Saturday, October 16, 2021

ပျံလွန်တော်မူသော ဦးဥတ္တမ


 

❝  ပျံလွန်တော်မူသော ဦးဥတ္တမ ❞

တနင်္ဂနွေနေ့ တစ်နေ့တွင် ကျွန်တော့် အား ကိုဘဟိန်း က တက္ကသိုလ် သို့ အလည်ခေါ်သွားလေသည် ။ ယခုအခါ ကျွန်တော့် မှာ တက္ကသိုလ်သို့ ရောက်ခဲလှသည် ။ ယခုလို တကူးတက အလည်သွားမှ ရောက်ရတော့၏ ။

ကျွန်တော်တို့သည် သမဂ္ဂအဆောက်အအုံ သို့  ဦးစွာ ဝင်ကြ၏ ။ ဒရဝမ် ဦးကံသိန်း နှင့် မာလီ တို့သာ ရှိကြသည် ။ တက္ကသိုလ်သမဂ္ဂဥက္ကဌ ကိုလှရွှေ လည်း မရှိ ။ အမှုဆောင်လူကြီး တစ်ဦးဦးကိုမျှလည်း မတွေ့ရ ။ သမဂ္ဂအဆောက်အအုံကြီး ကား ခြောက်သွေ့လှသည် ။ ၁၃ဝဝ ပြည့် အရေးတော်ပုံအတွင်းကနှင့် ကွာခြားလှသည် ထင်မိ၏ ။

ကိုဘဟိန်း -

“ လာ ကိုယ့်လူ ၊ ဒဂုန်တာရာ ရဲ့အခန်းကို သွားလည်ကြမယ် ၊ ဒဂုန်တာရာ နဲ့ ခင်တယ် မဟုတ်လား ”

“ ခင်တော့ သိပ်မခင်ပါဘူး ၊ သွားလေ လိုက်ပါ့မယ် ”

ဒဂုန်တာရာ ကို အဆင်သင့်ပင် သူ့အခန်းတွင်း မှာ တွေ့ရလေသည် ။ ဒဂုန်တာရာ သည် တစ်ယောက်တည်း အေးအေးလူလူ စန္ဒရား တီးနေ၏ ။ သူသည် စန္ဒရား ကို ကျောင်းသို့ ယူလာနိုင်သူ ဖြစ်ပေ၏ ။ အခြား အခန်းများမှ ကျောင်းသားများကား မြို့ထဲသို့ လျှောက်လည်နေကြဟန် တူ၏ ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး စန္ဒရားသံ က ပေါ်လွင်နေပေသည် ။

ကျွန်တော်တို့ ဝင်သွားသောအခါ ဒဂုန်တာရာ က စန္ဒရား အတီး ရပ်လိုက်လေရာ ကိုဘဟိန်း က -

“ ဟေ့လူ ဆက်တီးပါ ၊ နားထောင်ရအောင် ”

ဒဂုန်တာရာ က ပြီးသည့်တိုင်အောင် ဆက်တီး၏ ။ ကိုဘဟိန်း က တိုးတိုးကလေး သီချင်းလိုက်ဆိုပြီး လက်ဖျောက်တီး ၊ ပေါင်ရိုက်ကာ စည်းလိုက်နေလေသည် ။

ကျွန်တော်ကမူ ငြိမ်ငြိမ်ကလေး နားထောင်နေပေ၏ ။

တီးကွက်ကုန်တော့ ဒဂုန်တာရာ သည် ကျွန်တော်တို့ထံသို့ ထလာလေသည် ။

ကိုဘဟိန်း -

“ နောက်တစ်ပုဒ် ထပ်လုပ်စမ်းပါဦး ”

ဒဂုန်တာရာ သည် ခုတင်ပေါ်မှာ ထိုင်လျက် ပြုံး၍သာ နေသည် ။ ထပ် မတီးတော့ ။

ကိုဘဟိန်း -

“ ကိုယ့်လူရဲ့ စန္ဒရားသံ ဟာ ကိုယ့်လူ ရေးတဲ့ ကဗျာကလေးတွေ ထက်တောင် ပိုငြိမ့်ညောင်း ချိုသာတယ် ”

“ ဘယ်ကနေပြီး ဝင်လာကြတာလဲဗျ ”

“ သက်သက် အလည်လာတာပဲ ။ ဟောဒီက ကိုတင်ထွန်း နဲ့ ကိုယ့်လူ ရင်းရင်းနှီးနှီး ခင်ခင်မင်မင် မရှိကြသေးတော့ ရင်းနှီးအောင် ခေါ်လာခဲ့တယ် ။ တိုးတက်တဲ့ အတွေးအခေါ်ရှိသူ အချင်းချင်း ရင်းနှီးဖို့ လိုတယ်ဗျ ”

ဒဂုန်တာရာ က ကျွန်တော့်အား ပြုံးကြည့်ရင်း -

“ ရင်းနှီးတာပဲဗျ ၊ ကိုတင်ထွန်း ခု ကျောင်းထွက်သွားပြီနော် ၊ ဘာလုပ်နေသလဲ ”

“ ဟုတ်တယ် ၊ ကျွန်တော် ကျောင်းထွက်ပြီး လက်ထောက်အယ်ဒီတာ လုပ်နေတယ် ”

“ ဪ ဟုတ်လား ၊ ကောင်းသားပဲ ၊ စာရေးဆရာအသင်း ထဲ ဝင်ပါလား ”

ကျွန်တော် တစ်စုံတစ်ရာ မဖြေရသေးမီ ကိုဘဟိန်း က ကြားဖြတ်၍ -

“ ကိုယ့်လူတို့ တက္ကသိုလ်စာရေးဆရာတွေကော ဘာလုပ်နေကြသလဲ ”

ဒဂုန်တာရာ က သိပ္ပံစိုးလှ ဘာတွေရေးနေသည်ကို လည်းကောင်း ၊ သာဂရ ငစိုး ပင်းယကျောင်းဆောင် မဂ္ဂဇင်းကို တည်းဖြတ်နေသည်ကို လည်းကောင်း ၊ ထင်ကြီး မှာ စာသိပ် မရေးလိုတော့ဘဲ ဓာတ်ပုံရိုက်ဝါသနာ သန်ပုံကို လည်းကောင်း ၊ ခင်လေးမောင် က မခင်လေး အတွက် အချစ်ကဗျာ သီနေပုံကို လည်းကောင်း ၊ ညိုမြ က သူပိုးမစွံသော ရည်းစားအား ပြက်ချော်ချော် ရေးထားသည်ကို လည်းကောင်း ၊ ရှမ်းပြည်ကိုတင်အေး က ရွှေနှင်းဆီ အမည်ဖြင့် ရေးနေကြောင်းကို လည်းကောင်း ပြောပြနေလေသည် ။

“ ကိုဘဟိန်း မန်းတင် ကို သိတယ် မဟုတ်လား ”

“ သိတာပေါ့ ၊ ကိုယ်တို့ မန္တလေး က ကိုထွန်းတင် မဟုတ်လား ”

“ ဟုတ်တယ် ၊ ခုတလော သူလည်း စာတော်တော် ရေးနေပြီဗျ ”

သူတို့နှစ်ယောက် တက္ကသိုလ်စာရေးဆရာများအကြောင်း အချီအချပြောနေစဉ် ကျွန်တော်က ကြားဝင်လျက် -

“ ခုတလော ဒဂုန်မဂ္ဂဇင်း မှာ တက္ကသိုလ်ကဏ္ဍ ပြန်ပါလာပြန်ပြီနော် ၊ ဝမ်းသာစရာပဲ ”

ဒဂုန်တာရာ -

“ ဟုတ်တယ် ၊ ကျွန်တော်ပဲ ဒဂုန်မဂ္ဂဇင်း ကို ထပ်ထည့်ဖို့ပြောပြီး ဆောင်းပါးတွေ တက္ကသိုလ် စာရေးဆရာတွေဆီက လိုက်တောင်းပြီး ပို့နေရတယ်လေ ”

ကိုဘဟိန်း -

“ တက္ကသိုလ်စာရေးဆရာတွေ စာရေးကြတာ ဝမ်းသာစရာပါပဲ ။ ရေးတာတွေလည်း ဖတ်ကောင်းပါရဲ့ ၊ သို့ပေမယ့် တိုးတက်တဲ့သဘော တယ် မပါကြဘူး ၊ မယ်ဘွဲ့ ၊ မောင်ဘွဲ့ ၊ တောဘွဲ့ ၊ တောင်ဘွဲ့ အဆင့်လောက်ပဲ ဖြစ်နေကြတယ် ၊ ဆင်းရဲသား ပစ္စည်းမဲ့ လောကနိဗ္ဗာန် ထူထောင်ရေး အကြောင်း ၊ ဘုံဝါဒအကြောင်း အခြေခံပြီး ရေးကြတာ မရှိဘူး ”

ဒဂုန်တာရာ -

“ သူရိယမဂ္ဂဇင်းမှာ စာရေးဆရာ ဇဝန ရေးတဲ့ အောက်အီးအီးအွတ် ဆိုတဲ့ ဝတ္ထုတို ကလေးကို ဘယ်လို သဘောရသလဲ ”

“ ဟာ ဒီဝတ္ထုဟာ ဆင်းရဲသား ပစ္စည်းမဲ့နဲ့ ဘုံဝါဒ ကို သရော် တိုက်ခိုက်ထားတဲ့ ဝတ္ထုပဲ ”

ကျွန်တော်က ထိုဝတ္ထုကလေးကို သတိရပြီး ရယ်လိုက်သည် ။ ပြီးတော့မှ -

“ သူက ဟာသစာရေးဆရာ ဆိုတော့ ဘယ်ဟာကို ဖြစ်ဖြစ် သရော်တော်တော် ပြက်ချော်ချော် လုပ်တာပဲဗျာ ၊ ဖတ်လို့တော့ ကောင်းသားပဲ ကိုဘဟိန်း ရဲ့ ”

“ သရော်ချင်ရင် ဓနရှင် ကိုသာ သရော်ဖို့ ကောင်းတယ် ။ ဒီလူတွေက ဘုံဝါဒဆန့်ကျင်ရေးသမားတွေပါဗျာ ၊ မြဒေါင်းညို ရေးတဲ့ ' ဘုံဝါဒ ' ဆိုတဲ့ ဝတ္ထုတောင်မှ ဘုံဝါဒ ကို တိုက်ခိုက်တဲ့ ဝတ္ထု ဖြစ်တယ် ၊ တို့ဗမာအစည်းအရုံး နဲ့ သခင် တွေကို ထိပါးရေးသားတဲ့ ဝတ္ထုဖြစ်တယ် ၊ မဟာဆွေ လည်း ဘုံဝါဒ နဲ့ သခင် တွေကို ထိခိုက်ပြီး ရေးနေတာပဲ ။ မဟာဆွေ နာမည်နဲ့ ရေးတဲ့ အခါမှာသာ မကဘူး ၊ နေသူရိန် နာမည် နဲ့ ရေးတဲ့ ဆောင်းပါးတွေထဲမှာလည်း ဘုံဝါဒ ဆန့်ကျင်ရေးတွေ ပါတယ် ။ ကိုယ်တို့လူစုက ဒီလို ထိပါးတိုက်ခိုက် မှုတွေကို ခုခံရမယ် ၊ ဆင်းရဲသား ပစ္စည်းမဲ့တွေဘက်က ရေးရမယ် ၊ စာပေကို သုံးပြီး ဘုံဝါဒကို ဖြန့်ရမယ် ၊ တိုးတက်တဲ့စာပေ ထွန်းကားအောင် လုပ်ကြရမယ် ”

ကိုဘဟိန်း က စိတ်ပါလက်ပါ ပြောနေဆဲ အင်္ဂလိပ်စာ ဂုဏ်ထူးကျောင်းသား ကိုဘသိန်း ရောက်လာလေသည် ။ ကိုဘသိန်း ကား ကိုယ်နေသေးသေးသွယ်သွယ် ဖြစ်သည် ။ ပေါ်လွင်သော နဖူးပြင် ၊ ထူထပ်သော မျက်ခုံးနှင့် ကြီးမားသော ရှေ့သွားများ ပေါ်အောင် ပြုံးတတ်သော ပါးစပ် ရှိရုံမက မျက် မှန်ကိုလည်း တပ်ထားရလေရာ တက်ဘုန်းကြီးကိုသိန်းဖေ ၏  မျက်နှာနှင့် အတော်တူသည်ကို သတိပြုမိပေသည် ။ ခြားနားသည်ကား ကိုဘသိန်း က အတာ ဟု အခေါ်ခံရသည့်အတိုင်း ကလေး နှင့် ပိုတူခြင်းသာ ဖြစ်၏ ။ သူက အခန်းဝတွင်ရပ်နေစဉ် အခန်းရှင် ဒဂုန်တာရာ သည် ဖိတ်ခေါ်ခြင်း မပြုဘဲ ကြောင်ကြည့်နေလေရာ ကိုဘဟိန်း ကပင် ဖိတ်ခေါ်လိုက်သည် ။

“ အတာ လားဟေ့ ၊ လာလေ ထိုင်ပါဦးကွ ”

ကိုဘသိန်း သည် ဝင်လာပြီး ဒဂုန်တာရာ ၏ ဘေးမှာ ထိုင်လိုက်လေသည် ။ သည်တော့မှ မထိတထိ ပြုံးပြီး

“ ဘယ်က လာတာလဲ ”

“ ခင်ဗျားဆီ လာတာဘဲ ကိုဌေးမြိုင် ၊ ကျွန်တော် ဦးဥတ္တမ အကြောင်း အင်္ဂလိပ်လို ဆောင်းပါး တစ်စောင် ရေးမယ်လို့ အချက်အလက်ကလေးတွေ လိုက်စုဆောင်းနေတယ် ၊ ကိုဌေးမြိုင် ဆီက ဘာများ ရနိုင်မလဲ ”

ဒဂုန်တာရာ ခေါ် ကိုဌေးမြိုင် က မထိတထိ ပြုံးပြီး ကိုဘဟိန်း အား ကြည့်နေသည် ။ ကိုဘဟိန်း အား အကူအညီတောင်းလိုဟန် ရှိ၏ ။

ကိုဘဟိန်း -

“ ဦးဥတ္တမ ဆရာတော်ကြီး ဟာ အတိတ်ကတော့ အင်မတန် ပြောင်ခဲ့တာပဲ ။ ရှေးက အင်မတန် တိုးတက်ခဲ့တယ် ၊ တိုင်းပြည်အကျိုးကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့တယ် ၊ ပျံလွန်ခါနီးအပိုင်း မှာတော့ ဖောက်ပြန်သွားတယ် ။ ငါးပွင့်ဆိုင် ငို့ဘ သမားကြီးတွေနဲ့ ပေါင်းပြီး ၉၁ ဌာန အုပ်ချုပ်ရေးကို အလုပ်အကျွေး ပြုသွားတယ် ။ မှတ်မိသေးတယ်ဗျ ၊ ဦးဥတ္တမ ရဲ့ အတိတ်က အရှိန်အဝါကြောင့် ဦးဥတ္တမ ဖောက်ပြန်သွားတာကို တိုင်းပြည်မှာ ဘယ်ကမှ ဖော်ထုတ်ရှုတ်ချခြင်း မပြုရဲဘဲ နေကြတုန်း ကိုကြီးနု က တက္ကသိုလ်သမဂ္ဂ စင်မြင့်ပေါ်ကနေပြီး ဖော်ထုတ်ရှုတ်ချလိုက်တာ ”

ကိုဘသိန်း -

“ အေးဗျာ ၊ ပျံလွန်ခါနီး ဖြစ်ပျက်တာတွေကတော့ ဝမ်းနည်းစရာတွေပါပဲ ။ သူ့ နိုင်ငံရေး ဖောက်ပြန် တာတွေ ဘာတွေကို ကျွန်တော် သိပ်မသိပါဘူး ၊ သို့ပေမယ့် ပျံလွန်ခါနီးမှာ သိပ် ဆင်းရဲသွားရှာတယ် ။ တိုင်းပြည်ရဲ့ ကျေးဇူးရှင်ကြီးဟာ လမ်းပေါ်မှာ အရူးလို လျှောက်သွား ၊ ဟိုဟာ ကောက် ၊ ဒီဟာ ကောက် တွေ့ကရာ ဆိုင်မှာ စားစရာ အလှူခံပြီး လမ်းပေါ် လျှောက်စား ... ”

ကိုဘသိန်း ၏ အသံသည် နစ်ဆို့သွားသည် ။ သူ့မျက်လုံးများတွင် မျက်ရည်ကလေးများ ဝေ့လာသည် ။ ကျွန်တော့် ရင်မှာလည်း တလှိုက်လှိုက် ဖိုလာ၏ ။ ကိုဘသိန်း မှာလည်း ဦးဥတ္တမ ၏ ဖောက်ပြန်သော အပိုင်းကို ထပ်ပြောလိုဟန် လက္ခဏာ မရှိတော့ချေ ။ ဒဂုန်တာရာ ၏ မျက်နှာလည်း ညိုးသွားလေသည် ။ ကျွန်တော်သည် မကြာမီက ပျံလွန်တော်မူသွားသော ဦးဥတ္တမ အကြောင်းကို ကျွန်တော်တို့ သတင်းစာအတွက် လေ့လာရေးသားခဲ့ရသည်ဖြစ်ရာ လူအမျိုးမျိုး၏ ထင်မြင် ယူဆချက်ကို နားလည်ထားပေသည် ။ ထို့ကြောင့် -

“ အေးလေဗျာ ၊ ကျွန်တော်တို့ ကသာ ဦးဥတ္တမ ကိုယ်တော်ကြီးဟာ ငါးပွင့်ဆိုင် ငို့ဘသမားတွေနဲ့ ပေါင်းပြီး ဖောက်ပြန်သွားတယ်လို့ ယူဆတာဗျ ၊ ငါးပွင့်ဆိုင်ပါတီထဲ ပါနေတဲ့ ဂျီစီဘီအေ ဝံသာနု ဟောင်းကြီးတွေကတော့ ဆရာတော် ဦးဥတ္တမ ဟာ မပျံလွန်တော်မူမီမှာ မြန်မာအမျိုးသားတွေ ညီညွတ်အောင် နောက်ဆုံးအကြိမ် ကြိုးစားသွားရှာတယ်လို့ ပြောကြသဗျ ”

ကိုဘသိန်း ၏ မျက်နှာမှာ လင်းသွားသည် ။

“ အဲဒီလို ယူဆနိုင်တာပဲ ၊ ကျွန်တော် ယူဆတာကတော့ ဆရာတော်ကြီး ဟာ အိန္ဒိယ က ပြန်ကြွလာပြီး ဒီ ယုံကြည်ချက် နဲ့ ငါးပွင့်ဆိုင် ဆိုတဲ့ ဂျီစီဘီအေ အကွဲ ၄ ခု ၊ ၂၁ ဦး ပါတီ ပေါင်းထားတဲ့ ညီညွတ်ရေး အဖွဲ့ကို အားပေးတာ ဖြစ်နိုင်တယ်ဗျ ”

ကိုဘဟိန်း -

“ အင်း နတ်ကြီးဦးဘဖေ တို့ ၊ ကျွန်တော်တို့ မန္တလေး က ဦးဘရွှေ တို့ဟာ မညံ့ဘူးဗျ ။ ညီညွတ်ရေး ဗန်းပြပြီး မင်းသားကြီးထိပ်တင်ဝ ကို ဥက္ကဌ တင်သလို ညီညွတ်ရေးဗန်းပြပြီး ဆရာတော်ဦးဥတ္တမ ကို သွေးဆောင် ခေါ်ယူလာပြီး ၉၁ ဌာန အုပ်ချုပ်ရေးကို အသက်သွင်းခိုင်းတာပါပဲ ။ ၉၁ ဌာန အုပ်ချုပ်ရေး ကို တိုက်ဖျက်တဲ့ ဘက် မှာ ပါပြီး အမျိုးသားညီညွတ်ရေးလုပ်ရင် ဦးဥတ္တမ အတွက် အမှန် ကောင်းမှာပဲ ၊ ရှေးက သူ့အတိတ်နဲ့ ရှေ့နောက် ညီမှာပဲ ။ ကဲလေ ဒါတွေ ထားလိုက်ကြပါစို့ ၊ ဆရာတော်ကြီးရဲ့ တိုးတက်တဲ့ အတိတ်ကိုတော့ မမေ့အပ်ပါဘူး ၊ ဆရာတော်ဦးဥတ္တမ ခုလို ပျံလွန်တော်မူတယ် ဆိုတော့ တရုတ်ပြည် က အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင် ကွယ်လွန် တုန်းက သင်းဂ္ဂိုလ်တဲ့ အခမ်းအနားမှာ ဦးဥတ္တမ ဟာ အိန္ဒိယပြည် အမျိုးသားကွန်ဂရက် နဲ့ ဗမာပြည် ဂျီစီဘီအေကိုယ်စား တက်ရောက်ခဲ့တာကို သွားသတိရတယ် ”

ကိုဘသိန်း က မှတ်စုစာအုပ်ကလေး လှန်ပြီး ဖောင်တိန် ကိုင်ကာ -

“ အဲဒါ ဘယ်နှစ်ကလဲဗျ ”

“ ၁၉၂၅ ခုနှစ် က ၊ အဲဒီတုန်းက ဆရာတော် ဟာ အရှေ့နိုင်ငံများ ကို လှည့်လည်နေတုန်း ဖြစ်တယ် ”

ကိုဘသိန်း က ရေးမှတ်ရင်း -

“ ဦးဥတ္တမ မွေးဖွားတဲ့နှစ်ကော သိသလား ”

ကိုဘဟိန်း သည် တွေးတောနေသည် ။ ကျွန်တော် က ကြားဝင်လျက် -

“ ၁၂၄၁ ခုနှစ် ဗျ ၊ အထက်မြန်မာပြည် ကို အင်္ဂလိပ် မသိမ်းရသေးဘူး ။ ဆရာတော်ကြီး ဖွားမြင်တော်မူရာ စစ်တွေ ကိုတော့ အင်္ဂလိပ် သိမ်းပြီးပြီ ”

ကိုဘသိန်း က ရေးမှတ်ရင်း -

“ နောက်ထပ် ကိုတင်ထွန်း သိသလောက် ပြောစမ်းပါဦး ”

“ ကျွန်တော်က စုဆောင်းရှာဖွေပြီးသားမို့ သိတာ ကလေးတွေ အများအပြား ရှိပါတယ် ။ အသက် ၂ဝ မှာ ရဟန်းဘောင် ဝင်တယ် ၊ ပြီးတော့ အိန္ဒိယပြည် ကာလကတ္တားမြို့ မှာ ၈ နှစ် တိုင်တိုင် စာသွား သင်တယ် ၊ အင်္ဂလိပ်စာ ရော ပါဠိစာပေ ရော သင်တယ် ၊ နောက်ပြီးတော့ အီဂျစ်ပြည် ၊ ပြင်သစ်ပြည် နဲ့ ဥရောပတိုက် မှာ လှည့်ပြီး ဗဟုသုတရှာ မှီးတယ် ”

ဒဂုန်တာရာ -

“ ဆရာတော် ဟာ ဂျပန်ပြည် ကိုလည်း သွားသေးတယ် မဟုတ်လား ။ မြန်မာ အမျိုးသားထဲက ဂျပန်ပြည် အကြောင်း ပထမဆုံး စာအုပ်ရေးတာ ဦးဥတ္တမ မဟုတ်လား ”

ကျွန်တော် -

“ ဟုတ်ပါတယ် ၊ အနောက်နိုင်ငံက ၁၉ဝ၇ ခုနှစ် မှာ ပြန်လာတယ် ။ ရောက်ပြီး မကြာခင်ပဲ ဂျပန်ပြည် သွားတယ် ။ ဂျပန်ပြည် မှာ ဂျပန်အမတ်ကြီး အိုဒါနီ ဆိုတာ တည်ထောင်ထားတဲ့ ကောလိပ်ကျောင်းမှာ ပါဠိပါမောက္ခ အဖြစ်နဲ့ လစာ မယူဘဲ ၂ နှစ်တိုင်တိုင် ထမ်းရွက်ခဲ့တယ် ။ ၁၉၁၁ ခုနှစ် ကျမှ မြန်မာပြည် ပြန်ရောက်တယ် ”

ကိုဘသိန်း -

“ ဒေသန္တရဗဟုသုတ မှာ ဆရာတော်လောက် နှံ့တာ မြန်မာပြည်သားထဲမှာ ရှားမယ်နော် ”

ဒဂုန်တာရာ -

“ ဒီ အတောအတွင်း ဖြစ်မှာပေါ့ ၊ ဂျပန်ပြည် အတ္ထုပတ္တိကို ရေးတာ ”

ကျွန်တော် -

“ ၁၉၁၂ ခုနှစ် မှာ ဂျပန် ကို တစ်ခေါက် ထပ်သွားသေးတယ် ၊ ဆရာတော် ရဲ့ နှမ မအိမ်စိုးမ နဲ့ တခြား ကျောင်းသား ၃ ဦး ကို ခေါ်သွားပြီး ဂျပန် မှာ ပညာသင်ဖို့ အပ်ထားခဲ့တယ် ။ ပြန်လာတော့မှ စာအုပ်ရေးတာဗျ ။ သူရိယသတင်းစာ ပုံနှိပ်တိုက်က ထုတ်ဝေတယ် ”

ကိုဘဟိန်း -

“ သူရိယ မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း နဲ့ တွေ့ကြတာပဲ ။ အဲဒီအချိန်ဟာ ဝိုင်အိမ်ဘီအေ အသင်းတွေ ကြီးကျယ်တဲ့ အချိန်ပေါ့ ။ သခင်ကိုယ်တော်မှိုင်း ပြောပြဖူးတာကတော့ အဲဒီ အချိန်လောက်တုန်းက တိုင်းပြည် က သိပ် မနိုးကြားသေးတော့ ဘုန်းကြီးကျောင်းတွေ က ဦးဥတ္တမ ကို လက်ခံဖို့ ကြောက်နေကြသတဲ့ ။ အစိုးရအရှိန် က သိပ်ကြီးတဲ့ အပြင် နိုင်ငံခြား ဒီလောက်သွားနေတဲ့ ဘုန်းကြီး ဘယ်မှာ ဝိနည်း နဲ့ ညီတော့မှာလဲ ဆိုပြီး ဦးဥတ္တမ ဆန့်ကျင်ရေး ဝါဒဖြန့်တာတွေ ကလည်း ရှိနေသတဲ့ ။ ဆရာတော် ကလည်း ဂရု မစိုက်ဘူး ၊ သူရိယတိုက် မှာပဲ ညဉ့်အိပ် ညဉ့်နေ သီတင်းသုံးနေသတဲ့ ။ နောက်တော့မှ ကမာရွတ် တပ်တွင်းကျောင်းဆရာတော် က ပင့်သွားသတဲ့ ။ နောက်တော့လည်း ဆရာတော်ဦးဥတ္တမဟာ သိပ် တန်ခိုးကြီးသွားတာပဲ ။ ဝါတွင်းသုံးလသာ ရန်ကုန် မှာ နေပြီး ကျန်အချိန်မှာ ခရီးပဲ ထွက်နေတာပဲတဲ့ ။ အိန္ဒိယ ကို မကြာခဏ သွားပြီး နိုင်ငံရေး လေ့လာတယ် ။ ဗမာပြည် အရပ်ရပ် ကို တရားဟော ထွက်တယ် ။ အောက်ကျနောက်ကျ ဖြစ်နေတဲ့ မြန်မာပြည် တိုးတက်ဖို့ ၊ ခေတ်မှီဖို့ အမျိုးဘာသာသာသနာ ထွန်းကားဖို့ မြန်မာပြည် လွတ်လပ်ဖို့ ဟောတယ် ။ တစ်ပြည်လုံးက ရဟန်းရော ၊ လူရော သောင်းသောင်းဖြဖြ ကြိုဆိုလက်ခံကြတာပဲတဲ့ ။ တန်ခိုးထက်တုန်းမှာ ဆရာတော် တရားတစ်ပွဲ ဟောရင် ငွေ တစ်ထောင် တောင် ပူဇော်ကြရသတဲ့ ။ ဒီလို လှူကြလို့လည်း ဆရာတော် ဟာ နိုင်ငံရေး တွင်တွင် လုပ်နိုင်တာ ၊ ဒီလောက် ခရီးသွားနိုင်တာ ဖြစ်မှာပဲ  ”

ကိုဘသိန်း -

“ ဟုတ်မှာပေါ့ဗျ ၊ ဆရာတော် ထောင်ကျတာ ဘယ်နှစ်ကလဲဗျ ၊ ကိုတင်ထွန်း သိလား ”

“ ၁၉၂၁ ခုနှစ် မှာဗျ ၊ ဒေးဒရဲမြို့ မှာ တစ်ကြိမ် ၊ ဒေးဒရဲမြို့ အနား တမာတကောရွာ မှာ တစ်ကြိမ် တရားဟောရာမှာ အစိုးရ အကြည်ညိုပျက်စေတယ် ဆိုပြီး တရားစွဲတာပဲ ။ အရေးပိုင် ဦးဖိုးဖေ က ထောင်ဒဏ် တစ်နှစ် နဲ့ ရှစ်လ စီရင်ချက် ချလိုက်တယ် ။ ဖျာပုံရုံး မှာ ဆရာတော် ကို အမှုစစ်တော့ တောရောမြို့ပါ လူတွေ အကုန်လာကြတာ ၊ ဘယ်တုန်းကမှ ဒီလောက်မစည်ကားဘူးလို့ ဆိုတယ်ဗျ ။ ထောင်ချတော့လည်း တစ်တိုင်းပြည်လုံးက တိုက်ပိတ် ဆိုင်ပိတ် အလုပ်ပိတ် ဆန္ဒပြကြသတဲ့ ၊ ထောင်က လွတ်လာတော့လည်း နိုင်ငံရေးကို ပိုလုပ်တာပါပဲ ၊ ပို လူထုကြည်ညိုတာပဲ ”

ကိုဘဟိန်း -

“ ဂျီစီဘီအေ ဝံသာနုတွေ အားတက်သလာက် ဆရာတော်ကြီး တန်ခိုးကြီးတာပါပဲ ”

ကျွန်တော် -

“ ၁၉၂၄ - ၂၅ ခုမှာ နောက်တစ်ကြိမ် အရှေ့နိုင်ငံများနဲ့ ဂျပန်ပြည် လှည့်ပြန်တယ် ။ ဒီလို လှည့်တုန်းမှာ အိန္ဒိယအမျိုးသားကွန်ဂရက် နဲ့ ရော ၊ မြန်မာပြည်ဝံသာနုတွေ နဲ့ ရော အဆက် မပြတ်ဘူးထင်တယ် ။ ဒါကြောင့်လည်း ဒေါက်တာဆွန်ယက်ဆင် ကွယ်လွန်တော့ ကွန်ဂရက် နဲ့ ဝံသာနုတွေ ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ တက်ရောက်ခြင်းဖြစ်တယ်လို့ ဆိုရမယ်ဗျ ”

ကျွန်တော် က ရပ်နေသည် ။ ကိုဘသိန်း ကား မှတ်စုတွင် မှတ်သားနေသည် ။ ငေးနားထောင်နေသော ဒဂုန်တာရာ က သက်ပြင်းချလိုက်သည် ။ ကိုဘဟိန်း ကား စီးကရက်တစ်လိပ်ကို ညှိလိုက်၏ ။

ကိုဘသိန်း က ခါးဆန့်၍ မျက်နှာမော့လိုက်ပြီး -

“ နောက်တော့ကော ”

ကျွန်တော်က ဘယ်လို ဆက်ရမည်လဲ မသိ ဖြစ်နေသဖြင့် ငေးနေသည် ။ ကိုဘဟိန်း က စီးကရက် မီးခိုးများကို အလိပ်လိပ်အခွေခွေ မှုတ်ထုတ်လိုက်ပြီး -

“ နောက်ပိုင်းတော့ ဂျီစီဘီအေဂိုဏ်းတွေ က ကိုးဂိုဏ်းတောင် ကွဲသွားတော့ ဆရာတော်ကြီးလည်း စိတ်ပျက်ဟန် တူတယ် ၊ အိန္ဒိယ မှာပဲ သွားနေတာ များတယ် ။ အိန္ဒိယ မှာလည်း အမျိုးသားကွန်ဂရက် နိုင်ငံရေး ထက် ဟိန္ဒူမဟာဆဗ္ဗနိုင်ငံရေး ပိုလုပ်တာ တွေ့ရတယ် ။ ၁၉၃၅ ခုနှစ်မှာ အိန္ဒိယ ပြည်လုံးဆိုင်ရာ ဟိန္ဒူမဟာဆဗ္ဗကြီး ရဲ့ ဥက္ကဌ ဖြစ်လာတယ် ”

ကိုဘသိန်း -

“ ဟိန္ဒူ တွေက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးကို ဘာဖြစ်လို့ ဥက္ကဌ ခန့်သလဲ ”

ကိုဘဟိန်း က ပြုံးလိုက်ရာ သူ့နှုတ်ခမ်းနီမှာ ရဲခနဲ လက်သွားသည် ။

“ ခုတလော တွေ့နေရတဲ့ ဗုဒ္ဓဘာသာ ဟိန္ဒူ ကွမ်းယာဆိုင် ဆိုတဲ့ ဆိုင်းဘုတ်မျိုးပေါ့ လဗျာ ၊ စည်းရုံးရေး သဘောပေါ့ ။ ပြီးတော့ ဟိန္ဒူ တွေရဲ့ အယူအဆအရ ဟိန္ဒူဘာသာ မှာ ဘုရားအဆူဆူ ရှိသည့်အနက် ဗုဒ္ဓဂေါတမ လည်း ဘုရား တစ်ဆူရယ်လို့ သတ်မှတ်ထားတယ် ”

ကိုဘဟိန်း ၏ ထိုရှင်းလင်းချက်ကို ကျွန်တော် များစွာ သဘာကျသွားသည် ။ ဒဂုန်တာရာ နှင့် ကိုဘသိန်း တို့လည်း နှစ်သက်နေကြဟန်တူသည် ။

ကိုဘဟိန်း -

“ ဦးဥတ္တမ ပျံလွန်တော်မူတာ ဘယ်နေ့ပါလိမ့် ၊ နေ့စွဲ မှတ်မိကြလား ”

ကိုဘသိန်း -

“ စက်တင်ဘာလ ၉ ရက်နေ့ လေ ”

ကျွန်တော် -

“ စစ်ကြီးစတဲ့ နေနဲ့ မကွာလှဘူး ”

ကိုဘသိန်း ၏ စိတ်ကူး သည် ဘယ်ကနေ ဘယ်ရောက်သွားသည် မသိ ။ ကျွန်တော့် အား ရုတ်တရက် မေးလိုက်သည် ။

“ ကိုတင်ထွန်း အင်းလျား သွားဦးမလား ”

“ မသွားတော့ဘူး ”

“ ခင်ဗျား မမြင့်ဦးကြီး ဆီကိုလေ ”

ကိုဘသိန်း နှင့် ဒဂုန်တာရာ တို့ကား ပြုံးစိစိ နှင့် ကျွန်တော်တို့အား ကြည့်နေကြသည် ။

ကျွန်တော် -

“ မသွားတော့ပါဘူးဗျာ ”

“ ဘာကြောင့်လဲ ၊ အဆက်ပြတ်နေသလား ”

ကျွန်တော်က ခပ်ကြောင်ကြောင် ဖြစ်ကာ ပြုံးဖြဲဖြဲ လုပ်နေပြီးမှ -

“ အဆက်ပြတ်တယ်လို့လည်း မဟုတ်ပါဘူးဗျာ ။ သူက ကျွန်တော် ဘီအယ်လ် ဆက် မတက်တာ အပြစ်ကြီးလုပ်ပြီး ခဏခဏ ပြောနေတယ် ”

“ အင်း ကိုယ့်အတွေ့အကြုံမျိုးပါပဲ ။ အင်းလျားသူတွေက သူတို့ကိုယ်တိုင် အတန်း‌ေတွ အောင်လေ ၊ ဒီဂရီတွေ များလေ ၊ ကိုယ်တို့ အတွေးအခေါ်နဲ့ မတူလေ ဖြစ်လာတတ်တယ် ၊ ဘယ့်လောက် မျိုးချစ်စိတ် ရှိပါတယ်ဆိုဆို ဒီ ပညာတတ် အမျိုးသမီးတွေဟာ လုံခြုံမှုဘက်ကနေ တွေးတယ် ၊ ဘဝလုံခြုံမှု ရှိ မရှိ ဖြစ်ချင်ရာဖြစ် နိုင်ငံရေးတစ်ခုတည်း ဇောက်ချလုပ်မယ်ဆိုတဲ့ ကိုယ်တို့ရဲ့ ဆုံးဖြတ်ချက်ကို မှန်တယ် မထင်ကြဘူး ။ ဒီကိစ္စမှာတော့ အလျှော့မပေးနဲ့ ကိုယ့်လူ ၊ ကဲ ထ ပြန်ကြစို့ရဲ့ ”

ကိုဘဟိန်း က ထလိုက်သည် ။ ဒဂုန်တာရာ က -

“ ပြန်တော့မယ်လား ”

“ ပြန်တော့မယ်လေ ”

ကျွန်တော်တို့ ထွက်လာကြသောအခါ ဒဂုန်တာရာ နှင့် ကိုဘသိန်း တို့က လှေကားထိပ်ထိ လိုက်ပို့ ကြလေသည် ။ နောက် သူတို့ နှစ်ယောက် သည် ဒဂုန်တာရာ့ အခန်းဆီသို့ ပြန်သွားကြလေသည် ။  ။

◾သိန်းဖေမြင့်

📖 အရှေ့က နေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment