❝ ကျွန်ုပ် နှင့် ပုတ်သင်ညို ❞
“ ကဲ...အားလုံး လွယ်အိတ်တွေ ခုံပေါ်တင်လိုက်ကြစမ်း ”
ဆရာမ အသံကြောင့် ကျွန်တော် နဲ့ ပေါက်စီ တော်တော် တုန်လှုပ်သွားသည် ။ အတန်းထဲမှာလည်း တိတ်နေရာကနေ အားလုံး ငြိမ်ကျသွားတာပဲ ။ ကျွန်တော် အသာ လှည့်ကြည့်လိုက်တော့ မတ်တပ်ရပ် လက်ပိုက် ထားတဲ့ ပျားတုတ် မျက်နှာ စပ်ဖြဲဖြဲ နဲ့ ၊ ကျွန်တော် သိတယ် ။
ဒီကောင် ညစ်ပြီ ဆိုတာကို ၊ ဒါပေမယ့် ဘာမှ မတတ်နိုင်ဘူးလေ ။
လွယ်အိတ် တင်သံတွေ တဘုတ်ဘုတ်ထဲမှာ ကျွန်တော် နဲ့ ပေါက်စီ ရဲ့ လွယ်အိတ်ကိုလည်း တင်လိုက်ရတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ရဲ့
ကြောက်စိတ်က လွယ်အိတ်ထဲမှာ မရှိပါဘူး ။ လှလှစိုး နဲ့ ဖြူဖြူသန်း ရဲ့ လွယ်အိတ်ထဲမှာပဲ ရှိတာပါ ။
“ ကျော်မြင့် ရဲ့ ပိုက်ဆံ ငါးဆယ် ပျောက်တယ်လို့ လာတိုင်ထားတယ် ... အဲဒါ လွယ်အိတ်တွေ အားလုံး စစ်မယ် ... ကိုယ့်လွယ်အိတ်
ရှေ့မှာပဲ ကိုယ်နေရမယ် ... ဘယ်မှ မထရဘူး ဒါမျိုး ငါမကြိုက်ဘူးဆိုတာ မင်းတို့ မသိဘူး ... မိလို့ကတော့ သေပြီသာ အောက် မေ့တော့ ”
ဆရာမ ဒေါသကြောင့် တစ်တန်းလုံး ပိုငြိမ်သွားတယ် ။
ကိုယ် မယူကြပေမယ့် ကျောင်းသားတိုင်းရဲ့ မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတာပဲ ။ ဆရာမ စိတ်တိုနေပြီ ။ ဒေါသထွက်နေပြီကိုး ။ လုံးဝ မျက်နှာ
မပျက်တာကတော့ ဟိုကောင် ပျားတုပ် ပဲ ။ ကျွန်တော် သိတယ် ၊ ဒီကောင် ပိုက်ဆံငါးဆယ်ပျောက်တာ မဟုတ်ဘူး ။ ကျွန်တော်တို့ နှစ်ယောက်ကို တမင် ညစ်တာ ။
ဒီကောင် နဲ့ ကျွန်တော်တို့ နှစ်ယောက်အကြောင်း ပြောရဦးမယ် ။
ဒီကောင့် နာမည် အရင်းက ကျော်မြင့် တဲ့ ၊ မုန့်စား ကျောင်းဆင်းလို့ ဆော့ကြရင်း ဒီကောင့် ကို ဝါးရုံပင်က ပျားဆယ်ကောင်လောက် ဝိုင်းတုပ်လို့ ဒီကောင့် နာမည် ပျားတုပ် ဖြစ်သွားတာ ။ ဒီကောင် နဲ့ ကျွန်တော်တို့ နှစ်ယောက် က မတည့်ဘူး ။ ဘယ်နေရာက စ , မတည့်သလဲဆိုတော့ မမှတ်မိတော့ဘူး ။ လက်သီးထိုးတမ်း ကစားတုန်းကပဲလား ၊ ပြေးပုန်းကစားရင်းနဲ ့ပဲလား ။ တစ်ခုခုတော့ တစ်ခုခုပါပဲ ။
ကျွန်တော်တို့ နှစ်ယောက်နဲ့တင် မကပါဘူး ။ သူ နဲ့ မတည့်တဲ့ သူက အတန်းထဲ မှာ တော်တော် များတယ် ။ ဒီကောင့် ပုံစံက ဗလ ကောင်းကောင်း ၊ အသားညိုညို ၊ မျက်ပေါက်ကျဉ်းကျဉ်း နဲ့ ။ သူ့မျက်နှာက ဘယ်တော့မှ ပြုံးတတ်တဲ့ မျက်နှာမျိုး မဟုတ်ဘူး ။ ဒီကောင်က ကျွန်တော့်ထက် ဗလကောင်းတော့ ကျွန်တော့်ကို ရင့်ချင်ပေမယ့် ပေါက်စီ ရှိတော့ ကျွန်တော့်ကို သိပ် မကြောရဲဘူး ။ ဒီတော့ ပျားတုပ် က ကျွန်တော်တို့ကို ချောင်းနေတာ ကြာပြီ ။
ပေါက်စီ ရဲ့ နာမည်အရင်းက ဝင်းဦး ပါ ။ သူတို့အဖေ က ပေါက်စီရောင်းလို့ သူ့ကို ပေါက်စီ လို့ ခေါ်တာ ။ တကယ်ဆိုရင်တော့ ပေါက်စီ လို့မခေါ်ဘဲ ဒီကောင့်ကို ပုတ်သင်ညို လို့ ခေါ်ရမှာ ။ ဒီကောင်က ပုတ်သင်ညို ဖမ်းတာ သိပ်လျင်တာ ။ ကျွန်တော်တို့လို အုန်းလက်ထိပ်မှာ ကျော့ကွင်းကလေး လုပ်စရာ မလိုဘူး ။ ပုတ်သင်ညို တွေ့တာနဲ့ အပင်နားကပ်ပြီး ခပ်တည်တည်နဲ့ ဖမ်းလိုက်တာပဲ ။ ဒီကောင့်လက်က မြွေပွေး လို မြန်တာ ။
ကျွန်တော့် သူငယ်ချင်း ပေါက်စီ က လှလှစိုး ကို ကြိုက်နေတာ ။
သူ ကြိုက်ပုံက တစ်မျိုး ခင်ဗျ ။ လှလှစိုး ကို တွေ့တာနဲ့ စတာပဲ ။ လှလှစိုး က ပြန်ရန်တွေ့ရင် ပေါက်စီက ကျေကျေနပ်နပ်ကြီး ပြုံးလို့ ။
“ လှလှစိုး က ဒီအတိုင်းနေရင် မလှဘူးကွ ... ရန်ထောင်မှ လှတာ ” တဲ့ ။ လှလှစိုး ကလည်း ရန်သာ ထောင်တာပါ ။ ပေါက်စီ အေးအေး ဆေးဆေးနေတဲ့ ရက်တွေဆို သူ ပါလာတဲ့ မြေပဲယို တို့ ဘာ တို့ ကျွေးတတ်ပါတယ် ။ ဒီတော့ ပေါက်စီ နဲ့ ကျွန်တော်က စ ၊ လှလှစိုး နဲ့ သူ့ သူငယ်ချင်း ဖြူဖြူသန်း က ရန်ပြန်ထောင် ။ အဲဒီလို ချစ်စရာကောင်းတဲ့ ပျော်ရွှင်မှုကို ပျားတုပ် က ကြည့်မရဘူး ၊ မနာလိုဘူး ပေါ့ဗျာ ။ ပြီးခဲ့တဲ့ လေးရက်လောက်က ပျားတုပ်က ကျွန်တော့် နောက်ကျောမှာ ' အရူးပါခင်ဗျာ ' ဆိုတဲ့ စာတမ်းရေးပြီး လာကပ်တယ် ။ လှလှစိုး တို့က ပြောလို့ ကျွန်တော် ချက်ချင်း သိသွားတယ် ။ ညနေ ကျောင်းဆင်းလို့ ကျွန်တော်က ပြန်ကပ်တော့ ၊ ပျားတုပ် နောက်ကျောမှာ စာတန်းကြီးက အိမ်အထိ ပါသွားရော ။ ဒီကတည်းက ဒီကောင့် အမုန်းက ကျွန်တော့်တို့ အပေါ်မှာ ပိုကြီးသွားတာ ။
ဒီနေ့ မနက် မှာ ပေါက်စီ က ကျွန်တော့်ကို တိုင်ပင်တယ် ။
“ စာကလေး ... ငါ လှလှစိုး ကို စ , ရတာ အားမရဘူးကွာ ”
“ ဘာ အားမရတာလဲ ”
ကျွန်တော် ပြန်မေးတော့ ပေါက်စီ ငြိမ်သွားတယ် ။ ဒီကောင် က ဒီလိုပဲ ။ တစ်ခုခုလုပ်ရင် သိပ်စဉ်းစားတဲ့ကောင် ။
“ ငါ စ ရင် သူက သိပ်စိတ်မဆိုးတော့ဘူးကွ ... ငါက စရင် ငါ့ကို စိတ်အရမ်းဆိုးပြီး ဒေါသတွေ ဘာတွေ ထွက် မှ ကျေနပ်တာ ”
“ ဒါဆို မင်းက ဘယ်လို စချင်လို့လဲ ”
ဒီကောင် ပြန်ငြိမ်သွားပြန်ရော ။ ပြီးတော့မှ စဉ်းစားမိသလို လုပ်ပြီး ပြောတယ် ။ အမှန်တော့ ဒီကောင် စဉ်စားပြီးသားပါ ။ သူ့
အကျင့်အတိုင်း စကားကို ခဏနားပြီးမှ ပြောတာ ။
“ မုန့်စားဆင်းရင် ပုတ်သင်ညို ဖမ်းပြီး လွယ်အိတ်ထဲ ထည့်မယ်ကွာ ”
“ ဟာ ... ဆရာမ သိသွားရင် ဆော်မှာနော် ... တခြားဟာ စဉ်းစားကွာ ”
“ မသိပါဘူးကွာ ... အိမ်ကျမှသိအောင် လွယ်အိတ်ထဲကို သေသေချာချာ ထည့်မှာပေါ့ ”
ပြဿနာက အဲဒီက စတာပါ ။
မုန့်စားဆင်းတော့ ကျွန်တော် နဲ့ ပေါက်စီ အကြော်တစ်ခုစီပဲ စားပြီး ကျောင်းနောက်က သစ်ပင်တွေကြားထဲမှာ ပုတ်သင်ညို လိုက်ဖမ်းကြတယ် ။ မိတာမှ လေးကောင်တောင် ၊ ဒါတောင် တော်ပြီပြောလို့ ။ မိတဲ့ ပုတ်သင်ညိုတွေ ကို ပေါက်စီ က ကိုင်ပေါက်တာပဲ ။ ကိုင်အပေါက်ခံရတဲ့ ပုတ်သင်ညို ခမျာ ခြေကလေး ၊ လက်ကလေးတွေ တဆတ်ဆတ် တုန်ပြီး ငြိမ်သွားတော့မှ ပေါက်စီ က ခါးပိုက်ထဲ ထည့်တာ ...
“ အရှင်ဆိုရင် ထွက်ပြေးသွားလိမ့်မယ်ကွ ”
ကျောင်းတက်ခေါင်းလောင်း မထိုးခင် အတန်းထဲ အမီ လာပြီး လှလှစိုး နဲ့ ဖြူဖြူသန်း လွယ်အိတ်ထဲ ပုတ်သင်ညို နှစ်ကောင်စီ ထည့်တာကို ပျားတုပ် က မြင်သွားတယ် ။ ကျွန်တော်တို့လည်း သူ့ နဲ့ ဘာမှ မဆိုင်လို့ သူ့ကို ဂရုမစိုက်ကြဘူးပေါ့ ။ အခုမှ သူက ထပြီး ပြဿနာရှာတာ ။
သူ့ လုပ်ပေါက်က ကျွန်တော် နဲ့ ပေါက်စီ ပြေးလို့ မလွတ်နိုင်တဲ့ နည်းပဲ ။ ပိုက်ဆံ တကယ် မပျောက်ဘဲ ပိုက်ဆံပျောက်တယ် ဆိုပြီး
ဆရာမ ကို သွားတိုင်တယ် ။ လွယ်အိတ်တွေ ထုတ်စစ်လို့ ဟို ကောင်မလေးတွေ လွယ်အိတ်ထဲမှာ ပုတ်သင်ညို တွေ့ရင်ကျွန်တော်တို့ ပျာပြီပေါ့ ။ သွားပြီ ။
ဆရာမ က လွယ်အိတ် တစ်အိတ်စီ ကို သေသေချာချာ စစ်ပါတယ် ။ စာအုပ်တွေ အကုန်ထုပ် ၊ စာရွက်တွေ လှန်ပြ ၊ အားလုံး လုပ်ကြရတယ် ။ တော်သေးတာက မိန်းကလေးတွေ တန်းကိုတော့ ဆရာမ က အရင် မစစ်တာပဲ ။ လေးတန်းလောက် စစ်အပြီး ငါးတန်းမြောက်ကို ရောက်တဲ့ အချိန်မှာ ဘယာကြော် က မတ်တပ်ထရပ်တယ် ။
“ ဆရာမ ... ကျွန်တော့်မှာ အိမ်က ပေးလိုက်တဲ့ ပိုက်ဆံ ငါးဆယ် ရှိပါတယ် ”
“ ဘာကွ ... မင်းအိမ်က ပေးလိုက်တာ ဟုတ်လား ”
“ ဟုတ်ပါတယ် ဆရာမ ”
“ ဘယ်လောက်လဲ ”
“ ငါးဆယ် ပါ ”
ဆရာမ တော်တော် တည်သွားတယ် ။ ဘယာကြော် ကိုလည်း တင်းတင်းမာမာ ခက်ခက်ထန်ထန်ကြီးကို ကြည့်တယ် ။
“ ကျော်မြင့် ပျောက်တာလဲ ငါးဆယ် ... မင်းအိမ် က ပေးလိုက်တာလဲ ငါးဆယ် .. ပိုက်ဆံပျောက်တယ်လို့ ပြောကတည်းက မထဘဲ အခုစစ်ခါနီး ကျတော့မှ ဘာဖြစ်လို့ ပြောရတာလဲ ... လွယ်အိတ်ယူပြီး ရှေ့ကို ထွက်ခဲ့စမ်း ”
တစ်တန်းလုံး ပိုပြီး ငြိမ်သွားတယ် ။ ဘယာကြော် ကို ဝိုင်းကြည့်နေကြတဲ့ မျက်လုံးတွေက မယုံသင်္ကာစရာ လူတစ်ယောက်ပေါ့လေ ။
ဘယာကြော် ကို ယုံတာဆိုလို့ ကျွန်တော်တို့ နှစ်ယောက်ပဲ ရှိတယ် ။ ဒါ တိုက်ဆိုင်မှု သက်သက် ။ ဟိုကောင် ပျားတုပ် လုံးဝ ပိုက်ဆံ မပျောက်ဘူး ။
“ ကဲ ... မင်းအိမ်က ဘယ်လောက် ချမ်းသာလို့ မင်းကို ပိုက်ဆံ ငါးဆယ် ပေးရတာလဲ ”
ဆရာမ ပြောတာ သဘာဝကျပါတယ် ။ ကျွန်တော်တို့ ရှစ်တန်း ကျောင်းသားဆိုတာ မုန့်ဖိုး ငါးမူးလောက်ပဲ ရတတ်တာ ။ ချမ်းသာလွန်းမှ နှစ်ကျပ် ပေါ့ ။
“ ကျွန်တော့်ကို ပေးတာ မဟုတ်ပါဘူး ဆရာမ ... ကျောင်းက ပြန်ရင် ဆီ ရယ် ၊ ပဲ ရယ် ဝယ်ဖို့ အမေ က ပေးလိုက်တာပါ ”
ဒါ အမှန်ဆုံး စကားပဲ ။ ဘယာကြော် တို့ အမေ က အကြော် ရောင်းတာကိုး ။ ကျောင်းက ပြန်ရင် ပွင့်ကောင်း ကုန်စုံဆိုင်မှာ ဒီကောင် အမြဲ ဆီ နဲ့ ပဲ ဝယ်ပြီး ပြန်တာ ကျွန်တော်တို့ တွေ့ဖူးတာပဲ ။ ဘယာကြော် တို့အိမ်က အကြော်ရောင်းတယ်ဆိုတာကို ဆရာမ လည်း သိတော့ စဉ်းစားရ ကျပ်နေတယ် ။
“ မင်း ကျောင်းကို ရောက်တော့ အဲဒီပိုက်ဆံကို ဘယ်သူ့ကို ထုတ်ပြသေးလဲ ”
“ မပြမိဘူး ဆရာမ ”
ဆရာမ ဘာပြောရမှန်း မသိတော့ ။ ဘယာကြော် လွယ်အိတ် ကို ရှာတယ် ။ အရှေ့ဆုံး စတိတ်ခုံပေါ်က ဆရာထိုင်တဲ့ ခုံမှာ ကြိမ်ခြင်းနဲ့ ကွယ်ပြီး ရှာတာပါ ။ တစ်ခန်းလုံး ငြိမ်ပြီး ဆရာမ ကိုပဲ ကြည့်နေကြတယ် ။
“ အင်း .. ပိုက်ဆံတွေ့ပြီ ငါးဆယ်ပဲ ”
ဆရာမ စကားဆုံးတော့ တီးတိုးသံတွေနဲ့ အခန်းဟာ ဆူညံသွားတယ် ။ ဆရာမ က တိတ်စမ်းလို့ မပြောပါဘူး ။ သူ ကိုယ်တိုင်ဘေးမှာ လူရှိရင်လည်း ဒီလိုပဲ ပြောမှာ မဟုတ်လား ။ ကျွန်တော် နဲ့ ပေါက်စီ လည်း ကြောင်သွားတယ် ။ လွယ်အိတ်ထဲက ပုတ်သင်ညိုတွေ ဘာတွေ မေ့ပြီး ပျားတုပ် တကယ် ပိုက်ဆံပျောက်တာလား ၊ ဘယာကြော် က ခိုးတာလား တွေ ဘာ တွေ ဖြစ်ကုန်တယ် ။ ပျောက်တာကလည်း ငါးဆယ် ၊ ဘယာကြော် အိတ်ထဲက တွေ့တာကလည်း ငါးဆယ် ပဲ မဟုတ်လား ။ အဲဒီ တိုက်ဆိုင်မှု က နည်းတာမှတ်လို့ ။ ပျားတုပ် ပိုက်ဆံ မပျောက်ဘဲ ရမ်းပြောတာဆို ဒီလောက် လာမတူနိုင်ဘူးပေါ့ ။ ဒါပေမယ့် ဘယာကြော် ဆိုတာကလည်း ဒါမျိုး မရှိတဲ့ ရိုးရိုးသားသား ကျောင်းသား ။ ဆင်းရဲတာ မှန်ပေမယ့် ဒါမျိုးတော့ လုပ်မှာ မဟုတ်ဘူး ။
“ ကဲ ကျော်မြင့် ... မင်း ရှေ့ကို ထွက်ခဲ ့စမ်း ”
ကျွန်တော့် နံဘေးနားက ထွက်နေပြီး ဆရာမ ဆီကို သွားတဲ့ ပျားတုပ်မျက်နှာ ကို ဝိုင်းကြည့်တော့ ခပ်တည်တည်ပဲ ။
“ ကျော်မြင့် ... မင်းမှာ ပိုက်ဆံပါလာတာ ဘယ်သူ့ကို ပြသေးလဲ ”
“ ဘယ်သူ့မှ မပြဘူး ဆရာမ ”
“ ဘယ်အချိန်က ပျောက်တာ သိတာလဲ ”
“ မုန့်စားကျောင်း တက်တော့မှ သိတာပါ ”
“ မင်း ပိုက်ဆံကို ဘယ်မှာ ထားတာလဲ ”
“ လွယ်အိတ်ထဲမှာပါ ”
“ ဒါဆို မင်းလွယ်အိတ် သွားယူခဲ့စမ်း ”
ပျားတုပ် လွယ်အိတ်ယူပြီး ဆရာမ က သေသေချာချာ ရှာပါတယ် ။ ဘာမှ မတွေ့ဘူး ။ ကျွန်တော်တို့လည်း ကိုယ့်ပြဿနာ ကိုယ်မေ့ပြီး ဘာဆိုတဲ့ အဖြေကို အမျိုးမျိုးတွေ့ကြည့်ပါတယ် ။ ပျားတုပ် က တကယ် ပျောက်တာဆိုရင် ကျွန်တော်တို့ ပြဿနာက ပြီးပြီ ။ တော်ပါသေးရဲ့ပေါ့ ။ ဒါပေမယ့် ဘယာကြော် ဆိုတဲ့ကောင် တကယ် မခိုးဘူးလို့လည်း ကျွန်တော် က ထင်ချင်သေးတယ် ။
“ ကဲ ... ကျော်မြင့် မင်းလွယ်အိတ်ထဲမှာတော့ ဘာမှ မရှိဘူး ... မင်း ဒီပိုက်ဆံ ဘယ်က ရတာလဲ ”
“ အိမ်လာလည်တဲ့ ဦးလေး က မုန့်ဖိုးပေးတာပါ ”
“ မင်း အဲဒီပိုက်ဆံနဲ့ ဘာ ဝယ်စားသေးလဲ ”
“ ဘာမှ မစားဘူး ဆရာမ ”
“ ဟုတ်ပြီ ... အခု သူ့အိတ်ထဲက ပိုက်ဆံ ငါးဆယ်တွေ့ထားတယ် .. ကဲ ပျောက်သွားတဲ့ မင်းပိုက်ဆံငါးဆယ် က ဘာတန်တွေလဲ ”
ဆရာမ စကားအဆုံး ပျားတုပ် တွန့်သွားပုံက သူ့ ကို ဝါးရုံပင်က ပျားတုပ် ခံရတုန်းက အတိုင်းပါပဲ ။ တော်တော်နဲ့ ပြန် မပြောနိုင်ဘဲ စဉ်းစားနေတယ် ။ ဆရာမ မျက်နှာက ဝင်းခနဲ တစ်ချက်ပြုံးပြီး ကြောက်စရာ ကောင်းလောက်အောင် ပြန်တည်သွားတယ် ။
“ ကဲ .. ပြောလေ ကျော်မြင့် ... ကိုယ်ပျောက်တဲ့ ပိုက်ဆံက ဘာတန်တွေဆိုတာတော့ မင်း သိရမှာပေါ့ ... ကဲ ... ပြော ... ပြောစမ်း ”
“ ဟို ... ဟို ဆယ်တန် ငါးရွက် ဆရာမ ”
“ ဆယ်တန် ငါးရွက် .. ဟုတ်ပြီ မင်းကို အဲဒီ ပိုက်ဆံ ဘယ်သူက ပေးတာ... ”
“ ကျွန်တော့် အဖေပါ ”
“ ခုနက ပြောတော့ အိမ်လာလည်တဲ့ ဦးလေး ဆိုကွ ”
“ ဟာ ... ဟို ... မဟုတ်ဘူး ... ဟုတ်တယ် ဆရာမ ... ဦးလေး က ပေးတာ ... အဖေ့ ကို ပေးသွားတာ ... အဖေ ကမှ ကျွန်တော့် ကို ပေးတာ ”
“ ရပြီ ... ရပြီ ... ကဲ ... ”
ဆရာမ က ဘယာကြော်ဘက်ကို လှည့်ကြည့်ပြီး မေးတယ် ။
“ မင်းအိတ်ထဲက ပိုက်ဆံတွေက ဘာတန်တွေလဲ ”
“ ဆယ်တန် နှစ်ရွက် ၊ ငါးကျပ်တန် လေးရွက် ၊ ကျပ်တန် ရှစ်ရွက် နဲ့ အကြွေ နှစ်ကျပ် ပါ ဆရာမ ”
ဇာတ်လမ်းက အဲဒီမှာတင် ပြီးသွားတယ် ။
လွယ်အိတ်တွေလည်း ဆက် မရှာတော့ဘူး ။ ဘယာကြော် က သူ ့ပိုက်ဆံကို ပြန်ရပြီး ကျွန်တော်တို့ကိုချွန်ဖို့ ဇာတ်လမ်းလုပ်တဲ့ ပျားတုပ်လည်း ဆရာမ ကြိမ်လုံးက သူ့ ကို တုပ်သွားတဲ့ အပြင် ဘယာကြော် ရဲ့ ပိုက်ဆံကို မတရား လိုချင်လို့ တမင်လိမ်ပြောတာဆိုတဲ့ နာမည်ဆိုးပါ ပျားတုပ် ထပ်ရသွားတယ် ။
နောက်နေ့ ကျောင်းပြန်တက်တော့ လှလှစိုး ရော ၊ ဖြူဖြူသန်း ရော ကျွန်တော်တို့ကို ဘာမှ မပြောကြဘူး ။ မျက်စောင်းတွေ လှိမ့်ထိုးနေ
တာပဲ ရှိတယ် ။ ဆရာမ နဲ့လည်း မတိုင်ဘူး ။ ပေါက်စီ က မကျေမနပ်နဲ့ ။
သူ နေလို့မရဘူး ဖြစ်နေတယ် ။
“ ဟေ့ကောင် ပုတ်သင်ညို ကိစ္စ ဘာမှ မပြောဘူးကွ ... စိတ်လည်း မဆိုးဘူး ”
“ မတွေ့လို့ နေမှာပေါ့ကွ ”
“ မတွေ့ဘဲနဲ့တော့ မနေဘူးကွ ... တွေ့ကို တွေ့ရမှာ .. အချိန်စာရင်းနဲ့ စာအုပ်ထည့်ရင် တွေ့မှာပဲ ... လွယ်အိတ်ထဲမှာပဲကွာ ... လွဲကို
မလွဲဘူး ”
အဖြေ ရှာမရပေမယ့် ကျွန်တော်တို့ သွားလည်း မမေးရဲပါဘူး ။
xxxxx xxxxx xxxxx
လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ သိရတာက အဲဒီတုန်းက လှလှစိုး ပုတ်သင်ညို ကို စာအုပ်ထုတ်ရင်းတွေ့တော့ သေးတောင် ပါတယ်ဆိုပဲ ။ ဖြူဖြူသန်း က တက်သွားတာတဲ့ ။ ဘာဖြစ်လို့ အခုမှ သိရ သလဲဆိုတော့ ကံတရားရဲ့ထုံးစံအတိုင်း ပေါက်စီ နဲ့ ဖြူဖြူသန်း နဲ့ ညားတာကိုး ။ လှလှစိုး ကတော့ နယ်မှာ ကျောင်းဆရာမ ဖြစ်နေတယ် ။ အိမ်ထောင်လည်း ကျပြီတဲ့ ။
“ ဟေ့ကောင် စာကလေး ... မျိုးရိုးတော့ ရှိတယ်ကွ ... ငါ့သား အလတ်က ပုတ်သင်ညိုဖမ်း သိပ်တော်တာ ” လို့ ကျွန်တော့်ကို
ပေါက်စီ က ကြွားသွားပါတယ် ။
ဆက် မေးတော့ ပျားတုပ် က ရှေ့နေ့လုပ်နေသတဲ့ ။ ဆရာမ က စစ်ဆေးမေးမြန်းပြီးတော့ အဖြေ မတတ်တဲ့ ဒီကောင်ဟာ အဲဒီကတည်းက ရှေ့နေ စာအုပ်တွေများ ဖိဖတ်လိုက်သလား မသိဘူး ။ ဒီကောင် နဲ့ တွေ့ရင် ပြန်မေးရဦးမယ် ။ ဘယာကြော် ကတော့ စင်္ကာပူ မှာ တဲ့ ။
ဘာပဲဖြစ်ဖြစ် ငယ်ရွယ်ရိုးသားစဉ်က လွယ်အိတ်ထဲက လွဲခဲ့တာ တစ်ခုကို ကျွန်တော် အမှတ်တရ မှတ်တမ်းအဖြစ်နဲ့ ရေးတာပါ ။
ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ စာကလေး လို့ ခေါ်တဲ့ ရဲဝင်း က စာရေးဆရာ ဖြစ်နေတာကိုး ။
◾နီကိုရဲ
📖 လွယ်အိတ်ထဲက အလွဲများ
koaungnaingoo.blogspot.com
.
No comments:
Post a Comment