ဗျိ ဆို ခပ်သွက်သွက် ခြစ်ချ ရင်း အောက် က လက်ဖဝါး နဲ့ ခံ ထား လိုက် ရုံပဲ ။ ဒါဆိုရင် ဝဲဆေး ရပြီ ။ သူ့ ရဲ့ ဘယ် လက် မှာ ရော ညာ လက် မှာ ရော စွဲ နေတဲ့ ဝဲတွေ က နည်း မှ မနည်းဘဲ ။ ဘယ် နဲ့ ညာ ဘယ်ဘက် က အရင် စပြီး ဝဲ ပေါက်တယ် လို့ တောင် သူ မမှတ်မိ တော့ဘူး ။


ဝဲ ပေါက် ရင် ငါးပိ မစားရဘူး ၊ ဝဲ နဲ့ ငါးပိ နဲ့ မတည့်ဘူး ဆိုပဲ ။ အိမ် က ထောင်ဝင်စာ လာ မတွေ့ နိုင်တဲ့ စိန်ကြင့် မှာ ထောင်ပုံစံ ငါးပိ မစားလို့ ဘာ သွား စားရမှာလဲ ။ တစ်နေကုန် ထွက် ထားတဲ့ ချွေးစက်ချွေးပေါက်တွေ အတွက် အငန်ဓာတ် ပြန် ဖြည့်တင်းဖို့ ဒီ ငါးပိ က ပဲ ရ မှာမဟုတ်လား ။ ထောင်ဝင်စာ လာနိုင်သူ တွေ က နံစော်ငန်တူး နေတယ် ဆိုတဲ့ ပုံစံငါးပိ ဟာ စိန်ကြင့် အဖို့ မှာ တော့ မငန် တဲ့ အပြင် ချိုတိုတို အရသာ ပေါ်ပြီး အနံ့ က မွှေးတေးတေးလေး လို့ တောင် အောက်မေ့ မိ သေးတယ် ။ ဒီတော့ လည်း ဝဲနာ တွေ က နယ်ပယ် ချဲ့ထွင်ပြီပေါ့ ။ နယ်ပယ် ကို တဖြည်းဖြည်း ချဲ့ လာ လိုက်တာ လက်ချောင်း အကြိုအကြား က စ ခဲ့တာ အခုတော့ လက်ဖမိုး ရောက် နေပြီ ။ လက်ဖမိုး က နေ ခုန် ပြီး လက်ဖျံ မှာ ဝဲတွေ ထပ် ပေါက်တယ် ။ လူငယ် လူပျို ဘဝ က ရူးရူးမိုက်မိုက် နဲ့ ထိုး ခဲ့တဲ့ နာနက်ဆေးမင်ကြောင် အရုပ်တွေလ ည်း ဝဲစား ကုန် ပြီလေ ။


“ အင်္ဂါသား ... အထွန်းဖွား ကွ ... ဘာမှတ် နေသလဲ ” 


“ မင်းတို့ ထက် သတ္တိ ရှိလို့ အင်းစိန်ထောင် က နေ ဒီ ထောင် ပြောင်းလာတာကွ ”


စိန်ကြင်တို့ လို ထောင်မင်းသား ၊ ထောင်သမ္ဘာတွေ က နိုင်လောက်မယ့် လူ ၊ ကြောက်လောက် လန့်လောက် တဲ့ အညာသားတွေ ကို လှန့်တဲ့ ၊ ခြောက်တဲ့ ၊ လှန့်လုံး ခြောက်လုံး တွေ ပေါ့ ။ အခုတော့ လည်း အင်္ဂါနံ အရုပ် ထိုး ထား တဲ့ လက်ဖမိုး နှစ်ဘက် ရော ၊ အသည်း မှာ အတောင်ပံ နှစ်ဘက် တပ် ထား ပြီး ငှက်ကြီးတောင်ဓား စိုက်ထားတဲ့ “ အသည်းပျံ ဓားစိုက် ” ဆေးမင်ရုပ် တွေ ပါ ဝဲစား နေပြီ ။ လက်တွေ ကို ရောင်ကိုင်း နေတာပဲ ။


ပါးစပ် က ဘယ်လောက် ပဲ မိုက်တယ်ပဲ ဆိုဆို နှုတ်ဖျား က ဘယ်ရွေ့ပဲ သတ္တိ ရှိတယ် ပြောပြော သွေးစိမ်းရှင်ရှင် ထွက် အောင် ပွတ်ဆွ ပြီး ထုံးမှုန့် သိပ် ရ တာ ဆိုတော့ စပ်တော့ နာတော့ တာပေါ့ ။ သူ့ ပါးစပ် ကတောင် ယောင်ပြီး စုတ်သပ် မိတော့ မလို့ ။ စုတ်သပ်မယ့် နှုတ် ကို မနည်း ဘရိတ်အုပ် လိုက်ရတယ် ။ အနား မှာ ဘရှင် တို့ က လည်း ရှိနေတယ် မဟုတ်လား ။ ဒါကိုပဲ ခန္ဓာကိုယ် တော့ တစ်ချက် တွန့်ခနဲ ဖြစ်သွား လိုက်သေးတယ် ။ စိန်ကြင် က ဘရှင် တို့ လို လူစားမျိုး အပေါ် မှာ ဟိတ် တစ်လုံး ဟန် တစ်ခွဲသား နဲ့ နေရတာ ဟုတ်လား ။


 •••••   •••••   •••••


အုတ်နံရံ ကို ကျော မှီ ရင်း ထုံးတွေ သိပ် ထားလို့ စပ်ဖျဉ်းဖျဉ်း ဖြစ်နေတဲ့ သူ့ လက်တွေ ကို အပြန်ပြန် အလှန်လှန် ကြည့် နေမိတယ် ။ ဪ ဒီ လက် နှစ်ဘက် က သူ့ ဘဝ ကို ရှင်သန် အောင် မွေးခဲ့တာပါ လား ။ ကြည့်မြင်တိုင် ဘက် က ရပ်ကွက် သမဝါယမ ဆိုင် တစ်ဆိုင် ကို သူ ဒီ လက် နှစ်ဘက် နဲ့ ဖောက်ထွင်းခဲ့ ဖူးတယ် ။ ပွဲဦးထွက် မို့ လိပ်ပြာ မလုံ တထိတ်ထိတ် နဲ့ တော့ ခံစားခဲ့ရသား ။ နောက်တော့ လည်း ဖောက်ထွင်း ခိုးယူတယ် ဆိုတာ သူ့ အတွက် သူ့ နားရွက် ထဲ က နားဖာချေး ကို ကလော်ထုတ် သလောက် ပါ ပဲ ။


ဒလ ဘက် ကို ကူးတဲ့ ကူးတို့ ပေါ် မှာ ဟောဒီ လက် နှစ်ဘက် က ရှာဖွေ နှိုက် ပေး ခဲ့တဲ့ အဘွားကြီး တစ်ဦး ရဲ့ လက်ဝတ်လက်စားတွေ ကို ရောင်းရ ငွေ ဟာ သူ့ ရဲ့ ဒုစရိုက် ဝင်ငွေ စံချိန် တင် ခဲ့တာပေါ့ ။ လ နဲ့ ချီ ပြီး ဒူးနှန့် စားသောက် နေထိုင် ခဲ့တယ် လေ ။ ဟောဒီ လက် နှစ်ဘက် နဲ့ပဲ ကီလီ မှာ နှုတ်ခမ်းနီတျာ ရဲတွတ်တွတ်လေးတွေ ၊ မျက်ခုံးမျက်ခွံ ကို ဆေးသား တင် ထားတဲ့ အလိပ်လိပ် ဆံခွေ ပိုင်ရှင်တွေ ကို ကျောသပ် ၊ ရင်သပ် ၊ ခေါင်းသပ် လုပ်ရင်း စီးပွား ရှာခဲ့ ဖူးတယ် ။ ဒီ လက် နဲ့ သူ ရိုက်ခဲ့ဖူးတဲ့ ဦးခေါင်းတွေ ၊ အရက်ပုလင်းတွေ မနည်းဘူး ။ တစ်ခါတလေ ကိုယ် သောက် နေတဲ့ ပုလင်း နဲ့ ကိုယ့် ခေါင်း ကို ပြန် ရိုက်ခွဲ ပြီး ပြဿနာတွေ ရှာခဲ့ ၊ ပြဿနာတွေ ရှင်းခဲ့ဖူး တယ်လေ ။


လူဆိုး လူမိုက် လောက ဆိုတာ တရုတ်ဇာတ်လမ်းတွဲ တွေ ထဲ က လို သူ့ ထက် သူ လူစွမ်းကောင်းတွေ ဟုတ်လား ။


“ ဘာ အင်္ဂါသား အထွန်းဖွား လဲ ၊ အင်္ဂါသားတွေ ဝဲစား ဂျွတ်ပေါက် သွားမယ် ”


“ ဘာ သတ္တိ ရှိတာလဲ ၊ လက် မှာ ဆေး နဲ့ ထိုးထားတဲ့ သတ္တိလား ၊ ဒီလို သတ္တိမျိုး လာ မပြောနဲ့ ”


နောက် ပေါက် နောက် ရောက် လူဆိုး အငယ်တွေ က သူ့ ကွယ်ရာ မှာ ခနဲ့သံတွေ ကို စိန်ကြင် ပြန် ကြားတယ် ။ နေနှင့်ဦးပေါ့ ကွာ ... မင်းတို့ ပုံစံ ထမင်း ဝအောင် စားထားကြဦး ၊ သတိတော့ မလစ်စေ နဲ့ ၊ သတိ လစ် တာနဲ့ အင်္ဂါသား အကြောင်း သိသွားစေ့မယ် ။ ထောင် အပြင် ကို ခြေထောက် နဲ့ ပြန်ထွက် လာ ပါရစေ ဆုတောင်း ထားကြ ။ မင်းတို့ ကို ထောင် အပြင် ကပ်ကြမ်း နဲ့ ထွက် ရအောင် ပို့ ပစ်မယ် ။


စိန်ကြင် က အညာသား မဟုတ်ဘူး ။ အကြေသား ၊ အကြေ တစ်ကြော က ထောင် တော်တော်များများ မှာ သူ့ နားရွက်ရာချည်း ပဲ ။ တစ်လ ကျ ၊ နှစ်လ ကျ ၊ လေးငါးခြောက်လ ကျတဲ့ အမှုတွေ နဲ့ သူ ကျင်လည်ခဲ့ ဖူးတယ် ။ အဲဒီ ထောင်တွေ က မိတ်ဟောင်း ပေါင်းသင်းဟောင်းတွေ နဲ့ ပေါင်း မိပြီး ဒီ တစ်ခါ တော့ စိန်ကြင် ကိုင်းကြီးကြီး နား သွားရတယ် ။ ( ထောင် နှစ်ကြီးကြီး ကျ တာ ) ပစ္စည်း ယူ လူသ,တ်မှု တစ်ခု နဲ့ ထောင်ဒဏ် ဆယ့်ရှစ်နှစ် တရား သူကြီး က ချ လိုက်တော့ ခေါင်းတွေ ပြာဝေ မူး မတတ်ဘဲ ။ လူသ,တ်မှု နဲ့ ကျတဲ့ သူ ဆိုတော့ ကိုယ် ကျတဲ့ ပုဒ်မ ကို လေးစားပြီး လူသ,တ်သမား ဂုဏ် နဲ့ အညီ သူ ဟန် တစ်ခွဲသား နဲ့ နေရတာလေ ။


စိန်ကြင် က ဘရှင် တို့ လို အညာသား လူရိုးကြီး လူအကြီးတွေ ကို မိတ်ဆွေ ဖွဲ့ ထားရတယ် ။ အညာထောင် မှာ အညာသား တွေ ပဲ ထောင်ဝင်စာ လာနိုင်ကြတာ မဟုတ်လား ။ ဒီတော့ ဘရှင် တို့ လို အညာသားတွေ ကို စိန်ကြင် က အနုနည်း နဲ့ ရော အကြမ်းနည်း နဲ့ ပါ သူ့ ကို ကျွေးချင် မွေးချင် ပေးချင် ကမ်းချင် အောင် စည်းရုံး ထားတယ် ။


ဘရှင် ဟာ ရေနံချောင်း ၊ ကျောက်ပန်းတောင်း နယ် က တောင်သူ လယ်သမားတွေ အတွက် တော့ အလွန် စက်ဆုပ်ဖို့ ကောင်း တဲ့ နွားခိုးကြီး ပေါ့ ။ သူတို့ ခမျာ နွား နဲ့ ဖက် ရုန်းကြရရှာတာ ။ ဒါပေမဲ့ ဘရှင် က တော့ မြင်မြင် သမျှ နွား သူ့ နွား ပဲ ။ အဲဒီ နယ်တွေ မှာ တော့ ဘရှင် သနား မှ နွား ချမ်းသာ သလို ဖြစ် နေတယ် ။ နွားခလောက် ထဲ နောက်ချေး နဲ့ ကောက်ရိုး ဆို့ ခိုး လို ခိုး ၊ မွေး ထား တဲ့ ခွေး ထန်းလျက် ကျွေး ခိုး လို ခိုး ၊ တစ်ခါတလေ နွား ပြန်ပေး လည်း လုပ်လိုက် သေးတယ် ။


အခုတော့ နွား ခိုးမှု တစ်မှု ကို တောင် ခြောက်နှစ်နှုန်း နဲ့ အနှစ် သုံးဆယ် ထောင်ဒဏ် ကျခံနေရတယ် ။ ဒါတောင် မပေါ် တဲ့ အမှုတွေ က ရှိ သေးတယ် ။ ပေါ်တဲ့ အမှု က လည်း နောက်မှု တန်းလန်း နဲ့ ရုံး ထွက် နေရတဲ့ လူ ။


အကြေသား စိန်ကြင် နဲ့ အညာသား ဘရှင် တို့ နှစ်ယောက် အခုတော့ ဆံသဘုတ် မှာ လာ ဆုံကြတယ် ။ ဆံပင် အညှပ် ခံရအောင် လာ ကြတာ မဟုတ်ဘူး ။ စိန်ကြင် က တောင်ယာ ထဲ မှာ နေ ပူ လို့ ပင်ပန်း လို့ ဆံပင်ညှပ် ဖို့ လာ သလိုလို နဲ့ အသာ အချောင်ခို ရအောင် လာတာ ။ ဘရှင် က ဒီ တစ်ပတ် အသားစားနေ့ မှာ ရမယ့် ကြက်ဥ နဲ့ ဆေးလိပ် နဲ့ လဲ ပေးဖို့ ဆံသဘုတ်ကိုင် ဇပန်ကြီး ကို လာ ပြောတာ ။ မထူးပါဘူး ၊ ဘရှင် လည်း သူ တာဝန် ကျတဲ့ တစ်ဆောင် တောင်ယာဘုတ် က အသက်သာ ခို ဖို့ လစ်ထွက် လာ တာပါပဲ ။


စာကလေးတွေ က သူတို့ အသိုက်အအုံ အတွက် ကောက်ရိုးစလေးတွေ ချီ ပြီး သူတို့ ခေါင်းပေါ်က  ဖြတ်ဖြတ် ပြီး ပျံ နေကြတယ် ။ တချို့ အကောင် တွေ က သွပ်ဆူးကြိုး ပေါ် မှာ တစ်ထောက် နား လိုက် ကြသေးတယ် ။ ပြီးမှ အသိုက် ဆီ ပျံသန်း ကြတယ် ။ ဒါကို နွားခိုးကြီး က မြင်တဲ့ အခါ ... 


“ ရွာ ကို လွမ်းတယ် ဟေ့ ၊ အိမ် ပြန်ချင်ပြီ ”


အနှစ် သုံးဆယ် ထောင်ကျ ထားပြီး ထောင် နေသား နှစ်နှစ် ပဲ ရှိသေးတဲ့ ဘရှင် ပါးစပ် က ဒီ စကား ကြား တော့ စိန်ကြင် တို့ ဇပန်ကြီး တို့ အံ့သြ သွားကြ တာပါ့ ။ ဘာလဲဟ ၊ ဒီကောင် ရူးများ ရူး သွားပြီလား ၊ တန်ရာ တန်ရာ မပြောဘူး ။ ပါးစပ် တော့ ဝဲ ပေါက်တော့မှာပဲ လို့ စိန်ကြင် က စိတ် ထဲ က နေ မှတ်ချက် ချ လိုက်တယ် ။


“ ဘာလဲ ... ဒီ အချိန် ဆိုရင် နွား ခိုးလို့ ကောင်းလို့လား ”


ကတ်ကြေး တစ်ဘက် ဆေးပေါ့လိပ်တို တစ်ဘက် နဲ့ ဆံပင် ညှပ် နေတဲ့ ဇပန်ကြီး က လှမ်း မေးတော့ အကွက် ကောင်း စောင့် နေတဲ့ စိန်ကြင် က ဇပန်ကြီး လက် က ဆေးပေါ့လိပ်တို ကို လှမ်း ယူပြီး ဖွာ လိုက်တယ် ။ ဇပန်ကြီး မပေးချင် ပေးချင် နဲ့ ပေး လိုက်ရတာ မို့ မျက်စောင်း တစ်ချက် ခဲ လိုက်သေး တယ် ။ ထောင်ပါး ဝပြီး အရေထူ လှပြီ ဖြစ်တဲ့ စိန်ကြင် က တော့ ဇပန်ကြီး ရဲ့ မျက်စောင်း မ က လို့ လက်ဝါးစောင်း ပဲ လာလာ သူ ဂရု မစိုက်ဘူး ။ အရေးကြီး တာ သူ့ ပါးစပ် နဲ့ နှာခေါင်း က မီးခိုး ထွက် ဖို့ပဲ ။


“ ဘယ် ဟုတ်မလဲ ၊ အခုလို စပါး ပေါ်ချိန် ဆိုရင် ရွာ မှာ ဖဲဝိုင်းတွေ သိပ် ကောင်း တာပဲ ”


ဖဲဝိုင်း ဆိုတဲ့ စကားသံ လည်း ကြားရော စိန်ကြင် က ဖွာလက်စ ဆေးလိပ် ကို အားပါးတရ ဖွာ ရင်း မီးခိုးတွေ မှုတ် မထုတ်သေး ဘဲ အသာ အောင့် ပြီး နားစွင့် နေမိတယ် ။ ခုနက ဘယ်ဘက် ကို လှမ်းပြီး မျက်စောင်း ခဲ တဲ့ ဇပန်ကြီး က ဒီ တစ်ခါ ညာဘက် မှာ ရှိတဲ့ အညာသား ဘရှင် ကို အကဲ တစ်ချက် လှမ်း ခတ် လိုက်တယ် ။ ဒီ အကောင် ဘာ လာ ရွှီး နေတာလဲ ၊ ဟုတ်ရဲ့လား ၊ ဖဲဝိုင်း ဆိုတော့ ဇပန်ကြီး လည်း စိတ်ဝင်စား တာပေါ့ ။


“ ဘယ်လောက် ကောင်းတဲ့ ဝိုင်း မို့လို့လဲ ”


“ တစ်ထောင်တန် နဲ့ ငါးရာတန် ချည်း ပဲ ။ နှစ်ရာတန် ဆိုတာ အသေး ဆုံး ၊ စပါး အဝယ်ဒိုင် က ပိုက်ဆံတွေ အကုန် ဖဲဝိုင်း မှာ လာ စု နေသလား အောက်မေ့ ရတယ် ”


ဆေးပေါ့လိပ် လက်ကြား ညှပ် ထားတဲ့ စိန်ကြင် က ပါးစပ် ခံတွင်းချဉ် ပြေ ပေမဲ့ စိတ် ခံတွင်း ချဉ် သွားတယ် ထင်ပါရဲ့ ။


“ တောက် အဲဒီလို ဖဲဝိုင်းမျိုး ကြုံလိုက်ချင်တယ် ကွာ ” 


စိန်ကြင် ပါးစပ် က ဆေးလိပ်မီးခိုး ကို ကျပ်ပြားစေ့ လို အဝိုင်းလေး တွေ မှုတ်ထုတ် လိုက်တယ် ။


ဇပန်ကြီး ရဲ့ သောက်လက်စ မလေးတံဆိပ် ဆေးပေါ့လိပ် က စိန်ကြင့် ပါးစပ် က နေ တစ်အောင့်လေး ကြာ တော့ ဘရှင် ရဲ့ ပါးစပ် ရောက် သွားပြီ ။ ဇပန်ကြီး ရော ဘရှင် က ပါ စိန်ကြင် ကို သံသယ မျက်လုံး ၊ မယုံတဲ့ မျက်လုံးတွေ နဲ့ စိုက် ကြည့် လိုက်ကြတယ် ။


“ သာကေတ ၊ ကြည့်မြင်တိုင် ၊ မင်္ဂလာဒုံ ၊ သင်္ကန်းကျွန်း မှာ ကျွန်တော် လှည့် ပြီး ဖဲ ရိုက်ခဲ့တာ နည်းတဲ့ ငွေတွေ လား ၊ ကျွန်တော့် ဖဲထုပ် သာ ဝိုင်း ထဲ ရောက်အောင် သွင်း ပေးလိုက် အဲဒီ ဝိုင်း က ပိုက်ဆံ ကိုယ့် ပိုက်ဆံ ဖြစ်ပြီ ။ လောဘကြီး လို့ တော့ မရဘူး နော ၊ တဖြည်းဖြည်း ချင်း ငါးဖယ်တေ သလို လျှော့လိုက် ၊ တင်းလိုက် ၊ ရိုက် ယူ ရတာ ။ ခင်ဗျားတို့ ရွာ က ဖဲဝိုင်းမျိုး တော့ ဝိုင်းလုံးကျွတ် ပြီ ပေါ့ ”


စိန်ကြင့် ဆီ က ကိုယ့် ကိုယ် ကိုယ် အထင် ကြီး တဲ့ လေသံ ၊ ကြွား တဲ့ လေသံ ပါ နေ သလား သူတို့ ဝိုင်း ပြီး အကဲခတ် နေကြတယ် ။


“ အရမ်း လည်း အပြော မကြီးစမ်းပါ နဲ့ စိန်ကြင် ရာ ။ ရွာ က လူတွေ က လည်း အချဉ်တွေ မဟုတ်ဘူး ။ ဖဲဝိုင်း မှာ ဓားတွေ က ဖွေး နေတာပဲ ၊ ကိုယ့် အူ ကိုယ် ပိုက်ပြီး ပြန် နေရဦးမယ် ”


ဇပန်ကြီး ရဲ့ မျက်လုံး က စကား အချေအတင် ပြောကြသူတွေ ကို တစ်လှည့် စီ ကြည့် နေမိတယ် ။ ဘရှင် ရဲ့ စကား က စိန်ကြင် ရဲ့ မာန ကို ခနဲ့ သလို ဖြစ်သွားတယ် ထင်ပါရဲ့ ။


“ အိုး ... အဲဒါမျိုး က ပို ချဉ်တာ ပေါ့ ၊ ဓား အားကိုး နဲ့ ဖဲစိတ် မွှန် ၊ ငွေစိတ် မွှန် နေတဲ့ သူတွေအပေါ် က စား ရတာ ပို မြိန်တယ် ”


စိန်ကြင် က မင်္ဂလာဒုံ မှာ မြိုးမြိုးမြက်မြက် နိုင်ခဲ့ပုံ ၊ သင်္ကန်းကျွန်း မှာ ပညာသည် ကျားကျားချင်း အထာ နဲ့ အနိုင် ကို ဝေမျှ ယူခဲ့ကြပုံ တွေ ၊ သာကေတ မှာ လူမိုက်တွေ အကြား လက် တစ်လုံး ကြား ရိုက်ယူ ခဲ့ ပုံတွေ မြိန်ရေယှက်ရေ ပြန် ပြောပြ နေတယ် ။ လက် က လည်း ဖဲထုပ် တကယ် ပါ လေ ဟန် နဲ့ ကု,လားဖန် ထိုး ၊ ဖဲဝေ ၊ ဖဲပွင့် ပွတ် ကြည့် တာတွေ လုပ်ပြနေ သေးတယ် ။ 


“ ဒါဆိုရင် ထောင် က လွတ် ရင် ကျုပ်တို့ ရွာ ကို လာခဲ့ဗျာ ” 


ပိုက်ဆံပုံကြီး ကို မစားရ ဝခမန်း မြင်ယောင် ပြီး ဘရှင် မျက်လုံး မှာ ငွေရောင်တွေ လက် နေတယ် ။


“ ခင်ဗျားတို့ ရွာ က ဘယ်လို လာရတာတုံး ”


“ ရေနံချောင်း ဈေးနား မှာ ထွန်စက်ထွေလာ တွေ တွေ့လိမ့်မယ် ၊ သေနတ်ကန်ရွာ သွားမယ့် ထွေလာ နဲ့ လိုက်ခဲ့ ၊ သေနတ်ကန် ရောက်ရင် လက်သမားဆရာ လှညွန့် လို့ မေး ။ မှတ်ရတာ လွယ် ပါတယ် ။ အခု ထောင်မှူးကြီး နာမည် နဲ့ ဆင်တူ ပဲ ။ အဲဒီ လှညွန့် က ကျုပ် ညီ ပဲ ။ လှညွန့် ကို တွေ့ တွေ့  ၊ သူ့ မိန်းမ တွေ့ တွေ့ ဇီးချိုကုန်း ပို့ပေးပါလို့ ပြော ၊ ဒီကောင်တွေ မရောက် ရောက် အောင် ပို့ လိမ့်မယ် ။ ဒါဆိုရင် ရွာ ကို ရောက်ရော ” 


စိန်ကြင် က မျက်လုံး အသာ မှေးပြီး ဘရှင် ပြောသမျှ စိတ် နဲ့ လိုက် မှတ် နေတယ် ။


ဘရှင် က ဆေးလိပ် ကို မီး သေ မသေ သိချင် လို့ သူ့ လက်ညှိုး နဲ့ ဆေးလိပ် အဖျား ကို စမ်း ကြည့်ပြီး အပူငွေ့ ရှိသေးတာ နဲ့ ဆေးလိပ် နှစ်ဖွာ သုံးဖွာ ဆက် ဖွာ ရင်း ...


“ ဪ ... လှညွန့် ကို  ဖဲ ရိုက်ရအောင် လာတာ တို့ ၊ ထောင် ထဲ မှာ မိတ်ဆွေ ဖြစ် လာတာတို့ သွား မပြောနဲ့ နော် ”


“ စိန်လိုက် စိန်ကြင် တို့ က ဒီလိုပွဲ နွှဲချင် လို့ စောင့် နေတာ ကြာလှပြီ ” 


စိန်ကြင် က သူ့ နှုတ်ခမ်း တစ်ဝိုက် က စို့ နေတဲ့ ချွေးစတွေ ကို လက်ဖမိုး နဲ့ ပွတ်မယ် လုပ်ပြီး မှ ဝဲတွေ သတိရ ပြီး လက်ဖဝါး နဲ့ ပွတ် လိုက်တယ် ။ 


“ နေပါဦးဗျ ၊ ငွေ ကျတော့ ဘယ်လို ခွဲကြမှာတုံး ”


ဇပန်ကြီး က ဆံပင် ညှပ် နေရင်း နားစွင့် နေတယ် ။


“ ကျွန်တော်တို့ ဆီ က ထုံးစံ အတိုင်းပေါ့ ၊ ဗိုက် နဲ့ ရင်းပြီး ကစား တဲ့ သူ က ပြား ၆ဝ ယူတယ် ၊ ဖဲဝိုင်း ဖြစ်အောင် လူစု ၊ ဖဲထုပ် သွင်း တဲ့ သူ က ပြား ၄၀ ရမယ် ”


“ ဘယ်လိုဗျ ”


ဘရှင် က စိန်ကြင် ပြောတာ ကို နား မလည်ဘူး ။


“ ဪ ငွေ ၁ဝဝ နိုင်ရင် မင်း က ၄ဝ ရမယ် ၊ သူ က ၆ဝ ယူ မယ်ကွာ ။ ငွေ ၁ဝဝဝဝ နိုင် ရင် မင်း ၄ဝဝဝ ၊ သူ က ၆၀၀၀ ၊ ငွေ တစ်သိန်း ဆိုရင် မင်း က လေးသောင်း ၊ သူ က ခြောက်သောင်း ပေါ့ ”


ဇ၀န်ကြီး ဝင် ရှင်းတော့ မှ ဘရှင် သဘော ပေါက် သွားတယ် ထင်ပါရဲ့ ။ မျက်ခုံး တစ်စုံ လုံး ပြိုင်တူ ပင့် လိုက်ရင်း ...


“ ဟုတ်ပြီ ၊ ခင်ဗျား စကား မမေ့နဲ့ နော် ၊ ကတိ တည်ပါစေ ” 


“ စိမ်လိုက်လေ ”


စက်ကတ်ကြေး နဲ့ တဇပ်ဇပ် ထိုးချ နေတဲ့ ဇပန်ကြီး တောင် မှ သူတို့ ပြော စကား ကို နားထောင် ပြီး ဝမ်းပါး မိ သေးတယ် ။


နောက်စေ့ မှာ ဆံပင် ညှပ် ရာ စွတ်ကြောင်းကြီး နှစ်ကြောင်း နဲ့ ခေါင်း ငုံ့ ပြီး ဆံပင် အညှပ် ခံရသူ က ပါ စပိတ်တွေ ၊ ညှင်းတွေ ၊ ဂျက်တွေ ၊ ကင်းတွေ ကို မျက်လုံး ထဲ မြင်ယောင် နေမိတယ် ။


သောက်စရာ ဆေးလိပ် မရှိ လို့ ဆေးလိပ် ရှိတတ် တဲ့ ဆံသဘုတ်ကိုင် ဆီ မှာ ဆေးလိပ် ကပ်ရပ် သောက် ကြရင်း လူ နှစ်ယောက် တော့ စိတ်ကူး နဲ့ ဖဲဝိုင်း တစ်ဝိုင်း ဖွဲ့လို့ ငွေကြေးတွေ ခွဲယူ ကြဖို့ သဘောတူ ခဲ့ကြပါပြီ ။ လာကြတဲ့ ဒေသချင်း လည်း မတူ ၊ ထောင် ကျတဲ့ နှစ်တွေ လည်း မတူ ၊ ထောင် က လွတ်ရက် ဆိုတာ လည်း ဘယ်ဆီ နေမှန်း မသိနိုင်ကြ သူ နှစ်ယောက် က တော့ ကွေး တဲ့ လက် မဆန့်မီ တွေ ဘာတွေ မတွေးနိုင်ကြ ဘဲ ဖဲ ရိုက်ဖို့ တိုင်ပင်ခဲ့ကြတယ် ။ ပိုက်ဆံ သိန်းဂဏန်း ၊ သောင်းဂဏန်း တွေ ပြော ကြရင်း လောလောဆယ် တော့ ဇပန်ကြီး ရဲ့ ဆေးလိပ်တိုလေး မှာ ဖင်ဆီခံ မီး စွဲ နေ ပြီလေ ။


◾ညီပုလေး 


📖 အဆန်းနော် လိုရာ ကွန့်နိုင်တဲ့


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment