Wednesday, October 6, 2021

မခင်ထွေး သို့မဟုတ် မထွေးလေး


 

❝ မခင်ထွေး သို့မဟုတ် မထွေးလေး ❞

ရနောင်မင်းသား ၏ များပြားလှစွာသော မယားများထဲမှ တစ်ယောက်ပင် ဖြစ်သည် ။ မိန်းမတို့တွင် ချစ်စရာကောင်းသော ပီယရုပ် ၊ သာယာစရာကောင်းသော သောတရုပ် ဟူ၍ ရုပ်၏ ကောင်းခြင်းလက္ခဏာ နှစ်ပါး ရှိရာတွင် မထွေးလေး မှာ နှစ်ပါးစလုံးနှင့် ပြည့်စုံသည်ဟု ဆိုကြသည် ။ ရုပ်လှတိုင်း ချစ်စရာ မကောင်း ၊ ချစ်စရာကောင်းတိုင်းလည်း ရုပ်မလှပေ ။ သို့သော် မထွေးလေး က ရုပ်လည်း လှသည် ၊ ချစ်စရာလည်း ကောင်းသည်မို့ မြင်ရသူအဖို့ စွဲမ က်ရသော မိန်းမတစ်ဦးပင် ဖြစ်သည် ။

မထွေးလေး ၏ မိဘများမှာ အမရပူရ မြို့တော်ကို ကနဦး တည်ထောင် ဖန်ဆင်းတော် မူခဲ့သော ဘိုးတော်ဘုရား ၏ မြေးဖြစ်သည့် မင်းသီဟ နှင့် မိခင်ဖြစ်သူ မမကြီး တို့၏ ရင်နှစ်သည်းချာ သမီးရတနာကလေးပင် ဖြစ်သည် ။

မင်းသွေး မင်းသက် မကင်းသူမို့လည်း မထွေးလေး မှာ အလိုလို မဟာဆန်နေပေသည် ။ ယဉ်ကျေးသိမ်မွေ့လှသည် ။ အဆို ၊ အကကို ငယ်စဉ်ကတည်းကပင် အရွယ်နှင့် မမျှအောင် ဆိုတတ် ကတတ်ခဲ့သည် ။

မထွေးလေး သည် အသက် ဆယ့်နှစ်နှစ် အရွယ်လောက်ကပင် စုဖုရားလတ် ထံပါးတွင် အပျိုတော်အဖြစ် ခစားရသည် ။ ရှိသမျှ အပျိုတော်များထဲတွင် အသက်ငယ်ဆုံး ၊ ချစ်စရာ အကောင်းဆုံး ဖြစ်၍ သီပေါဘုရင် နှင့် စုဖုရားလတ် တို့က “ မင်ကလေး ” ဟူ၍ ချစ်စနိုးခေါ်ကြသည် ။

ရွှေနန်းတော်သူ ၊ နန်းတော်သားများကမူ နာမည်အဖျားကို ဆွတ်၍ “ ထွေးလေး ” ဟူ၍ ခေါ်တတ်ကြသည် ။

သည်သို့ အပျိုတော်အဖြစ် အမှုထမ်းနေစဉ် အချိန်မှာပင် ဘုရင့်စင်တော်ကြီး မင်းသမီးမှာ နေမျိုးသီရိ ရွှေတောင်ဘွဲ့ရ ဆရာပုကြီး ပင် ဖြစ်သည် ။ အသံ၏ ကောင်းခြင်း ပြည့်စုံလှသဖြင့် နေမျိုးသီရိ ရွှေတောင်ဘွဲ့အဖြစ် မဓုဿရဘွဲ့ကိုလည်း ထပ်မံ ရရှိပြန်လေသည် ။

ရုပ်သေးစင်တော်မှာ သုံးမျိုး ရှိလေသည် ။ စင်တော်ကြီး ၊ စင်တော်လတ် နှင့် စင်တော်လေး တို့ပင် ဖြစ်သည် ။ ဘုရင်မင်းမြတ် တော်ကောက်သော စင်တော်ကို စင်တော်ကြီး ဟူ၍ ခေါ်၏ ။ မဟာစင်တော်ကြီး ဟူ၍လည်း ခေါ်သေးသည် ။ မိဖုရားခေါင်ကြီး နှင့် အိမ်ရှေ့မင်းတို့ တော်ကောက်သော စင်ကို စင်တော်လတ် ၊ မိဖုရားငယ်များနှင့် သားတော် ၊ သမီးတော်တို့က တော်ကောက်သော စင်ကို စင်တော်လေး ဟု ခေါ်ဆိုကြသည် ။

“ ထင်ပေါ်လျှင် စင်တော်က ကောက် ” ဆိုသည်မှာ ရုပ်သေးစင်မှ ထွက်ပေါ်လာသော ဥပမာပင် ဖြစ်ပေမည် ။

ဆရာပုကြီး ၏ စင်တော်ကြီးသည် နန်းတွင်းစင်တော်တွင် မကြာခဏ ကပြ ဖြေဖျော်ရသည် ။ သည်အခါတွင် အဆိုအက ဝါသနာထုံလှသော မထွေးလေး သည် ပွဲကတိုင်း မလွတ်တမ်း ကြည့်သည် ။ အခြားသူများလို တစ်ခဏ အရသာ ခံရုံမျှနှင့် ပြီးပြီးပျောက်ပျောက် ကြည့်ခြင်းမဟုတ် ၊ စွဲစွဲမြဲမြဲ တိတိကျကျ ကြည့်ခြင်းပင်ဖြစ်သည် ။ မကြာခဏပင် သီပေါဘုရင် မင်းတရား နှင့် စုဖုရားလတ်တို့ ညဥ့်ဦးယံ လေညင်းဆောင်တွင် အနားယူ စံနေခိုက်တွင် ဆရာပုကြီး ၏ ရုပ်သေးမင်းသမီးနှင့်အတူ ဖြေဖျော် ကပြရသည် ။ သည်အချိန်ကမူ သူသည် အကပညာကို မည်သည့် ဆရာသမားများထံကမျှ သင်ယူခြင်း မရှိသေးပေ ။ သို့သော် တစ်ခါ မြင်ရုံမျှဖြင့် စွဲစွဲမြဲမြဲ မှတ်သားမိသော သူ၏ အသိဉာဏ်ကြောင့် မထွေးလေး မှာ အဆိုအက ပညာကို ထူးထူးချွန်ချွန် တတ်မြောက်နေခြင်း ဖြစ်သည် ။

ဆရာပုကြီး ၏ ရုပ်သေးကို ကြည့်ကာ ရုပ်သေးမင်းသမီးကလေး ပုပု ၏ ဆိုဟန် ၊ ပြောဟန် ၊ ကဟန်တို့ကို တစ်ထပ်တည်းကျအောင် ဆိုတတ် ၊ ပြောတတ် ၊ ကတတ်နေသည် ။ သီပေါမင်းတရား ကပင် “ ငပုကြီး နဲ့ တစ်ထေဝတည်းပဲ ” ဟူ၍ မိန့်ကြားတော် မူဖူးလေသည် ။ မထွေးလေး သည် သူ၏ အသွင်အပြင် ပုံသဏ္ဌာန်ကို ရုပ်သေးမင်းသမီး ပုပု နှင့် တူအောင် ပြင်ဆင်သည် ။ အဆစ်အပိုင်း ၊ အချိုးအစား ကျနလှသော မထွေးလေး မှာ သစ်သားရုပ် မင်းသမီး ပုပု ထက် လွန်ကဲအောင် လှပနေလေသည် ။

သည့်အတွက် နောင်အခါတွင် နေပြည်တော်တစ်ဝန်းမှာ ရှိသည့် ရုပ်သေးရုပ်တို့သည် မထွေးလေး ကို စံပြုကာ ပြုလုပ်ကြရတော့သည် ။ သည်တွင် မထွေးလေး သည် အရုပ်ကလေးလို လှသူ မဟုတ်တော့ဘဲ အရုပ်ကလေးများကသာ မထွေးလေး လို လှအောင် မွမ်းမံနေကြ ရတော့သည် ။

မထွေးလေး သည် စာမတတ်ချေ ။ သို့သော် မှတ်ဉာဏ်တွင် သူမတူအောင် ထက် မြက်လှသည် ။ တစ်ခါနှစ်ခါ ကြည့်ရုံ ကြားရုံမျှဖြင့် တစ်ထပ်တည်းကျအောင် ဆိုတတ် ပြောတတ်ပေသည် ။ ဆရာပုကြီး ဆို ကသွားသမျှကို နောက်ရက် များတွင် မထွေးလေး က တစ်ပုံစံတည်းကျအောင် ဆိုပြရသည် ။ စင်တော်ကြီးက ဆရာပုကြီး သီဆိုကပြသွားသော သီချင်းကို မထွေးလေး က ဆယ်ခါမက ပြန်၍ သီဆို ကပြပေးရသဖြင့် နန်းတွင်းကချေသည် ဖြစ်မှန်းမသိ ဖြစ်လာခဲ့လေသည် ။

အရာရာတွင် သွက်သွက်လက်လက် ရှိနေသော အပျိုတော် မထွေးလေး ကို သီပေါဘုရင် နှင့် စုဖုရားလတ် တို့က ချစ်မြတ်နိုးတော်မူလေသည် ။ မြှောက်စားတော်မူသည် ။ ရွှေနန်းတော်သူ ၊ ရွှေနန်းတော်သားများကလည်း အရေးတယူ ရှိနေလေသည် ။ သည်အချိန်က မထွေးလေး မှာ ရွှေနန်းတော်တွင် အပေါ်လွင်ဆုံး ကချေသည်မလေး တစ်ဦးအဖြစ် ရှိပေသည် ။ သည်လောက် ရွှေနန်းတော်အတွင်းဝယ် ကျော်ကြားနေခဲ့သော မထွေးလေး အဖို့ကား ဘဝ၏ တစ်ဆစ်ချိုး ကွေ့ကလေးတစ်ခုမှာ တစ်နေ့ဝယ် ပေါ်ပေါက်ခဲ့လေသည် ။ ဒါကလည်း ရနောင်မင်းသား နှင့် ပတ်သက်နေခြင်းပဲပေါ့ ။

နေပြည်တော် တစ်ဝန်းမှာ ရှိနေသည့် အလှအပ ဟူသ၍ကို တော်ကောက်ခြင်းများစွာဖြင့် တော်ကောက်နေတော်မူသော ရနောင်မင်းသား မှာ မထွေးလေး ကို မျက်စိကျနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည် ။ ရနောင်မောင်မောင်တုတ် မှာ အနုပညာကို မြတ်နိုးသော မင်းသားတစ်ပါးပင် ဖြစ်သည် ။ အချိန်မရွေး သူ၏ အိမ်တော်မှာ တူရိယာသံများဖြင့် တခြိမ့်ခြိမ့် ရှိနေပေသည် ။ မထွေးလေး အသက် ဆယ့်လေးနှစ် ရှိပြီ ဆိုကတည်းက ရနောင်မင်းသား က သူ၏ အဆောင်တော်သို့ မထွေးလေး အား ခေါ်ငင်ကာ ကပြစေတော်မူခဲ့သည် ။ အချိုးအစား ကျနလှသော မထွေးလေး ၏ ကိုယ်ခန္ဓာကို အနုလုံ ပဋိလုံ ရှုစားရင်းက မထွေးလေး ၏ အဆိုအကကို ကိုယ်တိုင်ဒိဋ္ဌ တွေ့ရသောအခါတွင် ဆုတော်လာဘ်တော်များကို များစွာ ချတော်မူလေသည် ။ လွန်စွာပင် သဘောတော် ကျတော်မူသဖြင့်လည်း အိမ်တော်တွင် မကြာခဏ ခေါ်၍ ကပြစေတော်မူလေသည် ။

မထွေးလေး သည် ရနောင်မင်းသား ၏ တော်ကောက်ခြင်းကို ခံရသော အချိန်တွင် အသက် မှာ ဆယ့်ခုနှစ်နှစ် ဝန်းကျင်မှာပဲ ရှိပေဦးမည် ။

ကြင်ရာတော် များပြားလှသော ရနောင်မင်းသား သည် အချောအလှများကို မြင်တိုင်း တပ်မ က်စိတ် ရှိသူဖြစ်သည် ။ တန်ခိုးကြီးမားသော မင်းသားလည်း ဖြစ်ပေရာ ကြင်ယာ မိဖုရားများမှာ ဟောတစ်ယောက် ဟောတစ်ယောက်နှင့် ရှိနေပေသည် ။ သည့်အတွက်ကြောင့် ဖြစ်ဟန်တူသည် ။ ရနောင်မင်းသား နှင့် မထွေးလေး တို့၏ ဖူးစာရေစက် မှာ တစ်နှစ်မျှသာ ခိုင်ပေသည် ။ စလယ်ဝင် ဖင်မမည်းခင်ကပင် ကွဲဖို့ ကြမ္မာ ဖန်လာခဲ့လေသည် ။

မထွေးလေး မှာ ငယ်ရွယ်သူပင် ဖြစ်သည် ။ ရနောင်မင်းသား နှင့် စာသော် များစွာ ငယ်ရွယ်လှပြီး အသိ မကြွယ်သေးသော အရွယ်ပင် ဖြစ်သည် ။ အဆို အကမှာလည်း ဝါသနာကြီးလှသော ကချေသည်လည်း ဖြစ်သည် ။ အိပ်ချိန်မှ လွဲ၍ ကျန်အချိန်များသည် အနုပညာ ဘက် မှာသာ အာရုံကို လွှတ်ထားလေ့ ရှိသည် ။ ဒါကြောင့်ပင် ထင်ရဲ့ ၊ သူ၏ မောင်တော်ဖြစ်သူ ရနောင်မင်းသား ၏ စိတ်ကို သူ့အပေါ် အမြဲစွဲမြဲနေရန် ထိန်းထားနိုင်ခြင်း မရှိရှာချေ ။ အနုအလှ အခရာ အညုများကိုသာ မ က် မောလှသည့် ရနောင်မောင်မောင်တုတ် ၏ စိတ်ကလည်း သူ့အပေါ် မရှိတော့ ၊ ခပ်ဖယ်ဖယ်သာ နေလေတော့သည် ။

ရနောင်မင်းသား မှာ မယားများများ ယူတတ်သူ ဖြစ်သည့်အားလျော်စွာ မထွေးလေး ကိုလည်း ကြာရှည် မြတ်နိုးခြင်း မရှိခဲ့ပေ ။ နဂိုကတည်းက မိမိ မာန်မာနနဲ့ နေလာခဲ့သော မထွေးလေး သည် ရနောင်မင်းသား ၏ ချစ်ကြင်မှုကို အပြည့်အဝ မခံယူရသည့် အချိန်ကစ၍ သဘင်နယ်ဘက်သို့ ပြန်လည် ဝင်ရောက်လေတော့သည် ။ ရနောင်မင်းသား က စွန့်ပစ်လိုက်သော အချိန်တွင် မထွေးလေး ၏ အသက် မှာ ဆယ့်ကိုးနှစ် မျှသာ ရှိပေသေးသည် ။ လူ့လောကကို ကောင်းကောင်း နားလည်နိုင်နေပြီ ဖြစ်သော အရွယ်ပင် ဖြစ်လေသည် ။ တကယ်တော့ မထွေးလေး ၏ ဘဝဇာတ်ဆရာမှာ ရနောင်မင်းသား မောင်မောင်တုတ် ပင် ဖြစ်သည် ။ မောင်မောင်တုတ် သည် မထွေးလေး အား ဘဝသင်ခန်းစာကို အစပထမ သင်ကြားပေးလိုက် လေပြီတည်း ။ ရနောင်မင်းသား နှင့် ကွဲကွာခဲ့ပြီးနောက် မထွေးလေး မှာ ဆရာပုကြီး ထံတွင် ကန့်ကူလက်လှည့် ဆိုသလို အက အဆိုပညာကို သေချာစွာပင် သင်ယူတော့လေသည် ။

