Wednesday, October 6, 2021

အမရပူရမြို့သူ ဖြူဖြူ


 

❝ အမရပူရမြို့သူ ဖြူဖြူ ❞

မယားများလှသော ရနောင်မင်းသား မောင်မောင်တုတ် ၏ မယားများအနက် မှ ဖြူဖြူ မှာ ရနောင်မင်းသား ၏ ချစ်ခင်မှုကို အထူး ခံရသူတစ်ဦး ဖြစ်သည် ။ အမရပူရမြို့ မောင်းတန်းရပ်သူ တစ်ဦး ဖြစ်သည် ။ သူ့အဖေ က ပန်းထိမ်ဆရာလို့ သိရ၏ ။ ဖြူဖြူ ဟာ သိပ်ချော သိပ်လှ၏ ။ ထိုစဉ်ကဆိုလျှင် သူ့လောက် ချောပြီး သူ့လောက် လှတဲ့ မိန်းမပျို မရှိဘူးလို့လည်း ဆိုသည် ။ အရပ်အမောင်း ခပ်သွယ်သွယ် ၊ လက် မောင်းကလေးတွေက ညီညာပြေပြစ်ပြီး အချိုးအဆက် ကျသည် ။ ပါးနှစ်ဖက်က နူးညံ့ ချောမွတ်၏ ။ ပြုံးလိုက်သည့်အခါတွင် ပါးထဲမှာ ပါးချိုင့်လေးနှစ်ခု ခွက်ဝင်နေသည် ။ သူ့အပြုံးက အတော်ပေါ်လွင်သည် ။ မျက်လုံးကလေးတွေသည် သမင်မျက်လုံးလို ဝိုင်းစက်ပြီး ရွှန်းလဲ့နေကြသည် ။

သူ့အသံက ဟိုးအဝေးမှ ရေတံခွန်ကျသံလိုပဲ ချိုလွင်လွင် ရှိ၏ ။ နားဝင် ငြိမ့်ညောင်းသည် ။ သူ့ကို မြင်လိုက်တဲ့ လူမှန်သမျှဟာ အငေးသား ဖြစ်ကြရသည် ။ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူမှာ ကွယ်လွန်သွားခဲ့သဖြင့် မိတဆိုးကလေးဘဝဖြင့် ဖခင်အပေါ် ဆိုးချင်တိုင်း ဆိုးခဲ့ နွဲ့ခဲ့သူ ဖြစ်သည် ။ ဖခင်ဖြစ်သူကလည်း ပစ္စည်းဥစ္စာ ကုံလုံကြွယ်ဝသူတစ်ဦး ဖြစ်သဖြင့် သမီးလေးအပေါ် အစစ အရာရာတွင် အလိုလိုက်ထားခဲ့သည် ။ အရွယ်ရောက်ပြီး အတော်ကြာမှ ချစ်သူ တွေ့ခဲ့သည် ။ သူကတော့ အခြားသူ မဟုတ် ၊ ရွှေလှံမြို့ဝန်၏ ကိုယ်ရံတော် ဗိုလ်မှူး နန္ဒပင် ဖြစ်သည် ။ ဖြူဖြူ နှင့် ဗိုလ်မှူး နန္ဒတို့ တွေ့ပုံကလည်း အဆန်းသား ။

တစ်နေ့ ဖြူဖြူ တို့ သားအဖ အင်းဝ ဘက်ကမ်းမှ ပြန်အလာ ဖြစ်သည် ။ အင်းဝ ဘက်တွင် ဥပုသ်သီလ စောင့်ထိန်းပြီးမှ ပြန်လာသဖြင့် နေမှာ အတော်ကျနေချေပြီ ။ အနောက်တောင် ထောင့်ဆီက မိုးရိပ်များက အုံ့မှိုင်းနေချေသည် ။ သီတင်းကျွတ် လပြည့်နေ့ မို့လည်း တရားဘာဝနာ စောင့်ထိန်းသူ ပေါများကြောင်း ၊ ဘားမဲ့ဆရာတော်ကြီး သက်တော်ရာကျော် ရှည်စေဖို့ အကြောင်းကို ပြောလာရင်းက ဟိုအဝေးမှ တောင်သမန် လယ်ကွင်းများကို ဖြတ်ကျော်ကာ စိုင်းလာကြသော မြင်းများကို လှမ်းကြည့်နေကြ၏ ။

မြင်းစီးလာသူ အရေအတွက်ကား ငါးယောက်ပင် ဖြစ်၏ ။ မြင်းများသည် ဖြူဖြူ တို့ သားအဖ စီးလာသော လှည်းရှေ့တွင် ဖြတ်ရပ်လိုက်သည် ။ သူတို့အားလုံး၏ မျက်နှာများမှာ တင်းမာပြီး နီရဲနေပေသည် ။ သူတို့အားလုံး ကြည့်ရသည်မှာ အနောက်ထန်းတောမှ ထန်းရည် သောက်စား မူးယစ်လာသူများနှင့် တူလှသည် ။ သူတို့ တစ်ကိုယ်လုံးတွင် ချွေးများက အပြိုင်းပြိုင်း ကျနေသည် ။ ဖြစ်လာသော အရေးအခင်းကြောင့် ဖြူဖြူ မှာ မော်မကြည့်ဝံ့တော့ပြီ ။ ဖြူဖြူ ၏ ဖခင်မှာကား အများနှင့် တစ်ယောက် မို့ မလှုပ်ဝံ့တော့ချေပြီ ။

သူတို့ကတော့ အေးအေးဆေးဆေးပင် ။ ခေါင်းဆောင်လုပ်သူက သူကြီးများသာလျှင် ကိုင်ဆောင်ခွင့်ရှိသော ငွေဓားကို လွယ်ထားသည်ကို တွေ့ရသည် ။ သကောင့်သား သုံးယောက်က လှည်းသမား နှင့် ဖြူဖြူ ၏ ဖခင်ကို ဓားဖြင့် မိုးထားပြီး ဖြူဖြူ ကို လှည်းပေါ်မှ ဆွဲချတော့သည် ။ အထိတ်တလန့် အော်လိုက်ရင်းက ဖြူဖြူ မှာ လူနှစ်ယောက်၏ လက်ထဲတွင် ရုန်းရင်းကန်ရင်းဖြင့် လှည်းအောက် ရောက်သွားသည် ။

အသက်သာ အသေခံမည် ၊ အရှက်တော့ အကွဲမခံဟူ၍ ဖြူဖြူ က တွက်ထားဟန် တူရဲ့ ၊ မြေပေါ်ရောက်သည်နှင့် ဖြူဖြူ မှာ တွန်းထိုး ရုန်းကန်နေ၏ ။ လက် မောင်းကို ပြုတ်တူ နှက်ထားသလို ဆုပ်ထားသော လက်ကို ပါးစပ်ဖြင့် ကိုက်ချလိုက်သည် ။ တစ်ဖက်လူမှာ နာကြည်းသော အသံဖြင့် လက်ရုပ်သွားသည် ။ သည်တွင် ဖြူဖြူ က တခြားသူ၏ ဆီးခုံကို တအား ပစ်ကန်လိုက်သည် ။ ထိုသူမှာလည်း မသက်သာ ၊ မိမိ၏ ဆီးခုံကို ဖိထားရင်းက မြေပြင်ပေါ်သို့ လဲကျသွားသည် ။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည် ။ ဘယ်သူတွေမှ မဟန့်တားနိုင်ခင်မှာပင် ဖြူဖြူ မှာ ရှေ့သို့ တအား စွတ်ပြေးတော့သည် ။ ပြေးရင်းဖြင့် နောက်သို့ ကြည့်လိုက်ရာတွင် စောစောက လူငါးယောက် မှာ မြင်းကိုယ်စီနှင့် အပြေးလိုက်လာသည်ကို တွေ့နေရသည် ။ ဒါနှင့် ရှေ့ကိုပဲ အားစိုက်ပြီး ဖိပြေးရသည် ။ ကိုင်းတော အလွန်တွင်မတော့ မိမိရှေ့တွင် မြင်းသုံးစီး ရပ်နေသည်ကို တွေ့ရသည် ။ ဖြူဖြူ ခမျာ ဘယ်ကိုပြေးရ ၊ ပုန်းရ ၊ ခိုရမှန်း မသိတော့ချေပြီ ။

မောဟိုက်နေသောရင်ကို ဖိထားပြီး မြင်းပေါ်မှ လူများကို အသနားခံသော မျက်လုံးအစုံဖြင့် ကြည့်လိုက်လေ၏ ။ သူတို့အသွင်က တစ်မျိုးပါလား ။ စောစောက လူတွေနဲ့ လုံးဝ မတူ ။ ကြင်နာသနားမည့် အသွင်များက သူတို့၏ မျက်နှာပြင်ပေါ်ဝယ် ထင်းနေသည် ။ နောက် မှ မြင်းခြေသံများ ကြားလိုက်ရသဖြင့် ဖြူဖြူ မှာ ရုတ်ခြည်း ထပြေးရန် အားယူလိုက်သည် ။ သို့ပေမယ့် မမျှော်လင့်သော စကားသံကြောင့် ဖြူဖြူမှာ တအားတက်သွားခဲ့ရသည် ။

“ ဘေးကိုသာ ဖယ်ပေးလိုက်ပါ နှမတော် ၊ သည် လူယုတ်တွေကို မောင်ကြီး ရှင်းလိုက်ပါ့မယ် ”

မိမိ ရှေ့တည့်တည့်မှ မြင်းသည်တော် တစ်ဦးဖြစ်သည့် ဗိုလ်နန္ဒ ၏ စကားသံပင် ဖြစ်သည် ။

“ မင်းတို့ ဘယ်ရွာကလဲ ၊ ဘာဖြစ်လို့ ဒီလို ယုတ်မာမှုတွေ လုပ်ရတာလဲ ”

ဗိုလ်နန္ဒ က တည်ကြည်ခံ့ညားသော မျက်နှာထားဖြင့် မေးလိုက်သည် ။ သည်တွင် ငွေဓားရိုးကို လွယ်ထားသည့် လူရွယ်က ပမာမခန့် ပြန်လည် မော်ကြည့်လိုက်ပြီး -

“ ကျုပ်တို့ကို မေးသလားဗျ ၊ ကျုပ်က ရနောင်မြို့စား မောင်မောင်တုတ် ရဲ့ ညီ မောင်မောင်ပြောင်း ဆိုတာပဲ ။ ဒီလူတွေက မြို့စားမင်းရဲ့ ကျွန်ယုံတွေပဲဗျ ၊ ဘာလုပ်ချင်သေးသတုံး ”

သည်တွင် ဗိုလ်နန္ဒ မှာ ထောင်းခနဲ စိတ်ထွက်သွားလိုက်ပေမယ့် ဒေါသကို ချက်ချင်း မျိုသိပ်လိုက်သည် ။ ရနောင်မင်းသား ကို ရင်မဆိုင်ချင်လို့ပဲ ဖြစ်ဟန်တူသည် ။

“ ဪ … ဒီလိုလား ၊ ရနောင်မြို့စားရဲ့ ညီဆိုရင် မြို့စားညီ ပီပီ လူကောင်းသူမွန်လိုပဲ နေသင့်ပါတယ် ။ ခုလို ယုတ်မာတဲ့ အမှုမျိုး မလုပ်သင့်ပါဘူး”

ဗိုလ်နန္ဒ စကားအဆုံးဝယ် မောင်မောင်ပြောင်း မှာ မျက်နှာလေး နီရဲသွားပြီး …

“ ဟင်း ဟင်း … ဗိုလ်မှူးကလေးနော … စကားပြောရင် ကြည့်ပြော ၊ ကျုပ်တို့ဘာသာ ကျုပ်တို့ လုပ်ချင်တာ လုပ်တာ ဗိုလ်မှူး နဲ့ ဘာမှ မဆိုင်ပါဘူး ။ ခင်ဗျားလုပ်ဖို့က စစ်တိုက်ဖို့ သက်သက်ပဲ ။ ကျုပ်တို့ ရပ်မှုရွာရေးမှာ ဝင်စွက်ဖို့ မလိုပါဘူး ” ဟူ၍ပင် ပြန်ပြောသည် ။

“ ဟား ဟား … ငါ့လူက အလာချည်းပါလား ၊ အင်း … ဒီမယ် … နားထောင်စမ်း ၊ ကျုပ်တို့လို စစ်မှုထမ်းဆိုသဟာ တိုင်းပြည်အတွက် အသက်ပေး ကာကွယ်ရမယ့် လူတွေပဲ ။ စစ်တိုက်ရုံ သက်သက် မဟုတ်ဘူး ။ တိုင်းသူပြည်သားတွေရဲ့ အသက်စည်းစိမ် အိုးအိမ်တွေကိုပါ ကာကွယ်ရမယ့် ဝတ္တရား ရှိနေတယ် ။ ဒါကို ကိုယ့်လူ မသေမချင်း မှတ်ထားနော ”

ဗိုလ်နန္ဒ က ရယ်သွမ်းသွေးရင်း ခပ်နာနာ ပြောလိုက်သောအခါ ရနောင်မြို့စား၏ ညီ မောင်မောင်ပြောင်း ဆိုသူမှာ ဒေါပွသွားဟန်ဖြင့် သူ၏ ငွေရိုးတပ် ဓားကို ဆွဲထုတ်ရန် ကိုင်လိုက်သည် ။ သည်အခါ ဗိုလ်နန္ဒက …

“ ဪ … ကိုယ့်လူက လူလို စကားပြောနေတာ နားမလည်သေးဘူး ထင်ပါ့ ။ ဒီမယ် … ကျုပ်မျက်နှာကို သေသေချာချာ ကြည့်ထားစမ်း ၊ ငနန္ဒ ဆိုသဟာ နောက် မှပေါ်လာတဲ့ ရွှေကြာပင် မဟုတ်ဘူး ။ ဟိုး ရှေးသမယထဲက အလောင်းမင်းတရား နဲ့ အတူ သွေးဖောက်ပြီး သစ္စာဆိုခဲ့ကြတဲ့ ရဲဘော် ခြောက်ကျိပ်ရှစ်ရဲ့ အနွယ်တော် တစ်ဦးဆိုတာ မှတ်ထားပါ ။ ကိုင်း … ကြာတယ် ငမြတ်ရေး တို့ ၊ ဒီလူတွေကို လူစု ခွဲလိုက်ကြစမ်း ”

ဗိုလ်နန္ဒ မှာ ပြောပြောဆိုဆို သူ့တပည့်များကို အမိန့်ပေးလိုက်၏ ။ သူကိုယ်တိုင်ကလည်း ဓားကိုဝင့်ကာ ရှေ့သို့ ပြေးသွားတော့သည် ။ သည်တွင် တစ်ဖက် မှ မောင်မောင်ပြောင်း တို့မှာ မဝံ့တော့ဘဲ ခြေဦးတည့်ရာသို့ ထွက်ပြေးကြတော့၏ ။

“ မင်းတို့ မိုးကောင်းတုန်း နေနှင့်ဦးပေါ့ကွာ ၊ တစ်နေ့တော့ တွေ့ကြသေးတာပ ” ဟူ၍လည်း ကြိမ်းဝါးသွားကြသည် ။

သည်ပုံ သည်နည်းဖြင့် ဗိုလ်နန္ဒ နှင့် ဖြူဖြူ တို့မှာ စတွေ့ခဲ့ခြင်း ဖြစ်သည် ။ ကျေးဇူးရှင် တစ်ဦးရယ်လို့ ဖြူဖြူ တို့ သားအဖက ဗိုလ်နန္ဒ ကို ကျေးဇူးတင်ခဲ့ကြသည် ။ ဗိုလ်နန္ဒ အပေါ် လေးစားမှုတွေ ပိုခဲ့ရသည် ။ အားကိုးတကြီး ရှိခဲ့သည် ။ ဖခင်ဖြစ်သူကမူ ရိုးရိုးသားသား ရှိသည့် သူငယ်ပဲ ဟူ၍ ဘာမှ မပြောဘဲ နေသဖြင့် သူတို့၏ ရင်းနှီးမှုများက ပိုကဲခဲ့ရသည် ။ လူငယ်တို့ဘာဝ မေတ္တာမျှခဲ့ရသည် ။ သည့်နောက် ဖခင် ကို အသိပေးပြီး လူသိရှင်ကြား လက်ထပ်ခဲ့ကြသည် ။

လက်ထပ်ပြီးသည်နှင့် ဗိုလ်နန္ဒ က ဖြူဖြူ တို့အိမ်မှာ လိုက်နေသည် ။ သည်တုန်းက ဘယ်တော့မှ မေ့ပျောက် မသွားနိုင်တဲ့ ပျော်ရွှင် ချမ်းမြေ့မှုမျိုးတွေဟာ သူတို့နှစ်ဦးမှာ ကိုယ်စီ ရှိနေကြလေရဲ့ ။

ဖခင်ကမူ ရွှေပန်းထိမ် အလုပ်နဲ့သာ အချိန်ကုန်လွန်နေသည် ။ လုပ်ငန်းကလည်း ကြီးကျယ်သဖြင့် တပည့်လက်သားများကမူ မနည်းပေ ။ မှူးကြီးမတ်ကြီးများ ၊ နန်းတွင်းသူ နန်းတွင်းသားများအတွက် ရွှေလက်ဝတ်လက်စားနဲ့ ရွှေခွက် ၊ ရွှေဖလားများကို လုပ်ကိုင် ပေးခဲ့ရသည် ။ လင်ဖြစ်သူ ဗိုလ်နန္ဒ ကမူ နေ့စဉ်နေ့တိုင်း ရွှေလှံမြို့ဝန်ထံ အခစား ဝင်ရသည် ။ ညနေ ပြန်ချိန်တန်လျှင် ဖြူဖြူ က အိမ်ဝမှ ထွက်ကြိုသည် ။ ဒါကလည်း တစ်နေ့ မဟုတ် ၊ တစ်ရက် မဟုတ်ပေ ။

သည်အချိန်တုန်းကဆိုလျှင် ဘယ်လို စိတ်ညစ်စရာမျိုးနဲ့မှ မတွေ့ရဘူး ။ ဘယ်လို ဒုက္ခမျိုးနဲ့မှ မကြုံရဘူး ။ ဒါပေမယ့် တစ်နေ့မှာတော့ ကြမ္မာဂြိုဟ်ဆိုး ဝင်လာတော့သည် ။ သည်နေ့က နေကလည်း အလွန်ပူသည် ။ လင်ဖြစ်သူ ဗိုလ်နန္ဒ စောစောစီးစီး သွားနိုင်ဖို့အတွက် ဖြူဖြူ ခမျာ မနက် အစောကြီး ထရတတ်သည် ။ ဒါနဲ့ နေ့လယ်နေ့ခင်းမှာ အိပ်လေ့ရှိတဲ့ အကျင့်လေး ဖြူဖြူ မှာ ရှိလာသည် ။

သည်နေ့က ဖြူဖြူ အိပ်ပျော်သွားသည် ။ အိပ်ပျော်စလောက် မှာပဲ ထင်ရဲ့ ။ လမ်းမဘက်က ဆူဆူညံညံ အသံတွေ ကြားရသည် ။ လူတွေ ဟစ်အော်ကြတဲ့ အသံတွေ ၊ မြင်းခွာသံတွေ ၊ လူတွေ ရုတ်ရုတ်သဲသဲနဲ့ ပြေးကြ လွှားကြသံတွေ … ၊ သည်အသံအားလုံး စုပြီး ဆူဆူညံညံ ဖြစ်နေသည် ။ သည်တွင် အိပ်နေသည့် ဖြူဖြူ လည်း အိပ်ရာက အလန့်တကြား ထလိုက်၏ ။ ဘာသံတွေပါလိမ့် လို့လည်း သိချင်ဇောနဲ့ အိမ်ဝရန်တာကနေပြီး လမ်းမဘက်ကို ထွက်ကြည့်မိလိုက်သည် ။

သည်လို အလန့်တကြား ထွက်ကြည့်မိလိုက်သည်ကိုကပင် ဖြူဖြူ ၏ အမှား ။ ရနောင်မင်းသား ဖြတ်သွားတာကိုး ။ ရနောင်မင်းသား နဲ့ စစ်သားတွေ ၊ နောက်လိုက်ငယ်သားတွေ ကလည်း တစ်စုတစ်ဝေးကြီးပဲ ။ တချို့က သူ့ရှေ့က လမ်းကို ရှင်းပေးနေကြသည် ။ ရနောင်မင်းသား က လမ်းအလယ်ကောင်မှာပဲ မြင်းစီး လိုက်လာသည် ။ ရှေ့တူရှုမှ လာကြတဲ့ လူများသည် တုတ်ကိုယ်စီ ကိုင်ထားကြသည့် ရနောင်မင်းသား ၏ ရဲမ က် တွေနှင့် ဝေးအောင် လမ်းကြားတွေထဲက ထွက်ပြေးသူက ပြေး ၊ အိမ်ပေါ် တက်ပြေးသူက ပြေးကြရရှာသည် ။ ဝရုန်းသုန်းကားနဲ့ လူတွေဟာ ကစဉ့်ကလျား ဖြစ်နေသည် ။

ပြေးချိန်မရသည့် လူတွေကမူ လမ်းဘေးမှာ ဒူးတုပ်ပြီး ရနောင်မင်းသား ရှိရာကို ဦးညွှတ် အရိုအသေ ပြုကြရသည် ။ ခန့်ခန့်ညားညား တည်တည်ကြည်ကြည် ရှိလှသည့် ရနောင်မင်းသား ကို ဖြူဖြူ မှာ ငေးကြည့်နေမိသည် ။ မျက်နှာကလည်း အိပ်မှုန်စုံမွှား ၊ ဆံပင်ကလည်း ဖိုးရိုးဖားရား ဖြစ်နေသည် ။ ဖြူဖြူ ဝရန်တာက ဖြတ်လာသည် ။ အိမ်ရှေ့ရောက်လာသည့် ရနောင်မင်းသား သည် ဖြူဖြူ ကို လှမ်းကြည့်လိုက်သည် ။ ငေးနေသည့် ဖြူဖြူ မှာ အချိန်မီ အထဲသို့ အတင်းပြေးဝင် ပုန်းကွယ်ဖို့ ကြိုးစားလိုက်သည် ။

ဒါပေမယ့် ဖြူဖြူ နောက်ကျသွားပါပြီ ။ ဖြူဖြူ့ ကို ရနောင်မင်းသား က လှမ်းမြင်သွားပြီ ။ သည်လို ရနောင်မင်းသား က လှမ်းမြင်တာကို သိလိုက်သည်နှင့် တစ်ပြိုင်နက် ဖြူဖြူ့ မှာ အလန့်ကြီး လန့်သွားသည် ။ တုန်လှုပ်ခြင်းများစွာ ဖြစ်သွားတော့သည် ။

ရနောင်မင်းသား သူ့ကို မြင်သွားပြီ ဆိုတဲ့အကြောင်းကို သူ့လင်ဖြစ်တဲ့ ဗိုလ်နန္ဒ ကို ပြောပြသည် ။ သည်အကြောင်းလည်း သိလိုက်ရော ဗိုလ်နန္ဒ မှာ မျက်ကလဲဆန်ပြာ ဖြစ်သွားရှာသည် ။ မိန်းမမှု ပွေလှသည့် ရနောင်မင်းသား ၏ သတင်းကို အတွင်းအပြင် သိထားသည်မို့လည်း ဇနီးအတွက် ရတက် မအေးတော့ဘူးပေါ့ ။ ကျစ်ကျစ်လျစ်လျစ် သိပ်သိပ် သည်းသည်း နေဖို့ ၊ ထိုင်ဖို့ အသေအချာ မှာထားရက်သားနဲ့ ခုလို ဖြစ်သွားရတာကို ဗိုလ်နန္ဒ အဖို့ ယူကျုံးမရ ဖြစ်နေဟန် တူပါရဲ့ ။

အရင်ရက်တွေကလို ရွှင်ရွှင်ပျပျ မရှိတော့ဘူး ။ တစ်နေရာထဲမှာလည်း ငြိမ်ငြိမ် မနေတော့ဘူး ။ အိမ်ရှေ့မှာ လမ်းလျှောက်လိုက် ၊ ရပ်နေလိုက် ၊ ဟို အဝေးလမ်းမကြီးဘက်ကို ကြည့်လိုက်နဲ့ ဂနာမငြိမ် ဖြစ်နေတော့သည် ။ အခုချက်ချင်းပဲ ရနောင်မင်းသား က ဖြူဖြူ ကို အတင်းသိမ်းပိုက်တော့မလားလို့ ထိတ်ထိတ်ပျာပျာ ရှိလှသည် ။ သည်အကြောင်းကို ကြားသိသွားသည့် ဖြူဖြူ ရဲ့ ဖခင်ကလည်း စိတ်မချမ်းသာတော့ဘူး ။ သမီးအတွက် သောကတွေ ဖြစ်နေရှာသည် ။ သည်အကြောင်းကို ဗိုလ်နန္ဒ က သူ့ဆရာဖြစ်သည့် ရွှေလှံမြို့ဝန် ကို သွားရောက် အသိပေးသည် ။

ရနောင်မင်းသား နဲ့ ပတ်သက်ရင် တိုင်းပြည်မှာ သက်ဦးဆံပိုင် အရှင်သခင် ဖြစ်သည့် သီပေါဘုရင် ကတောင် ခွင့်လွှတ်ထားရသည် ။ သည်တော့ ရွှေလှံမြို့ဝန် လို ပုဂ္ဂိုလ်ကကော ဘာများ တတ်နိုင်ဦးမှာလဲ ။ အကူအညီ အကာအကွယ် ပေးနိုင်ပါမတဲ့လဲ ၊ စိတ်မကောင်းဖြစ်သည့် မျက်နှာနှင့် ဆင်ဆင်ခြင်ခင် နေဖို့ ထိုင်ဖို့ပဲ မှာလိုက်ရတာပေါ့ ။ သည်ညက ဗိုလ်နန္ဒ အိပ်မပျော်တော့ဘူး ။ ဖြူဖြူ အဖို့တော့ မပြောနဲ့ပေါ့ ။ မျက်လုံးအကြောင်သား ကိုယ်စီနဲ့ အိပ်ရာထဲမှာ လဲလျောင်း နေကြသည် ။

နာရီတွေသာ တစ်ချိန်ပြီး တစ်ချိန် ပြောင်းသွားသည် ။ သူတို့ နှစ်ဦးကတော့ တုတ်တုတ်မျှ မလှုပ် ။ ရှေ့ဖြစ်လာမည့် အနာဂတ်ခရီးကို ငံ့လင့်နေကြရဲ့ ။ ဘာတွေ ဘယ်လို ဖြစ်လာမည် ဆိုတာလည်း သူတို့ အလိုလို သိထားကြသည် ။ သည်ဖြစ်ရပ်တွေကိုလည်း ဘယ်နည်းနဲ့မှ လွှဲရှောင်လို့ တိမ်းကွယ်လို့ မရမှန်းလည်း သိထားကြသည် ။ မစူးစမ်း မဆင်ခြင်ဘဲ လုပ်မိတဲ့ မိမိကိုယ်ကိုယ်ပဲ အပြစ်တင်မိသည် ။ သည်ဖြစ်ရပ်ကလေးကြောင့် အချစ်ကြီး ချစ်လှသည့် မိမိတို့ ချစ်သူနှစ်ဦး ကွဲကွာသွားကြရတော့မည် ။

ကောင်းသော ကွဲကွာခြင်းနှင့် ကွဲကွာသွားရပါက အကြောင်းမဟုတ် ။ သွေးစွန်းသော အနိဋ္ဌာရုံဖြင့် ကွဲကွာသွားရပါက ဖြူဖြူ အဖို့ ဖြေဖွယ်ရာ မရှိတော့ ။ သေသည့်တိုင်အောင် စိတ်သောက ရောက်ရတော့မည် ။ ရနောင်မင်းသား နဲ့ ဝေးရာကို လင်မယားနှစ်ယောက် ထွက်ပြေးဖို့ကလည်း မဖြစ် ။ ထွက်ပြေးပုန်းရှောင်သွားခဲ့လျှင် ဗိုလ်နန္ဒ ခမျာ မင်းပြစ်မင်းဒဏ် သင့်ရော့မည် ။ အိမ်တွင် ကျန်ရစ်ခဲ့သော ဖခင်ကြီးလည်း ဒုက္ခရောက်တော့မည် ။ အသက်ဆုံးတန် ဆုံးပေရော့မည် ။

ဖြူဖြူ တို့ လင်မယားခမျာ ဒုက္ခပင်လယ် ဝေရှာပြီ ။ လှတဲ့ဘဝ ၊ စိုပြည်ဖြောင့်ဖြူးသည့် အချစ်ခရီးဝယ် မုန်တိုင်းထန်ချေပြီ ။ အိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်နေသည် ။ ငြိမ်သက်နေသည် ။ ဘာသံကိုမှ မကြားရ ။ အရင်တုန်းက ပျော်ရွှင်ဖွယ် အတိပြီးခဲ့သည့် အိမ်ကြီးမှာကား တစပြင်သဖွယ် ဖြစ်ချေပြီ ။ အိမ်ကြီး၏ အိပ်ခန်း သီးသန့်ကမ္ဘာလေးထဲဝယ် သူတို့နှစ်ဦး အိပ်နေကြ၏ ။ ဒါပေမယ့် အိပ်မပျော်ပါ ။ အတွေးလွန်နေကြခြင်းသာ ဖြစ်သည် ။

သည်အရေးများက သူတို့နှစ်ဦးကို ခြောက်လှန့်နေကြသည် ။ ထိတ်လန့်မှုနှင့် ရောပြွမ်းနေသော စိုးရိမ်စိတ်ကလည်း လွှမ်းမိုးနေသည် ။ အပြင်ဘက် မှာ ကြယ်တွေက တဖြုတ်ဖြုတ် ကြွေ၍ နေသည် ။ သည် ကြယ်ကြွေခြင်းသည် မကောင်း ။ နေပြည်တော် တစ်ဝန်းမှာလည်း မီး ခဏခဏ လောင်နေသည် ။ ဒါကလည်း မကောင်း ။ မင်းပြောင်းမင်းလဲ ဖြစ်တတ်သည် ။ တိုင်းသူပြည်သားများ ဒုက္ခရောက်တတ်သည် ။ ဖခင်ဖြစ်သူက အတိတ်နိမိတ် ဖတ်သံများက ဖြူဖြူ့ နားထဲဝယ် စွဲငြိနေသည် ။ ဖျောက်ဖျက် မရ ။ ဖခင်မှာ ရွှေပန်းထိမ်ဆရာ လုပ်ရင်းက ဗေဒင် ကျမ်းများကို လေ့လာ လိုက်စားခဲ့သူလည်း ဖြစ်သည် ။ အရပ်ထဲမှ လူများကို ဟောလိုက်သည့်အခါ တစ်သဝေမတိမ်း ဖြစ်တတ် ပျက်တတ်သည်များကိုလည်း ဖြူဖြူ က သိထားသည် ။ ဖခင်ဖြစ်သူ၏ ကောင်းသတင်းမှာ အရပ်ထဲတွင် ပျံ့နှံ့နေပြီ ဖြစ်သည် ။

တစ်နေ့ကပင် ဖခင်ဖြစ်သူက ဖြူဖြူ ဇာတာကို စစ်ဆေးကြည့်ရင်းက “ သမီးလေး ရာဟုဂြိုဟ်ထဲ ရောက်နေတယ် ၊ အနေအထိုင် အပြောအဆို ဆင်ခြင်ပါ ၊ သိပ်မကောင်းသေးဘူး ကွယ် ” လို့ သတိပေးခဲ့သေးသည် ။ ဟော … ခုတော့ ဖခင် သတိပေးခဲ့သလို မမျှော်လင့်ဘဲ သည်ဖြစ်ရပ်ကလေး ဖြစ်လာခဲ့သည် ။ အင်း … ဒုက္ခ ၊ ဒုက္ခ ၊ အသက်တစ်ရာ မနေရ အမှုတစ်ရာ တွေ့ရဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့ ၊ ဘေးမှ ယှဉ်အိပ်နေသည့် ဗိုလ်နန္ဒ ၏ သက်ပြင်းချသံ ခပ်လေးလေးကို ဖြူဖြူ ကြားလိုက်သည် ။ လင်ဖြစ်သူ၏ ရင်ထဲဝယ် ဘယ်လိုဝေဒနာမျိုး ခံစားနေရသည် ဆိုတာကို ဖြူဖြူ သိသည် ။ ဖြူဖြူ ကိုယ်တိုင်ကလည်း သည်လို ဝေဒနာမျိုး ခံစားနေရတာပဲ မဟုတ်လား ။

မိုးသာ စင်စင်လင်းသွားရော .. သူတို့ အိပ်မပျော်ခဲ့ကြဘူး ။ မိုးလင်းသွားသည်နှင့် အိပ်ယာက အသာအယာပဲ ထကြသည် ။ မနက်ခင်းရဲ့ လုပ်ဖွယ်ကိုင်ဖွယ်များကို အခြေမပျက် လုပ်နေကြသည် ။ အားလုံး ဟန်ဆောင်နေကြခြင်း ဖြစ်သည် ။ သူတို့ မျှော်လင့်ခဲ့ကြသည့် ဖြစ်ရပ်က မကြာခင်မှာပဲ ဖြစ်လာသည် ။ ဗိုလ်နန္ဒ ကို အရေးတကြီးကိစ္စဖြင့် မြင်းသည်တော်တချို့ လာခေါ်သွားသည် ။ သူတို့ ထွက်သွားလို့မှ မကြာခင် အတွင်းတော်မှ အခေါ်တော်ရှိသည် ဆိုပြီး ဖခင်ဖြစ်သူကို ခေါ်သွားခဲ့သည် ။ နောက်ဆံတငင်ငင်ဖြင့် ဖခင်ကြီးမှာ လိုက်ပါသွားခဲ့ရှာသည် ။

သည်လိုနှင့် တစ်နေသာ ကုန်သွားရော ။ လင်ဖြစ်သူလည်း မလာ ၊ ဖခင်ဖြစ်သူလည်း မရောက်ခဲ့ ။ သည်နေ့က ဖြူဖြူ ခမျာ အိမ်ရှေ့မှာ တစ်ညလုံး ထိုင်စောင့်နေပေမယ့် လင်ဖြစ်သူဟာ ပြန်မလာတော့ဘူး ။ ဖခင်ဖြစ်သူလည်း ရောက် မလာတော့ဘူး ။ နောက်တစ်နေ့မှာတော့ ရောက်လာသည် ။ သူတို့ပါပဲ ။ လင်ဖြစ်သူ ဗိုလ်နန္ဒ လည်း မဟုတ် ။ ဖခင်ဖြစ်သူလည်း မဟုတ်ပါ ။ သူတို့အစား ရောက်လာတဲ့သူတွေကတော့ ရနောင်မင်းသား ရဲ့ ကျွန်ယုံတော်တွေပါပဲ ။ သူတို့ကို ဖြူဖြူ ငိုယိုပြီး တောင်းပန်ပါသေးသည် ။ မရပါ ။ အမိန့်သည် အမိန့်ပဲလို့ ပြောပါသည် ။ မဖြစ် ဖြစ်သည့်နည်းဖြင့် ခေါ်ရမယ်လို့ အမိန့်တော်ရှိသည် ဆိုပဲ ။ အာဏာကို ပြည်သူတွေအတွက် မသုံးဘဲ မိမိ ကိုယ်ကျိုးအတွက် အသုံးချတယ်ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့ ။

သည်လိုနဲ့ပဲ ဖြူဖြူ ခမျာမှာ ရနောင်မင်းသား ၏ မယားတွေထဲမှ မယားတစ်ယောက် ဖြစ်သွားခဲ့ရရှာသည် ။ ရနောင်မင်းသား ၏ အိမ်တော်မှာ မိန်းမတွေ အများကြီး ရှိသည် ။ ဒါတွေက သူ့ရဲ့ မယားတွေပဲ ။ သူတို့ရဲ့ ဖြစ်ရပ်တွေလည်း ဖြူဖြူ လိုပါပဲ ။ တချို့များဆို ဖြူဖြူ ထက်တောင် ဘဝ ဆိုးပါသေးသည် ။ ရေခပ်ရင်း ၊ ပန်းခူးရင်း ၊ နေပြည်တော်တက်ပြီး ချည်ဆိုးဆေးဝယ် လာရင်းက အသိမ်းပိုက်ခံရတဲ့ မိန်းကလေးတွေကလည်း မနည်းလှပါဘူး ။ အားလုံးကို ရနောင်မင်းသား က ပျော်ပျော်ရွှင်ရွှင် နေစေသည် ။ ထမင်းကျွေးတဲ့အခါမှာ တစ်လှေကြီးပဲ ။ အချို့ ငိုယိုနေသည့် ရောက်စ အသစ်စက်စက် မယားကလေးများတောင် ပျော်လာသလိုလို ဖြစ်လာတတ်သည် ။ သည်မယား အားလုံးဟာ ရနောင်မင်းသား ရဲ့ ချစ်ခင်မှုယုယမှုကိုသာ ခံယူရသည် ။

သားသမီးများရသည့် မယားကမူ တခြားအဆောက်အအုံမှာ သီးသန့် နေရ၏ ။ သူတို့ကိုလည်း ရနောင်မင်းသား က ပစ်မထား ။ ဂရုတစိုက် ရှိလှသည် ။ သားသမီးကလေးများ အပေါ်လည်း ဖခင်မေတ္တာနှင့် အညီ အရေးတယူ ရှိသည် ။ ဒါကြောင့်မို့ ထင့် ၊ အားလုံး မယားများက ကျေနပ်ကြသည် ။ သည်နည်းဖြင့် ရနောင်မင်းသား ၏ အိမ်မှာ မယား အသစ်ကလေးများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ခြင်း ဖြစ်သည် ။ သည်မျှ များပြားလှသည့် မယားများ ၊ သားသမီးများကို နိစ္စဓူဝ ကျွေးမွေးရသည့် ရနောင်မင်းသား အိမ်တော်မှာ အလှူအတန်းကလေး သဖွယ် ဖြစ်နေသည် ။

တကယ်တော့ ဖြူဖြူ သည် သာမန် ရိုးရိုး အရပ်သူအရပ်သားထဲက မဟုတ်ဘူး ။ ဂုဏ်နဲ့ ဒြပ်နဲ့ နေတဲ့ အဆွေအမျိုးထဲကပဲ ။ ဖခင်ဖြစ်သူသည် ရွှေနန်းတော်သူ ၊ နန်းတော်သားများ၏ ရွှေပန်းထိမ်ဆရာ တစ်ဦးဖြစ်သည် ။ ရိုးသားဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည် ။ ယောက်ျားဖြစ်သူ ဗိုလ်နန္ဒ ဆိုလျှင်လည်း ရွှေလှံမြို့ဝန် ၏ ယုံကြည်အားကိုးရသော ဗိုလ်မှူးတစ်ယောက် ဖြစ်သည် ။ ဒါပေမယ့် ရနောင်မင်းသား ကတော့ သည်ကိစ္စတွေ ၊ သည်ပုဂ္ဂိုလ်တွေကို ဘာမှ မထောက်ထားဘူး ။ သူလိုချင်တာ တစ်ခုပဲ ကြည့်သည် ။ ဖြူဖြူ ရဲ့ လှပသည့် မျက်နှာတစ်ခုကိုပဲ ကွက်ပြီး ကြည့်သည် ။

ဖြူဖြူ ခမျာ ဘယ်လို ဒုက္ခရောက် မည် ။ သောကဗျာပါဒ ပွားမည် ။ ဗိုလ်နန္ဒ ခမျာ ဘယ်လို စိတ်နှလုံး ထိခိုက်သွားမည်ကို ရနောင်မင်းသား ထည့်မတွက်ဘူး ။ သူ့အနေနဲ့ ကာမအာရုံကြောမှာ နစ်မျောချင်တဲ့ ဆန္ဒပဲ ရှိသည် ။ ဟောင်းနွမ်းသွားသည့် မယားများအစား အသစ်စက်စက် မယားများ အစားထိုးဖို့သာ အမြဲ ကြံစည်နေဟန် တူရဲ့ ။ ကာမအာရုံကြောမှာ ဘယ်လိုနည်းနဲ့ မျောရ မျောရ မမှုဘူး ။ သူ့ဆန္ဒ ပြေပျောက်ဖို့အတွက် ဘယ်သူ့ကို လုရမလဲ ။ သတ်ရမလဲ ။ သည် လုပ်သမျှ များမှာလည်း မှန်သည် မှားသည်ကို မစဉ်းစား ။ လိုဘပြည့်ဖို့သာ အရေးကြီးသည် ။ မှားသည် မှန်သည်ကို သူ မတွေး ။

ခါတိုင်းလို အတွင်းတော်သို့လည်း သူ အခစား မဝင်တော့ ။ ပျက်ကွက်စ ပြုလေပြီ ။ မယားများနှင့်သာ အချိန်ကုန်နေသည် ။ တကယ်တော့ သည်လောက် တဏှာရာဂ အားကြီးသည့် ရနောင်မင်းသား အဖို့ ကာမဂုဏ်ကြောတွင် နစ်နေသဖြင့် တန်ခိုး အရှိန်အဝါ နိမ့်ဆင်းစ ပြုလာပြီကို သူ သတိမထားမိတော့ချေ ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment