❝ သတင်းစာတိုက် မှ အလုပ် ❞
ဘုန်းတော် အလွန်တရာကြီးတော်မူသော ဂျော့ဘုရင်မင်းမြတ် ၏ အရိပ်အာဝါသတွင် ခိုလှုံနေရသော မြန်မာနိုင်ငံတွင် အခက်အခဲဆုံးအလုပ်သည် အဘယ်အရာနည်းဟု မေးလျှင် အလုပ်ရှာရသည့် အလုပ်ဖြစ်သည် ဟု ဖြေရပေလိမ့်မည် ။ အလုပ်ရှာရသည့် အလုပ် ။
ဘီအေ အောင်ပြီးသည့်တိုင်အောင် ပညာတွေသင်ထားရသဖြင့် အလုပ်ရှာရာ၌ မလွယ်ကူဘူးလားဟု
မေးစရာရှိသည် ။ ကျွန်တော့် လက်တွေ့ကတော့ ဘီအေ အောင်ထားသဖြင့် အလုပ်ရှာရ ပိုခက်သည် ။
ပညာ မတတ် ၊ ကျရာ ကြုံရာ လုပ်မည်ဆိုလျှင် အလုပ်ရ လွယ်ဦးမည် ။ ကူလီ ထမ်းမည်လား ၊
လမ်းပေါ် ဟစ်အော်၍ ဈေးရောင်းမည်လား တောင်ယာစိုက်ပျိုးမည်လား ၊ ကပ္ပိယ လုပ်မည်လား ၊
ဈေးဆွယ်သူ လုပ်မည်လား ။
ဘီအေ အောင်ပြီးမှ တစ်လ ၇ဝိ နှင့် စာရေးကြီး ဝင်လုပ်သူတို့ကို ကျွန်တော် တွေ့ရ၏ ။ ယခင်က
ထိုလူများအား နုံတဲ့လူတွေကိုး ဟု အောက် မေ့မိ၏ ။ မကောင်းသော သနားခြင်း ဖြစ်မိ၏ ။ ယခု
ကိုယ်တိုင် အလုပ်ရှာကြည့်တော့မှ ကိုယ်ချင်းစာမိသည် ။ ရာထူးစာမေးပွဲ မအောင်ဘဲ ဘီအေ
အောင်ရုံဖြင့် ဘာသွားလုပ်မည်နည်း ။ စာမတတ်သူလို ကူလီထမ်းရဖို့လည်း မဖြစ် ၊ လမ်းပေါ်
လျှောက်ဟစ်အော်ကာ ဈေးရောင်းလို့လည်း မဖြစ် ၊ တစ်လ ၇ဝိ စား စာရေးကြီးသာ လုပ်စရာရှိသည် ။ ဆယ်တန်းသမားတွေ နှင့် ယှဉ်ပြိုင်တိုးရလျှင် ခပ်ချောင်ချောင်ပင် နိုင် နိုင်သည် ။ ဘီအေ
အောင်ထားသည်ဆိုတော့ တစ်နေ့ ရုံးဝန်ထောက် ဖြစ်သွားနိုင်သည် ။ မြို့အုပ်ရာထူးဖြင့် ချီးမြှင့်
မစခြင်း ခံရနိုင်သည် ။ သို့ရာတွင် ကျွန်တော့် အဖို့တော့ သည်လမ်းက လုံးဝ ပိတ်နေသည် ။
ကျွန်တော့်တို့ နိုင်ငံအား ငြိမ်ဝပ်ပိပြားအောင် ကျွန်အဖြစ်မှ ရုန်းမလွတ်အောင် ပြုလုပ်နေသော
စက်ယန္တရားကြီးတွင် ကြီးသည် ငယ်သည် မဟူ ၊ ဘယ်နေရာကဖြစ်ဖြစ် ဝင်ရောက်အမှုထမ်းခြင်း
မပြုနိုင်ပါ ။ စာရေးလုပ်ရင်း သခင်လုပ်လျှင်လည်း အထုတ်ခံရမည်သာ ။
ဘီအေ အောင်ရုံဖြင့် လွယ်လွယ်နှင့် လုပ်နိုင်သော အလုပ်မှာ ကျောင်းဆရာ ဖြစ်၏ ။ အစိုးရ
ကျောင်းများမှာထက် နေရှင်နယ်ကျောင်းများနှင့် အခြား အထောက်အပံ့ခံ ကျောင်းများမှာ ပို
လွယ်ကူသည် ။ သခင်သန်းထွန်း သည် မွတ်စလင် ကျောင်းတစ်ကျောင်းတွင် ဆရာလုပ်ရင်း
နိုင်ငံရေး လုပ်နေနိုင်သေးသည် ။ ကျွန်တော်ကော သူ့လို မလုပ်နိုင်ပေဘူးလား ။ သူ့မှာ
ကျွန်တော့်လို ဘီအေ ပင် မအောင်ပါ ။ ကျွန်တော်သည် ကျောင်းဆရာအလုပ် လိုက်ရှာ၏ ။
ရုတ်တရက် ရန်ကုန်မြို့ပေါ်မှာ မရ ၊ မြို့မကျောင်းမှာပင် ဆရာတွေ ပြည့်နေသည် ။ ခရမ်း
နေရှင်နယ်ကျောင်းမှာ ရနိုင်သည် ။ သို့သော် ကျွန်တော်က ရန်ကုန်မြို့ မှ မထွက်ခွာလို ။ သခင်
ခေါင်းဆောင်များနှင့် ကင်းဝေးမည့်အရပ်သည် ကျွန်တော် နှင့် နဂါးလှည့် မတည့် ။
သို့နှင့် အလုပ်အပေါက် မတည့်နိုင် ဖြစ်နေစဉ် နေရေးထိုင်ရေးက ခက်လာသည် ။ ကျွန်တော် က
ဖခင်ကြီးထံသို့ ကျွန်တော် ဘီအေ အောင်ပြီး လွတ်လပ်သော အလုပ်တစ်ခုခု ရှာနေပါပြီ ။ မကြာမီ
ရပါလိမ့်မည် ။ ထို့ကြောင့် ငွေပို့ မပေးပါနှင့်တော့ ဟု စာတစ်စောင် ရေးခဲ့ပြီးပြီ ။ ယင်းသို့ အလုပ်
မသေချာသေးဘဲနှင့် ငွေ မပို့ရန် စာရေးခြင်းမှာ အဖေအမေ မကြိုက်တာ ကြိုက်တာ အပထားပြီး
လွတ်လွတ်လပ်လပ် ကိုယ်လုပ်ချင်ရာ လုပ်ရန် ဖြစ်ပေသည် ။ သူများ ငွေအကူအညီ မပြောနှင့် ၊
ကိုယ့် မိဘငွေ ယူသုံးခြင်းသည်ပင်လျှင် ကိုယ့် လွတ်လပ်ရေးကို ထိခိုက်စေမည် မဟုတ်ပါလော ။
အဖေ့ ထံမှ ငွေလည်း မလာ ၊ စာလည်း မရောက် ၊ ငွေ မရောက်သဖြင့် ဦးလေးမြင့် အား ထမင်းလခ
မပေးနိုင် ။ ဦးလေးမြင့် ကတော့ မတောင်းပါ ။ မကြည်မဖြူ လက္ခဏာကိုလည်း မပြပါ ။ သို့သော်
သူ့မှာလည်း တစ်လ ၈ဝိ လောက်သာ ရသော ဒုတိယဖိုမင် မို့ ချောင်လည်လှသည် မဟုတ် ။
ကျွန်တော်က သူ့အား အားနာနေသည် ။ အားနာနာနှင့် ထမင်းစားနေလို့ ရသေးသည် ။ အားနာနာ
နှင့် အိမ်မှာနေလို့ ရသေးသည် ။ သည့်ထက် ကျပ်သည်မှာ အသေးသုံး မရှိခြင်း ဖြစ်၏ ။ အဝတ်တွေ
ကို ဒိုဘီပေးဖို့ ခက်လာ၏ ။ ကိုယ်တိုင် လျှော်ပြန်တော့ ဆပ်ပြာ ဝယ်စရာ လိုလာသည် ။ တစ်ခါ
တစ်ခါ ဆာတုန်း ' တောက်တောက် ' နှင့် တုံးခေါက်၍ လာသော ခေါက်ဆွဲတရုတ်အား လှမ်း၍
ခေါ်လိုသည် ။ အိတ်ထဲမှာ ပိုက်ဆံ မရှိသဖြင့် တောက်တောက်နှင့် တုံးခေါက်သံ တဖြည်းဖြည်း
ဝေးသွားသည့်တိုင် ဆာလောင်ခြင်းကို သည်းခံနေလိုက်ရသည် ။ ခရီးစရိတ် မရှိသဖြင့် အသွားအလာ ကျုံ့ပြန်သည် ။ သခင်တို့ မည်သည် အာပေါင်အာရင်း သန်ရမည်သာမက ခြေသန်ရမည် ဟု
ဆိုသော်လည်း နေရာတကာ ခြေကျင်လျှောက်နေ၍လည်း မပြီး ။
ကျွန်တော်သည် ယခင်ကဆိုလျှင် မိဘများ ထံမှ လွဲ၍ သူများထံမှ ကိုယ့်အတွက် သုံးစွဲရန် လက်ဝါးဖြန့်ခံကာ မတောင်းဖူးပါ ။ ကျောင်းသားအရေးတော်ပုံထဲ ရောက်လာသောအခါ ကျောင်းသား
အရေးတော်ပုံအတွက် အလှူခံရဲလာသော်လည်း ကိုယ့်အတွက် သုံးစွဲရန် မတောင်းရဲသလောက်
ဖြစ်နေခဲ့သည် ။ သို့သော် ကျောင်းသားအရေးတော်ပုံတွင် လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်
ဖြစ်လာသူများထံမှ တောင်းယူသုံးစွဲရန်ကား တဖြည်းဖြည်း ရဲလာသည် ။ သူ့မရှိ ကိုယ်ကပေး ၊
ကိုယ့်မရှိ သူကပေး ၊ ဘာမျှ အားနာစရာ ရှက်စရာ မရှိကြတော့ပေ ။ သို့သော် ကျွန်တော်သည်
ကျောင်းသားရဲဘော် အချင်းချင်းမှာသာ တောင်းရဲ ရမ်းရဲ ငှားရဲ ချေးရဲပေသည် ။ ယခုလို ကျောင်းမှ
ထွက်ပြီး သခင်နိုင်ငံရေးသမားဖြစ်အောင် ကြိုးစားရင်း ပြင်ပလောကသို့ ဝင်ရောက်သောအခါ
အကျပ်တွေ့ပြန်ပါသည် ။ ခရိးစရိတ် တစ်မူးတစ်မတ် မရှိလို့ ဖွင့်မပြောရဲ ၊ တောင်းဖို့လည်း
လက် မရဲ ။ တစ်ခါတစ်ရံ ဘတ်စ်ကားခ မရှိသဖြင့် ခြေကျင်လျှောက်ရလေသည် ။ တစ်ခါတစ်ရံ
အိတ်ထဲမှာ ပဲစေ့ တစ်စေ့ ပါ၏ ။ လက်ဖက်ရည်လည်း ဆာ၏ ။ သောက် မည်ဆိုလျှင် လက်ဖက်ရည်
တစ်ခွက် ဝယ်၍ သောက်နိုင်၏ ။ သို့သော် ဘေးက အဖော်တွေကို မတိုက်နိုင်သဖြင့် ကိုယ်လည်း
လက်ဖက်ရည် မသောက်လိုက်ရဘဲ အာခေါင် အခြောက် ခံထားရလေသည် ။
ကျွန်တော်၏ ဤအခက်အခဲများကို ကိုဘဟိန်း ၊ ကိုလှရွှေ ၊ ကိုထွန်းရှိန် စသော ကျောင်းသား
ခေါင်းဆောင်များနှင့် ကိုအေးငွေ စသော ကျောင်းသား သူငယ်ချင်းများက သိကြ၏ ။ ကိုယ်ချင်းစာကြ၏ ။ သူတို့မှာ ရှိလျှင် ကျွန်တော့်အား မျှကြ၏ ။ မတောင်းရဘဲ ပေးတတ်ကြ၏ ။ အတူ
ခရီးသွားလျှင် အလိုက်သိစွာ သူတို့ကပင် ပိုက်ဆံထုတ်ပေးကြ၏ ။ စားကောင်းသောက်ဖွယ် အခွင့်အလမ်း ပေါ်လျှင် ကျွန်တော့်ကိုပါ ခေါ်သွားတတ်ကြ၏ ။ သူတို့ ရုပ်ရှင်ကြည့်နိုင်လျှင် ကျွန်တော့်
ကိုပါ ခေါ်တတ်ကြပေ၏ ။ တစ်ယောက်တည်း တစ်ကျပ်တန်း က ကြည့်မည့် အစား ကျွန်တော့်ပါ
ခေါ်ပြီး ရှစ်ပဲတန်း က ကြည့်ကြ၏ ။
တစ်နေ့သ၌ ကိုအေးငွေ နှင့် ကျွန်တော် တို့သည် ဟိုလျှောက်သည်လျှောက် လျှောက်ပြီးနောက်
မောကလည်း မော ၊ ညောင်းကလည်း ညောင်း သောကြောင့် ဂလုပ်ရုံ တွင် ညနေပွဲကြည့်ရန်
ငါးမူးတန်း လက် မှတ်ပေါက်၌ တိုးနေကြလေသည် ။ ငါးမူးတန်း မှာ လူကြိတ်ကြိတ် တိုးနေသော်လည်း အထက်တန်းများမှာကား တဖြောက်ဖြောက် လာနေလေသည် ။ ကျွန်တော်သည် လက် မှတ်
မရလိုက် မရှိရန် လက် မှတ်ပေါက်ဆီသို့ စူးစိုက်စွာ ဦးတည်၍ တိုးနေစဉ် လူတစ်ယောက်က
ကျွန်တော့် လက်ကို ဆွဲပြီး ခေါ်လိုက်သည် ။
“ ဆရာကလေး မမ တို့က ခေါ်နေတယ် ”
ကျွန်တော်သည် သူ့အား လှည့်ကြည့်လိုက်သောအခါ မျက်နှာကို မြင်ဖူးသလိုလို ရှိသော်လည်း
ဘယ်သူ ဘယ်ဝါ ဟု ခွဲခြား သတိမရပေ ။
“ လက် မှတ်ရအောင်ယူပြီးမှ လာခဲ့မယ်လို့ ခင်ဗျားတို့ မမ ကို ပြောလိုက်ပါဗျာ ”
ကျွန်တော်တို့ အချီအချပြောနေစဉ် ဘေးကလူများက ကျွန်တော်တို့အား ဝိုင်းကြည့်နေလေသည် ။
“ မဟုတ်ဘူး ဆရာလေး ၊ မမတို့က သူတို့နဲ့ လာကြည့်လှည့်ပါတဲ့ ၊ ကျွန်တော့်ကိုလည်း
ဆရာတို့ဖို့ ပထမတန်းလက် မှတ်ဝယ်ဖို့ ခိုင်းလိုက်ပြီ ”
ကျွန်တော်က အံ့ဩနေသည် ။ ကိုအေးငွေ က ကျွန်တော့်အား မျက်စပစ်လိုက်သည် ။
“ လာပါဆရာ ၊ မမလေးတို့ စောင့်နေတယ် ”
“ နေပါဦးဗျ စိတ်လည်း မရှိပါနဲ့ ၊ ခင်ဗျား မမ တွေက ဘယ်သူတွေလဲ ”
ထိုသူသည် အံ့ဩစွာဖြင့် -
“ အို - ဆရာလေး ကျွန်တော့်ကို မေ့သွားပြီလား ၊ ကျွန်တော် အငြိမ်းစားဝန်ထောက်ကြီး ဦးဖေ အိမ်က
ဒရိုင်ဘာလေ ၊ ဒေါ်ဌေးကြည် က အခေါ်ခိုင်းလိုက်တာ ၊ ဝင်နီ ရော မေစီ ရော ပါလာတယ် ”
ကျွန်တော်က အူကြောင်ကြောင် လုပ်နေစဉ် ကိုအေးငွေ က ကျွန်တော့် ဖင်ကို လက်သီးနှင့် ကျိတ်ထိုး
လိုက်ပြီး -
“ ကဲ မူလကျီ လုပ်မနေနဲ့ ၊ သူတို့နဲ့ အတူတူ သွားကြည့်ကြမယ် ”
ကျွန်တော်တို့ နှစ်ယောက်သည် လူအုပ်ထဲမှ ရုန်းထွက်ခဲ့ပြီး ဒရိုင်ဘာ နောက်သို့ လိုက်ကြလေသည် ။
ဒေါ်ဌေးကြည် ။ ခါတိုင်းလိုပင် ဝဝ စိုစို ချိုချို ဖြစ်သော မင်းကတော်ကြီး ဒေါ်ဌေးကြည် ပါ ကလား ။
သမီး ဝင်နီဖေ ခေါ် ခင်သိန်းဝင်း ကား ခါတိုင်းနှင့် မတူဟု ထင်မိသည် ။
ပထမအကြိမ် တွေ့စဉ်က ဝင်နီ ၏ လန်းဆန်းသောအလှကို သူတို့နေထိုင်ရာ အိမ်အိုကြီး နှင့်
ဆန့်ကျင်ယှဉ်ပြိုင်၍ သတိထားမိခဲ့သည် ။ ယခုတော့ ဝင်နီ ၏ အလှသည် ညှိုးရော်နွမ်းလျနေသည်
ဟု ထင်သည် ။ ဝင်နီ ကို မြင်လျှင် မြင်ချင်း ယောက်ျားရသွားပြီ ဆိုသော သတင်းကို သတိရလိုက်၏ ။
ညီမ မေစီ ကား မာနရောင် ဟပ်နေသည့် မျက်နှာနှင့် ကြော့ကြော့မော့မော့ ရှိပေသည် ။
သူတို့အနား ရောက်သွားလျှင်သွားချင်း ဒေါ်ဌေးကြည် က ဆီး၍ -
“ မတွေ့ရတာ ကြာပါပြီကော မောင်တင်ထွန်း ၊ ပျောက်ချက်သား ကောင်းလှချည့်လားကွယ် ၊
ဘယ့်လောက်ပဲ အလုပ်များပေမယ့် ခဏတစ်ဖြုတ်လောက်တော့ အိမ်လာလည်ဖို့ ကောင်းပါတယ် ”
သမီးတွေကလည်း ကျွန်တော့်အား မပွင့်တပွင့်ပြုံးဖြင့် ရန်တွေ့နေကြသည် ။
“ မအားလွန်းလို့ပါ ဒေါ်ဒေါ်ရယ် ၊ မလာချင်ဘဲ နေပါ့မလား ၊ ဒါထက် ကျွန်တော်ကြားတဲ့ သတင်း မှန်လား မသိဘူး ”
အမေရော သမီးများပါ နားစွင့်နေကြသည် ။
“ ဘာ သတင်းများပါလိမ့် ၊ မောင်တင်ထွန်း ရယ် ”
ကျွန်တော်သည် ကျွန်တော့်မျက်နှာနှင့် အမူအရာများကို ကျွန်တော့်သတင်း မမှန်လည်း ရယ်စရာ
ဖြစ်လေအောင် ၊ မှန်လည်း ကျွန်တော် က ဂရုမစိုက်ဘူးဆိုသော အဓိပ္ပာယ်ပေါ်အောင် ပေါ့ဆဆ
ဖြစ်နိုင်သလောက် ဖြစ်စေပြီး -
“ ဝင်နီ လက်ထပ်သွားပြီဆိုတဲ့ သတင်းလေ ”
ဝင်နီ က ရှက်သွားဟန်ရှိသည် ။ မေစီ က ကလိဆွသော အပြုံးကို ပြသည် ။ ဒေါ်ဌေးကြည် က
ခပ်တည်တည် ဣေန္ဒြဆည်ပြီး -
“ အေး ခု မဟုတ်သေးပါဘူး ၊ အန်တီတို့ ဘက်က စဉ်းစားတုန်းပဲ ၊ သမီးရှင် ဆိုတာ အရာရာမှာ
စဉ်းစားရတယ် မဟုတ်လား ။ ယောက်ျား လေး ဘက်ကတော့ ခပ်မြန်မြန် ပြီးစေချင်ကြတယ်ကွဲ့ ၊
ဒါပေမဲ့ ဒေါ်ဒေါ့် သဘောက ယောက်ျားလေးဘက်က ဘယ်လောက် လိုလား လိုလား သမီးရှင်
ဘက်က ဝတ္ထရားကျေအောင် ဆောင်ရွက်ပေးရမှာတွေ ရှိတယ် ”
ကျွန်တော်သည် ထိုစကားကြားလိုက်သည်နှင့် တစ်ပြိုင်နက် “ ဈေးဆစ်လို့ မတည့်ကြသေးဘူး ” ဟု
တွက် မိ၏ ။
ထိုအခိုက် ဒရိုင်ဘာသည် လက် မှတ်များ ဝယ်ယူလာခဲ့လေပြီ ။
“ ကဲ မောင်တင်ထွန်း ရုံထဲ ဝင်ကြစို့ ၊ မင်း မိတ်ဆွေက ဘယ်သူတဲ့လဲ ”
သည်တော့မှ မိတ်ဆက်ပေးရန် သတိရပြီး -
“ ဒါ ကျွန်တော်တို့ ကျောင်းသားခေါင်းဆောင်တစ်ယောက် ကိုအေးငွေ ပါ တဲ့ ဒေါ်ဒေါ် ။ ကိုအေးငွေ
ဒါက ကျွန်တော် ခဏခဏ ပြောဖူးတဲ့ ဒေါ်ဌေးကြည် ဆိုတာလေ ၊ အငြိမ်းစားဝန်ထောက်ကြီး
ဦးဖေ ရဲ့ မစ္စက် ပေါ့ ”
ဒေါ်ဌေးကြည် က ရှေ့ကသွားရင်း -
“ ကဲ ကဲ လာကြ အပေါ်ကျမှ စကားပြောတာပေါ့ ”
လှေကားပေါ်သို့ တက်ကြရင်း ဒေါ်ဌေးကြည် က ကျွန်တော့်အား လှည့်ကြည့်ပြီး -
“ မောင်တင်ထွန်း ဘီအေ အောင်သွားပြီနော် ”
“ အောင်သွားတယ်ခင်ဗျ ၊ ကံကောင်းလို့ အဝင်ချိတ်သွားတာပေါ့ ”
“ ဒီလို မပြောပါနဲ့ကွယ် ၊ မောင်တင်ထွန်း က သိပ်တော်ပါတယ် ၊ ဉာဏ်အင်မတန် ကောင်းတယ် ”
ရုံထဲသို့ ဝင်ကြသောအခါ ဒေါ်ဌေးကြည် သည် ကိုအေးငွေ အား အရင်ဆုံး သွင်းလိုက်သည် ။
ပြီးတော့ သားကလေး ၊ နောက် မေစီ ၊ သည့်နောက် ဝင်နီ ၊ နောက်ပြီးတော့ ဒေါ်ဌေးကြည်
ကိုယ်တိုင် ဝင်သည် ။ နောက်ဆုံးမှ ကျွန်တော်က လိုက်ရသည် ။ သည်အစီအစဉ်အတိုင်းပင်
ထိုင်ကြရသည် ။
“ မောင်တင်ထွန်း ဘီအေအောင်ပြီး ဘာမှ မလုပ်ဘူးလား ”
“ လုပ်တယ်လေ ၊ ကျွန်တော် နိုင်ငံရေး လုပ်နေတယ် ၊ အခု သခင်ပေါက်စ မဟုတ်တော့ဘူး ။ ဝါးဖတ်
ဦးထုပ်ဆောင်း သခင် ၊ ဗမာပြည်တစ်ဝန်း အကုန် တို့အိမ်မှတ်ထင်တဲ့ သခင် အပြည့်အဝဖြစ်နေပြီ
ဟဲ ဟဲ ”
“ ဟဲ ဟဲ အန်တီ က ဒါကို မေးတာမဟုတ်ပါဘူး ၊ အသက် မွေးဝမ်းကျောင်း အလုပ်အကိုင်ကို
ပြောတာပါ ”
“ အဲဒါတော့ မလုပ်သေးဘူး အန်တီ ၊ လုပ်မယ်လည်း မအောက် မေ့ဘူး ၊ ခြေသလုံး အိမ်တိုင်နေပြီး
နိုင်ငံရေးကိုပဲ ရှိသမျှ အချိန်ယူပြီး လွတ်လွတ်ကျွတ်ကျွတ် လုပ်မယ် စိတ်ကူးနေတယ် ”
“ ဒီလို ဘယ်ဖြစ်မှာလဲကွယ် ၊ အသက် မွေးဖို့ အလုပ်ကို လုပ်ရမှာပေါ့ ”
“ လုပ်ဖို့ မလိုပါဘူး အန်တီ ”
ကျွန်တော် သည် ဒေါ်ဌေးကြည် အား သို့ကလို အားကျမခံ ပြောနေသော်လည်း စိတ်ထဲကမူ
ဒေါ်ဌေးကြည် မှန်ကြောင်း ထောက်ခံနေသည် ။ လက်တွေ့အားဖြင့်လည်း အလုပ်ရှာနေသည်
မဟုတ်ပါလော ။ သို့ရာတွင် အလုပ်ရှာနေသည်ဟူသော ဘဝသည် သိမ်ငယ်သည် ။ အလုပ် မရသေး
ဟူသော အဖြစ်သည် အောက်ကျသည် ။ ရှက်စရာ ကောင်းသည် ။ အထူးသဖြင့် ဒေါ်ဌေးကြည် တို့လို
လူများရှေ့တွင် ဖုံးကွယ်ထားရမည်ဟု ထင်သည် ။
“ မင်း စိတ်ကူး မလွဲသင့်ဘူးကွယ် ၊ အိုင်စီအက် စာမေးပွဲ မဖြေတောင် ဘီစီအက် စာမေးပွဲ ဝင်ဖြေဖို့
ကောင်းတယ် ၊ မောင်တင်ထွန်း ရဲ့ ဉာဏ်မျိုးနဲ့ဆိုရင် အောင်ဖို့ ခက် မှာ မဟုတ်ပါဘူး ”
ကျွန်တော်ကား ဖြေရှင်းမနေချင်တော့ပါ ။ တော်ပါသေး၏ ။ ကံအားလျော်စွာ ရုပ်ရှင်ပြရန် မှောင်ချ
လိုက်လေပြီ ။
ရုပ်ရှင်ပြနေစဉ်တွင် ရုပ်ရှင်ဆီသို့ တော်တော်နှင့် အာရုံ မရောက်ပါ ။ အလုပ်အကိုင် ရာထူးဌာနန္တရ
ဂုဏ်စသည်များကို စဉ်းစားနေမိလေသည် ။ ဒေါ်ဌေးကြည် တို့ မိသားတစ်စု အကြောင်းကိုလည်း
တွေးမိသည် ။ အငြိမ်းစား ဝန်ထောက်ကြီး ဦးဖေ ကား အိမ်မှာ စားကောင်းသောက်ဖွယ်တွေစားပြီး
သွားကြားထိုးရင်း မြင်းစာအုပ်ကို ကောက်ကိုင်နေပေရော့မည် ။ ဝင်နီ လက် မထပ်ဖြစ်သေးသည့်
အကြောင်းရင်းမှာ ဘာဖြစ်သနည်း ။ သတို့သားက လိုလိုချင်ချင် ဖြစ်နေလျက် သူတို့က
ဘာကြောင့် အင်တင်တင် လုပ်နေကြသနည်း ။ သူတို့က လက်ဖွဲ့ခန်းဝင်ပစ္စည်း မထည့်နိုင်၍လော ။
ဝင်နီ ၏ အလှမှာ ညှိုးနွမ်းနေသည် ။ သူတို့အိမ်အိုကြီး နှင့် ပစ္စည်းဟောင်းများလို ဖြစ်လာသည်ဟု
ထင်သည် ။ အန်တီ က အိမ်ကို ဖျက်၍ တိုက်သစ်ဆောက် မည် ပြောတိုင်း မအောင်သဖြင့် သမီး
လုပ်သူ စိတ်ညစ်ပြီး လန်းဆတ်သောအလှမှာ ညှိုးနွမ်းသွားလေသလော ။ သို့မဟုတ် သတို့သား
လုပ်သူက ပူးတွဲပြီးမှ ခွဲခွာသွားသောကြောင့် လန်းဆတ်သော ပန်းအလှ ညှိုးနွမ်းကျသွား
လေသလော ။
မာနာလွိုင်း ၏ က̶̶ု̶̶လ̶̶ာ̶̶း̶မ ဟန် အမူအရာ နှင့် ရူပါရုံ တို့ကား ဆွဲငင်မှု ပြင်းထန်လာပါသည် ။
အနောက်နိုင်ငံသူတို့သည် ဆာရီ ကို ဝတ်လိုက်လျှင် နွဲ့နှောင်းပြေပြစ်လာပြီး ပို၍ အလှအယဉ်
ထွက်လာသည်ဟု ထင်ပါသည် ။ တိုင်ရုံးပါဝါ ၏ ဟန်အမူအရာ နှင့် ရုပ်ကလည်း ခံ့ညားသပ်ရပ်
လှသည် ။
သည်နောက်တော့ ရုပ်ရှင်ထဲမှာ နစ်မြုပ်သွားပါတော့သည် ။ အားလပ်ချိန် ပေးသောအခါမှာပင်
ပြောကြသောစကားမှာ ရုပ်ရှင်ကား နှင့် ပတ်သက်သောစကားများ ဖြစ်ပေတော့သည် ။
ရုပ်ရှင်ပြီး၍ ဆင်းခဲ့ကြသောအခါ ဒေါ်ဌေးကြည် က သူတို့ကားနှင့် လိုက်ခဲ့ဖို့ ခေါ်လေသည် ။
ကျွန်တော်တို့က ကျေးဇူးတင်စွာနှင့် ငြင်းဆန်ကြလေသည် ။ သူတို့ ကားပေါ်သို့ ရောက်အောင်
လိုက်ပို့ကြစဉ် ဒေါ်ဌေးကြည် က
“ အိမ်လာလည်ဦးနော် ၊ ဘယ်လောက်ပဲ အလုပ်များများ ဘယ်အလုပ်မျိုးပဲ လုပ်နေနေ အန်တီတို့ဆီ
လာဖြစ်အောင် လာပါကွယ် ၊ မင်း အန်ကယ်ကလည်း စောင့်နေတယ် ၊ မောင်တင်ထွန်း ရဲ့ မိတ်ဆွေ
လည်း လာနော် ”
ကားက အခါတိုင်း ကားဟောင်းပင် ဖြစ်သည် ။ မကြာခဏ လူက ကားကို မစီးရ ။ ကားက လူကို
စီးသည့် ကားပင်ဖြစ်သည် ။ ယခုလည်း စက်နှိုး၍ မရသေး ။ ဒရိုင်ဘာ ခမျာမှာ အောက်ဆင်း၍
ကောက်နှင့် လှည့်ကြည့်လိုက် အပေါ်တက်ပြီး ဆယ့်လ်စတာ နှင့် စမ်းလိုက် ဖြစ်နေလေသည် ။
ဒေါ်ဌေးကြည် က ထိုအခက်အခဲ မှ မျက်နှာ မပျက်ဘဲ စကားဖြင့် ကျော်ထွက်နေသည် ။
“ ကားအသစ် လဲဖို့ဟာလည်း စိတ်တိုင်းကျကို မရသေးဘူး ၊ မင်းအန်ကယ်လ် အလိုဆိုရင် လဲပြီးတာ
ကြာပြီ ။ အန်တီ ကတော့ ကားနဲ့ပတ်သက်ရင် ကြေး ( ဂျီး ) များတယ်လေ ၊ မောင်တင်ထွန်း လည်း
သိသား မဟုတ်လား ”
ထိုအတွင်းကား စက်နှိုးသွားသည် ။ မှုန်နေကြသော ဝင်နီ နှင့် မေစီ တို့၏ မျက်နှာများကား
လင်းလာကြသည် ။
“ သွားပြီနော် မောင်တင်ထွန်း ”
“ ဘိုင် ဘိုင် ကိုတင်ထွန်း ”
ကားထွက်သွားသောအခါ ကိုအေးငွေ က ကျွန်တော့် အား ပြုံးကြည့်လိုက်ပြီး -
“ သမီးတွေထက် အမေကြီး က ပိုပြီး ဟဲ ဟဲ အိအိစက်စက် ဝဝဖြိုးဖြိုး ဖွေးဖွေးကြီး ဆိုတော့ ”
“ ဟုတ်တယ် လူတစ်ဖက်သားကို တိမ်းညွတ်လာအောင် ဆွဲငင်နိုင်တဲ့ ရုပ်ကောင်းကြီးပါပဲ ၊
အင်မတန် ဖော်ရွှေတယ် ”
“ ကဲ ကိုယ်တို့ ဘယ်သွားကြမှာလဲ ”
“ ကျွန်တော်တော့ အိမ်ပြန်ချင်တယ် ”
“ ကဲ ဒါဖြင့် ကိုယ့်လူ ပြန်ပေရော့ ၊ ကိုယ်တော့ မြို့ထဲမှာ သွားစရာအိမ်တွေ ရှိသေးတယ် ”
ကျွန်တော်တို့ ခွဲခဲ့ကြသည် ။
အိမ်ရောက်သောအခါ ဦးလေးမြင့် က ဆီးပြီး ဘယ်ရောက်ခဲ့သလဲဟု မေးလေသည် ။ အလုပ်
ရခဲ့ပြီလားဟုလည်း စုံစမ်းသည် ။ ကျွန်တော် က ကျွန်တော့်ရည်ရွယ်ချက် နှင့် သင့်လျော်မည့်အလုပ်
မတွေ့ခဲ့ဟု ပြောလိုက်သောအခါ -
“ တို့ သတင်းစာတိုက် မှာ လုပ်မလား ။ ကြေးနန်းသတင်းတွေ ဘာသာပြန်ပေးရမယ် ၊ ညည အလုပ်
ဆင်းရမယ် ၊ တစ်ချက်ထိုးလောက် အထိပေါ့ ။ လုပ်မယ်ဆိုရင် တိုက်အုပ် ကို ဦးလေး ပြောလိုက်ရုံပဲ ၊
တစ်လကို ၇၅ ကျပ် ရမယ်ထင်တယ် ”
အံ့ဩစရာ ကောင်းလှသည် ။ ကျွန်တော့်မှာ ခါးကြားညှပ်ထားပြီး ပစ္စည်းပျောက် လိုက်ရှာ
နေသည်နှင့် တူလှသည် ။ အိမ်ကထွက်ထွက် အလုပ်ရှာနေရသည့်ရက် များလှလေပြီ ။ အလုပ်ကတော့ အိမ်မှာပင် ရနေလေပြီ ။
“ ကောင်းတယ် ဦးလေးမြင့် ၊ ကျွန်တော် လုပ်မယ် ”
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment