Sunday, October 17, 2021

သေလိုက်ချင်တာပဲ မောင်လေး ရယ်


 

❝  သေလိုက်ချင်တာပဲ မောင်လေး ရယ် ❞

မီးရထား သည် သာစည်ဘူတာ သို့ ဆိုက်ရောက်သောအခါ ကျွန်တော် တို့ တွဲများ ကို ဖြုတ်ပြီး သာစည်ရွှေညောင် ရထား သို့ ဆက်ပေးလိုက်သည် ။

ညနေ ၂ နာရီ လောက်တွင် သာစည်ဘူတာ မှ ထွက်ခဲ့ကြ၏ ။

နေသည် ချစ်ချစ်တောက် ပူလျက်ရှိသည် ။ ယာခင်းများက မျက်စိတစ်ဆုံး ရှိ၏ ။ ပဲ ၊ ပြောင်း ၊ နှမ်း ၊ ငရုတ် ၊ ဝါခင်းများ ၊ ကြိုးကြားကြိုးကြားတွင်ကား ချုံပုတ်တောစပ်များ ။ ၎င်းတို့သည် တစ်မိုးတွင်းလုံး ရေသောက်ထားကြသဖြင့် စိမ်းစိုလန်းဆန်း ရှိနေကြသော်လည်း နေပူကို သက်သာအောင် မလုပ်နိုင်ကြပေ ။

အရှေ့ဘက်သို့ ခုတ်မောင်းရင်း ရှုမြင်ကွင်းသည် တဖြည်းဖြည်း ပြောင်းလာသည် ။

ယာခင်း တွေ ကျဲလာပြီး ချုံပုတ် တောစပ်တွေ များလာသည် ။ ဝါးရုံတွေ ၊ ရေစီးနေသော ချောင်းမြောင်းတွေ တွေ့လာသည် ။ နေပူကျဲကျဲတွင် ပြာမှိုင်းမှိုင်းမြင်ရသော တောင်များ သည် စိမ်းရင့်ရင့် ဖြစ်လာကြလေသည် ။

မမြမှီ နှင့် သိန်းသိန်း တို့သည် ရေချိုးကြ၏ ။ သနပ်ခါးလိမ်းကြ၏ ။

မမြမှီ ရေချိုးခန်း က ထွက်လာသော အခါ သနပ်ခါးရေကျဲကျဲ လိမ်းပြီးသား ဖြစ်သည် ။ နောက်တွဲ ဆံထုံးမှာ ကပိုကရို နိုင်လှသည် ။ ဝတ်ထားသော လုံချည်မှာ အပွင့်အာအာ ၊ အရွက်အနွယ် သန်သန်ပုံ ရိုက်ထားသော ပါတိတ်လုံချည် ဖြစ်လေသည် ။ သူ့ ကိုယ်လုံးကိုယ်ပေါက် နှင့် အဆင်ပြေလှပေ၏ ။ သနပ်ခါးရေကျဲ ၊ နောက်တွဲဆံထုံးနှင့်လည်း ပနံရလှပေ၏ ။

“ မောင်တင်ထွန်း ရေမချိုးတော့ဘူးလား ”

“ ဟင့်အင်း မချိုးတော့ဘူး ၊ မန္တလေးရထား မှာ မနက် က တစ်ခါ ချိုးခဲ့ တော်ရောပေါ့ ”

“ မျက်နှာတော့ဖြင့် သွားသစ်ချေပါဦးကွယ် ၊ မျက်နှာမှာ အဆီတွေနဲ့ ”

“ ဟုတ်ကဲ့ ၊ ခဏနေတော့ သစ်တာပေါ့ ”

မချို ကား သိန်းသိန်း ၏ အဝတ်ဟောင်းများကို ခေါက်နေသည် ။ သိန်းသိန်း မှာ မူ ဇဝနပုံပြင် ကို ဆက်ဖတ်နေလေသည် ။ သူ ဝတ်ထားသော ပါတိတ်လုံချည်မှာ မမြမှီ နှင့် ဆင်တူဖြစ်၏ ။

ယင်းမာပင်ဘူတာ လွန်သောအခါ တောင်ခြေသို့ ရောက်လာသည် ။ ပင်စောက်သစ်ပင်ကြီးများ နှင့် ဝါးပိုးရုံကြီးများကို တွေ့ရသည် ။ ထင်းပုံများ ၊ သစ်လုံးကြီးများ ၊ သက်ငယ်ချပ် အပုံများ ၊ နွားလှည်းများ ၊ ကျွဲများ ၊ ဆင် နှစ်ကောင်သုံးကောင် ။

ယင်းမာပင် မှာ အိမ်ခြေ စည်ကား၏ ။ နေခင်းထိုင်ခင်း သာယာ၏ ။

ပင်းချောင်းကြီး ကို ကူးဖြတ်မိသည်နှင့် တစ်ပြိုင်နက် သိသိသာသာကြီး ရာသီဥတု ပြောင်းလာသည် ။ နေပူ သက်သာလာသည် ။ လေအေး တိုက်ခတ် တိုးဝင်နေသည် ။ မီးရထားမှာလည်း သာစည် မှ ထွက်ခါစကလို မမြန်တော့ချေ ။

တဖြည်းဖြည်း တောင်များပေါ်သို့ တက်လာကြသည် ။ လမ်း က အကွေ့အကောက် များလာသည် ။ တစ်တောင်တက်ပြီးလျှင် ရှေ့ က တစ်တောင် ပေါ်လာသည် ။

တောင်များမှာ အဝေးက ကြည့်လျှင်သာ ညို့မှိုင်းမှိုင်း နှင့် တစ်ရောင်တည်းဖြစ်သည် ။ မနီးမဝေး ကြတော့ စိမ်းညိုညို ၊ အနီးကပ် ကြည့်ရသောအခါ ရောင်မျိုးစုံလှသည် ။ ကျောက်တုံး ၊ ကျောက်ခဲ ၊ ကျောက်ဆောင် ၊ ကျောက်သားပြတ် များမှာပင် ရောင်မျိုးစုံလှသည် ။ ကျောက်သင်ပုန်းရောင် ကို ကျော်ဖြတ်ခုတ်မောင်း ပြီးနောက် ခဲရောင် သို့ ရောက်သည် ။ သံချေးရောင် နေရစ်ခဲ့ပြီး ထုံးခြောက်ရောင် က ကြိုနေသည် ။ မြေ ကလည်း အရောင် အမျိုးမျိုး ၊ မြေနီ ၊ မြေဝါ ၊ မြေနက် ၊ မြေဖြူ ၊ မြေပြာ ။ မြေနီလွှမ်းသော နေရာတွင် သစ်ပင်ပင်စည်သို့ပါ တက်၍ နီ နေသည်ကို တွေ့ရသည် ။

ရေစီး စမ်းချောင်းကလေးများ က တသုန်သုန် တသွင်သွင် နှင့် ကြည်လင် လှသည် ။ အောက်ခြေက ကျောက်စရစ်ခဲကလေးများကို မြင်နေရသည် ။ ငါး စောင့်ဖမ်းနေသော ဗျိုင်း များမှာ သမာဓိ ကောင်း လှသည် ။ ရထားသံကို ကြား မှ ကြားပါလေစ အောက် မေ့ရသည် ။

အချို့ ချောင်းဝှမ်းများ ထဲရှိ ကျောက်ဆောင်များ သည် ဘော်ရောင် တောက်ပြီး တစ်မျိုး လှနေကြ၏ ။

တောတောင်ရေမြေ တွင် ကျွန်တော် စိတ်ဝင်စားနေသလိုပင် မမြမှီ နှင့် သိန်းသိန်း တို့လည်း စိတ်ဝင်စား နေကြ၏ ။ သူတို့လည်း စကား မပြောနိုင်ကြ ။ စာ မဖတ်နိုင်ကြ ။ တံခါးပေါက်ဝမှာ ထိုင်ပြီး ဘေးပတ်ဝန်းကျင် ကိုသာ ကြည့်၍ လိုက်ပါလာကြလေသည် ။ မနားမနေ အလုပ်လုပ်၍ လိုက်ပါလာသော မချို ပင်လျှင် အလုပ်များ ချထားပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်နေလေသည် ။

မီးရထားကား အသားကျလည်း မပြေးနိုင် ၊ ကဆုန်လည်း မပေါက်နိုင် ။ ဟောဟဲလိုက်အောင် အစွမ်းကုန် အားထုတ်၍ ခုတ်မောင်းနေရလေသည် ။ အကွေ့အကောက် အန္တရယ် များလှသဖြင့် ဥဩသံကလည်း တညံတည်း ညံနေသည် ။ ဥဩသံနှင့် တဂျုန်းဂျုန်း ခုတ်မောင်းသံတို့သည် တောတောင် အလုံးကို လွှမ်းမိုး ထိုးဖောက်လျက် ရှိ၏ ။ ပဲ့တင်ခတ်လျက် ရှိ၏ ။

မသိန်းသိန်း က ကျွန်တော့် ဘက် လှမ်းပြီး -

“ ကိုတင်ထွန်း ဒါ ရှမ်းပြည် ထဲ ဝင်လာပြီလား ”

“ မဝင်သေးဘူး ခင်ဗျ ၊ နောက် တစ်ဘူတာ လောက် လိုသေးတယ် ထင်တယ် ”

ဘူတာများတွင် လူမျိုးစုံ တွေ့ရသည် ။ ဗမာ နှင့် ရှမ်း ကား ခွဲမရ ။ ပန်ချာပီ မုတ်ဆိတ် မှာ ထင်ရှားလှသည် ။ ဂေါ်ရခါးဘောင်းဘီကျပ် ခြေသလုံးလုံးကပ် သည် တောင်ပေါ်သားဘဝကို သရုပ်ဖော်ပေးနေသည် ။ ရောင်းချနေကြသော စားသောက်စရာတို့ကလည်း လူမျိုးစုံ သဘောကို ဆောင်နေကြသည် ။

ရေတကောင်း လိုက်ရောင်းနေသူတွေကိုလည်း တွေ့ရသည် ။

ကျွန်တော်တို့သည် စထရော်ဘယ်ရီ ခြင်းကလေးတွေကို ဝယ်ကြသည် ။

ဘူတာ တစ်ခုတွင် သစ်ခွပန်းတွေကို အပင်အမြစ် အအုံလိုက်နှင့်တကွ ရောင်းနေသည် ။ ကျွန်တော် က ပြေးဆင်းပြီး ဝယ်ယူလာသည် ။ မမြမှီ နှင့် မသိန်းသိန်း တို့က ပန်းများကို နှစ်သက် မြတ်နိုးစွာနှင့် ကြည့်ပြီး ရွှင်လန်းအားရစွာ ကြိုနေကြလေသည် ။

တွဲပေါ်သို့ ရောက်သောအခါ ကျွန်တော် က မမြမှီ လက်ထဲသို့ သစ်ခွပန်းများ ကို ပေးအပ်ရင်း -

“ မမ ကို ရှမ်းပြည် က ပန်းတွေ နဲ့ ဆီးကြိုနေတယ် ဆိုတာ ပြောပြချင်လို့ ကျွန်တော် ဝယ်ခဲ့တယ် ”

မမြမှီ က သစ်ခွပန်းများ နှင့် ကျွန်တော့် အား လွန်စွာ ကြည်နူးသော အပြုံးဖြင့် တစ်လှည့်စီ ကြည့်နေစဉ် သိန်းသိန်း ၏ မျက်နှာ က စူလာသည် ။

“ ကိုတင်ထွန်း ၊ သိန်းသိန်း ကိုတော့ ရှမ်းပြည် က ပန်းတွေ နဲ့ ကြို မနေဘူးလားဟင် ”

ကျွန်တော် ကား သည်တော့ မှ မမြမှီ အပေါ် ကွက်ကွက်ကလေး စေတနာ အထူးပြုချင်သည့် အမှားကို သတိရတော့သည် ။ ကိုယ့် အမှားအတွက် ရှက် မိသည် ။ သိန်းသိန်း ကိုလည်း အားနာသည် ။ အရှက်ဖြင့် မွှန်ထူနေသော ကျွန်တော် သည် သိန်းသိန်း မျက်နှာကို စေ့စေ့ မကြည့်ရဲဘဲ -

“ ကျွန်တော် မေ့သွားတယ် မသိန်းသိန်း ရယ် ”  ဟု ပြောပြီး ရထားပေါ် က ခုန်ချလိုက်ကာ ပန်းသည် ဆီ သို့ ပြေးခဲ့သည် ။ သိန်းသိန်း က စကားနာ ထိုးလိုက်ပြန်၏ ။

“ မေ့မှာပေါ့လေ တူမှ မတူဘဲ ”

ထိုအခိုက် မီးရထား ထွက်ရန် ဝီစီ မှုတ်လိုက်သည် ။ မမြမှီ က အော်၍ “ ရထား ထွက်တော့မယ် ပြန်လာခဲ့တော့ ၊ မဝယ်နဲ့တော့ ”

ကျွန်တော့် မှာ ရထားပေါ် ပြန်တက်ရတော့ မလိုလို ၊ ပန်းဆိုင် သို့ ဆက်ပြီး ပြေးရတော့ မလိုလိုနှင့် ဗျာများနေလေသည် ။

သိန်းသိန်း က ရယ် လိုက်သည် ။

“ ကိုတင်ထွန်း ၊ သိန်းသိန်း က ပြောင်တာပါ ၊ လာ ပြန်လာခဲ့ ၊ ရထား ထွက်တော့မယ် ”

ရထားပေါ် သို့ ပြန်တက်ခဲ့သည် ။ သို့သော် ရှက်စရာကောင်းသော အမှားကို မပြင်နိုင်သဖြင့် မချင့်မရဲ ဖြစ်နေလေသည် ။ တံခါးကို ပိတ်ပြီး အပေါက်ဝမှာပင် ရပ်နေသည် ။ ရထားက မထွက်သေး ။ ဥဩသာ ပေးနေ၏ ။

မမြမှီ -

“  .................  ”

သိန်းသိန်း ကား ဘာမျှ ပြန် မပြော ။ အငေါက်ခံရသော ကလေးကြီး လို လက်မထိပ် ကို ကိုက်ပြီး မျက်စိပေကလတ်ပေကလတ် နှင့် နေလေသည် ။

ကျွန်တော် သည် ပန်းသည် အား လှမ်းပြီး အော် ခေါ်လိုက်သည် ။ ပန်းသည် သည် သစ်ခွပန်းကိုင်းကို ဆွဲယူပြီး ပြေးလာသည် ။ ရထား က ထွက်စပြုလေပြီ ။

အပြေးအလွှားပင် ဝယ်ယူပြီး သစ်ခွပန်းကိုင်း ကို သိန်းသိန်း အား ပေးအပ်ရင်း -

“ ကျွန်တော် မှားသွားလို့ပါ မသိန်းသိန်း ရယ် ၊ ကျွန်တော့် အပေါ်မှာ စိတ် မရှိပါနဲ့ ၊ မသိန်းသိန်း ကို လည်း ရှမ်းပြည် က ပန်းတွေ နဲ့ ကြိုနေပါတယ် ”

သိန်းသိန်း ၏ မျက်နှာသည် ပြုံးစိစိ ဖြစ်နေသည် ။ သို့သော် လက် မထိပ်ကိုကိုက်လျက် မျက်စိကို ပေကလတ်ပေကလတ် လုပ်ကာ ပန်းကိုင်းကို မယူရဲဘဲ မမြမှီ အား ' ယူရမည်လား ' ဟု မေးသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည် ။

မမြမှီ က ပြုံးလိုက်သည် ။

“ ကိုင်း - ပေးသူ က ပေးနေတယ် ၊ ယူလိုက်လေ ”

မမြမှီ ၏ အမိန့် ရတော့မှ ဝမ်းသာအားရ လှမ်းယူလေတော့သည် ။

တောင်များ မှာ မြင့်သည်ထက် မြင့်လာပြီး လေ ကလည်း အေး လာလေသည် ။ ရထား သည် ရှေ့တိုးနောက်ဆုတ် လုပ်ပြီး ခုတ်မောင်းရသောနေရာများသို့ ရောက်လာသည် ။ ရက်ကန်းစင် မှာ လွန်းထိုးနေသည်နှင့်လည်း တူသည် ။ ဟိုဘက် ထိုးလိုက် ၊ သည်ဘက် ပြန်ထိုးလိုက် တက်တက် လာကြသည် ။ မမြမှီ နှင့် သိန်းသိန်း တို့သည် ဆွယ်တာများ ဝတ်ကြ၏ ။

ရထားသည် မကြာခဏ ဥမင်လိုဏ်ခေါင်းကြီးများကို ဖြတ်ရသည် ။ မှောင်ထုထဲ တိုးဝင်သည် ။ ခုတ်မောင်းသံ သည် ဘေးသို့ မပြန့်ဘဲ ကျွန်တော်တို့ နားထဲ တဝုန်းဝုန်း နှင့် လုံးဝင်လာလေရာ ထို အသံမှတစ်ပါး ဘာသံမျှ မကြားရ ။ ကိုယ့် စကား ပြောသံကိုပင် မကြားနိုင် ။ အမှောင်ထုကြားထဲ ရောက်ရာကနေပြီး ရှေ့ဝေးဝေးမှ အလင်းရောင် ဝင်နေသော အပေါက်ဝကို မျှော်ကြည့်လိုက်ရသည်မှာ အားတက်စရာတစ်မျိုး ဖြစ်နေသည် ။ မျှော်လင့်ချက်ရောင်ခြည် ဆိုသောစကားကို သတိရ၏ ။

ရောင်စုံပန်းတို့ဖြင့် အရမ်းပွင့်နေသော ချုံနွယ်ပိတ်ပေါင်းများ ။ နှင်းဆီ လိုလို ၊ ဂန္ဓမာ လိုလို ။ နှင်းပန်းတွေ ၊ သစ္စာပန်းတွေ ၊ ဗုဒ္ဓသရဏပန်းတွေ ရိုင်းနေကြဟန်တူသည် ။

မမြမှီ သည် လှပသော ပတ်ဝန်းကျင်တွင် ငေးမောနေရာမှ -

“ ပေါက်လိုက်တဲ့ ပန်းတွေ နော် ၊ ရိုင်းနေလို့သာ ”

ကျွန်တော် သည် ချမ်းစိမ့်စိမ့် ဖြစ်လာသည်နှင့် မမြမှီ ပေးသော ဆွယ်တာ ကို ဝတ်နေရင်း -

“ ရိုင်းတာ နဲ့ ယဉ်တာ သိပ်မကွာပါဘူး မမ ရယ် ၊ သဘာဝအားဖြင့် အရိုင်းချည်းပဲပေါ့ ၊ လူတွေက ပြုပြင်ပေးလိုက်တော့ ယဉ်သွားတာပါပဲ ၊ ကျွန်တော့် ကို ကြည့်ပါလား ”

အတွင်းက ရှပ်အင်္ကျီ ခေါက်နေသဖြင့် ဆွယ်တာ ခိုးလိုးခုလု ဖြစ်နေသည်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်နေသော ကျွန်တော့် အား အရိပ် တကြည့်ကြည့်ဖြင့် ပြုံးနေသော မမြမှီ က -

“ ဆိုစမ်းပါဦး ”

“ မမ က အစစအရာရာ ပြုပြင်ပေးတော့ ကျွန်တော် ဟာ အရိုင်း မဟုတ်တော့ဘူး ၊ ယဉ်လာတယ် မဟုတ်လား ”

မမြမှီ က ပြည်တည်တည် ( ပြီတီတီ ) ရယ်လိုက်သည် ။

“ ဟာ ဟ ဘာမှလည်း ပြုပြင် မပေးရသေးပါလား မောင် ၊ နဂိုက ယဉ်ပြီးသားပါ ”

မချို သည် သိန်းသိန်း အား တောင်ယာခင်းတစ်ခင်းကို လက်ညှိုးထိုး ပြနေသည် ။ တောင်ယာခင်း တွင် သင်တိုင်းပြည်ရှည်ရှည် ၊ ဘောင်းဘီပြာကျပ်ကျပ် နှင့် ပုတီးနားတောင်းနီနီများကို ဝတ်ဆင်ထားသော မိန်းမများ သည် အရိုးရှည်ပေါက်တူးဖြင့် မြေဆွနေကြလေသည် ။

၎င်းနောက် တောင်ကြားများတွင် အဆင့်ဆင့်လုပ်ထားသော လယ်ကွက်စိမ်းစိမ်းများ ကို မြင်ရသည် ။ လယ်ကွက်ကလေးများမှာ ကျဉ်းမြောင်းလှ၏ ။ မြန်မာပြည်တွင် မြင်ရတတ်သော လယ်ကွက် များနှင့် ခြားနားလှ၏ ။

သွယ်တန်းမြင့်မားသည့် ထင်းရှူးပင်များ ၊ ပိုင်းပင်များအောက်သို့ ကိုင်းညွတ်မကျဘဲ အထက်သို့ တိုးတက်နေသော အကိုင်းအခက်ရှိသော အခြားသစ်ပင်များ ၊ မီးရထား သည် ထို အပင်များကြားမှ ခုတ်မောင်းရင်း ကလောမြို့ သို့ ဝင်ခဲ့လေသည် ။ နီ၍ စောက်သောအမိုးနှင့် မီးခိုးတိုင်ရှိသော တိုက် များ ၊ အိမ်ဝင်းတိုင်း ပန်းခြံ ဖြစ်နေသည် ။ ပန်းတိုင်းကလည်း ဆန်းသည် ။

မီးရထား က တဖြည်းဖြည်း ခုတ်မောင်းဝင်သည် ။ အိမ်ဝင်းတွေထဲမှာ ကစားနေကြသော အင်္ဂလိပ် ကလေးများ နှင့် ဗိုလ်ခွေးများ သည် အကစား ရပ်ပြီး မီးရထားကို ကြည့်နေကြသည် ။

သိန်းသိန်း က ကျွန်တော့် ဘက် လှမ်းပြီး -

“ ကိုတင်ထွန်း ဟိုခွေးကြီး က သိပ် ကြီးတာပဲနော် ၊ လှလည်း လှပါဘိသနဲ့ ၊ ဘာ ခွေးပါလိမ့် ”

“ ဂရေးဟောင်း ဆိုတာ ထင်ပါရဲ့ဗျာ ၊ ကျွန်တော်လည်း ကောင်းကောင်း မသိပါဘူး ၊ ကလောမြို့ အနီးတစ်ဝိုက် မှာ ကျားသစ် တွေ ပေါသတဲ့ ၊ ညညဆိုရင် မြို့ထဲ ဝင်တတ်သတဲ့ ၊ ဒီ ခွေးကြီးတွေက ကျားသစ် ကို မကြောက်ဘူးဆိုပဲ ”

“ ကျားသစ်တွေ လာတယ် ဟုတ်လား ၊ ကြောက်စရာကြီး နော် ၊ သိန်းသိန်း ဖြင့် ဒီလို နေရာမှာ မနေချင်ပေါင် ”

မမြမှီ -

“ ပန်းတွေက သိပ်လှတာပဲနော် ၊ ဆန်းလည်း ဆန်းတယ် ၊ ဘာ ပန်းတွေလဲ မောင်လေး ”

“ ကျွန်တော်လည်း နာမည်သာ ကြားဖူးတာ ၊ ဘယ်ဟာ ဘာမှန်း မသိဘူး ၊ ဟောလီဟော့ ၊ ဒေလီယာ ၊ လီလီ ”

“ မြို့က သိပ်သာယာတာပဲနော် ၊ ဗမာမြို့နဲ့တော့ လုံးလုံး မတူဘူး ”

“ ဘယ်တူမှာလဲ မမ ရဲ့ ၊ အင်္ဂလိပ် တွေက ပူအိုက်တဲ့ မြန်မာပြည်ကို စီးပွားရေး သွေးစုပ် ၊ တိုင်းပြည်ကို အုပ်ချုပ်ရင်း မောတဲ့ ချွေးကျတဲ့ အခါ အနားယူဖို့ ဆောက်ထားတဲ့ စခန်းကိုဗျ ၊ အမောလည်း ပြေစေရမယ် ၊ နေပူလည်း သက်သာစေရမယ် ၊ ကိုယ့်ပြည်ကို အလွမ်းလည်း ပြေစေရမယ်ဆိုတဲ့ သဘော နဲ့ အင်္ဂလိပ်မြို့ ကလေး တည်ထားတာ ”

“ အပြန်ကျရင် မမ တို့ ဝင်မယ် ၊ တော်တော်ကြာကြာလည်း နေမယ် ”

ရထားဆိုက်သောအခါ ညစာ ဝယ်၍ စားကြသည် ။

အင်္ဂလိပ်များ ၊ ကပြားများနှင့် က̶̶ု̶̶လ̶̶ာ̶̶း̶များ အများအပြားတွေ့ရသည် ။ အင်္ဂလိပ်လို ဝတ်ဆင်ထား သော ရှမ်း နှင့် မြန်မာများကိုလည်း တွေ့ရသည် ။

ရထား သည် ဆက်လက်ထွက်ပြီး ရွှေညောင်ဘူတာ သို့ ရောက်သောအခါ ည ၈ နာရီ လောက် ရှိနေလေပြီ ။

ရွှေညောင်ဘူတာ ဝင်း မှာ ကျယ်ဝန်း၏ ။ ပန်းပင်များ စိုက်ထားသဖြင့် သာယာ၏ ။ ဘူတာမှာ ရှည်လျားပြီး ဒုတိယတန်း နှင့် ပထမတန်း ခရီးသည်များအတွက် ညဉ့် တည်းခိုရန် ထားသော အခန်းများ ရှိလေသည် ။

ကျွန်တော်တို့ သည် ရထားဆိုက်လျှင် ဆိုက်ချင်း ဆင်းပြီး တည်းခိုခန်းများကို သွားကြည့်လေသည် ။ အခန်းများ မှာ လုံလုံခြုံခြုံ ရှိရုံမက သန့်ရှင်းသပ်ရပ်လှပေသည် ။ ကြမ်းပြင်မှာ အရောင်တောက် နေသည် ။ ဆောင်းတွင်းအတွက် မီးဖိုရန်နေရာများပင် ရှိ၏ ။ ရေချိုးခန်း နှင့် အိမ်သာများမှာလည်း အိပ်ခန်း နှင့် ဆက်နေပြီး ဗိုလ်အိမ်များမှာလိုပင် သန့်ရှင်း၏ ။

“ ကျွန်တော် အခန်းတွေကို ကြည့်ခဲ့တယ် ၊ သိပ်ကောင်းတာပဲ ၊ ဂါတ်ဗိုလ်က ပြောတယ် ၊ အခန်းထဲမှာ မအိပ်ချင်ရင် တွဲထဲမှာပဲ အိပ်နိုင်တယ်တဲ့ ။ သို့ပေမယ့် တွဲထဲမှာ အိပ်ရင်တော့ နံနက်စောစောကြီး ထရမယ်တဲ့ ၊ ရထားက စောစော ထွက် မှာကိုး ”

မမြမှီ က တွေနေသည် ။ သိန်းသိန်း က -

“ မနက်စောစော ထရရင်တော့ ဟန်မကျဘူး ထင်တယ် မြမြ ရယ် ”

မမြမှီ -

“ တံခါးတွေ ဘာတွေ လုံခြုံရဲ့လား ၊ တွဲပေါ်ကတော့ လုံခြုံတယ် ။ သူခိုး မပြော နဲ့ ဓားပြတောင် ဖောက်နိုင်မယ် မထင်ဘူး ”

“ ဟိုအခန်းတွေလည်း လုံပါတယ် မမ ရဲ့ ၊ ဒါပေမဲ့ ခုတင်တော့ ၂ လုံးပဲ မြင်ခဲ့တယ် ”

သိန်းသိန်း -

“ ဒါက ကိစ္စ မရှိပါဘူး ၊ ကိုတင်ထွန်း ရယ် မြမြ ရယ် ခုတင်တစ်လုံး စီ အိပ်ကြပေါ့ ။ သိန်းသိန်း နဲ့ မချို တို့က ကြမ်းပြင်ပေါ် မှာ အိပ်နိုင်ပါတယ် ”

မမြမှီ -

“ အိုကွယ် ခုတင် က ကိစ္စ မရှိပါဘူး ၊ အကုန်လုံး ကြမ်းပြင်ပေါ် စီတန်းအိပ်နိုင်တာပဲ ။ မောင်လေး သဘောအတိုင်း ဆုံးဖြတ်ပေတော့ ၊ အရေးရယ် အကြောင်းရယ် ဆိုရင် ယောက်ျားသား က မောင်လေး ပဲ ရှိတာ ”

“ အခန်းထဲမှာပဲ ကြမ်းပြင်ပေါ်မှာ စီတန်းအိပ်ကြတာပေါ့ ။ သူခိုး ဓားပြ ဘာမှ ကြောက်စရာ မရှိပါဘူး ၊ ကျွန်တော်တို့ ဗမာပြည်လို မဟုတ်ပါဘူး ”

ကျွန်တော်တို့သည် တည်းခိုခန်းထဲတွင် အိပ်ကြလေသည် ။ ကြမ်းပေါ်မှာ ကျွန်တော်တို့ ၏ အိပ်ရာများကို စီတန်းခင်းလိုက်ကြသည် ။ ကျွန်တော် ၊ ပြီးတော့ မမြမှီ ၊ ပြီးတော့ မချို ၊ ပြီးတော့ သိန်းသိန်း ။ သိန်းသိန်း ဟိုဘက် မှာ နံရံ သာ ရှိတော့သည် ။ ခြင်ထောင် ထောင်ရာမှာ အခက်အခဲ အနည်းငယ် တွေ့သည်မှလွဲ၍ အားလုံး ချောမွေ့လွယ်ကူပေသည် ။

ဘူတာရုံဝင်း အပြင်ဘက် ပေတစ်ရာ လမ်းမကြီးပေါ်တွင် လက်ဖက်ရည်ဆိုင်များ ရှိရာ ကျွန်တော် နှင့် မမြမှီ သွားပြီး ကော်ဖီ နှင့် နံ့သာပုငှက်ပျော တစ်ဖီး ကို ဝယ်ခဲ့ကြသည် ။

ကော်ဖီသောက် ၊ ငှက်ပျောသီး စားပြီး၍ ကိုယ်လက် သန့်စင်ပြီးသည် ဆိုလျှင်ပင် သိန်းသိန်း ကား အိပ်လေတော့၏ ။ သိန်းသိန်း အိပ်သည်ဆိုလျှင် မချို လည်း အိပ်လေတော့၏ ။ ကျွန်တော်တို့ နှစ်ယောက်ကား ညားခါစ လင်မယား ဟန်းနီးမွန်း ထွက်သကဲ့သို့ပင် ရှိတော့သည်တကား ။

ကမ္ဘာလောကကြီးမှာ ကျွန်တော်တို့ နှစ်ယောက်တည်း ရှိလျှင် ကောင်းလေစွဟု တောင့်တကြသော အချိန်အခါ  ဖြစ်လေသည် ။

မမြမှီ သည် နံနက်အစောကြီး ထပြီး ကျွန်တော့် ကို နှိုးလေသည် ။ သိန်းသိန်း နှင့် မချို တို့ကား မနိုးကြသေး ။

ပြတင်းပေါက် များ၏ အထက် မှာ ကျောက်စိမ်းမှန် တပ်ထားသော ကောင်းကင်ပြတင်းများ ရှိလေသည် ။ ထိုပြတင်းများမှ စိမ်းလဲ့သော လင်းရောင်မှုန်မှုန်သည် အခန်းတွင်းသို့ ဝင်နေသည် ။

မမြမှီ ကား မျက်နှာသစ်ပြီး ၊ ခေါင်းဖြီးပြီး ၊ အဝတ်လဲပြီး ဖြစ်နေ၏ ။ ညတုန်းက မနက် နေမထွက် မီ ထပြီး အနီးအနား လမ်းလျှောက်သွားကြမည်ဟု ပြောထားခဲ့သည် မဟုတ်ပါလား ။

ကျွန်တော် ရေချိုးခန်းထဲမှ မိုးလင်းကိစ္စတွေပြီး၍ ထွက်လာသောအခါ မမြမှီ သည် ကျွန်တော့် အိပ်ရာ သိမ်းထားနှင့်လေပြီ ။ မိခင်နှင့် ကင်း၍ ဝေးရာမှာ နေရကတည်းက နံနက်လင်းတိုင်း ကိုယ့်အိပ်ရာ ကိုယ့်ဘာသာ သိမ်းခဲ့ရသည် ။ ယခု မမြမှီ က သိမ်းထားနှင့်သောအခါ မမြမှီ အပေါ် ချစ်စရာ တစ်ကွက် တိုးလာပြန်လေသည် ။

မမြမှီ က တံခါးမကို ဖွင့်ရင်း အဝတ်လဲနေသော ကျွန်တော့် အား -

“ မောင်လေး ၊ အပေါ်က ကုတ်အင်္ကျီ ဝတ်ခဲ့နော် ၊ နည်းနည်း အေးတယ် ”

တံခါးပွင့်သွားသဖြင့် မှုန်ရီအေးမြသော နံနက်ခင်းလင်းရောင်သည် အခန်းထဲဝင်လာသည် ။ မမြမှီ ကား ကတ္တီပါရင်ဖုံးအင်္ကျီကို ဝတ်ထား၏ ။ ဘာအရောင်ဟုကား သဲကွဲစွာ မမြင်ရ ။

ကောင်းကင်ကား ကြည်လင်လျက် ရှိ၏ ။ များသောအားဖြင့် ကြယ်များမှာ ငြိမ်းကုန်ကြပြီ ။ အချို့သာ အရောင်အဝါကင်းမဲ့စွာဖြင့် မှိတ်တုတ်မှိတ်တုတ် လုပ်နေရစ်ခဲ့ကြ၏ ။ အရှေ့ဘက်သို့ ကြည့်လိုက်သော် မိုးကုပ်စက်ဝိုင်းသည် ညိုမည်းနေသည် ။ တောင်ကြီးမြို့ တည်ရာ မြင့်မားသော တောင်တန်းကြီးများ ဖြစ်ဟန်ရှိ၏ ။ ညိုမည်းသော မိုးကုပ်စက်ဝိုင်းပေါ်တွင် နီရောင်စို့တန်းများ ဖြာထွက်နေ၏ ။ မြောက်ဘက် မှာကား မှိုင်းညို့ညို့ ကုန်းမို့တောင်ကမူ တောင်နိမ့်များ ၊ တောင်ဘက် မှာမူ နှင်းငွေ့ရီဝေသော ညောင်ရွှေတောင်ကြား မြေပြန့် နှင့် အင်းလေး ။

ဘူတာရုံ အနောက်ဘက်တွင် ရှန်တိန် လုပ်ပြီး ကလောဘက် ပြန်ထွက်ရန် အသင့်စောင့်နေသော မီးရထား ။

ကျွန်တော်တို့သည် အရှေ့ဘက် ညိုမည်းသော မိုးကုပ်စက်ဝိုင်း နှင့် ရောင်နီစို့တန်းများသို့ မျက်နှာမူ၍ လျှောက်လာကြ၏ ။ ကျွန်တော့် ဘယ်ဘက်လက် နှင့် မမြမှီ ၏ ညာလက် များမှာ ယှဉ်တွဲနေကြသည် ။ သည်လို နှစ်ယောက်သား လျှောက်ရာမှာ ဖြစ်စေ ၊ ထိုင်ရာမှာ ဖြစ်စေ ၊ အိပ်ရာမှာ ဖြစ်စေ ယှဉ်တွဲမိတိုင်း ကျွန်တော် က မမြမှီ ထက် ကိုယ်ကာယအားဖြင့်လည်း ကြီးထွားသည် ။

မိန်းမ ဟူသည် အားနွဲ့သော အမျိုးဟူသော သဘောကလည်း ရှိပြန်သည် ဖြစ်ရကား အသက် ခြားနားမှု သည် ပျောက်ပျောက်နေတတ်ပေ၏ ။ မမြမှီ ကလည်း ငယ်ရွယ်သူလို ပြုမူတတ်ပေ၏ ။

“ မောင်လေး ခြေလှမ်းကြီး က သိပ် ကျဲတာပဲ ၊ မမ လိုက် မမီတော့ဘူး ”

ကျွန်တော် ကား ခြေလှမ်းစိပ်လိုက်ပြီး ဖြည်းဖြည်းကလေး လျှောက်ရင်း ခစ်ခနဲ ရယ်သွမ်းသွေးလျက် -

“ ကိုကို့ ခြေလှမ်းကြီးကလည်း သိပ်ကျဲတာပဲလို့ ပြောပါလား မမရယ် ၊ တစ်ခါတစ်ခါ ခုလို လွတ်လပ်တုန်း ကိုကို လို့ ခေါ်တာ သိပ် ကြားချင်တယ် ”

မမြမှီ သည် ကျွန်တော့် လက် မောင်းအိုး ကို သူ့ ပါး နှင့် ကပ်မိသည့်တိုင်အောင် ခေါင်း ကို ငဲ့ထားကာ -

“ ကိုကို့ ခြေလှမ်းကြီး က သိပ် ကျဲတာပဲ ၊ မြ လိုက်လို့တောင် မမီတော့ဘူး ”

ကျွန်တော် က မမြမှီ ၏ ခါးကို ဖက်လိုက်သည် ။ မမြမှီ ကလည်း ကျွန်တော့် ခါး ကို ပြန်ဖက်လိုက်၏ ။

ထိုအတွင်း ရှေ့က ချုံပုတ်ကလေးထဲ မှ ငှက်တစ်ကောင် သည် ဝရီးခနဲ ထိုးပျံထွက်သွားလေသည် ။ မမြမှီ မှာ တကယ် ပင် လန့်ဖျပ်သွားပြီး ကျွန်တော့် အား တင်းကျပ်စွာ ဖက်လျက် ရပ်နေသည် ။

“ မလန့်ပါနဲ့ မမ ရယ် ၊ ခါ တစ်ကောင် လန့်ပြီး ထွက်ပြေးတာပါ ။ ဟော ကြားလား ၊ ခါတွန်သံ ၊ လန့်စရာ မဟုတ်တာ မမ ကလည်း ”

ခါတွန်သံ ကို နားထောင်ပြီး မမြမှီ သည် အလန့်ပြေသွားသည် ။ ရှေ့ဆက်လျှောက်သောအခါ ဘုတ်သံ ကို ကြားရလေသည် ။

“ အဲဒါ ဘာသံလဲ ၊ သိပ် သာယာတာပဲနော် ”

“ ဘုတ်သံ လေ ၊ ရန်ကုန် မှာတော့ အင်းလျားတစ်ဝိုက် နဲ့ ကုက္ကိုင်း ဘက် မှာသာ ကြားရတယ် ။ ဘုတ် ဟာ အစောဆုံး နိုး တဲ့ ငှက် ဖြစ်ဟန် တူတယ် ။ အရုဏ်ရောင်ခြည်မပေါ်မီ မှောင်တုန်းတောင် ထ မြည်တတ်တယ် ”

အရှေ့ဘက် ညိုမည်းသော မိုးကုပ်စက်ဝိုင်း သည် ညိုရုံသာ ညိုတော့သည် ။ ညိုသော မိုးကုပ်စက်ဝိုင်းပေါ်မှ ရောင်နီစို့တန်းများသည်လည်း ပန်းရောင်စို့တန်းများ ဖြစ်လာသည် ။ ရထားလမ်း အဆုံးသို့ ရောက်လာသည် ။ ကျောက်စရစ်ခဲများမှာ ကြီးလာသည် ။ လမ်းကလေးမှာ မြက်ထူလာသည် ။

“ ရန်ကုန် နဲ့ မတူဘူး ၊ သိပ်သာယာတာပဲနော် မောင်လေး ”

“ မမ ကလည်း ကိုကို လို့ ခေါ်ပါ ဆိုနေတာ ”

“ သူကတော့ မမ လို့ ခေါ် နေပြီးတော့ သူ့ ကိုတော့ ကိုကို လို့ ခေါ်ရမယ်တဲ့ ”

“ မြလေး လာ ဟိုပေါ် မှာ ခဏ ထိုင်ရအောင် ”

မြောက်ဘက်နားမှာ ကြီးမားသော ကျောက်တုံးကြီး တစ်ခု ထီးထီးကြီး တည်နေသည် ။ သေတ္တာကြီး နှင့် တူသေးတော့သည် ။ ဘေးမှာလည်း အမှိုက်သရိုက်သစ်ပင် ကင်းစင်သော မြေသားသာလျှင် ရှိနေလေသည် ။

ကျောက်သေတ္တာကြီး ပေါ်မှာ အရှေ့သို့ မျက်နှာမူ၍ ထိုင်နေကြလေသည် ။ အရှေ့ဘက် မိုးကုပ် စက်ဝိုင်းညိုပေါ်မှ ကောင်းကင်သည် ပန်းရောင်စို့တန်းများပျောက်ပြီး နီတစ်ကန့် ၊ ဝါတစ်သန့် ၊ ညိုတစ်လွှာ ၊ ပြာတစ်ထပ် ၊ ဖြူတစ်ဆင့်ဖြင့် ရောင်မျိုးစုံ လွှင့်နေလေသည် ။

ငှက်ပေါင်းစုံ ကျူးရင့်သံများကိုလည်း ကြားရလေပြီ ။

မမြမှီ သည် သူ့ ညာလက် ကို ကျွန်တော့် ကျောကုံးပေါ်မှာ ဖြတ်ပြီး ကျွန်တော့် ညာဘက်ပခုံး ကို ဖက်ကိုင်ထားသည် ။ သူ့ ဘယ်လက်ဖြင့် ကျွန်တော့် ဘယ်ဘက် လက် မောင်းကို ကိုင်လိုက်ပြီး -

“ မောင်လေး ”

“ မြလေး ကလည်း ၊ ကိုကို လို့ ခေါ်ပါ ဆိုနေ ”

“ ကိုကို ”

“ မြလေး ”

“ မောင်လေး ကျေနပ်အောင်တော့ ကိုကို လို့ ခေါ်ဆိုရင် ခေါ်နိုင်ပါတယ် ၊ သို့ပေမယ့် မြကလေး လို့တော့ မခေါ်ပါနဲ့ကွယ် ”

“ ဘာလို့လဲ မြလေး ရဲ့ ”

“ တမင် အရွဲ့တိုက် ခေါ်သလို ဖြစ်နေတယ် ကွယ် ။ မမ လို့ မခေါ်ချင်တဲ့ အခါ မှာ မြ လို့သာ ခေါ်ပါ ၊ မြလေး ဆိုတော့ မမ က ဆယ်နှစ်ကျော်ကျော် ကြီးနေတာကို တမင် သတိပေးနေသလို ဖြစ်သွားတယ် မောင်လေး ရယ် ”

မမြမှီ ၏ အသံမှာ တကယ်ပင် ကြေကွဲနေ၏ ။

“ တကယ်ပါပဲ မမ ရယ် ၊ ခုလို ချစ်ကြင်နာစွာနဲ့ ယှဉ်တွဲနေရတဲ့အခါမှာ အသက် ကွာခြားမှုဟာ ကျွန်တော့် စိတ်မှာဖြင့် လုံးဝပျောက်နေတာ အမှန်ပါပဲ ။ သို့ပေမယ့် မြလေး ဆိုတာက တမင် သတိပေးသလို ဖြစ်နေရင် မြ လို့ပဲ ခေါ်မယ် ၊ ဒီလိုဆိုရင်ဖြင့် ကျွန်တော့် ကိုလည်း ကိုကို လို့ မခေါ်နဲ့ ၊ မောင်လေး လို့လည်း မခေါ်နဲ့ ”

မမြမှီ က ကျွန်တော် စိတ်ကောက်သွားလေပြီလား ဟု စိုးရိမ်သော အမူအရာ ဖြင့် -

“ အို မောင်လေး ကျေနပ်အောင် ကိုကို လို့ ခေါ်ပါ့မယ် ဆိုနေတာပဲ ”

“ ကိုကို လို့ ခေါ်တော့လည်း အသက်ခြားနားမှု ကို တမင် သတိပေးနေသလို ဖြစ်မှာ စိုးရတာပဲ ၊ ဒီတော့ မောင် လို့ပဲ ခေါ်ပါ ”

မမြမှီ သည် အတော် သဘောကျသွားဟန် ရှိသည် ။ ကျွန်တော့် ပါးကို တစ်ချက် နမ်းလိုက်သည် ။

“ မြ ”

“ မောင် ”

“ မြ ရယ် ဟောဒီလို သာယာတဲ့ နံနက်ခင်းရဲ့ သဘာဝအလှကို အမြဲ ကြည့်နေချင်တယ် ၊ ကြည်လင်အေးမြတဲ့ ငှက်ပေါင်းစုံတို့ရဲ့ ကျူးရင့်သံကို အမြဲ ကြားနေချင်တယ် ၊ မောင် ချစ်တဲ့ မြ နဲ့ ဟောဒီလို ယှဉ်တွဲပြီး အမြဲတမ်း နေချင်တယ် ၊ မြ ရေ ရန်ကုန် ကို မပြန်ချင်တော့ဘူး ”

မမြမှီ သည် ကျွန်တော့် မျက်နှာကို စေ့စေ့ကြည့်ပြီး ငေးမောနေသည် ။ အတန်ကြာတော့ မျက်နှာမှာ နွမ်းလျလာသည် ။ နောက်တော့ ညိုမဲ သွားသည် ။ နောက်ဆုံးတွင် ကျွန်တော့် ဘယ်ဘက် လက် မောင်း ကို ဆုပ်ကိုင်ထားသော သူ့ ဘယ်လက်ကို ဖြေလိုက်ပြီး ကျွန်တော့် ညာဘက် လက် မောင်း ကို ဖက်ကိုင်ကာ ကျွန်တော့် ရင်ဘတ်ပေါ်တွင် သူ့ မျက်နှာ ကို ကပ်ထားလိုက်သည် ။

ဤနည်းဖြင့် မမြမှီ က အချစ်ပြလိုက်သည် ဟု ထင်မိသေး၏ ။ သို့သော် ကျွန်တော် ကား မှားလေပြီ ။ မမြမှီ သည် တရှုပ်ရှုပ် ငိုနေလေပြီ ။ ကျွန်တော် ကား ဘယ်လို လုပ် ချော့ရမှန်း မသိ ။ ကျွန်တော် ကိုယ်တိုင် က ထိုစကားတွေ ကို ဘယ် ရည်ရွယ်ချက် နှင့် ပြောလိုက် မိမှန်း မသိ ။ တကယ်ဆိုတော့ လူပျိုရွယ် ၊ အချစ်စိတ် ယိုဖိတ်ကောင်းတုန်း အရွယ် ၊ ကာမဂုဏ်အာရုံ နှင့်နီးလျှင် တုံ့ပြန်ချက် အား အကောင်းဆုံး အရွယ် မှာ ကဗျာဉာဏ် ကွန့်မြူးပြီး စကားတွေ ကျူးလိုက်ခြင်းသာ ဖြစ်ဟန်တူလေသည် ။ သို့မဟုတ်ပါက မမြမှီ ငိုလျှင် ရင်ဖိုလာပြီး အဖျင်းဆုံး မျက်ရည်တော့ စို့ဖို့ကောင်းသည် ။ ကျွန်တော်ကား ရင် မဖို ၊ မျက်ရည် မစို့ ၊ မမြမှီ ဘာကြောင့် ငိုသည်ကိုသာ သိလိုနေသည် ။

“ အို မြ ဘာဖြစ်လို့ ငိုနေတာလဲ ”

“ မြ တော့ တကယ်သာ သေချင်တော့တာပဲ မောင် ရယ် ”

“ အို မဟုတ်တာ ၊ ဘာဖြစ်လို့ သေချင်ရမှာလဲ ”

မမြမှီ သည် လှိုက်လှိုက်လှဲလှဲ ရှိုက်ကြီးတငင် ငိုပြန်လေသည် ။ ကျွန်တော် သည် ဘယ်လို ချော့ရမှန်းလည်း မသိတော့ ။ ချော့ဖို့ သင့် မသင့်မှ မစဉ်းစားတတ် ။ ထို့ကြောင့် မမြမှီ အား ပွေ့ဖက်ထားပြီး အားရအောင် ငိုပစ်ရန် ခွင့်ပြုထားလိုက်ရတော့သည် ။

မြောက်ဘက်က လေပြည်ကလေးက ဆော်သွေးလာသည် ။ လေပြည်မှာ မျောပါလာသော တောရနံ့ ကလေးက သင်းသည် ။

တောင်ထိပ်ဖျားများပေါ်တွင် ဝါလဲ့လဲ့နေရောင်ခြည်များ တက်လာသည်ကို မြင်ရပြီ ။

မမြမှီ ကား ငို၍ တော်တော်အားရသွားပြီဟု ထင်သည် ။ ကျွန်တော့် ရင်ခွင် ကို မျက်နှာကပ်ပြီး ငြိမ်နေလေသည် ။ ကျွန်တော် ကား မမြမှီ ဘာလို့ ငိုသည်ဟု စဉ်းစားတိုင်း မိန်းမတွေဟာ အသိရ တယ် ခက်တာပဲဟု တွေးတောမိလေသည် ။

“ ဘာလို့ ငိုရတာလဲ မြ ရဲ့ ”

မမြမှီ က ပြင်းထန်စွာ ရှိုက်လိုက်ပြီး အတန်ကြာမှ -

“ မြ သေသာ သေချင်တယ် မောင် ”

“ သေရင်လည်း မြ ရော မောင်ပါ ခုလို ယှဉ်တွဲပြီး သေရင် ကောင်းမယ် ။ သေပြီး ဟောဒီ ကျောက်သေတ္တာကြီးပေါ်မှာ ကျောက်ရုပ်ကလေးတွေ ဖြစ်သွားရော ဆိုပါတော့ ။ မြ နဲ့ မောင် ရဲ့ အချစ်ဟာ ရာဇဝင်မှာ ထင်ရှားကျန်ရစ်ခဲ့မယ် ”

မြောက်ဘက် တောင်ခြေဆီ မှ နွားဆည်းလည်းသံ နှင့် လှည်းမောင်းသံများ ကို ကြားရလေသည် ။

မမြမှီ သည် ကျွန်တော့်အား ဖက်ထားသည် ကို ဆတ်ခနဲ လွှတ်လိုက်ပြီး မတ်မတ် ထိုင်လိုက်သည် ။ စိတ်အားထက်သန်သော မျက်နှာဖြင့် ကျွန်တော့် ကို ကြည့်ပြီး -

“ တကယ် သေကြစို့လား ”

ကျွန်တော် က မဟုတ်တရုတ် ပြောနေသော ကလေးငယ် အား ရယ်လိုက် သလို ရယ်လိုက်ပြီး -

“ မြ ကလည်း ဘာတွေ လျှောက်ပြောနေတာလဲ ၊ ထ သွားကြစို့ ၊ နေတောင် ထွက်လာပြီ ”

ပြောပြောဆိုဆို ကျွန်တော် က မတ်တတ် ထလိုက်သည် ။ မမြမှီ လည်း စိတ်မပါ့တပါဖြင့် မတ်တတ်ရပ်၏ ။ ကျွန်တော် က ရှေ့ကလျှောက် ၊ မမြမှီ က နောက်ကလိုက် ဖြစ်နေ၏ ။

“ မြ က အချစ်အတွက် တကယ် ‌ေသရဲတာ ၊ မောင် ကတော့ သေရဲမှာ မဟုတ်ပါဘူး ”

ကျွန်တော့် မှာ ပို၍ အံ့ဩသွားလေသည် ။ မမြမှီ အား စောင့်ခေါ်လျက် အတူယှဉ်တွဲ လျှောက်စေပြီး -

“ ဘာဖြစ်လို့ မဟုတ်မဟတ် သေစကားတွေ ပြောနေတာလဲ ၊ ပျော်ပျော်ပါးပါး လျှောက်လည် စရာတွေ အများကြီး ကျန်သေးတယ် ၊ အားရအောင် ချစ်ဖို့ အချိန်တွေ အများကြီး ရှိသေးတယ် ”

မမြမှီ သည် မျက်ရည်ကို လက်ကိုင်ပဝါ နှင့် သုတ်နေပြန်လေသည် ။ သုတ်ပြီးတော့လည်း မျက်နှာမှာ မကြည်လင်လှ ၊ နွမ်းလျ၍သာ နေသည် ။ သေချင်တယ် ဆိုသော စကားကို ပေါ့ပေါ့ကလေး ပြောလိုက်သည် မဟုတ်ကြောင်း ထင်ရှား၏ ။ စိတ်ပြောင်းအောင် ကျွန်တော် က စကားပြောင်းလိုက်ရသည် ။

“ ညောင်ရွှေ က လူတွေ ကား နဲ့ လာကြိုမှာလား ”

“ ကား နဲ့ ဖြစ်မှာပေါ့ ”

“ ကား နဲ့ ဆိုရင် ခဏနဲ့ ရောက် မှာပဲ ၊ ရွှေညောင် နဲ့ ညောင်ရွှေ သိပ်မဝေးဘူး ဆိုပဲ ”

“ မဝေးဘူးတဲ့ ”

“ ညောင်ရွှေ မှာတော့ သိပ် လည်စရာ ကြည့်စရာ ရှိမှာ မဟုတ်ဘူး ၊ ညောင်ရွှေ မှာ ခဏနေပြီး အင်းလေး ထဲ အလည်သွားကြမယ်နော် ၊ အင်းလေး ဗိုလ်တဲမှာ ကျွန်တော်တို့ ချည်း တည်းရအောင် နော် ”

“ ကောင်းသားပဲ ”

ဘူတာရုံသို့ ပြန်ရောက်လာကြသော အခါ  နေရောင်ခြည် သည် ဘူတာဝင်းထဲသို့ ကျဆင်းလျက် ရှိလေပြီ ။

တည်းခိုခန်းထဲ သို့ ရောက်သော အခါ သိန်းသိန်း နှင့် မချို တို့သည် အိပ်ရာမှ ထနေနှင့်ကြလေပြီ ။ မချို ကား အိပ်ရာ နှင့် ပစ္စည်းများ ကို သိမ်းဆည်းထုပ်ပိုး နေလေသည် ။

သိန်းသိန်း ကား မျက်နှာသစ်ထားသော်လည်း ပေါင်ဒါ မရိုက် ၊ သနပ်ခါး မလိမ်းထား ဖြစ်လေသည် ။ ခေါင်းကိုလည်း ဖြီး မထား ၊ မမြမှီ သည် သိန်းသိန်း ၏ ချွတ်ယွင်းချက်ကို အလစ် မပေး ။

“ သိန်းသိန်း ကလည်းကွယ် ၊ မျက်နှာ ပြောင်တလင်းကြီးနဲ့ ၊ မျက်နှာသစ်ပြီးတယ်ဆိုရင် ပေါင်ဒါ ကလေး ဖြစ်ဖြစ်တော့ ရိုက်ထားမှပေါ့ ၊ ဆံပင် လည်း ဖြီးလိုက်ရောပေါ့ ” 

သိန်းသိန်း သည် ဘာမျှ ခုခံ မပြောဘဲ မမြမှီ အကြိုက် လိုက်ပြီး မျက်နှာ နှင့် ဆံပင် တို့ကို သ နေလေတော့သည် ။

၇ နာရီ သာသာလောက်တွင် ဖို့ဒ်ဗွီအိပ် ကားတစ်စီး ရောက်လာလေသည် ။ ထိုကားနှင့်အတူ ပွဲစားကြီး ဘုရားဒါယကာ ဦးနန္ဒ ပါလာလေ၏ ။ သူသည် ကျွန်တော်တို့ အား လာကြိုခြင်း ဖြစ်လေသည် ။

ဦးနန္ဒ ကား ရှမ်းအမျိုးသား ပွဲစားကြီး ဖြစ်၏ ။ အသက် ၅ဝ ကျော် ဖြစ်မည်ဟု ခန့်မှန်းရ၏ ။ ဝပြီး ခံ့ညားသည် ။ နှုတ်ခမ်းမွေးက ခေတ်ဆန်သည် ။ မီးခိုးရောင် သက္ကလတ် ရှမ်းဘောင်းဘီပွ နှင့် မီးခိုးရောင် သက္ကလတ် တိုက်ပုံအင်္ကျီ ကို ဝတ်ထားသည် ။ ပိုးပဝါ ကို ရှမ်းဟန် ဖြင့် ပေါင်းထားသည် ။ စီးထားသော ရှူးဖိနပ်ကား ဝင်းလက်နေ၏ ။

“ ကျုပ် အိမ် က ဘုရားအမ ကတော့ ညဦးကတည်းက သွားကြိုပါ ပြောနေတာ ၊ ကျုပ် က ပြောပြရတယ် ၊ သူဌေးကတော် မမြမှီ ဟာ အလွန်တိကျတယ် ၊ သူက မနက် မှ ကြိုလို့ မှာထားတာ ၊ ညဦး ကြိုလို့ မဖြစ်ဘူးလို့ ပြောပြရတယ် ”

မမြမှီ က ဖော်ရွေရင်းနှီးသော အမူအရာ ကို အစွမ်းကုန်ပြလျက် -

“ မနက် မှ လာတာ ကောင်းပါတယ် ကျောင်းဒကာ ရယ် ၊ ညဦးကဆိုရင် သိပ် ဒုက္ခများမှာပဲ ၊ ကဲ ကဲ သွားကြစို့လား ”

ကားထွက်လေပြီ ။

ဦးနန္ဒ -

“ သူဌေးကတော် ဘယ်အိမ် မှာ တည်းချင် သလဲ ၊ ကျုပ်တို့မှာ နှစ်အိမ် ရှိပါတယ် ၊ ကံသာရပ် က အိမ် ကတော့ ပွဲရုံလည်း ဖွင့်ထားတယ် ၊ နန်းပန်ရပ် က အိမ်မှာတော့ လူနေတဲ့အခါ နေတယ် ၊ မနေတဲ့အခါ ပိတ်ထားရတယ် ”

မမြမှီ -

“ နန်းပန်အိမ်က လူရှင်းမှာပေါ့ ”

“ ဟုတ်တယ် သူဌေးကတော် ”

“ ဒါဖြင့် နန်းပန် အိမ်မှာ တည်းကြတာပေါ့ ဘုရားဒကာ ရယ် ”

ကား သည် ကလောတောင်ကြီး ပေတစ်ရာလမ်း မှ ညောင်ရွှေလမ်း သို့ ချိုးခဲ့လေသည် ။ လမ်းဘေး မြှားတိုင်တွင် ညောင်ရွှေ သို့ ရှမ်မိုင် ဟု ရေးထားလေသည် ။

ရွှေညောင် မှ ညောင်ရွှေ သို့ သွားသောလမ်း မှာ တောင်အတက်အဆင်း မရှိ ။ တစ်ပြေးညီဖြစ်ပြီး ဖြောင့်ဖြူးသည် ။

ခပ်လှမ်းလှမ်းတွင် ဝိုင်းရံနေသော တောင်ညို့ညို့များကို သာ လှမ်းမျှော်၍ မကြည့်လျှင် ရှမ်းပြည် သို့ ရောက်နေသည်ဟု ထင်မှတ်ဖွယ်ရာ မရှိ ။ အထက် မြန်မာပြည်သို့ ရောက်နေသည် ဟုသာ ထင်စရာ ရှိသည် ။ လမ်းဘေးတွင် ထနောင်း ၊ ဒဟတ် ၊ သန်း ၊ မန်ကျည်း စသော သစ်ပင် များနှင့် ဆီးချုံများကို တွေ့ရ၏ ။ ရာသီဥတုမှာလည်း မြန်မာပြည် အထက်ပိုင်း နှင့်သာ တူ၏ ။

ချောင်းကြီးတစ်ခု သည် မကြာခဏ လမ်းဘေးသို့ ကပ်လာတတ်၏ ။ ထိုချောင်းကြီးတွင် ရေ အမြောက်အမြား ရှိသော်လည်း ရေစီးနေသည်ဟုပင် မထင်ရချေ ။ နောက်တော့ ထို ချောင်းကြီး သည် အင်းကြီး လို ဖြစ်လာလေသည် ။ ကြာဖြူ ကြာနီ လှိုင်လှပေ၏ ။ မျက်စိတစ်ဆုံး လယ်ကွင်းများကို မြင်ရလေသည် ။ ဘုရားတန်ဆောင်း ကျောင်းကန်များလည်း ပေါလှ၏ ။ ဘုန်းကြီးကျောင်းများ မှာ ဘုံအဆင့်ဆင့် ပြာသာဒ်အဆောင်ဆောင် ရှိရုံမျှမက ခဲရာခဲဆစ် အဆန်းတကြယ် ထုထွင်းထားသော ပန်းပုလက်ရာများဖြင့် မွမ်းမံထားလေသည် ။

ကားရှေ့တန်း ကျွန်တော့် ဘေးမှ လိုက်ပါလာသော ဦးနန္ဒ က နောက်သို့လှည့်ပြီး “ ရှေ့ကဟာ ဟာ ညောင်ရွှေ ပါပဲ သူဌေးကတော် ”  ဟု ပြောပြလိုက်လေသည် ။

ရှေ့မှာ စိမ်းညို့ညို့မြင်ကွင်းတွင် ဘုံအဆင့်အဆင့် ပြာသာဒ်အဆောင်ဆောင်နှင့် စေတီပုထိုးများသည် ထိုးထွင်းနေလေသည် ။

မမြမှီ က -

“ ပွဲစားကြီး ရယ် ၊ ကျွန်မ ကို သူဌေးကတော် လို့ မခေါ်စမ်းပါနဲ့ ၊ ကြားရတာ တောင့်လွန်းလို့ပါ ”

“ ဒါဖြင့် ကျွန်တော် တို့ ရှမ်းပြည ်ထုံးစံအတိုင်း ကျောင်းအမ ဖြစ်ဖြစ် ၊ ဘုရားအမ ဖြစ်ဖြစ် ၊ ဇရပ်အမ ဖြစ်ဖြစ် ခေါ်ရလိမ့်မယ်ဗျ ”

ဦးနန္ဒ ၏ ဝဲသောအသံမှာ နားထောင်၍ ကောင်းသည် ။

“ မမြမှီ လို့ပဲ ခေါ်ပါ ရှင် ”

ဦးနန္ဒ က ရယ်နေလိုက်သည် ။ ပြီးနောက် -

“ ကျောင်းအမတို့ ရောက်တုန်း အဆင်သင့် လိုက်တာ ၊ ဘုရားပွဲနဲ့ တွေ့ရဦးမယ်ဗျ ။ အင်း ထဲက ဘုရားကို တော်ဘုရားကိုယ်တိုင် ညောင်ရွှေ ကို ပင့်လာလိမ့်မယ် ”

“ ကောင်းတာပေါ့ ရှင် ၊ ခရီးထွက်ရတာ အပျော်အပါးသက်သက် မဟုတ်ဘဲ ကုသိုလ်ရဦးမှာပေါ့ ”

“ ကြုံတုန်း ၃၆ ကောင်ကလေး ဘာကလေး လည်း ကံစမ်းပေါ့ ကျောင်းအမ ရယ် ”

“ အဲဒါတွေ ကျွန်မ ကတော့ ဝါသနာ မပါဘူး ရှင့် ၊ ကျွန်မ မောင်ကလေး ကိုသာ ဗဟုသုတ ဖြစ်အောင် လိုက်ပြပါရှင် ”

ဦးနန္ဒ က ကျွန်တော့် အား ကြည့်ပြီး ပြုံးလေသည် ။ ကျွန်တော် က ပြုံးလျက် -

“ ပွဲစားကြီးရယ် ၊ ဒီ အလောင်းအစား ဗဟုသုတမျိုးကိုတော့ ကျွန်တော် မလိုချင်ပါဘူး ၊ အလောင်းအစား အားကြီးလို့ ရှမ်းပြည်သူ ပြည်သားတွေ မှာ နစ်မွန်းနေရတယ် မဟုတ်လားဗျာ ”

“ ဒီလိုလည်း မဟုတ်သေးဘူး တူမောင် ရ ၊ ရှမ်း ပြည်သူပြည်သားတွေ ဟာ အလုပ်လုပ်ချိန်မှာ လုပ် ၊ အလှူအတန်းပြုချိန်မှာ ပြု ပြီး ၊ အပျော်အပါးလုပ်ချိန်မှာ လုပ် ကြတာပဲ ၊ အလောင်းကစား ဟာ ထုံးစံဓလေ့ ဖြစ်နေတော့ ပယ်ဖျက်လို့ မကောင်းဘူး ။ ဒါကြောင့် တော်ဘုရားကြီးတို့ ကလည်း အားပေးနေတာပဲ ။ မြန်မာပြည် မှာ ဆိုရင် နိုင်ငံခြားထုံးစံဖြစ်တဲ့ မြင်းပွဲ ၊ ကလပ်ပွဲ တို့ ဘာတို့ကို အစိုးရ က ဖွင့်ပေးပြီး အမျိုးသားထုံးစံဓလေ့ဖြစ်တဲ့ ၄ ကောင် ၊ အန်စာ ၊ ကြွေပစ် ၊ ဂျင်လှည့် တွေကို ပိတ်ထားတယ် ။ ရှမ်းပြည် မှာတော့ နယ်ရှင် ပယ်ရှင် စော်ဘွားကြီးများ က အမျိုးသားထုံးစံဓလေ့ ကို ကာကွယ်ပေးနေတယ် ”

“ ခင်ဗျား စော်ဘွားတွေ က အမျိုးသားထုံးစံဓလေ့ ကို ကာကွယ်တာလား ၊ အလောင်းကစား အခွန်အတုတ် ရလို့ လုပ်နေတာလား ”

ကျွန်တော် က ခွဆန်ဆန် တုံ့ပြန်လိုက်သည် ။ ဤ ခွမျိုးကို ဦးနန ္ဒသည် မျှော်လင့်ဟန် မတူ ၊ ပါးစပ် အဟောင်းသား နှင့် ကျွန်တော့် အား စိုက်ကြည့်နေလေသည် ။ မမြမှီ က ကြားဝင်၍ တော်တော့၏ ။

“ မောင်တင်ထွန်း ရဲ့ မင်း တို့ အင်္ဂလိပ်စာတတ် တွေ ပြောတတ်တဲ့ ရောမပြည်ရောက်ရင် ရောမပြည် သားကဲ့သို့ ကျင့်ရမယ် ဆိုတဲ့ စကားပုံ ရှိတယ် မဟုတ်လား ။ ရှမ်းပြည် ရောက်ရင် ရှမ်းဓလေ့ ထုံးစံကို ရိုသေရမယ် ။ ကိုယ်တိုင် မလုပ်နိုင်ဦး မဆန့်ကျင်ရဘူး ။ မောင်တင်ထွန်း မကြိုက်ရင် မလုပ်နဲ့ ၊ ဟောဒီ က သိန်းသိန်း တစ်ယောက်လုံး ရှိတယ် ၊ သိန်းသိန်း က ၃၆ ကောင် ကံစမ်းလိမ့်မယ် ၊ ဟုတ်တယ် မဟုတ်လား သိန်းသိန်း ”

သိန်းသိန်း က ကလေးကြီးလို ပြုံးပြီး -

“ ၃၆ ကောင် ထိုးမယ် ၊ ဟီးဟီး လုပ်ဖူးတယ်ရှိအောင် အကုန် လိုက်ကစားဦးမယ် ”

အားလုံး သိန်းသိန်း နှင့်အတူ ရော ရယ်ကြရသည် ။ မချို လည်း ဘာမှန်း မသိသော်လည်း သူများ ပါးစပ်ကို ကြည့်ပြီး လိုက်ရယ်သေးသည် ။

မြို့ထဲသို့ ဝင်ခဲ့ကြလေပြီ ။ လမ်းများ ကျဉ်း၍ ရှုပ်ထွေးလာ၏ ။ တိုက်ကြီးတာကြီးများ မရှိ ၊ အိမ်ကြီး များသာ ရှိသည် ။ မန်ကျည်းပင်များက စည်ကားလှသည် ။ ဈေး မှာ တောမြို့ဈေးကလေးသာသာ ရှိ၏ ။ ဈေး အပြင်ရှိ ဆိုင်ကြီးများမှာ က̶̶ု̶̶လ̶̶ာ̶̶း̶တရုတ်ဆိုင်များသာ ဖြစ်၏ ။

ဦးနန္ဒ ၏ ဖို့ဒ်ဗွီအိပ် ကားကြီး သည် အိမ်ကြီး တစ်အိမ်ရှေ့ မှာ ရပ်လိုက်လေသည် ။ တောသူဌေး အိမ်ကြီးနှင့် ပုံစံ တူသည် ။ အခန်းတစ်ခုထဲတွင် မမြမှီ နှင့် သိန်းသိန်း တို့ အတွက် ခုတင်များ ပေးထားပြီး ကျွန်တော့် အတွက် ထိုအခန်း အပြင်ဘက်တွင် ခုတင် တစ်လုံး ခင်းပေးသည် ။ အိမ်ဦးရှိ ဘုရားစင်ကြီးကား ကျယ်ဝန်းလှပလှပေသည် ။

ဦးနန္ဒ တို့ ကိုယ်တိုင်ကား ဤ အိမ်မှာ မနေကြ ။ ကံသာရပ် ရှိ ပွဲရုံမှာ အနေများသည်ဟု သိရလေသည် ။ ကျွန်တော်တို့ အား ဧည့်ဝတ်ကျေပွန်စွာ စောင့်ရှောက်ရန် ဆိုပြီး မိန်းမကြီး တစ်ယောက် နှင့် ယောက်ျားပျို တစ်ယောက် အား ပို့ထားသည် ။ မိန်းမကြီး မှာ ခံ့ခံ့ညားညား သပ်သပ်ရပ်ရပ် ဖြစ်သောကြောင့် မြင်လျှင် မြင်ချင်း အစေခံ မဟုတ်ကြောင်း ခန့်မှန်းနိုင်လေသည် ။ ထိုမိန်းမကြီး မှာ ပွဲစားကြီး ဦးနန္ဒ ၏ နှမဝမ်းကွဲ တစ်ယောက် ဖြစ်ကြောင်း ၊ နာမည် မှာ စောသုမြတ် ဖြစ်ကြောင်း သိရလေသည် ။ ယောက်ျားပျို မှာ ကျွန်တော်တို့ အရွယ် ဖြစ်ပြီး အင်းသား ဖြစ်သည်ဟု ဆို၏ ။ စောသုမြတ် က အစစအရာရာ စီမံသည် ။ ကိုယ်တိုင်လည်း ချက်ပြုတ်သည် ။ အင်သား လူငယ် က စောသုမြတ် ခိုင်းသမျှ လုပ်ပေးရလေသည် ။

ဦးနန္ဒ က စောသုမြတ် အား -

“ နှမကြီးရေ့ ၊ ရန်ကုန် က ဧည့်သည်တွေ ကို ရှမ်းပြည် ရောက်တုန်း ရှမ်းပြည် အစာတွေ မြည်းပါစေ နော် ၊ ကောင်းကောင်း ချက်ကျွေးပါ ”

“ ဟုတ်ကဲ့ရှင့် ။ ဆေးခါးဟင်း ၊ ပဲပုပ် ၊ ငါးပိ ၊ တို့ဟူး အစုံ ဝယ်ထားပါတယ် ”

“ ကဲ ကဲ လက်ဖက်ရည်ကြမ်း မွှေးမွှေးကလေးလည်း လုပ်ပါဦး ”

“ ဟုတ်ကဲ့ရှင့် ”

စောသုမြတ် သည် အောက်ထပ်သို့ ဆင်းသွားလေသည် ။

ဦးနန္ဒ က မမြမှီ အား -

“ သူဌေးကတော် ”

“ ပွဲစားကြီးကလည်း ခေါ်ပြန်ပါပြီ ”

“ ဘုရားအမ ဘာမှ အားမနာကြပါနဲ့ ဗျာ ၊ ကိုယ့်အိမ် ကိုယ့်ရာ လို သဘောထားပြီး တည်းကြပါ ၊ ဘာ အလို ရှိရှိ စောသုမြတ် ကို ပြောပါ ”

မမြမှီ ကား ရှမ်းလေဖြင့် -

“ ဟုတ်ကဲ့ရှင့် ”

ရှမ်း လေကြောင့် မမြမှီ အား ကျွန်တော် နှင့် သိန်းသိန်း တို့ က ပြုံးကြည့်လိုက်ကြသည် ။ ဦးနန္ဒ က မူ ထို ရှမ်းလေ ကို သတိပြုလိုက်ဟန် မတူ ။

“ ကဲ ကျွန်တော်တော့ ပွဲရုံ ကို ခဏ လိုက်သွားဦးမယ် ၊ ညနေကျရင် အိမ် က ကျောင်းအမကြီး နဲ့ အတူ လာခဲ့ပါ့မယ် ”

“ ဟုတ်ကဲ့ ရှင့် ၊ ဪ ရန်ကုန် ကို တစ်ခါ ပါလာတဲ့ သမီးကလေး ကော ကျန်းကျန်းမာမာပဲလား ”

“ ရှိပါတယ် ဗျာ ၊ ညနေကျရင် ခေါ်ခဲ့ပါ့မယ် ။ သူလည်း ကျောင်းပိတ်လို့ ပြန်လာတာ မကြာသေးပါဘူး ”

“ အခုနေဆို တော်တော် ကြီးရောပေါ့နော် ”

“ ကြီးပြီပေါ့ဗျာ ၊ အားကြီး ထွားတာပဲ ။ ကဲ သွားဦးမယ်နော် ဘုရားမမြ ”

ဦးနန္ဒ သည် ပြောပြောဆိုဆို ထွက်သွားလေသည် ။ ကျွန်တော် ကား ' ဘုရားမမြ ' ဟု ဆိုသော အခေါ်အဝေါ် ကို နားမလည်နိုင်အောင် ရှိပြီး စဉ်းစားနေရစ်လေသည် ။ မမြမှီ လည်း သည်အတိုင်းပင် စဉ်းစားနေဟန် ရှိ၏ ။ နောက် မှ သိရသည်မှာ သူတို့ဒေသထုံးစံအရ ဘုရားအမ မမြမှီ ခေါ်မည့် အစား အတိုချုံး၍ ဘုရားမမြ ဟု ခေါ်ကြခြင်းဖြစ်ကြောင်း သိရလေသည် ။ ကျောင်းဒါယကာ ဦးနီ ဆိုလျှင် ကျောင်းနီ ဟု ခေါ်တတ်လေသည် ။

မချို ကား သိန်းသိန်း နှင့် မမြမှီ တို့၏ ပစ္စည်းများကို နေရာချထားလျက် ရှိ၏ ။ အိပ်ရာများကိုလည်း ပြင်၏ ။ ပြီးနောက် သိန်းသိန်း တို့ ရေချိုးပြီးလိမ်းရန် သနပ်ခါးသွေးနေလေသည် ။

နေ့လယ် ၂ နာရီ လောက်သာသာ တွင် ဘုရားပင့်ပွဲ ရှိ၏ ။ ညောင်ရွှေစော်ဘွားကြီး ကိုယ်တိုင် အင်းထဲ မှ ဘုရား ကို ပင့်ဆောင်လာမည် ဖြစ်၍ သွားကြည့် ရန် ကျွန်တော်တစ်ယောက်တည်း ဖြစ်နေလေသည် ။ မမြမှီ က လူတွေများသော နေရာ မသွားလိုဟု ဆိုပြီး နေရစ်ခဲ့သည် ။ သိန်းသိန်း က နေပူသည်ဟုဆိုကာ နေရစ်ခဲ့လေသည် ။

ဈေး ရေဆိပ်မှနေပြီး ဈေး ကို ပတ်ကာ မြို့လယ်ရပ် ဘုရားပွဲကျင်းပရာနေရာသို့ ပင့်မည်ဖြစ်သည် ။ လမ်းတလျှောက်လုံး လူတွေ ပြည့်ညပ်နေ၏ ။ သူတို့ ကား ညောင်ရွှေမြို့သူမြို့သားများ သာမက အင်းထဲ ရှိ ရွာများ မှ လာရောက် ကြည့်ရှုကြသူများလည်း ပါလေသည် ။

ကျွန်တော် သည် ဈေးအနီး လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှေ့တွင် မတ်တတ်ရပ်လျက် စောင့်ကြည့်နေလေသည် ။ လူအများလည်း မတ်တတ်ရပ်လျက် အနောက်ဘက်သို့ ကြည့်ကာကြည့်ကာ စောင့်မျှော်နေကြ၏ ။ အတန်ကြာသော် ခရုသင်း မှုတ်သံ ၊ ကြေးစည်သံ နှင့် ဆိုင်းသံဗုံသံ များကို ကြားရလေသည် ။ အသံကြားရာသို့ မျှော်ကြည့်လိုက်သော်လည်း ဘုရားလှည့်ပွဲကို မမြင်ရသေး ။

လူငယ်တစ်ယောက် သည် ကျွန်တော့် အနီးသို့ လာရပ်လေသည် ။ သူ့ ကို ကျွန်တော် မြင်ဖူးသလိုလို ရှိသည် ။ သူ က ကျွန်တော့်အား သိဖူးသလိုလို စိုက်ကြည့်နေသည် ။ ခဏကြာသောအခါ ကျွန်တော့် အား အပြုံးဖြင့် နှုတ်ဆက်ကာ -

“ ခင်ဗျား ရန်ကုန် က မဟုတ်လား ”

“ ဟုတ်ပါတယ် ၊ ခင်ဗျား ကို ကျွန်တော် မြင်ဖူးတယ် ထင်တယ် ”

“ ခင်ဗျား ကိုတင်ထွန်း မဟုတ်လား ”

“ ဟုတ်ပါတယ် ”

“ ကျွန်တော်တို့ကတော့ သိတာပေါ့ ။ ကျောင်းသား အရေးတော်ပုံ အတွင်း က ခေါင်းဆောင်တွေထဲက မဟုတ်လား ”

“ ခင်ဗျားလည်း ရန်ကုန်တက္ကသိုလ် ကပဲ မဟုတ်လား ”

“ ဟုတ်တယ်လေ ၊ ကျွန်တော်တို့လည်း ကျောင်းသားအရေးတော်ပုံတုန်းက ပါခဲ့တာပေါ့ ”

သူ က ညောင်ရွှေ မှ ရန်ကုန်တက္ကသိုလ် သို့ လာရောက် ပညာသင်ကြားနေသော ခွန်သာမြတ် ဖြစ်လေသည် ။ ရှမ်းအမျိုးသားပင် ဖြစ်သော်လည်း ညောင်ရွှေသားတို့၏ ထုံးစံအတိုင်း ရှမ်းစကား ကောင်းစွာ မတတ် ။ အမှန်အားဖြင့် မြန်မာစကားပြောရာတွင် မဝဲ လှတော့ချေ ။

သူနှင့် အလာပသလ္လာပ ပြောနေကြစဉ် ခေါင်းပေါင်းနီ ပေါင်းထားသော ရှမ်းပုလိပ် များသည် တုတ်ရှည်ကြီးများကို ဝှေ့ယမ်းလျက် လူထုအား လမ်းအဖယ်ခိုင်း နေလေသည် ။

“ ထိုင်ကြ ထိုင်ကြ တော်ဘုရား ကြွလာပြီ ”

ခရုသင်းသံများက စူးရှလာသည် ။ ကြေးစည်သံများလည်း ဆူညံလာသည် ။

ခွန်သာမြတ ်သည် ဘာမှ မပြောဘဲ ကျွန်တော့် လက် မောင်းကို ဆွဲကာ လက်ဖက်ရည်ဆိုင်ထဲ ခေါ်သွားလေသည် ။ လက်ဖက်ရည်ဆိုင်ထဲ ရောက်ပြီး ထိုင်မိမှ -

“ မြင်လား ၊ ကျွန်တော် တို့ လမ်းဘေးမှာ ရပ်နေရင် ဟို ပရိသတ် လို ဒူးတုပ်ပြီး စော်ဘွား ကို ရှိခိုး ရမယ် ”

“ စော်ဘွား ရှိခိုးတာ ဟုတ်ရဲ့လား ခွန်သာမြတ် ကဲ့ ၊ စော်ဘွား ပင့်လာတဲ့ ဘုရား ကို ရှိခိုးတာ ထင်ပါရဲ့ ”

“ ဘုရား မပါလည်း စော်ဘွားကြီး ကြွလာတယ် ဆိုလို့ ပုလိပ် က အော်ပေးရင် ကြားသမျှ လူအပေါင်းက ဒူးတုပ်ပြီး ရှိခိုး ရတာပဲဗျ ”

လူအများကား ဒူးတုပ် ရှိခိုးနေကြလေသည် ။ ခုရုသင်း မှုတ်သူ ၊ ကြေးစည် တီးသူ နှင့် နတ်ဗြဟ္မာများ နောက်တွင် ရှမ်းပြည် လုပ် တူမီး သေနတ် ၊ ဓား ၊ လှံ များ ကို ကိုင်ဆောင်လာသော ရှမ်းစစ်သားများ နောက် မှ ဘုရားပင့်လာသော လူတွန်းရထား ၊ ထို ရထားကို စက္ကူရောင်စုံ ရွှေချည်ငွေချည်စတို့ဖြင့် အလှအပ ပြင်ဆင်ထားသည် ။

စော်ဘွားကြီး သည် ရထား ကို တွန်းကျိုးကျွန်ပြုလျက် ကြီးစွာသောဣန္ဒြေ ဖြင့် လှမ်းကြွလာတော် မူသည် ။ လူနှစ်ယောက်က သူ့အား ကနက္ကဒဏ်ထီးဖြူ မိုးပေးရလေသည် ။

ခွန်သာမြတ် -

“ ကျွန်တော်တို့ ညောင်ရွှေစော်ဘွားကြီး က စော်ဘွားကြီး မို့ ကနက္ကဒဏ်ထီးဖြူ ဆောင်းနိုင်တာဗျ ။ တချို့ သမခန်း ၊ ပွေးလှ တို့လို စော်ဘွားကလေးတွေ ကတော့ ငွေခန်မှူး အဆင့်သာ ရှိတယ် ၊ သူတို့ကျတော့ ရွှေထီး ကို ပဲ ဆောင်းရတယ် ”

“ ဟော်နန်းပေါ် တက်ကြည့် ရပါ့မလား ခွန်သာမြတ် ”

“ ကြည့်ချင်ရင် ခွင့်တောင်းပြီး ကြည့်ရတယ် ၊ ဟော်နန်း ပေါ်ကို ဖိနပ်စီးပြီး မတက်ရဘူးနော် ”

“ အရင် စော်ဘွားကြီး နာမည်က ဘယ်သူတဲ့ဗျ ”

“ ဆာစောမောင်တဲ့ ”

“ အင်း - ဆာစောမောင် လက်ထက် က သီပေါမင်း ပေးထားတဲ့ ပလ္လင် ဟာ ခုထိ ဟော်ပေါ်မှာ ရှိတယ်ဆို ဟုတ်သလား ”

“ ဟုတ်ပါတယ် ၊ ပလ္လင် က စော်ဘွားတွေ ထိုင်ဖို့ မဟုတ်ပါဘူး ၊ လက်တင်ရုံ တင်ရတာပါ ”

တီးဝိုင်း တစ်ခု ရောက်လာလေသည် ။ ခေတ်တူရိယာများကို တီးမှုတ်လာကြ၏ ။ သူတို့သည် ရှမ်းဘောင်းဘီအဖြူ နှင့် ရှမ်းတိုက်ပုံအင်္ကျီအဖြူကို ဝတ်ထားကြသည် ။

ခွန်သာမြတ် -

“ ဒါက စော်ဘွားကြီး ကိုယ်တိုင် တည်ထောင်ထားတဲ့ တီးဝိုင်းပဲဗျ ”

ခွန်သာမြတ် သည် လက်ဖက်ရည် မှာပြီး ကျွန်တော့် အား မသောက် သောက်အောင် တိုက်တွန်း နေသည် ။ နောက် ရုတ်တရက် -

“ နောက်ဆုံး စစ် အခြေအနေက ဘယ်နှယ်နေလဲ ”

“ ဂျာမနီ က ခြေသာနေတာပေါ့ဗျာ ။ ပြင်သစ် တောင် လိမ့်မှာပဲလို့ ကျွန်တော် ထင်တယ် ။ အင်္ဂလိပ် ကလည်း ခုထိ အားတိုက်ခွန်တိုက် စစ် မတိုက်သေးပါဘူးဗျာ ။ ဂျာမနီ ကို ရုရှား ဘက် လှည့်သွားအောင် အကွက်ဆင်နေတုန်းပဲ ။ ဒီမှာတော့ စစ်အကြောင်း လူအများ က ဘယ်လို ပြောဆိုကြသလဲ ”

“ အရပ်သူ အရပ်သား လူအများကတော့ စစ် ဖြစ်နေတယ်ဆိုတာတောင် မသိဘူးဗျာ ၊ စော်ဘွားကြီး ကတော့ စစ်ထဲတောင် ဝင်မယ် ကြားတယ် ”

“ ဟုတ်ရဲ့လား ”

“ ဟုတ်ပါတယ် ။ စော်ဘွားကြီး က ကိုယ်တိုင် စစ်ထဲဝင်ရုံ မကဘူး ၊ သူ ကိုယ်တိုင် စစ်ဗိုလ်လုပ်ပြီး ရှမ်းဘက်တယ်လီယံ တစ်ခု ထောင်ဖို့ ကြိုးစားနေတယ်လို့ ကြားရတယ် ”

ဘုရားလှည့်ပွဲ သည် ရှေ့သို့ လွန်သွားလေပြီ ။ လမ်းပေါ် က လူစုလူဝေးလည်း ကွဲလေပြီ ။ ကျွန်တော်က ပြန်ရန်ပြင်သော် ခွန်သာမြတ် သည် လွန်စွာအရေးကြီးသောမျက်နှာ ထားလိုက်ပြီး တိုးတိုးကလေး ပြောလိုက်သည် ။

“ စစ်ဖြစ်နေတုန်း ကျွန်တော် တို့ ဘာမှ မလုပ်ကြဘူးလား ”

“ လုပ်တော့ လုပ်ရမှာပဲဗျ ၊ အင်္ဂလိပ် အခက် မြန်မာ အချက် ဆိုတယ် မဟုတ်လား ”

“ ဒီမှာ အကြောင်းရှိရင် ကျွန်တော်တို့ကိုလည်း လက်တို့ ပါဗျာ ၊ မြန်မာပြည် က နောင်ကြီးတွေ ညွှန်ကြားတဲ့ အတိုင်း ရှမ်းပြည်က ညီတွေ လိုက်လုပ်မှာပေါ့ ”

“ အကြောင်းရှိရင် လက်တို့ ပါ့မယ့် ၊ စောင့်သာနေပါ ”

ကျွန်တော်ကား ဟိတ်ဟန် ထုတ်၍ ပြောလိုက်ရသော်လည်း ကိုယ့် အဖြစ်အပျက်ကို သတိပေးလိုက်သလို ရှိသောကြောင့် အတွင်းကျိတ်၍ ရှက် မိလေသည် ။ ကျွန်တော် သည် ခြေသလုံးအိမ်တိုင် နိုင်ငံရေး လုပ်မည် ဆိုပြီး ကျောင်းထွက်ခဲ့သည် ။ တောင်မကျ မြောက် မကျ အယ်ဒီတာ ပေါက်စ ဖြစ်ခဲ့ရသည် ။ ထို ဘဝ မှာ စိတ်ပျက်လာပြန်ပြီး စိတ်ဂနာမငြိမ် ဖြစ်နေစဉ် အဖော်ကောင်း နှင့် ပျော်ကြောင်း ရှာခဲ့သည် ။ ရန်ကုန် မှ ထွက်လာကတည်းက နိုင်ငံရေး ကို မေ့ထားသည် ။ စစ်ကြီး ကို ဖျောက်ထားသည် ။ မျိုးချစ်စိတ် ၊ လွတ်လပ်ရေးစိတ် ဖြင့် တက်ကြွနေသော ခွန်သာမြတ် က ကျွန်တော့် အား အိပ်မ က် ရာ မှ လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်လေသည် ။

ခွန်သာမြတ် အား ကျွန်တော် က တည်းအိမ်သို့ ခေါ်သည် ။ သူ က လိုက်ရန်ငြင်းဆန်လျက် တည်းအိမ် နှင့် မလှမ်းမကမ်း ထိ လိုက်ပို့ပြီး ပြန်သွားလေသည် ။ ပွဲစားကြီး ဦးနန္ဒ ၏ အိမ်ကို တမင်ရှောင်ကြောင်း သိသာပေသည် ။

◾သိန်းဖေမြင့်

📖အရှေ့က နေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment