Sunday, October 3, 2021

သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ် ( ၂ )


 

❝  သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ်  ❞ ( ၂ )

ရွှေနန်းတော်တွင်းမှာကား သည်လို မဟုတ် ။

သိပေမယ့် မသိယောင် ဆောင်နေရ၏ ။ ကိစ္စကြီးတစ်ခုကို ဘာမှ မဖြစ်သလို နေနေရ၏ ။ အတတ်နိုင်ဆုံး ဟန်ဆောင်ကြရသည် ။ မချမ်းမြေ့သော စိတ်ကို မပေါ်လွင်အောင် နေရသည် ။ ဟန်ဆောင်မှုဆိုတာ အထက်အလွှာမှာ ရှိသည်ဆိုတာ လက်ခံရမလောက်ပါပဲ ။

ထိုစဉ်က ဤလူသတ်ပွဲကြီးကို မျက် မြင်ကိုယ်တွေ့ ကြုံတွေ့ရသူ ဖခင်ဖြစ်သူ ဂရိလူမျိုး ကာလူဂရီဒီ ( Calogreedy ) နှင့် မြန်မာမိခင်တို့မှ ပေါက်ဖွားလာခဲ့သူ မတ်တီ ( Mattie ) ၏ ပြောပြချက် မှာ ရင်နာဖွယ် စိတ်နှလုံးတုန်လှုပ်ဖွယ် ၊ စက်ဆုပ်ဖွယ်များတို့ဖြင့် ပြွမ်းတီးနေပေသည် ။

မတ်တီ ကား အခြားသူမဟုတ် ၊ စုဖုရားလတ် ၏ နိုင်ငံခြားသူ အပျိုတော်များထဲမှ ဝဲအပျိုတော်တစ်ဦးပင် ဖြစ်သည် ။ မင်းတုန်းမင်း နတ်ရွာစံပြီးသည့် နောက်ပိုင်း၌ ရွှေနန်းတော်တွင် ခေတ်စားလာသော အရာမှာ ပြင်သစ်ဝိုင်ပင် ဖြစ်လေသည် ။ သီပေါမင်း သည် ပြင်သစ်ဝိုင်ကို နှစ်သက်တော်မူသည် ။ သည်အတွက် လွတ်လပ်စွာပင် သောက်သုံးလေ့ရှိသည် ။ သူကိုယ်နှိုက်က ရှင်ဘုရင် ဖြစ်နေလေတော့ ဘာမဆို လုပ်တိုင်း တင့်တယ်နေတာပေါ့ ။

ဘုရင်နှင့် မိဖုရားတို့သည် ညနေ လေးနာရီခန့်တွင် အတူတကွ စားတော်ခေါ်ကြသည် ။ စုဖုရားလတ် သည် အမြဲတမ်း ရေကိုသာ သောက်လေ့ရှိသော်လည်း သီပေါမင်း မှာမူကား ညနေဘက်တွင် ရှန်ပိန်ကိုသာ သောက်လျက်ရှိလေသည် ။ သည်အချိန်ဝယ် အဆောင်တော် အပြင်ဘက် မှာ သာယာချိုအေးသော တူရိယာသံများ ပေါ်ထွက်လာသည် ။

အနောက် မိုးကုပ်စက်ဝိုင်း၌ နှင်းဆီရောင် ၊ ရွှေရောင် တိမ်တောင်တိမ်လိပ်များ ကွယ်ပျောက်လျက် မိုးချုပ်စ အချိန်ပင် လွန်မြောက်ခဲ့လေသည် ။ အလင်းရောင်မှာ ဝိုးတဝါးနှင့် ခပ်မှိုင်းမှိုင်း ဖြစ်နေလေသည် ။ ထောင်ပေါင်းများစွာသော မီးအိမ်ကလေးများတွင် မီးများ ထွန်းညှိလိုက်ရာ ကျောက်သံပတ္တမြား အပွင့်ကလေးများသည် ပန်းပွင့်များကဲ့သို့ ပွင့်လန်းလာသလို ထင်မှတ်ရသည် ။

သီပေါမင်း ကမူ အတီးအမှုတ်သမားများအား ပို၍ ကျယ်စွာ အတီးအမှုတ်ခိုင်းလျက် ရှိလေသည် ။ သည်အချိန်တွင် ရွှေမြို့တော် တစ်ခွင်လုံးလည်း ဆိုင်းသံ ဗုံသံများဖြင့် လွှမ်းခြုံ နေပေသည် ။ သီပေါမင်း သည် ရွှေနန်းတော်မှ ဆိုင်းအဖွဲ့အား ပိုမိုပြီး ကျယ်လောင်စွာ အတီးခိုင်းလေ့ ရှိသည် ။

ညဉ့် ကိုးနာရီလောက်တွင်မူကား သီပေါမင်း သည် ရှန်ပိန်တွင် ဘရန်ဒီ ရောလျက် ခပ်များများကလေး သောက်တော်မူပြီးနောက် ကပွဲကို စတင်စေလေသည် ။ ဘုရင်မင်းမြတ် ၊ မိဖုရားနှင့် ဆင်ဖြူမရှင် မိဖုရားကြီး တို့သည် ပွဲကြည့်တော်ဆောင် ရှေ့ဘက်တွင်ရှိ ထိုင်ခုံများပေါ်၌ ထိုင်လျက် ရှိကြသည် ။ အဆောင်တော်အဖြစ် ကာရံထားသော နံရံကို ဖယ်ရှားလိုက်ကြသည် ။ ဇာတ်စင်ကို ဘုရင်မင်းမြတ်တို့၏ မျက်လုံးများနှင့်အညီ အောက်လမ်းပေါ်၌ စင်မြင့် ထိုးထားကြသည် ။ ဘုရင်မင်းမြတ်တို့ နောက်ပိုင်းတွင်မူကား ပြောင်လက်နေသော ပိုးစ ထဘီများကို ဝတ်ဆင်ထားသည့် အပျိုတော်များ ၊ ပိုးပုဆိုးများကို ဝတ်ဆင်ထားသည့် လူပျိုတော်သားများ ၊ နန်းတွင်းသူ နန်းတွင်းသားများသည် ဒူးတုပ်လျက် ကြည့်ရှုနေကြသည် ။

ဇာတ်စင်တွင် အလင်းရောင် ပေါ်ပေါက်စေရန် မီးတိုင်များကို ထွန်းညှိထားသည့်အတွက် နန်းတော်တွင်းရှိ မှန်စီရွှေချ တိုင်ကြီးများ ၊ ရွှေပိန်းချထားသော နံရံများဆီမှ ပြိုးပြိုးပြက်ပြက် အရောင်တွေ တလက်လက် ထွက်လျက်ရှိသည် ။ ရွှေကွမ်းအစ် ၊ ရွှေထွေးခံများမှာလည်း အရောင်များ ပြန်ဟပ်နေသည် ။

သီပေါမင်း သည် စိတ်မသက်သာသော မျက်နှာဖြင့် ဖုံပေါ်တွင် ထိုင်လျက်ရှိသည် ။ သူ့နောက်ဘက်တွင်မူ မှန်ရောင်များသည် တလက်လက် ထနေသည် ။ သူ့ရှေ့တွင်မူကား ဇာတ်စင်မှ မီးတိုင်များသည် တထိန်ထိန် တောက်လျက်ရှိသည် ။ စုဖုရားလတ် သည် သူ့ဖုံပေါ်တွင် ပျော့ပျောင်းစွာ ထိုင်နေရာမှ သီပေါမင်း ၏ မျက်နှာတော်ကို အကဲခတ်လျက် ရှိပေသည် ။

“ အို .. ကိုယ်တော်ကလည်း ပွဲကိုကြည့်ဦးမှပေါ့ ။ ဇာတ်ထဲမှာ ဘုရင်မင်းမြတ်က သူ့ရန်သူတော်တွေကို အောင်မြင်တဲ့ အခန်းတွေ ပါမယ့်ဥစ္စာ ” ဟူ၍ ခပ်တိုးတိုး ပြောနေသည် ။ သည်တွင် သီပေါမင်း သည် စုဖုရားလတ် အား ကြည့်လိုက်ပြီးနောက် သူ့မျက်နှာပေါ်ဝယ် စိတ်ဝင်စားသလို အရိပ်အယောင်များပင် ပေါ်လာခဲ့ရသည် ။

“ ဒီညမှာတော့ ဇာတ်ကြီးဆယ်ဘွဲ့နဲ့ ငါးရာ့ငါးဆယ် နိပါတ်တော်မှ အခန်းတွေ ပါမှာ မဟုတ်ပါဘူး ။ ဒီညမှာတော့ မင်းသားက ရန်သူတော်တွေကို အောင်မြင်တော်မူတဲ့အကြောင်းနဲ့ အထွတ်အထိပ်ကို ရောက်ဖို့ ဘုန်းကံရှိသူဟာ ဘုန်းကံအလျောက် အထွတ်အထိပ်ကို ရောက်ရှိရတဲ့ အကြောင်းတွေ ပါဝင်ပါလိမ့်မယ် ”

သီပေါမင်း သည် စုဖုရားလတ် ၏ မျက်နှာတော်ကို မမှိတ်မသုန် ကြည့်လျက်ရှိသည် ။ စုဖုရားလတ် သည် သူ့အကြောင်းကို သိနားလည်သူ ဖြစ်သည် ။ သည်ညနေအဖို့ သူသည် အလှူဒါနပြုသည့် အကြောင်းများ ၊ ငရဲခန်း ဖော်ပြသည့် အကြောင်းများ ၊ နဂါးပြည် ရောက်ရှိသည့် အကြောင်းများ ၊ ပြစ်မှုကျူးလွန်သူတို့ ဒုက္ခရောက်ရသည့် အကြောင်းများကို မတွေ့မြင်လို ၊ မကြားသိလိုချေ ၊ စုဖုရားလတ် ပြောသလို မင်းသားက ရန်သူတော်တွေကို အောင်မြင်သည့် အကြောင်းကိုသာ တွေ့မြင်ကြားသိလိုသည် ။ ဇာတ်မင်းသမီးတို့၏ ပျော့ပျောင်းညက်ညောသော အကများကိုသာ မြင်လိုသည် ။ သူတို့၏ သာယာသော အသံများကိုသာ ကြားလိုသည် ။ သီပေါမင်း သည် မင်္ဂလာရှိသော အကြောင်းများကိုသာ မြင်လိုလျက်ရှိသည် ။ နှစ်သက်လျက်ရှိသည် ။

သည်အရာများနှင့်အတူ လူပျိုတော်သားများက ဆက်သနေသော ဝိုင် ကိုလည်း နှစ်သက်တော် မူလျက် ရှိလေသည် ။

ဇာတ်ပွဲသည် စတင်လျက် ရှိနေလေပြီ ။ ညဉ့်လုံးပေါက် ကပြအသုံးတော်ခံမည့် ဇာတ်သဘင်ပွဲကြီးသည် စတင် အသုံးတော်ခံလျက် ရှိနေလေပြီ ။

ဇာတ်စင်ပေါ်မှ ဘုရင်လုပ်သူသည် သူဖွာနေသော ဆေးပေါ့လိပ်ကြီးကို အသာချလျက် သူ ကပြရမည့် ဘုရင်အပိုင်းကို ဝင်ရောက် တင်ဆက်အသုံးတော်ခံလျက် ရှိလေသည် ။ ဝင်ရောက်ရန် အချိန်မကျသေးသည့် မိဖုရား လုပ်သူသည် ပရိသတ်များ မမြင်နိုင်သည့် ပုဏ္ဏားတိုင် ဘေးကွယ်တွင် မျက်နှာကို လိမ်းခြယ်နေပေသည် ။ ဝန်ကြီးလုပ်သူများသည်လည်း သူတို့အပိုင်း ရောက်လာပြီ ဖြစ်သည့်အတွက် ဆေးပေါ့လိပ်ကြီးများကို အသာချလျက် ဇာတ်စင်ရှေ့သို့ ဝင်ရောက် လာကြလေသည် ။

“ မင်းကြီးများ … တိုင်းတော်ပြည်တော် သာယာတော်မူပါစ မင်းကြီးများ ”

“ မှန်လှပါ ၊ ရွှေဘုန်းတော်ရှင် စိုးစံတော်မူကတည်းက သာသနာတော် ရောင်တော် ထွန်းပြောင်လျက် ပြည်တော်မှာ သာယာဝပြောပြီး တိုင်းသူပြည်သား လူအများမှာ ဝမ်းသာ ပျော်ပိုက်လျက် ရှိကြောင်းပါ ဘုရား ”

သည်တွင် ဆိုင်းအဖွဲ့မှ ဇာတ်ကောင်များ၏ အသံ ပေါ်လွင်လာနိုင်စေရန်အတွက် အသံကို အသာ လျှော့ပေးလိုက်လေသည် ။ ဤသို့ ဆိုင်းသံတိမ်ဝင်သွားသည့် အခိုက်ဝယ် ညဉ့် အမှောင်ထုထဲမှ စူးရှစွာ အော်ဟစ်လိုက်သည့် ထိတ်လန့်ဖွယ်ရာ အသံကြီးသည် ရုတ်ခြည်း ပေါ်ပေါက်လာလေသည် ။ ညဥ့်အမှောင်ထုသည် ပိုးထည်ဖြင့် ရက်လုပ်ထားရာမှ ၎င်းကို နတ်တို့၏ လက်ဖြင့် ဆုပ်ဖြဲလိုက်သကဲ့သို့သော အသံနက်ကြီးမျိုးပင် ဖြစ်လေသည် ။

သည်တွင် တိုင်တားမင်းကြီး ၏ မျက်နှာပေါ်တွင် ဒေါသရောင်များ ပေါ်လာသည် ။ ကြောက် မ က်ဖွယ်ရာ အသံကြောင့် ခေတ္တ တန့်သွားသည့် ဇာတ်သမားများအား ဆက်လက် ကပြစေရန် ဇာတ်ဆရာအား အမိန့်ပေးလိုက်လေသည် ။ ဆိုင်းသံများ ပေါ်လာပြန်လျက် မိဖုရား လုပ်သူသည် ဇာတ်စင်ပေါ်သို့ တက်လာပြန်လေသည် ။

“ မိဖုရားကြီးရဲ့ … ရာသီဥတုကလည်း ဆောင်းဘက်သို့ ကူးလို့လာနေပေပြီ ၊ လေကလည်း အေးပါဘိသနဲ့ ၊ နေပူစာလှုံတော်မူမယ်ဆိုရင်တောင် ကတ္တီပါခြုံစောင် အနီရောင်ကို ခြုံတော်မူပြီး ရွှေလက်စွပ်တော်ကို ဆင်မြန်းပြီးမှသာ ထွက်တော်မူဖို့ ကောင်းပေတယ် မိဖုရားကြီး ”

ဇာတ်ဆောင်များ၏ အမူအရာများမှာ လေးကန်လျက် ရှိနေပေသည် ။ သူတို့ ပြောလိုက်သော စကားလုံးများသည် ပွဲကြည့်ပရိသတ်ဆီသို့ အကုန်အစင် မရောက်ချေ ။ ဆိုင်းသံများသည်သာ အဆက် မပြတ် တခြိမ့်ခြိမ့် ထွက်နေတော့သည် ။ သီပေါမင်း သည် ဝိုင်ကို သောက်လျက်ရှိသည် ။ ပွဲကြည့်ပရိသတ်များသည် လက်ဖက်ကို စားလျက် မအိပ်မိအောင် ပြုလျက် နေကြရတော့သည် ။

သည်ညက ထူးထူးခြားခြားပင် မတ်တီ ၏ စိတ်ထဲတွင် လိပ်ပြာမသန့်သလို ဖြစ်နေမိသည် ။ ပွဲကြည့်ရသည်မှာ မဖြောင့် ၊ စိတ်ထဲတွင် လေးနေမိ၏ ။ တစ်စုံတစ်ရာကို တမ်းတနေမိသယောင် ၊ လွမ်းဆွတ်နေသယောင် ဖြစ်နေသည် ။ သည့်အတွက်ကြောင့် ပွဲမပြီးခင် မိမိအဆောင်တော်သို့ ပြန်ခွင့်တောင်းခဲ့ရာတွင် ခွင့်ရရှိခဲ့လေသည် ။

မိမိအဆောင်တော်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် မတ်တီ သည် သူဆင်မြန်းနေကျ ဥရောပတိုက်သူတို့၏ ဦးထုပ်ကလေးကို ယူ၍ ဆောင်းလိုက်သည် ။ သည့်နောက် ထူးဆန်းစွာ လူသူကင်းမဲ့လျက်ရှိသော ဥယျာဉ်တော်ထဲသို့ ထွက်ခဲ့လေသည် ။ မတ်တီ၏ နားထဲဝယ် ဆိုင်းသံ ဗုံသံများသည်သာ ပြည့်လျှံလျက် ရှိနေလေသေးသည် ။ ဥယျာဉ်ထဲမှ မြက်ခင်းများ ၊ သစ်ပင်များ ၊ ပန်းပင်များကို ကြည့်ရသည်မှာ ကြည်လင်သန့်စင်နေသည်ဟု မတ်တီ က ထင်မိသည် ။

သို့သော် သူ ထင်နေသော ထိုကြည်လင်ခြင်း ၊ သန့်စင်ခြင်းတို့မှာ ခေတ္တမျှသာ ဆိုသည်ကို မကြာခင် မတ်တီတစ်ယောက် သိရှိသွားခဲ့လေသည် ။ မတ်တီ သည် မင်းသမီးများ၏ ဥယျာဉ်တော်မှ ကျော်သွားပြီးသည်နှင့် တစ်ပြိုင်နက် ခါးတောင်းကို မြှောင်အောင်ကျိုက်ထားသည့် ဗလ ကောင်းကောင်း ယောက်ျားကြီးတစ်ဦးနှင့် ဝင်ရောက်တိုးမိတော့သည် ။ အပေါ်ပိုင်း အဝတ်မရှိသော ဤလူကြီးသည် ပါးကွက်အာဏာသား တစ်ယောက်ဖြစ်မှန်း မတ်တီ သိလိုက်သည် ။ ပါးကွက်သားကြီးသည် အရေးတကြီး လျင်မြန်စွာ ထွက်လာခြင်းကြောင့် မတ်တီ ကို မမြင်မိဘဲ ရုတ်တရက် ဝင်တိုက် မိခြင်းပင် ဖြစ်သည် ။

အာဏာသားကြီးသည် သူ့ပခုံးပေါ်တွင် အနီရောင် ကတ္တီပါအိတ်ကြီး တစ်လုံးကို အားပြု၍ ထမ်းထားသည် ။ သူ့တစ်ကိုယ်လုံးမှာ ချွေးသံတွေနှင့် ရွှဲစိုလျက်ရှိသည် ။ ကတ္တီပါအိတ် အနီကြီးသည် ထိုးထိုးထောင်ထောင် ဖြစ်လျက်ရှိသည် ။ ဤအိတ်သည် ပူနွေးလျက် ရှိနေပေသေးသည် ။ ဤ ပူနွေးခြင်းသည် အေးစက်ခြင်းထက် ကြောက်ဖွယ်ကောင်းသည့် ပူနွေးခြင်းမျိုး ဖြစ်မည့်အတွက် မတ်တီ တစ်ကိုယ်လုံးမှာ အေးခနဲ ဖြစ်မိသွားလေသည် ။

အာဏာသားကြီးနှင့် တိုးမိရာမှ ရုတ်ခြည်း နောက်သို့ ဆုတ်လိုက်မိသည် ။ မတ်တီ သည် သူ မမြင်အပ်သည်ကို မြင်လိုက်ရခြင်း ၊ မတွေ့အပ်သည်ကို တွေ့လိုက်ရခြင်း၏ အပြစ်ကို နောက်ကျစွာ သတိရလိုက် မိသည် ။ သို့သော် ခုမှတော့ ဘာမှ မတတ်နိုင်တော့ပြီ ။ ကျင့်သားရပြီးဖြစ်သည့်အတွက် သူ၏ ခြေထောက် များကို သာသနာပြုဂေဟာနှင့် အနီးဆုံးဖြစ်သည့် အနောက်တံခါးသို့ ဦးတည်လိုက်လေသည် ။

အနောက်တံခါး ဆိုသည်မှာလည်း ရွှေနန်းတော်မြို့တွင်းမှ လူသေအလောင်းကောင်များကို ယူထုတ်ရာ တံခါးဝပင် ဖြစ်နေပြန်သည် ။ ဤတံခါးမှာ မင်္ဂလာမရှိသော တံခါး ၊ ဧရာဝတီမြစ်သို့ အနီးဆုံး တံခါးပေါက် ဖြစ်နေလေသည် ။

အနောက်တံခါးပေါက်ဆီတွင်မတော့ လှည်းတန်းကြီးက တသီတတန်းကြီး မြို့ပြင်သို့ ဦးတည်လျက် ရှိနေလေသည် ။ သည်တစ်ကြိမ်တွင်လည်း မတ်တီ အဖို့ နောက်ထပ် အမှားတစ်ခုကို ကျူးလွန်လိုက် မိသေးသည် ။ အမှတ်မထင် မတ်တီ သည် လှည်းပေါ်မှ အရာများကို ကြည့်လိုက် မိ သေးသည် ။ သည်ဆိုးဝါးသော မြင်ကွင်းကြောင့် သူ့နှလုံးသားမှာ ရပ်တန့်သွားသည်လို့ ထင်လိုက်ရသည် ။ ထို့ကြောင့် သူ့အဆောင်တွင်းသို့ အပြေး ပြန်ဝင်လာရတော့သည် ။

အနောက်တံခါး၌ တွေ့လိုက်ရသော လှည်းများကြောင့် မတ်တီ သည် စိတ်နှလုံး ဒုန်းဒုန်းချလျက် ခြေပစ်လက်ပစ်ပင် ဖြစ်ခဲ့ရရှာသည် ။ ဒီလန်ဂီ တို့ သားအဖ ရက်လုပ်ပေးသည့် အနီရောင် ကတ္တီပါစများသည် ကတ္တီပါအိတ် ချုပ်လုပ်ရန် မလုံလောက်ဘဲ ရှိနေသည့်အတွက် လှည်းများပေါ်တွင် အလောင်းများကို တုံးလုံးပက်လက် အစဉ်အလာဖျက်လျက် သယ်ယူကြခြင်း ဖြစ်လေသည် ။ ဆွေတော်မျိုးတော်တို့၏ အလောင်းကို အနီရောင် ကတ္တီပါအိတ်တွင် စွပ်ရရိုးထုံးစံ ဖြစ်သည် ။ တုံးလုံးပက်လက် ထားရသည် မဟုတ်ချေ ။

မတ်တီ သည် တတိယနေ့တွင် မြို့ပြင်ထွက်နိုင်ရန် တစ်ဖန် ကြိုးပမ်းသေးသည် ။ ဆိုင်းသံ ဗုံသံများ ၊ ဇာတ်ပွဲများနှင့် အထိတ်တလန့် အော်ဟစ်သံများမှာမူကား ရှိနေမြဲပင် ၊ ထိုအချိန်တွင် မတ်တီ သည် အပျိုတော်အုပ်ဖြစ်သူ တိုင်တားမင်းကြီး၏ သမီးထံမှာ ခွင့်မပန်တော့ချေ ။ မင်းတုန်းမင်း ရှိစဉ်အခါက ညများမှာ တိတ်ဆိတ်လျက်ရှိပြီး ရွှေနန်းတော်အတွင်းဝယ် တရားဓမ္မသံများကိုသာ ကြားနေရသည် ။ ယခုအခါကား ထိုသို့မဟုတ်ပြီ ။ နေပြည်တော် တစ်ဝန်းလုံးဝယ် ဆိုင်းသံများသည် ပွက်ပွက်ညံလျက် ရှိနေသည် ။

ရွှေနန်းတော်၏ ညများသည် တိတ်ဆိတ်ငြိမ်သက်မှု မရှိတော့ချေ ။ သီပေါမင်း သည် နေ့ရောညပါ ဆိုင်းသံများကိုသာ အလိုရှိနေသည် ။ ဆိုင်းသံမကြားရလျှင် သီပေါမင်း သည် နေမထိ ထိုင်မသာ ဖြစ်နေပေသည် ။ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေခြင်းကို သူ မနှစ်သက်ပေ ။ မတ်တီ သည် တစ်ဖန် ထွက်သွားပြန်သည် ။ အနောက်တံခါးသို့ ရောက်ရှိရန်အတွက် သမီးတော်များ၏ ဥယျာဉ်တော်ကို ဖြတ်၍ သွားရပေလိမ့်မည် ။ ဤလမ်းအတိုင်း သွားမှသာလျှင် သူသည် အမေးအမြန်းမရှိဘဲ အနောက်တံခါးသို့ ရောက်သွားမည် ဖြစ်လေသည် ။ အားလုံးသည် ငြိမ်သက် တိတ်ဆိတ်လျက် ရှိသည် ။

မတ်တီ သည် ခပ်သုတ်သုတ်ကလေး လျှောက်သွားနေ၏ ။ သည်လို ငြိမ်သက် တိတ်ဆိတ်လျက် ရှိနေခြင်းကိုပင် စိတ်ထဲမှ ကျိတ်၍ ကျေးဇူးတင်နေမိသည် ။ ဆိုင်းသံတွေမှာမူ ရှိနေလျက်ပင် ၊ အလင်းရောင်မှာမူ မှိန်ပျပျ ရှိနေသည် ။ တိတ်ဆိတ်မှု ကမ္ဘာမှာ မကြာပါ ။ ချက်ချင်းမှာပင် တိတ်ဆိတ်ခြင်းကို အထိတ်တလန့်ဖြစ်သော အသံက ထိုးဖောက်လိုက်လေသည် ။ အော်ဟစ်သံများသည် တစ်ဆင့်ပြီး တစ်ဆင့် ပေါ်၍ ပေါ်၍ လာနေပေသည် ။

သည်လို အော်ဟစ်သံများကြားထဲမှ သူ့နာမည်ကို ခေါ်သံလိုလို ကြားလိုက် မိပြန်သည် ။ မတ်တီ သည် ထိတ်လန့်လာသည့် အလျောက် နောက်သို့ လှည့်၍ ကြည့်လိုက် မိသည် ။ သူနှင့် မလှမ်းမကမ်းတွင် အလွန်ကြီးမားသော တွင်းကြီးတစ်ခုကို တွေ့လိုက်ရသည် ။ ပါးကွက် အာဏာသားများက ထိုတွင်းကြီးကို လျင်မြန်စွာ မြေကြီးဖို့နေသည်ကိုလည်း တွေ့နေရသည် ။ တွင်းကြီးထဲဝယ် လှုပ်လှုပ်ရွရွ ဖြစ်နေ၏ ။ တွင်းနှုတ်ခမ်းများတွင် ပိုးအဝတ်များ ဝတ်ဆင်ထားသည့် မသေမရှင် အလောင်းများကို တွေ့နေရသည် ။

ဤ အော့နှလုံးနာဖွယ်ကောင်းသော ရှုခင်းကို မြင်မိသည့် မတ်တီ သည် ပြေးထွက်ရန် နောက်သို့ လှည့်လိုက်သည် ။ ထိုစဉ် သူ၏ အမည်ကို အော်၍ခေါ်လိုက်သော အသံကို ကြားလိုက်ရပြန်လေသည် ။ သည်တွင် မတ်တီ သည် သူ၏စိတ်ကို ဆန့်ကျင်လိုက်ပြီး အသံလာရာဆီသို့ လှမ်းကြည့်လိုက်မိသည် ။ တွင်းကြီး၏ ခပ်လှမ်းလှမ်းရှိ မိန်းမ အကျဉ်းထောင်ဘက်ဆီမှ မိန်းကလေးသဏ္ဌာန် တစ်ခုသည် အပြေးကလေး ထွက်လာနေသည် ။ ထိုမိန်းကလေးကို ချက်ချင်းပင် မတ်တီ က မှတ်မိလိုက်သည် ။ တခြားသူ မဟုတ် ၊ သာဂရမင်းသား ၏ နှမတော် ဖြစ်သည် ။ မင်းတုန်းမင်း သက်တော်ထင်ရှား ရှိစဉ်အခါက မတ်တီ သည် သမီးတော်ကလေးနှင့်အတူ ကစားဖက် ဖြစ်လေသည် ။ သာဂရမင်းသား ၏ နှမတော်သည် မတ်တီ အား မြင်မိလိုက်သောကြောင့် သူ့နာမည်ကို အော်နေခြင်းပင် ဖြစ်သည် ။ ယခုလည်း အားကိုးတကြီးဖြင့် မတ်တီ ၏ အမည်ကို အော်၍ ခေါ်နေရှာပေသည် ။ သည်သို့ မင်းသမီးကလေး အော်၍မျှ မဆုံးခင်ပင် အာဏာသား နှစ်ယောက်သည် အမှောင်ထုထဲမှာ ဘွားခနဲ ပေါ်လာသည် ။ သည့်နောက် မင်းသမီးကလေးအား ဆွဲယူလိုက်ပြီး မြေပြင်သို့ လှဲချလိုက်လေသည် ။ သူတို့သည် မင်းသမီးကလေး၏ ရုန်းကန်နေသည့် လက်ကလေးများကို ဒူးကြားထဲတွင် သွင်းလျက် ကြိုးများဖြင့် တုပ်ချည်ထားလိုက်သည် ။

သည်ရှုခင်းကို မတ်တီ က အံ့အားသင့်စွာ ကြည့်နေစဉ်မှာပင် အာဏာသား တစ်ယောက်က မင်းသမီးကလေး ၏ ဆံပင်ကို ဆွဲလျက် ဦးခေါင်းကို နောက်သို့ လှန်ချလိုက်လေသည် ။ ထို့နောက် သူတို့သည် မင်းသမီးကလေးအား လည်မျိုကို တုတ်ဖြင့်ရိုက်ပြီး အဆုံးစီရင်လိုက်ကြသည် ။ ပထမတစ်ချက် ရိုက်လိုက်သည်ကို ကြည့်လိုက်ပြီးနောက် မတ်တီ သည် သူ့မျက်လုံးများကို လက်ဖြင့် ပိတ်ထားလိုက် မိသည် ။ သို့သော် သူ့နားတွင်းဝယ် နောက်ထပ် ဆင့်၍ ဆင့်၍ ရိုက်နေသည့် အသံများကိုမူကား ကြားနေမိလေသည် ။

မင်းသမီးကလေးမှာ ငယ်ရွယ်သန်မာသူ ဖြစ်သည့်အတွက် တော်တော်နှင့် အသက် ထွက်နိုင်ရှာပုံ မပေါ်ချေ ။ သို့ဖြစ်၍ မတ်တီ သည် သူ့အဆောင်ကို အားယူ၍ ပြန်လာပြီးနောက် အိပ်ရာပေါ်ဝယ် အားရပါးရ ရှိုက်ကြီးတငင် ငိုချလိုက်မိသည် ။

ဇာတ်ပွဲများမှာမူကား ကပြလျက် ရှိနေလေသေးသည် ။ ဆိုင်းသံများသည် မတ်တီ ၏ နားထဲသို့ ဆောင့်၍ ဆောင့်၍ ဝင်ရောက်လာလေသည် ။ ဆိုင်းသံများဖြင့်ပင် ဖုံးဖိခြင်းငှာ မစွမ်းနိုင်သည့် အော်သံဟစ်သံတွေ အကြားမှပင် ရွှေနန်းတော်ကြီး အတွင်း၌ မူကား ဣ‌ေန္ဒြမပျက် နေထိုင်သွားလာလျက် ရှိနေကြလေသည် ။

တတိယနေ့ နံနက်ဘက်တွင်မူကား အော်သံဟစ်သံများကို မကြားရတော့ချေ ။ မတ်တီ သည် သူ့ပစ္စည်းကလေးများကို ထုပ်ပိုးလျက် ရွှေနန်းတော်မှ ထွက်ခွာခဲ့ပြန်လေသည် ။ ဦးခေါင်းကို ငိုက်ထားပြီး ယမန်နေ့ညက တွေ့ခဲ့ရသည့် တွင်းကြီးနှင့် မလှမ်းမကမ်းဆီမှ လျှောက်လာနေသည် ။ ထိုစဉ် မတ်တီ သည် သူ့ မျက်စိထောင့်ဖျားမှ မြင်လိုက်ရသော အချင်းအရာ တစ်ခုကြောင့် ခေတ္တမျှ ခြေကို တုံ့ရပ်မိလိုက်သည် ။

နန်းတော်တွင်းမှ ဆင်ဆယ်ကောင်ခန့်တို့ကို ဆင်ဦးစီးများက မြေဖို့ထားသော တွင်းကြီးပေါ်သို့ အတင်းမောင်းနှင်နေကြသည် ။ ဆင်များကမူ ရှေ့ကိုတိုးရန် ငြင်းဆန်နေကြသည် ။ စူးစူးဝါးဝါး အော်ဟစ်ပြီးနောက် နှာမောင်း တယမ်းယမ်းဖြင့် ရှိနေသည် ။ ဆင်များသည် သူတို့အား လူမဆန်သော အလုပ်များကို လုပ်ခိုင်းနေမှန်း သိနေသကဲ့သို့ ရှိနေသည် ။ ဒါကြောင့်ပဲ ထင်ပါရဲ့ ၊ ဆင်ဦးစီးများ၏ စေခိုင်းချက်များကို ငြင်းဆန်နေခြင်း ဖြစ်သည် ။

မင်းသားတချို့ နှင့် မယ်တော်အချို့၏ အလောင်းများကို လှည်းဖြင့် တင်ဆောင်လျက် ဧရာဝတီမြစ်ဆီသို့ သယ်ဆောင်ခြင်းကိုလည်း ဝှက်ထား၍ မဖြစ်နိုင်ချေ ။ မန္တလေးရွှေမြို့တော် တစ်ခုလုံး၌ ကောလာဟလသတင်းများ ပျားပန်းခပ်မျှ ပြန့်လွင့်လျက် ရှိလေသည် ။ မတ်တီ ခမျာ အထိတ်တလန့် ဖြစ်နေပြီး သွေးလန့်လျက် ရှိနေရှာသည် ။ မတ်တီ ခမျာ သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေသော ခံစားမှုများကို မချုပ်တည်းထားနိုင်တော့ဘဲ ချုံးပွဲချ၍ ငိုမိရှာလေတော့သည် ။ သူ့ဘဝဝယ် သူ့ဖခင် ကွယ်လွန်ချိန်က တစ်ခါ ၊ ခု သုတ်သင်ပွဲကြီးတွင် တစ်ခါ ၊ ပေါင်း နှစ်ခါမျှသာ သည်းလှိုက်ဖိုလှိုက် ငိုကြွေးဖူးသေးသည် ။ ရင်တုန် အသည်းတုန်ဖြစ်ရသော သည်အရေးအခင်းကြီး ကိုကား မတ်တီ ဘဝတစ်လျှောက်လုံးဝယ် ခြောက်လှန့်နေပေတော့သည် ။ သည်ဖြစ်ရပ်ကြီးကိုလည်း အိပ်မ က် ဆိုးကြီးပဲ ဖြစ်ပါစေတော့လို့ ဆုတောင်းနေမိသည် ။

တကယ်တော့ သည်လို ရက်စက်လှသည့် လူသတ်ပွဲကြီးကို သီပေါမင်း မသိဘူးလို့ ဆိုကြပါသည် ။ သူ သိလာတဲ့အချိန်ကျတော့ လွန်ကုန်ပြီလေ ။ သူသိလာသည့် နေ့ကလည်း မှန်နန်းဆောင်မှာ စုဖုရား နှင့်အတူ သလွန်ပေါ်မှာ စံပယ်နေသည် ။ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်စရာ စကားတွေက ခုထိ ပြောမကုန်ပေဘူး ထင်ပါ့ ။ မာကျောကျောနိုင်လှတဲ့ စုဖုရားလတ် ရဲ့ မျက်နှာတော်ကို သီပေါမင်းက ရှုစားနေ၏ ။ ဘယ်လိုပဲ ပြုံးပြုံး ၊ မလှပသည့် သည်မိဖုရားကို သူ ဘာကြောင့် နှစ်သက် မိပါလိမ့် လို့လည်း တွေးနေဟန် ရှိ၏ ။

စုဖုရားလတ် သည် ရုပ်ရည် မလှ ။ ဒါပေမယ့် သူဖြစ်ချင်တဲ့ မိဖုရားခေါင်ကြီး အဖြစ်ကို ရအောင် ယူခဲ့၏ ။ သူ့ထက် အဆပေါင်းများစွာ လှပတဲ့ မိန်းမပျိုတွေဟာ နန်းတော်ထဲမှာ ရှိ၏ ။ သည် မိန်းမပျိုတွေဟာ သူ့ရှေ့လည်းရောက်ရော ၊ ဘာမဟုတ်တော့သည့် သူတွေလို အလိုလို မှေးမှိန် သွား၏ ။ သူ့ မျက်လုံးအစုံဟာ အံ့ဩစရာကောင်းတယ် ။ သူ့အသံကလည်း သီပေါမင်း ရဲ့ ရင်ကို အေးမြစေသည် ။ ချမ်းမြေ့မှုကို ပေးစေ၏ ။

သူတို့နှစ်ဦးရဲ့ ချစ်ကမ္ဘာလေးဟာ ခဏချင်းပဲ အကျည်းတန်သွား၏ ။ သည်အချိန်မှာ မင်းတရားကြီး ၏ မယ်တော် လောင်းရှည်မိဖုရားကြီး ရုတ်တရက် ဝင်လာ၏ ။ ငိုကြီးချက် မ ပျာပျာသလဲပင် ဖြစ်သည် ။

“ အမယ်လေး မောင်ရင်ရယ် ၊ နန်းစည်းစိမ်ကိုလည်း မလိုချင်ပါနဲ့တော့ ၊ မောင့် ညီတော် ၊ နောင်တော် ၊ နှမတော်တွေရော ရှိသေးရဲ့လား ၊ စစ်ဆေးကြည့်ပါဦး ” လို့လည်း ရင်ဘတ်စည်တီးပြီး မိန့်ကြားတော်မူ၏ ။

သည်အချိန်ကျမှ သီပေါမင်းတရား သည် အလွန်အမင်း အံ့အားသင့်သွား၏ ။ ထိတ်လန့် သွား၏ ။ မိမိ ဘာလုပ်ရမယ်ဆိုတာလဲ သိလာရတော့သည် ။ ချက်ချင်း ရွှေလှံမြို့ဝန်မင်းကို အခေါ်ခိုင်းသည် ။ လက် မရွံ့ထောင်အတွင်းမှ ကျန်နေသေးသော ညီတော် ၊ နောင်တော်များကို အမြန် စစ်ဆေးစေသည် ။

ကျပင်းမင်းသား ၊ ပျဉ်းမနားမင်းသား ၊ မြင်စိုင်းမင်းသား ၊ လက်ကြားမင်းသားနှင့် အသက် ဆယ့်နှစ်နှစ် မျှသာ ရှိသေးသော ကောလင်းမင်းသားလေး တို့သာ ကျန်ရှိတော့သည် ။ မင်းသွေး ခြောက်ဆယ်အနက် သည်မင်းသား ငါးပါးသာ ကျန်ခဲ့ခြင်းပင် ဖြစ်လေသည် ။ ဒါတောင်မှ နေ့ကူးသွားလို့ မသတ်ဖြစ်ဘဲ ကျန်ခဲ့ခြင်းပင် ဖြစ်သည် ။ သည်နေရာတွင် ရွှေလှံမြို့ဝန်မင်း ကလည်း ရလာတဲ့ အခွင့်အရေးကို အသုံးပြုလိုက်တော့တာပဲ ။

လူသတ်ပွဲက တာဝန်ကျတဲ့ ထောင်မှူး အဝှန်းမောင်မြို့နဲ့ လက် မရွံ့ မှန်သမျှကို တစ်ပြိုင်နက်တည်း ဖမ်းပြီး လက်ပြန်ကြိုးတုပ်ထားလိုက်သည် ။ ရနောင်မင်းသား နှင့် လက်သုံးတော်ကြီးများ ကိုတော့ သူ ဘာမှ မတတ်နိုင် ၊ မလုပ်နိုင်သဖြင့် အံတကြိတ်ကြိတ်သာ ရှိရတော့သည် ။ ကျေတော့ မကျေနပ်ဘူးပေါ့ ။ သူက ဘုရင့်နောင် ကျော်ထင်နော်ရထာဘွဲ့ ရထားတဲ့ ဘုရင်မင်းမြတ်ရဲ့နောင်တော် အရာမှာ ဖြစ်နေလို့ ကြည့်နေရတာ ၊ နို့မဟုတ် သင်းကိုပါ တစ်ခါတည်း ဖမ်းချုပ်ထားကြပြီပေါ့ ။

သည်အကြောင်းကို တောင်သမန်လယ်စား ရွှေတိုက်ဝန်ဖြစ်နေတဲ့ ရောင်းရင်း မောင်ဖေငယ် က သိသည် ။ ပြည်တွင်းရေး အထူးသဖြင့် နန်းတွင်းရေးကို မပြတ်မလပ် အကဲခတ်နေသူဆိုတော့ သိတာပေါ့ ။ မောင်မောင်တုတ်ကို အနေအထိုင် ဆင်ခြင်ဖို့ သတိပေး၏ ။ သူငယ်ချင်း သတိပေးစကားကို မောင်မောင်တုတ် က လက်ခံ၏ ။ သူလေးစားတဲ့ သီပေါမင်း နှင့် စုဖုရားလတ် က လွဲရင် မောင်ဖေငယ် ရဲ့ စကားကိုတော့ နားထောင်တတ်သည် ။ ဒါပေမယ့် မောင်မောင်တုတ် တစ်ယောက် ဆိုးဗွေများ ပါလာလေရော့သလား မသိ ။ ပြောတုန်းဆိုတုန်း ခဏသာ ။ နောက်ကွယ်က ဆိုးမြဲ ဆိုး ၊ တေမြဲ တေလျက်ပဲ ။

မောင်မောင်တုတ် ၏ စော်ကားမော်ကားများ ခံထားရပြီး ဖြစ်သည့် ရွှေလှံဗိုလ် ကမူ တစ်ဖက်လူ၏ အမှားကို စောင့်နေ၏ ။ အဆင်းတွင် တွန်းရန် ကြံစည်နေသည် ။ ရွှေနန်းတော် တွင်း၌ကား အုပ်စုလုပွဲကြီး ကျင်းပနေ၏ ။ တိုင်တားမင်းကြီး နှင့် ကင်းဝန်မင်းကြီး ဦးကောင်း တို့ ဂိုဏ်းများပင် ဖြစ်၏ ။ အာဏာကလေး နည်းနည်းရဖို့အတွက် တစောင်စောင် တမာန်မာန် ရှိနေကြသည် ။

ရနောင်မောင်မောင်တုတ် ၏ ရမ်းကားမှုများဟာ တစ်နေ့တခြား များပြားလာ၏ ။ လွှတ်တော် ၊ ဗြဲတိုက်တော်သို့ တိုင်စာများ ပလူပျံအောင် ရောက်ရှိလာသည် ။ ဒါက ရိုးရိုးဟုတ်ဟန် မတူ ၊ တစ်ယောက်ယောက်ကများ ဉာဏ်ကူထားရော့သလား မသိ ။ သည်ကြားထဲ နန်းတွင်းရေး ရှုပ်ပါတယ်ဆိုမှ ရှင်းမရနိုင်တဲ့ ပြဿနာတစ်ခု ဖြစ်လာသေးသည် ။ ဒါကလည်း ဘုရင်သီပေါ ရဲ့ အချစ်ရေးပဲ ။

တစ်နေ့ သီပေါမင်းတစ်ယောက် နန်းတော်ထဲကထွက်ပြီး ရနောင်မင်းသား ထံ အလည်သွား၏ ။ ရွှေနန်းတော်ရဲ့ အပြင်ဘက်ကို သီပေါမင်း ဟာ ထွက်စံလေ့ စံထ မရှိဘူး ။ ထွက်စံလေ့ ရှိသည့်တိုင်အောင် ခပ်ဝေးဝေးကို မသွားဘူး ။ အဲဒီနေ့ကတော့ ရွှေနန်းတော်နဲ့ အတော်လှမ်းတဲ့ ရနောင်မင်းသား အိမ်ကို သွားတာပဲ ။ အိမ်ရောက်တော့ စကားစမြည် ပြောကြ၏ ။ ဒါကလည်း သိပ်မကြာပါဘူး ။ ခဏတစ်ဖြုတ်ပါပဲ ။ သီပေါမင်းတရားကြီးက ရနောင်မင်းသား ကို သိပ်ချစ်ဟန် တူပါရဲ့ ။ သည်လို နှစ်ယောက်တည်း စကားပြောကြတဲ့အခါ ဘုရင်သီပေါ ဟာ ရိုးရိုးအရပ်သား ဖြစ်သွားတော့တာပဲ ။ ရနောင်မင်းသား ကို ဖက်လဲတကင်း ပြော၏ ။ ခေါင်းခေါက်ထိပ်ပုတ် နေတတ်သည် ။ ရယ်စရာတွေ့ရင်လည်း ဟက်ဟက်ပက်ပက် ရယ်လိုက်သည် ။ ဘုရင်ဆိုတဲ့ ရာဇဣန္ဒြေ မရှိသလောက်ပါပဲ ။

သည်လို အခွင့်သာ အရေးပေးနေတဲ့ အချိန်မှာ ရနောင်မင်းသား က သူဖြစ်စေချင်တာကို ဘုရင်ကို လျှောက်၏ ။ သီပေါဘုရင် ကို မိဖုရားကြီးရဲ့ ဩဇာခံလို့ပြက်ရယ်ပြု၏ ။ မိဖုရားနဲ့ ပတ်သက်လို့ မထိတထိလည်း ကလိ၏ ။

“ ဖခမည်းတော် မင်းတုန်းမင်းတရားကြီးမှာ မိဖုရား ငါးဆယ် ရှိသည် ။ ဒါကလည်း တရားဝင် ၊ တရားမဝင်တာတွေရော ရောရေလိုက်ရင် မနည်းဘူး ။ အရှင်ဘုရားမှာတော့ ဘယ်မှာလဲ မယား ငါးဆယ် ၊ ငါးဆယ် မပြောနဲ့ ငါးယောက်တောင် မရှိဘူး ။ ဟော … ကျွန်တော်တို့တောင် ကိုယ်လုပ်တော် တစ်ပြုံကြီး ထားသေးတာ ၊ ကိုယ်တော်က ဘုရင်ပဲ ။ ဘုရင့်စည်းစိမ်နဲ့ နေစမ်းပါလို့လည်း ” ပြောဟန်တူပါရဲ့ ။ သီပေါဘုရင်ဟာ အတော် သွေးကြွလာ၏ ။ သွေးသားဆူဖြိုးစ အရွယ်မို့လည်း မိဖုရားကြီး တစ်ပါးတည်းနဲ့ စံစားရတာ သိပ်အရသာတွေ့ရဟန် မရှိဘူး ။ သည်တော့ အသစ်ကျပ်ချွတ်ကလေးတွေကို ရှာချင်ဟန် တူလာရဲ့ ။ ရနောင်မင်းသား ပြောတာတွေကို ရယ်မောတန် ရယ်မော၏ ။ ခေါင်းညိတ်တန် ခေါင်းညိတ်၏ ။ စကားပြောနေရင်းပဲ ရနောင်မင်းသား က နေရာက ရုတ်ခနဲ ထသွား၏ ။

မကြာပါဘူး ။ အခန်းထဲ ပြန်ဝင်လာ၏ ။ သူနဲ့အတူ မိန်းမပျို တစ်ဦးလည်း ပါလာ၏ ။ သည်မိန်းမပျို က အတော်လှတယ်လို့ ဆိုသည် ။ သူက တခြားသူတော့ မဟုတ်ဘူး ။ မိဖုရားခေါင် အဂ္ဂမဟေသီ ဘိသိက်ပွဲတုန်းက ပါသေးသည် ။ ဘိသိက်တော်ဆက်သူ သမီးကညာ ခုနှစ်ယောက်ထဲမှာ ပါသည် ။ ဒိုင်းဝန်သမီး ခင်ခင်ကြီး ပဲ ။ အသက်က ( ၁၇ ) နှစ် ပဲ ရှိသေးသည် ။ လှလိုက်တာမှ စကားပွင့်ဖူးလို နုထွတ်နေ၏ ။ ဝိုင်းနေတဲ့ မျက်လုံးလေးတွေ ၊ သွယ်ပျောင်းနေတဲ့ လက်ချောင်းကလေးတွေဟာ ထိလိုက်ရင် ပဲ့ကျသွားမလို ထင်ရသည် ။

ဒိုင်းခင်ခင် ကိုလည်း မြင်လိုက်ရော သီပေါဘုရင် ဟာ ဘာကိုမှ မစဉ်းစားနိုင်တော့ဘူး ။ ချစ်ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာတယ် ထင်ပါရဲ့ ။ အမူးအရူးပဲ ။ ရနောင်မင်းသား က သူတုိ့နှစ်ယောက်ကို အခန်းထဲမှာ ထားခဲ့ပြီး အပြင်ကို လစ်ထွက်သွားသည် ။ သည်အချိန်မှာ သီပေါဘုရင် ဟာ ရာဇဣ‌ေန္ဒြ ဆိုတာ မရှိတော့ဘူး ။ ရွှေနန်းတော်ကြီးကို မေ့သွားသည် ။ လောကကြီးကို မေ့သွားသည် ။ သူ အလွန်ကြောက်ရသည့် မိဖုရားခေါင်ကြီး စုဖုရားလတ် ကိုတောင် သတိမရတော့ဘူး ။ ဒါကလည်း တဒင်္ဂပါ ။

အချိန်တန်တော့ နန်းတော်ကို ပြန်သတိရလာ၏ ။ စုဖုရားလတ် ရဲ့ မျက်နှာတော်ကို မြင်ယောင်လာသည် ။ စုဖုရားလတ် ရဲ့ မျက်နှာတော် မြင်လာတော့ သူ ဘာလုပ်နေတယ်ဆိုသည်ကို သတိရလာ၏ ။ မိဖုရားကြီး မကြိုက်နှစ်သက်ဆုံးသော အလုပ်ကို လုပ်မိပြီ ဆိုတာကိုရော သူသိလာရ၏ ။ သိပင် သိငြားသော်လည်း နောက်တော့ မဆုတ်တော့ပြီ ။ နောက်ဆုတ်လို့ကလည်း မဖြစ်တော့ ။ အလိုလိုနေရင်း နောင်တော် ရနောင်မင်းသား က မယားကြောက်လို့ နှိမ်နေရတဲ့အထဲ ခုလို ကိစ္စကြီး ဖြစ်လာမှတော့ နောက်ဆို ပိုပြောတော့မည် ။ ကလိတော့မည် ။ ခက်သည်က မိမိကိုယ်နှိုက်ကလည်း ဒိုင်းခင်ခင် ရဲ့ အလှမှာ မေ့မူးစေခဲ့ပြီ ။ သည် မက် မောစရာကောင်းတဲ့ ဒိုင်းခင်ခင် ကိုမှ ပစ်ပယ်ရင် ငါ့လောက် မိုက်တဲ့လူ ကမ္ဘာမှာ ရှိအံ့လောလို့လည်း တွေးမိဟန် တူပါရဲ့ ။ မိမိအနားမှာ ဒိုင်းခင်ခင် မပြတ်ခစားဖို့အတွက် သီပေါမင်း ဟာ ရနောင်မင်းသား ကို တာဝန်လွှဲလိုက်သည် ။

နဂိုထဲက ကြံစည်ထားတဲ့ ကိစ္စဆိုတော့ သည်ကိစ္စကို လွယ်လွယ်ကလေးပဲ ရနောင်မင်းသား က ဖန်တီးပေးလိုက်သည် ။ မိန်းမက ယောက်ျားအသွင်နဲ့ ရုပ်ပြောင်းရုပ်လွှဲ လုပ်ပေးလိုက်၏ ။ ထဘီအစား ပုဆိုး ပြောင်းဝတ်၏ ။ ပြီးတော့ ဆံထုံးကို ပြင်ထုံးလိုက်သည် ။ သည်အချိန်က ယောက်ျား နှင့် မိန်းမ တို့သည် တစ်ပုံစံတည်းလိုလိုဖြစ်၍ ရုပ်ပြောင်းရုပ်လွှဲ လုပ်ရသည်မှာ မခဲယဉ်း ။

လည်ပင်း မှ ဆွဲကြိုး ၊ လက်ကောက် များ ဖြုတ်ထားလိုက်သည် ။ ဆံပင်မှ ပန်းများကို ဖြုတ်ထားလိုက်၏ ။ နံ့သာများ လိမ်းကျံခြယ်မှုန်းထားတဲ့ မျက်နှာကိုလည်း ဆေးကြောပစ်စေ၏ ။ ယောက်ျားအင်္ကျီ နှင့် ပုဆိုးကို ဝတ်ပေး၏ ။ ပခုံးတွင် ဓားတစ်ချောင်းကို လွယ်ပေးထားသည် ။

ဤသို့ဖြင့် ဒိုင်းခင်ခင် ကို နန်းတော်အတွင်းသို့ တိတ်တဆိတ် ခေါ်ထားခဲ့၏ ။ နန်းတော်တွင်း လူပျိုတော်သားတွေနေသည့် အဆောင်မှ အခန်းတစ်ခန်း၌ ထားသည် ။ သည်အရေးအခင်းကို စပြီး ဖန်တီးပေးသူက ရနောင်မောင်မောင်တုတ် ပင် ဖြစ်သည် ။ ဇာတ်ဆရာအဖြစ် လည်းကောင်း ၊ ကြိုးဆွဲအဖြစ် လည်းကောင်း တစ်ယောက်တည်းဖြင့် တစ်ဇာတ်လုံးကို ကရန် အားယူနေသည် ။

သည်အကြောင်းကို ဘယ်သူမှ မသိ ။ တစ်နန်းတော်တွင်းလုံး မိဖုရားကြီး အား မျက်နှာလုပ်ချင်သည့် ပါးစပ်ပေါက်များ ရှိ၏ ။ သို့ပေမယ့် ဘယ်သူမှ သည်ကိစ္စကို မသိ ။ မသိဆို သည်ကိစ္စကို ဦးဆောင်နေသူကလည်း ရနောင်မောင်မောင်တုတ် ပေကိုး ။ သူ့အကြံအစည် အောင်မြင်ခါနီးပြီမို့ အကျေနပ်ကြီး ကျေနပ်နေသည် ။ သည်ကိစ္စကို ရနောင်မင်းသား နှင့် ဒိုင်းခင်ခင် ၏ ဖခင် ကန္နီအတွင်းဝန် တို့ ပူးပေါင်းကြံစည်တာပဲ ။ ဘယ်သူကမှ မကြံရဲတဲ့ အကြံပဲ ။

သီပေါဘုရင် ကိုယ့်ဘက်ပါအောင် ဆွဲယူရမည်မှာ ရိုးရိုးတန်းတန်း မလွယ်ကူပေမယ့် ဒိုင်းခင်ခင် နှင့် မျှားရင် ရလိမ့်မယ်လို့ ထင်ဟန်ရှိသည် ။ မင်းတရားကြီး ကိုယ့်ဘက်ပါလာရင် မိဖုရားကြီး ၏ ဩဇာအရှိန် ကျဆင်းသွားအောင် အစွမ်းကုန် ကြိုးစားရမည် ။ အလွန်တရာ ချောမောပြီး ပါးနပ်လှသည့် ဒိုင်းခင်ခင် သည် သည်ကိစ္စလေးလောက်ကို အလွယ်ပဲ လုပ်နိုင်မယ်လို့ ရနောင်မင်းသား က တွက်ထားဟန်တူသည် ။ အခွင့်အလမ်းပေါ်လာသည်နှင့် မိဖုရားကြီးကို တစ်ခါတုန်းက သူ့အစ်မတော်ကို ဖယ်ရှားပစ်သလို ဖယ်ရှားပြီး ဒိုင်းခင်ခင်သာ မိဖုရားခေါင်ကြီး ဖြစ်ရမယ်လို့လည်း ကြံရွယ်ထားသည် ။ သည်အခါကျရင်တော့ သူတို့ လုပ်ချင်သလို လုပ်နိုင်ပြီ ။ ရွှေနန်းတော် တစ်ခုလုံး ထုံးလိုခြေ ရေလိုနှောက်နိုင်ပြီတည်း ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment