Monday, October 18, 2021

ခွန်သာမြတ် နှင့် စောသုနန္ဒာ


 ❝  ခွန်သာမြတ် နှင့် စောသုနန္ဒာ ❞


ညနေခင်းတွင် ညို့မှိုင်းသော တောင်များကြားရှိ စိမ်းလန်းသော မြေပြန့်အလယ် ၊ ကြယ်လင်ပြာလက်သည့် အင်းလေးကန်ကြီးထိပ်တွင် တည်နေသော ညောင်ရွှေမြို့ ကလေး သည် သာယာလှပနေ၏ ။ အနောက်ဘက် တောင်ရိုးများတွင် မျက်နှာဖုံးကွယ်သွားသော နေမင်း သည် မီးပြတိုင်မှ

မီးကို အပေါ်မော့ထိုးနေသလို နေရောင်ခြည်များကို အပေါ်မော့ထိုးထားလေသည် ။ ထို

နေရောင်ခြည်များ သည် ညောင်ရွှေမြို့ ပေါ် ကျော်လွှားသွားပြီး အရှေ့တောင်ရိုးများပေါ်တွင်

ကျဆင်းနေလေသည် ။ နေ့ခင်းက နေပူပြင်းသော်လည်း ညနေခင်းမှာ အေးစိမ့်စိမ့် ဖြစ်လာလေသည် ။


မမြမှီ ၊ သိန်းသိန်း နှင့် ကျွန်တော် တို့သည် ရေမိုးချိုးပြီး ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားကြလေသည် ။ မမြမှီ နှင့် သိန်းသိန်း တို့သည် ဖက်ဖူးရောင် ပိုးတွန့်လုံချည်ကို ဆင်တူ ဝတ်ထားကြသည် ။ အောက်နားတွင် ရေးဆွဲထားသော ပန်းခက်ပန်းနွယ်များမှာလည်း ဆင်တူ ၊ ဆံပင်

ဖွဲ့ထုံးပုံမှာလည်း ဆင်တူ ၊ စိန်ဆံထိုးထိုး ပန်းပန်ပုံမှာလည်း ဆင်တူ ၊ နှုတ်ခမ်းဆေးမှာလည်း

တစ်ရောင်တည်း ၊ သိန်းသိန်း မှာ ပွတတ ဝခြင်း နှင့် ကိုယ်ခန္ဓာ ကောက်ကြောင်းမောက်ကြောင်း

သိပ် မထင်ရှားခြင်းမှ တစ်ပါး ပြောစရာ မရှိသော မိန်းမလှ တစ်ယောက်ပါပေ ။ မမြမှီ မှာတော့

ကျစ်လစ်စိုပြည်ပြီး ကောက်ကြောင်းမောက်ကြောင်းများ အချိုးကျစွာ ပေါ်လွင်နေသဖြင့် ပိုမို

လှပပေသည် ။


ကျွန်တော် သည် မမြမှီ ပေးသော ကြည်ပြာရောင် ဘန်ကောက်လုံချည် နှင့် ညိုဖျော့ဖျော့

သက္ကလတ်ပါး တိုက်ပုံအင်္ကျီတို့ကို ဝတ်ထားလေသည် ။ မမြမှီ သည် ကျွန်တော့် အား အရိပ်

တကြည့်ကြည့် လုပ်သည်မှ တပါး ဘာမှ မပြော ။ အမှန်အားဖြင့် မမြမှီ သည် ညောင်ရွှေဘူတာ မှ

ထွက်လာကတည်းက ကျွန်တော့် အား ဆက်ဆံပုံမှာ မောင်ကလေး တစ်ယောက် ထက် မပို ။

တစ်ချက်တစ်ကွက် မျှ မရိုးမှု မပေါ်ထွက်ရန် ကြိုးစား၍ နေထိုင်ကြောင်း သိသာလေသည် ။


အတန်ကြာသော် ဦးနန္ဒ နှင့် သူ့ ကျောင်းအမကြီး ရောက်လာလေသည် ။ သူတို့ သမီးကလေး

ဆိုတာလည်း ပါလာ၏ ။ ကျောင်းအမကြီး မှာ ဦးနန္ဒ ထက် အရွယ်ကျသည် ။ အရေများတွန့်၍

ဆံများ ဖြူနေလေပြီ ။ သို့သော် ငယ်ငယ် က မိန်းမချောကြီး ဖြစ်ကြောင်း သိသာပေသည် ။ သူတို့

သမီးကား ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ် အရွယ်မျှ ရှိပြီဟု ခန့်မှန်းရသည် ။ တုတ်တုတ်ခဲခဲ ဖြူဖြူ

ဖွေးဖွေးကလေး ဖြစ်၏ ။ မျက်လုံး ခပ်မှေးမှေး ၊ နှာခေါင်း ခပ်ပြားပြား နှင့် တစ်မျိုး လှသူဖြစ်ရာ

တစ်ဘာသာ ရှမ်းလှလှတဲ့ ရုပ်ပဲဟု စိတ်ထဲမှာ မှတ်ချက်ချလိုက်လေသည် ။


မမြမှီ က -


“ ကျောင်းဒကာ ကို စောင့်နေတာ တော်တော် ကြာပြီ ၊ ခုတော့ လမ်းလျှောက် ထွက်ကြမယ်လို့ ” 


ဦးနန္ဒ -


“ လမ်းလျှောက်ထွက်ရင် ထွက်တာပေါ့ ဘုရားမမြ ရေ့ ၊ အိမ်မှာ တောင်ကြီးက ဧည့်သည်တွေ

ရောက်နေတာနဲ့ နောက်ကျသွားတာ ၊ ဒါထက် တောင်ကြီး ကို တက်ကြဦးမယ် မဟုတ်လား ” 


သိန်းသိန်း သည် မမြမှီ အား အကဲခတ်၍ ကြည့်နေလေသည် ။ မမြမှီ သည် မဝေခွဲနိုင်သော

မျက်နှာဖြင့် -


“ ကြည့်သေးတာပေါ့ ပွဲစားကြီးရယ် ၊ အင်းလေး က ပြန်မှ ပြောပါ့မယ် ” 


သိန်းသိန်း မှာ ထိုအဖြေ ကြောင့် စိတ်ပျက်သွားဟန် ရှိသည် ။ ဦးနန္ဒ က ဆက်၍ -


“ တောင်ကြီး သွားချင်ရင်တော့ တည်းခိုဖို့ အိမ် အဆင်သင့်ပဲ ၊ တောင်ကြီး က မိတ်ဆွေတွေ ကို

ပြောတောင် ထားပြီးပြီ ” 


ထို့နောက် မမြမှီ သည် ကျောင်းအမကြီး နှင့် လည်းကောင်း ၊ သမီး နှင့် လည်းကောင်း အာလာပ

သလ္လာပ ပြောနေလေသည် ။ ဦးနန္ဒ က ကြားချောင်နေသော ကျွန်တော့် အား -


“ နေ့ခင်းက ဘုရားပင့်ပွဲ ရောက်သေးတယ် မဟုတ်လား ” 


“ ရောက်ပါတယ်ခင်ဗျား ”  


ဦးနန္ဒ နှင့် ကျွန်တော် သည် ဘုရားပင့်ပွဲ အကြောင်းကို ပြောနေကြရာမှ ရန်ကုန်တက္ကသိုလ်

ကျောင်းသား ခွန်သာမြတ် အကြောင်းသို့ ရောက်သွားကြလေသည် ။ ခွန်သာမြတ် နာမည်ကို

ကျွန်တော် က ဖော်ပြလိုက်သည်နှင့် ဦးနန္ဒ ၏ မျက်နှာသည် မာကျောသွားသည်ကို သတိပြုလိုက် မိပေသည် ။


“ ဒီသူငယ် က ရန်ကုန် သွားပြီး ပညာ ကို ဟုတ်တိပတ်တိ သင်တာ မဟုတ်ပါဘူးကွယ် ။ ဝ မရှိဘဲ

ဝိ လုပ်ချင်တဲ့ သူငယ်ပါ ”  ဟူသော စကားဖြင့် ခွန်သာမြတ် အကြောင်းကို ပိတ်လိုက်ပြီး သမီး

ဘက်သို့ လှည့်ကြည့်လိုက်သည် ။ သမီး သည် ကျွန်တော်တို့ ဘက်သို့ အာရုံရောက်‌ေန ကြောင်း

တွေ့ရ၏ ။ ကျွန်တော်တို့ ဘက်သို့ အာရုံရောက်နေသော သမီး အား မမြမှီ က -


“ တူမကြီး ရဲ့ နာမည်က ဘာတဲ့ ၊ မေ့နေတယ် ၊ အင်္ဂလိပ် နာမည် ဆိုတော့ မေ့တာပေါ့ကွယ် ” 


“ အိုက်ဗီ ပါတဲ့ အန်တီ ” 


ဦးနန္ဒ က ကြားဝင်လျက် -


“ ရှမ်း နာမည်လည်း ရှိပါတယ်ဗျာ ၊ စောသုနန္ဒာ တဲ့ ” 


မမြမှီ က ပြုံးရွှင်စွာ -


“ အဲဒီ နာမည်ကလေးက လှလိုက်တာကွယ် ၊ အန်တီ တော့ ရှမ်း နာမည်ကို ပဲ ခေါ်မယ်နော် ” 


စောသုနန္ဒာ သည် ချိုမြစွာ ပြုံးပြီး ခြေကလေးများကို ကြွတုံ မတုံ ပြုလိုက်လေသည် ။ ရွှေခြေချင်းကြီး ဝတ်ထားသည်ကို ဝင်းခနဲ မြင်လိုက်ရ၏ ။


လမ်းလျှောက်ရန် ထွက်ကြသောအခါ သိန်းသိန်း က မချို အား လက်ဟန်ခြေဟန် ဖြင့် ခေါ်သည် ။

မချို က အင်္ကျီများ မီးပူတိုက်ရန် နှင့် အခြား လုပ်စရာ ရှိသည်များကို လုပ်ရန် အိမ်မှာပင် နေရစ်ကြလေသည် ။


မမြမှီ နှင့် စောသုနန္ဒာ တို့က ရှေ့က လျှောက်ကြသည် ။ ကျွန်တော် နှင့် သိန်းသိန်း တို့က နောက် မှ

လိုက်ကြသည် ။ ကျွန်တော် သည် စောသုနန္ဒာ အား နောက် မှ ကြည့်ရင်း ခွန်သာမြတ် နှင့် သူတို့ ၏

ဆက်ဆံပုံ မည်သို့ ရှိမည်ကို ခန့်မှန်းကြည့်နေလေသည် ။ ခွန်သာမြတ် နှင့် စောသုနန္ဒာ တို့

လူငယ်ချင်း ချစ်နေကြပြီး ဦးနန္ဒ က ကန့်ကွက်ဖျက်ဆီးနေသဖြင့် ခွန်သာမြတ် သည် စောသုနန္ဒာ

တို့ အိမ်သို့ ဝင်ရန် ရှောင်နေခြင်းပေလော ။ ခွန်သာမြတ် က စော်ဘွားဆန့်ကျင်ရေးသမား ၊ ဦးနန္ဒ က

စော်ဘွားဘက်သား ဖြစ်၍ မသင့်မမြတ် ဖြစ်နေကြသလော ။ သို့ကလို စဉ်းစားရင်း ဦးနန္ဒ ၏

နှမတော် ဆိုသူ ကျွန်တော် တို့အား ဧည့်ခံပြုစုသည့် စောသုမြတ် မျက်နှာ နှင့် ခွန်သာမြတ် ၏ မျက်နှာ

ခပ်ဆင်ဆင် တူပုံကို သတိရလေသည် ။ သူတို့ အချင်းချင်း ဆွေမျိုးရင်းချာ များပင်လော ။


“ ကိုတင်ထွန်း ”  ဟု သိန်းသိန်း က ခေါ်လိုက်တော့မှ အတွေးရပ်သွားတော့၏ ။


“ ဘာလဲ မသိန်းသိန်း ” 


“ တောင်ကြီး သွားဖြစ်အောင် မြမြ ကို ပြောပေးပါနော် ” 


ကျွန်တော့် မှာ အနည်းငယ် ရယ်မိလေသည် ။


“ သိန်းသိန်း က တောင်ကြီး သိပ် သွားချင်နေသလား ” 


“ သွားချင်တာပေါ့ ” 


“ ဒါဖြင့် မမ ကို သိန်းသိန်း ကိုယ်တိုင် ပြောပါလားဗျ ” 


“ မြမြ က သိန်းသိန်း ပြောလို့ ရချင်မှ ရမှာနော် ၊ ပြောပေးပါလား နော် ” 


ကလေးဆန်သော သိန်းသိန်း ။ မမြမှီ အား ချစ်လည်း ချစ်၏ ။ ကြောက်လည်း ကြောက်၏ ။ မမြမှီ ၏ ဩဇာ ကို ညီမငယ် သည်ပင် ဤမျှ ခံမည် မဟုတ် ။


ဇရပ်ကလေးနှင့် တူသော အဆောက်အအုံ တစ်ခုရှေ့သို့ ရောက်သောအခါ ရှေ့မှ ရောက်နေကြသော

မမြမှီ တို့က ကျွန်တော် တို့အား လှည့်ကြည့်ပြီး -


“ မောင်လေး ဟောဒါ က စော်ဘွားကြီး တရားစီရင်တဲ့ ရုံး တဲ့ကွဲ့ ”  


ကျွန်တော်သ ည် တရားရုံး ဆိုသော အဆောက်အအုံကို ကြည့်ပြီး အံ့ဩနေမိလေသည် ။

ဥပုသ်ဇရပ် နှင့် တူလှသည် ။ ဥပုသ်ဇရပ် မှ ငယ်၍ ဟောင်းသော ဇရပ်မျိုးထဲက ဖြစ်သည် ။

စောသုနန္ဒာ က ကျွန်တော်တို့ပါ ကြားလောက်အောင် မမြမှီ  အား ရှင်းပြနေလေသည် ။ သည်ရုံးတွင်

တရားရေး အမတ်ချုပ် နေ့စဉ် ရုံးထိုင်သည် ။ တစ်ခါတစ်ရံ စော်ဘွားကြီးကိုယ်တိုင် ထိုင်ပြီး တရားစီရင်တော်မူသည် ။ တစ်ခါတစ်ခါ သားတော်ကြီး ထိုင်ပြီး တရားစီရင်တော်မူသည် ။ ညောင်ရွှေ

ပဒေသရာဇ်နယ် ၏ ပုဒ်မ ၁ဝ ခုရှိသော တရားရေးရာကို ထိန်းသိမ်းသော တရားလွှတ်တော်ပေတည်း ။


အုတ်ပြာသာဒ်ကြီး တစ်ခုရှေ့မှ ဖြတ်လျှောက်ကြလေသည် ။ ကွယ်လွန်သူ စော်ဘွားကြီး

ဆာစောမောင် နှင့် ကွယ်လွန်သူ မဟာဒေဝီကြီး ၏ ဂူဖြစ်လေသည် ။


တူးမြောင်းဆိပ်သို့ ရောက်သောအခါ မြောင်းရိုးပေါ်မှာ အနောက်ဘက် မျက်နှာမူ၍ ရပ်နေကြလေသည် ။ ထို တူးမြောင်းသည် ညောင်ရွှေမြို့ နှင့် အင်း ကို ဆက်ထား၏ ။ လှေများ နှင့် ပဲ့ချိတ်တပ်

စက်လှေများ သွားလာလျက်ရှိလေသည် ။ အင်းထဲ သို့ ကျွန်တော်တို့ အလည်ဆင်းသောအခါ

ဤတူးမြောင်း မှပင် သွားကြရလိမ့်မည် ။


နေမင်းသည် လုံးဝပျောက်ကွယ်သွားလေပြီ ။ ပတ်ပတ်လည် မိုးကုတ်စက်ဝိုင်းတစ်ခုလုံး မှုန်ရီ

လာ၏ ။ တောင်ခိုးလိုလို ၊ ဆီးနှင်းလိုလို ။


မမြမှီ -


“ အေးလာပြီနော် ” 


“ အိုက်ဗီတို့ အဖို့တော့ နေကောင်းရုံ အေးမြမြကလေးပဲ အန်တီရဲ့ ” 


“ မခံနိုင်အောင်တော့ မဟုတ်ပါဘူးကွယ် ”  ဟု ပြောပြီး မမြမှီ သည် ဆွယ်တာကို ပခုံးနှစ်ဖက်ပေါ်မှာ

လွှားတင်ရုံ တင်ထားလိုက်သည် ။ သိန်းသန်း လည်း မမြမှီ လို လိုက်လုပ်၏ ။


မမြမှီ -


“ လမ်းဓာတ်မီးတွေ ဘာတွေ မရှိဘူးနော် ” 


စောသုနန္ဒာ -


“ မရှိဘူး အန်တီရဲ့ ၊ တော်ဘုရားရဲ့ ဟော်ထဲမှာတော့ ရှိတယ် ” 


ကျွန်တော်တို့သည် အိမ်ဘက်သို့ ပြန်လျှောက်ခဲ့ကြလေသည် ။


အိမ်ပေါ်တွင် လက်ဆွဲဓာတ်မီးကြီး ထွန်းထားသဖြင့် ဝင်းထိန်လျက်ရှိသည် ။


စောသုမြတ် နှင့် ဦးနန္ဒ တို့သည် ထမင်းပွဲ ပြင်လျက် စောင့်နေကြ၏ ။ ကျောင်းအမကြီး ကား

မြို့လယ်အိမ်သို့ ပြန်သွားလေပြီ ။ ထမင်းစား၍ မြိန်လှသည် ။ တစ်ဘာသာ ထူးခြားသော အရသာ

ပါပေတည်း ။


ထမင်းစားပြီး ၇ နာရီ ခွဲ သောအခါ ဦးနန္ဒ က ဘုရားပွဲသို့ ခေါ်လေသည် ။ အလောင်းကစား

ဗဟုသုတကို မလိုချင်ပါဟု ပြောပြီး ဖြစ်သောကြောင့် ဦးနန္ဒ သည် ကျွန်တော့် အား အတင်း

မခေါ်တော့ပါ ။ သိန်းသိန်း ကို ကား အထူး မခေါ်ရပြီ ။ သိန်းသိန်းကား ၃၆ ကောင် ကံစမ်းရန် ၊

အနီထောင် အန်စာ စသည်များကို ကစားရန် သဘောတူပြီး ဖြစ်၍ မချို နှင့် အတူ လိုက်ရန်

အဆင်သင့် ဖြစ်နေ၏ ။ ဦးနန္ဒ သည် မမြမှီ အား အကြိမ်ကြိမ် ခေါ်၏ ။ မမြမှီ က နောက်ဆုံးတွင် -


“ သည်းခံပါ ကျောင်းဒကာရယ် ၊ ရန်ကုန် မှာ လူစည်ကားလွန်း အားကြီးလို့ ငြီးငွေ့ပြီး ရှမ်းပြည် မှာ

 အေးအေး အနားယူချင်လို့ အလည် လာတာပါ ။ ကျောင်းဒကာကြီး ခေါ်တာ မငြင်းချင်ဘဲ ငြင်းရတာပါရှင် ” 


ဦးနန္ဒ -


“ ကောင်းပါပြီဗျာ ၊ မခေါ်တော့ပါဘူး ။ သို့ပေမယ့် ရန်ကုန် က သူဌေး ကတော့ သူဌေး ကတော် ကို

အနှံ့ လိုက် မပြလိုက်ဘူးလို့ အထင် မရှိပါစေနဲ့ ဟဲ ဟဲ ” 


မမြမှီ က လိုက်လျောစွာ ရယ်မောပြီး -


“ ကျွန်မ သူနားလည်အောင် ရှင်းပြပါ့မယ် ရှင် ” 


ကျွန်တော် သည် စကားပြောရာဆိုရာများ၌ မမြမှီ ၏ ယောက်ျား သူဌေးဦးထွန်းဝင်း ၏ နာမည်နှင့်

ဦးထွန်းဝင်း အကြောင်း ပါလာတိုင်း စိတ်မသက် မသာ ဖြစ်မိလေသည် ။ သူ့ ကို ကျွန်တော်

မေ့ထားလိုက်ချင်သည် ။


ဦးနန္ဒ ၊ စောသုနန္ဒာ ၊ သိန်းသိန်း နှင့် မချို တို့ ထွက်သွားကြလေသည် ။


မမြမှီ က ထိုင်နေရာမှပင် -


“ သိပ်ညဉ့်နက် မနက်စေနဲ့နော် သိန်းသိန်း ” 


“ ညဉ့်မနက်စေရပါဘူး မြမြ ရယ် ၊ ပွဲလည်း မကြည့်ပါဘူး ”  ဟု သိန်းသိန်း က လှေကားပေါ်မှ လှမ်း

ပြောလိုက်လေသည် ။


အိမ်ပေါ်မှာ စောသုမြတ် အား ညောင်ရွှေဈေး အကြောင်း ၊ ရောင်းချနေသော ကုန်ပစ္စည်းများ

အကြောင်း ၊ အင်း မှ ထွက်သော ကုန်ပစ္စည်းများ အကြောင်း ၊ ချိပ် အမြောက်အမြားထွက်သော

မိုင်းသောက် မြို့ အကြောင်း စသည်များကို မေးမြန်းနေလေသည် ။ မမြမှီ ၏ ကုန်သည်ဉာဏ် နှင့်

ကုန်သည် စိတ်ဝင်စားမှုသည် အမြဲတမ်း ထက် မြက်လျက်ရှိပေသည် ။


၎င်းနောက် မမြမှီ သည် ထပြီး အခန်းထဲ ဝင်သွားလေသည် ။ ကျွန်တော် က စောသုမြတ် အား

နေ့ခင်းက ဘုရားလှည့်ပွဲအကြောင်း မှနေပြီး သူငယ်ချင်း ခွန်သာမြတ် နှင့် တွေ့ပုံ စပ်ဟပ်၍ ပြောပြ

လိုက်လေသည် ။ ခွန်သာမြတ် ၏ နာမည်ကို ကြားလိုက်လျှင်ပင် စောသုမြတ် ၏ မျက်နှာသည်

 ပျော့ပျောင်းသွားလေသည် ။ ကျွန်တော်သည် မျက်နှာရိပ်မျက်နှာခြည်ကို ကြည့်ပြီး ခွန်သာမြတ် နှင့်

ပတ်သက်၍ ချီးကျူးစရာရှိသမျှ ဖော်ထုတ်လိုက်လေသည် ။ မိန်းမကြီးကား ပြုံးရွှင်အားရစွာ

နားထောင်နေ၏ ။


“ ဒေါ်ဒေါ် ခွန်သာမြတ် နဲ့ သိသလား ” 


“ သိရုံ ဘာကမလဲ လူလေးရယ် ” 


သည်မျှပြောပြီး သူမ၏ မျက်နှာမှာ ညိုးလာသည် ။ နောက်ထပ် စကားလာဦးမည်လားဟု

ကျွန်တော် စောင့်သော်လည်း စောသုမြတ် သည် ငြိမ်၍သာ နေသည် ။


“ ဒေါ်ဒေါ် နဲ့ အမျိုးတော်သလား ” 


ထိုအခါ မိန်းမကြီး ၏ မျက်လုံးများတွင် မျက်ရည်စို့ လာလေသည် ။ ထို့နောက် အကြောင်းစုံကို

ဖွင့်ဟလေသည် ။ ခွန်သာမြတ် သည် ဦးနန္ဒ နှင့် တိတ်တိတ်ပုန်းရသော စောသုမြတ် ၏ တစ်ဦးတည်းသော သားပင် ဖြစ်ပေသည် ။ စောသုမြတ် ကား ဦးနန္ဒ ၏ ဝမ်းကွဲ ခယ်မတော် တစ်ဦး ဖြစ်လျက် အထင်အရှား မထားသော မယားငယ် တစ်ဦးပင် ဖြစ်လေသည် ။ သားကလေး ကို ပညာသင်ပေးလျှင် တော်ပြီဟူသော သဘောဖြင့် ဦးနန္ဒ ထံတွင် မယားငယ်ကျွန်ခံ အနစ်နာခံ၍ နေခဲ့လေသည် ။ ဦးနန္ဒ ကား ခွန်သာမြတ် အား ကောလိပ်ကျောင်းထိ ပို့လျက် ပညာသင်ပေးနေသော်လည်း သားအဖ အယူအဆ မတူ ၊ မသင့်မြတ်ကြ ။ သည်အထဲတွင် ခွန်သာမြတ် နှင့် စောသုနန္ဒာ တို့သည် လူငယ်ချင်း ဘာဝ ကျိတ်၍ ရည်ငံနေကြပြီ ဟု ဦးနန္ဒ က အထင်ရှိပြီး ခွန်သာမြတ် အား အိမ်နားသို့ မကပ်နိုင်အောင် လုပ်ထားလေသည် ။ မိန်းမကြီး မှာ ပြောရင်း မျက်ရည်ပေါက်ကြီးငယ် ကျနေလေသည် ။


မမြမှီ အခန်းမှ ပြန်ထွက်လာသောအခါ စကားကို မဆက်ဘဲ မျက်ရည်သုတ်လျက် အောက်သို့

ဆင်းသွားလေ၏ ။


မမြမှီ သည် သက္ကလတ်လုံချည် ကို လဲဝတ်လာပြီး ဆွယ်တာ ကို ကြယ်သီး တပ်ထားလေသည် ။


ကျွန်တော် က မမြမှီ အား စောသုမြတ် ၊ ခွန်သာမြတ် ၊ စောသုနန္ဒာ နှင့် ဦးနန္ဒ တို့ ဝတ္ထု ကို ပြောပြရလေသည် ။ မမြမှီ သည် များစွာ စိတ်ထိခိုက်သွားဟန်တူသည် ။ သက်ပြင်းချပြီး -


“ မမ ဖြင့် လူငယ်တွေ ကို သိပ်သနားတာပဲကွယ် ” 


“ မိန်းမကြီးကလည်း သနားစရာပဲ မမရဲ့ ၊ ဦးနန္ဒ က လူဆိုးကြီးပဲ ” 


“ ဆိုးတယ်လို့တော့ မဟုတ်ဘူးပေါ့ကွယ် ၊ ရှမ်းပြည် မှာ မိန်းမတွေ အများကြီး ယူတာက ထုံးစံလို

ဖြစ်နေတာကိုး ” 


“ နယ်ရှင်ပယ်ရှင် အကြီးအကဲဆိုတဲ့ စော်ဘွားတွေ ကိုယ်တိုင်က မိန်းမ အများအပြား ယူထားတော့

မြို့စား ၊ ငွေခွန်မှူး ၊ ထမုံ့ နဲ့ ကုန်သည်ပွဲစား လူကုံထံများကလည်း မိန်းမ များများ ယူကြတာပေါ့ ၊

မိန်းမ သုံးလေးယောက် ယူတာ အပြစ်လို့ မယူဆကြတော့ဘူး ၊ ယောကျာ်းကောင်း မောင်းမ

တစ်ထောင် ဆိုတာဟာ တင့်တယ်ဂုဏ်ရှိတဲ့ အကျင့်တရားလို ဖြစ်နေပြီ ” 


မမြမှီ သည် တစ်စုံတစ်ရာကို တွေးရင်း ငေးနေသည် ။ အတန်ကြာမှ -


“ မောင်လေး စဉ်းစားကြည့်စမ်း ၊ မိန်းမ ကသာ ယောက်ျား အများအပြား ယူထားရင် ဘယ်

 အကြောင်းကြောင့် ယူယူ ဘယ်လောက် ရှုတ်ချကြမယ်လို့ ၊ အများအပြား မပြောနဲ့ ၊ နှစ်ယောက်

ယူထားရင်တောင် တံတွေးခွက် ပက်လက် မျောမှာပဲ ” 


ဤအချက် မှာ ကျွန်တော်တို့ နှစ်ဦးနှင့် လုံးဝ ပတ်သက်နေသည် ။ ဦးထွန်းဝင်း နှင့် မမြမှီ သေကွဲ

သော် လည်းကောင်း ၊ ရှင်ကွဲသော် လည်းကောင်း မကွဲဘဲ နှင့် ကျွန်တော်တို့ အထင်အရှား

 လင်မယား မဖြစ်နိုင် ။ လူအများ လက်ခံထားသော ထုံးစံ နှင့် ဆန့်ကျင်နေပေလိမ့်မည် ။ လူအများ

လက်ခံထားသော ယင်းထုံးစံသည်ပင်လျှင် ယောကျာ်းတစ်ဦး က မိန်းမ နှစ်ယောက် မက ယူသည်ကို

သက်သက်ညှာညှာ ခွင့်ပြုနေပေသည် ။ မမြမှီ နှင့် ကျွန်တော် ဗြောင် လင်မယား ဖြစ်ခြင်းကို မပြောနှင့် ၊ ခုလို တိတ်တိတ်ပုန်း ညားနေသည်ကို လူအများသိလျှင် မည်မျှ ကဲ့ရဲ့ကြပေလိမ့်မည်နည်း ။ အလွယ်တကူပင် ကျွန်တော်တို့ နှစ်ယောက်အား ကမ္ဘာပေါ်တွင် အယုတ်မာဆုံးသော သူနှစ်ဦး အဖြစ်ဖြင့် ရှုတ်ချကြပေလိမ့်မည် ။ မမြမှီ ဘာ့ကြောင့် ဖောက်ပြန်ရသည် ၊ ကျွန်တော် ဘာ့ကြောင့် ကျူးလွန်မိသည် ဟူသော အကြောင်းများကို သက်သက်ညှာညှာ မည်သူမျှ စဉ်းစားမည် မဟုတ်ချေ ။


မမြမှီ ၏ မျက်နှာ ကို မြူဆိုင်းသောလရောင် ဖုံးလျက်ရှိသည် ။ ကျွန်တော် သည် မမြမှီ အပေါ်တွင်

ယခင်က တစ်ကြိမ်တစ်ခါမှ သနားစိတ် မပေါက်ဖူးချေ ။ ယခုမူ ရင်ထဲက ဖိုလှိုက်လာအောင်

သနားလာ၏ ။


မမြမှီ သည် ထိုင်ရာမှ ထသွားပြီး အခန်းတွင်းသို့ ဝင်လေသည် ။ အဝေးမှ ဆိုင်းသံ ၊ အိုးစည်သံ ၊

မောင်းသံ တညံညံကို သဲ့သဲ့ကြားနေရသည် ။ လက်ဆွဲဓာတ်မီးမှ လေတဟူးဟူးအသံကား

ကျယ်လောင်လှ၏ ။ သို့သော် ကျွန်တော့် အသည်းနှလုံး ခုတ်မောင်းသံက ပိုကျယ်လောင်သည်ဟု

ထင်မှတ်ရပေသည် ။ ဤလို အချိန်အခါမျိုးတွင် တစ်ယောက် ကို တစ်ယောက် ယုယပိုက်ထွေး၍

နှစ်သိမ့်စေရန်သာ တွေးတောတတ်တော့သည် ။


အတော်ကြာ တစ်ယောက်တည်း ထိုင်နေရစ်ပြီးနောက် ကျွန်တော် သည် အခန်းတွင်းသို့ ဝင်လိုက်သွား၏ ။ အခန်းတွင်းမှာ ဓာတ်မီးရောင် တိုက်ရိုက် မဝင်သော်လည်း မမှောင်ချေ ။ မမြမှီ သည်

ခုတင်ပေါ်မှာ ခြင်ထောင်ချပြီး တစောင်းလှဲနေ၏ ။ ကျွန်တော် ဘယ်လောက်ပင် ခြေဖော့နင်း

စေကာမူ ကျွန်တော် သူ့ အနားကပ်လာပြီကို မမြမှီ သိ၏ ။ ခြင်ထောင်ကို မ၍ သူမဘေးမှာ

တင်ပါးလွှဲထိုင်လိုက်သည် ဆိုလျှင်ပင် မမြမှီ သည် ထိုင်လိုက်၏ ။


“ မောင်လေး မလာခဲ့နဲ့ကွယ် လူတွေ သိကုန်မယ် ” 


ကျွန်တော်က ဘာမျှ မပြောသေးဘဲ သူမ အား တင်းကျပ်စွာ ပွေ့ပိုက်ထားလိုက်သည် ။ ပြီးတော့

ပါးချင်း အပ်ထားသည် ။


“ မောင်လေး ဆင်ခြင်ပါဦးကွယ် ၊ အောက် က တစ်ယောက်ယောက် တက်လာမှဖြင့် ” 


“ ခုနင် က မမ မျက်နှာ မဲ့နေတာ မျက်ရည်ကျလာတာ မြင်ရတော့ ကျွန်တော့် အသည်းနှလုံး

ကွဲတော့မယ်လိုပဲ ။ မမ ဒီလို မမဲ့ရအောင် မျက်ရည် မကျရအောင် ဦးထွန်းဝင်း နဲ့ ကွာရှင်းပြီး

 ကျွန်တော် နဲ့ အတိအလင်း လင်မယား အဖြစ် နေကြစို့ရဲ့လား ” 


မမြမှီ ကား ဘာမျှ မပြောနိုင် ၊ ငေးမော၍သာ နေလေသည် ။ ကျွန်တော် သည် ပါးချင်းအပ်ကာ

ပွေ့ပိုက်ထားသော မမြမှီ ၏ ခေါင်းကို လက် မောင်းပေါ်သို့ တင်လိုက်ပြီး မျက်နှာကို စေ့စေ့ကြည့်လိုက်သည် ။


“ နော် မမ ၊ အတိအလင်း နေကြစို့နော် ” 


မမြမှီ သည် ကျွန်တော့် အား မျက်စိသငယ် နှင့် မော့ကြည့် နေလေသည် ။ မပြုံးသော်လည်း မမဲ့ ၊

မကြည်သော်လည်း မရီဝေ ။ ကျွန်တော့် အချစ် အသနားနှင့် ကျွန်တော့် စကားများဝယ် တစိမ်စိမ့်

ဝင်စားနေသော မျက်နှာပေတည်း ။


ကျွန်တော် ကား ပွေ့ပိုက်ရုံ ၊ မျက်နှာတစိမ့်စိမ့်ကြည့်ရုံဖြင့် အားမရတော့ပေ ။ အကြိမ်ကြိမ် နမ်းရှုပ်

ပြီးနောက် တွဲလဲချထားသော ကျွန်တော့် ခြေထောက် များ ကို ခုတင်ပေါ်သို့ တင်လိုက်လေသည် ။


မမြမှီ သည် ဗြုန်းခနဲ ရုန်းထွက်ပြီး ခုတင်အောက်သို့ သူ့ခြေများကို ချလိုက်သည် ။


“ လူတွေ သိသွားရင် ခက်ကုန်လိမ့်မယ် မောင်လေး ၊ မမ ကို တကယ်ချစ်ရင် အနေအထိုင် ဆင်ခြင်ပါဦးကွယ် ၊ ခုနေ အောက်က မိန်းမကြီး တက် မလာဘူးလို့ မဆိုနိုင်ဘူး ၊ ထ အပြင်သွားမယ် ” 


မမြမှီ သည် မတ်တတ်ရပ်လိုက်ပြီး ခြင်ထောင်ကို မပေးလေသည် ။


ကျွန်တော် ကား ရှက်သလိုလို ဖြစ်သွား၏ ။ မချင့်မရဲ ဖြစ်နေပြီး ဘာလုပ်ရမှန်း မသိချေ ။


“ မမ ကို တကယ် ချစ်ကဲ့လား ” 


“ ချစ်လို့ အတိအလင်းနေနိုင်အောင် လုပ်ဖို့ ပြောတာပေါ့ ” 


“ တကယ်ချစ်ရင် ထ လာ ” 


ကျွန်တော့်မှာ ခြင်ထောင်ပြင်ထွက် ၊ ခုတင်ပေါ်မှ ဆင်းရုံမှတစ်ပါး အခြားလုပ်စရာ မရှိတော့ပေ ။


“ အဲဒီလိုမှပေါ့ ၊ မမ ကို ချစ်ရင် အနေအထိုင် ဆင်ခြင်ရမယ်နော် ၊ လာ အပြင်ထွက်ရအောင် ” 


ကျွန်တော်သည် အိပ်ငွေ့ချခံရသောသူပမာ မမြမှီ နောက်က လိုက်နေပြီဖြစ်သော်လည်း စကားဖြင့်ကား ယက်ကန်ကန် လုပ်နေသေးသည် ။


“ ကျွန်တော် ပြောသလို အတိအလင်း နေဖို့ သဘော မတူဘူး တူတယ် အဖြေ ပေးရမယ် ” 


“ နောက်တော့ မောင်လေး နဲ့ မမ နှစ်ခေါင်းအတူ အေးအေးလူလူ စဉ်းစားပြီး ဖြေမှာပေါ့ ” 


ကျွန်တော်တို့သည် အခန်းတံခါးဝ တိုက်ရိုက် ဓာတ်မီးရောင်ကျရာသို့ ရောက်လာလေပြီ ။


“ ဒီအတောအတွင်းမှာ မမ ဟာ မျက်နှာ မညိုးရဘူးနော် ၊ မျက်ရည် မကျရဘူး ဒါပဲ ” 


“ အမြဲတမ်း ပြုံးနေပါ့မယ် မောင်ရယ် ကဲ“ 


မမြမှီ သည် ကလေးငယ်အား မြူဟန်မျိုးဖြင့် ပြုံးပြလေသည် ။


အခန်းပြင်တွင် ထိုင်ကြပြန်သည် ။ ခဏကြာသော် မမြမှီ သည် အောက်ဆင်းသွားလေသည် ။

ကျွန်တော် ရသေ့စိတ်ဖြေ သဘောဖြင့် အနီးတွင် တွေ့သော ဘုရားရှိခိုး စာအုပ်တစ်အုပ် ကို ဖတ်နေလေသည် ။ မမြမှီ သည် ကျွန်တော်တို့ ကိစ္စကို မသိန်းသိန်း နှင့် မချို တို့မှ တစ်ပါး မည်သူမျှ မရိပ်မိအောင် လုံခြုံစွာ ဖုံးဖိထားရန် ကြိုးစားမည်မှာ သေချာပေသည် ။


နာရီဝက် မျှ ကြာတော့မှ မမြမှီ သည် လက်ဖက်ရည်ကြမ်း လင်ပန်းကို ယူ၍ တက်လာလေသည် ။

နောက် မှ ဒေါ်စောသုမြတ် သည် တို့ဟူးကြော် နှင့် မ က် မန်းသီးယို များကို ယူလာလေသည် ။

သည်လိုနှင့် ဓာတ်မီးအလင်းအောက်ဝယ် စားရင်းသောက်ရင်း စကားစမြည်ပြောရင်း သိန်းသိန်း

တို့ ပြန်လာသည်အထိ ထိုင်စောင့်နေကြလေသည် ။


မမြမှီ အဖို့ အနေအထိုင် ဆင်ခြင်ရန် လွယ်ကူသည် ။ ကျွန်တော့် ထက် အသက်လည်း ကြီးသည် ၊

ဝါလည်း ရင့်သည် ။ လင် တစ်ယောက် ရဖူးပြီး ဖြစ်သည် ။ ကျွန်တော့် အဖို့ အနေအထိုင်ဆင်ခြင်ရန်

မလွယ်ကူလှပါ ။ ကျွန်တော် ကား အသက် အားဖြင့် ၂၀ ကျော် အစိတ် တွင်း ဖြစ်၍ ငယ်လှသည်ဟု

မဆိုသာသော်လည်း ဝါရင့်သူ မဟုတ်ပေ ။ အချို့လူငယ်များ အရွယ်ဆိုလျှင် မိန်းမသား နှင့်

လက်တွေ့ကိုယ်တွေ့ ဖြစ်ကြလေသည် ။ ကျွန်တော် ကတော့ မမြမှီ နှင့် မတွေ့ခင်က အခြား

မိန်းမတစ်ဦး ကို ဖက်ယမ်းနမ်းရှုပ်ခြင်းပင် မတွေ့ကြုံဖူးခဲ့ပါ ။ ဝင်နီဖေ ခေါ် ခင်သိန်းဝင်း အား

ချစ်တော့ မလို ကြိုက်တော့ မလို ဖြစ်ခဲ့၏ ။ သူမ ၏ ပေါင်ဒါနံ့ ၊ ရေမွှေးနံ့ ၊ နှုတ်ခမ်းဆိုဆေးနံ့

ထက် ပို၍ မနီးစပ်ခဲ့ပေ ။ မမြင့်ဦး နှင့် သူငယ်ချင်း မက သမီးရည်စား မကျ ဆက်ဆံလျက် သွားအတူ

လာအတူ ရင်းနှီးစွာဆက်ဆံရင်း အငွေ့နှင့် ချစ်ရခြင်းထက် မပိုပေ ။ မခင်သစ် နှင့် အတိအလင်း

ချစ်ကြသည် ။ သို့ရာတွင် လူကြီးများ မျက် မှောက် မှာ ကြီးကြပ်ခြင်းခံလျက် ချစ်ရသည် ။


မမြမှီ နှင့် မူကား လူမမြင်ကွယ်ရာမှာ အရင်းနှီးဆုံး ချစ်ရပြီး လူမြင်ရာ၌ အစ်မ နှင့် မောင်ကလေး

လိုသာ ဟန်ဆောင်နေရသည် ။ တဖြည်းဖြည်း ကျင့်သားရသွားလျှင်ကား လူမမြင်ရာမှာ

တစ်မျိုး ချစ်ပြီးလျှင် လူမြင်ရာမှာ တစ်မျိုး ချစ်ရန် ကတ္တားခြား၍ လွယ်ကူကောင်း လွယ်ကူပေမည် ၊

ယခုတော့ မလွယ်ကူပါ ။ အနေအထိုင် ဆင်ခြင် ခြိုးခြံရလေလေ ပူးကပ်ရင်းနှီးလိုသော ဆန္ဒက

ပြင်းထန်လေ ဖြစ်ပေသည် ။ ညောင်ရွှေ မှာ နေသရွေ့ မမြမှီ က သည်စည်းကမ်းကို မလျော့ ။ အာသာဆန္ဒ သည် ဖိလေတွန်းကန်လေဖြစ်ရာ ပို၍ ပို၍သာ ပြင်းထန်လာ၏ ။ ပို၍ ပို၍ ပြင်းထန်လာသည်နှင့်အမျှ အတိအလင်း ပေါင်းသင်းနိုင်သည့် လင်မယား ဘဝကိုသာ အိပ်မ က်စိတ်ကူးလျက် ရှိလေသည် ။


ယင်းသို့ စိတ်ကူစဉ် ကျွန်တော် သည် မခင်သစ် ကလေးအား သစ္စာဖောက်လျက် ရှိသည်ကိုကား

သတိပင် မထားမိပါချေ ။ မမြင့်ဦး နှင့်ကား ဘာမျှ မဆိုင်ဟု သဘောထားလိုက်လေသည် ။


ညောင်ရွှေ မှာ နောက်ထပ် တစ်ရက် နေပြီးနောက် အင်းလေး သို့ သွားကြလေသည် ။ ဦးနန္ဒ က

ပဲ့ချိတ် ဟု ခေါ်ကြသော စက်လှေကလေး ကို မရရအောင် ရှာပေးလေသည် ။ ညောင်ရွှေအင်းလေး

တစ်ခုလုံးတွင် ပဲ့ချိတ် ၃ စင်း သာ ရှိရာ တစ်ခု ရသည်မှာ လွန်စွာ ကံကောင်းသည်ဟု ဆိုရပေမည် ။


ပဲ့ချိတ် ပေါ်တွင် ကျွန်တော်တို့ သုံးဦး အပြင် ပဲ့ချိတ်မောင်းသူ နှင့် တည်းအိမ်တွင် အခိုင်းအစေ

ဖြစ်သော အင်းသားလူငယ် သာ ပါလေသည် ။ အင်းသားလူငယ် ကို စိန်ကတုံး ဟု ခေါ်ကြောင်း

သိရလေသည် ။


ညောင်ရွှေဆိပ်ကမ်းမှ ထွက်သည်ဆိုလျှင်ပင် ထိုအင်းသား အား ကျွန်တော် က -


“ စိန်ကတုံး ဆိုတာ ငယ်နာမည် ဟုတ်ကဲ့လားဗျ ” 


သူက ထားဝယ်သံ ဝဲဝဲဖြင့် -


“ ဟုတ်ပါတယ် သခင်လေး ရဲ့ ” 


ကျွန်တော့် အား သူက သခင်လေးရဲ့ ဟု ခေါ်ခြင်း မှာ သခင်ပေါက်စ အဖြစ်ဖြင့် ခေါ်ခြင်း မဟုတ်ပေ ။

သူတို့ဆီမှာ အရိုအသေ ဓလေ့ထုံးစံ တစ်ခုအနေဖြင့် ခေါ်ခြင်း ဖြစ်ပေသည် ။


ကျွန်တော်တို့ ရှေ့မှာ မမြမှီ နှင့် ဘေးချင်းယှဉ်ထိုင်နေသော သိန်းသိန်း က နောက်လှည့်ပြီး -


“ ရှင့် အမေ က ဘယ့်နှာကြောင့် ဒီနာမည် ပေးထားပါလိမ့် ” 


“ တစ်ခါတော့ ညောင်ရွှေ မှာ စိန်ကတုံးဇာတ် လာကတယ်ခင်ဗျား ၊ အဲဒီတုန်းက အင်းထဲ ရွာတွေ

ရှိသမျှ လူကုန်လိုလို လာကြည့်ကြတယ် ၊ စိန်ကတုံး ကို အသည်းစွဲသွားကြတယ် ။ အဲဒီအချိန်မှာ

ကျွန်တော့်ကို မွေးတဲ့အတွက် စိန်ကတုံး လို့ ကျွန်တော့် ကို နာမည်ပေးတာပါတဲ့ သခင်လေး ရယ် ” 


ကျွန်တော်တို့သည် ပြုံးမိကြလေသည် ။ မြန်မာ များနှင့် အတူ ရှမ်း ၊ ပအို့ ၊ တောင်သူ ၊ အင်းသား တို့

အပေါ်တွင် ဇာတ်သဘင်၏ ဩဇာသည် ကြီးလှပါကလားဟု တွေးမိပြီး သဘောကျလှ၏ ။


ပဲ့ချိတ်ကလေးမှာ မြန်လှသည် ။ လှေတွေက ရှောင်ပေးကြသည် ။ လှေများ မှာ လောင်းလှေများသာ

ဖြစ်ကြ၏ ။ မကြာခင်ပင် အင်းထဲ သို့ ဝင်လာကြသည် ။


အင်းထဲ သို့ ဝင်မိသည်ဆိုလျှင်ပင် ကျွန်းမျှော ဆိုသော ရေပေါ် ပေါ်၍နေသော ကျွန်းကလေးများကို

တွေ့ရ၏ ။ အင်းထဲ တွင် တဝဲလည်လည် သွားလာနေသော ဗေဒါပင် ၊ ဒိုက်ပင် ၊ အမှိုက်သရိုက်

အစုအဝေးကလေးများသည် ကြီးကြီးလာပြီး အဟောင်းပေါ် အသစ်ပေါက်ကာ နောက်ဆုံးတွင်

 ကျွန်းမျောကလေးများ ဖြစ်လာကြသည်ဟု ဆိုလေသည် ။ ထို ကျွန်းမျောကလေးများတွင် အင်းသားများသည် ဝါးကို ထိုးဖောက် ရေအောက် ရွှံ့မြေထဲ ရောက်အောင် စိုက်ထားပြီး မရွေ့မမျောအောင်

လုပ်ကြသည် ။ နောက် မြေဩဇာ တင်ပြီး ဟင်းသီးဟင်းရွက်ပင်များ စိုက်ကြလေသည် ။ အချို့

ကျွန်းမျောများမှာ ကွမ်းခြံ ရှိ၏ ။ အချို့ ကျွန်းမျောများတွင် ကြက်သွန်ခင်းများ ရှိသည် ။


အင်လေး ရေသည် စိမ်းလဲ့လဲ့နှင့် ကြည်လင်၏ ။ အရှေ့ဘက် တောင်ရိုးများပေါ်မှ ကျော်တက်

လာသော နေမင်းသည် နုပျိုသေးသဖြင့် သာယာချမ်းမြေ့မှုကို ပေးနေလေသည် ။ စိမ်းလဲ့လဲ့

ရေပြင်ပေါ်တွင် လေညင်းသုန်သုန်သည် ဆော့ကစားနေ၏ ။ မချို သည် လှေဦးမှာ ငြိမ်သက်စွာ

ထိုင်နေပြီး ‌ေရ ကသိုဏ်း ရှုနေဟန် ရှိသည် ။ မမြမှီ နှင့် မသိန်းသိန်း တို့လည်း သာယာသော ရှုခင်းတွင် နစ်မြုပ်နေကြ၏ ။ ကျွန်တော် သည် ရေ ကို လက်နှင့်ယူပြီး ဆော့နေ၏ ။ အေးမြလှသည် ။

သိန်းသိန်း သည် ကျွန်တော့် အတုလိုက်ပြီး ရေကို ဆော့နေလေသည် ။


ကျွန်တော်တို့သည် ပထမဆုံး မိုင်းသောက် သို့ သွားကြလေသည် ။ ရှမ်းပြည် အတိုင်းအတာအားဖြင့်

မြို့ကလေးပင် ဖြစ်သည် ။ တနင်္ဂနွေတစ်ပတ် လျှင် ဈေးတစ်ကြိမ် ရှိသည်ဟု ဆို၏ ။ ကျွန်တော်တို့

ရောက်သွားသည့်နေ့ကား ဈေးနေ့ မဟုတ်ပေ ။ အိမ်ဆိုင်ကလေးအချို့ကို တွေ့ရ၏ ။ ကင်းဂါတ်ကလေး တစ်ခုလည်း ရှိ၏ ။


မိုင်းသောက် ကို အုပ်ချုပ်သော မြို့စားမင်း သည် တောင်ကြီး သို့ ခရီးထွက်နေသဖြင့် သူ့ အိမ်သို့

မဝင်ကြ ။ မမြမှီ က စိတ်ထက်သန်နေသဖြင့် ချိပ်များ သိုလှောင်ထားသော ပွဲရုံများ ၊ ဂိုဒေါင်များ သို့

လိုက်ကြည့်ကြလေသည် ။ မမြမှီ သည် ချိပ်များ ကို နိုင်ငံခြား သို့ တင်ပို့ရောင်းချရန် စိတ်ကူးနေလေသည် ။


ဦးနန္ဒ ၏ ကြိုတင်စီစဉ်ထားချက်အရ မိုင်းသောက် မှာ နံနက်ထမင်း စားကြလေသည် ။


ညနေ ၂ နာရီထိုး အထိ မိုင်းသောက် မှနေပြီး အင်းလယ် ဗိုလ်တဲသို့ ထွက်ခဲ့ကြလေသည် ။


အင်းလယ် ဗိုလ်တဲမှာ မိုင်းသောက် ၏ အနောက်ဘက်စူးစူး လောက်တွင် ရှိသော ကျွန်းမျောကလေး

တစ်ခုပေါ်တွင် ထီးထီးကြီး ဆောက်ထားသည့် ဘန်ဂလိုကလေး ဖြစ်လေသည် ။


အင်းလယ်ဗိုလ်တဲ သို့ ရောက်သောအခါ အခြားဧည့်သည်တစ်ဦးမျှ မရှိကြောင်း တွေ့ရလေသည် ။

မမြမှီ က ဗိုလ်တဲမှာ အေးအေးဆေးဆေး အနားယူချင်သည်ဟု ဆိုသည် ။ သိန်းသိန်း က အင်းလေး

လုံချည် နှင့် ဇင်းမယ် လုံချည်များ ရက်သော ရွာမ ရွာ သို့ သွားပါရစေဟု ပူဆာလေသည် ။ သူတို့

အချင်းချင်း ညှိထားကြဟန် ရှိ၏ ။ မမြမှီ က အစတွင် ငြင်းပယ်ပြီး နောက်တော့ သိန်းသိန်း က

ထပ်ပူဆာသည် ကို လိုက်လျောရသည့်သဘော နှင့် သွားခွင့် ပြုလိုက်လေသည် ။ ပဲ့ချိတ်ဖြင့်

သိန်းသိန်း ၊ မချို နှင့် စိန်ကတုံး တို့သည် ထွက်ခွာသွားကြလေသည် ။ ဗိုလ်တဲစောင့် ဒရဝမ်

ကလည်း ကိစ္စရှိ၍ ရွာမ သို့ လိုက်ပါရစေဟု ခွင့်ပန်ကာ ကျွန်တော် နှင့် မမြမှီ အား ဗိုလ်တဲ ကို အပ်ပြီးလိုက်သွားလေသည် ။


မမြမှီ နှင့် ကျွန်တော် တို့သည် ဗိုလ်တဲ ပေါ်မှာ မတ်တတ်ရပ်ပြီး ပဲ့ချိတ်ကလေး ထွက်သွားသည်ကို

ကြည့်ကျန်ရစ်လေသည် ။


ဘန်ဂလို ၊ သို့မဟုတ် ဗိုလ်တဲ ဟု ခေါ်သော်လည်း အင်းလေးကျွန်းမျောများပေါ်က အိမ်ကလေးများ

ထုံးစံအတိုင်း မျောတိုင်ကို ရေအောက် မြေမာရောက်အောင် ထိုးစိုက်ကာ ခြေတံရှည်ထား၍

ဆောက်ထားသော အိမ်ငယ်ကလေးပင် ဖြစ်သည် ။ ပျဉ်ကြမ်းကိုခင်း၍ ကပ်ကာထားလေသည် ။

သက်ငယ်ကို နှီးဝါးခြမ်းများညှပ်၍ သပ်ရပ်စွာမိုးထား၏ ။ အိမ်ဘေးတွင် အိုး ၊ ခုံ စသည်တို့ဖြင့်

ရွှေ့ပြောင်းရအောင် စိုက်ထားသော ပန်းပင်များ ရှိပေသည် ။


ရေလယ်ဗိုလ်တဲ ဟု ခေါ်ရလောက်အောင်ပင် အခြား ကျွန်းမျောများနှင့် လည်းကောင်း ၊ ကမ်းခြေနှင့်

လည်းကောင်း ဝေးကွာလေသည် ။


အိမ် ၏ အနောက်ပိုင်းတွင် လှေကားထိပ်တွင် စားပွဲရှည်ကြီးတစ်လုံး ရှိသည် ။ ရွေပေါ် မတိုက်ဘဲ

အကြမ်းအတိုင်းထားသော စားပွဲကြီး ဖြစ်၏ ။ စားပွဲဘေး နှစ်ဖက် မှာ တန်းလျားထိုင်ခုံနှစ်ခု ရှိပေသည် ။


အရှေ့ဘက်ပိုင်းတွင် ဝါးခြမ်းခင်းထားသော ခုတင် နှစ်လုံး ရှိ၏ ။ ခုတင်များပေါ်တွင် နှီးကြောဖျာ နှင့်

မြက်ဖျာများ ထပ်ခင်းထားလေသည် ။


နေမှာ အနောက်ဘက်သို့ ယွန်းနေပြီဖြစ်ရကား နေခြည် မဝင်အောင် အနောက်ဘက်ရှိ

ပြတင်းပေါက်များကို ပိတ်ထားလေသည် ။ နေရိပ်ဟပ်နေသော အလင်းရောင် နှင့် လေညင်းလေပွေ

ကလေးသည် ကျန် သုံးမျက်နှာပြတင်းပေါက်များမှ လွတ်လပ်စွာ ဝင်နေရကား ကြည်လင်အေးမြ

သာယာလှပေသည် ။


သိန်းသိန်း တို့ သွားကြသော ရွာမ မှာ ဗိုလ်တဲ ၏ တောင်ဘက်ဆီတွင် ရှိလေသည် ။ ပဲ့ချိတ်ကလေး

အတော်ဝေးသွားသည့်တိုင်အောင် မမြမှီ နှင့် ကျွန်တော် တို့သည် လိုက်ကြည့်နေကြလေသည် ။

အဝေးကြည့်ရင်းက တစ်ယောက်အနား တစ်ယောက် မသိမသာ တိုးသွားကြလေသည် ။


မမြမှီ က သက်ပြင်းချပြီး ကျွန်တော့် ဘက် ခေါင်းငဲ့ကာ ကြည့်လိုက်သည် ။ ကျွန်တော် က မမြမှီ

ဘက်သို့ တစ်ကိုယ်လုံး လှည့်ပြီး ကြည့်လိုက်သည် ။ မျက်လုံးနှစ်စုံသည် အတန်ကြာ အပြန်အလှန်

ညှို့နေကြလေသည် ။ မမြမှီ က နှုတ်ခမ်း စူပြီး မူလိုက်၏ ။ ကျွန်တော် က ပြုံးပြီး မြူလိုက်၏ ။


“ ဘာများ ပြုံးတော်မူရတာလဲ မောင် ” 


“ အဆင်သင့်မယ့် သင့်တော့ ဒရဝမ် ကတောင် လိုက်သွားလိုက်သေးတယ် ဟဲ ဟဲ ” 


“ သူဖြင့် ဒါပဲ ” 


ကျွန်တော် က မမြမှီ အား ဖက်လိုက်ပြီး ကျွန်တော့် ဘက်သို့ လှည့်ယူလိုက်လေသည် ။


မမြမှီ သည် အထူးရွှင်မြူးသော မျက်နှာဖြင့် -


“ နွားသိုး ကြိုးပြတ်ကလေး ၊ ဟိုမှာ လှေကား တံခါးကြီး သွားပိတ်လိုက်ဦး ” 


ကျွန်တော် သည် မမြမှီ အား ဖြေလွှတ်လိုက်ပြီးနောက် တံခါး ကို သွားပိတ်လေသည် ။ အထက်

အောက် မင်းတုပ်နှစ်ခုစလုံး ချထားလိုက်၏ ။


တံခါးပိတ်ပြီး မမြမှီ ထံ အလှည့်တွင် မမြမှီ အား ခုနင်က နေရာတွင် မတွေ့ရတော့ချေ ။ မမြမှီ သည်

ခုတင်ပေါ်မှာ ထိုင်လျက် ရှိ၏ ။ ခြေများကို တကူကူး အစီးခိုင်းတော့ မလိုလို ပူးတွဲကော့လန်ထားပြီး

မြှင့်ချည်ချချည် လုပ်နေလေ၏ ။


ကျွန်တော် က တံခါး ကို ကျောပေးပြီးရပ်ကာ မမြမှီ အား ငေးကြည့်နေလေရာ မမြမှီ ကလည်း

ကျွန်တော့် အား မော့ကြည့်နေလေ၏ ။ မျက်စိနှစ်စုံသည် အချင်းချင်း အစွမ်းကုန် ညှို့နေကြလေသည် ။


မမြမှီ သည် လက်နှစ်ဖက်ကို ကျွန်တော့်ဆီသို့ ဆန့်တန်းပေးပြီး -


“ လာခဲ့ နွားသိုးကြိုးပြတ်ကလေး ” 


ပါးစပ် က နွားသိုးကြိုးပြတ်ကလေး ဟု ခေါ်သော်လည်း ကိုယ်ရိပ်အမူအရာကမူ ကလေးအား

တကူကူး အစီးခိုင်းနေသကဲ့သို့ ရှိသည် ။ သူ့ စိတ်ထဲမှာတော့ ကျွန်တော် က ဘယ်လို ပြုမူနေချင်

နေမည်ကို မသိ ။ ကျွန်တော် ကား မမြမှီ က ပါးစပ်ကခေါ်သည့်အတိုင်း နွားသိုးကြိုးပြတ် လိုသာ

ပြုမူလိုက်ပေသည် ။ ခပ်မြန်မြန်သွားပြီး ခပ်ကြမ်းကြမ်း ပွေ့ချီလိုက်သည် ။ ပြီးနောက် ခပ်ရမ်းရမ်းပင်

နမ်းရှုပ်လိုက်ပေသည် ။ မမြမှီ ကလည်း ကျွန်တော် မြန်လျှင်မြန်ချင်း ၊ ကျွန်တော် ကြမ်းလျှင်

ကြမ်းချင်း ၊ ကျွန်တော်  ရမ်းလျှင် ရမ်းချင်း ပေတည်း ။ ရေကာတာ ဆီးထားသော မြစ်ရေကဲ့သို့

အိုင့်နေရာမှ တာကျိုးကျသဖြင့် ဒလဟောစီးဆင်းသော ဖိုမ အချစ်ပါပေတည်း ။


ကျွန်တော်တို့သည် ညောင်ရွှေ မှ ဘိလပ်ရည်ပုလင်းများ ထည့်ယူခဲ့သည် ။ မုန့်များလည်း ပါလာသည် ။ ကျွန်တော် က ဘိလပ်ရည်ပုလင်း ကို ဖောက်ပြီး ဖန်ခွက်နှစ်လုံးမှာ ညီမျှစွာ ခွဲထည့်

နေသည်ကို မမြမှီ က ထိုင်လျက်ကြည့်နေ၏ ။ စားပွဲပေါ်မှာ တင်ပြီး ခွက်နှစ်ခွက် ကို ယှဉ်လိုက်ရာ

တစ်ခု က နည်းနည်း ပိုနေသဖြင့် လိုနေသာ ခွက်သို့ မျှထည့်နေပြန်သောအခါ -


“ အမယ်လေးရဲ့လေး ၊ ဒီလောက်ပဲလား မောင် ” 


“ တစ်လုံးရ တစ်ခြမ်းစီ ၊ တစ်ခြမ်းရ တစ်စိတ်စီလို့ ဆိုတယ်မဟုတ်လား ၊ မမ ရဲ့ ဟား ဟား ” 


“ ခုနေတော့ ဟုတ်မှာပါပဲ ၊ ဒါပေမဲ့ ကြာတော့ ” 


ကျွန်တော် သည် တစ်ခွက် ကို မမြမှီ အား ပေးပြီး တစ်ခွက် ကို သောက်ရင်း မမြမှီ စကားဆက်ဦးမည်လား စောင့်နေသေးသည် ။ သူမ သည် စကားလည်း မဆက် ၊ ဘိလပ်ရည်ကိုလည်း မသောက်သေးဘဲ ရေပြင်ကို ငေးကြည့်နေလေသည် ။


“ ကြာတော့ ဘာဖြစ်ရမှာလဲ မမရဲ ” 


“ မပြောချင်တော့ပါဘူးကွယ်“ 


သူမ သည် ပြာလဲ့သော ရေပြင်ကိုသာ ငေးကြည့်ရင်း ဘိလပ်ရည် ကို နည်းနည်းချင်း မြိန့်နေလေသည် ။ လေညင်းကလေးက မမြမှီ ၏ နဖူးပေါ်တွင် ပြန့်ကျနေသော ဆံယဉ်နုနုကလေးများကို

လှုပ်ရှားစေလေသည် ။ ဘီစကွတ်မုန့်ကို ယူပေး၏ ။ ရေပြင်သို့ ငေးကြည့်ရာကပင် လက်ခါပြပြီး

ငြင်းသည် ။ ကျွန်တော် သည် မုန့်စားပြီး ဘိလပ်ရည်သောက်ပြီး မမြမှီ အနီးမှာ ထိုင်လိုက်လေသည် ။ ကျွန်တော့် အား စောင်းငဲ့၍ ကြည့်လိုက်ပြီးနောက် -


“ လှေကားတံခါး ကို ဖွင့်ထားလိုက်ရင် ကောင်းမယ် ထင်တယ်ကွယ် ” 


မမြမှီ ကား သေသပ်လှ၏ ။ အခြေအနေ ပျက်သည်ကို ဘယ်သူမျှ မရိပ်မိစေရန် ဖြစ်သည် ။ ကျွန်တော် သည် တံခါးဖွင့်ပြီးနောက် မမြမှီ အနားသို့ သွားထိုင်ပြန်လေသည် ။ မတ်တတ်လိုက်ပါလာသော လူများ နှင့် လှေတစ်စင်း သည် ကျွန်တော်တို့ ဆီသို့ လာနေလေသည် ။ ခဏကြာတော့ တော်တော် နီးလာရာ ခြေထောက် နှင့် လှေလှော်လာသူများ ဖြစ်ကြောင်း တွေ့ရလေသည် ။ မကြာမီ ကျွန်တော်တို့အား လွန်သွားကြ၏ ။


မမြမှီ ကား တည်ငြိမ်ချမ်းမြေ့သော မျက်နှာနှင့် ရေကိုသာ ကသိုဏ်းရှုနေ၏ ။


“ မမ ” 


“ ဘာလဲ မောင်လေး ” 


“ ကျွန်တော် ပြောသလို အတိအလင်း လင်မယား အဖြစ်နဲ့ ပေါင်းသင်းရအောင် လုပ်ကြမယ်နော်

ဟုတ်လား ” 


“ ခက်တယ်ကွာ ၊ ဒါကြောင့် ခုနင်ကပြောမယ့်စကား ဖြတ်လိုက်တာ သိရဲ့လား ” 


“ ဘာလို့ ခက်ရမှာလ မမ ရဲ့ ။ မမ က ဦးထွန်းဝင်း နဲ့ ကွာရှင်းလိုက် ၊ ပြီးတော့ ကျွန်တော် နဲ့

လက်ထပ်လိုက်ကြရုံပေါ့ ။ မောင်လေး ကို မမ တကယ် ချစ်ရင် ဒါ လုပ်ရုံပဲ ၊ ဘာမှ ခက်စရာ မရှိဘူး ” 


“ မောင်လေး ကို မမ ချစ်လွန်းအားကြီးလို့ ဒါ လုပ်ဖို့ ခက်တယ် ပြောတာပေါ့ ” 


“ အိုဗျာ ကျွန်တော့် ကို ချစ်လွန်းအားကြီးရင် အဲဒါ လုပ်ဖို့ လွယ်လွန်း အားကြီးရမှာပေါ့ မမ ရဲ့ ” 


“ နားထောင် ၊ မမ ရှင်းပြမယ် ။ မမ ဟာ မောင်လေး ကို ချစ်တယ် ၊ မမ ဘက်ကချည်း ကြည့်ရင်

ကိုယ့်ချစ်သူ နဲ့ အတိအလင်း ပေါင်းသင်းဖို့ ဘာမဆို လုပ်နိုင်တာပဲ ။ မောင်လေး ဘက်ကလည်း

မမ ကြည့်တတ်မှ မမ ဟာ မောင်လေး ကို တကယ် ချစ်ရာရောက် မယ် ။ မောင်လေး ဟာ အသက်

အစိတ်တောင် မပြည့်သေးဘူး ” 


“ ကျွန်တော် က ဆယ့်ခြောက်နှစ်သား ဖြစ်နေတာတောင် ဘာဖြစ်သလဲ ၊ အသက် ကွာတာ ထည့်တွက် မနေပါနဲ့ မမ ရာ ” 


“ မဟုတ်ပါဘူး ၊ အသက်ကွာတာကို ပြောမလို့ မဟုတ်ပါဘူး ။ မောင်လေး ဟာ အသက်

အစိတ်တောင် မပြည့်သေးဘူး ။ ဉာဏ် ကလည်း ရှိတယ် ၊ ပညာ ကလည်း ရှိတယ် ၊ ပညာ ကလည်း

တတ်ပြီးသား ၊ အညွန့်တလူလူနဲ့ နေတဲ့လူ ၊ ရှေ့ လူလုပ်ဦးမှာ ၊ ကြီးပွားရဦးမှာ ၊ ဒီလို အညွန့်

တလူလူနဲ့ ရှိတဲ့ လူက မမ ကို ယူလိုက်တော့ မောင်လေး အညွန့်တုံးသွားမှာ စိုးတယ် ” 


“ ဘာလို့ အညွန့်တုံးသွားရမှာလဲ မမ ရဲ့ ။ ကျွန်တော် ကြားဖူးတာ အစ္စလမ်ဘာသာ တမန်တော်

မဟာမ က် ဟာ သူ့ ထက် အသက် ၁၅ နှစ် တောင် ကြီးတဲ့ မုဆိုးမ ကို လက်ထပ်ယူသတဲ့ ၊ အညွန့်

မတုံးတဲ့ အပြင် ပိုတောင်တက် မှာပဲ သိလား ” 


“ မမ ပြောတာ ဆုံးအောင်နားထောင်ပါဦး ။ မမ က မုဆိုးမ ဆိုရင် ဘာ ကိစ္စရှိလဲ ၊ ခုတော့ အသက်

ရှင်လျက်သား ရှိတဲ့ လင် ကို ကွာရမယ် ၊ ကွာပြီးတော့ မောင်လေး နဲ့ လက်ထပ်မယ် ၊ လူတွေက

ဘာ ပြောမလဲ ၊ ဒီယုန်မြင်လို့ ဒီချုံထွင်တာ လို့ ပြောမှာပဲ ။ မကွာရှင်းခင် က ညားပြီးသားလို့

ပြောကြမှာပဲ ။ ဒီတော့ မောင်လေး ဟာ သူများ မယား ကြာခိုသူ ဆိုပြီး ကဲ့ရဲ့ကြမှာပဲ ။ ဘယ်

အကြောင်း ဘယ်အခြေအနေကြောင့် မမ တို့ ဖြစ်ကြရတာကို ဘယ်သူ မှ ထည့်တွက်မှာ ၊

သက်သက်ညှာညှာ စဉ်းစားမှာ မဟုတ်ဘူး ။ မောင်လေး ကို ဝိုင်းပြီး တံတွေး နဲ့ထွေးကြမှာ ၊

 သွားပုပ်လေလွင့် ပြောကြမှာ ၊ ဒါကို မမ မခံနိုင်ဘူး ။ မမမောင်လေး အညွန့်တလူလူ နေစေချင်တယ် ၊ လူကြီး ဖြစ်စေချင်တယ် ၊ အမည်းစက် တစ်ခုမှ မစွန်းတဲ့ နိုင်ငံကျော် လူကြီးတစ်ယောက်

ဖြစ်စေချင်တယ် ။ ဒါကြောင့် မောင်လေး ပြောသလို လုပ်ရမှာ ခက်တယ်လို့ ပြောတာပါကွယ် ၊

ယုံပါ ” 


မမြမှီ ၏ အသံမှာ ငိုသံ ပါလာလေသည် ။ ကျွန်တော့် မှာ အကျိုးသင့်အကြောင်းသင့် ပြန်လှန်

မပြောနိုင်တော့ဘဲ -


“ အို ဖြစ်ချင်ရာ ဖြစ် ဇွတ်နှစ်ကြရအောင်လား မမ ရယ် ” 


“ ဖြစ်ချင်ရာ ဖြစ် ဇွတ်နစ်တယ်ဆိုတာ ပညာ မရှိတဲ့ လူမှ လုပ်တာ မောင် ” 


ကျွန်တော့် မှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားလေသည် ။ အိုးစည် ၊ လင်းကွင်း နှင့် မောင်း ကို

ဆူညံစွာ တီးလာကြသော လှေတစ်စင်း မြောက်ဘက် မှ တောင်ဘက် သို့ ဖြတ်သွားလေသည် ။


မမြမှီ သည် လက် မှာ ကိုင်ထားသော ဖန်ခွက် ကို စားပွဲပေါ် သွားတင်ပြီးနောက် -


“ ဒီ အရပ်မှာ ရှင်လောင်းလှည့်ရင်လည်း လှေ နဲ့ ၊ ဈေးရောင်းလည်း လှေ နဲ့ ဆိုပဲ မောင်လေး ရဲ့ ” 


“ ဟုတ်တယ် ၊ မသာချတော့လည်း လှေ နဲ ့လို့ ပြောသူက ပြောကြတယ် ၊ အလောင်း ကို ကျွန်းမျော

အောက် ရေထဲ မှာ ဝါးညှပ်ပြီး မြုပ်တယ် ဆိုတာကတော့ ဟုတ်မယ် မထင်ပါဘူး“ 


“ မပြောတတ်ပါဘူးကွယ် သိန်းသိန်း တို့လည်း မလာသေးဘူးနော် ” 


ကျွန်တော်တို့သည် အတွေးကိုယ်စီ နှင့် တောင်ဘက် ရေပြင်ကို ကြည့်ရင်း ငေးနေကြပြန်လေသည် ။

နေကား အတော်စောင်းသွားပြီး ချိုလာလေသည် ။


အတန်ကြာသွားသောအခါ ကျွန်တော် က ရုတ်တရက် -


“ ဒါဖြင့် ကျွန်တော်တို့ ဘယ်လို လုပ်မှာလ ” 


မမြမှီ က အံ့ဩသွားသော မျက်နှာဖြင့် -


“ ဘာ ဘယ်လို လုပ်ဖို့လဲ ” 


“ ရှေ့ ကျွန်တော်တို့ ဘယ်လိုလုပ် နေသွားကြမှာလဲ ” 


“ ခုလို နေသွားကြရမှာပေါ့ မောင်လေး ရယ် ၊ အို .. ရှေ့ရေးတွေ ရှည်ရှည်ဝေးဝေးကြီး မစဉ်းစားကြစို့နဲ့လားကွယ် ၊ စိတ်ရှုပ်စရာကြီး ၊ ရှမ်းပြည် လာလည်ကြတုန်း ဘယ်လိုလုပ်ပြီး ပျော်ပျော်နေသွားကြမလဲ ဆိုတာသာ စဉ်းစားကြစို့ကွယ် ၊ မမ သိပါတယ် ၊ မောင်လေး မှာ အနေအထိုင်

ဆင်ခြင်ရတဲ့ အတွက် စိတ်ဆင်းရဲတယ် ၊ ရှမ်းပြည် မှာ နေတုန်း မောင်လေး ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ်ကြီး ညားခါစလင်မယား လို နေနိုင်အောင် မမ မှာ အစီအစဉ်တစ်ခု ရှိပါတယ် ”  


“ ဘယ်လို အစီအစဉ်လဲ မမ ၊ ကောင်းပါတယ်လေ ရှေ့ရေးကို ဖယ်ထားပြီး ရှမ်းပြည် မှာရှိတုန်း ” 


“ သိန်းသိန်း နဲ့ မချို က တောင်ကြီး သွားကြမယ် ၊ မမ ကတော့ လူစည်ကားတဲ့ တောင်ကြီး မလိုက်ချင်ဘူး ။ အေးအေးဆေးဆေး အနားယူနိုင်မယ့် ကလော ကို သွားမယ်ဆိုပြီး မောင်လေး နဲ့ သွားမယ် ။ တောင်ကြီး မှာ သုံးလေးရက် နေပြီးမှ သိန်းသိန်း တို့ ကလော လိုက်လာကြမယ် ၊ ပြီးတော့မှ အားလုံး ရန်ကုန် ပြန်ကြရော“ 


“ ကလော ဘယ်မှာ တည်းမှာလဲ ” 


“ ဟိုတယ် မှာ ” 


ကျွန်တော် က ပြုံးပြုံးကြီး လုပ်ပြီး ငြိမ်နေလိုက်လေသည် ။ မမြမှီ က ကျွန်တော့် ထိပ်ကို လက်ညှိုး နှင့် တွန်းထိုးလိုက်ပြီး -


“ အဲဒီ အစီအစဉ်အတိုင်း ကြိုက်ကဲ့လား ကိုယ်တော်မြတ်ကလေးရဲ့ ” 


ကျွန်တော် ကား ဘာမှ ပြန်မပြောတော့ဘဲ မမြမှီ ၏ ရင်ခွင်ကို ခေါင်းနှင့် ခွေ့လိုက်သည် ။ မမြမှီ သည်

ကျွန်တော့် ခေါင်းကို ယုယစွာ လက်နှစ်ဖက်ဖြင့် ကိုင်နေလေသည် ။ နောက်ပြီးတော့ မမြမှီ ၏

ရင်ခွင်မှာ ခေါင်းအုံးကာ ပက်လက်လျောင်း၍ နေလေသည် ။ သည်လိုနေကြရင်းလည်း

တစ်ယောက် မျက်နှာတစ်ယောက် ကြည့်၍ပဲ မဝနိုင်ကြပါ ။


ညောင်ရွှေ မှာ နောက်တစ်ရက် နေပြီးနောက် မမြမှီ စည်းဝါးတိုက်ထားသည့်အတိုင်း သိန်းသိန်း

တို့က တောင်ကြီး သို့ ၊ ကျွန်တော်တို့က ကလော သို့ သွားကြရန် ဦးနန္ဒ ၏ ကားဖြင့် ရွှေညောင် သို့

လာခဲ့ကြလေသည် ။ အပြင်လူများအမြင်မှာ အားလုံး သိန်းသိန်း ၏ အစီအစဉ်များ ဖြစ်နေလေသည် ။ မမြမှီ နှင့် ကျွန်တော် တို့က ကလော မှာ နေပြီး စောင့်ရန်ကိုပင် သိန်းသိန်း ပါးစပ် က အကြံပေးခြင်း ဖြစ်လေသည် ။


ဟိုတယ်ကလော ဆိုသော အထက်တန်းကျလှသည့် ဟိုတယ် မှာ ခြေရင်းခေါင်းရင်း အခန်းနှစ်ခန်း

ကို ငှားလိုက်လေသည် ။ တစ်ခန်း မှာ ဟန်ဆောင် ငှားထားခြင်းသာ ဖြစ်ပေသည် ။


ဟိုတယ်ကလော မှာ ဘူတာရုံ ထက် ပေသုံးရာမျှ မြင့်မည် ထင်ရသော တောင်ခါးပန်း တစ်ခု မှာ

 တည်ရှိလေသည် ။ ဝင်းခြံ မှာ ကျယ်ပြန့်ပြီး ပန်းမျိုးစုံ စိုက်ထားသည် ။ ဘေးပတ်လည်မှာ မြင့်မား

ခံ့ညားသော ထင်းရှူးပင်များရှိသည် ။ ခြံအောက်နား၌ စမ်းချောင်းတစ်ခု စီးဆင်းနေလေရာ

 တိတ်ဆိတ်သောအခါတွင် စမ်းချောင်းရေစီးဆင်းသံ ကြားနေရ၏ ။ ဟိုတယ် အခန်းများမှာ

ရေချိုးခန်း ကိုယ်စီ ရှိသည် ။ ဗီရို ၊ မှန်တင်ခုံ ၊ ကုလားထိုင်များ ၊ အိပ်ရာခင်းများတို့မှာ ဖြူစင်သန့်ရှင်းလှ၏ ။ ခေါင်းချလိုက်လျှင် အလိုက်သင့် အိဆင်းပေးသော ခေါင်းအုံးများမှာလည်း

အနံ့အသက် များကင်းရုံမက ရေမွှေးနံ့ ၊ ပန်းနံ့ကလေးများ ပေးထားသည် ထင်ရ၏ ။ နံရံများကို

ဖက်ဖူးရောင်ထက်နုသော စိမ်းနုရောင် ခြယ်ထားပြီး ကြမ်းပြင် မှာ အရောင်တဖိတ်ဖိတ် ထနေလေသည် ။


ကျွန်တော့် အဖို့ ဤမျှ အထက်တန်းကျသော အခန်းမျိုး မှာ တစ်ခါမျှ မအိပ်ဖူး ၊ မနေဖူးသေးပါ ။

စရိတ်စက ကြီးလှသည် ။ သို့သော် မမြမှီ ကား စရိတ်စက ကို မမှုပါ ။


အောက်ထပ်မှာ ထမင်းစားခန်း ၊ ဧည့်ခန်းနှင့် စာဖတ်ခန်းများ ရှိလေသည် ။ ကျွန်တော်တို့ကား

စားချိန်သောက်ချိန်က လွဲ၍ အောက်ထပ် မှာ မနေကြပါ ။ ဟိုတယ်တွင် တည်းခိုနေသော မည်သူမည်ဝါနှင့် မျှလည်း အသိ မလုပ်လို ၊ အသိလည်း မခံချင်ကြ ။ တည်းခိုသူများမျာ ဥရောပတိုက်သား

မျက်နှာဖြူများသာ များနေခြင်းကြောင့် ကျွန်တော်တို့ ပို၍ စိတ်အေးရလေသည် ။


ကျွန်တော်တို့သည် ဟန်းနီးမွန်း ထွက်သော ညားခါးစ လင်မယားနှင့် တူနေလေသည် ။


တစ်လောကလုံးတွင် ငါတို့ နှစ်ယောက်တည်း ရှိလျှင် ကောင်းလေစွဟု တောင့်တကြသည် ။ အခြား

သူတွေနှင့် မဆက်ဆံချင် ၊ စကား မပြောချင် ၊ နှစ်ယောက်တည်းသာ ပူးတွဲပူးတွဲ နေချင်သည် ။

ခေါင်းအုံးတစ်လုံးတည်း အတူ အုံးရသည်ကပင် ဝေးသလိုထင်ပြီး တစ်ယောက်လက် မောင်း

တစ်ယောက် အုံးပြီး အိပ်ချင်သည် ။ နှစ်ယောက်တည်းသာ စကားပြောနေချင်ကြသည် ။ ပြောစရာတွေကလည်း မကုန်နိုင် ။


တစ်ယောက် လက် မောင်း တစ်ယောက် အုံးရင်း စကား တတွတ်တွတ် ၊ တစ်ယောက်ခါး တစ်ယောက် ဖက်၍ ထိုင်ရင်း စကား တတွတ်တွတ် ၊ ပန်းခြံထဲမှာ နှစ်ယောက်သား လျှောက်ပြီး ဟောလီဟော့ ( ခ် ) ၊ ဒေလီယာ ၊ ခရစ်စ်သီမမ်စ် ၊ ကော့စ်မော့စ် စသည်များကို အံ့ဩ ကြည်နူးရင်း စကားတတွတ်တွတ် ၊ အတက်အဆင်း များသော်လည်း ချောမွေ့သာယာလှသော လမ်းများတွင် လက်ချင်းယှက်တွဲ လျှောက်ကြရင်း စကားတတွတ်တွတ် ။


ကျွန်တော် က ထိတ်လန့်တကြား မမြမှီ လက် မောင်းပေါ်တွင် အုံးမှီထားသော ခေါင်းကို

ထောင်လိုက်ပြီး -


“ မမ ခုနေ ကိုယ်လေးလက်ဝန် ရှိလာရင် ဘယ်လို လုပ်မလဲ ” 


မမြမှီ က ထောင်ထားသော ကျွန်တော့် ခေါင်းကို ညင်သာစွာ ဆွဲယူလျက် လက် မောင်းပေါ်မှာ

အုံးမြဲ အုံးစေပြီး နောက် -


“ မပူပါနဲ့ မောင်လေး ရယ် ၊ ဒီလို မဖြစ်အောင်  ၊ မမ သတိထားပြီးပါကွယ် ” 


“ ဘယ်လိုလဲ မမရဲ့ ” 


သို့ကလို မေးရင်း မိန်းမ တို့၏ ဓမ္မတာသွေး နှင့် ပဋိသန္ဓေ မည်သို့ မည်ပုံ ဆက်နေသည်ကို

 လည်းကောင်း ၊ မိန်းမ တို့၏ လျှို့ဝှက်အပ်သော အခြား ကိစ္စများကို လည်းကောင်း ၊ ပဋိသန္ဓေ

တားဆီးရေး ပြဿနာများကို လည်းကောင်း ၊ ဖိုမ လိင်ပြဿနာများကို လည်းကောင်း ၊ မမြမှီ ထံမှ

ဆည်းပူး ကြားနာရပေသည် ။ ကျွန်တော် မိန်းမတစ်ဦး နှင့် ဤလို ကိစ္စမျိုးကို ဤ တစ်ကြိမ်သာ

ဆွေးနွေးဖူးလေသည် ။ လိင်ကိစ္စ လျှို့ဝှက်ချက် များနှင့် ပတ်သက်၍ နားမလည်သည်သာ များခဲ့လေသည် ။ အဖေ အမေ ကလည်း သင်ပေးသည် မဟုတ် ။ ဆရာသမားကလည်း သင်မပေးခဲ့ ။

ဘုန်းကြီးကျောင်းသားဘဝ ကိုရင်ကြီး ကိုဘသန်း ထံ မှ မဟုတ်တရုတ်များ ကိုသာ ကြားနာဆည်းပူးခဲ့ရလေသည် ။ မမြမှီ ထံမှ ကျွန်တော် မသိဖူးတာတွေ သိဖူးကြားဖူးရသော အခါ ကျွန်တော်တို့

လူငယ်များအား လိင်ကိစ္စ ပညာ ကို ဆည်းပူးရမည်ဟု ပြောလေ့ရှိသည့် ကိုကြီးနု ကို သတိရမိလေသည် ။ အတွေ့အကြုံ ဝါရင့်သော မမြမှီ အားလည်း အထူးကျေးဇူးတင်မိလေသည် ။


မမြမှီ သည် ကလော ရောက်ကတည်းက အဆင်အပြင်ဟန် ပြောင်းလဲလိုက်လေသည် ။ အပြင်ထွက်လျှင် မျက် မှန်ညို ကို တပ်ထားသည် ။ ရန်ကုန် မှာ ဘီးဆံပတ်သေးသေး ထုံးသည့်အခါ ထုံးပြီး

ဘီးကျော်ပတ် လေယာဉ်ပျံ ဆံထုံး ထုံးသည့်အခါ ထုံးလေ့ရှိသော မမြမှီ သည် ဘီး မပါဘဲ နောက်တွဲ

ထုံးပြီး ပိုက်အနက်ဖြင့် ထိန်းအုပ်ထားလေသည် ။ သနပ်ခါး ကို မလိမ်းတော့ဘဲ မိတ်ကပ်ပေါင်ဒါများကိုသာ လိမ်းလျက် နှုတ်ခမ်း ကိုလည်း သဘာဝရောင် မဟုတ်ဘဲ နီရဲအောင် ဆိုးလေသည် ။

မျက်ခုံးလည်း ထင်းနေအောင် ဆွဲသည် ။


လမ်းလျှောက်ထွက် မည့် မနက်ခင်း က အခန်းထဲ မှ ပြင်ဆင်ပြီးထွက်လာသော မမြမှီ အား မြင်လိုက်ရသောအခါ ကျွန်တော် ပင် အံ့အားသင့်သွားသည် ။ မမြမှီ သည် ဆာ့ချ်သက္ကလတ် ဘောင်းဘီရှည် နှင့် တာဖက်တာ ရှပ်လက်တို ကို ဝတ်ထားသည် ။


“ ကျွန်တော် တောင် လူမှားသွားတယ် မမ ရယ် ” 


“ အေး ကောင်းတယ် ၊ တမင် လူမှားအောင် ဝတ်ဆင်နေရတာပါကွာ ” 


“ မမ ကို ဗိုလ်ဆန်ဆန် နေတတ်ထိုင်တတ် ဝတ်တတ်ဆင်တတ်တယ်လို့ ဘယ်တုန်းကမှ

မထင်မိခဲ့ဘူး ၊ ကြည့်စမ်း ခုတော့ ဝတ်လာလိုက်တာ အကျပဲ ၊ အရင်ကတည်းက ဒီလို ဝတ်ဆင်ဖူးရမယ် ၊ နေဖူးရမယ် ၊ ကျွန်တော်ပြောတာ ဟုတ်တယ် မဟုတ်လား ” 


“ ဒီလို ဝတ်ဆင်ဖူးတာ ကြာပြီကွယ် ၊ ဟောဒီ အင်္ကျီနဲ့ဘောင်းဘီ ကို သေသေချာချာ ကြည့် ၊ အတော်

အသက်ရှည်နေပြီဆိုတာ သိနိုင်တယ် ” 


“ ဘယ်လောက် ကြာပြီလဲ ၊ ဘယ်တုံးကလဲ ၊ ပြောပြစမ်းပါဦး အကြောင်းစုံ ” 


“ အတိတ်တွေ မေးမနေပါနဲ့တော့ကွယ် ” 


မမြမှီ က စကားပိတ်ပြီး ခပ်မြန်မြန် လျှောက်သည်နှင့် ကျွန်တော် လည်း ခပ်မြန်မြန် လိုက်ရလေသည် ။ နှစ်ယောက်စလုံး ရှူးဖိနပ် စီးထားကြသည် ။ ကျွန်တော် ကား မမြမှီ ၏ အတိတ်ကို

မမေးသော်လည်း တွေးနေမိသည် ။ ဦးထွန်းဝင်း နှင့် မညားမီ ဗိုလ်ကတော်များ ဖြစ်ခဲ့ဖူးလေသလား ၊ သို့မဟုတ် ဦးထွန်းဝင်း က ဗိုလ်ဆန်ဆန်မို့ ညားခါစက ဗိုလ်ဆန်စွာ နေခဲ့ကြလေသလား ။

သို့မဟုတ် -


ဟိုတစ်နေ့တုန်းက ရေလယ်ဗိုလ်တဲပေါ်မှာ မမြမှီ က ရှေ့ရေးတွေ ရှည်ရှည်ဝေးဝေးကြီး တွေးမနေကြပါစို့နှင့် ဟု ဆိုခဲ့သည် ။ ယခုတော့ အတိတ်တွေ မေးမနေပါနဲ့တော့ကွယ် ဟု ဆိုပြန်ပြီ ။

ကျွန်တော်တို့ သည် ပစ္စုပ္ပန်မှာသာ ခိုင်မြဲသည် ။ သေချာသည် ။ ထို ခိုင်မြဲသော သေချာသော

ပစ္စုပ္ပန် ကိုသာ အရအမိ ဖမ်းယူထားရတော့မည် ။ အစွမ်းကုန် အသုံးချရတော့မည် ။


တစ်ညနေ၌ ဟိုတယ်ကလော ပန်းခြံထဲ တွင် ကျွန်တော် က ပိုးတွန့်လုံချည်အဝါ နှင့် ဆွယ်တာ

အဝါ ကို ဝတ်ထားသော မမြမှီ အား ဒေလီယာ အဝါပွင့်ကြီး တစ်ပွင့် အနီး သို့ ခေါ်သွားပြီး -


“ ကြည့်စမ်း မမ ၊ ဒေလီယာအဝါပွင့်ကြီး က ဘယ်လောက် လှသလဲ ” 


“ အေးကွယ် လှလိုက်တာ လွန်ရော ” 


“ ဒေလီယာပွင့်ကြီး နဲ့ မမ ဟာ တထေရာ တည်းပါပဲ ၊ ဖွံထွားပြီး ကျက်သရေ ရှိတယ် ၊ လှလည်း

လှတယ် ” 


“ မမြှောက်ပါနဲ့ မောင်လေး ရယ် ၊ မမ မိုးပေါ်ရောက်သွားလိမ့်မယ် ” 


မမြမှီ သည် သဲသဲ့ရယ်ပြီးနောက် တည်သွားပြန်လေသည် ။ ပြီးတော့ ခပ်ညှိုးညှိုး ဖြစ်သွားပြီး -


“ တစ်ခုတော့ မောင်လေး ထည့်စဉ်းစားထားကွယ် ။ မမ ဟာ ကျလူပါ ၊ ဒီရုပ် ဒီရည်နဲ့ နေရလှ

 နောက်ထပ် ခြောက်နှစ် ခုနှစ်နှစ် ပါပဲ ။ အဲဒီတော့ ဒေလီယာပွင့်ကြီး ဟာ ဝတ်မှုန်တွေ လွင့်စဉ် ၊

ပွင့်ချပ်တွေ ကြွေပြီး ကျက်သရေတွေ အလှတွေ ကုန်ကုန်မှာပါပဲကွယ် ” 


“ အိုဗျာ မမ ကလည်း တစ်နေ့ကပဲ မမ ပဲ ပြောတယ် မဟုတ်လား ၊ ရှေ့ရေးတွေ ရှည်ရှည်ဝေးဝေး

မတွေးကြစို့နဲ့လားနော် ” 


“ အဲဒါပဲ ကောင်းပါတယ်လေ ၊ ကဲ လာ အပေါ်တက်ကြစို့ ၊ ချမ်းစိမ့်စိမ့် ဖြစ်လာပြီ ” 


သည်လိုနှင့် ကျွန်တော်တို့ နှစ်ယောက်သည် ကျယ်ဝန်းသော ကမ္ဘာလောကကြီး နှင့် အဆက်ဖြတ်ပြီး

အတိတ်န ှင့် အနာဂတ်ကို မေ့ဖျောက်ကာ ဟိုတယ်ကလော အချစ်ဇာတ် ကို အားရပါးရ ကလိုက်ကြပေသည် ။ အချိန် ဘယ်လို ကုန်သွားမှန်း မသိလိုက် ။ ရန်ကုန် သို့ ပြန်ကြရန် သိန်းသိန်း တို့

ရောက်လာကြတော့ ကကောင်းတုန်း ပွဲပျက်သွားသလို ဇာတ် ကို ရပ်လို့သာ ရပ်လိုက်ရသည် ၊

ခေါင်းပေါင်းဖြုတ်ဖို့ ၊ ပုဆိုးခေါက်ဖို့ ၊ သနပ်ခါးဖျက်ဖို့ ကိုပင် မေ့နေကြ သလို ရှိပေတော့သည် ။  


◾သိန်းဖေမြင့်


📖 အရှေ့ကနေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.

No comments:

Post a Comment