❝ အရွယ် နဲ့ သောက မမျှရှာသူ ❞
အချိန်သည် ပြေးလွှား၍နေလေသည် ။
၁၉၄ဝ ခုနှစ် ကား ကုန်မှန်းမသိ ကုန်ခဲ့လေပြီ ။
ရုရှား ဖင်လန် စစ်ပွဲ ပြီးဆုံးသောအခါ ဂျာမန် ၊ အင်္ဂလိပ် ၊ ပြင်သစ် စစ်ကြီးကို ရပ်စဲရမည်ဟူသော
တောင်းဆိုသံများသည် တိတ်သွားလေသည် ။ အမေရိကန်သမ္မတကြီး ရူးစ်ဗယ်လ် ၏ ဥရောပ
ရောက် သံအမတ်ကြီး မစ္စတာဆမ်မနာဝဲလ် သည် ငြိမ်းချမ်းရေး စေ့စပ်ချက်များကို လက်လျှော့လိုက်ရလေသည် ။
နာဇီ စစ်ယန္တရားကြီး သည် ၁၉၄ဝ ခုနှစ် နှင့်အတူ ဥရောပမြေပြင်ပေါ်တွင် ပြေးလွှားကျော်ဖြတ်လျက်
ရှိလေသည် ။
ပြင်သစ်ပြည်ကြီး ပင်လျှင် နာဇီစစ်ယန္တရားကြီး ရှေ့မှောက်၌ လဲကျသွားလေပြီ ။
နာဇီ ကို အလျှော့ပေးကာ ဆိုဗီယက် ရုရှား အား ဓနသဟာယနိုင်ငံကြီးများ က ဝိုင်းတိုက်ရန်
အားထုတ်ခဲ့သော ချိန်ဘာလိန် အစိုးရ ပြုတ်ကျခဲ့၏ ။
နာဇီဂျာမနီ အား အလျှော့ မပေးဘဲ တိုက်ရမည်ဟူသော ကြွေးကြော်သံဖြင့် ဗြိတိန် တွင် ချာချီ အစိုးရ
တက်လာလေသည် ။
ဓနရှင် နယ်ချဲ့ နိုင်ငံကြီးများ သည် ဆိုဗီယက်ယူနီယံ အား ဝိုင်းတိုက်ဖျက်ရန်ဟူသော ရည်ရွယ်ချက်
ကို ထိုအချိန်ထိုကာလအဖို့ ရုပ်သိမ်းလိုက်ရလေသည် ။
အိန္ဒိယပြည်တွင် လွတ်လပ်ရေးတိုက်ပွဲအရှိန်သည် ပြင်းထန်လာခဲ့သည် ။ အမျိုးသားကွန်ဂရက်
ရမ်းဂါးညီလာခံ တွင် အင်္ဂလိပ်အစိုးရ တို့က အိန္ဒိယပြည် အား ချုပ်ချယ်စိုးမိုးထားခြင်းကို အဆုံးသတ်ရေးအတွက် တိုက်ပွဲဝင်ရန် အိန္ဒိယ ပြည်သူပြည်သား အားလုံး အဆင်သင့် ရှိကြရန် အဆိုကို
ဒေါက်တာရာဂျင်ဒရာပရာဆပ် က တင်သွင်းပြီး ပဏ္ဍစ်နေရူး က ထောက်ခံခဲ့လေသည် ။ ထိုအဆိုကို
ရုပ်လုံးဖော်ရန် အာဏာဖီဆန်ရေး လုပ်ငန်းစဖို့ မဟတ္တမဂန္ဒီ က တိုင်းပြည်လွတ်လပ်ရေးအတွက်
ထောင်ကျခံလိုသူများ စာရင်းပေးကြလော့ဟူ၍ ဖိတ်ခေါ်ခဲ့လေသည် ။
ကွန်ဂရက်သည် အာဏာဖီဆန်ရေး တိုက်ပွဲကို ပြင်ဆင်နေဆဲ ဗြိတိသျှ တို့သည် မဟတ္တမဂန္ဒီ ၊
ပဏ္ဍစ်နေရူး စသော ခေါင်းဆောင်အားလုံးကို ထောင်ချလိုက်လေသည် ။
ရဲရဲတောက် ဆူဘတ်စ်ချန်ဒရာဘို့စ် သည် ကွန်ဂရက်ခေါင်းဆောင်များ၏ ပျော့တော့တော့ နိုင်မှုကို
အားမရ မကျေနပ်ဟုဆိုကာ ဂိုဏ်းခွဲထောင်၍ အာဏာဖီဆန်ရေးတိုက်ပွဲများကို ကွန်ဂရက်အလျင်
ဦးအောင် စောစောကပင် ဆင်နွဲခဲ့လေသည် ။ မစ္စတာဘို့စ် လည်း အဖမ်းခံရလေသည် ။ ၎င်းနောက်
အစိုးရ ၏ အကျယ်ချုပ်ထဲမှ မစ္စတာဘို့စ် သည် လွတ်မြောက်ထွက်ပြေးလေသည် ။
ကျွန်တော်တို့ ' တို့ဗမာ ' နှင့် ' ကျောင်းသား ' နိုင်ငံရေး လောကတွင် ဂန္ဒီ ၊ နေရူး တို့ကို နမူနာ
ထားသူများ ရှိသလို ဆူဘတ်စ်ဘို့စ် ကို အားကျသူများလည်း ရှိကြလေသည် ။ သို့သော် တစ်ဦး နှင့်
တစ်ဦး ကွဲပြားခြားနားခြင်းကား မရှိကြချေ ။ လုံးဝ အကြမ်းမဖက် အနုသက်သက်ဖြင့် လွတ်လပ်ရေး တိုက်ယူရမည်ဟု ပြောဆိုသူများရှိသလို လက်နက်ကိုင် ပုန်ကုန်ခြင်းဖြင့်သာ လွတ်လပ်ရေးကို
တိုက်ယူရမည်ဟု ပြောဆိုသူ များရှိသလို လက်နက်ကိုင် ပုန်ကန်ခြင်းဖြင့်သာ လွတ်လပ်ရေးကို
တိုက်ယူရမည်ဟု ယုံကြည်သူများ ရှိလေသည် ။ သို့ရာတွင် ကွဲပြားခြားနားခြင်း မရှိကြ ။ ဂန္ဒီ
နည်းဖြင့် အာဏာဖီဆန်ရေးကိုလည်း လုပ်ကြမည် ။ လက်နက်ကိုင်ပုန်ကန်ရေးကိုလည်း အခါအခွင့်
သင့်သလို လုပ်ကြမည် ။ ဂန္ဒီ နည်းဖြင့် လွတ်လပ်ရေးကို ယူမည်ဆိုသော သခင်နု သည်ပင်လျှင်
လက်နက်ကိုင်ပုန်ကန်ရန် ပြင်ဆင်မှုကို မကန့်ကွက်ချေ ။ ကျွန်တော်တို့ တပ်အပ် မသိကြသော်လည်း လက်နက်ကိုင်ပုန်ကန်ရန် ပြင်ဆင်နေကြသူများအား သခင်နု သည် နောက်ကွယ်မှ
တစ်နည်းနည်းနှင့် အားပေးကူညီနေသည် ဟုပင် ထင်ရလေသည် ။ အိန္ဒိယကွန်ဂရက်ထဲ တွင်
ကွန်မြူနစ် နှင့် ကွန်ဂရက်ဆိုရှယ်လစ်တို့သည် လူနည်းစုများ ဖြစ်ကြသည် ။ ကျွန်တော်တို့ ' တို့ဗမာ
အစည်းအရုံး ' တွင်း မှာကား ဘုံဝါသမားများသည် လူများစု ဖြစ်သည် ။ အမှန်အားဖြင့် ဘုံဝါဒသည်
လွှမ်းမိုးနေလေသည် ။
တို့ဗမာအစည်းအရုံး ၏ နယ်ပယ်ဌာနခွဲ အချို့သည် ဒေသဆိုင်ရာ ပြဿနာများအလိုက် အာဏာ
ဖီဆန်ရေးတိုက်ပွဲများ လုပ်ကြလေသည် ။
သထုံမှာ ဆားခွန်တော် မပေးရေး အာဏာဖီဆန်ရေး တိုက်ပွဲကို သထုံစီရင်စု တို့ဗမာအစည်းအရုံး က
ခေါင်းဆောင်လေသည် ။ အစိုးရက သခင်ခေါင်းဆောင်အချို့ကို ဖမ်းဆီးထောင်ချလေသည် ။
သခင်သန်းထွန်း ၊ သခင်အောင်ဆန်း ၊ သခင်ဘဟိန်း စသောသူများ ခေါင်းဆောင်သော လေ့လာရေးမစ်ရှင်တစ်ခု သည် အိန္ဒိယအမျိုးသားကွန်ဂရက် ၏ ရမ်းဂါးညီလာခံ သို့ တက်ရောက်ခဲ့ကြလေသည် ။ သူတို့သည် အိန္ဒိယအမျိုးသားကွန်ဂရက် ၏ အာဏာဖီဆန်ရေး လုပ်ငန်းများကို
လေ့လာရန်နှင့် အိန္ဒိယ နှင့် ညှိပြီး တစ်ချိန်တည်းလွတ်လပ်ရေး တိုက်ပွဲဆင်ရန် ဆွေးနွေးဖို့
သွားကြခြင်း ဖြစ်လေသည် ။ ထို့ပြင် အိန္ဒိယပြည် တွင် တိုးတက်နေသော အလုပ်သမား နှင့်
တောင်သူလယ်သမား စည်းရုံးလုပ်ငန်းများကို လေ့လာကြရန် ဖြစ်လေသည် ။ ထို့ကြောင့် ထို
လေ့လာရေးမစ်ရှင်တွင် တောင်သူလယ်သမားစည်းရုံးရေးမှူး သခင်ဘ နှင့် အလုပ်သမား စည်းရုံးရေးမှူး သခင်ဆင်ဂွတ်ပတား တို့ ပါဝင်ခဲ့လေသည် ။
ထိုမစ်ရှင်သည် ဘင်္ဂလား ၊ ယူပီ ၊ ဘီဟာ ၊ ဘုံဘေနှင့် ပန်ဂျပ် ပြည်နယ်များသာမက အနောက်မြောက် နယ်စပ်ပြည်နယ်များသို့ပင် အရောက် လှည့်ပတ်လေ့လာခဲ့ရလေသည် ။ သူတို့အား
ပဏ္ဍစ်နေရူး၏ ဧည့်သည်များအဖြစ်ဖြင့် ရောက်လေရာရာ အရပ်ရပ်မှာ သောင်းသောင်းဖြဖြ
ဧည့်ခံကြလေသည် ။
ထိုမစ်ရှင် ပြန်ရောက်ပြီးနောက် မကြာခင်ပင် တို့ဗမာအစည်းအရုံး ၏ နိုင်ငံလုံးဆိုင်ရာ ကော်မတီ
သည် သာယာဝတီမြို့ မှာ ညီလာခံ ကျင်းပလေသည် ။ ထိုညီလာခံမှ နယ်ချဲ့စစ်ပွဲကြီးကို
မထောက်ခံနိုင်ကြောင်း ၊ မြန်မာ့လွတ်လပ်ရေးကို အရတိုက်ယူတော့မည်ဖြစ်ကြောင်း ၊ အာဏာ
ဖီဆန်ရေး တိုက်ပွဲများအတွက် တစ်တိုင်းပြည်လုံး ပြင်ဆင်ရတော့မည့်အကြောင်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့လေသည် ။ တစ်ဦးစီ အာဏာဖီဆန်ရေးများလည်း စကြလေသည် ။
သာယာဝတီ ညီလာခံတွင် အာဏာဖီဆန်ရေး နှင့် စစ်ဆန့်ကျင်ရေး အဆိုများကို သွင်းခြင်းအတွက်
အစိုးရက သခင်နု အား တရားစွဲပြီး ထောင်ချလေသည် ။ မြို့တစ်မြို့တွင် ထို သာယာဝတီ
ဆုံးဖြတ်ချက်များကို ရှင်းလင်းဟောပြောသဖြင့် သခင်သန်းထွန်း အား ထောင်ချလေသည် ။
သခင်စိုး ကား ရေနံချောင်း မှာ အာဏာဖီဆန်ရေး ခေါင်းဆောင်ခြင်းကြောင့် ထောင်ကျလေသည် ။
သို့ဖြင့် ဗြိတိသျှတို့သည် ခေါင်းဆောင်တွေ အားလုံးကို ထောင်ချတော့မည်ဟု ခန့်မှန်းနိုင်ပေသည် ။ အချို့သာ အာဏာဖီဆန်ရေးလုပ်ပြီး အဖမ်းခံရန်နှင့် အချို့ကား ထောင်ကျမခံဘဲ
မြေပေါ်မြေအောက် ဆက်သွယ်လုပ်ကိုင်ရန် စီမံရလေတော့သည် ။ အချို့မှာကား မြေပေါ်လုပ်ငန်း
လုံးဝ မလုပ်တော့ဘဲ မြေအောက်တော်လှန်ရေးလုပ်ငန်းသို့ ကူးပြောင်းရလေတော့သည် ။
တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း အား အစိုးရ အကြည်ညို
ပျက်အောင် ဟင်္သာတ တွင် ဟောပြောမှုဖြင့် တရားစွဲလေရာ သခင်အောင်ဆန်း သည် အမှုကို
ရင်မဆိုင်တော့ဘဲ ထွက်ပြေးတိမ်းရှောင်ရင်း မြေအောက် တော်လှန်ရေး လုပ်ငန်းများကို ဆက်လုပ်နေခဲ့လေသည် ။
ကျွန်တော်ကား သတင်းစာတိုက်တွင်လည်း မလုပ် ။ အခြား အသက်မွေးဝမ်းကျောင်းမှု အလုပ်တစ်ခုခုကိုလည်း မလုပ်ဘဲ နိုင်ငံရေးမှာသာ အချိန်ပြည့် လုပ်နေလေတော့သည် ။ မမြမှီ ၏ လစဉ်
ထောက်ပံ့ကြေးကို မျက်စိမှိတ်ပြီး လက်ခံလိုက်ပြီ ဖြစ်၍ နေရေးထိုင်ရေးအတွက်ကား ဘာမျှ
အခက်အခဲ မတွေ့ရတော့ချေ ။
ကျွန်တော် သည် မိဘများထံသို့ အလုပ်တစ်ခု လုပ်နေဟန် စာရေးသားပြီး တစ်ခါတစ်ခါ မမြမှီ
ထံမှ ရသော ထောက်ပံ့ကြေး ထဲမှ ငွေပို့သည့်အခါ ပို့၍ လက်ဆောင်ပစ္စည်းများ တင်ပို့သည့်အခါ
ပို့နေလေသည် ။ အဖေ့ထံမှ “ တို့ဆီ ငွေပို့ ဖို့ထက် ဘီအယ်စာမေးပွဲ အောင်သည် အထိ ပညာ
ဆက်သင်နိုင်အောင် ကြိုးစားပါ ” ဟု စာပြန်လာလေရာ ဖခင်ကြီး အား “ ပညာကို ဆက်ပြီး ကြိုးစားသင်ပါမည် ” ဟူသော ကတိမျိုးဖြင့် မျှော်လင့်ချက် ပေးထားရလေသည် ။
သို့သော် ကျွန်တော် ဆက်သင်သောပညာကား ဘီအယ်လ်ပညာ မဟုတ် ၊ နိုင်ငံရေးပညာ ဖြစ်လေသည် ။
ရေကျော်လမ်း တို့ဗမာအစည်းအရုံး ဌာနချုပ်ရုံး တွင် ' အလုပ်သမားဝန်ထမ်း ဆွေးနွေးပွဲများ '
ဟူသော အမည်ဖြင့် မာ့က်စ်ဝါဒ သင်တန်းများ ကျင်းပခဲ့လေသည် ။
၁ ။ ကွန်မြူနစ်ကြေညာစာတမ်း ( မာ့က်စ်- အိမ်ဂျယ်လ် )
၂ ။ တို့ဘာလုပ်ကြမလဲ ( လီနင် )
၃ ။ နယ်ချဲ့ဝါဒ ( လီနင် )
၄ ။ စစ်နှင့်ဒုတိယ ကမ္ဘာ့အလုပ်သမား အစည်းအရုံး( လီနင် )
၅ ။ လုပ်ခ ၊ အလုပ်နှင့် ငွေအရင်း ( မာ့က်စ် )
ဆွေးနွေးပွဲကို ခေါင်းဆောင်သူများမှာ သခင်စိုး ၊ သခင်လှဖေ ၊ သခင်ဗိုလ် နှင့် သခင်ကျော်စိန် တို့
ဖြစ်ကြလေသည် ။
သူတို့ သည် ကျွန်တော်တို့ ၏ သင်တန်းဆရာများ ဖြစ်ကြလေသည် ။ ကျွန်တော် သည် သခင်ဗိုလ်
မှလွဲ၍ ကျန်ဆရာများကို တွေ့ဖူး သိကျွမ်းဖူးပြီး ဖြစ်လေသည် ။ သခင်ဗိုလ် မှာ ကောလိပ်ကျောင်းထွက်ပင် ဖြစ်သော်လည်း ကျွန်တော်တို့ထက် အတန်းကြီးသည့်အပြင် ကျောင်းသားနိုင်ငံရေး၌
ရှေ့တန်းတွင် ပါဝင်ဖူးသူ မဟုတ်သဖြင့် ကျွန်တော် နှင့် မတွေ့မဆုံ မသိမကျွမ်းမိ ဖြစ်ခဲ့ရလေသည် ။
သခင်ဗိုလ် သည် အသားဖြူပြီး ရုပ်ချောသူ ဖြစ်၏ ။ အရပ်အမောင်း ကိုယ်လုံးကိုယ်ထည်မှာ ကြုံလှီလှခြင်း မရှိသော်လည်း ခံ့ညားခြင်းလည်း မရှိချေ ။ ရုပ်လက္ခဏာသွင်ပြင်နှင့် ဟန်အမူအရာ
တို့သည် လူကြီးဆန်သည် ။ ဖျတ်ဖျတ်လတ်လတ် တောင့်တောင့်တင်းတင်း မရှိ ။ လေးလေးကန်ကန် လျော့ရဲရဲ နိုင်လေသည် ။
သူသည် သင်တန်းပေးသောအခါမှာလည်း လေအေးကလေးနှင့် ဟောပြောလေသည် ။ သို့သော်
ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင်ကား ဟောပြောနိုင်ပေ၏ ။
ကျွန်တော်တို့သည် ပို့ချသော စာအုပ်များနှင့် ဆွေးနွေးသော အကြောင်းအရာများကို ပြည့်ပြည့်ဝဝ
နားလည်သည်ဟု မဆိုနိုင်ချေ ။ သို့သော် ထိုစာအုပ်နှင့် ထိုအကြောင်းအရာများသည် ကျွန်တော်တို့၏ ဦးနှောက်ကိုကား ဘာနှင့်မျှ မတူအောင် လှုပ်ရှားသွားစေသည်မှာ အမှန်ပင် ဖြစ်ပေ၏ ။
ကျွန်တော်တို့၏ အတွေးအခေါ်များကို လမ်းကြောင်းပြောင်းပေးလိုက်နိုင်ပေသည် ။ ကျွန်တော်တို့၏ ဉာဏ်မျက်စိတွင် လောကသစ် ၊ ပုံသစ်များ ကွန့်မြူးလာစေလေသည် ။
အထက်ပါ စာအုပ်သစ်များကြောင့် ကျွန်တော့်တွင် အတွေးအခေါ်သစ် ၊ အမြင်သစ်များ ဝင်လာခဲ့ရာ အတွေးအခေါ်ဟောင်း ၊ အမြင်ဟောင်းများကို အထင်သေးလာခဲ့လေသည် ။ အတွေးအခေါ်
သစ် ၊ အမြင်သစ်များ ရရှိလာသော ကိုယ့်ကိုယ်ကိုယ်တော့ အလွန်အထင်ကြီးလာလေသည် ။
ဇဗ္ဗူမှာ ငါလိုလူ ရှိသေးရဲ့လားဟုပင် ကြုံးဝါးချင်လာလေသည် ။ မာ့က်စ်ဝါဒကို မည်မျှ
ယုံကြည်သလဲဟု မေးလျှင်ကား မထစ်မငေါ့ဘဲ အကြွင်းမဲ့ယုံကြည်သည်ဟု ဖြေလိမ့်မည်
ထင်ပေသည် ။
ထို့ပြင် မာ့က်စ်ဝါဒ ကို လက်တွေ့ ကျင့်သုံးတတ်မည်လော ဟူ၍ကား စဉ်းပင် မစဉ်းစား ။ သို့သော်
မာ့က်စ်ဝါဒ ကို မျက်စိတ် မှိတ်၍ ချစ်မြတ်နိုးလာသည်ကား အမှန်ပင် ဖြစ်၏ ။
ကျွန်တော်သည် သင်တန်းဆရာများကိုလည်း များစွာ အထင်ကြီးပြီး ကြည်ညိုလေးစားလာလေ၏ ။
သင်တန်းချိန်မှာ နံနက် ၈ နာရီ မှ ဆယ်နာရီ ထိ ဖြစ်လေသည် ။ သို့သော် များသောအားဖြင့်
နောက်ကျပြီး စရ၍ နောက်ကျပြီးမှ ရပ်နားနိုင်လေသည် ။ ဆရာများ နောက်ကျ၍ မဟုတ် ၊ တပည့်များ နောက်ကျတတ်၍ စောင့်ရခြင်း ဖြစ်လေသည် ။ သင်တန်းသား ၂ဝ အနက် ကျွန်တော်ကား
အချိန်မှန်မှန် ရောက်ခြင်းကြောင့် နာမည်ကောင်းနေလေသည် ။
တစ်နေ့သော် သခင်စိုး ၏ သင်တန်းသည် ဆယ့်တစ်နာရီ ထိ ကြာသွားလေသည် ။ သူသည် စိတ်ပါ
လက်ပါ အားတိုက်ခွန်တိုက် ဟောပြောနေလေရာ အချိန်လွန်သွားသည်ကိုပင် သတိထား လိုက်မိဟန် မရှိချေ ။ သူ့ ကိုယ်မှာလည်း ချွေးတလုံးလုံးနှင့် ဖြစ်လာလေ၏ ။ ကျွန်တော်တို့ က ၁၁ နာရီ
ထိုးပြီ ဖြစ်ကြောင်း သတိပေးကြရလေသည် ။
သင်တန်းပြီးသောအခါ အခြားသူများ ပြန်သွားကြသော်လည်း ကျွန်တော်ကား သခင်စိုး အနီးမှာပင်
ကျန်ရစ်ခဲ့လေသည် ။ သခင်စိုး သည် သင်တန်းပေးသော စာအုပ် ကို ဆက်ဖတ်နေရာမှ မျက်နှာ
မော့လိုက်ပြီး -
“ ဘယ့်နှယ်လဲ ရဲဘော်တင်ထွန်း ၊ လူ့လောကတစ်ခုလုံး တစ်နေ့မှာ ကွန်မြူနစ် လောကကြီး
ဖြစ်ရမယ်ဆိုတာ ရှင်းရှင်းကြီး မြင်ပြီလား ၊ ရာဇဝင် ရုပ်ပိုင်းဝါဒအရ မလွှဲမရှောင်သာတဲ့
လမ်းကြောင်းပဲဆိုတာ သဘောပေါက်ရဲ့လား ”
“ ဟုတ်ကဲ့ ၊ သဘောပေါက်ပါတယ် ၊ အရင်က ကျွန်တော်တို့ ဘုံဝါဒကို ကြိုက်တယ်ဆိုတာ
အပေါ်ယံပဲ ။ ဆိုရှယ်လစ်လောက ၊ ကွန်မြူနစ်လောကရောက်ရင် ပုဂ္ဂလိကပစ္စည်း မရှိဘူး ၊
ဘုံပစ္စည်းသာ ရှိမယ် ။ ဒီတော့ တစ်ဦးစီတစ်ဦးစီမှာ ဝိသမလောဘရှိဖို့ မလိုတော့ဘူး ။ လောဘ ကင်းတယ်ဆိုရင် ဒေါသလည်း ကင်းနိုင်တာပဲ ။ ဆိုရှယ်လစ်လောက ၊ ကွန်မြူနစ်လောကမှာ
အလုပ်လက်မဲ့ မရှိဘူး ၊ လူတိုင်း အလုပ်ကိုယ်စီရှိမယ် ။ သူခိုးသူဝှက် မရှိနိုင်တော့ဘူး ၊
ပြည့်တန်ဆာ မရှိနိုင်တော့ဘူး ၊ ဒိအကြောင်းတွေကြောင့် ဘုံဝါဒကို နှစ်သက်ခဲ့တာပဲ ။ ခုတော့
ဘုံဝါဒမှာ ဒီထက်နက်နဲတဲ့ အကြောင်းတွေကို တွေ့နေရပြီ ၊ မာ့က်စ်ဝါဒဟာ သိပ္ပံပညာတစ်ရပ်ပဲ ”
“ သိပ္ပံပညာလို့ မခေါ်ပါနဲ့ ရဲဘော် ၊ Science ကို ဝိဇ္ဇာပညာ လို့ ခေါ်ရင် ပိုသင့်လျော်မယ် ”
“ သခင်စိုး က ဘာ အထောက်အထားနဲ့ ဒီလိုခေါ်ချင်သလဲ မသိဘူး ။ ကျွန်တော်ကတော့ အထောက်အထား ခိုင်လုံတယ် ။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ၊ အဂ္ဂမဟာပဏ္ဍိတ ဆရာလင်း နှင့် ပါမောက္ခ
ဦးဖေမောင်တင် တို့ ပါဝင်တဲ့အဖွဲ့က Arts ကို ဝိဇ္ဇာ ၊ Science ကို သိပ္ပံ လို့ ဘာသာပြန်
ပေးထားတာပဲ ။ ပြီးတော့ ခုအခါမှာ လူအများကလည်း သိပ္ပံပညာ လို့ ခေါ်နေကြတာပဲ ”
“ ရဲဘော်တင်ထွန်း ရဲ့ ၊ ကျုပ်ကလည်း ပါဠိကျမ်းဂန် အကိုးအကား ပြနိုင်ပါတယ် ။ ဝိဇ္ဇာ ဆိုတာ
စူးစမ်းလေ့လာလို့ ရတဲ့ အသိဉာဏ် ၊ အသိပညာ ဆိုတဲ့ အဓိပ္ပာယ် ဆောင်တယ် ။ သိပ္ပံ ဆိုတဲ့ဟာက
အတတ်ပညာ ၊ အဠာရသ လို့ ခေါ်နေကြတဲ့ သိပ္ပံပညာ ၁၈ ရပ်ကို ကြည့်စမ်းပါလား ။ များသောအားဖြင့် ကိုယ်နှုတ်စသည်တို့ဖြင့် လေ့ကျင့်လို့ ဖြစ်ပေါ်လာတဲ့ အတတ်ပညာများကို တွေ့ရတယ်
မဟုတ်လား ”
“ ကဲလေ သခင်စိုး လည်း ကြိုက်သလိုသာ ဘာသာ ပြန်ပါတော့ ။ ကျွန်တော် ကတော့ ပါဠိအဘိဓာန်
ရေးခဲ့တဲ့ ဆရာဦးမောင်ကြီး ၊ စာချဆရာတော် ဖြစ်ခဲ့ဖူးတဲ့ ဆရာလင်း ၊ ပါဠိပါမောက္ခ
ဦးဖေမောင်တင်တို့ ဘာသာပြန်တဲ့အတိုင်းသာ ပြန်တော့မယ် ”
သခင်စိုး သည် ကျွန်တော် ဤသို့ ပြောသည်ကို မကျေနပ်ကြောင်း မျက်နှာမှာ ပေါ်လွင်နေသည် ။
ကျွန်တော့်အား မျက်မှောင်ကုတ်၍ ကြည့်နေလေသည် ။ ကျွန်တော်သည် ငြင်းခုံမှုကို မြန်မြန်
ကျော်နိုင်ရန် -
“ ခု သခင်စိုး တို့ ဟောပြောတဲ့ မာ့က်ဝါဒအရ အထူးသဖြင့် ကွန်မြူနစ် ကြေညာစာတမ်းအရ
ကျွန်တော့် မှာ အလင်းပေါက်တယ် ။ လူ့လောကကြီးရဲ့ ဖြစ်ပေါ်တိုးတက်မှု ရာဇဝင်လမ်းကြောင်းဟာ ပဒေသရာဇ်စနစ် ပြီးရင် ဓနရှင်စနစ် ၊ ဓနရှင်စနစ် ပြီးရင် ဆိုရှယ်လစ်စနစ် ၊
တစ်စခန်းပြီး တစ်စခန်း မလွဲတမ်း ရောက်ရမည်ဆိုတာ ရှင်းနေပါတယ် ။ လူတစ်ဦးစီ တစ်ဦးစီ
ကြိုက်တာ မကြိုက်တာနဲ့ မဆိုင်ဘူး ။ လူနေမှုစနစ် ရဲ့ အတွင်းသဘော စီးပွားရေးစနစ် ရဲ့
အတွင်းသဘော နိယာမတရားတွေကြောင့် ဒီလို စနစ်တွေပြောင်း ၊ ခေတ်တွေပြောင်းရတယ်ဆိုတာ
ခု သင်တန်းတွေကျမှ သဘောပေါက်ပါတယ် ။ ကျွန်တော် မာ့က်စ်ဝါဒ အသိဟာ အပေါ်ယံ
မဟုတ်တော့ဘူး ၊ နက်နဲလာတယ်လို့ ဆိုရမှာပေါ့ခင်ဗျာ ။ သခင်စိုး တို့ သခင်ကျော်စိန် တို့ကို
ကျေးဇူး အထူးတင်ပါတယ် ”
သခင်စိုး က သရော်ပြုံး ပြုံးလိုက်ပြီး -
“ ဓနရှင် ယဉ်ကျေးမှုတွေ သုံးမနေစမ်းပါနဲ့ ရဲဘော် ”
ကျွန်တော့် မှာ ရှက်သလိုလို ဖြစ်သွားသည် ။ ဓနရှင်စနစ်ဟောင်း နှင့် လုံးဝ ကင်းရှင်းစွာ ပြုမူရမည် ။
မဟုတ်ပါလော ။ “ ကျေးဇူးတင်ပါသည် ” ဟူသော လောကွတ်စကား ( ဝါ ) လောကဝတ် စကားပြောလိုက်ခြင်းအတွက် ကျွန်တော်မှား သည်ဟုလည်း မထင်ချေ ။ အတန်ကြာမှ စကားကို
ဆက်ကောက်နိုင်သည် ။
“ ပြီးတော့လည်း မာ့က်စ်ဝါဒ ကို တကယ် နားလည်လာတော့မှ ဆိုရှယ်လစ်လောက ရောက်အောင်
ဘယ်လူတန်းစား က ပို့ဆောင်မှာလဲ ၊ စနစ်ဟောင်းကို ဘယ်လို ဖြိုဖျက်မှာလဲ ၊ စနစ်သစ် ကို ဘယ်လို
တည်ဆောက်မှာလဲ ဆိုတာတွေ ရှင်းလာတော့တယ် ။ ခုနင်က သင်တန်းပေးနေတုန်းက ခင်ဗျား
ပြောတဲ့ စကားဟာ တယ်မှန်တာပဲ ။ ဝိဇ္ဇာကျတဲ့ မာ့က်စ်ဝါဒ ဟာ စိတ်ကူးယဉ် ယူတိုပီယံ
အိပ်မက်နဲ့ မတူဘူး ၊ ပြီးတော့ ' ဓနရှင်စနစ်သည် ၎င်းကိုမြုပ်ရန်အတွက် သင်္ချိုင်း တွင်းတူးသမားကို ၎င်းကိုယ်တိုင်ပင် မွေးထုတ်ခဲ့လေပြီ ' ဆိုတဲ့ စကားဟာလည်း တယ်မှန်တာပဲ ”
သခင်စိုး မျက်နှာသည် ပျော့ပျောင်းလာ၏ ။ ကြည်နူးနှစ်သိမ့်နေဟန် ရှိ၏ ။ ကျွန်တော်က
ရှေ့ဆက်ရန် စကားရှာနေစဉ် သူကပင် မေးလိုက်လေသည် ။
“ သခင်ကျော်စိန် သင်ပေးတဲ့ လီနင် ရဲ့ နယ်ချဲ့ဝါဒစာအုပ် ကိုတော့ နားလည်ရဲ့လား ”
“ အထိုက်အလျောက်တော့ နားလည်တာပေါ့ခင်ဗျာ ၊ ဓနရှင် ၏ နောက်ဆုံး အဆင့်သည် နယ်ချဲ့စနစ်
တဲ့ ၊ လီနင် ဟာ ထူးခြားတဲ့ ပုဂ္ဂိုလ်ကြီးပဲ ခင်ဗျ ”
“ ထူးတာတော့ မပြောနဲ့တော့လေ ၊ နယ်ချဲ့စနစ်နဲ့ ပတ်သက်ပြီး ကျုပ်တို့ သခင်တွေ အထူး
မှတ်သားဖို့ အချက် တစ်ရပ် ပါတယ် ။ သခင်တွေဟာ အင်္ဂလိပ် ကို အင်္ဂလိပ် အဖြစ်နဲ့ မုန်းတတ်
တယ် ၊ သခင်ပေါ်ခါစက လူမျိုးရေးဝါဒစွဲ တွေပေါ့ ။ ဝံသာနုဝါဒ ရဲ့ အကြွင်းအကျန် တွေပဲ ။ လူမျိုးမုန်းတီးရေး ဝါဒဟာ မာ့က်စ်ဝါဒ မဟုတ်ဘူး ။ အင်္ဂလိပ် ကို အင်္ဂလိပ် မို့လို့ မမုန်းရဘူး ၊ နယ်ချဲ့စနစ်
အနေနဲ့သာ မုန်းရမယ် ။ လူမျိုးရေး အတွေးနဲ့ တွေးကြမယ်ဆိုရင် နယ်ချဲ့သမား အချို့ကို ချစ်မိလိမ့်မယ် ။ ဥပမာ ဂျပန် ကို အရှေ့နိုင်ငံသား အဖြစ်နဲ့ ချစ်ပြီး ဂျပန် ရဲ့ စနစ်ကို ခွင့်ပြုမိလိမ့်မယ် ”
“ ဟုတ်ကဲ့ ၊ ဒီလို အမှားတွေတော့ ရှောင်ရမှာပေါ့ဗျာ ၊ ကိုင်း ကျွန်တော်သွားဦးမယ် ခင်ဗျာ ”
“ ဘယ်ပြန်မှာလဲ ၊ ရဲဘော်တင်ထွန်း မှာ ပိုက်ဆံများ ပါသလား ”
“ ဘာလုပ်ဖို့ပါလဲ ခင်ဗျာ ”
“ ထမင်းဆိုင် သွားရအောင်လို့ ၊ အမဲသားဟင်း ကောင်းကောင်းနဲ့ စားချင်တယ် ”
“ အဲဒီလောက်တော့ မပါဘူးဗျ ”
“ အေးလေ ၊ ဒါဖြင့် ပါသလောက် ပေးခဲ့ပြီး ကျန်တာ အကြွေးထားတာပေါ့ ၊ လာ သွားကြမယ် ”
သခင်စိုး က စာအုပ်ကို ပိတ်ပြီး ထိုင်ရာမှထသည် ။
“ ကျွန်တော် အကြွေးထားရမှာ အားနာတယ် ခင်ဗျ ”
သခင်စိုး သည် ကျွန်တော့် အား မျက်မှောင်ကုတ်၍ ကြည့်ပြန်လေသည် ။
“ ရဲဘော်တင်ထွန်း ဟာ ပစ္စည်းမဲ့ မပီသတဲ့ အချက်တွေ အများကြီး ရှိတယ် ၊ ပစ္စည်းမဲ့ ဆိုတာ ကြွေး
ဘယ်မှာ ကင်းနိုင်ပါ့မလဲ ၊ လာပါ ကျုပ် အသိဆိုင် ရှိပါတယ် ၊ ကျုပ် အကြွေးထားရင် ရပါတယ် ”
ကျွန်တော် သည် ထပြီး သခင်စိုး နောက်မှ လိုက်ရလေတော့သည် ။
ကျွန်တော်တို့ သည် ရေကျော်လမ်းမ အတိုင်း မခင်သစ် တို့ အိမ်ရှေ့မှ ဖြတ်လျှောက်ကြရလေသည် ။
မခင်သစ် ၏ အဒေါ် ဒေါ်ရွှေသစ် သည် အိမ်ရှေ့မှာ မတ်တတ်ရပ်နေသည် ဖြစ်ရာ ကျွန်တော့် မှာ
လွှဲရှောင်၍ မရဘဲ နှုတ်ဆက်ရလေသည် ။
“ ရွှေရွှေ နေကောင်းရဲ့လား ”
“ အေး နေကောင်းတယ် ၊ မင်း ငါတို့အိမ် မလာတာ ကြာပါပကော ”
“ ဟုတ်ကဲ့ ၊ နိုင်ငံရေး အလုပ်တွေက ပူနေတာနဲ့ပဲ ”
ကျွန်တော်တို့ သည် ရှေ့ဆက်လျှောက်သွားကြလေသည် ။ ဒေါ်ရွှေသစ် က လှမ်းမှာလိုက်၏ ။
“ နက်ဖြန် အားရင် ခဏလာခဲ့ပါဦးဟေ့ ”
သနားစရာကောင်းသော မခင်သစ် ၏ မျက်နှာကလေး သည် ကျွန်တော့် စိတ်ထဲမှာ တရေးရေး
ပေါ်နေလေသည် ။ မခင်သစ် အပေါ်တွင် ကျွန်တော် ပြုနေမိသောအပြစ်ကို လှိုက်လှိုက်လှဲလှဲ
ခံစားနေရလေသည် ။
သခင်စိုး က တစ်စုံတစ်ရာ ကျွန်တော့် အား ပြောလိုက်လေသည် ။ သဲသဲကွဲကွဲ မကြားရချေ ။
ကျွန်တော် သည် သခင်စိုး အား ခပ်ကြောင်ကြောင် တွေကြည့်ပြီး -
“ ဘာတဲ့ဗျာ ”
“ ဆရာဖေ တို့နဲ့ ရဲဘော် တော်တော် ရင်းနှီးကြသလား ”
“ ဟုတ်ကဲ့ ”
“ ဆရာဖေ ရဲ့ အယူအဆ ဝါဒသဘောတရားတွေဟာ တော်တော် ပဒေရာဇ် ဆန်တယ် ။ ဝိဇ္ဇာပညာ နဲ့
ဆန့်ကျင်တယ် ။ အင်းအိုင်ခါးလှည့် လက်ဖွဲ့တွေ သိပ်ယုံတယ် ။ ရာဇဝင်ကို ကြည့်တဲ့နေရာမှာလည်း ပဒေသရာဇ်အမြင်နဲ့ လုံးလုံး ကြည့်တာပဲ ။ ပဒေသရာဇ် ယဉ်ကျေးမှု ကိုသာ အစွဲအလမ်း
ရှိတယ် ”
သခင်စိုး သည် ကျွန်တော် ရိုသေနေသော ဆရာဖေ အား ဝေဖန်ရာတွင် နည်းနည်းတော့ လွန်လာပြီ
ဟု ထင်လာလေသည် ။ မရဲတရဲဖြင့် ကန့်ကွက်လိုက်သည် ။
“ ရှေးဟောင်း ဗမာ့ဂီတနဲ့ ဗမာ့ အနုပညာ တွေကို လေ့လာလိုက်စားတာကတော့ဖြင့် ကောင်းတယ်
ထင်တာပဲ ”
“ ခက်နေတာက ရှေးဟောင်းဆိုရင် ပဒေသရာဇ်ယဉ်ကျေးမှု ကို ဝေဖန်တဲ့သဘော မထားတဲ့အချက်
ဖြစ်တယ် ”
ထိုအခိုက်တွင် ကျွန်တော် သည် သခင်စိုး မှာ ချန်ပီယံဆု ရဖူးသော တယောသမားတစ်ယောက်
ဖြစ်ဖူးသည်ကို ပြေး၍ သတိရလိုက်လေသည် ။
“ ခင်ဗျား တယောလုံးလုံး စွန့်လိုက်ပြီလား ”
“ အရင်းရှင်ပေါက်စ လူ့ပေါ်ကြော့တွေသာ တတ်နိုင်တဲ့ အလုပ်ပါ ”
ယဉ်ကျေးမှုနှင့် ပတ်သက်သော အချက်များတွင် သခင်စိုး ၏ မိန့်ဆိုချက်များသည် ကျွန်တော့်
စိတ်နှင့် မတွေ့လှပါ ။ သို့သော် ခုခံပြောဆိုခြင်း မရှိ ။ သခင်စိုး သည် ကျွန်တော်တို့ ၏ မာ့က်စ်ဝါဒ
ဆရာကြီး မဟုတ်ပါလော ။ မာ့က်စ်ဝါဒ ကို စွဲလမ်းနှစ်သက်နေပြီဖြစ်သော ကျွန်တော့် အဖို့
မာ့က်စ်ဝါဒ ဆရာကြီး နှင့် လျှာရှည်စရာ အကြောင်းမရှိ ဟု သဘောထားလိုက်ပေတော့သည် ။
ထိုနေ့က ကျွန်တော်နှင့် တွေ့ပြီးနောက် မကြာပါ ၊ သခင်စိုး သည် အာဏာဖီဆန်မှုဖြင့် ထောင်ကျသွားပါလေသည် ။
ကျွန်တော့်မှာ မခင်သစ် တို့ အိမ်သို့ မသွားလျှင် ဖြစ်မည် မဟုတ် ။ ဒေါ်ရွှေသစ် ကပင် တမင်
မှာနေလေသည် ။
မခင်သစ် ။ အပြစ်ကင်းစင်သော မခင်သစ် ။ ကျွန်တော် ၏ အချစ်ကို ရိုးသားစွာ လက်ခံခဲ့သည် ။
ကျွန်တော့် သစ္စာ ကို အကြွင်းမဲ့ ယုံခဲ့သည် ။ မမြမှီ နှင့်သော်လည်းကောင်း ၊ အခြား မိန်းမ
တစ်ဦးဦးနှင့် သော်လည်းကောင်း ကျွန်တော် သည် ရှုပ်ရှုပ်ယှက်ယှက် ဖြစ်လိမ့်မည်ဟု မခင်သစ် မှာ
တစ်ခွန်းတစ်စမျှ သံသယဖြစ်ဟန် မရှိ ။ သူ ရိုးသလို ကျွန်တော်က ရိုးလိမ့်မည် ဟု ထင်ရှာသည် ။ သူ
သစ္စာခိုင်သလို ကျွန်တော် ခိုင်လိမ့်မည် ထင်ရှာသည် ။ မမြမှီ နှင့် ရှုပ်ထွေးစွာ ဖြစ်နေသောကိစ္စတွင်
ကျွံ၍ကျွံ၍ နစ်ပြီး လွန်လွန်သွားလေလေ ၊ ကျွန်တော်ကား မခင်သစ် နှင့် မထိုက်တန်တော့ဘူး ဟူ၍
ထင်မြင်လာလေလေ ဖြစ်ပေသည် ။ မခင်သစ် ထံသို့ လူကိုယ်တိုင် မသွား ၊ စာဖြင့်လည်း မရေး ။
သို့သော် အချစ် ကို ရုပ်သိမ်းကြပါစို့ဟုလည်း မပြောရက်သေး ။ တစ်နည်းအားဖြင့်ဆိုသော်
မခင်သစ် အား မျှော်လင့်ချက် ပေးထားတုန်း ဖြစ်လေသည် ။
မခင်သစ် မှာ မျှော်နေရှာဦးမည် ။ ပူပန်နေရှာဦးမည် ။ မထိုက်မတန်သော သူကို ထိုက်တန်သည်ဟု
ထင်ရှာနေဦးမည် ။
မခင်သစ် အား ကျွန်တော် က သက်သက် ဒုက္ခပေးနေသည်နှင့် မတူပါလား ။ မတရား လုပ်နေသည်နှင့် မတူပါလား ။
“ အချစ် ကို ရပ်စဲကြစို့ ” ဟု မခင်သစ် ထံ စာရေးအကြောင်းကြားကာ ပြတ်စဲလျှင် အကောင်းဆုံး
ဖြစ်ပေလိမ့်မည် ။ ကျွန်တော့် လိပ်ပြာလည်း သန့်မည် ။ မခင်သစ် မှာလည်း ကျွန်တော့်အပေါ် မှားသော မျှော်လင့်ချက် မထားတော့ဘဲ အပိုဒုက္ခတို့မှ ကင်းဝေးပေလိမ့်မည် ။
ကျွန်တော့်စိတ်မှာ ခံစားနေသည့်အတိုင်း လက်တွေ့ လုပ်တော့မည်ဟု ကလောင် နှင့် စာရွက်ကို
ကောက်ကိုင်သောအခါ ကျွန်တော့် အသည်းနှလုံးများသည် နာနေလေသည် ။ လက်တွေက တုန်နေသည် ။ “ အချစ်ကို ရုပ်သိမ်းကြပါစို့ ” ဟု မရေးရက် ။ ပြတ်စဲကြပါစို့ ဟု မပြောနိုင် ။ ပြီးတော့ “ ပြတ်စဲကြစို့ ” ဆိုသော ကျွန်တော့် အဆိုသည် မခင်သစ် ၏ နှလုံးသားကို သင်တုန်းဓား နှင့်
မွှန်းနေသည်နှင့်များ တူနေမည်လား ။
သို့ဖြင့် အတော်ကြာအောင် တွေနေလေသည် ။ သို့ကလို တွေနေရင်း ကျွန်တော် သည်
မခင်သစ် အား မည်မျှ ချစ်နေသည်ကို တွေးမိလေသည် ။
ဒါဖြင့် မခင်သစ် နှင့် တွေ့လျှင် ဘယ်လို သဘောထားမည်လဲ ။ ဘာ စကားပြောမည်လဲ ။ ဘယ်လို
ပြုမူမည်လဲ ။
အတော် ထူးဆန်းသည် ။ ကျွန်တော့် ကိုယ်နှိုက်က ကျွန်တော် သည် အာရဲလျှာရဲ သာမက လက်ရဲဇက်ရဲ
လည်း ဖြစ်သည် ။ စိတ်နှင့် လည်း ဖောက်ပြန်ချင်တိုင်း ဖောက်ပြန်၍ ရသည် ။ မမြင့်ဦး နှင့် ဆိုလျှင်
ချစ်ရိပ်ချစ်ငွေ့ပေးပြီး ရိတိတိ ညုတုတု စာနှင့် ရေး ၊ စကားဖြင့် ပြော ၊ စိတ်အားဖြင့်လည်း
ဖောက်ပြား လော်လည်ခဲ့၏ ။ မခင်သစ် နှင့် မူကား ချစ်စကား ကြိုက်စကားများ စာဖြင့်ရေး၍သာ
သမီးရည်းစား ဖြစ်ခဲ့၏ ။ ချစ်စကားကြိုက်စကား တစ်လုံးမျှ ပါးစပ်ဖြင့် မပြောဘဲ တကယ်
ချစ်နေ၏ ။ လူချင်း တွေ့သော်လည်း လက်ဖျားနှင့်ပင် မထိ ။ ကိုယ်ထိလက်ရောက် ကျူးလွန်ရန်
ကား စိတ်ကူးထဲမှာပင် မထည့်ဖူးချေ ။
သို့သော် မခင်သစ် အပေါ်မှာ ထားအပ်သော ကျွန်တော့် အချစ်သည် ကျွန်တော့် မျက်စိထဲမှ
ဖြာထွက်နေဟန် ရှိသည် ။ ကျွန်တော့် အသည်းထဲမှာ ပျံ့လွင့်နေဟန် ရှိသည် ။ ကျွန်တော့် အမူအရာ
အားလုံးကို ဩဇာပေးနေဟန် ရှိလေသည် ။ မခင်သစ် က ကျွန်တော့် အပေါ်မှာ ထားအပ်သော
အချစ်သည်လည်း ထိုနည်းအတိုင်းပင် ဖြစ်နေဟန် တူလေသည် ။
ထို့ကြောင့် မခင်သစ် နှင့် မတွေ့ခင် ကျွန်တော့် စိတ်ကို ကျွန်တော် နိုင်ဖို့လိုလေသည် ။ ခုတော့
မခင်သစ် အပေါ်တွင် ထားအပ်သော အချစ် က ကျွန်တော့် စိတ်ကို ချုပ်ကိုင်လွှမ်းမိုးနေသည် ။
မခင်သစ်ကို မချစ်တော့ပါဘူးဟု စိတ်ကို တုံးတုံးချနိုင်ရန် ဉာဏ်ရှိသမျှ ထုတ်ပြီး အကြောင်းဆင်ခြင်
ရှာဖွေသည် ။ ဘာသာရေးဖြင့် လှည့်စဉ်းစားသည် ။ တရားဖြင့် ဆင်ခြင်သည် ။ နိုင်ငံရေး ဆင်ခြင်
ဖန်တီးကြည့်သည် ။
ပြီးတော့ စာတစ်စောင် ကောက်ရေးသည် ။ ရေးထားသော စာကို ပြန်ဖတ်ပြီး ဆုတ်ပစ်လိုက်သည် ။
နောက်ထပ် စာတစ်စောင် ရေးစီပြန်လေသည် ။
သစ်သစ်
လူ့လောကမှာ ဖိုမတို့ရဲ့ အချစ်နှောင်ကြိုးဟာ တယ်ပြီး ရှုပ်ထွေးတယ် ၊
လျှို့ဝှက်တယ် ၊ ထွေပြားတယ် ၊ ခိုင်လည်း ခိုင်မာလှပါပေတယ် ။
ဒါ့ကြောင့်လည်း ဝေနေယျသတ္တဝါအပေါင်းရဲ့ အကျိုးကို ကျွတ်ကျွတ်လွတ်လွတ် ဆောင်ရွက်လိုတဲ့ ဘုရားအလောင်းများနှင့် ရဟန္တာ အလောင်းတော်
တွေဟာ အချစ်နှောင်ကြိုးကို ဖြတ်တောက်ခြင်းဆိုတဲ့ စွန့်ခြင်းကြီးများကို
ပြုတော်မူကြရတာပဲ ။
ခုအချိန်ဟာ မြန်မာပြည် နဲ့ မြန်မာလူမျိုးများအတွက် မျိုးချစ်ပုဂ္ဂိုလ်တိုင်း
အသက်ဖြစ်စေ ၊ စည်းစမ်ဥစ္စာဖြစ်စေ ၊ အချစ်ဖြစ်စေ ၊ စွန့်ခြင်းကြီးများ စွန့်ပြီးဆောင်ရွက်ရမယ့်အချိန် ဖြစ်တယ် ။
သစ်သစ်ဟာ မျိုးချစ်စိတ်ဓာတ် ထက်သန်ပြီး နိုင်ငံရေးအသိဉာဏ် ရှိသူတစ်ဦးမို့ အဲဒီအချက်ကို လုံးဝနားလည်ပြီးဖြစ်မယ်လို့ ကိုကိုယုံကြည်တယ် ။
ကိုကို ဟာ နိုင်ငံရေးကို လွတ်လွတ်လပ်လပ်ကြီး နောက်ဆံမငင်ဘဲ လုပ်နိုင်အောင် သစ်သစ်ရဲ့ ခွင့်ပြုချက်အရ စွန့်ခြင်းကြီးတစ်ခု လုပ်ချင်ပါတယ် ။
သစ်သစ်အပေါ်မှာ ထားအပ်တဲ့ ကိုကို့အချစ်ကို ရပ်ဆိုင်းထားဖို့ပါပဲ ။
ရပ်ဆိုင်းထားကြရအောင်နော် ။
သို့ပေမယ့် ကိုကို က သစ်သစ် ကို ညီမလေး အရင်းလို ချစ်နေပါ့မယ် ။
သစ်သစ် ကလည်း အစ်ကိုကြီး အရင်းလို သဘောထားပါနော် ။
အစ်ကိုကြီး
ကိုယ့်စာကိုယ် အတော်သဘောကျနေသည် ။ စာပါ တရားသဘောများမှာ မြင့်မြတ်လှသည် ။
နိုင်ငံရေး အကြောင်းပြချက်များမှာလည်း ယုတ္တိရှိလှပေရာ ကျွန်တော် ကိုယ်တိုင်ပင် အခိုင်အမာ
ယုံကြည်လာသည် ။ တကယ့် မျိုးချစ်ကြီး တင်ထွန်း ပါတကား ။ စွန့်ခြင်းကြီး စွန့်နိုင်သော
အာဇာနည် တင်ထွန်း ပါတကား ။
ကျွန်တော် သည် ရောင်စုံခဲတံ တစ်ဘူး ကို ဝယ်ပြီး ခဲတံများအောက် မှာ အထက်ပါစာ ကို ခေါက်ပြီး
ထည့်ထားလိုက်၏ ။
မခင်သစ် တို့ အိမ်သို့ ရောက်သောအခါ ဒေါ်ရွှေသစ် အား အောက်ထပ်မှာပင် ဆေးပုလင်း တံဆိပ်ကပ်နေရင်း တွေ့ရလေသည် ။ ဒေါ်ရွှေသစ် ၏ မျက်နှာမှာ မသာမယာ ဖြစ်နေသောကြောင့်
ထူးခြားနေ၏ ။ သည့်ပြင်အခါများမှာ ရွှေရွှေ ၏ မျက်နှာသည် မာရေကျောရေ နိုင်တတ်သည် ။
“ ရွှေရွှေ နေကောင်းရဲ့လား ”
ဒေါ်ရွှေသစ် က ချောင်းဟပ်လိုက်ပြီး -
“ နေကောင်းပါတယ် ”
ရွှေရွှေ ၏ အသံသည်လည်း ပျော့နေ၏ ။
ကျွန်တော် က အပေါ်ထပ်သို့ တက်ရန်သာ စိတ်စောပြီး လှေကားဆီသို့ သွားရင်း -
“ ဒေါ်ဒေါ်တို့ ရှိတယ် မဟုတ်လား ”
ဒေါ်ရွှေသစ် သည် တံဆိပ်ကပ်နေသော ဆေးပုလင်းများကို ဘေးချထားပြီး -
“ လာဦး ၊ ဒီမှာ ထိုင်ဦး ”
ကျွန်တော် သည် စိုးရိမ်စွာဖြင့် ရွှေရွှေ ထိုင်သော ကွပ်ပျစ်ပေါ်မှာ ထိုင်လိုက်သည် ။
“ မင်း ဒေါ်ဒေါ် ရော ၊ သစ်သစ် ရော မရှိကြဘူး ”
“ ဘယ်သွားကြသလဲ ရွှေရွှေ ”
ရွှေရွှေ သည် ပြောရမှာ စိတ်လေးနေဟန် တူသည် ။ ကျွန်တော့် စိုးရိမ်ခြင်းကား ကြီးမားလာသည် ။
“ ဘယ်ကိုများ သွားကြလို့လဲ ခင်ဗျာ ”
“ မင်းဒေါ်ဒေါ် နဲ့ မောင်ရွှေဖေ ရန်ဖြစ်ကြတယ်ကွဲ့ ၊ ရန်ဖြစ်ပြီး မညွှန့် က သမီး ခေါ်ပြီး အိမ်က
ဆင်းသွားတယ် ”
“ ဘယ်ကို ဆင်းသွားတာလဲ ရွှေရွှေ ”
“ ရွှေတိဂုံ အလယ်ပစ္စယံ မှာ သူ့အစ်မဝမ်းကွဲ သီလရှင် ဒေါ်ဝဏ္ဏ နေတဲ့ ဇရပ် ကို သွားတယ်
ထင်တာပဲ ”
ကျွန်တော်ကား အားမလိုအားမရ ဖြစ်လာပြီး အသံတွေပင် အက်ကုန်၏ ။
“ ထင်တာပဲလား ရွှေရွှေ ၊ သေသေချာချာ မသိဘူးလား ”
“ အဲဒီကိုပဲ သွားမှာပါပဲ ။ မညွန့် ဟာ တစ်ရပ်တစ်ကျေး လည်း မသွားတတ်ဘူး ၊ အဝေးဆုံးသွားရင်
ကျောက်ဝိုင်းပါပဲ ။ လင်မယား စိတ်ဆိုးရင် သီလရှင်ကျောင်း သွားနေတတ်တာပါပဲ ”
“ ဘယ်တော့ ပြန်လာမယ်ထင်သလဲ ရွှေရွှေ ”
“ ဟဲ့ မောင်တင်ထွန်း ရဲ့ ၊ စိတ်ဆိုးသွားတယ်ဆိုတာ ဘယ်ပြန်လာမှာလဲ ”
ကျွန်တော့် ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားလေသည် ။
“ ဟောဗျာ ”
“ တစ်ယောက်ယောက်က ကြားထဲက လိုက်ခေါ်ရတယ် ၊ မင်း ကို ငါ မှာလိုက်တာက မင်း ဒေါ်ဒေါ် ကို
သွားခေါ်စေချင်လို့ပဲကွဲ့ ၊ ခုနေဆိုရင် စိတ်ပြေလောက်ပါပြီ ”
“ ဘယ်လောက် ကြာပြီလဲ ”
“ ဆယ်ရက်လောက်တော့ ရှိပြီ ”
“ ဆရာဖေ ကော စိတ်ပြေပြီလား ”
“ ပြေလောက်ရောပေါ့ကွယ် ၊ သူလည်း တစ်ယောက်ယောက် ခေါ်ပေးဖို့ စောင့်နေတာပါပဲ ”
ကျွန်တော်ကား ယခုအရွယ်ထိ လင်မယား ရန်ဖြစ်ကြသည်များကို ကြုံတွေ့ဖူး၏ ။ သို့သော်
ဘယ်လို ပြန်ပေါင်းထုတ်ကြသည်ကိုကား မကြုံဖူးသေးချေ ။ ထို့ကြောင့် စိတ်ဝင်စားစွာ -
“ ဆရာဖေ က အဲဒီလို စောင့်နေတာ ရွှေရွှေ က ဘယ်လိုလုပ် သိသလဲ ”
“ အင်း မညွန့် ကို သတိရတယ်လို့တော့ မပြောဘူးပေါ့ ၊ သမီး ကို သတိရတယ်လို့တော့ ပြောတယ် ၊
ဒါက စကားခေါ်တာပေါ့ကွယ် ”
“ ဘာကြောင့် ရန်ဖြစ်ကြတာလဲ ရွှေရွှေ ”
“ ပြောလည်း မပြောချင်ပါဘူးကွယ် ”
ဒေါ်ရွှေသစ် သည် မပြောချင်ပါဘူးဟု စကားစပြီး ဒေါ်ဒေါ် နှင့် ဆရာဖေ တို့ ရန်ဖြစ်ရသည့် အဖြစ်သနစ်စုံကို အားလုံးကုန် ပြောပြနေလေသည် ။
“ မောင်ရွှေဖေ ကလည်း မောင်ရွှေဖေ ပဲ ။ သို့ပေမယ့် မညွန့် ဟာ ခုထိ အချိုး မပြောင်းဘူး ၊ လင့်
အပေါ်မှာ သည်းညည်းခံစိတ် မရှိဘူး ။ ညားခါစကလည်း ဒီလိုပဲ ၊ ခု သမီး အပျိုဖြစ်တဲ့ အချိန်
တော့လည်း ဒီအချိုးပဲ ”
ဒေါ်ရွှေသစ် သည် ဘေးမှ ချထားသော ဆေးပုလင်းများ ကို တံဆိပ် ကပ်ရန် ကောက်ကိုင်ပြန်လေသည် ။ အတန်ကြာ ငြိမ်နေသေးသဖြင့် ရှေ့ဆက်ပြောရန်မှာ ဝန်လေးနေလေသလားဟု
ကျွန်တော် ထင်မိသေးသည် ။
“ မှတ်မှတ်ရရပဲ ။ သစ်သစ် ကိုယ်ဝန် နဲ့ တုန်းက ပထမဆုံး တစ်ကြိမ် လင်မယား ရန်ဖြစ်ပြီး မညွန့်
အိမ်က ထွက်သွားတယ် ။ ငါ နဲ့ပတ်သက်ပြီး သူတို့ လင်မယား ရန်ဖြစ်ကြတာပဲ ။ ဘာအကြောင်းရယ်တော့ တိတိကျကျ မမှတ်မိတော့ပါဘူး ။ သို့ပေမယ့် ငါ ကပဲ မောင်ရွှေဖေ ကို ဆုံးမရတယ် ။
အစ်မ နဲ့ မယား ၊ မယား ကို ပို အရေးပေးရမယ် ။ အစ်မ အပေါ် သာဖို့ မပြောနဲ့ ၊ တန်းတူတောင်
မထားရဘူးလို့ ငါ က ပြောရတယ် ။ ဒီနောက် ငါ နဲ့ပတ်သက်ပြီး တစ်ခါမှ ရန်မဖြစ်တာ့ဘူး ။
သစ်သစ် မွေးပြီးတော့လည်း မညွန့် က အိမ် မှာ ငါ မရှိရင် မဖြစ်ဘူးဆိုတာ နားလည်လာတယ် ။
ဒီတော့ သမီး ယောက်မ တည့်ကြတာပေါ့ ။ အစစအရာရာ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပါပဲ ”
ဒေါ်ရွှေသစ် သည် ကျွန်တော့် အား မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး -
“ မင်းတို့ အကြောင်းလည်း တိုင်ပင်ကြတာပဲ ”
ကျွန်တော် သည် ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပြီး ကိုယ်ခန္ဓာသည်ပင် ယို့ခနဲဖြစ်သွား၏ ။ မခင်သစ်
နှင့် ကျွန်တော်တို့ အကြောင်း ဘွင်းဘွင်းကြီးများ ပြောနေလျှင် ခက်ရချေရဲ့ ။
“ သစ်သစ် စကားတတ်ခါစ က နောက်တစ်ကြိမ် လင်မယား ရန်ဖြစ်ကြပြန်တယ်ကွဲ့ ။ မောင်ရွှေဖေ
တို့ ကျောင်းက ဆရာမတစ်ယောက် က သီချင်းဆိုတယ် ၊ မောင်ရွှေဖေ က ပတ္တလား တီးတယ် ။ သူတို့
ကလည်း ခပ်တွဲတွဲ ၊ မညွန့် ကလည်း ခပ်သည်းသည်းမို့ မသင်္ကာဖြစ်လွန်းတယ် ။ ဒါနဲ့ ရန်ဖြစ်ကြတာပါပဲ ။ အိမ်က ထွက်သွားတော့ လက်ထောက်ဆရာကလေး တစ်ယောက် က လိုက်ခေါ်ရတယ်
ကွဲ့ ”
“ နီးတကျက်ကျက် ဝေးတသက်သက် ဆိုတာထဲက ထင်ပါရဲ့ ရွှေရွှေ ”
“ အေး ဟုတ်တယ် ။ ရန်တကျက်ကျက် ဖြစ်ကြတာကလွဲလို့ သူတို့ လင်မယားမှာ ဘာမှ ပြောစရာ
မရှိဘူး ။ အေး ယောကျာ်း ဆိုတာကတော့ ကိုယ့်အိမ်လှေကားမှာ သုံးထစ်ဆင်းပြီးတယ် ဆိုရင်ပဲ
ငါ လူပျိုလို့ ထင်သွားတတ်ကြတာတော့ ရှိသပေါ့ ။ အပြင်မှာ ပိုးချင်ပန်းချင်တတ်ကြသပေါ့ ”
ရွှေရွှေ သည် ကျွန်တော့် အား မျက်စောင်းတစ်ချက် ထိုးလိုက်ပြန်လေသည် ။
“ မင်းတော့ အဲဒီ ယောက်ျားမျိုး မဖြစ်ချင်နဲ့နော် မကောင်းဘူး ။ မောင်ရွှေဖေ ဟာ ဟော့ဟော့ရမ်းရမ်း
ဘာမှ ရှိတာမဟုတ်ဘူး ။ တစ်ခါတစ်ခါ အိမ်လှေကားသုံးထစ်ဆင်းမိရင် လူပျိုဖြစ်သွားပြီ
ထင်တတ်တာကလေး တစ်ခုပဲ ။ ဘာမှ ကြီးတဲ့ အပြစ် မဟုတ်ပါဘူး ။ သည့်ပြင်ယောကျာ်းတွေ
သည့်ထက် ဆိုးသေးတယ် ။ ဒါကြောင့် ငါ က မညွန့် ကို ပြောပြပါတယ် ၊ သည်းညည်းခံပါလို့ ။
စိတ်သဘောထား ကြီးပါလို့ ။ မညွန့် က ငါ့ ကို မောင့်ဘက် က ရှေ့နေလိုက်တယ်လို့ ပြောသေးတယ် ၊ ခု နောက်ဆုံး ဖြစ်ကြတာကတော့ .. ”
ကျွန်တော်သည် နောက်ဆုံးထိ အဖြစ်သနစ်များကို မကြားချင်တော့ပြီ ။ တကျက်ကျက် ရန်ဖြစ်ပြီးကြပြီ ။ ဒေါ်ဒေါ်ညွန့် နှင့် ဆရာဖေ တို့ ခပ်မြန်မြန် ပြန်ပေါင်းထုပ်နိုင်ကြရန် ဒေါ်ဒေါ်ညွန့် အား
ခေါ်ပေးပြီး သစ်သစ်ကလေး လက်ထဲသို့ ကျွန်တော် ရေးခဲ့သော စာကို ထည့်ပေးရန်သာ စိတ်စောနေလေပြီ ။
“ ဒေါ်ဒေါ် နဲ့သစ်သစ် ကို ကျွန်တော် သွားခေါ်မယ် ရွှေရွှေ ။ သူတို့ နေနေတဲ့ သီလရှင်ဇရပ် ဘယ်နားမှာ ဆိုတာသာ သေသေချာချာ ညွှန်လိုက်ပါတော့ ”
ဒေါ်ရွှေသစ် က သေသေချာချာ ညွှန်လိုက်သည့်အတိုင်း ချက်ချင်းပင် ဇရပ်သို့ လိုက်သွားလေသည် ။
သစ်သစ် တို့ တည်းခိုနေသော ဇရပ် မှာ နှစ်ထပ်တိုက် ဇရပ် ဖြစ်သည် ။ သိပ်မကြီးသော်လည်း
အတော်ပင် သပ်သပ်ရပ်ရပ်ဖြစ်သည် ။ အခြား ဇရပ်များနှင့် မတူသော အချက်တစ်ချက်မှာ လေနှင့်
အလင်းရောင် များများဝင်အောင် စီမံထားခြင်း ဖြစ်လေသည် ။
အချိန်မှာ နေ့ခင်းဖြစ်၍ နေပူပြင်းနေလေသည် ။ သို့သော် အလယ်ပစ္စယံရှိ ထိုဇရပ်မှာ အေးရိပ်သာ
ဖြစ်နေ၏ ။
မခင်သစ် ကား အောက်ထပ်မှာ ပက်လက်ကုလားထိုင်တွင် ထိုင်၍ စာဖတ်နေလေသည် ။ စာအုပ်
အပြည့်ပါသော ကျောင်းသွားလွယ်အိတ်ကို ကုလားထိုင်မှာ ချိတ်ဆွဲထားလေသည် ။
ခုတင်တစ်ခုပေါ်တွင် သီလရှင်တစ်ပါး သည် ကျိန်းစက်လျက်ရှိလေ၏ ။
မီးဖိုဘက်တွင် အသက် ၅ဝ ကျော် ၆ဝ တွင်းမှာ ရှိမည်ဖြစ်သော ယောဂီမကြီး တစ်ယောက်သည်
ဆောင့်ကြောင့်ထိုင်လျက် ဆေးလိပ်ဖွာနေ၏ ။
မခင်သစ်သ ည် စာမှာ နစ်မြုပ်နေသဖြင့် ကျွန်တော့်အား မမြင် ။
“ သစ်သစ် ”
သစ်သစ် သည် ရုတ်တရက် အံ့အားသင့်နေသည် ။
“ ဒေါ်ဒေါ် ကော ရှိရဲ့လား ”
သစ်သစ် သည် မတ်တတ်ရပ်လိုက်သည် ။
“ ရှိတယ် ဆရာ ရဲ့ ၊ ထိုင်လေ ”
သစ်သစ် က သူ့ ကုလားထိုင်ကို ပေးသည် ။ သို့သော် ကျွန်တော်သည် သင်ဖြူးပေါ်မှာသာ
ထိုင်လိုက်သည် ။
“ သစ်သစ် ဖြင့် အံ့ဩနေတာပဲ ၊ ဆရာ ဘယ်ကနေပြီး ဘယ်လို ရောက်လာတာလဲ ”
ခုတော့ သစ်သစ် မျက်နှာ တွင် အံ့ဩခြင်း ထက် ဝမ်းမြောက်ခြင်းသည် ပေါ်လွင်နေသည် ။
“ ရွှေရွှေတို့ နေကောင်းကြလား ဆရာ ”
ကျွန်တော် က ရောင်စုံခဲတံဘူးကို ထုတ်ပေးရင်း -
“ နေကောင်းကြပါတယ် ”
သစ်သစ် က ရောင်စုံခဲတံကို လှမ်းယူသောအခါ ကျွန်တော့် အသံကို တိုးလိုက်ပြီး -
“ အဲဒီထဲမှာ စာပါတယ် ”
သစ်သစ် က အပြုံးဖြင့် အသိအမှတ် ပြုလိုက်လေသည် ။ ပြီးတော့ -
“ သစ် မှာ ရောင်စုံခဲတံ လိုနေတာနှင့် အတော်ပဲ ၊ မြေပုံတွေ ဆွဲမယ်လို့ ”
သစ်သစ် သည် ရောင်စုံခဲတံဘူး ကို လွယ်အိတ်ထဲသို့ ထည့်လေသည် ။
“ ဒေါ်ဒေါ်ကော ”
“ အပေါ်ထပ်မှာ ရှိပါတယ် ဆရာ ။ ခဏထိုင်ပါဦး ။ သစ်သစ် သွားခေါ်လိုက်ဦးမယ် ”
ကျွန်တော်သည် သစ်သစ် ဖတ်နေသော စာအုပ်ကို ယူကြည့်လိုက်သည် ။ ဇိနတ္တ ပကာသနီ ။
သစ်သစ် သည် အပေါ်ထပ်မတက်မီ မီးဖိုဘက်မှာရှိသော ယောဂီမကြီး အား တစ်စုံတစ်ရာ ပြောခဲ့
လေသည် ။ ယောဂီမကြီး သည် ရေနွေးအိုးကို မီးထထိုးနေလေ၏ ။
အတန်ကြာတော့ ဒေါ်ဒေါ် ဆင်းလာလေသည် ။ ဝင်းလက်နေသော ရွှေသွားကြီးများ ပေါ်သည့်
တိုင်အောင် ပြုံးပြီး ကျွန်တော့်အား နှုတ်ဆက်၏ ။
“ ဘယ့်နှယ်လဲဟေ့ မောင်တင်ထွန်း ၊ မလာမလာနဲ့ လာမယ့်လာတော့ ပုန်းနေရာကို ရှာလာတယ်
ထင်တယ ”
ကျွန်တော် သူတို့ ထံသို့ မသွားမလာနေသည်မှာ ကြာပြီဖြစ်သည်ကို စောင်းပါးရိပ်ခြည် ထည့်
ပြောလိုက်သေးသည့်အတွက် ကျွန်တော့်မှာ အဖြေရ ကျပ်သွားလေသည် ။ ထို့ကြောင့် -
“ နေကောင်းရဲ့လား ဒေါ်ဒေါ် ”
ဒေါ်ဒေါ်ညွှန့် သည် ကျွန်တော့် အနီးမှာ ထိုင်လိုက်ပြီး -
“ အေး ကောင်းပါတယ် ၊ မင်း ဘယ်ကလျှောက်လာသလဲ ”
“ ရွှေရွှေ က လွှတ်လိုက်လို့ လာတာပဲ ဒေါ်ဒေါ် ”
“ ဘာကိတ် ” ဟု မေးပြီး စပ်ဖြဲဖြဲ လုပ်နေလေသည် ။ သိလျက်နှင့် မသိချင်ယောင်ဆောင်ခြင်း
ဖြစ်ကြောင်း ကျွန်တော်ကလည်း ရိပ်မိသည် ။ ဒေါ်ဒေါ်ကလည်း မဖုံးပါ ။
“ အိမ်ပြန် လိုက်ဖို့လေ ”
ဒေါ်ဒေါ်ကား ဘာမျှ မပြောဘဲ ပြုံးဖြဲဖြဲသာ လုပ်နေလေသည် ။ ပြီးတော့ နောက်လှည့်ပြီး -
“ သစ်သစ် ရေ ကော်ဖီ ဖျော်ခဲ့ပါဟေ့ ”
သစ်သစ် ကား မီးဖိုချောင်ဘက်မှာ ရှိနေ၏ ။ ယောဂီမကြီး က ကော်ဖီဖျော်ရန် ပြင်နေလေသည် ။
“ အဘွားလေးဖော့ ဖျော်နေတယ် မေမေ ”
ကျွန်တော် သည် ဒေါ်ဒေါ်ညွန့် အား အိမ်ပြန်ချင်ပါလျက် ဟန်ဆောင်နေဖို့ မလိုအောင် ဘေးတီး
ပေးရလေသည် ။
“ ဆရာကလည်း ပြောသတဲ့ သမီး လွမ်းလှပြီတဲ့ ။ ပြီးတော့လည်း ဆရာကိုယ်တိုင်က ကျွန်တော့်ကို
ပြောတယ် ၊ မင်း ဒေါ်ဒေါ်ကို သွားခေါ်ချေကွာတဲ့ ။ လွန်သမျှ ဝန်ချတောင်းပန်ပါ့မယ်တဲ့ ဟဲ ဟဲ ”
ကျွန်တော် က ရယ်လိုက်ရာ ဒေါ်ဒေါ် ကလည်း လိုက်ရယ်နေလေသည် ။
“ မင်းဆရာ ဒီစကားမျိုးပြောမှာ မဟုတ်ပါဘူးကွယ် ၊ မင်းက ပလီမနေပါနဲ့ ၊ သူပြောလည်း ငါက
မယုံပါဘူး ။ မင်းဆရာ နေတော့ ကောင်းရဲ့လား ”
“ သိပ်ကောင်းဟန် မတူဘူး ခင်ဗျ ”
အမှန်အားဖြင့် ဆရာဖေ အား ကျွန်တော် မတွေ့သည်မှာ ကြာလေပြီ ။ ဒေါ်ဒေါ်ညွန့် သည်
အနည်းငယ် မျက်နှာညိုးသွားပြီး -
“ ဘာဖြစ်သတဲ့လဲ ”
“ ကျွန်တော်လည်း မသိဘူးခင်ဗျ ။ ပြောလည်း မပြောဘူး ”
ထိုအတောအတွင်း သစ်သစ် က နံ့သာပုငှက်ပျောသီးများယူလာပြီး တည်ခင်းသည် ။ နောက်
မကြာမီ ကော်ဖီ ရောက်လာပြန်လေသည် ။
ဒေါ်ဒေါ် က မီးဖိုဘက်သို့ လှမ်းပြီး -
“ မဖော့ ရေ လက်ဖက်သုပ်လည်း ယူခဲ့ပါဦး ”
ထိုအတောအတွင်း သီလရှင်ကြီး နိုးလာလေသည် ။ သီလရှင်ဒေါ်ဝဏ္ဏ မှာ ဝဝဖြိုးဖြိုး အရပ်အမောင်း ကောင်းကောင်း ဖြစ်သည် ။ အသားလည်း ဖြူသည် ။ ကြည်ညို နှစ်လိုဖွယ်ပင်ဖြစ်၏ ။
ဒေါ်ဝဏ္ဏ မှာ ဒေါ်ဒေါ်ညွန့် ကဲ့သို့ သွားနည်းနည်း ခေါ၏ ။ ကျွန်တော်တို့အနီးမှာ လာရပ်ပြီး -
“ ဒါက ဘယ်သူလဲ မညွန့် ”
“ မောင်တင်ထွန်း ဆိုတာလေ ”
“ ဪ ” ဟု အာမေဋိတ်ပြုပြီး ဣန္ဒြေရစွာ ခေါင်းညိတ်ပြီးနေလေသည် ။
ကျွန်တော် က သီလရှင် အား မော့ကြည့်လျက် -
“ ဆရာဦးရွှေဖေ နဲ့ ဒေါ်ရွှေသစ် တို့က ဒေါ်ဒေါ်ညွန့် နဲ့ သစ်သစ် တို့ကို ပြန်ခေါ်ဖို့ လွှတ်လိုက်ပါတယ်ခင်ဗျာ ”
ဒေါ်ဝဏ္ဏ သည် ခေါနေသောသွားများ ပြူထွက်လာအောင် ပြုံးလျက် -
“ အေး အေး ကောင်းတယ် လိုက်မှာပေါ့ ”
သားအမိ သည် အိမ်ပြန်လိုက်ရန် စီစဉ်နေကြစဉ် ကျွန်တော့် မှာ တစ်နာရီမျှ စောင့်ရသေးသည် ။
ထိုအချိန်အတွင်းတွင် မခင်သစ် သည် အင်္ဂလိပ်စာ သင်ခန်းစာအုပ်ကို ထုတ်ပြီး သူမသိသော
စာများကို ကျွန်တော့်အား မေးနေသေးသည် ။
ကျွန်တော်သည် မခင်သစ်တို့ သားအမိအား အိမ်သို့ ပြန်ပို့ပြီးနောက် သူတို့ နှင့် ခွာခါနီးတွင်
မခင်သစ် အား -
“ မြေပုံတွေ ပြီးအောင် ဆွဲထားနော် ၊ ကိုယ် မနက်ဖြန် လာယူမယ် ” ဟု မှာထားခဲ့လေသည် ။
ရောင်စုံခဲတံဘူးထဲမှာ ထည့်ပေးလိုက်သော စာ ကို ပြန်ရန် ပြောခြင်းဖြစ်ကြောင်း မခင်သစ် သိလေသည် ။
သမီးရည်းစား ဖြတ်စာ ။
မခင်သစ် က ဘယ်သို့ တုံ့ပြန်လိမ့်မည်နည်း ။
သူ ရေးစပ်ပေးခဲ့ဖူးသော ကဗျာကလေးမှာ ရှေ့ပြေးနမိတ်ပဲ ဟု ယူဆကာ ဝမ်းနည်းကြေကွဲရှာမည်လော ။
ကျွန်တော့် အား ' မသာလည်းတ ၊ သာလည်းတ ၊ ကမ္ဘာ့တန်ဆာ ငွေသော်တာ' ဟု နိုင်းခေါ်ခဲ့သည် ။
လမင်းကြီး မပေါ်လာလျှင် လွမ်းဆွတ်တသ မျှော်နေခဲ့ရသည် ။ လမင်းကြီး ပေါ်လာလျှင်လည်း
ရွှင်ရွှင်ပျပျ တသသနှင့် ကြည့်မဝ ရှုမဝ ဖြစ်ရသည် ။ သို့သော် လမင်းသည် တောင်ကျွန်းမှာသာ
ထွန်းလင်းသည် မဟုတ် ။ တောင်ကျွန်းမှ ကွယ်ပျောက်ပြီး မြောက်ကျွန်းသို့ ရောက်သွား ထွန်းလင်းတတ်သည် ။ ထိုအခါမျိုး၌ တောင်ကျွန်းသူ သစ်သစ် မှာ လွမ်းနေရစ်ပါလိမ့်မည် ။
သစ်သစ် က သည်ကဗျာမျိုးကလေးကို ထပ်မံသီကုံးပြီး တုံ့ပြန်လိမ့်မည်လော ။
သစ်သစ် ခမျာ မှာ လွမ်းဆွေးနေမည်လော ၊ ကြေကွဲဝမ်းနည်း ဖြစ်နေရှာမည်လော ။
သို့မဟုတ် ကျွန်တော့် အကြောင်းပြချက်များမှာ မခိုင်လုံဟု ဆိုပြီး အချစ် ကို ရုပ်သိမ်းရန် သဘောမတူဟု အယူခံနေဦးမည်လော ။
သို့တည်းမဟုတ် ကျွန်တော့်စာ ၏ နောက်ကွယ်ရှိ ကျွန်တော့် အကြောင်းများကို မသင်္ကာမှုနှောပြီး
အမျိုးမျိုးတွေးတောကာ မျက်မာန်ရှနေလေမည်လော ။
ကျွန်တော့်မှာ အမျိုးမျိုးတွေးတောကာ နေမထိထိုင်မသာ ဖြစ်နေလေသည် ။ စာပေးမိသည်ကိုပင်
မှားသွားလေပြီလားဟု စိုးရိမ်လာသည် ။
မခင်သစ် အား ဤစာဖြင့် နှိပ်စက်မိပြန်လေပြီလားဟု သနားမိ၏ ။ ကျွန်တော့် အဖြစ်ကို ကျွန်တော်
ရွံရှာမိ၏ ။ မမြမှီ နှင့် ခုလို ပြင်မရအောင် မှားရသည့်အတွက် ဤလို မခင်သစ် အား အထပ်ထပ်
အပြစ်ပြုရခြင်းဖြစ်သည်ဟု တွေးမိကာ ကိုယ့်ကိုယ်ကိုယ် ရော မမြမှီ ပါ စိတ်နာလာသလို ဖြစ်မိလေ၏ ။
ရေးမိသော စာကို ပြန်ရုပ်သိမ်းရမည်လား ။
ရုပ်သိမ်း၍ မရတော့ပါ ။
နောက်တစ်နေ့တွင် မခင်သစ် ထံမှ ပြန်စာကို ရရှိလေသည် ။ စာတွင် ကျွန်တော့် အား ကျွန်တော် က
သဘောထားစေချင်သလို ' အစ်ကိုကြီး ' ဟု မခေါ် ၊ ' ဆရာ ' ဟုသာ ခေါ်လိုက်လေသည် ။
ဆရာ
ဆရာ့ထံ သစ်သစ် ရိုသေလေးစားစွာ စာပြန်အပ်ပါသည် ။ ဆရာ့ စာကို
သစ်သစ် ကောင်းမွန်စေ့စပ်စွာ ဖတ်ပါသည် ။ လေးနက်စွာလည်း စဉ်းစားပါသည် ။
မှန်ပါသည် ။ ယခုလို အရေးကြီးသော အခါမျိုးတွင် ယောက်ျားကောင်း
ယောက်ျားမြတ်တို့သည် စွန့်ခြင်းကြီးမျိုးများကို လုပ်အပ်ပါသည် ။ ရည်းစား
သည် သစ်သစ် အား ဆရာ စွန့်ဖို့လို၍ စွန့်ခြင်းကို သစ်သစ် က မကန့်ကွက်သည့်ပြင် နိုင်ငံ နှင့် အမျိုးအတွက် အကျိုးဆောင်ရွက်ရာတွင် ခုလို ဆရာ့အား
သစ်သစ် က ပါရမီဖြည့်လိုက်ရသလိုဖြစ်သဖြင့် တစ်နည်းအားဖြင့် ဝမ်းသာမိ
သည် ။
ဆရာဟာ နိုင်ငံရေးကို စွန့်စွန့်စားစား လွတ်လွတ်လပ်လပ်ကြီး လုပ်နိုင်ပါ
သည် ။ သစ်သစ် ဆိုတဲ့ နောက်ဆံငင်စရာအရာ လုံးဝ မရှိဟု အမှတ်ထားပြီး
ဆောင်ရွက်ပါလော့ ။
သို့သော် နိုင်ငံရေး ဆောင်ရွက်သည့်အခါ ' သတိတမံ ဉာဏ်မြေကတုတ် '
ဆိုသကဲ့သို့ သတိလည်း မြဲပါစေ ။ ဉာဏ်လည်း သုံးနိုင်ပါစေ ။ ပူးတွဲပါ
ရှေးပညာရှိတို့၏ အဆိုအမိန့်များကိုလည်း လိုက်နာနိုင်ပါစေ ။
သစ်သစ်
ထိုစာနှင့်အတူ ဗလာစာရွက် သုံးမျက်နှာ အပြည့်မျှ ရှိသော ရှေးပညာရှိတို့ ၏ ရေးသားချက်များမှ
အဆီအနှစ်ဖြစ်သော ကောက်နုတ်ချက်များကို ကူးယူ ရေးသားပေးလိုက်လေသည် ။ ပုတ္တောဝါဒ
ဆုံးမစာ ၊ လောကသာရ ဆုံးမစာ ၊ ကုသပျို့ ၊ သံဝရပျို့ ၊ စာဏကျနီတိ စသော ကျမ်းများမှ
ကောက်နုတ်ချက်များ ဖြစ်လေသည် ။
ကျွန်တော်သည် ထိုပြန်စာကို ရရှိသောနေ့တစ်နေ့လုံး ညဉ့်နက်သန်းခေါင်အထိ ဘာမျှ မလုပ်နိုင် ၊
မကိုင်နိုင် ။ ဘယ်မျှ မသွားနိုင် ၊ မလာနိုင် ။ သစ်သစ် ၏ စာကလေးကို အခေါက်ခေါက်ဖတ်သည် ။
ဆုံးမစကားကို အကြိမ်ကြိမ်မှတ်သည် ။ အိပ်ရာပေါ်မှာ ခွေလိုက် ၊ ပက်လက်ကုလားထိုင်မှာ
ခွေလိုက် ၊ တစ်ခွေတည်းခွေပြီး တွေဝေစဉ်းစားနေလေသည် ။ စွန့်လွှတ်လိုက်မိသော မခင်သစ် အား
နှမြောနေလေသည် ။
ပညာရှိများ၏ အဆိုအမိန့် ကောက်နုတ်ချက်များကို ဗလာစာရွက် ၂ ရွက် ၊ စာမျက်နှာ သုံးဖက်တွင်
ရေးထားရာ တစ်ဖက်မှာ လပ်နေ၏ ။ ထိုဘက်တွင် စာကြောင်းကလေးတစ်ကြောင်း ရေးထားပြီး
ခြစ်ဖျက်ထားသည်ကို တွေ့ရ၏ ။ ခြစ်ဖျက်ထားသည့်ကြားမှ မရရအောင် ထိုစာကြောင်းကလေးကို
ဖတ်ကြည့်လိုက်ရာ -
“ ဪ .... အရွယ် နှင့် သောက မမျှပါတကား ” ဟူ၍ တွေ့ရလေသည် ။ မခင်သစ် ၏ ရင်တွင်းမှ
ပွင့်ထွက်လာသော အကြောင်းကလေးပင်တည်း ။ ပွင့်ထွက်လာပြီး စာ နှင့် ရေး ညည်းညူပြီးကာမှ
ခြစ်ဖျက်၍ ဖုံးရန် ကြိုးစားထားရှာသည် ။ ကျွန်တော် နှင့် တွေ့စက မခင်သစ် မှာ ဆယ့်ငါးနှစ် မျှသာ
ရှိသေးသည် ။ ခု ဆယ့်ခုနှစ်နှစ် ကျော်သာ ရှိဦးမည် ။ တကယ်ပင် အရွယ် နှင့် သောက မမျှရှာတကား ။
◾သိန်းဖေမြင့်
📖 အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment