Sunday, October 3, 2021

သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ် ( ၃ )


 

❝  သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ်  ❞ ( ၃ )

သည်အကြံကား တကယ်ရဲဝံ့စွာ ကြံသည့် အကြံအစည် ဖြစ်သည် ။ သီပေါဘုရင်သည် ဒိုင်းခင်ခင် နှင့် နေ့စဉ်နေ့တိုင်းပင် လုံခြုံစိတ်ချရသည့် နေရာတစ်နေရာတွင် ချိန်းပြီး တွေ့ဆုံလေ့ ရှိသည် ။ ဖို , မ အရေးအခင်းများ ရွှေနန်းတော်အတွင်း ရှုပ်ထွေးနေခိုက် မြန်မာအစိုးရ နှင့် အင်္ဂလိပ်အစိုးရတို့ မသင့်မတင့်ဖြစ်ဖွယ် အရေးအခင်းကလေးများကလည်း မီးပွားကလေးများ သဖွယ် ဖြစ်ပေါ်နေသည် ။

မန္တလေး အနောက်ပြင်တွင် ဖြစ်၏ ။ ဘုရားပွဲတော်အတွက် မြေဝိုင်းဇာတ် ကပြရန် စီစဉ်နေ၏ ။ ဘုရားပွဲတော် ပိုမိုစည်ကားရေးအတွက် အင်္ဂလိပ်လူမျိုး ကာနယ် ဝိုင်းဒန်း ဆိုသူက သူတတ်ကျွမ်းသည့် ပညာရပ်တစ်ခုကို တင်ဆက်ရန် ပြင်ဆင်နေသည် ။ မီးပုံးပျံ စီးပြမည် ဖြစ်သဖြင့် မီးပုံးပျံကို မှိုင်းတိုက်နေသည် ။ ထိုစဉ် ဝိုင်းဝန်းကြည့်ရှုနေကြသော ပရိသတ်ထဲမှ အမူးသမားတစ်စု၏ နှောင့်ယှက်မှုကြောင့် ကာနယ်ဝိုင်းဒန်း နှင့် စကားများကြ၏ ။ ဤတွင် မူးနေသော မြန်မာတစ်စုက ဝိုင်းဝန်းရိုက်ကြသောကြောင့် ပွဲခင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရလေသည် ။ ကာနယ် ဝိုင်းဒန်း ၏ မီးပုံးပျံစီးပြမည့် အစီအစဉ်လည်း ပျက်သွား၏ ။ သည်အစီအစဉ်ကို မပျက်ပျက်အောင် ဖျက်ကြသည့် လူတစ်စုမှာ လှေသင်းအတွင်းဝန် ၏ တပည့်များ ဖြစ်သည်ဟု သိရသည် ။

သည့်နောက် များမကြာမီ အင်္ဂလိပ်အစိုးရ နှင့် ငြိစွန်းနေသော အပြစ်များကလည်း ဆင့်ကဲ ဆင့်ကဲ ဖြစ်လာပြန်သည် ။ သပြေတန်း ခံတပ်တွင် ဖြစ်၏ ။ အင်္ဂလိပ်စစ်တပ်မှ ကပ္ပတိန် ဒွိုင်းလ် ဆိုသူသည် ဧရာဝတီကမ်းပေါ်တွင် တည်ရှိသော ဘုရားတစ်ဆူ၏ ရင်ပြင်ပေါ်သို့ ဖိနပ်မချွတ်ဘဲ တက်သည် ။ နောက် ထိုင်ပြီး ပန်းချီများ ဆွဲနေ၏ ။ သည်အရာကို တွေ့မြင်သော သပြေတန်း ခံတပ် မှ အမှုထမ်းများက ဖမ်းပြီး လက်ပြန်ကြိုးတုပ်ကာ နေပူထဲ ပစ်ထားသည် ။

သည်အကြောင်းကို ကင်းဝန်မင်းကြီး သိရှိသဖြင့် အမြန်ဆုံး လွှတ်စေ၏ ။ ဒါကို မကျေမချမ်းနိုင်သော အင်္ဂလိပ်အရေးပိုင် မစ္စတာရှော ထံမှ တိုင်တန်းချက် စာတစ်စောင် ရောက်ရှိလာသည် ။ စာတွင် …

လွန်ခဲ့သော လဆန်း ( ၁၀ ) ရက်က အင်္ဂလိပ် သံကိုယ်စားလှယ် အဖွဲ့ဝင် ကပ္ပတိန် ဒွိုင်းလ် ဆိုသူအား သပြေတန်း ခံတပ်ရှိ မြန်မာစစ်သားအချို့က ဖမ်းဆီး၍ နေပူထဲ၌ ချည်နှောင်ထားကာ ညှဉ်းဆဲကြကြောင်း ၊ ဤသို့ အကြောင်းမဲ့သက်သက် ဖမ်းဆီးကာ ညှဉ်းပန်းသည်ဟု သိရသဖြင့် အဆိုပါကိစ္စကို အမြန်ဆုံး အရေးယူရန် သတိပေးပါကြောင်း ဟူ၍ ပါရှိသည် ။

အဆိုပါစာကို ကျောက်မြောင်း အတွင်းဝန် က အင်္ဂလိပ်ဘာသာ မှ မြန်မာဘာသာ သို့ ပြန်ဆို လျှောက်ထား၏ ။ သံတော်ဆင့်က မြန်မာဘာသာ ဖြင့် ပြန်လည်ရေးသားပြီး လွှတ်တော်သို့ တင်ပြရသည် ။ လွှတ်တော်က အကြောင်းအရာကို အပြန်ပြန် သုံးသပ်စစ်ဆေးသည် ။ ဤသည်ကို ကင်းဝန်မင်းကြီး ဦးကောင်းက အင်္ဂလိပ် သံအမတ်ကြီးဖြစ်သူ မစ္စတာရှော ထံသို့ အောက်ပါအတိုင်း စာပြန်လိုက်သည် ။

အင်္ဂလိပ် သံအဖွဲ့ဝင်တစ်ဦး ဖြစ်သော မစ္စတာ ဒွိုင်းလ် ဆိုသူအား မြန်မာရဲမ က် တစ်စုက ဖမ်းဆီးသည် ဆိုသော ကိစ္စများနှင့် ပတ်သက်၍ အကြောင်းပြန်အပ်ပါသည် ။

ကပ္ပတိန် ဒွိုင်းလ် ဆိုသူအား မြန်မာရဲမ က်တစ်စုက ဖမ်းဆီးသည် ဆိုခြင်းမှာ အဆိုပါ ကပ္ပတိန် သည် မြန်မာများ အထွတ်အမြတ်ထားသည့် ဘုရားပေါ်သို့ ခြေနင်းဖြင့် တက်ရောက်၍ မြန်မာခံတပ်သို့ မှန်ပြောင်းဖြင့် ကြည့်မှုကြောင့် ဥပဒေအတိုင်း ဖမ်းဆီးအရေးယူခြင်း ဖြစ်ပါသည် ။ နေပူထဲတွင် ဖမ်းချုပ်ထားသည် ဆိုခြင်းအတွက် ဝမ်းနည်းမိပါကြောင်း ၊ ထိုသို့ ဖမ်းဆီး ချုပ်နှောင် ထားခဲ့သော တာဝန်ရှိ မြန်မာအရာရှိအချို့ကိုလည်း အရာမှချပြီး ထောင်ဒဏ်အပြစ် ပေးရန်ပင် စီစဉ်ပြီး ဖြစ်ပါကြောင်း ဟူ၍ ပြန်ကြားစာ ပေးပို့လိုက်လေသည် ။

သည့်နောက် မြန်မာအစိုးရက အခြား အမိန့်စာတမ်း တစ်ခုကိုလည်း နေပြည်တော် တွင် အမိန့်ထုတ် ကြေညာစေသေးသည် ။

“ မည်သူမဆို မဟာမိတ်ဖြစ်သော အင်္ဂလိပ်အစိုးရ ၏ ကျေးတော်မျိုး ကျွန်တော်မျိုး လက်အောက်ခံများကို မြန်မာအရာရှိတို့က ညှဉ်းပန်းခြင်း မပြုရ ” ဟူ၍ ဖြစ်လေသည် ။

ရာသီမှာ မိုးသက်လေများ တိုက်ခိုက်လေ့ရှိသော ရာသီ ဖြစ်သည် ။

စုဖုရားလတ် အဖို့ မီးဖွားပြီးနောက် ဆယ့်ငါးရက် မြောက်သော နေ့၌ပင် ဖြစ်သည် ။ မိုးရာသီပေမယ့် နေက သာနေပေသည် ။ ဆေးရောင်စုံ ခြယ်ထားသော အီတာလျံဆောင်တွင် စုဖုရားလတ်သည် မှီအုံး၌ မှီလျက်ရှိပြီး အနား၌ စုဖုရားလတ် ၏ ဝဲအပျိုတော် ပြင်သစ်သူ ဒင်နီဂရီး ထိုင်လျက် ခစားနေသည် ။ ဤအဆောင်ကို ရေပန်းတော်ဆောင်ဟု ခေါ်ကြသည် ။ သည်သို့ ခေါ်တွင်ကြခြင်းမှာလည်း အဆောင်ပြင်ပတွင် နန်းရင်ပြင်ပေါ်၌ တိုင်များ ထူထားလျက် ၎င်းတိုင်များ အကြားမှ ရေပန်းများ ပေါ်ထွက်နေသည့်အတွက် ဖြစ်သည် ။

လေပြည်လာသည့်အခါ၌ စိန်ရောင်တောက်နေသော ရေဖွားကလေးများ ဖွာ၍ ဖွာ၍ ထွက်လျက်ရှိလေသည် ။ ဘုရင်မင်းမြတ် နှင့် မိဖုရားတို့သည် ကပွဲရုံတော်တွင် ဇာတ်သဘင်ပွဲများ မရှိသည့်အခါ သည်အဆောင်၌ ညနေ ညခင်းဘက်များတွင် အေးအေးဆေးဆေး ထိုင်တော်မူလျက် အနားယူလေ့ ရှိလေသည် ။

သည်အခိုက်အတွင်းဝယ် ရွှေနန်းတော်ရင်ပြင်တွင် ဆူဆူညံညံ ဖြစ်သွားသည် ။ ခဏအကြာတွင် မစ္စမနုတ်တစ်ယောက် ရှေ့တော်မှောက်သို့ ရောက်လာသည် ။ သူ့တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်နေသည် ။ စုဖုရားလတ် က သူ့အား စိုက်၍ ကြည့်လိုက်သည့် အခါဝယ် မစ္စမနုတ် မှာ ဣ‌ေန္ဒြ ရသွားသည် ။ သည့်နောက် မစ္စမနုတ် သည် လက် များကိုယှက်လျက် နဖူးတွင် တင်လိုက်သည် ။ ကိုယ်ကိုလည်း ရှေ့သို့ကိုင်းညွှတ်၍ အရိုအသေပြုလိုက်ပြီးနောက် တည်ငြိမ်စွာပင် သံတော်ဦးတင်လိုက်သည် ။

မစ္စမနုတ် လျှောက်တင်နေသည်များကို စုဖုရားလတ် က တည်ငြိမ်စွာပင် နားဆင်နေပေသည် ။ တမြန်တစ်နေ့ဆီက မစ္စမနုတ် ၏ ဖခင်အား လူတစ်သိုက်က ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ထောင်သွင်း၍ အကျဉ်းချထားကြသည် ။ ယခုအခါတွင် ဖခင်ဖြစ်သူအား ထိတ်တုံးခတ်ထားသည် ။ အဘယ်ကြောင့် သည်သို့ အချုပ်အနှောင်ခံရသည်ကို မစ္စမနုတ် က နားမလည်နိုင်အောင် ရှိနေလေသည် ။ ထိုညက မစ္စမနုတ် သည် သူ့ဖခင်အား တစ်ညလုံး ထိုင်၍ စောင့်နေသည် ။ မနက်လင်းသည်အထိ ရောက် မလာသဖြင့် က̶̶ု̶̶လ̶̶ာ̶̶း̶ဝန်ထံ သွားရောက် စုံစမ်းကြည့်မိသည် ။ သည်အခါတွင် ရနောင်မင်းသား ၏ အမိန့်ဖြင့် ဖမ်းဆီးထားကြောင်းကို ကြားသိရလေသည် ။

သူ ရွံ့လည်း ရွံ့ ၊ မုန်းလည်း မုန်းသော နာမည်ကို ကြားလိုက်သည့်အခါ၌ စုဖုရားလတ် သည် ဆတ်ခနဲ ဖျတ်လတ်စွာထ၍ ရပ်လိုက်သည် ။ ဤသို့ မစ္စမနုတ် ၏ ဖခင်အား ဖမ်းဆီးလိုက်သည့် ကိစ္စတွင် သူ့အား စော်ကားလိုက်ပုံကို စုဖုရားလတ် က မြင်မိသွားသည် ။ ဥရောပတိုက်သား နှစ်ဦးမှာ စုဖုရားလတ် ၏ အပျိုတော်၏ ဖခင်ဖြစ်နေသည့်အတွက် ၎င်းအား ဖမ်းဆီးခြင်းမှာ မိမိအား သက်သက် စော်ကားခြင်းသာ ဖြစ်ရမည် ။

သည်သို့ဖြင့် စုဖုရားလတ် သည် အခါတိုင်း လုပ်နေကျဖြစ်သော ဘုရင်မင်းမြတ်ထံသို့ သူ လာရောက် မည့်အကြောင်းကို ကြိုတင်မှာကြားခြင်း မပြုတော့ဘဲ ထီးတော်မိုးအား ခေါ်ယူကာ သီပေါမင်း သည် ရနောင်မင်းသားနှင့်အတူ ထိုင်နေတော်မူသည်ဟု ကြားသိရသော နေရာဆီသို့ ထွက်တော်မူသွားလေသည် ။ အဆောင်တွင်းမှ အပျိုတော်များမှာ ရင်တမမ ၊ အသည်း တအေးအေးနှင့် ကျန်ရစ်ခဲ့သည် ။ မစ္စမနုတ် မှာ သူ့ဖခင်အရေးအတွက် စိတ်သောကကြီးစွာ ဖြစ်နေရှာသည် ။

စုဖုရားလတ် ပြန်ရောက်လာသည့်အခါ၌ မျက်လွှာချထားလျက် မျက် မှောင်ကြုတ် ထားလေသည် ။ မိဖုရား၏ အမျက်တော်သည် မိမိတို့ဘက်သို့ ဆက်၍ လာမည်ကို စိုးရွံ့နေကြသော အပျိုတော်များသည် မျက်နှာသေကလေးများနှင့် မလှုပ်မယှက် ခစားနေကြလေသည် ။

ဖြစ်ရသော အကြောင်းကိစ္စများမှာကား မင်းညီမင်းသားများအတွက် အထွတ်အမြတ် ထားသော ရွှေဓားနှစ်လက် ကြောင့်ပင် ဖြစ်သည် ။ ပြင်သစ် မှ အလည်အပတ် ရောက်လာသော မစ္စမနုတ် ၏ မောင်ဖြစ်သူ အပြန်တွင် ဘွန်ဗွိုင်ဆင် က သူ၏ ဆွေမျိုးများထံ ပါးလိုက်သော လက်ဆောင်များကို ယူဆောင်သွားပေးရလေသည် ။

အစုန် စာပို့သင်္ဘောသည် နယ်ခြားခရီးမှ မြို့တစ်မြို့ ဖြစ်သော မင်းလှမြို့တွင် ရပ်ရလေသည် ။ ဤနေရာတွင် မြန်မာအရာရှိများက သင်္ဘောပေါ် တက်ရောက်လျက် ပါသမျှသော အရာများတွင် နိုင်ငံတော်မှ မယူသင့်သော အရာများကို မယူဆောင်နိုင်ရန်အတွက် ရှာဖွေ စစ်ဆေးကြရသည် ။ မစ္စမနုတ် ၏ မောင်အား ဆက်လက် ခရီးသွားခွင့် ပြုလိုက်ကြသည် ။ သို့ရာတွင် သူ့ထံမှ ဓားများကို သိမ်းဆည်းထားလိုက်သည် ။ သည်ဖြစ်ရပ်ကို မစ္စမနုတ် ၏ မောင် က ဘွိုင်ဗွိုင်ဆင် ထံသို့ အဖြစ်အပျက်ကို စာရေး၍ အကြောင်းကြားလိုက်လေသည် ။

မကြာခင် ဘွန်ဗွိုင်ဆင် နှင့် မစ္စမနုတ် ၏ ဖခင်ဖြစ်သူအား နန်းတော်သို့ လာရောက်ရန် ဆင့်ခေါ်ခြင်း ခံရတော့သည် ။ ဤသို့ ရွှေနန်းတော်မှတဆင့် ခေါ်သည့်အတွက် သူတို့ရရှိရန် တင်ရှိသော အခများကို ရပေတော့မည်ဟူ၍ ဝမ်းသာအားရဖြင့် သွားရောက်ကြလေသည် ။ သည်တွင် သူတို့အား စောင့်လတ်နေသော ရနောင်မင်းသား အား တွေ့ရှိလိုက်ကြပြီး ရနောင်မင်းသား က သူတို့အား သံခြေချင်းခတ်ပြီး ထောင်သွင်း အကျဉ်းချထားလိုက်သည်ကို ခံလိုက်ရလေတော့သည် ။ သည်သို့ ဖမ်းဆီးခြင်းကို နားမလည်နိုင်သော သူတို့နှစ်ဦးမှာ ပြန်လည် ခုခံမိသည့်အတွက် အစောင့်များ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသေးသည် ။ ရှာဖွေဖမ်းဆီး ရမိလိုက်သော ဓားနှစ်လက် မှာ ညောင်ရမ်းမင်းသား အသုံးပြုရန်အတွက် ကာလကတ္တား သို့ ဝှက်၍ ယူသွားခြင်း ဖြစ်သည်ဟု ရနောင်မင်းသား က သီပေါမင်း ထံ လျှောက်တင်ခဲ့လေသည် ။ သည်အရေးအခင်းမှာတော့ စုဖုရားလတ် ကလည်း သီပေါမင်း စိုးရိမ်တော်မူသကဲ့သို့ စိုးရိမ်တော်မူမှာ အရှင်းသား ပေါ်လာလေသည် ။ တကယ်တော့ စုဖုရားလတ် သည် စိတ်အားငယ်သူကား မဟုတ်ချေ ။ သို့ရာတွင် အမြဲတမ်း နန်းလုမည့်အရေးအတွက် ရတက် မအေးမိဘဲ ရှိနေရသည် ဖြစ်ခြင်းကြောင့် သည်တစ်ကြိမ်တွင် ရနောင်မင်းသား ဆောင်ရွက်ချက်မှာ မှန်ကန်လှပါပေသည်ဟု ယူဆလိုက်လေသည် ။

ရနောင်မင်းသား သည် ပြင်သစ်များ ၊ အီတာလျံများ အပါအဝင် က̶̶ု̶̶လ̶̶ာ̶̶း̶ မှန်သမျှတို့ အပေါ်၌ မယုံသင်္ကာ ဖြစ်နေလေသည် ။ သူ့ရည်ရွယ်ချက်မှာ ကုန်းဘောင်မင်းဆက် ၏ အာဏာစက် အရှိန်အဝါသည် တစ်ဖန် တောက်ပလာစေရန်နှင့် ထို အာဏာအရှိန်အဝါနှင့်အတူ သူသည်လည်း တန်ခိုးဩဇာ ကြီးမားလာစေရန် အတွက်ပင် ဖြစ်လေသည် ။ စုဖုရားလတ်သည်လည်း ကိုယ်တော်တိုင်က နိုင်ငံခြားသားများအား ခင်မင်လှသည် မဟုတ်ချေ ။ သို့သော် ရွှေနန်းတော်အတွင်းသို့ ပေါက်ရောက်လာသော နိုင်ငံခြား ပစ္စည်းများကိုမူကား နှစ်သက် သဘောကျတော်မူလျက် ရှိလေသည် ။ သံစုံနာရီများ ၊ ရွှေအနားကွပ် ကြည့်မှန်များ ၊ နူးညံ့ ကောင်းမွန်လှသော ကမ္ဗလာ ကော်ဇောကြီးများ ၊ ရေမွှေး နှင့် အထုံအကြိုင်များ ၊ ကြွေထည် ပစ္စည်းများ ၊ သံစုံ သေတ္တာကလေးများ စသည်တို့ ဖြစ်လေသည် ။ စုဖုရားလတ် သည်လည်း ဘုန်းမီးတေဇာ အရှိန်အဝါကို နှစ်သက်သဘောကျသူတစ်ဦး ဖြစ်ပေသည် ။ သို့သော် စုဖုရားလတ် ၏ အမြင်နှင့် ရနောင်မင်းသား ၏ အမြင်တို့မှာ ကွဲပြားလျက် ရှိလေသည် ။

စုဖုရားလတ် အနေဖြင့် သည်နိုင်ငံခြားသားတို့ကို အသုံးပြုခြင်းဖြင့် သူတို့ထံမှ အကောင်း မှန်သမျှတို့ကို ရယူနိုင်သည်ဟု မြင်သည် ။ နိုင်ငံခြားထံမှ ငြိမ်းချမ်းရေးအတွက် လိုအပ်သော အနုပညာများ နှင့် စစ်ရေးအတွက် လိုအပ်သော အတတ်ပညာများကို ရအောင်ယူလျက် နိုင်ငံတော်ကို အခိုင်အမာပြုလျက် ရန်သူမှန်သမျှတို့အား တွန်းလှန်နိုင်မည်ဟု မြင်မိလေသည် ။

ဤသို့ဖြင့် စုဖုရားလတ် ကလည်း သူ့လမ်းနှင့် သူ ၊ ရနောင်မင်းသား ကလည်း သူ့လမ်းနှင့် သူ အမြင်ကျဉ်းမြောင်းလျက် ရှိလေသည် ။ နှစ်ဦးစလုံးပင်လျှင် မာနထားရှိကြပြီး ထီးထီး နေကြလေသည် ။ သို့ဖြင့် နိုင်ငံတော်သည် နိုင်ငံခြားသားများအတွက် ရယ်စရာကောင်းသော ပြဇာတ် ကဇာတ်ကိုသာ ကပြ အသုံးတော်ခံလျက် ရှိသကဲ့သို့သာ ဖြစ်နေစေလေသည် ။ သည်အချက်ကို စုဖုရားလတ် က အဘယ်ကြောင့်များ မသိမမြင်ဘဲ ရှိရလေသနည်း ။

စုဖုရားလတ် တွေ့ရသမျှသော နိုင်ငံခြားသားများမှာ အလွန်အမင်း နှိမ့်ချ၍ အရိုအသေ ပေးလွန်းလှရကား စုဖုရားလတ် သည် အမှန်ကို မမြင်နိုင်ရှာပေ ။ အင်္ဂလိပ်တွေ ၊ ပြင်သစ်တွေ ၊ အီတာလျံတွေ ၊ ဂျာမန်တွေ စသည့် နိုင်ငံခြားသားများ မန္တလေး ရွှေမြို့တော်တွင် စုပြုံ၍ ရောက်ရှိ နေကြသည် ။ သည်အထဲမှ အချို့သော လူလိမ်လူညာ လူတေလူသွမ်းတစ်တွေကြောင့် မြန်မာတို့ အနေဖြင့် ဥရောပတိုက်သားများအား အထင်မကြီးစေဘဲ ဖြစ်စေလျက် ရှိသည် ။

သို့ဖြစ်သောကြောင့် သီပေါမင်း ထက် ရွှေနန်းတော်ကို ရထိုက်သော အဝေးရောက် မင်းသား တစ်ပါးပါးနှင့် နိုင်ငံခြားသားတို့၏ ပုန်ကန်ရန် ကြံစည်မှု ကိစ္စမျိုး ပေါ်ပေါက်လာတိုင်းတွင် စုဖုရားလတ် သည် အထိတ်တလန့်ဖြစ်အောင် စိတ်ဆိုးရသူ ဖြစ်လေသည် ။ ဤကဲ့သို့သော အခါမျိုး၌ သူကိုယ်တိုင် ရွံမုန်းနေသော ရနောင်မင်းသား သည် သီပေါမင်း ၏ ဘက်တော်သား ဖြစ်နေသည့် အတွက် အားကိုးရသူကဲ့သို့ ဖြစ်လာရပြန်သည် ။

စုဖုရားလတ် သည် ရေပန်းဆောင်၌ လျောင်းတော်မူလျက် အကြံအစည်ထုတ်လျက် ရှိလေသည် ။ စုဖုရားလတ် တစ်စုံတစ်ခု ကြံစည်နေကြောင်းကို ရွှေနန်းတော် တစ်ခုလုံးက သတိပြုမိနေလေသည် ။ သည့်အတွက် သုတ်သင်မှု တစ်ခုမှနေ၍ အစုလိုက် အပြုံလိုက် သုတ်သင် ရှင်းလင်းမှုကြီး အဆင့်သို့ ရောက်ရှိသွားမည့် အရေးကို စိုးရိမ်နေကြလေသည် ။ အမြဲတမ်း အရက်သောက်လျက်ရှိသော သီပေါဘုရင် အတွက် မှာမူကား စိုးရိမ်မှု ကင်းနိုင်မည် ဖြစ်သော်လည်း ကျန်လူများမှာမူကား စိတ်မချမ်းမြေ့နိုင်ကြတော့ချေ ။

အရေးမကြီးသော ကိစ္စများ၌ အချိန်ကုန်မခံခြင်းမှာ စုဖုရားလတ် ၏ ဝသီဖြစ်သည် ။ သီပေါမင်း ၏ မယ်တော် ယခု သီလရှင်ဝတ်ထားသူ လောင်းရှည် မိဖုရား ၏ အတိတ်က နေပုံထိုင်ပုံနှင့် ပတ်သက်၍ မသိုးမသန့် ကြားခဲ့ကြရသည် ။ ယခုအခါတွင်မူကား လောင်းရှည် မိဖုရားကြီး မှာ အသက်လည်း ကြီးလာပြီ ။ ရိုးရိုးအေးအေးကြီး နေထိုင်လေ့ရှိသော်လည်း စုဖုရားလတ် အနေဖြင့် လောင်းရှည်မိဖုရားကြီးသည် အချစ်ရေး လိင်ကိစ္စကို ဆက်လက်၍ ကျူးလွန်လျက် ရှိသည်ဟု မသင်္ကာ ဖြစ်နေမိလေသည် ။

မည်သို့ပင်ဖြစ်စေ စုဖုရားလတ်သည် အမျိုးမျိုး ပါးနပ်စွာ အကွက်ဆင်ထားလေသည် ။ သည့်အတွက် သီပေါမင်း သည် မိမိ ၏ မယ်တော်သည် အပါးတော်၌ ရှိသူတစ်ဦး နှင့် လွန်လွန်ကျူးကျူး ဖြစ်နေသည်ဟု ယုံကြည်တော်မူသွားလေသည် ။ ထို့ကြောင့် ထိုကျူးလွန်သူအား သတ်ပစ်လိုက်လေသည် ။ သည့်နောက် သီပေါမင်း သည် သူ့ကိုယ်သူ အသရေဆည်သောအားဖြင့် သူ့မယ်တော် ၏ အဆောင်တော်သို့ သွားခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း အမိန့်တော် ပြန်လိုက်လေသည် ။

သည့်အတွက် မယ်တော် လောင်းရှည် မိဖုရားကြီး ခမျာ မှာ အလွန်အမင်း စိတ်ဆင်းရဲ သွားရရှာသည် ။ လက်ဝါးတော်ပေါ်တွင် အနာပေါက်လာခြင်းကိုပင် မည်သည့်ဆေးမျှ အထည့်မခံဘဲ သည်အတိုင်း ပစ်ထားလိုက်လေသည် ။ ဤသို့ဖြင့် လောင်းရှည် မိဖုရား သည် ကျွန်ယုံအပျိုတော် တစ်ဦးတည်းဖြင့် နေထိုင်လာရာမှ နောက်ဆုံးတွင် ကွယ်လွန်သွားရှာရလေသည် ။

သည်ညနေတွင် စုဖုရားလတ် သည် နေရာထိုင် မှီအုံးများပေါ်တွင် တံတောင်ထောက်၍ မှောက်လျက် သက်သာအောင် အနေအထား ပြုပြင်ကာ နေလေသည် ။ သည့်နောက် မိမိထက် အနည်းငယ် မြင့်သောနေရာတွင် ထိုင်လျက်ရှိသော သီပေါမင်း ၏ မျက်နှာတော်ကို မျှော်လျက် ကြည့်နေလေသည် ။

သီပေါမင်း ၏ မျက်လုံးများသည် ဟိုဟိုသည်သည် ကစားလျက် ရှိသည် ။ စုဖုရားလတ် သည် တတိယကလေး ကိုယ်ဝန်ရှိလာပြန်ပြီ ဖြစ်သည့်အတွက် သွေးထိုင်းလျက် ရှိသည် ။ သို့ရာတွင် သူ့မျက်နှာမှာမူကား အမြဲတမ်း အသက်ဝင်လျက် ပေါ်ပေါ်လွင်လွင် ရှိနေပြီး မျက်လုံးကြီးများ မှာလည်း အမြဲတမ်းပင် တောက်ပလျက် ရှိလေသည် ။

ဘုရင်မင်းမြတ် ကစားလျက်ရှိသော မျက်လုံးများသည် လန်းလန်းဆန်းဆန်း ဖြစ်နေသော ရှမ်းအပျိုတော်ကလေးထံတွင် ရပ်တန့်သွားလေသည် ။ ထိုနေရာတွင် အတန်ကြာအောင် စူးစိုက်နေလေသည် ။ သည်အရေးကို ရိပ်မိလိုက်ဟန်တူသော စုဖုရားလတ် သည် တံတောင် ထောက်၍ မှောက်နေရာမှ ကိုယ်ကို မတ်ထူလိုက်ပြီး လက်ခုပ်တီးလိုက်လေသည် ။

“ ပုံ နားထောင်ရအောင် ကိုယ်တော် ၊ ပုံ အပြောခိုင်းရအောင် ၊ မပုံ က ပုံတစ်ပုံ ပြောစမ်းပါဦး ”  ဟူ၍ မနီးမဝေးတွင် ခစားနေသော မမွှေးထူ အား လက်ညှိုးညွှန်လျက် အမိန့်ပေးလိုက်လေသည် ။

မမွှေးထူ သည် နဖူးပေါ် လက်ယှက်တင်လျက် “ ကျွန်တော်မမှာ ပုံဟောင်းပုံဆွေးတွေသာ ရှိပါတယ် အရှင် နန်းမတော်ဘုရား ၊ ဒါပေမယ့် ဘုန်းတော်ကြီးဘုရား ရွှေနားတော် ဆင်လိုတယ် ဆိုရင်ဖြင့် ကတိအပေးလွန်တဲ့ သူငယ်တစ်ယောက်အကြောင်းကို တင်လျှောက်ပါမယ် ဘုရား ” ဟု အခြားသူများထက် ချိုအေးသော အသံဖြင့် သံတော်ဦးတင်လိုက်လေသည် ။

သီပေါမင်း သည် မမွှေးထူ ဘက်သို့ လှည့်ကြည့်လိုက်ပြီး စိတ်ဝင်စားပုံဖြင့် “ ပုံက တော်တော် ရှည်သလား ” ဟု မေးလိုက်လေသည် ။

“ ကွမ်းတစ်ယာညက်ထက် ပိုပြီး မကြာတန်ပါဘူး ဘုရား ”

သည့်နောက် ‘ တစ်ခါတုန်းက … ’ ဟု အစချီလျက် မမွှေးထူ သည် မောင်ရွှေပန်း နှင့် မိမိတ် ပုံ ကို တင်လျှောက်လေသည် ။

မောင်ရွှေပန်း နှင့် မိမိတ် တို့မှာ တစ်ဦးကို တစ်ဦး မေတ္တာရှိနေကြသည် ။ တစ်နေ့သော် မောင်ရွှေပန်းသည် ပုဂံပြည်ဘက်သို့ ကုန်ရောင်းကုန်ဝယ် ထွက်သွားရသည် ။ ဤသို့ ထွက် မသွားမီ ချစ်သူနှစ်ဦးတို့သည် ကတိသစ္စာ ထားကြသည် ။ ထားရှိကြသော ကတိမှာ ‘ တစ်ဦးဦး သေဆုံးခဲ့လျှင် သူတို့နှစ်ဦး ပြန်လည်၍ မဆုံမချင်း သင်္ဂြိုဟ်လို့ မရပါစေသား ’ ဟူသော ကတိသစ္စာပင် ဖြစ်လေသည် ။

ဤလိုနှင့် ရက်တွေ လစား၍ အချိန်တွေ ကြာလာသည့်အခါ မောင်ရွှေပန်း သည် ကိစ္စတွေ ပြီးစီးပြီ ဖြစ်သည့်အတွက် မိမိရွာသို့ ပြန်လာခဲ့သည် ။

ရွာအရောက်တွင် မိမိတ် သည် ရွာကမ်းနဖူးတွင် ထိုင်စောင့်နေသည်ကို သူက တွေ့ရသည် ။ ရွာမှာမူကား မရှိတော့ချေ ။ ပျက်စီးနေပေပြီ ။ မိမိတ် က မောင်ရွှေပန်း အား လက်ပြလျက် မောင်ရွှေပန်း တို့ မိဘများ သည် အထက်ဘက်သို့ ရွှေ့ပြောင်းသွားကြပြီ ဖြစ်ကြောင်းကို အော်ဟစ်၍ ပြောပြလိုက်သေးသည် ။ မောင်ရွှေပန်း က အားရဝမ်းသာဖြင့် သူပြန်လာခဲ့မည် ဖြစ်ကြောင်း ပြန်ပြောလိုက်သည် ။ မောင်ရွှေပန်း သည် မိဘများရှိရာသို့ ဆန်တက်လာရာ ကမ်းစပ်တွင် သူ့မိဘများကို တွေ့ရလေသည် ။ သူ့မိခင်က သူ့အား ငိုယို၍ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေသည် ။ မောင်ရွှေပန်း ကုန်ရောင်းထွက်သွားစဉ်အတွင်း၌ မိမိတ် သေဆုံးသွားလေသည် ။ သေဆုံး၍ အလောင်းကို အခေါင်းထဲထည့်ပြီး မြေမြှုပ် သင်္ဂြိုဟ်ရန် ကြိုးစားသော်လည်း အခေါင်းကြီးကို မ , ၍ မရနိုင်ဘဲ ရှိနေသည် ။

သို့ဖြစ်သောကြောင့် ဤသို့ဖြစ်ရခြင်းမှာ မကောင်းဆိုးဝါးများ မှီနေ၍ ဖြစ်ရသည်ဟု ရွာက လူကြီးများက ယူဆကြပြီး တစ်ရွာလုံးကို ဤနေရာသို့ ပြောင်းရွှေ့ခဲ့ကြခြင်း ဖြစ်သည် ။ သည်အကြောင်းကို မောင်ရွှေပန်း ကမူ သူ့မိခင် ပြောပြသည်များကို မယုံနိုင်ချေ ။ ခပ်စောစောက သူကိုယ်တိုင်ပင် မိမိတ် အား ကမ်းနဖူးတွင် တွေ့ခဲ့ရသေးသည် မဟုတ်လား ။ သူကိုယ်တိုင်ကပင် ပြန်လာခဲ့ဦးမည်ဟု ပြောခဲ့သေးသည် မဟုတ်လား ။ သို့နှင့် မောင်ရွှေပန်း သည် မိခင်ဖြစ်သူက တားမြစ်နေသည့်အကြားမှ ဇွတ်အတင်းပင် မိမိတ် ဆီသို့ ထွက်ခွာခဲ့လေသည် ။

မိမိတ် ထံ ရောက်သည့်အခါ၌ မိန်းကလေးသည် မောင်ရွှေပန်း အား အိမ်လှေကားမှ စောင့်ကြိုနေသည် ။ သူတို့နှစ်ဦးသားသည် မိုးချုပ်လာသည်အထိ စကားတွေ ပြောနေကြသည် ။ မိမိတ် က မောင်ရွှေပန်းအား “ ကျွန်မဟာ သေသွားတဲ့ လူနဲ့များ တူနေသလား ကိုရွှေပန်း ရယ် ” ဟူ၍ မေးရှာသည် ။ သည်တွင် မောင်ရွှေပန်း သည် လှပတင့်တယ်နေသော မိမိတ် အား ကြည့်နေရာမှ မချင့်မရဲ ဖြစ်လာသည် ။ ထို့ကြောင့် ဘာမှ ပြန်မပြောဘဲ ခါးတွင် ထိုးထားသော ပလွေကို ထုတ်ယူကာ မှုတ်နေရှာသည် ။

မကြာချေ ။ မှောင်လာသည်နှင့် မိမိတ် ကိုယ်မှာ တဖြည်းဖြည်း ရောင်၍ ပွ၍ ပွ၍ ကိုင်းလာလေရာ ယခုအချိန်ကျမှ မောင်ရွှေပန်း သည် မိမိ၏ မိခင်ပြောနေခြင်းမှာ မှန်ကန်နေကြောင်း သိရှိလေသည် ။ မိမိတ် မှာ လူစင်စစ် မဟုတ်တော့ချေ ။ မကောင်းဆိုးဝါးများ အပမှီနေခြင်းသာ ဖြစ်ပေသည် ။ မောင်ရွှေပန်း သည် ချွေးသီးချွေးပေါက် များ ကျလာသည် ။ သို့သော် ထွက်ပေါက် စဉ်းစားမရဘဲ ဖြစ်နေသည် ။

မောင်ရွှေပန်း သည် ပလွေကို လွတ်ကျယောင် ဆောင်လျက် အောက်သို့ ချလိုက်ပြီး ပလွေကောက်ရန် အကြောင်းပြလျက် အောက်သို့ဆင်းရန် ပြင်လိုက်သည် ။ သို့ရာတွင် အလောင်းကောင်ကြီးက သူ့ကို တားထားလိုက်ပြီး သူ့လျှာကြီးကို ထုတ်လိုက်ရာ လျှာမှာ ရှည်၍ ထွက်လာလျက် အိမ်အောက်ထပ်အထိ ထွက်လာပြီး ပလွေကို လျှာဖြင့်လိပ်၍ ကောက်ယူ ပေးလိုက်လေသည် ။

ဤသည်တွင် မောင်ရွှေပန်း လိပ်ပြာလန့်လျက် အမေ တ၍ အော်ဟစ်လိုက်လေသည် ။ သည်သို့ သူက အမေ အော်သည့်အခါ အလောင်းကောင်ကြီးကလည်း အမေ ဟု လိုက်၍ အော်နေသည် ။ သို့ဖြစ်သောကြောင့် မောင်ရွှေပန်း သည် တိတ်တိတ်ကလေး စိတ်ထဲမှ ‘ ငါ ထွက်ပြေးနိုင်ရင် ကောင်းမှာပဲ ’  ဟု စဉ်းစားလိုက်ရာ အလောင်းကောင်ကြီးထံမှ ‘ ငါ ထွက်ပြေးနိုင်ရင် ကောင်းမှာပဲ ’  ဟူသော အသံများ ပေါ်ထွက်လာလေသည် ။

ဤအတွက် မောင်ရွှေပန်း မှာ မည်သို့မျှ မတတ်နိုင်သည့် အဆုံးတွင် မိမိတ် အလောင်းကောင်အား အိပ်ချင်ပြီဖြစ်၍ အိပ်ရာပြင်ပေးရန် မှာကြားလေသည် ။ အိပ်ရာမဝင်မီ ခြေထောက်ရေဆေးမှ ဖြစ်မည်ဟု ပြောရာ အလောင်းကောင်ကြီးက သဘောတူလေသည် ။ သို့သော် အောက်သို့ မဆင်းမီ ခြေထောက်ကို ကြိုးစဖြင့် ချည်ထားရမည်ဟု ပြောပြီး ခွင့်ပြုလိုက်သည် ။ အိမ်အောက်သို့ ရောက်သည့်အခါ၌ အပေါ်ထပ်မှ ထုရိုက်ပေါက်ခွဲသံများ ကြားရသည့်အတွက် မောင်ရွှေပန်းက တိတ်တိတ် ချောင်းကြည့်မိရာတွင် အလောင်းကောင် ကြီးသည် ခေါင်းကြီးကို ရိုက်ခွဲလျက် အိပ်ရာပြင်နေသည်ကို တွေ့လိုက်ရသည် ။

သည်တွင် မောင်ရွှေပန်း သည် ခြေထောက် မှ ကြိုးကို အသာဖြုတ်ပြီး အနီးရှိ တိုင်တစ်ခုတွင် ချည်ထားလိုက်သည် ။ သည့်နောက် မိခင်တို့ရွာဆီသို့ ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် သုတ်ခြေတင်ခဲ့လေသည် ။ အလောင်းကောင်ကြီးသည်လည်း ကြိုးကိုဆွဲ၍ ကြည့်လိုက်ရာ ကြိုးမှာ မခိုင်၍ ပြတ်ထွက်သွားသည် ။ သည့်အတွက် အိမ်အောက်သို့ ဆင်းလာပြီး ကြည့်ရာတွင် မောင်ရွှေပန်း မရှိတော့ကြောင်းကိုတွေ့ရှိရလေသည် ။

ဤသည်တွင် အလောင်းကောင်ကြီးသည် ခေါင်းကြီးကို ရွက်လျက် မောင်ရွှေပန်း နောက်သို့ လိုက်လေတော့သည် ။ ရွာအဝင် မရောက်ခင် အနည်းငယ်အတွင်းမှာ မောင်ရွှေပန်း ကို မီလာသည် ။ မီလျှင် မီချင်းပင် အလောင်းကောင်ကြီးက ခေါင်းဖြင့် လှမ်း၍ ပေါက်လိုက်ရာ မောင်ရွှေပန်း ၏ ဦးခေါင်းကို ထိမှန်ပြီး မောင်ရွှေပန်း ခမျာမှာ သေဆုံးသွားရရှာလေသည် ။

မောင်ရွှေပန်း ၏ အလောင်းကို ပြင်ဆင်ပြီးနောက် မိမိတ် အလောင်းကို သွားကြည့် ကြရာတွင် အလောင်းကောင်ကြီးသည် ခေါင်းထဲသို့ ရောက်ရှိနေလျက် ခေါင်းကိုလည်း လွယ်ကူစွာ မ , နိုင်ကြသည်ကို အံ့ဩစွာ တွေ့ကြရလေသည် ။ မောင်ရွှေပန်း နှင့် မိမိတ် တို့ နှစ်ဦးအား အတူတူ မီးရှို့ သင်္ဂြိုဟ်လိုက်ကြလေသည် ။

ပုံပြင် ဆုံးသွားသည်နှင့် စုဖုရားလတ် ၏ မျက်နှာမှာ ညိုသွားရသည် ။

“ အဲဒီလို လူသေတဲ့ပုံတွေကို စုဖုရား မကြိုက်ပါဘူး ။ ဘုန်းတော်ကြီးဘုရား က ရှင်ဘုရင်တွေ ၊ မိဖုရားတွေ အောင်မြင်တော်မူတဲ့ အကြောင်းတွေကို နားဆင်ချင်တာပါ ”

မမွှေးထူ သည် ကြမ်းပြင်တွင် ဦးခေါင်းတိုက်လျက် ရိုသေတုပ်ဝပ်စွာ နေလိုက်ရှာသည် ။ သည့်နောက်တွင် ဘုရင်မင်းမြတ် ၏ ရှမ်းအပျိုတော်တစ်ဦးက အရဲစွန့်၍ ပုံတစ်ပုံ တင်လျှောက် လိုက်သည် ။

“ တစ်ခါတုန်းက ဘုရင်တစ်ပါး ရှိပါတယ် ။ သူ့ကျောက ယားယားနေတတ်လို့ အပျိုတော် တစ်ယောက်ကို ခေါ်တော်မူပြီး အကုတ်ခိုင်းတတ်ပါတယ် ။ ဒီအပျိုတော်က ရုပ်ရည် အတော် ချောပါတယ် ။ ဘုရင်ကြီး ဘယ်နေရာမှာ ယားတော်မူတယ်လို့တော့ မိန့်တော်မမူပါဘူး ။ အပျိုတော်ဟာ ယားတော်မူတဲ့ နေရာကို ချက်ချင်းပဲ လုပ်ကိုင်ပေးနိုင်တာကိုး ။

ဘုရင်ကြီး ကျောယားတော်မူတိုင်း ဒီလိုပဲ ဒီအပျိုတော်ဟာ ယားတဲ့နေရာကို မပြောဘဲနဲ့ တွေ့အောင်ရှာပြီး လုပ်ပေးခဲ့ပါတယ် ။ ဒါနဲ့ ဘုရင်ကြီးက ‘ ယားတဲ့နေရာကို ငါကိုယ်တော်မြတ် မပြောဘဲနဲ့ ဘယ်နှယ့်လုပ်ပြီး သိနိုင်သလဲ ’ လို့ မေးတော်မူတယ် ။

ဒီတော့ အပျိုတော်က ‘ ဘုရင်မင်းမြတ်ရဲ့ ကိုယ်တော်ဟာ အသားတော်များ နုနယ်တော် မူတဲ့အတွက် ယားတဲ့နေရာမှာ အနီရောင်ကလေးများ ပေါ်နေပါတယ် ။ အဲဒီနေရာကို ရှာဖွေပြီးတော့ ကုတ်ရခြင်းကြောင့် မပြောသော်လည်း အတိအကျ နေရာမှာ ကုတ်ပေးနိုင်ခြင်း ဖြစ်ပါတယ် ’ လို့ တင်လျှောက်ပါတယ် ။ “ ဒီလိုနဲ့ပဲ ဘုရင်ကြီးဟာ ဆင်ခြင်ဉာဏ်ပြည့်စုံတဲ့ အပျိုတော်ကို မိဖုရားကြီး နေရာမျိုးတော့ မဟုတ်ပါဘူး ။ မိဖုရားငယ်တစ်ပါး နေရာမျိုးကို ချီးမြှင့်တော်မူပြီး ဘုရင်ကြီး အလိုတော်ရှိ ရွှေစကြာဖြန့်တဲ့အခါတိုင်း အတူလိုက်ပါအောင် ခေါ်ဆောင်သွားတော်မူလေ့ ရှိပါတယ် ဘုရား ”

ပုံပြင်က အဆုံးတောင် မသတ်လိုက်ရသေးဘူး ။ ပုံပြင် အလျှောက်ကောင်းလှသော ရှမ်းအပျိုတော်ကို စုဖုရားလတ် က ချက်ချင်းပဲ ဆုတော်လာဘ်တော် ပေးသနားလိုက်တော့သည် ။ ရှမ်းအပျိုတော် ရရှိလိုက်သော ဆုလာဘ်တော်ကား တခြားမဟုတ်ပါ ။ စိတ်အားထက်သန်စွာဖြင့် ပုံပြင်ကို တင်လျှောက်နေသော ရှမ်းအပျိုတော်၏ မျက်နှာဆီသို့ စုဖုရားလတ် ၏ ပိန်းတန်းဖိနပ် တစ်ဖက်သည် တည့်တည့်မတ်မတ် ရောက်ရှိသွားလေသည် ။

အပျိုတော်ကလေးသည် ခပ်အုပ်အုပ် အော်လိုက်ပြီး ဖိနပ်မှန်သော ပါးကို လက်ဝါးဖြင့် အုပ်ထားလိုက်လေသည် ။ ခပ်စောစောက သည်ရှမ်းအပျိုတော်ကို သဘောတော်ကျစွာဖြင့် စူးစိုက်၍ ကြည့်နေသော သီပေါဘုရင် သည်လည်း သူ့ထံမှ မျက်နှာတော်ကို လွှဲပစ်လိုက်တော်မူသည် ။

“ ကျွန် , မ တစ်ယောက်အကြောင်း ပြောတဲ့ပုံပဲ ” ဟူ၍ စုဖုရားလတ် က ခပ်ဆတ်ဆတ် ပြောလိုက်သည် ။ စကားကိုလည်း ဆက်ပြောလိုက်လေသေးသည် ။

“ အမိတို့တစ်တွေဟာ ကောင်းမြတ်တဲ့ ဘုရင်မင်းမြတ်တွေ အကြောင်းကို သိထားဖို့ ကောင်းတယ် ။ စုဖုရား တို့လို ဘုရင်မင်းမြတ်တို့ ၊ မိဖုရားတို့ ဆိုတာတွေကတော့ ချစ်တယ် မုန်းတယ် ရယ်လို့ မရှိကြဘူး ။ အပြစ်ပေးတယ် ဆိုရင်လည်း ထုံးတမ်းအလိုက် အပြစ်ပေးရတာပဲ ဖြစ်တယ် ။ ဒီလိုမှ မလုပ်လို့ရှိရင်လည်း အိမ်နီးပါးချင်းတွေက ဘယ်မှာ ရိုသေသမှု ရှိတော့မှာလဲ ၊ သူတို့တစ်တွေကမှ မရိုသေရင် မကြောက်ရွံ့ရင် တို့တစ်တွေဟာ လုပ်ငန်းတွင်ကျယ်မှာ မဟုတ်တော့ဘူး ။

ဘုန်းတော်ကြီးဘုရားဟာ အင်္ဂလိပ်တွေကို ဒီတိုင်းပြည်က မောင်းထုတ်နိုင်တာ ဘာကြောင့်များ မှတ်သလဲ ၊ သူတို့ကို ကြောက်ရွံ့သွားအောင် လုပ်တော်မူနိုင်လို့ပဲ ၊ ဒုက္ခ ပေးနိုင်လောက်အောင် အတက်ရှည်လာရင် အတက်ကို ဖြတ်ပစ်ရမယ် ၊ ဆိတ်နိုင် ပေါက်နိုင် လောက်အောင် နှုတ်သီးရှည်လာရင်လို့ရှိရင် နှုတ်သီးကို ဖြတ်ပစ်ရမယ် ၊ ပျံနိုင်လောက်အောင် အတောင်အလက် ရှည်ထွက်လာလို့ရှိရင်လည်း အဲဒီ အတောင်အလက်ကို ဖြတ်ပေးရမှာပေါ့ ”

“ မောင်မောင် ဆာတော်မူပြီ စုဘုရား ၊ ကဲ … စားတော်ခေါ်ကြရအောင် သွားကြစို့ရဲ့”  ဟု သီပေါမင်း က စုဖုရားလတ် အား သူခေါ်နေကျအတိုင်း မြတ်နိုးစွာ ခေါ်လျက် မိန့်တော်မူလိုက် လေသည် ။

ဘုရင် နှင့် မိဖုရား တို့သည် မြက်ခင်းကို ဖြတ်လျက် အဆောင်တော်သို့ ဝင်သွားကြသည် ။ သူတို့နှစ်ဦးသည် ညနေစာကို စားတော်ခေါ်နေကြသည် ။ မြန်မာတို့၏ ရာဇဝင် အစဉ်အဆက် တစ်လျှောက်ဝယ် မိမိ၏ အရှင်သခင် ဘုရင်မင်းမြတ် နှင့် လက်တော်ဆုံ၍ စားတော်ခေါ်ခြင်း၌ စုဖုရားလတ် သည် ပထမဦးဆုံး ထိုအခွင့်အရေးကို ခံစားရသော မိဖုရား ဖြစ်လေသည် ။

စုဖုရားလတ် သည် စားတော်ခေါ်ရာတွင် ရေသောက်လျက် စားတော်ခေါ်လေ့ ရှိသည် ။ သီပေါဘုရင် က ထိုသို့မဟုတ် ပြင်သစ်ဝိုင် နှင့် မျှောလျက် စားတော်ခေါ်လေ့ ရှိသည် ။ ဒါကို စုဖုရားလတ် က စိတ်ဝင်စားစွာဖြင့် ကြည့်နေလေ့ရှိသည် ။ ယင်း စိတ်ဝင်စားစွာ ကြည့်သည့် နောက်ကွယ်တွင် အဓိပ္ပာယ် မြောက် မြားစွာ ရှိနေလိမ့်မည်ကိုကား အဘယ်သူ တစ်ဦး တစ်ယောက်ကမျှ သိနိုင်မည် မဟုတ်ပေ ။

တစ်နှစ်တာ ကာလအတွင်း၌ မြန်မာတို့၏ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ဘိုးစဉ်ဘောင်ဆက်က လုပ်ဆောင်ခဲ့သော အစဉ်အလာသည် တစ်ခုပြီး တစ်ခု မှန်မှန်ကြီး ကုန်လွန်ခဲ့လေသည် ။

အမြို့မြို့ အနယ်နယ် အရပ်ရပ်မှ ရွှေဖဝါးတော်အောက် အကန်တော့ ရောက်ရှိလာရသော ဝါကျွတ် ကန်တော့လက်ဆောင်ဆက် အစီအစဉ် အခမ်းအနား တစ်မြို့လုံးတွင် ဆင်ယင် ခင်းကျင်းလျက် အဆောင်ကိုင် မင်းလုလင်တို့သည် ရွှင်ရွှင်မြူးမြူး သွားလာနေကြသည် ။ ခမ်းနားသော ဆင်ကြီးများသည် စီးသူများအား တင်ဆောင်လျက် ဥဒဟို သွားလာနေကြပေသည် ။

မိမိတို့ ရာထူးအလိုက် အမှုထမ်း အရာထမ်းများသည် ဝတ်ကောင်းအဆင်း အဆောင်အယောင်များဖြင့် သွားလာနေကြလျက် စစ်ဝတ်ဆင်၍ အလံကိုင်သော မြင်းသည်တော်များ ၊ သေနတ်လုလင်များ ၊ ကိုယ်ရံတော် တပ်သားများ ၊ မှူးတော်မတ်တော်များ ၊ အမြောက်စု ၊ အဝန်းငယ်သားများနှင့် အခြွေအရံ နောက်တော်ပါများ စည်စည်ကားကား ဖြစ်နေလျက် ရွှေမြို့တော်တစ်ဝိုက်တွင် ဝင်လိုက်ထွက်လိုက် သွားလိုက်လာလိုက်နှင့် ရှုပ်ထွေးလျက် ရှိလေသည် ။

လွှတ်တော်ရှေ့တွင် ဝင်းတော် ငါးတပ် ခင်းမြဲ ခင်းသည် ။ ထီးဖြူမင်း ခင်းကျင်းသည် ။ စည်တော်စုံ နှင့် ဝင်းစည်လည်း ခံမြဲ ခံသည် ။ မင်းသား ၊ မင်းမြေး ၊ မှူးတော် ၊ မတ်တော်တို့သည် ဝတ်ကောင်းစားကောင်းနှင့် နေရာသို့ တက်လာကြသည် ။ အချိန်သင့်သည့်အခါ၌ သီပေါမင်း သည် သရဖူ သင်းကျစ်ဆင်လျက် ထွက်စည်တော် တီးလျက် ကြွချီတော်မူလာသည် ။ သည့်နောက် ရာဇပလ္လင်တော်တွင် ထိုင်တော်မူလေသည် ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment