Sunday, October 31, 2021

ငါးသောင်းတန် အိပ်မက်


 

❝ ငါး‌သောင်းတန် အိပ်မက် ❞

ကျွန်တော့် တစ်ဝမ်းကွဲ အစ်ကို လူပျိုကြီး ကိုသင်းမောင် သည် ယနေ့ည မိန်းမခိုးရမည် ဖြစ်၍ ရဲဆေးတင်သည့် အနေဖြင့် ရမ်သုံးပက်ကို အဝင်ကောင်းအောင်ဆိုပြီး အအေးတစ်ပုလင်းနဲ့ ရောသောက်ထားလိုက်သည် ။

သူများ သမီးကို တာဝန်ကြီး တစ်ခုအနေဖြင့် လုပ်ကျွေးရမှာ မသဒ္ဓါ၍ လူပျိုကြီးဘဝနဲ့ နေလာခဲ့တာ အသက်ငါးဆယ်ကျော် မှ မလွှဲသာ၍ ယနေ့ည မိန်းမ ယူရတော့မည် ဖြစ်သည် ။

ယနေ့ည ၉ - နာရီတွင် ရပ်ကွက် ဆွမ်းလောင်းသင်း ဓမ္မာရုံဘေးက အမှောင်ရိပ်မှာ မချောခင် နှင့် ဆုံကြရန် ချိန်းဆိုထားသည် ။ အခုမှ ၇ - နာရီပဲ ရှိသေးသည် ။ အိမ်ကထွက်ပြီး ဆယ်မိနစ်ခန့် လမ်းလျှောက်သွားလိုက်ရုံဖြင့် ဓမ္မာရုံ အမှောင်ရိပ်ကို ရောက်နိုင်သည် ။ အချိန်အများကြီး လိုသေးသည် ။ အပေါ်ထပ် ထပ်ခိုး ဝရန်တာကို ခေါင်းတိုက်ပြီး သင်ဖြူးဖျာတစ်ချပ် ခင်းလိုက်သည် ။ ခေါင်းအုံး နှစ်လုံးဆင့် အုံးပြီး ဖက်ခေါင်းအုံးရှည်ကြီးကို ဖက်အိပ်လျက် ဒူးယားတစ်လိပ် မီးညှိဖွာလိုက်သည် ။ အောက်ထပ်က ဘုရားစင်ရှေ့မှာ မိခင်ကြီး ဘုရားရှိခိုးပြီး ဂုဏ်တော် ပုတီးစိပ်နေတာကို မြင်နေရသည် ။

အဖေ ဆုံးပြီးကတည်းက အမေအိုကြီး ကို ပြုစုစောင့်ရှောက်ပြီး လူပျိုကြီး ဘဝနဲ့ နေလာခဲ့သည် ။ အသက်ငါးဆယ် ကျော်မှ ပြဿနာ ပေါ်တော့သည် ။

ရပ်ကွက်ဈေးထဲမှာ အထည်ဆိုင်ဖွင့်ပြီး အဝတ်ဟောင်း အပေါင်ခံ ပြန်ရောင်းလုပ်သည့် မုဆိုးမ မချောခင် ကို အချောင် ရမလားလို့ ပိုးကြေးပန်းကြေး ပေးသည့်အနေဖြင့် ငွေထုတ်ချေးခဲ့သည် ။ “ တစ်ရာကို သုံးကျပ်တိုး ပေးပါမည် ကူညီပါ အစ်ကိုသင်း ရယ် ” ဟု ပြောပြီး ချေးခဲ့သဖြင့် ခေါင်းငြိမ့်လိုက်မိသည် ။ ဝန်ထမ်းအသက်အာမခံ စုငွေနှင့် အတွင်းပစ္စည်းအချို့ကို ထုခွဲရောင်းချလို့ ရတာလေး စုပေါင်းပြီး ငွေငါးသောင်းတိတိ မချောခင် ကို ထုတ်ချေးခဲ့သည် ။

ဌာနဆိုင်ရာမှ ရမည့် လုပ်သက်ပင်စင် လစာ ငါးရာ နှင့် မချောခင် ထံမှ ရမည့် အတိုးငွေ တစ်ထောင့်ငါးရာ ပေါင်းလျှင် လစဉ် ဝင်ငွေ နှစ်ထောင်ကျပ် ဖြစ်မည် ။ အိမ်စရိတ်က တစ်လမှ တစ်ထောင်လောက်သာ ကုန်၍ သားအမိ နှစ်ယောက် လောက်ငှသည့်အပြင် ပို၍ပင် နေသေးသည်ဟု တွက်ထားခဲ့သည် ။ ငွေထုတ်ချေးပြီး တစ်လ နှစ်လ လောက်သာ မချောခင် ဆီက အတိုးကို ပြည့်ပြည့်၀၀ ရခဲ့သည် ။ နောက်ပိုင်း လတွေမှာတော့ ငါးရာ ကျန် ၊ တစ်ထောင် ကျန်ဖြင့် မူမမှန် ဖြစ်လာသည် ။ နောက်ဆုံးတော့ ထုံးစံ အတိုင်းပေါ့ ၊ ( လုံးဝ အတိုးမပေးနိုင်တော့ပါဘူး ၊ အရင်းကိုသာ တဖြည်းဖြည်း ဆပ်သွားပါရစေ ) ဟု တောင်းပန်သလိုလိုဖြင့် ခပ်တင်းတင်း ပြောလာတော့သည် ။ ပြောသာ ပြောသော်လည်း မချောခင် ထံမှ အသံကိုသာ ကြားရသည် ။ ငွေသားကတော့ နောက်ထပ် တစ်ပြားမှ ထွက်မလာတော့ပါ ။

မချောခင် က မော်လမြိုင်သူ လုံးကြီးပေါက်လှ ၊ သားတစ်ယောက် သမီးတစ်ယောက်ရပြီးမှ မုဆိုးမ ဖြစ်ခဲ့ရသည် ။ လင်သေပြီးစ အရွယ်မကျသေးတော့ မှောင်ခိုခေတ်မှာ မြို့မြို့မြက်မြက်ကလေး အလုပ်ဖြစ်လိုက်သေးသည် ။ ခေတ်ကုန်တော့ ဒုံရင်းပြန်ဆိုက်ပြီး ခြောက်ကပ်ကပ် ရပ်ကွက်ဈေးထဲက အဝတ်ဟောင်းဆိုင်မှာပဲ ပြန်ထိုင်ရတော့သည် ။ ရပ်ကွက်‌ဈေး က ခြောက်ကပ်ပေမယ့် မချောခင် ဆိုင်က မခြောက် ၊ ကိုသင်းမောင်ကြီး ထံမှ ရထားသည့် ငွေတွေကို နေ့ပြန်တိုး ပေးထားတော့ အတိုးလာဆပ်ကြသည့် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးတွေနဲ့ စိုပြည် ဆူညံနေလေ့ရှိသည် ။

အသက်လေးဆယ် ကျော်ပေမယ့် ဆင်တတ်ပြင်တတ် ဝတ်တတ်စားတတ်တော့ တင်းတင်းရင်းရင်း မို့မို့မောက်မောက်တွေက ကျန်သေးသမို့ သူ့ဆိုင်မှာ မဝယ်ဘဲ ထိုင်သူတွေဖြင့် စည်ကားနေလေ့ရှိသည် ။ အဲဒီအထဲမှာ ကျွန်တော့် အစ်ကို လူပျိုကြီး ကိုသင်းမောင် လည်း ပါသည် ။ ငွေငါးသောင်း ထုတ်ချေးထားသူ ဆိုတော့ ဦးစားပေးအဆင့် သတ်မှတ်ခြင်း ခံရသည့်အပြင် ထမင်းချိုင့် ဖွင့်ကျွေး ၊ လက်ဖက်သုပ် ဂျင်းသုပ်ကလေးများ ချကျွေးပြီး ဧည့်ခံရသူများ စာရင်းမှာလည်း ပါသည် ။

မချောခင် အနီးမှာ ကပ်ထိုင်ပြီး ငွေငါးသောင်း ပြန်လည်ရရှိရေးအတွက် နောက်သလိုလိုနဲ့ ချောက် ၊ မြှောက်သလိုလိုနဲ့ ချော့ပြီး တောင်းပါသော်လည်း အာညောင်းတာသာ အဖတ်တင်သည် ။ ဘာအကြောင်းမှ ထူးလာဖို့ မမြင်သောအခါ ( ဖွတ်မရ ဓားမဆုံး ) ဆိုတာမျိုးတော့ အဖြစ်မခံဘူး ။ ဓားမ ဆုံးမည့်အတူတူ ဖွပ်မ ကို ရအောင် ယူမည်ဟု ကြံစည်ရတော့သည် ။

“ မချောခင် မှာ သားနဲ့ သမီးကလည်း လူပျိုပေါက် ၊ အပျိုပေါက်တွေ ဖြစ်ကုန်ကြပြီပဲ ။ မျက်နှာလွှဲလို့ ရပါပြီ ။ အရွယ်လေး ရှိတုန်း အားကိုးလောက်တဲ့ ယောက်ျား တစ်ယောက်တလေကိုများ မစဉ်းစားတော့ဘူးလား ၊ မိန်းမသား ဆိုတာ ယောက်ျား မဟုတ်တဲ့အတွက် အဖြစ်က မစွံ ၊ အတက်က မချွန်တော့ ကြက်မတွန်လို့ မိုးမလင်းဘူး မချောခင်... စဉ်းစားဦးနော် ... ဟင်း ဟင်း ”

လက်ဖက်ကလေး တစ်တို့ ကောက်ဝါးရင်း နောက်သလိုလို ချောက်သလိုလို လေသံဖြင့် ကာရန် နဘေလေးရော၍ ခပ်သောသော သွေးတိုးစမ်းကြည့်လိုက်သည် ။

“ အောင်မယ်လေး ဒီအတွက်တော့ မပူပါဘူး ကိုသင်းမောင်ရယ် ... ကြက်မတွေ တွန်လို့ မိုးမလင်းတာတော့ မှန်ပါတယ် ... ကြက်ဖတွေ တွန်လို့ မိုးလင်းတာလည်း မဟုတ်ပါဘူး ၊ မိုးလင်းလို့ ကြက်ဖတွေက တွန်တာပါ ။ ကလေးတွေ အဖေ ဆုံးပြီးကတည်းက ဘယ်ယောက်ျားကိုမှ အားမကိုးပဲ သားနဲ့သမီးကို ကျွေးမွေး စောင့်ရှောက်လာခဲ့တာ ရှင်အသိပဲ မဟုတ်လား ၊ ထမင်းတစ်လုတ် စားရဖို့အတွက်တော့ ဘယ်သူ့မှ အားမကိုးဘူးဆိုတာ ရှင် သဘောပေါက် ”

ဈေးသည်ပီပီ ဒိုးဒိုးဒေါက်ဒေါက် ဘိုးဘိုးအောက်ဘောက် ပြန် ပြောချလိုက်တော့ ဘာပြန်ပြောရမှန်း မသိအောင် အကျပ်တွေ့သွားသည် ။ နှစ်ဆယ်ရာစု တက္ကသိုလ်မှာ ဘွဲ့ရခဲ့သော်လည်း လူပျိုလှည့်ရာမှာတော့ ကုန်းဘောင်ခေတ် မူကြိုအဆင့်သာ ရှိသူမို့ လိုရင်းကို မရောက်နိုင် ဖြစ်နေသည် ။ သို့သော် ဖောင်ဖျက်ပြီး နောင်ရိုးတိုက်ပွဲ နွှဲနေရသူမို့ နောက်မဆုတ်သာတော့ပ် တတ်သလောက် မှတ်သလောက် စကားပရိယာယ်လေးများဖြင့် သွယ်ဝိုက်ပြီး ခရီးဆက်နေရတော့သည် ။

“ အားကိုးဖို့ရယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ မချောခင် ရယ် ။ စေတီပုထိုးမှာလည်း ထီးတော်ရှိမှ တင့်တယ်တယ် ။ မြင်းရထားမှာလည်း အလံတံခွန်ရှိမှ တင့်တယ်တယ် ။ မိန်းမသားမှာလည်း လင်သားရှိမှ တင့်တယ်တယ်ဆို မဟုတ်လား .. ဒါပြောချင်တာပါ ”

“ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် ဂုဏ်သိက္ခာရှိရှိနေရင် မတင့်တယ်စရာ အကြောင်း ဘာမှ မရှိဘူး ။ လင်ရှိ မယားရှိပြီး သိက္ခာသမာဓိ မရှိရင်သာ မတင့်တယ်တာပါတော် "

ခက်တော့ ခက်နေပါပြီ ... မိန်းမပျက်တွေကို လက်လီဈေး စကားပြောရာမှာ အဆင်ချောသလောက် မုဆိုးမ ဈေးသည် မချောခင် ကို ပုတ်ပြတ်ချိန် ရာမှာ အံမဝင် မြောင်းမတည့် ဖြစ်နေသည် ။

“ လူ့ဘဝမှာ သိက္ခာသမာဓိရှိရုံနဲ့ ဘယ်ပြည့်စုံပါ့မလဲ မချောခင် ရယ် ... သွေးသားက ဆန္ဒပြ တောင်းဆိုတတ်တဲ့ လူ့သဘာဝ အခွင့်အရေးကို ဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ ထိန်းချုပ်အောင့်အီး သိပ်နေရရင် ဘယ်တရားပါ့မလဲ ၊ မချောခင် လို အရွယ်ကောင်း ၊ ကျန်းမာရေး ကောင်းတဲ့သူ အနေနဲ့ ရင်းနှီးတဲ့ အတွင်းသိ အစင်းသိတွေထဲက လွတ်လွတ်လပ်လပ် ယောက်ျား တစ်ယောက်ကို ယူမယ်ဆိုရင် ဂုဏ်သိက္ခာ ထိခိုက်နိုင်စရာ အကြောင်း မရှိပါဘူးဗျာ ... ”

မချောခင် ကို သူ့လို နုံ တုံတုံ အ တတများ ထင်သလားမသိ ။ သူ့ဟာသူပြောပြီး မလုံမလဲနဲ့ ခေါင်းကြီးငုံ့ထားတော့ မချောခင် က ပြုံးလိုက်သည် ။

“ ဒီမှာ ကိုသင်းမောင် ရှင်းရှင်းနဲ့ဘွင်းဘွင်း ပြောစမ်းပါ ။ ရှင် ကျွန်မကို လူပျိုစကား လာပြောနေတာလား ။ ရှင့်လို လူကိုသာ ဆိုရင် ကျွန်မဘက်က ဘာမှ ငြင်းစရာ အကြောင်း မရှိဘူး ။ အဲ တစ်ခုတော့ ပြောစရာ ရှိတယ် ”

“ ဘာ ... ဘာများလဲဟင် မချောခင် ဘာပြောစရာ ရှိသေးလို့လဲ ”

ကဲ ...အဖြေက ထွက်နေပြီမို့ ရိုက်စစ်စရာပင် မလိုတော့ ။ အငမ်း မရ ဖြစ်နေမှန်း သိသာလှသည် ။

“ ရှင့်ကို ယူလိုက်ရင် ငွေငါးသောင်း ပြန်မဆပ်နိုင်လို့ လူကို ထိုးဆပ်လိုက် ရတယ်လို့ ပြောကြမှာ ကျွန်မ မခံနိုင်ဘူးရှင့် ”

“ ပြောချင်တာတွေ ပြောကြပါစေ မချောခင် ရယ် ၊ ကိုယ်တို့နှစ်ယောက် အချင်းချင်း နားလည်ပြီး သဘောတူလို့ ကြည်ဖြူရင် ပြီးတာပဲ မဟုတ်လား ၊ ပတ်ဝန်းကျင်ကို ဂရုစိုက် မနေစမ်းပါနဲ့ ”

ကိစ္စက ပြီးချင်တော့လည်း လွယ်လွယ်နဲ့ ပြီးသွားသည် ။ ဒါပေမယ့် မချောခင် က သားနဲ့ သမီး အပြင် ယောက္ခမ ၊ ယောင်းမ တွေနဲ့ တိုင်ပင်ပါရစေ ၊ တစ်ပတ်လောက် အချိန်ပေးပါ ဟုပြော၍ အောင့်ပြီး စောင့်လိုက်ရသေးသည် ။ တစ်ပတ်ပြည့်သည့်အခါမှာတော့ မချောခင် ထံမှ တိကျသည့် အဖြေကိုရ သည် ။ လာမည့် စနေနေ့ ည ( ၉ ) နာရီမှာ ရပ်ကွက် ဆွမ်းလောင်းသင်း ဓမ္မာရုံ အမှောင်ရိပ်က စောင့်နေပါ ၊ အဝတ်အစား အပြည့်အစုံဖြင့် ယောက္ခမ ယောင်းမတွေ အလစ်မှာ အိမ်က ထွက်ပြီး ပြေးလာခဲ့ပါမည်ဟု ဆိုသည် ။ ကိုသင်းမောင်ကြီး ဝမ်းသာလွန်း၍ နားရွက်တွေ ထူပူပြီး ခြေဖျား လက်ဖျားတွေ အေးစက်သွားသည် ။

“ ပြောသလို လုပ်နော် ကိုသင်းမောင် ... သစ္စာမရှိ ကတိမတည်လို့ ကျွန်မ အရှက်ကွဲရင်တော့ ရှင် နဲ့ ကျွန်မ သေခန်းပြတ်ပဲ ”

“ စိတ်ချစမ်းပါ ချောရယ် .. ဒီစကားတွေက ကိုသင်း ပြောရမယ့် စကားတွေပါ "

နာမည်ကိုတောင် အပြည့်မခေါ်တော့ပဲ ချောတွေ သင်းတွေ ဖြစ်နေပေပြီ ။ မချောခင် က အသက် လေးဆယ် ကျော်ပေမယ့် အရွယ်က မကျ ၊ အသားအရည်က စိုပြည် လှပနေဆဲ ဖြစ်သည် ။ မချောခင် အနား ကပ်လိုက်လျှင် အမြဲရလေ့ရှိသည့် ကိုယ်သင်းရနံ့ သင်းပျံ့ပျံ့ လေးကိုက စွဲမက်စရာ ဖြစ်နေသည် ။ အပေါ်ထပ် ထပ်ခိုးပေါ်က သင်ဖြူးဖျာပေါ်မှာ အတူ လဲလျောင်းပြီး ၊ လှနေသေးသည့် မချောခင် ၏ မျက်နှာကို တစိမ့်စိမ့် ကြည့်နေမိသည် ။

“ အစ်ကိုသင်း က အသက်ငါးဆယ် ကျော်ပေမယ့် လူပျိုစစ်စစ် ပါဗျ ”

“ ချောကလည်း လေးဆယ်ကျော် မုဆိုးမပေမယ့် လင်သေတာ အနှစ် နှစ်ဆယ် ရှိပြီမို့ အပျိုစစ်စစ်လို ပြန်ဖြစ်နေပါပြီ ကိုသင်းရယ် ”

“ အဲဒါကြောင့် ဟောဒီက ကိုသင်း က မက်ရတာ ချစ်ရတာဗျ ”

အားမလို အားမရ ဖြစ်လာ၍ မချောခင် ၏ ပြည့်ပြည့်ဖြိုးဖြိုး ဖုဖုထစ်ထစ်ကလေးတွေကို ဆွဲညှစ် ၊ ဆွဲဖက်ထားလိုက်မိသည် ။

“ ကဲ …. အိပ်ခန်းထဲ ဝင်ကြရအောင် ... လမ်းထိပ်ကင်းတဲက သံချောင်း ခေါက်ပြီး ဘယ်နှစ်နာရီ ထိုးပြီလဲ မသိဘူး ”

ဒေါင်ဒေါင် ... ဒေါင်ဒေါင် .. ဒေါင်ဒေါင် ... ဒေါင်ဒေါင် ... ဒေါင်ဒေါင်

ကိုသင်းမောင် အိပ်နေရာမှ လူးလဲ ထလိုက်သည် ။ ဖက်ထားသည့် ဖက်ခေါင်းအုံးကြီးကို တွန်းဖယ်လိုက်ပြီး လက်က နာရီကို ကြည့်လိုက်ရာ ည ဆယ်နာရီ ထိုးပြီးနေပြီ ဖြစ်သည် ။ အဝတ်အစား လဲဖို့တောင် သတိမရနိုင်တော့ပဲ အပေါ်ထပ် ထပ်ခိုးပေါ်မှ ပြေးဆင်းပြီး အိမ်ခြံပေါက်ဝအထိ ထွက်၍ ဆွမ်းလောင်းသင်း ဓမ္မာရုံဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည် ။

ည ( ၁၀ ) နာရီ သည် လူသွားလူလာ မရှိ ၊ ပကတိ တိတ်ဆိတ်နေပြီဖြစ်သည် ။ မီးမထွန်း ၊ ဟွန်းမတီးပဲ ဖြည်းဖြည်းလှိမ့်ပြီး မောင်းသွားသော ထရပ်ကား မည်းမည်းကြီး တစ်စီးကို မြင်လိုက်သဖြင့် အိမ်ထဲ ပြန်ဝင်လိုက်ရသည် ။

အိမ်ထဲ ပြန်ရောက်တော့လည်း ဆောက်တည်ရာမရ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည် ။ ( သစ္စာမရှိ ကတိမတည်လို့ ကျွန်မ အရှက်ကွဲရင်တော့ ရှင် နဲ့ ကျွန်မ နဲ့ သေခန်းပြတ်ပဲ ) လို့ မျက်စောင်းခဲ့ပြီး ပြောခဲ့သော မချောခင် ၏ အသံကြီးကိုသာ ကြားယောင်နေပါတော့သည် ။

◾အဏ္ဏဝါစိုးမိုး

📖 ရွှေအမြုတေ
      ဧပြီလ ၊ ၁၉၉၃ ခုနှစ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment