Showing posts with label မိုးပေါ်မှာ ကြယ်တစ်လုံး. Show all posts
Showing posts with label မိုးပေါ်မှာ ကြယ်တစ်လုံး. Show all posts

Sunday, February 4, 2024

ခရီးထွက်ဖို့ ပြင်ကြပြီ


 

❝ ခရီးထွက်ဖို့ ပြင်ကြပြီ ❞

ကိုတိုင်းကျော် ခေါ် ကိုမြသာ ခေါ်  ကိုကြာပွတ် သည် ၎င်း ၏ အတ္ထုပ္ပတ္တိ ကို မမယ်ဇယ် အား အထက်ပါ အတိုင်း ပြောပြခဲ့ပြီး ဖြစ်၏ ။

ထို့နောက် ၎င်းတို့ နှစ်ဦး သည် ရှမ်းပြည်နယ် သို့ ပြန်လာ ပြီး လျှင် ရှမ်းပြည်နယ် ရှိ သစ်လုံးအိမ်ကလေး နှင့် ခြံ ကို ရောင်းပစ် လိုက် လေတော့၏ ။

၎င်းတို့ ခရီး ထွက် နေစဉ် အတွင်း ၎င်းတို့ ၏ ခွေးကလေး မှာ လည်း မြွေ ကိုက် ၍ သေဆုံးသွားပြီ ဖြစ်ကြောင်း ကို အနီးအပါး မှ ပြော လေ၏ ။

ထို ခွေးကလေး သည် ၎င်းတို့ ခရီး ထွက် နေစဉ် အတွင်း ၌ လည်း အနီး ရွာ ၌ ပင် လှည့်လည် နေထိုင် ခဲ့သည် ဟူ၏ ။

ကိုကြာပွတ် နှင့် မမယ်ဇယ် တို့ သည် ရန်ကုန်မြို့ သို့ အပြီးအပိုင် ပြောင်းရွှေ့ ခဲ့ လေတော့၏ ။ ထိုသို့ ပြောင်းရွှေ့ပြီး နောက် ကြို့ကုန်း ဘက် တွင် ရှိသော ကိုကြာပွတ် ၏ “ သန်းခေါင်ကြယ် ” ဟု နာမည် ပေး ထားသော ခြံဝင်းကြီး အတွင်း ၌ ပင် နေ လေ၏ ။ ထို အိမ်ကြီး သို့ ရောက် လျှင် မမယ်ဇယ် သည် ကိုကြာပွတ် ၏ စာအုပ်ဗီရို ကို ကြည့်ရှု ကာ

“ ရှင် က တော်တော့် ကို စာ ဖတ်တာပဲ နော် ”

ဟု ပြော လိုက်လေ၏ ။

“ အရင် က စာဖတ် ဝါသနာ မပါ ပါ ဘူး မမယ်ဇယ် ရဲ့ ပြောခဲ့ သလို ကျုပ် ဆရာ ကိုဆိတ်ဖွား က ကျုပ် ကို စာဖတ် ဝါသနာ ပါအောင် လေ့ကျင့် ပေး လိုက်တယ်လေ ”

ဟု ကိုကြာပွတ်ကြီး က ပြန် ၍ ပြော လိုက်လေ၏ ။

ထို့နောက် စင်များ တွင် ဆေးရည် စိမ်ထားသော အကောင်အမျိုးမျိုး တိရစ္ဆာန် အမျိုးမျိုး ၏ ပုလင်းများ ကို ကြည့်ကာ မမယ်ဇယ် က

“ ရှင် က အဲဒီလို အကောင်တွေ ပိုးမွှားတိရစ္ဆာန်တွေ လေ့လာဖို့ ကော စိတ်ဝင်စား သလား ”

ဟု မေး လိုက်လေ၏ ။

“ အဲဒါတွေ ကို စိတ်ဝင်စားတာ မဟုတ်ဘူး ။ ကျုပ် က အဆိပ် အကြောင်း လေ့လာ နေတာ ။ သစ်ပင်တွေ က ရတဲ့ အဆိပ် ။ တိရစ္ဆာန်တွေ က ရတဲ့ အဆိပ် ။ လူတွေ ဖော်စပ်တဲ့ အဆိပ် ။ အဲဒါတွေ ကို လေ့လာ နေတာ ”

ဟု ကိုကြာပွတ်ကြီး က ပြန် ၍ ပြော လိုက်လေ၏ ။

ထို့နောက် မမယ်ဇယ် သည် ကိုကြာပွတ် နှင့် အတူ ကိုကြာပွတ် ၏ အိမ်ကြီး အပေါ်ထပ် ဆီသို့ တက်ခဲ့ရာ အပေါ်ထပ် တွင် ရှိသော နံရံ အားလုံး နက်ပြာရောင်များ သုတ်၍ ကောင်းကင် တွင်ရှိ သော ကြယ်နက္ခတ် တာရာများ ကို ရေးဆွဲ ထားကြောင်း တွေ့လျှင် 

“ ရှင် ဟာ နက္ခတ်ပညာ ကို အတော့် ကို ဝါသနာ ပါတယ်နော် ”

ဟု မမယ်ဇယ် က မေးလိုက်လေ၏ ။

“ အစက ဝါသနာ မပါပါဘူး မမယ်ဇယ် ။ ဆရာ ကိုဆိတ်ဖွား နဲ့ နေတုန်း က ဆရာ ကိုဆိတ်ဖွား က ကျုပ် ကို အဲဒါတွေ သင်ပေးခဲ့ ဖူးတယ် ။ အဲဒီတော့ ကျုပ် လဲ အဲဒါတွေ ကို နားလည် တတ်ကျွမ်း သွား တာပေါ့ ။ အဲဒီ နောက်ပိုင်း မှာ တော့ ကျုပ် လဲ ပြောခဲ့ပြီးပါ ပကော လား ။ ကျုပ် မှာ အဖော် ဆိုလို့ မရှိဘူး ။ မိုး ပေါ် က ကြယ်တွေ ဟာ ကျုပ် ရဲ့ အဖော် ဖြစ်လာ တော့ တာပဲ ။ အဲဒီတော့လဲ ကျုပ် ဟာ အဲဒီ ပညာ ဘက် ကို စိတ်အာရုံ က ရောက် သွားတယ် ။ ဒီမှာ နေတဲ့ အခါ လဲ မိုး ပေါ် က ကြယ်တာရာတွေ ကြည့်တယ် ။ ဟို ရှမ်းပြည်နယ် က သစ်လုံး အိမ်ကလေး ကို ရောက်တဲ့ အခါ မှာ လဲ ကောင်းကင် ကို ကြည့်တဲ့ မှန်ပြောင်းကလေး တစ်လက် ယူ သွားပြီး ကြယ်တွေ ကို ကြည့်တယ် ။ လာလာ ကျုပ် ဒီမှာ နေတဲ့ အခါမှာ ညတိုင်း ညတိုင်း ကြယ်တွေ ကို ကြည့်တဲ့ နေရာကလေး ပြ မယ် ”

ဟု ဆို ကာ ကိုကြာပွတ် သည် အပေါ် ထပ် မှ နေ၍ လသာဆောင် ဆီသို့ တက်သော တံခါး ကို မ, ၍ ဖွင့် လေ၏ ။ တံခါး မှာ အတော်အတန် လေး၏ ။

ကိုကြာပွတ် သည် တံခါး ကို ဖွင့်ပြီး နောက် တံခါး ပြန် မကျစေရန် အတွက် မင်းတုံး ထိုး လိုက်လေ၏ ။

“ ရှင် လုပ်ထားတဲ့ တံခါးကြီး က လဲ လေး လိုက်တာ ”

ဟု မမယ်ဇယ် က ပြော လိုက် လေ၏ ။

“ အလျင် တုန်း က ကျုပ် တစ်ယောက် တည်း နေ တာလေ ။ ကျုပ် အတွက်ပဲ စဉ်းစားပြီး လုပ်ထားတာ ။ အဲဒီတုန်း က ကျုပ် ရဲ့ စိတ်ကူး ထဲ မှာ မမယ်ဇယ် ဆိုတာ မပါသေးဘူး ။ အခု မမယ်ဇယ် ရောက်လာပြီ ဆိုတော့ ဒီ တံခါး ကို မမယ်ဇယ် ဖွင့် နိုင်အောင် ပြင်ပြီး လုပ်ရဦးမှာပေါ့ ”

ဟု ကိုကြာပွတ် က ပြော လိုက်လေ၏ ။

ထို့နောက် ၎င်းတို့ နှစ်ဦး သည် လသာဆောင် သို့ တက်ကြ လေ၏ ။

“ အလျင်တုန်း က ရှင် တစ်ယောက် တည်း ကြယ် ကို ကြည့်တယ်မ ဟုတ်လား ။ နောက် ဆိုရင် ရှင် နဲ့ ကျွန်မ နှစ်ယောက် ကြည့်ရမယ် ။ ပိုပြီး ကောင်းတာပေါ့ ရှင် ”

ဟု မမယ်ဇယ် က ပြော လိုက်လေ၏ ။ 

ထို့နောက် ၎င်းတို့ သည် အောက်ထပ် ဆီ သို့ ဆင်းလာ ကြလေ၏ ။ ထိုသို့ ဆင်း လာစဉ် မမယ်ဇယ် က ...

“ ဒီ လှေကား ဟာ အောက် ကို ဆင်းတာလား ”

ဟု မေး လိုက်လေ၏ ။

“ အောက် ကို ဆင်းတဲ့ လှေကား မဟုတ်ဘူး ။ ဒါက အထပ်ခိုး ဆီ ကို သွားတာ အဲဒီ အထပ်ခိုး က နေ ပြီးတော့ အောက် ကို ဆင်းတဲ့ လှေကားဝှက်ကလေး တစ်ခု ရှိသေးတယ် ”

ဟု ကိုကြာပွတ် က ပြောလေ၏ ။

ထို့နောက် ၎င်းတို့ နှစ်ဦး သည် ထပ်ခိုး ပေါ် တွင် သွားလာနေကြလေ၏ ။ ထိုသို့ သွားလာ နေရင်း အထပ်ခိုး နံရံ၌ ချိတ်ထားသော ပိုက်လုံး တစ်လုံး ကို မမယ်ဇယ် က လက် ဖြင့် လှမ်း ၍ ကိုင် လိုက်ရာ ကိုကြာပွတ် က

“ မလုပ်နဲ့ မလုပ်နဲ့ ။ အဲဒါ သေမင်း သေမင်း ”

ဟု ပြော လိုက်လေ၏ ။

“ ဘယ်လို သေမင်း လဲ ကိုကြာပွတ် ရဲ့ ”

ဟု မမယ်ဇယ် က မေး လိုက်လေ၏ ။

“ ကျွန်းသားလူရိုင်းတွေ အသုံးပြုတဲ့ မှုတ်ပြောင်း လေ ”

ဟု ဆိုကာ ပြောင်း ကို ယူ၍ ကိုကြာပွတ် သည် ပါးစပ် ဖြင့် မှုတ် ပြ လိုက်ရာ ။ ပြောင်း အတွင်း မှ အရာဝတ္ထု တစ်ခု သည် “ ဝှီ ” ခနဲ ထွက် ၍ အထပ်ခိုး ၏ တိုင် တစ်တိုင် ကို ထိမှန် လေ၏ ။

“ အဲဒါ လူ တစ်ယောက် ဆိုရင် ထိ တာနဲ့ သေပြီ မှတ်ပေတော့ ။ သူ့ ထုံးစံ က ပစ်ပြီး တာ နဲ့ ပြောင်း ထဲ ကို မြားအသစ် တစ်စင်း ထည့် ထားရတယ် ။ ဒါမှ ကိုယ် ပစ်ချင်တဲ့ အခါ မှာ အဆင်သင့် ဖြစ်မှာပေါ့ ”

ဟု ဆိုကာ ကိုကြာပွတ် သည် ပုလင်းကလေး တစ်လုံး ကို ယူ၍ ထို ပုလင်း အတွင်း မှ မြားတံကလေး တစ်ချောင်း ကို ပြောင်း အတွင်း သို့ ထည့် လိုက်လေ၏ ။

ထိုအခါ မမယ်ဇယ် က

“ မြားတံ က လဲ ဆူးကလေးတွေ ပါ လား ”

ဟု ပြော လိုက်လေ၏ ။

“ ဟုတ်တယ် အဲဒါ အပင် တစ်မျိုး က ဆူးတွေ ပဲ ။ သိပ်ကို အဆိပ် ပြင်းတယ် ။ အဲဒီ အပင် က အစေး ဟာ လဲ အဆိပ် ပဲ ”

ဟု ကိုကြာပွတ် က ပြော လျှင် မမယ်ဇယ် က

“ ကျွန်မ မှုတ်ကြည့်ဦးမယ် ”

ဟု ဆိုကာ ပြောင်း ကို ပါးစပ် ဖြင့် ငုံ လိုက်လေ၏ ။

ထို့နောက် “ ဟူး ” ခနဲ မှုတ် လိုက်ရာ မြားတံကလေး သည် ကြမ်းပြင် ပေါ် သို့ သွား စိုက်လေ၏ ။

ထိုအခါ ကိုကြာပွတ် က

“ ဒီ ပြောင်း ကို မှုတ်တဲ့ အခါမှာ နှာခေါင်း က နေ လေကို တ၀ကြီး ရှူ လိုက်ရတယ် ။ ပြီးတော့ အသက် ခဏ အောင့် ထား ရတယ် ။ နောက်ဆုံး မှာ ဝမ်းဗိုက် ထဲ မှာ ရှိတဲ့ လေတွေ ကုန် သွားတဲ့ အထိ “ ဝှူး ” ခနဲ မှုတ် လိုက်ရတယ် ။ ဒါက မြား ထွက်အောင် မှုတ် တဲ့ နည်း ပြောတာ ။ ကိုယ် ထိ ချင်တဲ့ အရာဝတ္ထု ကို ထိအောင် ချိတ်တဲ့ နည်းကတော့ အဲဒီ အရာဝတ္ထု နဲ့ ကိုယ့် နှာခေါင်း နဲ့ တည့်အောင် ချိန် ရတယ် ။ နှာခေါင်း နဲ့ တည့်ရင် မြား ဟာ တည့်တည့်မတ်မတ် သွားပြီး ထိ တော့တာပဲ ”

ဟု ပြော လိုက်ရာ မမယ်ဇယ် သည် ပြောင်း အတွင်း သို့ မြား တစ်စင်း ထည့် ကာ ထပ်ခိုး ၏ တိုင် တစ်တိုင် ကို နှာခေါင်း ဖြင့် ချိန် ၍ မှုတ်ကြည့် ရာ မြားတံ သည် ထို တိုင်၌ တည့်တည့်မတ်မတ် သွား ၍ စိုက်လေ၏ ။

ထို့ကြောင့် ကိုကြာပွတ် က

“ မမယ်ဇယ် သိပ်ပြီး တော်တယ် ။ ကျုပ် တောင် အဲဒီလောက် တည့်အောင် မနည်း လေ့ကျင့်ရတာ ”

ဟု ချီးမွမ်း လိုက် လေတော့၏ ။

ထို့နောက် ၎င်းတို့ သည် အထပ်ခိုး မှ အပေါ်ထပ် ဆီ သို့ ပြန်၍ တက်ကြ လေ၏ ။ ထို့နောက် မမယ်ဇယ် သည် ဟိုသည် ကြည့် လိုက်ရာ စားပွဲ ပေါ် တွင် တင် ထားသော နေနာရီ နှင့် ရေနာရီ ကို တွေ့ရ လေ၏ ။

“ ဒီ နာရီတွေ က ဘာ လုပ်တာလဲ ”

ဟု မမယ်ဇယ် က မေး လိုက်လေ၏ ။

“ အချိန် သိပ်ပြီး တိကျတယ် ကွယ့် ။ ကျုပ် ကျွန်း ပေါ် မှာ နေတုန်းက အဲဒီ နာရီတွေ ပဲ အသုံးပြုခဲ့တာ ”

ဟု ပြော လေ၏ ။

ထို့နောက် ၎င်းတို့ သည် အပေါ်ထပ် မှ နေ၍ အောက်ထပ် သို့ ဆင်း လာ ကြလေ၏ ။

“ အိမ်ကြီး က အကျယ်ကြီး ပဲ နော် ”

ဟု မမယ်ဇယ် က ပြော လိုက်လေ၏ ။

“ အကျယ်ကြီး ပါ ပဲ ။ ရတနာပစ္စည်းတွေ ရရင် ဒီ ထက် ကြီးတဲ့ အိမ်ကြီး တစ်လုံး ဆောက်ရဦးမယ် ”

ဟု ကိုကြာပွတ် က ပြော လိုက်လေတော့၏ ။

ထို့နောက် ၎င်းတို့ သည် ရေမိုး ချိုး ကာ ထမင်းဟင်း ချက်ပြုတ်၍ စားသောက် ကြလေ၏ ။ ထမင်း စားရင်း မမယ်ဇယ် က ...

“ ရတနာတွေ ရှိတဲ့ ကျွန်း ကို ဘယ်တော့ သွားမလဲ ”

ဟု မေး လိုက်လေ၏ ။ ထိုအခါ ကိုကြာပွတ် က ...

“ ဒီလို မမယ်ဇယ် ရဲ့ ။ မင်း ရဲ့ အဖေ ဦးမြူ ရေးထားတဲ့ မှတ်တမ်းကြီး မှာ ရတနာ ရှိတဲ့ ကျွန်း ကို သွားပုံ သွားနည်း အသေးစိတ် ပါ ပါတယ် ။ ဒါပေမဲ့ ခက်နေတာ က ကျွန်း ကို ရောက်ရုံ နဲ့ မပြီးသေးဘူး ။ ကျွန်း က အလျား သုံးမိုင် အနံ နှစ်မိုင် ရှိတယ်လို့ ဆို ထားတယ် ။ စတုရန်းမိုင် ခြောက်မိုင် တောင် ရှိတာ ရတနာပစ္စည်း ဟာ အဲဒီ ကျွန်းကြီး ပေါ် မှာ ရှိတာလဲ သေချာပါတယ် ။ ဒါပေမဲ့ ကျွန်း ရဲ့ ဘယ်နေရာ မှာ ရှိတယ် ဆိုတာက သိဖို့ လိုသေးတယ်ကွယ့် ”

ဟု ပြော လိုက်လေ၏ ။

“ အဲဒါ ဘယ်လို လုပ်မလဲ ”

ဟု မမယ်ဇယ် က မေး လိုက်လေ၏ ။

“ ဒီလိုကွယ့် မမယ်ဇယ် ရဲ့ ။ ကျွန်း ပေါ်မှာ ရတနာ တွေ ဝှက် ထားတဲ့ နေရာ ကို သိ တာ က ဦးကု,လား ကွယ့် ။ အဲဒီ ဦးကု,လား က ကျွန်း ကို မသိဘူး ။ ကျွန်း ပေါ် မှာ မြှုပ် ထားတဲ့ နေရာ ကို တော့ အတိအကျ သိတယ် ။ အဲဒီ မြေပုံ က သူ့ မှာ ရှိတာ ။ သူ က လဲ အဲဒီ မြေပုံ ကို လေးပိုင်း ပိုင်းပြီး သူ့ ရဲ့ မယား လေးယောက် က မွေးတဲ့ သား လေးယောက် စီ ကို ခွဲပြီး ပေးခဲ့ပုံ ရ တယ် ။ အဲဒီ လေးယောက် အနက် သုံးယောက် ဟာ မစန်းအေး နဲ့ ညားဖူး တဲ့ မစန်းအေး ရဲ့ယောက်ျားတွေ ပဲ ။ နောက်ဆုံး လူ ဖြစ်တဲ့ သွားစိုက်ဆရာ တစ်ယောက် ပဲ မစန်းအေး နဲ့ မညား လိုက်တာ ။ ကျုပ် တွေး မိ တာ က အဲဒီ ကျင်ဝမ် ဆိုတဲ့ ကောင် ဆီ မှာ မြေပုံ လေးခု စလုံး ရှိနေပြီ ။ ဒါပေမဲ့ သူ က ဘာ လို နေသလဲ ဆိုတော့ ဘယ် ကျွန်း မှာ ရှိတယ် ဆိုတာ သူ မသိဘူး ။ ဘယ် ကျွန်း မှာ ရှိတယ် ။ အဲဒီ ကျွန်း ကို ဘယ်လို သွားရတယ် ဆိုတာ ကျုပ်တို့ ဆီမှာ ရှိတာ ။ ဒီတော့ ကျင်ဝမ် ဟာ တစ်နည်း နည်း နဲ့ ကျုပ်တို့ ဆီ ကို ရောက် လာနိုင်တယ် ။ အဲဒီ အခါမှာ သူ့ ဆီ က မြေပုံ ရရင် ကိစ္စ က ပြီးပြီ ။ ဒီလို မဟုတ်ဘဲ ကျုပ်တို့ ဆီ က မြေပုံ သူ ရ သွားရင်လဲ သူ့ အတွက် ကိစ္စ က ပြီးပြီ ။ ဒီနေရာ မှာ ဘယ်သူ က ရမယ် ဆိုတာ တော့ စောင့်ကြည့်ရမှာပဲ ”

ဟု ပြော လေ၏ ။

ဤသို့လျှင် ကိုကြာပွတ် နှင့် မမယ်ဇယ် တို့ သည် ရတနာပစ္စည်းများ အကြောင်း ကို ပြောဆို ပြီးနောက် မမယ်ဇယ် က ထမင်းစားပွဲ ကို သိမ်း၍ ပန်းကန်ခွက်ယောက်များ ကို ဆေးကြော လေ၏ ။ ထိုသို့ ဆေးကြောရင်း “ ကျွန်မ က ဘယ် အခန်းမှာ အိပ်ရမှာလဲ ” ဟု မမယ်ဇယ် က မေးလိုက်လေ၏ ။ “ မမယ်ဇယ် က အထပ်ခိုး မှာ အိပ်လေ ။ ကျုပ် က အောက်ထပ် မှာ အိပ်မယ် ” ဟု ကိုကြာပွတ် က ပြော လိုက်လေ၏ ။ ပန်းကန် ဆေးပြီးသော အခါ၌ မမယ်ဇယ် လည်း အထပ်ခိုး ပေါ် သို့ တက် သွား လေ၏ ။ ကိုကြာပွတ် သာ လျှင် အောက်ထပ် ၌ ကျန်ခဲ့ လေတော့၏ ။ ညဉ့်အတော် နက်သည့် တိုင်အောင် ကိုကြာပွတ် သည် မအိပ်သေး ဘဲ ရတနာကျွန်း သို့ မည်သို့မည်ပုံ သွားရောက် ရမည် ကို စဉ်းစား နေလေ၏ ။

   •••••   •••••   •••••

ဤသို့လျှင် ကိုကြာပွတ် နှင့် မမယ်ဇယ် တို့ သည် ကြို့ကုန်းအိမ်ကြီး ၌ နေထိုင်ခဲ့ ကြလေ၏ ။ ကိုကြာပွတ် သည် ပြန်လည် ရောက်ရှိ ကြောင်း သိလျှင် နွားနို့ကု,လား သည် နွားနို့ ပို့မြဲ ပြန်၍ပို့၍ သတင်းစာသမား မှာ မူ ကိုကြာပွတ် ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ သတင်းစာ ကို ပုံး ထဲ တွင် လာ၍ ထည့်မြဲ ထည့် ထားလေ၏ ။

တစ်ည သ၌ မမယ်ဇယ် သည် အထပ်ခိုး ပေါ် တွင် တက်၍ အိပ်စက် နေပြီ ဖြစ်၏ ။ ကိုကြာပွတ် သာ လျှင် အောက်ထပ် ၌ ထိုင်၍ စက်လှေ ဝယ်ယူရန် ကုန်ကျမည့် စရိတ် ကို လည်းကောင်း ၊ သွားရမည့် ခရီး အကွာအဝေး ကို လည်းကောင်း စိတ်တွက် ဖြင့် တွက် ၍ နေလေ၏ ။ ထိုအချိန် ၌ တစ်စုံတစ်ယောက် သည် ၎င်း အနီး သို့ ရောက်ရှိ လာပြီး

“ ငြိမ်ငြိမ်ကလေး နေ နော် ။ ဒီ ဥစ္စာ သေနတ် လို့ ခေါ်တယ် ။ မှန်ရင် ပွဲချင်း ပြီး သေတတ်တယ် ကြားလား ”

ဟု ပြော လိုက်လေ၏ ။

ကိုကြာပွတ် လည်း ထို သူ အား မော့ ၍ ကြည့် လိုက်လေ၏ ။ ထို သူ သည် သစ်သား လက်ကိုင်တုတ် တစ်ချောင်း ကို လက် တစ်ဖက် ၌ ကိုင် ၍ ထား၏ ။ အခြားသော လက် တစ်ဖက် ၌ သေနတ် ကို ကိုင်၍ ထား လေ၏ ။

“ နေစမ်းပါဦး ။ ကျုပ် ကို ဒမြ တိုက် မလို့လား ”

ဟု ကိုကြာပွတ် က ပြော လိုက် လေ၏ ။

“ ရိုးရိုး ဒမြတိုက်ရိုးလား ဗျ ။ မြေပုံဒမြ မြေပုံဒမြ ။ ကျုပ် စုံစမ်း နေတာ ကြာပါပြီ ။ ကျုပ် လိုချင်တဲ့ မြေပုံကလေး ခင်ဗျား ဆီ မှာ ရှိတယ် ။ ခင်ဗျား ရထားတာလဲ မကြာသေးဘူး ။ ကျုပ် အကုန် သိပြီးပါပြီ ။ ဒါတွေ သိအောင် လေ့လာ လိုက်ရတာ ကျုပ် ဖြင့် မောနေတာပဲ ။ အကုန်လုံး လဲ သိရော ခင်ဗျား ကို လဲ မိရော ။ ဟဲ ဟဲ ဟဲ ဟောဒီမှာ တွေ့လား ။ ဓာတ်ပုံ က လေး လေးပုံ ။ လူ တစ်ယောက် တည်း ရဲ့ ဆင်တူ ဓာတ်ပုံကလေးတွေ ။ ဒီ လူ ကို ရော သိလား ။ သေသေချာချာ ကြည့်ပါဦး ။ ဘယ်လောက် ရှေးဆန်သလဲ ”

ဟု ပြော ဆိုကာ သေနတ်သမား သည် ၎င်း ၏ အိတ် အတွင်းမှ လူ တစ်ဦး ၏ ဓာတ်ပုံ ဆင်တူ အား မော့ ၍ ကြည့် လိုက်လေ၏ ။ ထို သူ သည် ခြေထောက် တစ်ဖက် အနည်းငယ် နိမ့်၍ နေကြောင်း ကို လည်း သတိပြု မိသည့် အပြင် ထို သူ မှာ တရုတ်ကပြား တစ်ဦး ဖြစ်ကြောင်းလည်း သိလေ၏ ။

“ နေစမ်းပါဦး သေနတ် နဲ့ လူ ရဲ့ ။ ကိုယ့် လူ နာမည် က ကျင်ဝမ် မဟုတ်လား ။ အလျင်က သွားစိုက်ဆရာဝန် လေ ”

ဟု ကိုကြာပွတ် က ပြော လိုက်လေ၏ ။

ထို သူ က

“ ခင်ဗျား လဲ အတော့် ကို စုံစမ်းထားပြီ ပဲ ဟုတ်ပါ့ဗျာ ။ သွားစိုက်ဆရာ ကျင်ဝမ်ပါပဲ ”

ဟု ဆိုကာ ထို သူ သည် ကု,လားထိုင် ၌ ဝင် ၍ ထိုင်ကာ သူ ၏ တုတ် ကို နံရံ ၌လှမ်း ၍ ထောင် ထား လိုက် လေ၏ ။ သေနတ်ပြောင်း က မူ ကိုကြာပွတ် အား ချိန်မြဲ ချိန် ၍ ထား လေ၏ ။

ကိုကြာပွတ် သည် ဓာတ်ပုံများ ကို လှမ်း ကြည့် လိုက်ပြန်၏ ။ ခေါင်းပေါင်း အပြောက် ကို အကျအန ပေါင်း ထားသည့် ရှေးလူကြီး တစ်ဦး ၏ ပုံ ဖြစ်ကြောင်း သိရလေ၏ ။ ထိုအခါ ကိုကြာပွတ် သည် ထို ဓာတ်ပုံများ ကို ဆွဲယူ၍ မှောက် ကြည့်လိုက်ရာ မတော်တဆ စွန်းထင် နေသော မင်စက် ။ မင်ပြောက်များ ။ ညစ်ပတ် ပေရေ ၍ ဖြစ်ပေါ် နေသော အကွက်များ ကို တွေ့ရလေ၏ ။ ထိုအခါ ကိုကြာပွတ် က

“ မဟုတ်မှ လွဲရော ။ ဦးကု,လား ရဲ့ဓာတ်ပုံ ဖြစ်လိမ့်မယ် ။ ဦးကု,လား ဆိုတဲ့ လူ ဟာ အတော့် ကို ဉာဏ် ပြေးတာ ကိုး ။ ဟောဒီ မင်စွန်း ။ မင်ပြောက်တွေ ချေးကွက်တွေ ဟာ မတော်တဆ ဖြစ် ထားတာတွေ မဟုတ်ဘူး တမင်တကာ လုပ် ထားတာတွေ ။ ဒါတွေဟာ ရတနာ မြှုပ်ထားတဲ့ မြေပုံ ပဲ ။ ဒီလို ပိပိရိရိ လုပ်ထားလို့လဲ မစန်းအေး ယောက်ျား ကိုပီတာ ရော ။ တဲဝိုင်းကြီးဘူတာရုံ က ရုံပိုင်ကြီး ရော ။ ရှုတိုင်းယဉ် ဓာတ်ပုံတိုက် က ဓာတ်ပုံဆရာ ရော ဟာ မြေပုံ ရဲ့ လေးပုံ တစ်ပုံ ကို ရ ပါ လျက် မြေပုံမှန်း မသိရှာကြဘူး ကိုး  ။ ဒါပေမဲ့ ကံအားလျော်စွာ ဒီ ဓာတ်ပုံတွေ ကို ဖျောက်ဖျက် မပစ်ဘဲ တစ်ယောက် ကို တစ်ယောက် သ,တ်ပြီး ယူ လာ လိုက်ကြတာ နောက်ဆုံး မှာ ခင်ဗျား ဆီ ကို ဓာတ်ပုံ ၃ ပုံ စုပြီး လာ ပေးသလို ဖြစ်နေပြီ ခင်ဗျား မှာ ရှိတဲ့ ပုံ တစ်ပုံ နဲ့ လဲ ပေါင်း ရော ပြည့်စုံတဲ့ မြေပုံ တစ်ချက် ဖြစ် သွားတာပေါ့ ။ ခင်ဗျား ကတော့ သူတို့ အထဲ မှာ အကင်းအပါး ဆုံး ပဲ ။ အခု ခင်ဗျား ဆီ မှာ ရတနာ မြှုပ်ထားတဲ့ မြေပုံ တော့ ပြည့်စုံ သွားပြီ ။ ဒါပေမဲ့ အဲဒီ ကျွန်း ကို သွားဖို့ ရေကြောင်းခရီး မြေပုံ က လိုနေသေးတာ ကိုး ။ အဲဒီ ရေကြောင်းခရီး မြေပုံ က ကျုပ် ဆီ မှာ ရှိတယ် ”

ဟု ကိုကြာပွတ် က ပြော လိုက် ရာ

သေနတ်သမား က

“ တယ် သိပါလား ဒီလို နားလည်တဲ့ လူ နဲ့ အလုပ် လုပ်ရတာ ကောင်းပါတယ် ။ ဟုတ်ပါတယ် ။ ကျုပ် အဖေ ဦးကု,လား ရဲ့ ပုံတွေပါပဲ ။ ဒီပုံ လေးပုံ က တစ်နေရာ စီ တစ်ယောက် စီ မှာ ။ ဒါတွေ ပြန်ပြီး စု ရတာ မလွယ်လှဘူး ကိုယ့် လူ ရဲ့ ။ ကျုပ် ကတော့ ကံကောင်းသူ ပေါ့ ဗျာ ”

ဟု ပြော လိုက်လေ၏ ။

“ ခင်ဗျား က တော့ ရှုတိုင်းယဉ် ဓာတ်ပုံဆရာ ဆီ က သ,တ်ပြီး ယူလိုက်တာ မဟုတ်လား ”

ဟု ကိုကြာပွတ် က ပြော လိုက်ရာ သေနတ်သမား က

“ ဟုတ်ပါ့ ကိုယ့် လူ ရယ် ။ အဲဒီတော့ ကျုပ် လိုချင်တာ က ခင်ဗျား ဆီ က ပစ္စည်းပဲ ခင်ဗျား လဲ မစန်းအေး တို့ ကို သ,တ်ပြီး ယူခဲ့ပြီ မဟုတ်လား ”

ဟု မေး လိုက်လေ၏ ။

ထိုအခါ ကိုကြာပွတ် က မတ်တတ် ရပ် လိုက်လေ၏ ။ ထို့နောက် ကိုကြာပွတ် ၏ ရင်ဝ တည့်တည့် သို့ သေနတ် ဖြင့် ချိန် ကာ နေရာ ရွှေ့ လိုက်လေ၏ ။

“ အူကြောင်ကြောင် လုပ်လို့ မရဘူး ။ ထုတ် ပေးရင် ခင်ဗျား အသက် ကို စဉ်းစားမယ် ။ နို့မို့ ခင်ဗျား ကို သ,တ်ရမယ် ။ ဒီ အိမ် ထဲ မှာ ခင်ဗျား ဝှက်ထားတဲ့ မြေပုံ ကို ရှာ ရမယ် ။ ပြီးရင် ဒီ အိမ်ကြီး ကို မီးရှို့ ပစ်ရမယ် ။ အလုပ်တွေ သိပ်ပြီး များတယ် ။ အိမ်နီးနားချင်းတွေ လဲ အနှောင့်အယှက် ဖြစ်တယ်ဗျ ။ ကဲပါ ဘယ်မှာလဲ တစ် နှစ် ”

ဟု အမှတ်စဉ် မှတ် လိုက်လေ၏ ။

ထိုအခါ ကိုကြာပွတ် က

“ ကိုယ့် လူ လိုချင်တာ ကို ပေးရင် ကျုပ် အသက် ကို မသ,တ်ဘူးလား ”

ဟု မေး လိုက်လေ၏ ။ 

“ မသ,တ်ဘူး ”

ဟု သေနတ်သမား က ပြော လိုက်လေ၏ ။ ထိုအခါ ကိုကြာပွတ် က

“ ကျုပ် မယုံဘူး ”

ဟု ပြောဆို ကာ နေရာ ရွှေ့လေ၏ ။ သေနတ်သမား လဲ ကိုကြာပွတ် နှင့် မျက်နှာချင်း ဆိုင် မိ စေရန် အတွက် လိုက်၍ နေရာ ရွှေ့ လေ၏ ။ ထို့နောက်

“ အူကြောင်ကြောင် မလုပ်နဲ့ ။ ဟေ့ ကြာပွတ် သေပေတော့ ”

ဟု ဆိုကာ မောင်း ဖြုတ်မည် အလုပ် တွင် သေနတ်သမား ၏ ဦးခေါင်း ပေါ် တည့်တည့် မှ “ ဝှူး” ဟု အသံ တစ်ချက် ကြား လိုက်ရပြီး နောက် သေနတ်သမား သည် အော်မျှ မအော်နိုင်တော့ဘဲ လဲကျ သွားကာ မချိမဆံ့ ဝေဒနာ ကို စက္ကန့် အနည်းငယ် ခံစားပြီး နောက် အကြောများ ဆွဲကာ အသက် ထွက် ၍ သွား လေတော့၏ ။

မမယ်ဇယ် သည် အထပ်ခိုး မှ ပြေး၍ ဆင်း လာ ပြီး လျှင် အလောင်းကြီး ကို တစ်လှည့် ကိုကြာပွတ် ကို တစ်လှည့် ကြည့် ကာ

“ ကိုကြာပွတ် လိုချင်နေတဲ့ မြေပုံကလေး လာပြီး ပို့ တာပါ ။ သူ့ နာမည် ကျင်ဝမ် တဲ့ သွားစိုက်ဆရာဝန် တစ်ယောက်ပါ ”

ဟု ကိုကြာပွတ် က ပြော ဆိုကာ ကျင်ဝမ် ၏ အလောင်း မှ ဓာတ်ပုံလေးပုံ ကို နှိုက်ယူ ၍ နောက်ကျော ကို ကြည့် လိုက်ရာ ဆံပင်ချည်ထွေး ကဲ့သို့ ရှုပ်လှသော မြေပုံ လေးချပ် ကို တွေ့ရ လေ၏ ။ ထိုအခါ ကိုကြာပွတ် သည် ဓာတ်ပုံ လေးပုံ ကို ဆက်စပ် လိုက် ပြီးနောက်

“ ဟောဒါ မြေပုံ အပြည့်အစုံ ပဲ မမယ်ဇယ် ။ ခရီး ထွက်ဖို့ ပြင်ပေတော့ ”

ဟု ပြော လိုက်ရာ မမယ်ဇယ် လဲ မကြာသေး မီ က မှ ဝယ်ယူ ထားသော ၎င်း ၏ အဝတ်အစား အချို့ ထည့် ထားသည့် သားရေ သေတ္တာကလေး တစ်လုံး ကို အထပ်ခိုး ပေါ် မှ ယူ ချခဲ့လေ ၏ ။ ကိုကြာပွတ်ကြီး လဲ ၎င်း ၏ သေတ္တာ တစ်လုံး ကို ယူခဲ့ပြီး နောက် ထို “ သန်းခေါင်ကြယ် ” အိမ်ကြီး မှ အပြီးအပိုင် ထွက်သွား ကြလေတော့ သတည်း ။

   •••••   •••••   •••••

❝ ဆားပုလင်းနှင်းမောင် ကို ပြန် ခေါ်ရပြီ ❞

“ မိုးပေါ် မှာ ကြယ်တလုံး ” ဟု ကျွန်ုပ် အမည် ပေး ထားသော လွန်စွာ ရှုပ်ထွေးသည့် အမှုကြီး ကို ကျွန်ုပ် မိတ်ဆွေ စုံထောက်ကြီး ဆားပုလင်းနှင်းမောင် က အောင်မြင်စွာ ဖော်ထုတ် ၍ တရားခံများ ကို လည်း ဖမ်းဆီး ပေးခဲ့ပြီ ဖြစ်၏ ။

တရားခံများ ၏ စစ်ချက်များ ကို လည်း ရေးသား မှတ်တမ်းတင် ပြီး ဖြစ်၏ ။ ထို အဖြစ်အပျက်ကြီး ဖြစ်ပွားပြီး ရက် အနည်းငယ် အတွင်း ၌ ဦးကိုကိုကြီး ၊ ဆားပုလင်းနှင်းမောင် နှင့် ကျွန်ုပ် တို့ သုံးဦး သည် အင်းစိန် စီအိုင်ဒီရုံး သို့ အတူတကွ လာခဲ့ကြ လေ၏ ။ လမ်း တွင် ဦးကိုကိုကြီး က ဆားပုလင်း နှင်းမောင် အား

“ အိုင်ဆေး ၊ ကိုကြာပွတ် နဲ့ မမယ်ဇယ် တညင်းကုန်း ဘက် ကို ပြေးမယ် ဆိုတာ ခင်ဗျား ဘယ်လို လုပ် သိသလဲ ”

ဟု မေး လိုက်လေ၏ ။

“ ဒီလိုလေဗျာ ၊ ကြို့ကုန်းအိမ်ကြီး မှာ ဖြစ်ပွားတဲ့ လူသတ်မှု ကို သွား ကြည့်ပြီး ကတည်း ကို က တရားခံ ဟာ ကျွန်း တစ်ကျွန်း နဲ့ ပတ်သက် နေတယ် ဆိုတာ ကျုပ် အနေ နဲ့ တွေးပြီးသား ပဲ ။ အဲဒီတော့ ပြေးမယ် ဆိုရင် ကျွန်း ကို ပဲ ပြေးလိမ့်မယ်လို့ ကျုပ် က တွက်ထားမိတယ် ။ ဒါကြောင့် ပင်လယ်ပြင် ကို သွားနိုင်တဲ့ ပင်လယ်ဆိပ်ကမ်းမြို့တွေ က ကျုပ် ရဲ့ လူတွေ ဆီ ကို သံကြိုး ရိုက်ပြီး အကြောင်းကြား ထားပြီး ပြီ ဗျ ။ ပြီးတော့ ပင်လယ်ဆိပ်ကမ်းမြို့ မဟုတ်ပေမယ့် ပင်လယ်ပြင် ကို ထွက်လို့ ရတဲ့ ရွာကြီးတွေ ဘက်မှာ ရှိတဲ့ ကျုပ် လူ တွေ ဆီ ကို လဲ အကြောင်းကြား ထား ပြီးပြီ ။ မြို့ကြီးတွေ ဆီ မှာ ရှိတဲ့ ကျုပ် လူတွေ ဆီ က ဘာမှ အကြောင်း ပြန်ကြားချက် မရခဲ့သေးဘူး ။ အဲဒီတော့ တရားခံ ဟာ မြို့ဘက် ကို မသွားဘဲ မထင်ရှားတဲ့ ရွာတွေ ဘက် က ထွက်လိမ့်မယ် လို့ ဆိုတာ ကျုပ် သဘောပေါက် ပြီး သားပါ ။ နောက်ဆုံးမှာ တညင်းကုန်း က ကိုစံဖေ ရောက် လာတော့ ပိုပြီး ထင်ရှား သွားတာပေါ့ ”

ဟု ဆားပုလင်း နှင်းမောင် က ပြော လိုက်ရာ ဦးကိုကိုကြီး က

“ ဟုတ်ပါတယ် ဗျာ ။ ခင်ဗျား သာ ကျုပ်တို့ ဆီ မှာ မရှိရင် ဒီ အမှု ဟာ လုံးဝ မပေါ်နိုင်ဘူး ကိုနှင်းမောင် ”

ဟု ချီးကျူး လိုက်လေ၏ ။

ဤသို့နှင့် ပင် ကျွန်ုပ်တို့ သုံးဦး သည် စကား တပြောပြော နှင့် လာခဲ့ကြရာ စီအိုင်ဒီ သို့ ရောက်ရှိ ခဲ့ကြလေတော့၏ ။ စီအိုင်ဒီ သို့ ရောက် လျှင် စုံထောက်မင်းကြီး မစ္စတာကရစ်ပင် က ကျွန်ုပ်တို့ အား တွေ့လိုသည် ဆို သဖြင့် ကျွန်ုပ်တို့ လည်း ၎င်း ၏ ရုံးခန်း ဆီ သို့ သွားကြ လေသည် ။

မစ္စတာကရစ်ပင် သည် ဆားပုလင်း နှင်းမောင် ကို မြင်လျှင်

“ ဂွတ်ဒ်မောနင်း ဆားပုလင်းနှင်းမောင် ။ မုံရွာ က ပြောင်းဖို့ အမိန့်စာ ထပ်ပြီး ရောက်လာပြီ ။ ကျွန်ုပ် ကို တောင် ဘာဖြစ်လို့ ပြောင်း မပစ်သေးသလဲ လို့ ထုချေလွှာ တောင်းနေပြီ ”

ဟု မစ္စတာကရစ်ပင် က ပြော လိုက်ရာ ဆားပုလင်း နှင်းမောင် က

“ ကောင်းပါပြီ မစ္စတာကရစ်ပင် ။ အခု မနက် ရထား နဲ့ ပဲ ကျုပ် မုံရွာ ကို သွားပါတော့မယ် ”

ဟု နှုတ်ဆက် ကာ စုံထောက်မင်းကြီး ၏ ရုံးခန်း မှ ထွက်လာ ပြီး လျှင် ကွမ်းခြံဘူတာ သို့ လိုက်၍ ပို့ကြ လေ၏ ။ ဘူတာရုံ သို့ ရောက် လျှင် ကိုနှင်းမောင် သည် ရထားလက်မှတ် ဝယ် ၍ ရထား ထွက်မည့် အချိန် ကို စောင့် ရင်း ကျွန်ုပ်တို့ နှင့် အတူ စကား ပြောနေလေ၏ ။

ထိုအချိန် ၌ မှာ ပင် ရထား သည် ထွက်ရန် ဥဩ ဆွဲလေ၏ ။ ထိုအခါကို နှင်းမောင် က ...

“ ကဲ သွားမယ်ဗျို့ ”

ဟု ကျွန်ုပ်တို့ အား နှုတ်ဆက်၍ တစ်ဖက် သို့ လှည့် လိုက်ရာ မည်သည့် အချိန် က ရောက်ရှိလာမှန်း မသိသော ပြာတာကလေး မောင်ညို သည် ၏ ကိုနှင်းမောင် လက် ကို ဖမ်းဆွဲ လိုက်ပြီး လျှင်

“ ဘယ် သွားမလို့လဲ ဆရာ ကိုနှင်းမောင် ရဲ့ ။ ဟောဒီမှာ မင်းကြီး က စာ ပေး လိုက်တယ် ။ စာ ရရချင်း စီအိုင်ဒီရုံး ကို ပြန်လာပါ တဲ့ ”

ဟု ဆိုကာ စာ တစ်စောင် ကို ပေးသဖြင့် ဆားပုလင်း နှင်းမောင် လည်း ထို စာ ကို ဖတ်ပြီး နောက် ကျွန်ုပ် ၏ လက်သို့ ပေး လိုက်လေ၏ ။

ကျွန်ုပ် နှင့် ဦးကိုကိုကြီး လည်း ခေါင်းချင်း ဆိုင်၍ ထို စာ ကို ဖတ်ကြလေ၏ ။ အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားထား သော စုံထောက်မင်းကြီး ကရစ်ပင် ၏ စာ မှာ အောက်ပါအတိုင်း အဓိပ္ပာယ် ရလေ၏ ။

ဆားပုလင်းနှင်းမောင်
       ကျုပ် ဆီ ကို အခုပဲ စာ တစ်စောင် ရောက်တယ် ။ အဲဒီ စာ က လူဆိုး တွေ ဆီ က ရေး လိုက်တဲ့ စာပဲ ။ ဒီလူ ဆိုးတွေ ဆိုတာက ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဆို တာ ရယ် ။ မြကျွန်းသာ ပေါ် မှာ နေတဲ့ မျောက် သုံးကောင် ဆိုတာရယ် ဖြစ်တယ် ။ သူတို့ တစ်တွေ ဟာ မကြာခင် မှာ အမှုတွေ ကျူးလွန်ပါတော့မယ် တဲ့ ။ စုံထောက်အဖွဲ့ မျက်စိများ ကို ဒေါက်ထောက်ပြီး ကြည့် နေ ဖို့ အကြောင်း ကြား ပါတယ် တဲ့ ။ ဒါကြောင့် ဆားပုလင်းနှင်းမောင် ပြန် လာဖို့ ကျွန်ုပ် အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ် ။
         မစ္စတာကရစ်ပင်   
         စုံထောက်မင်းကြီး

ထို စာ ကို ဖတ်ပြီး နောက် ကျွန်ုပ် က

“ ဘယ်လိုလဲ အိုင်ဆေး ”

ဟု ဆားပုလင်းနှင်းမောင် အား မေး လိုက်ရာ ဆားပုလင်း နှင်းမောင် သည် ရေခဲတောင်စီးကရက် ကို ထုတ် ၍ မီးညှိ ရှိုက်ဖွာ ရင်း

“ ကျုပ် နဲ့ ဉာဏ်ကစားဘက် တွေ ရောက်လာကြပြီ ကိုး ”

ဟု ပြော ဆို ကာ အင်းစိန် စီအိုင်ဒီ ဘက်သို့  မခိုးမခန့် ပြုံးသော မျက်နှာထား ဖြင့် ခြေဦး လှည့် လိုက်လေတော့ သတည်း ။

သဗ္ဗေသတ္တာ ကမ္မသကါ

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

Saturday, February 3, 2024

တိုင်းကျော် တို့ ဆရာ တပည့် ပြေးကြပြီ


 

❝ တိုင်းကျော် တို့ ဆရာ တပည့် ပြေးကြပြီ ❞

တိုင်းကျော် ခေါ်  မြသာ နှင့် ဆိတ်ဖွား တို့ သည် ကျွန်း မှ ထွက်ပြေးကြရန် အတွက် လှေ တစ်စီး ကို ခိုး ၍ ထွင်းခဲ့ကြ လေ၏ ။ ထို့အပြင် ရိက္ခာ ကို လည်း စုဆောင်းခဲ့ကြ လေ၏ ။ ထိုသို့ ပြုလုပ်၍ အဆင်သင့် ဖြစ်သောအခါ မိုးတွင်း အချိန် ကို စောင့်ကြလေ၏ ။ မိုး အခါ ၌ ကျွန်းပုလိပ်များ သည် အစောင့်အနေ နည်းကြလေ၏ ။ မိုးအခါ ည တည ၌ တိုင်းကျော် နှင့် ဆိတ်ဖွား တို့သည် ၎င်းတို့ ၏ လှေကြီး ကို ရေ သို့ချကာ ကျွန်း မှ ထွက်ပြေးကြ လေတော့၏ ။

ထိုသို့ မပြေးမီ ၌ လည်း ဆိတ်ဖွား သည် တောဆိတ် တစ်ကောင် ကို သ,တ်ကာ ၎င်း တို့ ၏ အဝတ်အစားဟောင်းများ ကို တောဆိတ် ၏ သွေးများ ဖြင့် လိမ်းကျံ ၍ ရေစပ် ၌ ထားခဲ့လေ၏ ။

ထို့ကြောင့် ကျွန်းပုလိပ်များ က ကျွန်းသား နှစ်ယောက် သည် ရေစပ် သို့ အသွား ၌ မိကျောင်းစား ခံရကြောင်း ယူဆ ၍ ကျွန်းမင်းကြီး ထံ အဆင့်ဆင့် အစီရင်ခံ လိုက်သည် ဖြစ်ရာ ကျွန်းမင်းကြီး ကိုယ်တိုင် စစ်ဆေး ကြည့်ရှုပြီး နောက် တိုင်းကျော် ခေါ် မြသာ နှင့် ကိုဆိတ်ဖွား ၏ အမည် ကို ကျွန်းစာရင်း တွင် မင်နီတား ၍ ဖျက် ပစ်လိုက် လေ တော့၏ ။

၎င်းတို့ သည် လှေငယ်ကလေး ဖြင့် ပင်လယ် ကို ၊ သမုဒ္ဒရာကြီး ကို အကြောက် အလန့် ကင်းမဲ့စွာ ဖြတ်သန်းကြ လေ၏ ။ ညအခါများ ၌ ကြယ်တာရာများ ကို ကြည့် ၍ ခရီး သွားကြ လေ၏ ။

“ ဟေ့ မြသာ ၊ ဟောဟို ကြယ်ကလေး တစ်လုံး ဟာ သန်းခေါင် ဆိုရင် ပေါ်လာ ပြီကွ ၊ အဲဒီ ကြယ်ကလေး ကို မှတ်ပြီး သွားကွ ၊ ဟောဟို ကြယ်စုကလေး တွေ ကို လဲ မှတ်ထား ကွ ”

ဟု ကိုဆိတ်ဖွား က ပြော လေ၏ ။

“ စိတ်ချပါ ဆရာရယ် ၊ ဆရာ ပြ ထားလို့ နက္ခတ်ပညာ ကို လဲ ကောင်းကောင်းကြီး တတ် နေပါပြီ ၊ ဆရာ အေးအေးဆေးဆေး အိပ်ပြီး လိုက်ခဲ့ပါ ”

ဟု မြသာ က ပြောလေ၏ ။

သို့ရာတွင် ကိုဆိတ်ဖွား မှာ အေးအေးဆေးဆေး မလိုက်နိုင်ရှာပါ ။ ၎င်းတို့ ပင်လယ်ခရီး လေးရက်မြောက် နေ့ တွင် လေမုန်တိုင်း တိုက် လေတော့၏ ။

၎င်းတို့ ၏ လှေကလေး သည် လှိုင်းလုံးကြီးများ နှင့် အတူ မြောက် ၍ တက် သွား၏ ။ ပြန် ၍ ကျ၏ ။ ၎င်းတို့ နှစ်ဦး သည် လှေ ကို မြဲနိုင်သမျှ မြဲအောင် ဆုပ်ကိုင် ထား ကြ၏ ။ သို့ရာ တွင် ၎င်းတို့ ၏ လှေကလေး သည် နောက်ဆုံး ၌ လှိုင်းဒဏ်ကို  မခံနိုင်ရှာ ဘဲ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေ၍ သွားလေတော့၏ ။ ၎င်းတို့ လည်း ပင်လယ် ထဲ တွင် လက်ပစ် ကူးခတ်ရ လေတော့၏ ။ ထိုသို့ ကူးခတ်ရာ တွင် ကိုဆိတ်ဖွား သည် ပျဉ်ချပ်ကလေး တစ်ချပ် ကို ရ၏ ။ မြသာ မှာ မူ လက်လွတ် ဖြစ်၍ နေ၏ ။ ပျဉ်ချပ် မှာ လည်း နှစ်ယောက် တွယ် ၍ မရ ၊ တစ်ယောက်စာ သာ လျှင်ဖြစ်၏ ။ ကိုဆိတ်ဖွား သည် မြသာ အနီး သို့ ရောက်သော အခါ

“ ဟေ့ မြသာ ၊ မင်း မှာ က မင်း ရဲ့ ရန်သူတွေ ကို လက်စား ချေဖို့ တာဝန် ကျန်သေးတယ်ကွ ၊ ဒီတော့ မင်း က သေလို့ မဖြစ်သေးဘူး ၊ ရော့ ပျဉ်ချပ် ”

ဟု ဆိုကာ မြသာ အား ပျဉ်ချပ် ကို ပေး၍ ၎င်းက မူ လက်လွတ် ကူးလေ၏ ။ ထိုအချိန် မှာ ပင် လေပြင်းမုန်တိုင်း က ပြင်းထန်စွာ တိုက်ခိုက် လိုက်ပြန်ရာ ၎င်းတို့ ဆရာတပည့် နှစ်ဦး သည် တကွဲစီ ဖြစ်သွား ကြ လေတော့၏ ။

မြသာ သည် ပျဉ်ချပ် ကို စွဲမြဲစွာ ဖက်ထားခဲ့ရာ နှစ်ရက် နှင့် တစ်ည ပင်လယ်ရေစီး ကြောင်း တစ်ခု ထဲ တွင် မျောပါခဲ့ပြီး ကျွန်း တစ်ကျွန်း ၏ အစပ် ၌ သွား၍ တင်လေတော့၏

မြသာ သည် သတိလစ် မေ့မျော နေ၏ ။ သတိရ သော အခါ၌ ကျွန်း ပေါ် တွင် ရေရှာ ရာ မိုးရေများ တင် နေသော ကျောက်ခွက် ကျောက်ဖျာများ ကို တွေ့ သဖြင့် ရေသောက် ခွင့် ရ လေတော့၏ ။ ထို့ကြောင့် အတော်အတန် အား ရှိ သွားလေ၏ ။

မြသာ သည် ခွန်အား ပြည့် အောင် နားနေ ပြီး နောက် အစာ ရှာလေ၏ ။ အစ ပထမတွင် အခက်အခဲ ရှိသော်လည်း နောက်ပိုင်း တွင် နည်းလမ်း ကို တွေ့ရှိ လေ၏ ။ ၎င်း တွေ့ရှိသော နည်းလမ်း မှာ နွယ်ကြိုးများ ကို ကျော့ကွင်း ပြုလုပ်၍ ကျွန်း ပေါ် ရှိ သားကောင်များ ကို ရှာဖွေ စားသောက်သော နည်း ဖြစ်၏ ။ တောကောင်များ ရလျှင် မီး ကင်၍ စားသောက်၏ ။

ဤသို့လျှင် ကျွန်း ပေါ်၌ နေထိုင်၍ တစ်ကျွန်းလုံး အနှံ့ အပြား သွားလာ ကာ သစ်သီးခူးခြင်း ၊ အမဲလိုက်ခြင်း အလုပ်များ ကို လုပ်ကိုင်ခဲ့ရာ တစ်နေ့ သ၌ ကျောက်ဂူပေါက် တစ်ခု ကို တွေ့လေ၏ ။ ထို ဂူပေါက် တွင် သစ်ပင်များ စိုက်၍ ဂူပေါက် ကို ပိတ်ဆို့ ထားဟန် လက္ခဏာ ရှိသော ကြောင့် တိရစ္ဆာန် အဆီ ဖြင့် မီးတုတ်များ ပြုလုပ်ကာ ဂူပေါက် အတွင်း သို့ ဝင်ရာ ဂူထဲ တွင် အိပ်စက်ရန် နေရာနှင့် တကွ ရတနာပစ္စည်းများ ကို တွေ့ရသည့် အပြင် ဆိတ်သားရေချပ် ကို အသုံးပြု၍ ပင်လယ်ဒမြ တစ်ဦး ရေးထား သော မှတ်တမ်း နှင့် ပစ္စည်း စာရင်း ကို တွေ့ရလေတော့၏ ။ ဤ မှတ်တမ်း ကို ရေးသား ထားသော ပင်လယ်ဒမြ ၏ အမည် မှာ ကု,လား ဟူ၍ ဖြစ်၏ ။

ထို ကု,လား သည် ဤ ကျွန်း ပေါ်သို့ မျက်စိ ပိတ်၍ ခေါ်လာခဲ့ပုံ ဤ ကျွန်း မှ ခုနစ်ရက် ခရီး နေရာ တွင် လည်း ဤ ထက် အဆပေါင်း များစွာ များပြားသော ရတနာပစ္စည်း များ ကို ၎င်း အနေ နှင့် ဝှက်ပေး ရပုံ ၊ ၎င်းတို့ အား တစ်လ ကြာ လျှင် ပြန်၍ ခေါ်မည် ဟု ပြော သွားသော “ သန်းခေါင်ကြယ် ” ပင်လယ်ဒမြအဖွဲ့ မှာ တစ်နှစ် ကြာသည် အထိ ၎င်းတို့ အား လာ၍ မခေါ်သေးပုံ တို့ ကို အသေးစိတ် ရေးထားလေ၏ ။

ထို့အပြင် ပင်လယ်ဒမြ မှတ်တမ်း ၌ ၎င်းတို့ ၏ အဖွဲ့ဝင်များ စာရင်း ကို အတိအကျ ရေးမှတ် ထားလေ၏ ။ ထိုသို့ ရေးမှတ်ထား ရာ တွင် ပင်လယ်ဒမြ ပေတလူ နှင့် ပေတဖြူ ဆိုသူ ၏ နာမည်များ ၌ ကြယ်ပွင့် အမှတ်အသား ပြထား ပြီး လျှင် ၎င်း ပေတလူ ပေတဖြူ မှာ ညီအစ်ကို ဖြစ်ကြောင်း  ၊ ၎င်းတို့ နှစ်ဦး သည် ပင်လယ်ဒမြများ အထဲ တွင် အကင်းပါးသူများ ဖြစ်သောကြောင့် တစ်နေ့ နေ့ တွင် ရတနာ ပစ္စည်း အတွက် သစ္စာဖောက်လိမ့်မည် ဟု မိမိ ယူဆကြောင်း ၊ ၎င်းတို့ သည် အကင်းပါး သူများ ဖြစ်သောကြောင့် ရတနာကျွန်း သို့ သွားရာ လမ်းခရီး ကို လည်း ကောင်းစွာ မှတ်မိ လိမ့်မည် ဖြစ်ကြောင်းများ ကို ပါ ရေးသားထား လေ၏ ။

ထို့ပြင် မိမိ သည် အခြား လူရိုင်းများ နေထိုင်ရာ ကျွန်းများ ကို ရောက်ပေါက် သည် ဖြစ်ရာ လူရိုင်းတို့ သုံးစွဲသော ဆိပ်လူးမြား ပစ်ပုံ နှင့် ဆိပ်လူးမြား ကို ပင် သိရှိခဲ့ခြင်း သည် ယခုအခါ ၌ လွန်စွာ အသုံးဝင်ပုံ နှင့် ဆိပ်လူးမြား ကို မှုတ်ပြောင်း နှင့် မှုတ်ရပုံ အသေးစိတ် ကို ရေးသား မှတ်တမ်းတင်ထားလေ၏ ။

မောင်မြသာ သည် ဝါးလုံး တစ်လုံး ကို ဆိပ်လူးမြားပင် ကို ရှာဖွေကာ အမဲလိုက် လေ၏ ။ ထို့နောက် ရတနာပစ္စည်းများ ကို ထုတ်ယူ ကာ အခြားသော နေရာ ၌ သိမ်းဆည်း သိုဝှက် ၍ ထို ရတနာပစ္စည်းများ အနက် မှ အဖိုးတန်သော ကျောက်မျက်ရတနာများ ကို မိမိ ကိုယ် ၌ သိုဝှက်ကာ အသင့် ဆောင် ထား လေတော့၏ ။

မောင်မြသာ သည် ထို ကျွန်း ၌ အချိန် အတော်ကြာ နေခဲ့ပြီး နောက် ပင်လယ်ကူး သင်္ဘောတစ်စင်း ကို တွေ့ သဖြင့် ၎င်း ပြုလုပ် ထားသော ဆိတ်သားရေအလံ ကို လှုပ်ယမ်း ပြသည် ဖြစ်ရာ ထို သင်္ဘော ပေါ်မှ ကပ္ပိတန် သည် မှန်ပြောင်း နှင့် ကြည့်ရှုရာ ၌ ဆုံမိ သဖြင့် သင်္ဘော ကို ရပ်ကာ သင်္ဘောသား လေးယောက် အား လာရောက် ကယ်ဆယ်ကာ သင်္ဘော ပေါ် သို့ တင်ဆောင် သွားပြီးလျှင် မြန်မာပြည် နှင့် အနီးဆုံး ဆိပ်ကမ်းမြို့တစ်မြို့ ၌ ချထား ပေးခဲ့လေတော့၏ ။

မောင်မြသာ လည်း ထို မြို့ ၌ ၎င်းတွင် ပါလာသော ကျောက် တစ်လုံး ကို ရောင်းချရာ ကျောက် ဝယ်သူ က မောင်မြသာ ၏ စုတ်နုတ် နုံချာသော အဝတ်အစားများကို ကြည့်၍ ဈေးနှိမ် ၍ ဝယ်သည့် တိုင်အောင် ငွေ တစ်သိန်း ကျော် ရရှိခဲ့လေ တော့၏ ။

မောင်မြသာ စုတ်နုတ် နုံချာသော အဝတ်အစားများ ဟု ဆိုရာ၌ လွန်စွာ စုတ်နုတ် နုံချာလှသည် မဟုတ် ၊ သင်္ဘောကပ္ပတိန် စွန့်ကြဲ လိုက်သော အင်္ကျီ ၊ ဘောင်းဘီ တစ်ပတ်ရစ်များ သာ ဖြစ်၏ ။

မောင်မြသာ သည် ငွေ တစ်သိန်း ရပြီးသော အခါ၌ ကောင်းမွန် သန့်ပြန့်သော အဝတ်အစားများ ကို ဝယ်ယူ ကာ မြန်မာပြည် ဘက် သို့ လိမ္မာပါးနပ်စွာ ကူး ခဲ့လေ၏ ။

ကျောက် ရောင်း၍ ရ ရှိသော ငွေ တစ်သိန်း ကို လည်း ပစ္စည်းများ ချည်း ဝယ်ယူခဲ့ လေ၏ ။

မိမိ တိုင်းပြည် သို့ ပြန်ရောက်သည့် အခါ ထို ပစ္စည်းများကို ရောင်းချရာ ၌ အမြတ်အစွန်း ရရှိသေး တော့၏ ။ ထို့နောက် မောင်မြသာ သည် ၎င်း ချစ်သူ မပန်းနု ရှိ ရာ မြို့ကလေး ကို သွားရောက် ပြီးလျှင် မပန်းနု ကို စုံစမ်းရာ မပန်းနု မှာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်း နှင့် အိမ်ထောင်ကျ ခဲ့သည် မှာ ကြာပြီ ဖြစ်၍ ကလေးများ ပင် အတော် ကြီး နေပြီ ဖြစ်၏ ။ ထို့ကြောင့် မောင်မြသာ သည် ၎င်း ၏ သူငယ်ချင်းများ အနက် မောင်ကျော်ဝင်း အကြောင်း ကို သိရ ပြီးနောက် မောင်ပြည့် ၏အကြောင်း ကို စုံစမ်းရာ မောင်ပြည့် သည် ယစ်ထုပ်ကြီး ဖြစ်ကာ အလုပ် ပြုတ်သွားခဲ့ကြောင်း ၊ ယခု အခါ၌ လမ်း တွင် တွေ့သမျှ လူများ ထံ မှ ပိုက်ဆံ တစ်ပြားနှစ်ပြား ကို တောင်းရမ်း ၍ စားသောက် နေရ၏ ။ အရက်ဆိုင် တကာ လှည့် ၍ ခွက်ကျန်များ မော့နေရ၏ ဟု ကြားသဖြင့် မောင်မြသာ လည်း ရုပ် ဖျက်ကာ  ၊ မောင်ပြည့် ကို ရှာဖွေရာ အရက်ဆိုင် တစ်ဆိုင် ၌ အခြားသော အရက်သမားများ က အော်လိုက် ငေါက်လိုက် နှင့် ခိုင်းစေသည် ကို လုပ်ကိုင်ပေး နေရပြီး လျှင် အရက်ခွက်ကျန် ကို သောက်နေရ ရှာသော မောင်ပြည့် ကို တွေ့ရလေ၏ ။

ထိုအခါ မောင်မြသာ သည် အရက် တစ်လုံး မှာယူ သောက်ပြီး နောက် မောင်ပြည့် အား ခေါ်ယူ တိုက်ကျွေး ရာ မောင်ပြည့် သည် လွန်စွာကျေးဇူး တင် သဖြင့် မောင်မြသာ ၏ ခြေထောက် ကို နှိပ် ပေး လေ၏ ။ ထိုအခါ မောင်မြသာ က

“ မနှိပ်ပါနဲ့ ဗျာ ၊ ခင်ဗျား ကို ကျုပ် က သနားလို့ တိုက်တာပါ ၊ဒါနဲ့ နေပါဦး ၊ မိတ်ဆွေ ရဲ့ အရက်ဆိုင် က လူတွေ က ပြောကြတယ် ၊ ခင်ဗျား ဟာ ဆွေကြီးမျိုးကြီး ထဲ က လို့ ဆိုပဲ ၊ ခင်ဗျား ကိုယ်တိုင် လဲ စာရေးကြီး တစ်ယောက် ဆို ဗျ ၊ အဲ့ဒီက နေ ဘယ်လို ဖြစ်ပြီး  ၊ ဒီ အဖြစ်မျိုး ရောက်ရတာတုံး ဗျ ”

ဟု မေးရာ မိမိ အကြောင်း ကို ဖွင့်ဟ ပြောချင်လှသော မောင်ပြည့် သည် ပြောခွင့် ရပြီ ဖြစ် သဖြင့် အားရဝမ်းသာ နှင့် ပြော လေတော့၏ ။ 

“ ကျုပ် ဒီလို ဖြစ်တာ က ဘာ ဟုတ်သေးတုံးဗျား ကျုပ် ထက် ကံ ဆိုးတဲ့ လူ တစ်ယောက် ရှိသေးတယ် ၊ ဒီကောင့် နာမည် က တိုင်းကျော် လို့ ခေါ်တယ် ။ ဒီကောင် တစ်သက်တစ်ကျွန်း ကျ သွား ရှာတယ် ။ သူ လဲ တစ်သက်တစ်ကျွန်း ကျရော ၊ သူ့ ရည်းစား ကို ကျော်ဝင်း က ယူ လိုက်တယ် ၊ တိုင်းကျော် ဆိုတဲ့ ကောင် ဟာ သိပ်ပြီး ရိုး တဲ့ ကောင်ဗျ ၊ ထမင်းဆိုင်ရှင် မိန်းမကြီး ကို သ,တ်တဲ့ အမှုနဲ့  ကျွန်းကျ သွားရှာတာ ။ တကယ် သ,တ်တဲ့ လူ က ကျောင်းဆရာ ကျော်ဝင်း ပါ ဗျာ ။ အဲ့ဒီ ကျော်ဝင်း ရဲ့ အဖော် မော်တော်ကားဒရိုင်ဘာကြီး လဲ ရှမ်းပြည်နယ် ဘက် မှာ ချောက် ထဲ ကျပြီး သေလေရဲ့ ၊ အဲ့ဒါလဲ ကျောင်းဆရာကျော်ဝင်း လက်ချက် ဖြစ် မှာပဲ ”

မောင်ပြည့် သည် ဤသို့ လျှင် အစချီ ၍ ပြောလေ၏ ။ ၎င်း အနေ နှင့် တိုင်းကျော် ကို လည်း မှတ်မိခြင်း မရှိတော့ပေ ။ တိုင်းကျော် သည် ၎င်း သိလိုသည့် အချက်များ ကို မောင်ပြည့် အား အရက် တိုက်၍ မေး လေ၏ ။ မောင်ပြည့် လည်း မူးမူး နှင့် ဖြေလေ တော့၏ ။ ထို့နောက် မောင်မြသာ က

“ မိတ်ဆွေရယ် ကျုပ် မေးတာ က ခင်ဗျား အကြောင်းပါ ၊ ခင်ဗျား စာရေးကြီး ဘဝ က နေ ဘယ်ပုံ ဘယ်နည်း ဒီ ဘဝ ရောက်လာတယ် ဆိုတာ ဖြေစမ်းပါ ”

ဟု မေး လိုက် လေ၏ ။

“ ဒီလိုဗျ ၊ ကျုပ် က ဘီးလစ်စာရေးကြီး ဖြစ်တဲ့ အခါမှာ အမတော်ကြေး ငွေတွေ ကိုင်ရတယ် ၊ အဲ့ဒီ အခါ မှာ ကျောင်းဆရာ ကျော်ဝင်း ဟာ ကျုပ် ကို ဖဲ ကစား တတ် အောင် သင်ပြီး ၊ ကျုပ် လဲ ဖဲ စွဲရော ဉာဏ်သမားတွေ များ တဲ့ ဝိုင်းကြီးဝိုင်းကောင်းတွေ ကို လျှောက်ပြီး ပို့ တော့တာပဲ ၊ ကျုပ် လဲ အစိုးရငွေ တွေ ဖဲရှုံး ပစ်ပြီး ၊ ထောင် လဲ တစ်နှစ် ကျတယ် ၊ အလုပ် လဲ ပြုတ်သွားပြီး ဒီ ဘဝ ရောက်လာတာပဲ ”

ဟု မောင်ပြည့် က ဖြေ လေ၏ ။

“ ဪ ဒါနဲ့ ၊ ခင်ဗျား တို့ သူငယ်ချင်း ကျွန်း ကျ သွားတယ် ဆိုတဲ့ လူ ဘယ်သူဗျ ။ တိုင်းလုံးကျော် ဟုတ်လား  ”

ဟု မောင်မြသာ က မေး လိုက်လေ၏ ။

“ တိုင်းလုံးကျော် မဟုတ်ပါဘူးဗျ ၊ တိုင်းကျော် ပါ ”

ဟု မောင်ပြည့် က ဖြေ လေ၏ ။

“ အဲ့ဒီ တိုင်းကျော် က အခု ကျွန်း မှာပေါ့နော် ”

ဟု မောင်မြသာ က မေး ပြန်ရာ မောင်ပြည့် က

“ ဒီကောင် ကံဆိုး ပါတယ် ဗျာ ၊ ကျုပ် အသိ ကျွန်းဆရာဝန် တစ်ယောက် နဲ့ တွေ့ လို့ မကြာသေးခင် က မေးကြည့် သေးတယ် ၊ တိုင်းကျော် ဆို တဲ့ ကောင် ရေစပ် မှာ အလုပ် လုပ် နေတုန်း မိကျောင်း စားလို့ သေသွားရှာပြီတဲ့ ”

ဟု ပြော လိုက်လေ၏ ။

“  ဒါနဲ့ နေစမ်းပါဦးဗျ ၊ ခင်ဗျား တို့ ကို ဒုက္ခပေးတဲ့ ကျောင်းဆရာကျော်ဝင်း ဆိုတာ ဘယ် ရောက် သွားပြီလဲ ”

ဟု မောင်မြသာ က မေး လိုက်ရာ

“ ကျောင်းအုပ်ကြီး ဘ ဝနဲ့ ကျန်းမာရေး ကို အကြောင်းပြုပြီး ပင်စင် ယူ လိုက်ပြီ ဒီကောင် ဘယ်လို က နေ ဘယ်လို ပွပေါက် တိုး ထားသလဲ မသိဘူး ၊ အောင်ပန်း ဘက် မှာ ခြံတွေ ဘာတွေ ဝယ် ထားတယ် ။ သူ့ မိန်းမ မပန်းနု က တော့ တောင်ကြီး မှာ နေတယ် အောင်ပန်း မှာ လဲ မယားငယ်တွေ ဘာတွေ ရှိပုံ ရတယ် တောင်ကြီး နဲ့ အောင်ပန်း ကူး နေတာပဲ ”

ဟု မောင်ပြည့် က ပြော လေ၏ ။

ထိုအခါ မောင်မြသာ က

“ ပြီးတာတွေ လဲ ပြီးပြီ လို့ သဘောထား လိုက်ပါဗျာ ၊ ကိုယ့် အကြောင်း နဲ့ ကိုယ် ဖြစ်ကြတာပါ ။ တရား နဲ့ ဖြေပေါ့ဗျာ ၊ ရော့ရော့ ၊ ခင်ဗျား ဈေးသုံးဖို့ ငွေ တစ်ရာ ”

ဟု ဆိုကာ ငွေတစ်ရာ ကို မောင်မြသာ သည် မောင်ပြည့် အား ပေး လိုက်ရာ မောင်ပြည့် သည်

“ ကျေးဇူး ကြီးလှပါပေတယ် ဗျာ ”

ဟု ဆိုကာ မောင်မြသာ အား ထိုင်၍ ရှိခိုးလေတော့သည် ။

   •••••   •••••   •••••

❝ ကြာပွတ် နှင့် ရိုက်သ,တ်ခြင်း ❞

တိုင်းကျော် ခေါ် မောင်မြသာ သည် ၎င်း နှင့် ပါလာသော ကျောက်မျက်ရတနာ များ ကို ထုခွဲ ရောင်းချလိုက် ပြန်ရာ ငွေ ခြောက်သိန်း ကျော် ရရှိ လေ၏ ။ ထို့ကြောင့် ကြို့ကုန်း ဘက် တွင် ခြံ နှင့် တိုက် တစ်လုံး ကို ဝယ်ယူကာ ၎င်း ၏ ဆရာကြီး ဆိတ်ဖွား သင်ပေး လိုက်သော နက္ခတ်ပညာများ ကို စာအုပ်စာတမ်းများ ၏ အကူအညီ ဖြင့် ဆက်လက် ဆည်းပူးရင်း ကျွန်း တွင် ဖတ်ရှုခဲ့ ရသည့် ပင်လယ်ဒမြအဖွဲ့ ကို လွန်စွာ စိတ်ဝင်စား ၍ နေလေ၏ ။ ထို့ကြောင့် ၎င်း ၏ ခြံ ကို ပင် “ သန်းခေါင်ကြယ် ” ဟု အမည် ပေး ထား လိုက်လေ၏ ။

ထိုသို့ အမည် ပေး ထားခြင်း မှာ “ သန်းခေါင်ကြယ် ” အဖွဲ့ဝင် တစ်ဦး ဦး က တွေ့ရှိ သွားပါ က လည်း ၎င်း အပေါ် ၌ သံသယ ဖြစ်စေရန် ဖြစ်၏ ။ အကယ်၍ သံသယ ဖြစ်ရန် ရန်သူ အဖြစ်နှင့် လာပါ က လည်း တိုက်ခိုက် ၍ “ သန်းခေါင်ကြယ် ” ပင်လယ်ဒမြ အဖွဲ့ ၏ သဲလွန်စ ကို ယူမည် ။ မိတ်ဆွေ အဖြစ် နှင့် လာ ပါ က လည်း ဆက်သွယ်မည် ဟု

ထောင်ချောက် ဆင်၍ ထား လိုက်ခြင်း ဖြစ်၏ ။ ထို့နောက် ငွေကုန်ကြေး ကျခံကာ “ သန်းခေါင်ကြယ် ” အဖွဲ့ အကြောင်း ၊ ရတနာ ကျွန်း သို့ သွားရာလမ်းမြေပုံ ကို သိသည် ဟု ယူဆရသော ဦးပေတလူ ၊ ဦးပေကဖြူ တို့ ၏ မျိုးဆက် လည်း ပြတ်သွားပြီ ဖြစ်ကြောင်း ၊ ထို ရတနာကျွန်း ပေါ် တွင် ရတနာပစ္စည်းများ ကို မြှုပ်ခဲ့သည့် ဦးကု,လား ၌ မြောက်မြား စွာသော မယားများ ရှိခဲ့ရာ ထို မယားများ မှ သား တစ်ယောက် စီ ဖွားမြင်သည် ဆို၏ ။ ထို ဦးကု,လား သည် ထို သားများ ကို ရတနာကျွန်း မြေပုံ ကို ခွဲစိတ် ၍ ပေးခဲ့သည် ဆို၏ ။ ထို့ကြောင့် ၎င်း အနေ နှင့် ၎င်း ရောက်ရှိ ခဲ့သော ကျွန်း မှ ရတနာပစ္စည်းများ ကို သွားရောက် ယူငင်ရန် အလုပ် မှာ များစွာ မခဲယဉ်းသော် လည်း ၎င်း အနေ နှင့် မရောက်ဖူးသော ၊ ဆိတ်သားရေ မှတ်တမ်းကြီး တွင် ဖတ်ရုံ သာ ဖတ်ခဲ့ဖူးသော ရတနာကျွန်းကြီး ကို ပို၍ စိတ်ဝင်စား ခဲ့လေ၏ ။ သို့ရာတွင် ၎င်း စိတ်ဝင်စား ခဲ့သော ရတနာ ကျွန်းကြီး မှာ သဲလွန်စ ပျောက် သွားပြီ ဖြစ်သဖြင့် မောင်မြသာ သည် ထို ကိစ္စ ကို လက်လျှော့ လိုက်ရ လေ တော့၏ ။

သို့ရာတွင် ၎င်း အနေ နှင့် လက် မလျှော့သော ကိစ္စ ကား ရှိ၏ ။ ထို ကိစ္စ ကား အခြား မဟုတ် ။ ၎င်းအား ဒုက္ခ ပေးခဲ့သော ကျောင်းဆရာ ကျော်ဝင်း အား လက်စား ချေရန် အလုပ် ပင်ဖြစ်၏ ။

ထို့ကြောင့် မောင်မြသာ သည် တောင်ကြီးမြို့ သို့ တက်သော တောင်တက်လမ်း ၏ တောင်ချောက်ကမ်းပါး ဘက် ရှိ ကွင်းပြင်ကြီး ၌ ခြံ တစ်ခြံ ဝယ်ယူ ကာ ထို ခြံ ၌ နေထိုင်၍ ကျောင်းဆရာ ကျော်ဝင်း ၏ အသွားအလာ ကို လေ့လာ မှတ်သား နေလေ၏ ။

မောင်မြသာ သည် ကြို့ကုန်း နှင့် ထို နေရာကလေး ကို အိမ်ဦး နှင့် ကြမ်းပြင် သဖွယ် ကူးချည်သန်းချည် လုပ်၍ နေလေ၏ ။ ဤသို့လျှင် မုဆိုး သည် သားကောင် ကို ချောင်း သကဲ့သို့ ကျော်ဝင်း အား မြသာ က ချောင်း နေ ခဲ့ရာ တစ်ည သ၌ ကျော်ဝင်း ကံ နိမ့် ၍ မြသာ က ကံ သာ သော အလှည့် သို့ ရောက်ရှိ ခဲ့ လေတော့၏ ။

တစ်ည သ ၌ မောင်မြသာ သည် တောင် အတက် ကွေ့ တစ်ခု ၌ မော်တော်ကား နှင့် အောင်ပန်း မှ ပြန်လာသည့် ကျော်ဝင်း ကို စောင့် ၍ နေလေ၏ ။ ၎င်း ၏ လက် ထဲ တွင် လည်း ကြာပွတ်ကြီး တစ်ချောင်း ကို ကိုင်၍ ထားလေ၏ ။ ထို ကြာပွတ် မှာ အထူး စီမံ ပြုလုပ်ထား ကြာပွတ် ဖြစ် သဖြင့် ကြာပွတ်ကြိုး ၌ ဆူးများ ပါ လေ၏ ။

ည ( ၁၂ ) နာရီ လောက် တွင် ကျော်ဝင်း သည် အော်စတင်ကားကလေး ကို မောင်း ၍ ပြန်လာ ခဲ့ရာ တောင် အတက် ကွေ့ တစ်ခု သို့ ရောက် လျှင် ကားအရှိန် ကို လျှော့ လေ၏ ။ ထိုသို့ လျှော့ လိုက်သည့် ခဏ၌ ပင် ၎င်း ၏ မော်တော်ကား ရှေ့ သို့ သစ်လုံးကြီး တတုံး ကျ လာ လေ၏ ။ ကျော်ဝင်း လည်း ကား ကို ရပ် လိုက်ရ လေ၏ ။

ထို အချိန် မှာ ပင် တစ်စုံတစ်ယောက် သည် ၎င်း ၏ လည်မျို ကို ဓား ဖြင့် ထောက် ၍ အောက် သို့ ဆင်းခိုင်း လေ၏ ။ အောက် သို့ ရောက်သော အခါ၌ ကျော်ဝင်း အား ကြိုး ဖြင့် တုပ်လိုက် လေ၏ ။

ထိုအခါ ကျော်ဝင်း က

“ လူ ကို တော့ ရန် မမူပါနဲ့ဗျာ ၊ ခင်ဗျား လိုချင်တာ ယူ သွားပါ ”

ဟု ပြော လိုက်ရာ မောင်မြသာ က ...

“ ကျုပ် လိုချင်တာ ယူရမယ် ဟုတ်လား ၊ ကျုပ် လိုချင်တာ တခြား ပစ္စည်း မဟုတ်ဘူးဗျ ၊ ခင်ဗျား အသက် ပဲ လိုချင်တာ ၊ ကျုပ် ဘယ်သူလဲ ကြည့်စမ်း ”

ဟု ဆိုကာ ၎င်း ၏ မျက်နှာ ကို မီးခြစ် ခြစ်၍ ပြ လိုက်လေ၏ ။ ကျော်ဝင်း လည်း မမှတ်မိ ဘဲ ရှိ လေ၏ ။

“ ဪ ကိုယ့် လူ က မမှတ်မိဘူးလား ၊ ကိုယ့် လူ ဒုက္ခ ပေး လို့ တစ်သက်တစ်ကျွန်း ကျ သွားတဲ့ တိုင်းကျော် လေ ၊ အခုတော့ နာမည် ပြောင်း ထားတယ် ၊ ကျုပ် နာမည် မြသာ တဲ့ ၊ ကျုပ် ဆရာကြီး က မှည့် ပေးလိုက်တာ ၊ အခုတစ်ခါ ကျုပ် ဘာသာ ကျုပ် နာမည် ထပ်ပြီး ပြောင်း ရဦးမယ် ၊ ကျုပ် နာမည် ကြာပွတ် တဲ့ ”

ဟု တိုင်းကျော် ခေါ် မြသာ က ပြော လိုက်ရာ ကျော်ဝင်း လည်း လွန်စွာ ကြောက်ရွံ့၍

“ သူငယ်ချင်း ကိုတိုင်းကျော် ၊ အဲ အဲ ကိုကြာပွတ် ၊ ဟိုတုန်းက ဟာ တွေ မေ့ ပစ်လိုက်ပါဗျာ ၊ မှတ်မထားပါနဲ့ ”

ဟု တောင်းပန် လေ၏ ။

သို့ရာတွင် မောင်မြသာ သည် အော်ဟစ်ခြင်း မပြုနိုင်ရန် အတွက် ကျော်ဝင်း ၏ ပါးစပ် အတွင်း သို့ အဝတ် တစ်ခု ကို လုံးထွေး ၍ ထိုးထည့် လိုက်ပြီး ဖြစ်၏ ။ ထို့နောက် ကြာပွတ် ဖြင့် တရွှမ်းရွှမ်း ရိုက် လေတော့၏ ။ ပါးစပ် မှ လည်း မေး၏ ။ လက် မှ လည်း ရိုက်၏ ။ ကြာပွတ်သံ သည် တစ်နာရီ ခန့် တရွှမ်းရွှမ်း မြည် နေလေ၏ ။ နောက်ဆုံး တွင် ကျော်ဝင်း သည် အသက် ပင် ပါ သွားလေတော့၏ ။

ထိုအချိန် မှ စ၍ ၎င်း ကိုယ် ၎င်း “ ကိုကြာပွတ် ” ဟူ၍ ကင်ပွန်း တပ် လိုက်လေ တော့၏ ။

ကိုကြာပွတ် သည် ကား ရှေ့ မှ သစ်ကုံးကြီး ကို ဖယ် လိုက်၏ ။ ကျော်ဝင်း ၏ ပါးစပ် အတွင်း မှ အဝတ် ကို ထုတ် လိုက်၏ ။ ချည်နှောင် ထားသော ကြိုးများ ကို ဖြုတ် လိုက်၏ ။ ထို့နောက် တောင်ချောက်ကမ်းပါးကြီး ၏ မလှမ်းမကမ်း တွင် ရှိသော ၎င်း ၏ သစ်လုံးအိမ်ကလေး သို့ ပြန်ကာ ကျေနပ်စွာ အိပ်စက် လိုက်လေ တော့၏ ။

နောက် တစ်နေ့ မိုးလင်းသော အခါ ကျော်ဝင်း ၏ အလောင်း ကို သက်ဆိုင်ရာ မှ လာရောက် ကြည့်ရှု ပြီးလျှင် ဤသူ ကား ဤနေရာ ကားပျက် ၍ ကား ကို ဆင်း၍ ပြင်မည် ။ ထိုအ ချိန်တွင် ကျားသစ် တစ်ကောင် ရောက်ရှိလာပြီး ၎င်း အား ကုတ်ခြစ်မည် ။ ထို့ကြောင့် ဤ သူ မှာ ကျားသစ် ကုတ် ၍ သေခြင်း ဖြစ်သည် ဟု ဆုံးဖြတ်ချက် ချကာ လူသေမှု ဖြင့် အမှုပိတ် လိုက်လေတော့ သတည်း ။ 

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

Friday, February 2, 2024

ကြိမ်းဝါးပြီ


 

❝ ကြိမ်းဝါးပြီ ❞

တိုင်းကျော် သည် မိမိ အဖြစ် ကို တွေးမိ တိုင်း လွန်စွာ စိတ်နာ မိ လေတော့၏ ။ ထို့နောက် မိမိ အသက် နှင့် ခန္ဓာကိုယ် အိုးစား မကွဲသေးပါ က မိမိ ရန်သူများ အပေါ်၌ လက်စား ချေ လို စိတ်များ လည်း တဖွားဖွား ပေါ်ပေါက်လျက် ရှိလေတော့၏ ။ မည်သို့ မည်ပုံ လက်စားချေမည် ကို လည်း တွေးတော မိလေ၏ ။

ထို့ကြောင့် သစ်ပင်ကြီး တစ်ပင် ကို ဆိတ်ဖွား က တစ်ဖက် ၎င်း က တစ်ဖက် ငါးမန်းလွှကြီး ဖြင့် တရှိန်းရှိန်း တိုက်ဖြတ် နေရင်း အံ ကို ကြိတ် လိုက်လေ၏ ။

ထို့နောက် တောက် တစ်ချက် ခေါက် လိုက်ရာ တစ်ဖက် မှ ဆိတ်ဖွား က

“ ဟေ့ကောင် တိုင်းကျော် ၊ သူတို့ ကို လက်စားချေ တာ က နောက်ကွ ။ ဒီက အလျင် လွတ်ဖို့ ကြိုးပမ်းရဦးမယ် ”

ဟု ပြော လိုက်ရာ တိုင်းကျော် သည် လွန်စွာ အံ့အား သင့် ၍ သွား လေတော့၏ ။

“ ကျုပ် စိတ် ထဲ မှာ လက်စားချေချင် စိတ်တွေ ပေါ်နေတယ် ဆိုတာ ခင်ဗျား ဘယ်လို လုပ်ပြီး သိတာတုံး ”

ဟု မေး လိုက်လေ၏ ။

“ မင်း ရဲ့ တောက်ခေါက်သံ က နေနှင့်ကြဦးပေါ့ကွာ လို့ အဓိပ္ပာယ် ရတယ် ”

ဟု ဆိတ်ဖွား က ပြန် ၍ ပြော လိုက်လေ၏ ။ 

“ ပရော်ဖက်ဆာကြီး ပြောတာ မှန်ပါတယ်ဗျာ ။ ကျုပ် က တော့ ဒီကောင်တွေ ကို လက်စား ချေ ချင် တာပဲ ။ ဒီတော့ ကျွန်း ပေါ် က နေ လွတ်အောင် ဘယ်လို လုပ်မလဲ ”

ဟု တိုင်းကျော် က ပြန် ၍ မေး လိုက်လေ၏ ။

“ မင်း နဲ့ ငါ လှေ ခိုး ထွင်း မယ်လေကွာ ။ ရိက္ခာ စု ကြမယ်ကွာ ။ မိုးတွင်း ကျ တော့ ထွက်ပြေး ကြတာပေါ့ ။ ပင်လယ် ထဲ မှာ လှေမြုပ် လို့ သေတော့ လဲ ပြီးတာပေါ့ ကွာ ။ မသေခဲ့ လို့ ရှိရင်တော့ မြန်မာပြည် ပြန် ရောက်ရင် နာမည် ပြောင်း ရုပ်ဖျက်ပြီး နေ လိုက်ပေါ့ ။ အဲဒီကျတော့ မင်း ရဲ့ မိတ်ဆွေဟောင်းတွေ ကို ရှာပြီး မင်း လုပ်ချင်တာ လုပ် ပေတော့ ။ အဲဒီ အထိ တော့ ငါ နဲ့ မဆိုင်ဘူး ။ ငါ နဲ့ ဆိုင်တာက မင်း နဲ့ ငါ နဲ့ ပေါင်းပြီး ဒီ သမုဒ္ဒရာကြီး ကို ဖြတ်ဖို့ပဲ ။ မင်း သဘော တူမယ် ဆိုရင် ဒီနေ့ ရက်ရာဇာ ပဲ နက်ဖြန် မှ သဘောတူမယ် ဆိုရင်လဲ မနက်ဖြန် ဟာ ရက်ရာဇာ ။ တကယ်လို့ သန်ဘက်ခါ မှ သဘောတူမယ် ဆိုရင်လဲ သန်ဘက်ခါ က လဲ ရက်ရာဇာ ပဲကွ ”

ဟု ဆိတ်ဖွား က ပြော လိုက် ရာ တိုင်းကျော် က

“ ဘယ်လိုလဲ ဆရာကြီး ၊ ခင်ဗျား ဥစ္စာ က ရက်ရာဇာ ချည်း ပါပဲလား ”

ဟု မေး လိုက် လေ၏ ။

“ ရာဇာ လုပ်တဲ့ ကိစ္စ ပဲ ကွာ ။ အမြဲတမ်း ရက်ရာဇာ ချည်း ပဲပေါ့ ။ ငါ ဟာ သုဘရာဇာ တစ်ယောက် ဆိုတာ မင်း မေ့ သွားပြီ ထင်တယ် ”

ဟု ဆိတ်ဖွား က ပြော လိုက်လေ၏ ။

ထို့အခါ တိုင်းကျော် သည် လှေကြီး တစ်စင်း ကို ထွင်း ၍ နှစ်ယောက်သား ထွက်ပြေးကြသည် ကို မျက်စိ ထဲ ၌ မြင်ယောင် လာသည် အထိ တွေးမိ လေ၏ ။ ထို့နောက် ချောမောစွာ ကမ်း တစ်ဖက် သို့ ဆိုက်ကပ် သွားပုံ ကို လည်း မြင်ယောင် လာ ပြန်၏ ။

ပြီးလျှင် ရုပ်ဖျက် ၍ နာမည် ပြောင်း ကာ မြို့ပေါ် ၌ လျှောက် ၍ သွားနေပုံ ကို လည်း တွေးမိ ပြန်၏ ။

ထို့ကြောင့်

“ သိပ် ကို နေရာကျတာပဲ ဆရာကြီး ။ တွေး ကြည့်တာ နဲ့ ကျုပ် ဖြင့် အတော့် ကို ပျော် နေပြီ ဗျ ။ ကိုယ့် တိုင်းပြည် ကိုယ် ပြန် ရောက်တာ နဲ့ အဲဒီ နေ့ မှာ ကို ဗေဒင်ပုဏ္ဏား တစ်ယောက် ကို ခေါ်ပြီး နာမည်သစ် မှည့် ပစ်မယ်ဗျာ ”

ဟု တိုင်းကျော် က ပြော လိုက်ရာ ဆိတ်ဖွား က

“ မလုပ် နဲ့ ကိုယ့်လူ မလုပ်နဲ့ ။ နာမည် ပြောင်းတယ် ဆိုတာ စောစော ပြောင်းထားရတယ် ။ အနား ကပ် ပြီး မှ ပြောင်း လိုက်ရင် ကိုယ် ပြောင်း ထားတဲ့ နာမည်သစ် ကို ကိုယ် ကိုယ်တိုင် က မမှတ်မိဘူးကွ ။ အဲဒါကြောင့် စောစော က ပြောင်းပါ ငါ့ လူ ရာ ”

ဟု ပြော လိုက်လေ၏ ။ 

“ ကဲ ဒီလိုဆိုလဲ အခု ကတည်း က နာမည် ပြောင်း မယ်ဗျာ ။ ဘယ်လို နာမည်မျိုး ပြောင်း ရပါ လိမ့် ”

ဟု တိုင်းကျော် က ပြော လိုက်လေ၏ ။ ထိုအခါ ဆိတ်ဖွား က ...

“ ဒီ ကျွန်းကြီး ဟာ တကယ်တော့ သာယာလှပတဲ့ ကျွန်းကြီးကွ ။ ငါ တို့ က အပြစ်ဒဏ် ကျခံရတဲ့ လူတွေ မို့ ဒီ ကျွန်းကြီး ကို မုန်းနေကြတာ ။ အဲဒီလို မဟုတ်ဘဲ နဲ့ သင်္ဘောလေး တစ်စီး နဲ့ ပစ်ကနစ် ထွက်ဖို့ လာခဲ့ကြတယ် ဆိုရင် တော့ ဒီ ကျွန်းကြီး ရဲ့ သာယာပုံ ၊ လှပပုံ ကို ခံစား နိုင် လိမ့်မယ်ကွ ။ ဒီ ကျွန်းကြီး မှာ မြရောင်စိမ်း စိုနေတဲ့ သစ်တောကြီးတွေ ရှိတယ် ။ စိုပြည်လန်းဆန်း တဲ့ မြက်ခင်းကြီးတွေ ရှိတယ် ။ တောပန်းတွေ ဝေဆာ နေတယ် ။ တောငှက် တွေ က တွန်ကျူး နေတယ် ။ စိမ်းပြာရောင် ပင်လယ်ကြီး က ပတ်ဝိုင်း ထားတယ် ။ ဘယ်လောက်များ လှ သလဲ ကွာ ။ ဒီ ကျွန်းကြီး ဟာ ငါ့ မျက်စိ ထဲ မှာ ငါ့ နှလုံးသား ထဲ မှာ ခံစားရတဲ့ အတိုင်း နာမည် ပေး ရရင် “ မြကျွန်းသာ ” ကြီးပါကွာ ။ ဒီတော့ မင်း နာမည် ကို လဲ အဲဒီ “ မြကျွန်းသာ ” ကြီး နဲ့ ဆက်စပ်ပြီး ပေး ရမှာ ”

ဟု ဆိတ်ဖွား က ပြော လိုက်ရာ တိုင်းကျော် က

“ လုပ်စမ်းပါဦး ဆရာကြီး ရယ် ”

ဟု အလောတကြီး မေး လိုက်လေ၏ ။

“ ဒီတော့ကွာ “ မြကျွန်းသာ ” ဆိုတဲ့ စာလုံး သုံးလုံး ထဲ က အလယ် က ကျွန်း ဆိုတဲ့ စာလုံး ကို ဖြုတ်ပြီး “ မြသာ ” ဆိုတဲ့ နာမည် ကို ယူ မယ်ကွာ ။ ကိုင်း ရတနာ သုံးပါး ဦးထိပ်ထား ၍ မာတာမိခင် သန္ဓေစင် သည် မည်တွင်သညာ ခေါ် စရာကား “ မောင်မြသာ ” အသက် တစ်ရာ့နှစ်ဆယ် ကျော် ရှည်စေသော် ”

ဟူ၍ ဆိတ်ဖွား က ပြော လိုက်ရာ တိုင်းကျော် သည် သဘောကျ လွန်း၍ တဟားဟား ရယ်မော ကာ  ။

“ မောင်မြသာ တဲ့ ဟေ့ ။ တစ်ရာ့နှစ်ဆယ်ကျော် တောင် ရှည်မယ်တဲ့ ဟေ့ ။ အဲ့ဒီလို များ အသက်တွေ ရှည် ရင်တော့ မြသာ အကြောင်း ကောင်းကောင်းကြီး သိကြမယ် ဟေ့ ။ ဟား ဟား ဟား ဟား ဟား  ”

ဟု အသံနက်ကြီး ဖြင့် ကြိမ်းဝါး ရယ်မော လိုက်ရာ ၎င်း ၏ အသံ သည် ပဲ့တင်ထပ် သွားသည် ဖြစ်ရာ သစ်ပင်များ ပေါ် ၌ နားနေ ကြသော ငှက်များ ပင် လန့်ဖျပ် ၍ ပြိုင်တူ ထ ကာ ဝုန်းခနဲ ပျံတက် သွားကြ လေတော့ သတည်း ။ 

   •••••   •••••   •••••

❝ ပညာရှိ အား မှီဝဲ ဆည်းကပ်ရခြင်း သည် လည်းကောင်း ❞

တိုင်းကျော် တဖြစ်လဲ မောင်မြသာ သည် ၎င်း ၏ ဆရာကြီး ဆိတ်ဖွား အား တစ်နေ့ ထက် တစ်နေ့ တိုး၍ တိုး၍ ကြည်ညိုလေတော့၏ ။ ဆိတ်ဖွား သည် ပင်ပန်းစရာ ကောင်းသော လုပ်ငန်းများ ကို ၎င်း က လုပ်ကိုင်၍ သက်သာသော လုပ်ငန်းများ ကို မူ မောင်မြသာ အား စေခိုင်း လေ၏ ။ အစားအသောက် စားရာ ၌ လည်း မောင်မြသာ ကို ဝအောင် စား စေလျက် ၎င်း က မူ လျှော့၍ စား လေ၏ ။ အနားယူစရာ ရှိ လျှင်လည်း မောင်မြသာ ကို အနားယူ စေ၍ မောင်မြသာ ၏ လုပ်ငန်း တာဝန်များ ကို ပြုလုပ် ဆောင်ရွက် ပေးလေ၏ ။ တစ်နေ့သ၌ ဆိတ်ဖွား က မောင်မြသာ အား ရာဇဝင် နှင့် စပ်သော စကားများ ကို မေးမြန်း၏ ။

မောင်မြသာ က

“ ကျောင်း တုန်းက သင်ဖူးပါရဲ့ ဗျာ ။ အခုတော့ မေ့ကုန်ပြီ ”

ဟု ပြန် ပြောလေ၏ ။

တစ်ဖန် ဆိတ်ဖွား က ပထဝီဘာသာရပ် နှင့် ပတ်သက်သော အကြောင်းအရာ များကို မေး ပြန်ရာ မောင်မြသာ က

“ ကျောင်း တုန်းက သင်ဖူးပါရဲ့ ဗျာ ။ အခုတော့ မေ့ကုန်ပြီ ”

ဟု ပြန်၍ ပြောလေ၏ ။

ထို့နောက် ဆိတ်ဖွား က လောကဓာတ်ဘာသာ နှင့် ပတ်သက်သော အကြောင်း အရာများ ကို မေး ပြန်ရာ မောင်မြသာ က

“ ကျောင်း တုန်းက သင်ဖူးပါရဲ့ ဗျာ ။ အခုတော့ မေ့ကုန်ပြီ ”

ဟု ဖြေ လိုက်ရာ ဆိတ်ဖွား က

“ မင်း ဥစ္စာ က လဲ ကျောင်း တုန်း က သင်ဖူးတယ် ။ အခုတော့ မေ့ကုန်ပြီ ချည်း ပါပဲလား ။ မေ့ပစ်မယ့် ဟာပဲ ကွာ ။ ဘာဖြစ်လို့ သွားပြီး သင်ခဲ့ရတာတုံး ”

ဟု ပြန်၍ ပြောလေ၏ ။

ထိုအခါ မောင်မြသာ က ရယ်မော ၍

“ ဆရာ ဆိတ်ဖွား ပြောမယ် ဆိုရင်လဲ ပြောစရာပါပဲ ဗျာ ။ ကျုပ် က လဲ အကုန်လုံး ကို မေ့ပစ်တော့တာ ပါပဲ ”

ဟု ပြန်၍ ပြော လိုက်လေ၏ ။

ထိုအခါ ဆိတ်ဖွား က ...

“ ဒီလိုကွ မောင်မြသာ ရ ။ မင်း ကို ငါ က ဖြစ်စေချင်တာ က ကျွန်း က လွတ်ရုံ သက်သက် မဟုတ်ဘူး ။ လောက မှာ ကြီးကြီးပွားပွား နဲ့ လူတိုင်း လူတိုင်း က ဆရာကြီး ဆရာကြီး ဆို ပြီး ရိုသေ ခန့်ညားတဲ့ ဆရာကြီး တစ်ဆူ ဖြစ်စေချင် သေးတယ် ။ အခု မင်း ဥစ္စာ က ဘာမဆို မေ့ပစ်ကုန်တဲ့ ကောင် ဆိုတော့ ဆရာကြီး ဖြစ်ဖို့ ထား လို့ တပည့်ကြီး ဖြစ်ဖို့ တောင် မလွယ်လှဘူး ။ နောက်ပြီး မင်း မှာ သနားစရာ ကောင်းတဲ့ အချက် တစ်ချက် ရှိသေးတယ် ။ ကောလိပ် က ထွက်ပြီး ကတည်း က မြို့အုပ်ကလေး ရာထူး ကို ဝင် လုပ် လိုက်တယ် ဆိုတော့ မင်း ဟာ ဘာမှ တတ်မယ့် ကောင်စား မျိုး မဟုတ်ပါဘူး ။ မင်း လို ပဲ ကောလိပ် က ထွက်ပြီး မြို့အုပ် ဝင်ပြီး လုပ်တဲ့ မောင်မင်းတင် ဆိုတဲ့ ကောင်လေး တစ်ယောက် ငါ တွေ့ ဖူး သေးတယ် ။ မင်း လို ပဲ ဘာမှ မတတ်ဘူးကွ ။ ရူးပေါပေါ နဲ့ ။ အေး တစ်ခု တော့ ရှိတယ် ။ ဒီပြင် နေရာ သာမတတ်တာ မောင်ရေ့ ။ လာဘ် တော့ ကောင်းကောင်း စား တတ်တယ်ကွ ။ ဒါပေမဲ့ သနားစရာ မောင် ရေ့ ။ အဲဒီ ကောင်လေး မရှိရှာတော့ပါဘူး ။ လေဖြတ် လို့ သေရှာပြီကွ ။ ဒါတွေ ထား လိုက်ပါတော့ကွာ ။ အရေးကြီးဆုံး က တော့ မင်း ကို ပညာ သင် ပေးရမယ် ။ အဲဒီတော့ ကောလိပ် မှာ မင်း ကျောင်း နေဖူးတယ် ဆိုတာ တောင် မေ့ပစ် လိုက်တော့ ကွာ ။ ဒီ ကနေ့ အသစ် ပြန်ပြီး စ ကြ ရအောင် ”

ဟု ပြောလိုက်လျှင် မောင်မြသာ က

“ လုပ်ပါ ဆရာ ရယ် လုပ်ပါ ။ ကျုပ် က တော့ တပည့်ခံ ဖို့ အဆင်သင့်ပါပဲ ”

ဟု ပြန်၍ ပြော လိုက်လေ၏ ။

ထို့နောက် တွင် ၎င်းတို့ နှစ်ဦး သည် ငါးမန်းလွှကြီး ကို တစ်ယောက် တစ်ဘက် ကိုင်၍ သစ်ပင်ကြီး တစ်ပင် ကို တရွှီးရွှီး ဖြတ် နေ လေတော့၏ ။ ထို့နေ့ အဖို့ မိုးချုပ် သည့် တိုင်အောင် အလုပ် လုပ်ကြ ပြီး လျှင် အလုပ် သိမ်း ကြလေ၏ ။ အလုပ် သိမ်းသော အခါ၌ ထမင်းဟင်းချက်ပြုတ် စားသောက် လေ၏ ။ ထိုသို့ ချက်ပြုတ်စား ရင်း ဆိတ်ဖွား က မောင်မြသာ အား ပညာ သင်ကြား ပေးလေ့ ရှိလေ၏ ။

“ ဒီလိုကွ မောင်မြသာ ရဲ့ ။ လူ တစ်ယောက် ဟာ နီတိ ကို ကောင်းကောင်း တတ်ရ မယ် ။ ရောင်းရေး ဝယ်တာ သင်္ချာအတတ် ကို လဲ ကောင်းကောင်း တတ်ရမယ် ။ ယဉ်ကျေးမှု နဲ့ ဆိုင်တဲ့ အတတ် ကိုလဲ  တတ်ရမယ် ။ ဆေးအတတ် ကိုလဲ တတ်ရမယ် ။ သတ်ပုတ် တဲ့ အတတ် ကို လဲ တတ်ရမယ် ။ မင်း ကို သင်ပေးရမှာပဲ ။ ဒါပေမဲ့ အဲဒါတွေ တတ်ဖို့ ဆိုတာ က မှတ်ဉာဏ် ကောင်းဖို့ လိုတယ် ။ မင်း ကြည့် ရတာ မှတ်ဉာဏ် နည်းပုံ ရတယ် ။ ဒါကြောင့် ပထမဆုံး မင်း ကို လေ့ကျင့်ပေးရ မှာ ကတော့ မှတ်ဉာဏ် ကောင်းအောင် လေ့ကျင့်ပေးဖို့ပဲ ”

ဟု ဆိတ်ဖွား က ပြော လိုက်လေ၏ ။

“ လုပ်ပါ ဆရာဆိတ်ဖွား ရယ် ”

ဟု မောင်မြသာ က ပြော လေ၏ ။

“ ဒီလိုကွ ။ လူ မှာ က မှတ်မိတဲ့ သဘော သုံးမျိုး ရှိတယ် ။ အဲဒီ သုံးမျိုး က ဘယ်လိုလဲ ဆိုတော့ တစ်ယောက် ယောက် က အစ ဖော် ပေးလိုက်ရင် မှတ်မိတယ် ။ နောက် တစ်မျိုး က ကိုယ့် ဟာ ကိုယ် တဖြည်းဖြည်း ပြန် စဉ်းစားရင် မှတ်မိတယ် ။ နောက်ဆုံး တစ်မျိုး က တော့ တစ်ခါ သိထား တစ်ခါ နားလည် ထားရင် ဘယ်တော့ မှ ကို မမေ့တော့ဘူး ။ တစ်ခါ တည်း မှတ်မိနေတယ် ။ အဲဒီ သုံးမျိုး ကို တစ်ခု စီ ရှင်းပြရ ဦးမယ် ။ ဥပမာ ဆိုပါတော့ ကွာ ။ နှစ်ပေါင်း များစွာ သိထားတဲ့ အကြောင်းအရာ တစ်ခု ကို ကိုယ့် ဟာ ကိုယ် စဉ်းစားရင် ဘယ်လိုနည်း နဲ့ မှ ဓပေါ်ဘူး ။ တစ်ယောက် ယောက် က နေပြီး ဒီလိုလေဗျာ ။ အဲဒီတုန်း က ခင်ဗျား က ဘယ်လို ပြောတယ် မဟုတ်လား ။ အဲဒါနဲ့ ကျုပ် မိန်းမ က တောင် ခင်ဗျား ကို ဘယ်လို ပြန် ပြောလိုက် သေးတယ်လေ ဆိုပြီး အစ ဖော် ပေး လိုက်ရင် မေ့နေတဲ့ လူ ဟာ ပြန် သတိရ ပြီး ။ ဩ ကျုပ် သိပြီ သိပြီ ဆိုပြီး အကြောင်းအရာ တစ်ခုလုံး ကို ဖြစ်စေ ။ အဖြစ်အပျက် တစ်ခုလုံး ကို ဖြစ်စေ အခု ကို ဖြစ်နေတဲ့ အတိုင်း ပြန်ပြီး မှတ်မိ သွားတာမျိုး ကို တွေ့ဖူးကြုံဖူး တယ် မဟုတ်လား ။ အဲဒါတွေ က တစ်ယောက် ယောက် က အစ ဖော် ပေး မှ မှတ်မိတဲ့ မှတ်မိခြင်း မျိုး ဖြစ်တယ် ။ ဒုတိယ တစ်မျိုး က တော့ ငယ်ငယ်တုန်း က ကျက်မှတ်မိဖူးတဲ့ စာတွေ ဆိုပါစို့ ။ ဒီ အတိုင်း ဆိုရင် မေ့ နေတယ် ။ တဖြည်းဖြည်းချင်း ကိုယ့် ဟာ ကိုယ် ပြန် ပြီး ၀င် စဉ်းစားတဲ့ အခါမှာ ပြန်ပြီး သတိရလာတယ် ။ ဥပမာ သီချင်းတွေ ကျက်ထားတယ် ဆိုပါစို့ ဒီအတိုင်း ဆို မေ့နေတာပဲ ။ တဖြည်းဖြည်း ပြန်ပြီး စဉ်းစား လိုက် ရင် ပြန်ပြီး ပေါ်လာတယ် ။ နောက်ဆုံး တစ်မျိုး က တော့ တစ်ခါ သိဖူး ။ တစ်ခါ နားလည်ဖူး ။ တစ်ခါ တတ်ကျွမ်းဖူးရင် ဘယ်တော့ မှ မမေ့တဲ့ ဥစ္စာပဲ ။ ဥပမာ စက်ဘီး စီးတဲ့ အတတ်တို့ ။ ရေကူးတဲ့ အတတ်တို့ လို ဟာမျိုး တွေပေါ့ ။ မေ့ကုန်တယ် လို့ ကို မရှိဘူး ။ ဘယ်လောက် ပစ်ထား ပစ်ထား ပြန်ပြီး လုပ် လိုက်တဲ့ အခါမှာ ရ တာပဲ ။ အဲ့ဒီတော့ သုံးမျိုး သုံးစား မှတ်မိတယ် ဆိုတာ ကို တော့ နားလည်ပြီ မဟုတ်လား ။ ဒါနဲ့ ပတ်သက်လို့ ငါ့ အနေ နဲ့ ပြောချင်တာ တစ်ခု ရှိတယ် ။ လောကဓာတ်ဆရာတွေ က တော့ ဦးနှောက် က မှတ်တယ် လို့ ဆိုကြ လိမ့်မယ် ။ ငါ့ အယူအဆ ကတော့ ဦးနှောက် က မှတ်တာ ဟုတ်ဘူး ။ မှတ်သားခြင်း ဟာ ဦးနှောက် နဲ့ မဆိုင်ဘူး ။ ဘယ်က မှတ်တယ် လို့တော့ ငါ လဲ အတိအကျ မပြောနိုင်ဘူး ။ မှတ်နိုင်စရာ တစ်ခု က မှတ်ထားတယ် လို့ ပဲ အတိုချုပ် မှတ်ထားကွာ ။ အဲဒီ မှတ်နိုင်စရာ တစ်ခု ဆိုတာ ကို ငါ မသိတာတော့ မဟုတ်ဘူး ။ ငါ့ အနေနဲ့ တော့ သိပါတယ် ။ ဒါပေမဲ့ မင်း ကို ရှင်းပြဖို့ ခက် နေတယ် ။ အဲဒီတော့ မှတ်တယ် ဆိုတာ မှတ်နိုင်တာ တစ်ခု က မှတ်ထားတယ် ။ ဦးနှောက် က မဟုတ်ဘူး ။ ဒါပဲ ။ ပုရွက်ဆိတ်ကလေးတွေ ကို ကြည့်စမ်း ။ သူတို့ အိမ်ကလေးတွေကို သူ တို့ ပြန် တတ်တယ် ဆိုတဲ့ အရာဝတ္ထုတွေ ကို သူတို့ သိတယ် ။ ဆိုလိုတာ က တော့ မှတ်မိတယ်ပေါ့ ကွာ ။ ဒါပေမဲ့ သူတို့ မှာ ဦးနှောက် မရှိပါဘူး ။ ဦးနှောက် ရှိမှ မှတ်ရမယ် ဆိုရင် ပုရွက်ဆိတ် ဟာ အိမ် ပြန် တတ်တော့ မှာ မဟုတ်ဘူး ... ကဲပါကွာ ။ အခု ငါ ပြောတဲ့ သုံးမျိုး ကို သဘောပေါက်ပြီ မဟုတ်လား မောင်မြသာ ”

ဟု ဆိတ်ဖွား က ပြော လိုက်ရာ မောင်မြသာ က

“ မှတ်မိပါပြီ ဆရာသမား ”

ဟု ရိုသေစွာ ပြန်၍ ဖြေရင်း ထမင်းအိုး ကို ဝါးယောက်မ ဖြင့် မွှေ လိုက်လေတော့၏ ။

ထို့နောက် ဆိတ်ဖွား က

“ မှတ်မိနိုင်ခြင်း သုံးမျိုး ကို ပြောပြီးတဲ့ အခါ မှာ မှတ်နည်း သုံးမျိုး ကို ပြောပြရဦး မယ်ကွ ။ မှတ်နည်း သုံးမျိုး က တော့ အတည့် မှတ်နည်း ။ ပြောင်းပြန် မှတ်နည်း ။ ဆက်စပ် မှတ်နည်း ရယ် လို့ သုံးမျိုး ရှိတယ်ကွ ။ အတည့် မှတ်နည်း ဆိုတာ က တူ တာ ကို ပေါင်းပြီး မှတ်တာပေါ့ ကွာ ။ အသားဖြူ တဲ့ မောင်ဖြူ နဲ့ သူ့ လို ပဲ အသားဖြူ တဲ့ မောင်ဘ ကို တွဲပြီး မှတ်တာမျိုးပေါ့ ။ ပြောင်းပြန် မှတ်နည်း ကတော့ အသားဖြူ တဲ့ မောင်ဖြူ ကို အသားမည်း တဲ့ မောင်မည်း နဲ့ တွဲပြီး မှတ်တာမျိုး ပေါ့ ။ ဆက်စပ်ပြီး မှတ်တာ က တော့ အကြောင်းအရာ နှစ်ခု ကို ဆက်စပ်ပြီး မှတ်တာမျိုး ”

ဟု ပြောလိုက်ရာ မောင်မြသာ က

“ အဲဒီ နောက်ဆုံးမျိုး ကို ကျွန်တော် နားမလည်ဘူး ဆရာသမား ”

ဟု ပြော လိုက်ရာ ဆိတ်ဖွား က ...

“ တစ်ခါက လူ တစ်ယောက် ရှိတယ်ကွ ။ အဲဒီ လူ က သိပ်ပြီး မြင်းလောင်းတယ် ။ သူ့ မိန်းမ က လဲ အဲဒီလို မြင်းလောင်း တာ ကို နည်းနည်း မှ မကြိုက်ဘူး ။ မကြိုက်တာ က လဲ မြင်းပွဲ မှာ ငွေ ကုန်လို့ မကြိုက်တာမျိုး မဟုတ်ဘူး ။ သူ့ ယောက်ျား က မြင်းပွဲ မှာ ချည်း စိတ် က ရောက် နေလေတော့ သူ့ အပေါ် မှာ စိတ် မဝင်စားဘူး မဟုတ်လား ။ အဲဒါကို မကြိုက်တာ ။ အဲဒါကလဲ မြင်းပွဲ မှာ ပိုက်ဆံတွေ ရှုံးပစ် တာ ထက် အရေးကြီး တဲ့ ကိစ္စမျိုး မဟုတ်လားကွ  ။ အဲဒီတော့ အဲဒီတော့ မကြာခဏ လင်မယားချင်း စကား များတယ် ။ နောက်ဆုံး မှာ သူ့ ယောက်ျား ဟာ သူ့ ကိုစိတ်မဝင်စားဘူး ဆိုတဲ့ အကြောင်းပြချက် နဲ့ ရုံးတော် မှာ ကွာရှင်းခွင့် တောင်းတယ် ။ တရားသူကြီး က အဲဒီ အမှု ကို စစ်ဆေးတယ် ။ ဘယ်လို စစ်ဆေးသလဲ ဆိုတော့ “ မောင်မင်း မိန်းမ က သူ့ ကို မောင်မင်းက စိတ်မဝင်စား ဘူး ။ ဒါကြောင့် ကွာရှင်းခွင့်ပေးပါ လို့ ရုံးတော် မှာ လျှောက် ထားတယ် ။ အဲဒါ ဟုတ်ပါ သလား ” လို့ တရားသူကြီး က မေး လိုက်တယ် ။ အဲဒီ အခါမှာ အဲဒီ လူ က “ မဟုတ်ပါဘူး တရားသူကြီးမင်း ။ ကျွန်တော့် မိန်းမ က လိမ်လည်ပြီး တိုင်ကြားခြင်း ဖြစ်ပါတယ် ” လို့ ပြောတာကိုး ။ အဲဒီတော့ တရားသူကြီး က “ ဒီလိုဆို မောင်မင်း ကို မေးမယ် ။ မိန်းမ ကို စိတ်ဝင်စားတယ် မဝင်စားဘူး ဆိုတာ ဒီ မေးခွန်း မေး လိုက်ရင်သိ သာပါတယ် ။ အဲဒီတော့  မောင်မင်း ဖြေစမ်း ။ မောင်မင်း မိန်းမ နဲ့ မောင်မင်း မင်္ဂလာဆောင် တဲ့ရက် ဟာ ဘယ်ရက်လဲ ” လို့ တရားသူကြီး က မေးလိုက်တယ် ။ တစ်ရုံးလုံး က လဲ ငြိမ်ပြီး ဘာများ ဖြေမလဲ လို့ နားထောင် နေကြတယ် ။ အဲဒီတော့ မြင်းပွဲ ကို ဝါသနာ ပါ တဲ့ အဲဒီ လူ က ဘယ်လို ဖြေလိုက် သလဲဆို တော့ “ မှတ်မိပါတယ် တရားသူကြီးမင်း ။ အဲဒီ နေ့ က ကျွန်တော် တွဲပွဲ ရှုံးတဲ့ နေ့ ပဲ ။ ဖေးဘရိတ်မြင်းတွေ အားလုံး ပက်လက် လန်ပြီး ဘူကောင် မြင်း ဖြစ်တဲ့ ငွေနက်ကျော် ပန်းဝင် တဲ့ နေ့ပါ ” လို့ ဖြေ လိုက်တာကိုး ။ အဲဒီ လူ အဖြေကြောင့် ရုံး ပေါ် ကလူတွေလဲ “ ဝေါခနဲ ” ပွဲကျ သွားတယ် ။ ဣန္ဒြေ အင်မတန် ကြီးတဲ့ တရားသူကြီးမင်း တောင် ပြုံးစိစိ ဖြစ် သွားတယ် ”

ဟု ပြော လိုက်ရာ မောင်မြသာ သည် သဘောကျ လွန်း ၍ တခစ်ခစ် ရယ်၍ နေလေ၏ ။ ထိုသို့ ရယ်ပြီး နောက်

“ ကြံကြံဖန်ဖန် ဆရာကြီး ရယ် ”

ဟု ပြော လိုက်၏ ။

“ အေး ဆက်စပ်ပြီး မှတ်တဲ့ နည်း ဟာ အဲ့ဒီလိုပဲ ကြံကြံဖန်ဖန် ဆက်စပ်ပြီး မှတ်ရတယ်ကွ ။ ဒါကြောင့် မှတ်နည်း သုံးမျိုး ကို အလင်္ကာလေး လုပ်ထားတယ် အဲ့ဒါကလေး ကို အလွတ် ကျက်ထားပေါ့ ကွာ အတည့် ပြောင်းပြန်
ဆက်စပ်ဟန် မှတ်ရန် နည်း သုံးနည်း ”

ဟူ၍ ဆိတ်ဖွား က ရွတ်ဆို ပြ လိုက်လေတော့၏ ။

ထို့နောက် ၎င်းတို့ နှစ်ဦး သည် ထမင်း ကျက်သော အခါ ၌ ထမင်း စား ကြလေ၏ ။ ထမင်း စားရင်း နှင့် လည်း ဆိတ်ဖွား က မှတ်ဉာဏ် နှင့် ပတ်သက်သော လေ့ကျင့်ခန်းများ ၏ မောင်မြသာ အား သင်ကြား ပို့ချလေ၏ ။

“ ဒီလို မောင်မြသာ ရဲ့ ။ ငါတို့ ဘုရား ရဲ့ သာသနာ မှာ မှတ်ဉာဏ် အလွန်ကောင်း တဲ့ ရဟန်း တစ်ပါး ရှိတယ် ။ အဲ့ဒီ ရဟန်း ကို ဘရားသခင် ကိုယ်တိုင် က မှတ်ဉာဏ် ကောင်း တဲ့ အတွက် “ သတိမန္တ ဧတဒဂ် ” ပေးတော် မူတယ် ။ ကမ္ဘာ ပေါ် မှာ လဲ မှတ်ဉာဏ် ကောင်းတဲ့ လူတွေ အများကြီး ပဲ ကွယ့် ။ ပင်ကို  က မှတ်ဉာဏ် ကောင်းတဲ့ လူ အတွက် တော့ မလိုဘူး ပေါ့ကွာ ။ ဒါပေမဲ့ မင်းတို့ လို မှတ်ဉာဏ် မကောင်းတဲ့ လူတွေ က တော့ မှတ်ဉာဏ် ကောင်း ဖို့ လေ့ကျင့်ခန်းတွေ အများကြီး လိုတယ် ။ အဲ့ဒါက ဘာလဲ ဆိုတော့ မှတ်မိ အောင် မှတ်ဉာဏ် ငါးမျှားချိတ်တွေ ။ အင်္ဂလိပ် လို တော့ မင်တယ် ( လ် ) ဟု ( စ် ) လို့ ခေါ်တာပေါ့ကွာ ။ ဒီ ချိတ်တွေ လုပ်ထား ရတယ် ။ အဲဒီ ချိတ်တွေ က မေ့သွားမယ့် ဟာတွေ ကို ပြန်ပြီး ချိတ်ဆွဲ ယူတဲ့ သဘောပါ ။ အဲဒါက ဘယ်လို လုပ်ရသလဲ ဆိုတော့ တစ် နှစ် သုံး လေး ဂဏန်းတွေ ကို သင်္ကေတ တွေ လုပ်ပြီး မှတ်ထားတဲ့ သဘောပဲ ။ အဲဒီ သင်္ကေတတွေ က ခုနှစ် သက္ကရာဇ်တွေ ။ နေ့ရက် အရေအတွက် တွေ အကုန်လုံး ဖြစ် ကုန်တော့တာပဲ ။ အဲဒီတော့ မင်း အတွက် ကိုယ်ပိုင် ချိတ်တွေ လုပ် ပေးမယ် ”

မောင်မြသာ သည် ဆိတ်ဖွား ပြောသည် ကို သေချာစွာ မှတ်သားလေ၏ ။ ထို့နောက် ဆိတ်ဖွား က

“ ကဲ မင်း ကို ငါ မေးမယ် ။ မနက် အိပ်ရာ က ထထ ချင်း ဘာ လုပ်သလဲ ”

မေး လိုက်လေ၏ ။

“ ဆရာသမား က လဲ ဗျာ ။ သွားတိုက် မျက်နှာသစ် တာပေါ့ ”

ဟု မောင်မြသာ ဖြေ လိုက်လေ၏ ။

“ အေး ကောင်းပြီ ။ သွားတိုက် တော့ ဘာနဲ့ တိုက်သလဲ ”

ဟု ဆိတ်ဖွား က မေးပြန် လေ၏ ။ 

“ ဟာ ဆရာ လဲ မီးသွေး နဲ့ တိုက်နေတာ မြင်လျက်သား နဲ့ ”

ဟု မောင်မြသာ က ဖြေလေ၏ ။

“ အေး ကောင်းပြီ ။ မီးသွေး ဘယ်နှခဲ လဲ ”

ဟု ဆိတ်ဖွား က မေး လိုက်လေ၏ ။

“ ဘယ်နှခဲ ဖြစ်ရမှာလဲ ဆရာရဲ့ ။ တစ်ခဲ ပေါ့ ။ နှစ်ခဲပူးကြီး တိုက်လို့ မှ မရတာ ”

ဟု မောင်မြသာ က ပြော လေ၏ ။

“ အေး ကောင်းပြီ ။ တစ် လို့ ဆိုတာ နဲ့ မီးသွေး လို့ မင်း ရဲ့ အာရုံ ထဲ မှာ မြင် ပေတော့ ။ မမြင်ရင်လဲ မြင်အောင် လေ့ကျင့်ထား ။ တစ် ဆိုတာ မီးသွေး ။ မီးသွေး ဆိုတာ တစ် ဒါပဲ ”

ဟု ဆိတ်ဖွား က ပြောလေ၏ ။ 

“ ဆရာ ဟာ အဆန်းပါ ပဲ လား ”

ဟု မောင်မြသာ က ပြော လေ၏ ။

ထို့နောက် ဆိတ်ဖွား က

“ သွား တိုက်ပြီးတော့ ဘာ လုပ်သလဲ ”

ဟု မေး လိုက်လေ၏ ။

“ သွား တိုက်ပြီးတော့ ဘာလုပ်ရမှာလဲ ။ မျက်နှာသစ် တာ ပေါ့ဗျာ ”

ဟု မောင်မြသာ က ပြော လေ၏ ။

“ မျက်နှာ သစ် တာ ဘာ နဲ့ သစ်သလဲ ”

ဟု ဆိတ်ဖွား က မေး ပြန်လေ၏ ။

“ မျက်နှာသစ် တာ ရေ နဲ့ သစ်တာပေါ့ ”

ဟု မောင်မြသာ က ဖြေ လေ၏ ။

“ ရေ ကို ဘာ နဲ့ ခပ်သလဲ ”

ဟု ဆိတ်ဖွား က မေး ပြန်လေ၏ ။

“ ရေ ကို ခွက် နဲ့ ခပ်တာပေါ့ဗျ ”

ဟု မောင်မြသာ က ပြန် ၍ ဖြေ လေ၏ ။

“ ကောင်းပြီ ။ ရေခွက် ဟာ ရေခပ်တဲ့ အခါ မှာ ဖော့ပြီး ခပ် သလား ။ နှစ်ပြီး ခပ်ရသလား ”

ဟု ဆိတ်ဖွား က မေးပြန် လေ၏ ။

“ ဟာဗျာ နှစ်ပြီး ခပ်ရတာပေါ့ ”

ဟု မောင်မြသာ က ပြန်၍ ဖြေ လေ၏ ။

“ အေး ကောင်းပြီ ။ နှစ် ဟာ ရေခွက် ပဲ ။ ကောင်းကောင်း မှတ်ထား ။ ရေခွက်ဆိုတာ နဲ့ “ နှစ် ” လို့ တစ်ခါ တည်း နားလည် ထားပေတော့ ကြားလား ”

ဟု ဆိတ်ဖွား က ပြော လေ၏ ။

ဤသို့နှင့် ပင် ဆိတ်ဖွား သည် မောင်မြသာ အတွက် မှတ်ဉာဏ် ချိတ်ပေါင်း တစ်ရာကျော် ကို လေ့ကျင့် ပေး ခဲ့လေ၏ ။ တစ်လ မပြည့်မီ ၌ ပင် မောင်မြသာ ၏ မှတ်ဉာဏ် သည် ကောင်းစွာ တိုးတက်ခဲ့ လေ၏ ။

တစ်နေ့သ၌ ဆိတ်ဖွား က မောင်မြသာ အား မှတ်ဉာဏ် ကို စမ်းသပ်လိုသည် နှင့်

“ မောင်မြသာ ရယ် ။ ငါ့ ရဲ့ ကျွန်းသား နံပါတ်ကြီး ပျောက် သွားတယ်ကွာ ။ ငါလဲ  မမှတ်မိတော့ဘူး ”

ဟု ညည်းညူ လိုက်ရာ မောင်မြသာ က

“ ဟာ ဆရာ ကလဲ ဆရာ့ နံပါတ် က ဗာရာဏသီ လေ ”

ဟု ပြော လေ၏ ။

“ ဗာရာဏသီ မှာ တောင် သွား ရှာရမှာလား ”

ဟု ဆိတ်ဖွား က မေး လိုက်ရာ မောင်မြသာ က

“ ဘယ်ကလာ ဟုတ်ရမှာတုံး ။ ဆရာ လုပ်ပေးထားတဲ့ ချိတ်တွေလေ ။ ဗာရာဏသီ ဆိုတာ က ၅၈၉၆ ပေါ့ ဆရာ ရယ် ”

ဟု ပြော လေ၏ ။

ထိုအခါ ဆိတ်ဖွား က

“ ဒီလိုဆိုရင် ကျွန်းသားလှဖေ ရော ကွာ ”

ဟု မေး လိုက်၏ ။

“ လှဖေ က ဂျူဗလီဟော ပါ ဆရာ ရယ် ”

ဟု မောင်မြသာ က ဖြေ လေ၏ ။

“ သာတင့် ကော ကွာ ”

ဟု ဆိတ်ဖွား က မေး ပြန်ရာ

“ သာတင့် က မအူမလယ်ပါ ဆရာ ရယ် ”

ဟု ပြန်၍ ဖြေရုံမျှ မက မောင်မြသာ သည် -

ဂနီ က သင်္ဘောကြက်ဆူ
မောင်မူ က အူ အနာပေါက်
မောင်ပေါက် က ထောက်ကြံ့နှစ်ပင်
ဘခင် က ကြင်နာသူပါ
မောင်ပါ က ပဲပလာတာ စသည်ဖြင့် ကျွန်းသားပေါင်း ငါးဆယ်ကျော် ၏ နံပါတ် ကို အလွတ် ဆိုပြ လေတော့၏ ။

ထိုအခါ ဆိတ်ဖွား က ...

“ မင်း အခု အလွတ် ရ သလို ကျွန်းမင်းကြီးရုံး က စာရေးကြီး လဲ အလွတ် မရဘူး ။ ကျွန်းမင်းကြီး လဲ အလွတ် မရဘူး ။ ဒီ တစ်ကျွန်းလုံး မှာ မင်း တစ်ယောက် တည်း ပဲ ရှိလိမ့်မယ် ”

ဟု ပြော လေတော့၏ ။

ထို့နောက် ဆိတ်ဖွား သည် မောင်မြသာ အား လက်ဆစ် တွက်ခြင်း အတတ် ။ သင်္ချာအတတ် တို့ကို သင်ကြား ပေး လေ၏ ။ ထို့နောက် ရာဇဝင် အတတ် ။ နီတိအတတ် နက္ခတ်အတတ် တို့ ကို သင်ကြား၏ ။ ထို့ပြင် လက်ဝှေ့အတတ် ။ သိုင်းအတတ် တို့ကို ဖြတ်လမ်းနည်း ဖြင့် သင်ကြားလေ့ကျင့် ပေးခဲ့ ပြန်၏ ။ ထို့သို့ သင်ကြားပေး ခဲ့ရာ တစ်နှစ် တာ အချိန် သို့ ရောက်ရှိခဲ့ လေတော့၏ ။ ထိုအခါ၌ မောင်မြသာ က ...

“ ဆရာ ကိုဆိတ်ဖွား နဲ့ နေလိုက်ရတဲ့ တစ်နှစ် တာ ဟာ ကျွန်တော့်အ တွက် အလွန် ကို အဖိုးတန်တဲ့ အချိန် ဖြစ်ပါတယ် ။ ကျွန်တော် ဟာ ပညာ ဗဟုသုတတွေ အများကြီး ရခဲ့တယ် ။ ဒါကြောင့်လဲ ပဏ္ဍိတာနဉ္စ သေဝနာ ပညာရှိ နဲ့ မှီဝဲဆည်းကပ်ရခြင်းသည် လည်းကောင်း လို့ မင်္ဂလသုတ် မှာ ဆိုထားတာ ကိုး ”

ဟု ပြောလေတော့၏ ။

“ ပညာရှိ နဲ့ မှီဝဲဆည်းကပ် ပြီး ရင် ပင်လယ် သမုဒ္ဒရာကြီး နဲ့ မှီဝဲ ဆည်းကပ်ကြဦး စို့ကွယ် ။ ပထမ အလုပ် ကတော့ မြေကျင်းကြီး တူးမယ် ။ အဲဒီ အထဲ မှာ သစ်လုံးကြီး တစ်လုံး သွင်း ထားမယ် ။ လူ လစ်ရင် မြေကျင်း ထဲ ဆင်းပြီး လှေ ထွင်းမယ် ။ ငါတို့ နှစ်ယောက် တစ်နှစ်လုံး စုဆောင်း လာတဲ့ ရိက္ခာတွေ က လဲ မနည်းဘူး ရှိနေမှာပဲ ”

ဆိတ်ဖွား က ပြန်၍ ပြော လေတော့၏ ။

ထို့နောက်တွင် ကား ၎င်းတို့ နှစ်ဦး သည် သိုသိပ်စွာ နှင့် မြေကျင်းကြီး ကို တူးလေ၏ ။ မြေစာများ ကို နည်းနည်းချင်း ပင်လယ် ထဲ သို့ ချ လေ၏ ။ ထို့နောက် ၎င်းတို့ သည် သစ်လုံးကြီး တစ်လုံး ကို မြေကျင်း ထဲ သို့ ထည့် ကာ လှေကြီး တစ်စင်း ဖြစ်သည် အထိ တဖြည်းဖြည်း ချင်း ထွင်းကြ လေတော့၏ ။

ခြောက်လခန့် ကြာသော အခါ ၌ မြေကျင်း ထဲ မှ သစ်လုံးကြီး သည် လှေကြီး ဖြစ်၍ သွားလေတော့၏ ။

“ ဆရာသမား ။ လှေကြီး တစ်စင်း တော့ ဖြစ် သွားပြီ ။ လှေ ရဲ့ ရာဇတိုင် မှာ ယိုးဒယား ကနုတ်ပန်းလေး အလှအပ ထွင်း လိုက် ချင်သေးတယ် ”

ဟု မောင်မြသာ က ပြောရာ ဆိတ်ဖွား က

“ မလုပ်ပါနဲ့ ငါ့ လူ ရာ ။ အလှအပ မလိုပါဘူးကွာ ။ လိုရာခရီး ကို ရောက်ဖို့ သာ ပဓာန ပါကွာ ”

ဟု ပြော လေ၏ ။

ထို့နောက် ၎င်းတို့ နှစ်ဦး သည် မိုးဦးကျ အချိန် ထိ စောင့်မျှော် နေကြလေ၏ ။

ထိုသို့ စောင့်မျှော် ရင်း ၌ လည်း ၎င်းတို့ သည် ရိက္ခာ ကို ဆက်လက် စုဆောင်း ကြ၏ ။ ဆိတ်ဖွား က မောင်မြသာ အား နီတိများ ကို ဆက်လက် ၍ သင်ကြား ပေးလေ၏ ။ ဆိတ်ဖွား က မောင်မြသာ အား နှုတ်တိုက် ချ၍ ပေးသော နီတိပေါင်း များစွာရှိ ၏ ။

“ မောင်မြသာ ။ မင်း ကို ငါ သင်ပေးခဲ့တာ နီတိပေါင်း သုံးသောင်း ကျော်ပြီ ။ အခု ထပ်ပြီး သင်ပေးမယ့် နီတိ က တော့ တမီလ်လူမျိုး တို့ ရဲ့ နီတိ ဖြစ်တယ် ။ အဲဒီ နီတိကျမ်း ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော် လောက် က တမီလ်ဘာသာ နဲ့ ရေးထား ခဲ့တာ ဖြစ်တယ် ။ အဲဒီ နီတိကျမ်း ရဲ့ နာမည် က “ သိဂုကုရယ်လ် ” လို့ ခေါ်တယ် ။ အဲဒီ ကျမ်း ကို ရေးခဲ့တဲ့ ပညာရှိ ကတော့ အိန္ဒိယပြည် တောင်ပိုင်း မဒရပ်နယ် မှာ ရှိနေတဲ့ ထေရုဗလုဗာ ဆိုတဲ့ ပညာရှိ ပဲ ။ အဲဒီ နီတိကျမ်း မှာ က ဂုဏ် ။ ပြည့်စုံခြင်း ။ ချစ်ခြင်းမေတ္တာ ဆိုပြီး အပိုင်းကြီး သုံးပိုင်း ခွဲ ထားတယ် ။ နီတိပေါင်း ထောင့်သုံးရာသုံးဆယ် ရှိတယ် ။ ပထမဆုံး သင်ရမယ့် နီတိ ကတော့ သူတစ်ပါး ရဲ့ စိတ် ကို သိခြင်း ဆိုတဲ့ ခေါင်းစဉ် အောက် က နီတိတွေ ပဲ ။ အဲဒါက ဘာလဲ ဆိုတော့ ...

“ တစ်ပါးသူ ရဲ့ စိတ် ၌ မည်သို့မည်ပုံ ရှိသည် ကို မပြောဘဲ သိနိုင်သူ အား နတ် ကဲ့သို့ ရိုသေ ကိုင်းရှိုင်းသင့် ၏ တဲ့ ကွ ။ အဲဒီတော့ သူတစ်ပါး ရဲ့ အတွင်းစိတ် ကို သိအောင် လေ့လာဖို့ ဟာ ဘယ်လောက် အရေးကြီး သလဲ ။ မျက်စိ အစုံ နဲ့ သူ တစ်ပါး ရဲ့ စိတ် ကို ထိုးထွင်းပြီး မသိနိုင်ဘူး ဆိုရင် အဲ့ဒီ မျက်စိ ဟာ ဘယ်နေရာ မှာ အသုံးကျတော့ မှာ လဲ ကွ ။ ဒီ နီတိ နှစ်ခု ဟာ ဆက်သွယ်မှု ရှိတယ် ။ တစ်ခု က သူတစ်ပါး ရဲ့ အတွင်းစိတ် ကို သိဖို့ ပြော ထားတယ် ။ ကျန် တစ်ခုက အဲဒီလို သိဖို့ မျက်စိ ကို ပဲ အသုံးချရမယ် လို့ ညွှန်ပြ ထားပြန်တယ် ။ ဟော ကြည့်ဦး ။ နောက် တစ်ခု က မှန်သည် အနီးရှိ အရာဝတ္ထုများ ရဲ့ အရိပ် ကို ထင်နိုင်ဘိ သကဲ့သို့ စိတ်တွင်း ၌ မည်သို့မည်ပုံ ရှိနေသည် ကို မျက်နှာ ၌ အရိပ် ထင်လေ၏ တဲ့ ။ ကဲ အဲဒီတော့ မျက်နှာ ကို ပထမ အကဲခတ် ရမယ် လို့ ဆို ပြန်တယ် ။ မျက်နှာ ကဲ့ သို့ သိမှတ်ဖွယ် ရာများ ပြည့်လျှံ နေသည့် အရာသည် အဘယ်မှာ ရှိအံ့နည်း ။ မျက်နှာ သည် စိတ် ၏ ရှေ့ပြေး နိမိတ် ဖြစ်၏ ။ မျက်နှာ သည် စိတ် ၏ ရွှင်လန်းမှု ။ အမျက်ထွက်မှု ကို အကဲခတ်နိုင် ၏ လို့ ထပ်ပြီး ဆိုပြန်တယ် ။ မှူးမတ် တို့ သည် ဘုရင် ၏ မျက်နှာ ကို မြင်ရုံနှင့် ဘုရင် ၏ အတွင်းစိတ် ကို သိပါက ထို မှူးမတ်တို့ သည် မခန်းခြောက်သော ပင်လယ်ကြီး နှင့် တူသတဲ့ ကွ ။ မျက်စိကလေး တစ်ချက် လှုပ်ရှားသည် ကို အကဲခတ် နိုင်သော မှူးမတ်များ ရရှိထားသည့် ဘုရင် အား အခြားသော ဘုရင် တို့ က ရိုသေ ခန့်ညားကြရတယ် တဲ့ ကွ ။ အဲဒီတော့ မျက်နှာ  အကဲခတ် ဆိုတဲ့ နေရာ မှာ မျက်စိ ကို ပိုပြီး အကဲခတ် လို့ ပြောတာပေါ့ကွာ ”

ဟု ဆိတ်ဖွား က ရှေးဟောင်း တမီလ်လူမျိုး နီတိ တစ်ထောင် ကျော် ကို စတင်၍ ဖွင့်ဆို သင်ကြားပေးလေတော့၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

Thursday, February 1, 2024

ယူနီယံဂျက် အလံ အောက် မှ စကားဝိုင်းကလေး


 

❝ ယူနီယံဂျက် အလံ အောက် မှ စကားဝိုင်းကလေး ❞

တစ်နေ့သ၌ မောင်တိုင်းကျော် သည် အခါတိုင်း ကဲ့သို့ပင် အလုပ် တာဝန် ကျရာ နေရာ သို့ သွားရောက် ၍ အလုပ် ဝတ္တရားများ ကို ပင်ပန်းကြီးစွာ ပြုလုပ် ဆောင်ရွက် ရ လေ၏ ။ ထိုသို့ ဆောင်ရွက် နေစဉ် အတွင်း ၎င်းတို့ အား အုပ်ချုပ်သော အကြီးအကဲ က မောင်တိုင်းကျော် ရှိရာ သို့ ရောက်လာပြီး လျှင်

“ ဟေ့ကောင် တိုင်းကျော် ။ ဟောဒီမှာ ကျွန်းမင်းကြီးရုံး က လာပြီး ခေါ်တဲ့ လူတွေ နဲ့ လိုက်သွားပေတော့ ” 

ဟု ပြောရာ တိုင်းကျော် က

“ ဘယ်လို ဖြစ်တာတုံး ဆရာတို့ ရယ် ” 

ဟု ထိတ်လန့်တကြား မေး လိုက်လေ၏ ။

ထိုအခါ အလုပ်တာဝန် ကို ကြီးကြပ်ရသော အလုပ်ခေါင်း ဘုတ်ကိုင် က

“ ဟေ့ကောင် ကြောက် မနေပါနဲ့ ကွ ။ နေရာ ပြောင်း မလို့ ခေါ်တာပါ ။ ငါ ထင်တာ က တော့ မင်း ကို အပြင် ထုတ်ပြီး ခိုင်းလိမ့်မယ် ထင်တယ် ” 

ဟု ပြောလေ၏ ။

မောင်တိုင်းကျော် လည်း ဘုတ်ကိုင် ကို အရိုအသေ ပေး၍ ကျွန်းမင်းကြီးရုံး မှ လာ ခေါ်သော ဝန်ထမ်းများ နောက်သို့ လိုက်ပါသွား ရလေ၏ ။

ကျွန်းမင်းကြီးရုံး သို့ ရောက်သော အခါ၌ မူ မင်းကြီး ၏ ရုံးရှေ့ အလံတိုင်ကြီး အောက် တွင် ဆောင့်ကြောင့် ထိုင် ၍ တစ်စုံတစ်ခု ကို စောင့်မျှော် နေသော ကျွန်းသား အစိတ်ခန့် ကို တွေ့ရလေ၏ ။ ဝန်ထမ်းများ သည် တိုင်းကျော် အား ထိုလူများ နှင့် အတူ ရော၍ ထိုင် ခိုင်း လေ၏ ။ တိုင်းကျော် လည်း ထိုင် ရလေ၏ ။ တိုင်ထိပ်ဖျား တွင် လွှင့်ထူ ထားသော အလံကြီး သည် တဖျပ်ဖျပ်အသံ မြည်လျက် လှုပ်ခါ နေလေ၏ ။ တိုင်းကျော် ၏ စိတ်သည် လည်း ဘယ်လို ဒုက္ခများတဲ့ နေရာ ကို ပို့ဦး မလို့လဲ မဆိုနိုင်ဘူး ဟု တွေးတော ရင်း လှုပ်ခါ နေလေ၏ ။

ကျွန်းသားများ သည် တိတ်ဆိတ်စွာ ထိုင်နေ ကြ လေ၏ ။ ထိုအချိန် ၌ ကျွန်းသား တစ်ဦး က အခြားသော အသိ ကျွန်းသား တစ်ဦး ကို

“ ဟေ့ ဖိုးမောင် ၊ ဒီအလံတိုင် ထိပ်ဖျား က အလံကြီး ကို လိုချင်တယ်ကွာ ” 

ဟု ပြောလိုက်လေ၏ ။

ထိုအခါ ဖိုးမောင် ဆိုသူ က

“ ဘာလုပ် မလို့လဲ စံတင့် ရဲ ။ ည ကျ ရင် ခြုံအိပ် မလို့လား ” 

ဟု ပြန်၍ မေးလိုက် လေ၏ ။

“ မင်း တော်တော် စိတ်ကူး ရိုင်းသေးတဲ့ ကောင်ပဲ ဖိုးမောင် ရယ် ။ ဘယ်ကလာ ခြုံ အိပ်ရမှာတုံး ။ နည်းနည်းချင်း ဖြဲပြီး ချေးကုန်း ချင်လို့ပါကွာ ။ အခုဟာ က တုတ် ကို အသုံးပြုရ ၊ သစ်ကိုင်းခြောက် ကို အသုံးပြုရ နဲ့ နေရာ မကျဘူး ”

ဟု စံတင့် က ပြန်၍ ပြော လိုက်ရာ ဖိုးမောင် က

“ မင်း လဲ သစ်ခုတ်တဲ့ စခန်း မှာ ဟို ဆရာကြီး နဲ့ အတူ နေခဲ့ရ ကတည်း က ဒီလို အပြောအဆိုမျိုး တွေ တတ် လာတာပဲ ။ ဒါနဲ့ နေစမ်းပါဦးကွ ။ အဲ့ဒီ ဆရာကြီး ဘယ် ရောက်သွားပြီလဲ ” 

ဟု မေး လိုက်လေ၏ ။

“ ငါ့ အထင်တော့ တောစခန်း မှာ ပဲ ရှိဦးမယ်ကွ ” 

ဟု စံတင့် က ပြန်၍ ပြောလိုက် လေ၏ ။

“ အဲဒီ ဆရာကြီး က လူပျော်ကြီး ကွ နော် ” 

ဟု ဖိုးမောင် က ပြောလေ၏ ။

“ လူပျော်ကြီး မဟုတ်ဘူးမောင် လူတော်ကြီး ။ လူတော်ကြီး ။ တကယ့်ကို တော်တဲ့ ဆရာကြီး ကွ ။ သူ မသိတာလဲ ဘာမှ မရှိဘူးကွ ။ ဗဟုသုတ စုံလိုက်တာလဲ မပြောနဲ့ တော့ကွာ ။ ဒီ လူကြီး နဲ့ နေရတဲ့ ရက် အတွင်း မှာ ငါ ဖြင့် တစ်သက် တစ်ကျွန်း ကျ နေတယ် ဆိုတာ ကို တောင် မေ့သွားတယ် ” 

ဟု စံတင့် က ပြန်၍ ပြောလေ၏ ။

“ သူ့ နာမည် က လဲ ခပ်ဆန်းဆန်းပဲ ကွ ” 

ဟု ဖိုးမောင် က ပြော ပြန်လေ၏ ။

“ ဆန်းတာပေါ့ ငါ့ လူ ရာ ။ ဒီ နာမည်မျိုး လူ တစ်သိန်း မှာ တစ်ယောက် ရှိမယ် မထင်ပါဘူး ” 

ဟု စံတင့် က ပြန်၍ ပြောလေ၏ ။

“ လုပ်စမ်းပါဦး ကိုယ့်လူ ရဲ့ ။ သူ့ ကို ဆရာကြီး ဆရာကြီး လို့ ပဲ ခေါ်နေ ရတာ နဲ့ သူ့ နာမည်ကိုတောင် မေ့သွားပြီ ။ ဘယ်သူတဲ့ ”

ဟု ဖိုးမောင် က ပြော လိုက်ရာ စံတင့် က

“ မမေ့အောင် ဒီလို မှတ်ထား ။ ဟပ်ချိုး ” 

ဟု နှာချေ ပြ လိုက်ပြီး လျှင်

“ ဆိတ်ဖွား ” 

ဟုအော် လိုက်လေ၏ ။

ထိုအခါ ဖိုးမောင် က 

“ ဟုတ်ပြီ ဟုတ်ပြီ ။ ဆိတ်ဖွား ဆိတ်ဖွား ။ ဆရာကြီး ဦးဆိတ်ဖွား ဟား ဟား ဟား ” 

ဟု ရယ်မော လိုက်လေ၏ ။

၎င်းတို့ နှစ်ဦး ပြောဆို နေသည် ကို မလှမ်းမကမ်း မှ အားစိုက် ၍ နားထောင် နေသော ကျွန်းကျ တစ်ဦး က

“ ဪ ကိုယ့် လူ တို့ ပြော နေတာ ဦးဆိတ်ဖွား အကြောင်း ကိုး ။ ဒီ လူကြီး အကြောင်း ခင်ဗျားတို့ မကြားဘူးလား ” 

ဟု မေး လိုက်လေ၏ ။

“ မကြားပါဘူး မိတ်ဆွေရယ် ” 

ဟု ဖိုးမောင် နှင့် စံတင့် က ပြိုင်တူ ဖြေဆို လိုက်ရာ ထို သူ က

“ ပြီးခဲ့တဲ့ နှစ် က ကျုပ် နဲ့ အတူ နေရသေးတယ် ဗျ ။ အဲဒီလို နေ နေတုန်းမှာ ကျုပ်တို့ နှစ်ယောက် က လမ်းဖောက် ကျောက်ထု တဲ့ လုပ်ငန်းမှာ အလုပ် ကျတယ်လေဗျာ ။ အဲဒီ လမ်း ကို ကျွန်းမင်းကြီး ကိုယ်တိုင် တစ်နေ့ မှာ လာပြီး ကြည့်တာဗျ ။ အဲဒီလို လဲ လာ ကြည့်ရော ကျုပ်တို့ လူကြီး က ကျွန်းမင်းကြီး ကို အင်္ဂလိပ်စကား နဲ့ လှမ်းပြီး ပြောတယ်ဗျ ။ ဆယ်မိနစ် လောက် ကြာတယ် ။ ကျွန်းမင်းကြီး က ငြိမ်ပြီး နားထောင် နေတယ် ။ ပြီး လဲ ပြီးရော ။ ကျွန်းမင်းကြီး ရဲ့ မျက်နှာ ဟာ နီ လာ တော့တာပဲ ။ အဲ့ဒီလို နီ လာ ရာ က နေ ပြီးတော့ ကျွန်းမင်းကြီး ဟာ “ ဖူး ” လို့ တစ်ချက် အော်ပြီး ရှေ့ဆက် မသွားတော့ဘဲ နောက် ကို ပြန်လှည့် သွားတော့တာပဲ ။ ဒါနဲ့ ကျုပ် က ဦးဆိတ်ဖွားကြီး ကို ခင်ဗျား ဟာ ဘာတွေ သွားပြီး ပြောလိုက်တာတုံး ။ ကျွန်းမင်းကြီး က တော့ “ ဖူး ” လို့ အော်ပြီး ဒေါပွ သွားပြီ လို့ ပြောတော့ သူ က ကျုပ် ကို ရှင်းပြတယ် ”

ဟု ထို သူ က ဆိုလေ၏ ။

ထိုအခါ ဖိုးမောင် နှင့် စံတင့် တို့ က 

“ လုပ်စမ်းပါဦး မိတ်ဆွေ ရဲ့ ။ ဆရာကြီး က ဘယ်လို ရှင်းပြသတုံး ”

ဟု မေးမြန်း ကြ လေ၏ ။

“ ဘာဖြစ်လို့ ကျွန်းကြီး ကို အလှပြင်ပြီး လမ်းတွေ ဖောက်နေမှာတဲ့ ။ ဒီ ကမ္ဘာကြီး မှာ နယ်ချဲ့ အရင်းရှင်စနစ် ကို လူသားတွေ ဟာ အော့နှလုံး နာ ကုန်ကြပြီ တဲ့ ။ နယ်ချဲ့ အရင်းရှင်စနစ် ဟာ သံကြိုး ကွင်းဆက် လို ကမ္ဘာကြီး ကို တစ်ပတ် ပတ်ပြီး တုပ်နှောင် မလို့ ကြိုးစားနေတာ ကို ကမ္ဘာသားတိုင်း ဟာ သိပါတယ်တဲ့ အဲဒီတော့ ဆင်းရဲသား အလုပ်သမား လူတန်းစား ဟာ မကြာခင် နှစ် အနည်းငယ် အတွင်း မှာ အဲဒီ သံကြိုး ကို ဖြတ်တောက် ပစ်ကြ လိမ့်မယ်တဲ့ ။ အဲဒီအခါ မှာ နေ မဝင်တဲ့ ဗြိတိသျှ အင်ပါယာကြီး ဟာ လုံးဝ နေဝင် သွားလိမ့်မယ် တဲ့ ။ ခင်ဗျားတို့ အလံကြီး ဟာ လဲ အမှိုက်ပုံး ထဲ ကို ရောက်သွား လိမ့်မယ် တဲ့ ။ အဲဒါကြောင့် အပင်ပန်းခံပြီး ကျွန်းကြီး ကို ပြင် မနေပါနဲ့ တဲ့ ။ ကျွန်းကြီး ဟာ ကျွန်း အနေ နဲ့ လှ နေပါတယ် တဲ့ ။ အဲဒီအခါမှာ ကျွန်းမင်းကြီး က သင် ဘယ်သူလဲ လို့ ဦးဆိတ်ဖွားကြီး ကို မေးတယ် ။ ဦးဆိတ်ကြီး က ကျွန်ုပ် ဟာ ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား ဖြစ်တယ်လို့ ပြန်ပြီး ပြော လိုက်တယ် ။ အဲဒီလိုလဲ ဖြေလိုက်ရာ ကျွန်းမင်းကြီး က “ ဖူး ” လို့ တစ်ချက် အော်ပြီး ပြန်သွားပဲ မိတ်ဆွေတို့ ရယ် ။ ပြန်သွားပြီး ဘာမှ မကြာပါဘူး ။ ကျွန်းပုလိပ်တွေ လိုက် လာပြီး ကျုပ်တို့ လူကြီး ကို ဖမ်းသွားတော့တာပဲ ။ အဲဒီလို ဖမ်းသွား ပြီးတော့ ကျွန်းမင်းကြီးရုံး နောက် မှာ ရှိတဲ့ မြေတိုက် ထဲ မှာ အရူး ဆိုပြီး ပိတ်လှောင် ထားတာ တစ်နှစ် ရှိပါပကော ” 

ဟု ထို သူ က ရှင်းပြ လေ၏ ။

ထိုအခါ ဖိုးမောင် နှင့် စံတင့် တို့ က “ သနားစရာဗျာ ” ဟု ပြောဆို လိုက်လေ၏ ။

တိုင်းကျော် သည် ထိုသူ တို့ ပြောဆို နေကြသည် ကို တမင်တကာ နားထောင်ခြင်း မရှိပါ ဘဲ လျက် ကြားနေရ လေ၏ ။

တစ်သက်တစ်ကျွန်း ကျခံနေရသည့် အခါမျိုး၌ ပင် လျှင် မျက်နှာဖြူ ကျွန်းမင်းကြီး အား ပမာမခန့် ပြန်လည် ပြောဆို ဝံ့သော ထို အရူး ခေါ် ခံရသည့် လူကြီး အား စိတ် အတွင်း မှ ကျိတ်၍ ချီးကျူးမိ သေးတော့၏ ။

ထိုအချိန် ၌ မှာ ပင် ကျွန်းမင်းကြီးရုံး မှ တာဝန်ရှိသူ တစ်ဦး ထွက်လာ ပြီး လျှင် အမည် ခေါ်၍ အုပ်စု နှစ်စု ခွဲ လိုက်လေ၏ ။

အုပ်စု တစ်စု ကို မူ လမ်းဖောက်လုပ်ငန်း အတွက် ပို့ လိုက်လေ၏ ။ ကျန် တစ်စု ကို မူ သစ်ခုက်လုပ်ငန်း သို့ စေလွှတ်ရန် ဖြစ်၏ ။ ထို လုပ်ငန်း တွင် တိုင်းကျော် လည်း ပါ၏ ။

တာဝန်ရှိသူ သည် သစ်ခုတ်လုပ်ငန်း သို့ သွားရမည့်သူများ အား ညွှန်ကြားချက်များ ကို ပြောဆို နေ လေ၏ ။ ယခု သွားရောက် လုပ်ကိုင်မည့် နေရာ သည် ငှက်ဖျားရောဂါ အလွယ်တကူ ဖြစ်နိုင်သော နေရာ ဖြစ်ကြောင်း ။ ထို့ကြောင့် ရေ ကို ကျိုချက် ၍ သောက်ရန် လိုအပ်ကြောင်း ။ နှစ်ယောက် တစ်တွဲ တဲကလေးများ ထိုး၍ နေထိုင်ရမည် ဖြစ်ကြောင်း တဲ မှာ လည်း မိမိတို့ ကြိုက်နှစ်သက် သလို ထိုး၍ မရ ။ ပုံစံ နှင့် တကွ အတိုင်းအတာနှင့် ဟု ညွှန်ကြား လိုက်မည် ဖြစ်ကြောင်း ။ ညွှန်ကြားသည့် အတိုင်း လုပ်ရမည် ဖြစ်ကြောင်း စား အိုးစားခွက်များ ပေးထားပြီး လျှင် ဆယ့်ငါးရက် တစ်ခါ ရိက္ခာ လာ၍ ပေးမည် ဖြစ်ကြောင်း ။ ဆယ့်ငါးရက် အတွင်း သတ်မှတ် ထားသော လုပ်ငန်းများ ကို ကြည့်ရှု စစ်ဆေးမည် ဖြစ်ကြောင်း ။ အကယ်၍ လုပ်ငန်း မပြီးပါ က လည်း အပြစ် ပေးမည် ဖြစ်ကြောင်း ပြောဆို၍ ထို ကျွန်းကြီး ၏ အစွန်အဖျား တစ်နေရာ ဆီ သို့ မော်တော်ကား တစ်တန် ၊ ခြေကျင် တစ်တန် ဖြင့် ခေါ်သွား လေတော့၏ ။

တိုင်းကျော် လည်း စိတ်ပျက်လက်ပျက် ဖြင့် လိုက်ပါ သွားရလေတော့၏ ။ ထို တော သို့ ရောက်လျှင် ကျွန်းပင် များ ဝါးများ ကို ခုတ်ခိုင်း ပြီး လျှင် တဲအိမ်များ ဆောက်လုပ် ခိုင်း လေတော့၏ ။ တဲအိမ် မှာ နှစ်ယောက် တစ်တွဲ ။ နှစ်ယောက် တစ်တွဲ နေနိုင်ရန် ဖြစ်၏ ။ တစ်အိမ် နှင့် တစ်အိမ် လည်း တစ်ခေါ် လောက် ဝေး၏ ။

တိုင်းကျော် အဖို့ ကံဆိုးသည် မှာ နှစ်ယောက် တစ်တွဲ နှစ်ယောက် တစ်တွဲ ပြုလုပ်ရာ တွင် ဆယ့်တစ်ယောက် ဖြစ် နေသော ကြောင့် တိုင်းကျော် အဖို့ အတွဲ မရဘဲ တစ်ယောက် တည်း တဲ ထိုး ရ လေ၏ ။ တစ်ယောက် တည်း ရေခပ် ရ လေ၏ ။ တစ်ယောက် တည်း ချက်ပြုတ် စားသောက် ရ လေ၏ ။

ထို့အပြင် နှစ်ယောက်စာ လုပ်ငန်း ကို တစ်ယောက် တည်း လုပ်ရမည် ဟု အမိန့် ချမှတ် သွားလေ၏ ။

ထို့ကြောင့် သစ်ပင်များ ခုတ် ရာ တွင် တခြားသူများ ငါးမန်းလွှကြီး ကို ကိုင်ကာ ဟိုဘက် တစ်ယောက် ဒီဘက် တစ်ယောက် ထိုင်၍ တရွှင်းရွှင်း တိုက်ဖြတ်ကြ၏ ။ ပျင်း လျှင် တစ်ဦး ကို တစ်ဦး ပုံတိုပတ်စ ပြောဆို ကြ၏ ။ ရှေးဟောင်း နှောင်းဖြစ် ပြောဆို ကြ၏ ။ တစ်ဦး အလုပ် လုပ် နေလျှင် ကျန် တစ်ဦး က စားသောက်ရန် အတွက် ချက်ပြုတ် ခြင်း ၊ ရေခပ်ခြင်း အလုပ် ကို လုပ်ပေး နိုင်၏ ။

တိုင်းကျော် မှာ မူ ကား ထိုသို့ မဟုတ် ။ တစ်ယောက်တည်း အလုပ် လုပ်ရ၏ ။ လူ တစ်ဖက်ခန့် ရှိ သစ်ပင်ကြီးများ ကို ပုဆိန်ကြီး ဖြင့် ပင်ပန်းကြီးစွာ ပေါက်ရ၏ ။ ပြတ်လု ပြတ်ခင် ဖြစ်သော အခါကျ မှ ပင် ကြိုး ဖြင့် ဆိုင်း၍ သက်စွန့်ဆံဖျား လှဲချ ရ၏ ။

ပြီးလျှင် အကိုင်းများ ကို ပုဆိန် ဖြင့် ပင် ခက်ခဲစွာ ခုတ်ယူ ရ၏ ။ ထိုသို့ ခုတ်ပြီး လျှင် ထမင်း ကို ချက်ရ၏ ။ သောက်ရေ အတွက် ဝေးလံသော နေရာ သို့ ပင်ပန်းကြီးစွာ သွား၍ ခပ်ရ၏ ။

အတွဲ ရှိသော သူတို့မှာမူ ရှဉ့်များ ၊ ဖွတ်ပတတ်များ ၊ ငါးများ ကို တစ်ယောက် က ရှာဖွေ ၍ ကျန် တစ်ယောက် က အလုပ် လုပ်ပေး ထားသောကြောင့် ပင်ပန်းစွာ အလုပ် လုပ် ရ သော်လည်း စားသောက်သော အခါ၌ မြိန်ရှက်စွာ စားသောက်ခွင့် ရှိ၏ ။

တိုင်းကျော် အဖို့ မှာ မူ ကား သူတစ်ပါး ထက် နှစ်ဆ အလုပ် လုပ်ရ၍ စားသောက်သော အခါ၌ လည်း ညံ့ဖျင်းသော အစားအသောက် ကို သာ စားရလေ၏ ။

ထို့ကြောင့် တိုင်းကျော် က

“ သြော် ငါ့ နှယ် နော် ။ ကံ မကောင်း လို့ တစ်သက် တစ်ကျွန်း ကျတဲ့ လူတွေ ထဲ မှာ တောင် ငါ က ပိုပြီး ကံဆိုး နေပါသေး သလား ” ဟု ညည်းညူရင်း မိမိ ၏ အဖြစ် ကို တွေးမိကာ မကြာခဏ မျက်ရည် ဝိုင်း လာလေတော့၏ ။ သို့ရာတွင် “ ယောက်ျား ပဲ လေ ” ဟု အားတင်း ကာ ဒုက္ခ ကို ခါးစည်း ၍ ခံ နေရလေ၏ ။

ဤသို့နှင့် ပင် ခြောက်လခန့် ထိုနေရာ ၌ နေထိုင်ခဲ့ပြီး တစ်ည သ ၌ တိုင်းကျော် သည် ၎င်း ၏ တဲကလေး အတွင်း ၌ နှစ်ခြိုက်စွာ အိပ်စက် လေ၏ ။

အတော်အတန် ညဉ့် နက်သော အခါ၌ တိုင်းကျော် အိပ်စက် လျက် ရှိသော ဝါးကြမ်းခင်းကလေး သည် “ တကျွတ်ကျွတ် ” မြည် သဖြင့် တိုင်းကျော် လည်း အိပ်ရာ မှ ရုတ်တရက် လန့် နိုး ကာ အနီး တွင် ရှိသော သစ်ခုတ်သည့် ပုဆိန်ကြီး ကို ကြောက် ၍ ကိုင် ကာ “ ဘယ်သူလဲ ” ဟု အလန့်တကြား မေး လိုက် လေ၏ ။ ထိုအခါ တစ်စုံ တစ်ယောက် က

“ အေးအေးဆေးဆေး အိပ်စမ်းပါ ငါ့ လူရယ် ၊ ရန်မူမယ့် လူ မဟုတ်ပါဘူး ။ လူ နဲ့ အတူ တွဲပြီး အလုပ် လုပ်ရမယ့် ကျွန်းသားပါ ” 

ဟု ထို သူ က ပြန်၍ အေးဆေးစွာ ပြော လိုက်လေ၏ ။

ထိုအခါ တိုင်းကျော် က

“ အလုပ် လုပ်ဖို့ ရောက် လာတဲ့ ကျွန်းသား က လဲ အချိန် မတော် ညကြီး ရောက်လာ သတဲ့လားဗျာ ” 

ဟု ပြန်၍ ပြော လိုက်ရာ ထို သူ က

“ ကျွန်း ပေါ် မှာ နေ့တွေ ညတွေ မရှိဘူး ကိုယ့်လူ ။ ခိုင်းချင် တဲ့ အချိန် ခိုင်းပြီး ပို့ချင် တဲ့ အချိန် ပို့ တာပဲ ။ အေးအေးဆေးဆေး အိပ်စမ်းပါ ငါ့ လူ ရယ် ။ အင်မတန် လေးလံတဲ့ သစ်ခုတ်ပုဆိန်ကြီး ကို ဘာဖြစ်လို့ ကိုင်မြှောက် ထားရတာတုံး ။ ပင်ပန်းပါတယ် ငါ့ လူ ရာ ကျုပ် ကို ဒီ ပုဆိန်ကြီး နဲ့ ခုတ် မလို့လား ။ ကျုပ် က သစ်ပင် မှ မဟုတ်ဘဲ ဟဲ ဟဲဟဲ အိပ်စမ်းပါ ။ အိပ်တယ် ဆိုတာ စရိတ် အသက်သာဆုံး နဲ့ ဇိမ်ခံရတာမျိုး ကွ ” 

ဟု ထို သူ က ပြန်၍ ပြောလိုက်လေ၏ ။

“ ခင်ဗျား ဘယ်သူလဲ ” 

ဟု တိုင်းကျော်က မေး လိုက်လေ၏ ။

“ နာမည် ပြောလို့ ဘာ လုပ်မှာလဲ ကွ ။ မင်း လဲ သိတာမှ မဟုတ်ဘဲ ။ မနက်ကျတော့ အလင်းရောင် လာရင် မင်း ကို လဲ ငါ တွေ့ရမယ် ။ ငါ့ ကို လဲ မင်း တွေ့ရမယ် ။ အိပ်စမ်းပါကွာ အိပ်စက်ခြင်း ရဲ့ ငြိမ်းချမ်းခြင်း ကို မနှောင့်ယှက်စမ်းပါနဲ့ ” 

ဟု ထို သူ က ပြန်၍ ပြော လိုက်ရာ

တိုင်းကျော် က

“ မလိုချင်ဘူး ။ ထွေလီကာလီတွေ လုပ် မနေနဲ့ ။ ခင်ဗျား နာမည် ပြောစမ်း မပြောရင် ပုဆိန် နဲ့ ခုတ်ချလိုက်မယ် ” 

ဟု ကြိမ်းဝါး လိုက်ရာ ထို သူ က

“ မင်း က ဘယ်သူလဲတော့ မသိဘူး ။ မှောင်ကြီး ထဲ မှာ ဆိုတော့ ငါ လဲ မမြင်ရဘူး ၊ ဒါပေမဲ့အတော့် ကို တုံးတဲ့ အကောင်ပဲ ။ ဒီလို တုံး လို့လဲ တစ်ကျွန်း ကျခံရတာပဲ ” 

ဟု ထို သူ က ပြော လိုက်လေ၏ ။

“ ဒါဖြင့်ရင် ခင်ဗျား က ကော ဘာဖြစ်လို့ တစ်ကျွန်း ရောက်လာရတာတုံး ” 

ဟု တိုင်းကျော် က ပြန်၍ မေး လိုက်ရာ ထိုသူ က

“ ငါ က ချွန် လို့ ရောက်လာတာကွ ” 

ဟု ပြန်၍ ဖြေလေ၏ ။ 

“ ခင်ဗျား နာမည် ပြောပါ ” 

ဟု တိုင်းကျော် က ထပ်၍ မေး လိုက်လေ၏ ။

“ မင်း နဲ့ စကား ပြောဖို့ ခေါင်းမြီးခြုံ ထားတဲ့ စောင် ကို ဖွင့်ရတာ နဲ့ ငါ့ ခေါင်း ကို လေစိမ်း တိုက်ပြီး နှာတောင် မွှန် လာပြီကွာ ။ ဟပ်ချိုး ဟပ်ချိုး ဆိတ်ဖွား ငါ့ နာမည် ဆိတ်ဖွား တဲ့ ဟေ့ ကွ ။ သင် ငတုံး ဘဝ ဆုံး တဲ့ တစ်ကျွန်းသား သည် ဂဏှာဟိ မသေမချင်း မှတ်လေလော့ ” 

ဟုထို သူ က ပြန်၍ ပြော လိုက်လေတော့ သတည်း ။

   •••••   •••••   •••••

❝ ပရော်ဖက်ဆာ ရောက်လာခြင်း ❞

တိုင်းကျော် သည် သစ်ခုတ် ပုဆိန်ကြီး ကို ချ၍ ခြေပစ် လက်ပစ် ထိုင်ချ လိုက် လေ၏ ။ ထို့နောက် အိပ် မပျော်ဘဲ ငုတ်တုတ် ထပြီး ထိုင် နေလေ၏ ။

ဤသို့နှင့်ပင် တဖြည်းဖြည်း အရုဏ် တက် သော အချိန်သို့ ရောက်လာ လေ၏ ။ ၎င်း နှင့် အတူ အလုပ် လုပ်မည့် ကျွန်းသားကြီး ဆိတ်ဖွား ဆို သူ ကား စောင် ကို ခေါင်းမြီး ခြုံ လျက် နှစ်ခြိုက်စွာ အိပ်စက် လျက် ရှိနေသေး၏ ။

တိုင်းကျော် ၏ စိတ် တွင် ကျွန်းမင်းကြီးရုံး ရှေ့ တွင် လူစု ထားစဉ် က ဖိုးမောင် ဆိုသူ နှင့် စံတင့် ဆိုသူတို့ ပြောသည့် ဟပ်ချိုး ဆိတ်ဖွား ဆိုသည့် လူကြီး မှာ ဤ လူကြီးပင် ဖြစ်လိမ့် မည်ဟု တွေး နေလေ၏ ။ 

ဤ လူကြီး မှာ နှယ်နှယ်ရရ လူကြီး မဟုတ် ။ အင်္ဂလိပ်လူမျိုး ကျွန်းမင်းကြီး ကို ပင် ပမာမခန့် ပြန်၍ ပြောဝံ့သော လူကြီး ဖြစ်ကြောင်း ကို လည်း သိရှိခဲ့ပြီ ဖြစ်ရာ ဤ လူကြီး ရောက်လာခြင်း အတွက် မိမိ အဖို့ နစ်နာစရာ မရှိ ကြောင်း ရိပ်စားမိ လေတော့၏ ။

အရုဏ်ဦး ၏ နေရောင်ခြည် သည် တိုင်းကျော် တို့ ၏ တဲကလေး ပေါ် သို့ ဖြာ၍ ကျ နေလေ၏ ။ ထိုအခါ ကျ မှ ပင် ခြုံစောင် ထဲ မှ လူကြီး သည် စောင် ကို ဖွင့်၍ ထ လာ ပြီးလျှင်

“ ဂွတ် ( ဒ် ) မောနင်း မိုင် ကွန်းပရိတ် ။ ကောင်းသော နံနက်ခင်း ပါ ။ ကျွန်ုပ် ရဲ့ သွေးသောက်ရဲမက်ကြီး ။ ဘာဖြစ်လို့ မအိပ်ဘဲ နဲ့ ငုတ်တုတ်ကြီး ထိုင် နေရတာတုံး ” 

ဟု ပြော လေ၏ ။

“ ဟုတ်တယ် ဦးဟပ်ချိုး ” 

ဟု တိုင်းကျော် က စကားစ လိုက်ရာ ထို သူ က

“ ဘယ်ကလာ ဟပ်ချိုး ရ မှာ တုံး ။ ငါ့ နာမည် ဆိတ်ဖွား ပါ ။ နေဦး နေဦး ။ငါ့ မှာ ဆန် နည်းနည်း နဲ့ အသားခြောက် နည်းနည်း ပါ လာတယ် ။ ဆန်ပြုတ်ကလေး ဘာလေး ပြုတ်ပြီး ဘရိတ်ဖတ် လုပ်ကြတာပေါ့ ”

ဟု ဆိုကာ ဦးဆိတ်ဖွား ဆိုသူ သည် တိုင်းကျော် ၏ တဲ အတွင်း မှ အိုး တစ်လုံး ကို ယူ၍ ဆန်များ ထည့် ပြီး လျှင် မီးမွေး ၍ ထမင်းအိုး တည် လေ၏ ။ ထို့နောက် ၎င်း သည် မျက်နှာ သစ်ခြင်း အာလုတ် ဆေးခြင်းများ ကို ပြုလုပ် လေ၏ ။

ထိုသို့ ပြုလုပ်ပြီး နောက် မီးဖိုခန်း အနီး တွင် ထိုင်ကာ ၎င်း ကိုယ်တိုင် ပြုလုပ် ထား ဟန် ရှိသော ဆေးလိပ်ကြီး တစ်လိပ် ကို အားရပါးရ ရှိုက်ဖွာ လေ၏ ။ တိုင်းကျော် သည် ထို လူကြီး ကို မျက်တောင် မျှ ပင် မခတ်ဘဲ တစိမ့်စိမ့် ကြည့်လေ၏ ။ ထို လူကြီး ကား အရပ် လွန်စွာ မြင့်၏ ။ ပခုံး လွန်စွာ ကျယ်၏ ။ ၎င်း ၏ မျက်နှာထား မှာ လူ အပါအဝင် သက်ရှိသတ္တဝါ အားလုံး နှင့် တောတောင် ရေမြေ အားလုံး ကို မည်သည့် အရာ ကို မျှ အလေး မထား ။ ပမာမခန့် ပြုလုပ်ဝံ့သော မျက်နှာထားမျိုး ရှိ၏ ။ ၎င်း ၏ ဆံပင် တို့ သည် ဆွတ်ဆွတ်ဖြူ နေပြီဖြစ်၏ ။ ၎င်း ၏ အသားအရေ မှာမူ လူငယ်တစ်ဦး ကဲ့သို့ ကျစ်လျစ် မာကျော လှ၏ ။ ထို လူကြီး သည် ၎င်း ၏ လွယ်အိတ်ကြီး အတွင်း မှ အသားခြောက် တစ်မြှောင်း ကို မီးဖို ထဲ သို့ ထိုး ထည့် လိုက်၏ ။

များမကြာမီ ၌ ပင် ထို အသားခြောက် သည် စားချင့်စဖွယ် ရနံ့ ကို ပေးလေ တော့၏ ။ ဤသို့နှင့် ပင် ထိုလူကြီး တည်ခဲ့သော ဆန်ပြုတ်အိုး သည် ကျက်၍ သွားလေ တော့၏ ။ ထိုအခါ ဆား အနည်းငယ် ခတ်ပြီး လျှင် မီးဖို ပေါ် မှ ချ လေတော့၏ ။

ပြီးလျှင် မီးဖို အတွင်း မှ အသားခြောက် ကို ထုတ်၍ တိုင်းကျော် အား ပစ်ပေး ပြီး လျှင် ဇွန်းတစ်ချောင်း ကို ယူ၍

“ ဟေ့ကောင် ဘာ ငေး နေတာလဲ ။ လာလေကွာ ဆန်ပြုတ် သောက်ရအောင် ။ မင်း နဲ့ ငါ နဲ့ တွေ့ဆုံတဲ့ မိတ်ဆက်ပွဲ အခမ်းအနား ပေါ့ ကွာ ”

ဟု ပြော လိုက်မှပင် တိုင်းကျော် လည်း ထိုလူကြီး အနီး သို့ သွား၍ ထိုင်လေ၏ ။ ထို လူကြီး သည် အိုး ထဲ မှ ဆန်ပြုတ်များ ကို မြိန်ရည်ရှက်ရည် ခပ်၍ သောက်ပြီး လျှင် အသားခြောက် ကို ကိုက်ရင်း တိုင်းကျော် အား ဇွန်း ကို ပေး လိုက်လေ၏ ။

တိုင်းကျော် လည်း ဇွန်း ဖြင့် ဆန်ပြုတ် ကို ခပ်၍ သောက်လေ၏ ။ ထို့နောက် အသားခြောက် ကို စား လေ၏ ။ ထို လူကြီး သည် အသားခြောက် ကို အားရပါးရ ဝါးရင်း

“ မင်း နာမည် ဘယ်သူတုံး ” 

ဟု မေး လိုက်လေ၏ ။

“ တိုင်းကျော် လို့ ခေါ်ပါတယ် ” 

ဟု တိုင်းကျော် က ပြန်၍ ဖြေရာ ထို လူကြီး က

“ မှန်တာပေါ့ကွာ ။ တိုင်းပြည် ကို ကျော်ပြီး တစ်သက် တစ်ကျွန်း ရောက်လာပြီပဲ ဟဲ ဟဲ ဘာမှ စိတ် မပျက်နဲ့ ။ ဒီ ကျွန်း ပေါ်မှာ တစ်သက်လုံး ငရဲ ခံ နေရမယ် ။ သေရင် လွတ်မယ် ”

ဟု ပြော လိုက်လေ၏ ။

“ အခု ဆရာကြီး ပြော တာတွေ ဟာ စိတ်ပျက်စရာတွေ မဟုတ်ဘူးလား ” 

ဟု တိုင်းကျော် က ပြန်၍ မေး လိုက်လေ၏ ။

ဦးဆိတ်ဖွားကြီး က ဆန်ပြုတ် ကို ကုန်း ၍ သောက် ရင်း

“ စိတ်ပျက် ရင် ထွက်ပြေး ပေါ့ ကွ ။ ငါ တော့ ဒီ ကျွန်း ကို ရောက်တာ ခြောက်နှစ် ရှိပြီ ။ ထွက်ပြေး ဖို့ ခိုးပြီး လှေထွင်း တာ လှေ ခြောက်စင်း ရှိပြီ ။ ဖောင် ဖွဲ့ တာလဲ တစ်ဒါဇင် ကျော် သွားပြီ ။ ကျွန်းပုလိပ်တွေ က မိလို့ ငါ့ အကြံတော့ အထ မမြောက်သေးဘူး ။ ဒါပေမဲ့ ငါ တော့ လက် မလျှော့သေးဘူး ။ ထပ်ပြီး လုပ်ဦးမှာပဲ ။ ကျွန်းပုလိပ်တွေ က လဲ မိုးတွင်း ရောက် လာရင် အစစ်အဆေး နည်းနည်း လျှော့ တယ်ကွ ။ လှိုင်းတွေ လေတွေ ထန် တော့ ထွက်ပြေးပါ ဆိုတာတောင် ဘယ်သူမှ မပြေးဝံ့ကြဘူး မဟုတ်လား ။ ငါ က အဲဒီ အချိန် ကို ရွေးပြီး ပြေးမှာ ” 

ဟု ဦးဆိတ်ဖွားကြီး က ပြော လိုက်လေ၏ ။

“ ဒီလောက် လှေ သေးသေးကလေး နဲ့ ပြေး ရင် ပင်လယ် ထဲ မှာ သေမှာပေါ့ ” 

ဟု တိုင်းကျော် က ပြော လိုက်လေ၏ ။

“ သေတာပဲ ကွာ ။ ပင်လယ် ထဲ မှာ သေသေ ကုန်း ပေါ်  မှာ သေသေ အတူတူ ပါ ပဲ ကွာ ။ နောက်ပြီး ထွက်ပြေးဖို့ ကြိုးစားတာ က လွတ်လပ်တဲ့ အရသာ ကို လိုချင်လို့ ဆိုတာလဲ ပါတယ် ။ အဲ့ဒါထက် အရေးကြီးတာ က လွတ်မြောက်မှု ကို ရအောင် ကြိုးပမ်းရတဲ့ ကြိုးပမ်းမှု ကို ငါ က ပိုပြီး နှစ်သက်တယ် ။ လှေထွင်း ရတယ် ဆိုတာ က မလွယ်ဘူး ကွ ။ သူတို့ ခိုင်းထား တဲ့ ရွာ အလုပ်လဲ ပြီးအောင် လုပ်ရသေးတယ် ။ ပြီးတော့ ခိုးကြောင်ခိုး ဝှက်လုပ်ရတာ လက်နက် ကိရိယာ က လည်း ပြည့်စုံတာ မဟုတ်ဘူး ။ အဲ့ဒါထက် အရေးကြီးတာ က တော့ လှေ စ ပြီး ထွင်း တဲ့ နေ့ ကစပြီး အစား ကို လျှော့ စားရတယ်ကွ ပင်လယ် ထဲ မှာ စားဖို့ ရိက္ခာ ကျန်အောင်လေကွာ ” 

ဟု ဆိုကာ ဦးဆိတ်ဖွား သည် ကျွန်းမှ  ထွက်ပြေး လွတ်မြောက်ရန် အတွက် ခိုး ၍ လှေထွင်း ရသော လုပ်ငန်း အသေးစိတ် ကို ပြောပြရာ တိုင်းကျော် သည် အံ့ဩစွာ ဖြင့် နားထောင် နေ လေသည် ။

ထို လူကြီး သည် ခြောက်နှစ်တာ ကာလ အတွင်း ၌ လှေ ခြောက်စင်း နှင့် သစ်ဖောင် တစ်ဒါဇင် ကို ခိုး၍ ပြုလုပ်ခဲ့သည် ဆို၏ ။

ထို လူကြီး အပင်ပန်းခံ နိုင်သော ဇွဲကား ကြီးမားလှပေ၏ ။ အခြားသော အရာ တို့ ကို ထားဘိဦး ။ လှေ ခိုး၍ ထွင်းရန် အတွက် လိုဏ်ခေါင်း တူး ရသော အလုပ် တစ်ခု တည်း နှင့် ပင် လူ သာမန် တို့ လိုက်၍ မမီသော ဇွဲမျိုး ရှိကြောင်း သိသာ လောက်ပေပြီ ။ လိုဏ်ခေါင်း ကို အလျင် တူးရ၏ ။ ထို့နောက် ခိုး ၍ ထွင်းမည့် သစ်လုံးကြီး ကို လိုဏ်ခေါင်း အတွင်း သို့ ထည့်ရ၏ ။ ည အချိန် မတော် သူတစ်ပါး အိပ်စက်ချိန် ၌ လိုဏ်ခေါင်း အတွင်း သို့ ဝင်ကာ လှေ ကို ထွင်းရ၏ ။

တိုင်းကျော် သည် ဦးဆိတ်ဖွားကြီး ကို ကြည့် ကာ ဤ လူကြီးကား ဇွဲသတ္တိ လည်း ရှိ၏ ။ လူကောင် လည်း ကြီး၏ ။ လူကောင် ကြီး သလောက် ဉာဏ်ပညာ လည်း ကြီးပုံ ရလေ၏ ။ ထို လူကြီး နှင့် ကိုယ်ရော စိတ်ပါ ပေါင်းသင်း ကာ ဤ ကျွန်းကြီး မှ လွတ်မြောက် ထွက်ပြေးရန် ကြံ လျှင် သင့်လျော် ပေမည် ။

ကံ မကောင်း ၍ ပင်လယ် ထဲ တွင် နစ်မြုပ်၍ အသက်ဆုံး ရ ပါလျှင် လည်း ပွဲ ထဲ တွင် လူရွှင်တော်များ ပြော သကဲ့သို့ “ စောစော သေရင် စောစော အိပ်ရတာပေါ့ ” ဆိုသည့် အတိုင်း ဖြစ်ပေလိမ့်မည် ဟု ဆုံးဖြတ် ကာ တစ်သက် တစ်ကျွန်း ကျလာသော ၎င်း ၏ အဖြစ်အပျက် ကို ပြော ပြရာ ဦးဆိတ်ဖွားကြီး က သေချာစွာ နားထောင် ၍ နေလေတော့၏ ။

တိုင်းကျော် သည် မိမိ ပြောဆိုသော စကားများ ကို ဤမျှ အထိ စိတ်ရှည် လက်ရှည် နားထောင်ဖော် ရသော လူစားမျိုး ကို တစ်ကြိမ် တစ်ခါ မျှ တွေ့ဖူးခြင်း မရှိရ ကား တစ်ထိုင် တည်း နှင့်ပင် ထို လူကြီး ၏ ကိုယ်ချင်းစာ တရား ရှိပုံ ကို သဘော ပေါက် သွားလေတော့၏ ။ ဦးဆိတ်ဖွား သည် တိုင်းကျော် စကား ဆုံးသည့် အခါ၌

“ ဟကောင် ရ မင်း အတ္ထုပ္ပတ္တိ နားထောင်ရတာ က စုံထောက်ဝတ္တု ဖတ်နေရ သလိုပါပဲလား ။ တကယ် သ,တ်တဲ့ လူ က ဘာမှ မဖြစ်ဘဲ ဘာမှ မလုပ်ရတဲ့ မင်း က  တစ်သက်တစ်ကျွန်း ရောက်လာတော့ တာ ကိုး တရားခံ က ဘယ်သူ မှတ်သတုံး ။ မင်း သူငယ်ချင်း ကျော်ဝင်း ကွ ။ ဒီကောင် သ,တ်တာ ။ ဒီကောင် က ဘာဖြစ်လို့ သ,တ်သလဲ သိလား ။ ရည်းစား လုဖက် ကွ ။ ကျော်ဝင်း တစ်ယောက် တည်း လုပ်တာတော့ မဟုတ်ဘူး ဟေ့ ။ ပေါင်းပြီး ကြံ ကြတာကွ သိလား ။ မောင်ပြည့် လဲ ပါမယ်ကွ ။ ထားပါတော့ကွာ ” 

ဟု ပြော လိုက်လေ၏ ။ 

“ ဖြစ်နိုင်ပါ့ မလား ဆရာကြီး ရယ် အဲ့ဒီ အချိန်မှာ ကျော်ဝင်း က မန္တလေး ရောက်နေတယ် ” 

ဟု တိုင်းကျော် က ပြော လိုက်ရာ

“ ဒီလိုလေကွာ မန္တလေး က မနက် ရထား စီး လိုက်ရင် ညနေ ဘက် ရန်ကုန် ရောက် တာပဲ ။ လူသ,တ်မှု ကျူးလွန်ပြီး တော့ ညရထား နဲ့ ပြန် လိုက်သွားရင် မန္တလေး ကို မနက် အစောကြီး ပြန် ရောက် တာပေါ့ ။ ဒါကို ငါ ဘာကြောင့် စဉ်းစားမိသလဲ ဆိုတော့ မင်း သူငယ်ချင်း ကျော်ဝင်း က ပြင်ဦးလွင် ကို သွားလည်ရအောင် မန္တလေး ကို လိုက်ခဲ့ပါ ဆိုတဲ့ သံကြိုးစာ အဲ့ဒီ နေ့ ပဲ ပို့ လိုက်တယ် မဟုတ်လား ။ ဒါဟာ အလကား လုပ်တာ မဟုတ်ဘူးကွ ။ အခင်း ဖြစ်ပွားတဲ့ အချိန် မှာ သူ ဟာ မန္တလေး မှာ ရှိနေတယ်လို့ သက်သေပြ အလီဘိုင် ပေးချင်တာပဲ ။ အဲ့ဒီ တစ်ချက်တည်း နဲ့ ကို ဒီကောင် ကို ငါ မသင်္ကာဘူး ။ မင်း ကို လူယုံ သတ်တာပဲ ”

ဟု ဦးဆိတ်ဖွား က ပြော လိုက်သည့် အခါ၌ တိုင်းကျော် သည် မိမိ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ ကို ပြန်လည် စဉ်းစားကြည့်ရာ လယ်ပြင် မှာ ဆင် သွား သကဲ့သို့ ထင်ရှားစွာ သိမြင်ရလေတော့၏ ။

တိုင်းကျော် သည် ထို အဖြစ်အပျက် ကို မေ့ထား လိုက်ပြီး နောက် ။

“ ဆရာကြီး အခု ဘယ် စခန်း က နေ ဒီ ကို ပို့လိုက်တာတုံး ”

ဟု မေး လိုက်ရာ ဦးဆိတ်ဖွားကြီး က ...

“ ကျွန်းမင်းကြီး ရုံးခန်း နောက် က မြေတိုက် ထဲ က ပို့ လိုက်တာပေါ့ ။ အဲဒီ အထဲ မှာ တစ်နှစ်ကျော်ကျော် ပိတ် ထားလိုက်တာ ကျက်သရေ မင်္ဂလာ မရှိတဲ့ ငါ့ ဆံပင် အမည်းတွေ ဟာ အလွန် ကျက်သရေ မင်္ဂလာ ရှိတဲ့ ဘော်ငွေရောင် ဆံပင်တွေ ကို ဖြစ်သွားတော့တာပဲ ဟေ့ ဟား ဟား ဟား ဟား ။ အသားခြောက် နည်းနည်း ထပ် ယူပြီး ဆန်ပြုတ် နည်းနည်း ထပ် သောက်လိုက်ပါဦး ” 

ဟု ပြော လိုက်လေ၏ ။

တိုင်းကျော် လည်း ဆန်ပြုတ် ကို အနည်းငယ် ထပ်၍ သောက်လေ၏ ။ ထိုသို့ သောက်ရင်း

“ ဒါနဲ့ ဆရာကြီး ရဲ့ ဇာတိမျိုးရိုး က ဘယ်လိုတုံး ။ ဘယ်လို အမှုမျိုး နဲ့ တစ်သက် တစ်ကျွန်း ကျရတာတုံး ” 

ဟု မေး လိုက်ရာ ဦးဆိတ်ဖွား က

“ ငါ့ ရဲ့ ဇာတိပုည ဂုဏ်မာန ကို မေး တာလား ။ ငါ့ ကို နှယ်နှယ်ရရ ပုဂ္ဂိုလ် ထဲ က မထင်နဲ့နော် ။ ငါ က ရာဇာ မျိုး ကွ ။ ဘယ်လို ရာဇာ လဲ သိသလား ” 

ဟု ပြော လိုက်လေ၏ ။

“ မသိဘူး ဘယ်လို ရာဇာ လဲ ပြောပါဦး ”

ဟု တိုင်းကျော် က မေး လိုက်ရာ ဦးဆိတ်ဖွား က ...

“ သုဘရာဇာ ” 

ဟု ပြန်၍ ဖြေလိုက်လေ၏ ။

“ သုဘရာဇာ ဟုတ်လား ” 

ဟု တိုင်းကျော် က အံ့ဩသော မျက်နှာ ဖြင့် ပြန် ၍ မေးလိုက်လေ၏ ။

“ ဟုတ်ပါတယ် ငါ့ လူ ရ သုဘရာဇာ ပါ ။ တောင်ငူ နတ်ကြီးတံတား အနား က သင်္ချိုင်းကုန်းမှာ နေတာ သုဘရာဇာ ဆိတ်ဖွား ဆိုတာ ငါ ပေါ့ ။ တစ်နေ့ မှာ ငါ ရဲ့ သင်္ချိုင်းကုန်း ကို ထူးဆန်း တဲ့ မသာ တစ်လောင်း ရောက် လာတယ် ။ အဲ့ဒီ မသာ ရဲ့ နာမည် မောင်သံဟိတ် လို့ ခေါ်တယ် ။ အဲ့ဒီ မသာ ဟာ ငါ လဲ ကျင်းတူး ပြီး မြေမြှုပ်မယ် လုပ်ရော ။ အသက် ပြန် ပြီး ရှင် လာ တယ်ပေါ့ ။ အဲ့ဒါနဲ့ ငါ က သူ့ ကို မောင်သံဟိတ် နာမည် ကနေ “ မြိုင်ရာဇာ တာတေ ” လို့ နာမည် ပြောင်း ပေး လိုက်တယ် ။ ပြီးတော့ ဒီ ကောင် ကို လူသ,တ်မှု ကျူးလွန် တတ်အောင် ငါ သွေးထိုး ပေးလိုက်တာ ။ ဒီ ကောင် လဲ လူသ,တ်မှု ဖြစ်ပြီး ကြိုးစင် တက် သွား ရတယ် ။ ငါ လဲ ထောင်ကျ ရတယ် ။ ထောင် က လွတ် တော့လဲ ဒီလိုပဲ သူများ ကိစ္စတွေ မှာ ဝင် ပါ နေရင်း ကနေ အမှုတွေ ဆိုတာ မနည်းပါဘူးကွာ ။ နောက်ဆုံးတော့ တစ်သက် တစ်ကျွန်း ရောက်လာတယ် ဆိုပါတော့ ။ ထောင် ထဲ မှာ တော့ ထောင်သားတွေ က ကော ထောင်မှူး ၊ ထောင်ပိုင် နှင့် ထောင်ဆရာဝန် တွေ က ပါ ငါ့ ကို ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား လို့ ခေါ်ကြတယ်ကွ ။ မြန်မာပြည် မှာ ရှိတဲ့ ထောင်တွေ အားလုံး မှာ ပရော်ဖက်ဆာ ဆိုရင် ငါ့ ကို ခေါ်တယ်လို့ နားလည် ကြတယ် ”

ဟု ဦးဆိတ်ဖွား က ပြော လိုက်ရာ တိုင်းကျော် က

“ ဟုတ်တယ် ပရော်ဖက်ဆာ လို့ ပဲ ခေါ်မယ် ။ ဒါနဲ့ နေပါဦး ။ စောစောက မောင်သံဟိတ် ဆိုတဲ့ လူ အကြောင်း က စိတ်ဝင်စား စရာပဲ ပြောစမ်းပါဦး ” 

ဟု ဆိုလေ၏ ။

“ အလုပ် လုပ်ရင်း ပြောကြတာပေါ့ကွာ ”

ဟု ဆိုကာ ပရောဖက်ဆာ ဒေါက်တာဆိတ်ဖွား ခေါ်သည့် လူကြီး သည် တိုင်းကျော် အား ခေါ်၍ သစ် ခုတ်ရန် တော ထဲ သို့ သွား လေ၏ ။

ထို့နောက် သစ်ပင် ခုတ်ရင်း ဖြတ်ရင်း နှင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ခေါ် ဦးဆိတ်ဖွား က မောင်သံဟိတ် အကြောင်း ကို ပြောပြ လေ၏ ။

တိုင်းကျော် သည် စိတ်ဝင်စားစွာ နားထောင်ခဲ့ လေသည် ။

မှတ်ချက် ။  ။ မောင်သံဟိတ် ၏ အကြောင်း ကို ဆားပုလင်းနှင်းမောင် နှင့် မြိုင်ရာဇာတာတေ
စာအုပ် ၌ ကျွန်ုပ် ရေးသား ဖော်ပြခဲ့ပြီး ဖြစ် လေသည် ။ အသေးစိတ် ဖတ်ရှု လိုသူများ ထို စာအုပ် ကို ဖတ်ရှုကြ ပါ ကုန် ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

Wednesday, January 31, 2024

ဒရိုင်ဘာကြီး ထပြေးခြင်း


 

❝ ဒရိုင်ဘာကြီး ထပြေးခြင်း ❞

ဤသို့နှင့် ပင် မြို့ပိုင်ကလေး မောင်တိုင်းကျော် နှင့် မပန်းနု သည် ချစ်သူများ အဖြစ် သို့ ရောက်ရှိ သွားကြ လေတော့၏ ။ မောင်တိုင်းကျော် က လည်း မပန်းနု ကို ချစ်၏ ။ ပန်းနု က လည်း မောင်တိုင်းကျော် ကို မြတ်နိုး၏ ။ ၎င်းတို့ အချစ် သည် ခိုင်မြဲသည် ထက် ခိုင်မြဲ လာလေတော့၏ ။ ဟို သတ္တဝါ နှစ်ကောင် မှာ မူ မောင်တိုင်းကျော် နှင့် မပန်းနု တို့ ကို ကြည့်ကာ မနာလို မရှုဆိတ် ရှိကြ လေတော့၏ ။ ထို့ကြောင့် ၎င်းတို့ သည် ထမင်းဆိုင် ပြောင်း ၍ စားကြ လေတော့၏ ။ ထိုအခါ ထမင်းဆိုင်ရှင် အဒေါ်ကြီး က

“ သင်းတို့ က ဆိုင် ပြောင်းပြီး စားကြမှာ ပေါ့ ၊ ငါ့ ဆိုင် မှာ ထမင်း တကယ် စားချင်ကြတာ မှ မဟုတ်ဘဲ ၊ ပန်းနု ကို ပိုး ချင်လို့ စားနေကြတဲ့ ဟာ တွေ ၊ ပန်းနု လဲ တိုင်းကျော် နဲ့ ကြိုက်တယ် လဲ ဆိုရော သင်းတို့ လဲ ကု,လားဆိုင် ပြေးကြတော့တာပဲ ၊ ကု,လားဆိုင် က သူတို့ ကို ကျွေးမယ် ၊ ပဲဟင်း တစ်လှည့် ၊ ဘဲဥ တစ်လှည့် ကု,လားဆိုင် မှာ တော့ မြဲ မှာပါ ၊ အဲဒီ ဆိုင်မှာ က ပိုးစရာ ပန်းစရာ လဲ မရှိဘူး ၊ ပန်းဥ လဲ မရှိဘူး ”

ဟု ပြော လေတော့၏ ။ 

မောင်တိုင်းကျော် သည် တောနယ်များ သို့ ဆင်းသည့် အခါ တွင် ဆင်း၏ ။ မဆင်း သည့် အခါတွင် ထမင်းဆိုင် သို့ လာ၍ စား၏ ။ တစ်နေ့သ၌ ပန်းနု သည် ငါးဖယ်ငါးဆုပ်ဟင်း ချက်ရန် အတွက် ငါးဖယ်များ ကို ဆုံ ၌ ထည့် ၍ ထောင်းလေ၏ ။ ထိုအခါ၌ အဝေးပြေး ကုန်တင် မော်တော်ကားကြီး တစ်စီး သည် ဆိုင်ရှေ့ သို့ ရောက် လာပြီး ကားဒရိုင်ဘာ ဆင်း၍ လာ၏ ။ ထို့နောက် မျက်နှာ သစ်မည် ဟု ဆိုကာ ဆိုင် နောက်ဖေး သို့ သွားလေ၏ ။ ဆိုင် နောက်ဖေး သို့ ရောက် လျှင် ငါးဖယ်ငါးဆုပ် ထောင်း နေသော ပန်းနု အနီး သို့ ကပ်ကာ

“ ဟဲ့ ပန်းနု ၊ နင့် ကို ငါ ပြောထားတာ အဖြေ ပေးတော့လေ ”

ဟု မေးလေ၏ ။

“ နင့် ငါ့ ကို ယူမယ် မယူဘူး ဆိုတာလေ ”

ဟု ကားဒရိုင်ဘာ က မေး လေ၏ ။

“ ရှင့် ကို ဘယ်နှခါ ပြောရမလဲ ၊ ပြီးတော့ ရှင် နားလည် ထားဖို့ က ကျွန်မ ယောက်ကျ်ား ယူတော့မယ် ”

ဟု ပန်းနု က ပြောရာ ဒရိုင်ဘာ က

“ ဘယ် ဖြစ်မတုံး ၊ ငါ က နင့် ကို ချစ်နေတာပဲ ၊ နင် က ချစ်တယ် မချစ်ဘူး ဆိုတာ မစဉ်းစားနိုင်တော့ဘူး ”

ဟု ဆိုကာ ပန်းနု အား အတင်း သိုင်းဖက် လေတော့၏ ။ ပန်းနု က လည်း အတင်း ရုန်းကန် ၍ “ လွှတ်ပါ ၊ ရှင် ခွေး လို မလုပ်ပါနဲ့ ” ဟု ဆိုကာ အတင်း ရုန်း၏ ။ ဒရိုင်ဘာကြီး လည်းအတင်း ဖက်၏ ။ ထိုအချိန် ၌ မှာပင် မောင်တိုင်းကျော် သည် တော မှ ရောက်ရှိ လာပြီး ထမင်းဆိုင် အတွင်း သို့ ဝင် လေ၏ ။ ထို့နောက် ပန်းနု ကို တွေ့လို ဇောဖြင့် ဆိုင်နောက် သို့ သွား ရာ ပန်းနု နှင့် ဒရိုင်ဘာကြီး ထွေးလား လုံးလား ဖြစ်နေသည် ကို တွေ့ လျှင် ဒရိုင်ဘာ ၏ ပခုံး ကို ဆွဲ ၍ မျက်နှာ ကို လက်သီး ဖြင့် ထိုးချ လိုက်ရာ ဒရိုင်ဘာကြီး သည် နောက်သို့ လဲကျ သွား၏ ။ ထိုအခါ ပန်းနု က ဒရိုင်ဘာကြီး အား 

“ အဲ့ဒါပဲ ကျွန်မ ယူမယ့် ယောက်ျား ”

ဟု ပြော လိုက်လေတော့၏ ။ မောင်တိုင်းကျော် က လည်း

“ ဒီမှာ ကိုယ့် လူ ၊ မိန်းမလေး ကို ကာယိန္ဒြေ ပျက်မှုဟာ ထောင်ဒဏ် ရော ငွေဒဏ်ရော နှစ်ရပ် ကျခံ ရမယ် ၊ ပြီးတော့ ပိုင်နက် ကျူးလွန်မှု လဲ ဖြစ်ဦးမယ် ၊ အဲဒါက ထောင်ဒဏ် ၊ နောက် တစ်ခု က ကျုပ် ဟာ အစိုးရ တာဝန်ဝတ္တရား နဲ့ သွားလာ နေတာ ကျုပ် နဲ့ ရန် ဖြစ်ရင် ဝတ္တရား နှောင့်ယှက်မှု ပါ ဖြစ်ဦးမှာ ၊ ဒါနဲ့ မေးရဦးမယ် ၊ ကိုယ့် လူ ကျောက်ဆေး ထိုး ပြီးပြီလား ”

ဟု မေး လိုက်ရာ ဒရိုင်ဘာကြီး က

“ မထိုးရသေးပါဘူး ”

ဟု ယောင်ယမ်း ၍ ဖြေ လေ၏ ။

“ အေး အဲဒါက ဒဏ်ငွေ ၊ ဒါနဲ့ နေစမ်းပါဦး ၊ ကိုယ့် လူ က ဘာ အလုပ် လုပ်တာလဲ ”

ဟု တိုင်းကျော် က မေး လိုက်လေ၏ ။

“ လော်ရီကား မောင်းပါတယ် ”

ဟု ဒရိုင်ဘာကြီး က ပြန် ၍ ဖြေလေ၏ ။

“ အခု ဘာတွေ တင် လာ သတုံး ”

ဟု တိုင်းကျော် က မေး ပြန်၏ ။

“ မီးသွေးတွေ ပါ ဆရာ ”

ဟု ဒရိုင်ဘာကြီး က ပြန်၍ ပြော ပြန်၏ ။

“ အေး ၊ အဲဒါလဲ သစ်တောခွန် မဆောင်ရင် ငွေဒဏ် ရော ၊ ထောင်ဒဏ် ရော  ၊ ခံရသေးတယ် ကွ ၊ နောက်ပြီးတော့ မင်း အခု ကား ရပ်ထားတဲ့ နေရာ ဟာ ကား မရပ် ရတဲ့ နေရာ ကွ ၊ ဒါ လိုင်စင် သိမ်း ပစ် နိုင်တယ် ”

ဟု တိုင်းကျော် က ပြော လိုက်ရာ ဒရိုင်ဘာကြီး လည်း ထ၍ ပြေး လေတော့၏ ။ ထိုအခါ ပန်းနု က ရယ်မော ၍

“ ကိုတိုင်းကျော် ဥစ္စာ က လဲ ကြောက်စရာကြီး ပါ လား ၊ အမှုတွေ က လဲ တစ်ခု ပြီး တစ်ခု တိုး လာ တော့တာပဲ ”

ဟု ပြော လိုက်ရာ တိုင်းကျော် က

“ ဒါတောင် တစ်မှု ကျန်သေးတယ် ”

ဟု ပြောလေ၏ ။

“ ဘာ အမှုလဲ ကိုတိုင်းကျော် ”

ဟု ပန်းနု က မေးလေ၏ ။

“ ဘာ အမှု ရမလဲ မပန်းနု ရဲ့ ၊ မြို့ပိုင်မင်းကတော် ကို ယီးတီးယားတား လုပ်တဲ့ အမှု ပေါ့ ”

ဟု တိုင်းကျော် က ပြော လိုက်ရာ ပန်းနု က

“ ယူလဲ မယူသေးပဲနဲ့ ၊ ကတော်တွေ ဘာတွေ ဖြစ်လို့ပါလား ”

ဟု ပြော လေ၏ ။

“ ယူမယ် ပန်းနု ရေ ၊ ကိုတိုင်းကျော် ဒီ တစ်ခါ တော ဆင်းရမှာ ကြာ လိမ့်မယ် ၊ အဲဒီက ပြန် လာရင် မပန်းနု နဲ့ ယူဖို့ တစ်ခါတည်း စီစဉ်တော့မယ် ”

ဟု ပြော ဆိုကာ ပန်းနု ၏ ကိုယ်ကလေး ကို တစ်အား သိုင်း၍ ဖက် လိုက် လေတော့၏ ။

   •••••   •••••   •••••

❝ အသည်းနှလုံး ကို အရက် နှင့် စိမ်သူ ❞

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွား ပြီး သုံးလခန့် ကြာသော အခါ ၌ လွန်စွာ စုတ်နုတ်သော အဝတ်အစားများ ကို ဝတ် ထားပြီး လွန်စွာ မှ လည်း ညစ်ပတ်ပေလှသော လူ တစ်ယောက် သည် ကု,လားထမင်းဆိုင် တွင်း သို့ ဝင်၍ လာကာ ထမင်း မှာ လေ၏ ။

ကု,လားများ က လည်း ထမင်းဟင်းများ တည်ခင်း ပေးလေ၏ ။ ထို သူ သည် ဟင်းပန်းကန်အတွင်း မှ ဟင်းရည် ကို ဇွန်း ဖြင့် ခပ် ၍ သောက်ကြည့် လိုက်ပြီး နောက်

“ ထပ်တရီး ၊ မကောင်းဘူး ၊ သိပ်ကို မကောင်းတဲ့ ဟင်း ပဲ ဟေ့ကောင်တွေ မင်းတို့ ဆိုင် မှာ လာပြီး စားတာ စားချင်လို့ စားတယ် အောက်မေ့လို့ လား ၊ မဟုတ်ဘူးဟေ့ ပန်းနု က ငါ့ ကို မချစ်လို့ အသည်းနှလုံးတွေ ပျက်ကျေပြုန်းပြီး လာ စားရတာကွ ငါ့ အသည်းနှလုံးတွေ လဲ အရက် နဲ့ စိမ်ရတာ ဘာလိုလို နဲ့ ရက်ပေါင်း ကိုးဆယ် ရှိခဲ့ပါပြီ ကွာ အခုလဲ စိမ်ရဦးမယ်လေ ဟေ့ ”

ဟု ဆိုကာ ခါးကြား တွင် ထိုး လာသော အရက်ပုလင်း ကို ထုတ် ၍ မော့ လေတော့၏ ။ ထိုသူ ၏ အဖြစ်အပျက် ကို ဆိုင်တွင်း ရှိ အခြားသော သူ နှစ်ယောက် က ကြည့်ရှု နေလေ၏ ။ ထိုသို့ ကြည့်ရှု နေရင်း တစ်ယောက် သော သူ က

“ အချက်ပဲ ကွ ”

ဟု အော်သကဲ့ သို့ ကျန်သောသူ က လည်း

“ တို့ ဘက်သား တစ်ယောက် တိုး လာပြီဟေ့ ”

ဟု အော်လေ၏ ။ ထို သူ နှစ်ယောက် မှာ ကျောင်းဆရာ ကျော်ဝင်း နှင့် စာရေးကြီး မောင်ပြည့် တို့ ဖြစ်ကြောင်း ကို ဖော်ပြရန် လိုမည် မဟုတ်တော့ပါ ။ အရက် မူး ၍ ပန်းနု အတွက် အသည်းနှလုံး ကို အရက် နှင့် စိမ် ထားသူ ဆိုသူ မှာ လည်း အဝေးပြေးကား ကို မောင်းသည့် ဒရိုင်ဘာ ဖြစ်ကြောင်း ကို ရိပ်စား မိလောက်ပေပြီ ။ 

ကျော်ဝင်း နှင့် မောင်ပြည့် တို့ သည် ဒရိုင်ဘာကြီး ၏ စားပွဲ ဆီ သို့ နေရာ ရွှေ့၍ လာခဲ့ ကြသည် ။ ထိုအခါ ဒရိုင်ဘာကြီး က

“ နေစမ်းပါဦး ၊ ကိုယ့် လူ တို့က ဘာဖြစ်လို့ ကျုပ် စားပွဲ ကို ရွှေ့လာကြတာတုံး ၊ မိုက် လို့ ရွှေ့ တာလား ထွီ ”

ဟု ပြော လိုက်လေ၏ ။

“ မဟုတ်ပါဘူး မိတ်ဆွေ ရယ် ၊ ကျုပ်တို့ နဲ့ ခင်ဗျား ဟာ ကံတူ အကျိုးပေး တွေပါ ဗျာ ၊ ကျုပ်တို့ လဲ ပန်းနု နှိပ်စက်လို့ ဒီဆိုင် ကို ပြောင်းခဲ့ကြရတာ ၊ ပန်းနု နှိပ်စက်တယ် ဆိုပေမယ့် ပန်းနု က ဒီလောက် မဟုတ်ဘူး ၊ ပန်းနု နဲ့ ဖြစ်နေတဲ့ မြို့ပိုင် တိုင်းကျော် ဆိုတဲ့ ကောင် က ဒုက္ခ ပေးလို့ပါ ”

ဟု ကျော်ဝင်း က ပြော လျှင် အရက်မူးသမား ဒရိုင်ဘာကြီး က

“ မြို့ပိုင် မြို့ပိုင် ၊ ဟုတ်ပြီ ဟုတ်ပြီ ။ ကျုပ် ကို လဲ ကာယိန္ဒြေပျက်မှု တဲ့ ၊ ပိုင်နက်ကျူးလွန်မှု တဲ့ ၊ ကျောက်ဆေး မထိုးတဲ့ အမှု တဲ့ ၊ ဝတ္တရားနှောင့်ယှက်မှု တဲ့ ၊ သစ်တောခွန် မဆောင်တဲ့ အမှု တဲ့ ၊ ကား မရပ်ရတဲ့ နေရာ ကားရပ်တဲ့ အမှု တဲ့ ၊ အမှု ကို စုံနေတာပဲ ဗျာ ၊ အဲဒီ အမှု အတိုင်းသာ ကျုပ် ထောင်ကျ ရင်တော့ တစ်သက်တစ်ကျွန်း တောင် ရောက်လိမ့်မယ် ထင်တယ် ထွီ ”

ဟု ပြော လိုက်လေ၏ ။

“ အဲဒီတော့ ဒီလို လုပ်မယ်ဗျာ ၊ ကျုပ်တို့ သုံးယောက် ပေါင်းပြီး ကြံမယ် ”

ဟု မောင်ပြည့် က ပြော လိုက်ရာ အမူးသမားကြီး က 

“ ပန်းနု ကို ကြံမယ် ပြောတာလား ၊ မလုပ်နဲ့ ထွီ ”

ဟု ပြင်းပြင်းထန်ထန် ကန့်ကွက် လိုက်လေ၏ ။

“ မဟုတ်ပါဘူး ကိုယ့် လူ ရဲ့ ၊ ဟို မြို့ပိုင်စုတ် ကို ပြော တာပါ ”

ဟု မောင်ပြည့် က ပြန်၍ ပြော လိုက်လေ၏ ။

“ မြို့ပိုင် ကို ဘယ်လို ကြံမှာတုံး ၊ ချောင်း ပြီး ရိုက်မှာလား ၊ သ,တ်ပစ်မှာလား ၊ အဲဒါလဲ မလုပ်နဲ့ ၊ ကျုပ် သဘော မတူဘူး ထွီ ”

ဟု အမူးသမားကြီး က ပြော လိုက်လေ၏ ။

“ မဟုတ်ပါဘူး ကိုယ့်လူ ရာ ၊ သေသေချာချာ နားထောင်စမ်းပါဦး ”

ဟု ဆိုကာ မောင်ကျော်ဝင်း သည် အမူးသမားကြီး ၏ နား အနီး သို့ ကပ် ၍ တိုးတိုး ပြော၏ ။ ထိုအခါ အမူးသမားကြီး က

“ ထွီ ဘာ ပြောမှန်းလဲ မသိဘူး ၊ ခြင် အကောင် တစ်ရာ ပျံ သလိုပဲ ၊ တဝီဝီ နဲ့ နား ယားတယ် ”

ဟု ပြော လိုက်ရာ ကျော်ဝင်း လည်း နောက်သို့ ပြန်၍ ဆုတ်ရ လေတော့၏ ။

ထိုအခါ မောင်ပြည့် က

“ ဒီမှာ ကိုယ့် လူ ပန်းနု ကို ယူချင်သလား ၊ မယူချင်ဘူးလား ၊ ဒါပဲပြော ”

ဟု မေး လိုက်လေ၏ ။

“ ယူချင်တာပေါ့ ငါ့ လူ ရဲ့ ၊ ရမှ မရတဲ့ ဥစ္စာ ”

ဟု အမူးသမားကြီး က ပြောလေ၏ ။

“ ယူချင် ရင် မြို့ပိုင် နဲ့ ပန်းနု နဲ့ မယူဖြစ်ဘဲ ကွဲအောင် လုပ်မယ် ၊ သူတို့ နှစ်ယောက် ကွဲရင် ခင်ဗျား နဲ့ ညား နိုင်တယ် ၊ ကွဲအောင် လုပ်တဲ့နည်း ကျုပ်တို့ မှာ ရှိတယ် ၊ ဒါပဲ မနက်ဖြန် ဒီနေရာ ကို အရက် မသောက် ဘဲ လာခဲ့ ”

ဟု မောင်ပြည့် က ပြော လိုက်ရာ အရက်မူးသမားကြီး က

“ တကယ်လား ဆရာ ပန်းနု ကို ကျုပ် က တကယ်ပဲ ရ မှာလား ”

ဟု မေးလေ၏ ။

“ တကယ် ရမှာ တကယ် ရမှာ ၊ ကျုပ် ပြောတဲ့ အတိုင်း သာ လုပ် ၊ တကယ့် ကို ရမှာ ”

ဟု ပြော လိုက်ရာ အရက်မူးသမားကြီး သည် မြေ ပေါ် ၌ ထိုင်ချ ကာ

“ ကျေးဇူးရှင်ကြီး တို့ ရယ် ၊ ကျုပ် ပန်းနု ကို တကယ် ရမယ် ဆိုရင်တော့ ခင်ဗျား တို့ ကျေးဇူးကို တကယ် မမေ့ပါဘူးဗျာ ”

ဟု ဆိုကာ အဆက်မပြတ် ရှိခိုး လေတော့ သတည်း ။

   •••••   •••••   •••••

❝ တိုင်းကျော် ၏ ကြမ္မာဆိုး ❞

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး များ မကြာမီ ကျောင်းဆရာ ကျော်ဝင်း သည် ကျောင်းပိတ်ရက် နှင့် ကြုံ သဖြင့် မန္တလေး သို့ အပျော်ခရီး ထွက်သွား လေ၏ ။

များ မကြာမီ၌ ပင် မန္တလေး သို့ အလည် လိုက်ခဲ့ စေလိုကြောင်း ၊ မိမိ အနေ ဖြင့် မေမြို့သို့ လည်ပတ်မည် ဖြစ်၍ အဖော် ခေါ် ရကြောင်း သံကြိုးစာ တစ်စောင် ကို ပို့လိုက် လေ၏ ။

ထိုအခါ မောင်တိုင်းကျော် သည် ဆိုင် အတွင်း သို့ ဘေး မလွယ်ပေါက် မှ ဝင်ခဲ့ လေ၏ ။ ထိုအခါ ဆိုင်ရှင် အဒေါ်ကြီး က

“ မောင်တိုင်းကျော် လား ဟေ့ ဟင်းတော့ ကုန်ပြီကွယ် ၊ ရှိတာလေး နဲ့ ခူးခပ် စား ပေတော့ ၊ မင်း ညီမ မပန်းနု လဲ မရှိဘူးကွယ့် ၊ ဒီနေ့ နေ့ခင်း ကပဲ တော ကို ကြွေးလေး မှီလေးတောင်းဖို့ လွှတ်လိုက်တယ် ”

ဟု ဆိုသဖြင့် မောင်တိုင်းကျော် လည်း မိမိ ဘာသာ  ခူးခပ် စား ရ လေတော့၏ ။

“ အဒေါ်  ဒီနေ့ ဟင်း မချက်ဘူးလား ”

ဟု မောင်တိုင်းကျော် က ထမင်း စားရင်း မေး လိုက်လေ၏ ။

“ မနက်ဖြန် ရောင်းဖို့ အတွက်တော့ မချက်တော့ပါဘူးကွ ယ် ၊ အဒေါ် လဲ နေ မကောင်းဘူး ၊ ပန်းနု လဲ မရှိဘူး မဟုတ်လား ၊ သုံးလေးရက် တော့ ဆိုင် ပိတ်ထား ရမယ်ကွယ့် ၊ တောဆင်း ပြီး အကြွေး တောင်းရတယ် ဆိုတာ မလွယ်ဘူး ၊ စောင့်ပြီး တောင်း ရတယ် ၊ သုံးလေးရက် တော့ ကြာ လိမ့်မယ် ”

ဟု အဒေါ်ကြီး က ပြော လိုက်လေ၏ ။

ထိုအခါ မောင်တိုင်းကျော် က

“ ထမင်း ချက်ဖို့ လူ မရှိရင် ကျွန်တော် လာပြီး ကူ ချက်ပေးပါ့မယ် ၊ ဆိုင် ကို ဘာဖြစ်လို့ ပိတ်မတုံး ”

ဟု ပြော လိုက်လေ၏ ။

“ ထမင်း ချက်တာ က အရေး မကြီးပါဘူးကွယ် ၊ အဖော် မရှိဘဲ အဒေါ် တစ်ယောက် တည်း ဈေး မရောင်းဝံ့ဘူး ၊ ခေတ်ကာလ က လဲ မကောင်းဘူး ကွယ့် ၊ အဒေါ် တို့ ကလဲ ကျစ်ကျစ်လျစ်လျစ် နေတတ် မှန်း ၊ စားတတ် မှန်း သိတော့ အတွင်း ပစ္စည်းကလေး ဘာလေး ရှိတယ် ဆိုတာ တချို့က ရိပ်မိတယ် ကွယ့် ၊ ဘာပဲ ဖြစ်ဖြစ် ပန်းနု လာ မှပဲ ဖွင့်ပါတော့မယ် ကွယ် ”

ဟု အဒေါ်ကြီး က ပြော လိုက်လေ၏ ။

ထိုအခါ မောင်တိုင်းကျော် လည်း ထမင်း စားသောက် ပြီးပြီ ဖြစ်၍ ပန်းကန် ခွက်ယောက်များကို ကိုယ်တိုင် ဆေးကြော နေလေ၏ ။

ထိုသို့ ဆေးကြောပြီး နောက် တံမြက်စည်း လှဲမည် ဟု တံမြက်စည်း ရှိရာ သို့ သွားရာ လမ်း တွင် ခလုတ်တိုက် မိ သဖြင့် ၎င်း ၏ ဖိနပ်သဲကြိုး သည် ပြတ် ၍ သွားလေတော့၏ ။

ထို့ကြောင့် မောင်တိုင်းကျော် က “ ဒုက္ခပါပဲဗျာ ” ဟု ညည်းညူ လိုက်ရာ ထမင်းဆိုင် အဒေါ်ကြီး က “ ဘာဖြစ်လို့လဲ မောင်တိုင်းကျော် ” ဟု အိပ်ရာ အတွင်း မှ လှမ်း၍ မေး လိုက်လေ၏ ။ “ ဖိနပ် ပြတ်သွားလို့ပါ အဒေါ် ရယ် ” ဟု မောင်တိုင်းကျော် က ပြန်၍ ပြောလိုက် လေ၏ ။

ထိုအခါ ထမင်းဆိုင်ရှင် အဒေါ်ကြီး က

“ ဖိနပ် ပြတ်သွားလဲ ခုံဖိနပ် တစ်ရံ ရှိပါတယ် ၊ အဲဒါ စီး သွားပေါ့ ၊ မနက် ကျတော့ ကိုမောင်ကြီးဆိုင် က ဖိနပ်တစ်ရံ ဝယ် စီးလိုက်ပေါ့ ”

ဟု ဆိုသဖြင့် မောင်တိုင်းကျော် လည်း ၎င်း ၏ သားရေဖိနပ် ကို ထားခဲ့ပြီး နောက် ထမင်းဆိုင် မှ ခုံဖိနပ် ကို စီး ကာ ပြန်ခဲ့ လေတော့၏ ။

လမ်း တွင် ဒရဝမ်ကု,လား နှင့် တွေ့၏ ။ ဒရဝမ်ကုလား က “ ပရာဆပ် ဘယ် က ပြန်လာတာလဲ ” ဟု မေးလေ၏ ။

မောင်တိုင်းကျော် က

“ ငါ ထမင်းဆိုင် က ပြန်လာခဲ့တာ ၊ ဒါနဲ့ နေစမ်းပါဦး မင်း ကျောက်ဆေး ထိုး ပြီးပြီလား ”

ဟု မေး လိုက်ရာ ဒရဝမ် က

“ မထိုးရသေးဘူး ဆပ် ”

ဟု ရိုသေစွာ ပြန်၍ ဖြေ လေ၏ ။

“ မနက်ဖြန် ကျရင် မြန်မြန် ထိုး လိုက် ၊ နို့မို့ရင် မင်း ကို ဒဏ်ငွေ ချရလိမ့်မယ် ”

ဟု မောင်တိုင်းကျော် က ပြောရာ ဒရဝမ်ကု,လား က

“ စိတ်ချပါ ဆပ် ၊ နက်ဖြန်ခါ ကျောက်ထိုးဆရာကြီး ဦးလှထွန်း ဆီ မှာ ထိုးပါ့မယ် ”

ဟု ကတိ ပေး ပြီးလျှင် ဆယ်နာရီ ထိုးနေပြီ ဖြစ် သဖြင့် နာရီသံချောင်း ကို ဆယ်ချက် တိတိ ခေါက် လိုက် လေတော့၏ ။

“ ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ”

ထို သံချောင်းသံ ကား မောင်တိုင်းကျော် ၏ ဘဝ ဇာတ်လမ်း တွင် အခန်း တစ်ခန်း ပြောင်းရန် အတွက် လိုက်ကာ ချ၍ အချက်ပေး လိုက်သော သံချောင်းသံ ဟု ဆိုနိုင်ပေ၏ ။ အဘယ်ကြောင့် ဆိုသော် ညစဉ် ညတိုင်း ထမင်း လာ၍ စား နေရသော ပန်းနု တို့ တူဝရီး ရောင်းချသည့် ထမင်းဆိုင်ကလေး သို့ မြို့ပိုင်လေး မောင်တိုင်းကျော် သည် နောက်ထပ် ထို ဆိုင်ကလေး သို့ လာရန် အကြောင်း မရှိတော့ သောကြောင့် ဖြစ်ပေ၏ ။

ထို သံချောင်းသံ သည် မောင်တိုင်းကျော် နှင့် ထမင်းဆိုင်ကလေး ကို ကတ္တား ချလိုက် သကဲ့သို့ပင် ရှိ လေ၏ ။ မောင်တိုင်းကျော် သည် ၎င်း အိမ် သို့ ရောက် လျှင် မိမိ တာဝန်ကျသော အမှုတွဲများ ကို ဖတ်၏ ။ မှတ်တမ်းများ ကို ရေးသား၏ ။ ဆယ့်နှစ်နာရီ ကျော် မှ ပင် အိပ်စက်ခဲ့ လေ၏ ။ နောက် တစ်နေ့ နံနက် တွင် ပိတ်ရက် ဖြစ်သောကြောင့် နေ မြင့် အောင် အိပ်စက်မည် ဟု ဆုံးဖြတ် ကာ မောင်တိုင်းကျော် လည်း နံနက် ရှစ်နာရီ ထိုးသည် အထိ အိပ်စက် နေလေတော့၏ ။

ထိုအချိန် လောက် မှာ ပင် အိမ်တံခါး ကို လာ၍ ခေါက်သံ နှင့် “ မြို့ပိုင်ကလေး ၊ မြို့ပိုင်ကလေး ထပါဦး ” ဟု အော်ဟစ် ခေါ်သံများ ကို လည်း ကြားရ သဖြင့် မောင်တိုင်းကျော် သည် အိပ်ရာ မှ ကပျာကယာ ထ ၍ တံခါး ကို ဖွင့်ပေး လိုက်ရာ ပုလိပ် အချို့ နှင့် ဌာနာအုပ်ကြီး ကို တွေ့ရလေ တော့၏ ။

“ ဘာ ကိစ္စလဲ ဌာနာအုပ်ကြီး ”

ဟု မောင်တိုင်းကျော် က မေး လိုက်လေ၏ ။

“ ဘာကိစ္စ ဆိုတာ ကျုပ်တို့ ထက် ခင်ဗျား က ပိုပြီး သိပါတယ် ၊ ဂါတ် ကျတော့ ရှင်းပြရတာပေါ့ ၊ ဟေ့ လက်ထိတ် ခတ်လိုက် ”

ဟု ဆို ကာ ဌာနာအုပ်ကြီး သည် မောင်တိုင်းကျော် အား လက်ထိတ် ခတ်ရန် ပုလိပ် တစ်ဦး ကို အမိန့် ပေး လိုက်လေတော့၏ ။

ပုလိပ် တစ်ဦး သည် မောင်တိုင်းကျော် ၏ လက် ကို “ ချောက် ” ခနဲ လက်ထိတ် ခတ် လိုက် လေတော့၏ ။

ထို့နောက် ဂါတ်သို့ ခေါ်သွား ကြ လေတော့၏ ။ ဂါတ် သို့ ရောက် လျှင် ည က မောင်တိုင်းကျော် နှင့် စကား ပြော ခဲ့သော ဒရဝမ်ကု,လား ကို တွေ့ရလေ၏ ။ ထို့နောက် ယမန် နေ့ ည က ပြတ် သွားသော ၎င်း ၏ သားရေဖိနပ် အပြတ် တစ်ရံ ကို လည်း ဌာနာအုပ်ကြီး စားပွဲ ပေါ် ၌ ထူးဆန်းစွာ တွေ့ရလေ၏ ။

“ ဘယ်လို ဖြစ်တာလဲ ဌာနာအုပ်ကြီး ရယ် ”

ဟု မောင်တိုင်းကျော် က မျက်စိပျက် မျက်နှာပျက် နှင့် မေး လိုက်လေ၏ ။

ထိုအခါ ဌာနာအုပ်ကြီး က

“ ဒီ အမူအရာတွေ က ရိုး နေပါပြီ ကိုတိုင်းကျော် ရယ် ဒါတွေက မင်းသား ကိုဘတင့်ကြီး လုပ်တဲ့ အမူအရာမျိုး တွေ ပါ ။ ခင်ဗျား ည က ဟို ထမင်းဆိုင် မှာ ထမင်း သွား စားတယ် ။ ပြီးတော့ ထမင်းဆိုင် က အဒေါ်ကြီး ကို သ,တ်ပြီး ပစ္စည်းတွေ ယူ သွားတယ် ။အဲ့ဒီ ထမင်းဆိုင် က ည အချိန်မတော်ကြီး ခင်ဗျားပြန်ထွက် လာတာကို ဟော့ဟို ဒရဝမ်ကု,လား က တွေ့တယ် ။ ခင်ဗျား ဘာ ငြင်းဦးမလဲ ၊ ငြင်းချင် ရင် ဒီမှာ မငြင်းနဲ့ ၊ စက်ရှင်တရားသူကြီး ရှေ့ ကျမှ ငြင်းပေတော့ ”

ဟု ဆိုကာ မောင်တိုင်းကျော် အား အချုပ်ခန့် အတွင်း သို့ သွင်း လိုက်လေတော့၏ ။

မောင်တိုင်းကျော် ၏ အမှုသည် တစ်မြို့လုံး အုတ်အော်သောင်းတင်း ဖြစ် သွားလေ၏ ။ သတင်းစာ ထဲ ၌ ထို သတင်း ပါလာသော အခါ၌ မူ တစ်တိုင်းပြည်လုံး သို့ ကြေငြာ လိုက် သကဲ့သို့ ရှိ လေ၏ ။

အဖြစ်မှန် မှာ မန္တလေး သို့ ရောက် နေသော ကျောင်းဆရာ ကျော်ဝင်း သည် နံနက် စောစော ရထား ဖြင့် လိုက်ပါ လာပြီး လျှင် ထို ည က တိုင်းကျော် အပြန် တွင် မျက်နှာဖုံး စွပ် ကာ ထမင်းဆိုင် သို့ ဝင်လေ၏ ။

ထမင်းဆိုင် အဒေါ်ကြီး ထံ မှ အတွင်းပစ္စည်းများ ကို ဓားထောက် ၍ တောင်း လေ၏ ။ အဒေါ်ကြီး က မျက်နှာဖုံး ကို လက်ဖြင့် ဆွဲ၍ ချွတ် လိုက်ရာ ကျော်ဝင်း ၏ မျက်နှာကြီး သည် “ ဘွား ” ခနဲ ပေါ် လာလေ၏ ။

ထိုအခါ အဒေါ်ကြီး က

“ ခွေးမျိုး အကြံ ပက်စက်တဲ့ ခွေးမျိုး ”

ဟု ဆဲ လေတော့၏ ။

“ ဪ ခင်ဗျားက ကျုပ် မှန်း သိသွားပြီ ကိုး ၊ ခင်ဗျား ကို အရှင် ထားလို့ မဖြစ်ပေဘူး ”

ဟု ပြောဆို ကာ ကျော်ဝင်း လည်း အဒေါ်ကြီး ၏ ရင်ဝ ကို ဓား ဖြင့် အဆက်မပြတ် ထိုးလေတော့၏ ။

အဒေါ်ကြီး လည်း အော်မျှ ပင် မအော်နိုင်တော့ဘဲ အသက် ဆုံးရှုံးရ လေတော့၏ ။ ကျော်ဝင်း လည်း ပစ္စည်းများ ကို ယူကာ ပြေး လေ၏ ။

၎င်း ပြေးသော နေရာ က အခြား နေရာ မဟုတ် ။ လော်ရီကားကြီး တစ်စီး ဆီ သို့ ဖြစ်၏ ။ လော်ရီကားကြီး ပေါ် ၌ ကား ပန်းနု ကို တစ်ဖက်သတ် ကြိုက် နေသော မော်တော်ကား ဒရိုင်ဘာကြီး သည် ကျော်ဝင်း ကို စောင့်မျှော် နေလေ၏ ။

ကျော်ဝင်း ကား ပေါ် သို့ ရောက်သည် နှင့် တစ်ပြိုင်နက်တည်း ဒရိုင်ဘာကြီး လည်း ကား ကို မန္တလေး ဘက် သို့ ဦးတည်၍ မောင်းနှင် လေတော့၏ ။

“ ဘယ်လိုလဲ နေရာ ကျခဲ့ရဲ့လား ”

ဟု ဒရိုင်ဘာကြီး က မေးလေ၏ ။

“ နေရာ ကျပါတယ်ဗျာ ၊ အဒေါ်ကြီး တော့ ကျုပ် လက်ချက် နဲ့ သေရှာပြီ ”

ဟု ပြောရာ ဒရိုင်ဘာကြီး က

“ ဘာဖြစ်လို့ သ,တ်ပစ်ရတာတုံး ၊ ပန်းနု ကို မရရင် နေပါစေဗျာ ။ ဟိုလူသ,တ် ဒီလူသ,တ် တော့ မလုပ်ပါနဲ့ ”

ဟု ပြော လေ၏ ။

ထိုအခါ ကျော်ဝင်း လည်း တစ်စုံတစ်ရာ ပြန်လည် ပြောဆိုခြင်း မရှိဘဲ ငြိမ်၍ သာ လိုက်ခဲ့လေ၏ ။

နံနက် မိုး လင်းခါနီး တွင် ထို လော်ရီကားကြီး သည် သာစည် သို့ ရောက်လေ၏ ။ ထိုအခါ ကျော်ဝင်း သည် ဒရိုင်ဘာကြီး အား 

“ ခင်ဗျား ရှမ်းပြည်နယ် ကို ဆက် သွားမှာ မဟုတ်လား ၊ ကျုပ် မလိုက်တော့ဘူး ။ ကျုပ် က မန္တလေး ကို သွားမှာ ၊ နောက်မှ အေးအေးဆေးဆေး တွေ့ကြသေးတာပေါ့ ။ ခင်ဗျား နဲ့ ပန်းနု ကိစ္စလဲ စိတ်အေးအေး ထားပါ ၊ ရ ကို ရ ပါစေမယ် ၊ နေ နေဦး ရှမ်းပြည်နယ် ဘက် မှာ သိပ်ပြီး ချမ်းတာ ၊ အရက် တစ်လုံး လက်ဆောင် ပေးလိုက် ဦးမယ် ”

ဟု ဆိုကာ ကျော်ဝင်း သည် အရက်ဆိုင် တစ်ဆိုင် သို့ ဝင် ကာ အရက် တစ်လုံး ဝယ် ၍ ဒရိုင်ဘာကြီး အား လက်ဆောင် ပေး လိုက် လေတော့၏ ။

၎င်း က မူ သာစည် လော်ကယ် ဖြင့် မန္တလေး သို့ စီးနင်း လိုက်ပါကာ ဣန္ဒြေ မပျက် နေထိုင်လိုက် လေတော့၏ ။ ဒရိုင်ဘာ လည်း ကား ကို ဆက်လက်၍ မောင်းနှင် သွား ကာ ရှမ်းပြည်နယ် နယ်စပ် သို့ ရောက် လျှင် စတင်၍ အအေးဒဏ် ကို ခံရ လေတော့၏ ။

အောင်ပန်း သို့ ရောက်ခါနီး ၌ မူ အအေးဒဏ် ကို ဆက်လက် ၍ မခံနိုင်တော့ သဖြင့် ကျော်ဝင်း ဝယ်ပေး သော အရက်ပုလင်း ကို ကား မောင်းရင်း မော့ လေ တော့၏ ။ ထိုသို့ မော့ လိုက်ပြီး တစ်ခဏ ၌ ပင် ၎င်း ၏ မျက်လုံးများ သည် ပြာဝေ ၍ အကြောများ လည်း ဆွဲ လာ ကာ စတီယာတိုင် ကို မထိန်းနိုင် တော့ ဘဲ ချောက် ထဲ သို့ ကျသွား လေ တော့၏ ။

အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း ဆိုမူ မောင်ကျော်ဝင်း သည် ဒရိုင်ဘာကြီး အား အရက်ပုလင်း လက်ဆောင် ပေးရာ ၌ အရက် ထဲ တွင် အဆိပ်များ ခတ်ခဲ့သော ကြောင့် ဖြစ်ပေ၏ ။

မောင်တိုင်းကျော် ၏ အမှု ကို မူ မကြာခဏ ရုံး တင်၍ စစ်လေ၏ ။ ကျော်ဝင်း လည်း မန္တလေး မှ ပြန် လာကာ အချုပ် အတွင်း မှ မောင်တိုင်းကျော် အား သွားရောက် ၍ တွေ့ဆုံ လေ၏ ။

“ ဖြစ်မှ ဖြစ်ရလေ သူငယ်ချင်း ရယ် ၊ ငါ့ မှာ တော့ တစ်နေ့ မင်း လိုက်လာနိုး နဲ့ မန္တလေး မှာ စောင့်လိုက်ရတာ ကွာ ၊ ငါ့ ဆီ ကို မင်း လိုက်လာရင် ဒီလို ဖြစ်မှာမဟုတ်ဘူး ”

ဟု ပြော လေ၏ ။

ဤသို့နှင့် ပင် မောင်တိုင်းကျော် ၏ အမှု ကို အကြိမ်ကြိမ် စစ်ဆေး ပြီး နောက် စက်ရှင်တရားသူကြီး က လူသ,တ်မှု တို့ မည်သည် သေစားသေရန် အမိန့် ချ အပ်ပေသည် ။

သို့ရာတွင် ယခု အမှု၌ ကား တရားခံ တိုင်းကျော် သ,တ်သည် ဟု ထွက်ဆိုမည့် မျက်မြင်သက်သေ မရှိ ၊ ထို့ကြောင့် သံသယ ဖြစ်ဖွယ် ရှိသည် ။ တရားဥပဒေ ၏ ထုံးစံအတိုင်း သံသယ၏ အကျိုး ကို တရားခံ တိုင်းကျော် ခံစားခွင့် ရှိပေသည် ။ ထို့ကြောင့် တိုင်းကျော် အား သေစားသေစေ အပြစ်ဒဏ် ပေးရမည့် အစား ၊ တစ်သက်တစ်ကျွန်း ကျခံရန် အမိန့် ချမှတ် လိုက်သည်ဟု ဆုံးဖြတ် လိုက် လေတော့၏ ။

မောင်တိုင်းကျော် သည် တစ်သက်တစ်ကျွန်း သို့ မရောက်မီ ရန်ကုန်ထောင် ၌ ပင် တစ်နှစ်ကျော်ကျော် ခန့် နေရပေပြီ ။ ထိုနောက်တွင် ကား “ ဖော်ကျွန်း ” အမည်ရှိ ပင်လယ်ကူး သင်္ဘောကြီး ဖြင့် ၎င်း အား တစ်သက်တစ်ကျွန်း သို့ လိုက်ပါရသည့် နေ့ တွင် ပန်းနု နှင့် ကျော်ဝင်း တို့ ၏ မင်္ဂလာဆောင် သော နေ့ကြီး လည်း ဖြစ်ပေ၏ ။ ထိုနေ့၌ ကျော်ဝင်း သည် ကျောင်းအုပ်ကြီး ရာထူး ကို လည်း တိုးမြှင့် ရရှိ လေတော့၏ ။

အမှန်တကယ် လူသ,တ်မှု ကို ကျူးလွန်ခဲ့သော ကျော်ဝင်း သည် ၎င်း အလို ရှိသော မိန်းမချောမိန်းမလှကလေး ပန်းနု ကို လည်း ရ၏ ။ ရာထူး လည်း တက်ရ၏ ။ မည်သည့် ပြစ်မှု ကို မှ မကျူးလွန် ခဲ့ သော မောင်တိုင်းကျော် မှာ မူ ချစ်သူ ပန်းနု ကိုလည်း ဆုံးရှုံး ခံရ၏ ။ တစ်သက်တစ်ကျွန်း သို့ လည်း အပို့ ခံရ၏ ။ ကံတရား ဟူသည် ဆန်းကြယ်ပေစွ တကား ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.