❝ အစည်းအရုံးဌာနချုပ် တွင် ❞
မခင်သစ် ကား စကားပီ နားလည်ခါစ ကလေးငယ် အမေးထူသလို အမေးထူလေသည် ။
ကျွန်တော့် အား အင်္ဂလိပ်စာ အကြောင်း ၊ ဂဏန်းသင်္ချာ ၊ ရာဇဝင် စသော ကျောင်းဘာသာရပ်များ
အကြောင်း ၊ စာပေ အကြောင်းများ သာမက နိုင်ငံရေး အကြောင်းများကိုလည်း မေးလေ့ရှိပေသည် ။
တစ်နေ့သ၌ သီးစားခဥပဒေ အရ မြေပိုင်ရှင်များ က ဟိုက်ကုတ်လွှတ်တော် တွင် အယူခံဝင်နေသော
အမှုများအကြောင်းကို မခင်သစ် က မေးလေရာ ကျွန်တော် က လိပ်ပတ်လည်အောင် မဖြေတတ်ချေ ။
ကျွန်တော်သည် တရားမျှတသော သီးစားခဥပဒေ အကြောင်းကို မကျွမ်းကျင်ပါ ။ အမှန်အားဖြင့်
တောင်သူလယ်သမား ပြဿနာများကို ထိထိရောက်ရောက် နားမလည်ပါ ။ တောင်သူ လယ်သမား
တွေ ဆင်းရဲနေသည် ၊ ကြွေးတင်နေသည် ၊ မြေမဲ့ယာမဲ့ ဖြစ်နေကြသည် ။ ဆူပူနေကြသည် ၊ စည်းရုံးနေကြသည် ။ ဤမျှသာ အကြမ်းဖျင်းအားဖြင့် သိသည် ။
ကောလိပ်ကျောင်းက ထွက်ပြီး ကိုယ့်အသက် မွေးဝမ်းကျောင်းမှုလည်းဖြစ် ၊ တို့ဗမာအစည်းအရုံး
နိုင်ငံရေးလုပ်ငန်းများကို လုပ်နိုင်အောင် လွတ်လပ်သော အလုပ်လည်းဖြစ်သည်ဟု ယူဆကာ
သတင်းစာတွင် ဝင်လုပ်ခဲ့၏ ။ တကယ်လက်တွေ့ကျတော့ နိုင်ငံရေးတွင် ဇောက်ချ လုပ်ကိုင်နိုင်အောင် အခွင့် မသာပါ ။ အချိန် မရပါ ။
ထို့ကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးကြီး နှင့် လည်းကောင်း ၊
တောင်သူလယ်သမားလူထု နှင့် လည်းကောင်း နီးစပ်ခွင့် မရပါ ။ သူတို့ ပြဿနာကို လေ့လာခွင့်
မရပါ ။ ၁၃ဝဝ ပြည့် အရေးတော်ပုံအတွင်းက တောင်သူလယ်သမား တို့၏ အုံကြွမှုသည် ရွှေတိဂုံ
ခြေရင်းထိ ဆိုက်ရောက်ခဲ့၏ ။ ကျွန်တော်တို့သည်လည်း တောင်သူလယ်သမား အုံကြွမှုများ
ကြားတွင် တောင်သူလယ်သမား နှလုံးသည်းပွတ်နှင့် တွေ့ထိခဲ့ရ၏ ။ ပြီးသည့်နောက်တွင်ကား
တောင်သူလယ်သမား နှင့် ကျွန်တော်တို့မှာ ကင်းကွာခဲ့ရလေသည် ။ သူတို့ ကြားထဲဝင်၍ သူတို့
နှင့်အတူ တိုက်ပွဲဝင်ဖို့ မဆိုထားဘိ ။ သူတို့အရေး သူတို့ပြဿနာများကိုပင် လှိုက်လှဲသော
စိတ်ဝင်စားမှုဖြင့် မလေ့လာမိ ။ သတင်းစာ ဖတ်သလို အပေါ်ယံ ရှပ်တိုက်၍သာ စိတ်ဝင်စားမိ
လေတော့သည် ။
မခင်သစ် မေးလိုက်ပြီး မဖြေနိုင်တော့မှ ကျွန်တော့် ချွတ်ယွင်းချက်ကို သတိရလေတော့သည် ။
ဒီတော့မှ တို့ဗမာအစည်းအရုံး တောင်သူလယ်သမား စည်းရုံးရေးဌာနသို့ သွား၍ စုံးစမ်းရလေသည် ။ သို့ကလို စုံစမ်းလေ့လာပြီးမှ မခင်သစ် အား တစ်ဆင့်ပြန်ပြောပြရလေသည် ။
တို့ဗမာအစည်းအရုံးဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့၏ တောင်သူလယ်သမား စည်းရုံးရေး ဌာနမှူးမှာ သခင်သန်းထွန်း ဖြစ်လေသည် ။
ကျွန်တော်သည် သခင်သန်းထွန်း အား မသိဖူးသေးပါ ။ သူ့အား မြင်တော့ မြင်ဖူးပါ၏ ။ မြင်ဖူးရုံ
မက သူ့အား သေချာစွာလည်း မှတ်မိပါ၏ ။ မမှတ်မိဘဲ မနေနိုင်ချေ ။ သူကား ထင်ရှားသော
သခင်ခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် တစ်ခါ မြင်လိုက်လျှင် ကောင်းစွာ မှတ်မိရန် ကြိုးစားမည်မှာ
ဓမ္မတာပင် ဖြစ်သည် ။ ၎င်းပြင် သူ့ရုပ်သွင်မှာ မမေ့နိုင်အောင် မပြေပြစ်ဖြစ်သော ရုပ်ဖြစ်သည် ။
အပေါ်ကြီး၍ အောက်ရှူးသော ကိုယ်ခန္ဓာရှိသည် ။ ခါးအောက်က အပိုင်းသည် ခါးအထက်က
အပိုင်းထက် တိုနေသည် ။ ခြေမှာ ခပ်ခွင်ခွင် ဖြစ်နေသည်ကို လမ်းလျှောက်လျှင် တွေ့နိုင်သည် ။
မျက်နှာ ပြားချပ်ချပ် တွင် မေးတို၍ နှာရောင် ကောက်နေသည် ။ မျက်ခုံးနှစ်ခုကြားမှာ မျက်ခုံးရိုးသည်
ငေါတက်နေ၏ ။ ဆံပင်မှာ လှိုင်းထနေပြီး ခြောက်သွေ့၏ ၊ မျက်လုံးမှာ ဆင်မျက်လုံး တည်း ။
သခင်သန်းထွန်း သည် ဆေးပြင်းလိပ်ခဲပြီး စာတွေ ကုန်းရေးနေ၏ ။
ကျွန်တော်သည် သခင်သန်းထွန်း ထံသို့ တိုက်ရိုက် မသွား ။ ကိုဘဟိန်း ထံသို့ ပထမသွားရသည် ။
ကိုဘဟိန်း မှာ ထိုစဉ်က တို့ဗမာအစည်းအရုံးဌာနချုပ် အလုပ်အမှုဆောင် အလုပ်သမား စည်းရုံးရေးမှူး သခင်ကျော်စိန် နှင့် တွဲဖက်၍ အလုပ်သမားစည်းရုံးရေးများ ကို ကိုင်လျက်ရှိသည် ။
ကိုဘဟိန်း က သူ့စားပွဲနား ကပ်သွားပြီး သူ့ဘေးမှာရပ်လျက် ခပ်တိုးတိုး ပြောပြနေသည် ။
ကျွန်တော် က တွေ့ချင်ကြောင်းနှင့် ကျွန်တော့် အကြောင်း ဖြစ်ပါလိမ့်မည် ။
သခင်သန်းထွန်း သည် သူရေးနေသော စာရွက်ကို ငုံ့ကြည့်နေရင်း ကိုဘဟိန်း ပြောသမျှ နားထောင်နေသည် ။ ခပ်လှမ်းလှမ်း ရပ်နေသော ကျွန်တော့် အား တစ်ချက်သာ ဒက်ခနဲ လှမ်းကြည့်လိုက်၏ ။
ပြီးနောက် ကိုဘဟိန်း အား -
“ ကုလားထိုင် ပေးလိုက်ပါလေ ”
ကိုဘဟိန်း က သခင်သန်းထွန်း စားပွဲ ရှေ့မှာ ကုလားထိုင် ချပေးပြီး ကျွန်တော့် အား ထိုင်စေလေသည် ။ ကျွန်တော့်အား ပြုံးကြည့်လျက် ချော့မော့သော လေသံဖြင့် -
“ ခဏ ထိုင်စောင့်ဦး ရဲဘော်တင်ထွန်း ၊ သခင်သန်းထွန်း က ရဲဘော် လိုချင်တာတွေ အားလုံး ပြောပြလိမ့်မယ် ၊ ကိုယ်တော့ တညင် ( သန်လျင် ) ဘက် သွားရဦးမယ် ၊ ကိုသန်းထွန်း ကျွန်တော် သွားမယ် ”
စာဆက်ရေးနေသော သခင်သန်းထွန်း က -
“ သွားလေ ”
ကိုဘဟိန်း ထွက်သွား၏ ။ သခင်သန်းထွန်း သည် စာကိုသာ အတွင်ဆက်ရေးနေ၏ ။ ကျွန်တော်
သည် သခင်သန်းထွန်း ၏ ပါးစပ် ပြဲသလား ၊ အလောတော်ပဲလားဟု စိတ်ထဲမှ တိုင်းတာကြည့်နေသည် ။ သူသည် ဆေးပြင်းလိပ်ကို သွားကြားမှာ ကိုက်ခဲထားပြီး နှုတ်ခမ်းများကို ရှုံ့လိုက်
ဆန့်လိုက် လုပ်သည့်အခါ လုပ်သည် ။ ဆေးပြင်းလိပ် ကို ထုတ်ယူပြီး ပါးစပ် ကို တင်းတင်းစေ့လျက် အတွင်းမှ အံကြိတ်သည့်အခါ ကြိတ်သည် ။ နဂိုပါးစပ်ကား မကျဉ်းမကျယ်ပင် ဖြစ်၏ ။
ပါးစပ်ကို တင်းတင်းစေ့ထားသဖြင့်သာ ရှည်လျားသည်ဟု ထင်ရသည် ။
သူသည် ရေးလိုသမျှ ရေးပြီးနောက် ထသွားပြီး တိုက်ပ်ရိုက်နေသော သခင်တင်ဦး အား ပေးခဲ့သည် ။
ကုလားထိုင်တွင် ပြန်ထိုင်မိသော အခါမှ သူ က ကျွန်တော့် အား စေ့စေ့စပ်စပ် ကြည့်လေတော့သည် ။
ကျွန်တော်က သူ့အား ပြုံးပြလိုက်၏ ။ သူကား မပြုံး ၊ သို့သော် ချိုအေးသက်သာသော အသံဖြင့် -
“ ရဲဘော်တို့ သတင်းစာဟာ ဂဠုန်မောင်စော က သခင်တွေ ကို ဝါးရင်းတုတ်နဲ့ ရိုက်တာ လက်ခုပ်တီး
ပေးတဲ့ သတင်းစာပဲ ”
“ သတင်းစာပေါ်လစီ နဲ့ ကျွန်တော် နဲ့ ဘာမျှ မဆိုင်ပါဘူး ခင်ဗျာ ”
ကျွန်တော့်မှာ ထိုသို့သော သတင်းစာမျိုးတွင် အလုပ် ဝင်လုပ်မိသည့်အတွက် နောင်တရမိသည် ။
အပြစ်ကို ခံစားမိပြီး ကျောချမ်းသွားသည် ။
“ တစ်နေ့က သခင်တွေဟာ ဘာသာကို စော်ကားသူတွေဆိုပြီး ရေးတာ ဘယ်သူလဲ သိလား ”
“ အဲဒါ ကျွန်တော် မသိဘူးခင်ဗျ ၊ အယ်ဒီတာချုပ် က တိုက်ရိုက် စာစီခန်းကို ပို့လိုက်တာပဲ ”
သူသည် ဆေးပြင်းလိပ် ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီးနောက် အခိုးတွေ အထက် မော့ထုတ်လိုက်သည် ။ မီးခိုးတွေ လိပ်တက်သွားသည်ကို ကြည့်ရင်း တစ်စုံတစ်ရာကို စဉ်းစားနေလေသည် ။
အတန်ကြာမှ -
“ ရဲဘော် က သီးစားခဥပဒေ အကြောင်းရယ် ၊ တောင်သူလယ်သမား ပြဿနာတွေ အကြောင်းရယ်ကို
သိချင်တယ်ဆို ”
“ ဟုတ်ကဲ့ ၊ လေ့လာချင်ပါတယ် ”
“ ဘာလုပ်ဖို့လဲ ”
“ သခင်တစ်ယောက် ဆိုတော့ သိဖို့ လိုတယ်ထင်တယ် ၊ ပြီးတော့ ကာရန်သင့်ရင် သခင်သန်းထွန်း
တို့ရဲ့ တောင်သူလယ်သမား အစည်းအရုံးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်ဖို့ စိတ်ကူးထားပါတယ် ”
သခင်သန်းထွန်း ၏ တင်းမာသော မျက်နှာသည် အတော် ပျော့ပျောင်းသွားသည် ဟုထင်၏ ။
“ သီးစားခ ဥပဒေအကြောင်း မပြောခင် တောင်သူလယ်သမား စည်းရုံးရေး ရာဇဝင် နောက်ခံကားကို
ပြောပြဖို့ လိုတယ် ၊ ဇန်နဝါရီလ ထဲတုန်းက ရွှေတိဂုံ အလယ်ပစ္စယံမှာ ကျင်းပတဲ့ ပြည်လုံးကျွတ်
တောင်သူလယ်သမား ညီလာခံကြီးကို မှတ်မိတယ် မဟုတ်လား ”
“ ဟုတ်ကဲ့ ၊ မှတ်မိပါတယ် ”
“ တိုက်နယ်မြို့ပေါင်း ၁၄၄ - နယ် က ကိုယ်စားလှယ် ၄ဝဝ - ကျော် တက်ကြတယ် ။ ပဲခူး ၊ သာယာဝတီ ၊ ဟံသာဝတီ ၊ သထုံ ၊ အင်းစိန် တို့က တောင်သူလယ်သမားတပ်ကြီးတွေလည်း တက်ကြတယ် ၊
သဘာပတိ အဖြစ်ဖြင့် သခင်မြ လုပ်တယ်လေ ”
“ ဟုတ်ကဲ့ ၊ ဒါတွေ မှတ်မိပါတယ် ”
“ ဘာတွေ ဆုံးဖြတ်တယ်ဆိုတာတော့ ရဲဘော်တို့ ကျောင်းသားတွေ မှတ်မိမယ် မဟုတ်ဘူး ”
“ မမှတ်မိဘူး ခင်ဗျ ”
“ အင်း - ကျောင်းသားကလည်း ကျောင်းသားကိစ္စနဲ့ ဗျာများနေကြတာကိုး ၊ ရွှေတိဂုံကုန်းတော်
ပေါ်မှာ ဆုံမိကြပေမယ့် ' မူးဖ်မင့် ' ချင်း က မဆက် မိဘဲကိုး ။ အဆိုအမှတ် - ၁ က လယ်သီးစား
ဥပဒေကြမ်း နဲ့ လယ်မြေပြောင်းလွှဲရေး ဥပဒေကြမ်း ကို လွှတ်တော် က အတည် မပြုနိုင်အောင်
ဟိုပြောင်း သည်ရွှေ့ လုပ်တဲ့ ဓနရှင်လယ်ပိုင်ရှင် တွေ့ ရဲ့ ကိုယ်စား လှယ်ညွန့်ပေါင်းအစိုးရ ကို ရှုတ်ချပြစ်တင် တဲ့ အဆိုပဲ ။ ခုတော့ ဒီဥပဒေ နှစ်ရပ်ဟာ လွှတ်တော်နှစ်ရပ်က ဆုံးဖြတ်ပြီး ဘုရင်ခံ က
အတည်ပြုပြီ ”
“ ဒါဖြင့် ခု ညွန့်ပေါင်းအစိုးရသစ် က ညွန့်ပေါင်းအဟောင်း ထက် တော်တယ်လို့ ဆိုမလား ”
“ အင်း - ဆိုမယ်ဆိုရင် ဆိုနိုင်တာပေါ့ ။ သို့ပေမယ့် သည်လိုလည်း မဆိုနိုင်ဘူး ၊ အဆိုအမှတ် - ၂ က
အစိုးရ က ဆုံးဖြတ် အတည်ပြုခဲ့တဲ့ တင်းတောင်းစံချိန် ကန့်သတ်ရေးဥပဒေကို လယ်သမားကိစ္စ
အရပ်ရပ်မှာ အသုံးပြုဖို့ တောင်းတယ် ။ အဆိုအမှတ် - ၃ ကတော့ လယ်သမား ကြွေးမြီးစေ့စပ်ရေး
ဥပဒေကို တစ်ပြည်လုံးမှာ အသုံးပြုဖို့နဲ့ ဒီဥပဒေကို လူအများနားလည်နိုင်ဖို့ ဗမာဘာသာ နဲ့
ပြန်ဆိုဝေငှရန် တောင်းဆိုထားတယ် ။ အဆိုအမှတ် - ၄ ကတော့ အနှစ် ၅ဝ လောက် ခေတ်နောက်
ပြန်ဆွဲနေတဲ့ ကျေးရွာဥပဒေပုဒ်မတွေ ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုတယ် ”
“ ကျေးရွာဥပဒေအရ ဘယ်လိုဟာတွေ လုပ်ထားလို့လဲဗျ ”
“ ဥပမာ တောင်သူလယ်သမား တွေဟာ လယ်ကွင်းယာကွင်းတွေထဲမှာ တဲအိမ်ဆောက်လုပ်ပြီး
မနေရဘူးလို့ ပိတ်ပင်ထားတယ် ။ အဲဒီလို မနေရတော့ လယ်ယာအလုပ်အကိုင် ပျက်တာပေါ့ ၊
ပြီးတော့ တောင်သူလယ်သမား တွေကို သက်သက် ချုပ်ချယ်ရာ ရောက်တာပေါ့ ။ အဆိုအမှတ် -
၅ ကတော့ လက်ထောက်ခ ကြွေးဟောင်းများ နဲ့ အခြား လယ်စရိတ် ကြွေးဟောင်းအရပ်ရပ်ကို
လုံးဝ လျှော်ပစ်ဖို့ ၊ ဘယ်လို တရားမမှုမျိုးနဲ့မှ လယ်လုပ်ချိန်မှာ လူကို ဖမ်းဆီး ချုပ်နှောင်ထားခြင်း ၊
ထောင်ချခြင်း မပြုဖို့ တောင်းဆိုတယ် ။ အမှတ် - ၆ ကတော့ လယ်ယာ မလုပ်ကိုင်သူ ဓနရှင်များ
လက်တွင်း ရောက်နေတဲ့ မြေများကို လုပ်ကိုင်ဖြစ်အောင် ပြုပြင်ပေးလို့ ဖြစ်ဖြစ် လယ်ယာ
လုပ်ကိုင်စားသူများ လက်သို့ ခွဲဝေပေးဖို့ တိုက်တွန်းထားတယ် ။ အဆိုအမှတ် - ၇ ကတော့
လယ်ယာ က ရရှိတဲ့ အခွန်တော်အားလုံးကို လယ်သမားတွေ အတွက် တိုက်ရိုက် အကျိုးရှိစေမယ့်
ဌာနတွေ ၊ လုပ်ငန်းတွေ မှာသာ သုံးဖို့ လယ်ကန်သင်း အတွင်းမှာ ရှိတဲ့ ငါးများ ကို လယ်သမားများ
လွတ်လပ်စွာ ဖမ်းစားနိုင်အောင် အင်းဥပဒေ ကို ပြင်ပေးဖို့ ဖြစ်တယ် ။ အမှတ် - ၉ ကတော့
လွန်ခဲ့တဲ့ အနှစ် ၂ဝ ခန့် က ဆန်ဈေးနှုန်း ကန့်သတ်ပြီး ရောင်းချလို့ အစိုးရ မှာ ငွေ ၁ ကုဋေ
အမြတ်ရတယ် ။ အဲဒီငွေ ကို အစိုးရ က လယ်သမားတွေ အကျိုးအတွက် မသုံးဘဲ အလွဲသုံးစား
ပြုထားတယ် ။ အဲဒီ ငွေ ၁၅ ကုဋေ ကို အစိုးရ က အတိုး နဲ့တကွ ပြန်ဆပ်ပြီး လယ်သမားတွေ
တိုက်ရိုက်အကျိုးရှိမယ့် လုပ်ငန်းများမှာ သုံးဖို့ တောင်းဆိုထားတယ် ”
“ ဒီငွေ ကိုသာ ပြန်ရရင် လယ်သမားတွေအတွက် အများကြီး လုပ်နိုင်မှာပဲနော် ”
“ ဒါပေါ့ ၊ ဆေးရုံ တွေ ၊ စာသင်ကျောင်း တွေ ၊ စိုက်ပျိုးရေးသိပ္ပံဌာန တွေ ၊ ဘဏ် တွေ ဖွင့်ပေးနိုင်မှာပေါ့ ။
အမှတ် - ၁ဝ ကတော့ ကမ္ဘာပေါ်ရှိ ဓနရှင်ကြီးများ ခလောက်ဆန် ခြယ်လှယ်မှုကြောင့် အသီးအနှံ
ဈေးနှုန်းများ ကျဆင်းခြင်းမှ ကာကွယ်ရန် တောင်သူလယ်သမား ကိုယ်စားလှယ်တွေ ပါဝင်တဲ့
အဖွဲ့ကြီးတစ်ခု အစိုးရ က ဖွဲ့ထားဖို့ ၊ ငွေတိုးကြီးစား ဓနရှင်ကြီး များအား ရာဇဝတ် အပြစ်ဒဏ်
ပေးနိုင်အောင် ဥပဒေ ပြုလုပ်ပေးဖို့ ၊ လယ်ပိုင်ရှင် ဓနရှင်ကြီး များက လယ်သမားများရဲ့ လယ်ကို
မဝယ်အောင် တားမြစ်တဲ့ ဥပဒေ လုပ်ပေးဖို့ ၊ ဥပဒေ ၊ ရုံး ၊ ဂါတ် ၊ အချုပ် ၊ ထောင် စသည်တို့ကို
ဓနရှင်တွေ ငွေကုန်ကျေးကြခံပြီး သူတို့ လက်နက်သဖွယ် အသုံးပြုနေတဲ့ ဘေးအန္တရယ်မှ
တောင်သူလယ်သမား တွေကို ကာကွယ်ပေးဖို့ ဖြစ်တယ် ။ အမှတ် - ၁၁ ကတော့ အရွယ်ရောက်သူ
ယောက်ျား ၊ မိန်းမတိုင်း မဲဆန္ဒပေးနိုင်ခွင့် တောင်းဆိုတယ် ။ အမှတ် - ၁၂ က တောင်သူလယ်သမား
တွေဟာ တိုင်းပြည် လွတ်လပ်ရေး မရမချင်း ချမ်းသာတိုးတက်နိုင်မှာ မဟုတ်တဲ့အတွက်
တိုင်းပြည် လွတ်လပ်ရေး အတွက် ဆောင်ရွက်ကြဖို့နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား
အစည်းအရုံးကြီး ကို ဗဟို တို့ဗမာအစည်းအရုံးကြီး က ကြီးမှူးပြီး တည်ထောင်ရန် ဆုံးဖြတ်တာ
ဖြစ်တယ် ”
“ အဆိုတွေက အဖက်ဖက်က သိပ်ပြည့်စုံတာပဲဗျာ ”
သခင်သန်းထွန်း သည်ဆေးပြင်းလိပ် ကောက်ကိုင်ပြန်သည် ။ မီးညှိပြီးနောက် တရှိုက်ရှူလျက်
စဉ်းစားနေသည် ။
“ ဟုတ်တယ် စုံတယ် ။ နောက်အဆို နှစ်ခု သုံးခု ရှိသေးတယ် ။ ခင်ဗျားတို့ ဗိုလ်အောင်ကျော် ကို
ချီးကျူးတဲ့ အဆိုတောင် ပါသေးတယ် ။ ဒီအဆိုတွေကို ကြည့်လိုက်ရင် လယ်သမား ပြဿနာတွေကို
အကြမ်းဖျင်းအားဖြင့် နားလည်နိုင်တယ် ၊ ကဲ သီးစားခဥပဒေ အကြောင်း ဆက်ပြောပြဦးမယ် ”
ကျွန်တော် သည် သခင်သန်းထွန်း ၏ အချက်အလက် ပိုင်နိုင်ပုံကို သဘောကျ ကြည်ညိုနေ
လေသည် ။
“ အချိန် ရှိသေးရင် ပြောပြပါဦးဗျာ ၊ ကျွန်တော်ကတော့ နားထောင်ဖို့ အဆင်သင့်ပါပဲ ”
“ တရားမျှတသော သီးစားခ Fair rent သတ်မှတ်ဖို့ဟာ အင်မတန် အရေးကြီးတယ် ။ တောင်သူလယ်သမားတွေ အခုပေးနေရတဲ့ သီးစားခက အင်မတန် ကြီးလေးတယ် ။ တရားမျှတသော
သီးစားခ ကို ဘယ်လို သတ်မှတ်မလဲဆိုတော့ လက်ယာက ထွက်တဲ့ ကောက်ပဲသီးနှံ ထဲကနေပြီး
တောင်သူလယ်သမား ကုန်ကျတဲ့ စရိတ်ကို နုတ်ပြီးမှ မြတ်တာထဲက ခွဲပြီး တရားမျှတသော
သီးစားခ အဖြစ်နဲ့ မြေပိုင်ရှင်ကြီး ကို ပေးရမယ် ။ လယ်သမား ရဲ့ကုန်ကျစရိတ် မှာ မျိုးစပါး ၊ ဝမ်းစာ ၊
နွားခ ၊ ကောက်စိုက်ခ ၊ ကောက်ရိတ်ခ ၊ ထွန်တံ ၊ ထယ်တံခ စသည်များ ပါတယ် ။ ဝမ်းစာကလည်း
လယ်သမား တစ်အိမ်ထောင်စာ စားဖို့ လုံလောက်ရမည် ။ ဥပမာ တစ်တုံးထွန် မှာ စပါး ၃၅ဝ
ထွက်တယ် ဆိုပါတော့ ၊ ခုနင်က စရိတ်တွေက စပါးတင်း ၃ဝဝ ကျတယ် ဆိုပါတော့ ၊ အမြတ်တင်း
၅ဝ ပေါ်တယ် ၊ အဲဒီ အမြတ် ကို သီးစားခသမား နဲ့ မြေရှင် ခွဲယူရမယ် ၊ ဒီနည်းနဲ့ တွက်မှ တရားမျှတယ် ။ ခုတလောမှာ ကိုယ်တို့ တောင်သူလယ်သမား အစည်းအရုံးတွေ က တရားမျှတသော
သီးစားခ နဲ့ တွက်ပြီး သီးစားခပေးဖို့ လှုံ့ဆော်ကြတယ် ။ တောင်သူလယ်သမား တွေကလည်း
ကိုယ်တို့ တွက်နည်းအတိုင်း တွက်ပြီး ပေးကြတယ် ။ ဥပဒေနဲ့လည်း ကိုက်နေတာပဲ ၊ သို့ပေမယ့်
မြေပိုင်ရှင်တွေ က လယ်သမားတွေ တွက်တဲ့ တရားမျှတသော သီးစားခဟာ နည်းလွန်းပါတယ် ၊
လက် မခံနိုင်ဘူး ဆိုပြီး ဟိုက်ကုတ် ရောက်အောင် အယူခံဝင်နေကြတယ် ”
“ ဟိုက်ကုတ် မှာ အယူခံဝင်နေတဲ့ သီးစားခနဲ့ မြေရှင်အမှုတွေ ကို အခုမှ ရှင်းရှင်းလင်းလင်း
နားလည်ပေတော့တယ်ဗျာ ”
“ လယ်သီးစားဥပဒေကြမ်း ဟာ တောင်သူလယ်သမား ဆင်းရဲသားတွေရဲ့ ကိုယ်ခန္ဓာမှာ အနှစ်နှစ်
အလလ က စွဲကပ်နေတဲ့ ငတ်ပြတ်ချို့တဲ့မှု အနာရောဂါကြီးကို အမြစ်ပါ မကျန်အောင် တွန်းလှန်
စွမ်းနိုင်တာ မဟုတ်ဘူး ။ သာမန် အပေါ်ယံ လိမ်းဆေး ၊ ဖြူးဆေးပဲ ဖြစ်တယ် ။ သို့ပေမယ့်
စည်းရုံးရေး လက်တွေ့လုပ်ငန်းတွေမှာ ဒီ ဥပဒေကို အသုံးချသွားရတယ် ”
ထို့နောက် သခင်သန်းထွန်း က သခင်မြ လက် မှတ်ထိုးထားသော တောင်သူလယ်သမား အစည်းအရုံး ညွှန်ကြားလွှာများကို လေ့လာဖို့ ထုတ်ပေးလေသည် ။ တစ်ခုတွင် အဖက်ဖက်က စည်းရုံးရေး
မှာ မပြည့်စုံသေးဘဲ လူခွန်တော် မပေးရေး တိုက်ပွဲများ မလုပ်ဖို့ ညွှန်ကြားထားသည် ။ အခြား
တစ်ခုမှာ သီးစားခဥပဒေ အငြင်းအခုံများနှင့် ပတ်သက်ပြီး သီးစားခသမားများက မြေယာလုပ်ငန်း
ကို သပိတ်မှောက်ထိုက် မမှောက်ထိုက် ကို ရှင်းပြထားသည် ။
ကျွန်တော် က ပြန်ရန် ထလိုက်သည် ။
“ ကျွန်တော် သွားပါဦးမယ် ”
သခင်သန်းထွန်း သည် ဆေးပြင်းလိပ် ကို မီးညှိရင်း -
“ ညွှန်ကြားလွှာတွေ ရဲဘော်တို့ သတင်းစာမှာ ပါနိုင်ရင် သိပ်ကောင်းမှာပဲ ”
“ ကျွန်တော့် အယ်ဒီတာ ကို ထည့်ပေးဖို့ အထူး ပြောပါ့မယ် ”
“ ဒါတွေဟာ အစိုးရ ကို ဆန့်ကျင်တာမှ မဟုတ်ဘဲ ၊ အစိုးရ ဥပဒေအတိုင်း ဖြစ်အောင် လုပ်နေတာ
တွေပဲ ။ ရဲဘော်တို့ သတင်းစာက မထည့်နိုင်စရာ အကြောင်း မရှိပါဘူး ”
“ ကျွန်တော်လည်း အဲဒီလို ထင်တာပဲ ၊ ကျွန်တော် ပြန်ပါဦးမယ် ”
“ ဟို ခုနင်ကပြောတဲ့ သခင်တွေ ဘာသာ ကို ဖျက်ဆီးနေပါတယ် ဆိုတဲ့ ဆောင်းပါး ၊ ဘယ်သူ
ရေးတယ်ဆိုတာ သိအောင် စုံစမ်းပေးစမ်းပါ ”
“ ကျွန်တော် ကြိုးစားပါ့မယ် ”
သခင်သန်းထွန်း သည် သူ့ရှေ့မှာ ရှိသော အင်္ဂလိပ် သတင်းစာတစ်စောင်ကို ငုံ့ဖတ်ရင်း -
“ ကောင်းပြီလေ သွားတော့ ”
ကျွန်တော် သည် သခင်သန်းထွန်း ၏ အလုပ် လုပ်ပုံ ၊ အသေးစိတ် ကျွမ်းကျင်ပုံ စသည်တို့ကို
စိတ်ထဲက ချီးကျူးရင်း ထွက်လာခဲ့လေသည် ။ လှေကားမှ ဆင်းနေစဉ်တွင် သခင်သန်းထွန်း က
တစ်ယောက်ယောက်အား ခပ်ကျယ်ကျယ် လှမ်းပြောလိုက်သံကို ကြားရ၏ ။
“ တော်တော်ကောင်းတဲ့ စကားပဲ ၊ ဘုံဘေ မှာ အလုပ်သမားခေါင်းဆောင်တစ်ဦး က ပြောတယ် ၊
အင်္ဂလိပ် ခြင်္သေ့ကြီး ဟာ တွင်းထဲ ကျသွားပြီ ၊ ပြန်မတက်နိုင်အောင် လုပ်ကြစို့ရဲ့တဲ့ ”
ကျွန်တော်လည်း ထိုစကားကို သဘောကျလှပေ၏ ။
သခင်သန်းထွန်း ထံမှ ကြားနာ မှတ်ယူခဲ့သော တောင်သူလယ်သမား ပြဿနာများ နှင့် သီးစားခ
ဥပဒေအကြောင်း ကို မခင်သစ် အား တစ်ဆင့် ကျွန်တော် က ပြောပြရ၏ ။ ပြောပြသောအချိန်မှာ
တစ်ခုသော တနင်္ဂနွေနေ့၏ နံနက်ခင်း ငါးနာရီခွဲလောက် ဖြစ်၏ ။ ကံကောင်းထောက် မသဖြင့်
မိုးစဲနေ၏ ။ ကောင်းကင်ပြင်မှာ ကြည်လင်၍ပင် နေလိုက်သေး၏ ။ လာမည့် တနင်္ဂနွေနေ့ မနက် မှာ
မိုးမရွာလျှင် လမ်းလျှောက်သွား၍ ဆူးလေဘုရား ဖူးကြမည်ဟု မခင်သစ် ၏ မိခင် ဒေါ်ညွန့် က
ပြောထားခဲ့လေသည် ။ မခင်သစ် နှင့် ကျွန်တော် က ရှေ့မှ စကားတပြောပြောနှင့် လျှောက်ကြသည် ။
ဒေါ်ညွန့် နှင့် မခင်သစ် ၏ အဒေါ် မရွှေသစ် တို့က ကျွန်တော်တို့ နောက် မလှမ်းမကမ်း မှ အရိပ်
တကြည့်ကြည့်ဖြင့် လျှောက်လိုက်ခဲ့ကြလေသည် ။
ကရိခ် ( ဗိုလ်မြတ်ထွန်း ) လမ်းကြီး မှာ ရှင်းနေသည် ။ ကျွန်တော်တို့မှ တစ်ပါး သွားလာလှုပ်ရှားမှု
မရှိ ။ လင်းရောင်ခြည် ပြေးနေပြီ ဖြစ်သော်လည်း လမ်းမီးများ မငြိမ်းသေး ။ လေညင်းကလေးက
ကျွန်တော်တို့ မျက်နှာဆီသို့ တိုးဝှေ့ တိုက်ခတ်နေသည် ။ ကျွန်တော်တို့ ဆူးလေဘုရား သို့
သွားမည် ဖြစ်သော်လည်း ဒါလ်ဟိုဇီလမ်း ( မဟာဗန္ဓုလလမ်း ) မှ မချိုးကြသေး ။ လမ်းလျှောက်၍
ကောင်းသည် နှင့် ကရိခ်လမ်း အတိုင်း ဆက်လျှောက်လာကြသည် ။ ညာဘက်ဘေးမှ မြောင်းပြတ်များတွင် ရေပြည့်လျှံလျက်ရှိပြီး မှန်သားကဲ့သို့ ပတ်ဝန်းကျင်အရောင် ဟပ်နေလေသည် ။ နီရောင်
ယှက်သန်းသော ကောင်းကင်ပြာ ၊ စိမ်းညိုသော သစ်ပင် ၊ ဝင်းလက်သော လမ်းမီး ။
မခင်သစ် မှာ အတော် ကြည်နူးနေဟန် ရှိသည် ။
“ ဆရာ သိပ်သာယာတာပဲနော် ၊ လေကောင်းလေသန့်လည်း ရတယ် ” ပြောရင်းဆိုရင်း လေကောင်း
လေသန့်များကို ပြင်းပြင်းရှူရှိုက်နေလေသည် ။
“ ဒီမြောင်းပြတ်ကလေးတွေဟာ သည်လောက် တစ်ခါမှ မလှဘူးလို့ သစ်သစ် ထင်တယ် ”
သူ့စိတ်ထဲမှာ ကဗျာတစ်ပုဒ် စပ်ကောင်း စပ်နေပေမည် ။ ကျွန်တော် ကတော့ ရန်ကုန်မြို့တည်စ
ရာဇဝင်ကို သတိရနေသည် ။
“ ဟောသည် မြောင်းပြတ်တွေက ရှေးက တစ်ဆက်တည်းဖြစ်ဟန် တူတယ် ၊ ရေကျော် ဘက် မှာ
ကျော်လွှမ်းလေ့ရှိတဲ့ ရေတွေ ကို မြောင်းတူးပြီး လွှဲထုတ်ခဲ့တာနဲ့ တူတယ် ၊ အဲဒီ မြောင်းကို
အကြောင်းပြုပြီးတော့ ဒီလမ်းကို ကရိခ်လမ်း လို့ ခေါ်တယ် ထင်တယ် ”
“ ဟုတ်မှာပါပဲ ဆရာ ”
ဒေါ်ဒေါ်ညွန့် ၊ ဒေါ်ဒေါ်ရွှေ တို့ နောက်ကျ ကျန်ရစ်သဖြင့် ရပ်စောင့်ကြသေးသည် ။ ပြီးနောက်
ကုန်သည်လမ်း သို့ ကွေ့ကြသည် ။ ကုန်သည်လမ်း ကား ကရိခ်လမ်း လို အိပ်ရာထနောက် မကျ ။
မြူနီစပယ် အမှိုက်တင်ကားကြီးများ သည် အမှိုက်ကျုံး နေကြသည် ။ လမ်းပေါ် ပလက်ဖောင်းပေါ်
တွင် အမှိုက်လှဲနေကြသည် ။ လန်ချား အချို့ သွားလာနေကြပြီး ဘိုကလေးဈေး လည်း ဖွင့်စပြုပြီ ။
ဈေးဝယ် မကျသေးသော်လည်း ငါးသားသည်များက အဆင်သင့် စောင့်နေကြလေပြီ ။ မခင်သစ် က
နောက်ပြန် လှည့်ကြည့်ရင်း နေမင်းကြီးကို ပေါ်လှာခဲသည်ဟု ကြိုဆိုနေကြသော ကောင်းကင်နှင့်
တိမ်တိုက်တို့အကြောင်း စကားစလိုက်စဉ် ကျွန်တော်က ကြားဖြတ်လိုက်သည် ။
“ သစ်သစ် တစ်နေ့က တောင်သူလယ်သမား သီးစားခ အငြင်းပွားမှုတွေ အကြောင်း မေးတယ်
မဟုတ်လား ”
“ ဟုတ်တယ်ဆရာ ၊ မေးတယ် ၊ သစ် က သိချင်တယ် ”
“ ကိုယ်လည်း လေ့လာပြီးပြီ ”
သို့ဖြင့် တောင်သူလယ်သမားများ ၏ မြေယာပြဿနာများ ၊ ရွှေတိဂုံကုန်းတော် တောင်သူလယ်သမား ညီလာခံမှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက် များ ၊ တရားမျှတသော သီးစားခဥပဒေ နှင့်
တောင်သူလယ်သမား စည်းရုံးရေးလုပ်ငန်းများကို မခင်သစ် အား ပြောပြနေလေတော့သည် ။
နောက်က လိုက်လာသော ဒေါ်ဒေါ်ညွန့် နှင့် ဒေါ်ဒေါ်ရွှေ တို့ကား ကျွန်တော်တို့ ဘာပြောလာကြသည်ကို တစ်ဆိတ်တစ်ပေါက် ကြားနေကြဟန်တူသည် ။
ဒေါ်ဒေါ်ညွန့် -
“ မောင်တင်ထွန်း က မင့်နှမ ကို တောင်သူလယ်သမားသင်တန်း ပေးနေတာလားကွ ”
ဒေါ်ဒေါ်ရွှေ -
“ လမ်းလျှောက်ရင်း သင်တန်းပေး မနေနဲ့ဟေ့ ။ မင်းတို့ လျှောက်တာ သိပ်နှေးနေပြီ ၊ သွက်သွက်
လျှောက်ကြ ”
ကျွန်တော်တို့သည် ဗန္ဓုလပန်းခြံသို့ ရောက်ကြလေပြီ ။ ပန်းခြံကား စည်ကားလှပနေ၏ ။
“ ပန်းခြံထဲက ဖြတ်လျှောက် မှာလား ဒေါ်ဒေါ် ”
ဒေါ်ဒေါ်ညွန့် -
“ ရွှံ့ရှိမယ် ထင်တယ်ကွ ”
သစ်သစ် -
“ မိုးစဲနေတာ သုံးရက်တောင် ရှိနေပြီဟာပဲ ၊ ရွှေရွှေ က အိမ်မှာတုန်းကပြောတော့ ပန်းခြံ ထဲ ခဏ
ဝင်မယ် ၊ ထိုင်ခုံမှာ ခဏထိုင်ပြီးမှ ဘုရားပေါ် တက် မယ်တဲ့ ၊ ပြောတယ်မဟုတ်လား ရွှေရွှေ ”
ဒေါ်ဒေါ်ညွန့် -
“ ကဲ ကဲ ပန်းခြံထဲက ဖြတ်လျှောက်ချင် လျှောက် ၊ ထိုင်တော့ မထိုင်နဲ့တော့ ၊ အပြန် နေပူနေမှာ
စိုးရတယ် ”
ကျွန်တော်တို့သည် ပန်းခြံထဲသို့ ဝင်ကြသည် ။ ကျောက်စရစ်လမ်းကလေးများသည် မြက်ခင်းစိမ်းထဲတွင် ဖွေးခနဲ ပြေးနေကြသည် ။ ဗုဒ္ဓသရဏံပင်များ သည် ကားကားစွင့်စွင့် ပွင့်နေကြ၏ ။
ငှက် များသည် လုံးဝနိုးပြီဖြစ်သဖြင့် မိုးသောက်သီချင်းများကို သီဆိုနေကြလေပြီ ။ အချို့မှာ အစာ
ရှာရန်ပင် ပျံထွက်လာကြလေပြီ ။
ဆူးလေဘုရား ရင်ပြင်ပေါ်သို့ ရောက်သောအခါ ရေကြည်ဝတ်အသင်း က လှဲကျင်းရှင်းလင်းပြီး
ဖြစ်သည်ကို တွေ့ရလေသည် ။ ဘုရားဖူး များများစားစား မတွေ့ရ ။ ပန်းဆိုင်များပင် အချို့သာ
ဖွင့်ကြသေး၏ ။
ဘုရားဖူးကြသောအခါ ဒေါ်ဒေါ်ညွန့် နှင့် ဒေါ်ဒေါ်ရွှေ ကြားမှာ မခင်သစ် က ထိုင်ရသည် ။ ကျွန်တော်
က သူတို့နောက်က ခပ်ခွာခွာ ထိုင်ရသည် ။ ဘုရားရှိခိုးနေစဉ် ကျွန်တော့် မျက်စိများသည်
ငှက် မြတ်နားဆီသို့ ရောက်သွားလေသည် ။ ကျွန်တော့် နားက ငြိမ်းချမ်းသာယာလှသော ဆည်းလည်းသံသို့ ရောက်သွားသည် ။ ကျွန်တော့် စိတ်ကမူ ဘာ့ကြောင့်မှန်း မသိ ၊ ပိုလန် မှ ရူမေးနီးယားပြည်သို့ ထွက်ပြေးကြရသော စစ်ပြေးဒုက္ခသည် ခြောက်သောင်း ဆီသို့ ရောက်သွားလေသည် ။
◾သိန်းဖေမြင့်
📖 အရှေ့က နေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment