Monday, October 4, 2021

သူတော်ငတေ ၏ ကြက်သူခိုး ဖော်ထုတ်နည်း


 

❝  သူတော်ငတေ ၏ ကြက်သူခိုး ဖော်ထုတ်နည်း ❞

ကျွန်ုပ်တို့ ကျောင်းဝင်းထဲတွင် ဗေဒင်ယတြာအရ လည်းကောင်း ၊ သက်ကယ် ၊ သက်ဆက် ၊ ဘေးမဲ့အရ လည်းကောင်း လာလာလွှတ်ထားကြသော ကြက်သုံးလေးကောင် ရှိသည် ။ ထိုကြက်သုံးလေးကောင် ထဲတွင် ကြက်ဖကြီး တစ်ကောင်မှာ “ ကိုရင်သာဗြည့်ကြက် ” ဟု အမည် တွင်၏ ။

ထိုကြက်ဖကြီး ကို ရွာသားတစ်ယောက် လာလွှတ်ကတည်းက ကိုရင်သာဗြည့် သည် သီတင်းဥပုသ်နေ့မှရသော ဆန်ပန်းပေါက်ပေါက် များကို နေ့စဉ်လိုလို ချကျွေးထားသည် ။ ထို့ကြောင့်လည်း “ ကိုရင်သာဗြည့် ကြက်ဖကြီး ” ဟု ခေါ်ကြခြင်း ဖြစ်၏ ။ တချို့ကမူ “ သာဗြည့် ” ဟုပင် ကြက်ဖကို အမည်နာမပေးထားကြသည် ။

ဤ သာဗြည့်ကြက်ဖ မှာ ကျောင်း၌ အနေကြာသလို အသက်လည်း အကြီးဆုံး ဖြစ်သည် ။ ကိုရင်သာဗြည့် နေ့စဉ် ဆန်ပန်းပေါက်ပေါက် ကျွေးနေကျ ဖြစ်သဖြင့် လူလည်း ယဉ်ပါးသည် ။ ကိုရင်သာဗြည့် သာမဟုတ် ကျောင်းသားများကပါ “ သာဗြည့် ၊ လာ လာ ” ဟု ခေါ်လိုက်လျှင် တွန်သံပေးကာ လူနားရောက်လာသည် ။ တွန်သံလည်း သာသည် ။ တခြား ကြက် နှစ်ကောင် သုံးကောင် မှာမူ လူမယဉ်ပေ ။ သူတို့အနား လူလာကပ်သည်နှင့် ရှောင်ဖယ်ရှောင်ဖယ် ပြေးတတ်ကြသည် ။

တစ်နေ့ ညနေတွင် ကိုရင်သာဗြည့် ကြက်ဖကြီး ပျောက်သွား၏ ။ ဘယ်အချိန်တုန်းက ပျောက်သွားမှန်း ကိုရင်သာဗြည့် မသိ ။ ထုံးစံအတိုင်း ကိုရင်သာဗြည့် ဆန်ပန်းပေါက်ပေါက် လာကျွေးသောအခါ တခြား ကြက်တွေသာ ရောက်လာကြပြီး ကိုရင်သာဗြည့် ကြက်ဖကြီး ပေါ်မလာတော့ ။ ထိုအခါ ကိုရင်သာဗြည့် က သူ့ကြက်ဖကြီး ကို အသံပေး၍ ကျောင်းဝင်း တစ်ခုလုံး အနှံ့ လိုက်ရှာနေသည် ။

ကိုရင်သာဗြည့် ထိုသို့ ကြက်ပျောက်လိုက်ရှာနေစဉ် သူတော်ငတေ နှင့် တွေ့ကြ၏ ။

“ ကိုရင် ၊ ဘာရှာတာတုန်း ”

သူတော်ငတေ က မေး၏ ။

“ ကျုပ် ကြက်ဖကြီး ပျောက်သွားလို့ လိုက်ရှာနေတာ ”

“ တောစိတ်ဝင်ပြီး တောထွက်သွားလားမှ မသိတာ ”

“ မဖြစ်နိုင်ဘူးဗျ ။ ကျုပ် နေ့တိုင်း ဆန်ပန်းပေါက်ပေါက် ကျွေးနေတာ ။ ကျုပ် အသံကြားရင် တစ်နေ့ မလာဘဲ မနေဘူး ။ ဒီနေ့တော့ လာလည်း မလာ ၊ ရှာလည်း မတွေ့ ဖြစ်နေတယ် ”

“ ကြက်ပဲ ကိုရင် ၊ နေမကောင်းလို့ သစ်ပင်ပေါ် တက်အိပ်နေလားမှ မသိတာ ”

သူတော်ငတေ က ပြောပြန်သည် ။

“ ဘယ်လောက်ပဲ နေမကောင်းကောင်း ကျုပ် အသံကြားရင် သစ်ပင်ပေါ်က တောင်ပံရိုက်ချက်ပေးပြီး ဆင်းလာတတ်တာ ။ ဒီနေ့တော့ ကျုပ် ရှာတာလည်း ဒေါင်းတောက်နေပြီ ။ မဟုတ်မှ လွဲရော ကျုပ် အထင်တော့ ကျောင်းသားကြီးတွေ ခိုးသွားပြီ ထင်တယ် ။ ဦးသူတော် စွမ်းနိုင်ရင် ကျုပ်ကြက်ဖကြီး ပြန်ရအောင် အစီအမံ လုပ်ပေးစမ်းပါ ။ အရင်တစ်ခါ လှသန်း ဖိနပ် ပျောက်တုန်းက လုပ်သလို လုပ်ပေးပါလား ။ ခင်ဗျား ဖိုရုံအတွက် ကျုပ် မီးသွေးပေးပါ့မယ် ”

“ ဟ ၊ ဟိုဟာက ဖိနပ် ။ ခုဟာက ကြက် ။ အသက်ရှိတဲ့ပစ္စည်း ဘယ်ဖြစ်မလဲ ”

“ ခင်ဗျား အရင်က ပြောတော့ သက်ရှိပစ္စည်းဆို ပိုလွယ်တယ်ဆို ။ နည်းလမ်းရှိရင် လုပ်ပေးစမ်းပါဗျာ ။ ဒီကြက်ဖကြီးကို ကျုပ်က သိပ်ချစ်တာ ”

ကိုရင်သာဗြည့် က သူတော်ငတေ ကို တောင်းတောင်းပန်ပန် ပြောသည် ။

“ အဲဒီကြက်ရဲ့ ကြက် မွေးရရင် လုပ်လို့ ရတယ် ”

“ ဟာ ကျုပ်ကြက်ဖကြီး ရဲ့ ကြက် မွေး ကျုပ် မှတ်မိပါတယ် ။ သူ အိပ်တန်းတက်နေကျ ဥသျှစ်ပင်အောက် သွားရှာလိုက်ရင် ရမှာပါ ”

“ဒါဆို သွားရှာလေ ။ အဲဒီကြက် မွေး တစ်မျှင် နှစ်မျှင် ရရင် တပည့်တော် လုပ်ကြည့်မယ် ”

“ ရတယ် ၊ ရတယ် ၊ ခု ကျုပ် သွားရှာလိုက် မယ် ”

ပြောပြောဆိုဆိုနှင့် ကိုရင်သာဗြည့် သူ့ကြက်ဖကြီး နေ့စဉ် အိပ်တန်းတက်နေကျ ကျောင်းငှက်ပျောတောနားက ဥသျှစ်ပင်အောက် ထွက်သွားသည် ။

ထိုအချိန်မှာ ကျောင်းသားအားလုံး ညနေထမင်းစားရန် ရွာထဲ ဆင်းနေကြသောအချိန် ဖြစ်၏ ။

မကြာမီမှာပင် ကိုရင်သာဗြည့် ကြက် မွေးသုံးလေးပင် နှင့် သူတော်ငတေ ဆီ ရောက်လာသည် ။

“ဒီမှာ‌ဗျို့ ဦးသူတော် ၊ ကျုပ် ကြက် မွေးရလာခဲ့ပြီ ”

သူတော်ငတေ ၏ ဖိုရုံဝက ကိုရင်သာဗြည့် သူတော်ငတေ ကို အသံပေး ပြောလိုက်သည် ။ သူတော်ငတေ မှာ ဖိုရုံထဲ မည်သူ့ကိုမျှ အဝင် မခံသဖြင့် ကိုရင်သာဗြည့် က ဖိုရုံဝမှ မတ်တတ်ရပ် ပြောရ၏ ။

သူတော်ငတေ ဖိုရုံထဲက ထွက်လာသည် ။

“ ကိုရင့် ကြက်ဖမွေး‌ေကာ အမှန် ဟုတ်ရဲ့လား ”

“ ဟုတ်ပါတယ် ။ ကျုပ် ကြက်ဖမွေး ကျုပ် မှတ်မိပါတယ် ။ ဒါ ကျုပ် ကြက်ဖရဲ့ လည်ဆံကာ အမွေးဗျ ”

“ ကောင်းပြီ ပေး ”

သူတော်ငတေ ကိုရင်သာဗြည့် လက်ထဲက ကြက် မွေး သုံးလေးမျှင်ကို ယူသွားသည် ။

“ ကျုပ် ဘာဆက်လုပ်ရမလဲ ပြောပါဦး ”

“ ကိုရင် ဘာမှ လုပ်စရာ မလိုဘူး ။ တပည့်တော် ဆက်လုပ်ပါ့ မယ် ။ ညကျရင်သာ ကိုရင် မအိပ်ဘဲ ကျောင်းသားတွေ အခြေအနေကို စောင့်ကြည့်နေ ။ ကျောင်းသားတွေသာ အမှန်တကယ် ကိုရင့် ကြက်ဖကို ခိုးသွားတယ် ဆိုရင် ပေါ် ကို ပေါ်လာလိမ့်မယ် ”

“ ဘယ်လို ပေါ်မှာလဲ ”

“ဟာ ၊ ဒီကိုရင် စကားရှည်လိုက်တာ ။ လူသိလို့ စည်းပေါက်သွားဦးမယ် ။ တပည့်တော် စီမံပါ့မယ်ဆို ။ ကိုရင် လုပ်ရမှာက ညကျလို့ ကျောင်းသားတွေ အိပ်ကြတဲ့အခါ ကောင်းကောင်း မအိပ်နိုင်ဘဲ ဘယ်ကောင်တွေ အခြေအနေ ပျက်နေလဲ ။ အဲဒါပဲ မသိမသာ ကြည့်နေ ။ တခြား ဘာမှ မလုပ်ရဘူးနော် ။ ကျောင်းသားတွေ ထမင်းစား ပြန်တက်လာကြရင်လည်း ကြက်ပျောက်တဲ့အကြောင်း ဘယ်သူ့မှ မပြောနဲ့ ။ ခါတိုင်း နေသလို မသိကျိုးကျွံပဲ နေ ။ နောက် ဘာပဲဖြစ်လာဖြစ်လာ ကိုရင် ဝင် မပါရဘူး ။ ငါ့ ကြက် ခိုးစားတဲ့အကောင်တွေ ဘာညာနဲ့ နင်ပဲငဆ မပြောရ မဆဲဆိုရဘူးနော် ။ ကိုရင့် အလုပ်က ဘာပဲ ဖြစ်နေဖြစ်နေ မသိမသာ ကြည့်နေရုံပဲ ။ ကဲ ကြွတော့ ”

သူတော်ငတေ ကို ရှိန်သဖြင့် ကိုရင်သာဗြည့် နောက်ထပ် ဘာမှ မပြောရဲတော့ဘဲ ကျောင်းပေါ်တက်လာ၏ ။

မကြာမီ ထမင်းစားဆင်းသွားကြသော ကျောင်းသားများ ပြန် ရောက်လာကြ၏ ။ ထုံးစံအတိုင်း ဘုရားဝတ်တက် ၊ စာအံပြီး ညကိုးနာရီ ကျော်သောအခါ စီတန်း၍ အိပ်ကြသည် ။

ကိုရင်သာဗြည့် ကမူ သူတော်ငတေ မှာထားသည့်အတိုင်း ဘယ်ကျောင်းသားများ မအိပ်နိုင်ဘဲ အခြေအနေပျက်နေမည်ကိုသာ မသိမသာ အကဲခတ်ကြည့်နေသည် ။

သည်လိုနှင့် ကျောင်းသားများ တဖြည်းဖြည်း အိပ်ပျော်သွားကြသည် ။ ကိုရင်သာဗြည့် ကား မအိပ်နိုင် ၊ မီးမှိန်ထားသော ဖန်မီးအိမ် အလင်းရောင်အောက်တွင် ဘယ်ကျောင်းသားများ အခြေအနေပျက်နေမည်နည်း ဆိုသည်ကိုသာ စောင့်ကြည့်နေ၏ ။

သူငယ်ခေါင်းချ ကြက်တွန်ချိန်ရောက်သောအခါ စိန်မောင် နှင့် ရွှေမောင် တို့ ညီအစ်ကိုအရင်းနှစ်ယောက် အိပ်ရာက ထလာကြသည် ။

သူတို့နှစ်ယောက် ထလာကြသည်မှာ ရိုးရိုးသားသား ထလာကြပုံ မဟုတ် ။ တစ်စုံတစ်ခု အနှောင့်အယှက်ဖြစ်၍ ထလာကြသလို ပြူးတူးတာ အခြေအနေမျိုးနှင့် ထလာကြခြင်း ဖြစ်၏ ။

သူတို့ နှစ်ယောက်သည် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောကြသည် မသိ ။ လေသံကြားရုံမျှနှင့် တီးတိုးပြောကာ ခါတိုင်း အိပ်နေကျ နေရာမှ စောင်နှင့် ခေါင်းအုံးကိုယ်စီကို ယူကာ ကျောင်းသားအုပ်ထဲမှ ထသွားကြသည် ။ ပြီး ဘုရားကျောင်းဆောင်ရှိ ထပ်ခိုးအောက်နားတွင် လာအိပ်ကြ၏ ။

ကိုရင်သာဗြည့် နှင့် ဦးပဉ္စင်း ၊ ကိုရင် တို့မှာ ဘုရားကျောင်းဆောင် အောက်တည့်တည့်တွင် အိပ်ကြသဖြင့် သူတို့ခြေရင်း လာအိပ်ကြသော စိန်မောင် နှင့် ရွှေမောင် တို့ ညီအစ်ကိုနှစ်ယောက်ကို ကိုရင်သာဗြည့် က မျက်လုံးမှေး အိပ်ယောင်ဆောင်ကာ အကဲခတ်ကြည့်နေသည် ။

ဆယ်မိနစ်ပင် မကြာချေ ။ စိန်မောင် တို့ ညီအစ်ကို နှစ်ယောက် မှာ ဖျတ်ခနဲ ထထိုင်ပြီး တစ်ယောက်နား တစ်ယောက် ပါးစပ်ကပ်ကာ တီးတိုးပြောကြပြန်သည် ။ တစ်ယောက် ပြောသည်ကို တစ်ယောက် ခေါင်းတဆတ်ဆတ် ညိတ်ပြပြီး နှစ်ယောက်စလုံးထကာ တခြားကျောင်းသားများနှင့် အတူ သူတို့ မူလအိပ်နေခဲ့ကြသော နေရာကိုသွားပြီး အိပ်ကြပြန်သည် ။

သို့သော် မကြာပါချေ ။ နှစ်ယောက်သား လန့်လန့်ဖျပ်ဖျပ် ရုတ်ခနဲ ထထိုင်လိုက်ပြီး တီးတိုးပြောကာ ဘုန်းတော်ကြီး ခြေရင်းဘက် ပြောင်းအိပ်ကြပြန်၏ ။ ဘုန်းတော်ကြီး ခြေရင်းဘက်တွင်လည်း ခဏသာ လှဲနေကြပြီး ပြန်ထလာကြကာ ကိုရင်သာဗြည့်တို့ ရှိနေသော ဘုရားကျောင်းဆောင်နား ရောက်လာကြပြန်သည် ။ ထိုနေရာ၌လည်း ဆယ်မိနစ်ပင် မကြာ နှစ်ယောက်စလုံး လန့်ဖျပ်ခုန်ထကာ ခေါင်းအုံး နှင့် စောင် ကို ယူပြီး ခေါင်းတက်ဖက်တွင် သွားအိပ်ကြပြန်သည် ။

ကိုရင်သာဗြည့် ကမူ သူတို့နှစ်ယောက် ဆောက်တည်ရာ မရ ဖြစ်နေကြသည်ကို မလှုပ်မယှက် အသာကြည့်ကာ “ ကြက်ဖကြီး ခိုးသွားတာ ဒီကောင်နှစ်ကောင်ပဲ ဖြစ်ရမယ် " ဟု တွေးမိနေပြီ ။ သို့သော် သူတော်ငတေ က “ ကိုရင် ဘာမှ မလုပ်ရဘူးနော် ။ ကြည့်ပဲ ကြည့်နေရမယ် ” ဟု မှာထားသဖြင့် မလှုပ်မယှက်ပင် မျက်လုံးကို မေှးဖွင့်၍ စိန်မောင် တို့ ညီအစ်ကို နှစ်ယောက် အခြေအနေကို စောင့်ကြည့်နေလေ၏ ။

အချိန်မှာ သန်းခေါင်နီးလာပြီဖြစ်သဖြင့် တခြားကျောင်းသား ၊ ကိုရင်ဦးပဉ္စင်း နှင့် ဘုန်းတော်ကြီးတို့ပါ အိပ်မောကျနေကြပြီ ။ အဟောက်ကြီးသော သိန်းအောင်ကြီး ဟောက်သံကလည်း ကျောင်းခေါင်းရင်း ပန်းပင်ပေါ်က ညညအော်မြည်တတ်သော ဇီးကွက် များနှင့်အတူ သံစုံထွက်နေပြီ ။

လှေကားထိပ်ဘက် သွားအိပ်နေကြသော ရွှေမောင် တို့ ညီအစ်ကို သည် ထိတ်ထိတ်ပျာပျာ နှင့် ထလာကြပြီး ဘုန်းတော်ကြီး ၏ ခြေရင်းခါးပန်းနားသို့ ပြောင်းအိပ်ရန် ထသွားကြပြန်သည် ။

သည်လိုနှင့် မကြာပါချေ ။ တဟီးဟီး ထငိုကြတော့၏ ။

စိန်မောင် တို့ ညီအစ်ကို ထငိုလိုက်ကြသောအခါ ဘုန်းတော်ကြီး ပါ လန့်နိုးလာသည် ။ လန့်နိုးနိုးချင်း ငိုသံကြားသဖြင့် ဘုန်းတော်ကြီး သည် ပျဉ်ခင်းကို ကြိမ်နှင့် တဖြန်းဖြန်း ရိုက်လိုက်ကာ ...

“ ဟဲ့ ဘယ်သူတုန်း ။ ဘာဖြစ်တာတုန်း ။ ငိုနေကြတာလား ”

ဟု အော်လိုက်သောအခါမှာတော့ ဦးပဉ္စင်း ၊ ကိုရင် ၊ ကျောင်းသား အားလုံး လန့်နိုးလာကာ ထိတ်ထိတ်ပျာပျာ ထထိုင်ကြသည် ။

“ ဟဲ့ ၊ နင်တို့နှစ်ယောက် ဘယ်လိုဖြစ်ပြီး ငိုနေကြတာလဲ ”

ပြောရင်းက ကြိမ်ဝင့်ကာ ဆရာတော် သည် စိန်မောင် နှင့် ရွှေမောင် ညီအစ်ကိုနှစ်ယောက် ရှေ့ လာရပ်သည် ။ ဦးပဉ္စင်းကြီး သောဘန ကလည်း ကပျာကယာ ပြေးလာပြီး မှန်အိမ်ကို မီးစာမြှင့်လိုက်သည် ။

“ ဟဲ့ .. မေးနေတာ မကြားကြဘူးလား ။ ငါတယ် ညကြီးမင်းကြီး နင်တို့နှစ်ယောက် ဘာဖြစ်လို့ ထ ငိုနေကြတာလဲ ။ ပြောစမ်း ”

ဘုန်းတော်ကြီး က ညီအစ်ကိုနှစ်ယောက် ကို ကြိမ်ရွယ်၍ မေးနေ၏ ။

“ တပည့်တော်တို့ ဗိုက်ထဲက ကြက်ချည်း ထထတွန် နေလို့ပါဘုရား ။ ဟီးဟီး တစ်ညလုံး မ. . မအိပ်ရတော့ပါဘုရား ဟီး ”

“ ဟယ် ”

ဘုန်းတော်ကြီး ငိုင်သွားသည် ။ ပြီးမှ ...

“ ကြံကြီးစည်ရာ ၊ နင်တို့ ဗိုက်ထဲက ကြက်တွန်ရအောင် နင်တို့ ဘာလုပ်ခဲ့ကြလို့လဲ ။ ငါ့ကို မှန်မှန်ပြောကြစမ်း ”

“ တ.. တပည့်တော်တို့ ”

စကားကို ချက်ချင်း မဆက်သေးဘဲ စိန်မောင် နှင့် ရွှေမောင် တို့က တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏ ။

“ နင်တို့ ဘာလုပ်ခဲ့ကြလဲ ။ ပြောစမ်းပါဆိုနေ .. ငါ တယ် ”

“ တ ... တပည့်တော်တို့ ညနေက ကို ... ကိုရင်သာဗြည့် ကြက် ခိုးသွားပြီး ချက်... ချက်စားမိကြ ”

“ ဖြန်း ... ဖြန်း ”

“ ဖြောင်း ... ဖြောင်း ... ဖြောင်း ”

“ ကြောက်ပါပြီ ဘုရား ။ သေပါပြီ ဘုရား ။ နောက်ကို မလုပ်တော့ပါဘူး ဘုရား ။ ချမ်းသာပေးပါ ဘုရား ”

ဘုန်းတော်ကြီး ၏ ကြိမ်ဆော်သံ နှင့် စိန်မောင် တို့ ညီအစ်ကို နှစ်ယောက် အော်ငိုလိုက်သံတို့မှာ တစ်ကျောင်းလုံး ဆူညံသွားသည် ။

“ဘာ ... ခုမှ ကြောက်ပါပြီလဲ ။ ဖြောင်း ... ဖြောင်း ၊ ဖြန်း . .. ဖြန်း ၊ ဗြန်း. . . ဗြန်း. . . ဗြန်း ၊ ရွှမ်း . . . ရွှမ်း ”

“ ကြောက်ပါပြီ ဘုရား ။ သေပါပြီ ဘုရား ။ ဘဘ ... ဘဘကြီး ကယ်ပါ ကူပါ ”

ဟု တအားအော်ပြီး ထပြေးသွားကြသော စိန်မောင် တို့ ညီအစ်ကို အား ဘုန်းတော်ကြီး က လိုက်ရိုက်သည် ။ ရွှေမောင် တို့ ညီအစ်ကိုမှာ သူတို့နှင့် ဆွေမျိုးမကင်းသော ဦးပဉ္စင်းကြီး ဦးသောဘန ကို ပြေးဖက်ကာ ...

“ ကယ်ပါဦး ဘဘ ၊ သေရပါတော့မယ် ။ ကယ်ပါ ”

ဟု အော်ဟစ်ကာ ဦးသောဘန ကို ပတ်ပြေးနေကြသည် ။

“ အဟမ်း ... ဟမ်း ... ဘာများ ဖြစ်ကြလို့လဲဘုရား ”

ညကြီးမင်းကြီး တစ်ကျောင်းလုံး ဆူညံနေသဖြင့် ကျောင်းနားစုက ဒကာ သုံးလေးယောက် ကျောင်းပေါ် ပြေးတက်လာကြသည် ။ ထိုအခါမှ ဘုန်းတော်ကြီး ကြိမ်ချက်လည်း ရပ်သွား၏ ။

“ ဘယ်လိုဖြစ်လို့ပါလဲ ဘုရား ”

“ ဟို ငထွန်းမောင် သားနှစ်ယောက် ကျောင်းဝင်းထဲက ဘေးမဲ့ လွှတ်ထားတဲ့ ကြက်ကို ခိုးဖမ်းချက်စားလာကြတယ် ပြောတယ် ။ အဲဒါကြောင့် ကျုပ် ရိုက်ဆုံးမနေရတာ ဦးထွန်းလူ ”

စိန်မောင် တို့ အဖေ ဦးထွန်းမောင် မှာ ရွာ၌ ကြေးရတတ် လယ်ပိုင်ရှင် ဆွေကြီးမျိုးကြီး ၊ ရွာလူကြီး ဖြစ်သည် ။ သားသမီးဆို၍လည်း ဤ စိန်မောင် နှင့် ရွှေမောင် အမြွာပူးညီအစ်ကိုနှစ်ယောက်သာ ရှိသည် ။ ငယ်ငယ်ကပင် အလိုလိုက်ထားသဖြင့် ပေတေချင်ကြသည် ။ နေရာတကာပါပြီး ထောင့်မကျိုးသဖြင့် ကိုရင်သာဗြည့် နှင့်လည်း မတည့်ကြ ။

“ ဟို ခွေးနှစ်ကောင် ၊ လာစမ်း ဒီကို ”

ကျောင်းနားစုမှ ကျောင်းပေါ်ပြေးတက်လာကြသော လူကြီးလေးယောက်ထဲမှ စိန်မောင် တို့၏ ဦးကြီး အရင်း ဦးထွန်းလူ က စိန်မောင် နှင့် ရွှေမောင် တို့ကို ခေါ်လိုက်သည် ။

စိန်မောင် နှင့် ရွှေမောင် တို့မှာ သူ့ဘကြီးရှေ့ ကျုံ့ကျုံယုံ့ယုံ့ လာထိုင်ကြ၏ ။ ငိုရှိုက်နေကြသံကမူ မပျောက်သေး ။

“ ကဲ ၊ ကျောင်းမှာ ဘေးမဲ့ပါ ဆိုပြီး လွှတ်ထားတဲ့ ကြက်ကို ဘာလို့ ခိုးစားကြလဲ ”

“ ကို... ကိုရင်သာဗြည့် ကြက်ပါ ”

“ နင့်မေကလွှား ၊ ကိုရင်သာဗြည့် ကြက်ရမလား ၊ ကျောင်းဝင်းထဲ နေတာ ကျောင်းကြက် မဟုတ်လား ။ ငါ ထရိုက်ပြန်ဦးမယ် ”

ဘုန်းတော်ကြီးက လှမ်းဟောက်သည် ။

“ ဒီခွေးနှစ်ကောင်ကို မနက်ဖြန်ကျရင် သဲဒဏ်ရေဒဏ် နာနာကြီး ချီးမြှင့်ပေးတော်မူပါ ဘုရား ။ ငမောင် ကိုလည်း နောက်နောင်မဖြစ်ရအောင် ဆိုဆုံးမဖို့ တပည့်တော် ပြောလိုက်ပါ့မယ် ။ ဟေ့ကောင်တွေ ၊ ဆရာတော် ကို ရှိခိုးပြီး ပေးတဲ့ အပြစ်ဒဏ် ခံပါ့မယ်ဘုရားလို့ လျှောက်ကြစမ်း ”

သူ့ ဘကြီး အမိန့်အတိုင်း စိန်မောင် တို့ ညီအစ်ကိုက ဘုန်းကြီးရှေ့လက်အုပ်ချီသွားပြီး ကြောက်ကြောက်ရွံ့ရွံ့နှင့် လျှောက်ကြ၏ ။

“ တပည့်တော်တို့ကို ခွင့်ပြုပါဦးဘုရား ”

“ အိမ်း အိမ်း ၊ ဪ ... နေ - နေဦး ဒကာကြီး ။ ဒီကောင်တွေပြောတာ ဆန်းတယ်ဗျ ။ ကျုပ်အိပ်ရာက လန့်နိုးပြီး ဒေါသဖြစ်ဖြစ်နဲ့ ထရိုက် မိတာမို့ စုံစုံစေ့စေ့ မေးဖို့ မေ့သွားတယ် ။ ဟေ့ကောင်တွေ ဘာရယ် ၊ နင်တို့ ဗိုက်ထဲက ကြက်တွန်သံ ကြားရတယ်ဆို ”

“ မှန်လှပါဘုရား ၊ တ ... တပည့်တော်တို့ အိပ်တာနဲ့ ဗိုက်ထဲ ကြက်ထတွန်နေသံကို တစ်ညလုံး ကြားနေရပါတယ်ဘုရား ။ တစ်ညလုံး မအိပ်ရပါဘုရား ”

“  ‌ေဟ ”

“ ဟင် ”

“ ဟာ ”

အစ်ကိုဖြစ်သူ စိန်မောင် ၏ စကားကို အားလုံး အံ့ဩမကုန် ဖြစ်သွားကြသည် ။

“ ဟင် ၊ သားကြီး တကယ်လား ”

ဦးထွန်းလူကြီး က သူ့တူ စိန်မောင် ကို မယုံသင်္ကာစိတ်နှင့် အံ့အံ့ဩဩ မေးလိုက်၏ ။

“ တကယ်ပါ ဘကြီး ။ ကျွန်တော်တို့ အိပ်ပျော်ခါနီးပြီဆိုရင် ဗိုက်ထဲက ကြက်တွန်သံချည်း ကြားလာရပါတယ် ။ မယုံရင် ညီလေး မေးကြည့်ပါ ”

“ သားငယ် ၊ တကယ်လား ။ ဘကြီး ကို ပြောစမ်း ”

“ ဟုတ်ပါတယ် ဘကြီး ။ တစ်ညလုံး ကျွန်တော်တို့ အိပ်မရ ဖြစ်နေရတယ် ”

“ ဟေ ၊ နင်တို့အဖြစ်က အဆန်းပါလား ။ ဒါ ဘယ်လို ဖြစ်တာလဲ ”

ဤတစ်ခါတော့ ဘုန်းတော်ကြီး ပါ အလွန်အမင်း အံ့ဩသွားပုံရသည် ။

စိန်မောင် တို့ ညီအစ်ကို မျက်နှာမှာလည်း ကြောက်လန့်၍ ငိုမလို ၊ ရယ်မလို ဖြစ်နေကြသည် ။

“ အံ့ဩစရာပဲ ။ အမှောင့်ပယောဂများလား မသိဘူးဘုရား ။ သားတို့ ဘယ်အချိန်က ဘယ်နေရာမှာ ကြက်သားချက်စားခဲ့ကြလဲ ”

“ ဦးလေးချစ်လှ တို့ နွားရုံထဲ မှာပါ ”

“ ဟာ ဟုတ်ပြီ ၊ ထောက်ရှာပင်ကွင်း က ချစ်လှကြီးနွားရုံ မှာ ဟုတ်လား ”

ဦးထွန်းလူ နှင့် အတူပါလာသူ ဦးတင်ညွန့် က မေး၏ ။

“ ဟုတ် .. ဟုတ်ပါတယ် ဦး ”

“ ဒုက္ခပဲ ၊ ထောက်ရှာပင်ကွင်း က သိပ်ကြမ်းတာ ဘုရား ”

ဦးထွန်းလူ နှင့် အဖော်ပါလာသူ လူကြီးတစ်ယောက်ကလည်း ဘုန်းတော်ကြီး ကို လျှောက်လိုက်သည် ။

“ မင်းတို့ ကွင်းပိုင်ကြီး ကို မမြှောက် မပသဘဲ စားကြလို့ နေမှာပေါ့ ”

“ အချိန်ကကော ၊ ဘယ်အချိန်လဲ ”

ဦးထွန်းလူ က သူ့တူနှစ်ယောက် ကို မေး၏ ။

“ ညနေက ”

“ သေချာတာပေါ့ကွာ ”

ထိုသို့ ပြောနေကြချိန်မှာပင် လူကြီးနှစ်ယောက် ကျောင်းပေါ် တက်လာကြပြန်သည် ။ ဘုရားဒကာ ဦးဖြူသီး နှင့် သူ့ညီအရင်း ဖြူလှ တို့ ဖြစ်ကြသည် ။

သူတို့နှစ်ယောက် မှာ စိန်မောင် ၊ ရွှေမောင် တို့ အဖေ ဦးထွန်းမောင် နှင့် အိမ်နီးချင်းများ ဖြစ်ကြသည် ။

“ဖြူသီး ၊ မင်းတို့ ရွာမြောက်ကတောင် ကြားလို့ လိုက်လာကြတာလား ။ မောင်ထွန်း ကော မပါဘူးလား ။ ဒီမှာ သူ့သားနှစ်ကောင်.. ”

“ ဟာ ကိုရင် ကလည်း ၊ မောင်ထွန်း ပါဖို့ နေနေသာသာ ခုကျွန်တော်တို့ မောင်ထွန်း ကိစ္စနဲ့ ဝေယံလင်း တို့အဖေ က ဦးသူတော် ကို မေးခိုင်းလိုက်လို့ မေးလာကြတာ ။ ကျောင်းပေါ်မှာလည်း မီးတပြောင်ပြောင်နဲ့ စကားပြောနေကြသံ ကြားရလို့ တက်လာကြည့်ကြတာဗျ ။ ကျောင်းမှာ ဘာဖြစ်လို့လဲ ”

“ ဘာဖြစ်ရမှာလဲကွ ။ ငထွန်း သား နှစ်ယောက်ရယ် ကျောင်းက ကြက်ကို ခိုးပြီး ထောက်ရှာပင်ကွင်း က ငချစ်လှ နွားရုံထဲ မိုးချုပ်နေဝင် သွားချက်စားလာကြတာ ခု သူတို့ အိပ်ပျော်ခါနီးတိုင်း သူတို့ ဗိုက်ထဲက ကြက်ချည်း ထထတွန်ပြီး နိုး .. နိုး ”

“ ဟောဗျာ ၊ ဒီသားအဖတွေ ဘယ်လို ဖြစ်ကုန်ကြပါလိမ့် ။ ကိုကြီးထွန်း ကလည်း အဲသလို အိပ်ပျော်ခါနီးတိုင်း သူ့ဗိုက်ထဲက ကြက်တွန်သံချည်း ကြားနေရပါတယ်ဆိုပြီး ကယောင်ချောက်ချား ပြောနေလို့ ဆေးဆရာ ကို ခေါ်ပြကြတယ် ။ ဆေးဆရာ က ညနေ ဘာဟင်းနဲ့ စားလဲ ဘာညာမေးကြည့်တော့ ထွေထွေထူးထူးလည်း ဘာမှ မစားရပါဘူး ။ သူ့သားတွေနဲ့ သူ့နှမ မအေးချမ်း ပေးလိုက်တဲ့ ကြက်သားဟင်းတော့ စားမိတယ် ပြောတယ် ။ ဟုတ်လား စိန်မောင် ၊ နင့်အရီးလေး ပေးလိုက်တဲ့ ကြက်သားဟင်း နင်တို့ အဖေကို ပေးကျွေးတယ်ဆိုတာ ”

ဘုရားဒကာ ဦးဖြူသီး က စိန်မောင် ကို မေးသည် ။

“ အဲ .. အဲဒါ အရီးလေး ပေးလိုက်တဲ့ ကြက်သား မဟုတ်ပါဘူး ဘဘ ။ ကျွန်တော်တို့ ချက်စားကြတာ ကျောင်းက ကိုရင်သာဗြည့် ကြက်ဖကြီးသားပါ ။ အဖေကြီး သိရင် ဆူနေမှာစိုးလို့ အရီးလေးက ပေးလိုက်ပါတယ်လို့ ကျွန်တော်တို့ တမင်ပြောမိကြတာပါ ”

“ ကြည့်စမ်း ၊ တော်တော် ဉာဏ်များတဲ့ ခွေးနှစ်ကောင်ပါလား ။ အားလုံး ဒုက္ခရောက်အောင် လုပ်တာ ။ ငါ ထပ်ရိုက်ရင် သေတော့မှာပဲဟင်း ”

“ အဖြစ်က လွန်လွန်းနေလို့ သည်းခံတော်မူပါဘုရား ”

စိန်‌ေမာင် တို့ ဦးကြီး ဦးထွန်းလူ က ဘုန်းတော်ကြီးကို လက်အုပ်ချီ၍ တောင်းပန်ထားသည် ။

“ နင်တို့နှစ်ကောင် ထောက်ရှာပင်ကွင်းက ချစ်လှနွားရုံထဲ ခိုးသွား ချက်စားကြတော့ ကွင်းပိုင်တွေ ဘာတွေ မမြှောက် မပသလို့ ဖြစ်မယ် ”

“မြှောက်ပါတယ် ဘဘကြီး ၊ မြှောက်တာမှ လူကြီးတွေ လုပ်သလို ခြေထောက် နှစ်ချောင်းရော ၊ တောင်ပံ နှစ်ဖက်ရော ခေါင်းပါအစုံ မြောက်ပါတယ် ”

စိန်မောင် ငိုသံပါကြီးနှင့် ပြော၏ ။

“ ဘာပဲဖြစ်ဖြစ် ထောက်ရှာပင် ကွင်းပိုင်ကြီးပဲ ဖြစ်မယ် ။ ဒီအဖြစ် မျိုး ရပ်မှာရွာမှာ တစ်ခါမှ မကြားဘူး ၊ မကြုံဘူးကြတော့ ဆေးဆရာ ဝေယံလင်း တို့ အဖေက သူလည်း ဘာလုပ်ရမှန်း မသိဘူး ။ ကျောင်းက ဦးသူတော် ဆီ သွားပြီး အကျိုးအကြောင်း ပြောပြပါဆိုလို့ ကျွန်တော်တို့ လာကြတာ ။ ခုကျောင်းမှာ ကိုကြီးထွန်း သားနှစ်ယောက်စလုံးကပါ ဒီလို ဖြစ်နေတော့ ဘယ်လိုလုပ်ကြ ... ”

“ ဟဲ့ ကိုရင်သာဗြည့် ၊ ဦးသူတော် တောင် ရှိရဲ့လား ။ ရှိရင် ကြားလောက်ရောပေါ့ ။ ကျောင်းပေါ်တက်လာ”

“ တပည့်တော် ရှိပါတယ် ဘုရား ။ ကြားပါတယ် ဘုရား ”

ကိုရင်သာဗြည့် အား အခေါ်ခိုင်းရန် အမိန့်ရှိလိုက်သော ဘုန်းကြီး စကား မဆုံးမီပင် သူတော်ငတေ ကျောင်းပေါ် တက်လာသည် ။

“ ဦးသူတော် ကြားတဲ့မြင်တဲ့အ တိုင်းပဲဗျာ ။ ခု သန်းခေါင်ကျော်နေပြီ ။ မောင်ထွန်း လည်း သူ့ဗိုက်ထဲ က ကြက်ချည်း ထထတွန်နေတယ်ဆိုပြီး ကယောင်ချောက်ချား ဖြစ်နေလို့ ဝေယံလင်း အဖေ ကို ခေါ်ပြကြတော့ သူလည်း မကြားဘူး ၊ မကြုံဖူးဘူး ဆိုပြီး ဦးသူတော် ဆီ လွှတ်လိုက်လို့ပါ ။ အဲဒါ ဦးသူ ... ”

“ ဘာမှ မဟုတ်ပါဘူး ဘုရား ။ ဒကာကြီးရာ အလကားပါ ”

သူ့အား အကြောင်းကြားရန် လာသော ဦးဖြူသီး ကို သူတော်ငတေ က ဘာမှ အရေးမကြီးသလို ပြောသည် ။

“ ဦးသူတော် အရေးမကြီး မလုပ်နဲ့ ၊ ချစ်လှတို့ ထောက်ရှာပင်ကွင်း ... ကွင်းပိုင်ကြီးက သူ ... ”

“ တော်စမ်းပါဗျာ ။ ခင်ဗျား ကျောင်းပေါ်လာပြီး ပေါက်တက်ကရ ဘာကွင်းပိုင်မှ မဟုတ်ဘူး ။ ကန်တော့ပါရဲ့ဘုရား ”

သူတော်ငတေ က ဘုရားဒကာ ဦးဖြူ သီးနှင့် အတူပါလာသာ ဦးဖြူသီး ညီ ဖြူလှ ကို ဟောက်ပြီး သူ့ပါးစပ်ထဲက ဝသီအတိုင်း ကြမ်းကြမ်းတမ်းတမ်း ထွက်သွားမိသည်ကို ဘုန်းတော်ကြီးအား တောင်းပန်လိုက်သည် ။

“ ဒါဆိုလည်း သင့်တော်သလို စီမံပေးပါ ဦးသူတော် ”

စိန်မောင် တို့ ဦးကြီးအရင်း ဦးထွန်းလူ က သူတော်ငတေ ကို ကြားဝင် ပြောလိုက်သည် ။

“ ဟ ၊ ဘုန်းကြီးကျောင်းဝင်းထဲက ကြက်ကိစ္စ ၊ ကျုပ် ဘာလုပ်တတ်မှာလဲ ။ ကျောင်းဝင်းက ဆရာတော် ပိုင်ပဲ ။ ဘုန်းကြီးကို လျှောက်ပေါ့ ”

“ ဒီကျောင်း နဲ့ ကျောင်းအရံအတား ပရိဝုဏ်အားလုံးဟာ သံဃိက ပိုင်ပါ ဦးသူတော် ၊ ကျုပ်မပိုင်ပါဘူး ။ ဂိုဏ်းဂဏ ဆရာတော်ကြီးတွေက ထားလို့ နေရတာပါ ”

ကျွန်ုပ်တို့ ဆရာတော် မှာ အရိုက်ကြမ်း စိတ်တိုသော်လည်း ဝိနည်း နှင့် ပတ်သက်လျှင်မူ အစွန်းအထင်း မခံတတ်သဖြင့် ကျောင်းနှင့် အရံ အတွင်း ပရိဝုဏ် ကို သူမပိုင် ဟု အမိန့်ရှိသည် ။

“ အရှင်ဘုရားလည်း သံဃာပါ ဘုရား ။ တပည့်တော် ခွင့်တောင်းပါတယ် ။ တပည့်တော် ခွင့်တောင်းပါတယ် ။ ပြစ်မှားမိကြပြီမို့ ခွင့်လွှတ်တော်မူပါ ဘုရား ”

“ ကောင်းပြီ ၊ ဦးသူတော် ဆောင်ရွက်လိုက်ပါ ”

“ မှန်ပါ့ဘုရား ”

ဘုန်းကြီးကို လျှောက်ပြီး သူတော်ငတေ က စိန်မောင် တို့ ညီအစ်ကိုနှစ်ယောက် ကို ခေါ်လိုက်သည် ။

“ ကိုရင်သာဗြည့် လည်း ကြွပါ ဘုရား ”

ကိုရင်သာဗြည့် က သူတော်ငတေ နား လာရပ်၏ ။

“ဟာ ၊ ဒီ ကိုရင် လုပ်ပြီ ။ ပင့်ပါတယ်ဆိုမှ သမဏသာရုပ္ပ ဖြစ်အောင် တင်ပျဉ်ခွေ ထိုင်မှပေါ့ ”

ကိုရင်သာဗြည့် က ပြုံးဖြီးဖြီး နှင့် သူတော်ငတေ နားတွင် စက္ခုန္ဒြေချကာ တင်ပျဉ်ခွေထိုင်ချလိုက်၏ ။

“ နင်တို့ နှစ်ကောင် ကိုရင့် ကို ကန်တော့ကြ ။ နင်တို့ ခိုးစားတဲ့ ကြက်က သာဗြည့် ၊ အဲ ... ကိုရင်သာဗြည့်ကြက် ဆိုတာ နင်တို့ ပါးစပ်က ထွက်တာပဲ ”

“ ဟုတ် ၊ ဟုတ်ကဲ့ပါ ဘဘ ”

“ ဟုတ်ပါတယ် ဘဘကြီး ”

“ အေး ၊ ကာယကံ ၊ ၀စီကံ ၊ မနောကံ နဲ့ ပါ နောက် ဘယ်တော့မှ ကိုရင်သာဗြည့် အဲ ... အာ .. မဟုတ်သေးပါဘူး ။ ဒီကိုရင် သာသနာဘွဲ့ ရှိပါသေးတယ် ။ တပည့်တော်တို့ကလည်း ဘုန်းကြီး ခေါ် ခေါ်နေသလို နှုတ်ကျိုးနေတော့ ကိုရင့်ဘွဲ့လည်း မသိဘူး ။ ကိုရင့်ဘွဲ့က ဘာတဲ့တုန်း ”

သူတော်ငတေ က ကိုရင်သာဗြည့် ကို မေးသည် ။

“ ခင်ဗျားတို့က သာဗြည့် ပဲ ခေါ်ခေါ်နေကြတော့ ကျုပ်လည်း ကျုပ်ဘွဲ့တောင် ကောင်းကောင်း မမှတ်မိသလိုပဲ ”

“ ကောင်းတယ် ၊ ကောင်းတယ် ကိုရင်လည်း ငတေ့ လိုပဲ သာဗြည့်ပဉ္စင်း ၊ သာဗြည့်သူတော် ဖြစ်လာဦးမှာပဲ ”

သူတော်ငတေ့ စကားကို အားလုံး ဝိုင်းရယ်ကြသည် ။

“ ဟဲ့ ၊ နင့်နာမည် နောဒိဉာဏ မဟုတ်ဘူးလားတဲ့ သာဗြည့်ရဲ့ ။ ရှင်ပြုတုန်းက နင့်ဘွဲ့ ငါပေးထားတာပဲ ”

ဘုန်းကြီး၏ စကားကို သူတော်ငတေ နှင့် အားလုံး ဝိုင်းရယ်ကြသောအခါ ဆရာတော်လည်း ပြုံးသည် ။

“ ဘုန်းကြီးဘွဲ့က ခက် ”

“ ကိုရင် က ကြာသပတေး ၊ သောကြာ တစ်နေ့နေ့သား မဟုတ်ဘူးလား ဘုရား ”

ကိုရင်သာဗြည့် စကား မဆုံးလိုက် မီ သူတော်ငတေ က ဘုန်းကြီးကို မေး၏ ။

“ မဟုတ်ဘူးတဲ့ ။ ကျုပ်ကလည်း ဘွဲ့ပေးဖို့ သူ့အဖေကို မေးတော့ စနေသား ပါ ပြောလို့ နောဒိဉာဏ လို့ပေးလိုက်တယ် ”

“ သာဗြည့် ဆိုတာ ဘယ်သူပေးပါလိမ့် ။ နေ့နံ တခြားစီလားလို့ ။ ဒီကိုရင် ”

“ ကျုပ် မှတ်မိတယ် ဦးသူတော် ။ သာဗြည့်ဆိုတဲ့ နာမည်က ဟိုဆေးဆရာ စာဖတ်တတ်က ပေးတာဗျ ။ သူကလည်း တစ်မျိုးပဲ ။ သူ့သားနာမည်တောင် ဝေလာ ဆိုလား ၊ ဘာ လယံ ဆိုလဲ ။ ခု ကျောင်းမှာ ရှိမှာပေါ့ ”

စိန်မောင် တို့ ဦးကြီး ဦးထွန်းလူ စကားကြောင့် ကျွန်ုပ်မှာ ရှက်၍ မျက်နှာကို အစ်ကိုဝင်းထိန် ကိုယ်နှင့် ကွယ်ထားလိုက်ရသည် ။

“ ဟေ ၊ ဒီလူက ပေါက်ကရတော့ လုပ်တော့မယ် ။ ဒါကြောင့် ဒီ ကိုရင် ဓာတ်စီးနေလား မသိဘူး ။ ကျောင်းလာမှ ဆေးဆရာကို မေးကြည့်ရဦးမယ် ။ ဒီကိုရင် က ပေါတောတောလို့ ခင်ဗျားတို့ မထင်ကြနဲ့နော် ။ ဒီ ကိုရင် မှာ အစောင့်အရှောက်ရှိတယ် ။ ဘာမှတ်လဲ ။ ခု ဒီကိုရင့် ကြက် ခိုးစားကြတဲ့ အကောင်တွေသာ ကြည့်လေ ။ ဘယ်လိုဖြစ်ကုန်ကြလဲ ဆိုတာ ”

“ ဟင် ... ဟုတ်လား ဦးသူတော် ၊ ကိုရင်လေးမှာ ဘာ အစောင့်အရှောက်တွေ ရှိလဲ ပြောပါဦး ။ ကျွန်တော်တို့ရော ကျောင်းက ကလေးတွေပါ နောက်တော့ ဆင်ခြင်နိုင်အောင်ပေါ့ ”

အံ့ဩတကြီး ဖြစ်သွားသော ဦးဖြူလှ ၏ စကားနှင့်အတူ သူတို့ အကုန်မှာ သူတော်ငတေ ၏ မျက်နှာကိုသာ ဝိုင်းကြည့်နေကြသည် ။

“ ဘာ အစောင့်အရှောက်လဲဆိုတော့ အရဟတ္တတန်ဆာ ခေါ်တဲ့ သင်္ကန်း ပေါ့ဗျ ။ ဒီထက်တန်ခိုးကြီးတဲ့ အစောင့်အရှောက် အဆောင်အယောင်ဆိုတာ ဒီကမ္ဘာမှာ ရှိနိုင်ဦးမလား ။ အဲ ၊ ကိုရင်သာဗြည့်လေး ကို ငယ်ငယ်လေး ၊ ပေါတောတောလေး ဆိုပြီး မရိုမသေ မလုပ်ကြနဲ့နော် ။ အကုန် ဒုက္ခရောက်ကုန်မယ် ။ ခုပဲကြည့် သူ့ကြက်ခိုးစားကြတဲ့ ခွေးနှစ်ကောင် အပြင် သူ့အဖေပါ ဒုက္ခရောက်နေရပြီ ”

ပြောပြောဆိုဆိုနှင့်ပင် သူတော်ငတေ သည် ဘုရားကျောင်းဆောင်ပေါ် တက်သွားပြီး သောက်တော်ရေ တစ်ခွက်ကို ရိုရိုသေသေ လက်နှစ်ဖက်နှင့် ခေါင်းပေါ်ကိုင်မြှောက်ကာ ပါးစပ်ကလည်း ဘာတွေရွတ်ဖတ်လာသည် မသိ ။ နှုတ်ခမ်း တလှုပ်လှုပ် လုပ်လာသည် ။

“ ရော့ ၊ ဒီဆေးကို တစ်ယောက်တစ်ဝက်စီ သောက်လိုက်ကြ ။ ငတေ ပေးတဲ့ဆေးလို့ မမှတ်ကြနဲ့ ။ ဘုရားဆေး ၊ တရားဆေး ၊ သံဃာတို့ ပေးတဲ့ဆေး လို့ အာရုံပြုပြီး သောက်လိုက်ကြ ”

သူ့လက်ထဲ ကိုင်လာသော သောက်တော်ရေခွက်ကို စိန်မောင် အား လှမ်းပေးလိုက်ရင်းက ပြော၏ ။

သူတော်ငတေ ပေးသော သောက်တော်ရေကို စိန်မောင် နှင့် ရွှေမောင် တို့ တစ်ယောက် တစ်ဝက်စီ သောက်ပြီး ရွှေမောင် က သောက်တော်ရေခွက်ကို ကိုင်ကာ ငိုင်နေသည် ။

“ ဟဲ့ ... ဘာငိုင်နေတာလဲ ။ သောက်ပြီးရင် ဘုရားသောက်တော် ရေခွက်ကို ဘုရားကျောင်းပေါ် ပြန်တင်ထားလိုက်ကြလေ ။ သွား ...  သွား ၊ သွား ... အိပ်ကြတော့ ၊ ညဉ့်နက်နေပြီ ။ ဒကာကြီးတို့လည်း ပြန်ကြတော့ ”

“ ကို... ကိုကြီးထွန်း အတွက်လည်း လုပ်ပေးလိုက်ဦးလေ ဦးသူတော် ”

စိန်မောင် တို့ အဖေ ဦးထွန်းမောင် ကိစ္စနှင့် ရောက်နေကြသော ဘုရားဒကာ ဦးဖြူသီး ညီ ဦးဖြူလှ က သူတော်ငတေ နား ကပ်သွား၍ ပြော၏ ။

“ သွားစမ်းပါ ၊ ခင်ဗျားတို့ ခွေးငထွန်း လည်း ဘာမှ မဖြစ်တော့ဘူး ။ စိတ်ချ ၊ ခွေးက မွေးထားတဲ့ ခွေးလေးနှစ်ကောင်ကိုလည်း ကြပ်ကြပ် အလိုလိုက်ပါလို့ မှာလိုက်တယ် ပြောလိုက် ”

“ ဟုတ် ... ဟုတ်ကဲ့ပါ ”

“ ရွာထဲက ကာလနာလေးတွေ ၊ အဲ ကာလသားလေးတွေကိုလည်း ပြောထားကြ ။ လူပျိုလှည့်သွားသလိုလို နဲ့ ရွာမှာ ကြက်ခိုးစားကြရင်တော့ နင်တို့ ဖင်မှာ သူတော်ငတေ က အခင် တပ်ပေးထားမယ်လို့ ကြက်ခိုးစားလို့ ကတော့ စားတဲ့အကောင်တွေရဲ့ ဖင်က တစ်ညလုံး ကြက်တွန်နေပြီသာ မှတ် ”

ထိုသို့ပြောကာ သူတော်ငတေ သည် ကျောင်းအောက်သို့ ဆင်းသွားလေသည် ။

ထိုနေ့ ထိုရက်ကပင် ကျွန်ုပ်တို့ရွာထဲရှိ ကာလသားများ သည် သူတော်ငတေ ကို ကြောက်ကာ မည်သူမျှ ကြက်ခိုးမစားရဲကြတော့ပေ ။

◾ ဝေယံလင်းခေါင်

📖 ဂမ္ဘီရမဂ္ဂဇင်း
      ၂ဝဝဝ ပြည့်နှစ် ၊ မေလ

koaungnaingoo.blogspot.com

.

No comments:

Post a Comment