❝ ရုန်းထွက် မရသော ပိုက်ကွန် ❞
အကြောင်းကံက ထူးဆန်းစွာ ဖန်တီးပေးနေသလော ။
ကျွန်တော့် ကိုယ်တိုင်က မရှင်းမရှင်း လုပ်ခဲ့သဖြင့် ရှုပ်ထွေးနေသော အကျိုးအာနိသင်တွေ
ဖြစ်လာသလော ။
ကျွန်တော့် အချစ်ဇာတ်လမ်းတွေကား ကြာလေ ရှုပ်ထွေးလာလေသည် ။ ဖခင်ကြီး မသာချအပြီး
မိခင်က “ ငါ့သား မင်း အိမ်ထောင်ပြုဖို့ကောင်းပြီ ” ဟု ဆိုကာ ဇနီးလောင်း အရွေးခိုင်းတော့
ကျွန်တော်သည် မမြမှီ အကြောင်း ထည့်သွင်းတင်ပြခြင်း မပြုခဲ့ချေ ။ မမြင့်ဦး နှင့် မခင်သစ် နှစ်ဦး
ကြားမှာလည်း တွေဝေနေခဲ့လေသည် ။ အမေကိုယ်တိုင် “ သမီးလေး က ချစ်စရာကောင်းတယ် ၊
သမီးကြီး ကလည်း ချစ်စရာကောင်းတာပဲ ” ဟု ဝေခွဲ မရသော သဘောကို ပြခဲ့လေသည် ။
ဟော ရန်ကုန် ကို ပြန်ရောက်တော့ -
မရှောင်မလွှဲသာသော အကြောင်းများကြောင့် မမြင့်ဦး နှင့် အတိအလင်း ချစ်ချင်းစကား ဆိုပြီး
ဘဝခရီးတွင် အေးအတူ ပူအမျှ လက်တွဲလျှောက်ရန် ဝန်ခံကတိပြုခဲ့ရလေသည် ။
ကျွန်တော့် အချစ်ဖြင့် မမြင့်ဦး ၏ ရောဂါ သက်သာစေမည်ဟု နှလုံးပိုက်ခဲ့သည် ။ သူမ နှင့် ကျွန်တော်
ဇနီးမောင်နှံ ရာသက်ပန် ဖြစ်ရေးကို မျှော်မှန်းစေခြင်းအားဖြင့် မမြင့်ဦး သည် အသက်အတွက်
လက်မလျှော့ဘဲ အားတက်စွာ ကြိုးပမ်းလာလိမ့်မည်ဟု ကျွန်တော် ယုံကြည်နေသည် ။
ဟော - တစ်ဖန် ၊ တိုင်းပြည်လွတ်လပ်ရေး အတွက် မြေအောက် အရေးတော်ပုံ လုပ်ငန်းများကို
ပြတ်သားစွာ ဆောင်ရွက်တော့မည်ဟု စိတ်ထက်သန်နေတုန်း ၊ အချစ်ကိစ္စမှာလည်း မမြင့်ဦး အား
တစ်ဦးတည်း အချစ်ဖြင့် အာရုံစူးစိုက်မည်ဟု ပြဌာန်းထားတုန်း -
“ မမြမှီ အား မမျှော်လင့်ဘဲ တွေ့ရပြန်ပြီ ။ ထို မမျှော်လင့်ခြင်းထက် ပို၍ကြီးသော မမျှော်လင့်ခြင်းမှာ
မမြမှီ ၏ ခင်ပွန်း ဦးထွန်းဝင်း ကွယ်လွန်သွားခြင်း ဖြစ်ပေသည် ။
ကာမပိုင် မရှိ ပကတိ လွတ်လပ်သန့်ရှင်းသော မမြမှီ နှင့် ကျွန်တော် ဘယ်လိုနေနေ ဘာအပြစ်မှ
မရှိတော့ပြီ ။ ကိုယ်ကျင့်တရား ပျက်ပြားနေသည်ဟု သိကာ ကိုယ့်လိပ်ပြာကိုယ် လန့်နေစရာလည်း
မလို ၊ သူများ ကဲ့ရဲ့မှာကိုလည်း ကြောက်စရာ မရှိ ။ တရားဝင် လင်မယား အဖြစ်ဖြင့် လူသိနတ်ကြား
နေလိုကလည်း ဘာမျှ အတားအဆီး မရှိတော့ဟု ကျွန်တော် ထင်မိပေသည် ။
ကျွန်တော် သည် တွေးချင်ရာတွေ တွေးပြီး လိုက်ပါလာခဲ့သည် ။ မမြမှီ သည် အစ၌ ကျွန်တော့်အား
ဟိုမေးသည်မေး မေးပြီး စကားပြောအောင် လုပ်သေး၏ ။ သို့သော် ကျွန်တော် က ဌာန်ကရိုဏ်း
ကျအောင် မဖြေ ။ စကားကိုလည်း ဖြတ်ဖြတ်ပစ်လိုက်သဖြင့် မမြမှီ သည် ဘာမှ မပြောတော့ဘဲ
ကျွန်တော့် အား အကဲခတ်၍သာ လိုက်ပါလာခဲ့၏ ။ မော်တော်ကား သည် ဘယ်လမ်းဖြတ်ပြီး ဘယ်
မောင်းသွားသည်ဟု ကျွန်တော် သတိမထားမိ ။ ကားထိုးရပ်လိုက်တော့မှ ပြည်လမ်း ရှိ သိန်းသိန်း
တို့၏ ခြံထဲ ရောက်လာသည်ကို သတိရလေတော့သည် ။
ကား သည် ဆင်ဝင်အောက်မှာ ရပ်ထားသည် ။ ဒရိုင်ဘာ သည် ကားပေါ်မှ အမြန်ဆင်းပြီး
အိမ်တံခါးပေါက်ဘေးတွင် ရှိသော ဘဲလ် ကို နှိပ်လိုက်လေသည် ။ အထဲမှာ ကလင်တင်တင် နှင့်
မြည်သွား၏ ။
မမြမှီ သည် လည်း ကားပေါ်မှ ဆင်းသည် ။ ကျွန်တော် က ကြောင်နေပြီး ကားပေါ်မှာပင် ထိုင်နေရာ
မမြမှီ က -
“ မောင်ကလေး ဆင်းလေကွယ် ”
ကျွန်တော် က ဆင်းပြီး မမြမှီ ၏ နောက်နားမှာ ရပ်နေစဉ် အတွင်းမှ တံခါးဝဆီသို့ လျှောက်လာသောခြေသံကို ကြားရသည် ။ ထိုအခါ ဒရိုင်ဘာ သည် ကားပေါ်သို့ ပြန်တက်သွားလေသည် ။
အထဲမှ မိန်းမသံ ပေါ်လာသည် ။
“ ဘယ်သူလဲ ”
မမြမှီ က -
“ မြ ပါကွယ် ၊ သိန်းသိန်း ရယ် ဖွင့်စမ်းပါဦး ”
တံခါးသော့ဖွင့်သံနှင့် အတူ ဆွဲငင်ပျင်းရိသောအသံဖြင့် သိန်းသိန်း က -
“ မြ ကလည်း သိပ် နောက်ကျတာပဲ ၊ သိန်းသိန်း စောင့်တော့ စောင့်ပါသေးရဲ့ ၊ အိပ်ချင်တာနဲ့ ”
တံခါးပွင့်လာသည် ။ အိပ်မှုန်စုံမွှားနှင့် သိန်းသိန်း က ကျွန်တော့် အား ကြည့်ပြီး ပြုံးလိုက်သည် ။
ကျွန်တော် သည် ရှက်ကိုးရှက်ကန်း ဖြစ်နေ၏ ။ ကျွန်တော် ကား ခိုးရာလိုက်ပါလာသော မိန်းကလေး
တစ်ယောက် နှင့် တူမနေပါလား ။ မမြမှီ က ရှေ့ကဝင်သည် ။ ကျွန်တော် က ရှက်ကိုးရှက်ကန်းနှင့်
နောက်က လိုက်သည် ။
ဒရိုင်ဘာ -
“ မမ ဂရက် ထဲ ကားသွင်းထားမယ် ၊ ကျွန်တော် တန်းလျားမှာပဲ ရှိမယ်နော် ”
“ အေး အေး ကောင်းတယ် ၊ ကားလိုချင်တော့ လာခေါ်မှာပေါ့ ”
သိန်းသိန်း သည် ကျွန်တော်တို့ နောက်မှာ တံခါးပိတ်နေရစ်ခဲ့သည် ။
မမြမှီ သည် ကျွန်တော့် အား ဧည့်ခန်းထဲသို့ ခေါ်သွားလေသည် ။ ဧည့်ခန်းထဲမှာ ပိုးအနီအုပ်ဆောင်း
အုပ်ထားသော မီးတိုင်တစ်ခုသာ ထွန်းထားရာ မီးတိုင်အနီးမှာရှိသော ဆိုဖာကုလားထိုင်ကြီးများနှင့် အောက်က ကြမ်းပြင်ပေါ်တွင်သာ ထင်းထင်းကြီး လင်းနေသည် ။ ကျန်နေရာများတွင်ကား
မှုန်ရီရီဖြစ်နေပြီး အနီရောင်ယှက်သန်းနေသည် ။
မမြမှီ သည် ကျွန်တော့် အား မှုန်ရီရီနှင့် အနီရောင်ယှက်သန်းနေသော နေရာရှိ ဆိုဖာရှည်ကြီးတစ်ခု
ပေါ်တွင် ထိုင်စေလေသည် ။ ပြီးတော့ နောက်က လိုက်လာသော သိန်းသိန်း အား -
“ သိန်းသိန်း ရေ မောင်တင်ထွန်း ကို ခဏ ဧည့်ခံလိုက်ပါဦးကွယ် ” ဟု ဆိုကာ ဧည့်ခန်းနှင့်
ဆက်နေသော အခန်းတစ်ခုတွင်းသို့ ဝင်သွားလေသည် ။ မမြမှီ က ထိုအခန်း ၏ မီးခလုတ်ကို
ဖွင့်လိုက်သောအခါ ကျမှ ထိုအခန်း သည် အိပ်ခန်းတစ်ခန်း ဖြစ်ကြောင်း တွေ့ရလေသည် ။
သိန်းသိန်း သည် ကျွန်တော့် ရှေ့မှာ လာရပ်လျက် ကလေးကြီးလို ပြုံးပြီး -
“ ကိုတင်ထွန်း တို့များ ခုမှတွေ့ရတော့တယ် ”
“ ဟုတ်တယ်ဗျာ ၊ ကျွန်တော် လည်း အလုပ်များနေတာနဲ့ပဲ ။ အင်း ရှမ်းပြည် က ပြန်ရောက်လာမှ
တစ်ခါမှ မတွေ့ကြသေးဘူးနော် ”
“ လာချင် အနီးကလေး ၊ မလာချင် ခရီးဝေးပေါ့ရှင် ဟုတ်လား“ ”
ကျွန်တော် ကား အဖြေရ ကျပ်နေသောကြောင့် -
“ ဦးခင်မောင် ကော ကျန်းကျန်းမာမာပဲလား ”
ဟု သူ့ ယောက်ျား အကြောင်း ကို မေးလိုက်ရလေသည် ။
“ ကျန်းကျန်းမာမာပါပဲရှင် ။ ခုတော့ မရှိဘူး ၊ နယ်ထွက်နေရတယ် ”
“ ဪ ဟုတ်လား ”
ကျွန်တော် သည် ဦးခင်မောင် ၏ အကြောင်း ကို မေးသာ မေးရသည် ။ မမြမှီ နှင့် ပတ်သက်၍
သိန်းသိန်း အား တွေ့သိရသည်မှာ သုံးနှစ်ကျော်ပြီ ဖြစ်သော်လည်း ဦးခင်မောင် နှင့် တစ်ခါမျှ
တွေ့မြင်ဖူးခြင်း မရှိခဲ့ချေ ။
“ မချို ကော နေထိုင်ကောင်းရဲ့လား ”
ရှမ်းပြည် သွားတုန်းက ပါလာခဲ့သော ဆွံ့အနေသည့် အစေခံမကြီး အကြောင်းကို မေးလိုက်သည် ။
“ မာပါတယ်ရှင် ၊ ရှင့် အကြောင်းတောင် ခဏခဏပြောသေးတယ် ”
သိန်းသိန်း က ခပ်တည်တည် ပြောသောကြောင့် ကျွန်တော့် မှာ ယုံထင်ကြောင်ထင် ဖြစ်သွားသည် ။
မချို မှာ ဆွံ့အခြင်း ပျောက်သွားပြီး စကားပြောတတ်နေပြီလော ။ သို့မဟုတ် ခြေဟန်လက်ဟန်ဖြင့်
ကျွန်တော်တို့ အကြောင်းတွေကို မတော်တရော် ပြောလေချေရော့သလား ။
“ ဆိုစမ်းပါဦး ၊ ဘာတွေပြောသလဲ ”
သိန်းသိန်း သည် ရွှတ်တွတ်တွတ် နောက်တောက်တောက် အမူအရာတွေကို လုပ်နေပြီး ဈေးကိုင်
ချင်သည့် သဘောနှင့် မပြောဘဲ နေသည် ။ ကျွန်တော် က ပိုကြားချင်လာ၏ ။
“ ဘယ်လို ပြောသလဲ ”
“ ဟဲ ဟဲ ကိုတင်ထွန်း တစ်ယောက်ဟာတဲ့ ၊ ကွယ်ရင် မေ့ တွေ့ သေအောင် လွမ်း သတဲ့ ၊ မချို က
မျှော်ပေမယ့် တစ်ခါမှ ပေါ်မလာဘူးတဲ့ ဟားဟား ”
ကျွန်တော် လည်း သူ့ပြက်လုံး ကို သဘောကျပြီး လိုက်ရယ်မိ၏ ။
“ နို့ နေပါဦး သိန်းသိန်း ရဲ့ ၊ ဒီစကားမျိုး ကို အဓိပ္ပာယ်ပေါ်အောင် မချို ဘယ်လို လုပ်ပြီး ပြောသလဲ ၊
သိန်းသိန်း က မချို လို လုပ်ပြစမ်းပါဦး ”
သိန်းသိန်း သည် လက်ဟန်ခြေဟန် မျက်နှာမူဟန်စသည်တို့ဖြင့် ဆွံ့အသူပြောပုံ လုပ်ပြတော့မည်
ကဲ့သို့ ရှိစဉ် -
“ သိန်းသိန်း ခဏလာပါဦး ”
ဟု မမြမှီ က ငေါက်ဆတ်ဆတ် အသံဖြင့် ခေါ်လိုက်လေသည် ။ သိန်းသိန်း သည် ချက်ချင်း
ပြူးတူးပျာတာ ဖြစ်သွားပြီး ကလေးကြီး လို လျှာတစ်လစ် ထုတ်လျက် ချာခနဲ လှည့်ပြေးလေ၏ ။
ဪ သိန်းသိန်း ။ မမြမှီ ထားရာကနေသော သိန်းသိန်း ။ အဘယ့်ကြောင့် သိန်းသိန်း အပေါ်တွင်
မမြမှီ ၏ ဩဇာ ဤမျှညောင်းလေသနည်း ။ သိန်းသိန်း နှင့် မမြမှီ တို့မှာ သူငယ်ချင်းများနှင့် သိပ်
မတူ ။ ကလေးပေါတာကြီး နှင့် အထိန်းတော်ကြီး လိုသာ ပိုတူလေသည် ။
ကျွန်တော် သည် ဧည့်ခန်းထဲဝင်စက ရုတ်တရက် မမြင်ရသော အိမ်ထောင်ပရိဘောဂများကို
နီရောင်ယှက်သန်းသော မှုန်ဝါးဝါးအလင်းရောင်တွင် တွေ့မြင်နေရလေသည် ။
မမြမှီ သည် ကျွန်တော့်အား ဦးခင်မောင် အိမ်မှာ မရှိသော အချိန်ကို ရွေးချယ်၍ ခေါ်လာဟန်တူသည် ။
အကြံပိုင်လှသော မမြမှီ ပါတကား ။ လွတ်လွတ်လပ်လပ် ဖြစ်နေသော မုဆိုးမ မမြမှီ အပေါ်တွင်
ကျွန်တော် ဘယ်လို သဘောထားရမည်နည်း ။ တရားဝင် အကြင်လင်မယား အဖြစ်ဖြင့် နေဖို့
ပြောဆိုရတော့မည်လော ။ ကျွန်တော့် ကြောင့် ဘဝကို တွယ်တာဆုပ်ကိုင်နေသော မမြင့်ဦး အား
သစ္စာဖောက်တော့မည်လော ။ အို ခဏခဏ တွေဝေတတ်သော ငတင်ထွန်း ။ ဘယ်အသက် ၊
ဘယ်အရွယ်ထိ တွေဝေဦးမည်နည်း ။ ခု ဘယ်ဘက်သို့ ယိမ်းယိုင်ဦးမည်နည်း ။
သိန်းသိန်း သည် ထွက်လာပြီး ဣန္ဓြ ကြီး တစ်ခွဲသားလောက်နှင့် -
“ ကိုတင်ထွန်း ဘာများ စားဦးမှာလဲ ၊ အားမနာပါနဲ့ ၊ ကျွန်မ မအိပ်ခင် စီစဉ်ပေးခဲ့ပါ့မယ် ”
“ နေပါစေဗျာ ၊ ဒုက္ခမရှာပါနဲ့ ၊ ညဉ့်နက်လှပါပြီ ”
“ ရှင် တကယ် မဆာလို့လား ”
“ မဆာပါဘူး ကိစ္စ မရှိပါဘူး ”
“ ဒါဖြင့် ကျွန်မ ကို ခွင့်ပြုပါနော် ၊ ဆရာဝန်က ညဉ့်နက်အောင် မနေရဘူးလို့ တားမြစ်ထားလို့ပါ ”
“ ဪ ဟုတ်လား ၊ အိမ်သည်ရဲ့ အပြစ် မဟုတ်ပါဘူး ၊ ဧည့်သည်ရဲ့ အပြစ်ပါ ။ ဧည့်သည်က
ညဉ့်နက်ကြီးမှ လာတာကိုး ”
ကျွန်တော် ပြောလို့မှ မဆုံးမီ သိန်းသိန်း သည် အပေါ်ထပ်သို့ တက်သွားလေပြီ ။ ကျွန်တော်တို့
နှစ်ယောက်တည်း နေရစ်ခဲ့ရန် သိန်းသိန်း က တမင် ရှောင်ပေးသလို ဖြစ်နေသည် ။ အတော်
ကြောင်သော အလုပ် ၊ အလွန် ဗြောင်ကျသော အလုပ်ပါတကား ။ မထူးတော့ပါဘူး ၊ လျှို့ဝှက်ထားဖို့ မလိုတော့ပါဘူးဟု ယူဆကာ ခုလို ဗြောင်ကျကျ စီစဉ်ထားခြင်း ဖြစ်ဟန်တူသည် ။
မမြမှီ သည် ကျွန်တော် နှင့် အတိအလင်း တရားဝင် အကြင်လင်မယား အဖြစ်ဖြင့် နေရန်ု ဆုံးဖြတ်ပြီး
ဖြစ်ကောင်း ဖြစ်ပေလိမ့်မည် ။ သို့ကလို တွေးမိသည်နှင့် တစ်ပြိုင်နက် ပျော့ခွေနွမ်းလျပြီး နေရှာသည့် မမြင့်ဦး သည် ကျွန်တော့် အား ကိုယ်ထင်ရှားပြလာသည် ။ မြင့်မားသောတောင်ကြီး
ကျော်တက်နိုင်ရန် ကျွန်တော့် ညာလက်မောင်းကို ဖက်ကိုင်၍ ပခုံးတွင် ခေါင်းမှီထားသည် ။
ကျွန်တော် သည် မမြင့်ဦး အား သနားလာ၏ ။ ရင်တွင်းက ဖိုလှိုက်လာ၏ ။ ခေါင်းမှာ ငိုက်စိုက်ကျနေ၏ ။
“ မောင်လေး မမ ကို ကြည့်စမ်း ” ဟု မြူးထူးသော အသံ နှင့် မမြမှီ က ပြောလိုက်တော့မှ မော့ပြီး
ကြည့်လိုက်လေသည် ။ ကျွန်တော့် မှာ အံ့ဩသွားလေသည် ။ မမြမှီ သည် ဂျပန်မများ ၏ ကီမိုနို နှင့်
တူသည့် ညဝတ်ရုံကြီးကို ဝတ်ထားသည် ။ တဖိတ်ဖိတ်တောက်နေသော အစိမ်းရောင်ဖဲစတွင်
အနုပညာမြောက်စွာ ပန်းထိုးထားရာ ရင်သား တစ်ဖက်တစ်ချက်တွင် နွယ်တက်နေသော ပန်းခက်ကြီး နှစ်ခက် နှင့် ဝဲပျံနေသော လိပ်ပြာ နှစ်ကောင် တို့သည် ထင်ရှားလှပေ၏ ။ ဖဲစ ၏ အစိမ်းရောင်ပေါ်ဝယ် မီးတိုင်မှ ခပ်မှုန်မှုန်အနီရောင် ပက်ဖျန်းယှက်ကူးနေပုံမှာ တစ်မျိုးလှနေ၏ ။ ခုနင်က
ကျစ်လျစ်စွာ ဘီးကျော်ပတ်ထားသော ဆံထုံးကို ဖြေလျော့ကာ ကပိုကရို တစ်ပတ်ရစ်ပြီး
ဘယ်ဘက် ပခုံးပေါ်မှာ ဆံမြိတ်ချထားသည် ။
မမြမှီ သည် ငှက်များ လည်ဆံ ဖွ၍ မော့ကာကော့ကာ အလှပြသလို ကျွန်တော့် ရှေ့မှာ ကြော့ဟန်
နော့ဟန်တွေ ပြနေ၏ ။
ကျွန်တော် က မမြမှီ အား ရီဝေစွာကြည့်ပြီး -
“ မမ ကလည်း ဘယ်လို ဝတ်ထားတာမှန်းလည်း မသိဘူး ၊ ဂျပန်မကြီး နဲ့ တူနေတယ် ”
“ ဟုတ်လား ၊ ဂျပန်တွေ ခေတ်ကောင်းတုန်း ဂျပန်မ နဲ့ တူရင် ကောင်းတာပေါ့ကွယ် ဟဲ ဟဲ ၊ ကဲပါလေ
ဂျပန်မ နဲ့ တူတူ ၊ အင်္ဂလိပ်မ နဲ့ တူတူ လှကောလှရဲ့လား ”
ဤကား မသဘာဝတည်း ။ လှကြောင်း အမြဲ သတိရနေချင်သည် ။
ကျွန်တော် က နောက်တောက်တောက် ပြုံးပြီး -
“ လှပုံက တစ်မျိုးကြီးပဲ ”
မမြမှီ သည် ကျွန်တော့် ဘေးမှာ ထိုင်ချလိုက်ပြီး -
“ ဘယ်လို တစ်မျိုးကြီးလဲ ၊ ပြောစမ်းပါဦး မောင်ရယ် ”
ဆိုဖာတွင် အိဆင်းသွားသော မမြမှီ ၏ ကိုယ်ခန္ဓာ သည် ကျွန်တော့် ဘက်သို့ ယိမ်းလာနေသည် ။
“ ခါတိုင်းနဲ့ မတူဘဲ လှလို့ လှပုံက တစ်မျိုးကြီးပဲလို့ ပြောတာပေါ့ ၊ ဆံမြိတ်ချပုံတောင် ခါတိုင်းနဲ့
မတူဘူး ”
“ ဪ ဟုတ်လား ”
မမြမှီ သည် သူ့ ဆံမြိတ် ကို လက်ကလေး နှင့် ယုယပြီး ကျွန်တော့် ပါးပြင်ကို ဆံညွန့်ဖျားကလေးများနှင့် ပွတ်သပ်သည် ။ ကျွန်တော့် ကိုယ်ခန္ဓာ သည် အထူး ဝါယမမစိုက်ထုတ်ရဘဲ မမြမှီ ဘက်သို့
ယိမ်းသွားလေသည် ။ မမြမှီ ထံမှ ပျံ့လွင့်နေသော ရေမွှေးနံ့ ပေါင်ဒါနံ့ အမွှေးအကြိုင် တို့သည်
ကျွန်တော့် အား မူးယစ်စေလေသည် ။
“ မမ ရဲ့ မျက်နှာကလည်း တစ်မျိုးကြီး လှနေတယ် ”
“ အို ဆိုစမ်းပါဦး ဘယ်လို တစ်မျိုး လှရပြန်တာလဲ ”
“ မှုန်ရီရီနဲ့ ရောင်နီပြေးနေတဲ့ မီးရောင်ထဲမှာ မမ ရဲ့ မျက်နှာဟာ လင်းအရုဏ်ရောင်နီမှာ ပွင့်အာ
လာတဲ့ ပဒုမ္မာကြာ လိုပဲ ”
မမြမှီ သည် ကျွန်တော့် ကို တစ်အားဖက်လိုက်သည် ။
“ အမယ်လေး ၊ ပြောတတ်လိုက်တာနော် ။ ဒီစကားမျိုးတွေနဲ့ မမ ကို အရူး မလုပ်ပါနဲ့ကွယ် ”
“ တကယ် ပြောနေတာပါ မမ ရဲ့ ”
မမြမှီ ၏ မျက်နှာသည် ညှိုးသွားသည် ။
“ မယုံပါဘူးကွယ် ။ မောင်လေး ဟာ မမ ကို တကယ် လှတယ် ၊ တကယ် ချစ်စရာ ကောင်းတယ်ထင်ရင်
ဒီလို ဘယ်နေမှာလဲ ”
“ ကျွန်တော်က ဘယ်လိုနေလို့လဲ“
“ အေးစက်စက်နဲ့ပါကွယ် ။ မမ ဟာ မသိနားမလည်တဲ့ အပျိုဖြန်းကလေး မဟုတ်ပါဘူး ၊ လေးဆယ်
နား ကပ်နေတဲ့ မုဆိုးမ ပါ ”
“ အို လေးဆယ် နဲ့ အပုံကြီး လိုပါသေးတယ် ။ ကပ်နေပြီလို့ မပြောပါနဲ့ ”
“ မမ နားလည်ပါတယ် ကွယ် ၊ မအားလို့ မအားလို့ ဆိုပြီး မလာတာ ၊ စင်စစ်မှာတော့ မလာချင်လို့
မလာတာပါ ။ ယောကျာ်းကလေးတစ်ယောက် ဟာ မိန်းမတစ်ယောက် ကို တကယ်ချစ်ရင်
ဘယ်လောက် အလုပ်များများ ဘာတွေက တားဆီးထားထား ရောက်အောင် လာတာပဲ ။
မောင်လေး ဟာ လူပျိုလူရွယ် လူငယ်ပါကွယ် ၊ လာချင်ရင် ဘာမှ ငဲ့ကွက်နေမှာ မဟုတ်ပါဘူး ”
အတွေ့အကြုံ များပြီး ရင့်ကျက်သော မမြမှီ ပြောသော စကားတွေ မှန်ပါသည် ။ ကျွန်တော် ချေပစရာ
ဘာတစ်ခုမျှ မရှိပါ ။
“ ကဲ မမ ကို ပြောစမ်းပါ ၊ အမှန်ကို ပြောစမ်းပါကွယ် ၊ မမ ကို ဘာဖြစ်လို့ အဆက် ဖြတ်ဖြတ်
ထားတာလဲလို့“
ကျွန်တော် ကား နောက်ထပ် ဆင်ခြေ မပေးလိုတော့ပြီ ။ အမှန်တွေကိုသာ ရှင်းပြချင်သည် ။
ရင်တွင်းက ကျွန်တော့် ခံစားချက်များကို ဖွင့်ဟပြချင်ပေပြီ ။ သို့သော် ရှေ့အဖို့ ဆုံးဖြတ်ချက်
တစ်စုံတစ်ရာ အခိုင်အမာ ရှိထားမှ ပြောလို့ ကောင်းပေမည် ။ မမြမှီ နှင့် တရားဝင် အကြင်လင်မယား
အဖြစ်ဖြင့် နေရန် ကျွန်တော် က ယတိပြတ် ဆုံးဖြတ်ထားဖို့ လိုသည် ။ ထိုခဏအထိ ထို
ဆုံးဖြတ်ချက်သို့ ကျွန်တော် မရောက်ချေ ။ ကျွန်တော့် အား ဘဝ၏ မျှော်လင့်ချက်အဖြစ်ဖြင့်
ဆုပ်တွယ်၍ သေမင်း နှင့် တိုက်ပွဲဆင်နေရှာသော မမြင့်ဦး ကို သစ္စာ မဖောက်လို ။ ထိုခဏ၌
ကျွန်တော့် အသည်းနှလုံးမှာ နှစ်ခြမ်းကွဲနေပေသည် ။ တစ်ခြမ်းမှာ မမြမှီ ထံ ၊ အခြား တစ်ခြမ်းမှာကား
မမြင့်ဦး ထံ ရောက်နေ၏ ။ စိတ်ဆင်းရဲလှ၏ ။ ငိုပင် ငိုချင်ပါသည် ။
မမြမှီ သည် ကျွန်တော် ၏ ငိုမဲ့မဲ့ မျက်နှာကို အကဲခတ်မိဟန် ရှိသည် ။ ကျွန်တော့် အတွင်းစိတ်ကို
ရိပ်မိဟန်ရှိသည် ။ ကျွန်တော့် ကို များစွာ သနားသွားဟန်တူသည် ။ မမြမှီ ၏ မျက်နှာမှာလည်း
ညှိုးသည် ထက် ညှိုးလာသည် ။
“ ကဲလေ ပြောရမှာခက်လည်း မပြောပါနဲ့တော့ကွယ် ”
မမြမှီ ၏ အသံမှာ ဆို့နစ်သွား၏ ။ မျက်လုံးများမှာ မျက်ရည်ဝေ့လာသည်ကို မြင်ရ၏ ။ ထို့နောက်
မမြမှီ သည် ကျွန်တော့် အား တင်းကျပ်စွာဖက်ပြီး အကြိမ်ကြိမ် ဘယ်ပြန်ညာပြန် နမ်းလေသည် ။
ထိုအခါ ကြေကွဲစိတ်တွေ ဝမ်းနည်းစိတ်တွေ နေရောင်ခြည်အောက် နှင်းပေါက်တွေ ပျောက်သလို
ပျောက်ကုန်ကြ၏ ။ ယင်းတို့နှင့်အတူ မမြင့်ဦး အပေါ်တွင် ပန္နက်ထားသော သစ္စာတရား သည်လည်း ပျောက်ကွယ်သွားလေတော့၏ ။ ကျွန်တော် သည် မမြမှီ ၏ တရားဝင် အကြင်
လင်မယား အဖြစ်ဖြင့် ရာသက်ပန် ရိုးမြေကျနေရန် ဆုံးဖြတ်လိုက်လေသည် ။ ထို ဆုံးဖြတ်ချက်
ကိုလည်း အပြီးအပိုင် အခိုက်အမာဖြစ်စေရန် မမြမှီ အား ချက်ချင်းပြောပြဖို့ လိုလေသည် ။
“ မမ ကျွန်တော် တစ်ခု ပြောမယ်နော် ”
“ အို တစ်ခု မကပါဘူး ၊ နှစ်ခုတောင် ပြောနိုင်ပါတယ် ။ ဟဲ ဟဲ မောင်တော်ဘုရား အမိန့်သံ
နာခံလျက်ရှိပါတယ် မောင်မောင် ”
“ ကျွန်တော် က အတည်ပြောမယ်လို့ဗျ ”
ကျွန်တော် သည် ကိုယ် ကို မမြမှီ ထံမှ ခွာလိုက်ပြီး မျက်နှာထား တည်လိုက်လေသည် ။ ထိုအခါမှ
မမြမှီ က ခပ်တည်တည်ဖြင့် -
“ အင်း ဆိုစမ်းပါဦး ”
“ ကျွန်တော် ဟာ မမ ကို တကယ့် မေတ္တာစစ်နဲ့ ချစ်ပါတယ် ။ အပေါ်ယံ ချစ် ၊ တဏှာ ချစ် ၊ ငွေချစ်မျိုး
မဟုတ်ပါဘူး“
“ ငွေကြေးစကား ထည့်မပြောပါနဲ့ မောင်လေးရယ် ”
“ တကယ့်မေတ္တာစစ် နဲ့ ချစ်ပေမယ့် ဟိုတုန်းကတော့ မမ က မလွတ်လပ်ဘူး ၊ မလွတ်မလပ်ကြီးနှင့်
ကျွန်တော် နဲ့ အလွန်အကျူး ဖြစ်ခဲ့တယ် ။ ကျွန်တော်ဖြင့် ဗမာအနေ ၊ ဗုဒ္ဓဘာသာတစ်ယောက်
အနေနဲ့ စောင့်ထိန်းရမယ့် အခြေခံသီငါးပါး မှာ ကာမေသုမိစ္ဆာစာရကံ ကို ကျူးလွန်မိပြီ ဆိုပြီးတော့
အထူး နောင်တရတယ် ၊ လိပ်ပြာမသန့် ဖြစ်ခဲ့တယ် ၊ ကိုယ့်ကိုယ်ကိုယ် ရှက်ခဲ့တယ် ”
“ အတိတ်တွေ ထည့်ပြောနေဦးမှာလားကွယ် ။ ဒီကိစ္စမှာ မောင်လေး က ဒီလို ပြောရင် မမ ကလည်း
ငါ ဟာ လင်ငယ်နေခဲ့သူပါကလား ဆိုပြီး ငါ အပြစ်တွေ ကျူးလွန်ခဲ့ပြီလို့ စိတ်မကောင်းဖြစ်နေရမှာပဲ ။ အတိတ် ကို အတိတ် မှာ ထားခဲ့ကြစို့လားကွယ် ”
“ ကျွန်တော် အတိတ်ကို ပြောနေတာက မမ က ကျွန်တော့် အကြောင်း နားလည်အောင် ပြောတာပါ ။
အဲဒီလို လိပ်ပြာမသန့် ဖြစ်ဖြစ်နေလို့ မမ ကို ရှောင်ခဲ့ဖို့ ကြိုးစားခဲ့တာပါ ။ အဆက်ဖြတ်မယ်လို့
ကြိုးစားခဲ့တာပါ ။ မချစ်လို့ မဟုတ်ပါဘူး ၊ ယုံရဲ့လား ”
“ ယုံပါပြီမောင် ၊ ယုံပါပြီ ။ ရှေ့ အဖို့မှာသာ ရှောင်တောင်တောင် လုပ် လုပ်မနေပါနဲ့ ။ အဆက်
ဖြတ်ဖို့များ မလုပ်လိုက်ပါနဲ့ ဟုတ်လား ”
“ ဘယ်တော့မှ မရှောင်ရအောင် ၊ ဘယ်တော့မှ အဆက်မဖြတ်ရအောင် ခုလုပ်နိုင်ပြီ ။ မမ ဟာ
လွတ်လပ်သူဖြစ်ပြီ ၊ ဒီတော့ တရားဝင် လင်မယား အဖြစ်ဖြင့် အထင်အရှား နေနိုင်အောင် လက်ထပ်
ယူကြမယ် ။ ကျွန်တော် ပြောပါရစေလို့ ခွင့်ပန်တဲ့ စကားက ဒါပါပဲ ”
ထိုစကားကို ကျွန်တော် က စိတ်အားထက်သန်စွာ ပြောသည် ။ သို့သော် မမြမှီ က ထိုစကားကြောင့်
စိတ်အားထက်သန်မှု မပြသောအခါ အနည်းငယ် အံ့ဩသွားလေသည် ။
“ ဟုတ်လား မမ ၊ လူသိနတ်ကြား လက်ထပ်လိုက်ကြမယ်လေ ”
ကျွန်တော် က ထိုအကြံအစည် ကို ရက်ရောစွာ ပေးလိုက်သည် ။ မမြမှီ ကား လက်ခံရန် တွန့်တိုနေသည် ။
“ ဒါတွေ နောက်မှ စဉ်းစားတာပေါ့ကွယ် ။ ကဲ ညဉ့်နက်လှပြီ ၊ မမ တော့ အိပ်ချင်ပြီကွယ် ”
မမြမှီ သည် မချင့်မရဲ ဖြစ်နေခြင်းကို ရှက်သော အပြုံးဖြင့် ဖုံးလိုက်သည် ။ လက်နှစ်ဖက်ကို
ဆန့်တန်းပြီး သမ်းလိုက်သည် ။
မမြမှီ သည် ကျွန်တော့် အား ကလေးလို သဘောထားဟန် ရှိသည် ။ ကိစ္စကို လှီးလွှဲပစ်လိုက်သည် ။
ကျွန်တော် ကား ကလေး မဟုတ်တော့ပြီ ။
မမ က လှီးလွှဲပစ်တော့မည်ကြံခါမှ ကျွန်တော့် စိတ်သဘောက ပိုပြီး လိုရာသို့ တအားထိုး စီးဆင်းလိုလေသည် ။
“ နောက်မှ စဉ်းစားတာ ကျွန်တော် မလိုချင်ဘူး ။ အခု စဉ်းစားရမယ် ။ ကျွန်တော် ချစ်သလို မမ က
ချစ်ရင် အခု ကျွန်တော် ပြောသလို လုပ်ရမယ် ၊ လက်ထပ်ရမယ် ”
မမြမှီ သည် သရော်ပြုံး ပြုံးလိုက်သည် ။
“ ဘယ့်နှယ် ဘာများ ဒီလောက် လောကြီးစရာ လိုနေပါသလဲ ကိုယ်တော်လေးရယ် ”
“ လောကြီးစရာ အကြောင်းရှိလို့ လောတာပေါ့ မမ ရဲ့ ။ ကဲ ပြောပါ ၊ လက်ထပ်မှာလား ”
“ ဘာလဲ ၊ မမ က လက်မထပ်ဘူး ဆိုရင် မောင်လေး က သည့်ပြင် မိန်းကလေး တစ်ယောက်ကို
လက်ထပ်ယူတော့မယ့်ဆဲဆဲ မို့လား ”
အပဲ့ပါသော လက်သည် ဆား ကို ဆုပ်ကိုင်၍ မဖြစ် ။ အပဲ့ ပါသောအခါ ဆား ထိပြီး စပ်သည် ။
မမြမှီ ၏ စကားမှာ ကျွန်တော့် အား ထိသွားသည် ။ ကျွန်တော် စိတ်ဆိုးသွားသည် ။ မမြင့်ဦး နှင့်
ပတ်သက်၍ မမြမှီ မှာ တစ်စုံတစ်ရာ သိနေလေသလောဟုလည်း စိုးရိမ်လာလေသည် ။ ထို့ကြောင့်
ဘာပြန်ချေပရမည်လဲဟုမသိ ဖြစ်နေလေသည် ။ ကျွန်တော့် မျက်နှာတွင် စိတ်ဆိုးစိတ်ညစ် ဖြစ်နေသော အဖြစ်သည် ပေါ်လွင်နေဟန် တူသည် ။ မမြမှီ သည် ကျွန်တော့် အား ကြင်နာယုယစွာ
ကြည့်ပြီး ခပ်ချွဲချွဲ -
“ ဒီလိုမှ မဟုတ်လည်း မမ က မောင်လေး ကို မယူဘဲ သည့်ပြင် ယောကျာ်းတစ်ယောက် ကို ချက်ချင်း
လက်ထပ်ယူတော့မယ်များ ထင်နေလို့လား ”
ကျွန်တော်က စိတ်ကောက်နေသော အမူအရာ ဖြင့် -
“ ဘာ့ကြောင့်ပဲ ဖြစ်ဖြစ် လူသိနတ်ကြား လက်ထပ်ယူရမယ် ”
“ ဖြစ်ပါ့မလား မောင်လေ းရယ် ၊ ခုဆုံးဖြတ်လို့ ဖြစ်ပါ့မလား ။ လင်သေတာ မကြာသေးဘူး ၊
နောက်ထပ် တစ်ယောက် ယူလိုက်ပြီဆိုတော့ လူအများက မကဲ့ရဲ့ပေဘူးလား ”
“ ကဲ့ရဲ့ကော ဘာဖြစ်လဲ ။ ကိုယ့်နှာခေါင်းနဲ့ ကိုယ် အသက်ရှူတာပဲ ၊ သူများနှာခေါင်းနဲ့ အသက်ရှူ
တာမှ မဟုတ်ဘဲ ”
မမြမှီ က မချိပြုံး ပြုံးလိုက်သည် ။ ပြီးတော့ ထိုင်ရာမှ ထရန် ပြင်ရင်း -
“ ချက်ချင်းတော့ မဖြစ်နိုင်ပါဘူးကွယ် ၊ စကားဆိုတာ ဘယ့်လောက်ကားမှာလဲဆိုရင် ချက်ချင်း
လက်ထပ်လိုက်ရော ဆိုပါတော့ ။ လင်ကလေး နဲ့နေချင်လို့ လင်ကြီး ကို သတ်လိုက်တယ်ဆိုပြီး
ပြောချင်ပြောကြမှာ သိလား ။ သူ့ဘက် အမျိုး ၊ ကိုယ့်ဘက် အမျိုးက ပိုဆိုးလိမ့်ဦးမယ် ။ ခု
မမ အိမ်မှာလေ ဆွေမျိုးတွေ ရောက်နေတယ် ။ ကိုထွန်းဝင်း ဘက် ကရော ၊ မမ ဘက် ကရော ။
အချင်းချင်း အတင်းတွေ လျှောက်ပြော ၊ သူများ အတွင်းတွေ လျှောက်ပြော ၊ စကားများ ရန်ဖြစ် ။
မမ ဖြင့် နားငြီးလွန်းလို့ သူတို့ မပြန်မချင်း မမ တော့ အိမ်ပြန်မကပ်ချင်ဘူး ။ အဲဒီ ဆွေမျိုးတွေက စပြီး
စကားတွေ အမျိုးမျိုး ပြောကြမှာ ၊ ကဲ့ရဲ့ကြမှာ သိရဲ့လား ”
မမြမှီ သည် မတ်တတ်ထ၍ ကျွန်တော့် ရှေ့ရှေ့တည့်က ကပ်ပြီး ရပ်လိုက်သည် ။ ၎င်းနောက်
ကျွန်တော့် ပခုံးများကို ကိုင်လျက် -
“ မောင်လေး က ဒါတွေ ဘာမှ မသိဘူး ၊ ဒါ့ကြောင့် ခု မစဉ်းစားကြနဲ့ဦးစို့နော် ၊ ဟုတ်လား ။ ကဲထပါ
အိပ်ကြမယ် ”
ကျွန်တော် ကား ခေါင်းငိုက်စိုက်ချပြီး စိတ်ကောက် သလို မူနေလေသည် ။ သို့သော် စိတ်ကောက်နိုင်
စရာကား အကြောင်း မရှိတော့ချေ ။
“ ကျွန်တော် က နေ့ချင်းညချင်း လက်ထပ်ရမယ်လို့ ပြောနေတာမှ မဟုတ်ဘဲ ။ ခုပြောနေတာက
နှစ်လ တန်သည် သုံးလ တန်သည် ကြာတော့ အထင်အရှား လင်မယား အဖြစ်ဖြင့် နေရအောင်
လက်ထပ်ဖို့သာ ပြောနေတာပဲ ”
မမြမှီ သည် ကျွန်တော် ၏ ငိုက်ထားသော ခေါင်းကို လက်နှစ်ဖက်ဖြင့် ပွေ့ချီပြီး မော့ပေးလိုက်သည် ။
“ ဪ မောင်လေး ၊ လောကမှာ မောင်လေး မသိတာတွေ အများကြီး ရှိသေးတယ် ၊ တရားဝင်
လင်မယား အဖြစ်နဲ့ အထင်အရှား နေဖို့ ဆိုတာဟာ သိပ်လွယ်တာ မဟုတ်ဘူး ။ အဖက်ဖက်က
စဉ်းစားပြီးမှ ဆုံးဖြတ်ရတဲ့ အရာပါကွယ် ။ ဒါကြောင့် မမ ကို ခုဆုံးဖြတ်ပါလို့ အတင်း ဇွတ်
မခိုင်းသင့်ပါဘူးကွယ် ”
“ ဟာဗျာ ဆုံးဖြတ်ရမှာပ ”
“ နောက်တော့ ဆုံးဖြတ်တာပေါ့ကွယ် ။ ခု အရေးကြီးတာက မောင်လေး က မမ ကို ချစ်ချင်တိုင်း
မချစ်နိုင်ဘူးလား ၊ ချစ်နိုင်တယ် ။ မမ က မောင်လေး ကို ချစ်ချင်တိုင်း မချစ်နိုင်ဘူးလား ၊ ချစ်နိုင်တယ် ။ ဘာမှ အတားအဆီး မရှိဘူး ။ လင်မယား လိုကော မနေနိုင်ဘူးလား ၊ တရားဝင်ဝင် မဝင်ဝင်
နေနိုင်တာပဲ မဟုတ်လား ။ ဘယ်သူမှ မတားဆီးနိုင်ဘူး ။ ဒါပဲ အရေးကြီးတာ မဟုတ်လား ၊
ဒီပြင်ဟာ ဘာပူစရာ ရှိသလဲ ”
ကျွန်တော် သည် မမြမှီ အား ယခုထိ ကျွန်တော် ဘာ့ကြောင့် လက်ထပ်ယူလိုသည့် အကြောင်းရင်းကို
မပြောခဲ့ ။ သို့အကြောင်းသည် မှန်လွန်း အားကြီးသဖြင့် မမြမှီ နားမခံနိုင်မှာ စိုးရိမ်သည် ။
ကျွန်တော် ကိုယ်တိုင်ကလည်း စူးရှလွန်းသော မီးရောင်ကို မျက်နှာလွှဲထားသလို မှန်လွန်းသော
အကြောင်းကို မေ့ထားလိုသည် ။ တကယ်ဆိုသော် ပြန်လည်ဆက်စပ် မရအောင် ပြတ်သွားမည်
ကိုလည်း စိုးရိမ်လေသည် ။ ယခုမူ မပြောမပြီးတော့ချေ ။
“ တရားဝင် လင်မယား အဖြစ်နဲ့ လူသိနတ်ကြား မနေရရင် ဒီအတိုင်းတော့ မနေချင်ဘူး ၊ ဒီအတိုင်း
နေရင် ကျွန်တော်ဟာ လင်အမြှောင်ကလေးသာ ဖြစ်နေမှာပဲ ၊ အဲဒါကို ကျွန်တော် ရှက်တယ် ”
ကျွန်တော့် အသံမှာ နာကျည်းသံ ဖြစ်သည် ။ ငိုသံ တစ်ပိုင်းလည်း ဖြစ်သည် ။ မမြမှီ သည် ကျွန်တော့်
ရှေ့ ကြမ်းပြင်ပေါ်မှာ ဒူးထောက်၍ ထိုင်ချလိုက်ပြီး ကျွန်တော့် ရင်ခွင်ထဲတွင် ခေါင်းဝင်ကာ
ငိုသံဖြင့် -
“ ဒီစကား မပြောပါနဲ့ကွယ် ၊ မိုးကြိုးပစ်လိုက်သလို ပါပဲကွယ် ၊ လင်မြှောင်လို့ မခေါ်ပါနဲ့ကွယ် ”
မမြမှီ သည် ဖိုလှိုက်ဖိုလှိုက်နှင့် ရှိုက်လာသည် ။ မျက်ရည်ဖြိုင်ဖြိုင် ကျလာသည် ။
“ ဒီလိုပြောလည်း မပြောပါနဲ့ကွယ် ။ သဘောလည်း မထားပါနဲ့ကွယ် ။ အခက်အခဲ တွေရှိသေးလို့
လက်မထပ်နိုင်သေးလို့ ပြောနေတာပါကွယ် ”
မမြမှီ သည် ကျွန်တော့် ခါးကို ဖက်ပြီး ရင်ခွင်ကို ခေါင်းနှင့် ဝှေ့ကာဝှေ့ကာ ငိုလေသည် ။
ကျွန်တော့် စိတ်မှာ ရီဝေနေလေပြီ ။ သနားသလိုလို ဖြစ်လာသည် ။ ပြောမိတာ မှားသလိုလို ထင်လာသည် ။ ကျွန်တော် ကပဲ ယုယပိုက်ထွေးရပြန်သည် ။ ကျွန်တော် ကပဲ ချော့မော့ရပြန်သည် ။
ကျွန်တော် ၏ ကိုယ်ခန္ဓာကား ရုန်းကန်ထွက်၍ မရအောင် ပိုက်ထဲမှာ မိနေပြန်လေပြီ ။ အနီရောင်
ယှက်သန်းနေသည့် မှုန်ရီရီအလင်းတွင် အစိမ်းရောင်ဖဲဝတ်ရုံ လွှမ်းခြုံထားသော မမြမှီ မှတစ်ပါး
မည်သည့် အရာကိုမျှ ကောင်းစွာ မမြင်ရတော့ချေ ။ စိတ်အာရုံကလည်း မမြမှီ အပေါ်တွင်သာ စုပုံပြီး
ကွန့်မြူးနေလိုသည် ။ သို့သော် မှောင်နေသော ဥမင်လိုဏ်ခေါင်းကြီးထဲမှာ လင်းကွက် သေးသေးကလေး ပေါ်လာသလို အသိဉာဏ်တစ်ခုသည် ဗြုန်းခနဲ ထင်လင်းလာလေသည် ။ လင်မြှောင်
ဘဝမှ တကယ် လွတ်မြောက်လိုလျှင် မမြမှီ အနီးသို့ လုံးဝမကပ်ဘဲ အဝေးကနေရန်ဖြစ်လေသည် ။ ။
◾သိန်းဖေမြင့်
📖 အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment