Thursday, October 28, 2021

သမီးကလေး


 

❝ သမီးကလေး ❞

( ၁ )

ကျွန်မ ငိုချင်နေမိသည် ။ ရင်ထဲတွင် တင်းကျပ် ပိတ်လှောင်ထားရသော ဝေဒနာတစ်ခုနှင့် ငိုချင်သည် ။

ငိုတယ် ဆိုတာ မျက်ရည် ကျမှလား … ။

မျက်ရည် မကျဘဲ ငိုချင်နေမှုက အခံရ ခက်လှသည် ။ ထိုင်နေရင်းလည်း ငိုချင်သည် ။ လမ်းလျှောက်ရင်းလည်း ငိုချင်သည် ။ အို - ဘာပဲလုပ် လုပ် ကျွန်မ ငိုချင်သည် ။

သို့ သော် မျက်ရည် မကျ … ။ မကျ  ။ မကျပါ ။

လည်ချောင်းဝတွင် ခံစားချက်တို့ဖြင့်တစ်ဆို့ နာကျင်နေသည် ။ နှလုံးသားကတော့ ပေါက်ပြကွဲအက်နေမှာ သေချာသည် ။ ဆောက်တည်ရာမဲ့စွာ စာရွက်များပေါ်တွင် မရေရာသော ပုံတွေ ရေးခြစ်နေမိသည် ။ ထိုပုံများသည် ကျွန်မအတွက် နိမိတ်ပုံများ ဖြစ်မလာခြင်းကိုတော့ ကြေကွဲရသည် ။

ရင်တွင်းမှ ခံစားချက်တို့ကို လျှို့ဝှက်သိမ်းဆည်းခဲ့ရသော မိန်းကလေးတစ်ယောက်အတွက် မျှော်လင့်ချက်ဆိုတာ ဘာလဲ ။ ဘယ်မှာလဲ ။

တစ်ဦးတည်းသော သမီး ...  ။ ဘဝ၏ အထီးကျန်ဆန်မှု ...  ။ နှလုံးသား၏ ခံစားချက်များ ... ။

စာရွက်များကို အပိုင်းပိုင်း ဆုတ်လုံးချေကာ နံရံဆီသို့ ပစ်ပေါက်လိုက်သည် ။

“ သမီး ထမင်းစားတော့မလား ”

အခန်းထဲ ဝင်လာသော မေမေ့ ကို နာကျင်စွာ လှမ်းကြည့်ပြီး နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည် ။ မေမေ သည် ကျွန်မ ကို ဂရုမစိုက်သလိုနှင့် ။

“ မစားရသေးဘူး မဟုတ်လား ၊ လာလေ ၊ မေမေ နဲ့ အတူ စားရအောင် ”

ကျွန်မ ခေါင်းကို ခါရမ်းပစ်လိုက်သည် ။ မေမေ့ ကို စကားတစ်လုံးမှ မပြောဘူးဟုလည်း ဆုံးဖြတ်ထားသည် ။

“ သမီး ပျင်းနေတယ် မဟုတ်လား ၊ မေမိုးသူ တို့ အိမ် မေမေ နဲ့ သွားလည်ကြမယ်လေ ”

ကျွန်မ မျက်လုံးအကြည့် ကို နံရံပေါ်မှ နှင်းဆီပွင့်ချပ်ကြီးဆီသို့ ပို့ ပစ်လိုက်ပါသည် ။

သမီး ဘယ်ကိုမှ မသွားချင်ပါ မေမေ ။  ၊ နှင်းဆီပွင့်ကြီးကို ကြည့်ပြီး သူ့ကိုသာ လွမ်းနေပါရစေတော့ ။

အပေါ်ဝတ်အင်္ကျီလျော့ရဲရဲပေါ်တွင် ဖရိုဖရဲကျနေသည့် ဆံပင်များဖြင့် လူမမာပုံ ပေါက်နေသော ကျွန်မ ကို မေမေ မျက်စောင်းမထိုးပါ ။ ခါတိုင်းလိုလည်း -

“ လှလှပပလေး နေစမ်းပါ သမီးရယ် ။ ဣတ္ထိ နဉ္စ ဓနံ ရူပံ- မိန်းမတို့ ရဲ့ ဥစ္စာကား အဆင်းတဲ့ ။ မိန်းကလေးဆိုတာ ... ”

အစရှိသည့် စကားရှည်ကြီးကိုလည်း မပြောပါ ။ ခုတင်စွန်းကို လက်နှစ်ဘက်ထောက်ပြီး ခြေတွဲလောင်းချထိုင်နေသော ကျွန်မ ဘေးတွင် မေမေ လာထိုင်သည် ။

“ သမီး… မနက်ဖြန် ဝင်းလိုက်ရုံမှာ ရုပ်ရှင်သွားကြည့်မယ် ၊ ဟင်နရီစနားဒါး ရဲ့ ကားလေ သိပ်ကောင်းတာပဲတဲ့ ”

မေမေ က ချော့တော့ ကျွန်မ ပို ငိုချင်လာသည် ။ မေမေရယ် ၊ သမီး အချော့ မခံချင်ဘူး ၊ အရိုက်ပဲ ခံချင်တယ် ။ ရိုက်ပစ်လိုက်၍ အသားတွေ နာကျင်သွားလျှင် နှလုံးသားကပါ မျက်ရည်တွေ သွန်ကျလာနိုင်သည် ။

“ မေမိုးသူ ဝယ်လာတဲ့ ဘူးပါတိတ်ဆင်လေး သိပ်လှတာပဲ သမီးရဲ့ ၊ မေမေ မှာခဲ့မလို့ ပဲ ။ ဒါပေမဲ့ မနက်ဖြန်ကျမှ သမီး စိတ်ကြိုက် အတူ သွားဝယ်မယ် ဆိုပြီး … ”

ဘာလို့ များ သိသိသာသာကြီး လိုက်လျောနေရတာလဲ မေမေ ။ သမီးမှာ ဒါတွေ မလိုအပ်ဘူးဆိုတာ မေမေ သိသားနဲ့ ။

ကျွန်မ ထံမှ စကားတစ်လုံးမျှ ထွက်ပေါ်မလာသေးခြင်းကို မေမေ ကျေနပ်ဟန် မတူပါ ။ အကြင်နာသက်ပြင်းနှင့်အတူ ကျွန်မ စာကြည့်စားပွဲ ပေါ်မှ စာရွက်အပိုင်းအစများကို ဖြန့်ကျက်ကြည့်ရှုနေပြန်သည် ။ ကျွန်မ ၏ မရေရာသော ဂျီသြမေတြီပုံအစအနလေးများကို အဓိပ္ပာယ် ဖော်နေသည် ။ စတုရန်းပုံလေးများ ကွင်းဆက်တန်းကာ ဆွဲထားသောပုံကို မေမေ စိုက်ကြည့်နေပါသည် ။ ထိုပုံကို ကျွန်မက အရိပ်မဲ့ပုံတူဟု အမည်ပေးထားသည် ။

”မနက်ဖြန် ရုပ်ရှင်က အပြန် ဈေးဝင်မယ် ။ သမီး ကို အဲဒီ ပါတိတ်မျိုးလေး ဝယ်ပေးမယ် ။ ယူမယ် မဟုတ်လား သမီး ”

ကျွန်မ ကို ဂါဝန်လေးတွေ ဝယ်ပေးစဉ်ကလို အမေးမျိုးနှင့် မေးလာသည် ။ကျွန်မ မျက်ဝန်းကို သေသေချာချာ စိုက်ကြည့်ပြီး မေးနေသော မေမေ့ မျက်လုံးများ၏ စူးစမ်းရိပ်တွေကို ကျွန်မ ရင်မဆိုင်ရဲပါ ။ မျက်လွှာကို ချလျက် ဒုတိယအကြိမ် ခေါင်းကို ခါရမ်းလိုက်မိပြန်သည် ။ မေမေ သည် ကျွန်မ လက်အစုံကို တင်းကျပ်စွာ ဆုတ်ကိုင်လာပါသည် ။

“ သမီးကို မေမေ ချစ်တယ်ကွယ် ”

ကျွန်မ လည်း မေမေ့ ကို ချစ်သည် ။ သို့ သော် ကျွန်မ မခံစားနိုင်သော လှောင်ပိတ်မှု တစ်ခုကို မေမေ လုပ်နေသည် ။ တစ်ဦးတည်းသောသမီးမို့ ကျွန်မ ၏ ဆန္ဒများ အားလုံးလိုလို လိုက်လျောခဲ့သော မေမေ သည် ကျွန်မ အတွက် လွတ်လပ်ခွင့်များကိုတော့ မပေးခဲ့ပါ ။ မေမေ နှင့် အတူ ရှင်သန် ကြီးပြင်းလာခဲ့ရသော ကျွန်မ ၏ လုပ်ဆောင်ချက်တိုင်း မေမေ ၏ ဆုံးဖြတ်ချက်များသာ ဖြစ်ခဲ့ရပါသည် ။

ကျွန်မ နှလုံးသားရေးရာမှာ ဝင်ရောက်ဆုံးဖြတ်ပေးနေတာတော့ မေမေ မတရားဘူး ။

( ၂ )

ကျွန်မ ၏ မျက်ဝန်းရိပ်တွင် သူသည် အမြဲခိုတွယ်နေသည် ။

သူ နှင့် ကျွန်မ ကြားမှာ အဖြူရောင် စံပယ်ကုံးလေး အမြဲရှိသည် ။ တစ်ခါတစ်ရံ မှာတော့ သူ က နှင်းဆီ ကို ချစ်တဲ့အကြောင်း ပြောသည် ။ ထိုအခါတွင် ကျွန်မက နှင်းဆီပွင့်လေး တစ်ပွင့် ဖြစ်သွားတတ်သည် ။ မိန်းကလေး တစ်ယောက်သည် သူမ ကို သူမ နှင်းဆီနှင့် တူသည်ဟု ထင်ရသည့်အခါလောက် အပျော်ဆုံးအချိန်ရှိမည် မထင်ပါ ။ ထို နှင်းဆီ ကို နမ်းရှိုက်လာမည့် အချိန်ကို စောင့်စားရခြင်းသည်လည်း ရင်ခုန်စရာကောင်းလှ၏ ။

ကျွန်မ နှင်းဆီပွင့် ဖြစ်သွားတတ်သည့်အခါတိုင်း မေမေ သည် ဥယျာဉ်မှူးတစ်ယောက် ဖြစ်သည်ဆိုခြင်းကို မေ့ထား၍ မရပါ ။ ဥယျာဉ်မှူးတစ်ယောက် က သူ့ပန်းခင်းထဲမှ ပန်းတစ်ပွင့်ကို လွယ်လင့်တကူ ပေးခူးမည် မဟုတ်ကြောင်းနှင့် ခပ်ဆင်ဆင် တူသည့် စကားများကို မေမေ ခဏ ခဏ ပြောသည် ။ သို့ သော် ပန်းပင်၏ ညွတ်ကိုင်းနေမှုကိုတော့ ဥယျာဉ်မှူး မေမေ က မမြင်ချင်ဟန် ဆောင်နေခဲ့သည် ။

တဂိုး ၏ “ ချစ်သူ့လက်ဆောင် ” ကဗျာစာအုပ်ကလေးကြားတွင် ညှပ်ထားသော နှင်းဆီပန်းခြောက်လေး ကို မေမေက ချေမွ ဖျက်ဆီးပစ်ခဲ့သည် ။ လူတစ်ယောက် မှာ အခြားသူ တစ်ယောက် နဲ့ ပတ်သက်ပြီး ကြွင်းကျန်ရစ်ခဲ့တဲ့ အရာဆိုရင် ပန်းခြောက်ကလေးလည်း မြတ်နိုးတတ်ကြပါတယ် မေမေ ရယ် ။

ရင်ခုန်နေ့လေး တစ်နေ့က မြတ်နိုးစွာ လက်ခံရယူခဲ့ရသော နီညိုရောင် နှင်းဆီဖူးငုံကလေးသည် ကျွန်မအတွက် အမှတ်တရ ပစ္စည်းတစ်ခု ဖြစ်ပါသည် ။ ထိုပန်းခြောက်လေးကို ခိုးနမ်းနေစဉ် တစ်ချိန်ချိန်မှာ မေမေ တွေ့ သွားခဲ့ဖူးလေသလား ၊ ကျွန်မ ၏ အိပ်ခန်းနံရံများတွင် မျက်လုံးပေါင်းများစွာ ရှိနေသလို အသက်ရှူ ကျပ်ခဲ့ရသည့် နေ့နေ့ညည ရက်ပေါင်းများစွာ ... ။

ပြတင်းတံခါး ဘောင်ပေါ်မှာ လှုပ်ရှားနေသော အုန်းလက် ၏ အရိပ်များကို ငေးကြည့်ရင်း ကျွန်မ ၏ အရိပ်များကို ရှာဖွေနေမိပါသည် ။ ကျွန်မ ၏ အရိပ်ပေါင်းများစွာသည် မေမေ့ လက်ထဲမှာ ရှိနေကြောင်း သိရသောအခါ ကြေကွဲဖွယ်ကောင်းသွားပါသည် ။

ယခုအချိန်တွင် ကျွန်မ မျှော်လင့်တောင့်တမိသော အရာမှာ အတောင်ပံ တပ်၍ မိုးကောင်းကင်ကြီး ဆီသို့ ပျံသန်းသွားနိုင်ခွင့်ပင် ဖြစ်သည် ။ သို့ သော် ကျွန်မသည် ငှက်တစ်ကောင် မဟုတ်ဘဲ လူတစ်ယောက် ဖြစ်နေခြင်းအတွက် လွတ်လပ်စွာ ပျံသန်းခွင့် မရှိပါ ။

“ သမီးရေ - ခင်ဝင်းရီ လာတယ် ”

မေမေ့ လှမ်းအော်လိုက်သံကြောင့် ကျွန်မအတွေးများ လန့်ဖျပ်ပျောက်ကွယ်သွားသည် ။ ရင်မှာ လှိုက်ခနဲ ခုန်သည် ။ ခင်ဝင်းရီ သည် ကျွန်မ ၏ အခင်မင်ဆုံး သူငယ်ချင်း ဖြစ်သည် ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ရင်ဖွင့်ဖောက်ခွဲပစ်ဖို့ လူတစ်ယောက် အနားမှာ ရှိလာခြင်းသည် ရယ်မောရခြင်းထက်ပင် တန်ဖိုးရှိပါသည် ။

“ သမီး လာလေ ၊ ခင်ဝင်းရီ ဧည့်ခန်းထဲက စောင့်နေတယ် ”

ခါတိုင်းလိုပဲ ခင်ဝင်းရီ ကို သမီးအခန်းထဲ လွှတ်ပေးပါလား မေမေ ရယ် ။ ဒါမှမဟုတ် မေမေ့ ရှေ့မှာ မဟုတ်တဲ့ တစ်နေရာမှာ သမီးတို့ တွေ့ဆုံပါရစေ ။

အိပ်ရာမှ လူးလဲထပြီး မေမေ့ နောက်သို့ လိုက်လာခဲ့သည် ။

“ အမွန် ”

ခင်ဝင်းရီ ၏ အံ့အားသင့်ရေရွတ်သံ နှင့်မျက်လုံးအကြည့်တွင် ကျွန်မ သည် သနားစရာကောင်းသည့်ဒဏ်ရာရ သမင်ငယ်တစ်ကောင် ဖြစ်သွားပါသည် ။

“ နင် ဖတ်ဖို့ မဂ္ဂဇင်းတွေ လာပို့တာ ၊ ရော့ … ”

မေမေ မြင်သာအောင် စာအုပ်တွေကို ခပ်ကြမ်းကြမ်း ခါရမ်းပေးလိုက်ခြင်းကြောင့် ကျွန်မ အတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ မပါကြောင်း သိလိုက်ရသည် ။

“ အမွန် မနေ့တုန်းက ငါတို့ အိမ်မှာ ထုံချိုင်းအခွေ ကြည့်ကြတယ် ”

ခင်ဝင်းရီ ပြောသော စကားဝှက်ကို မေမေ မသိနိုင်ဟု ကျွန်မ မထင်ပါ ။ မေမေနှ င့် ကျွန်မ သည် လူတစ်ယောက် ၏ ရှေ့မှာပင် အမည်ဝှက်ကို ခပ်တည်တည် သုံး၍ ရယ်ပွဲဖွဲ့ခဲ့ဖူးပါသည် ။ ပါးနပ်သော မေမေ့ ရှေ့မှာ ခင်ဝင်းရီ ဘာကိုမျှ ပြော၍ မဖြစ်ပါ ။

ခင်ဝင်းရီ စကားကို စိတ်မဝင်စားလေဟန်နှင့် မဂ္ဂဇင်းစာရွက်များကို လှန်ကြည့်တော့ “ သီတာခုနစ်တန် ” ဇာတ်ဝင်ခန်းပုံများကို တွေ့ရသည် ။

“ ကဲ … သမီးတို့ စကားပြောကြဦး ၊ အန်တီ လက်ဖက် သွားသုပ်လိုက်ဦးမယ် ”

အံ့သြထိတ်လန့်စွာ မေမေ့ ကို ကျွန်မ မော့ကြည့်မိသည် ။ ဤသို့ အခွင့်အရေးမျိုး မေမေ ပေးလိမ့်မည်ဟု ကျွန်မ လုံးဝ မျှော်လင့်မထားပါ ။

“ တစ်နေ့ တုန်းက ထုံချိုင်း ငါ့ဆီ လာတယ် ”

မေမေ သွားလျှင် သွားချင်း ခင်ဝင်းရီ က လေသံလေးနှင့် စကားစသည် ။ မလုံမလဲနှင့် မေမေ ဝင်သွားရာ တံခါးပေါက်ကို ကျွန်မ လှမ်းကြည့်မိသည် ။ မေမေ သည် ခန်းဆီးနောက်ကွယ်မှ ချောင်းကြည့်တတ်သော မိန်းမမျိုး မဟုတ်မှန်း သိလျက်နှင့် လိပ်ပြာမလုံ ဖြစ်နေသည် ။

ခြေဖျား လက်ဖျားများ အေးစက်တုန်ရင်လျက် နှုတ်ဖျားမှာ စကားစတွေ ဆွံ့အနေသည် ။

“ ထုံချိုင်း က နင် နဲ့ အရမ်း တွေ့ချင်တယ်တဲ့ ။ နင်နဲ့ တွေ့ပြီးရင် သူ ဆုံးဖြတ်ချက် တစ်ခုခု ချမယ်လို့ လည်း ပြောတယ် ”

သူ ၏ မာကြောသော စိတ်ဓာတ်ကို ကျွန်မ သိသည် ။ ကျွန်မ နှင့် မတွေ့လည်း သူတစ်ခုခု ဆုံးဖြတ်မှာ အမှန်ပင်ဖြစ်သည် ။

“ ဘယ်လို တွေ့မှာလဲဟာ ၊ ငါ့ကို မေမေ က အိမ်ထဲကကို ပေးမထွက်ဘူး ”

“နင် စဉ်းစားပြီး တစ်ခုခု ပြောဟာ ၊ အန်တီထွက်လာရင် ဘာမှ ဖြစ်လာမှာ မဟုတ်တော့ဘူး ”

သွေးကျဲနေသော ကျွန်မ ၏ သတ္တိများကို ခင်ဝင်းရီ က အားမလို အားမရ ဖြစ်ဟန်ရှိသည် ။

“ည ၈ နာရီ နဲ့ ၉ နာရီ ကြား အိမ်ရှေ့ကို လာခဲ့လို့ သူ့ကို ငါ ... ”

စကားကို အမြန်ပြောလျက်နှင့် မေမေ ပြန်လာချိန်က အုပ်မိသွားသည် ။ မေမေ နှင့် ခင်ဝင်းရီ တို့ စကားကောင်းနေစဉ်မှာ ကျွန်မစိတ်သည် ည ၈ နာရီ နှင့် ၉ နာရီ ကြားသို့ ပြေးလွှားနေမိပါသည် ။

( ၃ )

“ သမီး ဒီည တီဗွီက သမီးကြိုက်တဲ့ The Last Snow of Spring ကားလေ ကြည့်မယ်မဟုတ်လား”

ဒီတစ်ခါတော့ မေမေ့ ကို စိတ်လိုလက်ရ ခေါင်းညိတ်ပြလိုက်သည် ။ စောင့်စားရခြင်း အလုပ်သည် စက္ကန့်ပေါင်းများစွာကို ရေတွက်ရသည်နှင့် တူပါသည် ။ တိုင်ကပ်နာရီမှ ည ၈ နာရီ ထိုးသံသည် အကျယ်လောင်ဆုံး ထွက်ပေါ်လာသည် ။ ကျွန်မ အခန်းပြတင်းကို ဖွင့်၍ မာကျူရီမီးရောင် အောက်မှ လမ်းမဆီသို့ ကြည့်နေမိသည် ။ ကြည်လင်အေးမြသော မေမေ့ ဘုရားရှိခိုးသံ ကို ကြားရပြီ ။

သူ ဒီအချိန် ရောက်လာလျှင် ကောင်းမည် ။ မေမေ ဘုရားရှိခိုးလျှင် နာရီဝက်တော့ အနည်းဆုံး ကြာတတ်သည် ။ ကျွန်မ ရင်တွေ တထိတ်ထိတ်နှင့် လမ်းမပေါ်က ကောင်လေးတွေ ကို မလွတ်တမ်း ကြည့်နေမိသည် ။ သို့ သော် မည်သည့် ကောင်လေး တစ်ယောက်ယောက်ကမှ ကျွန်မ ၏ အခန်း ပြတင်းဝ ကို မော့မကြည့်ကြပါ ။

ကြေးစည်ထု အမျှဝေသံ ကြားလိုက်ရသည် ။ ကျွန်မ ရင်မှာ ဝမ်းနည်းသွားသည် ။ နာရီကို ကမန်းကတန်း ကြည့်လိုက်တော့ ည ၉ နာရီ မတ်တင်း ရှိနေပြီ ။

“သမီး - မေမေ ခေါင်းနောက်လို့ အခန်းထဲ ခဏ ဝင်လှဲဦးမယ် ၊ သမီး တီဗွီ ကြည့်ချင် ကြည့်နော် ”

မေမေ့ ကို ပြုံးပြလိုက်စဉ် ကျွန်မ ရင်မှာ ပေါ့ပါးသွားသည် ။ အခန်းပြတင်းဝမှာ ရပ်မနေတော့ဘဲ ခြံဝင်းထဲသို့ ဆင်းခဲ့သည် ။ ခြံတံခါး သော့မှာ ချိတ်ရုံသာ ချိတ်ထားသည် ။ ကျွန်မ သည် ဘာမှ စဉ်းစား မနေတော့ဘဲ တံခါးကို ဖွင့်၍ အပြင်သို့ ထွက်လိုက်ပါသည် ။

မာကျူရီမီးရောင် အောက်မှ လှုပ်ရှားမှုများကြားမှာတော့ သူ မရှိပါ ။ သူ ဘာလို့ မလာတာလဲ ။ ခင်ဝင်းရီ ကတော့ ပြောဖြစ်အောင်ပြောမည့်သူ ဖြစ်သည် ။ သူ တစ်ခုခုများ ဖြစ်နေလို့ လား ။ ကျွန်မ စိတ်တွေ ပူလာသည် ။ ဘာပဲဖြစ်ဖြစ် သူ့အိမ်သို့ လိုက်သွားဖို့ ကျွန်မ ဆုံးဖြတ်လိုက်သည် ။ ခြေလှမ်းတို့ကို သွက်သွက်လှမ်းရင်း သူ နှင့် တွေ့လျှင် သူ့ ရင်ခွင်မှာ ပြေးဝင် ငိုပစ်လိုက်ဖို့ အားတင်းထားသည် ။

“ သမီး ”

ကျွန်မ နောက်မှ မေမေ ပြေးလိုက်လာသည် ။ ခြေအစုံ ညွတ်ခွေ မသွားစေရန် ထိန်းရင်း မေမေ့ ကို လှည့်ကြည့်လိုက်သည် ။ မေမေ့ မျက်ဝန်းမှာ မျက်ရည်များဖြင့် လက်လက်ခါနေသည် ။ ကျွန်မ ငိုချင်လာပြန်သည် ။

“ ဘယ်သွားမလို့လဲ သမီး ”

ကြောင်အမ်းအမ်း နှင့် မေမေ့ ကိုသာ ကြည့်နေမိသည် ။ မေ မေ ၏ မျက်နှာပြင်ဝယ် ကြေကွဲဝမ်းနည်းရိပ်တွေ စွန်းထင်နေသည် ။

“ သမီးကောင်လေး ဒီမြို့မှာ မရှိတော့ဘူး ”

“ ဟင် … ”

“ မနေ့ညနေက မေမေ သူနဲ့ သွားတွေ့လိုက်တယ် ။ သူက ပြောသွားတယ် ။ မေမေ့ ကို ဂုဏ်ဓန မက်မောတဲ့ မိန်းမကြီး တဲ့ ။ အဲလို လူတန်းစားတွေကို သူ ရွံတယ်တဲ့ ”

“ အို - မေမေရယ် ”

ကျွန်မ ခြေတွေ ခွေယိုင်လဲသွားစဉ် မေမေက ထွေးပွေ့လိုက်ပါသည် ။ ကျွန်မ ကို တင်းကျပ်စွာ ဖက်ထားသော မေမေ့ လက်တွေ တုန်ရင်နေသည် ။

“ သမီး မေမေ လေ သမီး ကို ယောက်ျားတစ်ယောက် ရဲ့လက်ထဲကို အလွယ်တကူ ပေးမထည့်ရက်ဖူးကွယ် ”

ကျွန်မ တွင် တစ်ချိန်လုံး သိုဝှက်ပိတ်လှောင်နေသော မျက်ရည်များ ဒလဟော ကျဆင်းလာပါသည် ။ ထို မျက်ရည်များသည် ပါးချင်းအပ်ထားသော မေမေ့ မျက်ရည်များနှင့် ရောထွေးကာ ရင်ဘတ်တစ်လျှောက်ဝယ် စီးဆင်းကျလာသည် ။

“ အချိန်တန်ရင် မေမေ့ ရင်ခွင်ထဲက သမီးလေး ခွဲထွက်သွားမှာကို ခံစားနားလည်ပေးနိုင်ပါတယ်ကွယ် ။ ဒါပေမဲ့ မေမေမှတ်ကျောက် တင်ပေးနေတဲ့ သမီးလေးဟာ တန်ဖိုးမဲ့ ပန်းတစ်ပွင့် မဖြစ်စေချင်ဘူး ။ ကောင်လေး နဲ့ သမီး ကို  ၊ မေမေ သဘော မတူဘူး ”

ကျွန်မ အသည်းတွေ တဆတ်ဆတ်တုန်ခါလျက် ၊ နှလုံးသွေးတွေ ပြိုဆင်းလျက် ၊ မေမေ့ ကို ဖက်တွယ်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါသည် ။ မေမေလည်း ငိုနေသည် ။

မေမေ ဘာလို့ ငိုတာလဲ ။ ကျွန်မ ကရော ခုမှ ဘာလို့ မျက်ရည်တွေ တအားသွန်ကျနေရတာလဲ ။ သူနဲ့ ဝေးရလို့ လား ၊ ဟင့်အင်း … မဟုတ်သေးဘူး ၊ သူနဲ့ ဝေးနေတဲ့ တစ်ချိန်လုံး မျက်ရည်မှ မကျတာ ။ ခုမှ  ။ ခုမှ … ။

“ မေမေ ”

မေမေ့ ကိုယ်ခန္ဓာကို ပိုတိုး၍ ဖက်လိုက်သည် ။ ကျွန်မ ပါးပြင်မှ မျက်ရည်စများကို မေမေ က တွန်းဖယ်ပြီး ကျွန်မ ကို နမ်းပါသည် ။

“ ဪ … သမီး အိမ်ထဲဝင်ရအောင်နော် ။ မေမေတို့ လမ်းမကြီးမှာကွယ် ”

မေမေ့ ပခုံးကို မှီနွဲ့ရင်း ကျွန်မတို့ အိမ်ထဲသို့ ဝင်ခဲ့ကြပါသည် ။

( ၄ )

“ သမီးလေးက နှင်းဆီတစ်ပွင့် မဟုတ်ဘူးကွဲ့ ”

ကျွန်မ မှာ ရှိုက်နေဆဲ ဖြစ်သော်လည်း မေမေ့ မျက်နှာက ပကတိ တည်ကြည်နေသည် ။

“ နှင်းဆီတစ်ပွင့် ဖြစ်ဖို့ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ် ။ နှင်းဆီ မှာ ဆန်းကြယ်တဲ့ အရောင်အသွေး ရှိတယ် ။ ဖူးကြွတဲ့အလှ ရှိတယ် ။ ပြီးတော့ ဆူးတွေ ရှိတယ်ကွဲ့ ၊ သမီး ကို ဆူးလေးတွေ မေမေ တပ်ပေးပါရစေဦး ”

မေမေ့ စကားကြောင့် ကျွန်မ ကြက်သီးတွေ ဖြန်းခနဲထသွားသည် ။

ဆူးတွေတဲ့ … ။

“ နှင်းဆီပန်း ကို လူတွေ တန်ဖိုးထား မြတ်နိုးကြတာဟာ သူ့ ရဲ့ အလှ တစ်ခုတည်းကြောင့် မဟုတ်ဘူး ၊ ဆူးတွေကြောင့်ပဲ ။ ရိုးတံမှာ တွယ်ကုပ်ထားတဲ့ ဆူးတက်တွေဟာ သူ့ကို ခူးဆွတ်မယ့် လက်ချောင်းတွေကို ဆူးတတ်စေတာကြောင့် နှင်းဆီ ကို ဂရုတစိုက် တရိုတသေ ခူးရတယ် ”

ညင်သာသိမ်မွေ့သော မေမေ့ စကားများကို မကြားရမည် စိုးသဖြင့် ကျွန်မ ရှိုက်သံများကို လျှော့ချလိုက်မိသည် ။

“ထိကရုန်းပင်လေးတွေကို သမီး သိတယ်နော် ။ လက် နဲ့ ထိလိုက်ရင် ညှိုးကျသွားတာလေ ။ အဲဒီ အပင်လေးတွေကို တွေ့ရင် လူတွေဟာ လက် နဲ့ တို့ထိ ဆော့ကစားချင်ကြတယ် ။ အရွက်ကလေးတွေ ညှိုးကျသွားတာကို ကြည့်ရင်း ပျော်တတ်ကြတယ် ။ တချို့လူတွေက လက်နဲ့ တောင် မဟုတ်ကြဘူး ၊ ခြေထောက် နဲ့ ထိတို့ ပစ်ကြတယ် ။ လက်နဲ့ တို့ တို့  ၊ ခြေနဲ့ တို့ တို့သူတို့ ညှိုးရတာပဲကွယ် ”

မေမေ့ ဆိုလိုရင်း အဓိပ္ပာယ်တို့သည် ကျွန်မ ၏ သွေးကြောတွေထဲမှာ စီးဝင် ပျံ့နှံ့လာပါသည် ။ ကျွန်မ ၏ နုနယ်သော နှလုံးသား ၊ မရင့်ကျက်သေးသော အတွေးအခေါ်များ ၊ မပြည့်စုံသေးသော ကွက်လပ်များ ၊ စသည် စသည်တို့ ...  ။

“ သမီးက ထိကရုန်းပင်လေး နဲ့ သိပ်တူတယ် ။ ဘယ်သူ့ အထိအတို့ မှ မခံနိုင်သေးဘူးလေ ။သမီး မှာ ပညာတွေ ဆက်သင်ယူဖို့ ၊ လူတွေအကြောင်း နားလည်ဖို့ ၊ ပြီးတော့ အချစ်ထက် ဘဝကို လှမ်းမျှော်ကြည့်တတ်ဖို့ ဒါတွေ မေမေ ပေးလိုက်ပါရစေဦး ဟုတ်လား သမီး "

ကျွန်မ ခေါင်းကို ညင်သာဖြည်းလေးစွာ ညိတ်ပြလိုက်သည် ။

“ သမီး ကို မေမေ တစ်ခု ပြောပြမယ် ၊ နားထောင်နော် ”

မြတ်စွာဘုရားရှင် လက်ထက်တော်တုန်းကပေါ့ကွယ် …

“ ပဿနဒီ ကောသလမင်းကြီး ဟာ သူ့ရဲ့မိဖုရားမလ္လိကာဒေဝီ ကို - မလ္လိကာ ၊ သင့်မှာ မိမိကိုယ်ထက် ပို၍ ချစ်သောသူ တစ်စုံတစ်ယောက် ရှိသလားလို့ မေးတယ် ။ မလ္လိကာဒေဝီက - အရှင်မင်းကြီး ၊ အကျွန်ုပ်မှာ မိမိထက် ပို၍ ချစ်သောသူ တစ်စုံတစ်ယောက်မျှ မရှိပါလို့ ဖြေပြီးတော့ ၊ အရှင်မင်းကြီးမှာရော မိမိကိုယ်ထက်ပို၍ ချစ်သောသူ တစ်စုံတစ်ယောက် ရှိသလားလို့ ပြန်မေးတယ် ။

ကောသလမင်းကြီး က ငါ့မှာလည်း မိမိကိုယ်ထက် ပို၍ချစ်သောသူ တစ်စုံတစ်ယောက်မျှ မရှိပါလို့ ပြန်ဖြေသတဲ့ ။ ကောသလမင်းကြီး ဟာ မိမိတို့ စကား မှန်ကန်တယ်လို့ မမှတ်ယူသေးဘဲ မြတ်စွာဘုရား ထံကို သွားပြီး လျှောက်ထားကြတယ် ”

ကျွန်မသည် မေမေ့စကားတွင်နစ်မျောရင်း ရှိုက်ဖို့ ရာပင် မေ့လျော့သွားပါသည် ။

“ အဲဒီအခါမှာ မြတ်စွာဘုရား က အရပ်ဆယ်မျက်နှာ နှံ့အောင် စိတ်ဖြင့် ရှာဖွေစုံစမ်းသော်လည်း မိမိကိုယ်ထက် ပို၍ ချစ်သောသူကို မည်သည့် အရပ်တွင်မှ မရနိုင် ။ သတ္တဝါ ဟူသမျှသည် အသီးသီး ကိုယ်စီကိုယ်ငှ အခြားသူများထက် မိမိကိုယ်ကို ချစ်ကြသူတွေချည်းသာ ဖြစ်သည် ။ ဒါကြောင့် မိမိ၏ စီးပွားချမ်းသာကို အလိုရှိသောသူသည် သူတစ်ပါးကိုလည်း မညှဉ်းဆဲရာ လို့ မိန့်တော်မူသတဲ့ ”

ကျွန်မ ရင်ထဲတွင် အပူလှိုင်းများ ညင်သာလာသည် ။ မေမေ့ ကို လေးစားမြတ်နိုးစွာ မော့ကြည့်နေမိသည် ။

“ ဒီတော့ သမီးရယ် ၊ မိမိကိုယ်ကို ချစ်ရမယ်လေ ၊ သမီးကိုယ် သမီး အရည်အချင်းတွေ ၊ စိတ်ဓာတ်ရေးရာတွေ ဖြည့်ဆည်းပါဦး ၊ ဒါတွေ သမီး မှာ မရှိသေးဘူး ။ ပြီးတော့ ကောင်လေး မှာလည်း မရှိသေးဘူး ”

မေမေ က ပြောရင်းဆိုရင်းဖြင့် ကျွန်မဘေးမှာ ဝင်ထိုင်သည် ။

“တကယ်တော့ သမီး ဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ပါတယ် ။ ကဲ … အခု သမီးကောင်လေးဆီ ရောက်နေရင် ဘယ်လိုရှိမလဲ ၊ စဉ်းစားကြည့်စမ်း ”

“ ဟင့်အင်း ၊ ဟင့်အင်း ”

ရှက်အားပိုစွာဖြင့် မေမေ့ ရင်ခွင်ထဲကို ခေါင်းတိုးဝင်လိုက်သည် ။

“ ကောင်လေး ကို သမီး ချစ်တာမဟုတ်ဘူး ၊ မေမေ က အိမ်ထဲက ပေးမထွက်လို့ သမီးစိတ်ကျဉ်းကျပ်ပြီး မေမေ့ ကို မကျေမနပ်ဖြစ်နေတာ ။ အဲဒါ သမီးကိုယ် သမီး ချစ်လို့ ပေါ့ ”

( ၅ )

သည်မနက် အိပ်ရာက နိုးတော့ ကျွန်မ စိတ်တွေ ကြည်လင်လန်းဆန်းနေသည် ။ နေရောင်ခြည်နုနုလေးက အခန်းပြတင်းဝကို ဝင်းပနေစေသည် ။ အိပ်ရာက လူးလဲထလိုက်တော့ ပြတင်းဝ နေရောင်က ကျွန်မကိုယ်ပေါ် ဖြာဆင်းလာသည် ။ နံရံပေါ်မှာ ကျွန်မ အရိပ်ထင်လာသည် ။ ကျွန်မ ၏ အရိပ်ကို ကျွန်မ တွေ့မြင်လိုက်ရသည် ။ မီးဖိုချောင် တံခါးဝသို့ သွား၍ မေမေ့ ကို ချောင်းကြည့်လိုက်ပါသည် ။

“ ဟင် .. မေမေ ဒီမှာ မရှိပါလား ”

မေမေ သည် အခန်းထဲမှာပင် အိပ်လျက်ရှိနေသည် ။ မေမေ့ ခုတင် ပေါ်သို့ တင်ပါးလွဲဝင်ထိုင်ပြီး မေမေ့ ကို နှိုးသည် ။

“ မေမေ မထသေးဘူးလား ၊ နေမကောင်းလို့လား ”

မေမေ့ နဖူးပေါ် လက်တင်စမ်းကြည့်တော့ သိပ်ပူနွေးမနေပါ ။

“ နေကောင်းပါတယ် ၊ အစာ မရှိလို့ နုံးနေတာပါ ”

ချောင်ကျသွားသော မေမေ့ မျက်နှာကိုကြည့်ရင်း ကျွန်မ စိတ်မကောင်း ဖြစ်သွားရသည် ။ ကျွန်မ စိတ်ကောက်နေစဉ် တစ်ချိန်လုံး မေမေ အစာဝင်ဟန် မတူပါ ။

“ မေမေ ဘာစားမလဲ ၊ သမီး ဘာလုပ်ပေးရမလဲ ”

“ မုန့်ဟင်းခါး စားချင်တယ် ”

ကျွန်မ ရင်မှာ လှိုက်ဟာသွားပါသည် ။ ကျွန်မ မုန့်ဟင်းခါး သိပ်ကြိုက်မှန်း သိ၍ တမင် ရွေးပြောခြင်း ဖြစ်သည် ။ မေမေ့ကိုယ်ပေါ်သို့ ကျွန်မ မှီနွဲ့လိုက်ပါသည် ။

“သမီး သွားဝယ်လိုက်မယ်လေ ၊ ဪ ... မေမေ ၊ သမီး သွားရမှာလားဟင် ”

“ သွားလေ သမီး ၊ မေမေ နဲ့ သမီး နှစ်ယောက် အတူ စားမယ် ။ နှစ်ပွဲတော့ မရဘူး ထင်တယ် ။ တို့ သားအမိ စိတ်ကောက်နေကြတာနဲ့ ဗိုက်ထဲမှာ အစာပြည့်ဖို့ အများကြီးလိုနေတယ် ။ လေးပွဲ ဝယ်ခဲ့ ၊ လေးပွဲ ”

မေမေ က လက်လေးချောင်း ထောင်ပြသည် ။ ကျွန်မတို့ သားအမိ ပြိုင်တူရယ်မောလိုက်ပါသည် ။ မျက်နှာသစ်ပြီး စက်ဘီးစီးကာ လမ်းထိပ်သို့ ထွက်ခဲ့၏ ။ မုန့်ဟင်းခါး လေးပွဲ ဝယ်ပြီး ပြန်အလာ ၊ လမ်းမှာ ခင်ဝင်းရီ နှင့် တွေ့သည် ။

“ အမွန် နင် အပြင်ထွက်ရပြီပေါ့ ဟုတ်လား ”

“ အင်း ”

“ အတော်ပဲ ၊ ထုံချိုင်း ပေးသွားတဲ့ စာ ငါ့ဆီမှာ ရှိတယ် ၊ နင် အိမ်လိုက်ယူလေ ”

ကျွန်မ ရင်မှာ ဆွေးမြည့်သွားသည် ။ သူ၏ ပုံရိပ်များ တဝဲဝဲ ပေါ်လာသည် ။ သူ ဘာတွေရေးထား မလဲ ။ ကျွန်မ ကို တွေ့ချင်တယ်လို့ ရေးမှာလား  ၊ ဒါမှမဟုတ် ... ။

“ မေမေ့ ကို ဂုဏ်ဓန မက်မောတဲ့ မိန်းမကြီးတဲ့ ၊ အဲလို လူတန်းစားတွေကို သူ ရွံတယ်တဲ့ ” မေမေ့ မျက်ရည်စများနှင့် မေမေ့ စကားသံတို့ က ကျွန်မ နှလုံးသားထဲသို့ စူးနစ်ဝင်ရောက်လာသည် ။ အခုအချိန်မှာ အချစ်ကို ကျွန်မ ဘယ်လိုမှ နားမလည်နိုင်တော့ပါ ။ သူ နှင့် တွေ့ဆုံလျှင် ကျွန်မ ဘာဆက်လုပ်ရမလဲ ကျွန်မ မသိပါ ။ ရင်မှာ တင်းကျပ်လေးလံလာသဖြင့် ခေါင်းကို ခါရမ်းပစ်လိုက်သည် ။

“ ဟင့်အင်း … ဟင့်အင်း ၊ ငါ မဖတ်ချင်တော့ဘူး ၊ ခင်ဝင်းရီ ... သူ့ကို တွေ့ရင် ပြောလိုက်ဟာ ၊ ငါ မေမေ့ စကားပဲ နားထောင်တော့မယ်လို့ ”

ပြောပြောဆိုဆိုဖြင့် စက်ဘီး ကို စီးပြီး ထွက်ခဲ့သည် ။ ခင်ဝင်းရီ က ကျွန်မ ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်ပြီး ကျန်ရစ်သည် ။

◾ ခင်ခင်ထူး

📖 မန္တလေးယဉ်ကျေးမှုဂျာနယ်
      ၁၉၉၅ ခုနှစ် ၊ သြဂုတ်လ

koaungnaingoo.blogspot.com

.

No comments:

Post a Comment