Monday, October 4, 2021

ထိုးချင်သော ဆင် နောက်တစ်လှမ်း ဆုတ်

 

❝  ထိုးချင်သော ဆင် နောက်တစ်လှမ်း ဆုတ် ❞

အဲဒီ အတောအတွင်း သုံးလေးရက် ကျွန်တော်တို့ ကျောင်းသားများအတွက် ရင်တဖိုဖိုနှင့် နေကြသောရက် များ ဖြစ်သည် ။ တစ်ခုခုကို မဆုံးဖြတ်ဘဲ မရ ။ ဘာပဲဖြစ်ဖြစ် ဇွတ်နှစ်၍ ရှေ့ကိုသာ ချီတက် မည်လော ။ ထိုးချင်သောဆင် နောက်တစ်လှမ်း ဆုတ် ဆိုသော စကားကဲ့သို့ အချိန်ကောင်း ၊ အခွင့်ကောင်းကို စောင့်ရင်း နောက်သို့ တစ်လှမ်းဆုတ်မည်လော ။

စိတ်ဓာတ်အားဖြင့်ဆိုလျှင် အရေးတော်ပုံကြီး ရှေ့ဆက်ချီတက်ရေးတွင်သာ ချိန်ခွင်ညှာ သာနေသည် ။

သို့သော် အခြေအနေအဖြစ်အပျက် များက နောက် မဆုတ်လျှင် မဖြစ် ။

စိတ်ဓာတ်နှင့် အခြေအနေ အတိုက်အခံ ဖြစ်နေကြလေသည် ။ အစာအငတ်ခံ တိုက်ပွဲကတည်းက ဆက်၍ ကြံ့ကြံ့ခံနိုင်သော ကျောင်းသားအရေအတွက် နည်းလာသည်မှာ သိသာသည် ။

ကျွန်တော်တို့ ကျောင်းသားများ ထင်သလို အမတ်များအား ရာထူးလက် မခံအောင် မတားဆီးနိုင်ကြ ။

အင်္ဂလိပ်အာဏာပိုင်များနှင့် ၎င်းတို့၏ အာဏာစက်ယန္တရားကား စက်ကုန် မောင်းနေတုန်း ဖြစ်၏ ။ တစ်ကမ္ဘာလုံး အခြေအနေနှင့် ကပ်ကြည့်လျှင် အင်္ဂလိပ်နယ်ချဲ့အာဏာ သည် ပြိုပျက်ရန် အလားအလာ မရှိသေး ။ ဘေးကျပ်နံကျပ် မဖြစ်သေး ။ မီးကုန်ယမ်းကုန် အကြမ်းဖက်၍ ကျွန်တော်တို့၏ အရေးတော်ပုံကို တိုက်ခိုက် မည်သာ ဖြစ်၏ ။ ရာထူးလက်ခံမည့်သူ မရှိက ဘုရင်ခံတစ်ဦးတည်း အုပ်စိုးလိမ့်မည် ။ဥပဒေပြုလွှတ်တော်ကို ဖျက်သိမ်းလိမ့်မည် ။ သို့သော် ကျွန်တော်တို့အား အလျှော့ပေးလိမ့်မည် မဟုတ် ။

ကျွန်တော်တို့မှာကား လက်နက်ဆို၍ ဓားမတို တစ်ချောင်းမျှ မရှိ ။ စည်းရုံးရေးကလည်း စခါစ ရှိသေးသည် ။ နိုင်ငံခြားအကူအညီ ဆိုသည်မှာလည်း မျှော်လင့်နိုင်သောအရာ မဟုတ် ။ နိုင်ငံခြားများနှင့် အဆက်အသွယ်ပင် မရှိကြ ။

ကျွန်တော်တို့ ခေါင်းဆောင်များသည် ဤအခြေအနေများကို လူထုအား အသိမပေးကြ ။ လူထု၏ စိတ်ဓာတ်ကိုသာ နည်းအမျိုးမျိုးဖြင့် မြင့်တင်ပေးထားကြလေသည် ။ ထို့ကြောင့် လူထုက “ ညီစေနော် စစ်ရဲမော် ၊ ချီတက်ကြစို့ ပျော်ပျော် ၊ ဘယ်ညာ ဘယ်ညာ ၊ ဗမာပြည် ငါတို့ပြေ ”  ဟု သံပြိုင်ဆို၍ လက်ရုံးဆန့်တန်းနေကြစဉ် “ ရာထူးလက်ခံရေး အလိုမရှိ ”   ၊ “ ညွန့်ပေါင်းအစိုးရ ပြုတ်ပြီးရင် နောက်ထပ်အစိုးရ မတက်စေနှင့် ”  ၊ “ ၉၁ ဌာန အုပ်ချုပ်ရေး တိုက်ဖျက်ပစ် ”  စသော ကြွေးကြော်သံများကို အော်နေကြစဉ် ဂုဏ်မပျက်သော နောက်ဆုတ်ရေးကို ရှေးရှု၍သာ ထွက်ပေါက် ရှာနေကြရလေသည် ။

ထိုအတွင်း ဘုရင်ခံက ဆာပေါ်ထွန်း ကိုပင် နန်းရင်းဝန် ခန့်၍ အစိုးရဖွဲ့စေတော့မည်ဟု သတင်းများ ပျံ့လွင့်လာလေသည် ။

ထိုသတင်းကို ကျွန်တော်တို့၏ ကျောင်းသားခေါင်းဆောင်များသည် ချွေးတလုံးလုံးဖြင့် စဉ်းစား ကြသည် ။ ကိုလှရွှေ ၊ ကိုသိန်းအောင် ၊ ကိုအေးကျော် ၊ ကိုစိုးမောင် ၊ ကိုထွန်းရှိန် ၊ ကိုကျော်မြင့် ၊ ကိုဘစံ ၊ ကိုသန်းတင် ၊ ကိုသောင်းခင် ။

သူတို့နှင့်အတူ အပြင်မှ နိုင်ငံရေးခေါင်းဆောင်များဖြစ်သော သခင်နု ၊ သခင်အောင်ဆန်း ၊ တက်ဘုန်းကြီး ကိုသိန်းဖေ ၊ ကိုကျော်ငြိမ်း ၊ ကိုချစ် စသူတို့လည်း ခေါင်းချင်းရိုက်ကြသည် ။

ဆာပေါ်ထွန်း နန်းရင်းဝန် မဖြစ်အောင်ဟူသော နည်းလမ်းတစ်ခုအဖြစ်ဖြင့် အောက်ပါစာကို ဦးသွင် ထံသို့ ရေးလိုက်ကြလေသည် ။

ဦးသွင်
အထက်လွှတ်တော်

ဦးမင်း ခင်ဗျား

( ၁ ) ကျွန်တော်တို့ ကျောင်းသားများ၏ တောင်းဆိုချက် များနှင့်တကွ တိုင်းပြည်တွင် မကျေမနပ်ဖြစ်နေသော အချက် များကို ကျေနပ်စွာ ရရှိအောင် ဦး ကိုယ်တိုင် နန်းရင်းဝန်ရာထူးကို လက်ခံမှ ဖြစ်နိုင်မည်ဟု ယုံကြည်ပါလျှင် နန်းရင်းဝန်ရာထူးကို လက်ခံ၍ အထက်ပါ တောင်းဆိုချက် များကို ဆောင်ရွက် ပေးပါ ။
( ၂ ) အကယ်၍ အထက်ပါအချက်များကို သင့်လျော်သောအချိန်တွင် ကျွန်တော်တို့ ကျေနပ်လောက်အောင် မရခဲ့သော် နန်းရင်းဝန်ရာထူးမှ ထွက်ခဲ့ပါ ။
( ၃ ) အကယ်၍ အထက်ပါ အချက်များကို ရရှိပြီးသော်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်းအမှုဆောင်အဖွဲ့အနေနှင့် ဦး သည် ရာထူးဆက်လက် လက်ခံနေခြင်းအားဖြင့် တိုင်းပြည်အကျိုးမများဟု သဘောရရှိ၍ အထွက်ခိုင်းသောအခါ ရာထူးမှထွက်ခဲ့ပါ ။

( ပုံ )လှရွှေ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့ ။

ကျွန်တော်တို့သည် ဦးသွင် ၏ သမာဓိ နှင့် ကျောင်းသားများအပေါ်တွင် ထားအပ်သော စေတနာကို လုံးဝ ယုံကြည်ကြသည် ။ ဦးသွင် သည် မည်သည့် နိုင်ငံရေးဂိုဏ်းဂဏတွင်မျှ မပါသောကြောင့်လည်း ကိုယ်ကျိုးမငဲ့ ရာထူးမတွယ်သော အစိုးရအဖွဲ့ကို ဖွဲ့ဖြစ်နိုင်သည်ဟု ထင်ကြသည် ။ ယင်းကဲ့သို့သော ကျောင်းသားခေါင်းဆောင်တို့၏ စီရင်ချက်ကို ကျွန်တော်တို့သည် အသင့်လျော်ဆုံးနှင့် အလုပ်အဖြစ်နိုင်ဆုံး အစီအစဉ်ဟု ယုံကြည်ခဲ့ပေသည် ။ ထိုအတောအတွင်း ဦးပု သည် အစိုးရအဖွဲ့သစ်ဖွဲ့ရန် ဘုရင်ခံအား ကတိပေးလိုက်ပြီဖြစ်ကြောင်း သတင်းများပါလေသည် ။

မြို့မိမြို့ဖလူ ကြီးအချို့သည် မြန်မာကုန်သည်ကြီးများအသင်းတိုက်၌ စည်းဝေးကြပြီး အောက်ပါ ကြေညာချက်ကို ထုတ်လိုက်လေသည် ။

( ၁ ) ကျောင်းသားများ၏ တောင်းဆိုချက်သည် သင်လျော်သည်ဟု ကျွန်ုပ်တို့ သဘောရရှိသည့်အတိုင်း မည်သည့်အဖွဲ့ခေါင်းဆောင်မဆို အစိုးရသစ် မဖွဲ့စည်းမီ ကျောင်းသားများ၏ တောင်းဆိုချက်ကို ပေးအပ်မည်ဟု ဘုရင်ခံထံမှာ ရှေးဦးစွာ ဝန်ခံချက်ရရှိစေရန် ဆောင်ရွက်သင့်ကြောင်း ။
( ၂ ) ဘုရင်ခံထံမှ ထိုဝန်ခံချက် မရရှိလျှင် အစိုးရအဖွဲ့သစ်ဖွဲ့စည်းရန် လုပ်ငန်းတာဝန်ကို မည်သည့်ပါတီကမျှ လက် မခံရန် တိုက်တွန်းကြောင်း ။
( ပုံ ) ဦးသွင်
။ ဦးလှဘူး
။ ဦးညွန့်
။ ဦးဘိုးဗျော့
။ ဦးမြင့်
။ ဦးဘိုးအောင်
။ ဦးထွန်းဦး

မြို့မိမြို့ဖများ ကြေညာချက်နှင့် မရှေးမနှောင်းပင် စီအင်န်အီး ခေါ် အမျိုးသားပညာရေးကောင်စီ ကလည်း အလားတူပင် ကြေညာလေသည် ။

ဦးပု သည် အစိုးရဖွဲ့ရန် ကြိုးစား၏ ။ ဦးဘဖေ အား အစိုးရအဖွဲ့တွင် ဝန်ကြီးတစ်ဦး အဖြစ်ဖြင့် လက်ခံရန် ဦးပု က ဖိတ်သည် ။ သူ့ ငါးပွင့်ဆိုင် ဂျီစီဘီအေ ကလည်း လက်ခံရန် တိုက်တွန်းသည် ။ ဦးဘဖေ က လက် မခံ ။ ဘာ့ကြောင့် လက် မခံသည်ကိုလည်း မရှင်း ။ ဦးပု သည် ဦးစော အား လက်ခံရန် ဆွဲ၏ ။ ဦးစော ကား လူသိနတ်ကြား လက် မခံပါ ။ ညွန့်ပေါင်းအစိုးရ ကို ဖျက်ပြီးနောက် နောက်အစိုးရတက်လျှင် မထောက်ခံဘဲ ၉၁ ဌာနအုပ်ချုပ်ရေး ဖျက်ရန်ကိုသာ လုပ်မည်ဟု ကြေညာပြီး ဖြစ်၏ ။ ကျောင်းသားများသမဂ္ဂ ကိုလည်း ကတိလက် မှတ် ရေးထိုးပေးပြီး ဖြစ်၏ ။ သို့သော် ယခုအခါ လေသံပြောင်းလာသည် ။ ဦးသွင် စသော မြို့မိမြို့ဖများ၏ အသံကို လိုက်လာသည် ။ ကျောင်းသားများတောင်းဆိုချက်ကို လိုက်လျောအောင်လုပ်ပါမည်ဟု ဦးပု က ဝန်ခံလျှင် ရာထူးလက်ခံမည်ဟု ဆိုလေသည် ။

နောက်ဆုံး ဦးပု သည် ကျောင်းသားများအရေး ကို အေးအောင် ပြီးပြတ်အောင် ဆောင်ရွက်ပါမည်ဟု ဆိုလေသည် ။

ဦးသွင် စသော မြို့မိမြို့ဖ ကုန်သည်ကြီးတို့ကလည်း ကျောင်းသားအရေး ပေးရမည် ။ ကျောင်းသားများနှင့် ကျေအေးရမည် ။

စီအင်န်အီး အမျိုးသားပညာရေးကောင်စီတို့ကလည်း ကျောင်းသားအရေး ပေးရမည် ။ ကျောင်းသားများနှင့် ကျေအေးရမည် ။

ဂဠုန်ဦးစော ကလည်း ကျောင်းသားများတောင်းဆိုချက် ပေးရမည် ။ ကျောင်းသားများနှင့် ကျေအေးရမည် ။

ဦးပု ကလည်း ကျောင်းသားတို့အရေး ပြီးပြတ်ကျေအေးအောင် ဆောင်ရွက်ပါမည် ။

ကျွန်တော်တို့ ကျောင်းသားတွေကလည်း လယ်သမားအလုပ်သမား နှင့် အကျိုးထပ်တူ ဆောင်ရွက်ရမည်ဟု ကြွေးကြော်ပြီး အရေးတော်ပုံကြီးကို စခဲ့ကြသော်လည်း ခုတော့ ကျောင်းသားများအရေးပြီးခြင်းတွင်သာ အာရုံစိုက်နေကြလေပြီ ။ အလုပ်သမား လယ်သမားတို့ တောင်းဆိုချက် များကို မမေ့သော်လည်း တောင်မင်း မြောက် မင်း မကယ်နိုင် ဖြစ်ပြီ ။ ကိုယ့်အရေးကိုယ် ပြီးပြတ်အောင် လုပ်ကြရုံသာ ရှိတော့သည် ။

ထို့ကြောင့် ကျောင်းသားခေါင်းဆောင်များ နှင့် နန်းရင်းဝန် ဦးပု တို့သည် ဦးသွင် အိမ်၌ ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် တစ်ကြိမ် ၂၅ ရက် နေ့တွင် တစ်ကြိမ် တွေ့ဆုံ စေ့စပ်ရေး လုပ်ကြလေသည် ။ ၂၄ ရက်နေ့အစည်းအဝေးတွင် နန်းရင်းဝန် ဦးပု နှင့် ဦးသွင် ၊ ဦးဘိုးဗျော့ ၊ ဦးညွန့် စသော မြို့မိမြို့ဖ လူကြီးများနှင့် ကိုလှရွှေ ၊ ကိုသိန်းအောင် ၊ ကိုသန်းတင် စသော ကျောင်းသားခေါင်းဆောင်များ တက်ကြလေသည် ။ ၎င်းပြင် သခင်နု နှင့် ဒေါက်တာထင်အောင် တို့လည်း တက်ကြ၏ ။ ၂၅ ရက် နေ့မှာကား အထက်ပါလူကြီးများ နှင့် ကျောင်းသားခေါင်းဆောင်များအပြင် ဂဠုန်ဦးစော နှင့် သခင်အောင်ဆန်း တို့လည်း တက်ရောက်ကြသည် ။ ထိုသို့ ကျောင်းသားအရေး ကျေအေးပြီးပြတ်ရန် ဆွေးနွေးနေကြစဉ် နေရာအနှံ့အပြားမှာကား နန်းရင်းဝန် ရာထူးကို ဆက်ခံသွားသော ဦးပု အား ရှုတ်ချသံများ ပေါ်လာပေသည် ။ ဦးပု မှာ ရမည်းသင်း အလယ်ပိုင်း မဲဆန္ဒနယ် မှ အမတ်ဖြစ်လေရာ ရမည်းသင်းအလယ်ပိုင်း မဲဆန္ဒရှင်များ က ချက်ချင်း အစည်းအဝေးလုပ်ပြီး ဦးပု အား ရှုတ်ချလေသည် ။ အစည်းအဝေး ဥက္ကဌလုပ်သူမှာ ဦးပု ၏ တူ တော်သူ ပျဉ်းမနားသခင်မြ ဖြစ်ပေ၏ ။ သူတို့သည် ရန်ကုန်အရောက် ချီတက်ကာ ကန့်ကွက်ကြမည်ဟု ဆုံးဖြတ်လေသည် ။ အစိုးရသစ် ကို တောထုတ်ခြင်းလည်း ပြုလေသည် ။ ရန်ကုန် တို့ဗမာ အစည်းအရုံးကလည်း ဦးပု အစိုးရသစ်ဖွဲ့ခြင်းကို ကန့်ကွက်ရန် အစည်းဝေးခေါ်၏ ။

သေခါနီးမှ ရိက္ခာယူ
အဘိဇ္ဇာထူကာ ငပု ငပု ။
ညွန့်ပေါင်းလက်သစ် ရာထူးယူ
တိုင်းပြည်ဆူရင် သူတို့ကြောင့်ပဲ ။
ဗမာပြည်ကြီး နစ်ဖို့ဖန်
ကလိမ်ဉာဏ်နှင့် ငစော ငစော ။
ငစောမို့ တက်လို့လာ
သူ့မျက်နှာ အရှက် မရှိ ။
ညာတာဝါဒ လှိမ့်လို့ဖန်
မျိုးချစ်ဉာဏ်ဟာ ဘမော်လိုပဲ ။  ။

ဘတ်စ်ကားများဖြင့် လှည့်၍ သံချပ်ထိုးသူက ထိုးကြလေသည် ။

ဦးပု အစိုးရ နှင့် စေ့စပ်နေသော ၂ ရက်အတွင်း ကျွန်တော့်မှာ နေမထိ ထိုင်မသာ ဖြစ်နေပေသည် ။ လည်ပင်းတရှည်ရှည် နှင့် ထွက်လာမည့်အဖြေကို စောင့်နေရင်း ဌာနချုပ်မှာ အငြိမ်မနေနိုင် ။ ၂၅ ရက်နေ့ ညနေ ကိုလှရွှေ တို့လူစု ဦးပု နှင့် ဆွေးနွေးရန် ဦးသွင် ၏ အိမ်သို့ ထွက်ခွာသွားကြရာ ကျွန်တော်သည် ရေကျော် မခင်သစ် တို့ အိမ်သို့ ထွက်လာခဲ့မိလေသည် ။ သက်သက် ဂနာမငြိမ်လို့ လမ်းရှာကာ ထွက်လာမိသလော ၊ သို့မဟုတ် မခင်သစ် ကလေးအား တွေ့ချင်စိတ် ပေါက်လာ၍ ထွက်လာခဲ့မိသလော ၊ သို့မဟုတ် သူတို့တစ်တွေ အထူးသဖြင့် ဆရာဖေ နှင့် ဆရာကတော် ဒေါ်ညွန့် တို့နှင့် နီးစပ်သော မြန်မာကျောင်းဆရာ နှင့် ကျောင်းသားတို့၏ အခြေအနေကို စုံစမ်းလေ့လာလို၍ ထွက်လာခဲ့မိသလော ။ ကိုယ်တိုင်ခွဲခြား မသိပါ ။

မခင်သစ် တို့၏ အိမ်အောက်ထပ်ရှိ ဆေးဆိုင်တွင် ကျွန်တော် မမြင်ဖူးသေးသော မိန်းမကြီး တစ်ယောက်သည် မခင်သစ် ထိုင်လေ့ရှိသော ကွပ်ပျစ်တွင်ထိုင်လျက် ဆေးပေါ့လိပ် မှိန်းနေလေသည် ။ ထိုမိန်းမကြီး အပြင် ဘယ်သူမျှ မရှိ ။ ထိုမိန်းမကြီး မှာ ဆရာဖေ ၏ အရပ်အမောင်းလောက်ပင် ရှိ၍ ဆရာဖေ ၏ မျက်နှာနှင့် ချွတ်စွပ်တူလေသည် ။ ခေါင်းမှာ ဆံပင်ဖြူအနည်းငယ်နှင့် နဖူးပြင်တွင် အရေးသုံးကြောင်းထင်အောင် အရေတွန့်နေပြီဖြစ်၍ ဆရာဖေ ၏ အစ်မကြီး ဖြစ်ရမည်ဟု ကျွန်တော် တပ်အပ် တွက်လိုက်ပေသည် ။

“ ဆရာ နဲ့ ဒေါ်ဒေါ် တို့ ရှိကြပါသလားခင်ဗျာ ”

မိန်းမကြီး သည် ရုတ်တရက် မဖြေသေးဘဲ ကျွန်တော့်အား စုံစမ်းသည့်သဘောဖြင့် စေ့စေ့ကြည့်နေသေးသည် ။

“ မရှိဘူး ၊ မင်းက ဘယ်ကလဲ ”

“ ကျွန်တော်က ကျောင်းသားများသမဂ္ဂကပါ ခင်ဗျာ ၊ မခင်သစ် ကော ရှိပါသလား ”

မိန်းမကြီးသည် ကျွန်တော့်အား ဧည့်ဝတ်ပျူငှာလည်း မပြ ၊ နေရာထိုင်ခင်းလည်း မပေး ၊ စုံစမ်းသည့် အကြည့်ဖြင့်သာ စေ့စေ့ဆတ် ကြည့်ပြီးနောက်

“ ဘယ်ကျောင်းက သမဂ္ဂလဲ ”

“ တက္ကသိုလ် ကျောင်းသားသမဂ္ဂပါ ခင်ဗျာ ”

ဘာကြောင့်မှန်း မသိ ၊ ယို့ယို့ကလေး ပြုံးနေမိသည် ။ အတန်ကြာမှ -

“ ဟုတ်ကဲ့ ၊ ကျွန်တော် ဒီအိမ် ခဏခဏ ရောက်ဖူးပါတယ် ။ မခင်သစ် နဲ့လည်း ကောင်းကောင်းသိပါတယ် ”

“ သစ်သစ် တစ်ယောက်တော့ အပေါ်မှာ ရှိတယ် ၊ တွေ့ချင်ရင် တက်သွားပေတော့ ”

ဘာကြောင့်မှန်း မသိ ၊ ကျွန်တော်သည် အပေါ်ထပ်တက်ဖို့ ခပ်တွေတွေ ဖြစ်နေသည် ။

“ တက်သွားလေ တက်သွား ”

လှေကား ပထမဆုံးအထစ်ကို တက်လိုက်သည်နှင့် တစ်ပြိုင်နက် တသုန်သုန် လွင့်လာသော စောင်းသံ သဲ့သဲ့ကလေးကို ကြားလိုက်ရလေသည် ။ ငြိမ့်ညောင်းသာယာသော စောင်းကောက်သံ ။ တစ်ထစ် ၊ နှစ်ထစ် ၊ သုံးထစ် တက်၍ တက်၍သွားလျှင် စောင်းသံ သဲ့သဲ့ကလေးသည် ပို၍ ပို၍ ပီသစွာ ရိုက်ခတ်လာသည် ။ နားထောင်ချိုအေးသော သီချင်းဆိုသံ ခပ်တိုးတိုးကလည်း စောင်းသံ လှိုင်းကို စီး၍ လိုက်ပါနေသည်မဟုတ်လော ။

ကျွန်တော်သည် အပေါ်ထပ်ရောက်ရန် လှေကားသုံးထစ်သာ လိုသောနေရာတွင် ရပ်နေပြီး နားထောင် နေလိုက်သည် ။

ငြိမ့်ညောင်းသော စောင်းသံနှင့် ချိုအေးသော ကြိုးသီချင်းသံကို အနှောင့်အယှက် ဖြစ်မသွားစေလို ။

မခင်သစ် သည် မိခင်က သားငယ်အား ပိုက်ထားသလို စောင်း ကို ရင်ခွင်မှာ ပိုက်ထားပြီး သွယ်ပျောင်းသည့် လက်ချောင်းကလေးများကို ကြိုးများပေါ်တွင် ကစားနေလေသည် ။

အိမ်ရှေ့ဘက်သို့ မျက်နှာမူထားပြီး အာကာပြင်ပြာလဲ့လဲ့ထဲသို့ ငေးစိုက်ကာကြည့်ရင်း ချိုအေးသည့် အသံလှိုင်းများကို လွှင့်နေလေသည် ။

“ စောင်းတော်သိင်္ဂါ အေးအေးညှင်းညှင်း ။ မြည်သံသာလှ မှန်ရာတွင်း ၊ ထံပေါင်းတေ တျာသွင်း ၊ သာခြင်း သာခြင်း ၊ လွန်သာယာစွ တီးဘွဲ့လက်သံမှာ ၊ ပန်းပွားပန်းပွား ၊ ဝေဆာဆာ ၊ ရွှေလက်ရိုးငယ် တိုးကိန္နရာ ၊ လက်သံ လက်သံ လက်သံ ရှိန်ပြင်း ၊ သာတည့်သာ ဘိခြင်းငယ်နှင့် ၊ သုံးယံ သန်းခေါင်တွင်းပေမို့ ၊ တံမွှာတံရှည် ညှင်းပါလို့ စောင်းမင်းပဉ္စသိန်လေတည့်မှ စောင်းမင်း ပဉ္စသိန် ”

မခင်သစ် သည် သီချင်းဆုံးသော်လည်း အတီး မရပ် ၊ အခြား ကြိုးသံများကို ဆက်နေလေသည် ။ မျက်နှာကို စောင်းပေါ်တွင် ငုံ့ထားပြီး တစ်ကိုယ်လုံးမှာ အာရုံဟူသမျှကို စောင်းကြိုးနှင့် လက်ချောင်းကလေးများဆီသို့ လွှတ်ထားဟန် ရှိပေသည် ။

ကျွန်တော်တို့တစ်တွေ ယောက်ယက်ခတ်နေချိန်တွင် မခင်သစ် ကား ငြိမ်းအေးသက်သာ ရှိလှပေ၏ ။ အများတကာက ကြွေးကြော်သံတွေ အော်နေကြခိုက် မခင်သစ် က ငြိမ့်ညောင်းသော စောင်းသံနှင့် ချိုအေးညင်သာသော ကြိုးသီချင်းသံတို့တွင် နစ်မြုပ်လျက်ရှိ၏ ။ ကျွန်တော်သည် ရုတ်တရက်တော့ မခင်သစ် အား အံ့ဩမိ၏ ။ သို့သော် တွေးကြည့်တော့ အံ့ဩစရာ မဟုတ်ပါ ။ ကျွန်တော်သည်လည်း ကမာရွတ် သွား၍ ပန်းများအကြားတွင် လိပ်ပြာကလေးများနှင့်အတူ ဝဲပျံနေခဲ့သည် ။ တပေါင်းလ ၏ ညနေခင်းအလှတွင် နစ်မြုပ်နေခဲ့သည် ။ လထက်ခြမ်းပေါ်စီး၍ ကောင်းကင်ပြာလဲ့လဲ့တွင် လွင့်နေခဲ့သေးသည် ။ မအံ့ဩရုံ မကသေး ၊ မခင်သစ် နှင့် ကျွန်တော် သည် ဉာဉ်တူသည် ၊ ဝါသနာတူသည်ဟုပင် အောက် မေ့မိသေး၏ ။

“ တက်သွားလေ ၊ တက်သွား ၊ ဟဲ့ - သစ်သစ် ဧည့်သည်လာနေတယ် ”

ဟူသော မိန်းမကြီး ၏ ကျယ်လောင်သောအသံသည် လှေကားခြေရင်းမှ အပေါ်သို့ တက်လာလေရာ ကျွန်တော့် မှာ ဒိတ်ခနဲပင် ဖြစ်သွားတော့၏ ။ သည်တော့မှ မခင်သစ် လည်း ကျွန်တော့် ဘက်သို့  ကြည့်လိုက်လေသည် ။ အံ့ဩသွားသော မျက်နှာမှာ ခဏအတွင်း ချိုသွားသည် ။ သို့သော် ပြုံး၍သာ နှုတ်ဆက်ပြီးလက်ကတော့ ကြိုးပြီးအောင် ဆက်တီးနေပေ၏ ။

ကျွန်တော်သည် ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်သည် ။ တီးပြီးသည့်တိုင်အောင် သူ့မျက်နှာ လေးကို တစိမ့်စိမ့် ကြည့်နေလိုက်သည် ။ မျက်နှာပေါ်တွင် ထင်းခနဲ ဝင်းပလာသော အပြုံးသည် တော်တော်နှင့် ပျောက် မသွား ။ စောင်းကြိုးများပေါ်တွင် လက်ကလေးများ သော့လိုက်သောအခါ ဆံတောက်ကလေးသည် လုပ်လဲ့လုပ်လီ ဖြစ်နေပေသည် ။

“ ဆရာ နဲ့ ဒေါ်ဒေါ် တို့ ဘယ်သွားကြသလဲ မခင်သစ် ”

“ ဖေဖေက ဘတ်စ်ကားသပိတ် လှန်မယ့် အစည်းအဝေးတက်ဖို့တဲ့ ၊ ဦးလေးဦးဘချို နဲ့ ဦးလေးနု တို့က ခေါ်သွားတယ် ။ မေမေကတော့ လွတ်လပ်ရေးအမျိုးသမီးအဖွဲ့ရယ် ဆေးလိပ်ခုံအမျိုးသမီးတွေနဲ့အတူ ဘတ်စ်ကားတွေနဲ့ ထွက်သွားကြတယ် ။ ဦးစော ရာထူးယူမယ်လို့ ကန့်ကွက်ဆန္ဒပြဖို့ တဲ့ ”

“ ဒီတစ်ခါ မခင်သစ် တော့ လိုက် မသွားဘဲကိုး ”

“ ကောင်းကောင်း နေမကောင်းတာနဲ့ လိုက် မသွားဘူး ဆရာရဲ့ ”

“ ခုနက ဆိုတဲ့ ကြိုးဟာ သိပ်ကောင်းတာပဲနော် ၊ မခင်သစ် စောင်းတီးတာကလည်း သိပ် ကောင်းတာပဲ ”

“ အင်း ၊ ဟန်မပါပေလို့ သာပေါ့ သစ်သစ် ရယ် ၊ ဟန်သာပါရင် ”

မခင်သစ် သည် စောင်းကို ခုံပေါ်တင်ထားလိုက်ပြီး ခပ်လှမ်းလှမ်းက ကုလားထိုင်တစ်လုံးမှာ ထိုင်လိုက်သည် ။

“ ဆရာက ဂီတဝါသနာ မပါဘူးနော် ”

“ ဘယ်သူက ပြောသလဲ ”

“ အို - အရင်တစ်ခါတုန်းက ဆရာပဲ ပြောတယ် မဟုတ်လား ”

“ အင်း ဟုတ်သားပဲ ၊ သစ်သစ် က တယ်မှတ်မိတာကိုး ”

ကျွန်တော်သည် မခင်သစ် ကလေးက ကျွန်တော်ပြောခဲ့ဖူးသည့် စကားကို မှတ်သားထားသဖြင့် ကျေနပ်ပြီး အပြုံးကြီး ပြုံးနေသည် ။ ဘာကြောင့်မှန်း မသိ ၊ မခင်သစ် ကလည်း ပြုံး၍နေသည် ။

“ ခုနကကြိုးဟာ စောင်းတော်ဘွဲ့ကြိုးတဲ့ ဆရာရဲ့ ။ စောင်းကြိုးရဲ့အသံ ၊ စောင်းတီးသူရဲ့ လက်သံ သာယာပုံကို ချီးကျူးဖွဲ့ဆိုရုံတင်မက စောင်းကြီးမှာ ပန်းပွားတွေနဲ့ ဘယ်လောက်ဝေဆာတယ် ၊ တိုးရုပ် ကိန္နရာရုပ်တွေက ဘယ်နေရာမှာ ပါတယ်ဆိုတာတွေကိုလည်း ဖော်ပြထားတယ် ။ ဗဟုသုတလည်း ဖြစ်စေတဲ့ ကြိုးပေါ့ ဆရာရယ် ”

“ ဒါထက် သစ်သစ် ကို တစ်ခု သတိပေးရဦးမယ် ”

မခင်သစ် ၏ မျက်နှာမှာ စိုးရိမ်ခြင်းဖြင့် ညိုသွားသည်ဟု ထင်ရသည် ။

“ တခြား မဟုတ်ပါဘူး ၊ စောင်းတီးတဲ့ အခါမှာလေ အိမ်ရှေ့ဘက် မျက်နှာမူပြီး မတီးစေချင်ဘူး ။ အလင်းရောင်တွေက တိုက်ရိုက် မျက်စိကိုထိုးတော့ မျက်စိကို ထိခိုက် မှာ စိုးရတယ်သိလား ”

ထိုအတွင်း အိမ်ရှေ့တည့်တည့် လမ်းပေါ်မှ ကျယ်လောင်စွာ သံပြိုင်ဟစ်လိုက်သော ကြွေးကြော်သံများသည် ကျွန်တော့် စကားများကို ပိတ်ပစ်လိုက်ပါလေသည် ။

ဂဠုန် ဂဠုန် ဦးစော ဦးစော
လိမ်တာ လိမ်တာ သူပဲ သူပဲ ။
အုပ်ချုပ်ရေး အုပ်ချုပ်ရေး
တိုက်ဖျက်ကြ တိုက်ဖျက်ကြ ။
ဦးစော လိမ်တာ သူ့အကြံ
ငါတို့ မခံ ဘာထင်လို့လဲ ။
ရာထူးငတ်တဲ့ မောင်ဂဠုန်
အကြံကုန်လို့ ဂဠုန်ဆားချက် ။

သံပြိုင်အော်ကြပြီးနောက် အမျိုးသမီးတစ်ယောက်က “ ဂဠုန် ရှက်ဖွယ် ”  ဟု ဟစ်လိုက်သည် ။ အခြား တစ်ယောက်က “ လဒ ရှက်ဖွယ် ”  ဟု အော်သောအခါ အခြားတစ်ယောက်က “ နှံပြည်စုတ် ရှက်ဖွယ် ”  ဟု ဟစ်ပြန်လေသည် ။

မခင်သစ် သည် ပြတင်းပေါက်ဆီသို့ သွားကြည့်ရင်း -

“ ဟော - မေမေတို့ ပြန်လာကြပြီ ”

ကျွန်တော်ကား ထိုင်မြဲသာ ထိုင်နေသည် ။ အချို့အမျိုးသမီးများ ဘတ်စ်ကားပေါ်မှ ဆင်းကြသံကို ကြားရသည် ။ အောက်ထပ်တွင် ကျွန်တော် တွေ့ခဲ့ရသော မိန်းမကြီး နှင့် ဘတ်စ်ကားပေါ်မှ မိန်းမကြီးတစ်ယောက် အပြန်အလှန် အော်ကျယ်ဟစ်ကျယ် စကားပြောကြသံကိုလည်း ကြားလိုက် ရပေသည် ။

မိန်းမကြီး -

“ ဘယ့်နှယ်လဲဟေ့ ၊ ဂဠုန်အိမ် ရောက်ခဲ့ကြရဲ့လား ”

“ ရောက်လည်း ရောက်ခဲ့ပါ ၊ ကြွေးကြော်သံတွေလည်း အော်ခဲ့ပါတယ်ရှင် ”

“ ဒါဖြင့် ပြီးရောပေါ့အေ ”

“ မပြီးဘူး အမိရေ့ ၊ ဂဠုန်အိမ်က ကောင်တွေကောင်မတွေက လှန်ပြလိုက်ကြတယ် ။ တို့က ဂဠုန် သာ အရှက် မရှိဘူးထင်တယ် ၊ ခုတော့ သင်းတို့ တစ်မျိုးလုံးတစ်ဆွေလုံး အရှက်ကို မရှိတာကိုး အမိရဲ့ ”

ထို့နောက် ဘတ်စ်ကား ထွက်သွားလေသည် ။ မကြာမီပင် ဒေါ်ညွန့် သည် အပေါ်သို့ တက်လာလေသည် ။ ကျွန်တော်က မတ်တတ်ရပ်ပြီး ဆီးကြိုနေသည် ။

“ ဪ မောင်တင်ထွန်း ၊ ရောက်နေတာကြာပြီလား ”

“ သိပ်မကြာသေးပါဘူး ဒေါ်ဒေါ် ”

“ ထိုင်ပါကွယ် ထိုင်ပါ ၊ သစ်သစ် ရေ မေမေ့ကို ရေတစ်ခွက်ပေးစမ်းကွယ် ”

ဒေါ်ညွန့် သည် ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်သည် ။ တော်တော်ပင် မောလာခဲ့ဟန် ရှိသည် ။ အလိုလို ပေါ်နေချင်သော အတန်ငယ်ခေါသည့် သွားများသည် ပြုံးရောင်သမ်းနေသော နှုတ်ခမ်းများကြားမှ ဖွေးခနဲပေါ်နေကြသည် ။ မခင်သစ် က ရေခပ်ပေးသည်ကို သောက်ပြီးနောက် -

“ ဘယ့်နှယ် မင်းတို့ တက္ကသိုလ်ကျောင်းသားတွေက ငစော နဲ့ စေ့စပ်နေကြပြီ ဆိုပါကလား ”

“ ဦးစော နဲ့ ရယ်လို့ မဟုတ်ပါဘူး ဒေါ်ဒေါ် ၊ ဦးပု နဲ့ စေ့စပ်ဆွေးနွေးနေတာပါ ”

“ အတူတူနဲ့ အနူနူ ပေါ့ကွယ် ၊ ဒေါ်ဒေါ်တို့ သဘောကတော့ဟေ့ သပိတ်လှန်တာကို မကြိုက်ဘူးကွ ၊ ၉၁ ဌာန အုပ်ချုပ်ရေး မပျက် မချင်း သပိတ် မလှန်စေချင်ဘူး ”

မခင်သစ် သည် သူ့အမေ၏ဘေးမှာ မတ်တတ်ရပ်လျက် ကျွန်တော် ဘာပြောမည်ကို သိလိုဇောနှင့် စောင့်ကြည့်နေလေသည် ။ ကျွန်တော်ကား ရုတ်ခြည်း ဘာမျှပြန်မပြောနိုင် ။ အတော် ကန့်ကွက်ချေပရန် ခက်သော စကားများပေတည်း ။

“ ဒေါ်ဒေါ်တို့ ကတော့ဟေ့ မြိတ်မြို့ က ကျောင်းသားမိဘတွေရဲ့ ဆုံးဖြတ်ချက်ကို ကြိုက်သကွဲ့ ။ လွတ်လပ်ရေး မရမချင်း သပိတ်မှောက် နေမယ်တဲ့ ”

ကျွန်တော်ကး ဘာမျှ မပြောနိုင်တော့ချေ ။ ဒေါ်ဒါ် သည် သူ့သမီးအား မော့ကြည့်ပြီး - “ သမီးရေ အမေဆာပြီကွယ် ၊ ကဲ - နောက်ဖေးသွားပြီး ထမင်းပြင်ဖို့ ပြော ၊ သမီး ဖေဖေအတွက် ချန်ထားလိုက်နော် ၊ မောင်တင်ထွန်း ထမင်းစားသွားပါလား ”

“ မစားပါဘူး ဒေါ်ဒေါ် ”

“ ဘာလို့ မစားတာလဲကွဲ့ ၊ ဒါထက် မောင်လှရွှေ တို့ ဦးပု နဲ့ စေ့စပ်နေကြတာ ဘာတွေများ ရသတဲ့လဲ ”

“ အပြီးသတ် မဆုံးဖြတ်ရသေးဘူးတဲ့ ဒေါ်ဒေါ်ရဲ့ ၊ ဒီတော့ ကျွန်တော်လည်း ဘာမှ မည်မည်ရရ မသိသေးဘူး ။ ကိုလှရွှေ တို့လည်း ဒီနေ့ညနေပဲ ဦးသွင် အိမ်ကို သွားကြလေရဲ့ ၊ သူတို့ အဲဒီ သွားကြတုန်း ကျွန်တော် ဒီကို လာတာပဲ ”

ဒေါ်ဒေါ် သည် ဘာမျှမပြောဘဲ ငေးနေသည် ။

ကျွန်တော်လည်း ငြိမ်၍နေလိုက်သည် ။

အတော်ကြာသောအခါ မခင်သစ် က ထမင်းစားလာခေါ်သဖြင့် ဒေါ်ဒေါ် သည် ထိုင်ရာမှ ထရင်း -

“ လာလေကွယ် မောင်တင်ထွန်း ထမင်းစားသွားပါလား ”

“ မစားတော့ပါဘူး ဒေါ်ဒေါ် ၊ ဆရာတော့ တော်တော်နဲ့ ပြန်မလာသေးဘူး ထင်တယ်နော် ”

“ မပြောတတ်ဘူး ၊ ဘတ်စ်ကားသမားတွေရဲ့ အစည်းအဝေးကို ဆရာဦးဘချို နဲ့ လိုက်သွားတာပဲ ။ ဘတ်စ်ကား သပိတ်တွေကတော့ လှန်ကြမှာ ထင်ပါရဲ့ ၊ ဆရာဦးဘချို တို့ ဝင်စေ့စပ်လို့ တောင်းဆိုချက်တွေ တော်တော်များများပဲ ရတယ် ။ ကော်ဖီ သောက်ပါဦးလား ”

ကျွန်တော်လည်း ထိုင်ရာမှ ထလိုက်ပြီး -

“ မသောက်တော့ဘူး ဒေါ်ဒေါ် ၊ ကျွန်တော် သွားတော့မယ် ”

“ သွားတော့မလား အေးအေး ”

ဒေါ်ဒေါ့် အား ကြည့်ရသည်မှာ အတော်ပင် ပင်ပန်းနွမ်းနယ်နေပုံရသည် ။ ဆာကလည်း အတော် ဆာနေသည် ။ ကျွန်တော့်အား မလွှဲသာ၍ ဧည့်ခံပြောဆိုနေရသော်လည်း ကျွန်တော်သွားတော့မည် ဆိုသောအခါ အတော် သက်သာရာ ရသွားသည်ဟု ထင်သည် ။

မြို့မကျောင်းသို့ ကျွန်တော် ပြန်ရောက်သောအခါ ကိုလှရွှေ တို့ လူစုကား ပြန်မရောက်ကြသေး ။

ယနေ့ စေ့စပ်ရေးအစည်းအဝေးသို့ ကိုလှရွှေ ၊ ကိုအေးကျော် နှင့် ကိုစိုးမောင် တို့သာ လိုက်ပါသွားပြီး ကျန် အမှုဆောင်များ နေရစ်ခဲ့ကြသည် ။ သူတို့ကား ကိုလှရွှေ တို့ အလာကို တမျှော်မျှော်နှင့် စောင့်နေကြသည် ။ အချို့က စာဖတ်နေကြသည် ။ အချို့က အိပ်နေကြသည် ။

ကျွန်တော်ကား ခြေကုန်လက်ပန်း ကျနေသည် ။ စကားဝိုင်းသို့ မဝင်ချင် ။ စာလည်း မဖတ်ချင် ။ ပျော်သွားအောင်သာ အိပ်ပစ်လိုက်လိုပေသည် ။ သို့သော် ဤလို ဂနာမငြိမ်နိုင်အောင် စောင့်ရ မျှော်ရသော အချိန်မျိုး၌ လှဲလိုက်လျှင် လှဲလိုက်ချင်း အိပ်ပျော်နိုင်သည် မဟုတ်ပေ ။ စစ်မြေပြင်တွင် သဲသဲမဲမဲ တိုက်နေကြဆဲ အိပ်လို၍ ခေါင်းချလိုက်လျှင် အိပ်ပျော်သွားတတ်သည် ဆိုသော စစ်သူကြီး နပိုလီယံ ကို ပြေးသတိရမိလေသည် ။

ကျွန်တော်သည် ခေါင်းအုံးတစ်လုံးနှင့် သတင်းစာတစ်စောင် ကို ဆွဲယူပြီး အခန်းတစ်ခန်းတွင်းသို့ ဝင်လေသည် ။ ပက်လက်လှန်လှဲ၍ ဆေးပေါ့လိပ်နှင့် ဇိမ်ယူနေသော ကိုထွန်းရှိန် ကို တွေ့ရ လေသည် ။

“ ပြန်မလာကြသေးဘူး မဟုတ်လား ”

ကျွန်တော်က သူ့ဘေးမှာ ခေါင်းအုံးချရင်း -

“ မလာကြသေးဘူး ၊ သူတို့ ပြန်ရောက်လောက်ပြီဆိုပြီး ကျွန်တော် ပြန်လာတာ ”

“ ကိုယ့်လူက ဘယ်က ပြန်လာတာတုံး ”

“ ရေကျော်က ဆရာဖေတို့ အိမ်က ”

ကိုထွန်းရှိန် သည် ဆေးပေါ့လိပ်ကို လွှင့်ပစ်လိုက်ပြီးနောက် -

“ သူတို့ဆီက ဘာထင်မြင်ချက်တွေများ ပေးကြသလဲ ”

“ ဆရာကတော် ကလေ ၉၁ ဌာနအုပ်ချုပ်ရေးပျက် မှ သပိတ်လှန်ရမယ်တဲ့ ။ မြိတ်က မြို့မိမြို့ဖတွေ ဆုံးဖြတ်ချက် ၊ ဟို လွတ်လပ်ရေးမရမချင်း သပိတ်မှောက်ရမယ် ဆိုတာလေ ။ အဲဒါကို ဆရာကတော်က သဘောကျနေတယ် ”

ကျွန်တော်သည် အိပ်ရာမှ လှဲလိုက်သည် ။

ကိုထွန်းရှိန် က သူ့ဘာသာသူ ပြောဟန်နှင့် ကျွန်တော် ကြားလောက်အောင် - “ အင်း ခက်တော့တာပဲ ”

ကျွန်တော်သည် သတင်းစာဖတ်၍ နေလိုက်လေသည် ။

“ ပုသိမ်ညွန့် ဆားဂိုဒေါင်တွင် ထည့်ထားသော လက်နက် များကို တရုတ်ပြည်သို့ တင်ပို့လိုက်ပြီ ”

“ ပြင်သစ်အစိုးရသည် စပိန်ပြည်သူပုန် ဖရန်ကို အစိုးရကို အသိအမှတ်ပြုရန် ဆုံးဖြတ်လိုက်ခြင်း ”

“ ပညာတော်သင်ရန် ဂျပန်ပြည် သွားချင်သလား ”

ဤ နောက်ဆုံးခေါင်းစဉ်မှာ သတင်း မဟုတ် ၊ ကြော်ငြာဖြစ်သည် ။ ထိုကြော်ငြာကို ထည့်သူမှာ မည်သူပါလဲ ။ International Students Institute, Tokyo နှင့် ဆက်ရမည် ဟု ဆိုထားသည် ။ ဂျပန်ပြည်ကနေပြီး ဤကြော်ငြာကို မပို့တန်ရာ ။ ဗမာပြည်မှာ ဂျပန်ကိုယ်စားလှယ် ရှိတန်ရာ၏ ။

ကျွန်တော်သည် သတင်းစာဖတ်ရင်း စဉ်းစားခန်းဝင်နေခိုက် ကိုထွန်းရှိန် က -

“ ကိုယ့်လူရဲ့ သူငယ်မကလေးကော တွေ့ခဲ့သေးသလား ”

“ ဘယ်သူ့ကို ပြောတာလဲဗျ ”

“ ဆရာဖေ့ သမီး မခင်သစ် လေ ”

“ ဒီလို မပြောပါနဲ့ဗျာ ၊ ကျွန်တော် စိတ်တောင် မကူးမိသေးပါဘူး ”

“ ဟုတ်ကဲ့လား ကိုယ့်လူ ၊ တကယ် စိတ်မကူးတာလား ၊ ဒီလိုဆိုရင် ကိုယ်တို့တောင် ပြိုင်ပွဲဝင်နိုင်သေးတာပေါ့ ”

“ တကယ် စိတ်မကူးသေးပါဘူး ၊ ကောင်မလေးက ငယ်ငယ်ကလေး ရှိသေးတယ်ဗျ ”

“ တောက်တီးတောက်တဲ့ ဘယ် ငယ်ရမှာလဲ ၊ ၁၅ နှစ်တော့ ကျော်ရောပေါ့ ၊ ကိုယ့်လူ ဟန်ဆောင် မနေနဲ့ ၊ ဘေးလူအဖြစ်နဲ့ အကဲခတ်ကြည့်တော့ ကိုယ့်လူဟာ ကောင်မလေးကို ဘာကလိုတိုတို ဖြစ်နေပြီ ဟဲ ဟဲ ”

ကျွန်တော်ကလည်း ဘာမျှ မပြောတော့ဘဲ ဟဲ ဟဲ နှင့် အသံထွက်၍ ပြုံးနေလိုက်ပါသည် ။ သူပြောခါမှ မခင်သစ် ကလေးအား မြင်ယောင်နေသည် ။ အလှကြီး လှသည် မဟုတ်သော်လည်း ကျက်သရေ ရှိသည် ။ ချိုသည် ။ ချစ်စရာ ကောင်းသည် ။

သတင်းစာကို ဆက်ဖတ်သည် ။

“ လားရှိုး နှင့် ချုံကင်း လေယာဉ်ပျံ အမြဲ သွားတော့မည် ”

မခင်သစ် ကလေးဟာ ငယ်ပေမယ့် လိမ္မာတယ် ။ မျိုးချစ်စိတ် ရှိတယ် ။

“ ဂျပန် ကြုံးဝါးသံကို ဖတ်ပါ ” 

မခင်သစ် ကလေးဟာ ကဗျာဂီတမှာ အရွယ်နဲ့ မလိုက်အောင် တော်တယ် ။

“ ဂျပန်တိုင်း သတင်းစာကို ဖတ်ပါ ၊ အရှေ့အာရှအကြောင်း နားလည်ပါ ”

သတင်းစာကို ရင်ဘတ်ပေါ် ချထားလိုက်သည် ။

မခင်သစ် ၊ တရုတ် ၊ ဂျပန် ၊ မခင်သစ် ၊ ဖရန်ကို ၊ ချိန်ဘာလိန် ၊ မခင်သစ် ၊ မျက်စိထဲမှာ ထွေးလုံး ရစ်ပတ် ပေါ်နေသည် ။

အိပ်ပျော်သွားလိုက်သည်မှာ မနက် ၅ နာရီခွဲလောက် ကိုထွန်းရှိန် လာ နှိုးမှ နိုးတော့သည် ။

“ ကိုလှရွှေ တို့ ပြန်လာကြပြီလား ”

ကိုထွန်းရှိန် ၏ မျက်နှာ မှာ အဆီတွေ ဝင်းနေသည် ။ မျက်တွင်းလည်း အနည်းငယ် ဟောက်နေပုံ ရသည် ။

“ ကြာလှပြီ ပြန်ရောက်တာ ”

“ ဘာတွေရခဲ့ကြသလဲ ၊ အခြေအနေ ဘယ်လို နေသလဲ ”

ကိုထွန်းရှိန် သည် သူ့ထက်ထဲက စာရွက်တွေကို ကျွန်တော့်အား ပေးရင်း -

“ အဲဒါတွေပဲ ။ ကိုယ်တို့ မနေ့ညက ၂ နာရီ မှာမှ အစည်းအဝေး လုပ်ရတယ် ။ ကိုလှရွှေ ၊ ကိုသိန်းအောင် ၊ ကိုအေးကျော် ၊ ကိုစိုးမောင် ၊ ကိုကျော်မြင့် ၊ ကိုသောင်းခင် ၊ ကိုဘစံ ၊ မြို့မကိုသန်းတင် နဲ့ ကိုယ်တို့ တက်ကြတယ် ။ တို့ ဖိတ်ကြားချက် အရ အပြင်က တက်တဲ့ လူတွေ ကတော့ သခင်နု ၊ သခင်အောင်ဆန်း ၊ သခင်သိန်းဖေ ၊ ကိုကျော်ငြိမ်း နဲ့ ကိုချစ် တို့ ဖြစ်တယ် ။ ကိုလှရွှေ တို့လူစုက နန်းရင်းဝန်ဦးပု နဲ့ စေ့စပ်ဆွေးနွေးချက် သဘောတူညီချက် များကို တင်ပြကြတယ် ။ တစ်ညလုံး ဆွေးနွေးပြီး လက်ခံကြဖို့ ဆုံးဖြတ်တယ် ။ ခုပဲ အစည်းအဝေးပြီးတယ် ”

“ သပိတ်လှန်ဖို့ ဆုံးဖြတ်ပြီးပြီလား ”

“ အင်း ၊ ဆုံးဖြတ်ပြီးပြီ ။ အဲဒါတွေကို ကိုယ့်လူ လက်နှိပ်စက် လုပ်ပေးဦးမှပဲ ။ ချက်ချင်း သတင်းစာတိုက်တွေကို ပို့ရမယ် ၊ ဟုတ်လား ”

စာရွက် များကို ယူ၍ ဟိုလှန်သည်လှန် အပေါ်ယံ လျှံ၍ ကြည့်ရင်း ကျွန်တော်က

“ ဟုတ်ပြီလေ လုပ်တာပေါ့ ”

“ ကိုယ်တော့ အိပ်လိုက်ဦးမယ် ”

ကိုထွန်းရှိန် သည် ကျွန်တော့် ခေါင်းအုံးကိုပါ သူ့အိပ်ရာသို့ ယူသွားပြီး ခေါင်းအုံး ၂ လုံးကြားမှာ ခေါင်းကို ထား၍ တစောင်းခွေကာ အိပ်နေလေသည် ။

သပိတ် လှန်လိုက်ပြီ ။

ကျွန်တော်သည် ဤသတင်းကို အငြိမ်မနေနိုင်အောင် စောင့်နေခဲ့သော်လည်း ကြားရတော့ မအံ့ဩ ၊ မျှော်လင့်နေပြီဖြစ်သည် ။ ဝမ်းလည်း မသာ ဝမ်းလည်း မနည်း ။

တောင်းဆိုချက်တွေကော အငြိမ် မနေနိုင်အောင် စောင့်နေခဲ့သော်လည်း ကြားရတော့ မအံ့ဩ ၊ မျှော်လင့်နေပြီဖြစ်သည် ။ ဝမ်းလည်း မသာ ၊ ဝမ်းလည်း မနည်း ။

တောင်းဆိုချက်တွေကော ဘယ့်လောက် ရလို့ ဘယ့်လောက် မရသလဲ ။ ဦးပု အစိုးရ နဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေ ဘာတွေများ သဘောတူညီခဲ့ကြသလဲ ။

ကျွန်တော်သည် အခန်းထဲမှ စင်္ကြသို့ ထွက်ခဲ့ပြီး စင်္ကြတံတိုင်းပေါ်တွင် လက်ပိုက်၍ အပြင်သို့ ငေးကြည့်နေသည် ။ မြင်းပြိုင်ကွင်းဟောင်းကြီးထဲတွင် မြူတွေ ဆိုင်းနေသည် ။ နေမင်းကား မထွက်သေး ။ အရှေ့ကောင်းကင်မှာ နှင်းဆီရောင်စို့နေသည် ။ ရွှေတိဂုံစေတီတော်ကြီး ကား မြူများ ကြားတွင် ဂွမ်းနုလွှာကြားက ရွှေတောင်ကြီးလို တည်နေလေသည် ။ ငှက် များသည် ဥဒဟို ပျံသန်းရင်း နံနက်သီချင်းများ ကျူးရင့်နေကြ၏ ။ ဥဩတွန်သံသည် ရင်တွင်းမှာ စိမ့်သွားအောင် သာယာအေးမြသည် ။

ကျောင်းပိတ်ချိန်ပါတကား ။

သို့သော် ကျောင်းတွေကို သပိတ်လှန်လိုက်ပေပြီ ။

အတန်ကြာ နံနက်ခင်းအလှကို နံနက်ခင်းလေညင်းနှင့်တကွ ရှူရှိုက်ပြီးနောက် သက်ပြင်းချ၍ ရင်လေးမှုကို ပေါ့စေပြီး တိုက်ပ်ရိုက်ရမည့် စာရွက် များကို ဖတ်လိုက်သည် ။

မြို့မိမြို့ဖများ နှင့် အစိုးရမင်းတို့သည် ကျောင်းသားများကိစ္စနှင့်ပတ်သက်၍ အောက်ပါ အချက် များကို သဘောတူညီကြပြီ ဖြစ်ကြောင်း ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်းက ၎င်းတို့ လက်အောက်ရှိ ကျောင်းသားအားလုံးကို အောက်ပါအချက်အလက် များကို လိုက်နာစေရမည် ။
( က ) တရားဥပဒေနှင့် ဆန့်ကျင်သော အမှုများကို ပြုလုပ်ခြင်းမှဖြစ်စေ ၊ အားပေးခြင်းမှဖြစ်စေ ၊ ရှောင်ကြဉ်ကြရမည် ။
( ခ ) ယခု လက်ရှိ တက္ကသိုလ်ကျောင်းနှင့် စာသင်ကျောင်း သပိတ်မှောက်ခြင်းများကို ရပ်စဲရမည် ။

အစိုးရက အောက်ပါအတိုင်း ဆောင်ရွက် မည်ဖြစ်ကြောင်း ။
၁ ။ အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောခြင်း ၊ အကြမ်းပြုလုပ်ခြင်း ၊ အကြမ်းပြုလုပ်အောင် လှုံ့ဆော်ပေးခြင်း ပါဝင်သော အမှုများမှတစ်ပါး ယခုလက်ရှိ ဆူပူသပိတ်မှောက် မှုနှင့် ပတ်သက်၍ ဖမ်းဆီးခြင်း ၊ သို့မဟုတ် စစ်ကြောစီရင်၍ အပြစ်ဒဏ်ပေးခြင်းခံရသော တပည့် ကျောင်းသားများအားလွှတ်မည် ။ အစိုးရအား အကြည်ညိုပျက်အောင် ဟောပြောခြင်း ၊ အကြမ်းပြုလုပ်ခြင်း အကြမ်းပြုလုပ်စေရန် လှုံ့ဆော်ပေးခြင်းများ မပါဝင်သည့် အမှုများနှင့် စပ်လျဉ်း၍ တရားရုံးတော်တွင် အစစ်ဆေးခံနေရသူတို့ အတွက် မှာ အစိုးရမင်းတို့က စီရင်စုနယ် ရာဇဝတ်တရားသူကြီးအား ဆိုင်ရာအမှုလိုက် ရှေ့နေနှင့် တိုင်ပင်၍ အမှုကို ရုပ်သိမ်းခွင့်ပြုရန် သင့်မသင့်ကို စဉ်းစားရန်အတွက် ပြောကြားလိမ့်မည် ။ ဤအချက်၌ တရားဥပဒေအရ တရားရုံးတော်က ဆုံးဖြတ်သည့်အတိုင်း တည်မည် ။
၂ ။ ယနေ့မတိုင်မီ လက်ရှိ စာသင်ကျောင်းနှင့် တက္ကသိုလ်ကျောင်း သပိတ်မှောက်ခြင်းများနှင့် ပတ်သက်၍ ကျူးလွန်ကြသော အမှုများအတွက် ကျူးလွန်သည့်အမှုသည် အကြမ်းဖြစ်စေ ၊ ရာဇဝတ်မှုဖြစ်စေ ၊ မကျူးလွန်လျှင် တပည့်ကျောင်းသားများအား ကျောင်းစည်းကမ်းအရ အရေးယူလိမ့်မည် မဟုတ်ချေ ။
၄ ။ ကျောင်းစားမေးပွဲနှင့် ပတ်သက်၍ ယခုလက်ရှိ သပိတ်ကို လှန်ပြီးနောက် အနည်းဆုံး သုံးလခွာ၍ နောက်ထပ် စာမေးပွဲများ ကျင်းပလိမ့်မည် ။ ၎င်းစာမေးပွဲအတွက် ဝင်ခများမှာ စာမေးပွဲဝင်သည့်ကျောင်းသား ဖြေဆိုမည့် ဘာသာရပ်အတွက် အချိုးကျ ပေးရလိမ့်မည် ။ တက္ကသိုလ်ကျောင်း စာမေးပွဲ အတွက်လည်း ထိုနည်းအတူ အရေးယူရန် အစိုးရက ဆိုင်ရာသို့ ထောက်ခံအကြံပေးလိမ့်မည် ။
၅ ။ ၁၉၃၈ - ခုနှစ် ၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် အတွင်းဝန်များရုံးအနီး၌ ပုလိပ်များနှင့် ကျောင်းသားများ ဖြစ်ပွားသည့်ကိစ္စအတွက် စုံစမ်းရေးကော်မတီကြီးတစ်ခု ခန့်ထားလိမ့်မည် ။ ၎င်းအဖွဲ့၌ အစိုးရအရာရှိ မဟုတ်သော ပုဂ္ဂိုလ်များ ပိုမိုပါဝင်လိမ့်မည် ။

( ပုံ ) မောင်ပု ၊ နန်းရင်းဝန်ကြီး
၂၆ - ၂ -၃၉

( ပုံ ) ဦးသွင် ၊ မြို့မိမြို့ဖအဖွဲ့ ဥက္ကဌ
၂၆ - ၂ -၃၉

( ပုံ ) လှရွှေ ၊ မြန်မာနိုင်ငံလုံးဆင်ရာ
ကျောင်းသားများသမဂ္ဂအသင်း
၂၆ - ၂ - ၃၉

' အထက်ပါ လက် မှတ်ထိုးသောစာတမ်းကို ထပ်မံ၍ အဓိပ္ပာယ်များ ပေါ်လွင်အောင် ရှင်းလင်းပြ သောအခါ အောက်ပါ အစည်းအဝေးမှတ်တမ်းများကို ထောက်ထား၍ နားလည်ကြရမည် ဖြစ်ကြောင်း ' ဟုဆိုကာ ၂၃ ရက် ၊ ၂၅ ရက် နေ့က အစည်းအဝေးမှတ်တမ်းများကို ဖော်ပြထားလေသည် ။

ထိုမှတ်တမ်းများတွင် ကျောင်းသားများသည် မကျေနပ်သော အချက်များကို တောင်းဆို၏ ။ ရသင့်သောအချိန်တွင် မရ၍ အကြမ်းမဖက်ဘဲ အနုသက်သက်ဖြင့် သပိတ်မှောက်ခဲ့သော် ၊ သို့မဟုတ် သပိတ်တားခဲ့သော် မတရားဟု မဆိုနိုင်ကြောင်း ။ ' အစိုးရအား အကြည်ညိုပျက် မှု ' ဆိုသော စကားပါသော်လည်း အကြည်ညိုပျက် မှု နှင့်အကြမ်းဖက် မှုတို့ဖြင့် ဖမ်းဆီးခြင်း ၊ စစ်ဆေးခြင်း ၊ အပြစ်ပေးခြင်း ခံရသောအမှု တစ်ခုမျှ မရှိကြောင်း ။ ဘုရင်ခံ၏ တစ်ချက်လွှတ် ရန်ကုန်မြို့ လတ်တလောလုံခြုံရေးဥပဒေနှင့် အခြား ပြည်သူ့လွတ်လပ်မှုကို ချုပ်ချယ်သော ၊ ဥပဒေများကို ပြန်၍ရုပ်သိမ်းရန် အစိုးရအဖွဲ့က ဘုရင်ခံအား တိုက်တွန်းမည်ဖြစ်ကြောင်း ။ ၎င်းအပြင် တစ်ပြည်လုံးတွင် ပုဒ်မ ( ၁ဝ၇ ) ၊ ( ၁ဝ၈ ) ၊ ( ၁၄၄ ) ပုလိပ်ဥပဒေ နှင့် ဘုရင်ခံ တစ်ချက်လွှတ် ဥပဒေများအရ တရားစွဲခံရ၍ အပြစ်ဒဏ်ပေးခံရသောကျောင်းသား မဟုတ်သူများအား ကျောင်းသားများနည်းတူ လွှတ်ပစ်ရန် အစိုးရအဖွဲ့က ဘုရင်ခံအား တိုက်တွန်းမည်ဖြစ်ကြောင်း ၊ ရန်ကုန် မန္တလေး တို့၌ ပုလိပ်နှင့် စစ်ပုလိပ်တို့က တုတ်နှင့်ရိုက်ခြင်း ၊ သေနတ်နှင့် ပစ်ခြင်း စသော ကိစ္စများကို စုံစမ်းရန် ဖွဲ့သော စုံစမ်းရေးကော်မတီများတွင် ကျောင်းသားများ ကျေနပ်သော ဟိုက်ကွတ် တရားသူကြီး တစ်ယောက်ကို ထည့်ရန် နန်းရင်းဝန်ဦးပု က သဘောတူကြောင်း ။ ကျောင်းသားများအရေး ပေါ်သည့်နေ့မှစ၍ အမျိုးမျိုးသော အကူအညီပေးသော ကျောင်းဆရာ ဆရာမများနှင့် ကျောင်းများပေါ်တွင် လုံးဝ အပြစ် မယူပါကြောင်း စသည်များပါလေသည် ။

၎င်းပြင် ပုဒ်မ ၁၄၄ ထုတ်ထားသော မြို့ပေါင်း ၁၆ မြို့ ရှိခဲ့ရာ စေ့စပ်ချက်ပြုသော အချိန်တွင် ၃ မြို့ မှာသာ ထုတ်ထားသည်ဖြစ်ပြီး ကျန် ၃ မြို့ တွင် လူမျိုးရေးအဓိကရုဏ်း ရှိနေသဖြင့် မရုပ်သိမ်း ရခြင်း ဖြစ်ကြောင်း ဦးပု က ဖြေရှင်းထားလေသည် ။

ကျွန်တော်တို့၏ ကျောင်းသားများသည် ရေနံမြေသပိတ်များကို ကူညီရန်သွားကြသော ကိုဘဟိန်း နှင့် ကိုဗဆွေ တို့အား အစိုးရတို့က ဖိနှိပ်ချုပ်ချယ်မှုများကို ဖီဆန်ပွဲ ၊ အင်အားပြပွဲများ လုပ်ခဲ့သည် ။ သပိတ်မှောက်ခဲ့ကြသည် ။ ပြည်သူတို့၏ လွတ်လပ်ခွင့်များ ဒီမိုကရေစီ အခွင့်အရေးများအတွက် တိုက်ပွဲဝင်ခဲ့ကြသည် ။ ယခု ထိုကိစ္စများတွင် အစိုးရက အတော်အတန် အလျှော့ပေးရန် သဘောတူညီခဲ့ပြီ မဟုတ်ပါလော ။ ထို့ကြောင့် ကျွန်တော်တို့ ကျောင်းသား ခေါင်းဆောင်များ သပိတ်လှန်ရန် ဆုံးဖြတ်ခြင်းသည် တကယ်တော့ အရှုံးပေးခြင်း မဟုတ်ပါ ။ ထို့ကြောင့် အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျွန်တော့်အနေနှင့် ကျေနပ်စွာ လက်ခံပေသည် ။

သို့သော် ကျွန်တော်တို့သည်

“ အလုပ်သမား ၊ လယ်သမားနှင့် ကျောင်းသားတို့ သွေးစည်းပြီး အရေးတော်ပုံကြီး အောင်မြင်အောင် လုပ်ကြ ”

“ ၉၁ ဌာန အုပ်ချုပ်ရေး ဖြိုဖျက်ကြ ”

“ ဗမာ့လွတ်လပ်ရေး အရယူကြ ”

စသော ဆောင်ပုဒ်များကို အများဆုံး ဖော်ထုတ်ထားကြသည် ။

ပြည်သူလူထုများကလည်း ကျွန်တော်တို့၏ အရေးတော်ပုံသည် ထိုဆောင်ပုဒ်များကို ချက်ချင်း အကောင်အထည်ဖော်တော့မည်ဟု ထင်ကြသည် ။ ထို့ကြောင့် အလုပ်သမားလယ်သမားတို့အရေး မအေးဘဲနှင့် ကျောင်းသားက ခွဲပြီး ဘာလို့ စေ့စပ်အေးငြိမ်းရမည်လဲ ။

၉၁ ဌာန အုပ်ချုပ်ရေး မပျက်ဘဲ ဘာလို့ သပိတ်လှန်ရမှာလဲ ဟူသော မေးခွန်းများသည် ပျံ့နှံ့ လာပေ၏ ။

သံသယများသည် ရှုပ်ထွေးစွာ ပေါ်လာပေ၏ ။ လွတ်လပ်ရေးရမှ သပိတ်လှန်ရမည် ဟု တိုက်တွန်းသူတို့က တိုက်တွန်းလာကြပေ၏ ။

ရဲရဲတောက် ကိုသန်းတင် သည် အလုပ်အမှုဆောင်အဖွဲ့တုန်းက သပိတ်လှန်ရန် သဘောတူပြီးမှ အပြင်တွင် ကန့်ကွက်ကာ အတိုက်အခံ လုပ်လာ၏ ။ သမဂ္ဂအလုပ်အမှုဆောင် ဆုံးဖြတ်ချက်ကို ထောက်ခံသောအားဖြင့် တစ်နာရီမျှ သပိတ်လှန်ပြီး ဆက်၍ သပိတ်မှောက်ကြရန် သူ့လူစုအား လမ်းစဉ်ချပေး၏ ။ သပိတ်လှန်ရေးလမ်းစဉ်သည် တက္ကသိုလ်ကျောင်းသားကြီးများ ရာထူး မျှော်မှန်းနေသူများ၏ လမ်းစဉ်ဟု ပုတ်ခတ်၏ ။ သူတို့ဘက်က ဟိုက်စကူးကျောင်းများ ၊ တိုင်းရင်းမြန်မာများ ပါသည်ဟု ဆိုပေ၏ ။

တိုးတက်ရေး သတင်းစာ ၊ ဆယ်သန်း သတင်းစာ စသည်တို့က ရဲရဲတောက်တို့ ဘက် မှ အသားပေး ဖော်ပြကြ၏ ။ သပိတ်လှန်ဘက်က နေသူများအား အမျိုးမျိုး ပုတ်ခတ်ရေးသားကြ၏ ။

'ကိုလှရွှေ သည် အောင်ကျော် အား သတ်သော တရားခံ ' ဟူ၍ စာလုံးမည်းကြီးများဖြင့် ရှုတ်ချကြ၏ ။ ' ကျောင်းသားများ က သင့်အား အာဏာကုန် ပေးအပ်ခြင်းသည် လိုလားချက်ကလေး မဟုတ် ၊ မြန်မာပြည် လွတ်လပ်ရေးရရန်ဟု မျှော်လင့်တကြီးကြီးစွာနှင့် သင့်အား ခေါင်းဆောင် တင်မြှောက်ခြင်းကို သင် မသိ၍ ဤကဲ့သို့  ဦးပု စသော ဝန်ကြီးချုပ်အဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ခြင်းပေလော ”   ဟု မေး၏ ။

တိုးတက်ရေးသတင်းစာတွင် ' ကျောင်းသားကိစ္စနှင့် သခင်ကိစ္စ ' ဟူသော ခေါင်းစဉ်ဖြင့် သခင်နု ဓာတ်ပုံ နှင့် တက်ဘုန်းကြီးကိုသိန်းဖေ တို့၏ ဓာတ်ပုံများကို ဘေးတစ်ဖက်တစ်ချက် မှာ ထည့်ကာ ဆောင်းပါးတစ်ခု ထည့်လိုက်လေသည် ။ သခင်နု ၊ သခင်အောင်ဆန်း နှင့် သခင်သိန်းဖေ ။ ဤ ရဲဘော်သုံးဦးသည် ကျောင်းသား မဟုတ်သော်လည်း ကျောင်းသားကိစ္စ၌ ပါဝင်၏ ။ သခင် မဟုတ်သော်လည်း သခင် လုပ်ကြ၏ ။ နိုင်ငံရေး၌လည်း ပါဝင်ကြသေး၏ ။ အကြောင်းမည်သို့နည်း ဟု မေး၏ ။ ဤရဲဘော်သုံးဦးကြောင့် သပိတ်လှန်သည် ဟု ဆို၏ ။ ၆ - ၃ - ၃၉ နှင့် ၉ - ၃ - ၃၉ တိုးတက်ရေး သတင်းစာ သတင်း နှင့် မှတ်ချက်၌ လေးကျွန်းသား စကားပြောခန်းတွင် ကျောင်းသား အရေးတော်ပုံသည် တက်ဘုန်းကြီးသိန်းဖေ ၊ သခင်နု ၊ သခင်အောင်ဆန်း တို့ကြောင့် ဖရိုဖရဲ ဖြစ်ကြသည်ဟု ထင်ကြေးပေး၏ ။ ထိုသုံးဦးသည် ပူးသတ်ကြသော သူလျှိုလို လူစားများဖြစ်သည် ဟု ရေးထားပေ၏ ။

ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံး က ' ကျောင်းသားများသည် အုပ်ချုပ်ရေးတိုက်ဖျက်ရန် နိုင်ငံရေးစကားများ ဆက်အော်ခဲ့ကြသော်လည်း အုပ်ချုပ်ရေး တည်တံ့စေသော သဘော သက်ရောက်နေသဖြင့် ဝမ်းနည်းကြောင်း ' ဟု ဆုံးဖြတ်လေသည် ။ ၎င်းနောက် တက်ဘုန်းကြီး သခင်သိန်းဖေ အား ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးမှ ထုတ်ပစ်သည် ဟု ကြေညာလေသည် ။

အထက်ပါ အရေးအသား အဖြစ်အပျက် များကြောင့် ကျွန်တော့်မှာ များစွာ အားယုတ်မိသည် ။ စိတ်ပျက် မိသည် ။ သပိတ် မလှန်လျှင် မဖြစ် ဟု နားလည်နေသော်လည်း သပိတ်လှန်ရေး ဘက်က နေပြီး ပြောရ ၊ ဆိုရ ၊ လုပ်ရ ၊ ကိုင်ရမှာ ကြောက်လာလေသည် ။ မမြင့်ဦး လို ကိုယ့်အိမ်ကိုယ့်ရွာ ပြန်ပြီး အေးအေးစာဖတ်၍သာ နေလိုတော့သည် ။

မမြင့်ဦး ဆီ လိုက်သွားပြီး အတူ စာဖတ်နေရလျှင် ပိုကောင်းဦးမည်ဟုပင် စိတ်ကူးပေါက် မိသည် ။

ကျွန်တော့်မှာ ထွက်လို့သာ ထိုင်နေလိုက်ချင်လေသည် ။

ကျွန်တော်သည် သပိတ်လှန်ရန် တစ်လမ်းတည်းသာ ရှိတော့သည်ဟု နားလည်ခဲ့သူဖြစ်၏ ။ ထို့ကြောင့်လည်း ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ နှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အလုပ်အမှုဆောင် တို့က နောက်တက် ဦးပု အစိုးရထံမှ အတတ်နိုင်ဆုံးသော လိုက်လျောချက် များကို ရယူကာ သပိတ်လှန်ရန် ဆုံးဖြတ်ခြင်းတွင် အမှားဟူ၍ တစ်ရွေးသားမျှ မမြင်ခြင်း ဖြစ်ပေသည် ။

သို့သော် စိတ်အတက်အကျမြန်သော အရပ်သားတို့က ဤအရေးတော်ပုံနှင့် ကျောင်းသားသပိတ်မှ ဗမာပြည်၏ လွတ်လပ်ရေး ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ပြီး လွတ်လပ်ရေးရမှ သပိတ်လှန်ရမည်ဟု တောင်းဆိုနေလေသည် ။ ချိန်ခွင်ကိုင်နေသော ဈေးသည်တို့သည် ကုန်ချိန်တွယ်ရာမှာ ချိန်ခွင်လျှာကို ထိန်းနိုင်သော်လည်း နိုင်ငံရေးဝေဖန်ခန်းတွင် ချိန်ခွင်လျှာကို မထိန်းနိုင်ဘဲ ကိုလှရွှေ အား အာဏာရှင် ဟု ခေါ်ရင်းက ကိုလှရွှေ ပြောသမျှ စကားတို့သည် အာဏာရှင်လို တန်ခိုးထက်ရမည်ဟု ယူဆလာလေသည် ။ အာဏာရှင်ကိုလှရွှေ က တစ်ချက်ဟောက်လျှင် ဗြိတိသျှ အင်ပိုင်ယာကြီး ပျက် မလောက် ထင်မြင်လာလေသည် ။ ထို့ကြောင့်တောင်းဆိုချက် တစ်ဝက် တစ်ပျက် ရရုံနှင့် တိုက်ပွဲကို မရုပ်သိမ်းသေးဘဲ အိမ်ခြေ တစ်သန်းငါးသိန်း သွက်သွက်ခါ လှုပ်ရှားသွားသည်အထိ ဆင်နွဲစေချင်ကြသေးသည် ။

ထိုသူတို့အား ရှင်းလင်းပြ၍ ကိုယ့်ဘက်သို့ ပါလာအောင် သိမ်းသွင်းရန် ကျွန်တာ့်မှာ နိုင်ငံရေး ကျွမ်းကျင်မှု မရှိ ။ သူတို့ ပြောသမျှကို ခံနိုင်သော နိုင်ငံရေး အရေထူမှုလည်း မရှိ ။ အရှုံးကို ရင်ဆိုင် ရဲသော ဇွဲလည်းမရှိပေ ။

ကျွန်တော်ကား အတွေ့အကြုံများစွာ နည်းသေးသော ကျောင်းသားနိုင်ငံရေးသမား မနူးမနပ်ကလေး မျှသာ ဖြစ်ပေသည်တကား ။

အခက်တကာ့ အခက်ဆုံးမှာ မြို့မကိုသန်းတင် တို့ လူစု ဖြစ်လေသည် ။

ကိုသန်းတင် တို့သည် ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်းပေါင်းချုပ် အလုပ်အမှုဆောင် တစ်ဦးအနေနှင့် ဦးပု ၊ ကိုလှရွှေ သဘောတူညီချက်ကို လက်ခံပြီး သပိတ်လှန်ရန် ဆုံးဖြတ်သည်တွင် သူလည်း ပါဝင်၏ ။ သတင်းစာထဲ၌ သပိတ်လှန်ရန် ထောက်ခံသော သူ၏ သီးခြားကြေ ငြာချက်ကိုပင် ထုတ်ပြန်ခဲ့သေးသည် ။

သို့ပါလျက် သူခေါင်းဆောင်သော ရန်ကုန်မြို့ အင်္ဂလိပ် - မြန်မာ အထက်တန်းကျောင်းများ နှင့် မြန်မာစာ အထက်တန်းကျောင်းများမှ ကျောင်းသားခေါင်းဆောင် အချို့တို့သည် အဆိုပါ သပိတ်လှန်ရန် ဆုံးဖြတ်ချက်ကို ကဖျက်ကဖျက် လုပ်လာလေသည် ။ ' ကိုလှရွှေ၏ အမိန့်ကို နာခံသောအားဖြင့် သပိတ်လှန်ရမည်နေ့တွင် နံနက် ၆ နာရီ မှာ လှန်ပြီး နံနက် ရ နာရီတွင် မူမမှန်သော သပိတ်လှန်ခြင်းကို မကျေနပ်သောအားဖြင့် ပြန်မှောက်ရမည် ' ဟု ညွှန်ကြားချက် ထုတ်လေသည် ။ ကိုသန်းတင် ၏ ကောင်းမှုကြောင့် မှောက်သူ မှောက် ၊ လှန်သူ လှန် ဖြစ်ကုန်ကြသည် ။ သပိတ်ကို မှောက်လိုက် လှန်လိုက် လုပ်ကုန်ကြသည် ။ ကိုသန်းတင် တို့ လူစုသည် တိုက်ပွဲကို ကလေးကလား ကစားသလို လုပ်ပစ်နေကြလေ၏ ။

ရဲရဲတောက် ကိုသန်းတင် ။

ရဲရဲတောက် ကိုသန်းတင် အား တိုးတက်ရေး ဆယ်သန်း စသော သတင်းစာများတွင်ကလည်း မြှင့်တင်ပေးကြ၏ ။

ရဲရဲတောက် လုပ်ငန်းများ ဆက်လုပ်ရန်ဟူသော ရဲရဲတောက်ကြေညာချက် များကို ထုတ်လျက် ရဲရဲတောက် ကိုသန်းတင် နှင့် အဖော်တစ်စု တို့သည် မြို့မသပိတ်စခန်း မှ ရွှေတိဂုံစခန်း သို့ ရွှေ့ သွားကြလေ၏ ။ ၉၁ ဌာန အုပ်ချုပ်ရေး ပျက် မှသော်လည်းကောင်း ၊ လွတ်လပ်ရေး ရမှ သော်လည်း ကောင်း သပိတ်လှန်ရန် သန္နိဌာန်ချကြလေကုန်၏ ။

သူတို့ကလည်း ရွှေတိဂုံရင်ပြင်တော်ပေါ် မှာ အစည်းအဝေးကြီး ကျင်းပလေသည် ။ သူတို့၏ ကျောင်းသားအင်အားစု သာမက လွတ်လပ်ရေး မရမချင်း သပိတ်မှောက်နေစေလိုသော မြို့မိမြို့ဖ အချို့ နှင့် တို့ဗမာအစည်းအရုံးခေါင်းဆောင် သခင် အချို့ တက်ရောက်ကြလေသည် ။ ထို အစည်းအဝေးတွင် ကိုသန်းတင် နှင့် အခြား ရဲရဲတောက် တစ်စုက ကိုလှရွှေ နှင့် တက္ကသိုလ်သမဂ္ဂ ခေါင်းဆောင်တို့သည်မိုးလားကဲလား ပြောပြီး အဖျားရူးသွားပြီ ဖြစ်ကြောင်း ၊ ကျောင်းသားများ နှင့် တိုင်းသူပြည်သားတို့အား အသက်သေသေ အရိုးကြေကြေ ၉၁ ဌာန အုပ်ချုပ်ရေး ပျက်သည်အထိ ရဲရဲတောက် ချီတက်ရမည်ဟု အမိန့်ပေးပြီး ၊ ခုတော့ ၉၁ ဌာန သက်ဆိုးရှည်စေမည့် ဦးပု အစိုးရထံမှ ဘာမျှ မဖြစ်လောက်သော လိုက်လျောချက်ကလေးများကို လက်ခံကာ သပိတ်လှန်ခြင်းမှာ သစ္စာဖောက်ရာ ရောက်ကြောင်းများ ဟောပြောကြလေသည် ။ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အသင်းချုပ်ကြီးသည် တို့ဗမာအစည်းအရုံးကြီး နှင့် သီးခြားလို နေခဲ့သည်ဟုလည်း ဆိုလေသည် ။ ကျောင်းသားများသမဂ္ဂ အသင်းချုပ် ခေါင်းဆောင်များသည် ဤသို့သော အမှားသို့ ရောက်ရန် ဩဇာပေးကြိုးကိုင်နေသူများမှာ သခင်နု ၊ သခင်အောင်ဆန်း ၊ တက်ဘုန်းကြီးသိန်းဖေ ၊ ဆရာချစ် နှင့် ကိုကျော်ငြိမ်း တို့ ဖြစ်ကြောင်း တရားခံများအဖြစ်နှင့် ဖော်ထုတ်လေသည် ။

သို့သော် ကိုသန်းတင် လူစု က ဘယ်လိုပင် ပြောပြော ၊ ကျောင်းသားအများက ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ညီညွတ်ရေးကိုသာ တောင့်တနေကြသည် ။ တကွဲတပြား လုပ်ကြခြင်းကို မလိုလားကြ ။ ကျောင်းသားအဖွဲ့အစည်း စင်ပြိုင်ထောင်ခြင်းကို ကန့်ကွက်ကြသည် ။ ထို့ကြောင့် ထိုအစည်းအဝေးမှ ကျောင်းသားသမဂ္ဂ ညီညွတ်ရေးကို ထိန်းသိမ်းရမည် ၊ ထောင်က ထွက်လာပြီ ဖြစ်သော ဥက္ကဌ ကိုဘဟိန်း နှင့် အတွင်းရေးမှူး ကိုဗဆွေ တို့ ကြီးမှူးခေါ်ဆိုလိုက်သည့် ကျောင်းသားလွှတ်တော်သို့ တက် မည် စသဖြင့် ဆုံးဖြတ်ချက် ချလေသည် ။

ကိုသန်းတင် လူစု အများဆုံး ပြောဆိုနေသော စကားတစ်ခုမှာ “ ကောလိပ်ကျောင်းသားတွေ ထင်ရာလုပ်သွားလို့ ဒီလိုဖြစ်ရတယ် " ဟူ၍ ဖြစ်လေ၏ ။ ကိုသန်းတင် တို့ လူစု ၊ အထက်တန်း ကျောင်းသား အတော်များများ နှင့် မြန်မာဘာသာ ကျောင်းသားများ ၊ အရပ်သူ အရပ်သား အချို့၏ အထင်တွင် သမဂ္ဂအသင်းချုပ်အလုပ်အမှုဆောင်တွင် ကောလိပ်ကျောင်းသားတွေသာ လွှမ်းနေသည် ။ကောလိပ်ကျောင်းသားတို့သည် ဘွဲ့ထူးဂုဏ်ထူး နှင့် ရာထူးရာခံတွေ အတွက် ပြင်ဆင်နေသူများ ဖြစ်သည် ။ ရာထူးရာခံ ကိုယ်ကျိုးနှင့် မျှားလျှင် ပါလွယ်သည် ။ ထို့ကြောင့် ယင်းသို့ ဦးပု အစိုးရနှင့် စေ့စပ်ပြီး သပိတ်လှန်ခြင်းမှာ ရာထူးရာခံ ပညာတော်သင်စသော ဆုလာဘ်များကို မျှော်မှန်း၍ လုပ်ကြခြင်းဖြစ်သည် ။ ထို့ကြောင့် ကိုလှရွှေ သည် ပညာတော်သင်အဖြစ်ဖြင့် အရွေးခံရ လိမ့်မည် ။ ဦးပု က ကိုလှရွှေ အား သမ က် ဖမ်းတော့မည် ။ တက်ဘုန်းကြီးသိန်းဖေ သည် ဦးသွင် အား နန်းရင်းဝန်တင်ပြီး အတွင်းဝန် ဖြစ်တော့မည် စသော မဟုတ်တမ်းတရမ်း ကောလာဟလ သတင်းများ လွင့်လာခြင်း ဖြစ်လေ၏ ။ ဤသို့သော ထင်မြင်ယူဆချက်သည် ကျောင်းသားပရိသတ်အား သွေးကွဲစေ၏ ။ ကောလိပ်ကျောင်းသား ၊ ဘီအေ ၊ အမ်အေ လောင်းများကို အင်္ဂလိပ်မြန်မာ နှင့် မြန်မာဘာသာသက်သက် ကျောင်းသားများသည် သင်္ကာယနမကင်း ဖြစ်စေ၏ ။ ထို့ကြောင့် ထိုအစည်းအဝေးက အသစ်ဖွဲ့မည့် သမဂ္ဂအသင်းချုပ် အမှုဆောင်တွင် အင်္ဂလိပ်မြန်မာနှင့် မြန်မာဘာသာသက်သက် ကျောင်းများမှ ကိုယ်စားလှယ်များ သီးသန့် ပါရမည်ဟု တောင်းဆိုလေသည် ။

ကျွန်တော်သည် ထိုစဉ်က ပြဿနာများကို ယခုလို အကွက် ကျကျ အကျိုးသင့်အကြောင်းသင့် ဆက်စပ်၍ မကြည့်မြင်တတ်သေးချေ ။ ထို့ကြောင့် ခိုင်မာသော ယုံကြည်မှု ရှိသည်ဟု မဆိုနိုင်ပေ ။ ကျောင်းသားအရေးတော်ပုံတွင် အတွင်းကျကျ ပါဝင်နေရသဖြင့် ကျောင်းသားတို့၏ အခြေအနေမှန်ကို သိရကာ သပိတ်လှန်မှ ဖြစ်မည်ဟု ကျောင်းသားခေါင်းဆောင်များနည်းတူပင် ယုံကြည်လေသည် ။ သို့သော် များစွာသော အရပ်သူအရပ်သားများ နှင့် ရဲရဲတောက်ကိုသန်းတင် တို့ ကဲ့သို့ပင် ထိုအရေးတော်ပုံမှ လွတ်လပ်ရေး ဖြစ်ပွားလာလိမ့်မည်ဟုလည်းကောင်း ၊ အစိုးရအဖွဲ့ ပြောင်းသော်လည်း ရှေ့ဆက် သပိတ်မှောက်လိုက်လျှင် ၉၁ - ဌာနအုပ်ချုပ်ရေး ပျက်သွားလိမ့်မည်ဟု လည်းကောင်း အထင်ကြီးနေမိခဲ့ပေသေးသည် ။ ထို့ကြောင့် ကိုသန်းတင် အား အမှားကြီး မှားနေသူများ အဖြစ်ဖြင့် အပြစ်မတင် ၊ မဝေဖန် ။ သူတို့သည် ကျောင်းသားထုအနေ နှင့် ညီညီညွတ်ညွတ် တိုက်စရာရှိ အတူတူ ၊ ဆုတ် အတူတူ ၊ မှန်စရာရှိ အတူတူ ၊ မှားစရာရှိ အတူတူ ၊ သာအတူ ၊ နာအတူ မလုပ်ဘဲ သွေးခွဲစကားပြောခြင်း ၊ မညီမညွတ် ကဖျက်ယဖျက် လုပ်ခြင်းများအတွက်သာ ကိုသန်းတင် တို့အား အပြစ်တင်ပေသည် ။ မုန်းတီးပေသည် ။ ကျွန်တော်ကား ညီညွတ်ရေးတွင် အားတက်တက်သူဖြစ်သလောက် ကွဲရေးတွင် အားပျက်တတ်သူ မဟုတ်ပါလား ။ အကွဲအပြဲ အရှုတ်အချများကို ရင်မဆိုင်ရဲသူ မဟုတ်ပါလား ။ အခက်အခဲများသည် အခြားသူများအား သံမဏိဖြစ်စေနိုင်သော်လည်း ကျွန်တော့်အား ဖယောင်းဖြစ်စေပေသည် ။

ထို့ကြောင့် ကျွန်တော်သည် အတိုက်အခံများသော သံပုံးတီးခြင်း တောထုတ်ခြင်းပင် ခံရသော သပိတ်လှန်ခြင်းကို မကာကွယ် ရဲချေ ။ ကျွန်တော်သည် ကိုလှရွှေ စသော ခေါင်းဆောင်များ၏ စင်ကြယ်မှုကို လုံးဝယုံကြည်သော်လည်း ကိုသန်းတင် တို့ လူစုနှင့် အခြားသူများက သွားပုပ် လေလွင့် ပြောကြသည်များကို မခုခံ ရဲချေ ။ ကျွန်တော်သည် ကျောင်းသားထု ညီညွတ်ရေးကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏ ။ သို့သော် ကျောင်းသားထု ညီညွတ်ရေးကို ဖျက်ဆီးရာ ရောက်နေသော ကိုသန်းတင် တို့၏ လုပ်ငန်းများကို ရွပ်ရွပ်ချွံချွံ မတိုက်ဝံ့ချေ ။ အချုပ်မှာ ကျွန်တော်တို့သည် ကွဲခြင်းပြဲခြင်းများအတွက် ဟိုက တစ်ပေါက် ဒီက တစ်သံ ကြားရခြင်းများအတွက် ဆုတ်သူက ဆုတ် ၊ တက်သူက တက် ၊ ဖရိုဖရဲ တိုက်ပွဲဝင်နေကြသည်ကို မြင်ရသည့်အတွက် စိတ်ပျက်တတ်ရုံသာ နားလည်လေသည် ။ ယင်းကဲ့သို့ စိတ်ပျက်နေရသည့်အထဲတွင် သပိတ်လှန်ရေး နှင့် ပတ်သက်၍ သို့လော သို့လော မဝေခွဲနိုင်အောင် ဖြစ်သွားစေသည့် အကြောင်း တစ်ရပ် ရှိသေး၏ ။ ထိုအကြောင်းကား ကိုသန်းတင် တို့၏ သပိတ်မလှန်ရေး ရဲရဲတောက် ခြေလှမ်းကို သခင်လေးမောင် ၊ သခင်သန်းထွန်း ၊ သခင်စံထွန်းလှ စသော တို့ဗမာ ခေါင်းဆောင်ကြီးများက နောက်ကွယ်ကွယ်မှ အားပေးနည်းပြလျက်ရှိသည် ဆိုသောအချက်ပင်ဖြစ်သည် ။ သူတို့ကား ကျွန်တော် အထင်ကြီးသော နိုင်ငံရေးခေါင်းဆောင်ကြီးများ မဟုတ်ပါလော ။ သူတို့၏ နိုင်ငံရေး တွက်ကိန်းများသည် ကျွန်တော်တို့ တွက်ကိန်းထက် ပို မမှန်နိုင်ပေဘူးလား ။ ကြာလေ ခိုင်မာသော ယုံကြည်မှု နည်းလာလေ ၊ စဉ်းစားလေ တွေဝေလာလေ ဖြစ်ပေတော့ရာ ဘေးထွက်ပြီးသာ ထိုင်နေလိုက်တော့သည် ။

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.


No comments:

Post a Comment