❝ ရေချိုးသွားသော ပန်းသီး ❞
ကမ္ဘာ၏ ပထမဦးဆုံး လူသားဖြစ်သော အာဒံ တစ်ဦးတည်း ရှိစဉ်ကတည်းက အရောင်းအဝယ် ဆိုတာ ရှိသည်ဟု ဆိုလျှင် ကျွန်တော့်ကို လူတွေက လွန်လွန်းသည်ဟု ဆိုကြလိမ့်မည်လား မသိ ။
ဘုရားသခင် က အာဒံ ၏ နံရိုးတစ်ချောင်း ကို ယူကာ အာဒံ အား ဧဝ ကို ဖန်ဆင်းကာ ပြန်ပေးခဲ့သည့်အတွက် အာဒံ သည် ဧဝ ကို နံရိုးတစ်ချောင်းကို ပေးကာ ဝယ်လိုက်ရသည်ဟု ကျွန်တော် ထင်သည် ။
ဒီတွေးကွက်ကလေးက ဟာသနည်းနည်းတော့ ပါသည် ။ ကျွန်တော့် နံရိုးတစ်ချောင်းဖြစ်သော လေဒီချပ်ပြား ကို ခပ်ရွှင်ရွှင်ကလေး ပြောပြတော့ ကျွန်တော့် နံရိုးကလေး က ထုံးစံအတိုင်း ဘာမှ ပြန်မပြော ။ ဈေးက သူကိုယ်တိုင် ဝယ်လာခဲ့သော မုန်လာဥတစ်စည်း နှင့် ရန်ဖြစ်ကာနေ၏ ။
“ ကြည့်စမ်းပါဦး ... နှပ်ချတာ ခံရပြီ ။ ဒီ မုန်လာဥစည်းက အရင့်တွေ ချည်းပဲ ”
“ အာဒံ နှင့် ဧဝ နှစ်ယောက် ရှိလာပြန်တော့ အရောင်းအဝယ်က စပြန်ရောကွ ။ ပန်းသီး လေ... ။ အဲဒီ ပန်းသီး ကနေပြီးတော့ အချစ် ဆိုတာ ဖြစ်လာတာတဲ့ ။ ဒီတော့ အချစ် ဆိုတာလည်း ရောင်းကုန် တစ်မျိုးပဲ မဟုတ်ဘူးလား ”
“ ဒီ မုန်လာဥ ကို ပြောနေတာ ။ တစ်စည်းမှ သုံးလုံး ပဲ နု တယ် ။ ကျန်တာ အရင့်တွေချည်းပဲ ။ တော်သေးတယ် ... ဒီ တစ်စည်းက နုပေလို့ ”
ကျွန်တော် တော်တော် စိတ်ညစ်သွား၏ ။ မနက်ခင်းမှာ ရသော အတွေးဆန်းကလေးကို ထောက်ခံပေးမည့်သူ မရှိပါကလား ။ ဒီအတွေးက ရာဇဝင်တွင် ကျန်ရစ်နိုင်သော ကဗျာတစ်ပုဒ် ရချင် ရနိုင်သည် ဆိုတာကို ကျွန်တော့် နံရိုးတစ်ချောင်း က မသိ ။ ဆရာသစ္စာနီ ၊ ဆရာဇော်ဇော်အောင် ၊ ဆရာတာရာမင်းဝေ တို့နှင့် တွေ့မှ ပြောပြဖို့ ကျွန်တော် သိမ်းထားလိုက်ရသည် ။
အခုနေ ဗီဒီယိုတစ်ကား လောက် လာအပ်ရင်လည်း “ ပန်းသီးရောင်းသူများ ” ဆိုသော ခေါင်းစဉ်နှင့် အချစ်ကားလေး တစ်ကားလောက်တော့ ရောင်းစားလို့ ရမည်ထင်သည် ။ ကောင်မလေး က အချစ်ကို ကိုးကွယ်သူ ၊ ကောင်လေး က အာဒံ နှင့် ဧဝကို နမူနာယူပြီး အချစ် ဆိုတာ ရောင်းကုန် ဟု သဘောထားသူ ။ သူတို့နှစ်ယောက် ပန်းသီးတစ်လုံး နဲ့ စတွေ့ပြီး ချစ်သွားကြမည် ။ သို့သော် စတွေ့ကတည်းက ကောင်မလေး က ပန်းသီး ကို ဘုရားတင်ဖို့ ဝယ်တာဖြစ်ပြီး ကောင်လေးက ပန်းသီးတွေကို မုန်းလို့ ဝယ်တာ ဖြစ်ရမည် ။
ဒီလို ပန်းသီးတစ်လုံး အပေါ်မှာ အယူအဆ မတူသော ချစ်သူနှစ်ဦး ဘာတွေဆက်ဖြစ်ကြမည်နည်း ။ ဟာသကလေးတွေလည်း ပါမှ ကောင်းမည် ။ ဒီလိုဇာတ်ကားမျိုးက ကိုအောင်မင်းသိမ်း တို့ ၊ ကိုမျိုးမင်း တို့ ကြိုက်နိုင်သည် ။ မင်းသား က မောင်မိုး ၊ မင်းသမီး က အုဝဲ ။ ဒါမှမဟုတ် နန္ဒာလှိုင် ပေါ့ ။ ကိုအရိုင်း တို့ ၊ ကိုကင်း တို့ကလည်း ပါရဦးမည် ။ ကိုမိုက်တီး ကတော့ ဒီလိုဇာတ်ကားမျိုးကို ကြိုက် မည်ဟု ကျွန်တော် မထင်ပါ ။ သူက မင်းသမီး ၊ မင်းသားအဖွင့်ကို ပြဿနာတော်တော်ကြီးကြီးနှင့် ဖွင့် မှ ကြိုက်တတ်သည် ။
“ မုန်လာဥ ချဉ်ရေချက် မယ် ၊ ငါးခူစဉ်းကော နဲ့ ။ တို့စရာက ဟင်းခလာချဉ်ပတ် နဲ့ ခရမ်းကျွတ်သီးကလေးတွေ ။ ငါးခူဈေး ကလည်း မပြောချင်ဘူး ။ မောင် စားချင်တယ် ဆိုလို့သာ ... ။ မုန်လာဥချဉ်ရေ က ငါးခူအရိုး နဲ့ ချက် မှာနော် ”
“ ကောင်းတယ်ကွာ ... ။ ဇာတ်သိမ်းကတော့ ကွဲရင် လူမကြိုက်ဘူးတဲ့ ။ ရအောင် ပေါင်းရမှာ ။ ပေါင်းရင်လည်း ပန်းသီးနဲ့ပဲ ပေါင်းရမှာ ။ ဒါမှပဲ ဖြစ်မယ် ”
“ ဘာတွေ ပြောနေတာလဲ ။ မုန်လာဥကို မခွံနွှာ ပေးမှာလား ”
ကျွန်တော် သတိဝင်လာတော့ ကျွန်တော့်နံရိုးကလေး က နှုတ်ခမ်းဆူစ ပြုနေပြီ ဖြစ်သည် ။ ကျွန်တော့်စိတ်ကူးခရီး ဘယ်အထိ ရောက်ပြီး ဘာတွေဖြစ်မှန်း သူ သိဟန် မတူ ။
“ ကိုယ် ... စိတ်ကူးလေးတစ်ခု ရလို့ပါကွာ ”
“ မုန်လာဥကို ခွာထားပါလို့ ။ ငါးခူ ကိုင်ဦးမယ် ”
“ ခုနက မင်းကို ငါပြောတဲ့ ပန်းသီးဇာတ်ကလေးလေ ... "
“ မုန်လာဥပါ ဆိုနေမှ ”
ကျွန်တော် ဘာမှ မတတ်နိုင် ။ မုန်လာဥအခွံ သင်ပေးရင်း ၊ ပန်းသီးဇာတ်ကို စိတ်ကူးထဲမှာ ဆက်ရသည် ။ မောင်မိုး က ပန်းသီးတွေကို မုန်းမုန်းတီးတီးနှင့် လွှင့်ပစ်လိုက်၏ ။ အူဝဲ မျက်နှာပျက်သွားသည် ။ ဒီနေရာမှာ အူဝဲ က စိတ်နာကျည်းစွာဖြင့် စကားတစ်ခွန်းတော့ ပြောရမည် ။ ထိုစကားကလည်း ပန်းသီးနှင့် ပတ်သက်နေရမည် ။ ပြီးတော့ ကွဲသွားရင်လည်း မြန်မာပရိသတ် က မကြိုက်တတ်ကြ ။ ပေါင်းပေးမည် ဆိုလျှင်လည်း ပန်းသီးနှင့်ပင် ပေါင်းရမည် ။
ထိုသို့ ဆက်တွေးရင်း မုန်လာဥတစ်စည်း နှင့် သုံးလုံး အခွံသင်ပြီးသား ဖြစ်သွား၏ ။
“ ထီးကိုင်းတစ်ကိုင်း ကျိုးနေတာ သိလား ။ မနက်က ဈေးသွားတော့မှ သိတယ် ”
ကျွန်တော့် နံရိုးတစ်ချောင်း က ငါးခူကို ကျောဘက် မှ အံကြိတ်ကာ လှီးရင်း လေသံမှန်မှန်ဖြင့် ပြော၏ ။ ဟုတ်တယ် “ ထီး ” ။ ဇာတ်သိမ်းမှာ မောင်မိုး က ထီးကလေးတစ်ချောင်းကို ဖျောင်းခနဲနေအောင် ဖွင့်လိုက် မည် ။ ထိုထီးထဲ က ပန်းသီးကလေးတစ်လုံး ကျလာမည် ။ အူဝဲ က ထို ပန်းသီးကလေး ကို ဖမ်းပြီး ...
“ တစ်လောက ထီး က ပျောက်သွားတာလား ၊ ကျန်ခဲ့တာလား ”
“ အာဒံ က ဧဝ ကို ပေးသလို ပေးတာလား ” ဟု အူဝဲ က မေးမည် ။ မောင်မိုး က ခေါင်းညိတ်ကာ “ အချစ်ဆိုတာ အဲဒီက စတာလေ ။ ကိုယ်အခု ပန်းသီးတွေကို မမုန်းတော့ဘူး သိလား ” ဟု မောင်မိုး က ပြန်ပြောမည် ။ အူဝဲ က ရှက်ကာ ပန်းသီးကလေး ကို ကိုက်လိုက်လျှင် ကျွန်တော် ဇာတ်သိမ်းလို့ ရပြီ ။
“ ထီး က ပျောက်ပြီလားလို့ မေးနေတာ ”
ကျွန်တော် ပစ္စုပ္ပန် ဘဝထဲ ပြန်ရောက်လာ၏ ။
“ ကိုမိုက် ကားထဲမှာ ကျန်ခဲ့တာပါကွာ ၊ မပျောက်ပါဘူး ”
“ နေ့တိုင်း တွေ့နေတဲ့ဥစ္စာ ၊ ထီး က ပြန်ကို မရဘူး ”
ဒါတော့ ... ကျွန်တော့်အမှား ဖြစ်၏ ။ ကိုမိုက်တီး နှင့် ကျွန်တော် အမြဲတွေ့သော်လည်း ဒီကိစ္စကို မပြောဖြစ်ကြ ။ ကျွန်တော့ ဘက်က သတိ မရသလို ကိုမိုက်တီး ကလည်း သတိရဟန် မတူ ။ ကျွန်တော့်ထံမှ အမြဲအနိစ္စ ဖြစ်တတ်သော ပစ္စည်းများက ထီး ၊ လက်ကိုင်ပုဝါ နှင့် မီးခြစ် များသာ ဖြစ်၏ ။ မကိုင်လိုက်နှင့် ၊ ကိုင်တာနှင့် သွားပြီသာ မှတ်ပေရော့ပဲ ။
“ မနက်ဖြန် တွေ့ရင် တောင်းမယ်ကွာ ... ။ စိတ်ချ ”
“ ထီး က ဒီတစ်ချောင်းပဲ ရှိတော့တာ ။ မိုးရွာရင် ဒုက္ခ ။ ဈေးထဲရောက် မှ ကိုင်းနှစ်ချောင်း ကျိုးနေတာ တွေ့တာ ”
“ ဈေးထဲမှာ ပြင်ခဲ့ရောပေါ့ကွာ ”
“ ဈေးထဲမှာ ထီးပြင်တဲ့သူ မရှိဘူး ။ အဲဒါ ... လုပ်ဦး ။ မိုးရွာရင် ဒုက္ခရောက်ဦးမှာပဲ ”
ကျွန်တော် ဘာမှ မပြောတော့ဘဲ အိမ်အပေါ်ထပ်သို့ တက်လာခဲ့သည် ။ ပန်းသီးဇာတ်လမ်း ကို ဆက်စဉ်းစားနေတုန်း ၊ ဘိုဘိုဟန်၏ “ အသည်းနှလုံး ကို ... ပန်းသီးလေးလို ... အအေးခန်းသေတ္တာထဲမှာ ... ထားစားရန် ” ဆိုသော သီချင်းကလေးကလည်း ပါမှကောင်းမည် ။
ကျွန်တော်တွေးနေ စဉ်းစားနေတုန်းမှာပင် အိမ်ရှေ့မှ အော်သံတစ်သံကို ကြားရ၏ ။
“ သော့တွေ ပြင်တယ် ၊ ထီးတွေ ပြင်တယ် ၊ ဂက်စ် ထည့်တယ် ”
ကျွန်တော့် အတွေးကို ခဏရပ်ကာ ဝမ်းသာအားရ လှမ်းကာခေါ်သည် ။
“ ထီးဆရာ ... လာပါဦး ”
အိတ်ကလေး လွယ်ကာ ထီးထုပ်ကလေး ထမ်းထားသူက ဆတ်ခနဲရပ်ကာ ကျွန်တော့်ကို ကြည့်သည် ။ ပြီးတော့ လက်ညှိုးကလေး တစ်ချောင်းကို ထောင်ကာ ပြ၏ ။ ကျွန်တော့် ခေါ်တာ ဟုတ်ရဲ့လား ဆိုသည့် သဘောပင် ဖြစ်လိမ့်မည် ထင်သည် ။ ကျွန်တော် ခေါင်းညိတ်ပြတော့ အိမ်ဘက်ကို လျှောက်လာသည် ။
“ ထီးပြင်ဆရာ လာပြီကွ ။ မင်းထီးက ဘယ်မှာလဲ ”
“ ထီးက ဆွဲခြင်းထဲမှာလေ ”
ကျွန်တော့် လေဒီချပ်ပြား က ငါးခူတွေကို နုတ်နုတ်စင်းနေရာမှ ပြန်ပြောသည် ။ ကျွန်တော် ထီးကို ယူကာ အိမ်ရှေ့သို့ ထွက်ရ၏ ။ ထီးပြင်ဆရာက အိန္ဒိယလူမျိုး ဖြစ်သည် ။ အဝတ်အစားက နွမ်းပါး၏ ။ နှုတ်ခမ်းမှာတော့ စီးကရက် တစ်လိပ်ကို ကလင့်အိစ်ဝုဒ် ပုံစံမျိုးနှင့် ခဲရင်း ကျွန်တော့် ထီးကို ဖွင့်ကာ လှည့်ပတ် ကြည့်သည် ။
“ အကို့ ထီးနော် ... ။ ခရိုင်တွေက လည်နေတယ် ။ ကိုင်းက နှစ်ချောင်းစလုံး နဖားကနေပြီး ကျိုးနေတယ် ။ ထီးအရွက်ကလည်း မကောင်းတော့ဘူး ။ အားလုံး ပြင်မလား အစ်ကို ”
“ ကိုင်း ကျိုးတာပဲ လဲပါကွာ ... ။ ကျန်တာ ရပါတယ် ”
“ တစ်ခါတည်း ကိုင်းရော ၊ ထီးရွက်ရော လဲပါလား အစ်ကို ။ ကျွန်တော့်မှာ ထီးရွက်အသစ်တွေ ပါတယ် ။ ဒီကောင်က နိုင်လွန် ။ သိပ်ခိုင်တယ် ။ နှစ်ရာ ပဲ ပေး ”
ကိုယ့်ဆရာက ထီးတွေ စုချည်ထားသော အလိပ်ကလေးကို ဖြည်ကာပြသည် ။ သူ့ဆီမှာ ရှိသည့် ထီးရွက်က ဘယ်လို လုပ် အသစ် ဖြစ်မှာလဲ ။ ထိုအချိန်မှာ မောင်မိုး က ပန်းသီးတစ်လုံး ကို ကိုက်ကာနေသည် ။ အိန္ဒြာကျော်ဇင် က သူ့ပန်းသီးကလေးတွေကို ဘယ်လို ချစ်ကြောင်း အေးသီတာ ကို ပြောကာ ပြနေ၏ ။
“ မလဲတော့ပါဘူးဗျာ .. ။ ကိုင်းကျိုးတာပဲ ပြင်ပါ ။ ဘယ်လောက် ပေးရမလဲ ”
ကိုယ့်ဆရာက ထီးကို လှည့်ပတ်ကာ ကြည့်ပြန်၏ ။
“ နဖားအသစ် တစ်ချောင်းပါ ထည့်မယ် ဆိုရင် တစ်ချောင်းကို ခုနစ်ဆယ့်ငါးကျပ် အစ်ကို ။ ခရိုင်ရွဲ့နေတာလည်း ပြန်ပြင်ပေးခဲ့မယ် ၊ ချုပ်လည်း ချုပ်ပေးခဲ့မယ် ”
“ အေး ... ချကွာ ”
ကိုယ့်ဆရာက သူလွယ်ထားသော လွယ်အိတ် အစုတ်ကလေးထဲမှ ထီးပြင်ဖို့ ကိရိယာတွေကို ထုတ်သည် ။ ကျွန်တော့် ထီး ၏ ကျိုးနေသော ကိုင်းကို ထည့်ရန်အတွက်တော့ သူ့ထံမှာ ပါလာသော ထီးအဟောင်းတစ်ချောင်းမှ ဖြုတ်ကာယူသည် ။ ပြီးတော့ သူပြင်ဆင်မှုကို စိတ်ဝင်တစား လုပ်တော့၏ ။ ကျွန်တော်ကတော့ ဘယ်ရယ် မဟုတ် စိတ်ဝင်တစား ကြည့်နေမိသည် ။
ထီးရွက် ကို အကုန်လှန်ကာ ပလာယာ နှင့်လည်း ညှပ်သည် ။ သွားဖြင့်လည်း ကိုက်သည် ။ လက်ဖြင့်လည်း လိမ်သည် ။ ပြီးတော့ ကျွန်တော့် ကိုလည်း စကားပြောသေး၏ ။
“ အခု ထီးတွေနော် ၊ တော်တော် ဈေးတက်သွားပြီ အစ်ကို ။ ကြော်ငြာမှာ ပါတဲ့ ထီးတွေက ပို ဈေးကြီးတယ် အစ်ကို ။ အစ်ကို့ ထီးက ကြော်ငြာထီးပဲ ။ အရင်တုန်းက ကြက်ဆင်ဖဲထီးတွေ သိပ်ကောင်းတယ် အစ်ကို ။ အခု ထီးတွေနော် ပါးတယ် ၊ ပေါ့တယ် ၊ ပျက်လွယ်တယ် ”
ကိုယ့်ဆရာက ထီးပြင်ရင်း အပျင်းပြေ စကားတွေပြောကာနေ၏ ။ ကျွန်တော်ကလည်း သူ့စကားတွေကို အင်း ... အဲတော့ လိုက်ပေးရ၏ ။
“ ကျွန်တော့် အဖေနော် ထီးပြင်တယ် ၊ ဖိနပ်ချုပ်တယ် ။ ကျွန်တော် ဒီ အမွေကို ရတယ် ။ ညီအစ်ကို ခြောက်ယောက်ထဲမှာ ကျွန်တော်ပဲ အဖေ နဲ့ တူတယ် ”
“ ဟုတ်လား ... ကောင်းတာပေါ့ ။ ကောင်းတယ် ”
“ ဒီပစ္စည်းတွေက ကျွန်တော့် အဖေ လက်ထက်ကတည်းက ပစ္စည်းတွေ အစ်ကို ။ အဖေ က ကျွန်တော့် ကိုပဲ ပေးတယ် ”
“ ဪ ... မိဘ အမွေပဲ ။ ကောင်းတယ် ”
ဒီလို စကားပြောရင်း ပြင်ရင်းနှင့် ကျိုးနေသော ထီးကိုင်း နှစ်ကိုင်းတို့ တပ်ပြီးသွားသည် ။ သူ့ original မဟုတ်သဖြင့် ကျိုးနေသော ထီးကိုင်းနေရာတွင် အသစ်တပ်ထားသော ထီးကိုင်းကို လေပစ်တွင် ဝင်အောင် တူနှင့် ထုကာ နန်းကြိုး နှင့် ဆက်ရမည့်နေရာသို့ရောက်တော့ ကိုယ့်ဆရာ က အောက်က ထီးကိုင်းကို တင်ထုစရာ နေရာ ရှာသည် ။
ကိုယ့်ဆရာ ပြင်နေတာက အိမ်ရှေ့မြေကွက်လပ်မှာ ဖြစ်သည် ။ ထို့ကြောင့် ကိုယ့်ဆရာက တင်ထုစရာ ဟိုဟိုဒီဒီရှာတော့ ကျွန်တော်နေသောအိမ်မှာ ရေအပြည့် မောင်းထားသော အုတ်ကန်ကို သွားတွေ့ကာ ထီး နှင့် တူ ကို ယူကာ ထွက်သည် ။
“ ကြေးနန်းကြိုး ချည်ထားပေမဲ့ လေပစ်တွေကိုပါ ခိုင်အောင် ရိုက်ပေးခဲ့မယ်အစ်ကို ။ စိတ်သာချ ။ ကျန်တဲ့ကိုင်းသာ ကျိုးရင် ကျိုးမယ် ၊ ကျွန်တော့် ကိုင်းက မကျိုးစေရဘူး ”
“ ကောင်းသလိုသာ ကြည့်လုပ်ပါဗျာ ”
အုတ်ကန်ဘောင်ပေါ်မှာ ထီးရွက်တွေကို ဖြန့်ရင်း ခက်ခက်ခဲခဲ တူဖြင့် အသာထုရိုက်နေတုန်း တူ က သစ်သားလက်ကိုင်ဦးမှ ပြုတ်ကာ တူဦးခေါင်း က ရေထဲသို့ ကျကာသွား၏ ။
“ ဟာ ... ဒုက္ခပဲ အစ်ကို ။ ရေကန်ထဲ တူခေါင်း ကျသွားပြီ ”
ကျွန်တော်လည်း မြင်နေရက်မို့ ဘာမှ မပြောသာ ။ ရေကန်ကလည်း ဒီနေ့မှ ရေအပြည့် မောင်းကာထားပြီးသား ဖြစ်နေသဖြင့် ရုတ်တရက် ဘာလုပ်ရမှန်း မသိ ။ ကိုယ့်ဆရာကလည်း သူ့ နှုတ်ခမ်းမွှေး နှင့် မုတ်ဆိတ်မွှေး ကို ပွတ်ကာသပ်သာဖြင့် ရေကန်ကို ငုံ့ကြည့်ကာ စိတ်လှုပ်ရှားနေဟန် တူသည် ။
“ ဘာလုပ်ရမလဲ အစ်ကို ။ ကျွန်တော် ရေကန်ထဲ ဆင်းဆယ်ရမလား ”
“ မှတစ်ပါး အခြား မရှိပြီ ” ဟု ကျွန်တော့် စိတ်ထဲ ရေရွတ်လိုက်မိသည် ။ ထို တူ ကလည်း သူ့အဖေ အမွေပေးထားခဲ့သော တူ မဟုတ်လား ။ ပြီး ကိုယ့်ဆရာက မေးသာ မေးသည် ။ သူ့ အပေါ်အင်္ကျီ ကို ချွတ်ပြီးသား ဖြစ်နေ၏ ။
“ ဒီ တူကလေး မရှိရင် ဘာအလုပ်မှ ဆက်လုပ်လို့ ရတော့မှာ မဟုတ်လို့ပါ အစ်ကိုရာ ”
“ အေးကွာ ... ဆင်းပေါ့ ။ ဒါပဲ ရှိတာပဲ ”
ကိုယ့်ဆရာ က လေးပေခန့် ရှိသော ကျွန်တော့် အုတ်ရေကန်ကလေးထဲကို ခါးတောင်းမြောင်နေအောင် ကျိုက်ကာ ဆင်းသည် ။ ပြီးတော့ သူ့ တူခေါင်းလေးကို ရေငုတ်ကာ ရှာ၏ ။ တူခေါင်းတွေ့တော့ သူ့တစ်ကိုယ်လုံး ရေတွေ စိုနေပြီ ။
“ တွေ့ပြီ အစ်ကို ။ ကျွန်တော် ရေပါ တစ်ခါတည်း ချိုးလိုက်တော့မယ်နော် ”
ကိုယ့်ဆရာက ရေကန်ထဲက တက်ရင်း ကျွန်တော့်ကို ခွင့်တောင်းသည် ။ ကျွန်တော် ဘာတတ်နိုင်မည်နည်း ။ သူ့တစ်ကိုယ်လုံးလဲ ရေတွေစိုနေပြီ ။
“ အေးကွာ .. ချိုးပေါ့ ”
ကိုယ့်ဆရာက ရေကို ကျကျနန အားရပါးရ အေးအေးဆေးဆေးကို ချိုးသည် ။ ရေချိုးရင်း ကုလားလို သီချင်းများကလေးပင် ဆိုလိုက်သေး၏ ။ ရေမိုးချိုးပြီးတော့မှ ကျွန်တော့် ထီးက ကျန်သောအစိတ်အပိုင်းတွေကို ဆက်ကာ ပြင်သည် ။ ပြင်ပြီးတော့ လုံချည်ရေစိုကလေးနှင့် ကျွန်တော့်ကို ပြောသည် ။
“ အစ်ကို ကျွန်တော့် ကို လုံချည်တစ်ထည် ပေးပါလား အစ်ကို ”
ကျွန်တော် တစ်ချက်စဉ်းစားသည် ။ လုံချည် ရေစိုကြီးနှင့် သူ တစ်နေ့လုံး ထီးပြင်ဖို့ လျှောက်အော်နေလို့ ရပါ့ မလား ။
“ စိတ်ချပါအစ်ကို ။ နောက်နေ့ အစ်ကို့လုံချည် နဲ့ ကျွန်တော့်လုံချည် လာလဲပါ့ မယ် ”
“ ဟာ ... ကိစ္စမရှိပါဘူးဗျာ ။ ပေးမယ် ... ခဏလေး ။ မိန်းမရေ မိန်းမ ။ ငါ့ လုံချည်တစ်ထည်လောက် ပေးပါဦး ဟ ”
" ဘာတောင်းတာလဲ ။ ဘာလဲ ... ”
လေဒီချပ်ပြား က ဟင်းချက်နေရာမှ လှမ်းကာ အော်သည် ။
“ လုံချည် လုံချည် တစ်ထည်လို့ ”
ကိုယ့်ဆရာက သူ့လုံချည် ရေစိုကြီးနှင့်ပင် ကျွန်တော့်ထီး ကို ဖွင့်ကာပြရင်း အဆင်ပြေသွားပြီးဖြစ်ကြောင်း ပြော၏ ။ သုံးလေးငါးခါလည်း ဖွင့်ကာ ပြသည် ။
“ လုံချည်ဆို ... ။ရော့ ... ။ဟင် ... ဒါက ဘယ်လို ဖြစ်ရတာတုန်း ”
ကျွန်တော့် လေဒီချပ်ပြားက နားမလည်သလို မေးသည် ။ ကျွန်တော် အိမ်ရှေ့ရေကန်နားက လုံချည်တောင်းသဖြင့် ကျွန်တော် ရေချိုးနေတာဟု သူထင်ပုံရသည် ။ အခုရောက်လာတော့ ရေချိုးနေသူက ကု -လားကြီး ဖြစ်ကာနေသဖြင့် နားမလည်ဟန် တူသည် ။ ရေချိုးသံကိုလည်း သူ ကြားဟန်တူသည် ။
“ တူက ရေထဲ ကျသွားလို့ကွာ ။ ကဲကဲ ... လုံချည်ပေး ”
မိန်းမထံမှ လုံချည်ကို လှမ်းယူလိုက်သည့် အခါတွင်မှ ကျွန်တော့်မှာ ခံစားချက်တစ်ခု သွားပေါ်သည် ။ လုံချည်က အကောင်းကြီး ။ ကျွန်တော် အိမ်နေရင်းဝတ်သည့် လုံချည်မျိုး မဟုတ် ။ ဒီလုံချည် သူ့ကို ပေးလိုက်လျှင် ပြန်ရ မရ မသေချာ ။
သို့သော် လုံချည်ကို လှမ်းယူပြီးမှ ကိုယ့်ဆရာကို လှမ်းမပေးဘဲ အကောင်းမို့ ပြန်လဲရမှာကိုလည်း ကျွန်တော် အားနာကာ ရှက်နေမိသည် ။ သူကလည်း လက်လှမ်းကာနေပြီ ဖြစ်သည် ။ “ ပစ္စယော ဟောတု ” ဟု မရွတ်မိဘဲ ကျွန်တော် လုံချည်ကို လှမ်းပေးလိုက်သည် ။
ကိုယ့်ဆရာက လုံချည်ကို လဲဝတ်ကာ သူ့နှုတ်ခမ်းမွှေး ၊ ပါးသိုင်းမွှေးကို သူ့လုံချည်ရေစိုကလေးနှင့် ပွတ်ရင်းပြောသည် ။
“ စိတ်ချနော် အစ်ကို ။ မနက်ဖြန် ကျွန်တော် လုံချည် လာလဲပါ့မယ် ။ ကျွန်တော့် လုံချည် ဒီမှာပဲ လှမ်းထားခဲ့မယ် ။ ဂက်စ်မီးခြစ်တွေ ဘာတွေ ရှိလား အစ်ကို ။ ကျွန်တော် ဂက်စ် ထည့်ပေးခဲ့ပါ့မယ် ”
“ အား ... ရပါတယ်ကွာ ။ နေပါစေ ”
ခဏကြာတော့ “ သော့တွေပြင်တယ် ၊ ထီးတွေပြင်တယ် ၊ ဂက်စ်ထည့်တယ် ” ဆိုသော အော်သံနှင့်အတူ ကိုယ့်ဆရာ ထွက်ကာ သွား၏ ။ သူထွက်သွားပြီး သိပ်မကြာ ကျွန်တော် နှင့် လေဒီချပ်ပြား တို့ ရန်ဖြစ်ကြသည် ။
“ ထီးပြင်တာ ပြင်ပါ ။ ရေမိုးချိုးပြီး လုံချည်ပါ ပေးလိုက်ရတယ်လို့ ။ မပြောချင်ဘူး ”
“ သူ့ အခြေအနေနဲ့ သူ ဖြစ်တာပဲကွာ ။ ငါ ဘာတတ်နိုင်မှာလဲ ။ သူ နောက်တစ်နေ့ လာပေးမယ် ပြောတာပဲ ”
“ လာပေးမလား ။ ဟင်း ... ဟင်း မပြောလိုက်ချင်ဘူး ။ လုံချည်က အကောင်းကြီး ”
“ အေး ... အဲဒါ မင်းပဲ ပေးတာမဟုတ်လား ”
“ ဘယ်သိမလဲ ၊ ရှင် ရေချိုးနေတယ် ထင်တာကိုး ။ ပြောလိုက်ရင်လည်း အာဒံ နဲ့ ဧဝ နဲ့ ဘာမှန်းကို မသိဘူး ။ အခု လုံချည်တစ်ထည် ဆုံးပြီ ”
“ ဟေ့ ... မင်းပါးစပ် ပိတ်ထားစမ်းကွာ ”
“ ပြောစရာ ရှိရင်တော့ ပြောရမှာပဲ ။ မတတ်နိုင်ဘူး ”
“ တော်ဆို တော်စမ်းကွာ ။ သူ ပြန်လာပေးမယ်လို့ ပြောသွားတာပဲ ”
ကျွန်တော့် လေဒီချပ်ပြား က မျက်နှာကို မဲ့ကာ ကျွန်တော့် ကို ပြန်ပြော၏ ။
“ ဘာလဲ ... ။ နောက်ကမ္ဘာမှာ နောက် အာဒံ က နောက် ဧဝ ကို ပန်းသီးကျွေးတဲ့နေ့ ကျမှ ပြန်ပေးမှာလား ”
တစ်ခါတစ်ရံ မိန်းမတွေ က တစ္ဆေ နဲ့ တူပါသည် ။ သူတို့ သိနေတာတွေက မှန်နေတတ်၏ ။ ကျွန်တော့် ထံတွင် ထို လုံချည်အစုတ်ကလေး ယနေ့ထက်တိုင် ရှိပါသည် ။ “ ထီးပြင်တယ် ” ဆိုသော အသံကြားတိုင်း ကျွန်တော် အိမ်ရှေ့ကို ထွက်ထွက်ကြည့်နေမိသည် ။ သို့သော် ကျွန်တော် တွေ့သော ထီးပြင်သမားက မုတ်ဆိတ်မွှေး မပါ ။ ကျွန်တော့် လုံချည် အသစ်ကလေး ကိုလည်း မည်သူမှ ဝတ်ထားသူများ မဟုတ်ကြပါ ခင်ဗျား ။
◾ နီကိုရဲ
📖 ကျွန်တော် နှင့် ဈေးသည် အလွဲများ
koaungnaingoo.blogspot.com
.
No comments:
Post a Comment