Sunday, October 10, 2021

ပန်းချီ နှင့် ရန်ဖြစ်ခြင်း


 

❝ ပန်းချီ နှင့် ရန်ဖြစ်ခြင်း ❞

ကျောင်းတက်ပြန်တော့လည်း မူလတန်းထဲက မကြာခဏ အရိုက်ခံရတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ပန်းချီဆွဲလို့ ရတဲ့ ရှိသမျှ ဖတ်စာအုပ် ၊ ဗလာစာအုပ်တွေမှာ ပုံတွေ ဆွဲ ၊ အိမ်ရောက်တော့လည်း အိမ်ပတ်ပတ်လည် ဝါးထရံမှာ မီးသွေးခဲနဲ့ ပုံတွေဆွဲ ၊ ကျောင်းက ယူလာတဲ့ မြေဖြူနဲ့ရေး ၊ အမေက လက်ကို ရိုက် ၊ ယောက် မနဲ့ ခုတ် ၊ ကျောင်းကျတော့ ဆရာဦးသန်းထွေး က လက်ကိုပေတံနဲ့ ရိုက် ၊ ဘောဖျက်နဲ့ ခုတ်နဲ့ ။

တစ်ခါကလည်း အဖေ ပုဆိုးပေါင်ထားတဲ့ ဘောင်ချာစာရွက် မှာ ပုံတွေ ဆွဲထားလို့ ၊ ပစ္စည်းသွားရွေးတော့ အပေါင်ဆိုင်က စာတွေ ၊ ရက်တွေ မမြင်ရတော့ဘူး ။ လက် မခံဘူးဆိုလို့ အမေ နဲ့ အပေါင်ဆိုင်က တရုတ် နဲ့ စကားတွေများပြီး ပြန်လာတာနဲ့ ကျွန်တော့် ကျော ‌ေဗျာတင်တော့တာပါပဲ ။ အဲဒါက မူလတန်းတုန်းကပါ ။

အထက်တန်း ၊ အလယ်တန်းရောက်လာတော့ ရန်ဖြစ်တတ်လာပြီ ။ မူလတန်းတုန်းက ပန်းချီဆွဲလို့ ၊ မကြာခဏ မိဘ အခေါ်ခံရတယ် ။ နောက်တော့ ရန်ဖြစ်လို့ မိဘအခေါ်ခံရတယ် ။ ရန်ဖြစ်တယ် ဆိုတာကလည်း ဖြစ်ချင်လို့ ဖြစ်ရတာ မှုတ်ဘူး ။ အထက် ဖော်ပြပါ ကျွန်တော့်အဖေ က လူရွှင်တော် ဆိုတော့ ကျွန်တော့်ကို ကျောင်းက ကောင်တွေက “ လူပြက်သား ” ၊ “ လူပြောင်သား ” လို့ မကြာ ခဏ စကြ ၊ နောက်ကြ ၊ ပြောင်ကြရင်းနဲ့ မကြာခဏ ရန်ပွဲတွေဖြစ် လာရတာပါ ။

ကျွန်တော်ဟာ အနုပညာသမားတစ်ယောက်ရဲ့ သားသမီး ဖြစ်လို့ပဲလားတော့ မသိဘူး ။ အနေအေးတယ် ။ သူငယ်ချင်း နည်းတယ် ။ စကားနည်းတယ် ။ တော်ရုံတန်ရုံကိစ္စ သည်းခံတတ်တယ် ။ ဆင်းရဲတာလည်း ပါတာပေါ့လေ ၊ လူများများနဲ့ မနေဘူး ။ တစ်ဦးတည်း နေလေ့နေထ ရှိတယ် ။ ဒါပေမယ့်လို့ပေါ့ဗျာ.. ငါးပိသည်မ သား.. လို့ ကျွန်တော့်မိခင်လုပ်ငန်းကို ကျွန်တော်ပြောတာ ခံနိုင်ပေမယ့် လူပြက်သား ၊ လူပြောင်သားဆိုတဲ့ ကျွန်တော့် အဖေရဲ့ အနုပညာအသက် မွေးဝမ်းကျောင်းလုပ်ငန်းကိုတော့ ကျွန်တော် ဆတ်ဆတ်ထိ မခံနိုင်ဘူး ။

ကျွန်တော့်အဖေ က ဘယ်သူ့မှ မစော်ကားဘူး ။ ဘယ်သူ့ကိုမှ မျက်ရည်ပေါက်ကြီးငယ် ကျအောင် မလုပ်ခဲ့ဖူးဘူး ။ လူတွေပျော်အောင်လုပ်တဲ့ လူကိုမှ သူတို့က မလေးစားချင်ဘူး ။ အရူးသဖွယ် လူပြောင်ကြီးလို့ သတ်မှတ်ချင်ကြတယ် ။

ပိုဆိုးတာက ကျွန်တော့်တို့ ဟုမ်းလမ်း ( ယခင် ) ဆွမ်းသိမ်းပွဲ ။ ဗားဂရာ ၊ ထီးတန်း ၊ ရွှေပြားသင်္ကန်းကပ်လှူပွဲတွေဆိုရင် အဖေပါတဲ့ အငြိမ့်ပဲ ငှားကြတယ် ။ အဲဒီ ပွဲတွေကပြီဆိုရင် ပွဲအင်မတန် ဝါသနာပါတဲ့ ကျွန်တော် လုံးဝသွားမကြည့်ချင်ဘူး ။ သွားမကြည့်ရင် ၊ မလိုက်ရင် အမေရိုက် မှာစိုးလို့ လိုက်သာ လိုက်ရတယ် ။ စိတ်က မပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မိသားစုက ဇာတ်ခုံရဲ့ ဝဲယာခုံပေါ်က ကြည့်ရတယ် ။ ပရိသတ်ကို လှမ်းမြင်နေရသလို ပရိသတ်ကလည်း ကျွန်တော်တို့ကို လှမ်းမြင်ရတယ် ။ အမေ့ကို သနားတာလည်း ပါပါတယ် ။ သူ့ခမျာ သူ့ယောက်ျားနဲ့တွေ့ဖို့ရာ တစ်နှစ်ပတ်လုံးမှာ ဒီပွဲလေး တစ်ပွဲသာ တွေ့ရတာ ။ တစ်နှစ်လုံး မြန်မာပြည်အနှံ့ အထက်ရော ၊ အောက်ပါ စုန်ချည်ဆန်ချည် လျှောက် ကနေတော့ အမေနဲ့က စာတွေ့ပဲ တွေ့နေရတာ ။ သား တွေ ၊သမီးတွေ မိသားစု စုံစုံလင်လင်နဲ့ တွေ့ရတာ ဒီပွဲတစ်ပွဲပါပဲ ။ ဒီပွဲပြီးရင် နယ်ကို ပြန်ထွက်သွားပြန်ရောဗျ ... ။

အဲ.. ခုနက ကျွန်တော်ဇာတ်ခုံ အပေါ်အောက်ကိစ္စ ပြန်ဆက်လိုက်ရအောင်..  ။ အငြိမ့်ခန်းထွက်တော့ အဖေ က ပြက်လုံးပြက်ရော ၊ ပရိသတ်ကလည်း ရယ်ပေါ့ ၊ အဖေပြက်လုံး ပြက်ရင် ဇာတ်ခုံအောက်က ကောင်တွေက “ ဒါလား . . မင်းအဖေ ... လူပေါကြီး ” ဆိုတဲ့ မျက်နှာ ၊ မျက်လုံးတွေနဲ့ မရယ်ချင် ရယ်ချင် မျက်နှာပေးတွေနဲ့ ကျွန်တော့်ကို လှမ်းလှမ်းလုပ်ပြတယ် ။ စိတ်ကို တော်တော်လေး ချုပ်တည်းရပါတယ်ဗျာ .. ။

အငြိမ့်ဆိုတာလည်း ထုံးစံအတိုင်း သူ့သားသမီး ၊ ကိုယ့်သားသမီး ၊ သူ့ဆွေမျိုး ၊ ကိုယ့်ဆွေမျိုး ၊ သူ့မိန်းမ ၊ ကိုယ့်မိန်းမပြက်လုံး ထုတ်ကြတယ် ။ အဲဒီအခါ ပိုဆိုးတော့တာပါပဲ ။ ဥပမာ ကျွန်တော့် အမေ ကို တခြားလူရွှင်တော်တစ်ဦးက ပြက်လုံးထုတ်ရင် ဇာတ်ခုံအောက်က ကောင်တွေက အမေ့ကို လက်ညှိုးထိုးပြီး ၊ ဝိုင်းရယ်တယ် ။ အမေကတော့ မျက်နှာကြီး နီပြီးခေါင်းကြီး ငုံ့လို့ပေါ့ ။

အဖေက အနားကပ်လာပြီး ..

“ မိန်းမ .. မရှက်ပါနဲ့ .. ကိုယ့်ရပ်ကွက်ပွဲပဲ .. ပြက်လုံးထုတ်တာ ဘာဆန်းလဲ ” တဲ့ ။

အဲဒီမှာတင် ပြီးရင် ဘာမှမဖြစ်ဘူး ။ နောက်နေ့ အမေ ဈေးသွားရောင်းရင် ...

“ ဟဲ့ ညည်းယောက်ျား ပြောတဲ့အတိုင်းလား .. ”

“ ညည်းယောက်ျား တော်တော် မျက်နှာပြောင်တယ် ”

စသည်ဖြင့် မနေ့ညက ပြောခဲ့တဲ့ ပြက်လုံးတွေ တစ်‌ေဈးလုံး ပျံ့နှံ့ပြီး စမြုံ့ပြန် “တဟီးဟီး.. တဟားဟား ” ပေါ့ ။ အမေ့ခမျာ ဘယ်လို မျက်နှာထားရမှန်း မသိဘူး ။ အဲဒါက အမေ့ အပိုင်း.. ။

ကျွန်တော့်အပိုင်းက ကျွန်တော်တို့အတန်းပိုင် ဆရာ ၊ ဆရာမတွေက အစ ...

“ ဟဲ့ .. လူပြောင်သား .. ထစမ်း .. ”

ဘာရယ် မဟုတ် ၊ ဆရာ ၊ ဆရာမတွေက ချစ်လို့ ၊ ချစ်စနိုး နောက်ပြောင် ခေါ်ကြပေမယ့် မုန့်စားလွှတ်ချိန် ၊ ကျောင်းလွှတ်ချိန်မှာ ဆရာ ၊ ဆရာမတွေရဲ့ သံယောင်လိုက်ပြီး ကျွန်တော့်ကို စကြတော့တာပါပဲ ။ သည်းခံခွင့်လွှတ်နိုင်တဲ့ အဆင့်တွေ ကျော်လာတော့ ကျောင်းမှာ နာမည်ဆိုးကြီးတစ်လုံးကို ပိုင်ဆိုင်တဲ့ လူမိုက်တစ်ယောက် ဖြစ်လာရတယ် ။

ကြာလာတော့ ကျောင်းတက်ရမှာ ဝန်လေးလာတယ် ။ ကျောင်းစာတွေကို စိတ်မဝင်စားချင်တော့ဘူး ။ လွယ်အိတ်နဲ့ ကျောင်းစာအုပ်တွေဟာ ကျွန်တော့်ဘဝအတွက် ဘာမှ မလိုအပ်တော့ဘူးလို့ ထင်လာတယ် ။

ကျောင်းမှာရှိတဲ့ ကျောင်းသားတွေကို ရန်သူတွေလို မြင်လာတယ် ။ ကျောင်းသူတွေရှေ့မှာ ဖြတ်လျှောက်ရမှာ ရှက်လာတယ် ။ အဌမတန်း နှစ် မှာပဲ ကျောင်းပြေးတတ်လာတယ် ။ ရန်ပိုဖြစ်လာတယ် ။ ကျောင်းမှာ မကြာခဏ ပြဿနာလိုက်လိုက်ရှင်းရတာက “ အမေ ”

မျက်ရည်နဲ့မျက်ခွက်ဖြစ်ရတာ အမေ ၊ သူ့ခမျာ ကျွန်တော့် ကိစ္စတွေ လိုက်ရှင်းပေးရတာ တစ်ဖက် ၊ အငယ်ကောင်တွေ ကျောင်းကြို ကျောင်းပို့ လုပ်ရတာက တစ်ဖက် ၊ ဈေးရောင်းရတာက တစ်ဖက်နဲ့ တော်တော်လေး ကသီလှပါတယ် ။ ညညဆို ကြိတ်ကြိတ်ပြီး ငိုနေသံကို တစ်ခါတစ်ရံ ကျွန်တော် ကြားမိတယ် ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

No comments:

Post a Comment