Wednesday, October 13, 2021

လူရွှင်တော်ပတ်ပေါင်း နဲ့ ကျွန်တော်


 ❝ လူရွှင်တော်ပတ်ပေါင်း နဲ့ ကျွန်တော် ❞


တစ်နှစ်ပေါ့ .. ဂီတ ၊ ရုပ်ရှင် တွံတေးသိန်းတန် ဇာတ်အဖွဲ့ကြီးမှာ လိုက်ခွင့်ရတယ် ။


ကျွန်တော့် ဆရာလည်းဖြစ် ၊ ကျွန်တော့် ယောက်ဖလည်း ဖြစ်တဲ့ ပတ္တမြားဦးသိန်းဒီ က ပြောပေးလို့ ၊ ဇာတ်ဆရာ ဦးသိန်းတန် က ....


ညကျရင် နှစ်ပါးသွားလာကပေး ... အရည်အချင်း စစ်မယ်ဆိုတဲ့ သဘောပေါ့ ။


အဲဒါနဲ့ ညလည်းကျရော ၊ အမေ့ကို ကန်တော့  ၊ ဇနီးဖြစ်သူကို အကျိုးအကြောင်း ပြောပြပြီး ...


အလုံ ကွင်းကျောင်း ၊ အမှိုက်ပုံဘေး ဇာတ်ရုံက ထွက်လာခဲ့တယ် ။ လာသာ လာရတာ ရင်ထဲမှာ တထိတ်ထိတ်နဲ့ပေါ့ ။ ဇာတ်ကြီးကလည်း ဖြစ်ပြန် ၊ မင်းသားကလည်း နာမည် ကြီး ၊ လူရွှင်တော်တွေကလည်း တကယ့်ထိပ်ထိပ်ကျဲ ။ မင်းသားက နာမည်ကြီးပန်တာ ဦးကြည်လင် ၊ လူရွှင်တော်တွေကလည်း ဦးသိန်းဒီ ၊ ဦးရွှေဗျိုင်း ရဲ့ သား အောင်သူ ၊ ဦးချက်ကြီး ၊ အဲ .. ညပိုင်း ... ရှေ့ပိုင်း ၊ အော်ပရာ ၊ တစ်ခန်းရပ် ဟာသပြဇာတ် ၊ အဆိုတွေ ထွက်နေချိန်မှာ ကျွန်တော်ဇာတ်စင်ရဲ့ ထောင့်တစ်နေရာက ရပ်ကြည့်နေပေမယ့် ဘာတွေ ဆိုလို့ ဆိုမှန်း ၊ ဘာတွေ ကလို့ ကမှန်း မသိတော့ဘူး ။ ကျွန်တော့် စိတ်က နှစ်ပါးသွားကို ရောက်နေတာကိုး ။ ဒီဇင်ဘာဆောင်းတွင်းကြီး ချွေးပျံနေတာဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတယ် ။ အဲဒီလိုနဲ့ ပြဇာတ်ပြီးလို့ ခေတ္တ အားလပ်ချိန်ပေးတဲ့အချိန် မှာပဲ ပတ္တမြားဦးသိန်းဒီ က ..


“ ရော့ .. ပတ်ပေါင်း .. ”


တောင်ရှည် ၊ ရင်ဖုံးအင်္ကျီ တွေ ပေးတယ် ။ ပြီးတော့ ..


“ ကောင်လေး .. ကြိုးစားနော် ”


တဲ့ ။ ကျွန်တော့် ရင်တွေ လက်တွေ တုန်လာတယ် ။ ကျွန်တော်တို့ အငြိမ့်မှာက ပတ်ပေါင်း မပေါင်းရဘူး ။ တောင်ရှည် လောက်ကတော့ ဝတ်တတ်တယ် ။ ကျွန်တော့်ဘဝ အဲဒါပထမဦးဆုံး အခက်အခဲ တစ်ခုပါပဲ ။ ပတ်ပေါင်းစကို ကိုင်ပြီး တွေဝေနေမိတယ် ။ ဒီဇာတ်နဲ့က တစ်နှစ်လုံး သွားရမှာ ရှေ့တိုး မလား ၊ နောက်ဆုတ် မလား ။ စဉ်းစားချိန် ရသေးတယ် ။ အဲဒီ အချိန်မှာပဲ အဖေ့ရဲ့ စကားတစ်ခွန်းကို သွားသတိရမိတယ် ။


ဆရာဦးတိုင်းကျော် လက်ထဲ အပ်စဉ်က ပြောခဲ့တာ ..


“ မျက်နှာသုတ်ပဝါ ဖြစ်ချင်တယ် ... မီးဖိုချောင်က လက်နှီးစုတ် မဖြစ်ပါစေနဲ့ ”


ဆိုတဲ့ စကားစုပါ ၊ ပြီးတော့ ကျောင်းထားရမယ့်အရွယ် ရောက်နေပြီဖြစ်တဲ့ ကျွန်တော့် သမီး နဲ့ သား မျက်နှာလေးတွေ ပြန် မြင်ယောင်လာတယ် ။


“ ဟယ် .. မထူးတော့ပါဘူး.. ငါယောက်ျား ... ကြိုးစားမယ် ” ဆိုပြီး တတ်သမျှ မှတ်သမျှလေးနဲ့ ပတ်,ပေါင်းလိုက်တယ် ။ အဲ .. နှစ်ပါးသွား လေပြေ စထိုးပြီ ။ လူရွှင်တော်ကြီးတွေကို ဇာတ်စင်ပေါ်မှာ တစ်ယောက်ချင်း ကျွန်တော် လိုက်ကန်တော့တယ် ။ သူတို့ မျက်နှာတွေက ပြုံးစိစိ နဲ့ ၊ ကျွန်တော် ဘာမှားနေလို့လဲ မသိပါဘူး ။ “ ခွန်းထောက် " ဆိုပြီး ၊ ပရိကံစကားပြောရင်းနဲ့ လူရွှင်တော် အဘ တစ်ယောက် က ..


“ ဒီနှစ် ဂီတ ၊ ရုပ်ရှင် ၊ သဘင်အဖွဲ့ကြီးမှာတော့ ထူးထူးခြားခြား မန်းမြို့သားလေး ပန်တျာကြည်လင် နဲ့ တွံတေးသိန်းတန် တွဲဖက်လို့ပေါ့ဗျာ .. စွဲမ က် စရာတွေနဲ့ တစ်မျိုးတစ်ဖုံ ကြိုးစားသွားမှာ ဖြစ်သလို ဟော .. ဒီမှာ လူရွှင်တော် အသစ် ပွဲထုတ်ပေးပါရစေဦး.. သူ့နာမည်က ကျော်ထူး တဲ့ .. သူ့အဖေက လူရွှင်တော်.. သူ့ ဘကြီးက အငြိမ့်ဆရာ .. သူ့အစ်မက နာမည်ကြီး အငြိမ့်မင်းသမီး မျိုးရိုး လိုက်ပါတယ် .. ဘယ်လောက် မျိုးရိုးဂုဏ် ထိန်းလဲဆိုရင် ခေါင်းက ပတ်ပေါင်း,ပေါင်းလာတာ ကြည့်ပါ .. ( ..... ) ကို ပတ်တီးစည်းလာတဲ့အတိုင်းပဲတဲ့ ” ဗျာ .. ။


ပရိသတ်က ဝေါခနဲ ပေါ့ ။ ကျွန်တော့် မျက်နှာကြီး တစ်ခုလုံး ငရုတ်ရည်အိုးထဲ မှောက်လျက်လဲ သလိုပဲ ခံစားလိုက်ရတယ် ။ ကျွန်တော် အဲဒီ လူရွှင်တော်ဘကြီး ကို မစော်ကားပါဘူး ။ မေ့လည်း မမေ့ပါဘူး ။ ကျေးဇူးလည်း တင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော့်ကို မခံချင်စိတ် ဝင်သွားအောင် ဆွပေးလိုက်တယ် လို့ပဲ မှတ်ယူပါတယ် ။


အဲဒီ အလုံ ကနေ ပွဲကပြီးတော့ ပခုက္ကူ ၊ မိတ္ထီလာမြို့တွေပါ ဆက်ကူးရမယ် ။ ရတဲ့ ငွေစပေါ်လေးကို သံသေတ္တာ ဝယ် ၊ သံခုတင် ဝယ် ၊ ခန်းဆီးလိုက်ကာ ချုပ် ၊ ကျန်တဲ့ငွေလေး အနည်းငယ်ကို ဇနီးသည် နဲ့ အမေ့ ကို ကန်တော့ ... ကျွန်တော် ကတဲ့ အငြိမ့်မှာက ဘာပစ္စည်းမှ မလိုဘူး ။ ကျောပိုးအိတ်တစ်လုံး ရှိရင် ရပြီ ။ ဘဝရဲ့ တစ်ဆစ်ချိုး‌ေကွ့ ရောက်တဲ့သဘောပေါ့လေ ။ အလုံ ဇာတ်ရုံ ကနေ မနက်စောစော လေးနာရီလောက် ဇာတ်ကားတွေစထွက် မယ်ဆိုတော့ မနက် နှစ်နာရီခွဲ လောက် ထဲက လိုအပ်တဲ့ပစ္စည်းတွေ စု ၊ မိသားစုနဲ့မှာစရာ ရှိတာ မှာ ၊ အဲဒီအချိန်မှာ ကလေးတွေက အိပ်ကုန်ပြီ ။ ကျွန်တော့် ဇနီးသည်က အဝတ်အစားတွေ ပေါင်ပေါ် တင်ခေါက်ရင်း ၊ မျက်ရည်က တဖောက်ဖောက်နဲ့ ကျလာပြီ ။ ကျွန်တော်လည်း ခုလို ဇာတ်သမားဖြစ်မှ အဖေ့ ကို ကိုယ်ချင်းစာ မိတော့တယ် ။ တစ်နှစ်ပတ်လည်လုံး ရှိရှိသမျှသော ဇာတ်ရုံတွေကို အိမ်လို သဘောထားပြီး နေ နေရတဲ့ ဇာတ်သမား ဘဝကို စတင်လို့ ခံယူလိုက်ပါပြီ ။


ကျွန်တော်တို့ ဇာတ်ကားကြီး မနက် ဝေလီဝေလင်း အချိန်လေးမှာ စပြီး ထွက်တော့ တိတ်ဆိတ်နေတဲ့ ကျွန်တော်ရပ်ကွက်လေးကို ကြည့်ပြီး ရင်ထဲ မကောင်းလိုက်တာဗျာ .. တဖြည်းဖြည်းနဲ့ မီးရောင်တွေက လွဲရင် ဘာမှ မမြင်ရတော့ဘူး ။ ဆောင်းတွင်း ပွဲကူး တော့ချမ်းတာပေါ့ဗျာ ။ အနွေးထည်နဲ့တင် မလုံလောက်တော့ ပုဆိုးတစ်ထည် ထပ်ထုတ်ပြီး ခြုံလိုက်တယ် ။ ခါတိုင်း သုံးကျပ်ခွဲစား ဘဝတုန်းက ဇာတ်ကားရဲ့ နောက် မှီ ထမင်းအိုး ၊ သံခုတင် တွေ တင်တဲ့ နေရာက လိုက်ခဲ့ရာက ခုတော့ ဇာတ်ကားပေါ်မှာ လူရွှင်တော်ကျော်ထူး ဘဝနဲ့ နေရာတစ်နေရာ ရလာပါပြီ ။ ဇာတ်ကားပေါ်က စိတ်ကူးနဲ့ မိသားစုကို လှမ်းကြည့်မိသေးတယ် ။ သူတို့လေးတွေ စောင်လေးတွေခြုံပြီး သူတို့ မိခင်ရဲ့ ရင်ခွင်ထဲမှာ ကွေးနေလောက်ပြီ ။ ငါ့ မှာသာ လေက တဖြူးဖြူးနဲ့ ပုဆိုးလေး ခြုံပြီး ၊ သစ်ကိုင်း အန္တရာယ် ၊ ဓာတ်ကြိုး အန္တရာယ်ကို ရှောင်တိမ်းပြီး မငိုက်ရဲဘူး ။


အဲဒီလိုနဲ့ ပွဲကမယ့် မြို့ကို ရောက်တော့ သူများတွေက ပွဲကူးကြမ်းလို့ ပင်ပန်းတယ်ဆိုပြီး ၊ ခုတင်တွေ ခင်းအိပ်ကြတာပေါ့ ။ ကျွန်တော့်မှာသာ မအိပ်နိုင်သေးဘူး ။ ခုတင်ခင်းပြီး လိုက်တာ ခန်းဆီးကာ ၊ ခြင်ထောင် , ထောင် ၊ ခြင်ထောင်ထဲမှာ မှန်တစ်ချပ် ထောင်ပြီး ပတ်ပေါင်းကို စမ်းပြီး ပေါင်းကြည့်တော့တာပါပဲ ။


ဘယ်နေရာ ၊ ဘယ်မြို့ရောက်ရောက် ၊ ဘယ်လောက် ပင်ပန်းပင်ပန်း ကျွန်တော် မနားမနေ မှန်တစ်ချပ် နဲ့ ပတ်ပေါင်းလို့ လေ့ကျင့်လိုက်တာ .. နှစ်လ သုံးလ အတွင်းမှာပဲ ပတ်ပေါင်း , ပေါင်း တတ်သွားတယ် ။ ကျွန်တော့် ကို ပြောတဲ့ အဘ လူရွှင်တော်ကြီး ကို ကျွန်တော့် တစ်သက် မမေ့ပါဘူး ။ သူ ပြောလို့ ကျွန်တော် မခံချင်စိတ်နဲ့ ကြိုးစားလို့ တတ်မြောက်သွားတာပါ ။ သူသာ မပြောရင် ကျွန်တော် ဘယ်လာ တတ်ပါ့မလဲ ။ လူရွှင်တော် ပတ်ပေါင်းတင်လား ဆိုတော့ မဟုတ်သေးဘူး ။ နှစ်ပါးသွား ပြက်လုံးတွေပါ ထိုက်သင့်သလောက် တတ်မြောက်ခဲ့ပါတယ် ။


◾ ကျော်ထူး


📖 လူပြောများတဲ့ လူပေါကြီး


koaungnaingoo.blogspot.com


.

No comments:

Post a Comment