မထွေးလေး ၏ ဒုတိယ ခင်ပွန်းသည်မှာ မင်းသား ကိုဖိုးကွန်း ပင် ဖြစ်သည် ။ သည်တုန်းက မင်းသား ကိုဖိုးကွန်း သည် နေပြည်တော် တစ်ဝန်းတွင် ပြည်သူတို့၏ အချစ်တော် ဖြစ်နေပေသည် ။ ပြည်သူအများ၏ တောင်းဆိုချက်ကြောင့် မထွေးလေး ၏ ဇာတ်နှင့် မင်းသား ကိုဖိုးကွန်း ၏ ဇာတ်တို့ နှစ်ခုကို တစ်ခုတည်း ပူးပေါင်းကာ သူတို့နှစ်ယောက် တစ်ပြည်လုံးသို့ ကပြခဲ့လေသည် ။

ဒါပေမယ့် ချဉ်သီး နှင့် ဆား အတူထားက လျှာဖျားက သွားရည်ယိုသည် ဆိုသလိုပဲ မကြာခင်မှာပင် သူတို့နှစ်ဦး အကြောင်းဆက် ပေါင်းဖက် မိကြတော့လေသည် ။ သို့ရာတွင် သူတို့၏ အိမ်ထောင်သက်တမ်းမှာ မကြာရှည်ပေ ။ ငါးသိုင်းချောင်း လေးမျက်နှာတွင် ကိုဖိုးကွန်း သည် သူချစ်လှသော မထွေးလေး နှင့် လူ့လောကကို ကျောခိုင်းသွားတော့သည် ။

စကတည်းက ယဉ်သကိုဆိုသလို မထွေးလေး အဖို့ အိမ်ထောင်ရေးတွင် ကံမကောင်းလှပေ ။ ပထမ တစ်ယောက်က စိမ်းသည် ။ နောက်တစ်ယောက်က တိမ်းခဲ့သည် ။ အခေါ်လွဲသော်လည်း အကွဲချင်းမှာ အတူတူပင် ဖြစ်လေသည် ။

မင်းသမီး လောကတွင် ပြိုင်ဘက်ကင်းသော မထွေးလေး အဖို့ ခင်ပွန်းသည် ကိုဖိုးကွန်း မရှိသည့်နောက် မင်းသား အီကင်း မောင်ကြီး နှင့် တွဲဖက်ရပြန်လေသည် ။ မင်းသား ကိုဖိုးကွန်း မှာ မင်းသားကောင်းတစ်ယောက် ဖြစ်သလို အီကင်း မောင်ကြီး လည်း နာမည်ကျော်ကြား လူကြိုက် များသော မင်းသားကောင်းတစ်လက် ဖြစ်သည် ။ အီကင်း မောင်ကြီး ၏ အတွေ့အထိ အချော့အမြှူ ဖဿအာရုံက မထွေးလေး ၏ စိတ်ကို ညွတ်နူးစေသည် ။ သည်အတွက်ကြောင့် ထင်ပါရဲ့ ၊ အီကင်း မောင်ကြီး ၏ မေတ္တာရိပ်ကို မထွေးလေး ခိုမှီးခဲ့သည် ။ အားကိုးလိုက်သည် ။ သည်တော့ အီကင်း မောင်ကြီး နှင့် မထွေးလေး တို့ ဖူးစာဆုံသွားတော့သည် ။ မထွေးလေး သည် အီကင်း မောင်ကြီး နှင့် အိမ်ထောင်ကျစဉ်က အတော်ပင် စီးပွားတက်ခဲ့ဟန် တူသည် ။ မန္တလေးတောင်ခြေ သစ်ဆိမ့်ကျောင်းတိုက်တွင် ခုနှစ်ဆောင်ပြိုင် ကျောင်းကြီးတစ်ဆောင် ဆောက်လုပ်ကာ ကျောင်းဒကာ ကျောင်းအမဘွဲ့ကို ခံယူလိုက်ကြလေသည် ။

သို့သော် မထွေးလေး မှာ အဆိုအက ကောင်းသလောက် လင်ကံ မကောင်းရှာပေ ။ မထွေးလေး အသက် ငါးဆယ်နှစ်နှစ်တွင် သူ၏ ခင်ပွန်းသည် အီကင်း ဦးမောင်ကြီး မှာ ဘဝတစ်ပါး ပြောင်းသွားခဲ့လေသည် ။ သည့်အတွက် မထွေးလေး သည် ကျောင်းဒကာ ဦးမောင်ကြီး ကို လွမ်းဆွတ်တသ သတိရသဖြင့် သူတို့ ကောင်းမှုဖြစ်သော ကျောင်းအနီးတွင် လောကတန်ဆောင် မည်သော ဘုရားတစ်ဆူ တည်ထား ကိုးကွယ်ခဲ့လေသည် ။

မထွေးလေး သည် စာမတတ်သော်လည်း ဂီတကိုကား ကောင်းစွာ တတ်မြောက်သူ ဖြစ်သည် ။ သီချင်းသစ်များကို တက်ယူရာတွင် သူကိုယ်တိုင်ပင် ပတ္တလားတီး၍ အသွား တက်ယူသည် ။ စာသားကိုမူ စာထောက်ပေးရသည် ။ အမျိုးသမီး တစ်ဦးက ကျက်မှတ်ထားရသည် ။ စာထောက်သူကား ကြားမှနေပြီး အသံမပါဘဲ စာထောက်ပေးသည် ။ ဒါကို မထွေးလေး က အသံသွင်းပြီး သီဆိုသွားလေသည် ။

အီကင်း ဦးမောင်ကြီး ငှက်ဖျားမိသဖြင့် အနိစ္စ ရောက်သွားပြီးနောက် မထွေးလေး မှာ မင်းသမီးဘဝကို မစွန့်နိုင်ရှာသေးဘဲ ရှိ၏ ။ မင်းသားတစ်လက်ကို ရှာ၍ ကပြပေသေးသည် ။ သူရှာကသော မင်းသားမှာ ကိုစိန်ခို ပင် ဖြစ်လေသည် ။ သို့သော် မင်းသား ကိုစိန်ခို နှင့်ကား ခေတ္တ ခဏမျှသာ ဖြစ်ပေသည် ။

မထွေးလေး အသက် ခြောက်ဆယ်လောက်တွင် ဆရာကြီး ဦးဟန်ပ သည် ကံအားလျော်စွာ မထွေးလေး နှင့် သွားဆုံမိလေသည် ။ ဦးဟန်ပ မှာ မန္တလေးသားပင် ဖြစ်သည် ။ သို့သော် အောက် မြို့အောက်ရွာ မှာပင် နာမည်ကျော်ကြား နေလေသည် ။ မန္တလေး သို့ အရောက်အပေါက် နည်းသဖြင့်လည်း မထွေးလေး ကို မမြင်ဘူးချေ ။ သို့သော် ဆုံဖို့ ကံကြမ္မာ ဖန်လာလေသည် ။

ထိုစဉ်က မန္တလေးတွင် နာမည်ကျော် အပြိုင်အဆိုင် ဆိုင်းနှစ်ပွဲ ရှိနေသည် ။ ဆရာစိမ့် နှင့် ဗေဒါ မောင်လေး ခေါ် စိန်ဗေဒါ တို့ ညီနောင်နှစ်ယောက်ပင် ဖြစ်သည် ။ သူတို့သည် လူချင်းသာ ညီအစ်ကို တော်သည် ။ ဆိုင်းတီးရာတွင် ညီအစ်ကို မတော်ချေ ။ ညီအစ်ကိုချင်း ချစ်ကြပေမယ့် ဆိုင်းတီးသောအခါတွင် လုံးဝ သံယောဇဉ် မရှိပေ ။ မကြာခင် အစ်ကိုဖြစ်သူ ဆရာစိမ့် ကွယ်လွန်သွားသဖြင့် စိန်ဗေဒါ မှာ ပြိုင်ဘက် မရှိ ဖြစ်တော့သည် ။ သည်တွင် ဆရာစိမ့် ၏ ဇနီး ဒေါ်တိုး က စိန်ဗေဒါ ကို ပြိုင်ရန်အတွက် ဆိုင်းဆရာ လိုက်ရှာကြတော့သည် ။

သည်အချိန်က သတင်းလှိုင်နေသော ဦးဟန်ပ ကို ဒေါ်တိုး က ခေါ်ယူလိုက်သည် ။ ဆရာစိမ့် ၏ နေရာကို ဦးဟန်ပ အား ပေးလိုက်သည် ။ ‘ စိန်ဗေဒါ ကို ပြိုင်ရန် ဟန်ပ တက်လာပြီ ’  ဆိုသော သတင်းစကားများမှာ မန္တလေးတွင် တစ်မုဟုတ်ချင်း ပျံ့သင်းနေပေသည် ။ ဘယ်လောက် တော်လို့ ဆရာစိမ့် ၏ နေရာတွင် ထိုင်နိုင်သည် ။ ဘယ်လိုလူစားမို့ စိန်ဗေဒါ ကို ယှဉ်ပြိုင်ဝံ့သနည်း စသော သံသယပေါင်း များစွာဖြင့် စောင့်မျှော်နေကြသည် ။

မကြာမီ ရက်အတွင်းပင် အလှူပွဲတစ်ခု ဧည့်ခံဖို့အတွက် ဒေါ်တိုး က စီစဉ်ပေးရသည် ။ ထိုပွဲတွင် ဦးဟန်ပ က ပတ္တလားတီးရမည် ဖြစ်သည် ။ သည်ပွဲတွင် အဆိုတော် တစ်ဦး နှင့် ပတ္တလားသာ ပါဝင်သည် ။ ပရိသတ် စုံညီသောအခါ ဦးဟန်ပ ပတ္တလားစမ်းနေသော အနားသို့ အမျိုးသမီးချောချော တစ်ဦး ထွက်လာသည် ။ မနီးမဝေးတွင် သိမ်မွေ့စွာ ထိုင်နေသည် ။ သူသည် ဦးဟန်ပ ကို တစ်ချက် မျှ စောင်းငဲ့ကြည့်လိုက်ပြီး “ မောင် တီးမယ့် သီချင်းကို အမေ ဆိုရမလား ၊ အမေ ဆိုမယ့် သီချင်းကို မောင် က တီးမှာလား ” ဟူ၍ ခပ်တိုးတိုး မေးလိုက်သည် ။

စိန်ဗေဒါ နှင့် ပြိုင်မည်ဖြစ်သော ဦးဟန်ပ မှာ ပတ္တလားလုံးတွေကို ခပ်ကြွားကြွား စမ်းသပ်နေစဉ် ဖြစ်၍ “ ဆိုချင်တဲ့ သီချင်းကို ဆိုနိုင်ပါတယ် ” ဟု သူကဲ့သို့ပင် တစ်ချက် မျှ စောင်းကြည့်ပြီး ခွင့်ပြုလိုက်သည် ။ စိတ်ထဲကမူ မိမိ နှင့် မတိမ်းမယိမ်း အရွယ်က ‘ အမေ ’ ဟု တင်စီး ပြောသည်ကို မခံချင်လှပေ ။ အောက်ပြည်က တက်လာသူမို့ အထင်သေးပြီး ခေါ်လေခြင်းဟု အောင့်သက်သက် ဖြစ်နေသည် ။

သည့်နောက် စည်းတီးသော အမျိုးသမီးက စည်းဖြင့် အသံပြပေးလိုက်လေသည် ။ ဦးဟန်ပ က စည်းသံကို လိုက်ပြီး အမိဖမ်းထားသည် ။ ထို့နောက် အဆိုတော်၏ ကြည်လင်ချိုအေး၍ နွဲ့နှောင်းသော ဂီတသံ ပေါ်ထွက်လာသည် ။ သည်တွင် ဦးဟန်ပ မှာ ဇောချွေးတွေ ကျလာသည် ။ သူ၏ လက်ခတ်သည့် ပတ္တလားပေါ်တွင် ကသိကအောက်နှင့် ပျံဝဲနေသည် ။ အဆိုတော် သီဆိုသော သီချင်းသွားကို မသိသောကြောင့် ဘယ်အလုံးကို ခေါက်ရမည် မသိဘဲ စမ်းတဝါးဝါးနှင့် ဖြစ်နေသည် ။

ဦးဟန်ပ သည် သီချင်းရိုးရိုးကိုသာ တီးဖူးသူ ဖြစ်သည် ။ အတွန့်အတက် များလှသော ဤ သီချင်းမျိုးကို မတီးဖူးသေးချေ ။ သီချင်း အလယ်လောက်ရောက် မှ တေးထပ်မှန်း သိသွားသည် ။ ‘ ဖော်ကွာဝေး ’ သီချင်း ဖြစ်သည် ။ ဖော်ကွာဝေး ကို တေးထပ် ခြံရံထားသည် ။ ဖော်ကွာဝေး ညှပ် တေးထပ်ပင်တည်း ။

ဦးဟန်ပ သည် အိမ်ပြန်ရောက်သောအခါ ဒေါ်တိုး အား “ မမတိုး ၊ အဆိုတော်က ဘယ်သူလဲ ” ဟု မေးကြည့်မိသည် ။

“ ဟဲ့ … မောင်ဟန်ပ ၊ မင်း အမေထွေး ကို မသိဘူးလား ။ မထွေးလေး ဟဲ့ ” ဟု ပြောမှ ပိုပြီး ထိတ်လန့်သွားသည် ။ အလေးအမြတ် မပြုခဲ့မိသည်ကို နောင်တရသွားခဲ့သည် ။ ထိုစဉ်က မထွေးလေး မှာ အသက် ခြောက်ဆယ် နီးနေပေပြီ ။ အိမ်ထောင်ဆက် မကုန်သေးသော မထွေးလေး မှာ အင်းဝ တံတားဦး နယ်မှ ဇီးကန် တောင်ပြုံးသူကြီး ဦးကြာညို နှင့် သုံးနှစ်ခန့် ပေါင်းဖက်ပြီးမှ ဇီးကန် တောင်ပြုံး၌ပင် အသက် ခြောက်ဆယ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်ရှာတော့သည် ။ တံတားဦးတွင် ဒေါ်ထွေးလေး ၏ အလောင်းကို အုတ်ဂူသွင်းနှံ၍ သင်္ဂြိုဟ် ထားကြလေသည် ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment