❝ ဘဝလုံခြုံမှုအလုပ် နှင့် သခင်နိုင်ငံရေးသမား ❞
ထိုအချိန်တွင် ကျွန်တော်တို့သည် သမုဒ္ဒရာပြင်ကျယ်၌ သင်္ဘောစီးနေရသည်နှင့် တူလေသည် ။
လှိုင်းလုံးကြီးများသည် ကျွန်တော်တို့ သင်္ဘောကြီးအား ဖြတ်ကျော်ပြီး အိဆင်းသွားလေရာ
သင်္ဘောစီးရခြင်းသည် အေးငြိမ့်ညင်သာသွားပေသည် ။ ခပ်ဝေးဝေးသို့ ကြည့်လျှင်ကား လှိုင်းများသည် တစ်ဟုန်ထိုးပြေးကြကာ အချင်းချင်း ကြက်ခွပ်နေကြသည်ကို ဖွေးခနဲ ဖွေးခနဲ
မြင်နိုင်ပေသည် ။ သည့်ထက်ဝေးဝေး ကြည့်လျှင်ကား တောင်လုံးကြီးများသဏ္ဌာန်ဖြင့် ခုံးတက်နေသော လှိုင်းလုံးကြီးများကို မြင်နိုင်ပေ၏ ။
ကျောင်းသားအရေးတော်ပုံ လှိုင်းလုံးကြီးများသည် ကျွန်တော်တို့အား ဖြတ်ကျော်ပြီး အိဆင်းသွားလေရာ ကျွန်တော်တို့၏ ဘဝမှာ အေးငြိမ့်ညင်သာသွားသည်ဟု ထင်မှတ်ရပေသည် ။ ကျွန်တော်တို့သည် စာမေးပွဲခန်းမတွင် ထိုင်နိုင်ကြလေပြီ ။ စာမေးပွဲ အောင်စာရင်းကို ကြည့်ရင်း ဘဝလုံခြုံမှုအတွက် အလုပ်အကိုင်များကိုပင် မျှော်မှန်းစဉ်းစားနိုင်ကြပေ၏ ။ ကျောင်းသားလောက ပြင်ပကို
ကြည့်လျှင်ကား အရေးတော်ပုံတိုက်ပွဲလှိုင်း တို့သည် ကြက်ခွပ်လျက်ရှိသည်ကို တွေ့ရ၏ ။ ရေနံမြေသပိတ်ခေါင်းဆောင် သခင်ဘိုးလှကြီး သည် ထောင်ထဲမှနေပြီး အခွင့်အရေးအတွက် အစာငတ်ခံတိုက်ပွဲ ဝင်နေ၏ ။ ဦးပု ၏ ညွန့်ပေါင်းသစ်အစိုးရ သည် ရေနံမြေသပိတ်တပ်သားများအား စရိတ်စက ပေး၍ ရေနံမြေသို့ ပြန်ရန် စီစဉ်လျက်ရှိ၏ ။ ဓနရှင်ကုမ္ပဏီတို့သည် အခွင့်အရေး အနည်း
အကျဉ်းပေး၍ သပိတ်များ ပြေပျောက်အောင် ဆောင်ရွက်လျက်ရှိ၏ ။ တောနယ်များမှာကား
တောင်သူလယ်သမားတို့သည် သီးစားခလျှော့ပေါ့ရေး ၊ အခွန်တော်လျှော့ပေါ့ရေး ၊ ကြွေးမြီ
ရွှေ့ဆိုင်းရေး စသည်များအတွက် ဆူပူလှုပ်ရှားလျက်ရှိ၏ ။ ရုံးစိုက်ရာ မြို့များသို့ ချီတက်လျက်
အရေးဆိုနေကြ၏ ။ အာရှအရှေ့ဖျားနှင့် ဥရောပတိုက်သို့ ကြည့်လိုက်လျှင် ကမ္ဘာစစ်ကြီးဆီသို့
ဦးတည်နေသော စစ်ပွဲများ ပေါက်ကွဲနေသည်ကို တွေ့ရပေသည် ။
ကျွန်တော်ကား ကျောင်းသားတစ်ယောက်အနေနှင့် နီးကပ်သော ပတ်ဝန်းကျင်၏ အေးငြိမ့်
ညင်သာမှုကို မခံစားဘဲ မနေနိုင်ပါ ။ စာမေးပွဲတွင် ဝင်ဖြေဖြစ်သည်သာမက အောင်လည်း
အောင်ခဲ့ပါပြီ ။ အောင်စာရင်းကို ကြည့်ရင်း ဘဝလုံခြုံမှုအတွက် အလုပ်အကိုင်များကိုပင် မျှော်မှန်းစဉ်းစားမိပေသည် ။ ဘီအေ အောင်လျှင် ဘဝ၏ ဘယ်ခရီးတွင် လျှောက်ရမည်ဟု ယတိပြတ်
ဆုံးဖြတ်ရသည်မှာ ကောလိပ်ကျောင်းသားတစ်ယောက် ၏ ဓမ္မတာလို ဖြစ်နေပေပြီ ။
သို့သော် ကျွန်တော်ကား ရိုးရိုးကျောင်းသားတစ်ယောက် မဟုတ်ခဲ့ပါ ။ သခင်တစ်ပိုင်း
ကျောင်းသား ဖြစ်ခဲ့ပါသည် ။ ထို့ကြောင့် ကျွန်တော့်အဖို့ ဘဝလုံခြုံမှုအလုပ်အကိုင်ကို မျှော်မှန်း
စဉ်စားရခြင်းမှာ မလွယ်ကူပါ ။ ကျွတ်ကျွတ်လွတ်လွတ် ကိုယ့်ဘဝလုံခြုံမှု တစ်ခုတည်းကိုသာ
ကြည့်လျက် အလုပ်အကိုင် ရွေးချယ်မည်လော ။ ကိုယ့်ဘဝလုံခြုံမှုကို လုံးဝဂရုမပြုဘဲ ခြေသလုံးအိမ်တိုင် ဖြစ်သလိုနေ ၊ ဖြစ်သလိုစား၍ သခင်နိုင်ငံရေးသမားအဖြစ်သို့ ဝင်မည်လော ။ သို့မဟုတ်
ကိုယ့်ဘဝ လုံခြုံရေးတစ်ပိုင်း သခင်တစ်ပိုင်း လုပ်နိုင်သည့် အလုပ်တစ်ခုခုကို ရှာမည်လော ။
တွေဝေသည်ဟု သူများအား စွပ်စွဲရန် ၊ သို့မဟုတ် ငါ့နှယ် တွေဝေရန်ကောဟု ကိုယ့်ကိုယ်ကိုယ်
မကျေနပ်ရန် လွယ်ကူ၏ ။ သို့သော် ပြတ်သားရန်မှာ မလွယ်ကူပါ ။
ကျွန်တော့်အား ပိုမိုဆွဲဆောင်နေသော ဘဝခရီးမှာ ခြေသလုံးအိမ်တိုင် ဖြစ်သလိုနေ ၊ ဖြစ်သလိုစား
သခင်နိုင်ငံရေးသမားဘဝ ဖြစ်ပေသည် ။ ကိုယ်ကျိုးကို လုံးဝစွန့်လွှတ်နိုင်ခြင်းသည် ဂေါတမ
မြတ်စွာဘုရား၏ ကျင့်စဉ်ကဲ့သို့ မြင့်မြတ်သည်ဟု ထင်ပေသည် ။ ထောင် ၊ တန်း ၊ စက်တိုင်
စသည်တို့နှင့် ရင်ဆိုင်ရသော ခရီးသည် စွန့်စားလိုသော လူငယ်လူရွယ်၏ စိတ်ကို လှုံ့ဆွပေးနေသည် ။ လောကနှင့်ပတ်သက်သော ကျွန်တော်၏ အတွေးအခေါ်အထင်အမြင်တို့သည် ဗြိတိသျှနယ်ချဲ့နှင့် မြေရှင်ပဒေသရာဇ်တို့၏ နှောင်ကြိုးမှ ရုန်းကန်ထွက်ရန် ခေါင်းဆောင်နေသော သခင်
တို့ဗမာအစည်းအရုံးကြီးဆီသို့ မျက် မှောက်ပြုနေပေသည် ။
ထို့ကြောင့်လည်း ကျွန်တော့် ဖခင်ကြီးထံမှ စာမေးပွဲပြီးလျှင် အိမ်ပြန်ခဲ့ဖို့ စာရေးခေါ်သော်လည်း
အိမ်မပြန်ဘဲနေခြင်းဖြစ်သည် ။ မအောင်လျှင် နောက်စာမေးပွဲ ဆက်ဖြေဖို့ စာကြိုးစားရန် ဟူသော
ဆင်ခြေဖြင့် ဆက်နေခဲ့လေသည် ။ တို့ဗမာအစည်းအရုံးနှင့် သခင်ခေါင်းဆောင်များ ၏ အနီးအနား
တွင် ရစ်ဝဲနေခဲ့သည် ။ စာမေးပွဲအောင်သောအခါ ပို၍ကောင်းသော ဆင်ခြေကို ရပြန်လေသည် ။
ဘီအေ အောင်ပြီး မိဘများအား လုပ်ကျွေးရန် အလုပ်ရှာနေပြီ စသည်ဖြင့် အကြောင်းပြကာ
အိမ်မပြန်ဘဲ နေပြန်လေသည် ။ မိဘများထံပြန်လျှင် အဖေက ကြိမ်းလားမောင်းလား တုတ်တစ်ပြက် ဓားတစ်ပြက်ဖြင့် နိုင်ငံရေးကို စွန့်လွှတ်ရန် ၊ အဖေတသက်လုံး မှန်းထားသော ရာထူးစာမေးပွဲ
ဝင်ရန် ပြောပေလိမ့်မည် ။ အမေကမူ မျက်ရည်စကလေးဖြင့် “ နိုင်ငံရေးမလုပ်ပါနဲ့ သားရယ် ” ဟု
အသနားခံလိမ့်မည် ။
“ ကျွန်တော်တော့ အဖေ့ကြိမ်းဝါးသံကိုလည်း နားမထောင်ချင်ဘူး ၊ အမေ့မျက်ရည်စကိုလည်း
မမြင်ချင်ဘူး ” ဟု ကျွန်တော်က ဦးလေးမြင့် အား ပြောလိုက်လေသည် ။ ဦးလေးမြင့် သည် အဖေက
သူ့ထံရေးလိုက်သော စာရွက်ကလေးကို ကတော့လုပ်ရင်း အတန်ကြာ တွေနေပြီးနောက် -
“ အေးလေ ငါတော့ နောက်ထပ် ဘာမှမပြောတတ်တော့ဘူး ၊ မင်းလည်း အရွယ်ရောက်ပြီပဲ ၊
မင်းဘာသာ စဉ်းစားနိုင်လောက်ပါပြီ ။ ငါ့သဘောအချုပ်ကတော့ နိုင်ငံရေး ကို အလျှင်း မလုပ်ရဘူးလို့ မပိတ်ပင်ချင်ဘူး ၊ သို့ပေမယ့် အသက် မွေးဝမ်းကျောင်း အလုပ်တစ်ခုခု လုပ်ရမယ် ။
အကျိုးဆောင်ရာမှာ လောကတ္ထစရိယ လောကလူအများအကျိုး ၊ ဉာတတ္ထစရိယ ဆွေမျိုးသားချင်းကို ပစ်ထားရယ်ဆိုရင် မဟန်သေးဘူး မဟုတ်လား ကိုကြွယ် ”
ဘာမျှမပြောဘဲ တိုင်မှာမှီကာ ကြမ်းပြင်တွင် ခြေဆင်း၍ထိုင်နေသော ကိုကြွယ် အား ဦးလေးမြင့် က
စစ်ကူတောင်းလိုက်လေသည် ။
ကိုကြွယ် က ကျွန်တော့်အား စိုက်ကြည့်လိုက်သည်တွင် နဖူးပြင်မှာ အရေးသုံးခု တွန့်ထင်သွားပေသည် ။
“ အင်း အကျိုးသုံးပါးစလုံး တစ်ပြိုင်နက်ပြီးတဲ့ အလုပ်ကို လုပ်ရမယ်ဆိုရင်တော့ အတိုင်းထက်
အလွန် တံခွန်နှင့်ဘုရားပေါ့ ”
“ ဦးလေးမြင့် ရယ် ၊ အဖေ့ဆီကို ကျွန်တော်ဟာ အကျိုးသုံးပါးစလုံးပြီးတဲ့ အလုပ်မျိုး လုပ်နိုင်ဖို့
အလုပ်ရှာနေတယ်လို့ပဲ ကောင်းအောင် ကြည့်ရေးလိုက်ပါတော့ဗျာ ”
ဦးလေးမြင့် က မျက်စိမှေးသွားအောင် ပြုံးလိုက်ပြီး -
“ ကောင်းအောင် ကြည့်ရေးလိုက်ဆိုတော့ မောင်တင်ထွန်း က ဒီအတိုင်း သဘော မကျလို့လား ။
အတ္ထစရိယာ ၊ ဉာတတ္ထစရိယာ မပါဘဲ လောကတ္ထစရိယာသာ ကျင့်ချင်လို့လား ”
“ ဟဲ ဟဲ သည်လိုလည်း မဟုတ်ပါဘူး ”
အတန်ကြာ ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်နေကြသည် ။ ကျွန်တော်တို့ သုံးဦးသားသည် တစ်အိမ်တည်း နေကြသော်လည်း လသာမှန်အိမ်အောက် အခုလို ဆုံပြီး စကားပြောရသည့် အခွင့်အရေးမှာ
မကြာခဏပေါ်သည် မဟုတ်ပေ ။ ဦးလေးမြင့် မှာ သတင်းစာပုံနှိပ်တိုက် ဒုတိယဖိုမင် အဖြစ်ဖြင့်
တစ်လခြား ညအလုပ်ဆင်းရသည် ။ ကိုကြွယ် မှာ ရပ်ရေး ၊ ရွာရေး ၊ သာရေး ၊ နာရေး ၊ ကုသိုလ်ရေး
ဗာဟီရကိစ္စ များသဖြင့် မကြာခဏ အပြင်ထွက်နေရတတ်သည် ။ ကျွန်တော်ကမူ အရေးတော်ပုံ
စကတည်းက တစ်ညတလေသာ အိမ်ပြန်အိပ်နိုင်ခဲ့လေသည် ။
“ ဒီမှာ ဦးလေးမြင့် ရဲ့ ၊ ကိုယ့်အကျိုး ၊ ဆွေမျိုးသားချင်းအကျိုးကို လျစ်လျူရှုထားဖို့ဆိုတာ ခက်ခဲ
သလောက် အမျိုးသားလွတ်လပ်ရေး ၊ ဗမာတွေသခင်ဖြစ်ရေး အလုပ်ကို လျစ်လျူရှုထားဖို့ ခက်ခဲတာပဲ ။ ကျွန်တော်ဟာ အမှန်အတိုင်းပြောရရင် လျစ်လျူရှုထားဖို့ ကြိုးစားခဲ့ပါတယ် ၊ ဘယ်သူ
သေသေ ငတေမာပြီးရောဆိုပြီး ကိုယ့်စာကိုယ် ကျက်နေမယ်လို့ ဆုံးဖြတ်မိခဲ့တယ် ။ သို့ပေမယ့်
မရဘူး ၊ စာကိုဖတ်ရင်း အဲဒီစာထဲက အကြောင်းတွေ စဉ်းစားခဲ့တယ် ။ ဘုန်းကြီးကျောင်းနေတုန်းက ကိုယ့်ဗမာပြည် နိမ့်ကျတာ သိပ် မသိခဲ့ဘူး ။ တက္ကသိုလ်ကျောင်း ပညာသင်တော့
ကိုယ့်ဗမာပြည် နိမ့်ကျတာ ၊ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်တာ ပိုသိလာရတယ် ။ ဘုန်းကြီးကျောင်း
နေတုန်းက ကမ္ဘာဟာ သိပ်မကြီးလှဘူး ၊ တက္ကသိုလ်ရောက်တော့ ကမ္ဘာ ဟာ ဗမာ ထက် အဆပေါင်းများစွာ ကြီးတာ တွေ့လာရတယ် ။ ကျွန်တော်တို့ ကျောင်းသားတွေကို စာဖတ်ခန်းအပြင်
စာသင်ခန်းအပြင် လှမ်းမကြည့်အောင် ပိတ်လို့လည်း မရနိုင်ဘူး ။ အပြင် လှမ်းမကြည့်ရအောင်
ပိတ်လေလေ ကျွန်တော်တို့ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ အတိုက်အခံဖြစ်လေလေ ဖြစ်ရတာပဲ ။ အတိုက်အခံ ဖြစ်နေတာထဲမှာ ကျွန်တော် မပါဘဲနေရအောင် ကြိုးစားကြည့်တယ် ၊ နေမရတာ
ကိုတွေ့ရတာပဲ ။ အလွန်တရာသန်တဲ့ ရေစီးကြားက သစ်ရွက်ခြောက်ကလေးလိုပဲ ဖြစ်နေတာ တွေ့ရတယ် ။ စဉ်းစားကြည့်လေ ၊ ၁၉၃၆ ခုနှစ် တုန်းက မျက်နှာဖြူဆရာကြီးတွေဟာ ဆရာစိတ်
မရှိ ၊ ဗျူရိုကရက်အရာရှိစိတ် ဝင်ပြီး ကျောင်းသားတွေအပေါ်မှာ မောက်မာကြတယ် ၊အသွေးအရောင်
ကွဲတဲ့ လူတွေအဖြစ်နဲ့ မတူမတန် သဘောထားပြီး နှိမ်ချင်ကြတယ် ၊ ကျောင်းသားခေါင်းဆောင်တွေကို ဘာမဟုတ်တဲ့ အကြောင်းကလေးတွေပြပြီး ထုတ်ပစ်ကြတယ် ။ ဒီတော့ ကျောင်းသားသပိတ်ကြီး ပေါ်ခဲ့ရတယ် ။ အဲဒီအချိန်မှာ ကျောင်းသားအများနဲ့ လမ်းခွဲပြီး ကျောင်းဆက်တက်ဖို့
ဆိုတာ မဖြစ်နိုင်ဘူး ။ စာဖတ်ခန်းထဲ သော့ခတ်ပြီး ပိတ်ထားဦး ၊ စာအုပ်ကို ကိုင်ကြည့်မိမှာ
မဟုတ်ဘူး ။ ခု အရေးတော်ပုံကျတော့ ဘေးထွက်နေဖို့ ပိုခက်တယ် ။ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းတယ် ၊ ဆီးတယ် ၊ နောက်ပြီး ကျောင်းသားထုကို ရိုက်တယ် ၊ နှက်တယ် ၊ မြင်း နဲ့
တိုက်တယ် ၊ ဒီလိုဖြစ်နေတဲ့အချိန်မှာ ဘယ်လိုလုပ်ပြီး ငြိမ်နေနိုင်မှာလဲ ။ ဗိုလ်အောင်ကျော်
အလောင်းကို အလံလုပ်ပြီး ချီတက်နေတဲ့ ကျောင်းသားတွေရဲ့ အရေးတော်ပုံခေါ်သံကို ဘယ်လိုလုပ်ပြီး မထူးဘဲ နေနိုင်ပါ့မလဲ ”
သူတို့ရှေ့တည့်တည့်သို့ ငေးစိုက်ကြည့်နေကြသော ဦးလေးမြင့် နှင့် ကိုကြွယ် တို့သည် ပြိုင်တူ
ပြောလိုက်ကြလေသည် ။
“ ဒါတော့ အမှန်ပဲ မောင်တင်ထွန်း ”
“ ဒါကြောင့်လည်း ဦးလေးတို့ ကိုယ်တိုင် ထောက်ခံအားပေးခဲ့ကြတာပေါ့ ”
သူတို့နှစ်ယောက် ဝင်ထောက်၍ ပြောလိုက်ခြင်းကြောင့် ကျွန်တော့်စကားစဉ် ပျက်သွားသည် ။
အတန်ကြာ တိတ်ဆိတ်နေပေသည် ။ အနောက်ဘက် မှ မီးရထားခုတ်မောင်းသံကို တဝုန်းဝုန်း
ကြားလာရပေ၏ ။
ဦးလေးမြင့် က ဆင်းထားသောခြေကို ရုပ်ပြီး တင်ပျဉ်ခွေ ထိုင်လျက် -
“ ဒါပေမဲ့ အရေးတော်ပုံက အမြဲဖြစ်နေမှာ မဟုတ်ဘဲ ၊ ခုဆိုရင် မင်းတို့ ကျောင်းသားအရေးတော်ပုံက ပြီးနေပြီပဲ ”
“ တစ်သက်လုံး အမြဲဖြစ်နေမှာကတော့ ဟုတ်ပါတယ် ။ ကျောင်းသားအရေးတော်ပုံ ကွက်ကွက်ကလေး ကြည့်ရင်လည်း ပြီးပြီလို့ ပြောမယ်ဆို ပြောနိုင်ပါတယ် ။ ဒါပေမဲ့ ဗမာအရေးတော်ပုံက
မပြီးသေးပါဘူး ။ ကြည့်လေ ၊ လောလောဆယ်ကိုပဲ ကျွန်တော်တို့ ရန်ကုန်မှာ အေးသလိုလို ရှိနေပေမယ့် နယ်တွေ ကြည့်လိုက်စမ်းပါဦး ။ အလုပ်သမားအရေး အေးသလိုလို ရှိနေပေမယ့် တခြား
လူတန်းစားအရေးကို ကြည့်လိုက်စမ်းပါဦး ။ တောင်သူလယ်သမား တွေဟာ မြိတ် ၊ တနင်္သာရီ က
နေပြီးတော့ ဗန်းမော် ၊ မြစ်ကြီးနား အထိ လှုပ်ရှား ဆူပူနေကြတယ် ။ ရုံးစိုက်ရာ ၊ ဂါတ်တည်ရာ ၊
ထောင်ရှိရာ မြို့တွေကို ကျေးရွာက တောင်သူလယ်သမားတွေ ရာလိုက်ထောင်လိုက် ချီတက်ပြီး
ရုံးဂါတ်တွေကို ဝိုင်းပြီး အရေးဆိုနေကြတယ် ။ ဒါတွေကို မေ့ပျောက်ထားလို့ မရဘူး ။ ကျွန်တော်ဟာ စာမေးပွဲဖြေနေတုန်းက မေ့ထားလို့ရသလောက် ရပါတယ် ။ စာမေးပွဲအောင်စာရင်းကြည့်ပြီး
အလုပ်အကိုင် တွေးတောရင်း မေ့ထားလို့ ရသလောက်ရတယ် ။ သို့ပေမယ့် ခဏပဲ ဦးလေးမြင့် ရဲ့ ။
ပြီးတော့ ဒီထက်အရေးကြီးတဲ့ အချက် ရှိသေးတယ် ၊ တောင်သူလယ်သမား အရေးတော်ပုံ ဟာလည်း
အမြဲတမ်းပေါ်နေမယ့် အရေးတော်ပုံတော့ မဟုတ်ဘူး ။ ပြီးတဲ့အခါပြီး ၊ ငြိမ်တဲ့အခါ ငြိမ်သွားမှာပဲ ။
သို့ပေမယ့် ဗမာ့လွတ်လပ်ရေး အရေးတော်ပုံကြီးက ပြီးဖို့ ဝေးသေးတယ် ။ အသွင်အမျိုးမျိုးနဲ့
ဆက်ဆက် ပေါ်နေဦးမှာပဲ ။ အဲဒီ လွတ်လပ်ရေးအရေးတော်ပုံကြီး အောင်မြင်ပြီးဆုံးတဲ့တိုင်
စည်းရုံးခေါင်းဆောင်နေတဲ့ တို့ဗမာအစည်းအရုံးကြီး ရဲ့ နိုင်ငံရေးထဲ ဝင်ဖို့ ဆိုတာကတော့
အရေးတော်ပုံ အရေးကြုံလာတုန်း ဝင်တာမျိုး မဟုတ်ဘူး ။ ရက်အကန့်အသတ်နဲ့ လုပ်ရတာမျိုး
မဟုတ်ဘူး ။ အမြဲတမ်း ဝင်လုပ်ရတာ ။ ခု ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေဟာ တို့ဗမာ
အစည်းအရုံးကြီးထဲကို ဝင်ပြီး အမြဲတမ်း ဆောင်ရွက်နေကြပြီ ။ ကိုနု ၊ ကိုအောင်ဆန်း ၊ ကိုဘဟိန်း
တို့ကို ကြည့်ပါလား ။ ခြေသလုံးအိမ်တိုင် ဖြစ်သလိုစား ၊ ဖြစ်သလိုနေပြီး တို့ဗမာအစည်းအရုံးဝင်
သခင်တွေ ဖြစ်ကုန်ကြပြီ ။ ကျွန်တော်တော့ သူတို့ကို မကြည်ညိုဘဲ မနေနိုင်ဘူး ။ အားမကျဘဲ
မနေနိုင်ဘူး ။ သူတို့လိုပဲ ကိုယ်ကျိုးကို လုံးလုံးစွန့်ပြီး နိုင်ငံရေးထဲ ပစ်ဝင်ချင်တယ် ”
ကိုကြွယ် က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ခြောက်ကပ်သော အသံဖြင့် -
“ အေးလေ ၊ သံယောဇဉ်ပြတ်လို့ လုပ်နိုင်ရင်တော့ ကောင်းတာပေါ့ ”
ဦးလေးမြင့် က မာဆတ်ဆတ် အသံဖြင့် -
“ သံယောဇဉ်ဆိုတာ ကိုယ့်ဘက်ကချည်း ကြည့်ပြီး ဖြတ်နေလို့ ပြီးတာ မဟုတ်ဘူး ။ မောင်တင်ထွန်း
မှာ ကိုယ့်ဆန္ဒချည်းကြည့်ပြီး သံယောဇဉ်ဖြတ်လို့ ဖြစ်တာ မဟုတ်ဘူး ၊ မိဘဘက်ကလည်း
နေကြည့်ရဦးမယ် ။ ကိုယ့်ကို ဒီအခြေရောက်အောင် ကျွေးမွေးသုတ်သင်လာတဲ့ မိဘမျက်နှာ
ကိုလည်း ငဲ့ရသေးတယ် ”
ကျွန်တော်သည် ဦးလေးမြင့် အား ချေပရန် ဆင်ခြေရှာမတွေ့သဖြင့် ဖျာပေါ်တွင် ထောက်ထားသော လက်ကို ရုပ်လိုက်ပြီး လက်ဖဝါးတွင် ထင်နေသော ဖျာကွက်ကလေးများကို စေ့စေ့ကြည့်ပြီး အတန်ကြာ တွေနေမိလေသည် ။ နောက် မှ
“ ဗျာ - အဖေအမေ မရှိတဲ့ မိဘမဲ့ဖြစ်နေရင်လည်း အကောင်းသား ”
ဦးလေးမြင့် က သရော်ပြုံး ပြုံးလိုက်ပြီး -
“ မိဘမဲ့ ဖြစ်နေရင် မောင်တင်ထွန်း ဒီအခြေဒီအနေတောင် မရောက်ဘူး ။ တိုင်းပြည်လွတ်လပ်ရေးတွေ ၊ လူအများကောင်းစားဖို့တွေ တွေးနိုင်လောက်အောင် ပညာသင်ကြားခွင့်တောင် ရနိုင်မှာ
မဟုတ်ဘူး ။ တောက်တီးတောက်တဲ့ ကျေးဇူးမဲ့ စကားတွေ ပြောမနေနဲ့ ၊ မိဘကျေးဇူးဆိုတာ
ဘယ်တော့မှ မမေ့ရဘူး ”
ဦးလေးမြင့် သည် ပြောပြောဆိုဆို ထသွားပြီး ဘုရားစင်ရှေ့မှာ ဘုရားဝတ်ပြုလျက်နေလေသည် ။
ကျွန်တော်က ကိုကြွယ် အား အဓိပ္ပယ်မဲ့စွာ ကြည့်လိုက်သည် ။ ကိုကြွယ် ကလည်း ကျွန်တော့်အား
အဓိပ္ပာယ်မဲ့စွာ ကြည့်လိုက်သည် ။ ထို့နောက် ကျွန်တော်တို့ နှစ်ယောက်စလုံး ဘုရားဝတ်ပြု
နေသော ဦးလေးမြင့် အား လှမ်းကြည့်ကြ၏ ။
ကိုကြွယ် က ကျွန်တော့်ကို လက်ဖြင့်ကုတ်လျက် တိုးတိုးကလေး -
“ ကဲ လာ ၊ ဆွမ်းချက်အိမ်ကို သွားရအောင် ”
ကျွန်တော်တို့သည် ဘုရားဝတ်ပြုနေသော ဦးလေးမြင့် အား ရိုသေလေးစားသောအားဖြင့်
ဖြည်းဖြည်းရွရွကလေးထကာ ကြမ်းသံပင်မမြည်အောင် လျှောက်၍ထွက်ခဲ့ကြလေသည် ။
ဆွမ်းချက်အိမ်ကား ရက်လည်ဆွမ်းကျွေးမည့် မြင်းလှည်းသမား ဦးဖိုးခင် ၏ အိမ်ဖြစ်ပေသည် ။
ဦးဖိုးခင် ၏ သမီးဖြစ်သူ မတင်ရွှေ ၏ ယောကျာ်း ကိုပြုံး မှာ ကမာရွတ်ဘူတာတွင် အလံပြ လုပ်နေပေသည် ။ သူတို့၏ နှစ်ခါလည် သားကလေး ၊ ဦးဖိုးခင် ၏ မြေးကလေးသည် ကွယ်လွန်ခဲ့ရာ
မနက်ဖြန် ရက်လည်ဆွမ်းကျွေးမည် ဖြစ်ပေသည် ။ ကျွန်တော်သည် ဦးဖိုးခင် တို့အိမ်သားတစ်စုနှင့်
ခင်မင်ရင်းနှီးသူ ဖြစ်ပေ၏ ။ ဦးဖိုးခင် ၏ သား ကိုတင်ဖေ နှင့်ဆိုလျှင် သံဃာ့ဒါန ဆွမ်းလောင်းသင်းမှ ဆွမ်းဆန်စိမ်းထွက်စဉ်က ဟိုဘက် သည်ဘက် ထမ်းပိုး ထမ်းရသူများ ဖြစ်ပေ၏ ။ သို့သော်
မအားခဲ့သဖြင့် ကလေးအလောင်းသာ မြေသို့ရောက်၍ ကျွန်တော်ကား မသာအိမ်သို့ တစ်ခေါက် မျှ မရောက်ခဲ့ချေ ။ ခု ရက်လည်ဆွမ်းချက်တော့မှ ရောက်ရပေတော့မည် ။
ကျွန်တော်တို့သည် လမ်းကြားကလေးမှ လျှောက်ကြသည် ။ ဟိုဘက်သည်ဘက်တွင် ပုဏ္ဍရိက်ချုံများနှင့် ကြခတ်ဝါးရုံများ ရှိလေသည် ။ အတော်ကလေးမှောင်သော်လည်း သွားနေကျ လာနေကျ
လမ်းကြားဖြစ်သဖြင့် ကျွန်တော်တို့၏ ခြေများသည် စမ်းတဝါးဝါး မဟုတ်ကြပေ ။
“ ကိုကြွယ် ၊ ကလေးက ဘယ်လိုဖြစ်ပြီး ဆုံးသွားတာလဲဗျ ”
“ သူငယ်နာ ရိုးရိုး ပါပဲ ”
ပြည်မသိ ဗာရာဏသီ ဆိုသကဲ့သို့ ကလေးရောဂါ မသိ သူငယ်နာ ဟု အမည်တပ်လိုက်ကြသည့်
ထုံးစံအတိုင်း ကိုကြွယ် က ဖြေလိုက်ပေသည် ။
“ ဆရာဝန် ခေါ်သေးသလား ”
“ မခေါ်ဘူး ၊ မယ်ဇလီကုန်းက ဆရာစိန် ရဲ့လက်ထဲမှာပဲ ကိစ္စတုံးသွားတာပဲ ”
“ ဆရာဝန်ကလေး ဘာလေး ခေါ်ဖို့ ကောင်းသဗျာ ”
“ ဘယ်မှာ ဆရာဝန် ခေါ်နိုင်လိမ့်မလဲ မောင်တင်ထွန်း ရာ ၊ ဆရာဝန် ခြေကြွခေါ်တယ်ဆိုရင် အစိတ်
သုံးဆယ်တောင် ကုန်မယ် မဟုတ်လား ။ သူ့အဖေ လခတောင် သည်လောက် မရဘူး ”
ကျွန်တော်ကား ဘာမျှမပြောတော့ဘဲ တွေးတောစရာအပြည့်နှင့် ခေါင်းငိုက်စိုက်ချ၍ လိုက်လာခဲ့ပေသည် ။ သိပ္ပံပညာက တွေ့ထားသော တန်ခိုးထက် မြက်သည့် ဆေးဝါးတို့သည် မြင်းလှည်း
သမား မြေး ၊ မီးရထားအလံပြ ၏ သားကလေး အတွက် တွေ့ထားခြင်း မဟုတ်ပေတကား ။ သည်လိုနှင့်ပင် ဗမာ့လူဘောင် ၏ အောက်လွှာတွင် ကလေးပေါင်းများစွာ သေနေရပေ၏ ။ ကျွန်တော်သည်
ကလေးဆုံးသဖြင့် ချုံးချ၍ ငိုနေသော မတင်ရွှေ ၏ မျက်နှာကို မြင်ယောင်နေသည် ။
ဦးဖိုးခင် ၏ အိမ်မှာ အထပ်အခင်းဟူ၍ မရှိ ။ မြေကြီးမာကိုပင် အခင်းထားပြီး တိုင်ရှည်စိုက်ကာ
အမိုးမြင့်မြင့်မိုးထားသည် ။ ဘေးသုံးဘက်မှာ ကပ်ကာထားပြီး မျက်နှာစာမှာ ဟာလာဟင်းလင်း
ဖြစ်သည် ။ ခေါင်တိုင်များခ၏ခကျောဘက် အိမ်နောက်ပိုင်းတစ်ခြမ်းတွင်မူ အထပ်ခိုးတစ်ခု လုပ်ထားသည် ။ ထိုအထပ်ခိုးတွင် လူများလအိပ်ကြသည် ။ အထပ်ခိုးရှေ့ အိမ်ရှေ့ပိုင်းတွင် မြင်းလှည်း နှင့်
မြင်း ကို ထားလေ့ ရှိပေသည် ။ ယနေ့ညမူ မြင်း နှင့် မြင်းလှည်း ကို အပြင်ထုတ်ထားပြီး ထိုနေရာမှာ
ဆွမ်းချက်နေကြလေသည် ။ အထပ်ခိုးအောက်၌ ကွပ်ပျစ်တစ်ခု ရှိ၏ ။
မီးဖိုပေါ်တွင် ဒယ်အိုးကြီးတည်ထားသည် ။ ဝက်သားနီဒယ်အိုးကြီး ပေတည်း ။ ဟင်းချက်နေသူမှာ
ဦးဖိုးရှင် ဖြစ်သည် ။ သူသည် ဝက်သားနီချက် ၊ မယ်ဇလီဟင်းချိုချက် တို့တွင်သာ ထူးချွန်သည်
မဟုတ် ၊ မုန့်ဟင်းခါးဟင်း ၊ ကြာဇံကြီး ၊ ခေါက်ဆွဲဟင်းချက် များ၌လည်း ထူးချွန်လှပေသည် ။
သို့သော် သူသည် အချက်အပြုတ်ဖြင့် လုပ်ကိုင်စားသူ မဟုတ် ။ နှင်းဆီခြံစိုက်၍ စားလေသည် ။
သာရေးနာရေး အကျွေးအမွေးရှိလျှင် သူ့အား ချဉ်းကပ်ကြရ၏ ။ သူသည် ချက်ရပြုတ်ရမည်
ဆိုလျှင် မနက်ဈေးပို့စရာ နှင်းဆီကောက်ဖို့ကိုပင် ဂရုမစိုက်ဘဲ လိုက်လာလေ့ရှိပေသည် ။
အနုပညာဆရာသည် မိမိဖန်တီးလိုက်သော အနုပညာလက်ရာကောင်းတစ်ခုခုတွင် ကြည်နူး၍
မဆုံးနိုင်သကဲ့သို့ ဦးဖိုးရှင် သည် သူချက်ပြုတ်လိုက်သော ဟင်းကောင်းတစ်ခုခုတွင် ကြည်နူး၍
မဆုံး ဖြစ်နေတတ်ပေသည် ။ ဘယ်တုန်းက ဘယ်သူ့အလှူမှာ ငါချက်လိုက်တာ ဘယ်သူကတောင်
ချီးကျူးရတာပဲဟု သူ့အောင်မြင်ချက် များကို လိပ် - နေ့စွဲ နှင့်တကွ ပြောလေ့ရှိပေသည် ။
ဦးဖိုးခင် နှင့် ဦးဖိုးရှင် တို့သည် လူချင်းလည်း ခင် ၊ နာမည်ချင်းလည်း ဆင် သော်လည်း ညီအစ်ကိုများ မဟုတ်ကြကုန် ။
မီးဖိုဘေးတွင် မိန်းမသုံးယောက် ကြက်သွန်အခွံသင်နေကြလေသည် ။ အကြီးဆုံးမှာ ဦးဖိုးခင် ၏
ဇနီး ဒေါ်လှမေ ဖြစ်၍ ကျန်နှစ်ယောက်မှာ ဘူးသီးကြော်ဖိုရှင် ဒေါ်လုံးတင် ၏ သမီးအကြီး
မြကြည် နှင့် အခြားမိန်းကလေးတစ်ယောက် ဖြစ်၏ ။
မတင်ရွှေ မှာကား မီးဖိုအနီး မီးကျီးပေါ်တွင် တင်ထားသော ရေနွေးပုံးထဲမှ ရေနွေးကို မှုတ်ဖြင့်
ခပ်ကာ လက်ဖက်ရည်ကြမ်းကရားထဲသို့ ထည့်လျက်ရှိပေသည် ။ ကိုယ်လေးလက်ဝန်ရှိသဖြင့်
အကုန်းအကွ အထိုင်အထ ခွကျနေသည်ကို မြင်နိုင်ပေသည် ။ ကလေးသေပေမယ့် ဖျော်ဖြေစရာ
အစား ရတော့မည်ဖြစ်ရာ တော်ပေသေး၏ဟု အောက်မေ့လိုက် မိ၏ ။ သို့သော် မျက်တွင်းဟောက်၍
ညိုးနွမ်းနေသော မျက်နှာကို မြင်လိုက်သောအခါ နောက် မွေးမယ့်ကလေးလည်း ဒီလို မသေသင့်ဘဲ
သေရရင် သူ့ခမျာ လူ့ပြည်မှာတောင် နေချင်တော့မှာမဟုတ်ဘူးဟု တွေးမိပြီး သနားနေမိလေသည် ။
ကွပ်ပျစ်ပေါ်တွင်ကား ဦးဖိုးခင် သည် လူသုံးယောက် နှင့်အတူ ထိုင်နေလေသည် ။ တစ်ယောက် မှာ
ဦးဖိုးခင် ၏ သား ကိုတင်ဖေ ဖြစ်သည် ။ အခြားတစ်ယောက် မှာကား ဆံပင်ညှပ်ဆိုင်ပိုင်ရှင် ဆံပင်ညှပ်သမား ကိုဘကျူး ၊ သို့မဟုတ် သခင်ဘကျူး ပင် ဖြစ်၍ ကျန်တစ်ယောက်မှာ ကျွန်တော်
မသိသော လူစိမ်းတစ်ယောက် ဖြစ်လေသည် ။ မြင်လျှင်မြင်ချင်း သူ့မျက်နှာမှာ ပါမောက္ခ
ဦးဖေမောင်တင် ၏ မျက်နှာနှင့် အလွန်တူသည်ကို သတိပြုလိုက်မိပေ၏ ။ ကျွန်တော် နှင့် ကိုကြွယ်
ရောက်သွားလျှင်သွားချင်း သခင်ဘကျူး က ဆီး၍ -
“ လာဟေ့ သခင်တင်ထွန်း ၊ လာ ကိုကြွယ် ထိုင် ၊ ဆွမ်းဆန်မဆေးခင် စကားကလေးဘာကလေး
ပြောကြသေးတာပေါ့ ” ဟု ခေါ်လိုက်သည် ။ ဦးဖိုးခင် က တစ်ဖက်သို့ ဖင်ရွှေ့ရင်း ထိုင်စရာနေရာ
လုပ်ပေးနေသည် ။ ဦးတင်ဖေ ကမူ ပြုံး၍ နှုတ်ဆက်လိုက်သည် ။
ဦးဖိုးရှင် ကလည်း ခေါ်ပြန်သည် ။
“ ဟေ့ မောင်ကြွယ် ၊ ခဏလာပြီး ငါ့ဟင်း မြည်းကြည့်စမ်းပါဦး ”
ဦးဖိုးရှင် သည် ပြောရင်းဆိုရင်း ဝက်သားနီဒယ်အိုးကြီးတွင် ယောက် မကြီးစိုက်ပြီး မွှေလိုက်သည် ။
ဦးဖိုးရှင် ကား အင်္ကျီမပါ ၊ လက်နှီးထက် မသာလှသောမျက်နှာသုတ်ပဝါတစ်ထည်ကို လည်ပင်းမှာ
ပတ်ထားသည် ။ သူ၏ထူ၍ နီကြင့်သော ချိုင်းမွှေး ( ဂျိုင်းမွှေး ) များကို ထင်ရှားစွာ မြင်နေရပေ၏ ။
ဦးဖိုးရှင်မှာ ကျယ်သော နဖူး ၊ ပြောင်သော ခေါင်းတုံး နှင့် ဝဖြိုးသော ကိုယ်ခန္ဓာရှိလေရာ သင်္ကန်း
ဝတ်လိုက်ရလျှင် ဘယ်လောက် ဆရာတော်ကြီး နှင့် တူမလဲ ဟု တွေးထင်ကြည့်လိုက်မိသည် ။
ခေါ်ကြသူများအကြားတွင် ခဏမျှတွေ၍ ရပ်နေရာမှ ကိုကြွယ် က ကျွန်တော့် အား လှမ်းကြည့်ပြီး -
“ လာ ဝက်သားဟင်း မြည်းကြည့်ကြဦးစို့ရဲ့ ”
ကျွန်တော်တို့သည် ဦးဖိုးရှင် ၏ အနီးတွင် သွား၍ရပ်ကြသည် ။ ဦးဖိုးရှင် သည် ယောက် မ ကို
ချထားပြီး ဒန်ဇွန်းကြီးတစ်ခုဖြင့် ဝက်သားတုံးတစ်တုံးကို ခပ်ယူ၍ ကိုကြွယ် အား ပေးလိုက်လေသည် ။ ပြီးတော့ အဆီဝင်းနေသော သူ့မျက်နှာနှင့် နဖူးပြင်ကို လည်ပင်းမှာ ပတ်ထားသော
မျက်နှာသုတ်ပုဝါဖြင့် သုတ်နေရင်း ကျွန်တော့်တို့အား ကြည့်လျက်ရှိ၏ ။ ကိုကြွယ် သည် အငွေ့တထောင်းထောင်းနှင့် အနံ့သင်းနေသော ဝက်သားတုံးပါသည့် ဇွန်းကို ကိုင်လျက် မြကြည် အား -
“ ဟ မြကြည် နင့်အမေ မပါဘူးလား ”
ကြက်သွန်အခိုးဝင်သဖြင့် မျက်စိပေကလတ်ပေကလတ်ဖြစ်နေသော မြကြည် က -
“ အမေ အကြော်ဖိုသိမ်းပြီးမှ လာလိမ့်မယ် ”
မျက်နှာသုတ်ပြီးပြီဖြစ်သော ဦးဖိုးရှင် က -
“ ဟေ့ မောင်ကြွယ်ရ ၊ လုံးတင်က မင်းကို ပစ်မပြေးပါဘူး ။ ဟင်းမြည်းမယ့်ဟာ မြည်းစမ်းပါဦး“
“ မဟုတ်ပါဘူး ။ ကျုပ်က မြကြည် ကို ပန်းကန်ကလေးတစ်ချပ် အယူခိုင်းမယ်လို့ နှုတ်ဆက်တာပါ ။
မြကြည် ရေ ပန်းကန်ကလေးတစ်ချပ် ယူခဲ့စမ်းပါဟာ ”
မြကြည် သည် ငုံ့ပြီး ကြက်သွန်အခွံသင်နေရာမှ ထလိုက်သည် ။ သူကား ဟန်ဇားပင်နီအင်္ကျီ
ခပ်ကျပ်ကျပ်ကလေး ဝတ်ထားရာ ရင်သားများမှာ ထင်း၍ နေပေသည် ။ မြကြည် သည် ပန်းကန်ပြား
သွားယူနေစဉ် ကိုကြွယ် က ခပ်တိုးတိုး ဦးဖိုးရှင် အား ပြောလိုက်သည် ။
“ ခင်ဗျာ့ ဝက်သားဟင်း က မလုံးတင် ထက် ကောင်းမှာကတော့ သေချာပါတယ်ဗျ ”
ဦးဖိုးရှင် သည် ပြက်လုံးလည်းဖြစ် ဩဘာသံလည်းဖြစ်သော ကိုကြွယ် ၏ စကားကို သဘောကျပြီး
တဟားဟား ရယ်လေသည် ။ ကြက်သွန်အခွံသင်နေကြသော ကျန်မိန်းမနှစ်ယောက်လည်း
ကြားလိုက်ဟန်ရှိပြီး တခစ်ခစ် ရယ်နေကြ၏ ။
မြကြည် သည် ပန်းကန်ပြားကလေးတစ်ခုကို လာပေးသောအခါ ကိုကြွယ် သည် ဝက်သားတုံးကို
ထည့်လိုက်ပြီး ဇွန်းသွားဖြင့် ထက်ဝက်ဖြတ်လိုက်သည် ။ ဝက်သားတုံးကား တိခနဲ ပြတ်သွားခြင်းအားဖြင့် မည်မျှ နူးမြည့်နေပြီဖြစ်ကြောင်း သိနိုင်ပေ၏ ။ ကိုကြွယ် က တစ်ပိုင်းကို ယူစားပြီး
ကျွန်တော့် အား တစ်ပိုင်းကို ပေးလေသည် ။
စားပြီးလျှင် ကိုကြွယ် သည် ဝက်ဆီဖြင့် ဝင်းနေသောနှုတ်ခမ်းများကို မသုတ်ဘဲ -
“ အဟုတ်ပဲဗျ ၊ ကျွန်တော် ခုနကပြောတာ မမှားဘူး ”
ဦးဖိုးရှင် ကား တဟားဟားရယ်၍ နေရစ်၏ ။
ကျွန်တော်တို့သည် ကွပ်ပျစ်ပေါ်သို့သွားကြသည် ။ ကျွန်တော်က ကိုတင်ဖေ ၏ အနီးမှာ ထိုင်ပြီး
သူ့ဒူးကို လက်နှင့်ပုတ်ရင်း -
“ ကိုပြုံး တစ်ယောက်တော့ မမြင်ပါလား ”
“ ညအလုပ် ဆင်းနေရတယ် ”
“ ခုလို ကိုယ့်သားကိစ္စ ရှိနေတာတောင်မှ ခွင့်မရဘူးလားဗျ ”
“ အသုဘကိစ္စတုန်းက ခွင့်ယူလိုက်တာနဲ့ ခွင့်ရက်တွေက ကုန်သွားဆို ထင်ပါရဲ့ဗျာ ။ မနက်
ဘုန်းကြီး ဆွမ်းကျွေးမီတော့ ပြန်ရောက်လာမှာပါပဲ ”
ကျွန်တော်သည် ကိုပြုံး ၏ စိတ်နာဖွယ်ကောင်းသောအဖြစ်တွင် စိတ်ကူးနယ်ချဲ့တော့မည်
လုပ်နေဆဲ ကိုကြွယ် က စကားဝိုင်းအဆက်ကို ပြန်ကောက်လိုက်လေသည် ။
“ ကဲ ဘာတွေများ ပြောဆိုဆွေးနွေးနေကြသလဲ ၊ အဘိဓမ္မာလား ၊ ပုဂံရာဇဝင်လား ၊ ကိုဘကျူး
ရောက်နေတယ်ဆိုတော့ မိုးညှင်းအဘိဓမ္မာ စကားဖြစ်မှာပဲ ”
ဆံပင်ညှပ်ဆိုင်ရှင် ကိုဘကျူး က ပြုံးလိုက်သည် ။
“ မဟုတ်ဘူး ကိုကြွယ်ရေ့ ၊ ဒီနေ့ညတော့ အရေကလာပ် အဖတ်ကလာပ်တွေအကြောင်း မဆွေးနွေးတော့ဘူး ၊ သင်္ကြန်တုန်းက ဗမာတွေရဲ့ အသုံးအဖြုန်းတွေကို ပြောနေကြတယ် ”
ပါမောက္ခဦးဖေမောင်တင် ၏ မျက်နှာရှိသော ဧည့်သည်က ဝင်၍ -
“ ကျုပ်တို့ဗမာတွေဟာ သုံးရာအဖြုန်းရာမှာဖြင့် ပထမတန်းပါပဲဗျာ ”
ကိုဘကျူး - “ ရန်ကုန်မှာ အခုလို အကြီးအကျယ် ရေသဘင်ကျင်းပတာ မကြာသေးဘူးဗျ ။ ဟိုတုန်းကတော့ ရေပက်ချင်သူတွေက လိုက်ပက်ကြတယ် ၊ မော်တော်ကားတွေနဲ့ လိုက်ပက်တာလည်း
ထုံးစံ မရှိပါဘူး ။ မော်တော်ကားကြီးနဲ့ ရေပက်ခံထွက်တာတို့ အလှပြထွက်တာတို့ဟာ တစ်မြန်
နှစ်ကမှ စပေါ်တာ မဟုတ်လား ”
ကိုကြွယ် - “ ဟုတ်တယ် ၊ မော်လမြိုင် က သင်္ကြန် ကို အတုခိုးတာလေ ”
ကိုဘကျူး - “ ဒီနှစ်တော့ ရေပက်ခံဦးထုပ်ကလည်း ပေါ်လာသေးတယ် ။ ဂျပန် ကောင်းမှုပေါ့ဗျာ ၊
ဂျပန်ကတော့ ဘယ်လို အမြတ်ထုပ်ရပါ့မလဲလို့ ကြည့်နေတာပဲ ။ အမျိုးသားနေ့မှာ လူတွေ
စိတ်အားထက်သန်တာ မြင်တာနဲ့တစ်ပြိုင်နက် ဒေါင်းအလံတွေ လုပ်လာပြီး ရောင်းတာပဲ ။ ဟော သင်္ကြန်ပွဲတော်မှာ လူတွေ စိတ်အားထက်သန်တာမြင်ပြန်တော့ ရေပက်ခံ ရာဘာဦးထုပ်တွေ
လုပ်လာတယ် ၊ တစ်လုံး တစ်မတ်ဆို ထင်ပါရဲ့ ၊ ဒီနှစ်သင်္ကြန်မှာ ဓာတ်ဆီဖိုးတို့ ၊ ကားခတို့ ၊
အဝတ်ဖိုးတို့ ၊ ဦးထုပ်ဖိုး တို့ ဖြုန်းလိုက်ကြတဲ့ ငွေဟာ ရန်ကုန် မှာချည်း ခုနှစ်သိန်းကျော်လောက်
ရှိမယ်လို့ သတင်းစာတစ်စောင်မှာ စာရင်းတွက်ပြထားသဗျ ”
ပါမောက္ခဦးဖေမောင်တင် ၏ မျက်နှာရှိသော ဧည့်သည်က လက်ဖက်ရည်ပန်းကန်ကို ဆွဲယူရင်း
-
“ အင်း - ကဆုန်ညောင်ရေသွန်းပွဲတော်ကလည်း ကပ်နေပြီနော် ”
သခင်ဘကျူး က ဆေးပေါ့လိပ်ကို အစီခံဘက်က သူ့လက်ဖက်ရည်ကြမ်းပန်းကန်ထဲမှာ နှစ်ပြီး
တဆတ်ဆတ်ခါရင်း -
“ ဟုတ်တယ် ၊ တစ်ပွဲပြီး တစ်ပွဲပေါ့ဗျာ ၊ ပွဲများရာမှာဖြင့် ကျုပ်တို့ဗမာ ကို မီတဲ့လူမျိုး ကမ္ဘာမှာ
ရှိမယ် မထင်ဘူး ”
ကိုကြွယ် - “ အင်း ဗမာတွေက ပွဲကနေတုန်း ကမ္ဘာကြီးကတော့ စစ်ကြီးပဲဖြစ်တော့မလိုပါကလား ”
ယခုထိ ဘာမျှ တစ်လုံးတစ်ပါဒ ဝင်မစွက်သေးဘဲ သူများပြောသမျှကို စိုက်နားထောင်နေသော
ဦးဖိုးခင် က ကျွန်တော့်အား များစွာအားထားသော အကြည့်ဖြင့် ကြည့်လိုက်ပြီး -
“ မောင်တင်ထွန်း ရေ တို့တစ်တွေကို ကမ္ဘာ့သတင်းကလေးဘာလေးလည်း ဖောက်သည်ချစမ်းပါဦး ၊
စစ်ဖြစ်နေပြီလိုလိုလည်း ကြားရရဲ့ ။ ဟောဒီက ကိုအုန်းဖေ ကြားလာတာကတော့ ဒိဗ္ဗစက္ခု
ဆရာကျော် ရဲ့ ဟောကိန်းအရ ဟစ်တလာ ဆိုတာ ဘုန်းကြီးဦးမယ်တဲ့ ”
ဦးဖိုးခင် က ' ဟောဒီက ကိုအုန်းဖေ ' ဆိုသည်မှာ ပါမောက္ခဦးဖေမောင်တင် ၏ မျက်နှာရှိသော
ဧည့်သည်အား ဆိုလိုကြောင်း တွေ့ရပေသည် ။ ပါမောက္ခမျက်နှာ ရှိသော်လည်း ဒိဗ္ဗစက္ခုဆရာ ကို
မျက် မှောက်ပြုသူပေတကားဟု ကျွန်တော် စဉ်းစားမိပေသည် ။
ကိုဘကျူး သည် လက်ဖက်ရည်တစ်ကျိုက် ကျုက်ချလိုက်ပြီး ကျွန်တော့်အား ကြီးစွာသော
အားထားခြင်းဖြင့် ကြည့်ပြန်သည် ။ ပြီးနောက် -
“ ကဲ လုပ်စမ်းပါဦး ၊ ကမ္ဘာ့နိုင်ငံရေးကလေးများ ကြားရအောင် ”
ကွပ်ပျစ်ပေါ်က လူတိုင်းသည် ကျွန်တော့် အား အာရုံစိုက်နေကြသည် ။ ကမ္ဘာ့သတင်း စစ်ကြီးသတင်းကို လူတိုင်း နားထောင်ချင်ကြသည် ။ ကျွန်တော်ကား လက်ဖက်ရည်ကြမ်း နှစ်ကျိုက်
သုံးကျိုက် စိမ်ပြေနပြေသောက်နေ၏ ။ အားလုံးက ဘာမျှမပြောဘဲ ကျွန်တော့် စကားကို စောင့်နေကြသည် ။ ကျွန်တော်ကား နောက်ထပ် လက်ဖက်ရည်ကြမ်း နှစ်ကျိုက်သုံးကျိုက် စိမ်ပြေနပြေ
သောက်နေပြန်လေသည် ။ ကြေးကိုင်ခြင်းကား မဟုတ်ပါ ။ ဘယ်က စ ပြောရမည်လဲဟု အစရှာနေခြင်း ဖြစ်ပါသည် ။
“ ခုတလော အရေးကြီးဆုံးကတော့ ဂျာမနီ က မင်းမဲလ် ဆိုတဲ့ မြို့ကို သိမ်းပိုက်လိုက်တဲ့ ကိစ္စပဲဗျ ။
မင်းမဲလ် ဆိုတာက လစ်သူယေးနီးယား ပြည်ကလေးမှာ ရှိတဲ့ ပင်လယ်ဆိပ်ကမ်းမြို့ကလေးဗျ ။
လစ်သူယေးနီးယားဆိုတဲ့ ပြည်က ဂျာမနီ နဲ့ ရုရှား ကြားမှာ ရှိတယ် ”
ကိုကြွယ် -
“ နိုင်ရာစား ခေတ်ကြီးမှာ တိုင်းပြည်ကြီးက ပြည်ငယ်ကလေးရဲ့မြို့ကို သိမ်းတယ်ဆိုတာ ဓမ္မတာပေါ့ ၊ ဂျာမနီ နဲ့ အင်္ဂလိပ် ၊ ဂျာမနီ နဲ့ ရုရှားပြည်ကြီး အချင်းချင်းဖြစ်ကြတာမှ မဟုတ်ဘဲ ၊
ခွေးလှေးခုန်လို့ ဖုန်မထ ဆိုတာလို ဖြစ်မှာပေါ့ ”
“ သည်လိုလည်း သေးငယ်တဲ့ကိစ္စ မဟုတ်ဘူးဗျ ။ ပြည်ကြီးအချင်းချင်း တိုက်ရိုက်ဖြစ်တာ
မဟုတ်ပေမယ့်လို့ ကိစ္စတွေက ဆက်နေတယ်ဗျ ၊ ဟစ်တလာ ဂျာမနီ သိမ်းလာတာတွေက
များပြီကိုး ။ မကြာခင်က ချက်ကိုစလိုဗက်ကီးယားပြည် အားလုံးကို သိမ်းခဲ့တယ် ။ ပထမ
တစ်ပိုင်းသာ သိမ်းစဉ်တုန်းက အင်္ဂလိပ်အစိုးရက အလျှော့ပေး သဘောတူခဲ့တယ် ။ တစ်ပြည်လုံး
သိမ်းတဲ့အခါကျတော့ အင်္ဂလိပ် အသံက မာလာရတယ်ဗျ ။ ဟေ့ ဂျာမနီ နောက်ထပ် မကျူးကျော်နဲ့ ၊
တိုင်းငယ်ပြည်ငယ်တွေကို သိမ်းပိုက်တဲ့ အလုပ်ကို မရပ်ရင် တို့မခံတော့ဘူးလို့ ချိန်ဘာလိန် ဆိုတဲ့
အင်္ဂလိပ်နန်းရင်းဝန်ကြီး က ကြေညာရတယ် ။ အဲဒီလို ကြေညာပြောဆိုနေတဲ့ ကြားထဲက
ဟစ်တလာ ဂျာမနီ က ခုနကပြောခဲ့တဲ့ မင်းမဲလ်မြို့ ကို သိမ်းတာပဲဗျ ။ ဒီတော့ ဒီအပြုအမူဟာ
တစ်နံပါတ်အားဖြင့် အင်္ဂလိပ် ကို ဂျာမနီ က အန်တုဖက်ပြိုင်ကြောင်း ကြေညာတာဖြစ်တယ်ဗျ ၊
နှစ်နံပါတ် အားဖြင့် ရုရှားနယ်စပ် မှာ ရှိတဲ့ ပြည်ကလေးတစ်ပြည် က မြို့ကို သိမ်းတယ်ဆိုတာ ရုရှားပြည်ကြီး အနီးမှာ ဂျာမနီ စစ်စခန်းချနိုင်ဖို့လည်း လုပ်ခြင်းဖြစ်သဗျ ။ လစ်သူယေးနီးယား မှာရှိတဲ့
အစိုးရကလည်း ဓနရှင်အစိုးရဆိုတော့ ရုရှားဆင်းရဲသားအစိုးရ ကို သဘောမကျဘူး ၊ ဒီတော့
မင်းမဲလ်မြို့ ကို ဂျာမနီ သိမ်းတဲ့အခါမှာ သဘောတူ ထိုးအပ်တဲ့သဘော လုပ်ခဲ့တယ်ဗျ ၊ ဒီလိုနဲ့
လစ်သူယေးနီးယား တစ်ပြည်လုံး က ဂျာမနီ စစ်ခြေကုပ်ယူစရာ ဖြစ်လာမယ်ဆိုတော့ ရုရှား ကို
ခြိမ်းခြောက်နေရာလည်း ရောက်နေသဗျ ၊ ဒါကြောင့် သေးငယ်တဲ့ကိစ္စ မဟုတ်ဘူးဗျ ၊ ဥရောပ
အခြေအနေဟာ မီးပွားတစ်ခုကျရုံနဲ့ ဝုန်းခနဲ ပေါက်ကွဲနိုင်တဲ့ ယမ်းပုံကြီးလို ဖြစ်နေတယ် ”
ပါမောက္ခဦးဖေမောင်တင် ၏ မျက်နှာရှိသော ဦးအုန်းဖေ က သက်ပြင်းကြီးချလိုက်ပြီး -
“ အင်း စစ်ကြီးဖြစ်လာရင်တော့ ကပ်ကြီးသုံးပါး ဆိုက်လာတော့မှာပဲ ။ မဖြစ်အောင် ဘယ်လို
လုပ်လို့မှ မရတော့ဘူး ထင်တယ် ။ မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိရင် ကပိလဝတ် နဲ့
ကောလိယပြည် တို့ စစ်ဖြစ်ခါနီးမှာ စစ်တပ်များကြားမှ ထက်ဝယ်ဖွဲ့ခွေ နေတော်မူပြီး ငြိမ်းချမ်းရေး
တရား ဟောတော်မူသလို စစ်မဖြစ်အောင် တားဆီးဆုံးမတော် မူမှာပဲ ။ ခုလို ဆုတ်ကပ်ကြီးမှာတော့
မြတ်စွာဘုရားသခင်လည်း မရှိ ၊ ဘုရားတရားတော်ရဲ့ အဆုံးအမမှာ တည်သူလည်း မရှိ ၊ ခက်တော့တာပဲ ”
“ ခုတော့ တစ်ခုပဲ မျှော်လင့်ချက်ရှိသဗျ ။ ခုအခါ နေရာတကာ လိုက်ကျူးကျော် ရန်စနေတာက
ဂျာမနီ ခေါင်းဆောင်တဲ့ ဖက်ဆစ်တွေဖြစ်တယ် ။ အဲဒီ ကျူးကျော်ရန်စသူကို ဝိုင်းပြီး ခုခံကာကွယ်ဖို့ဆိုတဲ့ စည်းလုံးမှုရှိရင် ကျူးကျော်ရန်စမှုကို ဟန့်တားသလို ဖြစ်မှာပဲ ။ အရေးအကြီးဆုံးက အင်္ဂလိပ် ပြင်သစ် နဲ့ ဆိုဗီယက်ရုရှား စတဲ့နိုင်ငံကြီးတွေက ပူးပေါင်းလုံခြုံရေးဆိုတဲ့ မူနဲ့
စုပေါင်းခုခံဖို့ သဘောတူညီကြမယ် ၊ ကြံ့ကြံ့ခံပြီး ရပ်တည်ကြမယ်ဆိုရင် စစ်ကြီးကိုတားဆီးလို့
ရမှာပဲ ။ ခုဖြစ်နေတာက အင်္ဂလိပ် နဲ့ ပြင်သစ် က ရုရှား နဲ့ မပူးပေါင်းချင်ဘူး ။ ဟစ်တလာ ဂျာမနီ ကို
အားပေးပြီး ရုရှား ဘက်ကို ရှူးတိုက်ပေးချင်ကြတယ် ၊ သို့ပေမယ့် ဟစ်တလာ တို့ လူစုကလည်း
အမေရိကန် ပြင်သစ် နဲ့ အင်္ဂလိပ် တို့က အားပေးလို့ အားရှိလာတာနဲ့ တစ်ပြိုင်နက် ရုရှား ဘက်
မလှည့်ဘဲ အင်္ဂလိပ် နဲ့ ပြင်သစ် ဘက် လှည့်နေတာသာ တွေ့နေရတယ် ၊ အင်္ဂလိပ် နဲ့ ပြင်သစ် တို့ရဲ့
အကျိုးကို ထိပါးနေတာသာ တွေ့နေရတယ် ။ ဒါကြောင့် အခုဆိုရင် ပူးပေါင်းလုံခြုံရေးမူကို
အခြေခံပြီး ရုရှား နဲ့ အင်္ဂလိပ် ပြင်သစ် တို့ ဆွေးနွေးစေ့စပ်နေကြပြီဗျ ။ အောင် မအောင်တော့
မသိဘူး ၊ ခက်နေတာက ခုထိ အင်္ဂလိပ် အစိုးရဟာ မလွှဲသာလို့ ဆိုဗီယက်ရုရှား နဲ့ ဆွေးနွေးစေ့စပ်
နေရပေမယ့် နှစ်ဦးနှစ်ဝ အကျိုးတူ တန်းတူ စိတ်တူ သဘောတူထားပြီး မပူးပေါင်းချင်ကြသေးဘူး ။ ရုရှား ဘက်ကို ဂျာမန် စစ်ဦး လှည့်ပေးဖို့သာ စိတ်ထက်သန်နေတုန်းပဲ ၊ သူတို့သဘောက
ရုရှား နဲ့ ဂျာမနီ ချနေကြပြီး နှစ်ဖက်စလုံးမှ ကြက်နှစ်ကောင် အခွပ်ခိုင်းပြီး မောတော့မှ နှစ်ကောင်
စလုံး ဖမ်းစားတဲ့ ဥပမာအတိုင်း လုပ်ချင်ကြတယ် ”
ကိုကြွယ် က ထွီခနဲ တံတွေးထွေးလိုက်ပြီး -
“ အင်္ဂလိပ် ဆိုတဲ့ အယုတ်တမာကောင်ပါရင် ဒီလိုချည်းပဲ ၊ ဒင်းတော့ တစ်နေ့နေ့ ချောင်ပိတ်ပြီး
ဘေးထိပါစေဗျာ ”
ကိုတင်ဖေ က -
“ အင်္ဂလိပ် လည်း မကောင်းဘူး ၊ ပြင်သစ် လည်း မကောင်းဘူး ၊ အမေရိကန် လည်း မကောင်းဘူး ။
ဓနရှင်နိုင်ငံကြီးတွေ မှန်ရင် ဘယ်ကောင်မှ မကောင်းဘူး ”
ဦးဖိုးခင် က လက်ဖက်ရည်ပန်းကန်များတွင် လက်ဖက်ရည် ထည့်လိုက်ပြီးနောက် -
“ ဒီအရှေ့ဘက် မှာလည်း မအေးဘူး မဟုတ်လား ”
ကျွန်တော်က လက်ဖက်ရည်ကြမ်းကို နှစ်ကျိုက်သုံးကျိုက် စိမ်ပြေနပြေ သောက်ပြီး -
“ ဟုတ်တယ် မအေးဘူး ။ တရုတ်ပြည်ကြီး ထဲ ဂျပန် က အလုံးအရင်းနဲ့ တစ်ခါတည်း သိမ်းပိုက်ဖို့
ဝင်တိုက်နေတာ နှစ်နှစ်ကျော် သုံးနှစ် ရှိနေပြီ ။ ခုတလော တရုတ်ဂျပန် စစ်ဟာ ပိုပြင်းထန်လာတယ် ။
တစ်နေ့ကပဲ တရုတ်ပြည် ကျန်စုပြည်နယ် မြို့တော် နန်နင်း ကို ဂျပန်တပ်တွေက သိမ်းလိုက်တယ် ။
တရုတ် - ဗမာ လမ်းမကြီးကိုလည်း ဂျပန် က မကြာခဏ ဗုံးလာကြဲတယ်လို့ ကြားရတယ် ။ စစ်ဟာ
ကျွန်တော်တို့နယ်စပ် ရောက်လာတာပေါ့ဗျာ ။ ပြီးတော့ ဂျပန် နဲ့ ဆိုဗီယက်ရုရှား ကလည်း သူတို့
နယ်စပ်မှာ စစ်ပွဲကလေးများ ဖြစ်နေတယ် ”
ဦးဖိုးခင် -
“ ရုရှား နဲ့ ဂျပန် နယ်စပ်ဆက်နေသလား ၊ မင်း ခုနကပြောတော့ ရုရှား နဲ့ ဂျာမန် ကလည်း ကြားမှာ
ပြည်ကလေး တစ်ပြည်သာ ခြားတယ်ဆို မဟုတ်လား ၊ ရုရှားကြီးက ကြီးလှပါကလား ”
“ ဟုတ်တယ် ဆိုဗီယက်ရုရှား ဟာ အာရှရော ၊ ဥရောပမှာရော ခွပြီး တည်ရှိတယ် ။ ကမ္ဘာမြေပြင်ရဲ့ ခြောက်ပုံတစ်ပုံ ကျယ်တယ်ခင်ဗျ ။ ရုရှား မှာ ပစ္စည်းမဲ့အစိုးရ တည်ထောင်ထားတယ် ”
ထိုအချိန်တွင် အိုးသူကြီး ဦးဖိုးရှင် သည် ကျွန်တော်တို့ စကားဝိုင်းတွင် လာ၍ မတ်တတ်ရပ်ကာ
ချွေးစို့နေသော သူ့ရင်ဘတ်ကို မျက်နှာသုတ်ပဝါဖြင့် သုတ်လျက်ရှိသည် ။
ဦးအုန်းဖေ -
“ ပစ္စည်းမဲ့ အစိုးရဆိုတာ ဘာလဲကွဲ့ ”
ကျွန်တော်က တစ်စုံတစ်ရာ မဖြေရသေးခင် ကိုကြွယ် က -
“ ခင်ဗျား သခင်နု ရေးတဲ့ လူမွဲတို့ ထွက်ရပ်လမ်းဆိုတဲ့ စာအုပ်ကို မဖတ်ရဘူးလား ”
ဦးဖိုးရှင် က မတ်တတ်နေရာမှပင် လက်ဖက်ရည်ကြမ်းပန်ကို ဆွဲယူရင်း -
“ သူကမှ စာမဖတ်တတ်ဘဲဟာ ကိုရင်ကြွယ် ကလည်း ”
အို - ဦးအုန်းဖေ က ဘုန်းကြီးကျောင်း ကပ္ပိယ လုပ်နေတယ် မဟုတ်လား ၊ စာမတတ်ဘူးလို့ ဘယ်
ထင်မိမှာလဲဗျ ”
ဦးဖိုးရှင် -
“ စာဆိုတာ သင်မှ တတ်တော့မှာပေါ့ ၊ ကျောင်းနေတိုင်း တတ်ရမှာလား ”
ဦးအုန်းဖေ ကား ရှိုးတိုးရှန့်တန့် ဖြစ်နေပါသည် ။ ကျွန်တော်တို့ အားလုံးအား တောင်းပန်တိုးလျှိုးသော မျက်နှာဖြင့်ကြည့်နေသည် ။ ပြီးတော့ -
“ ငယ်ငယ်က စာမတတ်တော့ ကြီးမှစာသင်ဖို့ ခက်တယ်ဗျ ၊ မြေးလောက်ကလေးတွေနဲ့အတူ
ကကြီးကခွေး သင်ရမှာ ရှက်တယ်ဗျ ၊ ဒါကြောင့် မသင်ဖြစ်တာပဲ ”
ပါမောက္ခဦးဖေမောင်တင် ၏ မျက်နှာရှိသော ဦးအုန်းဖေ သည် စာတစ်လုံးမှ မတတ်သော ဘုန်းကြီး
ကပ္ပိယ ဖြစ်နေသည်ကို တွေ့ရခြင်းမှာ ကျွန်တော့်အဖို့ များစွာ စိတ်ဝင်စားဖွယ် ဖြစ်နေပါသည် ။
ဦးဖိုးရှင် က ကျန်သော လက်ဖက်ရည်ကို မော့ချလိုက်ပြီး ပန်းကန်ကို ကွပ်ပျစ်ပေါ်သို့ ပစ်တင်လိုက်သည် ။
ပြီးတော့ -
“ ကဲ ဘုရားဒကာ ကျောင်းဒကာတို့ ၊ ဆွမ်းဆန်ဆေးကြဖို့ ကောင်းပြီ ”
ကိုကြွယ် က အရင်ထလိုက်သည် ။ ကိုဘကျူး က ဆေးလိပ်တိုကို အိမ်အပြင်ရောက်အောင် လွှင့်ပစ်လိုက်သည် ။
ကိုတင်ဖေ သည် ရေထမ်းရန် ထသွားလေသည် ။ ကျွန်တော် ကား ဦဖိုးရှင် အား ဆွမ်းဆန်သယ်ရာမှာ
ဝိုင်းကူလေသည် ။ ကိုကြွယ် နှင့် ကိုဘကျူး တို့က ဆန်ဆေးကြလေ၏ ။
မြကြည် တို့ မိန်းမသိုက်ကား ကြက်သွန်အခွံသင်၍ ပြီးကြပြီဖြစ်သဖြင့် ငရုတ်သီး ထောင်းသူက
ထောင်း ၊ ခရမ်းသီး ဓားနှင့်လှီးသူက လှီး ၊ ပုစွန်ခြောက်ပြာသူက ပြာ လုပ်နေကြလေသည် ။
ထိုသို့ အသီးသီး အလုပ်များနေကြချိန်တွင် မြကြည် က ဦးဖိုးရှင် အား -
“ ဦးကြီး ဦးဖိုးရှင် ၊ ဦးကြီး ရဲ့ မယ်ဇလီဟင်းချို ဟာ ဘာကြောင့် သည်လောက် နာမည်ကြီးနေတာလဲ
ဝှက်ထားတဲ့ နည်းကလေးများ ရှိရင် ကျွန်မတို့ သိပါရစေရှင် ”
“ ရှိတော့ ရှိတာပေါ့ဟ ၊ သို့ပေမယ့် လူတိုင်းပေးလို့ ဖြစ်တာ မဟုတ်ဘူး ။ ငါ့ မယ်ဇလီဟင်း နာမည်ကျော်တာ အတော်ကြာပြီဟ ၊ ဟို ဝံသာနုတွေ ပေါ်ခါစက ဦးဥတ္တမ သိပ်နာမည်မကြီးခင် တို့
ကမာရွတ်တပ်တွင်းကျောင်းမှာ သီတင်းသုံးတယ် ။ အဲဒီတုန်းက ငါက တပ်တွင်းကျောင်းမှာ
ကိုရင်ကြီး ဝတ်နေတယ် ၊ ဒီတုန်းက ငါချက်တဲ့ မယ်ဇလီဟင်းကို ဦးဥတ္တမ ဘုဉ်းပေးရတာကိုးဟ ။
ဒီတော့ ဦးဥတ္တမ ဟာ သဘောကျလွန်းလို့ သူများအတွက်တောင် မချန်ဘူး ၊ သူချည်း ဘုဉ်းပေး
သွားတယ် ။ ဦးဥတ္တမ က ငါ့ မယ်ဇလီဟင်းချိုကိုလည်း ခဏခဏ ချီးကျူးတယ် ”
“ ဝှက်ထားတဲ့ နည်းကလေးကို ပေးခဲ့ပါ ဦးကြီးရယ် ”
အခြား မိန်းကလေးကလည်း နည်းတောင်း နေလေသည် ။ ဦးဖိုးရှင်ကား ဘာမှ မဖြေသေးဘဲ ပြုံး၍သာနေ၏ ။ ကိုကြွယ် က မိန်းကလေးများအား ဖြည့်စွက်၍ -
“ ဆေးနည်း ဝှက်ထားတဲ့ သမားတော်တွေလို မလုပ်နဲ့ဗျို့ ၊ ခင်ဗျားလည်း သင်္ချိုင်းနီးနေပြီ ။
နည်းကလေးဘာကလေးများ အမွေ ပေးခဲ့မှဖြစ်မယ် ”
ဦးဖိုးရှင် က ပြင်ထားသော ဟင်းချိုအိုး ကို မီးဖိုပေါ်တင်ပြီးနောက် စွယ်သွားနှစ်ချောင်း ပေါ်သည့်
တိုင်အောင် အားရှိပါးရှိ ပြုံးပြီးနောက် -
“ ဝှက်ထားတဲ့ နည်းကလေးကတော့ တခြား မဟုတ်ဘူး ၊ ဟင်းချက်ရင်း ကိုယ်က ထွက်တဲ့ ချွေးကို
ဟင်းချိုအိုးထဲ အနည်းဆုံး တစ်ပေါက်နှစ်ပေါက်ဖြစ်ဖြစ် ထည့်ပေးရတယ် ။ ချွေးများလေ ဟင်း
လေးလေပဲ ဟဲ ဟဲ ”
မိန်းကလေးများသည် တခစ်ခစ် ရယ်နေကြ၏ ။ ဦးဖိုးရှင် သည် ဤသို့ ရယ်စရာပြောပြီး
စကားလွှဲလိုက်ခြင်းမှာ လျှို့ဝှက်သောနည်းကို မပေးချင်၍လော ၊ သို့မဟုတ် ချွေးတလုံးလုံးနှင့်
အားထုတ်၍ ချက်ပြုတ်လျှင် ဟင်းကောင်းသည်ဟု ဆိုင်ချင်လေသလော မပြောတတ်ပေ ။
ကျွန်တော်တို့လည်း ဆန်ဆေး၍ ပြီးကြလေပြီ ။
ဦးဖိုးရှင် နှင့် ဦးအုန်းဖေ တို့သည် မီးဖိုတစ်ခုခွဲဖိုပြီးနောက် ရေနွေးကျိုနေကြလေသည် ။
နောက် ဆွမ်းအိုး တည်ကြ၏ ။
ဆွမ်းအိုး တည်ထားစဉ် ကျွန်တော်တို့သည် ကွပ်ပျစ်မှာထိုင်ပြီး လက်ဖက်ရည်ကြမ်း သောက်ပြန်ကြလေသည် ။ ဦးဖိုးခင် က ကိုဘကျူး ဘက်သို့ -
“ တို့ ကမာရွတ် က သခင်ခင်မောင် တစ်ယောက် ဘယ်ရောက်နေသလဲကွ ၊ မတွေ့တာ ကြာပါကော ”
“ ပေါက်ခေါင်း မှာ ကျောင်းဆရာ လုပ်နေဆို ထင်ပါရဲ့ဗျာ ”
“ သခင်တွေ ကွဲတုန်းက ဘယ်သူ့ဘက် ပါသွားသလဲ ”
ကိုဘကျူး က မဖြေမီပင် ကျွန်တော်က ကြားဝင်လိုက်၏ ။
“ သခင်ဗစိန် တို့ ဘက်ကို ပါသွားတယ် ကြားတယ်ဗျ ”
ကိုဘကျူး -
“ အဲဒီလိုလည်း သေသေချာချာ ဟုတ်မထင်ပါဘူးဗျာ ”
ကိုကြွယ် -
“ တို့ သခင်တင်ကြီး တော့ ကမာရွတ်ကို အလည်တောင် မလာဘူးထင်တယ် ”
ဦးဖိုးခင် -
“ တစ်နေ့ကတော့ မြင်လိုက်တယ်ဟေ့ ၊ ငါက ဈေးကြီးနားမှာ မြင်းလှည်းရပ်ထားတုန်း သူက
မော်တော်ကားကြီးနဲ့ ဖြတ်သွားတယ် ။ သူ့ဘေးက တရုတ်လိုလို ဘာလိုလို လူတစ်ယောက်နဲ့ ။
သူ့ကြည့်ရတာလည်း ပြောင်ပြောင်လက်လက်ပဲ ။ ကြီးပွားနေတယ် ထင်ပါရဲ့ ၊ ငါ့ကိုပြုံးပြီး
နှုတ်ဆက်သွားတယ်ကွ ”
ဦးအုန်းဖေ -
“ ကာမာဝစရကုသိုလ် အကျိုးပေးချိန်တန်ပြီဆိုရင် ဘယ်သူတားလို့မှ မရဘူး ၊ ကြီးပွားလာတာပဲ ”
ကိုကြွယ် နှင့် ကျွန်တော် တို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး သခင်တင်ကြီး အကြောင်း
အသိကိုယ်စီနှင့် ပြုံးလိုက်ကြသည် ။
ကိုဘကျူး သည် ဆေးပေါ့လိပ်တစ်လိပ်ကို ဖင်ပိုင်းမှ လက်ဖက်ရည်ကြမ်းတွင်နှစ်၍ တဆတ်ဆတ်
ခါပြန်ပြီး -
“ မော်လမြိုင် မှာ ကျင်းပသွားတဲ့ တို့ဗမာအစည်းအရုံးညီလာခံကြီးဟာ တယ်ကြီးကျယ် ဆိုပါကလား ၊ သခင်တင်ထွန်း လိုက် မသွားဘူးလား ”
“ ကျွန်တော်တော့ လိုက် မသွားဘူးခင်ဗျာ့ ၊ စာမေးပွဲကိစ္စတွေနဲ့ မအားဘူး ။ စည်ကားတယ်
ဆိုတာတော့ သွားတတ်တဲ့ သခင်ခေါင်းဆောင်တွေဆီက ကြားပါတယ် ။ မော်လမြိုင် ဒိုင်းဝန်
ကွင်းကြီးဆိုတာ ဧရာမကွင်းကြီးပဲ ။ အဲဒီထဲမှာ မဏ္ဍပ်အကျယ်ကြီးထိုးပြီး ကျင်းပသတဲ့ ။
ကိုယ်စားလှယ်တွေလည်း ဗမာပြည်အရပ်ရပ်က အစုံလာကြတယ် ။ မော်လမြိုင် မြို့ပေါ်မှာ
သခင်ကြီး တို့ ၊ သခင်သန်း တို့ ၊ သခင်ထွန်းစိန် တို့ အင်အားက အင်မတန်ကြီးတော့ လူတွေ
ကြိတ်ကြိတ်တိုးနေတာပေါ့ ။ ဗမာ့လက်ရုံးတပ်သားတွေ လုပ်လိုက်ပုံကလည်း တစ်ပြည်လုံးကို
လှုံ့ဆော်ပေးလိုက်သလို ဖြစ်နေတယ်ဗျ ။ မန္တလေးမြို့ က လက်ရုံးတပ်သားတွေ မော်လမြိုင် အထိ
စက်ဘီးတွေနဲ့ ချီတက်လာကြတယ် ၊ လမ်းတစ်လျှောက်လုံးမှာရှိတဲ့ လက်ရုံးတပ်သားတွေက
ဆီးကြိုပြီး လိုက်ကြတယ် ၊ ရန်ကုန် က လက်ရုံးတပ်သားတွေ က မော်လမြိုင် ထိ ခြေကျင်ချီတက်ပြီး
တစ်လမ်းလုံး ဆော်ဩသွားကြတယ် ”
ဦးအုန်းဖေ -
“ လယ်တီပဏ္ဍိတ ဦးမောင်ကြီးလည်း မော်လမြိုင်ညီလာခံကို တက်သလား ”
“ ကိုယ်တိုင်တော့ မတက်ပါဘူး ။ ဆရာကြီးက ကောင်းကောင်း မမာဘူးဗျ ။ ဒီတော့ မုံရွာ ကနေပြီး
ညီလာခံကို သဝဏ်လွှာပို့တယ် ၊ ကမာ္ဘကြီးမှာ ဘုံဝါဒဟာ မြေကြီးလက်ခတ်မလွဲသလို အောင်မြင်
ထွန်းကားလာမယ့်အကြောင်း ၊ တို့ဗမာအစည်းအရုံးကြီးက ဘုံဝါဒ လက်ခံတာကို ဆရာကြီးက
ထောက်ခံကြောင်း ရေးပြီး တို့ဗမာအစည်းအရုံးကို တတ်နိုင်တဲ့ဘက်က အားပေးမယ့်အကြောင်း
ကတိပြုတယ် ဆိုပဲဗျ ”
ဦးအုန်းဖေ -
“ အင်း သူတော်ချင်းချင်း သတင်းလွေ့လွေ့ ၊ ပေါင်းဖက်တွေ့ဆိုတာကို ဆရာကြီး သခင်
ကိုယ်တော်မှိုင်း နဲ့ လယ်တီပဏ္ဍိတ ဦးမောင်ကြီး တို့ ဖတ်မိကြတာပေါ့ဗျာ ”
ကိုကြွယ် -
“ အင်း တို့ဗမာအစည်းအရုံးတော့ အားတက်နေတာပဲ ၊ အရှေ့က နေဝန်းထွက်သည့်ပမာပ ၊
တို့ခေတ်ကိုသာ ရောက်ရမည်မှာ မလွဲပါဆိုတဲ့ သီချင်းဟာ တယ်မင်္ဂလာရှိတဲ့ နိမိတ်ပဲ ”
ယင်းသို့လျှင် တို့ဗမာညီလာခံကြီးကို စားမြုံ့ပြန်နေကြခိုက် ဆွမ်းအိုးပွက်နေပြီ ဖြစ်၍ အသီးသီး
လုပ်စရာရှိတာ ထလုပ်ကြရပြန်လေသည် ။
မိန်းကလေးများကား အလုပ်ပြီးသဖြင့် လုပ်စရာပင် မရှိသလောက် ဖြစ်နေပြီ ။ ဦးဖိုးခင် ၏ ဇနီး
ဒေါ်လှမေ ပါ ဝိုင်းဖွဲ့၍ စကားပြောနေကြလေသည် ။
ဦးဖိုးခင် က မိန်းကလေးများ ဘက်သို့ -
“ ဟဲ့ ကောင်မလေးတွေ ခဏ အိမ်ပြန်ကြပါဦးလား ၊ အရုဏ်တက်တော့ တို့လာပြီး နှိုးမှာပေါ့ ”
မိန်းကလေးများ မှာ တစ်ယောက်ကို တစ်ယောက် ပြန်မလား ၊ မပြန်ဘူးလား အဖော်ညှိနေကြရာ
ဦးဖိုးခင် က -
“ ဟဲ့ မြကြည် အိမ်ပြန်အိပ်ပါဦးလား ”
မြကြည် က ကိုယ်ကိုဆန့်၍ လက်နှစ်ဖက် အညောင်းဆန့်ရင်း -
“ ပြန်တော့ ပြန်ချင်သားပဲ ”
ဦးဖိုးခင် -
“ လှမေ ရေ နင့် သားနဲ့အတူ ဒီကောင်မကလေး ကို လိုက်ပို့လိုက်ပါဟာ ”
ထိုအခါ ကျွန်တော် သည် ကိုတင်ဖေရော ၊ မမြကြည် ပါ အခြေပျက်နေသည်ကို သတိပြုမိပေသည် ။
ကိုတင်ဖေ ကလည်း လိုက် မပို့ချင်သလို မမြကြည် ကလည်း သူလိုက်ပို့လျှင် မသွားချင်သလိုလို ၊
ဒေါ်လှမေ ကလည်း သူ့သား နှင့် မြကြည် ကို အကဲခတ်ကြည့်နေလေသည် ။ ဘာမျှ ရိပ်မိဟန်
မတူသော ဦးဖိုးခင် ကမူ
“ ဟဲ့ - လိုက်ပို့လိုက်ကြပါ ဆိုနေတာ ”
ကိုတင်ဖေ ရေထမ်းထမ်းပိုး ကောက်ကိုင်ရင်း -
“ ကျွန်တော် ရေထမ်းရဦးမယ် အဘရ ”
ကိုကြွယ် က ပြုံးလိုက်ပြီး -
“ ကဲ ကဲ မြကြည် ကို ကျုပ် နဲ့ မောင်တင်ထွန်း လိုက်ပို့လိုက်မယ် ၊ ဟဲ့ မြကြည် နင့် အမေကလည်း
လိုက်လာမယ်ဆိုပြီး ဘာလို့ လိုက် မလာသလဲ ”
“ အိပ်ပျက် မခံနိုင်လို့ထင်ပါရဲ့ ဦးလေးရယ် ”
ဦးဖိုးရှင် -
“ ကဲ မောင်ရင်ကြွယ် မင်းသမီး မင်း လိုက်ပို့ပေရော့လေ ၊ သို့ပေမယ့် ပြန်တော့ ပြန်လာခဲ့ဦးနော် ”
ကိုကြွယ် -
“ ပြန်တော့ လာမှာ ပေါ့ဗျ ၊ ညောင်ပူဇော်ရဦးမှာပဲ ”
သို့ဖြင့် ကျွန်တော် နှင့် ကိုကြွယ် က မြကြည် အား လိုက်ပို့ကြသည် ။ အခြားသူများက အခြား
မိန်းကလေးနှစ်ယောက်ကို လိုက်ပို့ကြလေသည် ။ အချိန်ကား သန်းခေါင်ကျော် ၂ နာရီခန့် ဖြစ်၏ ။
မချောသော်လည်း ကြည့်၍ မဆိုးသော နှာခေါင်းပွ ၊ မျက်နှာပြား နှင့် မြကြည် ကား ယခင်တစ်ခါ
တွေ့ရတုန်းကထက် ပို၍ လုံးကျစ်အိထစ်နေသည်ဟု ထင်ပေသည် ။
မြကြည် အား သူ့အိမ်သို့ ပို့ထားခဲ့ပြီး ပြန်လာကြရင်း ကိုကြွယ် က -
“ မြကြည် နဲ့ တင်ဖေ ကြိုက်နေတယ်ကွ ”
“ အခုနင်က ရိပ်မိလိုက်သားပဲ ၊ ဘာဖြစ်လို့ မညားကြသေးသလဲ ”
“ ကောင်ကလေးက အလုပ် မရှိသေးဘူးကွ ။ ကောင်ကလေး အလုပ်ရရင် ငါတော့ ပေးစားလိုက် မှာပဲ ၊
နို့မဟုတ်ရင် ကောင်မလေးဟာ တစ်ယောက်ယောက်ရဲ့ မယားငယ်ဖြစ်သွားမှာ စိုးရတယ် ။
ငါလည်း ကောင်မလေးအတွက် အလုပ်ရှာနေတယ် ။ မင်းလည်း ရှာလိုက်စမ်းပါကွာ ”
“ ရှာမယ်လေ ဟဲ ဟဲ ကျွန်တော့်အတွက်လည်း အလုပ်ရှာရဦးမယ် ”
နောက် ဘာမျှ မပြောကြတော့ဘဲ ထမင်းချိုး နှင့် ဝက်သားအနှစ် လူးကာ ညောင်ပူဇော်ရန်
ဆွမ်းကျွေးအိမ်သို့ တန်း၍ အေးဆေးစွာ လျှောက်လာခဲ့ကြသည် ။ ကျွန်တော်ကား စကားမပြောသော်လည်း စိတ်ထဲမှာတော့ ကျွန်တော် နှင့် ကိုတင်ဖေ အဖို့ အလုပ်ရှာရမည့်အရေးကို အနုလုံ ပဋိလုံ ဆွေးနွေးနေပေသည် ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment