Thursday, October 21, 2021

တစ်လိမ် နှစ်လိမ် ပွေကာရှုပ်


 ❝ တစ်လိမ် နှစ်လိမ် ပွေကာရှုပ် ❞


တောင်ကြီးကလော မှ ပြန်ရောက်ပြီးသည့်နောက် မမြမှီ အား ဤတစ်ကြိမ်သာ တွေ့ရသေးသည် ။


မမြမှီ ၏ စားပွဲမှာ ဧည့်သည်များ ရှင်းနေသည် ။ စားပွဲကလည်း ရှင်းနေသဖြင့် အလုပ်ပါးဟန်

ရှိလေ၏ ။ လမ်းပေါ်မှာ ကတည်းက ကျွန်တော့် အား မမြမှီ က အပြုံးဖြင့် ဆီးကြိုရင်း-


“ ခုမှ ပေါ်လာတော့တယ် မောင်လေးရယ် ” 


ကုမ္ပဏီစာရေးများ အခန်းဆီမှ တိုက်ပ်ရိုက်သံ လာနေသည် ။


“ ကိစ္စရှိလို့ လာတာပဲ မမရဲ့ ” 


“ သိပါတယ်ကွယ် ၊ ကိစ္စရှိမှပဲ မမ ဆီကို လာတော့မယ်ဆိုတာ သိပါတယ် ” 


“ ကိစ္စ မရှိရင် မလာဘူးလို့ မဆိုလိုပါဘူး မမ ရဲ့ ၊ အခု အထူးကိစ္စ ရှိလို့ပါ ” 


ကျွန်တော်က သူမ၏ ရှေ့တည့်တည့်က ထိုင်လိုက်သည် ။ မမြမှီ သည် မျက်နှာထား တည်တည်

ထားလိုက်ပြီး ကျွန်တော့် မျက်ခွက်ထဲ စိုက်ကြည့်လိုက်သည် ။


“ ဘယ်လို အရေးကြီးတဲ့ ကိစ္စလဲ ” 


“ မမ တစ်ခါတုန်းက ပြောသလို ကိုယ်ပိုင် အလုပ်အကိုင် တစ်ခု လုပ်ချင်တယ် ၊ သတင်းစာတိုက် က

ထွက်ပြီး လုပ်မယ်လေ ” 


မမြမှီ သည် ကျွန်တော့် အား စူးစူးစိုက်စိုက် အကဲခတ် ကြည့်နေသည် ။ အံ့ဩနေဟန်လည်း ရှိ၏ ။


“ တကယ် ပြောနေတာလား ” 


ကျွန်တော့်ကို မယုံ၍ နည်းနည်း စိတ်ခုသွားသည် ။ အသံခပ်ဆတ်ဆတ်ဖြင့် -


“ တကယ်ပြောတာပေါ့ မမ ရဲ့ ” 


( အသံပျော့ဆင်းသွားလျက် ) “ မမ က ငွေရင်းစိုက်ထုတ်မယ်ဆိုရင် အလုပ် ကျကျနန စီးပွားဖြစ်

လုပ်ချင်တယ် ” 


မမြမှီ ၏ မျက်နှာမှာ ချိုလာသည် ။ ပြီးတော့ စာရေးများ အခန်းဘက်သို့ -


“ ဦးဘကွန်း ဆာမိ ရှိသလား ၊ ရှိတဲ့လူ ဖာလူဒါ နှစ်ခွက် အဝယ်လွှတ်လိုက်စမ်းပါ ” 


ဦးဘကွန်း ၏ အသံ -


“ ဟုတ်ကဲ့ ၊ ဆာမိ ကြားလား ၊ သွားယူစမ်း ဖာလူဒါနှစ်ခွက် ” 


မမြမှီ က ကျွန်တော့် အား -


“ ဖြည်းဖြည်းပေါ့နော် ဟုတ်လား ” 


“ ဟုတ်ကဲ့ ” 


ကျွန်တော်သည် ရှေ့က စားပွဲကိုသာ ငုံ့စိုက်ကြည့်နေသည် ။ တေ့တေ့ဆိုင်ဆိုင် ပြောသောအခါ

မမြမှီ သည် ဘယ်သို့သော အဖြေမျိုးကို ပေးမည်နည်း ။ မမြမှီ သည် ထိုင်ရာမှထပြီး နောက်ဖေးရှိ

သူမ ၏ အဝတ်လဲရာ ၊ မျက်နှာသစ်ရာ ၊ ခြယ်သရာအခန်းသို့ ဝင်သွားလေသည် ။


ကျွန်တော့် မျက်စိများသည် စားပွဲပေါ်ရှိ အခြစ်တွေအကြောင်းတွေ ဂဏန်းအားဖြင့် ရှုပ်ပွနေသော

စက္ကူတစ်ရွက်သို့ ရောက်သွားလေသည် ။ မမြမှီ ၏ လက်ရာပေတည်း ။ မမြမှီ သည် စဉ်းစားခန်း

ဝင်သည် ဖြစ်စေ ၊ ကုန်သည်ပွဲစား တစ်ယောက်နှင့် အလုပ်စကား ပြောနေရာမှာ ဖြစ်စေ ၊ လက်က

 ဖောင်တိန်ဖြင့် စက္ကူလွတ်တစ်ခုမှာ ဂဏန်းတွေ အကြောင်းတွေ ရေးခြစ်နေတတ်၏ ။


နောက်ပြီးတော့ ကျွန်တော့် မျက်စိများသည် ဧည့်သည် ကတ်ပြားကလေးများ ဆီသို့ ရောက်သွား၏ ။

ရိုင်းဗဟာဒူး ၊ ကပ္ပာဒီးယား ၊ ဘာဘူလီလာရမ်း ၊ အေအာရ်အက်စ်အမ် ၊ အနာမလဲချစ်တီးယား

စသော က̶̶ု̶̶လ̶̶ာ̶̶း̶နာမည်များ ။ မမြမှီ သည် မဂိုလမ်းမှာ ကူးသန်းရောင်းဝယ်ရေးလုပ်ပြီး က̶̶ု̶̶လ̶̶ာ̶̶း̶

များနှင့် အများဆုံး ဆက်ဆံရ၏ ။ ဦးသာဒွန်းအောင် ၊ အမ်အေ ဝတ်လုံတော်ရ ၊ မန်နေဂျာ ၊

သာဒွန်းအောင်ကုမ္ပဏီ ဟူသော ကတ်ပြားကလေး တစ်ခုကို မြင်ရသောအခါ ကျွန်တော့်မှာ

မျက်လုံးပြူးသွားလေသည် ။ အမ်အေ တွေ ဘားအက်လော တွေ အောင်ပြီးမှ ကုန်သည်လုပ်သော

မြန်မာ ယခု တစ်ခါသာ တွေ့ဖူးသေးသည် ။ ထိုကတ်ပြားကလေးကို ကောက်ယူပြီး စိုက်ကြည့်နေလေသည် ။ ကတ်ပြားတွင် ဦးသာဒွန်းအောင် ၏ ရုပ်ပုံလွှာကို မှန်းကြည့်နေသည် ။


အတန်ကြာသော် ဖာလူဒါနှစ်ခွက် လာချလေသည် ။ မမြမှီ လည်း ခြယ်သခန်းထဲမှ ထွက်လာ၏ ။

ဆံပင်ကို သပ်ရပ်အောင် ပြုပြင်လာသည် ။ ပေါင်ဒါတို့လာသည် ။ ရေမွှေးဖျန်းလာသည် ။


“ ကဲ ဖာလူဒါသောက်လိုက် ” 


ကျွန်တော် က မမြမှီ အား ဦးသာဒွန်းအောင် ၏ ကတ်ပြားကို လှမ်းပေးလိုက်လေသည် ။

ခေတ်ပညာတတ် မြန်မာလူငယ်ကလေးတွေ ကုန်သည်ဘက် လိုက်ရမည် ဟူသော မမြမှီ တစ်ခါတုန်းက ပြောဖူးသည့် စကားကို သတိပေးလိုက်ခြင်းပင် ဖြစ်သည် ။


“ မမ တို့ မိတ်ဆွေပါပဲ ၊ ကုန်သည်ချင်းချင်း ဆိုတော့ သိကြတာပေါ့ ” 


“ ခေတ်ပညာတွေ သည်လောက် တတ်ပြီး ကုန်သည်လုပ်တာ ချီးကျူးစရာပဲနော် မမ ” 

 

“ အေး ချီးကျူးစရာပေါ့ ၊ သူတို့က မျိုးရိုးကိုက ကုန်သည်တွေကိုကွဲ့ ။ မောင်လေး ကားမောင်းတတ်လား ” 


“ ဟင့်အင်း မမောင်းတတ်ဘူး ၊ ဘာလုပ်မယ်လို့လဲ ” 


“ ကားမောင်းတတ်ရင် ခဏကြာ အင်းလျားဘက် ကားမောင်းထွက်ရအောင်လို့ ” 


“ မမရဲ့ ဒရိုင်ဘာ ဘာဖြစ်လို့လဲ ” 


“ ဘာမှ မဖြစ်ပါဘူး ၊ မောင်လေး မောင်းတတ်ရင် အပျင်းပြေ နှစ်ယောက်တည်း လေညင်းခံရင်း

မောင်းရတာပေါ့ ဟဲ ဟဲ ” 


မနေ့ညကပဲ ကိုအေးငွေ တို့နှင့် အင်းလျား ခြောက် မိုင်ခွဲ သို့ မော်တော်ကားဖြင့် ထွက်ကြသော

စုံတွဲများအကြောင်းကို သရော်ခဲ့ကြသေးသည် ။ အင်္ဂလိပ်စုံတွဲ ကြယ်ရောင်ပျော်ပွဲစား ထွက်နေသည်ကို ကဲ့ရဲ့ခဲ့ကြသေးသည် ။ သို့သော် ကိုယ်တိုင်စုံတွဲရမည့် အခွင့်အရေးကိုကား သာယာ

တောင့်တလိုက်လေသေးသည် ။


“ ဟုတ်တယ် ၊ ကျွန်တော် ကားမောင်းတတ်ရင် ကောင်းမှာပဲနော် ၊ နောက်ကျတော့ သင်ထားမယ် ။ ကဲ

ကျွန်တော် ခုနင်ကပြောတာ ဘယ်လို သဘောရသလဲ ” 


မမြမှီ သည် တည်ကြည်သောမျက်နှာသွင်ပြင်နှင့် ဆရာမ က တပည့် အား စာစစ်နေသလို ကျွန်တော့်

အား စစ်မေးနေလေသည် ။


“ တကယ်လုပ်ဖို့ ဆုံးဖြတ်ထားပြီလား ၊ ကဲ ဖာလူဒါ ကို သောက်လိုက်ပါဦး ” 


ကျွန်တော့် အား ဖာလူဒါ သောက်ခိုင်းပြီး သူကိုယ်တိုင်လည်း ဖာလူဒါကို သောက်နေလေသည် ။

သူမသည် ကျွန်တော့်စိတ်ကို စမ်းလိုဟန် ရှိ၏ ။ ဖာလူဒါ လေးငါးဇွန်း သောက်ပြိးနောက် -


“ စဉ်းစားပါဦးကွယ် ” 


ကျွန်တော်လည်း ဖာလူဒါ ကို လေးငါးဇွန်း သောက်ပြီးနောက် -


“ အကြိမ်ကြိမ် စဉ်းစားပြီးမှ ဆုံးဖြတ်တာပါ မမ ရဲ့ ၊ ကျွန်တော့် ကို ကလေး မှတ်နေလို့လား ” 


“ မမှတ်ပါဘူး မောင်ရယ် ၊ ကဲ ဒါဖြင့် မမ က အရင်း ထုတ်ပေးပါပြီတဲ့ ၊ ဘာအလုပ် လုပ်မှာလဲ

ပြောစမ်းပါဦး ” 


ကျွန်တော် က ပုံနှိပ်တိုက် တည်ထောင်မည့်အကြောင်း အားရပါးရ ပြောပြလေသည် ။ သူမ သည်

စက္ကူလွတ် တစ်ခုပေါ်တွင် အဓိပ္ပာယ် မရှိ ရေးခြစ်ရင်း နားထောင်နေလေသည် ။ ကျွန်တော် က

ပုံနှိပ်တိုက် တည်ထောင်ခြင်းနှင့် ပတ်သက်ပြီး စိတ်ကူးထားသမျှကို ပြောပြပြီးသောအခါ သူမ က -


“ ဘယ်နေရာမှာ ထောင်မှာလဲ ” 


ကျွန်တော်ကား ထိုမေးခွန်းကြောင့် ထိတ်ခနဲ ဖြစ်သွားသည် ။ ဘယ်နေရာ ဟူ၍ လုံးဝ စဉ်းစား

မထင်ခဲ့ပေ ။


“ နောက်တော့ နေရာ လိုက်ရှာမှာပေါ့ဗျ ၊ ပိုက်ဆံရှိရင် ရနိုင်တာပဲ ” 


“ ပုံနှိပ်တိုက် ဆိုရင် ပုံနှိပ်တိုက်နဲ့ တော်တဲ့နေရာ ရှာရမယ် မဟုတ်လား ၊ အလုပ်အပ်သူတွေ လက်လှမ်းမီရမယ် ၊ ပုံနှိပ်တိုက်လုပ်ငန်းမှာ သုံးရမယ့်ပစ္စည်းတွေ အလွယ်တကူ ရောက်နိုင်တဲ့နေရာဖြစ်ရမယ် ” 


“ ဒါတွေအကုန် စဉ်းစားပြီး နေရာရွေးမှာပေါ့ မမ ရဲ့ ၊ ကျွန်တော် နားလည်ပါတယ် ၊ စိတ်ချပါ ၊

အကောင်းဆုံးနေရာ ရပါစေ့မယ် ” 


“ ပုံနှိပ်စက်တစ်လုံး ဘယ်လောက် ပေးရသလဲ ” 


ကျွန်တော် ထိတ်ခနဲ ဖြစ်သွားပြန်သည် ။ စာမေးပွဲ ကျမည့် မေးခွန်းတွေပဲဟု ထင်မိ၏ ။


“ မပြောတတ်သေးဘူး ” 


မမြမှီ သည် ထိုအဖြေကြောင့် အတော်ပင် အားမလို အားမရ ဖြစ်သွားဟန်တူသည် ။ ကျွန်တော့် အား

သနားစရာ သတ္တဝါကလေးပါကလားဟု စိတ်ထဲက ပြောနေဟန် တူသည် ။ ကျွန်တော် သည် သတင်းစာတိုက် မှာ အလုပ်လုပ်ပြီး ပုံနှိပ်တိုက်နှင့် ရင်းနှီး၏ ။ ပုံနှိပ်တိုက် ဒုတိယဖိုမင် တစ်ဦး အိမ်မှာ နေခဲ့ဖူး၏ ။ သို့ပါလျက် ပုံနှိပ်စက်အကြောင်း ဘာမျှ မသိ ။ ဘာတစ်ခုမျှ မမေးမစမ်းခဲ့ဖူးချေ ။


“ မမ က သဘော တူမယ် ၊ ငွေရင်း စိုက်တော့မယ် ဆိုရင် ကျွန်တော် ဒါတွေ အကုန် လေ့လာတွက်ချက်ပြီး မမ ကို ပြောပြမှာပေါ့ ” 


မမြမှီ သည် ဘာမျှ မပြောသေးဘဲ ဖာလူဒါ ကို တွင်တွင်သောက်လေသည် ။ ကျွန်တော် လည်း ရှေ့

 စကား မဆက်တတ် သဖြင့် ဖာလူဒါ ကိုပင် သောက်နေလေ၏ ။


“ မောင်လေး ရဲ့ မမ နားမလည်တဲ့ အလုပ်ကို မလုပ်ချင်ဘူး ” 


ကျွန်တော့်မှာ မျှော်လင့်ချက် တောင်ကြီး ပြိုလဲတော့မည်ကို မြင်ရဦးတော့မှာလားဟု စိုးရိမ်မိသည် ။


“ မမ လုပ်မှာမှ မဟုတ်ဘဲ ၊ ကျွန်တော် လုပ်မှာပဲ ” 


“ ဘာထူးမှာလဲကွယ် ၊ မမ ရဲ့ အရင်းအနှီး နဲ့ မမ မောင်လေး က လုပ်တယ် ဆိုတော့ မမ ကိုယ်တိုင်

လုပ်သလိုပဲပေါ့ ။ သည်ပြင် အလုပ်ကို စိတ်ကူးစေချင်တယ်ကွယ် ” 


ကျွန်တော်ကား အတော် စိတ်ပျက်သွား၏ ။ မှိုင်တွေချကာ စားပွဲကိုပင် ငုံ့ကြည့်နေလေသည် ။

တိုက်ပ် ရိုက်သံများ စဲသွားလေပြီ ။ စာရေးမများ နှင့် စာရေးကြီး ဦးဘကွန်း တို့ ပြန်သွားကြလေသည် ။ အခိုင်းအစေများ သည် လှည်းကျင်းနေကြသည် ။ ဖုန်သုတ်သူက သုတ်သည် ။ ဗီရိုပိတ်သူက

ပိတ်လျက်ရှိသည် ။


ကျွန်တော် သည် မမြမှီ ကို မော့ကြည့်လိုက်သောအခါ မမြမှီ သည် ကျွန်တော့် အား ကြင်နာစွာနှင့်

စိုက်ကြည့်နေသည်ကို တွေ့ရလေသည် ။


“ မမ နားလည်တဲ့ ကုန်သည် အလုပ်ကိုပဲ လုပ်ပါလား မောင်လေး ရယ် ၊ လုပ်စရာတွေ အများကြီးရှိပါတယ် ” 


“ ဟာဗျာ မလုပ်ချင်ဘူး ၊ ကုန်သည် လုပ်တယ်ဆိုတာ ကိုယ်ကျိုး တစ်ခုတည်း ကြည့်ရတဲ့ အလုပ် ၊

ဘနဖူး သိုက်တူးရတဲ့ အလုပ် ၊ အမြတ်ရရင် ပြီးရော ၊ ဘာမဆို လုပ်ရတဲ့ အလုပ် ။ ကျွန်တော်

မလုပ်ချင်ဘူး ” 


“ အလို မောင်တင်ထွန်း ၊ စဉ်းစားပါဦး မောင် ၊ စီးပွားရေး လုပ်တယ်ဆိုတာ နိဗ္ဗာန်ရဖို့ လုပ်တာ

မဟုတ်ဘူး ၊ အမြတ်ရဖို့ လုပ်ရတာ ။ ကိုယ်ကျိုး မငဲ့ဘဲ နိုင်ငံရေးလုပ်တာမျိုးလည်း မဟုတ်ဘူး ၊

ကိုယ်ကျိုး ရှိဖို့ လုပ်ရတာ ။ ဒါကြောင့် အစက မေးတယ် မဟုတ်လား ၊ စီးပွားရေးလုပ်ဖို့

ဆုံးဖြတ်ပြီးပြီလားလို့ ” 


ဟုတ်ပေသည် ။ မမြမှီ အား ပြန်လည်ချေပရန် ခက်သည် ။ ကျွန်တော် ကား မျက်နှာညှိုးငယ်စွာနှင့်

မှိုင်တွေချ၍သာ နေလိုက်သည် ။ မမြမှီ သည် ကျွန်တော့်အား ကြင်နာစွာ အကဲခတ်နေသည် ။

ဆာမိ သည် ဖာလူဒါဖန်ခွက်များကို ယူသွားပြီး စားပွဲကို သုတ်နေလေသည် ။ မမြမှီ ၏

ဒရိုင်ဘာသည် ကား ကို တိုက်ရှေ့မှာ ထိုးရပ်ပြီး သူ့ သူဌေးမ ကို စောင့်နေလေသည် ။


ကျွန်တော့် မှာ ခဲလေသမျှ သဲရေကျ ဖြစ်ပြီး စိတ်ငယ်သွားပေသည် ။ မျှော်လင့်ချက် ကင်းသဖြင့်

 အားနည်းသော လေသံဖြင့် -


“ ကဲ သွားတော့မယ် ” 


“ မသွားရသေးဘူး ၊ မမ နဲ့ ကန်တော်ကြီး လမ်းလျှောက် လိုက်ရဦးမယ် ” 


“ ဟာဗျာ မလိုက်တော့ဘူး ၊ ကျွန်တော် ကိစ္စအထူး ရှိလို့လာတာပါလို့ အစကတည်းက ပြောသားပဲ ” 


ကျွန်တော့် အသံသည် ဝမ်းနည်းခြင်း ၊ ဒေါသထွက်ခြင်းဖြင့် တုန်ကွဲနေသည် ။ ဆာမိ သည် သော့တွဲ

များကို မမြမှီ ရှေ့မှာ လာချပြီး ထွက်သွားလေသည် ။


မမြမှီ က ချော့မော့သော ဟန်ဖြင့် -


“ နေပါဦး မောင်လေးရဲ့ ၊ မင်းကိစ္စပြီးရင် မမ ကို အဖက် မလုပ်တော့ဘူး ၊ မမ ကို စိမ်းတော့မယ်လား ။

ပြောပါဦး ” 


ကျွန်တော်ကား ပိုစိတ်ညစ်သွားသည် ။ သည်လိုသာ စိမ်းရမည်ဆိုလျှင် ကျွန်တော့် ထက် တစ်ကိုယ်ကောင်းကြည့်သူ ရှိတော့မည် မဟုတ်ပေ ။ သူမ အား ချစ်ခဲ့သည်မှာ အရင်းအနှီးရဖို့လောက်သာ

မြှူသည့်သဘောနှင့် ချစ်ခဲ့သည်ဟု မမြမှီ က ထင်သွားလျှင် လောကမှာ သည့်ထက် ရှက်စရာ

ကောင်းသောအရာ မရှိတော့ပြီ ။ တကယ်တော့ အရင်းအနှီးကိစ္စ မှာ ခုမှပေါ်ပေါက်လာသော ကိစ္စ

ဖြစ်ပါသည် ။ သစ္စာပင် ဆိုဝံ့ပါ၏ ။


အလွန်ကြေကွဲသော အသံဖြင့် မမြမှီက မေးပြန်သည် ။


“ ပြောစမ်း မောင်လေး ၊ ပြောစမ်း ၊ မောင်လေး ကိစ္စပြီးမှ မမခေါ်ရာလိုက်မယ်လား ။ နို့မဟုတ်ရင်

မမ ကို မုန်းတော့မယ်လား ၊ ပြောစမ်းပါ မောင်လေး ရာ မမ ကို အားနာ မနေပါနဲ့ ” 


ကျွန်တော် သည် ရင်ထဲ မှာ လှိုက်ဆူလာကာ မျက်ရည် မကျဘဲ ရှိုက်လိုက် မိသည် ။


“ မဟုတ်ပါဘူး မမ ရဲ့ ၊ ကျွန်တော့် ကိစ္စ မပြီးလို့ မမ ကို မမုန်းသွားပါဘူး ၊ ကျွန်တော့် ကိစ္စကတော့

ကျွန်တော့် ထိုက် နဲ့ ကျွန်တော့် ကံ ရှိပါစေတော့ဗျာ ” 


“ ကျွန်တော့် ထိုက် နဲ့ ကျွန်တော့် ကံပဲ ရှိပါစေတော့ဗျာ ”  ဟူသော စကားကို ပြောလိုက်သောအခါ

အသံ မှာ ဆို့နင့်သွားလေသည် ။ မမြမှီ သည် တကယ်ပင် စိတ်ထိခိုက်သွားဟန် တူသည် ။


“ မမက အကောင်းပြောတာပါကွယ် ။ မမ ကျွမ်းကျင်တာကကူးသန်းရောင်းဝယ်ရေးဆိုတော့

မင်းကိုလည်းကူးသန်းရောင်းဝယ်ရေးပဲ လုပ်စေချင်တယ် ။ ဒါမှ မမက ကူညီနိုင်မှာ ။ ငွေအရင်း

စိုက်ဖို့ တစ်ခုတည်း ကြည့်ပြောနေတာ မဟုတ်ဘူး ။ ကဲ ထ လမ်းလျှောက်သွားရအောင် ။ မင်းကိစ္စ

ကို နောက်တော့ ထပ်ပြောကြသေးတာပေါ့ ၊ မင်းလည်း သေသေချာချာ စဉ်းစားထား ၊ ကူးသန်း

ရောင်းဝယ်ရေးဟာ အကောင်းဆုံး ဟုတ် မဟုတ် စဉ်းစားကြည့်ပေါ့ကွယ် ” 


မမြမှီ ကား ထိုင်ရာမှ ထနေလေပြီ ။ ကျွန်တော် က ထိုင်မြဲ ထိုင်နေ၏ ။ မော်တော်ကားသမား သည်

ပလက်ဖောင်းပေါ်ဆင်းပြီး ဆာမိ နှင့် စကားပြောနေကြ၏ ။


“ ကုန်သည် တော့ ကျွန်တော် မလုပ်ချင်ဘူး ” 


“ ဘာမှ လုပ်မယ် ညာမှ လုပ်မယ်နဲ့ မင်းဟာ က မဟုတ်သေးပါဘူးကွယ် ။ ကဲ မမ ကို မမုန်းဘူး

ဆိုရင် ထ ၊ လမ်းလျှောက်သွားကြမယ် ၊ ကန်တော်ကြီးကို သွားကြမယ်လေ ” 


ထိုသို့ပြောစဉ် မမြမှီ သည် လက်ကိုင်ပဝါကလေးကို ဖြန့်လိုက်သည် ။ ရေမွှေးက သင်းပျံ့

လာသည် ။


ကျွန်တော် က ထိုင်ရာမှ ထရင်း -


“ ကျွန်တော် လမ်းလျှောက် မလိုက်ချင်ဘူး ” 


“ ဒါဖြင့် ဘယ်သွားချင်သလဲ ၊ ရုပ်ရှင် သွားမလား ” 


ကျွန်တော်က ကလေး၏ နွဲ့ဆိုးဟန်ဖြင့် -


“ ရုပ်ရှင်လည်း မသွားချင်ဘူး ” 


မမြမှီ က စိတ်ကောက်သော မူရာဟန်ပန် လုပ်ပြပြီး -


“ အို ခက်တာပဲ မောင်လေးကလည်း ၊ ဒီလိုဆိုရင် မမ ကို မုန်းလို့ပဲပေါ့ ၊ ကဲ ပြောစမ်း ၊

ဘယ်သွားမလဲ ” 


ကျွန်တော်သည်လည်း စိတ်ဆိုးဟန် ၊ သူမခေါ်ရာ မလိုက်လိုဟန် ဆောင်၍သာ နေရသည် ။

သွေးထဲသားထဲ အသည်းနှလုံးထဲကမူ မမြမှီ ၏ သံလိုက်ဓာတ် ဆွဲငင်ရာသို့ လိုက်ပါ၍ နေလေပြီ ။

ဒါကို သူမ ကလည်း အကင်းပါးစွာနှင့် နားလည်ဟန်ရှိသည် ။


“ ကဲ ဘယ်သွားချင်သလဲ ” 


“ ဟိုတယ် ကလော ကို ပြန်သွားချင်တယ် ” 


“ အို မဖြစ်နိုင်တာတွေ ပြောမနေကြပါစို့ကွယ် ၊ ည မမ ဆီ ကို လာမလား ” 


“ ဘယ်ကို လာရမှာလဲ ” 


“ ဒီကိုပဲ လာခဲ့ ။ ရှေ့က တံခါး သော့ခလောက် ခတ်ထားမယ် ၊ သို့ပေမယ့် ဟောဟို တံခါးကို စေ့ရုံ

စေ့ထားမယ် ။ အဲဒီ တံခါး ရှေ့က မျက်နှာစာမှာ ဆိုင်းဘုတ်ကြီးတစ်ခု ခပ်ကွယ်ကွယ်ဖြစ်နေတယ် ၊

၈ နာရီ လောက် မှာ လူပြတ်တာနဲ့တစ်ပြိုင်နက် ဝင်လာခဲ့ ၊ မမ စောင့်နေမယ် ။ ကဲ သွားပေတော့ ” 


မမြမှီ သည် တိုးတိုး နှင့် မြန်မြန် ပြောပြီး ကျွန်တော် က ခေါင်းညိတ်လိုက်သောအခါ ကျွန်တော့်

ရှေ့က ထွက်သွားလေသည် ။ သူမ ကိုယ်တိုင် တံခါး ကို သော့ခတ်ခဲ့သည် ။


မမြမှီ ၏ ကား ထွက်သွားသည် ကို နောက် မှ ငေးကြည့်ပြီး နေရစ်ခဲ့သည် ။ အတန်ကြာအောင်

ကြောင်နေ၏ ။ ညတစ်ခေါက် ပြန်လာလို့ ကောင်းမှ ကောင်းပါမည်လော ။ အပြစ်ကျူးလွန်မှန်း

သိပါလျက်နှင့် မရှောင်ကွင်းနိုင်တော့ပြီလော ။ ခုမှ သို့လော သို့လော စဉ်းစားနေသည် ။ သို့သော်

ပြန်မလာလို့ မဖြစ်တော့ဟု ထင်သည် ။ ကျွန်တော် က ခေါင်းညိတ်လိုက်ပြီး ဖြစ်သည် ။ ပြီးတော့

အစကမှ အပြစ်ကို မရှောင်ခဲ့ပါဘဲလျက် ခုမှ ရှောင်နေခြင်းသည် အပိုသက်သက်ပေပဲ ။ တစ်ဆုပ်

စားလည်း ရူး ၊ နှစ်ဆုပ်စားလည်း ရူး ၊ မထူးတော့ပါဘူး ဟု ယူဆလိုက်မိပေသည် ။ မလာဘဲနေမှ

အပြစ်ပြုရာ ရောက်လိမ့်မည် ။ စောင့်နေမည့် မမြမှီ အား နှိပ်စက်သလို နေလိမ့်မည် ။ အရင်းအနှီး

စိုက်ထုတ်ပုံ မပေါ်၍ ရှောင်သွားပြီဟု သူမ က ထင်လျှင်လည်း ရှက်စရာကောင်းလှသည် ။ ကျွန်တော့်

အား သိုက်တူးသူ ကိုယ်ကျိုးရှာသမားကလေး ဟု ထင်မှတ်နေတော့မည် ။


ချိန်းထားသော အချိန် မတိုင်မီ သတင်းစာတိုက်သို့ သွားပြီး အတော်ကြာ အဆက်ပြတ်နေသော

သတင်းစာများကို လှန်လှော ဖတ်နေလေသည် ။ ထို့နောက် လုပ်စရာရှိတာ လုပ်ပေးခဲ့ပြီး မမြမှီ

ထံသို့ ပြန်လာခဲ့လေသည် ။


မဂိုလမ်း အလုပ်တိုက်ထဲ မှောင်ကြီးမည်းမည်း တွင် လက်နှိပ်ဓာတ်မီးကလေး အောက်စိုက်

ထိုးထားကာ မမြမှီ က ဆီးကြိုနေလေသည် ။ တိတ်တိတ်ပုန်း ခိုးတွေ့ကြရသော သမီးရည်းစား

လူပျိုကလေးများ အပျိုကလေးများ ဘဝသို့ ပြန်ရောက်သွားကြလေသည် ။


မမြမှီ သည် ကျွန်တော့် အား သူ့ကိုယ် ကို ပုံအပ်ထားသည်မှာ မှန်၏ ။ သို့သော် သူ့

အရင်းအနှီးကိုကား ပုံမအပ်လိုကြောင်း သိနေသဖြင့် ကျွန်တော် က ထိုညတွင် အလုပ်ကိစ္စကို လုံးဝ

ထပ် မပြောတော့ချေ ။ သို့သော် မမြမှီ က -


“ မမ ကို အလွဲမထင်နဲ့နော် ” 


“ ဘာကိုလဲ မမ ရဲ့ ” 


“ အလုပ် ကိစ္စလေ ၊ မောင်လေး ကို မမက မကူညီချင်ဘူးလို့ အလွဲမထင်နဲ့ ၊ မောင်လေး

စဉ်းစားပြီး လုပ်ဖို့ ပြောတာ ။ ပုံနှိပ်စက်လုပ်ငန်း ဆိုတာက မောင်လေး ကိုယ်တိုင်လည်း ဘာမှ

သိတာ မဟုတ်ဘူး ” 


“ သင်ယူရမှာပေါ့ ၊ ဘာထူးသေးလဲ ကုန်သည် လုပ်လည်း သင်ယူမှာပဲ ” 


“ ကုန်သည်အလုပ်ကိုတော့ မမ က သင်ပေးနိုင်တယ် ၊ မင်း ပုံနှိပ်တိုက် အလုပ်ကို ဘယ်သူ က သင်ပေးမှာလဲ ” 


“ မမ ကသာ အရင်းစိုက်ပေးမယ် ဆိုရင် သင်ပေးမယ့် လူတွေ မရှားပါဘူး ။ လုပ်ငန်း မစခင်လည်း မမ

မေးသမျှ ပြောနိုင်အောင် သင်မယ် ၊ အလုပ်လုပ်တော့လည်း လုပ်ရင်း သင်သွားမယ် ” 


“ ကောင်းပါပြီရှင် ၊ နောက်တစ်ခေါက် လာတော့ မမ မေးသမျှ မဖြေနိုင်ရင် ပုံနှိပ်စက်လုပ်ငန်းမှာ

အရင်းစိုက်ပြီး လုပ်ထိုက် မလုပ်ထိုက် စဉ်းစားကြမယ် ” 


မမြမှီ သည် ရုပ်ရှင်ကြည့်ရန် ဆိုပြီး အိမ်မှ ထွက်လာခဲ့သည် ။ ရုပ်ရှင်ရုံထဲမှာ ဝင်ကြည့်ဟန် ဆောင်ပြီး

လစ်ထွက်လာခဲ့သည် ဖြစ်ရာ ရုပ်ရှင်ပြီးချိန် မှာ ရုပ်ရှင်ပြန် ပရိသတ်နှင့် ရောပြန်ရမည် ဖြစ်လေသည် ။


“ မမလည်း မောင်တင်ထွန်း နဲ့ ခုလို ဖြစ်ပြီးကတည်းက အိမ်မှာ ရှေးက မုသားမပြောဖူးတဲ့

မုသားတွေ ဝေနေအောင် ပြောနေရတယ် ၊ ပရိယာယ်မာယာဉာဏ်တွေလည်း သိပ်သုံးနေရတယ်

သိလား ” 


“ ကျွန်တော်လည်း ဒီလိုပဲ ၊ မုသားတွေ ပြောနေရတယ် ။ အရင်ကဆိုရင် မုသားပြောရမှာ တယ်

ဝန်လေးတာပဲ ” 


“ ဘယ်သူတွေကိုများ မုသားပြောနေရပါလိမ့် မောင် ” 

 

ကျွန်တော့် စိတ်ထဲမှာ မခင်သစ် အား မုသားပြောခဲ့ရပုံကို ဆိုလိုခြင်းဖြစ်သည် ။ သို့သော် မမြမှီ အား

မခင်သစ် အကြောင်း ပြော မပြလို ။


“ သူငယ်ချင်း မိတ်ဆွေတွေကိုပါ မမ ရယ် ။ ရှမ်းပြည် သွားလည်တာဟာ နိုင်ငံရေးကိစ္စ အရေးကြီးလို့

ခရီးထွက်သွားတာပါလို့ ညာထားရတယ် ” 


“ အေးလေ ၊ အမှန် အသိမပေးနိုင်သေးတဲ့ အခါမှာ လိမ်ရမှာပဲ ။ အချင်းချင်းတော့ မှန်တာ ဖွင့်ပြော

ကြေးနော် ” 


“ ကျွန်တော် ကတော့ မမ ကို ဘယ်တော့မှ မလိမ်ဘူး ” 


“ မမ ကလည်း မောင်လေး ကို ဘယ်တော့မှ မလိမ်ပါဘူးကွယ် စိတ်ချပါ ” 


သို့ဖြင့် ကျွန်တော်သည် တစ်လိမ်နှစ်လိမ် ပွေကာရှုပ်သည့် အဖြစ်အပျက်ထဲမှ ရုန်းမထွက်နိုင်

ဖြစ်ခဲ့လေသည် ။


ကျွန်တော့် အရှုပ်အထွေး ထက် အဆများစွာ ပို၍ ရှုပ်ထွေးလာသော ကိစ္စမှာ ဗမာ လူကြီးခေါင်းဆောင်

တို့၏ နိုင်ငံရေးအရှုပ်အထွေး နိုင်ငံရေးသပွတ်အူ ဖြစ်လေသည် ။


ဦးပု နှင့် ဦးဘဖေ တို့သည် အော်ယုဝ ကိစ္စတွင် စကားများကြပြီး ဦးဘဖေ နုတ်ထွက်လိုက်ရသည် ။

ဦးစော သည် ဦးပု ၊ ဦးဘဖေ တို့ အချင်းများမှုတွင် ဝင်အမြတ်ထုတ်သဖြင့် တန်ခိုးပိုတက်လာလေသည် ။ ဦးစော သည် ဝါးရင်းတုတ်များကို ပိုသုံးလာခဲ့၏ ။ ဂဠုန်တပ်များဖြင့် တို့ဗမာ အစည်းအရုံး လှုပ်ရှားမှုများ ကို နှိမ်နှင်းလျက်ရှိ၏ ။ ဦးဘဖေ နှင့်တကွ သူ ၏ ငါးပွင့်ဆိုင်ပါတီ သည်

အတိုက်အခံပါတီ ဖြစ်လာလေသည် ။ ဒေါက်တာဘမော် ၏ ဆင်းရဲသားဝံသာနု ကလည်း အတိုက်အခံ ဖြစ်နေသည် ။ သို့သော် ဥပဒေပြုလွှတ်တော်မှ ဒေါက်တာဘမော် အား ဦးဘဖေ ၏

ငါးပွင့်ဆိုင် က အတိုက်အခံခေါင်းဆောင်အဖြစ်ဖြင့် အသိအမှတ် မပြုနိုင်ကြောင်း ကြေညာလေသည် ။ ဆာပေါ်ထွန်း က အစိုးရ သည် မတရားတာ ဘယ်တော့မျှ မလုပ်ကြောင်း ၊ ဆင်းရဲသားကို

အတိုက်အခံ နိုင်ငံရေးသမားတွေ ထက် ပိုသနားကြောင်း ၊ လခ ၂၅ဝဝိ - သာ ရသော်လည်း ၅ဝဝဝိ တန်အောင် လုပ်နေကြောင်း ၊ ဥပဒေပြုလွှတ်တော်တွင် မိန့်ကြားလေသည် ။ ဦးဘလှိုင် က ဝန်ကြီး

မလုပ်ချင်ပါဘူးဟု ပြောသောအခါ ဆာပေါ်ထွန်း က အမတ်လခ ၂၅ဝိ - ကိုပင် ယူနေသူတို့သည်

၂၅ဝဝိ - စား ဝန်ကြီးရာထူး မလိုချင်ဘူးဆိုသော စကားကို မယုံနိုင်ကြောင်း တုံ့ပြန်ချေပလေသည် ။


၁၉၃၉ ခု ကုန်၍ ၁၉၄ဝ ပြည့်နှစ် တွင်းသို့ ရောက်လာသောအခါ မီးကုန်ယမ်းကုန် မတိုက်ကြသေးသော စစ်ကြီးကို ကြားဝင်ဖျန်ဖြေရန် ကြိုးစားသူတွေ ပိုများလာလေသည် ။ ဟော်လန်ပြည် ၏

ဘုရင်မကြီး နှင့် ဘယ်လ်ဂျီယမ် ၏ ဘုရင် တို့သည် အထူးကြိုးစားကြသည် ။ အမေရိကန်သမ္မတ

ရုစ်ဘ်လ် ၏ ကိုယ်စားလှယ် မစ္စတာဆမ်မနာဝဲလ် သည် လန်ဒန် ၊ ပဲရစ် နှင့် ဘာလင်မြို့ များသို့

သွားရောက်ပြီး ကြားဝင်ရန် ကြိုးစားခဲ့သည် ။ ဟစ်တလာ နှင့် တွေ့ခဲ့သည် ။ ဟစ်တလာ က စစ်ရပ်စဲ

နိုင်မည့် တောင်းဆိုချက် များကို မစ္စတာဆမ်မနာဝဲလ် ထံ တင်ပြလေသည် ။ သို့သော် ထိုအချက်

များကို ဗြိတိန် က ဘယ်နည်းနှင့်မျှ သဘောမတူနိုင် ရှိလေသည် ။


အင်္ဂလန် မှာ ဖင်လန်ပြည် ဘက် မှ ဝင်ရောက်တိုက်ခိုက်ရန် အပျော်တမ်းစစ်သားများ စုဆောင်းနေကြလေသည် ။ အလှူငွေ ကောက်ခံနေကြလေသည် ။ စစ်တပ် အကူအညီ ပို့နေကြလေသည် ။ သို့သော်

ရုရှား ဖင်လန် စစ်ပွဲကား ရပ်စဲရန် အလားအလာ ကောင်းလေသည် ။ ဗွီပူရီမြို့ ကို ရုရှား တို့က သိမ်းမိ

သည်နှင့် တစ်ပြိုင်နက် ရှရှား ၏ ငြိမ်းချမ်းရေးစည်းမျဉ်းများ ကို ဖင်လန် က လက်ခံတော့မည်ဟု

သတင်းဖြစ်ပွားလျက် ရှိလေသည် ။ ရုရှား က တောင်းဆိုသည်မှာလည်း ဖင်လန် သည် ရုရှား ကို

တိုက် မည့် နိုင်ငံခြားစစ်တပ်များကို အခြေခံစခန်း မပေးရန်သာ အဓိကဖြစ်လေသည် ။ သေမလား

ရှင်မလား ရွေးချယ်ရန် ဖြစ်သဖြင့် အပြီးအပိုင် နိုင်အောင်သာ တိုက်ရတော့မည်ဖြစ်ကြောင်း ကြုံးဝါးလေသည် ။


ကြုံးဝါးသော်လည်း စစ်ကြီးကား မီးကုန်ယမ်းကုန် မတိုက်သေး ။ ရေကြောင်းတိုက်ပွဲ နှင့်

လေကြောင်းတိုက်ပွဲ အနည်းငယ်သာ ဟိုမှာ သည်မှာ ကွက်ကျားဖြစ်ပွားနေလေသည် ။ ထို့ကြောင့်

ကြားဝင်ဖျန်ဖြေသူတို့ကား လက် မလျှော့ကြသေး ။


ရုရှား ဖင်လန် စစ်ပွဲကိုကား အင်္ဂလိပ် ၊ အမေရိကန် ၊ ပြင်သစ် ၊ နော်ဝေး ၊ ဆွီဒင် တို့သည် ပိုပြင်းထန်စွာ တိုက်ရန်ပင် အားပေးနေကြလေသည် ။ ဖင်လန်ပြည်ဘက် မှ လိဂ်အော့ဖ်နေရှင်း နိုင်ငံပေါင်းစုံအသင်းကြီး က ထောက်ခံသော ဆုံးဖြတ်ချက်ချအောင် လုပ်ကြသည် ။  


◾သိန်းဖေမြင့်


📖အရှေ့က နေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.

No comments:

Post a Comment