❝ သူခိုးကလေး ❞
ရန်ကုန်တက္ကသိုလ် အနီး အင်းလျားလမ်း တစ်ဖက်တွင် ဒေါ်တီတီ ၏ မိဘမဲ့ကျောင်း တည်ရှိ၏ ။ ထိုကျောင်းမှာ မိဘမဲ့ကျောင်းဟု ခေါ်ဆိုသော်လည်း ရိုးသားစွာ မိတဆိုး ၊ ဖတဆိုး ဖြစ်ရသော တစ်ကောင်ကြွက်ကလေးများ ခိုလှုံရာ အရပ်ဟုကား မဆိုသာချေ ။ ရန်ကုန်မြို့တော်ကြီး၏ လမ်းကြိုလမ်းကြားများတွင် လေလွင့်နေကြသော တေလေကြမ်းပိုးကလေးများကို စေတနာရှင် ဒေါ်တီတီ ကိုယ်တိုင် ပုလိပ်မင်းကြီး၏ အကူအညီဖြင့် ထရပ်ကားကြီး တစ်စီးနှင့် ညအခါ လှည့်လည်ကာ လမ်းဘေး ပလက်ဖောင်းပေါ်တွင် အိပ်နေကြရာမှ လည်းကောင်း ၊ အချုပ်ခန်းများမှ လည်းကောင်း ကယ်တင် စုဆောင်း တည်ထောင်ခဲ့သောကျောင်း ဖြစ်လေသည် ။
ထိုကျောင်းတွင် သူခိုးကလေး မောင်စိန် နှင့် ကျွန်တော် တွေ့ဆုံကာ သူ၏ ဘဝ ရှုထောင့်ကို လေ့လာရာမှ ဥပဒေ၏ ပျော့ကွက် များ ၊ လူငယ်များအဖို့ ကျောင်းနေရန် ခက်သော်လည်း ထောင်ကျရန် လွယ်ကူပုံများ ၊ သူခိုးကလေးများ မကြာခဏ ထောင်ကျသော်လည်း သူခိုးကြီးများ မှာ ဥပဒေကို ကျင်လည်စွာ ရှောင်တိမ်းကာ ခေတ်အဆက်ဆက် ကောင်းစားနေကြပုံများကို သတိပြုမိလေသည် ။
သူခိုးကလေး မောင်စိန် ဟု သူ့အား ခေါ်ဆိုခြင်းမှာ အရွယ်မရောက်သေးသူ ဖြစ်၍သာ မဟုတ် ။ သူ ခိုးသော ပစ္စည်းများမှာ တန်ဖိုး မဖြစ်စလောက်သာပင် ။ တစ်ကြိမ်က လက်ပတ်နာရီ ခိုးမှုနှင့် ထောင်ကျခဲ့ပြီး နောက် ထဘီခိုးမှုနှင့် တစ်ဖန် အချုပ်ခံခဲ့ပြန်လေသည် ။
ကျွန်တော် ။ ။ “ မင်းက ဘယ်အရပ်သားလဲ ”
မောင်စိန် ။ ။ “ ဝါးဘလောက်သောက် ရွာကပါဗျာ ၊ မြစ်ဝကျွန်းပေါ်သားပေါ့ ”
ကျွန်တော် ။ ။ “ မင်း မိဘတွေက ဘာလုပ်လဲ ”
မောင်စိန် ။ ။ “ ကူလီ လုပ်တယ်ဗျ ၊ ထမင်းနပ်မှန် မစားနိုင်ဘူး ၊ ကျွန်တော့်ကို ကျောင်းထားဖို့တော့ ဝေးရော ၊ ဒါကြောင့် ကျွန်တော်လည်း ချာတိတ်ဘဝမှာပဲ ရပ်ရွာရဲ့ ခိုင်းဖတ်အဖြစ်နဲ့ တစ်ဖက်တစ်လမ်း ရှာဖွေ စားသောက်ခဲ့ရတယ် ”
ကျွန်တော် ။ ။ “ မင်းတို့ အရပ်မှာ ဘုန်းကြီးကျောင်း ရှိမှာပေါ့ ၊ အဲဒီမှာ စာသင်ရင် ပိုက်ဆံ မကုန်တဲ့အပြင် ထမင်းတောင် အလကားစားရသေးတယ် မဟုတ်လား ”
မောင်စိန် ။ ။ “ ဟုတ်ပါတယ် ၊ ဒါပေမဲ့ ဘုန်းကြီးကျောင်းမှာ နေလို့ ပိုက်ဆံဝင်တာ မဟုတ်ဘူး ၊ အရပ်ထဲမှာ တိုလီမိုလီ အလုပ်လုပ်ရတာလောက် ဇယားမမိဘူးလို့ အဖေတို့က ပြောတယ် ၊ သူတို့လည်း စာမတတ်ဘူး ”
မိဘများနှင့်အတူ ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ရာမှ မောင်စိ န်မှာ ခါးပိုက်နှိုက် လောကနှင့် ဆက်သွယ်မိ၏ ။ ထောင်သို့ ရောက်ရာမှာလည်း သူ့ထက်ဝါရင့်သော စောရဂိုဏ်းသားများနှင့် ဆုံမိကာ အမှောင်ဗဟုသုတ အတွေးအခေါ်များ ပိုမိုကြွယ်ဝလာ၏ ။
မောင်စိန် ။ ။ “ လောကကြီးက မတရားပါဘူးဗျာ ”
ကျွန်တော် ။ ။ “ ဘယ်လိုလဲ ”
မောင်စိန် ။ ။ “ ဪ ... ကျွန်တော်တို့လို သူခိုးကလေးတွေတော့ ဖိထောင်းခံရပြီး သူခိုးကြီးတွေကျတော့ ထောင်အပြင်ဘက် မှာ လွတ်လွတ် လပ်လပ် မော်တော်ကား တဝီဝီ စီးနေနိုင်ကြတာပဗျာ ”
ကျွန်တော် ။ ။ “ သူခိုးကြီးတွေ ဆိုတာ ဘယ်သူတွေလဲကွ ”
မောင်စိန် ။ ။ ငွေကို သိန်းနဲ့ သန်းနဲ့ ချီပြီး သုံးသူတွေ ၊ အလွဲသုံးစား လုပ်သူတွေ ၊ အကပ်ကောင်းသူတွေ ၊ ငွေများ တရားနိုင် ဝါဒသမားတွေပဗျာ ။ ဥပဒေက သူတို့ကို သူခိုးလို့တောင် မခေါ်ဘူး ၊ ပျက်ကွက်သူတဲ့ဗျ ၊ အခွန်ဆောင်ရန် ပျက်ကွက်သူ ၊ အကြွေးဆပ်ရန် ပျက်ကွက်သူ ဆိုတာတွေပဗျာ ၊ သူတို့အဖို့ ယဉ်ကျေးတဲ့ ပုဒ်မများ ရွေးချယ် တပ်ဆင်ပြီး မလွှဲသာလို့ အပြစ်ရတောင် အကျဉ်းထောင်မှာ အေတန်း ၊ ဘီတန်း နေခွင့်ရကြတယ် ”
ကျွန်တော် ။ ။ “ မင်းအဖို့ ငယ်ငယ်ရွယ်ရွယ် ပညာရှာချိန်မှာ စာသင်နိုင်ခွင့် ရရှိခဲ့ရင် ကောင်းမှာပဲနော် ”
မောင်စိန် ။ ။ “ ဟုတ်တယ်ဗျ ။ ကျွန်တော်သာ စာကောင်းကောင်းတတ်ရင် အခုလို သူခိုးကလေး လုပ်နေစရာ မလိုဘဲ သူခိုးကြီး လုပ်မှာပဗျာ ၊ ဒါကြောင့် ကျွန်တော့်ကို စာသင် မပေးနိုင်တဲ့ မိဘများကို တစ်ခါတလေ စိတ်နာမိတယ် ၊ သူတို့ရဲ့ ညံ့ဖျင်းမှုကြောင့် ကျွန်တော့်အဖို့ သူခိုးဘဝမှာတောင် အောက်ကျ နောက်ကျ ဖြစ်ရတယ် ၊ အချုပ်ခန်းမှာ နေရတုန်းက ကျွန်တော့်ရဲ့ ဘဝတူများက ပြောကြတယ် ၊ မင်းဟာ သွက်သွက်လက်လက် အရှိသားပဲတဲ့ ၊ အကင်းလည်း ပါးသတဲ့ ၊ သူခိုးတော် သူခိုးကောင်း ဖြစ်နိုင်သတဲ့ ၊ ဘာမဟုတ်တဲ့ ထဘီမှုနဲ့ အဖမ်းခံရတာ နာသကွာတဲ့ ”
ကျွန်တော် ။ ။ “ သူခိုးကြီး ဖြစ်နိုင်ပါလျက်နဲ့ သူခိုးကလေး ဖြစ်နေလို့ မခံချိမခံသာ ဖြစ်ရသပေါ့ ”
မောင်စိန် ။ ။ “ ဒါပေါ့ဗျာ ၊ တကယ်လို့ ကျွန်တော်သာ စာတတ်ရင် အသင်းအဖွဲ့ တစ်ခုခုမှာ ဥက္ကဋ္ဌ လုပ်နိုင်မယ်ဗျာ ၊ ဒါမှမဟုတ်လည်း ဘဏ်မန်နေဂျာ ၊ မြူနီစီပါယ် အတွင်းရေးမှူး ၊ မီးရထားဘုတ်လူကြီး စတဲ့ ရာထူးကောင်း ၊ နေရာကောင်းများ ရရှိနိုင်မယ် မဟုတ်လား ။ နေရာတကာ ဝင်ဆံ့ပြီး ဝင်ရှုပ်နိုင်မယ်ပေါ့ ၊ စားပေါက်တွေ အများကြီး ကြုံမှာပေါ့ ၊ ဒါတွင်မက ယစ်မျိုးဌာနနဲ့ ပင်းပြီး ဘိန်းချနိုင်ရင်လည်း တစ်သက်လုံး အတွင်းဌာန် တားသွားမှာပေါ့ ”
ကျွန်တော် ။ ။ “ ပြစ်မှု ကျူးလွန်သူများဟာ တာရှည် ကောင်းကျိုးမပေးတတ်ပါဘူးကွာ ”
မောင်စိန် ။ ။ “ တာရှည် မတာရှည်တော့ မပြောတတ်ဘူး ၊ ဇိမ်နဲ့ နေရတာကတော့ အမှန်ပဲ ”
ကျွန်တော် ။ ။ “ အစိုးရ ဆိုတာလည်း ကျူးလွန်သူတွေကို လက်ပိုက်ကြည့်နေတာ မဟုတ်ဘူးကွ ”
မောင်စိန် ။ ။ “ အဲဒါကို ကျွန်တော်လည်း သိတာပေါ့ ၊ စုံထောက်တွေ လိုက်ပြီး စုံစမ်းရေး ကော်မတီတွေ ဘာတွေ လုပ်မှာပေါ့ ၊ သတင်းစာ တွေကလည်း အပုပ်နံ့ ဆိုပြီး ရေးကြမှာပေါ့ ၊ ဒါပေမဲ့ .. အဲတာတွေက ခဏပန်းပါ ၊ ရှောင်နည်း ကွင်းနည်းတွေလည်း သိုင်းကွက် နားလည်သူအဖို့ လွယ်ပါတယ် ၊ ဘုံးတဲ့ ပိုက်ဆံတွေကိုလည်း ဆွေမျိုး သားချင်းများဆီမှာ ဖြန့်ချိပြီး ပုန်းဝှက်ထားနိုင်တယ် မဟုတ်လား ၊ နာမည်ကြီး ဝတ်လုံများ ငှားရမ်းနိုင်တယ် ၊ အထက်တန်းလွှာ ပုဂ္ဂိုလ်များကလည်း မိမိ ရိုးသားဖြောင့်မတ်ကြောင်းကို ထောက်ခံ သက်သေလိုက်ကြမယ် ၊ နိုင်ငံရေး ပါတီဝင် ဖြစ်ရင် သာတောင် ကောင်းသေးတယ် ။ အမှုကို ဖြစ်တဲ့နည်းနဲ့ ပိတ်ပစ်မှာပဲ ၊ ပရိသတ် ဆိုတာကလည်း နိုင်သူဘက်က လိုက်တတ်ကြစမြဲမို့ မောင်စိန် က တော်ပါတယ်လို့ ချီးကျူးကြမှာ မုချပဲ ”
ကျွန်တော် ။ ။ “ မင်းက စာမတတ်ပေမဲ့ အတွေးအခေါ်ကတော့ မဆိုးဘူး ”
မောင်စိန် ။ ။ “ အဲဒါကြောင့် စာတတ်ချင်တယ် ပြောတာပေါ့ ၊ စာမတတ်လို့ သူခိုးကလေး ဘဝက မတက်နိုင် ဖြစ်နေတာပေါ့ ၊ ခါးပိုက်နှိုက် ၊ ထဘီရုပ် ဘဝနဲ့ တင်းတိမ်နေရတာပေါ့ ၊ ဥပဒေကလည်း သူခိုးကလေးတွေ အပေါ်မှာတော့ မညှာဘူး ”
ကျွန်တော် ။ ။ “ မင်း ထောင်ကျတုန်းက ဘယ်လိုနေရလဲ ”
မောင်စိန် ။ ။ “ အလုပ်ကြမ်းနဲ့ ခြောက်လ ကျတယ်ဗျာ ၊ သိပ်တော့ မကြာပါဘူး ၊ ဒါပေတဲ့ ထောင်ထဲမှာ ဖျင်ကြမ်းဝတ်ပြီး ဆန်လုံးတီး စားရတယ် ၊ နောက်ဖေးအိုး သိမ်းရတယ် ၊ တစ်ခါတလေလည်း အပြင်ထွက်ပြီး ကျောက်ထုရတယ် ၊ လမ်းပြင်ရတယ် ၊ အပြင်မှာ စမတ်ကျကျ ဝတ်စား ဆင်ယင်ပြီး မော်တော်ကား စီးသွားကြသူများကို မြင်မိတိုင်း မိမိ အကျဉ်းသား ဘဝနဲ့ နှိုင်းယှဉ်ပြီး ဝမ်းနည်းမိတယ် ။ တစ်ပဲ ၊ တစ်မူး ခိုးသူများက ထောင်ထဲ မှာ ။ တစ်သိန်း ၊ တစ်သန်း ခိုးသူများ ( ဝါ ) ပျက်ကွက်သူများကတော့ အပြင်မှာ လွတ်လပ်စွာ အမြတ်ကြီးစားခြင်း ၊ အချင်းချင်း လည်ပင်းလှီးခြင်းများကို မူမပျက် ဆက်လက် ပြုလုပ်နေနိုင်ကြတယ် ။ ဥပဒေက အဲဒီ သူခိုးကြီးတွေကိုတော့ မထိရဲဘူးဗျ ၊ မုဆိုးဟာ သမင် ဒရယ်ကလေးများကို အားတိုင်း ပစ်ခတ်ေနသော်လည်း ကျားများ ၊ ခြင်္သေ့များကိုတော့ ကြောက်ရွံ့သလိုပေါ့ဗျာ ”
သူခိုးကလေး မောင်စိန် မှာ စာတတ်သူ မဟုတ်၍ ဥပဒေကို မဖတ်တတ်ချေ ။ သို့သော် သူ၏ ဘဝ အတွေ့အကြုံအားဖြင့် လည်းကောင်း ၊ လူပြိန်းတို့၏ စိတ်တွက် အပေါင်း ၊ အနုတ် အရ လည်းကောင်း ဥပဒေ၏ ပျော့ကွက်များနှင့်သာ အဖန်တလဲလဲ ဝင်တိုးခဲ့ရသူ ဖြစ်လေသည် ။ သူ့အဖြစ်ကို နားထောင်ရင်း ကျွန်တော်သည် “ ပဒကုသလ ” ဇာတ်မှ ငိုချင်းကို သတိရမိ၏ ။
“ အကြံခက်လေသနော်
သန်လျက်တော် ယူသည့် သူခိုးရယ်က
သူ၏ အမျိုးဟာ ဧကရီမို့
သူ၏အမည်ကို ထုတ်ဖော် မပြောပါရစေနဲ့
ဓား ကုပ်ပေါ်မှာဝဲ …. ”
“ ပဒကုသလ ” မှာ ပုဂံခေတ် ၊ တကောင်းခေတ် က ပေါ်ခဲ့သော ဇာတ်လိုက် မဟုတ်ချေ ။ ထို့ထက် ဆယ်ပြန် ရှေးကျသည့် ဗာရာဏသီခေတ်က ဖြစ်ပွားခဲ့သော သူခိုးကြီး၏ ပြဿနာပင် ဖြစ်ပေသည် ။ ယခုတိုင်လည်း မောင်စိန် ပြောသကဲ့သို့ ထိုပြဿနာမျိုး ပေါ်ပေါက်ဆဲ ဖြစ်သည်သာမက ပို၍ပင် ဆိုးဝါး များပြားနေသည်ဆိုလျှင် ဤ ၂၀ - ရာစုခေတ်၏ တိုးတက်ရေးကို စစ်မှန်သည်ဟု ဆိုနိုင်ပါမည်လော ။
◾ညိုမြ
📖 နမ်းကြာညို
[ စပယ်ဦးစာပေ ထုတ်မှ ရယူသည် ။ မူရင်းစာ မည်သည့် စာနယ်ဇင်းတွင် ပါရှိကြောင်း အထောက်အထား ရှာမရ ။ ]
koaungnaingoo.blogspot.com
.
No comments:
Post a Comment