❝ ကိုယ့်လိပ်ပြာ ကိုယ်လန့်နေပြီ ❞
ကလော တောင်စွယ် ပင်းဒယ မြေမြင့်မှ ဆင်းပြီး ယင်းမာပင် စိမ့်ကြီးမြိုင်ကြီး တို့မှ ထွက်ကာ
သာစည်လွင်ပြင် သို့ ဝင်ခဲ့ကတည်းက ကျွန်တော့် မှာ ညလုံးပေါက် ပွဲကြည့်ထားပြီး တစ်ရေးမှ
မအိပ်ရသေးသူနှင့် တူနေလေသည် ။ ညက သီချင်းသံ ဆိုင်းသံ ဗုံသံကို ကြားနေရသေးသည် ။
ညက ကကြခုန်ကြသည်ကို မြင်နေရသေးသည် ။ နေ့ခင်းကြောင်တောင် တကယ် ကြားနေရသော
အသံများကို မကြားသယောင်ယောင် ၊ တကယ်မြင်နေရသောအရာများကို မမြင်သယောင်ယောင် ၊
သည်ကဲ့သို့ဖြစ်နေသည်မှာ ရန်ကုန် သို့ ပြန်ရောက်သည့်တိုင်အောင်ပင် ဖြစ်လေသည် ။ ရွှေညောင်
ဘူတာ မှာ လန့်ပြေးသော ခါတွန်သံ ၊ အေးအေးလူလူ ကျူးရင့်လိုက်သော ဘုတ်သံ တို့နှင့်အတူ
မမြမှီ ၏ ချစ်ရေးဆိုသံ ငိုသံရှိုက်သံ တို့ကို ကြားယောင်နေလေသည် ။
ကြည်လင်အေးမြသော အင်းလေးကန် ရှုကွင်းနှင့်အတူ ရေလယ်ဗိုလ်တဲ ပေါ်တွင် တာကျိုးပေါက်သဖြင့် ဒလဟောစီးဆင်းအပ်သော ရေအဟုန်ကဲ့သို့ အာသာရမ္မက်ဖြင့် တက်ကြွဝင်းထိန်နေသော
မမြမှီ ၏ မျက်နှာကို မြင်ယောင်ထင်ယောင် နေလေသည် ။ ကလောမြို့ ၏ ပန်းမျိုးစုံနှင့်အတူ
နည်းမျိုးစုံဖြင့် နှစ်ယောက်သား ချစ်ကြ ၊ ခင်ကြ ၊ ညုကြ ၊ တာကြ ၊ ပျော်ကြ မြူးကြပုံတို့ကို
အမှတ်ရ နေလေသည် ။
ရန်ကုန်ဘူတာကြီး မှာ လူစုခွဲကြသည် ။ မမြမှီ ၊ သိန်းသိန်း နှင့် မချို တို့က အကြိုလာသောကားဖြင့်
တစ်လမ်းသွားကြသည် ။ ကျွန်တော် ကား ဘူတာရုံအပေါက်ဝ ကူလီ ချပေးသွားသော သေတ္တာ နှင့်
အထုပ်များဘေးမှာ ရပ်နေရစ်ခဲ့သည် ။ ကြောင်တက်တက် ဖြစ်နေပြီး လန်ချား ခေါ်ရန်ပင် သတိမရ ။
စိတ်ထဲမှာ ဟာတာတာကြီး ဖြစ်နေသည် ။ နှင်းငွေ့ဝေဝေ တွင် တိုက်ခတ်လာသော လေပြည်အေးကို
ရှူရှိုက်ရာမှာလည်း အတူတူ ၊ ပန်းမျိုးစုံအလှကို မြတ်နိုးမ က် မောရာမှာလည်း အတူတူ ၊ သွားအတူ ၊
လာအတူ ၊ သောက်အတူ ၊ စားအတူ ၊ လည်ချင်းယှက်တွဲ ပျော်ပွဲခံပြီး ကိုယ့်အသိုက် ကိုယ့်အဝန်း
ကိုယ့်အိမ် ကိုယ့်ရာသို့ အတူတူပြန်ရခြင်းသာ သဘာဝကျပေမည် ။ ယခုမူ ကျွန်တော့် အဖြစ်ကား
သဘာဝ မကျ ၊ မမြမှီ က အိပ်ရာပေါ်မှ မထနိုင်သော နာတာရှည် လင်ကြီး ထံသို့ ပြန်ရလေပြီ ။
ကျွန်တော် ကား အပြင်က ဓာတ်ရထား ၊ မော်တော်ကားသံ တို့ဖြင့် ဆူညံနေသော ၊ အတွင်းမှာ
အောက်ထပ်မှ အပေါ်ထပ်သို့ မှန်မှန်ကြီးတက်လာတတ်သော မီးခိုးဖြင့် အသက်ရှူကျပ်သော
ပျင်းရိငြီးငွေ့ဖွယ်ရာ အဖော်များနှင့် အတူနေရသော ရှုပ်ထွေးသည့် အခန်းသို့ ပြန်ရလိမ့်မည် ။
ကျွန်တော် သည် အဘယ်မျှကြာအောင် အထုပ်အပိုးများဘေးမှာ ရပ်နေမိသည်မသိ ။ ကျွန်တော့်
ရှေ့မှာ သွားလာနေကြသော လူများ ၊ မော်တော်ကား ၊ မြင်းရထားနှင့် လန်ချားများကို မြင်နေရပါလျက် မမြင်သလို ထင်မိသည် ။ ၎င်းတို့အသံတွေကို ကြားနေပါလျက် မကြားသလို ထင်မိသည် ။ တကယ်ပင် ညလုံးပေါက်ပွဲကြည့်ထားပြီး တစ်ရေးမှ မအိပ်ရသေးသောသူနှင့် တူလေသည် ။
“ လန်ချားဆပ် ” ဟူသော အသံတစ်သံနှင့် ကျွန်တော့်ရှေ့မှာ ထိုးရပ်လိုက်သော လန်ချားက̶̶ု̶̶လ̶̶ာ̶̶း̶
သည် ကျွန်တော့် အား လန့်ဖျပ်တုန်လှုပ်သွားစေလေသည် ။
“ ဆပ် ဘယ်က ပြန်လာသလဲ ”
သတင်းစာတိုက် မှ ညဉ့်နက်သန်းခေါင် အပြန်တွင် တွေ့ရတတ်သော လန်ချားက̶̶ု̶̶လ̶̶ာ̶̶း̶ မျက်နှာသိ
ဖြစ်လေသည် ။
“ ဟိုအထက်က ပြန်လာတာကွ ”
လန်ချားက̶̶ု̶̶လ̶̶ာ̶̶း̶ သည် လန်ချားကို ထိုးဆိုက်ထားပြီး ကျွန်တော့် အထုပ်အပိုးများကို တင်ရန်
ဟန်ပြင်နေသည် ။
“ ဆပ် အိမ်ပြန်မယ် မဟုတ်လား ”
“ အေး ”
ကျွန်တော်ကား လန်ချားက̶̶ု̶̶လ̶̶ာ̶̶း̶ ကို ခေါ်မိသည်လည်း မဟုတ် ။ ခိုင်းလည်း မခိုင်း ။ သို့သော်
လန်ချားက̶̶ု̶̶လ̶̶ာ̶̶း̶ လုပ်သမျှ ကြည့်နေလိုက်သည် ။ သူက အထိုင်ခိုင်းတော့ လန်ချားပေါ် တက်ထိုင်
လိုက်သည် ။ သူ ဆွဲခေါ်ရာသို့ လိုက်သွားလေတော့သည် ။
လမ်းဓာတ်မီးရောင် တွင် ကျွန်တော် တို့ အခန်းရှေ့ ဝရန်တာ မှာ ကိုတင်အေး ရပ်နေသည်ကို တွေ့ရလေသည် ။ သူသည် အပြုံးဖြင့် ကျွန်တော့် အား ဆီးကြိုလိုက်သည်မှတစ်ပါး ထွေထွေထူးထူး
နှုတ်မဆက်တော့ပါ ။
ဗေဒကဝိန် ဦးတက်ရှိန် မှာမူ အိမ်တွင် မရှိပေ ။ သို့သော် သူ၏အလုပ်ကား အိမ်တွင်ပင် ဖွံ့ဖြိုးနေဟန်တူ၏ ။ ငှက်ပျောစိမ်း ၊ အုန်းစိမ်း ပါသော ကန်တော့ပွဲများတွင် နံ့သာတိုင်များ အငွေ့တလူလူနှင့်
ရှိကြသည် ။
ကိုတင်အေး က ဆီး၍ တံခါးဖွင့်ပေးသည်မှ တစ်ပါး ကျွန်တော့် အား ဘာတစ်ခုမျှ မကူညီ ။ ဝန်စည်စလယ်များကို ကျွန်တော့်ဘာသာ နေရာချထားနေသည်ကို သူ၏ မည်းနက်သောမျက်နှာမှ ဖြူဖွေးသော သွားများ ဝင်းခနဲပေါ်အောင် ပြုံးပြီး ကြည့်နေလေသည် ။
“ ဘယ့်နှယ် ခရီးထွက်တာ အတော်ကြာသွားပါကလား ၊ ပျော်ခဲ့ရဲ့လား ”
ကျွန်တော် သည် အပေါ်အင်္ကျီချွတ်ရင်း မချိပြုံး ပြုံးကာ -
“ ပျော်လှတယ်တော့ မဟုတ်ပါဘူးဗျာ ” ဟု ဖြေပြီး တစ်ခုတည်းသော ပက်လက်ကုလားထိုင် သို့
သွားထိုင်ရန် ဟန်ပြင်လိုက်လေသည် ။ ကိုတင်အေး က ဦးနှင့်အောင် သွားထိုင်လိုက်သောကြောင့်
ကျွန်တော့် မှာ ကိုယ်မောရုံသာမက စိတ်ပါ မောသွားရလေသည် ။ စိတ်ပျက်ပျက်ဖြင့် ဆောင့်ကြောင့်
ထိုင်ပြီး ခြင်းတောင်း တစ်ခုထဲမှ လက်ဖက်ခြောက်ထုပ်များ နှင့် လိမ္မော်သီးများ ကို ထုတ်ယူ၍
ကြမ်းပြင်ပေါ်သို့ ချထားနေသည် ။
“ ရှမ်းပြည် က ဘာတွေများ ယူခဲ့သလဲဗျ ”
“ ဘာမှ မယူခဲ့ပါဘူး ”
အေးစက်သော ကျွန်တော့် အဖြေကြောင့် ကိုတင်အေး ကုပ်သွားလေသည် ။ အတန်ကြာမှ -
“ လိမ္မော်သီးတွေ လက်ဆောင်ရလာသလား ”
ကျွန်တော် သည် အကြံတစ်ခု ရပြီး လိမ္မော်သီးကိုင်ပြီး ကိုတင်အေး အား ပေးလိုက်သည် ။
“ စားပါဦး ”
ပြုံးစိစိဖြင့် ကြည့်နေသော ကိုတင်အေး သည် ပါးစပ်ကြီး ပြဲသွားအောင် ပြုံးပြီး “ နေပါစေဗျာ ” ဟု ဆိုကာ လိမ္မော်သီး ကို လှမ်းယူလိုက်လေသည် ။ လိမ္မော်သီး ကိုင်ပြီး ပက်လက်ကုလားထိုင် မှာ
ထိုင်မြဲ ထိုင်နေပြန်သဖြင့် ကျွန်တော် သည် ပိုကောင်းမည် ထင်ရသော လိမ္မော်သီးတစ်လုံးကို
နောက်ထပ် ပေးရင်း -
“ စားကြည့်စမ်းပါဗျ ၊ ရန်ကုန် မှာ မပေါ်သေးဘူး ၊ ဟိုမှာတောင် ပေါ်ခါစ ရှိသေးတယ် ”
ကိုတင်အေး သည် ထို လိမ္မော်သီး ကို လက်ခံပြီးနောက် အိမ်ရှေ့ ဝရန်တာ သို့ ထွက်သွားလေသည် ။
သူကား အပြင်လောကကို ကသိုဏ်းရှုရင်း လိမ္မော်သီး စားနေလေသည် ။ ကျွန်တော် လည်း
ပက်လက်ကုလားထိုင် မှာ သွားထိုင်ပြီး မှိုင်တွေချနေလိုက်ပြီး တစ်ရေးမှ မအိပ်ရသေးသောသူနှင့်
ပို၍ တူလာသည် ။ ပက်လက်ကုလားထိုင် ပေါ်မှာ မလှုပ်မယှက်ခွေနေစဉ် ကလော မီးရထားခုတ်သံကို
ကြားနေရသည် ။ တကယ် လာနေသော အသံကား ဓာတ်ရထားအသံ ဖြစ်သည် ။ မမြမှီ ၏ ပွန်ပီယာ က
သင်းမြနေသည် ။ တကယ်မှာတော့ အောက်ထပ် က ညှော်နံ့က တက်လာလေသည် ။
ပက်လက်ကုလားထိုင် ပေါ်မှာ ခွေပြီး အတော်ကြာ ငေးမောမိလေသော် အသံဗလံများလည်း
ရောထွေးသွားကာ တဝုန်းဝုန်းနှင့်သာ လုံးပြီး ကြားနေရသည် ။ နောက် လုံးလုံးပင် မကြားရတော့ချေ ။
“ ဟာ ကိုတင်ထွန်း ပြန်ရောက်နေမှကိုး ” ဟူသော စကားသံနှင့် တံခါးပိတ်လိုက်သံကြောင့် လန့်နိုး
လေသည် ။ ဗေဒကဝိန် ဆရာဦးတက်ရှိန် သည် ကျွန်တော့် ရှေ့မှာ ရပ်နေလေသည် ။
“ ဟုတ်တယ် ဆရာ ၊ မီးရထားတောက်တာနဲ့ ငြီးစိစိ ဖြစ်နေတယ် ”
ဦးတက်ရှိန် သည် အိတ်ထဲ မှ ပုလင်းငယ်ငယ်ကလေး တစ်လုံးကို ထုတ်ပေးရင်း -
“ ဟောဒီ နှာ ရှူလိုက်စမ်း ၊ ပေါ့သွားလိမ့်မယ် ”
“ ကိစ္စမရှိဘူး ဆရာ ၊ နေပါစေ ”
“ ဘယ် ကိစ္စမရှိရမှာလဲ ၊ ကဲ ရှူလိုက်စမ်း ၊ ရှူပြီးတော့ ရေချိုးလိုက် ”
ကျွန်တော်ကား ငြင်းပယ်ခြင်းငှာ မစွမ်းတော့ချေ ။ ကျွန်တော် က နှာကို ရှူနေစဉ် ဦးတက်ရှိန် သည်
လက်ဖက်ခြောက်ထုပ် နှင့် လိမ္မော်သီးများကို ကြည့်ပြီး -
“ လက်ဆောင်ပေးဖို့ ယူလာသလား ၊ ဆရာကိုရွှေဖေ တို့ အိမ်ဖို့ ပါခဲ့ရဲ့လား ”
“ ပါပါတယ်ဆရာ ၊ ရွှေဖီလွတ်လက်ဖက်ခြောက်တွေ အများကြီးပါပဲ ၊ ခွဲပေးရမှာပဲ ”
“ မင်း ဦးလေးမြင့် ဖို့ကော ပါရဲ့လား ”
“ ပါပါတယ် ”
“ ဆရာကိုရွှေဖေ ရဲ့ မိန်းမ မညွန့် က မင်း ပြန်ရောက် မရောက် ခဏခဏ အမေးလွှတ်တယ် ”
ကိုတင်အေး က ပြုံးဖြီးဖြီး နှင့် ကြားဝင်ပြီး -
“ မေးဆို ဆရာရယ် ၊ ကိုတင်ထွန်း က မခင်သစ် ကို စာသင်ပေးနေတာကို ၊ ခုတော့ သူ့ခမျာ စာသင်ပျက်နေတာ ကြာရှာပြီကော ”
ကျွန်တော်ကား မခင်သစ် ဟူသော နာမည်ကို ကြားရလျှင်ပင် လိပ်ပြာလန့်နေသည် ။ မခင်သစ်
အပေါ် သစ္စာမဲ့ခဲ့သည် မဟုတ်ပါလော ။ သို့ရာတွင် ဒါတွေကို အကျယ်ချဲ့၍လည်း မတွေးနိုင် ၊
ဆရာဦးတက်ရှိန် နှင့် ကိုတင်အေး တို့၏ ပြောကြဆိုကြသော စကားများကိုလည်း မတုံ့ပြန်နိုင် ၊
ဟပ်ချိုးဟပ်ချိုး နှင့် ချေ၍ နေရလေသတည်း ။
အားရအောင် ချေပြီးနောက် ဆရာဦးတက်ရှိန် ညွှန်ကြားသည့်အတိုင်း ရေချိုးလိုက်လေသည် ။
အတော်ပင် ပေါ့ပါးကြည်လင်သွားပေ၏ ။
ကျွန်တော် ရေချိုးပြီး အဝတ်အစားလဲပြီးချိန်တွင် ဆရာဦးတက်ရှိန် ကား ကန်တော့ပွဲများရှေ့တွင်
ပုတီးစိပ်လျက်ရှိသည် ။ ကိုတင်အေး ကား သူ့ အလုပ်ခုံတွင် လသာမှန်အိမ် ထွန်းပြီး တံဆိပ်တုံး
ကလေးများကို အချောကိုင်နေလေသည် ။ ကျွန်တော့် မှာ ညနေစာ မစားရသေးသည်ကို သတိရလာလေသည် ။ ခါတိုင်းဆိုလျှင် မခင်သစ် အား စာပြနေပြီး သူတို့ အိမ်မှာပင် ထမင်းစားလေ့ ရှိသည် ။ ခု
သူတို့ဆီ သွားလိုက်ရလျှင် မကောင်းပေဘူးလား ။ ကလော က ယူလာသော လက်ဆောင်များလည်း
ပေးစရာ ရှိနေသည် ။
ကျွန်တော် သည် မခင်သစ် နှင့် တွေ့ရမည်ကို မျက်နှာပူ သလိုလို ဖြစ်နေလေသည် ။ ကိုယ့်လိပ်ပြာ
ကိုယ် လန့်နေသည် ။ မခင်သစ် က အပြစ်မဲ့ သန့်စင်သည် ။ ကျွန်တော် ကား အပြစ်များဖြင့်
ညစ်ညမ်းနေသည် ။ ကိုယ့်အချစ်ဆုံး ဟု ထင်ခဲ့သော မခင်သစ် အပေါ်မှာ သစ္စာဖောက်ပြီး ရွယ်တူ
ရွယ်တန်း မဟုတ်သော ၊ မလွတ်လပ်သော မမြမှီ နှင့် စခန်းကုန် ကျူးလွန်ဖောက်ပြားခဲ့လေပြီ ။
ဤအကြောင်းကို သစ်သစ် အနည်းငယ်မျှ ရိပ်မိသိရှိမည် မဟုတ် ။ သို့သော် ကျွန်တော် ကား ကိုယ့်
အပြစ် ကို လွယ်လင့်တကူ မေ့ဖျောက်၍ ရသူ မဟုတ် ။ ကိုယ့်အပြစ် ကို မသိသူလေးအား အပြစ်မရှိ
လေဟန် မျက်နှာပြောင် တိုက်၍ ချဉ်းကပ်ရဲသူ မဟုတ် ။ အတွေ့အကြုံ သည်ထက်သည် များလာလျှင်ကား ရဲကောင်း ရဲလာလေမည် ။ နုနယ်ပျော့ခွေသော ကျွန်တော့် နှလုံးသား သည် တဖြည်းဖြည်း
မာကျောတောင့်တင်း လာကောင်းပါ၏ ။
ညဈေးတန်း တွင် တစ်ခုခု ဝယ်စားရန် ထွက်တော့မည်ဟု ဟန်ပြင်နေစဉ် ဆရာဦးတက်ရှိန် က ပုတီးစိပ်နေသော ဣန္ဒြေ ' သံပတ်ခွေ ' ကို လျှော့လိုက်ပြီး -
“ ကိုတင်ထွန်း ဘယ်သွားမယ်လို့လဲ ”
“ ညဈေးတန်း လျှောက်မယ်လို့ ခင်ဗျ ”
“ ဆရာရွှေဖေ တို့အိမ် သွားလိုက်ပါဦး ၊ ဒေါ်ညွန့် က တော်တော် မျှော်နေဟန် ရှိတယ် ။ ကိုရင်
ပြန်မလာသေးဘူးလားလို့ ခဏခဏ မေးနေတယ် ”
“ နက်ဖြန်မှ သွားမယ်လို့ အောက် မေ့တယ် ခင်ဗျ ”
“ ခုည သွားလိုက်တာ မကောင်းဘူးလား ။ လက်ဆောင် ပို့စရာလည်း ပို့ပစ်လိုက်တာ ကောင်းတယ် ၊
တော်တော်ကြာ လူနိုင်တွေ လာလို့ ပေးစရာ မကျန် ဖြစ်တတ်တယ် ။ ပြီးတော့ မရွှေသစ် လည်း
တော်တော် မကျန်းမမာ ဖြစ်နေတယ် ”
“ ဪ ဒေါ်ဒေါ်ရွှေ လည်း နေမကောင်းဘူးလား ”
“ ဟုတ်တယ် ၊ အစာတောင် မဝင်တာ ကြာသွားပြီ ”
“ ဟုတ်ကဲ့ ၊ ဒါဖြင့် ကျွန်တော် သွားလိုက်ပါ့မယ် ”
ကျွန်တော် ကား သူတို့ အိမ်သို့ မသွားလို့ မဖြစ်တော့ပြီ ။ မခင်သစ် နှင့် မျက်နှာချင်း မဆိုင်ရလျှင်
ကောင်းလိမ့်မည် ။
လက်ဖက်ခြောက် နှင့် လိမ္မော်သီးများ ကို ယူခဲ့သည် ။ ရေကျော် ညဈေးတန်းကား စည်ကားလှ၏ ။
မြန်မာကွမ်းယာဆိုင် ၊ မြန်မာဆံပင်ညှပ်ဆိုင် နှင့် မြန်မာသမဝါယမဆိုင်များကား ထိုခေတ် ထိုအခါ၏
စီးပွားရေးကြေးမုံများ ဖြစ်နေ၏ ။ ရေကျော်ဘူးသီးကြော် မှာ နာမည်ကြီးလှသဖြင့် ရန်ကုန်မြို့
အခြားရပ်ကွက် များမှ တကူးတက လာရောက်ပြီး စားကြရလေသည် ။
မခင်သစ် တို့ အိမ်သို့ လှမ်းနေသော ကျွန်တော့် ခြေလှမ်းများမှာ ခါတိုင်းလို မသွက်လက် ၊ လေးကန်တွေဝေနေသည်ဟု ထင်၏ ။
အိမ်အောက်ထပ်တွင် တံခါး တစ်ပေါက် မှလွဲ၍ ကျန် တံခါးများကို ပိတ်ထားလေသည် ။ အပေါ်ထပ်မှ
ပတ္တလားတီးသံ နှင့် မိန်းမတစ်ယောက် သီချင်းဆိုသံများ လာနေလေသည် ။
ဖွင့်ထားသော တံခါးမှ ဝင်သွားသောအခါ ဆေးဗီရိုကြီးများရှေ့ ကွပ်ပျစ်ပေါ်တွင် ခင်းထားသော
အိပ်ရာ နှင့် ချထားသော ခြင်ထောင်ကြီး ကို မြင်ရလေသည် ။ အားနည်းသော မီးလုံးတစ်လုံးကို
ထွန်းထားသဖြင့် လည်းကောင်း ၊ ပိတ်ခြင်ထောင် ဖြစ်သဖြင့် လည်းကောင်း ခြင်ထောင်ထဲတွင်
လူရှိ မရှိ မမြင်ရချေ ။ သို့သော် လူမမာ ဒေါ်ရွှေသစ် လဲလျောင်းနေလိမ့်မည်ဟု ကျွန်တော် ခန့်မှန်းကြည့်လိုက်သည် ။ အပေါ်မှာ တီးမှုတ်နေကြသည်ကို ထောက်သဖြင့် ဒေါ်ရွှေသစ် ၏ ရောဂါ
အခြေအနေမှာ မဆိုးဟု ထင်ပေသည် ။ ကျွန်တော် သည် အပေါ်ထပ်သို့ မတက် မီ ချောင်းဟန့်၍
အသံပေး စမ်းလိုက်သေး၏ ။ သို့သော် ခြင်ထောင် ထဲမှတစ်စုံတစ်ရာ တုံ့ပြန်ချက် မရှိချေ ။
အပေါ်ထပ်တွင် အသက် ၃ဝ ကျော်မျှ ရှိမည်ထင်ရသော မိန်းမတစ်ယောက် သည် သီချင်း ဆိုနေ၏ ။
သူမ၏ ရုပ်မှာ ရွက်ကြမ်းရေကျိုသာ ဖြစ်သော်လည်း အသံမှာ ကောင်းလှ၏ ။ အဆိုမှာလည်း
ပိုင်လှနိုင်လှ၏ ။ ပတ္တလားတီးနေသူကား အသက် ၅ဝ လောက် ဝဝတုတ်တုတ် လူကြီးတစ်ယောက်
ဖြစ်သည် ။ သျှောင်ထုံး နှင့် နှုတ်ခမ်းမွေး တို့ကား စည်ကားခံ့ညားလှပေသည် ။ သူသည် ရင်ဖုံး
အင်္ကျီကို ဝတ်ထားသည် ။ ဆရာဖေ သည် စောင်းကောက်ကြီး တီးလျက်ရှိ၏ ။ မခင်သစ် ကား
ဂီတစာအုပ်ကို ဖွင့်ပြီး တိုးတိုးကလေး လိုက်ဆိုရင်း စည်းလိုက်နေလေသည် ။ အားလုံးပင် သင်ဖြူး
ပေါ်တွင် ထိုင်နေကြသည် ။
× × × မြင်သူမြင်သူ ဗျာဝေ ၊ ကွဲကြေအံ့မဆုံး ၊ တင်ကာတင်ကာ သွင်မျက်ခုံး ၊
ခြယ်မှင်ရောင် ပိတုန်းငယ်နှင့် သန်ခါမှောင် ၊ မျက်လုံးတော်ရောင် ၊
သောက်ရှူးကြယ် ညီနောင် ၊ မြမျက်တောင် ကော့ကော့ရွှန်း ၊ ကေသီမှာဒေဝီ
ကျမ်းစာဝင် ၊ မျက်နှာပြင် စံလွတ်ကျွန်း ၊ ငွေလဝန်းပေါ်သည့်သွင်လေလေ့ ၊
ခြောက်ပါးငယ်ပြစ်လွတ်စင် ၊ တနဲလေ တနှုန်းလေ တအင်လေ ၊ တနဲလေ ၊
တနှုန်းလေ ၊ တအင်လေ ၊ မူရာမူရာစုံလင် ၊ နတ်ပင်လူပင်လား ၊ ထင်ယောင်
ထင်ယောင် ဝိုးတဝါး ၊ မြင်မြင်သူများပေက ၊ အံခြား လေရှာ ။
ကျွန်တော် သည် သူတို့ဆီ သွားပြီး မထိုင်သေးဘဲ လှေကားထိပ်မှာ ရပ်ပြီး တွေနေသည် ။ သည်
သီချင်းကို ဆိုဟန်ဖြင့်ပင် ခင်မောင်ရင် ဆိုသည်ကို ကြားရခြင်းနှင့် ယခု အမျိုးသမီး အဆိုတော်သည်ကို ကြားရခြင်းများ အရသာ ကွာပုံကို သတိပြုမိသည် ။ မိန်းမ ချီးကျူးခန်း ကို
ယောက်ျား ဆိုမှဖြင့် အရသာ အပြည့်ပေါ်သည် ဟု ထင်သည် ။ သည်သီချင်း ကို ခင်မောင်ရင် ဆိုဟန်
ခင်မောင်ရင့် အသံ ဖြင့် ကျွန်တော် က ဆိုတတ်၍ ဆိုလိုက်ရလျှင် စည်းလိုက်နေသော မခင်သစ် ၏
ရင်တွင်းမှာ ဘယ်သို့ ပဲ့တင်ခတ်လေမည်နည်း ။ မခင်သစ် ကတော့ ' နတ်ပင်လူပင်လား ၊ ထင်ယောင်
ထင်ယောင် ဝိုးတဝါး ' ဟု သီချင်း ဆိုလောက်အောင် စံလွတ်ကျွန်း စံဘက်ပြိုင်ဘက် မရှိသော အလှ
မဟုတ်ပါ ။ ရိုးရိုး ချိုချိုသာသာ အလှဖြစ်သည် ။ သို့သော် ကဗျာ၏ သုခုမဆန်သော
မြှောက်ပင့်ခြင်းကို မကြိုက်သူ မရှိနိုင်ပါ ။
သို့ကလို တွေးတော ငေးမောရင်း လှေကားထိပ် မှာ ရပ်နေစဉ် နောက် မှ လူတစ်ယောက် တက်လာနေသည်ကို ရိပ်ခနဲ မြင်လိုက် မိလေသည် ။ ကျွန်တော် က လှည့်အကြည့်လိုက်တွင် -
“ မောင်တင်ထွန်း ပါလားကွ ၊ မင်း ဘယ်တုံးက ပြန်ရောက်သလဲ ” ဟု ဒေါ်ဒေါ် က အသံအုပ်ပြီး
မေးလိုက်လေသည် ။
“ ညနေကပဲ ဒေါ်ဒေါ် ၊ ဒေါ်ဒေါ် ဘယ်က ပြန်လာတာလဲ ”
“ မင်း ခုနင်က တက်သွားတော့ ဒေါ်ဒေါ် မြင်လိုက်သားပဲ ၊ ဒေါ်ဒေါ် က မရွှေသစ် ရဲ့ ခြင်ထောင်ထဲမှာ
ရှိနေတယ် ”
“ ရွှေရွှေ ဘယ့်နှယ် နေသေးသလဲ ဒေါ်ဒေါ် ”
“ တော်တော် သက်သာပါပြီကွယ် ၊ မရွှေသစ် က မင်း ပြန်မလာသေးဘူးလား လို့ ခဏခဏ မေးနေတယ် ၊ ကဲ လာ ထိုင်ရအောင် ”
ကျွန်တော် က လက်ထဲမှာ ပါလာသော လိမ္မော်သီးများ နှင့် လက်ဖက်ခြောက်ထုပ် ကို ဒေါ်ဒေါ့် အား
ပေးလိုက်သည် ။ လှေကားထိပ်ဝအနီး တီးဝိုင်း နှင့် ခပ်လှမ်းလှမ်းရှိ ကုလားထိုင် တွင် ဝင်ထိုင်လိုက်သည် ။ ဒေါ်ဒေါ် က စားပွဲတစ်ခုပေါ် မှာ ကျွန်တော့် လက်ဆောင်များကို တင်ထားပြီး ကျွန်တော့်
ဘေးက ကုလားထိုင် တစ်လုံးမှာ ဝင်ထိုင်လေသည် ။ မခင်သစ် သည် တိုးတိုးလိုက်ဆိုရင်း
စည်းလိုက်နေရာမှ ကျွန်တော်တို့ ဆီသို့ လှမ်းကြည့်လိုက်လေသည် ။ ကျွန်တော် ပြန်ရောက်လာမှန်း
သိသဖြင့် မျက်နှာ ဝင်းလက်သွားလေသည် ။ ကျွန်တော် ကား သစ်သစ် အား ရဲဝံ့စွာ မကြည့်နိုင်ပါ ။
ကျူးလွန်မိသော အပြစ်ကို မေ့ဖျောက် မရပါ ။
“ ဘယ်တွေ ရောက်ခဲ့သလဲကွ ၊ တော်တော် ပျော်ရဲ့လား ”
“ ရှမ်းပြည် တောင်ပိုင်း ညောင်ရွှေ ၊ အင်းလေး ၊ ကလော တို့ကို ရောက်ခဲ့တယ် ဒေါ်ဒေါ် ”
“ တော်တော် ပျော်ခဲ့ရဲ့လား ”
“ ပျော်လှတယ်လို့တော့ မဟုတ်ပါဘူး ဒေါ်ဒေါ် ၊ ဒေသန္တရ ဗဟုသုတ ရတာက အမြတ်ပါပဲ ”
“ မသွားခင် တို့ကို ဘာလို့ အကြောင်းကြား မသွားတာလဲ ကွယ် ”
“ ကိစ္စက ရုတ်တရက် ပေါ်လာတာနဲ့ ဗြုန်းခနဲ ထွက်သွားရတာကိုး ဒေါ်ဒေါ် ရဲ့ ”
ကျွန်တော် သည် အရေးကြုံ သက်လုံကောင်းရမည် ဆိုသည့်အတိုင်း လျှို့ဝှက်အပ်သော ကိစ္စတစ်ရပ်ကို သက်စွန့်ဆံဖျား ဆောင်ရွက်ရန် ခရီးထွက်သွားခဲ့ရလေသည် ။ ဟန်ပန်ထုတ်၍
ရုတ်တရက် ဖြေလိုက်လေသည် ။
“ မင်းတို့ နိုင်ငံရေး ကိစ္စတွေကလည်းကွယ် ပြီး မပြီးနိုင်ဘူး ”
ကျွန်တော် ကား ဒေါ်ဒေါ့်် ် အား မကြည့်ရဲတော့ပေ ။ မခင်သစ် ဆီသို့လည်း လှမ်းမကြည့်တော့ပေ ။
မျက်နှာကို ငိုက်စိုက် ချထားပြီး -
“ လွတ်လပ်ရေး မရမချင်း ကိစ္စတွေ က တစ်ခုပြီး တစ်ခု ပေါ်နေမှာပဲ ဒေါ်ဒေါ်ရဲ့ ”
“ ခရီးသွားတော့ အဖော်ပါရဲ့လား ”
ကျွန်တော် သည် သင့်လျော်မည် ထင်သော အဖြေကို ရှာနေစဉ် တီးဝိုင်း သည် အခြား သီချင်း တစ်ပုဒ်
သို့ ကူးပြောင်းသွားလေသည် ။ ယိုးဒယား ဖြစ်ရာ ဆိုင်းဝိုင်း နှင့် တီးရလျှင် ပိုမြိုင်မည်ဟု ထင်သည် ။
x x သောင်းသောင်းညံ ၊ ကြင်ဖော် စင်ရော်မောင်နှံတွဲလို့ ဝဲကာပျံ ၊
မောင်နှံတောင်ပံ ရိုက်ဆော်သွင်း ၊ သောင်တင်းခေါက်ရှာ ၊ ဟင်္သာပျံရောက်လာ ၊
ကူးကာလူးလာ ၊ ရွှင်မြူးပျော်ကြရှာ ၊ သောင်ပေါ်အောင်တော်ထူးပါလို့
ကျူးရင့်မာကဓာ ၊ မြစ်မင်းအဏ္ဏဝါ ၊ ပြန်ကာမြောက်တောင် ကျောက်ဆောင်
ဟိုဘက်ကမ်း ။
ဒေါ်ဒေါ် က ခရီးသွားဖော် သွားဖက်များ အကြောင်း မေးသည်ကို ရုတ်တရက် မဖြီးနိုင်သဖြင့် ငေးနေလိုက်ရာ သီချင်းတွင် စိတ်ဝင်စားသွားသဖြင့် ငေးနေသလို ထင်ရပေလိမ့်မည် ။ သို့မဟုတ်
လျှို့ဝှက်အပ်သော နိုင်ငံရေးကိစ္စများတွင် ဆိတ်ဆိတ် နေလိုက်ခြင်းဖြစ်သည် ဟု ဒေါ်ဒေါ် က ယူဆကောင်း ယူဆပေလိမ့်မည် ။
x x ရွှေယင်ဘောင် မြောင်ပတ်လမ်း ၊ လေတင်ဆောင် တောင်ဖြန့်လှန်း ။
ချည်ခင်စွပ်ကယ် ဝံဘို ဘွေ သောင်ခရီးမှာ ၊ ရေဖောင်စီးလို့ခို ၊ နေညိုညို
လွမ်းရန်ပိုမို ၊ ဆိုငိုပြင်ကျယ် ၊
ဒေါ်ဒေါ် သည် နောက်ဖေးဆောင်ဆီသို့ ထသွားလေသည် ။ ကျွန်တော် သည် ဒေါ်ဒေါ့် ် နောက် မှ
ခဏမျှ လိုက်ကြည့်ပြီး မျက်နှာကို ငုံ့ထားလိုက်သည် ။ ကျွန်တော့် စိတ်ကူးကား ချည်ခင်စွပ် ၊
ဝံဘို တို့နှင့် အဏ္ဏဝါဘွေသောင်ခရီး မှာ ရေဖောင်စီးလို့ ခိုနေသည် ။ တစ်ဖက်ကမ်းမှာ မမြမှီ ရှိသည် ။
အခြား တစ်ဖက်ကမ်းမှာ မခင်သစ် ရှိသည် ။ ကျွန်တော့် ရှေ့မှာကား ဆိုငိုပြင်ကျယ် ၊ ပင်လယ်သီခေါင်
ရီမှောင်ဝေလို့ ဆိုင်းနေသည် ။
x x မန်းဌာနီ သာကီ ရွှေပြည်တိုင်း ၊ မှိုင်းလို့ ဝေဖြာ ၊ ရွှေနန်း အောင်ခြာ ၊
မျှော်ကာ မြင်မိမှာ ...
“ မောင်တင်ထွန်း ထမင်း မစားရသေးဘူး မဟုတ်လား ”
သည်တော့မှ အနားသို့ ပြန်ရောက်လာသော ဒေါ်ဒေါ့် ် အား မော့ကြည့်လိုက် မိသည် ။
“ ဟုတ်တယ် မစားရသေးဘူး ”
“ ထ လာ စားရအောင် ”
ကျွန်တော်ကား ဟန်လုပ်နေစရာ မရှိပါ ။ ကျွန်တော့် အမေ ဆိုလျှင်လည်း ကျွန်တော် အဝေးက
ပြန်ရောက်လာသည်ဆိုလျှင် သည်လိုပင် မရှိ ရှိတာ ရှာကြံပြီး ကျွေးပေလိမ့်မည် ။
ဒေါ်ဒေါ် သည် ကျွန်တော့် အား မီးဖိုဆောင် ထမင်းစားပွဲ မှာ စိတ်ရှိလက်ရှိ စားရန် ထားခဲ့ပြီး
အိမ်ရှေ့သို့ ထွက်သွားပြန်လေသည် ။ ကျွန်တော် နှင့် မလှမ်းမကမ်းတွင် အစေခံ မိန်းမကြီးတစ်ဦး
ထိုင်စောင့်နေလေသည် ။ ထိုမိန်းမကြီး ကား အစေခံသစ် ဖြစ်လေသည် ။ အိမ်ရှေ့ခန်းတွင် အတီးအမှုတ် ရပ်စဲနေလေပြီ ။ ဒေါ်ဒေါ် က ဧည့်သည်များအား လိမ္မော်သီး ကျွေးလျက်ရှိ၏ ။ ၎င်းနောက်
ဒေါ်ဒေါ် သည် မခင်သစ် အား -
“ သစ်သစ် ရွှေရွှေ့ ကို သွားမေးစမ်းကွယ် ၊ မောင်တင်ထွန်း ကလော က ယူလာတဲ့ လိမ္မော်သီး
စားမယ်လားလို့ အိပ်ပျော်နေရင်တော့ မနှိုးနဲ့နော် ” ဟု ပြောလိုက်သံကို ကြားရသည် ။
ထမင်းဟင်းများက အေးနေပြီ ။ ပုလင်းထဲ အလုံသွတ်သွင်းထားသော ပုစွန်ခြောက် ငရုတ်သီးကြော်ကား ခံတွင်းတွေ့လှသည် ။ လက်ဖက်ရည်ကြမ်း ပူပူနွေးနွေးကလေး က ထမင်းဟင်းများ ကို
အတင်း တွန်းပို့နေသည်နှင့် တူပေတော့၏ ။
ပတ္တလားဆရာ နှင့် အဆိုတော် အမျိုးသမီး ပြန်ကြတော့မည်ဟု နှုတ်ဆက်ကြသံကို ကြားရသည် ။
ဆရာဖေ က သူတို့ကို လိုက်ပို့ကြမည်ဟု ဆိုနေသည် ။
မီးဖိုဘက် သို့ ဒေါ်ဒေါ် ရောက်လာပြန်သည် ။
“ မင်းက ခရီးထွက်တာလည်း တို့ ပြော မသွားဘူး ၊ ပြန်လာမယ့်အချိန်လည်း အကြောင်းမကြားထားဘူး ၊ ဒီတော့ ထမင်းကျန် ဟင်းကျန်ပဲ ကျွေးရတော့တာပဲဟေ့ ဟဲ ဟဲ ၊ စားလို့တော့ ကောင်းရဲ့လား ”
“ ကောင်းပါတယ် ဒေါ်ဒေါ် ၊ သိပ်မြိန်တာပဲ ”
ဒေါ်ဒေါ် သည် ကျွန်တော် ထမင်းစားပြီး စားရန် ဆနွင်းမကင်း တစ်တုံးကို ကြောင်အိမ်ထဲမှ ယူ၍
ပေးထားခဲ့ပြီးနောက် အိမ်ရှေ့သို့ သွားပြန်လေသည် ။ အိမ်ရှေ့မှာ သူတို့ သားအမိနှစ်ယောက်
စကားပြောနေကြလေသည် ။ အတန်ကြာတော့ သစ်သစ် သည် အောက်ထပ်သို့ ဆင်းသွားလေသည် ။
စားသောက်ပြီး အိမ်ရှေ့သို့ ထွက်လာသော အခါ ဒေါ်ဒေါ် တစ်ယောက်တည်း ကိုသာ တွေ့ရတော့သည် ။ ဒေါ်ဒေါ် ကား ကြမ်းပြင်ပေါ်တွင် ခင်းထားသော သင်ဖြူးများကို လိပ်ပြီးနောက်
တံမြက်စည်း လှဲနေလေသည် ။ ကျွန်တော် ကြာရှည် ထိုင်မနေဝံ့ ၊ ဒေါ်ဒေါ် က ရှမ်းပြည် သွားသည့်
အကြောင်း ဆက်ပြီး မေးမြန်းဦးမည်ကို စိုးရိမ်နေသည် ။ ဒေါ်ဒေါ် က မေးသည်ကို ကျွန်တော် က
ဖုံးရ လိမ်ရသည်မှာ သက်သာသော အလုပ်တစ်ခု မဟုတ်ပါ ။ ကျွန်တော် သည် မုသား ပြောဆိုမှုတွင်
ကျင့်သားရသေးသည် မဟုတ် ။ ထို့အပြင် မခင်သစ် ကလေး နှင့် မျက်နှာချင်းဆိုင်ရမှာ ကိုယ့်
လိပ်ပြာ ကိုယ် လန့်နေသည် ။
“ ကျွန်တော် ပြန်တော့မယ် ဒေါ်ဒေါ် ”
“ အို ပြန်တော့ မလား ၊ အေးလေ ခရီးပန်းလာတော့ စောစော အိပ်ချင်မှာပေါ့ ။ ဒါပေမဲ့ မရွှေသစ်
ကိုတော့ တွေ့သွားဦးဟေ့ ၊ အောက်ထပ်မှာ မင်းပေးတဲ့ လိမ္မော်သီးကို စားနေကြလေရဲ့ ။ အဆင်သင့်ပဲ လူမမာ ဓာတ်စာလို ဖြစ်နေတယ် ”
“ ကျွန်တော် ရွှေရွှေ့ ကို နှုတ်ဆက်ပြီးမှ ပြန်ပါ့မယ် ဒေါ်ဒေါ် ”
အောက်ထပ်သို့ ဆင်းခဲ့သည် ။ ဓာတ်မီးတစ်လုံး အပို ဖွင့်ထားသောကြောင့် ကျွန်တော်
လာတုန်းကလို မဟုတ်ဘဲ လင်းထိန်နေသည် ။ ခြင်ထောင်ကြီး ကား ချမြဲ ချထား၏ ။ ကျွန်တော်က
ခြင်ထောင်ဆီသို့ သွားရင်း -
“ ရွှေရွှေ တော်တော် သက်သာသွားပြီလား ”
ခြင်ထောင်တွင်းမှပင် -
“ အေး တော်တော် သက်သာသွားပြီ ”
ကျွန်တော် က ခြင်ထောင်ဘေးမှာ ထိုင်သည် ။ ဒေါ်ရွှေသစ် အတွင်းမှပင် -
“ မင်း ခရီးထွက်တာ တော်တော် ကြာသွားပါလားကွဲ့ ”
“ ဟုတ်ကဲ့ ၊ အလုပ်ကိစ္စတွေက မပြီးနိုင်တာနဲ့ ကြာသွားတယ် ။ ရွှေရွှေ ဖြစ်တာက ဘယ်လိုက စဖြစ်တာလဲ ”
ဒေါ်ရွှေသစ်သည် အတွင်းမှနေ၍ ခြင်ထောင်ကို မတင်ရန် ဟန်ပြုနေသည် ။
“ မောင်တင်ထွန်း ဝင်ခဲ့လေ ၊ ရိုးရိုး ဥတုပြောင်း ဖျားတာကနေပြီး ဖြစ်သွားတာပါပဲ ”
ကျွန်တော့် မှာ ခြင်ထောင်တွင်း ဝင်ရပြန်လေသည် ။ ဒေါ်ရွှေသစ် မှာ ခေါင်းအုံးများကို မှီ၍ ခြေဆင်းကာ ထိုင်နေသည် ။ ဟိုဘက်၌ မခင်သစ် က ဒူးတုပ်ထိုင်လျက် လိမ္မော်သီးစိတ်များ မှ အမှေးခွံ
များကို ခွာပြီး လူမမာ အား ယုယကြင်နာစွာ ကျွေးနေလေသည် ။ ကျွန်တော် နှင့် မခင်သစ် မှာ
လူမမာ ကို အလယ်မှာ ထားပြီး တစ်ယောက် ကို တစ်ယောက် ငမ်းငမ်းတက် မကြည့်ဘဲ မနေနိုင်ကြတော့ပေ ။ မခင်သစ် သည် ကျွန်တော့် အား မျှော်လင့်စောင့်စားနေခဲ့သည်မှာ ထင်ရှားလေသည် ။
ကျွန်တော် ကလည်း သစ်သစ် အပေါ်မှာ အချစ်ပြယ်ပြီး မမြမှီ နောက်သို့ လိုက်ပါသွားခြင်း မဟုတ် ၊
သစ်သစ် အပေါ်မှာ ချစ်မြဲ ချစ်နေရာက အငွေ့ထက် ဆွဲငင်ခြင်းအရှိန်ပြင်းသော အတွေ့ဘက်သို့
တိမ်းညွတ်မိခြင်းသာလျှင် ဖြစ်ပေသည် ။
မခင်သစ် နှင့် ကျွန်တော် တို့သည် တစ်ယောက် တစ်ယောက် မျက်တောင်မျှ မခတ်နိုင်အောင်
ငေးစိုက်ကြည့်နေကြရာ လူမမာ သည် ကျွန်တော်တို့ အား တစ်လှည့်စီ မျက်စောင်းထိုး၍
ကြည့်လိုက်လေသည် ။ ကျွန်တော် ကအခြေအနေကို အဖတ်ဆယ်သည့်သဘောနှင့် -
“ သစ်သစ် ကော နေကောင်းရဲ့လား ”
“ ကောင်းပါတယ် ဆရာ ”
လူမမာ ဒေါ်ရွှေသစ် သည် မျက်နှာထားကြီး တမင်လုပ်လိုက်ပြီး -
“ ဟဲ့ သစ်သစ် နောက်တစ်မြွာ မပြီးသေးဘူးလား ၊ ဒီလိုသာ စားနေရရင် မစို့မပို့နဲ့ အရသာ
ဘယ်လို ခံရပါ့မလဲ ”
ဤကား ဒေါ်ဒေါ်ညွန့် နှင့် ဒေါ်ဒေါ်ရွှေ တို့၏ မူရင်းနှင့် ကိုက်ညီပေသည် ။ ကျွန်တော် နှင့်
မခင်သစ် အား လျှော့လိုက်တင်းလိုက် လုပ်ထားသည် ။ ချစ်ကြအောင် လွှတ်ပေးထားသည် ။
မလွန်အောင် ဘရိတ် ခဏခဏ အုပ်တတ်သည် ။
ဒေါ်ရွှေသစ် က မျက်နှာထားကြီး တစ်ခွဲသားနှင့် ကြိမ်းသလိုလို ဆူသလိုလို လုပ်လိုက်သောအခါ
မခင်သစ် မှာ ကျီးကန်း လူမိ ဖြစ်သွားသည် ။ ပြီးတော့မှ ဆက်ပြီး ကတိုက်ကရိုက် လိမ္မော်မြွာမှ
အမှေးအမျှင်တို့ကို သင်ပေးလေသည် ။ မခင်သစ် သည် မျက်လွှာကို ချထားပြပြီး ညှိုးနွမ်းသော
ဟန်ဖြင့် နေလေသည် ။ ကျွန်တော့် ရင်တွင်းမှ မခင်သစ် အား သနားသဖြင့် ဖိုလှိုက်လာသည် ။
အပြစ်ကင်းစင် သန့်ရှင်းကြည်လင်သော မခင်သစ်ကလေး နှင့် အပြစ်အထပ်ထပ်ဖြင့် ညစ်ပတ်နေသော ကျွန်တော် သည် နီးနီးစပ်စပ် နေဖို့ပင် သင့်ပါ၏လော ဟု တွေးတောမိသည် ။
“ ကျွန်တော် သွားဦးမယ် ရွှေရွှေ ”
“ အေး အေး မင်းလည်း ခရီးအတော် ပန်းလာမှာပေါ့ကွယ် ၊ ရွှေရွှေ လည်း လိမ္မော်သီး စားပြီးရင်
ဆေးတစ်ခွက်သောက်ပြီး အိပ်လိုက်ဦးမယ် ”
ကျွန်တော် သည် နှုတ်ဆက်ရန် မခင်သစ် အား တစ်ချက် လှမ်းကြည့်လိုက်သည် ။ မခင်သစ် ကား
မျက်လွှာကို ချ၍ လိမ္မော်မြွာကိုသာ အမှေးအမျှင် ရှင်းနေလေသည် ။ နှုတ်မဆက်တော့ဘဲပင်
ခြင်ထောင်အပြင် သို့ ထွက်ခဲ့လေသည် ။
“ ရွှေရွှေ ကျွန်တော် တံခါးစေ့ သွားရမလား ”
“ ခုပဲ ကိုရွှေဖေ ပြန်လာမယ် ထင်ပါရဲ့ကွယ် ၊ ဒါပေမဲ့လေ တံခါးစေ့သွားချင် သွားဟေ့ ”
ကျွန်တော် သည် တံခါးပေါက်ကို စေ့ပြီး ပိတ်ထားခဲ့လေသည် ။
ကျွန်တော် နေသောအခန်းသို့ တက်သော လှေကားအနီးသို့ ရောက်သောအခါ မော်တော်ကား
တစ်စီး ရပ်ထားသည်ကို တွေ့ရလေသည် ။ ဆရာဦးတက်ရှိန် ထံသို့ လာသော ဧည့်သည် ပေလော ၊
အခြားအခန်း သို့ လာသော ဧည့်သည် ပေလော မပြောတတ်ပေ ။
အခန်းထဲသို့ ဝင်သွားသောအခါ ကိုတင်အေး ကို မတွေ့ရတော့ချေ ။ အိမ်ရှေ့တံခါးဝ ကန်တော့ပွဲများ အနီးတွင်ကား ဦးတက်ရှိန် သည် ဧည့်သည်တစ်ယောက် နှင့် စကားပြောနေလေသည် ။
ဧည့်သည် မှာ အသက် ၅ဝ အရွယ်လောက် ရှိလိမ့်မည် ။ အသားဖြူဖြူ နှင့် ဝဝစိုစို ဖြစ်ပြီး ခေါင်းတုံးဆံတောက် ထားသည် ။ သက္ကလတ်အင်္ကျီ အနက် နှင့် အညိုကွက် သက္ကလတ်လုံချည် ကို ဝတ်ထားသည် ။ ထိုသူကား နှယ်နှယ်ရရ ဧည့်သည် ဟုတ်ဟန် မတူ ။
ဆရာဦးတက်ရှိန် နှင့် ဧည့်သည် တို့သည် လျှို့ဝှက်အပ်သော အရာများကို ဆွေးနွေးခြင်း
ဖြစ်ကောင်း ဖြစ်မည် ။ ထို့ကြောင့် အခန်းတွင်း ဝင်သွားရာမှာပင် ကျွန်တော့် မှာ ရှိုးတိုးရှန့်တန့်
ဖြစ်ကာ သူတို့ အနီးသို့ပင် မကပ်ဘဲ ယောင်ပေပေ လုပ်နေမိလေသည် ။
ဆရာဦးတက်ရှိန် က -
“ ကိုတင်ထွန်း ၊ ပြန်လာမှကိုး ၊ လာလာ စကားပြောရအောင် ”
“ နေပါဆရာ ၊ ဆရာတို့ ဆွေးနွေးစရာရှိတာ ဆွေးနွေးကြပါ ”
“ လာသာ လာပါ ကိုတင်ထွန်း ရေ ၊ ကျုပ်တို့ ကိစ္စတွေ ပြီးပါပြီ ။ ( ဧည့်သည်အား ) ဝန်မင်း ရဲ့ ၊
ဒီသူငယ် က ဗိုလ်အောင်ကျော် နဲ့ လုပ်ဖော် ကိုင်ဖက်ပေါ့ ၊ ဘီအေ အောင်ပြီး လက်ထောက်အယ်ဒီတာ
လုပ်နေတယ် ။ ( ကျွန်တော့်အား ) ကဲ ကဲ ထိုင်ထိုင် ၊ ဆရာ နဲ့ ဟောဒီ ဝန်မင်း ကမ္ဘာစစ်ကြီး
အခြေအနေ ဆွေးနွေးကြတယ် ။ ကိုတင်ထွန်း ဘယ်လို ထင်သလဲ ဘယ်သူ နိုင်မှာလဲ ၊ အင်္ဂလိပ် နဲ့
ဂျာမနီ လေ ”
ကျွန်တော် က ဝန်မင်း ဆိုသူအား ပြုံးကြည့်လျက် နှုတ်ဆက်ပြီး ထိုင်လိုက်သည် ။ သူကလည်း
အပြုံးဖြင့် တုံ့ပြန်သည် ။
“ ဦးမင်း ကကော ဘယ်လို ထင်ပါသလဲ ခင်ဗျာ ”
“ အပြောရ ခက်သားပဲ မောင်ရင် ရယ် ၊ ခုနေတော့ ဂျာမနီ ကပဲ နိုင်နေတာပဲ ၊ နိုင်ခြေလည်း
ရှိနေတယ်လို့ ထင်တယ် ”
“ ဘယ့်နှယ်လဲ ၊ ဦးတို့ အစိုးရကတော့ နာဇီဘီလူး က ရှုံးပြီး မဟာမိတ်မင်းသား က နိုင်ရမယ်လို့
ဆိုနေတယ် မဟုတ်လား ”
“ ဒါကတော့ကွယ် အိတ်ချ်အမ်ဂျီ ( H.M.G ) ( ဘုရင်မင်းမြတ်အစိုးရ ) ရဲ့ သံယောင် ပြောရတာကိုး ။
ပြီးတော့ စစ်ရေးစစ်ရာ တို့မှာ မြန်မာအစိုးရ တို့က ဘာတာဝန် မှ ရှိတာ မဟုတ်ဘဲ ၊ အိပ်ချ်အီး
ကိုယ်တိုင် ကိုင်ထားတာ မောင်ရင် အသိပဲ မဟုတ်လား ။ နန်းရင်းဝန် လုပ်တဲ့ ဦးပု ဆိုရင် စစ်ရေးစစ်ရာနဲ့ ပတ်သက်ပြီး သတင်းစာမှာ ပါတာလောက်သာ သိတာပဲ ”
“ သတင်းစာမှာ ပါတာလောက်သာ သိရရင်ဖြင့် ဂျာမနီ နိုင်နေတာကို သာ သိမှာပေါ့ ။ ဒီလိုဆိုရင်ဖြင့်
ဗြိတိန် နိုင်ရမယ်လို့ သူပြောနေတာက ကိုယ် မယုံကြည်တာကို တိုင်းသူပြည်သားတွေ အယုံခိုင်း
နေတာ ဖြစ်မှာပေါ့နော် ”
ဝန်မင်း ဆိုသူ သည် ကျွန်တော့် အဆိုကို မငြင်းနိုင်သော်လည်း ထောက်ခံရန်လည်း မဝံ့ဘဲ ဖြစ်နေဟန်တူသည် ။ ဆရာဦးတက်ရှိန် က ကြားဝင်လိုက်သည် ။
“ ဒါကတော့ ကိုတင်ထွန်း ရာ ၊ ဦးပု မှာ ဥပဒေအရ နန်းရင်းဝန် ဖြစ်နေရတယ် ၊ ဥပဒေအရ ဘုရင်ခံ
မင်းကြီးရဲ့ အလိုကျအတိုင်းသာ ဆောင်ရွက်ရမယ်ဆိုတော့ မဟာမိတ်ဘက် က စစ်နိုင်ရမယ် ၊
ပြည်သူပြည်သားတွေ က မဟာမိတ်ဘက် က ထောက်ခံရမယ် ဆိုတဲ့စကား ( H.E ) ( ဘုရင်ခံမင်းကြီး ) က လွဲလို့ ဘာပြောလို့ရမယ် ထင်သလဲ ”
“ ဦးပု ဟာ ရိုးသားရင် တစ်ခုတော့ ပြောနိုင်တယ် ၊ စစ်ရေးစစ်ရာ နှင့် ပတ်သက်ပြီး ကျွန်တော်တို့
ဘာတာဝန်မှ မရှိဘူး ၊ ဘာမှလည်း မသိဘူး ၊ ဒီတော့ ဘာမှလည်း မပြောနိုင်ဘူးလို့ ပြောနိုင်တယ် ”
ဝန်မင်း ၏ မျက်နှာမှာ ထိတ်လန့်တကြား ဖြစ်သွားသည် ။
“ ဒီလိုဆိုတော့ အိပ်ချ်အီး ကို ခွတော သလို ဖြစ်သွားမှာပေါ့ ”
“ ခွတောတာမှ မဟုတ်ဘဲ ၊ မှန်တာကို ပြောတာပဲ ။ အိန္ဒိယ မှာတော့ ကွန်ဂရက် ဝန်ကြီးတွေ ဟာ
ဒီစကားကို ပြောကြပြီး ကိုယ့် တာဝန် မရှိတဲ့ စစ်ကိစ္စမှာ ဗြိတိသျှ ကို မကူညီနိုင်ဘူးဆိုပြီး နုတ်ထွက်ကြတယ် ။ ဦးပု ဟာ သတ္တိရှိရင် ဒီလိုပဲ လုပ်ရမှာပဲ ”
ဆရာဦးတက်ရှိန် က စိပ်နေသော ပုတီး ကို လက် မှာပတ်ရင်း -
“ ဟိုက ဂန္ဒီ ၊ ဒီက ဦးပု ၊ ဘယ်မှာ တူပါ့မလဲ ။ ပြီးတော့ မရ ရအောင် ကျိတ်ကြံထားရတဲ့ ရာထူးက
နေပြီး နုတ်ထွက်ဖို့ ဆိုတာ ဘယ်မှာ လွယ်မလဲ ကိုတင်ထွန်း ရဲ့ ”
“ မထွက်ဘဲနဲ့ တောင် အရေးဆိုနိုင်တယ် ။ ဥပဒေပြု လွှတ်တော်မှာ ရှိတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ
လက်ထဲကို စစ်မ က် ရေးရာ ကာကွယ်ရေးဌာန တာဝန် လွှဲပေးပါ ၊ ဒါမှ မြန်မာပြည် က ထိထိရောက်ရောက် မဟာမိတ် တို့ရဲ့ စစ်အားထုတ်မှုမှာ ပါဝင်နိုင်မယ်လို့ အရေးဆိုဖို့ ကောင်းတယ် ”
ငြိမ်၍ နားထောင်နေသော ဝန်မင်း ၏ မျက်နှာ သည် ဝင်းလက်သွားလျက် -
“ အိပ်ချ်အီး က မကြာမီ မြန်မာထဲက ခေါင်းဆောင် တစ်ဦးဦး ကို ကာကွယ်ရေးဌာနကောင်စီလာ
လူကြီး ခန့်မယ်လို့ ကြားရတယ် ”
“ လွှတ်တော်အမတ် ထဲက ခန့်မှာလား ”
“ မဟုတ်ဘူး ၊ လွှတ်တော်အမတ်ထဲ က ဥပဒေအရ မခန့်နိုင်ဘူး ၊ အိပ်ချ်အီး ကြိုက်တဲ့လူ ရွေးခန့်မှာ ၊
သူဟာ လွှတ်တော် ကိုလည်း တာဝန် မခံရဘူး ”
“ ဒါကတော့ စောသေးတယ်လေ ၊ တစ်ဆင့်ပြီး တစ်ဆင့် သွားကြရမှာကို ။ မြန်မာ ထဲက ရာထူးကြီးကြီး ရတယ်ဆိုလည်း နည်းတဲ့ အကျိုးကျေးဇူး မဟုတ်ပါဘူး ”
“ ဦး ကိုများ ကာကွယ်ရေးဌာနကောင်စီလာ လူကြီး ခန့်ရင် လက်ခံမှာပဲနော် ”
ဝန်မင်း သည် သွေးနားထင် ရောက်သွားဟန် တူသည် ။ ညိုမြပြုံး ပြုံးလျက် -
“ မမှန်းဝံ့ပါဘူး မောင်ရင် ရယ် ၊ အတွင်းဝန်ကလေး က ကောင်စီလာ တက် မဖြစ်နိုင်ပါဘူး ။
သို့ပေမယ့် မဖြစ်နိုင်တာ ဖြစ်တယ် ဆိုပါတော့ ၊ မြန်မာတစ်ယောက် အနေနဲ့ ဂုဏ်ယူစရာကိစ္စ
ရယ်လို့ လက်ခံရမှာပါပဲ ဟဲ ဟဲ ”
“ ဦးကိုယ်တိုင် က ဗြိတိသျှ စစ်အောင်မယ်လို့ မှ မထင်ဘဲ နဲ့ ကာကွယ်ရေးဌာန ကောင်စီလာ
လုပ်မယ်ဆိုရင် စစ်အောင်နိုင်ရေးအတွက် လုပ်နိုင်ပါ့မလား ”
ကလေးရှက်တော့ ငို ၊ လူကြီးရှက်တော့ ရယ် ဆိုသကဲ့သို့ ထိုလူကြီး သည် ရှက်ရှက် နှင့် တဟဲဟဲ
ရယ်နေလေသည် ။ အတန်ကြာတော့ မျက်နှာပိုးသပ်ပြီး -
“ ဒါကတော့ ဦးတို့ ဟာ အစိုးရအမှုထမ်းတွေအနေနဲ့ သူ့ဆန်စား ရဲမှ ဆိုသကိုး မောင်ရင် ရဲ့ ၊ ( နာရီကို ကြည့်လိုက်ပြီး ) ကဲ စကားပြောရတာတော့ ကောင်းပါရဲ့ ၊ သွားဦးမှ ဖြစ်မယ် ။ ( ဆရာဦးတက်ရှိန် အား ) ဆရာ မနက်ဖြန် စောစော လာနော် ”
“ ကောင်းပါပြီ ၊ ကားသာ အခေါ်လွှတ်လိုက်ပါ ၊ ဘုရားခြေရင်းက စောင့်နေပေစေနော် ”
“ ဘယ်ဘက် မုခ်လဲ ဆရာ ”
“ သွေးဆေးကန် ဘက်က ”
ဝန်မင်း သည် ထိုင်ရာမှ ထလေသည် ။ ဦးတက်ရှိန် နှင့် ကျွန်တော် တို့လည်း ထလိုက်ကြသည် ။
ဝန်မင်း က ကျွန်တော့်အား -
“ နာမည် ဘယ်သူတဲ့ ”
“ တင်ထွန်း ”
“ ကိုတင်ထွန်း တို့လည်း မှတ်ထားပေါ့လေ ၊ ဦး တို့ ကတော့ အင်္ဂလိပ် ရှုံး လို့ ဂျာမန် တက်ရင်လည်း
သူ့ဆန်စား ရဲမှ ထဲကပါပဲ ။ ဒီဘက်မှာတော့ ဂျာမန် လာမယ် မထင်ဘူးနော် ၊ ဂျပန် သာ လာမယ်ထင်တယ် ”
ဝန်မင်း အား တံခါးသို့ လိုက်ပို့ကြရင်း ဦးတက်ရှိန် က ကျွန်တော့် ကို ကြည့်လိုက် ၊ ဝန်မင်း အား
ကြည့်လိုက် လုပ်ရင်း -
“ ဘယ်လို ဖြစ်မယ်တော့ မပြောတတ်သေးဘူး ၊ နိမိတ်ဩဘာကတော့ ပြေးနေတယ်ဗျ ”
တံခါးအပြင်သို့ ခြေတစ်ဖက် ချထားသော ဝန်မင်း က -
“ ဘယ်လို နိမိတ်လဲ ”
“ ကိုတင်ထွန်း တို့ သခင်တွေ က ဆိုကြတယ် ။ အရှေ့က နေဝန်းထွက်သည့် ပမာ ၊ တို့ခေတ်ကိုသာ
ရောက်ရမည်မှာ မလွဲပါ တဲ့ ။ အရှေ့ဘက် က ကြုံးဝါးနေတဲ့ ဂျပန် ရဲ့အလံက နေဝန်း အလံ ဖြစ်တယ်ဗျ ၊ ဂျပန် လာမယ့် နိမိတ်ပါလို့ ဆိုရင် ဆိုနိုင်တယ် ”
ဝန်မင်း သည် တည်ငြိမ်လေးစားသော မျက်နှာဖြင့် လေသံကို အုပ်လျက် -
“ ဟုတ်ကောင်း ဟုတ်မယ် ဆရာ ၊ ဒါပေမဲ့ သိပ် မပြောနဲ့ဦး ၊ အန္တရယ် ရှိတယ် ။ ကဲ ကဲ သွားတော့မယ်
ဆရာ ”
ဦးတက်ရှိန် က တံခါး ပိတ်လိုက်သည် ။ ကျွန်တော် ကား ဦးတက်ရှိန် ၏ နိမိတ်ဖတ်ပုံ ကို မကျေနိုင်
မချမ်းနိုင် ဖြစ်နေသည် ။ ယင်းသို့ မကျေမချမ်း ဖြစ်ခြင်းသည် ကျွန်တော့် မျက်နှာ မှာ ရှင်းရှင်းကြီး
ပေါ်နေဟန် ရှိသည် ။ အကြောင်းမူကား တံခါးပိတ်ပြီး ကျွန်တော့် ဘက်သို့ လှည့်လိုက်သောအခါ
ဦးတက်ရှိန် ၏ အပြုံးတစ်ဝက် သည် ဗြုန်းခနဲ ပျောက်ပျက်သွားပြီး စိုးရိမ်တကြီး နှင့် ကျွန်တော့်
မျက်နှာကို စိုက်၍ ကြည့်နေလေသည် ။
အတန်ကြာ တစ်ယောက် တစ်ယောက် စိုက်ကြည့်နေပြီးနောက် ကျွန်တော် က -
“ ဆရာ နိမိတ်ဖတ်ပုံဟာ ဆိုးတယ် ဆရာ ”
“ ဘာဖြစ်လို့လဲ ”
“ အရှေ့ကနေဝန်းထွက်သည့်ပမာပ - တို့ခေတ်ကိုသာ ရောက်ရမည်မှာ မလွဲပါ ဆိုတာက ဂျပန်
လာမှာ ပြောတာ မဟုတ်ဘူး ဆရာ ရဲ့ ၊ အရှေ့ကနေဝန်းထွက် တာ သေချာ သလို ကျွန်တော် တို့
ဗမာတွေ ဟာ ကိုယ့်မင်းကိုယ့်ချင်း နဲ့ နေနိုင်တဲ့ ကျွန်တော်တို့ ခေတ် ရောက်လာမှာ သေချာတာကို
ပြောတာ ဆရာ ရဲ့ ။ ဆရာ က တလွဲ အဓိပ္ပာယ် ကောက်တာ သိပ်ဆိုးတာပဲ ”
ဆရာဦးတက်ရှိန် သည် ပက်လက်ကုလားထိုင် ဆီသို့ သွားရင်း -
“ နိမိတ်ဆိုတာ ဆင်တူ ယိုးမှား အဖြစ်အပျက်ကလေးတွေက ပေါ်တာပဲ ကိုတင်ထွန်း ရဲ့ ၊ ဆရာတို့
ကတော့ နိမိတ်ဖတ်စရာရှိ ဖတ်ချ လိုက်တာပဲ ၊ ဆိုးသလား ကောင်းသလား ဆိုတာ ဆရာတို့ နဲ့
မဆိုင်ဘူး ”
ဆရာဦးတက်ရှိန် သည် ပက်လက်ကုလားထိုင် မှာ ထိုင်လိုက်သည် ။ ကျွန်တော် က နံရံမှီ၍ မတ်တတ်ရပ်ရင်း သူ့အား တွေ၍ ကြည့်နေသည် ။
အတန်ကြာမှ -
“ ခုနင်က လာတဲ့ အတွင်းဝန် က ဘာလုပ်ဖို့ လာတာလဲ ဆရာ ”
“ ဗမာ ထဲက ကာကွယ်ရေးဌာနကောင်စီလာ ခန့်ရင် ဗမာ ထဲက အတွင်းဝန် တစ်ယောက်တော့
ခန့်ရမယ်လို့ မှန်းကြတယ် ၊ ဒီတော့ သူ့ အခွင့်အရေး ပေါ်နိုင်တယ် ၊ သေချာအောင် ခုကတည်းက
ဓာတ်ကလေး ဘာကလေး ရိုက်ထားရတာပေါ့ ကိုတင်ထွန်း ရယ် ”
“ သူက အခု တက်နေတဲ့ အစိုးရမှာ ဘယ်သူ့ လူလဲ ”
“ ဟဲ ဟဲ နိုင်ခြေရှိတဲ့လူဘက် မှာ သူ ပါမှာပဲ ။ ဦးပု နဲ့ ဦးဘဖေ တို့ရဲ့ ပဋိပက္ခ ပြင်းထန်လာတယ်
ကိုတင်ထွန်း ရဲ့ ”
“ နောက်ဆုံး အခြေအနေက ဘယ်လိုလဲ ”
“ ဦးဘဖေ က တရုတ်သူဌေး အော်ယုဝ ကို ပြည်နှင်ဒဏ်ခတ်ဖို့ ဆုံးဖြတ်တယ် ၊ သူက ပြည်ထဲရေး
ကိုင်ထားတော့ လုပ်နိုင်တာပေါ့ ”
“ အော်ယုဝ ဆိုတာ ဘယ်လို လူလဲ ”
“ ဘိန်းချ ၊ ကလပ်ထောင် အားလုံး လုပ်တဲ့ သူဌေးပဲ ”
“ ဒီလိုလူ ကို ပြည်နှင်ဒဏ် ပေးတာ ကောင်းသားပဲ ”
“ အင်း ဟုတ်တော့ ဟုတ်ပါရဲ့ ၊ အော်ယုဝ နဲ့ ဦးဘဖေ တို့ကလည်း ရန်ငြိုး ရှိကြသကိုး ၊ ပြည်နှင်ဒဏ်
ခတ်မယ်လုပ်တော့ ဝန်ကြီးချုပ်ဦးပု ကို အော်ယုဝ က ပြေးကပ်တာပေါ့ ၊ ရန်ငြိုး နဲ့ သူ့ကို ပြည်နှင်ဒဏ်ခတ်ဖို့ လုပ်တာပါလို့ ပြောသတဲ့ ။ ပြီးတော့လည်း အော်ယုဝ က ဘွဲ့ဖြူလက်နက်နဲ့လည်း
ပေါက်တယ်လို့ ဆိုကြတယ် ။ ခုတော့ ဦးပု က ဝန်ကြီးချုပ် အနေနဲ့ ပြည်ထဲရေးဝန်ကြီး ဦးဘဖေ
ဆီ က အော်ယုဝ အမှုတွဲကို တောင်းယူ ထားပြီး ပြည်နှင်ဒဏ် ကို ဆိုင်းထားလိုက်တယ ”
“ ရှုပ်လည်း ရှုပ်တဲ့ သပွတ်အူတွေပါပဲ ဆရာ ”
“ ဒီအရှုပ် ကြားထဲမှာ တောမီးလောင်တော့ တောကြောင် လက်ခမောင်းခတ်တဲ့ လူက ရှိသေးတယ် ”
“ ဘယ်လိုလဲ ဆရာ ”
“ ဂဠုန်စော က ဦးပု - ဦးဘဖေ ရန်ဖြစ်တဲ့ ကြားမှာ ဝင်ကစားပြီး ဝန်ကြီးချုပ် ဖြစ်အောင် ကြိုးစားနေတယ် ”
“ နိုင်ခြေ ရှိသလား ”
“ ဂဠုန်စော က မောင်ရင်တို့ သခင်တွေ ထင်သလို နှံပြီစုတ် မဟုတ်ဘူး ၊ နိုင်ခြေ ရှိတယ် ”
ကျွန်တော် သည် မှီထားသော နံရံမှ ခွာပြီး ဟိုမှ သည်မှ လျှောက်ရင်း -
“ ရှုပ်ပါပေ့ ဆရာ ရှုပ်ပါပေ့ ။ တစ်ကမ္ဘာလုံး ကူးစက် မယ့် စစ်မီးဟာ ဥရောပ မှာ တဟုန်းဟုန်း
တောက်နေပြီ ၊ ဒီအခြေအနေမှာ ကိုယ့်ပြည် ချမ်းသာအောင် ကိုယ့်အမျိုး လွတ်လပ်အောင်
မတွေးတော မဆောင်ရွက်ကြဘူး ၊ ကိုယ့်စားပေါက် ၊ ရာထူးတိုးတက်ပေါက်သာ ကြည့်နေကြတယ် ။
အင်္ဂလိပ် ဆိုတဲ့ နယ်ချဲ့ကောင် ကလည်း ကျွန်တော် တို့ကို ကာကွယ်ဖို့ နာဇီ တွေကို အတိုက်ခိုင်းမယ် မကြံဘူး ၊ ကျွန်တော် တို့ လက်အောက်ခံ နိုင်ငံတွေ ကို လက် မလွတ်အောင်သာ ကြံပြီးနေတယ် ။
ရုရှား နဲ့ ပေါင်းပြီး နာဇီ ကို တိုက်မယ် မကြံဘူး ၊ ရုရှား ဘက်ကိုသာ နာဇီ တွေ စစ်မျက်နှာလှည့်သွားအောင် လုပ်ကြံနေတယ် ။ ဗြိတိသျှ နယ်ချဲ့သမားရဲ့ ခြေကို ရုရှား က ကောင်းကောင်း နားလည်တယ် ၊
နာဇီ တွေ သူ့ဘက် လှည့်မလာအောင် နာဇီ ဂျာမနီ နဲ့ ဆိုဗီယက် ရုရှား တစ်ဦး နဲ့ တစ်ဦး မကျူးကျော်ရေးစာချုပ် ချုပ်လိုက်တယ် ။ နာဇီတပ်တွေ က ပိုလန်ပြည် ထဲ ဝင်တဲ့အခါမှာ ရုရှား က ၁၉၂ဝ ခုနှစ်
တုန်းက ပိုလန် သိမ်းထားတဲ့ ရုရှားပိုင်နက် မြေများကို ပြန်သိမ်းလိုက်တယ် ။ ဒီလို သိမ်းလိုက်တာကို ဟစ်တလာ မခံမရပ်နိုင် ဖြစ်ခဲ့တယ် ။ သို့ပေမယ့် ဘာမှ မတတ်နိုင်ဘူး ၊ ရုရှားနယ်နိမိတ်လည်း
ပိုပြီး ခိုင်ခံ့သွားတယ် ။ နောက်ဆုံးမှာ ဆိုရင် အင်္ဂလိပ် ဟာ ဖင်လန် ကို သုံးပြီး နာဇီဂျာမနီ နဲ့ ရုရှား
စစ်ဖြစ်အောင် လှုံ့ဆော်သေးတယ် ၊ ဖင်လန် ရဲ့ နယ်ချဲ့ နောက်လိုက် အလိုတော်ရိ အစိုးရကလည်း
ရုရှား နဲ့ မကျူးကျော်ရေး စာချုပ် ချုပ်ဖို့တောင် သဘော မတူဘူး ၊ ဒါကြောင့် ဖင်လန် နဲ့ ရုရှား
စစ်ဖြစ်နေတယ် ။ ဖင်လန် - ရုရှား စစ် နဲ့ ပတ်သက်ပြီး နာဇီဂျာမနီ လည်း ဘာလုပ်ရမှန်း မသိ ဖြစ်နေတယ် ။ အင်္ဂလိပ် လည်း ဘာလုပ်ရမှန်း မသိ ဖြစ်နေတယ် ။ အခု အင်္ဂလိပ်နယ်ချဲ့သမား ဟာ အကြီးအကျယ် ချောက်ကျနေတယ် ။ ကျွန်တော် တို့ ဗမာတွေ ဟာ အင်္ဂလိပ် အခက် ဗမာ့ အချက် ဆိုတဲ့
ကြွေးကြော်သံ နဲ့ အင်္ဂလိပ် လက်က ဘယ်နည်းနဲ့ မဆို လွတ်လပ်အောင် တိုက်ယူရမယ် ။ ဒီလို
ချက်ကောင်းမှာ ဗမာ့လွတ်လပ်ရေး အတွက် ဘာမှ မလုပ်ဘဲ ကိုယ်ကျိုး ကြည့်ပြီး ရာထူး ရရုံ ၊ ရာထူးမြဲရုံသာ လုပ်နေကြတဲ့ ခေါင်းဆောင်တွေကို ကျွန်တော် ရွံတယ် ၊ အော့နှလုံးနာတယ် ”
သို့ကလို ဟိုဟိုသည်သည်လျှောက်ရင်း သခင် တရားဟောသော လေဖြင့် ပြောပြီးနောက် ဗေဒကဝိန်
ဦးတက်ရှိန် ၏ တုံ့ပြန်ချက်ကို သိလိုသဖြင့် သူ့ အား လှည့်ကြည့်လိုက်လေသည် ။ ဦးတက်ရှိန် ကား
ကြီးစွာသော သမာဓိဖြင့် မျက်စိမှိတ်ကာ ပုတီးစိပ်လျက် ရှိလေသည် ။ ပါးစပ်မှလည်း တတွတ်တွတ်
ရွတ်ဖတ်နေလေသည် ။ ကျွဲပါးစောင်းတီး ဖြစ်ရသည်ဟု ဆိုရမည်လည်း အခက် ။ ပုတီးစိပ်နေသူအား
ကျွဲ နှင့် မနှိုင်းအပ်ပါပြီ ။ သို့ရာတွင် ဆရာဦးတက်ရှိန် အား နည်းနည်းမျှ မကျေနပ်နိုင်ပါ ။ ကျွန်တော်သည် ဆရာဦးတက်ရှိန် အား မျက်စောင်းကြီး ထိုး၍ အကြာကြီးပင် ကြည့်နေသေးသည် ။ သူကား
ကျွန်တော် စကားပြော ရပ်သွားသည်ကို အနည်းငယ်မျှ ဂရုထားဟန် မရှိ ၊ မျက်စိ တစ်ချက် မျှ ဖွင့်မလာ ၊ စိပ်ပုတီးကိုသာ တွင်တွင် စိပ်နေသည် ။
ကျွန်တော် သည် ဆရာဦးတက်ရှိန် အား မကျေမနပ် ဖြစ်သည်နှင့် အမျှ အိပ်ရာလိပ်ကို ရန်မူနေမိသည် ။ ဒိုင်းခနဲ ပစ်ချပြီး ဆောင့်ကြီးအောင့်ကြီး နှင့် ခင်းလိုက်သည် ။ ဗုန်းခနဲ ဗုန်းခနဲ ရိုက်နှက်ပြီး
ဖုန်ခါလိုက်သည် ။ ဦးတက်ရှိန် ကား သမာဓိ ကောင်းလှ၏ ။ တစ်ချက်ကလေးမျှ ကျွန်တော့် ဘက်သို့
မကြည့် ။ သို့ရာတွင် ပုတီးစိပ်နေသော လက်သည် တဖြည်းဖြည်း နှေးလာသည်ကို မြင်ရသည် ။
ကျွန်တော် သည် ခြင်ထောင်ချပြီး အိပ်လိုက်၏ ။ ဦးတက်ရှိန် အား မကျေနပ်ရာမှ နိုင်ငံရေး
ခေါင်းဆောင်ကြီးများ အား မကျေမနပ်ခြင်း သို့ ရောက်သွားလေသည် ။ ကိုယ်ကျိုးရှာ ငို့ဘ
သမားကြီးတွေ ၊ တိုင်းပြည် လွတ်လပ်ရေးကို မေ့ထားပြီး စားခွက်လုပ်ရင်း ခွက်စောင်းခုတ်နေ
ကြတဲ့ လူကြီးတွေ ၊ ဒင်းတို့ ဖြုတ်ချပြီး သခင်တွေ လူငယ်တွေ တက် မှကောင်းမယ် ။
ငို့ဘခေါင်းဆောင်ကြီးများအား မကျေမနပ်ဖြစ်လာရာမှ ကိုယ့်ကိုယ် ကိုယ် မကျေမနပ် ဖြစ်လာပြန်သည် ။ ငါ ကကော ဘာလုပ်နေသလဲ ။ နိုင်ငံရေးသမား ယောင်ယောင် ၊ သတင်းစာ အယ်ဒီတာ
ယောင်ယောင် ၊ နိုင်ငံရေးခြေသလုံးအိမ်တိုင် လုပ်တော့မည့် ယောင်ယောင် ၊ ခြေခြေမြစ်မြစ် အလုပ်အကိုင် လုပ်ပြီး မိဘကျေးဇူးဆပ် လုပ်ကျွေးတော့မည့် ယောင်ယောင် ။ တင်ထွန်း ထိထိရောက်ရောက် လုပ်ခဲ့တဲ့ အလုပ်တစ်ခုသာ ရှိတယ် ။ မမြမှီ နှင့် ကြာခိုတာပါပဲ ။
' ဖြန်း ' ခနဲ ကြမ်းပြင်ပေါ်သို့ စိပ်ပုတီးကုံး လွတ်ကျသံကို ကြားရသဖြင့် အတွေးရပ်သွားလေသည် ။
ဆရာဦးတက်ရှိန် အိပ်ပျော်သွားဟန် တူသည် ။ ကျွန်တော် လည်း ပုတီးစိပ်ပြီး အိပ်ရလျှင် ကောင်းလေစွဟု အောက် မေ့မိလေသည် ။
အိပ်ပျော်တော့ ကလောဟိုတယ် မမြမှီ ၏ ရင်ခွင်ထဲသို့ ရောက်သွားလေသတည်း ။
◾သိန်းဖေမြင့်
📖 အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment