Saturday, October 16, 2021

ခရီးသွားဖော် ချစ်မမ နှင့် ရှမ်းပြည် သွားခြင်း


 

❝ ခရီးသွားဖော် ချစ်မမ နှင့် ရှမ်းပြည် သွားခြင်း ❞

သီတင်းကျွတ် သို့ ရောက်လာလေသည် ။

တစ်ခါတစ်ခါ မိုးပြေးကလေး ၊ တစ်ခါတစ်ခါ မိုးဖွဲ့ကလေး ၊ တစ်ခါတစ်ခါ နေပူမိုးကလေး လောက်သာ ရစ်သီရစ်သီ ကျန်ရစ်တော့သည် ။ ကြည်လင်သန့်ရှင်းသော ကောင်းကင်မှ နေမင်းက ထွန်းတောက်လိုက်သောအခါ သစ်ပင်တို့သည် စိမ်းစိုသော ရောင်ပြန်များ ဟပ်နေကြပေ၏ ။ ညဉ့်ဦးယံ အခါများ၌ ဆန်းစသော်တာ ကွေးကွေးကလေးသည် မှုန်ရီရီရောင်ဝါဖြင့် ကြည်နူးဖွယ် တစ်မျိုးကို ဖန်တီးပေးနေတတ်၏ ။ လေပြည်ကလေးကလည်း ခပ်အေးအေး ဆော်သွေး နေတတ်ပေသည် ။

သာယာပျော်ရွှင်ဖွယ် ကောင်းလှသော သီတင်းကျွတ် ပါပေတည်း ။

ကျွန်တော်မူကား အလုပ်ခွင်မှာ ငြီးငွေ့လာလေပြီ ။ အထူးသဖြင့် နေ့စဉ် နေ့စဉ် ကြေးနန်းသတင်း ဘာသာပြန်ရသည့် အလုပ် ကို စက်ဆုပ်လာသည် ။ အထပ်တလဲ နေထွက်က နေဝင် တောင်းတစ်လုံး နှင့် အခေါက်ခေါက် ကူလီ ထမ်းရသည့်ပမာ ခံစားမိလေသည် ။ ပေးသော လခကိုလည်း မကျေမနပ် ဖြစ်လာသည် ။ အခြေခံအားဖြင့် ဦးပု ၊ ဦးစော တို့ အစိုးရ ကို ထောက်ခံ၍ တို့ဗမာ အစည်းအရုံးကို ဆန့်ကျင်သော သတင်းစာ ၏ ဝါဒကိုလည်း သည်းမခံနိုင်အောင် ဖြစ်လာသည် ။ တောင် မကျ မြောက် မကျ ကိုယ်ကျိုးစီးပွားလည်း မဖြစ် ၊ နိုင်ငံရေးကိုလည်း ကျွတ်ကျွတ်လွတ်လွတ် မလုပ်နိုင်သော ကျွန်တော့် အဖြစ်ကိုလည်း မနှစ်မြို့ နိုင် ၊ ထို့ကြောင့် သာယာပျော်ရွှင်ဖွယ်ကောင်းသော သီတင်းကျွတ် တွင် ကျွန်တော်သည် ငြီးငွေ့စိတ်ပျက်နေခြင်း ဖြစ်၏ ။

ထိုအချိန်တွင် မမြမှီ က သူ နှင့် ကလော ၊ အင်းလေး တို့သို့ အလည်လိုက်ခဲ့ရန် ထပ်မံ ခေါ်ပြန်လေ၏ ။

သာယာပျော်ရွှင်ဖွယ်ကောင်းသော သီတင်းကျွတ် ၊ လှပသည့် ကလော ၊ အေးမြသည့် အင်းလေး ၊ နှစ်လိုဖွယ်ကောင်းလှသော ခရီးသွားဖော် ချစ်မမ မမြမှီ ။ ရုန်းကန်မထွက်နိုင်သော ဆွဲငင်ခြင်းများပါပေတည်း ။

ကျွန်တော် က အယ်ဒီတာချုပ်ထံ ခွင့်တစ်လ တောင်း၏ ။ စစ်သတင်းတွေကလည်း အရေးကြီး ၊ လူစား ရုတ်တရက် ရှာရန်ကလည်း ခက် ။ ထို့ကြောင့် ခွင့်မပေးနိုင်ဟု ဆိုသည် ။ လခ ၇၅ ကျပ် သို့ တိုးပေးပါမည် ဟုလည်း ချော့၏ ။ သို့သော် ကျွန်တော့် ကို ခွင့် မပေးလျှင် အလုပ်မှ ထွက်ရုံသာ ရှိတော့သည် ဟု တင်းလိုက်လေသည် ။ သို့ဖြင့် ခွင့်တစ်လ ရပေတော့၏ ။ ငါ့ တန်ဖိုး ဒင်းတို့ သိသွားပြီဟု ကျေနပ်ခြင်း ဖြစ်မိ၏ ။

ရန်ကုန် မှ ညရထားဖြင့် ထွက်ကြရသည် ။ မမြမှီ က ကျွန်တော့် အား ဘူတာရုံသို့ ဆင်းခဲ့ရန် မှာထားလေသည် ။ မမြမှီ နာမည်ဖြင့် လေးယောက်စီး ဒုတိယတွဲ တစ်တွဲကို သီးသန့် စီစဉ်ထားပြီး ဖြစ်ကြောင်း ၊ ကျွန်တော်တို့ နှင့် လိုက် မည့် အဖော်တစ်ယောက် မှာ မသိန်းသိန်း ဖြစ်ကြောင်း ၊ ပြောပြထားလေသည် ။ မသိန်းသိန်း မှာ ပြည်လမ်းတွင် နေထိုင်သော မမြမှီ ၏ သူငယ်ချင်း ဖြစ်ပေသည် ။ က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းအတွင်းက မမြမှီ အား မသိန်းသိန်း တို့ အိမ်သို့ လိုက်ပို့စဉ်က မသိန်းသိန်း နှင့် ကျွန်တော် အသိအကျွမ်း ဖြစ်ခဲ့ကြလေသည် ။ အခြား အဖော်တစ်ယောက် မည်သူမည်ဝါ ဖြစ်မည်ကို ကျွန်တော် ကြိုတင်၍ သိမထားချေ ။

ကျွန်တော် သည် စောစောပင် ကြိုတင်၍ ဘူတာသို့လာခဲ့သည် ။ ရထားတွဲများကို နံပါတ် - ၁ ပလက်ဖောင်း မှာ ထိုးထားပြီဖြစ်၏ ။ မီးရထား မှာ မန္တလေး စာပို့ကြီးဖြစ်၍ တွဲများ ပြား၍ ရှည်လျားလှပေ၏ ။ ရွှေညောင် သို့ ဟူသော တွဲများကိုလည်း ချိတ်ပေးထားလေသည် ။ မမြမှီ သီးသန့်လုပ်ထားသော တွဲမှာ ရွှေညောင် သို့ ဟူသော တွဲတစ်တွဲ ဖြစ်ရာ ရှေ့ဆုံးလောက် ရောက်နေသဖြင့် အတော်ပင် ရှာယူရလေသည် ။ မမြမှီ တို့ကား မရောက်လာသေး ။ ရထားတွဲကိုပင် ဖွင့် မပေးသေး ။

ကျွန်တော် သည် ပစ္စည်းများကို တွဲရှေ့မှာ ချထားပြီး ခေါက်တုံ့လျှောက်နေသည် ။ ကလော ကို သွားမည်ဖြစ်သဖြင့် ရှူးဖိနပ် ညိုညို ကို စီးထားသည် ။ ဘလေဇာ ထူထူကို ဝတ်ထားသည် ။ ဘလေဇာ မှာ ညိုနုရောင် ဖြစ်လေသည် ။ လုံချည်မှာကား ဥပုသ်တော်ဆင် ခေါ် မန္တလေး ပိုးလုံချည် ဖြစ်သည် ။ အဖြူကွက် များ ဘေးမှ ဖောက်ရက်ထားသည့် ပိုးမှာလည်း ညိုနုရောင်ပင် ဖြစ်၏ ။

အထုပ်အပိုးကြီးငယ် နှင့် တတိယတန်း ခရီးသည်များက အပြေးအလွှား နေရာရှာပြီး ရေးကြီး သုတ်ပျာ တွဲပေါ်သို့ တက်၍ နေကြသည် ။ ဈေးသည်များ ၏ အော်ဟစ်သံများ ၊ ကူလီလှည်းများ ၏ ဘီးသံများလည်း ဆူညံစ ပြုလေပြီ ။ အခြား ဒုတိယတန်းတွဲများ နှင့် ပထမတန်းတွဲ များမှာ လူများ ရောက်ကြလေပြီ ။ မမြမှီ တို့ ကား ရောက် မလာသေး ။ ကျွန်တော် သည် မကြာခဏ မျှော်ကြည့်မိ၏ ။ မပေါ်လာသေးတိုင်း နာရီကိုလည်း ကြည့်မိ၏ ။ အချိန်များစွာ ကျန်ပါသေးသည် ။ ထို့ကြောင့် စိတ် မပူပါ ။

အတန်ကြာသောအခါ မမြမှီ နှင့် မသိန်းသိန်း တို့ ရောက်လာလေသည် ။ သူတို့ နောက် မှ အသက် ၄ဝ နီးပါး မိန်းမကြီး တစ်ယောက် ပါလာလေသည် ။ ထို မိန်းမကြီး ကား ကြည့်ပျော်ရှုပျော်ရုပ်နှင့် သပ်သပ်ရပ်ရပ် စင်စင်ကြယ်ကြယ် ဝတ်ဆင်ထားသော်လည်း စိန် ရွှေ မပါ ။ မျက်နှာခြယ်ပုံ ဆံပင်ပြုပြင်ပုံ တို့မှာလည်း ရိုး ၊ မမြမှီ တို့နှင့် ဆက်ဆံရာမှာလည်း များစွာ နှိမ့်ချသဖြင့် အစေခံ တစ်ယောက်သာ ဖြစ်ရမည်ဟု အောက် မေ့လိုက်လေသည် ။ ကျွန်တော်တို့နှင့်အတူ လိုက် မည် ၊ မလိုက် မည်ကိုလည်း မဝေခွဲတတ်ချေ ။

မမြမှီ -

“ မောင်တင်ထွန်း ရောက်နေတာ ကြာပြီလား ၊ သိပ် စောင့်နေရသလား ”

“ ကိစ္စမရှိပါဘူး ၊ ကျွန်တော်က တမင် စောစော ကြိုလာခဲ့တာပါ ”

မသိန်းသိန်း သည် တွဲနား ခပ်မြန်မြန် ကပ်သွားပြီး -

“ ဟောတော့ တွဲလည်း မဖွင့်ရသေးဘူး ”

ကျွန်တော် က မမြမှီ အား -

“ မမ ရီဇာ့ဖ်လက် မှတ်ကလေး ပေးပါ ”

မမြမှီ က လက် မှတ်ကလေး ထုတ်ပေးလိုက်သောအခါ ကျွန်တော် သည် လက် မှတ်စစ်တစ်ယောက်ကို သွားပြလေသည် ။ ခဏကြာလျှင် တွဲဖွင့်ပေးကြလေသည် ။ တွဲပေါ်သို့ အထုပ်အပိုးများ ၊ အိပ်ရာလိပ်များ ၊ သေတ္တာများ တင်ပြီးသောအခါ မသိန်းသိန်း တစ်ယောက်တည်း အရင်တက်သွားသည် ။ ကျွန်တော် က မမြမှီ အား -

“ မမ ကျွန်တော်တို့နဲ့ မသိန်းသိန်း အပြင် ဘယ်သူ ပါဦးမှာလဲ ”

မမြမှီ က ပါလာသော မိန်းမကြီးအား လက်ဟန်ခြေဟန်ဖြင့် ရထားပေါ်တက်စေရင်း -

“ သူလည်း ပါလာတယ်လေ ”

“ ဟုတ်လား ၊ သူက ဘယ်သူတုံး မမ ”

“ ခိုင်းဖို့ စေဖို့ ခေါ်ထားတာပါကွယ် ၊ သိန်းသိန်း တို့ အိမ်မှာ နေတယ် ၊ သူက သိန်းသိန်း တို့ မွေးစား သမီး ပေါ့ကွဲ့ ”

ကျွန်တော့်မှာ အူကြောင်ကြောင် ဖြစ်သွားပြီး -

“ အို မမကလည်း မဟုတ်တာကြီး ၊ မသိန်းသိန်း ရဲ့ သမီး ကလည်း ၄ဝ အရွယ်ကြီး ”

မမြမှီ က သဲ့သဲ့ ရယ်လိုက်သည် ။ ရထားတွဲပေါ်မှာ ထိုမိန်းမကြီး သည် အထုပ်အပိုးများကို နေရာချထားနေသည် ။ သိန်းသိန်း က ပန်ကာ နှင့် မီးများကို အကုန်လုံး ဖွင့်နေလေသည် ။

“ မောင်တင်ထွန်း ကလည်း ၊ မွေးစားတဲ့သမီး ဆိုတာ ဘယ်အရွယ် ဖြစ်ဖြစ် မွေးစားနိုင်တာပေါ့ ၊ တကယ် မွေးထုတ်ရတာမှ မဟုတ်ဘဲ ဟဲဟဲ ၊ မယုံရင် သိန်းသိန်း ကို မေးကြည့် ၊ မွေးစားသမီး ဟုတ် မဟုတ် ၊ ကဲ ကဲ တက်ကြစို့ ”

ကျွန်တော်တို့ အပေါ်သို့ ရောက်သောအခါ မမြမှီ က -

“ သိန်းသိန်း ရာ ပန်ကာ က လွန်လွန်းပါတယ်ကွာ ၊ နည်းနည်း လျှော့လိုက်ပါဦး ”

သိန်းသိန်း သည် ပန်ကာအရှိန် ကို လျှော့ချလိုက်သည် ။ မမြမှီ သည် ခေါင်းရင်းဘက်ရှိ ညာဘက် ထောင့်ခုံမှာ ထိုင်လိုက်သည် ။ ကျွန်တော့် အား ခြေရင်းဘက်ရှိ ညာဘက်ထောင့်ခုံ မှာ အထိုင်ခိုင်းသည် ။ သိန်းသိန်း ၏ မွေးစားသမီး မိန်းမကြီး ကား ဘယ်ဘက်ခုံများ မှာ ထိုင်ကြလေသည် ။

ကျွန်တော် က မထိုင်သေး ။ အနည်းငယ် အိုက်လာသဖြင့် ဘလေဇာကုတ်အင်္ကျီ ကို ချွတ်ရန် ဟန်ပြင်နေလေသည် ။

မမြမှီ က ကျွန်တော့် အား ရွှန်းရွှန်းစားစားကြီး ကြည့်နေရာမှ -

“ ထိုင်လေ မောင်လေး ”

“ ဟုတ်ကဲ့ ၊ ထိုင်ပါ့မယ် ၊ နည်းနည်း အိုက်လာတယ် ”

ကျွန်တော် က ကုတ်အင်္ကျီကို ချွတ်နေစဉ် မမြမှီ က ပြုံးလျက် -

“ မချွတ်ပါနဲ့ဦး ၊ ဒီအတိုင်း ဝတ်ထားလိုက်စမ်းပါဦး ”

“ ဘာလို့လဲ မမရဲ့ ”

ကုတ်အင်္ကျီ ကို ပြန်ဝတ်လိုက်သည် ။

“ ကြည့်ကောင်းလို့ ”

ကျွန်တော် ကား ဘာမျှ ပြန်မပြောနိုင်ဘဲ ခြေဖျားထောက်၍ မြောက်သွားမိသည် ။

“ ကြည့်ကောင်းတယ်ကွ ၊ ခုလို သပ်သပ်ရပ်ရပ် အဆင်ပြေပြေလည်း ဝတ်ဦးမှပေါ့ ။ မောင်လေး ဖို့ ပိုးလုံချည် နှစ်ထည် ရယ် ၊ ဆွယ်တာ ရယ် ၊ အပေါ်အင်္ကျီ တစ်ထည် ရယ် ဝယ်လာသေးတယ် ။ သက္ကလတ် အပေါ်အင်္ကျီ က ခုလိုပဲ ညိုဖျော့ဖျော့ အရောင်ပဲ ၊ ပြီးတော့မှ ဖွင့်ပြမယ် ”

ကျွန်တော် က မမြမှီ အား အဓိပ္ပာယ် ကွယ်ဝှက်ချက် လုံးဝ မရှိသော အပြုံးဖြင့်သာ အဖြေပေးနေလေသည် ။ မသိန်းသိန်း ကား ရထားပြင်ဘက် ပလက်ဖောင်းပေါ်သို့ မျှော်ကြည့်နေလေသည် ။ မိန်းမကြီး ကား ဘာတစ်ခုမျှ မကြားဟန် ဖြင့် အချို့အထုပ်များကို ဖြေနေ၏ ။

မမြမှီ ကျေနပ်အောင် အတန်ကြာမျှ အအိုက်ခံနေပြီးနောက် ဘလေဇာကုတ် ကို ချွတ်ပြီး ခေါင်းရင်း နံရံမှ ချိတ်တွင် ချိတ်ထားလိုက်ပေသည် ။

ရထားအပြင်ဘက် ထွက် မျှော်နေသော မသိန်းသိန်း အား မမြမှီ က လှမ်းပြီး -

“ သိန်းသိန်းရေ ကိုခင်မောင် လာဦးမလား ”

“ ကိုကို က စကားနှစ်ခွ ပြောသွားတာပဲ ၊ သူတို့ အစည်းအဝေး စောစောပြီးရင်တော့ မီးရထား ဆင်းပို့မယ်တဲ့ ၊ မပြီးရင်လည်း မပို့တော့ဘူးတဲ့ ”

“ ဒါဖြင့် မျှော်မနေပါနဲ့တော့ကွာ ”

“ မျှော်တာတော့ မဟုတ်ပါဘူး ၊ အပြင်ဘက် ဟိုဟိုသည်သည် ကြည့်နေတာပါ ”

“ ကိုခင်မောင် က သိန်းသိန်း အတွက် ဘာမှ စိတ်ပူမှာ မဟုတ်ပါဘူး ၊ မွေးစားသမီး အစောင့်အရှောက် ပါရင် ဘယ်ကို သွားသွား စိတ်ချတာပဲ မဟုတ်လား ”

“ မချို ပါ ရုံနဲ့ ဘယ် စိတ်ချမှာလဲ ၊ မြမြ လည်းပါလို့ စိတ်ချတာပါ ”

“ အေး အပြန်အလှန်ပေါ့လေ ၊ ကိုယ်တို့ အိမ်က ဂီလာန ဆရာကလည်း သိန်းသိန်း ပါလို့ စိတ်ချတာ ၊ မချို ပါရုံနဲ့ဆိုရင် စိတ်ချမှာ မဟုတ်ဘူး ဟာ ဟ ”

မမြမှီ က ကလိဆွသော ရယ်ခြင်းဖြင့် ရယ်လိုက်သည် ။ ကျွန်တော် သည် အိမ်ခန်းတွင်းမှာ သွက်ချာပါဒဖြင့် မလှုပ်နိုင် မရှားနိုင် ကျန်ရစ်ခဲ့သော ဦးထွန်းဝင်း ကို ပြေးသတိရလိုက်သည် ။ မမြမှီ အား “ ကျွန်တော် ပါလို့ကော ဦးထွန်းဝင်း က ပို စိတ်မချပေဘူးလား ”  ဟု မေးလိုက်ချင်သည် ။ သို့သော် ဘယ် အဓိပ္ပာယ်သို့ ရောက်သွားပြီး ဘယ်လို အဓိပ္ပာယ် ကောက်နိုင်မည်ဟု မဝေခွဲနိုင်သဖြင့် မမေးလိုက်ပေ ။

မချို ဆိုသော မိန်းမကြီး ကား ကျွန်တော်တို့ ဘာ ပြောနေသည်ကို ဘာမျှ ဂရုစိုက်ဟန် မရှိသဖြင့် နားများ လေးနေရော့သလားဟု ထင်မိလေသည် ။

အတန်ကြာသောအခါ ရထားထွက်ရန် ဝီစီ မှုတ်လေသည် ။ ကျွန်တော်တို့ တွဲမှာ သီးသန့်တွဲ ဖြစ်သဖြင့် ဘယ်သူမျှ မတက်နိုင်ကြချေ ။ အချို့ တွဲများပေါ်သို့ကား နောက်ကျသော ခရီးသည် အချို့ အပြေးအလွှား အတင်း တက်နေသည်ကို မြင်ရလေသည် ။ နောက်ထပ် ဝီစီ တစ်ချက် မှုတ်သောအခါ သိန်းသိန်း သည် အိပ်ရာလိပ်မှာ ထိုးထားသော တုတ်တစ်ချောင်းကို ဆွဲထုတ်လိုက်သည် ။ ပြီးတော့ ကြမ်းပြင်ပေါ်ဝယ် တုတ် ဖြင့် နှစ်ချက် နာနာ နှင့် တစ်ချက် သာသာ ၊ သို့မဟုတ် နှစ်ချက် တစ်ဝက် ခေါက်လိုက်လေသည် ။ ထိုအခါမှ မချို သည် မသိန်းသိန်း ဘက် ကျောပေးပြီး ကြမ်းပြင်ပေါ်ထိုင် အလုပ်လုပ်နေရာ မှ မတ်တတ်ရပ်ကာ မသိန်းသိန်း ဘက် လှည့်လာလေသည် ။ ထိုခဏ၌ မီးရထားလည်း ထွက်လေတော့ သည် ။ မချို ဆိုသော ထို မိန်းမကြီး ကား နားထိုင်းသည်မှာ သေချာပေသည် ။

မသိန်းသိန်း ကား မချို အား လက်ဟန်ခြေဟန်ဖြင့် အိပ်ရာလိပ်များ ဖြန့်ခင်းရန် ၊ ညအိပ်တော့ ဝတ်အိပ်ဖို့ အင်္ကျီတစ်ပတ်ရစ်များ ထုတ်ပေးရန် စသည်များကို လက်ဟန်ခြေဟန်ဖြင့် ညွှန်ကြားလေတော့သည် ။ မချို က အသံသေး အသံကြောင်ဖြင့် အီး အဲ အေး လုပ်ပြီး တုံ့ပြန်နေသည်ကို ကြားရသဖြင့် မချို မှာ စကားလည်း ဆွံ့အကြောင်း သိရပေတော့သည် ။ မျက်စိ မစောင်း ၊ မေး မရွဲ့ ၊ ကိုယ်အင်္ဂါ မချို့တဲ့ဘဲ နားထိုင်းပြီး ဆွံ့အနေခြင်းအတွက် ပိုအံ့ဩနေမိလေသည် ။

မီးရထားသည် ဥဩသံ တအူအူ ၊ မောင်းလက်တံ တဂျောင်းဂျောင်း ၊ ဘီးသံ တဂျုန်းဂျုန်း နှင့် ရန်ကုန်မြို့ အား နှုတ်ဆက်ကာ ထွက်လာခဲ့ရာ မြို့ပြင်ရောက်သောအခါ အရှိန် မြန်လာ၏ ။

အောက်ခုံနှစ်တန်းပေါ်တွင် မမြမှီ နှင့် မသိန်းသိန်း တို့အတွက် အိပ်ရာများ ခင်းထားသည် ။ အလယ်က ကြမ်းပြင်ပေါ်မှာ မချို အတွက် အိပ်ရာခင်းသည် ။ ခေါင်မိုးတွင် ဆွဲချိတ်ထားသော အိပ်ရာတစ်ခုပေါ်တွင် ကျွန်တော့် အိပ်ရာကို ကျွန်တော့် ဘာသာ ပြင်ထားလိုက်ပေသည် ။ သို့သော် စောသေးသဖြင့် မအိပ်ကြသေးပေ ။ ကျွန်တော်သည် မမြမှီ ၏ အိပ်ရာ ခြေရင်းဘက်တွင် ထိုင်ရင်း အပြင်သို့ ကြည့်လိုက်သည် ။ ဆန်းနေသော လကွေးကွေးကလေးကို ကြည့်ရင်း ခရီး ၏ အနာဂတ်ကို ကြိုကြည့်လိုက်သည် ။ ခရီးသွား အဖော်များကား နှစ်လိုဖွယ်ကောင်းသော ချစ်မမ - မမြမှီ ၊ မမြမှီ ထားရာက နေသော မသိန်းသိန်း ၊ နားထိုင်းဆွံ့အသော မချို ။

ငွေလကွေးကွေးကလေး နှင့် ကြယ်တာရာ တို့သည် ကျွန်တော်တို့ နှင့် ထပ်ကြပ်မကွာ အပြေးလိုက်ပါလာကြလေသည် ။ မည်းမည်းအုပ်အုပ် သစ်ပင်များကား ကျွန်တော်တို့ နောက်ဘက်သို့ ပြေးသွားကြသည် ။

ကျွန်တော်သည် အတွေးများတွင် နစ်မြုပ်နေ၏ ။ သို့သော် အတွေးများကား ငွေလကွေးကွေးနှင့် ကြယ်တာရာများလို ကျွန်တော် နှင့် ထပ်ကြပ်ပါလာသော အတွေးများ မဟုတ် ၊ တစ်ခုပြီး တစ်ခု မှုန်မွှားပျောက်ကွယ် ကျန်ရစ်ပေသည် ။

“ မောင်တင်ထွန်း ကြည့်စမ်းပါဦး ၊ မမ ကတော့ လိုက် မယ်ထင်တဲ့ အဆင်တွေ ရွေးဝယ်လာခဲ့တာပဲ ”

မမြမှီ ၏ အသံက ကျွန်တော့်အား လှုပ်နှိုးလိုက်သည်သို့ ရှိလေသည် ။

ရထားတွဲ အတွင်းဘက်သို့ လှည့်ထိုင်ပြီး ကြည့်လိုက်သောအခါ ကျွန်တော့် အနီးမှာ ဖြန့်ချထားသော ဘန်ကောက်လုံချည် နှစ်ထည် နှင့် ဆွယ်တာ တစ်ထည်ကို မြင်ရလေသည် ။ ဘန်ကောက် တစ်ထည်မှာ ကြည်ပြာရောင် ၊ အခြားတစ်ထည်မှာ နံ့သာရောင် ၊ ဆွယ်တာမှာ အဝါနု ၊ ပြီးတော့ သက္ကလတ် အပေါ်အင်္ကျီ အညိုနု ။

“ မမ ကလည်း ဒုက္ခ ရှာလို့ဗျာ ၊ ကျွန်တော် က ဒီလို အထည်ကောင်း အဖိုးတန်တွေကို ဝတ်တတ်တာမှ မဟုတ်ဘဲ ”

သို့ကလို ကျွန်တော့် ပါးစပ်က ထွက်နေသော်လည်း စိတ်ထဲမှာကား မမြမှီ ၏ စေတနာအဟုန်သည် ကျွန်တော့် အား သိမ်းကျုံး ရစ်ပတ်နေပြီကိုကား ခံစားနေမိလေသည် ။ မမြမှီ က ခနဲ့သည့် အပြုံးဖြင့် -

“ မဝတ်တတ်ရင် ဝတ်တတ်အောင် မမ က သင်ပေးမယ်လို့ သိရဲ့လား ဟဲ ဟဲ ”

သိန်းသိန်း ကား ညဝတ်ရန် အင်္ကျီ ၊ လုံချည်များကို ယူလျက် ရေချိုးခန်းထဲသို့ ဝင်သွားလေသည် ။ မမြမှီ သည် ကျွန်တော့် ရှေ့မှာ ဖြန့်ထားသော လက်ဆောင် လုံချည်များ နှင့် ဆွယ်တာ ကို ခေါက်လျက် ကျွန်တော့် ရင်ခွင်ပေါ်သို့ ပစ်တင်လိုက်သည် ။ ကျွန်တော် ကလည်း ပွေ့ယူထားပြီး မမြမှီ အား ငေးစိုက်၍ ကြည့်နေလိုက်၏ ။ မမြမှီ ၏ မျက်လုံးများ မှာ ရီဝေနေသည် ။

မီးရထား သည် တဝုန်းဝုန်း တဝေါဝေါ ကြီးမားသောအရှိန် ဖြင့် ခုတ်မောင်းနေလေသည် ။

သိန်းသိန်း ရေချိုးခန်းမှ ထွက်လာသောအခါ မမြမှီ လည်း ညဝတ်ရန် အဝတ်များယူပြီး ရေချိုးခန်း ထဲသို့ ဝင်သွားလေသည် ။

မချို သည် လုပ်စရာ ရှိသည်များ ပြီးပြီဖြစ်သဖြင့် ကြမ်းပြင်ပေါ်မှာ ခင်းထားသော သူ့ အိပ်ရာပေါ်တွင် ဖင်ချ၍ ထိုင်ရင်း ဆေးပေါ့လိပ် သောက်နေလေသည် ။ မီးဖွားများ မလွင့်အောင် သံဘူး ကလေးဖြင့် ခံထား၏ ။

ကျွန်တော် သည် သေတ္တာကို ဖွင့်၍ မမြမှီ ပေးထားသော လက်ဆောင်များ ကို ထည့်ထားပြီး လမ်းမှာ အပျင်းပြေဖတ်ရန် ယူလာသော စာအုပ်များ ကို ထုတ်ယူထားလိုက်သည် ။ ဆိုဗီယက် ရုရှား ၊ လူဦးရေ ပြဿနာများ ၊ စုံထောက် မောင်စံရှား ၊ ဇဝနပုံပြင်များ ။

သိန်းသိန်း ကလည်း သူယူခဲ့သော မဂ္ဂဇင်းများကို ထုတ်ယူနေသည် ။ ဒဂုန်မဂ္ဂဇင်း ၊ သူရိယမဂ္ဂဇင်း ၊ မြန်မာ့အလင်းမဂ္ဂဇင်း ။

သိန်းသိန်း သည် ဒဂုန်မဂ္ဂဇင်း ကို လှန်လှောပြီးနေရာ မှ ကျွန်တော့် တွင် ပါလာသော စာအုပ်များကို မျက်စိကျနေဟန် ရှိသည် ။

“ ကိုတင်ထွန်း ရှင့် စာအုပ်တွေကို ကျွန်မ မဖတ်ရဘူးလား ”

“ ဖတ်နိုင်တာပေါ့ မသိန်းသိန်း ရဲ့ ၊ ဘယ်ဟာ ကြိုက်သလဲ ”

မသိန်းသိန်း က ကလေးကြီးလို ပြုံးပြီး -

“ ဇဝနပုံပြင် ”

ကျွန်တော် က မသိန်းသိန်း ၏ ကလေးဆန်သော အပြုံး နှင့် ကလေးဆန်သော အကြိုက်ကို စိတ်ထဲမှာ ကျိတ်ရယ်ရင်း ဇဝနပုံပြင် ကို လှမ်းပေးလိုက်သည် ။ ထိုအခိုက် မမြမှီ သည် ရေချိုးခန်းမှ ထွက်လာလေ၏ ။ မချို သည် မသိန်းသိန်း နှင့် မမြမှီ တို့၏ အင်္ကျီ ၊ လုံချည် များကို သပ်ရပ်စွာ ခေါက်နေသည် ။

မမြမှီ သည် ကျွန်တော့် ဘေးမှာ ဝင်ထိုင်ရင်း -

“ ဘာစာအုပ်တွေပါလိမ့် ၊ မမ ဖတ်ဖို့ ရွေးရအောင် ၊ ဘယ် စာအုပ်က ဘာဆိုတာ မမ ကို ပြောပြစမ်းပါဦး ”

ကျွန်တော်က တစ်အုပ်စီ ကောက်ကိုင်ပြပြီး ရှင်းပြောသည် ။

“ ဒါက ကြီးပွားရေး ဦးလှရေးတဲ့ ဆိုဗီယက်ရုရှား အကြောင်း စာအုပ် ၊ ရုရှား မှာ ဇာဘုရင် အုပ်စိုးစဉ်က တောင်သူလယ်သမား ၊ ဆင်းရဲသား အလုပ်သမားတွေ အညှဉ်းဆဲခံရပုံတွေ ၊ ဆင်းရဲသားတွေက ဓနရှင်တွေ ၊ မြေပိုင်ရှင်တွေ ကို ဆန့်ကျင်ပြီး ပုန်ကန်ပုံတွေ ၊ လီနင် တို့ စတာလင် တို့စတဲ့ ရုရှား ခေါင်းဆောင်ကြီးတွေရဲ့ အကြောင်းတွေ ရေးထားတယ် ၊ သခင်နု ရေးတဲ့ လူမွဲတို့၏ ထွက်ရပ်လမ်း စာအုပ်လိုပါပဲ ”

“ ဒီစာအုပ်ကိုတော့ မမ မဖတ်ချင်ဘူး ၊ နောက်တစ်အုပ်အကြောင်း ပြောပြပါဦး ”

“ ဟောဒါက လူဦးရေ ပြဿနာတဲ့ ၊ ရေးတဲ့လူတွေကတော့ ဦးကံကြီး ဘီအေ - ဘီအီးဒီ နဲ့ ဦးကိုကိုလေး ဘီအက်စ်စီ တို့ ဖြစ်တယ် ။ သူတို့ဟာ ဘိလပ် ကို ပညာတော်သင် သွားတဲ့လူတွေ ဖြစ်တယ် ၊ မြန်မာ တွေဟာ နိုင်ငံကြီးတွေ နဲ့ ရင်ပေါင်တန်း လိုက်နိုင်အောင် ဆိုတဲ့ စေတနာနဲ့ နိုင်ငံခြားမှာ ရခဲ့တဲ့ ဗဟုသုတတွေ နဲ့ ယှဉ်ပြီး ရေးထားတယ် ၊ မြန်မာတွေရဲ့ ဖွားသေစာရင်းပြပြီး အဖတ်တင်တဲ့ လူဦးရေ နည်းသေးတဲ့ အကြောင်း ၊ နို့စို့ ပုခက်တွင်း ကလေးတွေ အများအပြား သေဆုံးပုံ အကြောင်း ၊ အရွယ်ရောက်တဲ့ လူတွေကြားမှာလည်း ကာလသားရောဂါ နဲ့ သေပျောက်တာ များပုံတွေ ရေးထားတယ် ။ ကျွန်တော် အသေးစိတ် မဖတ်ရသေးဘူး ။ မာတိကာ နဲ့ နိဒါန်းကို ကြည့်ပြီး ပြောနေတာ ၊ သို့ပေမယ့် အလွန် မှတ်သားဖွယ်ကောင်းတဲ့ အချက်အလက်တွေ ပါတယ် ဆိုတာတော့ သိနိုင်ပါတယ် ။ ဒီစာအုပ် ဖတ်မယ်လား ”

“ ဒါက မင်းတို့ နိုင်ငံရေးသမားတွေ ဖတ်ဖို့ပါကွယ် ၊ မမ တို့ ဖတ်ရင် သိပ်စိတ်ဝင်စားမယ် မထင်ဘူး ”

“ ဒါဖြင့် စုံထောက်ဦးစံရှား ကိုတော့ စိတ်ဝင်စားမှာပဲ ထင်တယ် ။ ဆရာကြီး ဦးရွှေဒေါင်း ဆိုတာ စုံထောက်ဝတ္ထု ရေးရာမှာ ပါရဂူပဲ မမ ရဲ့ ။ အင်မတန် လူ့ စိတ်ကို ဆွဲဆောင်နိုင်တဲ့ အရေးအသားပဲ ။ ဒေါ်အုန်းသင် နှင့် သားများ စာအုပ်ကုမ္ပဏီက စုံထောက် မောင်စံရှား ဝတ္ထုတို ကလေးတွေကို စုပေါင်းပြီး ထုတ်ထားတာ ။ ဒါက ပထမတွဲ ၊ ဒါက ဒုတိယတွဲ ”

ရွှေဥဒေါင်း ရဲ့ စုံထောက်ဝတ္ထုတွေ မမ သိပ်ကြိုက်တယ် ။ အဲဒီထဲ ဘယ် ဝတ္ထုများ ပါပါလိမ့်မလဲ ”

ကျွန်တော် က ဒုတိယတွဲတွင် ပါသော ဝတ္ထုတို ကလေးများ အမည်ကို ဖတ်ပြသည် ။ “ တဂူကူးကူ ၊ ခြေကျိုးငကြိုင် ၊ စစ်ဗိုလ်လင်မယား ၊ လှေသူကြီးဦးမိုးသီး ၊ မေးခွန်းပုစ္ဆာ ၊ ရုပ်ရှင်မင်းသမီး ၊ လက်ပြတ်အင်ဂျင်နီယာ ”

“ အေး ကောင်းတယ် ၊ အဲဒီစာအုပ်ကို မမ ဖတ်မယ် ”

မမြမှီ သည် စုံထောက် မောင်စံရှား ဒုတိယတွဲ ကို လှမ်းယူလိုက်သည် ။ မသိန်းသိန်း ကား ဇဝန ပုံပြင်တွင် စိတ်ရွှင်လန်းနေ၏ ။

ပဲခူးဘူတာ သို့ ရောက်သောအခါ ကျွန်တော်တို့ ၃ ဦး စလုံး စာအုပ်ကိုယ်စီဖြင့် ငြိမ်နေကြလေသည် ။ မချိုကား ဆေးပေါ့လိပ် မှိန်းလျက် ။

ကျွန်တော်တို့၏ တွဲကို အတွင်းမှ အလုံပိတ် ထားလိုက်သဖြင့် ဘာတစ်ခုမျှ မစိုးရိမ်ရဘဲ အေးချမ်းစွာ စီးနင်းလိုက်ပါနိုင်ကြပေ၏ ။

ပဲခူး မှ ထွက်ခဲ့ပြီး အတန်ကြာအခါ သိန်းသိန်း သည် သူ့ ခေါင်းရင်းမှ မီးလုံးကလေးကို ငြိမ်းကာ အိပ်လေ၏ ။ မချို လည်း ကြမ်းပြင်ပေါ်တွင် ခင်းထားသော သူ့ အိပ်ရာ၌ သိန်းသိန်း ဘက်သို့ စောင်း၍ အိပ်နေလေ၏ ။ မမြမှီ နှင့် ကျွန်တော်တို့ ကား စာဆက်ဖတ်ကြတုန်း ဖြစ်လေသည် ။

ဆယ့်ငါးမိနစ်လောက် ကြာသောအခါ မမြမှီ သည် စာအုပ်ကို ရင်ခွင်ပေါ်မှာ မှောက်တင်ထားပြီး ခါးကိုကော့ ၊ ခြေကို ဆန့်လျက် အပျင်းထုတ်ကာ သမ်းလိုက်လေသည် ။

“ မမ အိပ်ချင်ပြီလား ၊ ကျွန်တော် အပေါ်တက်ပြီး ဖတ်မယ်လေ“

ကျွန်တော်က ထိုင်ရာမှ ထလိုက်လေသည် ။

“ ကိစ္စမရှိပါဘူးကွ ၊ မမ အိပ်ချင်လည်း ဒီလိုပဲ အိပ်လိုက် မှာပေါ့ ၊ မောင်လေးက အဲဒီနေရာမှာ ထိုင်ဖတ်နေနိုင်သားပဲ ”

မမြမှီ သည် ရီဝေသော မျက်လုံးနှင့် ရီဝေသော အပြုံးများဖြင့် ကျွန်တော့် အား မော့ကြည့်နေပြီးနောက် သိန်းသိန်း ဘက်သို့ လှည့်ကာ -

“ ဟေ့ သိန်းသိန်း ၊ အိပ်ပျော်နေပြီလား ”

သိန်းသိန်း ကား တုတ်တုတ်မျှ မလှုပ် ။ သိုးနေအောင် အိပ်ပျော်နေဟန် ရှိသည် ။

“ သိန်းသိန်း တော့ အိပ်ပျော်သွားပြီ ၊ မချို ကော အိပ်ပျော်နေပြီလား ”

ကျွန်တော့် စိတ်ထဲမှာ အကြံတစ်ခု ဖြစ်ပေါ်လာပြီး ကလိဆွ၍ ပြုံးမိခြင်းမျိုးဖြင့် ပြုံးလိုက်သည် ။ ထိုအပြုံးကို မမြမှီ က မိသွားသည် ။

“ ဘာ ပြုံးတာလဲကွ ၊ မင်းအပြုံး မရိုးဘူးထင်တယ် ”

မမြမှီ သည် ကိုယ်ကို စောင် နှင့် ခေါင်းအုံးပုံပေါ် ပစ်မှီလိုက်ပြီး အကြောအခြင်တောင့်လို့ ညှစ်ထုတ် သလို ကိုယ်လက်တို့ကို ညှစ်ထုတ်နေလေသည် ။

ကျွန်တော်သည် မသိန်းသိန်း ၏ ခြေရင်းဘက်တွင် ထောင်ထားသော တုတ် ကို ယူပြီး ကြမ်းပြင်ပေါ်မှာ မသိန်းသိန်း ခေါက်သလို နှစ်ချက်နာနာ နှင့် တစ်ချက်သာသာ ခေါက်လိုက်၏ ။ မချိုကား မလှုပ် ။ သေချာပေါက် အိပ်ပျော်နေလေပြီ ။

“ ဟုတ်တယ် မမ က မေ့သွားတယ် ၊ သူ က ဒီလို အချက်ပေးမှ ရတယ် ။ မချို လည်း အိပ်ပျော်သွားပြီနော် ၊ သိန်းသိန်း လည်း မကောင်းဘူး ။ မချို လည်း မကောင်းဘူး ။ မမ ကို မစောင့်ဘဲ အိပ်ပျော်သွားကြတယ် ”

ကျွန်တော် က မမြမှီ ၏ အိပ်ရာ အထက်တည့်တည့် အမိုးချိတ်ထားသော ခုံတန်း၌ ကျွန်တော့် အိပ်ရာကို ပြင်ဟန်ပြုရင်း -

“ ကဲ ကျွန်တော်လည်း အိပ်တော့မယ် ။ ကျွန်တော် ခြေရင်းက ထိုင်စာဖတ်နေရင် မမ ခြေကောင်းကောင်း ဆန့်သာမှာ မဟုတ်ဘူး ”

“ ဪ ဒါဖြင့် မောင်လေး လည်း မမ ကို မစောင့်ဘဲ အိပ်တော့မှာပေါ့နော် ၊ မောင်လေး လည်း သိန်းသိန်း တို့လိုပဲ မကောင်းဘူး ”

မမြမှီ သည် ငယ်မူပါသော မျက်စောင်းဖြင့် ကျွန်တော့် အား ကလိလိုက်လေသည် ။ ကျွန်တော့် တစ်ကိုယ်လုံးကား နတ်ပူးသလို ဖြစ်သွားပေ၏ ။ အပေါ်ထပ် အိပ်ရာသို့ တက်ရန် ဟန် မပြင်နိုင်တော့ပေ ။ ခြေကိုင်ရ မလိုလို ၊ လက် ကိုင်ရ မလိုလိုဖြင့် မတ်တတ်ရပ်လျက် စောင် နှင့် ခေါင်းအုံးပေါ်တွင် လှဲမှီနေသော မမြမှီ ၏ ရမ္မက်အာသာဖြင့် ဝင်းလက်ကာ ငယ်မူကြာမူပေါ်နေသော မျက်နှာကို လည်းကောင်း ၊ တအိအိ မသိမသာ လှုပ်ရှားနေသော ဖောင်းကြွသည့် ရင်သားများကို လည်းကောင်း ၊ ငေးစိုက်ကြည့်နေမိလေတော့သည် ။ ဘာပြောရမည်လည်း မသိ ။ အာဆေး ထည့်ထားသလို ခံစားနေရ၏ ။ တစ်ကိုယ်လုံးရှိ သွေးတို့ပင်လျှင် ရပ်နေကြဟန် တူ၏ ။

မမြမှီ သည် ကျွန်တော့် အား မိထားပြီ ဟု သိနေဟန် ရှိသည် ။ ခါးကို ကော့လိုက်ပြီး ကိုယ်ကို တွဲနံရံဘေး ကပ်လိုက်သည် ။ ပြီးနောက် နံရံဘက်က ပေါင် ကို မြှောက်ထားလေသည် ။ ဒူးကွေးပေါ်မှ ဖြာကျနေသော ဖဲထဘီတစ်ပတ်ရစ် သည် ပန်ကာလေတွင် လှိုင်းထနေ၏ ။ ကျွန်တော့် ဘက် မှာ ရှိသော ပေါင်တံခြေသလုံးကိုကား ဆန့်တန်း၍ ထားလေရာ ဖီထဘီအောက်ခြေ ခပ်ရွှေရွှေတွင် ခြေသလုံးသားများသည် ဖွေးခနဲ ပေါ်နေလေသည် ။

“ မောင်လေး ဘာ ကြည့်နေတာလဲ မအိပ်သေးဘူး မဟုတ်လား ”

ကျွန်တော် သည် ရင်ဝ မှာ တစ်ဆို့နေသော အလုံးကြီးကို မနည်း မျိုချပြီး -

“ အိပ်တော့မယ် မမရာ ”

သို့ကလို ပြောရသော်လည်း ကိုယ်ခန္ဓာကား စပါးကြီးချက် ညှို့ခံထားရသလို မရွေ့မရှား ဖြစ်နေ၏ ။ မမြမှီ သည် သူ့ ခါးလယ်နား ဘေးဘက် မှာ လက်ဖြင့် ပုတ်ခတ်ပြရင်း -

“ ထိုင်လေ ၊ ဒီမှာ ထိုင် ”

ကျွန်တော် ကား ငယ်ရွယ်သောသူ မဟုတ်ပါ ။ ကိလေသာ ကုန်ခန်းနေသည့် ရသေ့ရဟန်းလည်း မဟုတ်ပါ ။ ၎င်းပြင် ခုအချိန်အခါမျိုးမှာ ဈာန်ရနေသူပင် ဈာန်လျှောမည် ထင်ရပေသည် ။ ကျွန်တော့် မှာ ဘာမျှ အထွေအထူး မတွေးနိုင်တော့ချေ ။ မမြမှီ ပြောသည့်အတိုင်း မမြမှီ ပြသည့်နေရာ သူ့ဘေးမှာ ကပ်၍ ထိုင်ချလိုက်လေသည် ။ တစ်ကိုယ်လုံးကတော့ တဆတ်ဆတ် တုန်နေသည် ။ မျက်လုံးများလည်း ပြာဝေနေ၏ ။

မမြမှီ က ကျွန်တော့် လက်ဖျားများကို ယုယစွာ ဆုပ်ကိုင်ရင်း -

“ မောင်လေး မမနဲ့ ခရီးထွက်ခဲ့ရတာ မပျော်ဘူး ထင်တယ် ”

ကျွန်တော် ကား မမြမှီ အား မကြည့်ဘဲ မျက်နှာကို အခြားဘက် လွှဲထားရင်း -

“ ပျော်ပါတယ် မမရဲ့ ”

“ မင်းကြည့်ရတာ ပျော်တယ် မထင်ပါဘူးကွယ် ၊ ကြည့်စမ်း လက်ဖျားတွေလည်း အေးလို့ ၊ မျက်နှာကို ဒီဘက် လှည့်စမ်းပါဦး ”

ကျွန်တော် က မမြမှီ ဘက်သို့ လှည့်လိုက်သည် ။ မမြမှီ ၏ မျက်နှာမှာ အာသာရမ္မက်ဖြင့် တဖျတ်ဖျတ် တောက်နေသည် ။ ချစ်သွေးတွေ ထကြွလာသဖြင့် အလှမှာ အထူးစိုပြည်လန်းဆတ်လာသည် ဟု ထင်၏ ။ မမြမှီ သည် ကျွန်တော့် လက် များကို သူ့ရင်ခွင်မှာ အပ်ပြီး ဆုပ်နယ်နေ၏ ။ ခဏချင်းတွင် ကျွန်တော့် လက် များမှာ ပူနွေးလာ၏ ။ ကျွန်တော် သည် မမြမှီ အား သိမ်းကျုံးဖက်ယူလိုက်လေသည် ။ သူမ၏ ခါးမှာ ကော့နေပြီး ကိုယ်မှာ ပေါ့လှသည် ။ မျက်နှာမှာလည်း မော့ပြီးသားဖြစ်၏ ။ ကျွန်တော် က ပါးနှစ်ဖက် ကို ဘယ်ပြန် ညာပြန် အဖန်ဖန် မွှေးသည် ။ မမြမှီ က ကျွန်တော့် ပါး ၊ နှုတ်ခမ်း ၊ နဖူး များပေါ်တွင် အကြိမ်ကြိမ် တုံ့ပြန်သည် ။ မမြမှီ သည် ကျွန်တော့်အား အားပါးတရ အကြိမ်ကြိမ် တုံ့ပြန်ပြီးနောက် ရှိုက်ငင်သော အသံဖြင့် -

“ မမ ဖြင့် မောင်လေး ကို ဘယ်လောက် ချစ်မှန်း မသိဘူး ”

ကျွန်တော် က ဘာမျှ မပြော ။ ကျစ်ကျစ်ပါအောင်သာ ဖက်ထားသည် ။

ထိုခဏ၌ ကျွန်တော့် မျက်စိ ထဲတွင် မခင်သစ် ကလေး သည် ဖျတ်ခနဲ ပေါ်လာလေသည် ။

“ ပြောစမ်းပါ မမ ကို ချစ်ကဲ့လား ”

ကျွန်တော် က မဖြေနိုင် ။ ကျစ်ကျစ်ပါအောင်ဖက်ပြီး ပါးချင်းအပ်၍သာ ထားရသည် ။

မမြမှီ သည် ကျွန်တော့် အား ဖက်ထားသော လက်များကို ဖြုတ်ပြီး ခေါင်းရင်း မှ မီးခလုတ် ကို ပိတ်လိုက်လေသည် ။ ပြီးတော့ ကျွန်တော့် အား ချစ်ခြင်းကြီးစွာဖြင့် ဖက်ပြန်လေသည် ။ နမ်းလိုက်သည်မှာလည်း ကျွန်တော့် မျက်နှာမှာ နေရာကွက်လပ် မကျန်အောင် ဖြစ်လေသည် ။

ပါးစပ်ကလည်း တတွတ်တွတ်နှင့် “ မမ က မောင်လေး ကို သိပ်ချစ်တာပဲ ”  ဟု ပြောနေသည် ။ “ မမ ကို မောင်လေး က ချစ်ကဲ့လား ”  ဟု မေးနေသည် ။

ကျွန်တော် ကား အချစ်ဦး မခင်သစ် ကလေး အား ငဲ့မနေနိုင်တော့ပြီ ။

“ ချစ်ပါတယ် မမ ရဲ့ ၊ မချစ်ဘဲနဲ့ ဒီလို လုပ်ပါ့မလား ”

သည်လို ပြောပြီး ကျွန်တော်က တစ်ဖန် မမြမှီ ၏ မျက်နှာတွင် နေရာကွက်လပ် မကျန်အောင် နမ်းရပြန်လေသည် ။

နောက်တော့ မမြမှီ ၏ ခေါင်း နှင့် ကျော ကို စောင် နှင့် ခေါင်းအုံးပုံပေါ် မှာ တင်ထားပြီး ကျွန်တော်က သူ့ရင်ပေါ်တွင် ခေါင်းအုံးထားလေသည် ။ မမ လက် များက ကျွန်တော့် ဆံပင်များ နှင့် နားရွက် များကို ကစားနေသည် ။ ကျွန်တော့် လက်များကား ဟိုဟိုသည်သည် ဆော့ကစားနေသည် ။

“ မမ ကို ချစ်တဲ့လား ပြောပါဦး ”

“ ချစ်ပါတယ် ၊ မမ ဟာ ကျွန်တော့် အချစ်ဆုံး ”

“ ချစ်ပါတယ် ဆိုတဲ့ စကားကလေး ကြားရတာ အားမရလို့ မေးနေတာပါ မောင်ကလေး ရယ် ၊ မမ ကို အစဉ် သနားပါကွယ် ၊ မမ ဟာ အချစ် ဆာလောင်နေတဲ့သူပါ ”

ထိုခဏ၌ ဦးထွန်းဝင်း သည် ကျွန်တော့် မျက်စိထဲမှာ ဖျတ်ခနဲ ပေါ်လာလေသည် ။ သွက်ချာပါဒ ရောဂါဖြင့် အိပ်ရာပေါ်မှာ လှဲနေရသော ဦးထွန်းဝင်း ၏ ရုပ်ပုံလွှာသည် ကျွန်တော့် အား စိတ်ကူးယဉ် အိပ်မ က် မှ လှုပ်နိုးလိုက်သကဲ့သို့ ရှိပေ၏ ။ နတ်ဘုံနတ်နန်းသည် ချက်ချင်း အဝီစိငရဲ အဖြစ်သို့ ပြောင်းလဲသွားသလို ရှိပေသည် ။ ကျွန်တော့် မှာ လွန်စွာ ထိတ်လန့်သွားသည် ။ နွေးနေသော ကျွန်တော့် သွေးများသည် အေးသွားဟန် ရှိသည် ။ တင်းကျပ်သော အပွေ့အပိုက် တို့သည် ပျော့ခွေသွားသည် ။ ချစ်စနိုးအမူအရာဖြင့် မမြမှီ၏ ရင်ဘတ်ပေါ်တွင် အုံးထားသော ကျွန်တော့် ဦးခေါင်းသည်ပင်လျှင် ချစ်ရိပ်ချစ်ငွေ့ ကုန်ခန်းသွားဟန်တူသည် ။

“ မောင်လေး ဘာဖြစ်သွားတာတုံး ”

“ ကျွန်တော် ကြောက်တယ် မမ ၊ ကြောက်တယ် ”

ပြောပြောဆိုဆို မမြမှီ ၏ ရင်ဘတ်ပေါ်မှ ခေါင်းကို မထူပြီး ထိုင်လိုက်သည် ။ မမြမှီ လည်း လိုက်ထိုင်ရင်း -

“ ဟင် ဘာဖြစ်သွားတာလဲ မောင်လေး ၊ ဘာ ကြောက်တာလဲ ”

“ မမ ရယ် ကျွန်တော်တို့ ချစ်ရုံ ချစ်ကြရအောင် ၊ ရှေ့ မဆက်ကြစို့နဲ့ ”

“ ဟင်မောင်လေး ဘာ ဖြစ်သွားတာလဲ ၊ ဘာ ကြောက်သွားတာလဲ ၊ မမ ကို ပြောစမ်းပါဦး ”

“ ဒုသနသော ဆိုတဲ့ အပြစ်ကို ကြောက်လာတယ် ”

“ ဒုသနသော ဟင် ဟုတ်လား ”

မမြမှီ သည် သို့ကလို မေးပြီးနောက် သက်ပြင်းကြီး ချလိုက်သည် ။ ကျွန်တော့် လက် များကို ဆုပ်ကိုင်ထားသော သူမ ၏ လက်ချောင်းကလေးများသည် အားလျော့သွားကြသည် ။

“ သူများ သားမယား ကို ပြစ်မှားခြင်းဟာ အလွန်ကြီးမားတဲ့ အကုသိုလ် ဖြစ်တယ်တဲ့ ၊ မမ ကိုတော့ ချစ်မြဲ ချစ်နေမယ် ၊ မောင်လေး ကိုလည်း မမ က ချစ်မြဲ ချစ်နေပါ ၊ သို့ပေမယ့် အဲဒီ အကုသိုလ် မရောက်အောင် ရှောင်ကြဉ်နေကြပါစို့လား မမ ရယ် ”

မမြမှီ ကား ဘာတစ်ခွန်းမျှ မပြော ။ မှောင်ထဲတွင် သူ့မျက်နှာကို မမြင်ရသော်လည်း တွေးတော ငေးမောနေမည် ထင်သည် ။ မီးရထားသည် တဝုန်းဝုန်း ခုတ်မောင်းနေ၏ ။ ကျွန်တော်တို့ ရင်တွင်းမှာကား မီးရထား အစင်းပေါင်းများစွာ ခုတ်မောင်းနေကြပေ၏ ။ မမြမှီ သည် ကျွန်တော့် ပခုံးနှစ်ဖက် ကို လက်နှစ်ဖက်ဖြင့် ကိုင်၍ နေသည် ။ နောက်တော့ ရှိုက်ရှိုက် လာသည် ။ အတန်ကြာတော့ တရှုပ်ရှုပ် ငိုနေလေတော့သည် ။ မမြမှီ မှာ အသက် ၃ဝ ကျော် ၃၅ နှစ် အတွင်းက မိန်းမကြီး နှင့် မတူ ၊ ငယ်ငယ်ရွယ်ရွယ် ခိုကိုးရာမဲ့သော သူငယ်မကလေး နှင့် သာ တူနေတော့သည် ။ ကျွန်တော် က လူကြီးအရာ ရောက်နေလေသည် ။

“ မငိုပါနဲ့ မမ ရယ် ၊ သည့်ထက် တိုးပြီး မမှားကြရင် ပြီးရောပေါ့ ၊ တိတ်ပါနော် တိတ် ”

မမြမှီ သည် မျက်ရည် သုတ်နေလေသည် ။ ရှိုက်၍ကား ကောင်းတုန်းပင် ။

“ မမ ရယ် ညစ်ညမ်းတဲ့ အကုသိုလ် အလုပ်ထဲ မတိုးမိရင် တော်ရောပေါ့ ၊ ချစ်တာကတော့ မချစ်ပါနဲ့လို့ တားလို့ မရနိုင်ပါဘူး ၊ ထိန်းလို့ချုပ်လို့ ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး ။ မမ ကို ကျွန်တော် ချစ်မြဲ ချစ်နေမှာပဲ ၊ မမ ကလည်း ကျွန်တော့် ကို ချစ်မြဲ ချစ်နေမှာပါနော် ။ စင်ကြယ်တဲ့ အချစ်ဆိုတာ ပိုလို့တောင် စွဲမြဲနိုင်ပါတယ် ။ သံ ဟာ သံချေး မတက်ရင် ထာဝစဉ် ခိုင်မာသလိုပေါ့ မမ ရဲ့ ”

မမြမှီ ၏ ရှိုက်ခြင်းများသည် အဆက်ဝေးဝေး လာပြီး အရှိန် ပျော့ပျော့ သွားလေ၏ ။

မီး ကို ဖွင့်လိုက် မည်ဟု လုပ်မိသည် ။ သို့သော် မီးရောင်ထဲမှာဆိုလျှင် မမြမှီ သည် ကျွန်တော့် မျက်နှာ ဘယ်လို ကြည့်ရမည်လဲ ဟု အရှက်အကြောက် ဝင်၍ လာကောင်းလာလေမည် ။

“ မောင်လေး မမ ကို အချစ် မပျက်ဘူးနော် ”

“ ဘာလို့ ပျက်ရမှာလဲ မမ ရဲ့ ၊ မပျက်နိုင်တဲ့ အချစ်ပါ ”

“ နည်းနည်းမှ မကွက်ဘူးနော် ”

“ ဘာလို့ ကွက်ရမှာလဲ မမ ရဲ့ ၊ အကွက် မထင်နိုင်တဲ့ အချစ်ပါ ”

မမြမှီ သည် ကျွန်တော့် အား ဖက်လိုက်ပြန်ပြီး ရင်ချင်းကပ် ပါးချင်းအပ် ထားပြန်သည် ။ ကျွန်တော် ကား အတွေ့ ကို မရှောင်နိုင်သော ပုထုဇဉ်တစ်ယောက် ဖြစ်ရုံမက အတွေ့ကိုပင် မကြုံဖူးသေးသော အစိမ်းကလေး ဖြစ်လေရာ မတုံ့ပြန်ဘဲ မနေနိုင်ပါ ။ ကျွန်တော့် သွေးသားတို့သည် ပူနွေးလာသလောက် ကျွန်တော့် အပွေ့အဖက်တို့သည် တင်းကျပ်လာပြန်လေသည် ။ သည်တော့မှ မမြမှီ က ဆတ်ခနဲ ရုန်းထွက်လိုက်ပြီး -

“ သည့်ရှေ့ တိုးမမှားအောင် ကြိုးစားကြစို့လား မောင်လေး ”

ကျွန်တော် ကား ရီဝေသော ခံစားမှုနှင့် မပြတ်သားသော အသိတို့၏ ဦးဆောင်မှုကြောင့် ငေးမောနေရာမှ “ ဟုတ်ကဲ့ ”  ဟု စိတ်မပါ့ တပါ ဖြေလိုက်လေသည် ။

အတန်ကြာတော့မှ စိတ်ကို တင်းနိုင်သည် ။ အမြင် ကို သန့်ရှင်းနိုင်သည် ။

“  ကဲ မမ အိပ်ရစ်တော့ ၊ ကျွန်တော် အပေါ်တက် အိပ်တော့မယ် ”

“ တက်တက် မမ လည်း အိပ်တော့မယ် ”

ကျွန်တော် သည် အပေါ်ထပ် အိပ်ရာသို့ တက်ခဲ့လေသည် ။

အိပ်၍ကား မပျော်ပါ ။

ပျော်အောင် ကြိုးစားအိပ်တော့မှ မီးရထားသံ တဂျုန်းဂျုန်း က ပိုမြည်ဟိန်းလာသည် ။ စိတ်လှုပ်ရှားခြင်းက ပိုမို ပြင်းထန်လာသည် ။ ရင်တွင်းမှာ ဆန္ဒ နှစ်ခု စစ်ခင်းနေသည် ။ သွေးသား ၏ ဆန္ဒ နှင့် ဉာဏ်အမြင် ၏ ဆန္ဒ ။ သွေးသား က မမြမှီ နှင့် အစွမ်းကုန် နီးစပ်ယှဉ်တွဲဖို့ တောင်းဆိုနေသည် ။ ဉာဏ်အမြင် က အပြစ် မကျူးလွန်မိအောင် ရှောင်ရှားဖို့ တောင်းဆိုနေသည် ။ မမြမှီ ၏ ငယ်မူကြာမူ ပါသော အသာရမ္မက်ဖြင့် ဝင်းလက်နေသော မျက်နှာကို စွဲလမ်းနေသည် ။ ဖောင်းကြွလှိုက်ဖိုနေသော ရင်သားများ ၊ ကော့ထားသော ခါး ၊ ကား၍ အိစက်သော တင်သားများ နှင့် လုံးကျစ်လှပသော ပေါင်တံများ ကို တစိမ့်စိမ့် မြင်နေသည် ။ ဒါတွေ ကို မျက်စိထဲ မှ ကြိုးစားဖျောက်သည် ၊ ဘယ်လိုလုပ်လုပ် မပျောက် ။ စစ်သည်ဗိုလ်ပါ ထောင်သောင်းများစွာကို နှိမ်နင်းရသည် က လွယ်ကူဦးမည် ၊ ဤ ဖောက်ပြားသော အာရုံများ နှင့် မှားယွင်းသော ဆန္ဒများကို နှိမ်နင်းရသည်မှာ မလွယ်ကူပါ ။

နှိမ်နင်းရန် ကြိုးစားရင်း စိတ်သာ မောရသည် ။ ကိုယ်သာ နွမ်းလျဖြစ်ရသည် ။ နှိမ်နင်း မရတိုင်း ဟိုဘက် စောင်း အိပ် ၊ သည်ဘက် စောင်း အိပ် ၊ ပက်လက်လှန်လိုက် ၊ မှောက်လိုက် ၊ သက်ပြင်းချလိုက် နှင့် ဂနာမငြိမ် ဖြစ်နေလေသည် ။ အောက်တွင် အိပ်နေသော မမြမှီ လည်း ကျွန်တော့်နည်းတူပင် ဖြစ်နေဟန် ရှိ၏ ။ စောင်းလိုက် ၊ လှန်လိုက် ၊ မှောက်လိုက် ၊ ဆန့်လိုက် ၊ ကွေးလိုက် ၊ သက်ပြင်းချလိုက် လုပ်နေသော မမြမှီ ၏ လှုပ်ရှားသံများကို ကြားနေရလေသည် ။

ကျွန်တော် သည် မမြမှီ အား တပ်မ က် ချစ်ခင်ရုံမက အသနား ပိုလာပြန်လေသည် ။ ကလေးလို ချုံးပွဲချ၍ ငိုရှာသော မမြမှီ ၊ မိန်းမသား ဖြစ်ပါလျက် ကျွန်တော့် အပေါ် ဟန်မဆောင်နိုင်ရှာသော မမြမှီ ၊ ကျွန်တော့် အား လိုလားလှသဖြင့် အရှက်အကြောက် မထားနိုင်ရှာသော မမြမှီ ၊ နာတာရှည် လူမမာ လင်ကြီးကြောင့် ဝဋ်ခံနေရရှာသော မမြမှီ ။

ယခုတစ်ကြိမ် ကျွန်တော့် မျက်စိထဲပေါ်လာသော ဦးထွန်းဝင်း သည် ကျွန်တော့်အား တုန်လှုပ်ချောက်ချားခြင်း မဖြစ်စေတော့ပေ ။ သွက်ချာပါဒဖြင့် အိပ်ရာထဲ အမြဲလဲနေသော ဦးထွန်းဝင်း ၊ သူသည် မသာတစ်ပိုင်း ဖြစ်၏ ။ ကျွန်တော် ချစ်သော မမ အား သက်သက် ဒုက္ခပေးနေသူ ဖြစ်၏ ။ ဤ မသာတစ်ပိုင်း ကောင်ကြီး သည် မသာလုံးလုံး ဖြစ်သွားလျှင် မမြမှီ ဝဋ်ကျွတ်သွားစရာရှိသည် ။ ခုတော့ မသာတစ်ပိုင်းအဖြစ် နှစ်ရှည်လများနေပြီး မမြမှီ အား ငရဲတစ်ပိုင်းသို့ ပို့နေသည် ။ မမြမှီ ၏ ဘဝကို ခြောက်သွေ့ဆင်းရဲအောင် လုပ်နေသည် ။

မီးရထားခုတ်မောင်းသံ တဝုန်းဝုန်းကို ကျော်ဖြတ်၍ ဟောက်သံ တစ်ခု ပေါ်လာသည် ။ သိန်းသိန်း ၏ ဟောက်သံလား ၊ မချို ၏ ဟောက်သံလား မပြောတတ် ။ မမြမှီ က အိပ်ရာထဲမှာ လူးလွန့်နေသည် ။ တစ်ခါတစ်ခါ ချောင်းဟန့်သံ ပြုသည် ။

ဝဋ်ခံနေရသော မမြမှီ သည် အရှက်အကြောက် ဘေးချိတ်ထားပြီး ကျွန်တော့် အား လိုက်စားရှာသည် ။ ဒါကို ကျွန်တော် က မထောက်ထားဘဲ ဒုသနသော ကြောက်ပြီး သူ့ အလို မလိုက်ခဲ့ ။ မမြမှီ က ကျွန်တော့်အား စိတ်နာသွားလေမည်လား ၊ အချစ်ကွက် သွားလေမည်လား ၊ ကျွန်တော် သူတော်ကောင်း လုပ်မှုကြောင့် မမြမှီ အရှက်ကွဲသွားလေပြီလား ။

နားထောင် ။ အောက်က လာသော အသံသည် သက်ပြင်းချသံ ရိုးရိုး ဟုတ်ကဲ့လား ။ ရှိုက်သံ နှင့် တူသည် ။ မမြမှီ သည် အရှက်ကွဲ အကျိုးနည်းဖြစ်ပြီး ကျိတ်ငိုနေဟန် ရှိသည် ။ ဟော ကြားရ ပြန်ပြီ ၊ အမှန်ပင် ရှိုက်သံ ဖြစ်သည် ။ ရှိုက်သံသာ မက နှာခေါင်း မှ အပူရည်ညှစ်သံကိုပင် ကြားရသေးသည် ။

ကျွန်တော်သည် မမြမှီ အား ချော့ရမည် ။ နှစ်သိမ့်ရမည် ။ အလိုလိုက်ရမည် ။ မမြမှီ ကဲ့သို့ပင် အရှက်အကြောက်ကို ဘေးချိတ်ရမည် ။ သို့မှ ယောကျာ်းကောင်း ပီသမည် ။ မမြမှီ အား မသာတစ်ပိုင်းကောင်ကြီး မပိုင် ၊ မမြမှီ အား မမြမှီ သာ ပိုင်သည် ။ မမြမှီ က အညွတ်အနူး ခွင့်လွှတ်လျှင် ကျွန်တော့် မှာ ဘာမျှ အပြစ် မရှိနိုင် ။

ကျွန်တော်သည် ခိုင်မြဲသော သန္နိဋာန်ဖြင့် အောက်သို့ ဆင်းလိုက်လေသည် ။ ပြီးတော့ မမြမှီ ၏ ခါးလယ် နံဘေးဘက် မှာ ထိုင်လိုက်သည် ။ မမြမှီ ကား တုတ်တုတ်မျှ မလှုပ် ။ မှောင်နေသဖြင့် ကောင်းစွာ မမြင်ရ ။ ရထားတွဲထဲမှာ ရေချိုးခန်းမီး တစ်လုံးသာ ထွန်းထားသည် ။ ရေချိုးခန်း တံခါးကို ပိတ်ထားသဖြင့် အကြိုအကြားမှ မီးရောင် အနည်းငယ်သာ တိုးဝင်နေသည် ။ သို့သော် မမြမှီ သည် ဖိုလှိုက်စွာဖြင့် ကျွန်တော့်အား စိုက်ကြည့်နေသည် ဟု ကျွန်တော် ခံစားရလေသည် ။

ကျွန်တော်က မမြမှီ ၏ မျက်နှာပေါ်သို့ ကိုယ်ကို ကိုင်းညွှတ်ပြီး ခပ်တိုးတိုး -

“ မမ ”

မမြမှီ က ခြောက်ကပ်နေသော အသံဖြင့် -

“ ဘာလဲ မောင်လေး ”

မမြမှီ ၏ အဆင်သင့် တုံ့ပြန်ချက်ကြောင့် ကျွန်တော် မြူးသွားသည် ။ ကျွန်တော် ခံစားနေရသလို မမြမှီ ခံစားနေရကြောင်း ထင်ရှားလှပါ၏ ။ ကျွန်တော် သည် ဘာမျှ မပြောနိုင်သေးဘဲ မှောင်ထုကို ထွင်းဖောက်၍ မမြမှီ ၏ မျက်နှာကို အစွမ်းကုန် အားစိုက်ကာ ကြည့်နေသည် ။ မမြမှီ ကလည်း သည်လိုပင် တုံ့ပြန်၍ ကြည့်နေသည်ဟု ကျွန်တော် ခံစားရသည် ။

မမြမှီ ကား တုတ်တုတ်မျှ မလှုပ် ။ သို့သော် လှုပ်ရှားသော အသံဖြင့် -

“ ဘာတုံး မောင်လေး ”

ကျွန်တော့် ရင်မှာ ပူလာသည် ။ အသံကလည်း ခြောက်ကပ်ကပ် ဖြစ်လာသည် ။

“ မမ ”

မမြမှီ သည် လှုပ်ရှားလာသည် ။ ဟိုဘက်ပေါင်ကို ထောင်လိုက်သည် ။ ကျွန်တော့်ဘက်က ပေါင်ကို ကား ချမြဲ ချထားသည် ။ မမြမှီ စောင်ခြုံထားသည်ကို တွေ့ရ သည် ။

“ ဘာပြောမလို့လဲ မောင်လေး ရဲ့ ”

ကျွန်တော်သည် မမြမှီ ၏ ပခုံးနှစ်ဖက်ကို အောက်ကပင့်၍ ပွေ့ကိုင်ပြီး -

“ မမ ”

မမြမှီ သည် ပခုံးနှစ်ဖက်ကို အောက်က ပင့်ကိုင်ထားသော ကျွန်တော့် လက် များ၌ ခွင်ကျအောင် သူ့ ကိုယ်နေကို ပြင်ပေးရင်း မြူးကြွလာသော အသံဖြင့် -

“ အို မောင်လေး ကလည်း ဘာပြော မလို့လဲ ၊ မေးနေတာ ပြောလည်း မပြောဘူး ”

“ ကျွန်တော်လေ ဘာမှ မကြောက်တော့ဘူး ၊ ငရဲကြီးမှာလည်း မကြောက်တော့ဘူး ၊ ငရဲကြီးချင် ကြီး အဝီစိ ချိုးကပ်လည်း ကပ် ၊ မမ နဲ့ လမ်းကုန် စခန်းကုန် ချစ်ရရင် ဘာမဆို ခံရဲတယ် ။ နောက်ဘဝ မပြောနဲ့ ခုဘဝ စက်တိုင်တက်ရလည်း တက် မယ် ”

မမြမှီ က ကျွန်တော့် ပါးစပ်ကို လက် နှင့် အုပ်လိုက်သည် ။

“ နိမိတ် မရှိ နမာ မရှိတွေ ပြော မနေပါနဲ့ မောင်လေးရယ် ၊ ဘယ်ကလာ စက်တိုင် တက်ရမှာလဲ ၊ ဒါတွေ ပြောလည်း မပြောနဲ့ ၊ တွေးလည်း မတွေးနဲ့ ”

ကျွန်တော် က မမြမှီ ရင်ဘတ်ပေါ်မှာ ခေါင်းအုံးလိုက်သည် ။ မမြမှီ ၏ လက်တစ်ဖက်က ကျွန်တော့် ဆံပင်တွေ ကို ကစားနေသည် ။ အခြားတစ်ဖက် က ကျွန်တော့် နားရွက်ဖျား ကို ဆော့နေသည် ။

“ မမကိုယ် ကို မမ သာ ပိုင်တယ် ၊ သည့်ပြင် ဘယ်သူ မှ မပိုင်ဘူး ၊ ကျွန်တော့် ကိုယ် ကို ကျွန်တော် ပိုင်တယ် ၊ သည့်ပြင် ဘယ်သူ မှ မပိုင်ဘူး ။ ကျွန်တော်တို့ နှစ်ယောက် သဘောတူရင် တစ်ယောက် ကိုယ်ကို တစ်ယောက် ပိုင်နိုင်တယ် ”

မမြမှီ က ကျွန်တော့် အား လက် မောင်းအောက် မှ ပင့်ဖက်ကာ အပေါ်သို့ ဆွဲ၍ မျက်နှာချင်း အပ် ထားလိုက်ပြီး -

“ ကိုယ်ချည်းပဲလား မောင်လေး ရဲ့ ၊ စိတ် ကော ”

“ အို မမ ကလည်း စိတ်ကတော့ အထူးပြောဖို့ လိုသေးသလား ၊ အစ ကတည်းက တစ်ဦးကို တစ်ဦး ပိုင်နေကြတာပဲ ”

မမြမှီ သည် သူ့ စောင်ထဲသို့ ကျွန်တော့် ကိုယ် ကို ဆွဲယူ လွှမ်းခြုံပေးပြီးနောက် ကျွန်တော့် မျက်နှာတွင် ကွက်လပ် မကျန်အောင် နမ်းရှုပ်နေလေသည် ။ ကျွန်တော် ကလည်း သည်အတိုင်းပင် တုံ့ပြန်နေ လေသတည်း ။

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment