Sunday, October 10, 2021

လူပြက် တွန်းအား


 

❝ လူပြက် တွန်းအား ❞

တစ်ခါကလည်း မေ့လို့ မရနိုင်တဲ့ ပြဿနာလေးတစ်ခု ဖြစ်ခဲ့တယ် ။ အဲဒီ ပြဿနာက အဲ.. ကျွန်တော့်ကို “ လူရွှင်တော် " ဖြစ်ဖို့ တစ်ခါတည်း တိုက်တွန်းလိုက်သလို ဖြစ်သွားရတယ် ။ ပြဿနာက ဒီလိုဗျ .. ။

ကျွန်တော်ဟာ အရှက်အကြောက် တော်တော် ကြီးတယ် ။ မနက်ဆိုရင် လူတွေ မနိုးသေးခင် အမေ့ဈေးတောင်းကို ဈေးကို လိုက်ပို့ရတယ် ။ ဈေးကွဲပြီ ဆိုရင် ဈေးသွားသိမ်းပေးရတယ် ။ ဈေးသိမ်းချိန်မှာ အမေဟာ ဈေးထဲဝင်ပြီး အိမ်အတွက် ချက်ဖို့ပြုတ်ဖို့ ဟင်းစားသွားဝယ်နေတုန်း ကျွန်တော့်ကို ဈေးဗန်းနဲ့ ထားခဲ့တယ် ။ လာဝယ်ရင် ဘယ်လို ချိန် ၊ ဘယ်လို ရောင်း ဆိုပြီး ၊ ချိန်ခွင်ကအစ သင်ပေးပြီး ထွက်သွားရော ။

ကျွန်တော်က ရှက်တော့ ဈေးဗန်းကို ကျောပေးပြီး ငုတ်တုတ် ထိုင် ၊ မျက်နှာကို ပေါင်နှစ်လုံးကြားမှာ ဖွက်ထား ၊ လာဝယ်တဲ့ လူတွေလာရင် နောက်ပြန် လက်ခါပြပေါ့ ။ အဲဒါကို အမေက တွေ့သွားရောဗျာ... ။ ဘာပြောကောင်းမလဲ .. ရှက်ပါတယ်ဆိုမှ ဈေးလယ်ခေါင်မှာ ကျောပြင် ဗျောတင်ရော ။ ဒီကြားထဲ သာကေတ ရုပ်ရှင်ရုံမှာ ရှိတဲ့ ငါးပိရည်ချို ပင်မဆီ သွားပြီး ငါးပိယူခိုင်းတာ အဆိုးဆုံးပဲ ။ ဟိုတုန်းက ယိုးဒယားဆွဲခြင်းနဲ့ ငါးပိရေချို သွားသွား ဝယ်ရတာ ။ လက်ကလည်း ကြာကြာ မဆွဲနိုင်ဘူး ။ အချိန် တစ်ဆယ်နီးပါးလေ ။ ပခုံးပေါ်ထမ်းတော့လည်း အဲဒီ အရည်တွေက ပခုံးပေါ်ကတစ်ဆင့် ရင်ဘတ်အထိ စီးဆင်းလာသေး ။ ဘတ်စ်ကားပေါ် တင်ရင် စပယ်ယာတွေက အနံ့နံလို့ အတင်မခံ ။ တော်တော်လေး တောင်းပန်ပြီး တင်ရတယ် ။ အဲဒီ အနံ့အသက် မကောင်းတဲ့ ငါးပိကိုပဲ သူတို့ စပယ်ယာတွေ ၊ ဒရိုင်ဘာတွေ စားနေကြတယ် မှုတ်လားဗျာ ။

တစ်ရက်ပေါ့... ခုနက ငါးပိရေချို ဆွဲခြင်းကို ကားစပယ်ယာ က လက် မခံဘူး ။ ကျွန်တော် ကျောင်းချိန်ကလည်း နီးနေပြီ ။ ဘယ်လိုမှလည်း ပြောမရဘူး ။ အထုပ်ခ ပေးမယ်ဆိုလည်း သူက လက် မခံ ။ နောက်ဆုံး ကျွန်တော်ခြေနင်းခုံပေါ် အတင်းတိုးတက် ဘေးနောက်တန်းထိုင်ခုံအောက်ကို ဆွဲခြင်း ထိုးထည့်ပြီး ၊ လူက ခြေနင်းခုံမှာပဲ တွယ်လိုက် မယ်ပေါ့ ။ ဖြစ်ချင်တော့ဗျာ ...  ကျွန်တော်စီးတဲ့ ကားပေါ်မှာ ကျွန်တော့်ကို အမြဲ နောက်ပြောင်နေတဲ့ ကောင်တွေ ၊ ကောင်မလေးတွေနဲ့ တန်းတိုးတော့တာပါပဲ ။

“ ငါးပိသည်ကြီး ... တစ်ဆယ်သား .. ဘယ်လောက်လဲ ”

“ ငါးပိ လူပြက်ကြီး ”

ဆိုပြီး မကြားတကြား နောက်ပြောင်လာတယ် ။ ဒီမှာက စပယ်ယာနဲ့ အဆင်မပြေရတဲ့ ကြားက အဲဒီအချိန်မှာပဲ ကျွန်တော့်ကို စပယ်ယာ က ရင်ဘတ်လည်း လာတွန်းရော ၊ ကျွန်တော့် စိတ်တွေ ထိန်းမရတော့ဘူး ။ ဆင်းရဲတဲ့ ဘဝ ၊ နွမ်းပါးတဲ့ ဘဝ ၊ သူများတွေ အထင်သေးခံရတဲ့ ဘဝ ၊ ကျွန်တော့်မျက်လုံးတွေ ပြာသွားတယ် ။ ဘာတွေ ဖြစ်သွားမှန်း ကျွန်တော် မသိလိုက်ဘူး ။ သတိရလို့ ကြည့်လိုက်တော့ ကားစပယ်ယာရဲ့ မျက်နှာ.. ခေါင်းတွေမှာသွေးတွေနဲ့ .. ကျွန်တော့် မျက်နှာမှာလည်း သွေးတွေနဲ့ ။

ကျွန်တော့်ကို နောက်ပြောင်နေတဲ့ အုပ်စုအပြင် ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေရဲ့ မျက်လုံးတွေဟာ ကြောက်ရွံ့ခြင်း ၊ ရွံမုန်းခြင်း ၊ အထင်သေးခြင်းတွေနဲ့ ဝိုင်းကြည့်နေကြတယ် ။

ကျွန်တော် ကျောင်းထွက်လိုက်ပါပြီ ။ ရခိုင်ဘက်ကို ထွက် မယ့် ချိုချိုမွှေး ဆိုတဲ့ အငြိမ့်မှာ ကားဆွဲ ၊ တောက်တိုမယ်ရ ပွဲတစ်ည သုံးကျပ်ခွဲ နဲ့ ဘဝကို စတင်ပြီး ရွက်လွှင့်လိုက်ပါပြီ ။ ကံကောင်းချင်တော့ အမေ မသိအောင် ထွက်ခဲ့ပေမယ့် ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့မှာ ကျွန်တော့်အဖေ ပါတဲ့ ခင်မာချိုအငြိမ့် က အဲဒီမှာ ပွဲကနေတယ် ။ ကျွန်တော် ဇာတ်ဆရာကို ခွင့်တောင်းပြီး ၊ အဖေ့ဆီသွားပြီး ၊ အကျိုးအကြောင်း ပြောပြ ခွင့်သွားတောင်းတယ် ။ အဖေတို့ အဖွဲ့မှာက အဲဒီတုန်းက လူရွှင်တော်ပတ္တမြားဦးသိန်း ၊ အသံဝိဇ္ဇာစိန် သံချောင်း ၊ ဦးဩဘာ ၊ ကျွန်တော့်အဖေ ဦးတောင်စိုး ပေါ့ ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

No comments:

Post a Comment