❝ ဘုရားရှင်ကိုယ်တော်မြတ် ကိုတောင် စိုးမိုးနေတဲ့ တရား ❞
ကျွန်တော် သည် ဘယ်ကိုမှ မဝင်တော့ဘဲ ကျွန်တော့် အခန်းသို့ အရောက် ပြန်သွားလေသည် ။
အခန်းတံခါးမှာ စေ့ရုံသာ စေ့ထားသောကြောင့် တွန်းလိုက်သောအခါ အခန်သင့်ပင် ပွင့်သွားလေ၏ ။ စားပွဲတင် မှန်အိမ်မီးစာကို နှိမ့်ထားသဖြင့် မှုန်တိမှုန်ဝါး အလင်းရောင်သာ ရှိနေသည် ။
အတူနေ ဘလောက်ဆရာ ကိုတင်အေး သည် ဝရန်တာမှာ ရပ်ပြီး လမ်းဘက်သို့ ငေးနေသည် ။
ပက်လက်ကုလားထိုင်မှာ အားနေ၏ ။ လူမောစိတ်မောဖြစ်နေသော ကျွန်တော်သည် ပက်လက်ကုလားထိုင်ပေါ် ပစ်ထိုင်ပြီး ခွေမှိုင်၍နေလိုက်တော့မည် ကြံသည် ။ ကျွန်တော် က ကြံခါရှိသေး ၊
ကိုတင်အေး သည် ဦးအောင် ဝင်ထိုင်လိုက်သဖြင့် စိတ်ညစ်သွား၏ ။ ဒေါသလည်း ထွက်၏ ။
သို့သော် ဘာမျှ မတတ်နိုင် ။
ကျွန်တော် သည် အိပ်ရာလိပ်ကို ဆောင့်ကြီးအောင့်ကြီးဖြင့် ယူပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ခင်းသည် ။
အပေါ်အင်္ကျီကို ချွတ်၍ သေတ္တာပေါ် ပစ်တင်လိုက်ပြီး အိပ်ရာပေါ်မှာ ပစ်လှဲလိုက်သည် ။ ပြီးတော့
မျက်စိကို နာနာမှိတ်လိုက်၏ ။ ကိုအေးငွေ နှင့် သခင်ဘဟိန်း တို့သည် ကျွန်တော့် အား လက်ညှိုး
ထိုး၍ “ သူများမယား ကြာခိုတဲ့ လူယုတ်မာ ” ဟု စွပ်စွဲနေကြသည်ဟု ထင်ယောင်မြင်ယောင်
ဖြစ်နေသည် ။ နောက်တော့ ကိုကြီးနု ၏ လက်ညှိုးကြီး ပေါ်လာပြန်သည် ။ သူများ မယား နှင့် မှ
စိတ်မချရသူကို တိုင်းပြည် နှင့် စိတ်ချရပါ့မလား ဟူသော မေးခွန်းကို ကြားနေရသည် ။ ဟိုလူက
လက်ညှိုး ထိုး ၊ ဒီလူက လက်ညှိုး ထိုး ၊ ထွီခနဲ တံတွေးထွေးသူ ထွေး ၊ တိုးတိုးကလေး အတင်း
ပြောသူက ပြော ။
မျက်စိကို မှိတ်ထားလေ ၊ စိတ်ဒုက္ခရောက်လေ ဖြစ်နေ၏ ။
စိတ်ပြေလက်ပျောက် ဖြစ်စေရန် မှန်အိမ်ကို ခေါင်းရင်းမှာ ထားပြီး မီးစာကို မြှင့်တင်၍ စာဖတ်ရန်
ကြိုးစားသည် ။ စာလုံးတွေကို မျက်စိဖြင့် မြင်နေရသော်လည်း အဓိပ္ပာယ်ကို မထင်မြင်နိုင် ။
ကျွန်တော့် ကိုယ်ကို ကျွန်တော် အပြစ်တင်သည် ။ ငါ့ ကိုယ်က ညံ့တယ် ။ ငါ့ စိတ် ငါ မနိုင်လို့
မမြမှီ နှင့် ခုလို ပြစ်မှားမိရတယ် ။ ဘယ်သူမပြု မိမိမှု ဆိုတယ် မဟုတ်လား ။ အို မမြမှီ နှင့် ကလော
အတူ မသွားဘဲ နေမိရင် အကောင်းသား ၊ အတူ သွားတယ် ဆိုကတည်းက ခုလို လွန်လွန်ကျူးကျူး
ဖြစ်ဖို့ သေချာတာပဲ ။ အို အဲဒီ မတိုင်ခင် စောစောကတည်းက ရင်းရင်းနှီးနှီး မနေခဲ့ရင် ပိုကောင်းမယ် ။ ကန်တော်ကြီး အတူသွားကြတာ ၊ ရုပ်ရှင် တွဲတွဲကြည့်တာ ၊ လေညင်းခံ ကားစီး အတူတူ
ထွက်တာ ၊ ဒါတွေဟာ တစ်ခုမှ မကောင်းဘူး ။ အို အကောင်းဆုံးကတော့ မမြမှီ နှင့် အသိအကျွမ်း
မဖြစ်ခဲ့ရင် ၊ သို့ဖြင့် ကုလားဗမာအဓိကရုဏ်း အတွင်းက ၊ ကုလားရပ်ကွက်ထဲနေသော ဗမာတွေကို
ကယ်ဆယ်ရင်း မမြမှီ နှင့် ပထမဆုံး တွေ့ဆုံကြပုံကို ပြန်လည်သတိရနေသည် ။ အို မမြမှီ က
သည်လောက် မလှရင် ကောင်းမှာပဲ ။ သည်လောက် စွဲမက်စရာ မရှိရင် ကောင်းမှာပဲ ။ သူ့
ယောကျာ်းကြီး က ခုလို အိပ်ရာထဲ လဲနေတဲ့ ဂီလာန မဟုတ်ဘဲ ကျန်းမာနေသူဆိုရင် ကောင်းမှာပဲ ။
သက်သက် ဒီလူဟာ သေလည်း မသေဘဲနှင့် မမြမှီ ကို နှိပ်စက်နေတာ ။ သူသေသွားရင် ငါ တို့ ဒီလို
ကြာခိုမှု ဖြစ်မှာမဟုတ်ဘူး ။ တို့ နှစ်ယောက်သား အပြစ်ကင်းစင်စွာ ..... ။ သို့ဖြင့် ကိုယ့်ကိုယ်ကိုယ်
အပြစ်ဆိုနေခဲ့သော ကျွန်တော် သည် ဦးထွန်းဝင်း အပေါ် အပြစ်တွေ ဖို့နေပြန်လေပြီ ။ မမြမှီ ကလည်း
ကဲပါတယ်လေ ၊ ငါ့ကို သူ့ပိုက်ထဲ မမိ မိအောင် မာယာ အမျိုးမျိုးနှင့် ဖမ်းတာပဲ ။ မမ - ခင်ဗျား ဟာ
မင်းသမီးယောင် ဆောင်နေတဲ့ ဘီလူးမ ၊ ကျွန်တော့် ရဲ့ သန့်ရှင်း မြင့်မြတ်တဲ့ အသည်းနှလုံး ကို
စားပစ်တဲ့ ဘီလူးမ ။ ကျွန်တော့် နာမည်ပျက်အောင် မမ က တမင် ဖျက်တာပဲ ။ သို့ဖြင့် ဦးထွန်းဝင်း
နှင့် မမြမှီ တို့ အပေါ်တွင် အပြစ်ဖို့လိုက်ရသောအခါ ကျွန်တော့် စိတ်သည် ပေါ့သလိုလို ဖြစ်သွားလေသည် ။ အတော် သက်သာရာရသွားသည် ။ ကျွန်တော် သည် စာအုပ်ကို ဘေးချထားပြီး မျက်လွှာကို အသာပိတ်ကာ စဉ်းစားလိုက်ပြန်သည် ။ မမြမှီ နှင့် ဖြစ်ပျက်ခဲ့သမျှကို အစီအစဉ်နှင့် တွေးတော
ကြည့်လိုက်သည် ။ အင်း တကယ်တော့လည်း ဘယ်သူ့ကိုမှ အပြစ် မဆိုသာဘူး ။ ငါ့ လည်း အပြစ်
မရှိ ။ မမ လည်း အပြစ် မရှိ ၊ ဦးထွန်းဝင်း လည်း အပြစ် မရှိ ။ အကြောင်းတွေကိုက ဒီလို ဖြစ်အောင်
ဖန်တီးလာတာပဲ ။
တံခါးဖွင့်သံနှင့် -
“ ဝင်ပါ ၊ ဝင်ပါ အားမနာပါနဲ့ ” ဟူသော ဗေဒကဝိန် ဦးတက်ရှိန် ၏ အသံတို့ကြောင့် ကျွန်တော့်
အတွေး ရပ်သွားလေသည် ။ တံခါးဝသို့ လှမ်းကြည့်လိုက်သောအခါ ဗေဒကဝိန် နောက်တော်ပါးမှ
အသက်အစိတ်ထက် ကျော်ဦးမည် မဟုတ်သော မိန်းမ တစ်ယောက် ပါလာသည်ကို အံ့ဩစွာ
တွေ့ရလေသည် ။ ထို မိန်းမသည် အရပ်အမောင်း ကောင်း၍ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်း
အချိုးကျသည် ။ အသား ညိုစိမ့်စိမ့် ဖြစ်သည် ။ နှာခေါင်း ပြားသော်လည်း မျက်လုံးများမှာ ကု -လားဆန်ဆန် မျက်ဖန်ကောင်း၍ ကြည်လင်သည် ။ သူမ သည် အလေးမဆံထုံး ဟု ခေါ်ကြသော တူကွိုင်
ဆံထုံး ထုံးထားသည် ။ နှုတ်ခမ်းနီရဲစွာ ဆိုးထားသည် ။ ဝိုင်သားရင်စေ့အင်္ကျီတွင် လှပစွာ ပန်းထိုး
ထားသည် ။ ဖက်ဖူးရောင် ပိုးတွန့်လုံချည်ကို ဝတ်ဆင်ထားသည် ။
ဆရာဦးတက်ရှိန် တို့ ဝင်လာတော့မှ ကိုတင်အေး သည် ပက်လက်ကုလားထိုင်မှ ဖယ်ပေးလေသည် ။
သို့သော် ဦးတက်ရှိန် ကား ပက်လက်ကုလားထိုင် မှာ မထိုင်ပါ ။ သင်ဖြူးခင်းပေးပြီး ထို မိန်းမ ကို
ထိုင်စေသည် ။ သူကမူ ဘုရားစင်ရှေ့မှာ ဒူးတုပ်လိုက်လေသည် ။ ထို့နောက် အထူးစီရင်ထားသော
ဖယောင်းတိုင်ကြီး တစ်ချောင်း ကို မီးထွန်းညှိလေသည် ။
ထိုမိန်းမ သည် သင်ဖြူးပေါ်မှာ ကျုံ့ကျုံ့ကလေးထိုင်ပြီး ဆရာဦးတက်ရှိန် အား မျက်စိ ပေကလတ်
ပေကလတ် ဖြင့် ကြည့်နေသည် ။
ဦးတက်ရှိန် က ဘုရား ရှိမခိုးမီ ထို မိန်းမဘက် သို့ သမင်လည်ပြန် ကြည့်လိုက်ပြီး -
“ သူ က တနင်္လာသားနော် ”
“ ဟုတ်ကဲ့ ဆရာ ”
“ မင်းက သောကြာ နော် ”
“ ဟုတ်ကဲ့ ဆရာ ”
“ အေး အေး ဆရာ က သတိတော့ ရပါတယ် ။ နို့ပေတယ်လို့ အမှားအယွင်း လုံးဝ မရှိအောင် ထပ်
မေးတာဟေ့ ။ စီစဉ်တုန်းကတည်းက နေ့တွေ နံတွေ တွက်ချက်ပြီးသားကွဲ့ ကြားလား ၊ အဟမ်း
ဩကာသ ဩကာသ ... ”
ဆရာဦးတက်ရှိန် သည် ဘုရားရှိခိုးသည် ။ နတ်များကို တိုင်တည်သည် ။ ထို သောကြာသမီးကား
ဘုရားဘက် အာရုံပြု လိုက် ကျွန်တော့်ဘက် လှည့် လိုက် လုပ်နေလေသည် ။ ကျွန်တော့်မှာ ကျွန်တော့်
အပူ ရှိနေနှင့်ပြီ မဟုတ်ပါက ထို သောကြာသမီးနှင့် ပြိုင်၍ မျက်စိကစားနေမိပေမည် ။
ကျွန်တော် သည် စာအုပ်ဖတ်ချင်ယောင် ဆောင်ပြီး ကျွန်တော့် ကိစ္စ ကျွန်တော် စဉ်းစားပြန်၏ ။
အကြောင်းက ဖန်လာ၍ ဖြစ်ခဲ့ရလေလင့်ကစား အမှားဟု သိလျှင် အမှားကို မပြင်တော့ဘူးလား ။
ငါ မှားနေပြီ ။ ရပ်တန်းကရပ်မှ ကောင်းမယ် ။ မမ ရေ ကျွန်တော် မမ ဆီ မလာတော့ဘူး ။
ကျွန်တော်တို့ရဲ့ ဇာတ်ရှုပ်ကြီးကို သိမ်းလိုက်ကြစို့ရဲ့ ။ လူပြောသူပြော မခံရအောင် ခုဘဝ ငရဲရော ၊
နောင်ဘဝ ငရဲရော မခံရအောင် မမ နှင့် ကျွန်တော် ဖြတ်ကြစို့ရဲ့ ။ သို့ကလို ' ဖြတ်ကြစို့ရဲ့' ဟု
စိတ်ထဲက ပြောနေစဉ်ပင် ကျွန်တော့် မျက်စိထဲမှာ အင်းလေးကန် ရေလယ် ဗိုလ်တဲပေါ်၌
တွေ့ခဲ့ရသော မမြမှီ ၏ ပုံရိပ် ဗြုန်းခနဲ ပေါ်လာလေသည် ။ မျက်စိထဲမှာ ပေါ်လာသော ထို မမြမှီ ၏ ပုံ
ပျောက်ကွယ်သွားစေရန် သောကြာသမီး ထံသို့ လှမ်းကြည့်လိုက်လေသည် ။ ထိုခဏ၌ သောကြာ
သမီးကား ဘုရားဘက်သို့ အာရုံပြုနေပေရာ ကျွန်တော့် အာရုံသည် ထို သောကြာသမီး ၏
မျက်နှာဆီသို့ မရောက်နိုင်တော့ဘဲ ဖက်ဖူးရောင် ပိုးတွန့်လုံချည်တွင်း၌ တအိအိကားဆင်းနေသော
တင်သားများ ဆီသို့သာ ရောက်သွားလေတော့သည် ။ မမြမှီ သည်လည်း ဤ သောကြာသမီး ကဲ့သို့
ကျွန်တော့် အတွက် ရတနာဒီပံ ဖယောင်းတိုင်ကြီးကို ထွန်းနေလေပြီလော ။ ကျွန်တော်ကား မမြမှီ ၏
ကွန်ပိုက်မှ ရုန်းကန်မထွက်နိုင်သော ငှက်ငယ်ပမာသာတည်း ။
ရတနာဒီပံ ဖယောင်းတိုင် ကို အထူးထူးသော အစီအရင်များဖြင့် ထွန်းပြီးနောက် သောကြာသမီး
သည် ကျွန်တော်တို့ အခန်းမှ ထွက်ခွာသွားလေ၏ ။
ဗေဒကဝိန် ဆရာဦးတက်ရှိန် သည် ထို သောကြာသမီး အား လမ်းပေါ်အရောက် လိုက်ပို့ပြီးနောက်
ပြန်လာလေသည် ။
ကိုတင်အေး က ဆီးမေးလေသည် ။
“ ဆရာ ဒီ မိန်းမ က ဘယ်ကလဲ ဆရာ ၊ ညိုစိမ့်စိမ့် နှင့် အတော်နိပ်သား ဟိဟိ ”
“ ၅၁ လမ်း က ပဲကွ ”
ကျွန်တော် -
“ လင် နဲ့ ကွဲနေလို့ ထင်ပါရဲ့ ဆရာ ။ သနားစရာနော် ”
“ သူ က မယားငယ် ပါ မောင်တင်ထွန်း ရာ ၊ ကွဲတာလည်း မဟုတ်သေးပါဘူး ။ မလာတာ ကြာလို့တဲ့ ၊
ဟုတ်ဟုတ် မဟုတ်ဟုတ် တို့ကတော့ လုပ်ပေးရတာပဲကွဲ့ ”
ကျွန်တော် က အိပ်ရာမှ ပက်လက်လှန်နေရင်းကပင်-
“ ဘယ်သူ့ မယားငယ်လဲ ”
“ နာမည်တော့ မပြောပါရစေနဲ့ကွာ ၊ ပါလီမန် အတွင်းဝန်ကလေးတစ်ဦး ရဲ့ မယားငယ်ပါ ။ တစ်လ
တစ်ရာ ပေးထားတယ်တဲ့ ၊ လခတော့ မှန်မှန်ပေးရဲ့ ၊ လူ မလာလို့တဲ့ ”
ကျွန်တော် က အံ့ဩစွာ -
“ တစ်လ တစ်ရာ ဟုတ်လား ဆရာ ”
“ အေး တစ်လ တစ်ရာ မှန်မှန်ပေးထားတယ် ”
ကျွန်တော်သည် ဆရာဦးတက်ရှိန် အား ပြောခြင်း မဟုတ်ဘဲ ကိုယ့်ဟာ ကိုယ် ပြောလိုက်သည် ။
“ တစ်လ တစ်ရာ ”
ကျွန်တော့် လိုပင် ထို သောကြာသမီး သည် တစ်လ တစ်ရာ ရသည် ။ ကျွန်တော့် တစ်ကိုယ်လုံး
အေးစက်သွားသည် ထင်၏ ။ ကြက်သီးမွေးညင်း ထလာသည်လား မဆိုနိုင် ။ ကျွန်တော်လည်း
တစ်လတစ်ရာစား လင်ငယ်ပါတကား ။ ကျွန်တော် သည် အိတ်ဆောင်လင်ငယ် ပါကလား ၊
အမြှောင် ပါကလား ။ ဘယ်လောက် ရှက်စရာ ကောင်းသလဲ ။ ပညာတတ် လူငယ်တစ်ယောက်
မှန်ပါလျက်နှင့် လခစားလင်ငယ် ဖြစ်ခဲ့ရချေပြီ ။မွန်မြတ်သော ယောကျာ်းဘဝ ရပါလျက်
အမြှောင် လူနုံ ဖြစ်ရချေပြီကော ။
ကျွန်တော့် မှာ လူမောစိတ်မော ဖြစ်ရပြန်ပြီ ။ အိပ်ရာမှ ခွေပြီး စိတ်ငယ်ချင်တိုင်း ငယ်နေရပြန်ပြီး
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆို၍ အရိပ်အငွေ့မျှ မရှိတော့ဟု ထင်ရသည် ။ ကျွန်တော်သည်
တံတွေးခွက်မှာ ပက်လက်မျောနေသည်ဟု ထင်သည် ။ တစ်လောကလုံးသည် ကဲ့ရဲ့ရှုတ်ချသံဖြင့်
ပဲ့တင်ခတ်နေသည်ဟု ထင်သည် ။ စိတ်ထဲမှာ အရူးလို ထပြေးချင်စိတ် ပေါက်လာသည် ။ သို့သော်
ကိုယ်ကား မလိုက် ၊ အိပ်ရာပေါ်မှာ ခွေကာသာနေလေသည် ။
ဆရာဦးတက်ရှိန် ၏ အလန့်တကြား ပြောလိုက်သံကို ကြားရပြန်လေပြီ ။
“ ဪ - မေ့နေလိုက်တာ မောင်တင်ထွန်း ရေ ”
“ ခင်ဗျာ ” ဟု ကျွန်တော် ကသာ သဲ့သဲ့ထူး၏ ။
“ ဟောဒီမှာ မင်း ဦးလေး ညနေက လာပြီး ကြေးနန်းတစ်စောင် ပေးသွားတယ် ”
ကျွန်တော် က ခပ်အေးအေးဖြင့်ပင် -
“ ကြေးနန်း ဟုတ်လား ဆရာ ”
ဆရာဦးတက်ရှိန် သည် စာအိတ်ကလေးကို ကျွန်တော့် ဆီ ယူလာသည် ။ ကျွန်တော် က အိပ်ရာမှ
ထိုင်လိုက်ပြီး လက်ခံသည် ။ ကြေးနန်းစာအိတ် ကို ဖောက်လိုက်ရာ -
မနေ့က မင်းအဖေ ရုတ်တရက် သေဆုံးသွားသည် ။ အမြန်ပြန်လာပါ ။
အမေ
ပြာလဲ့ကြည်လင်သော ကောင်းကင်ပြင်မှ မိုးကြိုးထစ်ချုန်းလိုက်သည်နှင့် တူပေ၏ ။
အဖေ နေထိုင်မကောင်း ဖြစ်နေသည်ဟု စာတစ်စောင်မျှ မရခဲ့ ။ သတင်းအစအနမျှလည်း မကြားခဲ့ ။
မယုံကြည်နိုင်လောက်အောင် ဖြစ်ပြီး ကြေးနန်းကို ကိုင်၍ အတန်ကြာ ကြောင်နေမိသည် ။ ပြီးတော့
ကြေးနန်းဖတ်တာ လွဲတာပဲ ဖြစ်ပါစေတော့ဟု ရင်ဖိုစွာ ဆုတောင်းပြီး ထပ်ဖတ်ပြန်လေသည် ။
မလွဲပါ ၊ အမှန်ပင် ဖခင်ကြီး ကွယ်လွန်ရှာပါပြီ ။
အဖေ ၏ မာတောက်တောက် ကြွပ်ဆတ်ဆတ် ပုံသဏ္ဌာန်သည် မျက်စိထဲမှာ ပေါ်လာ၏ ။
ဆရာဦးတက်ရှိန် သည် ကြေးနန်းစာအိတ် ကို ဖောက်ဖတ်ကတည်းက ကျွန်တော့် အား အကဲခတ်၍
ကြည့်နေဟန် ရှိသည် ။ ထို့ကြောင့် စိုးရိမ်ကြီးသောအသံဖြင့် -
“ ဘယ်လို ကြေးနန်းမျိုးလဲ မောင်တင်ထွန်း ”
ကျွန်တော် ကား ဆရာဦးတက်ရှိန် အား မော့ကြည့်လိုက်သည် ။ အကျိုးအကြောင်း ပြောပြရန် ကြံ၏ ။
သို့သော် စကားပြော၍ မရ ။ ဘယ်လို ပြောရမည် မသိသလို ဖြစ်နေသည် ။
ဦးတက်ရှိန် သည် ပိုစိုးရိမ်လာဟန် တူသည် ။
“ ပြောစမ်းပါဦး မောင်တင်ထွန်း ရဲ့ ၊ ဘယ်လို သတင်းမျိုးလ ”
ကျွန်တော် က ကြေးနန်းစာရွက်ကို သတိလစ်ဟင်းစွာနှင့် ဦးတက်ရှိန် သို့ လှမ်းပေးနေသည် ။
“ အိုကွာ ဆရာ က ကြေးနန်းစာ ကို ဖတ်တတ်တာမှ မဟုတ်ဘဲ ”
ကျွန်တော် က ခြောက်ကပ်ကွဲအက်သော အသံဖြင့် -
“ ကျွန်တော့် အဖေ ဆုံးသွားသတဲ့ ”
“ ဟင် အဟုတ်ပဲလား ၊ အနိစ္စ ရောက်သွားသတဲ့လား ”
ဦးတက်ရှိန် သည် အမှန်ပင် အင်္ဂလိပ်စာ မတတ်ပါ ။ သို့သော် အံ့ဩခြင်းဖြင့် သတိ လစ်ဟင်း
သွားပြီး ကြေးနန်းစာရွက်ကို ယူကြည့်သေးသည် ။ ကျွန်တော် ကား မျက်ရည်ကျလာသည် ။
ဦးတက်ရှိန် -
“ ဖြစ်မှဖြစ်ရလေ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ၊ အင်း - ဘုရားရှင်ကိုယ်တော်မြတ် ကိုတောင် စိုးမိုးနေတဲ့
တရားတွေပဲ ။ ဘုရားကိုယ်တော်မြတ် တောင် မလွန်ဆန်သာတဲ့ မရဏသေမင်း ပဲ ။ ကြီးတယ် ၊
ငယ်တယ် ၊ ယုတ်တယ် ၊ မြတ်တယ် ၊ လှတယ် ၊ အရုပ်ဆိုးတယ် ၊ မိန်းမ ၊ ယောကျာ်း ၊ အအို ၊ အပျို
မျက်နှာ မလိုက်တဲ့ မရဏသေမင်း ပဲ ”
စသည်ဖြင့် သံဝေဂစကား မြွက်ကြားနေလေသည် ။ ကျွန်တော် သည် ဓာတ်ရထားသံလည်း
မကြားချင် ၊ ကားဟွန်းသံကိုလည်း မကြားချင် ၊ သံဝေဂသံကိုလည်း မကြားချင် ။ ခေါင်းအုံး
တစ်လုံးကို ခေါင်းပေါ်တင်ပြီး လက်ဖြင့် ဖိထားကာ မကြားရအောင် လုပ်လိုက်သည် ။
အမြန်လိုက်ခဲ့ ဟု အမေ က ခေါ်သည် ။ မနက်ဖြန် မှပဲ လိုက်နိုင်တော့မည် ။ စရိတ် ရှာရဦးမည် ။
ဘယ်က စရိတ် ယူမည်လဲ ။ မမြမှီ ထံ ရောက်သွားပြန်လေသည် ။ ဘုရားတောင် အမှီ မရှိဘဲ
ပွင့်နိုင်တာ မဟုတ်ဘူး ။ ဒါကြောင့် ကြွယ်ဝချမ်းသာသော မမြမှီ နှင့် ရင်းရင်းနှီးနှီးပင် ပေါင်းသင်း
ဆက်ဆံရမည်ဟု ဩဝါဒပေးဖူးသော အဖေ့ အား သတိပေးသလို နေပြန်လေသည် ။ အို ဒါတွေ
အကုန်မေ့ပစ်တာ ကောင်းမယ် ။ ယနေ့ ကြုံတွေ့သမျှ ကိစ္စတွေကို မေ့ပစ်လိုက်တာ ကောင်းမယ် ။
ဘာမှ မစဉ်းစားတော့ဘူး ၊ ပျော်အောင် အိပ်ပစ်လိုက်မယ် ။ သို့သော် အိပ်ခြင်းသည် တွန်းလေ
ကန်လေလုပ်သော လေးနှင့် တူလေသည် ။ တစ်ယောက်တည်း အားငယ်စွာ ကျန်ရစ်သော မိခင် ၏
မျက်နှာသည် မှိတ်ထားသော မျက်စိထဲသို့ အတင်းဝင်လာပြန်သည် ။ လင် နှင့် သေကွဲကွဲ ၊ သား နှင့်
ရှင်ကွဲ ကွဲနေရသော အမေ သည် မည်မျှ အားကိုးရာမဲ့ ဖြစ်ရှာမည်နည်း ။ အမေ ဘယ်သူ နှင့်
နေမည်လဲ ။ အဖေ ဟာ သူရှာဖွေရသမျှ နှင့် ငါ့ ကို ပညာ သင်ရှာတယ် ။ အိုစာနာစာ စုမိမယ်
မထင်ဘူး ၊ အမေ တော့ ဆင်းရဲရှာတော့မှာပဲ ။
လမ်းပေါ်မှာ ' ကျိုနာဂရမ် ' ' ဂျာဘာနေဝါလား ' ' တောက်တောက် ခေါက်ဆွဲ ' စသော အသံတွေ
ဆူညံလာသည် ။ ဓာတ်ရထားသံတွေ စဲသွားသည် ။ မော်တော်ကားသံတွေ ပါးသွားသည် ။ ' ဖျန်း'
ပက်လက်ကုလားထိုင်ပေါ်မှာ ပုတီးစိပ်ရင်း အိပ်ပျော်သွားသော ဦးတက်ရှိန် ၏ လက်မှ ပုတီးကုံး
လွတ်ကျသံကိုပင် ခေါင်းပေါ်မှာ ခေါင်းအုံးတင်ပြီး ပိတ်ထားသည့်ကြားမှပင် ကြားလိုက်ရလေသေးသည် ။ အဖေ့ မသာ ကို မီပါဦးမည်လား ။ ဘယ်နှရက် ထားပါလိမ့် ။ သား လာမှ သင်္ဂြုလ်မှာ
လေလား ။ မသာမီအောင် ရထားကြီး ခုတ်မောင်းနေသည် ။ သား သည် ရထားပေါ်မှာပင် အိပ်ပျော်
လိုက်ပါသွားလေသည် ။
ကျွန်တော်တို့ ရွာသို့ မီးရထား ဆိုက်ရောက်သောအခါ ကျွန်တော် သည် ဘူတာရုံဝင်း တစ်ခုလုံး
ဟိုဟိုသည်သည် လျှောက်ကြည့်လေသည် ။ အမေ လာကြိုနေသည်ကို မတွေ့ ။ အခါတိုင်း
ကျွန်တော် ကျောင်းပြန်တွင် အမေ ရော ၊ အဖေ ရော လာကြိုလေ့ ရှိသည် ။ အမေ ကိုယ်တိုင် နေလို့မှ
ကောင်းပါရဲ့လား ။ အဖေ့ ကို ပြုစုရင်း ပင်ပန်းနွမ်းနယ် ၊ အဖေ သေတော့ ပူဆွေးဒုက္ခရောက် ၊
ဒီလိုနှင့် ဖျားနာမည်ဆိုလည်း ဖျားနာနိုင်သည် ။
ကျွန်တော့် ဦးကြီး တစ်ယောက် ဝမ်းကွဲနှမ တစ်ယောက် နှင့် သူငယ်ချင်းတစ်ယောက် တို့ လာ၍ ကြိုကြလေသည် ။
တမာပင်ကလေး ။
ယခင်ကနှင့် များစွာ မခြားလှ ။ ပင်စည် အကိုင်းအခက် အရွက် ။ ယခင်ကနှင့် ခြားသည်ကား
ကျွန်တော့် အား ကြိုဆိုနေသော အဖေ နှင့် အမေ တို့ကား တမာပင်ကလေးအောက် မှာ မတွေ့မြင်ရခြင်း ဖြစ်သည် ။
ရထားပေါ် မှ သေတ္တာ နှင့် အိပ်ရာလိပ် တို့ကို ကျွန်တော့် သူငယ်ချင်း ဘဖေ က ချပေးသည် ။
နှမဝမ်းကွဲ မြညွန့် က ရွက်နေလေသည် ။
ဦးကြီး ဦးစံအေး ကား ကွမ်းသွေးတွေ ပျစ်ခနဲ ထွေးထုတ်လိုက်ပြီးနောက် -
“ တို့များ စောင့်လိုက်ရတာ ငတင် ရာ ၊ တမြန်နေ့တည်းက ရောက်မယ်ထင်တာ ဟ ” ဟု
နှုတ်ဆက်လိုက်လေသည် ။ ကျွန်တော်တို့ ရပ်ရွာတွင် ကျွန်တော့် အား တင်ထွန်း ခေါ်လေ့ခေါ်ထ
သိပ် မရှိကြဘဲ ငတင် ဟု ခေါ်တတ်ကြသည် ။ အကြောင်းမသိသူတို့က ' ငတင် ' ဟု ခေါ်ခြင်းကို
ရိုင်းပျသည် ဟု ထင်စရာ ရှိသော်လည်း အမှန်စင်စစ် ရင်းနှီးသောအဓိပ္ပာယ် ဆောင်နေပါသည် ။
“ ဘယ့်နှယ်လုပ်ပြီး တမြန်နေ့က ရောက်နိုင်လိမ့်မှာလဲ ဦးကြီး ရ ၊ အစောဆုံး မနေ့ကသာ
ရောက်နိုင်တယ် ။ သင်္ဂြိုလ်ပြီးကြပြီလား ”
ဦးကြီးက စိတ်မကောင်းသော လက္ခဏာဖြင့် -
“ အေး သင်္ဂြိုလ်လိုက်ပြီကွ ”
ထိုစကားပြောပြီး ဦးကြီး သည် ရှေ့မဆက်ဘဲ နေသည် ။ ကျွန်တော့် အလာကို မစောင့်ခဲ့နိုင်သဖြင့်
အပြစ်တစ်ခုပြုမိသလို ခံစားနေဟန်ရှိသည် ။ ကျွန်တော် လည်း တော်တော် နှင့် လျောက်ပတ်သော
စကား ရှာ၍မတွေ့ ။ သူတို့အား အပြစ် တင်ရမည်လော ၊ အပြစ် ခွင့်လွှတ်ရမည်လော ၊ သို့မဟုတ်
မယုတ်မလွန် ဝမ်းနည်းကြောင်းလောက်သာ ပြောရမည်လော ။
သူငယ်ချင်းဘဖေ သည် ကျွန်တော့်နှမဝမ်းကွဲ မြညွန့် ဆီက အိပ်ရာလိပ်ကို အတင်းဆွဲယူနေသည် ။
“ ကိစ္စ မရှိပါဘူး ၊ ကျုပ် ရွက်ပါ့မယ် ”
“ အို ငါဆွဲခဲ့ပါ့မယ် ”
ကျွန်တော် သည် သူတို့အား ငေးကြည့်ရင်း စိတ်ထဲမှာ ဘဖေ မိန်းမရပြီးလေပြီလား ၊ မြညွန့်
ယောက်ျားရပြီးလေပြီလား စသည်ဖြင့် မေးနေမိသည် ။
၎င်းနောက် သူတို့ နှစ်ယောက် က ရှေ့က သွားကြသည် ။ ကျွန်တော် နှင့် ဦးကြီး က ဆိတ်ငြိမ်စွာ
နောက်မှ လိုက်ကြလေသည် ။ အမေ ဘာဖြစ်လို့ လာ မကြိုပါလိမ့် ၊ အမေ နေလို့မှ ကောင်းရဲ့
လေလား ။ အဖေ့ ကို ပြုစုရလို့ ပင်ပန်းပြီး ဖျားနေလေရော့သလား ။ ကျွန်တော့် စိုးရိမ်ချက်မှာ
အမေ့ အတွက်သာ ဖြစ်သည် ။ အဖေ့ အတွက် စိုးရိမ်စရာ တစ်ကွက်မျှ မရှိတော့ပြီ ။ အဖေ့ လမ်းကား
ဆုံးလေပြီ ။ သင်္ဂြုလ်ခြင်းပင် ပြီးလေပြီ ။
ဘဖေ နှင့် မြညွန့် တို့သည် ပစ္စည်းများကို မြင်းလှည်း ပေါ်သို့ တင်ကြသည် ။ မြင်းလှည်း ကား
တကယ့် မြင်းလှည်း တည်း ။ ရထား ဟု ခေါ်နိုင်စရာ ပုံပန်းသဏ္ဌန် အရိပ်မျှ မရှိ ။ ဦးကြီး နှင့်
ကျွန်တော်တို့ မှာ ကု -လားလက်ဖက်ရည်ဆိုင် အနီးမှာ ရပ်ပြီး မြင်းလှည်း အဆင်သင့် ဖြစ်သည့်တိုင်
စောင့်နေကြလေသည် ။
ကာကာကု -လား က ကျွန်တော့်အား မှတ်မိသည် ။
“ ဆရာ မနေ့က ပြန်လာမယ် ထင်တာနော် ”
“ ကာကာ နေကောင်းရဲ့လား ”
“ ကောင်းတယ် ဆရာ ၊ ကောင်းပါတယ် ။ ကျွန်တော် အဖေကြီး မသာကို လိုက်ပို့ပါသေးတယ် ”
မှတ်မိသေးသည် ။ ကျွန်တော့် အဖေသည် ကျွန်တော့်အား လိုက်ပို့ရင်း လက်ဖက်ရည် သောက်လေ့ရှိသည် ။ ထို လက်ဖက်ရည် ကို စွဲသွားသဖြင့် ဘူတာရုံ လာစရာ ကိစ္စ မရှိသော်လည်း လက်ဖက်ရည်
သောက် သက်သက် လာလေ့ ရှိသည် ။ သို့ဖြင့် ကာကာကု -လား နှင့် မိတ်ဆွေရင်းနှီး ဖြစ်သွားလေသည် ။ ထိုခွေးခြေခုံကလေးကား အဖေ ထိုင်လေ့ရှိသော ခုံတည်း ။
“ ကဲ သခင်တင်ထွန်း တက်လေ ”
သူငယ်ချင်းဘဖေ က မြင်းလှည်းပေါ် မှ ခေါ်လိုက်ခြင်းဖြစ်သည် ။ ကျွန်တော့် မှာ အံ့အားသင့်သွား၏ ။ သူငယ်ချင်းဘဖေ သည် ကျွန်တော့် အား ဘယ်လို စိတ်ကူးဖြင့် သခင်တင်ထွန်း ဟု
ခေါ်လိုက်ပါသနည်း ။ အခါတိုင်း ဆိုလျှင် ကျွန်တော့် အား ငတင် ဟု ခေါ်လေ့ ရှိ၏ ။ နောက်မှ
သိရသည်မှာ ရန်ကုန် မှ ကျွန်တော် သခင် လုပ်သွားပြီဟု ကြားရသောအခါ သူငယ်ချင်း ဘဖေ
ကလည်း သူ့ ရွာမှာ သူ သခင်ဘဖေ အဖြစ် ခံယူခဲ့လေသည် ။
ဘူတာရုံ နှင့် ကျွန်တော်တို့ ရွာမှာ သိပ်မဝေးလှပါ ။ ထို့ကြောင့် ပေတစ်ရာ လမ်းတိုကလေး ကို
ခိုင်ခိုင်ခံ့ခံ့ သပ်သပ်ရပ်ရပ် ပြုပြင်ထား၏ ။ လမ်းဘေးနှစ်ဖက်တွင် စိုက်ထားသော တမာပင်
များမှာ စည်ကားလှ၏ ။
မြင်းလှည်းသမား သည် သူ့ မြင်းအား အလွန်ညှာတာပုံ ရသည် ။ ကြိမ်တစ်ချက်မျှ မတို့ဘဲ
တက်ခေါက် လိုက် ၊ ဇက်ကြိုးပြားနှင့်ပွတ် လိုက် လုပ်ပြီး မောင်းလာလေသည် ။ မြင်းလှည်းပေါ်တွင်
မည်သူမျှ စကားမပြောကြသောကြောင့် မြင်းလှည်းသမား ၏ တက်ခေါက်သံနှင့် မြင်းခွာသံ
တို့သည် ပတ်ဝန်းကျင်တွင် ပေါ်လွင်စွာ ပျဲ့လွင့်နေ၏ ။ ကျွန်တော့် စိတ်ထဲမှာ ဟာတာတာ
ဖြစ်နေသည် ။
“ ဦးကြီး ၊ အမေ ကော နေကောင်းရဲ့လား ”
“ နေကောင်းပါတယ် ၊ သူ့ အလိုတော့ ဘူတာရုံ လိုက်ခဲ့ဖို့ပဲဟေ့ ။ သို့ပေမယ့် ငါတို့ကပဲ အိမ်မှာ
နေရစ်တာ ကောင်းမယ်ဆိုလို့ နေရစ်ခဲ့တာပဲဟ ”
“ အဖေ နေမကောင်းတာက အကြာကြီးလား ”
“ သိပ်မကြာဘူးဟ ၊ ကောက်ရသလို ဖြစ်သဟာပဲ ”
“ ဘာရောဂါတဲ့လဲ ”
“ မပြောတတ်ပါဘူးလေကွယ် ၊ ဖြစ်တယ်ဆို အပြင်းဖျားတာပဲ ။ ဆီးချုပ်ဝမ်းချုပ်လည်း ဖြစ်တယ် ။
ငါ ကတော့ ဝိဇ္ဇာနေယျ ဆရာဦးသာဆင့် ကို ပင့်ချင်တာလေဟ ။ သို့ပေမယ့် မင်း အမေ ကရော ၊
အရပ်ကရော ဆေးရုံက ဆရာဝန် ပင့်ပါဆိုလို့ ပင့်ရတယ်ဟ ။ သောက်ကျိုးနည်း ခြေကြွခကလည်း
တယ်ကြီးသကိုး ။ ပြီးတော့ ဘာရောဂါဖြစ်တယ် ဆိုသဟာလည်း ပြော မပြဘူး ၊ ဆေးပဲ တွင်တွင်
ထိုးနေတာပဲ ။ မင်း အဖေ ကတော့ ဘယ်လောက် နာမလဲ ဆိုတာကွာ ၊ ငါ ဖြင့် ကြည့်တောင်
မကြည့်ရဲဘူး ဟ ”
ကျွန်တော့် ဦးကြီး ကား အမေ့ အစ်ကို ဝမ်းကွဲ ဖြစ်သည် ။ ဘုန်းကြီးလူထွက် ဖြစ်ပြီး အတော် ခေတ်မီသူ
ဖြစ်၏ ။ ရှေ့လျှောက် မတော်မတန်တွေ မည်မျှ ပြောနေဦးမည် မသိ ၊ ထို့ကြောင့် ကျွန်တော်က
စကားလွှဲပစ်လိုက်လေသည် ။
မြညွန့် အား ကျောပေး၍ မြင်းလှည်းရှေ့သို့ ငေးကြည့်ကာ လိုက်ပါလာသော သူငယ်ချင်း
ဘဖေ အား -
“ ဟေ့ ဘဖေ ”
ဘဖေ သည် ကျွန်တော့် ဘက် ဆတ်ခနဲ လှည့်ကြည့်ပြီး -
“ မင်းကလည်း ငါ့ ကို သခင်ဘဖေ လို့ ခေါ်ပါကွ ။ ငါ သခင် ဖြစ်နေတာ ကြာပြီကွ ”
ကျွန်တော် က သဘောကျလွန်း၍ ရယ်လိုက်ပြီး -
“ အေးအေး ခေါ်ပါ့မယ်ကွာ ၊ သခင်ဘဖေ မင်း မိန်းမရပြီးပြီလား ”
ထိုအခါ သခင်ဘဖေ သည် ကျောပေးထားသော မြညွန့် ဘက်သို့ လှည့်ကြည့်သည် ။ မြညွန့်
ကလည်း သခင်ဘဖေ အား လှည့်ကြည့်သည် ။ နှစ်ယောက်သား ပြောင်နောက်နေသည့် အပြုံး နှင့်
ပြုံးပြကြလေသည် ။ ဦးကြီး ကား မျက်လုံးပြူးပြလိုက်ပြီးနောက် -
“ ဟေ့ မင်း ဘဖေ က မင်း ကို စာ မရေးဘူးလား ၊ ဘဖေ ဟာ မင်းယောက်ဖ ဖြစ်နေပြီ ဟ ၊ ဟားဟား ”
မြညွန့် က ရှက်ကိုးရှက်ကန်းဖြင့် ဦးကြီး ၏ ကျောကို သာသာထုသည် ။ ပြီးတော့ ဘဖေ ရော
မြညွန့် ပါ ရယ်ကြသည် ။ ကျွန်တော်လည်း လိုက်ရယ်လေသည် ။
သို့သော် ကြာရှည်ရယ်၍ မသင့်လျော်ပါ ။ သူများကြားသွားလျှင် ကဲ့ရဲ့စရာဖြစ်မည် ။ အဖေ့
အလောင်း မြေကျခါ ရှိသေး ၊ တဟားဟား တဝါးဝါး နှင့် နေကြပြီကော ဟု မေးငေါ့ကြပေလိမ့်မည် ။
“ မင်းတို့ ညားကြတာ ဘယ်လောက် ကြာပြီလဲဟေ့ ”
သခင်ဘဖေ က -
“ သုံးလလောက် ရှိသွားပြီကွ ၊ သို့ပေမယ့် သုံးရက်လောက် ပဲ ရှိသေးတယ် ထင်တယ်ကွ ဟဲဟဲ ”
မြညွန့်က သူ့ယောက်ျား ကျောကို ရှက်ကိုးရှက်ကန် းဖြင့် ထုပြန်လေသည် ။
ဦးကြီး က ခပ်တည်တည်ဖြင့် -
“ အင်း မင့် အဖေ မြညွန့် ဝမ်းထဲမှာ ဝင်စားမယ်ဆိုရင်လည်း အဆင်သင့်ပဲ ဟ ၊ မြညွန့် နင်
အိပ်မက်များ မရဘူးလား ”
မြညွန့် သည် မျက်စောင်းချိတ်လိုက်၏ ။ ပြီးတော့ မျက်နှာမှာ ပျော့ပျောင်းသွားပြန်သည် ။ ဘာ
စဉ်းစားနေသည်ဟုကား မသိနိုင်ပါ ။
ရွာထဲသို့ ဝင်လာသောအခါ ဟိုအိမ် သည်အိမ် က လှမ်းပြီး မောင်တင် ရောက်လာပြီလား ၊
ဘာလားညာလား နှင့် မေးကြမြန်းကြ နှုတ်ဆက်ကြ၏ ။ အချို့မှာ မြင်းလှည်းနောက်သို့ပင်
လိုက်လာပြီး စကားပြောကြသေး၏ ။ ကျွန်တော်တို့ အိမ်အနီးသို့ရောက်လေ နှုတ်ဆက်သူ
ကြိုဆိုသူ များလေ ဖြစ်လာပေ၏ ။
ယင်းသို့ ဥက္ကောဋေယျ ဖြစ်ခြင်းကြောင့် အမေ သည် အိမ်တွင်းမှနေ၍ပင် ကျွန်တော် လာနေပြီ
ဖြစ်ကြောင်း သိနေနှင့်လောက်ပေပြီ ။ အမေ သည် အိမ်ဝင်းဝဆီသို့ ပြေးထွက်လာပြီး ကြိုဆိုထိုက်ပြီ ။ သို့သော် အမေ့အား မမြင်ရ ။ ကျွန်တော့် ရင်မှာ ဖိုလှိုက်ဖိုလှိုက် ဖြစ်လာလေသည် ။ ငယ်ငယ်တုန်းက အဖေ အမေ နှင့် ကင်းကွာလျှင် အားငယ်သည့် ပုံပမာ အားငယ်သွားလေသည် ။ လောက
အလယ်တွင် တစ်ယောက်တည်း ဖြစ်နေ၏ ။
အမေ အိမ်ခန်းထဲမှာ လဲနေလေရော့သလား ။ ကျိတ်ငိုနေလေသလား ။
အမေ သည် မီးဖိုတဲထဲမှာ ဆောင့်ကြောင့်ထိုင် နေလေသည် ။ ရှေ့က မီးဖိုပေါ်မှာ အိုးတစ်လုံး
တည်ထားသည် ။ မီးတောက်မှာ အားငယ်၏ ။ အမေ သည် ကျွန်တော့် ဘက်သို့ တစ်ချက်သာ လှမ်း
ကြည့်ပြီး ချက်ချင်း မျက်နှာလှည့်ကာ မီးဖိုပေါ်က အိုးကိုသာ စိုက်ကြည့်နေလေသည် ။ ကျွန်တော်
မီးဖိုထဲ ဝင်သွား၏ ။
အမေ ကား ထိုင်မြဲ ထိုင်လျက် ။ အမေ့ အနီးမှာ သွားထိုင်လိုက်၏ ။ အမေ ကား မီးဖိုပေါ်က အိုးကိုသာ
စိုက်ကြည့်မြဲ ကြည့်လျက်ရှိ၏ ။ ထိုအိုး မှာ နွားနို့အိုး ဖြစ်၏ ။
အမေ့ မျက်နှာကို ကျွန်တော် စိုက်ကြည့်လိုက်၏ ။ မျက်လုံးများတွင် ရေကြည်ကလေးများ ဝေ့
နေသည်ကို တွေ့ရ၏ ။ အမေ့ မျက်နှာမှာ ကြွေတော့မည့် ပန်းပွင့်နှင့် တူ၏ ။
“ အမေ နေကောင်းရဲ့လား ”
အမေ သည် ' အင်း' ဟူ၍ ပြောလိုက်ဟန် ရှိ၏ ။ သို့သော် အသံကား နင့်ဆို့သွားသဖြင့် “ အင်း ” ဟူ၍ပင် ပီသစွာ မပေါ်လာပါ ။ အမေ့ ရင်မှာ ဝမ်းနည်းကြေကွဲခြင်းဖြင့် ဆို့နေဟန်ရှိသည် ။
ကျွန်တော် လည်း ဖိုလှိုက်ဖိုလှိုက် ပို၍ ဖြစ်လျက် မျက်ရည်ဝဲလာသည် ။ စကားစလည်း ပျောက်သွား
လေပြီ ။ ထို့ကြောင့် ကျွန်တော် လည်း အမေ ကဲ့သို့ပင် မီးဖိုပေါ်က နွားနို့အိုးကိုသာ စိုက်ကြည့်
နေလေသည် ။ ကျွန်တော်တို့ကား စကား မပြော ၊ ငြိမ်ချက်သား ကောင်းသလောက် စိတ်တွင်းမှာကား
ဆူပွက်နေကြသည် ။ နွားနို့ သည် ဆူပွက်ဝေတက်လာ၏ ။ အမေ သည် ကြေးဇွန်းဖြင့် ဝေတက်
လာသော နွားနို့ ကို ပုတ်ချလိုက်၏ ။ ထို့နောက် ပန်းကန်လုံးကြီးတစ်ခုထဲသို့ နွားနို့တွေကို
လောင်းထည့်ပြီး ကျွန်တော့် ရှေ့သို့ ချပေး၏ ။
“ သောက် ” တစ်လုံးတည်း အမေ့ ပါးစပ်က ထွက်လာ၏ ။ မီးဖိုတဲ အပြင်မှာကား ဆူညံနေလေသည် ။
ကျွန်တော့် အား မေးမြန်းလာကြသူတို့ကို ယောက်ဖ သခင်ဘဖေ နှင့် နှမ မြညွန့် တို့က ဒိုင်ခံ
ဖြေကြားနေလေသည် ။ အမေ သည် ဟင်းအိုးများ နွေးနေပြန်သည် ။ ကျွန်တော် က နွားနို့ ကို
မသောက်ဘဲ အမေ့ အားသာ ကြည့်နေလေရာ -
“ သောက်လိုက်လေ ” ဟု အမေ က ထပ်ပြောသည် ။ အမေ့ မျက်လုံးများမှ မျက်ရည်ပေါက်များ
ကျလာသည်ကို အမေ သည် အင်္ကျီလက်ဖြင့် သုတ်လျက် တစ်ချက် ပြင်းထန်စွာ ရှိုက်လိုက်လေသည် ။
အော် မငိုဘဲ ချုပ်တည်းထားရသဖြင့် အပူလုံး သည် အမေ့ ရင်ဝတွင် ဆို့တစ်နေရာ ' သောက်လိုက်လေ' ဟု စကား အနည်းငယ် ပြောလိုက်ခြင်းကြောင့် အနည်းငယ် ချောင်သွားဟန်တူ၏ ။
“ အမေ နေကောင်းရဲ့လား ”
“ ကောင်းပါတယ် ၊ ဘာမှ မဖြစ်ပါဘူး ”
“ ထမင်းကော ကောင်းကောင်း စားရဲ့လား ”
“ စားတော့ စားပါတယ် ၊ နည်းနည်းပေါ့ ”
“ အိပ်ကော အိပ်ရဲ့လား ”
“ အိပ်တော့ အိပ်ပါတယ် နည်းနည်းပါးပါးပေါ့ ”
“ များများ စား များများ အိပ် မှ ကောင်းမှာပေါ့ အမေ ရဲ့ ၊ အမေ့ ကြည့်ရတာ ပိန်တယ်ဗျ ”
“ မင်းတော့ ဝသားပဲနော် ”
အမေ သည် အခြား ဟင်းအိုးတစ်လုံးကို နွေးပြန်သည် ။ ကျွန်တော်ကား နွားနို့ သောက်နေသည် ။
“ မင့် မှာ ရထားပေါ် နေရာကောင်းကောင်း ရရဲ့လား ”
ကျွန်တော် က မီးရထား စီးနင်းလိုက်ပါခဲ့ပုံကို ပြောပြသည် ။ လမ်း မှာ ဘာတွေ ဝယ်စားခဲ့ပုံ ၊
မီးရထားပေါ် အတူလိုက်ပါရင်း မိတ်ဆွေ ဖြစ်ခဲ့သူများအကြောင်း စသည်တို့ကိုပါ ထည့်၍
ပြောပြလေသည် ။ သို့ဖြင့် ကျွန်တော်တို့ သားအမိ သည် တတွတ်တွတ်ဖြင့် တောက်တိုမည်ရတွေ
ပြောနေကြလေသည် ။ အဖေ့ အကြောင်းကိုကား ရှောင်ကွင်းသွားရန် သဘောတူစာချုပ် ချုပ်ထားသလို ဖြစ်နေ၏ ။ အမေ့ စိတ်ထဲမှာတော့ အဖေ့ အကြောင်း ပြောချင်တာတွေ ရှိမည် ။ ကျွန်တော့်
စိတ်တွင်းမှာလည်း ရှိသည် ။ သို့သော် တစ်ယောက် တစ်ယောက် စိတ်မချမ်းမသာ မဖြစ်အောင်
ညှာတာသော အားဖြင့် အဖေ့ အကြောင်း ကို ရှောင်ကြခြင်း ဖြစ်လေသည် ။
အမေ သည် ကိုယ်တိုင် ချက်ထားသော ထမင်းဟင်းများဖြင့် ကျွန်တော့် အား ကျွေးသည် ။ နွားနို့
သောက်ပြီးခါစမို့ ခဏ ဆိုင်းပါဦး ဆိုသည်ကိုပင် မရချေ ။ သို့သော် နွားနို့ မည်သို့ပင် သောက်ထားထား ၊ အမေ့ လက်ရာကား မူလ က ကျွန်တော် သိကျွမ်းဖူး ၊ စွဲမက်ဖူးသည့် အတိုင်းပင်
မပျက်မယွင်း ဖြစ်ခြင်းကြောင့် မြိန်ရှက်စွာ စားနိုင်လေသည် ။
မှောင်ရီတော့ မဏ္ဍပ်ထဲမှာ အောက်လင်းဓာတ်မီးကြီး ထွန်းလိုက်သည် ။ ရက်လည်ဆွမ်း ကျွေးပြီးတော့မှ မဏ္ဍပ်ကို ဖြုတ်လိမ့်မည် ။ ဓာတ်မီးကိုလည်း ဘုန်းကြီးကျောင်း ပြန်ပို့လိမ့်မည် ။ ဤ
ဓာတ်မီးမှာ ဘုန်းတော်ကြီး အား ကျွန်တော်တို့ အဖေလှူထားသော ဓာတ်မီးပင် ဖြစ်သည် ။ ဓာတ်မီး
ထွန်းလိုက်သည်ဆိုလျှင် ဧည့်သည်တွေ တစ်ယောက်ပြီး တစ်ယောက် တဖြောက်ဖြောက် ရောက်လာကြလေသည် ။ ကျွန်တော့်မှာ ဒိုင်ခံစကား ပြောရသည် ။ အမေ့ မှာ လက်ဖက် နှင့် ဆေးလိပ် ဒိုင်ခံ
ပြင်ပေးနေရလေသည် ။ မြညွန့် မှာ ရေနွေးအိုး ဒိုင်ခံ မီးထိုးနေရသည် ။ သူငယ်ချင်းဟောင်း ၊
ယောက်ဖလက်သစ် သခင်ဘဖေ ကား ကျွန်တော့် အနီးမှ မခွာ ။ ရန်ကုန် အကြောင်း ၊ နိုင်ငံရေး
အကြောင်း ၊ ကမ္ဘာစစ်ကြီး အကြောင်း ဒိုင်ခံ မေးနေလေသည် ။ ဦးကြီး သည် ကား သုံးပုံဖဲဝိုင်း ဒိုင်ခံ
နေလေသည် ။
ကျွန်တော့ မှာ သူငယ်ချင်းဟောင်း ယောက်ဖ လက်သစ် သခင်ဘဖေ ၏ ဒိုင်ခံ မေးခွန်းထုတ်ခြင်းကြောင့် ရန်ကုန် မှာ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်းလုပ်ပုံများ ၊ ဘုရင်ခံ ဆာရီဂျီနယ်ဒေါ်မန်စမစ် နှင့် မြို့ပြကာကွယ်ရေးမင်းကြီး ဂရပ်ဖ်ဟန်းတား တို့ အကြောင်းများ ၊ နန်းရင်းဝန်
ဂဠုန်ဦးစော လယ်ထွန်မင်္ဂလာကျင်းပပုံများ မင်းတိုင်ပင်အမတ်ကြီးတစ်ဦး နှင့် မိန်းမရွှင် တစ်ဦး
မင်းတိုင်ပင် ၏ ခြောက်လုံးပြူး ကို ဆော့ကစားရာမှ မတော်တဆ ထိမှန်သွားပုံများ ၊ သခင်များ
ထောင်ကျပုံများ ၊ အနောက်ဘက် မှာ အင်္ဂလိပ်များ စစ်ရေးရှုံးနိမ့်နေပုံများ ၊ ကွန်ဆာဗေးတစ် နှင့်
လေဘာပါတီများ ပေါင်း၍ ညွန့်ပေါင်းအစိုးရ တက်ပုံများ ၊ စတာလင် အကြောင်း ၊ ဟစ်တလာ
အကြောင်း စသည်တို့ကို အာပေါက်လောက်အောင် ရှင်းလင်း ပြောပြနေရလေသည် ။ သူတို့ကား
ထိုထိုသော ကိစ္စတို့တွင် စိတ်ဝင်စားကြ၏ ။ သို့ရာတွင် သူတို့အား နားလည်အောင် ပြောပြရသည်မှာ မလွယ်ကူပါ ။ စတက်ဖို့ဒ်ကရစ်ပ် အကြောင်း ကို ပြောလျှင် မြန်မာပြည် သို့ လာရောက်ဖူး
ပုံပါ ထည့်သွင်း ပြောဆိုရလေသည် ။ ဘိလပ် မှာ ကွန်ဆာဗေးတစ် နှင့် လေဘာပါတီ ညွန့်ပေါင်း
အစိုးရမှာ စစ်အောင်နိုင်ရေးအတွက် ညွန့်ပေါင်းဖွဲ့သဖြင့် ရာထူးဝေယူရေးအတွက် ညွန့်ပေါင်းဖွဲ့
ထားသော ဗမာပြည်ညွန့်ပေါင်းအစိုးရတွေ နှင့် မတူပုံကို ထည့်သွင်းရှင်းပြရလေသည် ။ ထိုသို့
ခဲရာခဲဆစ် ပြောပြရခြင်းအတွက် ကျွန်တော် ငြီးငွေ့ခြင်း မဖြစ်ပါ ။ ကျွန်တော့် ရွာသူရွာသားများ
အပေါ်ဝယ် ငြိုငြင်ခြင်း ၊ အထင်သေးခြင်းလည်း မဖြစ်ပါ ။ မသာအိမ် လာကြသော ရပ်ဆွေရပ်မျိုး
မိတ်ဟောင်းဆွေဟောင်း ရွာသူရွာသားများက ကျွန်တော် ပြောသမျှ စူးစိုက်နားထောင်နေခြင်း ၊
နားလည်ဘဝင်ကျသွားပုံကို သူတို့ မျက်နှာမှာ ထင်ဟပ်ဖော်ပြခြင်း ၊ ဦးကြီး ၏ သုံးပုံဖဲဝိုင်း မှာ
လူမစည်ကားခြင်း စသည့်အခြင်းအရာများက ကျွန်တော့် အား အားပေးနေပါသည် ။ ချီးကျူး
နေပါသည် ။ အမှန်မှာ ကျွန်တော် သည် အဖေ့ မသာတွင် ကျွန်တော့် ရွာသူရွာသားများအား ပထမဆုံးအကြိမ် နိုင်ငံရေးတရား ဟောနေခြင်း ဖြစ်ပေသည် ။
လူအပေါင်းတို့က ကျွန်တော့် အား အာရုံစိုက်နေသည် ၊ ဂရုစိုက်နေသည်ကို တွေ့မြင်ရသောအခါ
ကျွန်တော့် အမေ သည်လည်း ကျေနပ်နေဟန် ရှိသည် ။ သား အတွက် ဂုဏ်ယူနေဟန် ရှိသည် ။
ထိုစကားဝိုင်း၌ ကျွန်တော် စကား မပြောသောအခါ ရွာသူရွာသားများက ကျွန်တော့် အဖေ
အကြောင်းကို ပြောကြသည် ။ ကျွန်တော့် အဖေ အလှူအတန်း ရက်ရောပုံ ၊ ကျွန်တော့် အား ရှင်ပြုစဉ်က ရွှေဒင်္ဂါး ၊ ရွှေမတ်စေ့ ၊ ရွှေမူးစေ့တို့ကို ဆေးလိပ်ထဲမှာ ထည့်ပြီး ဝေပုံ ၊ ဦးဖုံးမို ရုပ်သေး
ငှားစဉ်က ငွေ ၅ဝိ ကျပ် ထည့်ဝင်ပုံ စသည်တို့ကို လုံးစေ့ပတ်စေ့ ပြောကြသည် ။ အဖေ သည် သတ္တိ
အင်မတန်ကောင်းသည် ဟုလည်း ပြောကြသည် ။ ဘုရားပွဲ၌ ဇာဝီတုတ်တစ်ချောင်း နှင့်
အုပ်ချုပ်ခဲ့ပုံမှ စ၍ မြို့ က ဂိုဏ်းအုပ်ဆရာတော်ကြီးနှင့် ပဌာန်းတရား ငြင်းခုံကြပုံ အထိ သတ္တိ၏
အမျိုးမျိုးသော ပုံသဏ္ဌာန်တို့ကို ထုတ်ဖော် ချီးကျုးကြကုန်သည် ။ အမှန်အားဖြင့် မသာအိမ်မှာ
သူတို့ ပြောကြတာတွေ နားထောင်ရင်းဖြင့် ကျွန်တော်တို့ မြန်မာ ထုံးစံအရ သေသည့်နေ့မှ
ရက်လည်ဆွမ်း ကျွေးသည့်နေ့အထိ ရ ရက်သော ကာလသည် မသေမီက အမှုမဲ့အမှတ်မဲ့
ထားခဲ့သော သေသူ ၏ အရည်အချင်းများ ကို တစိမ့်စိမ့် ဖော်ထုတ်ချီးကျူးသော ကာလဖြစ်သည်
ဟု ကျွန်တော် နားလည်လာပေသည် ။
ထိုမျှ မကသေး ၊ သူတို့သည် အကောင်းအဆိုး ၂ ခု ကြားရှိ နယ်နိမိတ် မျဉ်းကြောင်းပေါ်မှာရှိသော
ကိစ္စများကိုလည်း အကောင်းဘက်သို့ ဆွဲ၍ ပြောသွားသည်ကို တွေ့ရသည် ။ ဥပမာ ကျွန်တော့်
အဖေ သည် ဘောက်ပြော တတ်၏ ။ ထိုအချက်ကို သူတို့ထဲက များစွာတို့သည် အရင်က များစွာ
နာသာခံခက် ဖြစ်ခဲ့ပေမည် ။ အဖေ့ အား မုန်းကောင်း မုန်းခဲ့ပေမည် ။ ယခုတော့ ကျွန်တော့်
အဖေ သည် စကားပြော ပွင့်လင်းပြတ်သားသည်ဟု ချီးကျူးကြလေသည် ။ ကျွန်တော့် အဖေသည်
လှူဒါန်းရာမှာ ရက်ရောချင် ရောမည် ။ သို့ရာတွင် ငွေပေး ငွေယူ ၊ သို့မဟုတ် အခြား အပေးအယူ
ကိစ္စများ၌ အနာ မခံ ၊ သူ တစ်ကျပ် ကိုယ်တစ်ကျပ် ဆိုသော သဘောကို လက်ကိုင်ပြု၏ ။ ယခင်က
အဖေ့ အား ထိုအချက် ကို အကြောင်းပြု၍ ကတ်သတ်သည် ဟု ပြောကြ၏ ။ ယခု မသာအိမ်၌မူ
အဖေ သည် စေ့စပ်သည်ဟု ဆိုကြ၏ ။
ကျွန်တော့်အဖေ ၏ မကောင်းသော အကွက်များ ၊ ကျွန်တော် ကိုယ်တိုင် အပြစ် ခွင့်မလွတ်နိုင်သော
အချက်များကို ယခုအခါ ဖော်ပြနေကြလေပြီ ။ ဥပမာ ကျွန်တော့် အဖေသည် သောက်စား မူးယစ်တတ်၏ ။ မူးယစ်ပြီ ဆိုလျှင် ရယ်စရာလည်း ဖြစ်တတ်၏ ။ သူများအား စော်ကားတတ်သည်လည်း
ရှိ၏ ။ ယခုမူ အဖေ ၏ မူးယစ်တတ်သောဓလေ့ကို ပျော်တတ်သော ဝါသနာဟု ဆိုကြပြီး မူးယစ်ပြီး
သူများ ဆဲရေးတိုင်းထွာတာ ၊ စော်ကားတာ ၊ အမေ့ အား ရိုက်တာတွေ အားလုံး ခွင့်လွှတ်လိုက်ကြသည် ။ မူးပြီး ရယ်စရာပြောပုံ ရယ်စရာဖြစ်ပုံ ရယ်စရာလုပ်ပုံတွေကိုသာ ပြော၍နေကြလေပြီ ။
အို - လောက ၊ သေသောသူကို ခွင့်လွှတ်နိုင် သလို ရှင်သောသူ အချင်းချင်း ခွင့်လွှတ်နိုင်ကြလျှင်
မည်မျှ ကောင်းမည်နည်း ။ မည်မျှ အာဃာတတွေ နည်းသွားလေမည်နည်း ။
နောက်တစ်နေ့ နံနက်စောစော ကျွန်တော်သည် သင်္ချိုင်းသို့ သွားလေသည် ။ ကျွန်တော်တို့ရွာ
သင်္ချိုင်းကား သာယာသောသင်္ချိုင်း ဖြစ်သည် ။ ထို့ကြောင့်လည်း ရပ်ဝေးရောက်နေသော
ကျွန်တော်တို့ ရွာသားများ သည် “ သေရင် တို့ရွာမှာပဲ သေချင်တယ် ” ဟု ပြောစမှတ် ပြုကြခြင်း
ဖြစ်လေသည် ။ အုပ်နေသော မန်ကျည်းပင်ကြီးများကြောင့် စိမ်းလန်းအေးမြသည် ။ တရုတ်စကားပင်များ အနှံ့အပြား စိုက်ထားသည် ။ ကန်ကလေးတစ်ခုကလည်း ရှိသည် ။ ထို ကန်ပေါင်ရိုးမှာ
တရုတ်နှင်းဆီပင်များ နှင့် ဆပ်သွားဖူးရုံများ စည်ကားစွာ ပေါက်နေသည် ။ သင်္ချိုင်းမြေဘေး
ပတ်လည်တွင်ကား ထန်းပင်များ စီတန်းစိုက်ထား၏ ။ ပြာသာဒ်ကလေးများဖြင့် လှပ တင့်တယ်သော အုတ်ဂူကလေးများလည်း များပြား၏ ။ သရဏဂုံတင်ရာ ဇရပ်ကလေးကလည်း မန်ကျည်းပင်
များအောက်မှာ သပ်ရပ်လှပစွာ တည်နေလေ၏ ။
ကျွန်တော်တို့ ရွာမှ သင်္ချိုင်း သည် တကယ် လှပသာယာ၏ ။ ဤသို့ လှပသာယာအောင် ဘယ်သူ
ပြုစုထားသည်ကိုကား ကျွန်တော် မသိပါ ။ သို့သော် ပြုစုသူသည် ထူးခြားသော အတွေးအခေါ်
ရှိသည်ကိုကား သိနိုင်ပါသည် ။ အကြောင်းမှာ များသောအားဖြင့် ကျွန်တော်တို့ မြန်မာများသည်
မသာပို့ သွားရသည့် အချိန်ကလွဲ၍ သင်္ချိုင်း ကို မျက်နှာလွှဲထားလို ၊ မေ့ထားလိုသောကြောင့် ပါတည်း ။
အဖေ့ အလောင်း ကိန်းအောင်းရာ အုတ်ဂူကလေး ကား ရိုးရိုးကလေး ဖြစ်၏ ။ ပြသာဒ် မပါ ၊
ဘုံအဆင့် မပါ ၊ တလားအပေါ်တင်ထားသော သေတ္တာပုံသဏ္ဍာန်နှင့် တူသည် ။
ကျွန်တော် သည် အဖေ့ ဂူမှာ ထိုင်ပြီး ရိုသေစွာ ဦးချသည် ။ အဖေ နှင့် ကျွန်တော် နောက်ဆုံး
တွေ့ကြသည်မှာ ရန်ကုန်မြို့ မှာ ဖြစ်လေသည် ။ ကျွန်တော် သည် ကျောင်းပိတ်လို့မှ အိမ်မပြန်ဘဲ
နိုင်ငံရေးထဲ ပစ်ဝင်နေသည်ကို ဆူရန် ၊ ပူရန် ၊ ကြိမ်းမောင်းရန် ရန်ကုန် သို့ လာခဲ့ခြင်း ဖြစ်လေသည် ။ ဟိုတုန်းကတော့ အဖေ့ အား မကျေနပ် ၊ ခုတော့ ငါ့ အဖေ ဟာ ငါ့ ကို ကြီးပွားတိုးတက်
စေချင်လို့ ဒီလို ဆူပူကြိမ်းမောင်းတာပဲဟု ဆင်ခြင်မိသည် ။ အုတ်ဂူ ကြည့်နေရာမှ အဖေ့ အလောင်းပုံသဏ္ဌာန်သည် ကျွန်တော့် မျက်စိထဲမှာ ပေါ်လာလေသည် ။ ငြိမ်သက်ချမ်းမြေ့စွာ လဲလျောင်းနေသော အဖေ ၏ မျက်နှာတွင် ဒေါသ မောဟ မာန မရှိ ။ ဆူပူကြိမ်းမောင်းခြင်း ကင်းသော အဖေ့
ပါးစပ်ကား စေ့စေ့ကလေး ပိတ်နေ၏ ။ ကျွန်တော်တို့ သားအမိ ဘဝ တည်မြဲရေးအတွက်
စောင့်ထိန်းကြည့်ရှုရ ၊ ရှာရဖွေရဖြင့် အလုပ်များခဲ့သော မျက်စိအစုံသည် မှိတ်နေလေပြီ ။
အဖေ သည် ခဏခဏ ထန်းရေမူးလေ့ ရှိ၏ ။ တစ်ခါတစ်ခါ အရက်ဖြူ သောက်လေ့ရှိ၏ ။ မူးယစ်ပြီ
ဆိုလျှင် အမေ့ အား နှိပ်စက်၏ ။ ဆူပူကြိမ်းမောင်း ရိုက်နှက်၏ ။ ထိုဟာကို ငယ်ငယ်ရွယ်ရွယ်တည်းက မြင်တွေ့ခဲ့ရသော ကျွန်တော် သည် အဖေ့ အား စိတ်နာခဲ့၏ ။ အမှန်အားဖြင့် ကျွန်တော့်
စိတ်ထဲမှာ အခဲမကျေ ။ ကြီးပြင်းသည့်တိုင် ကျန်နေ၏ ။ ယခု အုတ်ဂူရှေ့မှာ ထိုင် ဝတ်ချရင်း
ချေပစ်လိုက်ပါသည် ။ အဖေတို့သည် ' ကျွန် ကုလား ၊ မယား တောသူ ' ဆိုသော စကားမျိုး
နားထောင်ပြီး ကြီးပြင်းခဲ့သည် မဟုတ်ပါလော ။ ' မိန်းမဟူသည် တိုရှည် မသိ ၊ ထင်မိထင်ရာ ၊
ပြုတတ်စွာသသည် ' ဟူသော ဆုံးမစာမျိုးကို ဖတ်အံခဲ့ကြသည် မဟုတ်ပါလား ။
' မိန်းမသည် ခွေးထီးလောက်မှ မမြတ် ' ဟု ပြောတတ်ကြသည် မဟုတ်ပါလား ။ သည်လို
အယူအဆမျိုးတွေ ဓာတ်ခံရှိနေသော ဦးနှောက် သည် ယစ်မူးသွားသောအခါ မိန်းမ နှင့် ပတ်သက်၍
ရစရာ မရှိအောင် မှားယွင်းသော အယူအဆများ ပေါ်လာမည်မှာ ဓမ္မတာပင်ဖြစ်၏ ။ အဖေ သည်
သူ့ထက် ပစ္စည်းဥစ္စာနှင့် ဩဇာတိက္ကမ ပိုမိုများပြားသူများ နှင့် သူ့အထက် လူကြီးများ ၏
ဖိနှိပ်ခြင်းကို ခံရ၏ ။ အနှိမ် ခံရ၏ ။ စော်ကားမော်ကား အပြုခံရ၏ ။ ထို ဝန်ထုပ်ဝန်ပိုး တို့သည်
သူ့အား ပိနေ၏ ။ အဖေ သည် ထို ဝန်ထုပ်ဝန်ပိုး ကို ဘယ်လို တွန်းလှန်ဖယ်ရှားရမည် မသိ ၊
ထို့ကြောင့် မူးတိုင်း မူးတိုင်း အမေ့ အပေါ် ပုံချ၏ ။ အမေ့ အား စော်ကား၏ ။ ဆူပူကြိမ်းမောင်း၏ ။
ရိုက်နှက်၏ ။
ဪ - အဖေ ရဲ့ တစ်ဦးတည်းပိုင် အပြစ် မဟုတ်ပါပဲကလား ။ ခေတ်ရဲ့ အပြစ် ၊ စနစ်ရဲ့ အပြစ် ။
ငယ်ငယ်က ကျွန်တော် သည် ထို အခဲမကျေမှုကြောင့် အဖေ့ အပေါ်တွင် အချစ်ပေါ့ခဲ့သည် ။
အဖေ သည် ဘာကြောင့် ကျွန်တော် သည်လို ဖြစ်ရသည်ကို မသိ ။ သို့သော် ကျွန်တော်၏
ပေါ့သောအချစ်ကို ခံစားမိဟန် တူသည် ။ ထို့ကြောင့် သူ့အား ကျွန်တော် က လေးလေးပင်ပင်
ချစ်အောင် လုပ်သည် ။ ဥပမာ ကျွန်တော် အိပ်ပျော်နေတုန်း အိုက်မှာ စိုး၍ ယပ်ခတ်ပေးသည် ။
အိပ်ပျော်နေသော ကျွန်တော် က ထိုဟာကို မသိ ။ နောက်မနက်ကျတော့ အဖေက “ ညက မင်း
အိုက်မှာ စိုးလို့ ငါ ယပ်ခတ်ပေးတယ်ကွ ” ဟု ပြောလေ့ ရှိ၏ ။ ပြီးတော့ မကြာခဏ ကျွန်တော်တို့
သားအမိ အတွက် သူ ဘယ့်လောက် အလုပ် လုပ်ရကြောင်း ပြောလေ့ရှိ၏ ။ ဟိုတုန်းက အဖေ
သည် စကားတွေပြောတော့ အနည်းငယ် ကြွားတယ်ဟု ထင်သည် ။ ကျေးဇူးတင်ခံချင်လို့ တမင်
ပြောနေသည်ဟု ယူဆကာ ကျွန်တော် သည် အဖေ့ အပေါ်တွင် ကျေးဇူးတင်ရန် ငြင်းဆန်ခဲ့လေသည် ။ ခု အုတ်ဂူမှာ ဝတ်ချရင်း ထိုသို့သော ကျွန်တော် ၏ ကျေးဇူးကန်းမှုများကို ချေဖျက်လိုက်ပါသည် ။ အဖေ့ မှာ အပြစ်တွေ ရှိချင်ရာ ရှိမည် ။ ဒု နှင့် ဒေး ရှိကောင်း ရှိမည် ။ သို့သော်
ကျွန်တော်တို့ အား အသက် နှင့် ခန္ဓာကိုယ် မြဲအောင် လုပ်ကျွေးပြုစုခဲ့သည် ။ ကျွန်တော် ပညာတတ်ဖို့
အဖေ ပို အလုပ် လုပ်သည် ။ အဖေ အစားအသောက် ခြိုးခြံသည် ။ အနေအထိုင်မှာ ချွေတာသည် ။
ထို့ကြောင့် ကျွန်တော့် အသက် ၊ ကျွန်တော့် ဘဝ ၊ ကျွန်တော့် ပညာများအတွက် အဖေ ကား
ကျေးဇူးရှင် တကယ် မှန်ပေသည် ။
ကျွန်တော် သည် အဖေ့ ကျေးဇူးတွေကို ခု အုတ်ဂူရှေ့မှာမှကောင်းကောင်း သဘောပေါက်တော့သည် ။ မသေခင်က သဘောပေါက်သော် ကောင်းလေစွ ။ ခုတော့ သေမှ ၊ အလောင်း
မြေရောက်မှ ၊ အုတ်ဂူရှေ့မှာမှ အဖေ့ ကျေးဇူးတွေ သိတော့ လွန်ကုန်ပြီ ။ ကျေးဇူး မဆပ်နိုင်တော့ပြီ ။
ကျွေးတုံ့ ကျွေးလှည့် ၊ မွေးတုံ့ မွေးလှည့် မလုပ်နိုင်တော့ပြီ ။
ကျွန်တော့် ရင်သည် လှိုက်ဖိုလာသည် ။ ကြေကွဲခြင်း ၊ ဝမ်းနည်းခြင်း ၊ လွမ်းဆွတ်ခြင်း လှိုင်းလုံး
များသည် ရင်တွင်းမှာ အုံကြွ ဆို့တက်လာသည် ။ မျက်ရည်ပေါက်များလည်း ပြိုင်တူ ကျလာလေသည် ။
ကျွန်တော် သည် မျက်ရည်ပေါက်များကို မသုတ်ပါ ။ မျက်နှာပေါ်မှာ လိမ့်၍လိမ့်၍ ဆင်းရန်
ခွင့်ပြုထားလိုက်ပါသည် ။
အဖေ သေခြင်းအတွက် ပထမဆုံး ကျသော မျက်ရည် ၊ ရိုးသားစင်ကြယ်သော မျက်ရည် ။
သည်အတိုင်း နေပါစေ ။
ပြီးတော့ နောက်ထပ် ဦးချပြီး ထလာခဲ့သည် ။
မန်ကျည်းပင် ပေါ်မှ ဗျိုင်းနှစ်ကောင် သည် ကန်ထဲသို့ ထိုးဆင်းသွားလေသည် ။
ထန်းပင် ပေါ်မှ ကြက်တူရွေး သည် ဂီးခနဲ မြည်လိုက်သည် ။
ဘယ် အပင်ပေါ်က နေ၍ မြည်သည် မသိ ။ ချိုးကူသံကား သာယာအေးမြလှ၏ ။
◾သိန်းဖေမြင့်
📖 အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment