❝ ဟာသ မျက်ရည် ❞
ကျွန်တော် ဖြတ်သန်းခဲ့ရတာလေးတွေကို တစ်စိတ် တစ်ဒေသတော့ တင်ပြထားပြီးပါပြီ ။
အခု ရေးမယ့်အကြောင်းအရာကတော့ သွေးနဲ့ ကိုယ် သားနဲ့ကိုယ် တည်ဆောက်ထားတဲ့ လူရွှင်တော် ဟာသ သရုပ်ဆောင် ကျော်ထူး အငြိမ့်စင်ပေါ်မှာ က တဲ့ အချိန်လည်း မဟုတ်ပါဘူး ။ ရိုက်ကွင်းပေါ်မှာ သရုပ်ဆောင်နေတာလည်း မဟုတ်ပါဘူး ။ အပြင်မှာ ကျတဲ့ တကယ့် မျက်ရည် စစ်စစ် ပါ ။
ဒီလိုဗျ ၊ အချိန်အားဖြင့် နေ့လယ်မွန်းတည့်ချိန် ( ၁၂ : ၀၀ ) နာရီ ကျော်ကျော် ပေါ့ ။ ရန်ကုန် အပူ ဒီဂရီ ဖာရင်ဟိုက် က (၃၈ . ၃ ) ဒီဂရီ စင်တီဂရိတ် ( ၁၀၁ ) ဖာရင်ဟိုက် ။
နေရာက တာမွေ ၊ ဗိုလ်စိန်မှန်ရပ်ကွက် ဘောလုံးကွင်း အရိပ်အာဝါသက သိပ်မရှိဘူး ။ နေကလည်း ပူပြင်းလိုက်တာမှာ ။ ခေါင်းက ဆံပင်တွေ Dryer တောင် ဆွဲစရာမလိုဘူး ။ နဖူးကချွေး ခြေမကျ တယ်ဆိုတာ ဒါမျိုးလား မသိပါဘူး ။ ခြေမတင် မကပါဘူး ။ ဟိုဒင်း .. ဟိုဝှာ ၊ တစ်ကိုယ်လုံးပါပဲ ။
တစ်ဖက် အသင်းကလည်း ဆွဲလာမယ့် ၊ ဖြတ်ပေးမယ့် လမ်းကြောင်းအပေါ် ဘောလုံး ကို မျက်တောင်မခတ် ကြည့်နေရတယ် ။
ကိုယ့် တာဝန်က နောက်တန်း ၊ တာဝန် မကျေလို့ ကတော့ ရပ်ကွက်ထဲ အလှူလိုက်ခံသလို ခဏ ၊ ခဏ ထည့်နေရတော့မှာ ။ ဆံပင် ကြားထဲက ကျလာတဲ့ ချွေး သုံးလေးစက်က နဖူးကို ကျော်ပြီး ၊ မျက်လုံးထဲ တန်း ဝင်သွားတယ် ။ မသကာ အင်မတန်မှ ပေါ်လွင်လှတဲ့ နှာခေါင်းလေး ပေါ် တင်နေပါလား ။
ခုတော့ဗျာ ။ မျက်လုံးထဲ ဝင်သွားတော့ စပ်ပြီပေါ့ ။ ကမန်းကတန်း လက်ဖမိုးနဲ့ ပွတ်ပစ်လိုက်တာ ပို ဆိုးသွားရော ။ လက် မှာက သဲတွေ ၊ ဖုန်တွေ ပေနေတာကိုး ။
အံမယ် ဒီကြားထဲ ဖျတ်ခနဲ ကြော်ငြာတစ်ခုကို သွား သတိရသေးတယ် ။ အစားအသောက် မစားခင် လက်ဆေးပါ ။ ဘာ ဆပ်ပြာ နဲ့ ဆိုလား ။ ဆပ်ပြာ နာမည် ထည့်ရေးရင် စိတ်ဆိုးမှာ စိုးလို့ .. ( အမှန်က စပွန်ဆာ မရလို့ပါ ... )
အဲ .. ခုနက လက်နဲ့ ပွတ်လိုက်တော့ စပ် က စပ် ၊ မှုန်ဝါးဝါးတွေ ဖြစ်ကုန်ရော ။ ခါးက အင်္ကျီစနဲ့ ပွတ်ပစ်မယ်လည်း လုပ်ရော တစ်ဖက်အသင်းက ထောင့်ဖြတ် ပေးလိုက်တဲ့ ဘောလုံး ရိပ်ခနဲ တွေ့လိုက်ရတယ် ။
“ ဟေ့ကောင် ... ပြောင်ကြီး ( ဧရာ ) ... လိုက်ကပ် ကိုဗေလုဝ ကို ဘာ ရပ်ကြည့်နေတာလဲ ... လိုက်ဖျက်ထုတ်လေ ... ”
အရေးထဲ ကိုဗေလုဝ က သူ စီးလာတဲ့ဖိနပ် သူ မသယ်နိုင်ဘူးလား မသိပါဘူး ။ တစ်ယောက်တည်း ဖုန်းခနဲ ဖုန်းခနဲ နဲ့ ပစ်ပစ်လဲ နေသေးတယ် ။
“ ဝှီး ” ဆိုတဲ့ အသံနှင့် အတူ ကျွန်တော့်ရဲ့ မဟာနှာခေါင်း ဘေးက ဘောလုံး ဖြတ်ထွက်သွားတယ် ။
“ ဟေ့ကောင် ကျော်ထူး .. ဘာလို့ ရှောင်ပေးလိုက်တာလဲ ”
လို့ အသင်း ခေါင်းရှောင် ( အဓိပ္ပာယ် ) ဘောလုံးကို ဘယ်သော အခါမှ ခေါင်း နဲ့ မတိုက်ဘူး ။ ဘောလုံး ကွင်းဘေးက ချေးပုံထဲ ကျထားတာ မြင်ဖူးထားလို့တဲ့ ... ။
အဲ .. ကပ္ပတိန် ကိုအရိုင်း က လှမ်းအော်တော့ ..
“ ဟာ .. ဒီကောင့် ခြေသလုံးက အကြီးကြီးကွ .. ငါ့ ခြေသလုံးက သေးသေးလေး ... မတော် ပြုတ်ထွက်ပြီး ၊ ကွင်းဘေးမှာ ရှာမတွေ့ရင် မင်း တာဝန်ယူမလား ”
လို့ ပြန်ပြောလိုက်တယ် ။
တစ်ဖက် အသင်းကလည်း ငါတို့နဲ့ ကစားနေတာ အနုပညာ ဟာသ သရုပ်ဆောင်တွေပါလား ဆိုပြီး ၊ တစ်ချက်ကလေးမှ လျှော့ မထားဘူး ။
အဲဒီ အချိန်မှာ နောက်လူက ဖနောင့်တက်နင်းမိလို့ ကိုဗေလုဝ ဖိနပ်ချွတ်ပြီး ၊ ထပ်အလှည့်မှာ ဘောလုံးကွင်း ရဲ့ ဘယ်ညာမှာ ရပ်ကြည့်နေတဲ့ ပရိသတ်တ ဝေါခနဲ ဝိုင်းရယ်ကြရော ။ သွားထူပေးမယ် အလုပ် “ ဟိုး ... ကဒ် ” ဆို တဲ့ဒါရိုက်တာကြီး “ သျှိုကြီး ” ရဲ့ အသံ ကြားလိုက်ရတယ် ။
ရှူတင် မန်နေဂျာ လိုက်ဝေနေတဲ့ ရေသန့်ဘူး တစ်ဘူးကို လူတွေ ကြားထဲ ကမန်းကတန်း လိုက်လုပြီး ၊ နီးစပ်ရာ သစ်ပင်အရိပ်လေးထဲ ဝင်ခိုလိုက်တယ် ။ အရိပ်ထဲကျမှ ချွေးတွေ ပို ကျလာသလိုပဲ ။ ဝတ်ထားတဲ့ နိုင်လွန် ဘောလုံးအင်္ကျီ ကလည်း ပူလိုက်တာ မပြောပါနဲ့တော့ ။
ရိုက်နေတဲ့ ဗီဒီယိုဇာတ်ကား က ဘောလုံး နဲ့ ပတ်သက်နေတဲ့ ဟာသကား လို့တော့ ပြောသံ ကြားတာပဲ ။ ဟာသ သရုပ်ဆောင် တွေက တော်တော်လေး စုံပါတယ် ။
တစ်ဖက် အသင်းကတော့ ဘယ် ရပ်ကွက်က ခေါ်လာတယ် မသိပါဘူး ။ တကယ့် အရပ်သားတွေ ။ ဆိုလိုတာက ရုပ်ရှင် ၊ ဗီဒီယို မရိုက်ဖူးကြဘူး ။ ဒီတော့ တစ်ခါ မှား တစ်ခါ ပြန်ရိုက် နဲ့ ၊ လေးငါး ဆယ်ခါ မှားတော့ နေပူကြီးထဲမှာ ပြန် ပြန်ရိုက်ရတာ ... ။ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ ။
နေက ပူပူ ဖုန်က ထူထူ ။ ဟာသ ငနဲတွေ မျက်နှာ လှမ်းကြည့်တော့ မည်းတဲ့ လူက ပြာ ၊ ဖြူတဲ့ လူက နီ ၊ ပြောင်တဲ့ လူက အဲ အဲဒါတော့ မပါဘူး.. ရှံုု့ တွနေကြတယ် ။
နဂိုကမှ မကျွမ်းကျင်ရတဲ့ ကြားထဲ နည်းနည်းနောနော ဘောလုံးကွင်းကြီး မှုတ်ပါဘူးဗျာ ။ ပတ်လည်ပြေးလွှားကစားနေတဲ့ ဟန်တွေကိုပါ ထည့်ရိုက်နေသေးတယ် ။
ကဲ .. ဒီတစ်ခါ လေ့ကျင့်ခန်း လုပ်နေတဲ့လမ်းကဒ် ၊ Seen ကို ရိုက် မယ် ။ ခါး လေ့ကျင့်ခန်း ။
ဦးမိုးကျော် က မိုက်ခရိုဖုန်းသဏ္ဌာန် ရှိတဲ့ဝါးလုံးတစ်ခုကို ကိုင်ပြီး ၊ ကြော်ငြာ ။
လူတွေက တန်းစီပြီး ၊ ရှေ့နောက်တစ်ယောက်ခြား ကျော်ပြီး ပြေး ။
အသင်းအုပ်ချုပ်သူ အသင်းခေါင်းဆောင် ကပ္ပတိန် အရိုင်း က ဘေးက ပြောလည်းပြော ၊ ဆူလည်း ဆူ ၊ ရိုက်လည်း ရိုက် ။
ပြီးရင် ကလေးတွေ ဖန်ခုန်တမ်း ကစားသလို ကျော်ဖြတ်ပြီးရင် ခြေထောက်တွေကို အုတ်နီခဲ တစ်ဖက် တစ်လုံးစီ ကြိုး နဲ့ ချည်ပြီး ၊ ပြေးခိုင်းမယ် ။
ဒါလေးပါပဲဗျာ ... ပြီးရင် ရိုက် မယ် ။
ရိုက်ရပြန်ပြီပေါ့ဗျာ ။ ကြိုး ကို ရှည်ရှည် မချည်တဲ့ ကောင်ကတော့ ခြေတစ်လှမ်း လှမ်းတိုင်း ဖနောင့်ကို အုတ်နီခဲ က ပြန်ပြန် ရိုက်ပြီလေ ။
အားပါး ... ပြောတော့လည်း အနုပညာ ပဲ ။ ခုမှ ဖိုက်တင်တွေ နေ့စဉ်နီးပါး ချနေရတဲ့ ကိုရွှေလူကြမ်း တွေကို စာနာ သနားမိတော့တယ် ။ ရိုက်ကွင်းဘေးက လာရပ်ကြည့်နေတဲ့ ပရိသတ်ကတော့ တဝေါဝေါ ပေါ့ ။ ရိုက်ကွင်းပေါ်တောင် ဒီလောက် ရယ်နေရင် ကားထွက် လာတဲ့အခါ ဘယ်လောက် များ ရယ်ကြမလဲပေါ့ ဆိုတဲ့ အပြုံး နဲ့ ပြုံး နေတဲ့ ဒါရိုက်တာကြီး ကလည်း ပြုံးလို့ပေါ့ ။
အဲဒီ Seen ရိုက်ပြီးတော့ ခဏနား ။
ဟိုဖက် အသင်း နဲ့ ဒီဖက် အသင်း နှစ်ဖက်အသင်း ကစားတာကို အကျယ် ပြန်ရိုက် မယ် ။ အဆင်သင့် လုပ်ထားပေးပါ ။ ကင်မရာတွေလည်း အဆင်သင့် ဖြစ်ရော ၊ ကွင်းထဲ ပြန်ဝင် ၊ တကယ် ကစားနေတဲ့ ဟန်တွေရော ၊ ဟာသလုပ်တဲ့ ဟန်တွေရော ရောနှောပြီး ၊ ပြန်ရိုက်ပေါ့ ။ အဲဒီ Seen ပြီးတော့ ကိုအရိုင်း ကို ဟာသ သရုပ်ဆောင်တွေ ခြံရံပြီး ၊ တစ်ဖက် အသင်း ကို ဂိုးသွင်းတဲ့ပုံစံ ထပ် ရိုက် ၊ နောက်တစ်ခါ ဗေလုဝ ဂိုးသွင်းခွင့်ရအောင် ဖန်တီးပေးတဲ့ ဟာသကို ထပ်ရိုတ် ။ နောက် ကျော်ထူး က ဘောလုံးဆွဲပြေးရင်း ၊ ဘောလုံးကွင်းဘေးမှာ စပွန်ဆာကြော်ငြာ တစ်ခုကို တွေ့ပြီး အိမ်ကို စိတ်ရောက်သွားတဲ့ အချိန် တစ်ဖက်အသင်းက ဘော်ဒီ နဲ့ ဝင်တိုက်ပြီး ၊ ဘောလုံး လုယူသွားတာ ရိုက် မယ်တဲ့ .. ။
အဲဒီ Seen ပေါ့ ရိုက်ရတာ လေးငါးဆယ်ခါထက် မနည်းဘူး ။ ခဏ ခဏ မှားတယ် ။ ဒါရိုက်တာ လည်း သူ လိုချင်တဲ့ ပုံစံ မရတော့ မလွှတ်ဘူး ။ ပြန်ရိုက် ၊ ပြန်မှား နဲ့ ခက်တာက ကျွန်တော်ရှေ့မှာ ရေးခဲ့သလို တစ်ဖက်အသင်းက ပါဝင်ကစားရိုက်ကူးမယ့် လူတွေက ရုပ်ရှင်သမားတွေ မဟုတ်ဘူး ဆိုတော့ ဘယ်လာ နပ်ပါ့ မလဲ ။ မှားပြီပေါ့ ။ တစ်ကိုယ်လုံးလည်း ကိုင်ရိုက်ထားသလို နာနေပြီ ။ နောက်ဆုံးကဒ် မှာ အရှိန်တော်တော်လေး ပြင်းတယ်ဗျာ ... ။ ဝင်တိုက်ထည့်လိုက်တာ ၊ ညာဘက် ပခုံး တော်တော်လေး အောင့်သွားသလို ဘယ်ဖက် ဒူးခေါင်း စုတ်ပြဲသွားတယ် ။ အဲဒီတော့မှ ဒါရိုက်တာက OK တဲ့ ။
အဲဒီလိုနဲ့ ရိုက်လိုက်တာ နေ့ခင်း ( ၁ ) နာရီနီးပါး ရောက်တော့မှ ထမင်းစား နားကြတယ် ။ အလေ့အကျင့် မရှိတာရယ် ၊ နေပူတာရယ် ၊ ပင်ပန်းတာရယ် ၊ ထမင်းပန်းကန်လုရတာရယ် ၊ အားလုံး စုပေါင်းလိုက်တော့ ထမင်း တစ်ပန်းကန်တောင် မကုန်တော့ပါဘူး ။
ဒါတောင် မဟာနှာခေါင်းလေး မထိခိုက်လို့ပေါ့ ။ ထိများ ထိရင် နောက်ထပ် ဘာကားမှ လတ်တလော ရိုက်နိုင်ဦးမှာမဟုတ်သေးဘူး ။ ထမင်းစားနေတုန်း ...
“ ပြီးရင် ငှက်ပျောကြော် နဲ့ ကျော်ထူး အသင်းခေါင်းဆောင် ပြောမယ့် စကားတွေ နားထောင်မယ့်ကဒ် ရိုက် မယ် ”
တဲ့ ။ ရိုက်ပေါ့ဗျာ ။
ကိုယ် က ငွေလိုချင်တာကို သူ့ ထမင်း စားရင် ရဲ ရတော့မှာ ပေါ့ နော် ... မှုတ်ဘူးလား ... ။
နေပဲ ပူပူ မိုးပဲ ရွာရွာ ချမ်းပဲ ချမ်းချမ်း ၊ မိသားစု အတွက်လေ ။ လုပ်လိုက်ဟ ပေါ့ ... ။ ဒီဘက် ရိုက်ပြီးရင် တစ်ဖက် ရိုက်ကွင်း ကူးရဦးမှာ ။ ဟိုမှာက မင်းသားတောင်ရောက်နေပြီး လူစုံနေပြီလို့ ရှူတင်မန်နေဂျာ က ဖုန်းဆက်လှမ်းခေါ် နေပြီလို့ ငှက်ပျောကြော် က ပြောတယ် ။ ရုပ်ရှင်အထာ စကားနဲ့ ပြောရရင် ဒီဖက် မှာ လာ ခုတ်တာပေါ့ဗျာ ... ။
Day ပေါ့ ။ Day ဆိုတာက တစ်ရက်စာ ( သို့ မဟုတ် ) တစ်မနက်ခင်း ပေါ့ ။ သုံးလေးပေါင်းလောက် ရရင် မနည်းဘူး ဆိုတဲ့ ဝေါဟာရပေါ့ ။
ဒီဖက် ဘောလုံးကိစ္စ ပြီးတာနဲ့ ရတဲ့ ငွေလေး ကျစ်ကျစ်ပါအောင် ဆုပ်ပြီး Taxi ငှား ၊ ရွှေဂုံတိုင်မှာ ရိုက်နေတဲ့ နောက်တစ်ကားဆီ အကူး ။ ပြေးရိုက် မယ်ပေါ့ ။ အဝတ်အစားထုပ်လေး ဆွဲပြီး ၊ Taxi ကားပေါ်က အဆင်း ...
“ အစ်ကို ... ကျွန်တော် စောင့်နေတာ ကြာပြီ .. ”
ဆိုတဲ့ အသံကြားလို့ ရှူတင်မန်နေဂျာ လားဆိုပြီး လှည့်ကြည့်လိုက်တော့ ကျွန်တော်တို့ ညီအစ်ကို ထဲမှာ အငယ်ဆုံး နို့ညှာ ကျွန်တော့် ညီ ဖြစ်နေတယ် ။ မျက်နှာကလည်း မသာမယာ နဲ့ ..
“ ဟာ .. အေး .. ငါနဲ့ အပေါ်ထပ် လိုက်ခဲ့ .. ငါတို့ ရိုက်ရမှာက လေးလွှာမှာ တစ်ကိုယ်လုံးလည်း မင်းတွေ့တဲ့အတိုင်း ညစ်ပတ်ပေကျံ နေတာကွ .. မင်းနှယ်ကွာ .. နေနိုင်လိုက်တာ ... အိမ်တောင် လာမလည်နိုင်ဘူး .. မင်းဈေးရောင်းမယ့် ကိစ္စ .. ငါ့ မိန်းမ ထူးသခင် တောင် ပြောထားသေးတယ်... မင်းက နောက်ထပ် မပေါ်လာတော့ဘူး. . မိန်းမ ဘယ်တော့ ယူမှာလဲ .. အဖေတို့ ... အမေတို့ရော ... နေကောင်းကြရဲ့လား .. ”
လို့ မေးလိုက်တော့ သူက ငိုပါလေရော ။ ဖြုန်းစားကြီး ဆိုတော့ ကျွန်တော် ကြောင်သွားတယ် ။
ပြီးတော့ အဖေ နဲ့ အမေ ကို လည်း စိုးရိမ်သွားတယ် ။ အဖေ က ကျွန်တော့် ဆီက ပြန်တာ ရက်ပိုင်းပဲ ရှိသေးတယ် ။ ပူရင်း ပူရင် အမေ ပေါ့ ။
“ ဟေ့ကောင် .. ဘာကိစ္စနဲ့ ငိုရတာလဲ .. ငါ့လည်း အကျိုးအကြောင်းပြောပါဦး .. "
လို့ဆိုတော့မှ..
“ အမေ တော်တော်လေး နေမကောင်း ဖြစ်နေတယ် အစ်ကို .. ဟောဒီမှာ ဆေးခန်းပြထားတဲ့ စာရွက်တွေ .. E.C.G ရိုက်ရမယ် ... သွေးစစ်ရမယ် .. အဆုတ်မကောင်းဘူး .. အသည်းကိုလည်း ဓာတ်မှန် ရိုက်ရမယ် ... စပေါ့ ( စ် ) တွေ တွေ့ရတယ်တဲ့ .. အဲဒါနဲ့ ကျွန်တော် အစ်ကိုဆီ လာခဲ့တာ ... ကျန်တဲ့ အစ်ကိုတွေက တစ်ယောက် မှ စီးပွားရေး အဆင်မပြေကြဘူး ... အဆင်ပြေတာဆိုလို့ အစ်ကို တစ်ယောက်တည်းပဲ ရှိတာ .. "
“ ဪ ... ငါ့ညီရယ် အဆင်ပြေတာဆိုလို့ ငါ့တစ်ယောက်ပဲ ရှိတယ်တဲ့လား ။ ငါ့မိသားစု ၊ ငါ့ဘဝ အခက်အခဲတွေကို မင်းမှ မသိသေးတာဘဲ "
လို့ ကျွန်တော့် ရင်ထဲက ပြောလိုက် မိပါတယ် ။
ခုနက ဘောလုံးကွင်းထဲက နေပူပူ မှာ ဗီဒီယိုရိုက်ခဲ့တဲ့ အပူဟာ ကျွန်တော့် ညီရဲ့ စကားလောက် ပူပြင်းတော့မယ် မထင်ပါဘူး ဗျာ ... ။
“ ကဲ ... ရော့ ညီလေး ... ဒီငွေ ယူသွား .. အစ်ကို နောက် မှ လာခဲ့တော့မယ် ... ဒီဖက် မှာလည်း ကားရိုက်တာ ဒီနေ့မှ စတာ ။ အရမ်း အရေးကြီးရင် မင်း ကိုယ်တိုင်လာ ... မလာနိုင်လည်း တခြားတစ်ယောက်ယောက်ကို လွှတ်ပေးနော် .. ”
လက်ထဲမှာ ချွေးသံ တရွှဲရွှဲ ၊ ဖုန်တွေတလူးလူးနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ငွေလေးကို သူ့ပေးလိုက်တယ် ။
သူကတော့ အပြုံး တစ်ဝက် ၊ အငို တစ်ဝက်နဲ့ ...
“ ဒါဆို ကျွန်တော် သွားတော့မယ်နော် .. ”
ဆိုပြီး ကျွန်တော့်ရှေ့က ထွက်သွားတော့တယ် ။ သူ့ ရဲ့ ကျောပြင်ကို ကျွန်တော် ကြည့်နေတုန်းမှာပဲ ကျွန်တော့် ပါးပြင်ပေါ်ကို ပူပူနွေးနွေး အရည်တွေ တစ်စက် ပြီး တစ်စက် ကျလာတယ် ။
ချွေးတွေ လား ၊ မျက်ရည် လား တော့ ကျွန်တော် ကိုယ်တိုင် မခွဲခြားနိုင်တော့ပါဘူးဗျာ ။
ဘာပဲဖြစ်ဖြစ် ကျွန်တော့် နဖူး က ကျတဲ့ ချွေး ဟာ ကျွန်တော့်ကို အမေ မွေးတုန်းက ကျတဲ့ ေချွး လောက် ကြီးမယ် မထင်ပါဘူး
လို့ ... ။
◾ ကျော်ထူး
📖 လူပြောများတဲ့ လူပေါကြီး
koaungnaingoo.blogspot.com
.
No comments:
Post a Comment