❝ သမင်လိုက်ခြင်း ❞
ကျွန်တော် လိုက်တဲ့ အငြိမ့်မှာ အမယ်စုံတယ်ဗျ ။ အငြိမ့်ခန်း ၊ အော်ပရာ ၊ နှစ်ပါးသွား ၊ ပြဇာတ် ။ အချိန်ရရင် နောက်ပိုင်းတောင် ကလိုက်သေးတယ် ။
အဲဒီတုန်းက ဖိုး ' က ' ချင် လေ ။
ဘယ်နေရာ ၊ ဘာဝင်လုပ်ပေးရမလဲ ၊ ဆုမတောင်းကောင်း တာတွေတောင် ဆုတောင်းတယ် ။
လူရွှင်တော်အစ ယိမ်းသမ အဆုံး ၊ ဆိုင်းအဖွဲ့ကလွဲရင် တစ်ယောက် မဟုတ် ၊ တစ်ယောက်ယောက် ကျန်းမာရေးချို့ယွင်းပါစေလို့ ...
အဲဒီလို တစ်ယောက်ယောက် နေထိုင်မကောင်းမှ သူတို့အစား ကျွန်တော် ဝင်ကရမှာ ။
အဲ .. မိတ်ကပ် မလိမ်းခင်တော့ ကျွန်တော့်ကို ဘာမှ ခိုင်း မရဘူး ။
မိတ်ကပ် လိမ်းပြီးသွားပြီ ဆိုရင် ဘာခိုင်းခိုင်း ကြိုက်တာခိုင်း ။
အကုန် လုပ်ပေးတယ် ။
ပွဲဈေးတန်းမှာ အကြော်ဝယ်ခိုင်းမလား ..
ရေနွေးသွား တောင်းပေးရမလား ...
ကွမ်းယာ ဝယ်ပေးရမလား ...
မိတ်ကပ်အဖွေး သားနဲ့ ဟိုလူက ကြည့် ၊ ဒီလူကကြည့် နဲ့ အကြည့် ခံချင်တာကိုး ... ။
အခေါက်ရေ ဆယ်ခေါက် သွားရ ... သွားရ မငြိုငြင်ဘူး ။
တစ်ခါကလည်း ပြဇာတ်ကခါနီး သူပုန်အဝတ်အစားကြီး ဝတ်ပြီး ၊ ပွဲဈေးမှာ ဈေးသွားဝယ်တော့ နယ်မြေ ရဲကင်းက တကယ့် သူပုန် မှတ်ပြီး ၊ ဝိုင်းဖမ်းလို့ အချုပ်ထဲ ရောက်သွားရသေးတယ် ။
မှောင်ထဲမည်းထဲ ဆိုတော့ ဇာတ်သမားမှန်း ဘယ်သူသိမှာလဲ ။
ဟိုရောက် မှ မျက်နှာ လက်နှိပ်ဓာတ်မီးထိုး ကြည့်လိုက်တော့ မိတ်ကပ်အဖွေးသားတွေနဲ့ ...
အဲဒါပဲ မိတ်ကပ် လိမ်းရတဲ့အကျိုးကျေးဇူး ။ မိတ်ကပ်သာ မလိမ်းမိရင် ဘယ်လိုရှင်းပြ ၊ ရှင်းပြ ယုံမှာ မဟုတ်ဘူး ။
တစ်ညပေါ့ ...
ကမယ့် အော်ပရာ က “ ပိလီယက္ခမင်း ” ဒုကုလ နဲ့ ပါရိက ၊ သား ရွှေအိုးထမ်း ။
မိဘနှစ်ပါးက မျက်စိနှစ်လုံး ကွယ်နေတဲ့အော်ပရာ ..
သား ဖြစ်သူက သမင်အပေါင်း ငါးရာ ခြံရံပြီးတော့ ရေခပ်အဆင်းမှာ တောကစားဝါသနာပါတဲ့ ရှင်ဘုရင် က ရွှေရောင် အဆင်းသဏ္ဌာန် ရှိတဲ့ သုဝဏ္ဏသာမ ကို ရွှေသမင် နဲ့ မှားပြီး ၊ လေးနဲ့ခွင်း ..
အဲဒီ အခန်းမှာ သမင်ယိမ်း ပါတယ် ။
မိန်းကလေးတွေ ချည်းပဲကရမှာ ...
အဲဒီအချိန်မှာပဲ ယိမ်းသမလေး တစ်ယောက်က အစာမှားပြီး ၊ ဝမ်းတွေသွား ၊ ဝမ်းတွေကိုက်နဲ့ ဖြစ်နေရော .. ။
အစားထိုး ဝင်ကမယ့်လူကလည်း မရှိဘူး ။
ယိမ်းမင်းသမီးတွေက ကွက်တိ ၊ သမင်တစ်အုပ်စု ၊ ရံရွေတော်က တစ်စု ၊ မန်နေဂျာ က ဇာတ်ဆရာ ဆူမှာစိုးလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ဖြစ်နေတယ် ။
အဲဒီအချိန်မှာ ဘယ်သူက ပြောလိုက်တယ်မသိပါဘူး ။
ကျွန်တော့်ကို နေမကောင်းတဲ့ ကောင်မလေး ဝတ်စုံတွေ လာဝတ်ပေးပြီး ၊ သမင်ယိမ်းထွက်ကခိုင်းပါလေရောဗျာ ။
“ ရေငတ်တုန်း ရေတွင်း ထဲကျ " တာပဲ.. ။
မိန်းမ နေရာဖြစ်ဖြစ် ၊ ဘယ်နေရာဖြစ်ဖြစ် အရေးကြီးတာက “ က ” ရဖို့ပဲ ။
ခုနက ပြောသလိုပေါ့ ။
မိန်းကလေးတွေ ကြားထဲမှာ ကလိုက်ရလို့ ပျော်လိုက်တာဗျာ ... မပြောပါနဲ့တော့ ။
တခြားစိတ်တော့ မရှိပါဘူး ။
ကျွန်တော် ဝါသနာပါတဲ့ အနုပညာ ဘယ်လောက် လုပ်နိုင်တယ်ဆိုတာ ဇာတ်ဆရာရော ၊ မန်နေဂျာ အပါအဝင် အငြိမ့်တစ်ဖွဲ့လုံး မြင်စေ ၊ တွေ့စေချင်တယ် ...
ကြွားချင်တာပေါ့ဗျာ .. ။
အဲ ... အဲဒီ ပွဲမှာပဲ ...
နောက်ပိုင်း ကျွန်တော် မိတ်ကပ်လိမ်းရမှာ တော်တော် ကြောက်သွားတယ် ။ ဖြစ်နိုင်ရင် မလိမ်းချင်တော့ဘူး ။
ဘာဖြစ်လို့လဲဆိုတော့ မိတ်ကပ်ကြောင့် ကျွန်တော့် ဘဝတစ်ခုလုံး ပျက်တော့ မလို့ဗျာ .. ။
ဒီလိုဗျ ...
ခုနက အော်ပရာ မှာ သမင်ယိမ်း ' က ' လို့အပြီး ၊ အပေါ့သွားချင်တာနဲ့ ဇာတ်ရုံရဲ့ နောက်ဘက် မှောင်ရိပ်ထဲကို သမင် အဝတ်အစား ဝတ်ပြီး ၊ ကျွန်တော် သွားတော့ နောက်က ခြေသံတွေ ကပ်လိုက်လာတာ ကြားရတယ် ။
ပထမတော့ သူတို့လည်း ငါ့လိုပဲ အပေါ့အပါး သွားကြတာပဲလေ ဆိုပြီး ...
ကိုယ့်ကိစ္စကိုယ် လုပ်မယ်ပေါ့ ... ။
ဒါပေမယ့် သူတို့တွေ ရဲ့စကားလည်းကြားရရော ...
သွားချင်တဲ့ အပေါ့တောင် ဘယ်ရောက်သွားလဲ မသိတော့ဘူး ။
ဘာတဲ့ ...
“ ဟေ့ကောင် .. ဟို ညာဘက်ထောင့်က သမင်မလေး သတိထားမိလား .. နှာတံပေါ်ပေါ်နဲ့လေ .. ”
“ အေး ... ခုနက ငါတို့ရှေ့က သွားနေတာ .. သူပဲ .. လာ .. လိုက်ရအောင် ”
တဲ့ ။
သူတို့တွေ ကျွန်တော့်ကို ဘယ်ညာနှစ်ဖက်ညှပ်ပြီး ၊ လာရပ်တဲ့ အချိန်မှာပဲ ကမန်းကတန်း သမင်ဘောင်းဘီ ကို အောက် လျှောချ ၊ မတ်တတ် ရပ်ပြီး ၊ ကိစ္စအဝဝကို ရှင်းလိုက်တော့မှ “ သကောင့်သား ” တွေ ...
“ ဟာ ... ယောက်ျားကြီးကွ ... ”
ဆိုပြီး ပြန်လှည့်သွားတော့တယ် ။
နောက်ဆို မိတ်ကပ် မလိမ်းရဲတော့ဘူး ။ ခါတိုင်း ညနေ ( ၆း၀၀ ) နာရီ ထိုးပြီး ၊ နေဝင်ရုံ ရှိသေးတယ် ။
မိတ်ကပ်စလိမ်းတာ ဘယ်သူလဲလို့ မမေးပါနဲ့ .. ကျွန်တော် ဝကျော်ထူး ပါ ။ ခုတော့ဖြင့် မိတ်ကပ်ဘူးတောင် မကိုင်ရဲတော့ပါဘူးဗျာ ။
◾ ကျော်ထူး
📖 လူပြောများတဲ့ လူပေါကြီး
koaungnaingoo.blogspot.com
.
No comments:
Post a Comment