❝ ကျွန်ုပ် နှင့် ဖတ်စာအုပ် ❞
ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက ကျွန်တော်တို့ရဲ့ အဆင့် အတန်းဆိုတာ လွယ်အိတ်ထဲမှာပဲ ရှိတာ ။ ကျွန်တော် ဆိုလိုတာက နည်းနည်းတော့ ရှုပ်နေမလား မသိဘူး ။ ဥပမာဗျာ ကျွန်တော့်ရဲ့ အတန်းဟာ ကျွန်တော့် လွယ်အိတ်ထဲမှာ ထည့်ထားတဲ့ စာအုပ်တွေနဲ့ တိုက်ရိုက် ပတ်သက်နေတာကို ဆိုလိုတာပါ ။ ကျွန်တော် ရှစ်တန်းတုန်းက ရှစ်တန်း စာအုပ်ကို လွယ်အိတ်ထဲ ထည့်ရတယ် ။ ကိုးတန်း ရောက်တော့ ကိုးတန်း စာအုပ်တွေပေါ့ ။
ဒါကြောင့် ကျွန်တော်တို့ရဲ့ အဆင့်အတန်းဟာ ကျွန်တော်တို့ လွယ်အိတ်ထဲမှာပဲ ရှိတယ်လို့ပြောတာ ။
ဒီနှစ်တော့ ကျွန်တော် လွယ်အိတ်ထဲမှာ ( ၁ဝ ) တန်း စာအုပ် တွေ ထည့်နိုင်တဲ့ကောင်ပါ ။ အထက ကျောင်းမှာတော့ အကောင်ကြီးပေါ့ ။ ကျွန်တော်တို့ထက် ကြီးတဲ့ အတန်းမရှိဘူး ။ ကျောင်းတွေ ပြန်ဖွင့်လို့ ကျောင်းတက်ရတာ ကျွန်တော်တို့ မျက်နှာတွေက ခပ်တည်တည်ခပ်မိုက် မိုက်ဖြစ်နေကြတယ် ။ ၂ လ ကျော် ကင်းကွာခဲ့ရတဲ့ ကျောင်းကြီးထဲကို တိတ်တဆိတ် ဝင်ခဲ ့ပြီး ဘာကိုမှန်း မသိ စိတ်ကြီးဝင်နေတဲ့ကျွန်တော့် နှလုံးသားထဲက ရနံ့ကို ကျွန်တော် အခုထိ မှတ်မိနေဆဲပဲ ။
သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ အောင်စာရင်းတွေ ထွက် ၊ မိုးရာသီရဲ့ ပထမလမှာ ကျောင်းတွေပြန်တက်ကြရတော့ ၂ လ ကျော်ကျော် ကျောင်းသားတွေ မရှိလို့ ဖုန်တွေပေနေတဲ့ ကျောင်းခုံတွေနဲ့ ကောင်းကင်က မိုးဖွဲဖွဲလေးတွေကျနေတဲ့ စာသင်ခန်းအသစ်ရဲ့ ရနံ့ဟာလည်း တော်တော်လွမ်းဖို့ ကောင်းတာပါပဲ ။
မနှစ်တုန်းက ၉ တန်း အတန်းဟောင်းကလေးကို ကျွန်တော် နဲ့ ပေါက်စီ သွားကြည့်ကြပြီး ကျွန်တော်တို့ ထိုင်ခဲ ့တဲ့ ခုံကလေးမှာ ခဏဝင်ထိုင်ကြသေးတယ် ။ ကျောင်းထဲမှာ ဆရာ / ဆရာမတွေ မရောက်ကြသေးပါဘူး ။ ကျောင်းသားတွေတောင်မှ သုံး / လေးယောက် ပဲ ရောက်သေးတာ ။ မုန့်ဈေးတန်းထဲမှာတောင်မှ ခါလာကြီး မုန့်ဟင်းခါးဆိုင် နဲ့ အကြော်ဆိုင်ရယ် ။ ကြာဇံသုပ် ရောင်းတဲ့ဆိုင်ရယ်ပဲ ရောင်းဖို့ချဖို့ပြင်ဆင်ကြတုန်း ကျောင်းက တိတ်နေတာပေါ့ ။ ကောင်းကင်မှာ မိုးသားဖြူတွေနဲ့ မိုးက ဖွဲဖွဲကလေး ရွာနေတယ် ။
“ ငါတို့နှစ်ယောက် အတူတူ ထိုင်မှာ မဟုတ်လား ”
ကျွန်တော်မေးတော့ ထုံးစံအတိုင်းပဲ ပေါက်စီ က စဉ်းစားတယ် ။ ရှစ်တန်း ကတည်းက သူ နဲ ့ကျွန်တော်တစ်ခုံတည်း ဘေးချင်းကပ် ထိုင်လာခဲ ့တာ ။ ဒီနှစ်လည်း အတူတူထိုင်မှာပဲ ။ ဒါပေမယ့် ဒီကောင် က ထုံးစံအတိုင်းပဲ စဉ်းစားတယ် ။ သူ စဉ်းစားတာ တော်တော်ကြာသွားတော့ ကျွန်တော်နည်းနည်း ဒေါကန်သွားတယ် ။
“ မထိုင်ရင်လည်း နေကွာ ... မင်းကလည်း ”
“ ထိုင်မှာပေါ့ကွ ... ငါတို့နဲ့ အတူ ဘယ်သူ့ကိုပါ ထိုင်ခိုင်းရရင် ကောင်းမလဲလို့ တွေးနေတာ ... ကြည့်မရတဲ့ကောင် လာထိုင်ရင် အလကားဖြစ်ကုန်လိမ့်မယ် ”
ဒါတော့ ဒီကောင် ပြောတာ ဟုတ်တယ် ။ ကျွန်တော်တို့ နှစ်ယောက်က အတန်းထဲမှာ လူတိုင်းနဲ့ တွဲကြတာမဟုတ်ဘူး ။ နောက်ဆုံး စဉ်းစားကြရင်း သခေါစောနိုင် ရယ် ၊ ထွန်းလွင် ရယ် ကို ရွေးလိုက်တယ် ။ သခေါစောနိုင် ဆိုတာက မနှစ်တုန်းက ကျွန်တော်တို့ နောက်တန်းမှာ ထိုင်တဲ့ ကောင် ။ ဒီကောင်က သွားသာခေါတာ သူ့ကိုယ်သူ ရုပ်ချောတယ်လို့ ထင်နေတဲ့ ကောင် ၊ ဟားရတယ် ။ ပြီးတော့ စာတွေဘာတွေလည်း ဒီလာက် အညံ့ကြီးမဟုတ်ဘူး ။ ထူးထူးခြားခြား တော်တဲ့ ကောင်လည်း မဟုတ်ဘူးပေါ့ ။ ကျွန်တော်တို့နဲ့ ကိုက်တယ် ။စာတွေ ဘာတွေ သိပ်ကြိုးစားတဲ့ကောင်ဆို ကျွန်တော်တို့က သိပ်ကြည့် မရတတ်ဘူး ။ ဒီကောင်မျိုးတွေက နေရာတကာ ဆရာကြီး လုပ်ချင်တာကို ကြည့်မရတာ ။
ထွန်းလွင် ကို ရွေးရတာကတော့ ဒီကောင်က ဘယ်သန် ။ သူ ့ကို ဘယ်ဘက် အစွန်မှာထားလိုက်ရင် ကျွန်တော်တို့ ခုံပေါ်မှာ နေရာ ပိုရမယ် ၊ စာရေးခုံ နေရာ ကျယ်မယ်ပေါ့ ။ စိတ်ကျေနပ်အောင် လူရွေးပြီးတော့ ကျွန်တော်တို့ တက်ရမယ့် အခန်းကို လာပြီး ထိုင်စရာ ခုံရွေးကြတယ် ။ ရှေ့ဆုံးတန်းရဲ့ လေးတန်းမြောက် ပြတင်းပေါက်နားက ခုံကို ပေါက်စီ ရော ၊ ကျွန်တော်ရော သဘောကျတယ် ။ ကျောက်သင်ပုန်း နဲ့ မဝေးလွန်း ၊ မနီးလွန်း ဖြစ်တာရယ် ၊ အတန်းထဲက ကောင်မလေးတွေ ကို အားလုံးမြင်နိုင်တာရယ် ၊ ပြတင်းပေါက် ပါတာရယ်ကြောင့် ဒီနေရာဟာ ဟောဒီအတန်းသစ် မှာ ကျွန်တော်တို့အတွက် ဘူမိနက်သန် နေရာမှန်လို့ ဆုံးဖြတ်လိုက်တာ ။ ရွေးပြီးတော့ ကျွန်တော်တို့ ခုံထဲ ဝင်ထိုင်ကြည့်ကြတယ် ။ ကျွန်တော်တို့ ဘူမိနက်သန်က ကျွန်တော်တို့ နဲ့ နည်းနည်း စိမ်းနေတယ် ။ ကျောက်သင်ပုန်းကို ကြည့်ရတာလဲ တစ်မျိုးပဲ ။ မနှစ်က ကျောက်သင်ပုန်းလို ကြည့်ရတာ သိပ်မညက်ဘူး လို့ ခံစားရတယ် ။ ကျောက်သင်ပုန်း ပေါ်မှာတော့ စာမေးပွဲ စစ်ထား တဲ့ ခုံနံပါတ် အစအဆုံး ၊ ပျက်ကွက်စတဲ့ လူဦးရေစာရင်းတွေ ရှိတယ် ။
ခဏကြာတော့ အတန်းထဲကို ကျောင်းသားတွေ ရောက်လာကြ ၊ စကားပြောကြ ၊ ရယ်ကြမောကြနဲ့ ၂ လ လောက် ဝေးသွားတဲ့ သူငယ်ချင်းတွေ ပြန်ဆုံကြရတာပါ ။ သင်းသင်းမော် ဆိုတဲ့ကောင်မလေး ဆို ခုံနေရာမရ ဖြစ်နေတယ် ။ သူ ထိုင်ချင်တဲ့ နေရာမှာ သူ နဲ့ မတည့်တဲ့ လူရှိ ၊ သူ ရတဲ့ နေရာဆို သူ မကျေနပ် နဲ့ ခဏကြာတော့ ကျောင်းတက်ပြီး ကျွန်တော်တို့ အတန်းပိုင် ဆရာမ ရောက်လာတယ် ။ ဆရာမနာမည်က ဒေါ်ဌေးဌေးအောင် တဲ့ ။ ဓာတုဗေဒ ဘာသာရပ် သင်တယ် ။ ဆရာမ က သူ့ ကိုယ်သူ မိတ်ဆက်ပြီး တစ်နှစ်လုံး စခန်းသွားရမယ့်ကျွန်တော်တို့ ကို လေ့လာရင်း ၁ဝ တန်း ဆိုတာ ဘဝတစ်ဆစ်ချိုး အတွက် အရမ်းအရေးကြီးတဲ့ အတန်းဖြစ်ကြောင်း ၊ ၁ဝ တန်းမှာ ရတဲ့ အမှတ်ဟာဘဝကို ပြောင်းလဲပေးမှာ ဖြစ်ကြောင်း တွေကို ပြောပြတယ် ။
ဆရာမ က အသားညိုညို နဲ့ ခပ်ဝဝပါ ။ စာသင်ရင် ၊ စာဖတ်ရင် ပါဝါမျက် မှန် တပ်တတ်တယ် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အတန်းပိုင်ဆရာမ ကို သဘောကျ သွားပါတယ် ။ ဆရာ ပဲ ဖြစ်ဖြစ် ဆရာမ ပဲ ဖြစ်ဖြစ် အာဝဇ္ဇန်းရှိ ၊ အပြောကောင်းမှ ကျွန်တော် က ကြိုက်တယ် ။ နောက်တော့ အချိန်စာရင်းပေးပြီး စာအုပ်တွေ မနက်ဖြန် ပေးတော့မှာမို့ စာအုပ်ဖိုးတွေ ၃ ရက် အတွင်း သွင်းဖို့ ပြောပါတယ် ။ ဒီနေ့ ဘယ်ဆရာမမှ စာ မသင်ကြဘူး ။ မိတ်ဆက်ရင်း ရယ်စရာ စကားတွေပြောရင်းနဲ့ ပဲ ပြီးကြတာပါ ။ အဲဒီနေ့က ၁ဝ တန်းစပေမယ့် ကျွန်တော့် လွယ်အိတ်ထဲမှာတော့ ၁ဝ တန်း စာအုပ် မရှိသေးပါဘူး ။ ကျွန်တော့်လွယ်အိတ်ထဲမှာ မနှစ်တုန်းက မြန်မာစာအုပ် နဲ့ ဓာတုဗေဒစာအုပ် ပါးပါးကလေး ၂ အုပ် ပဲပါတာပါ ။
၁ဝ တန်း ရောက်လာတဲ့အခါ ကျွန်တော်တို့ ရင်ထဲ က ရောဂါကိုလည်း ပြောရဦးမယ် ။ ကျွန်တော်တို့ ဘော်ဒါတွေ အားလုံး လွယ်အိတ်နဲ့ ပတ်သက်ရင် ပုံစံတစ်မျိုးတည်း ရှိစေချင်ကြတာက လွယ်အိတ်ထဲမှာ စာအုပ် လေးငါးအုပ်လောက်ပဲ ထည့်ပြီး ခပ်ပေါ့ပေါ့ ခပ်လွင့်လွင့်လွယ်ချင်ကြတာပါ ။ အငယ်တန်းတုန်းကလို ဖတ်စာအုပ်တွေ အပြည့်ထည့်ပြီး ဖောင်းကားနေတဲ့ လွယ်အိတ်ကြီး ကို ကုန်းရုန်းလွယ်ရတာမျိုးကို မလုပ်ချင်တော့ဘူး ။ ဒါက ကလေးအထာ ဖြစ်သွားပြီ ။
ကျွန်တော်တို့ နေချင် ၊ ဖြစ်ချင်တဲ့ စတိုင်လ်က ကျောင်းစိမ်း မဟုတ်တဲ့ အပြင်က အင်္ကျီ နဲ့ ခြေဖျားထွေးဝတ် ၊ လွယ်အိတ် ခပ်ပါးပါးကလေးကို အလွင့်လေး လွယ် ၊ နဖူးရှေ့က ဖုံးနေတဲ့ ဆံပင်ကို လက် နဲ့ စက္ကန့် ၂ဝ တစ်ခါလောက် ပင့်တင် ။ ကျွန်တော်တို့ နေချင်တဲ့ပုံစံကိုအနှောင့်အယှက်ပေးတဲ့ ပြဿနာ ၃ ခု ရှိတယ် ။
ပထမတစ်ချက်က လွယ်အိတ် ထဲက ဖတ်စာအုပ် ထူထူကြီးတွေ ... ။
ကြီးကလည်း ကြီး ၊ လေးကလည်း လေးတဲ့ ဖတ်စာအုပ်ကြီးတွေကို ကျွန်တော်တို့ လွယ်အိတ်ထဲကို လုံးဝမထည့်ချင်ဘူး ။ ဒါပေမဲ့ခက်နေတာက ဆရာ / ဆရာမတွေ ကလည်း သူတို့ သင်တဲ့ ဘာသာရပ်အလိုက် ဖတ်စာအုပ် မထည့်ရင် လုံးဝ မရဘူး ။ စာသင်နေတုန်း သူများဖတ်စာအုပ်ကို ပေါင်းကြည့်နေတဲ့ ကျောင်းသားတစ်ယောက် ကို တွေ့ပြီ ဆိုတာနဲ့ ခုံပေါ်တက် မတ်တပ်ရက်ပဲ ။ အဲဒီကျောင်းသား အဆော်ခံရရင် ရ ၊ အပြစ်ပေး ခံရရင် ရ တစ်ခုခု ပါပဲ ။ ဒီတော့ အပေါ့အလွင့် Fancy ကလေး နေချင်တဲ့ ကျွန်တော်တို့အတွက် ဖတ်စာအုပ်ကြီးတွေကပြဿနာ ဖြစ်တော့တာပဲ ။
နောက်တစ်ချက်က ကျောင်းစိမ်းပါ ။
ကျွန်တော်တို့ အထက ( ၃ ) သင်္ဃန်းကျွန်းမှာ ကျောင်းစိမ်း မဝတ်လို့ လုံးဝ မရဘူး ။ ကျောင်းစိမ်း ဝတ်မထားတဲ့ ကျောင်းသားကို ကျောင်းတက်ပြီး ဘယ်နေရာမှာ ဘယ်အတန်းသင်တဲ့ ဆရာမကတွေ့တွေ့ လှမ်းခေါ်ပြီး ဇက်ပိုးအုပ်ချင် အုပ် ၊ လက်ထဲကပါတဲ့ ကြိမ်လုံးနဲ့ ဆော်ချင်ရင်ဆော် ... ကြိုက်တာလုပ်ပြီး အိမ်ပြန်အင်္ကျီလဲခိုင်းလို့ ရတယ် ။ တစ်ခါတလေ သုံးလေးရက်လောက် လွှတ်ပေးထားပြီးမှ အတန်းထဲကို ဒုကျောင်းအုပ် နဲ့ ဆရာ ၃ယောက်လောက် လိုက်ပြီး ကျောင်းစိမ်းစစ်တတ်တယ် ။ ကျောင်းစိမ်းဝတ်မထားတဲ့ ကောင်ကတော့ အနည်းဆုံး လေး ငါးချက် အတီးခံရတတ်တယ် ။ ပထမ ကျောင်းစိမ်း မဝတ်ရင် လုံချည် ငါးမူး ၊ အင်္ကျီ ငါးမူး ဆိုပြီး ဒဏ်တပ်သေးတယ် ။
အဲဒီ စည်းကမ်းလည်းပေါ်လာရော ၃ ရက်အတွက် တစ်ကျောင်းလုံး ဘယ်သူမှ ကျောင်းစိမ်းမဝတ်ကြတော့ဘူး ။ နောက်ဆုံးပိုက်ဆံ တော်တော် ချို့တဲ့ တဲ့ ဘယာကြော်လို ကောင်မျိုးကပါ ဒဏ်ဆောင်ပြီး တခြားအင်္ကျီတွေ ဝတ်လာတယ် ။ ဒါနဲ့ပဲ ငွေကြေးဒဏ်စနစ်ကို ဖြုတ်ပြီး ကြိမ်လုံးစနစ် ကိုပဲ ပြန်ထားရတာ ။
“ ခက်တာက စာအုပ်တွေကွ ”
ထုံးစံအတိုင်း ပေါက်စီ က စဉ်းစားပြီးပြောတယ် ။
“ ပြီးခဲ့တဲ့ အပတ်က အိမ်သာထဲမှာ မီးခိုးတွေ အရမ်းထွက်နေလို့ ဆရာဦးခင်မောင်လတ် တို့ သွားဖမ်းတာ ဌေးကို တို့ ၊ မြင့်ကျော် တို့မိသွားတာနော် ။ ဒီကောင်တွေ အဆော်လည်း ခံရ ၊ မိဘခေါ်ပြီး ခံဝန်လည်း ထိုးရတာတဲ့ ”
ဘယ်သန် က စိုးရိမ်တကြီး သတိပေးသည် ။ ကျွန်တော့်အတွက်တော့ စီးကရက် သိပ်အရေးမကြီးပါဘူး ။ ကျောင်းမတက်ခင်ကောင်မလေးတွေ လာတုန်း နှုတ်ခမ်းပေါ် ခဲလို့ရရင် တော်ပြီ ၊ ဖတ်စာအုပ်ကသာ အရေးကြီးတာ ။ တစ်နေ့ကို ခြောက်ဘာသာလောက်အချိန်စာရင်း ပါနေတော့ ကျွန်တော်တို့ ဖတ်စာအုပ် ခြောက်အုပ်လောက်ကို နေ့စဉ် သယ်နေရတာကိုး ။ ဒီလွယ်အိတ် အလေးကြီးကို ကျွန်တော်တို့ နေ့စဉ် ထမ်းနေရတာ ကောင်မလေးတွေ ရှေ့မှာ စတိုင် သိပ်ပျက်တာပဲ ။ ရှက်လည်း ရှက် မိတယ် ။
“ ဖတ်စာအုပ်အတွက်ငါ စဉ်းစားထားတာ တစ်ခုရှိတယ် ... မင်းတို့ သဘောတူရင် လုပ်မယ်ကွာ ”
“ ဘာလဲ ...တစ်ယောက်ကို နှစ်အုပ်စီ ညှိ ထည့်ဖို့လား မလွယ်ဘူးနော် ”
“ ဟုတ်ပါတယ် ... ဘယ် ဆရာမ ကမှ ဒါကို ခွင့်မပြုဘူး ကျောင်းသားတစ်ယောက်ကို ဖတ်စာအုပ်တစ်အုပ် ရှိနေရမယ် ဒါပဲ ”
“ အဲဒါ ငါ သိပါတယ် ... ငါ လုပ်ချင်တာက ဒီလိုကွ ... ငါတို့ အိမ်မှာရှိတဲ့ ဖတ်စာအုပ်တွေ အားလုံးကို ယူခဲ ့မယ်ကွာ ”
ကျွန်တော့် စကားကြောင့် ဒီကောင်တွေ အားလုံး မျက်လုံးပြူးသွားတယ် ။ ကျွန်တော် က ဆရာကြီးလေသံနဲ့ ဆက် မပြောသေးဘဲခဏရပ်ပြီး ပြုံးကြည့်နေလိုက်တယ် ။ ဘယ်ကောင် အလန့်တကြား ကန့်ကွက် မလဲလို့ပေါ့ ။ ဒါပေမဲ့ တစ်ယောက် မှ ကျွန်တော့် အကွက်ထဲကိုမဝင်ဘူး ၊ သူတို့ထက် စာရင်ကျွန်တော် က ပို အကောင်သေးသလောက် ပို ဉာဏ်များတယ် ဆိုတာ သိနေလို့ပါ ။
“ ဆက်ပြော စာကလေး ”
“ ဒီလိုကွာ ပေါက်စီ ရာ ... တို့ ဖတ်စာအုပ်တွေ အကုန်ယူပြီးတော့ ကျောင်းစောင့်ကြီး ဦးသိန်းအောင်ဆီမှာ သွားထားကြမယ် ...ကျောင်းတက်ခါနီးမှ အချိန်ဇယားအတိုင်း သွားယူကြမယ် ... ပြီးရင် ကျောင်းဆင်းတော့ ပြန်ထားခဲ ့မှာပေါ့ကွ ”
ကျွန်တော့် စကားဆုံးတော့ အားလုံးငြိမ်သွားတယ် ။ ကျွန်တော် က ဒူးနှံ့ပြီး ဒီကောင်တွေကို ပြုံးကြည့်နေလိုက်တယ် ။ ကျောင်းစောင့်ကြီး ဦးသိန်းအောင် ဆိုတာ ကျောင်းထဲမှာပဲ သစ်သားအိမ်ကလေးနဲ့ သူ့ မိန်းမက သန့်ရှင်းရေးဝန်ထမ်း ၊ မုန့်ဈေးတန်းမှာ ရာသီပေါ်ကုန်ကလေးတွေ ၊ ဘာတွေ ရောင်းတယ် ။ ကြံ တို့ ၊ ဖရဲသီး တို့ ၊ မာလကာသီး တို့ ပါ ။ ဦးသိန်းအောင် ကလည်း ရှာလပတ်ရည်တွေဘာတွေ ရောင်းတတ်တယ် ။ ကျွန်တော်တို့နဲ့လည်း ရင်းရင်းနှီးနှီးရှိပါ တယ် ။
“ ဦးသိန်းအောင် က လက်ခံပါ့မလား ”
“ ဘယ်သန် ရာ ... ငါတို့က သူ့အိမ်သွားပြီး ဆေးလိပ် ခိုးသောက်တာမှ မဟုတ်ပဲ ... ကျောင်းစာအုပ်ထားတာပဲ ဘာလို့ မရရမှာလဲ ... ငါပြောမယ်ကွာ ”
နောက်ဆုံး ကျွန်တော့် မဟာအကြံတော်အတွက် ဦးသိန်းအောင် နဲ့ ညှိကြတယ် ။
“ မဖြစ်ဘူးထင်တယ်ကွ ... ဆရာကြီး သိရင် မကောင်းဘူး ”
“ မဟုတ်တာ လုပ်တာမှ မဟုတ်ဘဲ ဦးသိန်းအောင် ရာ ခင်ဗျား ကျောင်းတက်ခေါင်းလောင်း မခေါက်ခင်ကျွန်တော်တို့ လာယူမယ် ...ကျောင်းဆင်းတော့ လာပြန်ထားမယ် ... ဒါပဲဥစ္စာ ”
ဦးသိန်းအောင် က ဆေးပေါ့လိပ် အတိုကို မဲဖွာကာ သေသေချာချာစဉ်းစားပါတယ် ။ ပြီးတော့ ကျွန်တော်တို့ကို မကြည့်ဘဲ မဖြစ်ပါဘူးကွာ ... ဟု သူ ့ကိုယ်သူ ပြောသလို ပြောသည် ။ ဒီလိုလွယ်လွယ်နှင့် အကူအညီ မပေးလျှင် ဘာလုပ်ရမလဲ ဆိုတာကို ကျွန်တော် စဉ်းစားပြီး ထားပြီးသား ။
“ ဦးသိန်းအောင် ကျောင်းသားတွေကို ဆေးလိပ်ခိုးရောင်းတယ်ဆိုတာ ကျွန်တော်တို့ လည်း သိနေတာပဲ ... ဒီကိစ္စက အဲဒီလောက်အန္တရာယ် မများဘူး ... ထားပါလေ ... စာအုပ်သိမ်းပေးခ တစ်လ ငါးကျပ် ယူဗျာ ”
ဦးသိန်းအောင် နည်းနည်း ဖြုံသွားတယ် ။ လူဆိုတာ ဒီလိုပါပဲ ။ ခြောက်တာ နဲ ့ ချော့တာကို မခံနိုင်ကြတာ အမှန်ပဲလေ ။
“ ငါးကျပ်တော့ နည်းတယ်ကွာ ”
“ တစ်ဆယ်ဗျာ ”
xxxxx xxxxx xxxxx
နောက်နေ့မှာ ကျွန်တော်တို့လေးယောက်စလုံး လွယ်အိတ်အလွင့် ပေါ့ပေါ့ကလေးတွေနှင့် ဖြစ်ကုန်ကြသည် ။ လွယ်အိတ်ကိစ္စပြီးတော့ ကျွန်တော်တို့ ကျောင်းစိမ်းဝတ်စုံ တစ်စုံစီပါ ထားကြ၏ ။ အိမ်က ဝတ်ချင်တဲ့ အင်္ကျီ ဝတ်ကာ ထွက်သည် ။ မနက်ခင်း ကျောင်းထိပ်မှာ Style ထုတ်ကြ၏ ။ ၃ ရက် တစ်ခါ ကျောင်းစိမ်းလျှော်ဖို့ ၊ စာအုပ်ထားခအားလုံး နှစ်ဆယ် ပေးရသည် ။ တစ်နေ့ တစ်ယောက် တစ်မတ်စု ... တစ်နေ့ တစ်ကျပ် ရ ၊ ရက်၂ဝ ပြည့်ရင် ဦးသိန်းအောင် ကို ပေး ၊ တော်တော်လေး ပြေလည်နေလေသည် ။
“ ဟေ့ကောင် ... ငါတို့ ကျောင်းစိမ်းမဝတ်တာနဲ့ ၊ စာအုပ်တွေ မပါတာကို ပျားတုပ် က သိပ်မကျေနပ်ဘူးကွ...စုံစမ်းနေတယ်တဲ့ ”
“ ဒီကောင် ဘာတတ်နိုင်မှာလဲ ... ကျောင်းထဲ နဲ့ အတန်းထဲ မှာ တို့က စည်းကမ်းညီနေတာပဲ ”
ပျားတုပ် ဆိုတဲ့ ကောင်နဲ့ကတော့ ကျွန်တော်တို့ အုပ်စုက ဘာမှ မဟုတ်လည်း ရန်သူလို ဖြစ်နေတာပဲ ၊ ဒီကောင့်ကိုတော့ ကျွန်တော်တို့အမြဲတမ်း သတိထားရတယ် ။ ဒီကောင်ကလည်း တစ်ခါတလေ ခေါ်ခေါ်ပြောပြော နေပေမယ့် ကျွန်တော်တို့ကိုဆို မျက်ခြည်ပြတ်တော့မခံတတ်ဘူး ။ တစ်နေ့တော့ ပျားတုပ် ကျွန်တော်တို့ဆီ ရောက်လာပြီး စကားပြောတယ် ။
“ စာကလေး ... မင်းတို့ စာအုပ်နဲ့ အင်္ကျီတွေ ကို ဦးသိန်းအောင် အိမ်ထဲမှာ ထားတာဆို ”
“ ဟုတ်တယ် ... ဘာဖြစ်လဲ ”
ပေါက်စီ က ခပ်ပြတ်ပြတ်ဖြေတယ် ။ ပျားတုပ် က ပျာပျာသလဲ တားပါတယ် ။
“ ဘာမှ မဖြစ်ပါဘူးကွာ ... ငါလည်း ဒီစာအုပ်တွေ ထမ်းရတာ မထမ်းချင်တော့ဘူးကွ ... အဲဒါ မင်းတို့လိုပဲ ထားရင် ကောင်းမလားလို့ပါ ”
“ ဒါ ငါတို့ နဲ့ ဘာဆိုင်လို့လဲ ... ဦးသိန်းအောင် ကို သွားပြောပေါ့ကွ ”
ပေါက်စီ ရဲ့ ခပ်ဆတ်ဆတ်စကားကြောင့် ပျားတုပ် အီး အဲ နဲ့ ထွက်သွားတယ် ။ နောက်နေ့ကျတော့ ဦးသိန်းအောင် ကို ပြောထားရတယ် ။ ဒီကောင်က ပြဿနာ ရှုပ်တတ်တာ ၊ ကျွန်တော်တို့နဲ့ သိပ်မတည့်တာတွေပါ ။ ဦးသိန်းအောင် ကလည်း တစ်လကို ၂ဝ ရနေတဲ့ သူ့ဝင် ငွေကို အထိခိုက် မခံချင်တော့ပါဘူး ။ ပျားတုပ် ကို ထားခွင့်ပေးလို့ နောက်က လူတွေပါ လိုက်လာပြီး တရုန်းရုန်းဖြစ်ရင် တာရှည်မခံဘူး ဆိုတာ သူရိပ်မိပါတယ် ။
ကျောင်းရှေ့မှာ ကျွန်တော်တို့ အုပ်စု လေးယောက် ရဲ့ စတိုင်လ်က တခြားကျောင်းသားတွေ ထက် ထူးခြားနေခဲ့တယ် ။ တစ်ခါတော့အတန်းပိုင်ဆရာမ က ကျောင်းအလာ ကျွန်တော်တို့ အုပ်စုနဲ့ တွေ့တော့ “ နင်တို့ လေးယောက် ကျောင်းစိမ်း မဝတ်ဘူးလား ” လို့ မေးတယ် ။ကျွန်တော်တို့ “ ဝတ်ပါတယ် ဆရာမ အတန်းထဲကျရင်ကြည့်ပါ ”လို့ ဖြေလိုက်တယ် ။
အတန်းထဲ ကျတော့ ကျောင်းစိမ်းဝတ်ထားတဲ့ ကျွန်တော်တို့ကို တွေ့တော့ ဆရာမက ဘာမှ မပြောပါဘူး ။ မေးတာတွေ ဘာတွေလည်း မရှိဘူး ။ ကျွန်တော်တို့ လေးယောက်ကတော့ လူလည်ကျထားတဲ့ အရသာကို အပြည့်အဝ ခံစားနေရတာပေါ့လေ ။
အဲဒီ အချိန်မှာ ဘယ်သန် က မြင့်မြင့်ရီလေး ကို လိုက်နေတာ အဖြေမရသေးပေမယ့် ပြေလည်မယ့် သဘောတော့ ပြနေပြီ ။ ကျွန်တော်တို့ အတန်းထဲမှာ မြင့်မြင့်ရီ နှစ်ယောက် ရှိတယ် ။ ဘယ်သန့် ကောင်မလေးက နည်းနည်းသေးလို့ မြင့်မြင့်ရီလေး လို့ ဆရာမ က ခွဲပေးထားတာ ။မြင့်မြင့်ရီလေး နဲ့ အဆင်ပြေမလိုဖြစ်လာတာဟာ ကျွန်တော်တို့ ကျောင်းစိမ်းခဏမဝတ်ဘဲ ရှိုးပြကောင်းလို့လို့ အားလုံးက ကျိန်းသေယူဆပြီး ဂုဏ်ယူနေကြတယ် ။
စာပြန်တော့ မြင့်မြင့်ရီလေး က ကျောင်းစိမ်းကိစ္စ ကို မေးထားတယ် ။ ကျောင်းရှေ့မှာ မဝတ်ဘဲ အတန်းထဲမှာကျတော့ ဘယ်ကရောက်လာတာလဲပေါ့ ။
ဒီကိစ္စကို ကျွန်တော်ကပဲ ဂုဏ်ယူစွာရှင်းပြလိုက်လို့ မြင့်မြင့်ရီလေး က တအံ့တဩနဲ့ သူ စိုးရိမ်တာတွေ ပျောက်သွားတယ် ။ ပျားတုပ်ကတော့ လွယ်အိတ်ကြီး တကုန်းကုန်း နဲ့ ကျောင်းကို ရုန်းပြီးလာရတာပေါ့ ။ တစ်ခါတစ်လေလည်း ကျွန်တော်တို့က ဒီကောင့်ကို ခပ်ပါးပါးစကြတယ် ။ ဟေ့ကောင် ကူလွယ်ပေးရဦးမလား ၊ ဘာညာပေါ့ ။
ဒီကောင် ဘာမှ ပြန်မပြောဘူး ။ ဒီလို စတိုင်း ဒီကောင့် စိတ်ထဲမှာ ဒေါကန်နေတယ်ဆိုတာတော့ ကျွန်တော်တို့ သိပါတယ် ။
ပထမအစမ်းနား နီးတဲ့ တစ်ရက် မှာ ဆရာမ က တစ်တန်းလုံးကို သတိပေးစကား တစ်ခု ပြောတယ် ။ တနင်္လာနေ့ မှာ မြို့နယ်ပညာရေးမှူး နဲ့ ပညာရေးဝန်ကြီး ကျောင်းတွေကို လိုက်စစ်မယ် ၊ အဖြူ နဲ့ အစိမ်းတွေ ဝတ်ခဲ ့ကြဖို ့ပါ ။ ကျွန်တော်တို့ လေးယောက်ကတော့တစ်ယောက် နဲ့ တစ်ယောက် ပြုံးကြည့်ကြရင်းနဲ့ ဒါလေးများပေါ့ကွာ ... ပေါ့လေ ။
အဲဒီနေ့က ကျောင်းဆင်းတော့ စာအုပ်သွားထား ၊ အင်္ကျီတွေချွတ်ကြရင်း ဦးသိန်းအောင် ကို မှာရတယ် ။ တနင်္လာနေ့ ကျောင်းစစ်တွေလာမယ် ၊ အင်္ကျီ လျှော်ထားပေးပေါ့လေ ။ ကျွန်တော်တို့ ပြန်အထွက် မှာ ပျားတုပ် ကို တွေ့တယ် ။ ဒီကောင်လဲ စာအုပ်တွေ လာထားတာ ။ဦးသိန်းအောင် လည်း သူလုပ်တာမိသွားလို့ မျက်နှာ မထားတတ်အောင်ဖြစ်နေတယ် ။
“ ငါ့ကြောင့် ဘာမှပြဿနာ မတက်စေရပါဘူးကွာ ... ငါက ဦးသိန်းအောင် ကို သေသေချာချာ ကတိပေးပြီး မနေ့ကမှ စထားတာပါ ”
ပျားတုပ် က အဖြူ နဲ့ အစိမ်းအင်္ကျီတွေကို ချွတ်ရင်း ပြောတယ် ။ ဖတ်စာအုပ်တွေ ထမ်းရတာ ကျောင်းသားချင်း ကိုယ်ချင်းစာတာရယ် ၊ဦးသိန်းအောင် အပိုဝင်ငွေကို မထိခိုက်စေချင်တာရယ်ကြောင့် ကျွန်တော်တို့လည်း ဘာမှ မပြောတော့ပါဘူး ။ ပျားတုပ် ကိုပဲ ...
“ နောက်ကောင်တွေ နည်းမပြနဲ ့တော့နော် ... လူသိပ်များရင် ဦးသိန်းအောင် ဒုက္ခရောက်လိမ့်မယ် ”
“ အေးပါကွ ... ငါ တစ်ယောက်တည်းပါ စိတ်ချ ”
တနင်္လာနေ့ကျတော့ ကျောင်းရှေ့မှာ ထုံးစံအတိုင်း ကျွန်တော်တို့ စကားပြောရင်း ကောင်မလေးတွေကို Style ထုတ်နေကြတယ် ။ပျားတုပ် ပါ ကျွန်တော်တို့နဲ့ အတူ လာနေတယ် ။ မြင့်မြင့်ရီ က ကျွန်တော်တို့ကိုတွေ့တော့တောင်စိတ်ပူလို့ လာမှာသွားသေးတယ် ။ ဘယ်သန် ကစိတ်ချပါ ရီလေး ရ .. အတန်းထဲကျမ အဖြူနဲ့အစိမ်းပေါ့လို့ Style နဲ့ ပြန်ဖြေနေတယ် ။ ၇ နာရီထိုးခါနီး ငါးမိနစ် ကျတော့ ကျွန်တော်တို့ကျောင်းထဲဝင် ဦးသိန်းအောင် အိမ်ကို လာခဲ ့ကြတယ် ။ ဦးသိန်းအောင် ကတော့ မရှိဘူး ။ ထုံးစံအတိုင်း ဈေးရောင်း ၊ ခေါင်းလောင်းထိုး ပေါ့ ၊သူ့ အိမ်တ ံခါးက အမြဲတမ်းစေ့ထားတာပါ ။
တံခါးကို တွန်းဖွင်ပြီး ဝင်လိုက်တော့ မီးပူတိုက်ထားတဲ့ ကျွန်တော်တို့ အင်္ကျီတွေလည်း မရှိ ၊ စားပွဲခုံကလေးပေါ်မှာ တင်ထားတဲ့ကျွန်တော်တို့ ဖတ်စာအုပ်တွေလည်း မတွေ့ရတော့ ကျွန်တော်တို့ တော်တော် ပျာသွားတယ် ။ အိမ်ခန်းထဲမှာ ဝင်ရှာတော့လည်း မတွေ့ဘူး ။အဲဒီအချိန်မှာ ကျောင်းတက်ခေါင်းလောင်းက ထိုးပြီ ။
ကျွန်တော်တို့က ကမန်းကတမ်း ဦးသိန်းအောင် ကို ရှာမေးတော့ သူ့အိမ်ညက သူခိုးခိုးခံလိုက်ရလို့တဲ့ ... အင်္ကျီတွေရော စာအုပ်တွေရော ဒန်အိုးတွေရော ပါသွားတာတဲ့ ။ သွားပြီ ကျွန်တော်တို့ အားလုံး ပျာသွားတယ် ။ ဒီနေ့ ကျောင်းစစ်တွေ ရှိတယ် ။ ဘာလုပ်ကြရမလဲ ။ ဦးသိန်းအောင် ကလည်း မျက်နှာငယ်ကလေးနဲ့ တောင်းပန်ပါတယ် ။
“ ဟာ ... မဖြစ်ဘူးဗျ ... ဒီနေ့ ကျောင်းစစ်တွေ လာမှာ ... ကျွန်တော်တို့ ဒီအင်္ကျီတွေနဲ့ မရဘူး ... မတက်ပဲ ပြန်မှ ဖြစ်မယ်... တံခါး ဖွင့်ပေးပါ ”
“ ဟာ ... ခုမှ မရတော့ဘူးလေကွာ ... ငါ မင်းတို့ကို စောစော ပြောပြမလို့ ... မင်းတို့ကမှ မလာတာ ... ခုမှ ဖွင့်လို့ မရတော့ဘူး ... ဆရာကြီးက သော့သိမ်းသွားပြီ ”
ဒါတော့ ကျွန်တော်တို့ သိပါတယ် ။ ဦးသိန်းအောင် က မနက်ကို ဆရာကြီး ဆီမှာ သော့သွားယူပြီး ဖွင့်ပေးရတယ် ။ ပြီးရင် ဆရာကြီးကို သော့ပြန်အပ် ၊ ရ နာရီ ထိုးတာနဲ ့ ကျောင်းဝန်းတံခါးကို သော့ခတ် ၊ ၁၂ နာရီ ထိုးမှ သော့သွားယူပြီး ဖွင့်ပေးရတာ ။ ကျွန်တော်တို့ ကျောင်းထဲက ပြန်ထွက်လို့ မရတော့ဘူး ။ ကျောင်းဝန်းထဲမှာလည်း အပေါက်ဆိုလို့ တစ်ပေါက် မှ မရှိဘူး ။ အားလုံး အုတ်တံတိုင်းခတ်ထားတာ ။
“ အဲဒါ ... ခင်ဗျား အပြစ်ပဲဗျ ... ခင်ဗျားကို ပိုက်ဆံပေးပြီး အပ်တာ ... ဒီလိုဖြစ်တာ ခင်ဗျားမှာ တာဝန် ရှိတာပဲ ... တစ်ခုခု လုပ်ပေးဗျာ ”
ပေါက်စီ က တော်တော်ဒေါသဖြစ်နေပြီ ။ ဦးသိန်းအောင် လည်း ဘာမှမပြောဘဲ ဟိုလိုဒီလို နဲ့ ထွက်သွားပြီး ဆရာကြီး ရုံးခန်းထဲ ဝင်နေတယ် ။ ကျွန်တော်တို့ လိုက်လို့ မရအောင်ပါ ။ ကျောင်းသားတွေ အတန်းထဲဝင်ကုန်ပြီ ။ ကျွန်တော်တို့ ငါးယောက် ဘာလုပ်ရမှန်း မသိဘူး ။
“ အိမ်သာထဲ ဝင်ပုန်းမယ်ကွာ ”
“ တစ်နေ့လုံး အိမ်သာထဲမှာ နေလို့ရမလားကွာ ”
“ ငါကတော့ အတန်းထဲ မဝင်တော့ဘူး ... မရ ... ရအောင် ထွက် မယ် ”
ပေါက်စီ ကတော့ တစ်ရှူးထိုးပဲ ။ ပျားတုပ် ကလည်း အဲဒီ အကြံကို လက်ခံတယ် ။ ကျွန်တော် ကတော့ မလုပ်ရဲဘူး ။ ပေါက်စီ နဲ့ ပျားတုပ် အချိန်မရှိဘူး ဆိုပြီး ထွက်သွားကြတယ် ။
“ ဒီလိုလုပ်ကွာ ... ဒီနေ့ အတန်းထဲတော့ ဘယ်လိုနည်း နဲ့မှ ဝင်လို့ မရဘူး ... ငါတို့ ဦးသိန်းအောင်အိမ်ထဲမှာပဲ ပုန်းကြမယ် ... ကျောင်းဆင်းကျမှ ရောပြန်မယ် ”
နောက်ဆုံး ကျွန်တော့် အကြံအတိုင်း ဦးသိန်းအောင် အိမ်ဘက် ထွက်လာ ... အိမ်ထဲ ဝင်ထိုင်နေရတယ် ။ နံစော် စုတ်ပြတ်နေတဲ့ သူ့အိမ်ခန်းထဲမှာ ၃ ယောက် လှဲရင်း တိတ်ဆိတ်နေတဲ့ ကျောင်းကြီးထဲမှာ ရင်တခုန်ခုန်နဲ့ စောင့်နေရတယ် ။
ပထမအချိန် ကုန်တဲ့ခေါင်းလောင်းထိုး အပြီးမှာပဲ ဆရာ ဦးခင်မောင်လတ် နဲ့ ဆရာဦးရန်နိုင် တို့ ရောက်လာပြီး ... ” ဟေ့ကောင်တွေ...ထွက်ခဲ့ကြစမ်း ” ဆိုတဲ့ အသံကို ကြားရတော့တာပဲ ။
ရုံးခန်းထဲ ရောက်တော့ ပျားတုပ် နဲ့ ပေါက်စီ ကို မျက်နှာဆီးရွက်လောက်ကလေးနဲ့ တွေ့ရတယ် ။ ဦးသိန်းအောင် လည်း ဆရာကြီးရှေ့မှာ ခေါင်းငုံ့လို့ ၊ ဒီကောင်တွေ အုတ်တံတိုင်းကျော်ပြီး Church ထဲအဝင်မှာ Church က တာဝန်ရှိတဲ့ လူတွေကဖမ်းပြီး လာပို့သွားတာကိုး ။
စစ်ရင်းဆေးရင်း ဦးသိန်းအောင်လည်းပေါ် ၊ ကျွန်တော်တို့လည်း မိပေါ့ ။ ဦးသိန်းအောင် က ကျွန်တော်တို့ အင်္ကျီတွေ ၊ စာအုပ်တွေထားတာထက် ၊ ကျောင်းစောင့်လုပ်ပြီး အိမ်ကို သူခိုးဝင်ခံရတဲ့ အပြစ်က ပိုကြီးနေတယ် ။ ဦးသိန်းအောင် က ကျောင်းကို မစောင့်ဘဲ ညဘက် ရပ်ကွက်ထဲ အသုဘ မှာ လင်မယားနှစ်ယောက်စလုံး ဖဲသွားရိုက်နေတာကိုး ။
ကျောင်းစစ်တွေရောက်လာတော့ ဆရာကြီး က ကျွန်တော်တို့ကို စတိုခန်းထဲမှာရှိတဲ့ စာရွက်စာတမ်းတွေ ၊ ပစ္စည်းတွေ သိမ်းခိုင်း ၊ စီခိုင်းထားတယ် ။ ကျောင်းစစ်တွေ ပြန်တော့မှ ကျွန်တော်တို့ကို ငါးချက်စီရိုက် ၊ နောက်နေ့ မိဘခေါ်ပြီး ဦးသိန်းအောင် ကိုတော့ အလုပ်မပြုတ်ရုံတမယ် ပြင်းထန်စွာ သတိပေးလိုက်တယ် ။
နောက်နေ့ မနက်ကျတော့ ကျွန်တော်တို့သတင်းက တော်တော်ကို ကြီးသွားလို့ ဟိုက မေး ၊ ဒီက မေးနဲ့ ။ အိမ်ကလည်း ဆူလိုက်တော့မပြောနဲ ့တော့ ။ ဖတ်စာအုပ်တွေ ပြန်ဝယ်ပေးရတာ မဟုတ်လား ။ ဘယ်သန် ဆို အဆော်တောင် ထပ်ခံရတယ်ဆိုပဲ ။
နောက်နေ့တွေမှာ ကျွန်တော်တို့လွယ်အိတ်ပေါ့ပေါ့ အလွင့် ကလေးနဲ့ စတိုင်လ် မထုတ်နိုင်တော့ပါဘူး ။ ဖတ်စာအုပ်တွေ အစုံနဲ့လွယ်အိတ်ကို ကုန်းထမ်းနေရတာပဲ ။ ဆရာတွေကလည်း အတန်းထဲကို ရောက်တာနဲ့ နာမည်ကြီး ကျွန်တော်တို့ကို ဖတ်စာအုပ်ပါလား အရင်တန်းမေးကြတယ် ။ လွယ်အိတ်ထဲက ဖတ်စာအုပ် အသစ်တွေကို ထုတ်ရတိုင်း ၊ ကျောင်းစာအုပ်တွေကိုပါ ခိုးသွားတဲ့ သူခိုး ကို ကျွန်တော်တို့ကျိန်ဆဲဖို့ပဲ တတ်နိုင်ပါတော့တယ် ။
◾နီကိုရဲ
📖 လွယ်အိတ်ထဲက အလွဲများ
koaungnaingoo.blogspot.com
.
No comments:
Post a Comment