❝ ရင့်ကျက်သော အချစ် ❞
ကျွန်တော် ရန်ကုန် သို့ ပြန်ရောက်သောအခါ ဗုံးခိုအုတ်ဂူကလေးများ ပိုမိုများပြားလာသည်ကို
တွေ့ရလေသည် ။ ပြည်သူ့လေကြောင်း ကာကွယ်ရေး မင်းကြီး ဒီဂရပ်ဖ်ဟန်တား သည် အတော်ကလေး ခြေသွက်နေလေ၏ ။
သို့သော် ကျွန်တော် တို့ ပြည်သူပြည်သား လူအများသည် လေကြောင်းကာကွယ်ရေး၌ စိတ်
သိပ်မဝင်စားကြချေ ။ ကြောက်ရမှန်းလည်း မသိကြချေ ။ အင်္ဂလိပ် အုပ်စိုးသူတွေက တမင်လှန့်နေခြင်း ဖြစ်သည်ဟု ထင်သူက ထင်ကြသေးသည် ။ ဗမာ မှာ အင်္ဂလိပ် မှတစ်ပါး ရန်သူ မရှိ ။
ထို့ကြောင့် မည်သူကမျှ ဗုံးချလိမ့်မည် မဟုတ်ဟု တီးတိုးလိုက်ပြောသူက ပြောနေသေးသည် ။
ဘုရင်ခံဒေါ်မန်စမစ် ၏ အစိုးရ သည် ယခင် ဘုရင်ခံ လက်ထက်က အတိုင်းပင် ကာကွယ်ရေးပုဒ်မ
၂၆ ကို တွင်တွင်ကြီး သုံးပြီး ကျွန်တော် တို့ သခင်အများအပြားအား ထောင်သွင်းနေလေသည် ။
ဦးစော သည် ဂဠုန်တပ် ဗိုလ်ချုပ် အဖြစ်ဖြင့် ကျွန်တော် တို့ သခင်များအား ဝါးရင်းတုတ်ဖြင့် နှိမ်နင်းခဲ့၏ ။ နန်းရင်းဝန်ဘဝ တွင်ကား ဝါးရင်းတုတ် အပြင် အစိုးရယန္တရား ၏ ဖိနှိပ်ရေးလက်နက်ကိရိယာ
အားလုံးနှင့်လည်း ဖိနှိပ်ချုပ်ချယ်လျက် ရှိလေသည် ။
ဦးစော သည် တစ်ဖက်တွင် အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်လျက် အခြားတစ်ဖက်တွင် မျိုးချစ်နိုင်ငံရေး
ဟိတ်ဟန်ကြီးအောင် လုပ်တတ်သူ ဖြစ်သည် ။ ကျွန်တော် ရန်ကုန် ပြန်ရောက်ချိန်၌ သူသည်
စစ်အပြီး မြန်မာပြည် အား ဒိုမီနီယံ လွတ်လပ်ရေးပေးရန် တောင်းဆိုဖို့ ဘိလပ် သို့ ရောက်နေလေသည် ။ သူ သွားခါစ မြန်မာ့အလင်းသတင်းစာ တွင် ' တစ်ကောင်ကြွက် ' ဆိုသော ကလောင်ရှင်
တစ်ဦးက ' ဘိလပ်သွားသော ဦးစောပြဇာတ် ' ဟု ရေးခဲ့လေသည် ။ ကျွန်တော် မဖတ်ရသေးသဖြင့်
ရန်ကုန် ပြန်ရောက်ရောက်ချင်း ရှာဖတ်ရ၏ ။ ထိုပြဇာတ် ကို များစွာနှစ်သက်စွဲလမ်းပြီး ရေးသူ
' တစ်ကောင်ကြွက် ' ဘယ်သူဘယ်ဝါ ဖြစ်သည်ကို သိရန် စုံစမ်းသည် ။ စုံစမ်း၍ မရချေ ။ ကျွန်တော်တို့
သခင်များ နှင့် နိုင်ငံရေး အယူအဆချင်း တူသော စာရေးဆရာတစ်ယောက် ဖြစ်ရမည် ဟုကား
အကဲခတ်မိလေသည် ။
ကျွန်တော် ရန်ကုန် သို့ ပြန်ရောက်ချိန်တွင် များစွာသော ထိပ်ပိုင်း သခင်ခေါင်းဆောင်များမှာ
ထောင်ထဲသို့ ရောက်နေကြလေပြီ ။ သခင်လေးမောင် ၊ သခင်နု ၊ သခင်စိုး ၊ သခင်ဘဟိန်း ၊
သခင်သန်းထွန်း ၊ သခင်ကျော်စိန် ၊ သခင်ဗစိန် စသော ခေါင်းဆောင်များ ၊ သခင်အောင်ဆန်း ၊
သခင်လှဖေ ၊ ကိုထွန်းရှိန် စသော ခေါင်းဆောင်တစ်ပိုင်းမှာ မြေအောက်လျှို့ဝှက်ရေးစခန်းသို့
ရောက်သူရောက်ပြီး နိုင်ငံခြားသို့ ရောက်သူ ရောက်ကုန်ကြပြီ ။
သခင်ကိုယ်တော်မှိုင်း ၊ သခင်မြ ၊ သခင်တင်မောင်ကြီး စသော ခေါင်းဆောင်များသာ ထောင်သွင်း
အကျဉ်းထားခြင်းလည်း မခံရ ၊ မြေအောက် လျှို့ဝှက်ရေးလုပ်ငန်းအတွက် ပုန်းအောင်း၍လည်း
မနေရသေး ၊ ဗြောင် အတိအလင်းပင် တို့ဗမာအစည်းအရုံး လုပ်ငန်းများကို လုပ်နေကြလေသည် ။
ကျွန်တော် သည် တို့ဗမာအစည်းအရုံး ဌာနချုပ် ရုံးခန်းသို့ သွားသောအခါ သခင် တင်မောင်ကြီး
အား တွေ့ရလေသည် ။ တစ်ခါတုန်းက ရန်ကုန်တက္ကသိုလ်တွင် လှေလှော် ၊ တင်းနစ် ( စ် ) ကစား
နာမည်ကြီးခဲ့သော အင်္ဂလိပ်စာ ဂုဏ်ထူးတန်းသား ကိုတင်မောင်ကြီး ။ ဖလေဇာပြာ နှင့် ဘောင်းဘီဖြူ ကို ခပ်ကြွားကြွား ဝတ်လေ့ရှိသော ကိုတင်မောင်ကြီး သည် ယခုအခါ ချည်လုံချည် ၊ ပင်နီအင်္ကျီ
တို့ဖြင့် သခင်အစစ် ဖြစ်နေလေသည် ။ သူသည် မုတ်ဆိတ်ကို ခဏခဏ မရိတ်အား ဗိုလ်ကေကို
လည်း ပိပိပြားပြား ဖြီးမထားနိုင် ။
ကျွန်တော့် အား သခင်တင်မောင်ကြီး က ရင်းရင်းနှီးနှီး မသိ ။ ကျွန်တော်ကပင် ကျွန်တော့်အကြောင်း
ရှင်းပြပြီး ရင်းနှီးအောင် မိတ်ဖွဲ့ရလေသည် ။ ပြီးတော့မှ ပြည်တွင်းပြည်ပ နိုင်ငံရေး နောက်ဆုံး
အခြေအနေများကို မေးရ၏ ။
သခင်တင်မောင်ကြီး ၏ ပြောဟန်ဆိုဟန်မှာ အေးစက်စက်နိုင်လှသည် ။ သို့ရာတွင် သူ့ အယူအဆ
များကား ထူးခြား၏ ။
“ ခုအခြေအနေမှာ အရေးကြီးဆုံးစစ်မျက်နှာက ဂျာမန် - ဆိုဗီယက် စစ်မျက်နှာ ဖြစ်တယ် ”
သူက ဂျာမနီ - ဆိုဗီယက် စစ်ပွဲကြီးများအကြောင်း ခရေစေ့တွင်းကျ ရှင်းပြနေ၏ ။
ကျွန်တော် -
“ အရှေ့ဘက်မှာ စစ်ကြီး ဘယ်တော့ ကူးလာမယ် ထင်သလဲ ”
“ မကြာပါဘူး ။ ဂျပန် ရော အမေရိကန် ရော စစ်ထဲ ဝင်ကြတော့မှာပဲ ။ သို့ပေမယ့် ဂျပန်ဖက်ဆစ်တွေ
ကိုယ်တို့ ပြည်ထဲ မဝင်နိုင်အောင် လုပ်ရမယ် ”
“ သူတို့ ဝင်တာကို ကျွန်တော်တို့လည်း မလိုလားပါဘူး ၊ သို့ပေမယ့် အင်္ဂလိပ် ကို ချဖို့ သူတို့ဆီက
အကူအညီ ယူရမှာပဲ မဟုတ်လား ”
“ ကိုယ်ကတော့ အဲဒါ မမှန်ဘူးထင်တယ် ။ ဖက်ဆစ်ဂျပန်တွေ ကို ခံချဖို့သာ အင်္ဂလိပ် ဆီက
အကူအညီ ယူရမယ်လို့ ထင်တယ် ”
“ ဒီလိုဆိုရင် ကျွန်တော်တို့ လွတ်လပ်ရေး ဘယ့်နှယ် လုပ်ရမှာလဲ ။ ခု စစ်ကြီးအတွင်းမှာ ကျွန်တော်တို့ လွတ်လပ်ရေးကို မရ ရအောင် တိုက်ယူရမယ် မဟုတ်လား ။ ခုလုပ်ရင် လုပ် ၊ သို့မဟုတ်
ဘယ်တော့မှ မလုပ်ရတော့ဘူး ဆိုတာမျိုး မဟုတ်ဘူးလား ”
သခင်တင်မောင်ကြီး သည် ကုလားထိုင်လက်တင်ပေါ်တွင် ခြေများကို ပစ်တင်လိုက်ပြီး ဆံပင်ကို
ဖြည်းဖြည်းသာသာ လက်ဖဝါးနှင့် ပွတ်နေလေသည် ။ စိတ်ရှုပ်သည့်လက္ခဏာ သူ့မျက်နှာမှာ
အထင်းသား ပေါ်နေ၏ ။
ကျွန်တော်တို့ သည် အတန်ကြာအောင် ဘာမျှမပြောကြဘဲ ထိုင်နေကြသည် ။
“ သခင်တင်ထွန်း ၊ ကု -လားရုပ်ရှင် ကြည့်မလား ”
ကျွန်တော့် မှာ ဤအချိန် ဤအခါတွင် ဤစကားမျိုး ကြားရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့သဖြင့်
အံ့အားသင့်နေသည် ။
သခင်တင်မောင်ကြီး က ပြုံးလိုက်သည် ။ သူ့အပြုံး မှာ သခင်ဘဟိန်း ၏ အပြုံးကဲ့သို့ပင် အလွန်
ချစ်စရာ ကောင်းသည် ။
“ ကု -လားရုပ်ရှင်ကို ကြည့်ကော ကြည့်ဖူးသလား ”
“ တစ်ခါမှ မကြည့်ဖူးဘူး ခင်ဗျာ ”
“ ဒါဖြင့် လိုက်ခဲ့ ၊ ပါရ်ဒေစီ လို့ ခေါ်တယ် ၊ ဒူဆာနီရုံ မှာ ပြနေတယ် ၊ ပြနေတာ ကြာလှပြီကွ ”
“ အိုဗျာ ၊ ကု -လားစကား မတတ်ဘဲနဲ့ နားလည်ပါ့မလား ”
“ ကိုယ်က ဇာတ်လမ်းမေးထားပြီးသားပဲ ၊ ကြည့်ရင်း မင်း နားလည်သွားမှာပါပဲ ”
ကျွန်တော် သည် ပါရ်ဒေစီ ကြည့်ရန် သခင်တင်မောင်ကြီး နှင့်အတူ လိုက်သွားရသော်လည်း ရုပ်ရှင်ဆီသို့ စိတ်မရောက်ပါ ။ ဖက်ဆစ်ဂျပန် အား ခုခံတိုက်ခိုက်ရန် အင်္ဂလိပ် နှင့် ပေါင်းရမည်ဆိုလျှင်
ဗမာ့လွတ်လပ်ရေး ဘယ်လို လုပ်ရမည်လဲဟူသော မေးခွန်းသည်သာ ကျွန်တော့် ဦးနှောက်ကို
တဒေါက်ဒေါက်နှင့် ခေါက်နေသည် ။ သခင်တင်မောင်ကြီး မှာ ရုပ်ရှင်ကြည့်ရန် ခေါ်ခြင်းဖြင့်
ကျွန်တော့်မေးခွန်းကို ရှောင်လွှဲသွားပြီဟု သိနိုင်ပေပြီဖြစ်ရာ သူ့အား နောက်ထပ် မမေးလိုတော့ချေ ။
' ပါရ်ဒေစီ ' သည် စိတ်ကို ဆွဲဆောင်နိုင်သောကား ဖြစ်ပေသည် ။ သူဌေးသား နှင့် သူတောင်းစားမ
အချောကလေး တို့ တွေ့ဆုံကြုံရပုံမှာ အိပ်မက်ဆန်လှသည် ။ ကု -လားမတေးသံ နှင့် တပ္ပလာ
စည်းချက်တို့သည် လူကို တဝေ့ဝေ့တရီရီနေအောင် မွှေ့ယမ်းနိုင်ပေသည် ။
ကျွန်တော်သည် မြေအောက်အရေးတော်ပုံလုပ်ငန်းများနှင့် ပတ်သက်ပြီး သခင်တင်မောင်ကြီးနှင့်
တိုင်ပင်ဆွေးနွေးခြင်း မပြုရန် ဆုံးဖြတ်လိုက်လေသည် ။ အင်္ဂလိပ်နှင့် ပူးပေါင်းချင်သူဆိုလျှင်
မည်မျှပင် ရိုးသားသော ယုံကြည်ချက်ဖြင့် ဖြစ်စေကာမူ အသိမပေးဘဲထားခြင်းက ဘေးအကင်းဆုံး
ဖြစ်သည်ဟု သဘောရမိလေသည် ။ ယုံယုံကြည်ကြည်နှင့် တိုင်ပင်ဆွေးနွေးရန် ကိုအေးငွေ ကို
လိုက်ရှာ၏ ။ စုံစမ်း၍ပင် မရ ။ သူသည် အစပျောက်ဖြစ်နေ၏ ။ အခြား လုပ်ဖော်ကိုင်ဖက်များလည်း
ဘယ်ရောက်နေကြသည် မသိ ။ အမှန်အားဖြင့် ကျွန်တော်သည် အရေးတော်ပုံဌာနချုပ် တည်ရာ
ရန်ကုန်မြို့ ရောက်ခါမှ အရေးတော်ပုံဌာနချုပ်နှင့် အဆက်ပြတ်နေခြင်း ဖြစ်လေသည် ။
သခင်တင်မောင်ကြီး နှင့် ပါရ်ဒေစီရုပ်ရှင် ကြည့်သောနေ့မှာ စနေနေ့ဖြစ်လေသည် ။
တနင်္ဂနွေနေ့ မနက်စောစော တက္ကသိုလ်ကျောင်းဘက်သို့ သွားလေသည် ။
နိုဝင်ဘာလထဲသို့ ရောက်ခဲ့ပြီဖြစ်သော်လည်း ကျောင်းပိတ်ရက် မကုန်သေး ။
အခါတိုင်းတွင် ကျောင်းပိတ်ရက်အတွင်း ဖြစ်သော်လည်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂ
အဆောက်အအုံတွင် ကျောင်းသားခေါင်းဆောင်အချို့ ရှိတတ်၏ ။ ယခုမူ ဦးကံသိန်း နှင့် မာလီ
တို့သာ ရှိကြ၏ ။ သမဂ္ဂစာရေး ကိုပင်လျှင် မတွေ့ရ ။
“ အားလုံး နယ်ထွက်စည်းရုံးရေး လုပ်ကြမယ်လို့ ဆိုသာပဲ ဆရာရဲ့ ” ဟု ဦးကံသိန်း က ပြောပြလေသည် ။
“ ကိုအေးငွေ က ဒီမလာဘူးလား ”
“ မလာတာ မှန်း - တစ်လလောက် ကြာသွားပြီ ဆရာ ”
ကျွန်တော် သည် သမဂ္ဂ မှ ထွက်ခဲ့ပြီး မမြင့်ဦး ဆီသို့ လာခဲ့သည် ။
ပန်းမန်ဥယျဉ်ဖြင့် လှပသာယာသော တစ်ထပ်တိုက်ကလေး ဖြစ်သည် ။ ပတ်ဝန်းကျင်ကလည်း
ဆိတ်ငြိမ်လှသည် ။
မြန်မာစာပါမောက္ခ ဦးဖေမောင်တင် ကျောင်းအုပ်ကြီး ဖြစ်သဖြင့် သူ့ ဌာနက ဆရာမ ကို မြှောက်စားသောအားဖြင့် မမြင့်ဦး အား ဤ အိမ်ကို ပေးထားခြင်း ဖြစ်ဟန်တူသည် ။
မတွေ့ရတာ ကြာပြီဖြစ်သော မမြင့်ဦး အား တွေ့ရတော့မည်ဖြစ်သဖြင့် ဝမ်းသာသော်လည်း
အပြင်းအထန် ဖျားနာလျက် အိပ်ရာမှာလဲနေတာ တွေ့ရမည် စိုးရိမ်မိသဖြင့် ရင်ဖိုနေလေသည် ။
ပြတင်းပေါက်များကို ဖွင့်ထားသော်လည်း တံခါးကြီးများကို ပိတ်ထားလေသည် ။ အထဲမှာ လူသူ
မရှိသလို တိတ်နေ၏ ။
တံခါးကို သာသာပင် ခေါက်လိုက်သည် ။
သျှောင်ထုံးဆံရစ်ဝိုင်းနှင့် ကောင်မကလေး တစ်ယောက် လာ၍ တံခါးဖွင့်ပေးသည် ။
“ မမြင့်ဦး ရှိလားဟေ့ ”
“ ရှိပါတယ်ရှင် ၊ ဘယ်သူ လာတယ်လို့ ပြောရမှာလဲ ”
“ ကိုတင်ထွန်း လာတယ်လို့ ပြောပြကွယ် ”
မမြင့်ဦး က အခန်းထဲမှနေပြီး -
“ ကိုတင်ထွန်း လား ၊ အထဲ ဝင်ခဲ့လေ ”
ကောင်မကလေ သည် တံခါးကို ပြန်ပိတ်နေရစ်သည် ။ ကျွန်တော်ကား မမြင့်ဦး အခန်းထဲသို့
ရင်တဒိတ်ဒိတ်နှင့် ဝင်သွားသည် ။ တော်ပါသေး၏ ။ အိပ်ရာမှာ လဲမနေ ၊ ပက်လက်ကုလားထိုင်မှာ
ထိုင်နေသည် ။ ဘေးမှာ စာအုပ်တွေ ပုံထား၏ ။
ခပ်လှမ်းလှမ်းမှပင် မမြင့်ဦး တော်တော်ကလေး ပိန်သွားသည်ကို မြင်နိုင်၏ ။
“ အဲဒီကုလားထိုင် ဒီကို ဆွဲခဲ့ပါလား ”
ကျွန်တော် သည် ကြိမ်ကုလားထိုင် ကို သူမ ညွှန်ပြသောနေရာထိ ရွှေ့ဆွဲသွားပြီး ထိုင်လိုက်သည် ။
ထိုင်ရင်း မျက်နှာကို စေ့စေ့ကြည့်လိုက်၏ ။ မျက်တွင်းတောင် နည်းနည်းဟောက်သွားသည်
မဟုတ်လား ။ အသားတွေလည်း ဝါနေသည် မဟုတ်လား ။ မျက်လုံးကြီးများကတော့ အခါတိုင်းလိုပင် ဝိုင်းစက်ကြည်လင်လျက် ရှိပေသည် ။
“ ကိုတင်ထွန်း ဘယ်တုံးက ရန်ကုန် ရောက်သလဲ ”
“ မမြင့်ဦး ဘယ့်နှယ်နေသေးသလဲ ၊ ပေးလိုက်တဲ့စာ ရကတည်းက လာကြည့်ချင်တာပဲ ”
“ တကယ်ပဲလား ”
မမြင့်ဦး က ပြုံးလိုက်သည် ။ သို့သော် အပြုံးမှာ နှုတ်ခမ်းများပေါ်တွင် ကြာရှည် ရပ်နားမနေပါ ။
“ တကယ်ပါ မြင့်ရယ် ၊ သိပ်စိတ်ပူသွားတာပဲ ၊ ခု ဘယ်လိုနေသလဲ ပြောစမ်းပါဦး ”
“ ကိုတင်ထွန်း ဆီ ကျွန်မပေးတဲ့စာ ဘယ်တုံးက ရောက်သလဲဟင် ”
“ ဒီမလာခင်ကလေးပါပဲ ၊ ကဲ ပြောစမ်းပါဦး ၊ ဆရာဝန်က ဘာပြောသလဲ ”
မမြင့်ဦး က ဝိုင်းစက်ကြည်လင်သော မျက်လုံးများတွင် မျက်ရည်တွေ ဝေ့လာသည် ။ အတန်ကြာ
ငေးနေပြီးမှ -
“ တီဘီ Suspect တဲ့ ထွန်းရယ် ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူးတဲ့ ၊ ဆေး One course
ထိုးလိုက်ရင် ကောင်းသွားမှာပဲတဲ့ ”
“ ဟုတ်ပါတယ် ၊ ခုခေတ်ကြီးမှာ ဆေးကောင်းတွေပေါ်နေတော့ ဘာမှ ကြောက်စရာ မရှိပါဘူး ”
မမြင့်ဦး သည် မျက်ရည်သုတ်သည် ။
ကျွန်တော် က ဆက်ပြောသည် ။
“ အနားတော့ ယူမှကောင်းမယ် ၊ အောက်တိုဘာ ဟောလီးဒေး ကုန်ရင် ခွင့်ယူပြီး နေဖို့ လိုတယ် ။
ပြီးတော့ စာတွေလည်း သိပ်မဖတ်ပါနဲ့ မြင့် ရယ် ၊ ကြည့်စမ်း စာအုပ်တွေ ပုံနေတာပဲ ။ ဘာလို့
ဒီလောက် စာတွေ ဖတ်ရတာလဲ ၊ ကောင်းကောင်းလည်း စားဖို့လိုတယ် ”
“ ထွန်း ဒီနေ့ မြင့် နဲ့ အတူ စားနော် ”
“ နေပါစေ မြင့်ရယ် ”
“ ဟဲ့ အေးခင် ”
“ ရှင် ”
ကောင်မကလေးသည် “ ရှင် ” ဟူသော ထူးသံနောက် တဒိုင်းဒိုင်း ပြေးလိုက်လာလေသည် ။
ပြီးတော့ ကျွန်တော်တို့ ရှေ့မှာ ကျောင်းသူကလေး လို လက်ပိုက်၍ ရပ်နေလေသည် ။
“ ထမင်းချိုင့် သွားယူချေ ။ နှစ်ယောက်စာ ထည့်ပေးပါလို့ပြော ၊ ကြားလား ”
“ ဟုတ်ကဲ့ရှင် ”
ကောင်မကလေး သည် နောက်ဖေးဆောင်သို့ ဝင်သွားပြီး ပျောက်ကွယ်သွား၏ ။
“ ခု မြင့် ဘယ်လို စားသောက်နေသလဲ ”
“ ဆိုင်က လခနဲ့ ယူစားနေတာပဲ ”
“ ကောင်းပါ့မလား မြင့်ရယ် ”
“ သိပ်ကောင်းတယ်တော့ မဟုတ်ဘူး ၊ အိမ်မှာ ချက်ပြုတ်စားနေပြန်လည်း အိမ်ထောင်ကြီးတစ်ခု
တာဝန်ထမ်းရတာလိုပဲ ဒုက္ခများမှာပဲ သိလား ”
“ မြင့် က အိမ်ထောင်တာဝန် တယ်ကြောက်တာကိုးနော် ဟဲ ဟဲ“ ”
မမြင့်ဦး ကလည်း လိုက်ပြုံးသည် ။ ပြီးတော့ မျက်နှာထား တည်တည်ဖြင့် -
“ ဪ တကယ်တမ်း ထမ်းရမယ်ဆိုရင်တော့ ဘယ်ကြောက်မှာလဲ ၊ ခက်နေတာက ”
မမြင့်ဦး ၏ ဖြူဖတ်ဖြူရော် ဖြစ်နေသော မျက်နှာမှာ နီမြန်းလာသည်ဟု ထင်သည် ။ သူမ၏
ဝိုင်းစက်သော မျက်လုံးများကား မူးဝေငေးမောနေကြသည် ။
ကျွန်တော် သည် မမြင်ဦး ၏ ပခုံးနှစ်ဖက် ကို ကိုင်ပြီး လှုပ်ကာလှုပ်ကာ မေးလိုက်ချင်သည် ။
“ ဘာခက်နေတာလဲ မြင့်ရဲ့ ”
မမြင့်ဦး သည် တစ်ကိုယ်တည်း စကားပြောနေသည့် လေမျိုးဖြင့် -
“ အင်း ခက်နေတာက ကိုယ် ချစ်တဲ့သူ က ဘာမှ ဖွင့် မပြော စ မပြော ”
“ ကိုယ် ချစ်တဲ့လူ ဆိုတာ ဘယ်သူလဲ ဟင် ”
“ အို ခက်လိုက်တာ ၊ မိန်းမ နဲ့ ယောကျာ်း ယောကျာ်း ကသာ စပြောရတယ် သိလား ”
ကျွန်တော် ၏ အသည်းနှလုံးများ သည် ဆီမှာထည့်သော ဂွမ်း အိကျသွား သလို ညွတ်ပျောင်းပျော့ခွေ
သွားလေသည် ။ ထိုခဏ၌ မမြင်နိုင်သော နှောင်ကြိုးအမျိုးမျိုး သည် ကျွန်တော့် အား မမြင့်ဦး နှင့်
ရစ်ပတ်တုပ်နှောင်လိုက်သည်ဟု ထင်ရသည် ။ နှောင်ကြိုးများမှာ မမြင်နိုင်သော်လည်း ခံစား
ထိတွေ့နိုင်သည် ။ ချစ်တာရော ၊ သနားတာရော ၊ လေးစားတာရော စုံနေ၏ ။
ကျွန်တော် သည် ကုလားထိုင်မှ ဆင်းပြီး မမြင့်ဦး ၏ ပက်လက်ကုလားထိုင် ဘေး ကြမ်းပြင်ပေါ်မှာ
ဒူးထောက်ချလိုက်သည် ။ ပက်လက်ကုလားထိုင် ၏ ညာဘက်လက်တင် တွင် ကျွန်တော့် လက်များကို ပိုက်၍ တင်ထားပြီး မမြင့်ဦး ၏မျက်နှာကို မော့ကြည့်ကာ -
“ မြင့် ကို ချစ်ပါတယ် ။ ချစ်ရုံမကဘူး လေးစားတယ် ။ ဒါကြောင့် ချစ်တယ်ဆိုတာ မပြောဖြစ်ခဲ့ဘူး ။
ပြီးတော့ ဟို တွေ့ခါစတုန်းက ရေးခဲ့တဲ့စာက ကျွံနေလို့ ။ တက်တက်စင် ရိုးပါလျက်ကယ်နှင့် ၊
ကလက်တက်တက် ထင်သူရယ် တစ်မျိုးသဒ္ဒါ မပျက်စေနှင့် ၊ အပိုး ဝါသနာဘက်ကိုတဲ့
ကွင်းသမို့ဖယ် ဆိုတာလေး မှတ်မိသေးလား ”
မမြင့်ဦး က ပြုံးရုံသာ ပြုံးသည် ။
“ အဲဒီလို စကားကျွံထားလို့ ချစ်လျက်နဲ့ ချစ်တယ်လို့ပြောရမှာ ရှက်နေတယ် သိရဲ့လား ။ ခုတော့လေ အမျိုးမျိုး ဆန်းစစ်ကြည့်တော့မှ ဒီ စကား မပြော မဖြစ်ဘူး ၊ ရှက်စရာ မဟုတ်ဘူးလို့ နားလည်
လာတယ် ”
မမြင့်ဦး သည် ကုလားထိုင်လက်တင်ပေါ် တွင် တံတောင်ဆစ် တင်၍ ရင်ဘတ်ပေါ်မှာ ပတ္တာဆက်ထားသော သူ့ လက်များကို ဖြုတ်လျက် ကျွန်တော့် ပခုံးကို ကိုင်ထားလိုက်ပြီး -
“ ဘာဖြစ်လို့ မြင့် ကို ချစ်ရတာတုံး ၊ ပြောစမ်းပါဦး ”
“ အို မြင့် ရယ် ၊ အကြောင်းတွေက အများကြီးပေါ့ ”
“ ပြောစမ်းပါဦး ထွန်းရယ် ။ ရုပ် ကြောင့်လား ၊ ပညာ ကြောင့်လား ၊ စာရိတ္တ ကြောင့်လား ၊ သဘော
ကြောင့်လား မနော ကြောင့်လား ကဲ ကဲ ပြောစမ်းပါဦး ”
အသက်အစိတ် ကျော်ခဲ့သောကြောင့် မြန်မာ အလိုရ အပျိုကြီး ဟု ခေါ်ဆိုနိုင်သော မမြင့်ဦး တွင်
ဆယ့်ခြောက်နှစ် အရွယ် ငယ်မူကလေးတွေ ပြန်လာသည်ကို တွေ့နိုင်သည် ။ ရောင်စုံပြေးနေသော
လည်ဆံကို ဖွ၍ အလှပြသော ငှက်မလေး နှင့် လည်း သဏ္ဍာန် တူသည် ။ အရင်တုန်းက နှစ်ဦးသား
ထိန်းသိမ်းထားခဲ့ကြသော ကျွန်တော်တို့ ၏ ဣန္နြေများ သည် ပေါက်ကျိုးခဲ့ပြီဖြစ်ရာ အချစ်သည်
ယိုစီးအန်ထွက် လာလေသည် ။
“ ဘာကြောင့် ချစ်တယ်ဆိုတာ ပြောလို့ ဘယ်ကုန်မှာလဲ မြင့် ရဲ့ ။ ' ဗြဟ္မာဗြဟ္မေ ၊ လျှာကုဋေဖြင့် ၊
ဆန်းနေဂိုဏ်းညီ ၊ ဂါထာစီ၍ ' ဆိုတဲ့ ဦးပုည စာလို အသက် အလွန်တရာ ရှည်ပါတယ် ဆိုတဲ့
ဗြဟ္မာကြီးတွေ မှာ လျှာတွေ တစ်ကုဋေလောက် ပေါက်ပြီး ချီးကျူး ပြောဆိုသော်လည်း မြင့် ကို
ဘာကြောင့် ချစ်တယ်ဆိုတာ ပြောလို့ ကုန်မှာ မဟုတ်ဘူး ”
မမြင့်ဦး က မျက်စောင်း ထိုးလိုက်သည် ။ သို့သော် ထိုမျက်စောင်း မှာ ပန်း နှင့် ပေါက်သည်နှင့်သာ
တူ၏ ။
“ အို ထွန်း ကလည်း စကားကြီး စကားကျယ်တွေ နဲ့ ပြော မနေပါနဲ့ ၊ ရိုးရိုးကလေး တဲ့တိုး
ပြောစမ်းပါ ”
“ မြန်မာစာဂုဏ်ထူး နဲ့ အောင်ထားတဲ့ ဒီစကားမျိုးတွေ ၊ ကုသပျို့မှာလည်း ဒီစကားမျိုးတွေ ၊
နတ်ရှင်နောင် ရတုမှာလည်း ဒီစကားမျိုးတွေ ၊ စာကြီးပေကြီးနဲ့ ရေးထားတဲ့ အချစ်စာပေတွေ
ဖတ်ရလွန်းလို့ မောနေပြီ ။ ရိုးရိုးကလေး အရပ်သူအရပ်သား ပြောနေကျစကားနဲ့ မြင့် မေးတာ
ပြောစမ်းပါ ၊ ဘာဖြစ်လို့ မြင့် ကို ချစ်တာလဲ ”
မမြင့်ဦး သည် ရီဝေသော မျက်စိများဖြင့် ကျွန်တော့် အား စိုက်ကြည့်ပြီး နားစွင့်နေသည် ။ အချစ် ကို
မွတ်သိပ်ဆာလောင်နေသော မျက်နှာပေတည်း ။
“ ရှေးမြန်မာ လူပျိုအပျို တွေဟာ သုံးနှစ် သုံးမိုး လှည့်ပြီး မှ ညားကြတယ်ဆိုတာ မြင့် ကြားဖူးလား ”
“ အင်း ဆိုစမ်းပါဦး ”
“ မြင့် နဲ့ ကိုယ် စတွေ့တာ ဘယ်လောက် ကြာပြီလဲ မှတ်မိလား ”
မမြင့်ဦး သည် ညာလက်ဖြင့် ကျွန်တော့် ဆံပင်ကို ယုယစွာ ပွတ်သပ်ရင်း -
“ ပြောမှာသာ ပြောစမ်းပါ ၊ နားထောင်နေပါ့မယ် ”
“ ခြောက်နှစ် ကျော်ပြီ ။ ရှေးမြန်မာ လူပျိုအပျို လှည့်တာထက် နှစ်ဆတောင် ကြာပြီ ။ အဲဒီ ခြောက်နှစ်
တွင်းမှာ မြင့် ရဲ့ ပညာအရည်အချင်း ကို ကောင်းကောင်း သိခဲ့ရတယ် ။ အကျင့်စာရိတ္တကိုလည်း
ကောင်းကောင်း သိခဲ့ရတယ် ။ ဖြူစင်တဲ့ သဘောနဲ့ မွန်မြတ်တဲ့ မနော ကိုလည်း တွေ့ခဲ့ရတယ် ။
ဒါတွေကြောင့် ချစ်တာပါ ။ မြင်မြင်ချင်း ခဏတစ်ဖြုတ်မှာ တစ်မုဟုတ်ချင်း တက်ကြွတဲ့ ချစ်စိတ်မျိုး
မဟုတ်ပါဘူး ၊ တဖြည်းဖြည်း တစိမ့်စိမ့် လှိမ့်လှိမ့်ပြီး ဒီဂရီ တက်တက်လာတဲ့ ရင့်ကျက်တဲ့
အချစ်ပါ မြင့် ရယ် နားလည်ပြီလား ”
သို့ကလို ပြောပြီး ကျွန်တော် သည် ကျွန်တော့် ညာလက်ပေါ်မှာ ထပ်တင်ထားသော မမြင့်ဦး ၏
ဘယ်လက်ပေါ် တွင် ခေါင်းကို တစောင်း တင်ထားလိုက်လေသည် ။ မမြင့်ဦး ၏ ညာလက်ကား
ကျွန်တော့် ဆံပင်များကို ဆော့ကစားလျက်ပင် ။
“ ထွန်း ရယ် ခုလို နေမကောင်းဘူး ၊ မကျန်းမာဘူး ဆိုတော့ သိပ် အားငယ်တာပဲ ။ အားငယ်သွားတယ်ဆိုရင် ဘယ်သူ့ကို မှ သတိမရဘူး ၊ ထွန်း ကိုသာ သတိရတယ် ။ ဘယ်သူ့ကို မှ မတမ်းတဘူး ၊
ထွန်း ကိုသာ တမ်းတမိတယ် ။ အဖေ့ ကို တောင် နောက်မှ သတိရတယ် ၊ နောက်မှ တမ်းတတယ် ။
မြင့် ကို က သမီးကောင်း မပီသလို့လား ၊ သဘာဝကြောင့်ပဲလား မပြောတတ်တော့ဘူး ။ ငယ်ငယ်တုန်းကနဲ့ မတူတော့ဘူး ၊ ခု ဒီအရွယ် ရောက်လာတော့ အိမ်ထောင်ဖက် ၊ ဘဝခရီး မှာ အတူသွားဘက် ကိုသာ မျှော်ခေါ်တမ်းတတာဟာ ဓမ္မတာပဲ ထင်ပါရဲ့ ”
“ ဒါ သဘာဝပဲ ဘယ်သူမှ မြင့် ကို အပြစ် မတင်နိုင်ပါဘူး ”
မမြင့်ဦး ၏ မျက်လုံးများတွင် စွတ်စိုလာသည် ။
“ ခုလို မကျန်းမာတုန်း ကိုယ်ဘေးတွေ့တုန်း ထွန်း ကို သတိရတာ တမ်းတတာဟာ ကိုယ်ကျိုးရှာတဲ့
သဘောပဲလား မသိဘူးကွယ် ”
မမြင့်ဦး သည် ရှိုက်လိုက်သည် ။ မျက်ရည်ပေါက်များ ကျလာသည် ။
ကျွန်တော် သည် သူ့ လက်ပေါ်မှာ တင်ထားသော ခေါင်း ကို ထောင်လိုက်ပြီး -
“ အို မြင့် ကလည်း ဘယ်မှာ ကိုယ်ကျိုးရှာတာ ဟုတ်ရမှာလဲ ၊ အချစ်ငှက် လို့ ဆိုနိုင်တဲ့ ဟင်္သာဖို နဲ့
ဟင်္သာမ လိုပေါ့ ၊ တစ်ဦးဦးမှာ ဘေးဒုက္ခတွေ့ရင် တစ်ဦးဆီ ပြေးကပ်တာပဲ ၊ သေအတူ ရှင်မကွာပဲ ၊
မျက်ရည်တွေ သုတ်လိုက်စမ်းပါ ”
ကျွန်တော် သည် ကုလားထိုင် လက်တင်ပေါ်မှ ကျွန်တော့် လက်များကို ရုပ်သိမ်းပြီး မမြင့်ဦး ၏
လက်ဖဝါးနှစ်ဖက် ကို ဆွဲယူလျက် ကျွန်တော့် ပါးများကို ပွတ်သပ်စေလေသည် ။
မမြင့်ဦး သည် မျက်ရည်ဝေ့နေသော မျက်လုံးများဖြင့် ကျွန်တော့် အား သိမ်းကျုံးဆွဲငင်ထားပြီး -
“ ကဲ ကဲ ထတော့ ၊ လူများတွေ မြင်သွားမှဖြင့် ”
ဒူးထောက်နေသော ကျွန်တော် သည် ထိုအခါမှ ဒူးနာလာသည် ကို သတိရတော့သည် ။ မတ်တတ်ထပြီး ကျွန်တော့် ကုလားထိုင်မှာ ထိုင်လိုက်လေသည် ။
မမြင့်ဦး သည် မျက်ရည်သုတ်ပြီးနောက် နာရီ ကို ကြည့်လိုက်သည် ။
“ ဟော ဆေးသောက်ချိန်ရောက်ပြီ ”
မမြင့်ဦး က သူ့ဘာသာ ထပြီး သောက်မည် လုပ်ရာ -
“ ကိုယ် တိုက်မယ်လေ ၊ ဘယ် ပုလင်းလဲ ”
“ အဲဒီဘက်က တောနစ် ပါပဲ ”
မမြင့်ဦး သည် ကျွန်တော် ၏ ယုယပြုစုသည် ကို ပြုံးပြုံးလေး ကြည့်၍ ခံယူနေလေသည် ။ ဝိုင်းစက်
ကြည်လင်သော မျက်လုံးများမှာ အခါတိုင်းလို တောက်ပနေ၏ ။ ပါးချိုင့်များကလည်း ခါတိုင်းလို
ချိုပြုံးနေ၏ ။
“ မြင့် ကို ချစ်တဲ့အကြောင်း သည့်ပြင်လည်း ရှိသေးတယ် ”
“ ဘာလဲ ”
“ ဝိုင်းစက်ကြည်လင်တဲ့ မျက်လုံးတွေနဲ့ ချစ်စရာကောင်းတဲ့ ပါးချိုင့်တွေပဲ ”
“ အို ရုပ်ဆိုတာ သင်္ခါရတွေပါကွယ် ၊ ဖောက်လဲဖောက်ပြန် ဖြစ်တတ်တာမျိုး သိလား ”
“ ကဲ ကဲ တောထွက်ချင်အောင် တရားစကားမျိုးတွေ မပြောကြစတမ်း မြင့် ရယ် ”
ကောင်မလေး သည် ထမင်းချိုင့်ဆွဲ၍ ရောက်လာလေသည် ။
ကျွန်တော်တို့ သည် ကွဲကွာနေသော သူငယ်ချင်း နှစ်ယောက် ပြောနေကျ စကားမျိုးကို မမောတမ်း
ပြောနေကြလေသည် ။
◾သိန်းဖေမြင့်
📖 အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment