❝ ဥယျာဉ်မှူး နှင့် နှင်းဆီပန်း ❞
ကျွန်တော် ၏ နေရာသစ်မှာ ၄၅ - လမ်း တွင် ရှိသဖြင့် ရေကျော်လမ်းမကြီး တွင် နေသော မခင်သစ်တို့နှင့် များစွာ နီးနေပေသည် ။
နေရာသစ်သို့ ပြောင်းလာပြီး မကြာမီပင် မခင်သစ် တို့ အိမ် ရောက်သွားလေသည် ။
မခင်သစ် ကား အောက်ထပ်မှာ ရှိနေသည် ။ ပထမဆုံးအကြိမ် တွေ့မြင်ရသည့် ပုံအတိုင်းပင်ဖြစ်သည် ။ တိုင်ကြီးကို ကျောမှီလျက် ကွပ်ပျစ်ပေါ်မှာ ခြေဆင်းထိုင်ကာ စာဖတ်နေလေသည် ။ဘာသံမှလည်း ကြားဟန် မရှိ ။ ဘယ်အရိပ်ဘယ်အရောင်မျှလည်း မြင်ဟန် မရှိ ၊ စာတွင်သာအာရုံစိုက်နေသည် ။ သူ့အနီးတွင် သူ့ အဒေါ် ဒေါ်ရွှေသစ် က ထိုင်ပြီး ဆေးထုပ်ကလေးများကိုစက္ကူအိတ်ကလေးများထဲသို့ ထည့်နေသည် ။
ဒေါ်ရွှေသစ် သည် ကျွန်တော် ဝင်လာသည်ကို ချက်ချင်း မြင်သည် ။ လက်က အလုပ်ကို လုပ်မြဲဆက်လုပ်ရင်း နေသည် ။
“ ဒေါ်ဒေါ်တို့ ရှိကြလား ခင်ဗျာ ၊ ဆရာဖေ ကော ရှိရဲ့လား ”
“ နှစ်ယောက်စလုံး ရှိကြတယ်ကွဲ့ ၊ အပေါ်တက်သွား ၊ နို့မင်း ခုဘယ်က လာတာလဲ ”
“ ကျွန်တော် အိမ်က လာတာခင်ဗျ ။ ခု ကျွန်တော် ၄၅ လမ်း ထဲ ပြောင်းလာတယ်လေ ”
ကျွန်တော်က အားတက်သရော ပြောပြီး ဒီစကားကြောင့် မခင်သစ် က စိတ်ဝင်စားခြင်းဖြင့်ကျွန်တော့်အား ကြည့်လေမည်လားဟူသော မျှော်လင့်ချက်ဖြင့် မခင်သစ် အား ကြည့်၍ဖြေလိုက်သည် ။ မခင်သစ် ကား စာကိုသာ ဖတ်နေသည် ။ ဘာတွေများ စွဲနေသည်မသိ ။
ဒေါ်ရွှေသစ် က -
“ အေး အေး ၊ ပြောင်းလာရင် အိမ်နီးနားချင်း ဖြစ်တာပေါ့ကွယ် ၊ မင်း ဒေါ်ဒေါ် နဲ့ တွေ့ချင်ရင်အပေါ်တက်ဟေ့ ”
“ ဟုတ်ကဲ့ ၊ တက် မယ်လို့ပါပဲ ”
ကျွန်တော် သည် လှေကားဆီသို့ လျှောက်ခဲ့ရသော်လည်း ကျွန်တော့် ကိစ္စတွင် စိတ်ဝင်စားမှုမပြသော မခင်သစ် ၏ အမူအရာအတွက် မကျေမချမ်း ဖြစ်လျက် နောက်လှည့်ကာ -
“ သစ်သစ် ဘာတွေများ ဖတ်နေလို့ သည်လောက် စွဲနေရတာလဲ ”
သည်တော့မှ မခင်သစ် သည် ညောင်းနေသော မျက်လုံးကလေးများကို ကျွန်တော် ဆီ ဆန့်လွှတ်လိုက်သည် ။ သမ်းဝေခြင်း နှင့် ရောစပ်နေသော အပြုံး နှင့်အတူ စာအုပ်မျက်နှာဖုံးကို ပြလိုက်သည် ။ခင်မြင့်ကြီး ဝတ္ထု ဒုတိယတွဲ ။
အပေါ်ရောက်တော့ ဒေါ်ဒေါ်ညွန့် ရော ၊ ဆရာဦးဖေ ကိုပါ အဆင်သင့် တွေ့ရသည် ။ ဒေါ်ဒေါ် မှာတောင်းတစ်တောင်းထဲရှိ ဆေးပုလင်းများကို ရွေးနေသည် ။ ဆရာဖေ ကား ကျောင်းသင်ခန်းစာစာအုပ်များကို စစ်နေသည် ။
“ ဒေါ်ဒေါ် ”
“ မောင်တင်ထွန်း လားဟေ့ ထိုင်ကွာ ”
ဒေါ်ဒေါ် ကြမ်းပြင်ပေါ်မှာ အလုပ်လုပ်နေသဖြင့် ကျွန်တော် သည် ကုလားထိုင်ပေါ်မှာ မထိုင်ဘဲဒေါ်ဒေါ် နှင့် မနီးမဝေးတွင် ကြမ်းပြင်ပေါ်မှာပင် ထိုင်လိုက်သည် ။
“ ထိုင်ပါကွ ၊ ကုလားထိုင်ပေါ်မှာပဲ ထိုင်ပါ ”
“ နေပါစေ ဒေါ်ဒေါ်ရယ် ”
ဆရာဖေ သည် ပက်လက်ကုလားထိုင်မှာ စန့်စန့်ထိုင်၍ အနားယူလိုက်ရင်း -
“ ဘယ်က ပေါက်လာသလဲဟေ့ ”
“ ကျွန်တော် အခု ၄၅ - လမ်းကို ပြောင်းလာတယ် ၊ နီးလာလို့ လာလည်တာပဲ ”
ဒေါ်ဒေါ် က ပုလင်းများကို ရွေးရင်းပင် -
“ ဟုတ်လား ၊ ဘယ်ဘက်လောက် မှာလဲ ”
“ မောင်ဂိုမာရီ ( ဗိုလ်ချုပ်လမ်း ) နဲ့ ကပ်လို့ပါပဲ ဒေါ်ဒေါ် ”
“ အေး ကောင်းတယ် ကောင်းတယ် ၊ ခဏခဏ လာလည်တာပေါ့ကွယ် ၊ ကျောင်းဆက်နေသေးသလား ”
“ အစကတော့ ဘီအယ်လ် ဆက်သင်မယ်လို့ပဲ ၊ ခုတော့ မသင်တော့ပါဘူး ၊ တန်ဖိုးသိပ်ရှိတယ်လည်း မထင်တော့ပါဘူး ”
ဦးရွှေဖေ ကား ဘာမျှ ကြားမဝင်တော့ဘဲ ကျွန်တော်တို့ နှစ်ယောက်အား စိုက်ကြည့်ပြီး ပြောကြသမျှကို နားထောင်၍သာ နေလေသည် ။ ဒေါ်ဒေါ် က ရွေးထားသော ပုလင်းလွတ်များကို ဂျပ်စက္ကူသေတ္တာ တစ်ခုထဲမှာ ထည့်ရင်း -
“ ဘာလဲဟေ့ ဘီအယ်လ် ဆိုတာ ဝတ်လုံတော်ရ ရှေ့နေ အတတ်လား ”
“ ဟုတ်တယ် ဒေါ်ဒေါ် ”
“ အေးကွာ မသင်တာဘဲ ကောင်းပါတယ် ၊ လျှာ အရိုးမရှိတိုင်း လိမ်ရတဲ့ အလုပ်ပါကွယ် ဟဲ ဟဲ ”
ဒေါ်ဒေါ့် အပြုံး မှာ ရွှေသွားကြီးများနှင့်အတူ လက်သွားသည် ။ ဒေါ်ဒေါ် သည် အလုပ်ကို ချထားပြီးထိုင်ရာမှ ထသည် ။
“ လာကွာ ကုလားထိုင်ပေါ် ထိုင် ”
ဒေါ်ဒေါ် က ကုလားထိုင်တစ်လုံးမှာ ဝင်ထိုင်၏ ။ ကျွန်တော်လည်း ဘေးက လိုက်ထိုင်ရတော့သည် ။ဆရာဖေ သည် သူ့ကျောင်းသင်ခန်းစာစာအုပ်များနှင့် အလုပ်များနေပြန်လေပြီ ။ ဒေါ်ဒေါ် နှင့်ကျွန်တော် ကား စကားတပြောပြော နှင့် မမောနိုင်ကြ ။ သခင်အလုပ် အပြင် ဘာလုပ်သေးသလဲမေးသည် ။ လက်ထောက်အယ်ဒီတာ ဖြစ်လာရပုံကို ပြောပြရသည် ။ လုပ်ရသည့် အလုပ်သဘော ၊အလုပ်လုပ်ချိန်မှစပြီး နေရ ထိုင်ရပုံ ၊ စားရသောက်ရပုံပါ မကျန် အကြောင်းစုံ မေးမြန်းပြောဆိုနေကြလေသည် ။
“ တို့အိမ်လည်း မကြာခဏ ဝင်ထွက်ပြီး စားချင်တဲ့အခါ လာစားပေါ့ကွယ် ၊ တစ်ယောက်တွက်ဆိုတာ မထူးပါဘူး ၊ အမြဲ ပိုပိုမိုမို ချက်ထားတာပဲ ”
“ ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ် ၊ သို့ပေမယ့် ကျွန်တော်တို့က အချိန်မှန်တဲ့ လူတွေ မဟုတ်တော့ဆိုင်နဲ့ပဲ ကိုက်ပါတယ် ”
“ ဆိုင်ထမင်း ဆိုင်ဟင်းဆိုတာ ကြာတော့ ငြီးငွေ့လာတာပဲကွဲ့ ။ တို့ကိုတော့ အားနာစရာမရှိပါဘူး ၊ စားချင်တဲ့အခါ လာစား ၊ ဪ စကားကောင်းနေလိုက်တာ မောင်တင်ထွန်း ကို ဘာမှမကျွေးရသေးဘူး ”
“ နေပါစေဒေါ်ဒေါ် ၊ ကျွန်တော် မဆာပါဘူး ”
ကျွန်တော် က ငြင်းသော်လည်း ဒေါ်ဒေါ် သည် တစ်စုံတစ်ရာ ယူကျွေးရန် ထသွားလေတော့သည် ။ဒေါ်ဒေါ် က ထသွားတော့ အနီးက သတင်းစာတစ်စောင်ကို ကောက်ဖတ်လိုက်သည် ။ နန်းရင်းဝန်ဦးပု က သူ့ညွှန့်ပေါင်းအစိုးရ အောင်မြင်မှုများ အနက် ရေနံမြေ မှ ရန်ကုန် ရောက်နေသော သပိတ် တပ်သားများအား အစိုးရစရိတ်ဖြင့် ရေနံမြေသို့ ပြန်ပို့နိုင်ခြင်းမှာ တစ်ခုဖြစ်ကြောင်း ပြောကြားနေလေသည် ။ သံပုံးတီး တောထုတ်နေသော သခင်များအား ဦးစော ၏ ဂဠုန်တပ်သားများ ကဝါးရင်းတုတ်နှင့် ရိုက်ကြသည် ။
“ မောင်တင်ထွန်း ရဲ့ မင်းတို့ သခင်တွေ က အယူသီးလွန်းတယ်ကွ ”
ကျွန်တော် သည် သတင်းစာဖတ်နေရာမှ အံ့ဩစွာ ကြားလိုက်ရသည် ။ ကျောင်းသင်ခန်းစာစာအုပ်ဖြင့် အလုပ်ရှုပ်နေသော ဆရာဖေ ၏ အသံဖြစ်နေ၍ အံ့ဩမိသည့်အပြင် သည်ထင်မြင်ချက် မျိုးကို ဆရာဖေ့ ထံမှ မမျှော်လင့်သဖြင့်လည်း အံ့ဩမိခြင်းဖြစ်သည် ။
“ ဘယ်ကိစ္စမှာ အယူသီးတာလဲ ဆရာ ၊ ဦးစော ကို သံပုံးတီးပြီး တောထုတ်တဲ့ ကိစ္စလား ”
“ ဟာ ဆရာအဲဒါပြောတာ မဟုတ်ပါဘူး ။ ငစော လို လူတော့ တောထုတ်ရုံ မဟုတ်ဘူး ။ မသာချလည်း ချထိုက်တာပဲ ။ ဆရာ ပြောချင်တာက သူတို့ ဘုံဝါဒကို ပြောတာ ။ ဆရာတို့လည်း ဘုံဝါဒကိုကြိုက်သလောက် ကြိုက်ပါတယ် ၊ နို့ပေတဲ့ မောင်တို့ သခင်တွေရဲ့ ဘုံဝါဒက ပြင်းထန်လွန်းတယ် ။အားလုံး တန်းတူရမယ်ဆိုတာ မဖြစ်နိုင်ဘူးကွ ၊ သင်္ဘောကျင်း က ကူလီတစ်ယောက် ရဲ့ အသိဉာဏ် အရည်အချင်းနဲ့ ကောလိပ်ကျောင်း က ပရော်ဖက်ဆာ တစ်ယောက်ရဲ့ အသိဉာဏ်အဆင့်အတန်းကွာတယ် မဟုတ်လား ။ လန်ချားက̶̶ု̶̶လ̶̶ာ̶̶း̶ နဲ့ ဗမာကူလီ တောင် အသိဉာဏ် အဆင့်အတန်း ကွာတယ်မဟုတ်လား ။ ကော်ရင်ဂျီက̶̶ု̶̶လ̶̶ာ̶̶း̶ က ဘိတ်ဘိတ်တုံး ဉာဏ် မရှိဘူး ၊ ဗမာကူလီ က ဉာဏ် ပိုရှိတယ် ၊ဉာဏ်ကို လွှာသုံးတတ်တယ် ”
ကျွန်တော်က ရှေ့ဆက်ပြောမည့် အရှိန်ယူနေတုန်း ဆရာဖေ က လု၍ ဝင်လိုက်သည် ။
“ ပြီးတော့ တစ်ခု ရှိသေးတယ် ၊ မောင်တို့ သခင်တွေ က ရှေးအယူအဆတွေ အားလုံး ပယ်ရမယ်ပြောနေတယ် ၊ ရှေးအယူအဆ အားလုံးသာ ပယ်လိုက်ရင် ဗမာတွေ ခုဖြစ်နေတာထက် ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ကြမှာပဲ ။ ဆရာ ထင်တယ် လူကြီးသူမ ရိုသေရကောင်းမှန်း မသိ ၊ရှေးပညာတွေ တန်ဖိုးထားရကောင်းမှန်း မသိ ၊ ဘုရားတရားသံဃာ ဆည်းကပ်ကိုးကွယ်ဖို့ မေ့ ၊ ဟောလောကမှာ အဖိုးတန်သမျှတွေ ပျက်စီးကုန်တော့မှာပဲ ။ ဆရာတို့ဟာ သခင်တွေကို တကယ့်အရေးမှာ ထောက်ခံခဲ့တာပဲ ၊ လွတ်လပ်ရေးကိစ္စမှာဆိုရင် တစ်သဘောတည်းပဲ ၊ ခုလိုအယူသီးမှုတွေ ၊ ဂါရဝနည်းမှုတွေ ၊ ရိုင်းမှုတွေကိုတော့ မထောက်ခံနိုင်ဘူး ၊ သည်းမခံနိုင်ဘူး ”
ဆရာဖေ သည် ဒေါ်ဒေါ်ညွန့် သာ ကော်ဖီတစ်ခွက် နှင့် ငှက်ပျောသီးများ ယူ၍ ရောက် မလာလျှင်ရှေ့ဆက်၍ မည်မျှ ပြောဦးမည် မသိပေ ။ ဒေါ်ဒေါ် က အားပါးတရ ပြုံးလိုက်ပြီးနောက် -
“ ဟဲ ဟဲ ကိုဖေ့ မှာလည်း ခုတလော သည်းမခံနိုင်တာတွေ များနေပြီ ၊ ခုဘာများ သည်းမခံနိုင်ပြန်ပြီလဲ ”
“ သခင်တွေရဲ့ အယူသီးမှုတွေ ၊ ဂါရဝတရား နည်းမှုတွေ ၊ ရိုင်းမှုတွေကို ပြောတာပါကွာ ”
“ အမယ်လေး တော်ပါ ၊ သခင်တရားပွဲ တဲ့ ဆိုရင် ကိုပဲ အရင်ဆုံးရောက်တာ မဟုတ်လား ၊ သခင်တွေသပိတ်မှောက်ပြီ ဆိုရင်ကိုပဲ အရင်ဆုံး အလှူပြေးထည့်တာ မဟုတ်လား ”
“ တော်စမ်းပါကွာ ၊ ဒါက တခြားပဲ ”
ဒေါ်ဒေါ် က ကျွန်တော့်အား မိခင် က သားငယ် အား ကြည့်သလို ပြုံးပြုံးကြီး ကြည့်ပြီး -
“ ဒီ သခင်ကလေးကတော့ တော်ပါတယ် ကိုဖေ ရယ် ၊ ဂါရဝတရား ရှိပါတယ် ။ ဟဲ ဟဲ ၊ ကဲ ကဲ ရော့ ၊ကော်ဖီသောက် ၊ ငှက်ပျောသီးက ဝက် မလွတ်ကဲ့ ”
ဆရာဦးရွှေဖေ သည် ကျောင်းသင်ခန်းစာစာအုပ်များ နှင့် အလုပ်ရှုပ်နေပြန်လေပြီ ။ ကျွန်တော်တို့နှစ်ယောက်လည်း စကားလက်ဆုံ ကျသွားပြန်လေပြီ ။ မခင်သစ် ၏ ပညာရေးကို ကျွန်တော်ကစမေးမိသည် ။ ဟိုတုန်းက သပိတ်ပြန်မလှန်လိုသည် မဟုတ်ပါလား ။ ဒေါ်ဒေါ်ညွန့် ကိုယ်တိုင်ပင်လွတ်လပ်ရေး မရမချင်း သပိတ်မှောက်နေခြင်းကို ထောက်ခံခဲ့သည် မဟုတ်ပါလော ။ မခင်သစ်သည် သပိတ် မလှန် ၊ ကျောင်းပြန် မသွား ။ သို့သော် စာကိုတော့ သင်ဖို့ ကောင်းသေးသည် ။သင်လည်း သင်လိုသည် ။ ရှစ်တန်း လောက် နှင့် ရပ်ထားရမည်ဆိုသော် စကောစက ဖြစ်နေသည် ။စာမေးပွဲ မဖြေတာ အပထားပြီး ဆယ်တန်းစာ လောက်တော့ တတ်ထားအပ်သည် မဟုတ်ပါလော ။
သို့ဖြင့် မခင်သစ် အား အလွတ်ပညာသင်ပေးရေးကို ဆွေးနွေးကြသည် ။ အင်္ဂလိပ်စာ က ခက်သည် ။ဆရာဦးရွှေဖေ မတတ်နိုင် ။ သို့ဖြင့် မောင်တင်ထွန်း က သင်ပေးမည်လား ဟူသော အမေးသို့မလွှဲမရှောင်သာ ရောက်လာသည် ။ ဒေါ်ဒေါ်ညွန့် ကား ထိုအမေးကို အားတက်သရော မေးလိုက်ပြီးနောက် မှ ဘာ စဉ်းစားမိသည် မသိ ။ နောက်ဆံငင်နေသော အမူအရာ လက္ခဏာ ပေါ်လာသည် ။ကျွန်တော် က -
“ ကျွန်တော်ကတော့ သင်ပေးဖို့ အဆင်သင့်ပါပဲ ဒေါ်ဒေါ် ၊ ဒေါ်ဒေါ့် ် သမီးလည်း မေးကြည့်ပါဦး ၊ပြီးတော့ ”
ဒေါ်ဒေါ် က သူ့အတွေးနှင့် သူ ငေးမောနေရာမှ ကျွန်တော် ဆက်ရန် အာလေးနေသော အရာကိုဆက်လိုက်သည် ။
“ ကိုရွှေဖေ နဲ့ တိုင်ပင်လိုက်ဦးမယ် ”
သည်မျှနှင့် ပြောစရာစကား ကုန်သလို ဖြစ်သွားလေတော့သည် ။
ဤကိစ္စတွင် ဒေါ်ဒေါ် နောက်ဆံငင်နေသည့်သဘောကို ကျွန်တော် ရိပ်မိပါသည် ။ ဒေါ်ဒေါ်တွေးတောငေးမောသွားသည့် အဓိပ္ပာယ်ကို ဖတ်နိုင်ပါသည် ။ ဦးရွှေဖေ နှင့် တိုင်ပင်ရမည့်တာဝန်ကိုလည်း နားလည်ပါသည် ။ သမီးပျိုကလေး ကို လူပျိုကလေး တစ်ဦးနှင့် နီးစပ်စေခြင်းမှာတာဝန်ကြီးလှသည် မဟုတ်ပါလော ။ ဘာမျှ မဖြစ်ဦးတော့ ၊ လူပြောစရာများ ဖြစ်နေမည်လော ။
သည့်နောက် မကြာပါ ၊ ညနေတိုင်း ကျွန်တော် သည် မခင်သစ် အား စာပြပေးရလေသည် ။ အစဦးတုန်းက အင်္ဂလိပ်စာ ၊ နောက် မခင်သစ် က ဂျော်မ က်ထရီ ပုစ္ဆာတစ်ပုဒ် မေးရင်း ဂျော်မ က်ထရီ ၊အယ်လ်ဂျီဘရာ များ သင်ပြပေးနေမိတော့သည် ။ တစ်ခါတစ်ရံ ပထဝီ ၊ တစ်ခါတစ်ရံ ရာဇဝင် ။ညနေတိုင်း ၃ နာရီ မှ ၅ နာရီ အထိ ။
အိမ်ရှေ့ဧည့်ခန်း၏ အနောက်တောင်ထောင့် တွင် စားပွဲဝိုင်းကြီးတစ်ခု ခင်းထားသည် ။ ထိုစားပွဲဝိုင်းကြီးကား စာသင်စားပွဲဝိုင်းပေတည်း ။ ကျွန်တော်တို့ စာသင်သည့်အခါတိုင်း ဒေါ်ဒေါ် သည်မနီးမဝေးမှာ အလုပ်တစ်ခုခု ထိုင်၍ လုပ်နေတတ်သည် ။ သို့မဟုတ် မခင်သစ် ကဲ့သို့ပင် ကျွန်တော်ကလည်း ရွှေရွှေ ဟု လိုက်ခေါ်နေသည့် အဒေါ် အပျိုကြီး မရွှေသစ် သည် အလုပ်တစ်ခုခု လုပ်နေတတ်သည် ။ သူတို့မှာ လုပ်စရာတွေကလည်း အများသား ။ အိမ်မှုရေးရာ အောက်ထပ်မှဆေးဆိုင်အတွက် ဗာဟီရကိစ္စ ၊ ဆေးထုပ် ၊ ဆေးပုလင်း တံဆိပ်ကပ် ။
ဆရာဦးရွှေဖေ ကား ထိုအချိန်မှာ မရှိသည်သာ များ၏ ။ သူ့ကျောင်းအလုပ်နှင့် သူ ကိစ္စများနေလေ့ရှိသည် ။
ကျွန်တော့် အဖို့ မခင်သစ် အား စာသင်ပေးရခြင်း အလုပ်သည် ပျော်စရာ အကောင်းဆုံးသောအလုပ်တစ်ခု ဖြစ်နေလေပြီ ။ ပန်းပင်ကလေး စိုက်ပျိုးယုယပေးနေရသည်နှင့် တူနေသည်ဟုအောက် မေ့မိသည် ။ ပန်းပင်ကလေးက ဓာတ်ခံ ကောင်းလှ၏ ။ မခင်သစ် သည် ဉာဏ်ကောင်းသည် ၊လုံ့လရှိသည် ၊ ပန်းဥယျဉ်ကလေး ဘွားခနဲ စည်စည်ကားကား ပေါက်လာသည် ။ ကျွန်တော်ကားဥယျာဉ်မှူးလည်း ဟုတ်၏ ။ ပိတုန်းလိပ်ပြာလည်း ဟုတ်၏ ။
အလုပ် ဘယ်လောက် များများ အချိန်ကျလျှင် စာသင်စားပွဲဆီသို့ ရောက်အောင်လာ၏ ။မခင်သစ် က အဆင်သင့် ထိုင်၍ စောင့်နေသည် ။
မခင်သစ် အား တွေ့မြင်စက ဆယ့်ငါးနှစ် ပြည့်ဟန် မရှိသေးဟု ထင်သည် ။ ခုတော့ ကျွန်တော့်မျက်စိရှေ့မှာပင် အပျိုဖားဖားဖြစ်လာပေပြီ ။ ကျက်သရေရှိ၍ ချိုအေးသော မျက်နှာတွင် ချစ်စရာ ရောယှက်လာသည် ။ ယဉ်ကျေးနွဲ့နှောင်းသော ကိုယ်မှာ ကြီးကောင်ဝင်လာ၍ စိုပြည် ဖွဲ့ဖြိုးလာသည် ။ တကယ့် ၁၆ နှစ် သမီးကညာ ပါပဲ ။ ဆံတောက်ကိုကား မသိမ်းသေး ။ မဟာနဖူးချထားလိုက်ပြန်သဖြင့် နန်းဆန်လာပေသည် ။
ဒေါ်ဒေါ် သည် သူ့အလုပ် သူ လုပ်နေသော်လည်း ကျွန်တော် တို့အား အကဲခတ်ကြည့်နေရုံမကနားလည်း စွင့်နေဟန်တူသည် ။ စာသင်ရာမှနေပြီး သည့်ပြင်စကားကို ရောက်သွားသည်နှင့်တစ်ပြိုင်နက် -
“ ဟေ့ သူငယ်တို့ သူငယ်မတို့ ၊ စာသင်ရာမှာ လေမဖောကောင်းဘူး ဟဲ ဟဲ ၊ လေနာထတတ်တယ်နော် ” ဟု ဒေါ်ဒေါ် က ရယ်စရာလိုလို နှင့် ဝင်ဟန့်တတ်သည် ။
သည်လို ဟန့်တော့ စကားတန့်သွားသည် မှန်၏ ။ စာကိုပဲ ဆက်သင်ကြသည် မှန်၏ ။ သို့သော်စိတ်ထဲကမူ နှစ်ယောက်တည်း ဘယ်သူမှ မကြားစေဘဲ စကားပြောချင်နေလေသည် ။
တစ်ခါသော် ဒေါ်ဒေါ်ညွန့် ကိုယ်စား ရွှေရွှေ က စောင့်နေသည် ။ အင်္ဂလိပ်သင်ခန်းစာမှနေပြီးရယ်စရာ ဖြစ်လာသဖြင့် ကျွန်တော်တို့ နှစ်ယောက်စလုံး တခစ်ခစ် ရယ်မိကြလေသည် ။ ရွှေရွှေ သည်ကျွန်တော်တို့အား မျက်စောင်းကြီး ထိုးပြီး -
“ ဟဲ ဟဲ့ ဘာများ ဟားတိုက်နေကြတာလဲ ”
ကျွန်တော် က တခစ်ခစ် ရယ်ရင်းပင် -
“ ရွှေရွှေ ကလည်း ကျွန်တော်တို့ ဟားမတိုက်ပါဘူး ၊ နည်းနည်း ရယ်တာပါ ”
“ မင်းတို့ စာမှာ ဘာရယ်စရာပါလို့တုံး ”
မခင်သစ် က ပြုံးစိစိနှင့်ပင် -
“ အင်္ဂလိပ်စာလုံး အသံထွက်က ရယ်စရာကောင်းလို့ ရွှေရွှေ ရဲ့ ။ ဆရာ က ဆိုပြ ၊ သစ်သစ် ကလိုက်ဆို ၊ ပီလည်း မပီဘူး ။ ဘာတဲ့ ဆရာ ၊ ရွှေရွှေ့ ကို အဆိုခိုင်း ကြည့်စမ်းပါ ၊ ရွှေရွှေ ဆိုကြည့်စမ်း ၊ဘယ်လောက် ရယ်စရာ ကောင်းသလဲလို့ ”
ကျွန်တော်တို့ နှစ်ယောက်စလုံး ရယ်ကြပြန်သည် ။ ဒေါ်ရွှေသစ် ကား မျက်စောင်းတစ်ချက် လက်ခနဲထိုးပြီး -
“ ငါလည်း မရယ်ချင်ဘူး ၊ ညည်းတို့လည်း မရယ်ကြနဲ့ ”
ကျွန်တော်တို့ အရယ်ရပ်ကြသည်ကား မှန်ပါသည် ။ သင်ခန်းစာကို ဆက်ကြသည်ကားမှန်ပါသည် ။ သို့သော် စိတ်ထဲမှာကား ဘယ်သူမှ မကြားစေဘဲ နှစ်ယောက်တည်း ကျိတ်ရယ်သလိုနေပေတော့သည် ။
ဟိုအရင်တုန်းကပင် မခင်သစ် သည် ကျွန်တော့်အား ဆရာ ဟု ခေါ်ခဲ့သည် ။ အလွယ်တကူဘယ်လို ခေါ်ရမည်မသိသဖြင့် ခေါ်ဟန် တူလေသည် ။ ယခုမူ ကျွန်တော် သည် မခင်သစ် ၏ ဆရာတကယ်ပင် ဖြစ်ပေပြီ ။
တပည့်မကလေး မခင်သစ် ။
တစ်နေ့သ၌ ဒေါ်ဒေါ်ညွန့် က ဆေးပုလင်းများကို ကော်ကပ်ရင်း ကျွန်တော် တို့အား စောင့်ကြပ်နေသည် ။ သင်ခန်းစာ အလယ်လောက်တွင် မခင်သစ် သည် သူ့အမေ ဘက် တစ်ချက်လောက်လက်ခနဲ ကြည့်လိုက်ပြီးနောက် ကျွန်တော်ရှေ့သို့ စာရွက်ခေါက်ကလေး သေးသေးတစ်ခုကိုချပေးလိုက်လေသည် ။ ကျွန်တော် ကလည်း ဇတ်ခနဲ ကောက်ယူထားလိုက်၏ ။ ဘာတွေများရေးထားပါလိမ့် ။ သိချင်ဇောကြောင့် စာသင် မဖြောင့် ။ ဒေါ်ဒေါ် ရှေ့မှာလည်း မဖတ်ရဲ ။ နောက် မှအကြံရပြီး နောက်ဖေးသွားကာ အိမ်သာထဲ ဝင်၍ ဖတ်ရလေသည် ။
စာရွက်ကလေး ကို ကျစ်ကျစ်ပါအောင် ခေါက်ထား၏ ။ စာကို ဖြေလိုက်သည်ဆိုလျှင်ပင် -
' ကိုကို ' ဟူသော အခေါ် ကို ဖတ်လိုက်ရသည် ။ ရှေ့ဆက် မဖတ်နိုင် ။ တစ်ကိုယ်လုံး တုန်လှုပ်ချောက်ချားသွားသည် ။ ပီတိလှိုင်းတို့သည် ဘောင်ဘင်ခတ်နေလေသည် ။ အကြောအခြင်တွေထောင်တက်လာသည်ဟု သတိပြုလိုက် မိသည် ။ ဘယ်တုန်းကမျှ ဤအရသာမျိုး မခံစားဖူးပါ ။အတန်ကြာမှ စာကိုဖတ်နိုင်သည် ။
ကိုကို
ခုလို ကြိုးစားသင်ပြပေးတာ အထူးကျေးဇူးတင်ပါသည် ။ ဒဂုန်မဂ္ဂဇင်း မှာဆောင်းပါးပြိုင်ပွဲ သစ်သစ် ဝင်ချင်ပါသည် ။ သစ် ရေးတဲ့ ဆောင်းပါးကိုကိုကို ကြည့်ပြင်ပေးမယ်လား ၊ သိပါရစေ ။
သစ်
စာကိုယ်ကား ဘာမျှ မရိုးတာ မပါပါ ။ ပေးပုံ နှင့် ခေါ်ပုံ က ဆန်းနေသည် ။ ကျွန်တော့်အားတုန်လှုပ်ချောက်ချားစေပေသည် ။ အေးအေးလူလူ ပြန်စဉ်းစားလိုက်သောအခါ မခင်သစ် သည်ကျွန်တော့် အပေါ်မှာ ဆန်းဆန်းပြားပြား သဘောမထားဘဲ ညီမချစ်ကလေး က ' ကိုကို ' ဟုခေါ်လိုက်ခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း တွေးမိလေသည် ။ ထို့ကြောင့် ကျွန်တော် သည်မခင်သစ် အား ထိုစာဖြင့် စလိုက်သည်ဟု အထင်သေးခြင်း လုံးဝ မရှိပါ ။ ထိုစာကြောင့် ကျွန်တော့်ကိုယ်ကိုတော့ ကိုယ် ကောင်းစွာသိသွားပေပြီ ။ မခင်သစ် အား ကျွန်တော် ချစ်နေလေပြီ ။
ဘယ့်လောက်ထိ ချစ်သလဲ ။
မပြောတတ်သေး ။
မခင်သစ် ပြိုင်ပွဲဝင်ရန် ရေးလိုက်သော ဆောင်းပါးမှာ စကားပြေ နှင့် ကာရန် ရောစပ်ထားသည့်ရှစ်လုံးဘွဲ့ကဗျာ နှစ်ပုဒ် ပါသည် ။ သဖြန်ကလေး တစ်ပုဒ် နှင့် အဆုံးသတ်ထားသည် ။ စကားလုံးကလေးများမှာ နုလှချိုလှ၏ ။ နွဲ့လှနော့လှ၏ ။ မန္တလေးမောင်ခင်မောင် ခေါ် လယ်တီပဏ္ဍိတဆရာဦးမောင်ကြီး ရေးသော ခင်မြင့်ကြီး ဝတ္ထုမှ စာနုစာယဉ် တို့၏ ဩဇာမကင်းသည်ကို သတိပြုမိသည် ။ အဓိပ္ပာယ်ကလည်း ကွန့်မြူးတင့်ဆန်းလှသည် ။ အကျွန်သည် ( ဤစကားသုံးရာမှာကားမင်းသုဝဏ် ဆန်လှသည် ) တိမ်တောင်တိမ်လိပ်ကြားမှ ဘွားခနဲပေါ်လာသော လမင်းကြီးကိုကြည့်၍ ဤသို့ဆိုမိသည် ။ မသာလည်း တ သာလည်း တ ဖိုးရွှေလ ဟု လူတို့ ခေါ်ဆိုခြင်းမှာယုတ္တိရှိလှပါသည် ။ အကျွန့်မှာ ငွေစန္ဒာ မသာတော့ ဘယ်ကျွန်းသွား ထွန်းနေပါလိမ့်လို့ စိုးရိမ်မိပြီးအကျွန့်ဆီ မထွန်းတော့ဘူးလားလို့ တမိသည် ။ ငွေစန္ဒာ သာ ပြန်တော့ အကျွန့်ဆီမှာ အမြဲသာနေပါလားလို့ တမိသည် ။ အကျွန့်ချစ်ဦး သည် ဖိုးရွှေလ ပေလော ။
မခင်သစ် ၏ ဆောင်းပါးကို ပြင်ဆင်စရာ မလိုလှပါ ။ ချောပေးလိုက်ရပါသည် ။ ကဗျာ မှာတော့ကျွန်တော့်တွင် ပြင်နိုင်သောအရည်အချင်း မရှိပါ ။ သို့သော် မခင်သစ် ၏ ကဗျာကလေးများသည်ရွတ်ဆို၍ ချိုသည် ။ နားဝင်ပီယံဖြစ်သည် ။
မခင်သစ် ၏ ဆောင်းပါးသည် ရွေးချယ်မည့် အယ်ဒီတာ အား မည်ရွေ့ မည်မျှ ဆွဲဆောင်နိုင်မည် ၊စာဖတ်ပရိတ်သတ်အား မည်ရွေ့ မည်မျှ နှစ်သိမ့်စေမည်ကို ကျွန်တော် မခန့်မှန်းနိုင် ။ ကျွန်တော့်ကိုကား သိမ်းကျုးံဆွဲငင်လိုက်ပါပြီ ။
ကျွန်တော်သည် သူ့ဆောင်းပါး ကို သင်ခန်းစာ စာအုပ်ကြားထဲမှာ ညှပ်ပြီး ယူသွားရသည် ။အိမ်မှာ ဖတ်ပြီး ဒဂုန်မဂ္ဂဇင်း သို့ ပို့ပေးလိုက်သည် ။ နောက်တစ်ခါ စာသင်ချိန်ကျတော့သင်ကြားပို့ချ ပြီးသွားသော ' ဇင်းဒါးကအကျဉ်းသား ' ဆိုသော ဝတ္ထု ကို အလွယ်ဖတ်နိုင်ရန်ပြုပြင်ထားသည့် လောင်းဂ်မင်း ဖတ်စာစာအုပ်ကို မပိတ်သေးဘဲ -
“ သစ်သစ်က စာရေးသိပ်တော်တာပဲ ”
သစ်သစ် သည် ပြုံးပြီး ငြိမ်နေသည် ။ အတန်ကြာမှ -
“ သစ်သစ် က သည်လောက် မဟုတ်ပါဘူး ၊ သစ်သစ် ရဲ့ ဆရာတွေက တော်တာပါ ”
“ နဂိုရှိမှ နဂိုင်းထွက်သတဲ့ သစ်သစ် ကဲ့ ၊ သစ်သစ် ဆရာတွေ က ဘယ်သူတွေလဲ ဆိုစမ်းပါဦး ”
“ သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးပေါ့ ဆရာ ရယ် ။ ဖေဖေ ရယ် ၊ ကျောင်းက ဆရာတွေ ရယ် ၊ဆရာကိုတင်ထွန်း ရယ် ၊ ဒါတွေက သင်ဆရာတွေပေါ့ ။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး တို့ ၊မန္တလေးမောင်ခင်မောင် တို့ ၊ ယုဝတီခင်တုပ် တို့ ဆိုတာတွေက မြင်ဆရာတွေပေါ့ ”
ကျွန်တော်က တဟဲဟဲ ရယ်လိုက် မိသည် ။ ရယ်သံကိုကြားသဖြင့် ဒေါ်ဒေါ် က ကျွန်တော့်ဘက်သို့လှည့်ကြည့်လိုက်သည် ။
“ ဟဲ ဟဲ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရယ် ၊ မန္တလေး မောင်ခင်မောင် ဆိုတာရယ် ၊ ယုဝတီခင်တုပ်ရယ် တစ်ယောက်တည်းပဲ သစ်သစ် ရဲ့ ”
မခင်သစ် သည် အံ့အားသင့်သွားသည် ။ အလွန်အကြူးလည်း ဝမ်းသာသွားသည် ။
“ ဟင် ဟုတ်ရဲ့လား ဆရာ ၊ အို ဆရာဦးမောင်ကြီး က သိပ် တော်တာပဲနော် ”
ဒေါ်ဒေါ် က လှမ်းပြီး သတိပေးလိုက်သည် ။
“ ဟေ့ သူငယ် သူငယ်မတွေ ၊ ဝတ္ထုဖတ်ချိန် မဂ္ဂဇင်းဖတ်ချိန် မဟုတ်ဘူးနော် ”
“ ကျွန်တော်တို့ အခုသင်ခန်းစာ သင်နေရတာက ဇင်းဒါးကအကျဉ်းသမား ဆိုတဲ့ နာမည်ကျော်အင်္ဂလိပ်ဝတ္ထုကြီး ဖြစ်နေတော့ စကားစပ်မိလို့ ကျွန်တော်တို့ စာရေးဆရာ လယ်တီပဏ္ဍိတ ဆီရောက်သွားတာပါ ဒေါ်ဒေါ် ရယ် ”
“ ဟေ ဟုတ်လား ၊ မသိပါဘူးကွယ် ”
“ အဲဒီ ဇင်းဒါးက အကျဉ်းသမားဆိုတာ ဒေါ်ဒေါ် ရုပ်ရှင်ကြည့်ဖူးမှာပေါ့ ၊ ' မောင့်ဒေဝီ ' ဆိုတာလေ ၊ကျွန်တော်တို့တော့ မကြည့်ဖူးပါဘူး ၊ ကြားသာ ကြားဖူးတယ် ”
“ ဪ အဲဒီ ရုပ်ရှင်လား ၊ ကြည့်ဖူးတာပေါ့ ၊ လန်ဒန်အတ် က ရိုက်တာ ၊ ဘတင့် တို့ ခင်ခင်နု တို့နာမည်ကြီးတုန်းကပေါ့ကွ ၊ သစ်သစ် သုံးလေးနှစ်အရွယ်တုန်းက ပေါ်တဲ့ ဇာတ်ကား ”
“ ကိုင်း ဒေါ်ဒေါ် ၊ ရုပ်ရှင်အကြောင်း ပြောချိန် မဟုတ်ဘူး ၊ စာသင်လိုက်ဦးမယ် ဟဲ ဟဲ ”
သုံးယောက်စလုံး ရယ်လိုက်ကြသည် ။
မခင်သစ် က ညုသည့် စာပေကလေးတွေ ရေးသဖြင့် ကျွန်တော့် ရင်ထဲမှာလည်း တာသည့် စာပေကလေးတွေ ပဲ့တင်လူးလွန့်လာသည် ။ ကျွန်တော် သည် စာပေသဘော သက်ရောက်သည့် စာယခုထိ မရေးဖူးသေးပါ ။ ကျောင်းသားဘဝကတည်းက သတင်းစာမှာ ဆောင်းပါးရေးခဲ့သည် ။သတင်းပို့ခဲ့သည် ။ ယခု လက်ထောက်အယ်ဒီတာ အဖြစ်ဖြင့် ဘာသာပြန်များစွာ လုပ်နေရသည် ။ဤသည်တို့ကား စာပေ မဟုတ်ပါ ။
မမြင့်ဦး ကား စာပေသမား ဖြစ်၏ ။ မြန်မာစာဂုဏ်ထူး ယူသူ ဖြစ်၏ ။ မမြင့်ဦး ကြောင့် ကျွန်တော်သည်စာပေတွင် စိတ်ဝင်စားမှု ပိုလာသည် ။ သို့သော် စာပေဖန်တီးရန်ဆန္ဒ ပေါက်ဖွားမလာပါ ။ ယခုမခင်သစ် ကြောင့် စာပေ ဖန်တီးရန် ၊ သူများ စာပေကို ဖတ်ရုံလေ့လာရုံသာ မရောင့်ရဲမှု၍ ကိုယ်တိုင်ဖန်တီးရန် ဆန္ဒများ ပေါ်လာပေသည် ။
မခင်သစ် ၏ ' မသာလည်း တ သာလည်း တ ၊ ဖိုးရွှေလ ' ကို တုံ့ပြန်ရမည် ။ ကျွန်တော့်ဇာတ်လိုက် သည် ယာဉ်စကြာရထားသူ ဖြစ်လေသည် ။ ရေကြောမြေကြော ရှုံ့၍သွားနိုင်သည် ။တောင်ဇမ္ဗူဒီပါ တစ်ခုလုံးကိုလည်း လှည့်လည်ရုံမက မြောက်ကျွန်း ၊ အရှေ့ကျွန်း ၊ အနောက်ကျွန်းများကိုလည်း လှည့်သည် ။ သို့သော် ဘယ်မှာမှ မပျော်ပိုက် ။ တောင်ကျွန်းသို့ ပြန်ပြီး သူ့ရွာသို့လာခဲ့သည် ။ သူ့ ချစ်သူ မျက် မှောက် ရောက်တော့မှ ချမ်းမြေ့ပျော်ပိုက်နိုင်တော့သည် ။
သို့ဖြင့် ကျွန်တော် နှင့် မခင်သစ် တို့သည် စာပေအတုံ့အပြန် ဖန်တီးကြ၏ ။
တစ်ယောက် နှင့် တစ်ယောက် စာပေးစာယူလုပ်ကြသည်မှာလည်း ဒေါ်ဒေါ်ညွန့် နှင့် ဒေါ်ဒေါ်ရွှေ တို့စောင့်ကြပ်သည့် အထဲကပင် ဖြစ်သည် ။ သင်ခန်းစာစာအုပ်ကြီးထဲမှာ ခေါက်ထည့်ထားလျှင် Inthe Exercise Book ဟု အင်္ဂလိပ်စကားဖြင့် အချက်ပေးလိုက်သည် ။ ကွန်ပါသေတ္တာထဲမှာထည့်ထားလျှင် In the Compass Box ဟု အချက်ပေးလိုက်သည် ။ အခါများစွာ အိမ်သာသည်ထိုစာကလေးတွေကို ဖတ်ရာနေရာ ဖြစ်ခဲ့ရ၏ ။
ကျွန်တော် သည် မခင်သစ် အပေါ်ဝယ် ဤပုံဤနည်းဖြင့် ဤမျှသာ ညုတာနေရရုံ နှင့် မကျေနပ်နိုင်တော့ပြီ ။ မမြင်နိုင်သော ၊ မရုန်းနိုင်သော သတ္တိတစ်ခုက ဆွဲငင်နေသလို ထင်ရသည် ။ နောင်ဘာဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းသာ ချစ်လိုတော့သည် ။ ထိုအတိုင်းပင် မခင်သစ် အား စာရေးပေးလိုက်ပေ၏ ။ မခင်သစ် ကား ' ချစ်ပါသည် ' ဟူသော စကားလုံးပါသည့် စာတစ်စောင်မျှမပြန် ။ပါးစပ်ဖြင့်ပြောရန်ကား ဝေးဘိသေး၏ ။ မချစ်ဘူး ထင်စရာလည်း လက္ခဏာအမူအရာ တစ်ခုမျှ မပြ ။ခါတိုင်းလိုပင် ရေးသားပြောဆို ဆက်ဆံနေပေသည် ။ ကျွန်တော် ကလည်း သူ့ထံမှ ' ချစ်ပါသည် 'ဆိုသော စကားကို အတုံးလိုက် အတစ်လိုက် ကြားလို မြင်လိုသည် ။ အားမလို အားမရ လွန်စွာဖြစ်ရသော အချိန်ပါတည်း ။ ထပ်ခါတလဲ မေး ၊ မဖြေရင် စိတ်ဆိုးရလိမ့်မယ် ဟု ခြိမ်းခြောက်၍ မေး ၊မချစ်လို့လားဟု ခနဲ့မေးတော့မှ “ သစ်သစ် လည်း ကိုကို့ လိုပါပဲ ” ဟု ပြောပေတော့သည် ။မိန်းမကောင်း မိန်းမမြတ် တို့သည် ' ချစ်ပါသည် ' ဆိုသောစကားကို တွန့်တိုလှချေသည် တကား ။သို့ကလိုပင် ကြည်နူးအားရ ဥဒါန်းကျူးမိလေသည် ။
မခင်သစ် သည် ကျွန်တော်၏ ရည်းစားဦး ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည် ။
လူပျို ဖြစ်ကတည်းက အပျိုကလေးတွေနှင့် တွေ့ခဲ့လှပြီ ။ တစ်ဖက်သတ် ကြိုက်သည်လည်းရှိ၏ ။နှစ်ဖက်ကျိတ် ကြိုက်သည်လည်းရှိ၏ ။ သို့သော် သမီးရည်းစား မမည်နိုင်ပါ ။ လူပျိုကြီးဖားဖား ကောလိပ်ကျောင်းသားဘဝ ရောက်ပြန်တော့ ဝင်နီဖေ နှင့် တွေ့ရသည် ။ ' ဘာကလိုတိုတိုဘိုကလာတာတာ ' နှင့် စလယ်ဝင် ဖင်မမည်းခင်က ကွဲခဲ့ရသည် ။ မမြင့်ဦး ကား သူငယ်ချင်း လည်းမက ၊ သမီးရည်းစား လည်း မကျ ။
မမြင့်ဦး နှင့် ပွင့်ပွင့်လင်းလင်း သိသိသာသာ ချစ်ကြိုးနှောင်ရန် ဘာမျှ မခဲယဉ်းပါ ။ အမြဲတမ်းအခွင့်သာသည် ။ အစဉ် တံခါးပွင့်နေသည် ။ ဘာကြောင့် ကျွန်တော် သာ သော အခွင့်ကိုမယူခဲ့သနည်း ။ ပွင့်သော တံခါးဖြင့် မဝင်ခဲ့သနည်း ။ ကျွန်တော် အကြိမ်ကြိမ် သုံးသပ် ကြည့်မိသည် ။ ဘာကြောင့် မခင်သစ် နှင့် တွေ့မှ ပွင့်ပွင့်လင်းလင်း သိသိသာသာ ချစ်ကြိုးနှောင်လိုက် မိသနည်း ။ ကျွန်တော် အကြိမ်ကြိမ် ဆင်ခြင်ကြည့်မိသည် ။
မမြင့်ဦး ထက် မခင်သစ် အား အချစ် ပို၍လား ။ သည်ဟာ မဖြစ်နိုင် ။ နှစ်ယောက်စလုံးကို ကျွန်တော်တန်းတူ ချစ်သည် ဟု ထင်သည် ။ ပိုခြင်း ပိုလျှင် မမြင့်ဦး အပေါ်မှာသာ ပိုထိုက်သည် ။ မမြင့်ဦး နှင့်တစ်ယောက်အကြောင်း တစ်ယောက် ထွင်းဖောက်၍ သိကြသည်မှာ ကြာပြီ မဟုတ်ပါလား ။မခင်သစ် ၏ သဘောလက္ခဏာ အကြောင်းအရာတွေကို သိသည်မှာ မကြာသေး ။ ပညာအရာမှာဆိုလျှင် မခင်သစ် ထက် မမြင့်ဦး က အဆများစွာ သာပေသည် ။ မခင်သစ် မှာ ပင်ကိုဉာဏ် နှင့်ပညာလုံ့လ ထူးကဲသော်လည်း ပညာ မပြည့်စုံသေး မဟုတ်ပါလား ။ ပစ္စည်းဥစ္စာမှာလည်းမမြင့်ဦး က သာပေသည် ။ သို့ဖြစ်လျှင် မခင်သစ် က ငယ်လို့ ၊ လတ်ဆတ်လို့ ၊ ငယ်ရွယ်ခြင်း၏ထက် မြက် မှု ရှိလို့ ပို ချစ်သွားမိလေသလား ။ သို့ရာတွင် မခင်သစ် က ပွင့်သစ်စ မ က် မောစရာအကောင်းဆုံး ပန်းဖြစ်လျှင် မမြင့်ဦး က ပွင့်ကောင်းတုန်း အဝေဆာဆုံး ပန်း ၊ ကားကား စွင့်စွင့်ကျက်သရေတင့်သော ပန်း မဟုတ်ပါလား ။
မမြင့်ဦး ၏ အချစ်က ခပ်အေးအေး ခပ်အုပ်အုပ်ဖြစ်၍ မခင်သစ် ၏ အချစ်က ခပ်နွေးနွေး ခပ်ပွင့်ပွင့်ဖြစ်၍များ ပေလား ။
မမြင့်ဦး က ကျွန်တော့် အား သူ လိုရာသို့ ပြုပြင်ပုံသွင်းလိုက်ပြီး မခင်သစ် က ကျွန်တော် လိုရာသို့ပြုပြင်ပုံသွင်းခံချင်သည့် နိမိတ်လက္ခဏာကြောင့် ပေလော ။
ဘာကြောင့်ဖြစ်ဖြစ် မခင်သစ် နှင့် ကျွန်တော် ပွင့်ပွင့်လင်းလင်း သမီးရည်းစား ဖြစ်ကြပါပေပြီ ။ကျွန်တော်သည် မခင်သစ် ထက် ခုနှစ်နှစ် မျှ ကြီး၏ ။ လူပျိုပေါက်ကလေး မဟုတ်တော့ပါ ။ သို့သော်မခင်သစ် အား လူပျိုပေါက်ကလေးလို အရူးအမူး ချစ်၏ ။
တစ်ခုတော့ ထူးခြားသည် ။ ယခင်က ကျွန်တော် သည် မမြင့်ဦး အား ကျွန်တော်နှင့် ရင်းနှီးသောမိန်းမများအကြောင်း အစီရင်ခံလေ့ရှိသည် ။ ဥပမာ ဝင်နီဖေ့ အကြောင်း ၊ မမ မမြမှီ အကြောင်း ။သို့သော် ယခု မခင်သစ် အကြောင်းကိုကား မမြင့်ဦး အား အစီရင် မခံပါ ။
ဒေါ်ဒါ် တို့၏ စောင့်ကြပ်မှုသည် ပိုမိုတင်းကြပ်လာသည် ထင်သည် ။ ကျွန်တော်တို့နှစ်ယောက်ချစ်နေကြပြီဟုလည်း ရိပ်မိပြီး ဖြစ်ဟန် ရှိသည် ။ သို့သော် စောင့်ကြပ်ခြင်းကား မလွန်အောင်စောင့်ကြပ်ခြင်းသာ ဖြစ်ဟန်တူသည် ။ ဒေါ်ဒေါ် သည် ကျွန်တော့်ကို သားကဲ့သို့ ချစ်သောအမူအရာကို ပြသည် ။ ကျွန်တော်တို့ နှစ်ယောက် မိသားဖသားပီပီ ချစ်ကြပြီး အချိန်တန်တော့ တင့်တောင့်တင့်တယ် ညားကြလျှင် ဒေါ်ဒေါ် ထက် ဝမ်းသာမည့်သူ ရှိမည် မထင်ပေ ။ သို့သော် ကျွန်တော်တို့၏အချစ်ယာဉ်သည် ဒေါ်ဒေါ် ခင်းပေးသော လမ်းအတိုင်းသာ ဒေါ်ဒေါ် သတ်မှတ်သောနှုန်းဖြင့်မောင်းရမည် ။ မတိမ်းရ ၊ မစောင်းရ ၊ မလွန်ရ ။
သို့သော် ဒေါ်ဒါ်ညွန့် နှင့် ဒေါ်ဒေါ်ရွှေ တို့၏ စောင့်ကြပ်ခြင်းကို တင်းလွန်းလှသည်ဟု ကျွန်တော်ထင်လေသည် ။ စာသင်စားပွဲဝိုင်းတွင် ဒေါ်ဒေါ် တို့ မျက် မှောက်၌ ချစ်ရသည်ကို အားမရ ။စာအုပ်ကြားထဲ စာညှပ်၍လည်းကောင်း ၊ ကွန်ပါသေတ္တာထဲ စာ ထည့်၍လည်းကောင်း ၊ မဂ္ဂဇင်းဂျာနယ်ထဲ ရိုးတိုးရိပ်တိပ်ရေး၍ လည်းကောင်း ၊ ရင်တွင်း ရှိသမျှ ဖွင့်ဟ၍ မကုန်နိုင်ဟု ထင်လာပေသည် ။ ဒေါ်ဒေါ်တို့ မျက်ကွယ်မှာ တွေ့လိုက်ချင်သည် ။ တတ်နိုင်လျှင် နှစ်ယောက်သား မသာလည်း တ သာလည်း တ ဖိုးရွှေလကြီး အပေါ်တက်၍ သမီးရည်းစားစကား ပြောချင်နေလေသည် ။
တစ်ခါတော့ ကျွန်တော်တို့ သတင်းစာတိုက် ပိတ်ရက်ကြုံသဖြင့် ငါးနာရီ ထိုးပြီဖြစ်သော်လည်းမခင်သစ် တို့ အိမ်မှ မပြန်သေး ။ ညနေစာထမင်း ဝင်စားနေသည် ။ ထမင်းစားပြီးသော် ကျွန်တော်စာသင်စားပွဲဝိုင်းမှာ ထိုင်နေသည် ။ ဒေါ်ဒေါ် တို့ကား နောက်ဖေး မီးဖိုဆောင်မှာ ရှိကြသည် ။ဆရာဖေ သည် အောက်ထပ် ဆေးဆိုင်မှာ အလုပ်များနေသည် ။ မခင်သစ် သည် ကျွန်တော် ရှိရာစာသင်စားပွဲသို့ လာလိုက် ၊ နောက်ဖေး မီးဖိုဆောင် သူ့အမေဆီ သွားလိုက် လုပ်နေသည် ။မခင်သစ် ၏ အမူအရာမှာ သပိတ်လွယ်ငှက်ကလေး မြက်ခင်းပေါ်မှာ ခုန်ပေါက်သွားလာနေသည်နှင့် တူ၏ ။ နောက်ဆုံးတစ်ခေါက် ကျွန်တော့်ဆီ လာပြီး အနားမှာထိုင်လိုက်ကာ ရှိသေး ။ဒေါ်ဒေါ် က ဒေါသသံဖြင့် -
“ ဟဲ့ မိခင်သစ် ” ဟု အော်ခေါ်လိုက်သည် ။
“ မိခင်သစ် နော် လွန်ပဲ လွန်လွန်းတယ် ၊ လာခဲ့ ဒီကို ”
ဆူပူကြိမ်းမောင်းသံကြောင့် မခင်သစ် ၏ မျက်နှာ မည်းသွားလေသည် ။ ကတိုက်ကရိုက် ထပြီး သူ့အမေ ဆီ ပြေးရလေသည် ။
ဒေါ်ဒေါ့်် ် အသံကား မကောင်းဆိုးဝါး တစ်တီတူး အသံထက် ကဲနေ၏ ။
“ ဟိုနား ခဏခဏ သွားရတာ ဒါ စာသင်ချိန် မို့လား ”
မခင်သစ် က ဘာမျှ ပြန်ပြောသံ မကြားရပေ ။ ဒေါ်ဒေါ် က သူ့သမီး ကျိတ်ဆူနေသံကိုသာကြားနေရ၏ ။ ဒေါ်ဒေါ် ၏ ချုပ်ချယ်မှုကြောင့် ကျွန်တော် များစွာ စိတ်ညစ်သွားသည် ။ လောကတွင်သည့်ထက် ကျဉ်းကျပ်သောနေရာ မရှိတော့ဘူးဟု ထင်သည် ။ ကျွန်တော် သည် စိတ်ပျက်ပျက်နှင့်ဘယ်သူ့မျှ နှုတ်မဆက်ဘဲ ထလာခဲ့လေသည် ။ အိမ်မှာ ဆရာဦးတက်ရှိန် ၏ စားပွဲတွင်ထိုင်ပြီးစာတစ်ပုဒ် ရေးချလိုက်လေသည် ။
ဥယျာဉ်မှူး သည် ခွာညိုရုံကလေးကို တစ်နှစ်လုံးလုံး ရေလောင်းခဲ့သည် ။ ပြုပြင် ယုယခဲ့သည် ။မြေဩဇာ ထည့်ခဲ့သည် ။ ပြာသိုလ သို့ ရောက်လာပြီ ။ ငွေနှင်းစိုစိုတွင် ခွာညိုပန်းတွေ ပွင့်ဝေလာပြီ ။ဥယျာဉ်မှူး က ခူးတော့မည်လက်လှမ်းတုန်း ပိုင်ရှင်က ' မပိုင်သူ နှင့် မဆိုင်ဘူး ၊ မခူးရ ' ဟုတားမြစ်လိုက်လေသည် ။ ပြာသိုလ ကုန်သွားပြီ ။ ခွာညိုပန်းတွေလည်း တုံးသွားလေပြီ ။ ဥယျာဉ်မှူးကား ခွာညိုရုံအနီးတွင် ထိုင်လျက် အသည်းနှလုံး ခွာညို နှင့်အတူ တုံးသွားသလို မှိုင်ငေးနေရသည် ။ ခွာညိုပင်အနီးကလည်း မခွာနိုင် ။
သည်လို ကျွန်တော် ရေးလိုက်သော စာကို မခင်သစ် တုံ့ပြန်လိုက်သော ကဗျာ ၏ အဓိပ္ပာယ်မှာ အကျွန်သည် ဥယျာဉ်မှူး ၏ ပြုစုပျိုးထောင်၍ ပေါက်ဖွားကြီးထွားခဲ့သည် ။
အကျွန့်မှာ ရာသီအလိုက်ပွင့်သော ခွာညို မဟုတ်ပါ ။အကျွန့်တွင် ပွင့်ဝေနေသော ပန်းမှာ ဆယ့်နှစ်ရာသီ ပွင့်သည့် နှင်းဆီပန်း ဖြစ်ပါသည် ။အကျွန့်ကို ပိုင်ရှင်ရော ၊ ဥယျာဉ်မှူး ပါ ဆိုင်ပါသည် ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment