Sunday, October 17, 2021

ရုပ်ရှင်ကားကြီးဘက် လှည့်ခြင်း


 

❝ ရုပ်ရှင်ကားကြီးဘက် လှည့်ခြင်း ❞

“ ရွှင်ပြုံး ” ဆိုတဲ့ ကောင်ကိုလည်း ဆရာ တက္ကသိုလ်ဦးဟန်မြတ်မော် က နာမည်ပြောင်း ပေးလိုက်တယ် ။ “ အောင်ပန်း ” ဆိုပြီး တစ်ခိုင်လုံးရွှေ အငြိမ့်မှာ လူရွှင်တော် တစ်ဦး ထပ်တိုးသွားတယ် ။ အဲဒီတုန်းက လူရွှင်တော် တွေက ကွမ်းသီး ၊ လေးမောင် ၊ စွပ်ပရား ၊ ကျော်ထူး ၊ ဧရာ ၊ အောင်ပန်း ပေါ့ ။ ပထမ တစ်ရက် ရိုက်ပြီး ၊ ဒုတိယမြောက် မှာ ကိုမေတ္တာ ပြန်ဝင်လာပါတယ် ။ အဲဒီက စပြီး ၊ ရုပ်မြင်သံကြားမှာ ဇာတ်လမ်းတို ၊ ဇာတ်လမ်းရှည် ၊ အငြိမ့်စသည်ဖြင့် ကျွန်တော်တို့ ပါဝင်ခွင့်ရခဲ့တယ် ။

အဲဒီ နောက်ပိုင်း ရုပ်ရှင် ၊ ဗွီဒီယို ဘက်ကို ကူးပြောင်းခဲ့ပါ တယ် ။ ရုပ်ရှင်ကားကြီးမှာတော့ ပထမဦးဆုံး ရိုက်တဲ့ “ မင်းသား တော့ မင်းသား ” ဆိုတဲ့ ကားကြီးမှာ တစ်ခန်း ပါဝင်ခွင့် ရခဲ့တယ် ။ နောက် ဒါရိုက်တာစိန်သံမဏိ ရိုက်တဲ့ “ သား နဲ့ သွေး ” “ ဒီဇိုင်းအသစ် နဲ့ ချစ်ပြမယ် ” ..

“ သား နဲ့ သွေး ” ဆိုတဲ့ ကားကြီးမှာ တစ်ဇာတ်ကားလုံး စကားတစ်လုံးမှ မပြောရဘူး ။ မင်းသားရဲ့ တပည့် တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းမှာ လျှောက်ပြေးနေရတာနဲ့ အချိန်ကုန်သွားတယ် ။ ဇာတ်သိမ်းလည်း ကျရော ၊ ရဲထံ လက်နက်ချရင်း ၊ စကားတစ်လုံး ပြောလိုက်ရတယ် ။ “ ကျွန်တော် လက်နက်ချပါတယ် ” .. အဲဒီ စကား တစ်လုံး ပြောလိုက်ရတယ် ။

အဲဒီ ဇာတ်ကားကြီး ရိုက်တုန်းကလည်း ကံကောင်းလို့ မသေတယ် ။ တပ်မတော် က နောက်က လိုက် ၊ ကျွန်တော်တို့ အဖွဲ့က ရှေ့က ပြေးပေါ့ ။ မိုးကြိုးပစ်ရွာ နားက ရေတံခွန် အသေးစားလေး ၊ ခြေထောက် တစ်ချောင်း ချစာပဲ အုတ်ခုံလေးက ၊ အောက်က ရေတံခွန် ဘယ်လောက် နက်တယ် မသိဘူး ၊ အဲဒီ အုတ်ခံုလေးပေါ်က ဒါရိုက်တာက ဖြတ်ပြေးခိုင်းတယ် ။ မတော်လို့ ခြေချော်လက်ချော် ပြုတ်ကျရင် ပြဿနာ ၊ ကျွန်တော် က ရေမကူးတတ်ဘူး ၊ ချွေးတွေ တစ်ကိုယ်လုံး ရွှဲနစ်နေပြီ ။ ရုပ်ရှင်ကားကြီးဆိုတော့ ရိုက်လည်း ရိုက်ချင် ၊ ခုနက ရေတံခွန်ကိုလည်း မဖြတ်ရဲ ၊ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ။ ဒါရိုက်တာ ကလည်း ကင်မရာမင်း ဘကြီးစံ ( အကယ်ဒမီကျောက်ဖြူ ရဲ့ဖခင် ) ကို ကြိုးကရိန်းတွေ ဆင် ၊ ဘယ်က ဘယ်လို ယူမယ် ၊ သူပုန်အဖွဲ့ က ဘယ်လို ဖြတ်ပြေး ၊ တပ်မတော်စစ်ကြောင်း က ဘယ်ကို လိုက် မယ်နဲ့ သင်ကြားပြောဆိုနေတယ် ။

“ အားလုံး အဆင်သင့် .. ကင်မရာ ရယ်ဒီ .. ” ဆိုတဲ့အသံလည်း ကြားရော ၊ ကျွန်တော် ဒူးတွေ တဆတ်ဆတ် တုန်လာတယ် ။ “ အို .. သူများတွေတောင် လုပ်ရဲသေးတာ .. ငါဘာလို့ မလုပ်ရဲရမှာလဲ ... ရေနစ်လည်း လူတွေအများကြီး ဝိုင်းကယ်မှာပဲ ” .. ဆိုပြီး ကိုယ့်ကိုယ့်ကိုယ် အားပေးလိုက်တယ် ။

  “ ပြေး ”

ဆိုတဲ့ ဒါရိုက်တာ ရဲ့ အသံလည်း ကြားရော ၊ သေနတ်ဒင် ကို ပါးကပ်ပြီး ကျွန်တော် ပြေးတော့တာပါပဲ ။ “ ဗွမ်းဗွမ်း ... ဗွမ်းဗွမ်း ” နဲ့ ရေသံ ခြေသံတွေကြားထဲမှာ “ ဝုန်း ... အုန်း ... ဒိုင်း ” ဆိုပြီး ရေထဲမှာ ဘယ်အချိန်က မြှုပ်ထားတယ် မသိပါဘူး ၊ ရေမိုင်းတွေ ခွဲတော့ ယောင်ပြီး ၊ ခုန်လိုက်တာ တည့်တည့်မှ တည့်တည့်ဗျာ ။ ရေတံခွန်ထဲ ပြုတ်ကျ ၊ ခြေထောက် လှမ်းထောက်လိုက်တော့ မမီဘူး ။ ရေက လူတစ်ရပ်ကျော်ကျော် ဘွားခနဲ ကျွန်တော် ပြန်ပေါ်လာတော့ ခုနက ဖြတ်ပြေးတဲ့ အုတ်ခုံလေး တွေ့ရော ၊ ဝမ်းသာအားရနဲ့ ပြန်တက် မလို့ ၊ အုတ်ခုံလေးပေါ်လည်း လက်က ရောက်ရော ၊ ဖြတ်ပြေးတဲ့ လူဆိုးအဖွဲ့က လက်ကို တက်နင်းရောဗျ ။ နာတော့ ပြန်လွှတ် ပြန်မြုပ် ပြန်ပေါ် ၊ လက်ပြန်တင် ၊ တပ်မတော်အဖွဲ့ထပ်ဖြတ် ၊ ထပ်နင်း ၊ ပြန်လွှတ် ၊ ပြန်မြုပ် နဲ့ မြုပ်ချည် ပေါ်ချည် နဲ့ ။ နောက်ဆုံး ရေတံခွန်မှ တွဲလောင်းကြီး ကျန်ခဲ့ပါရော ။ ဒါရိုက်တာ က ဆူလိုက် ပြောလိုက်တာ မပြောပါနဲ့တော့ဗျာ ... ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

No comments:

Post a Comment