Thursday, October 14, 2021

ကမ္ဘာစစ်ကြီး ပေါက်ကွဲလာလေပြီ


 

❝  ကမ္ဘာစစ်ကြီး ပေါက်ကွဲလာလေပြီ ❞

ကျွန်တော် ဤလို ချစ်ကိစ္စ ချစ်ရေယာဉ်ကြော မျောနေစဉ် ၊ ဤလို အနုအယဉ် ချစ်စာပေတွေ ပြုစုနေစဉ် -

ကမ္ဘာ့အခြေအနေကား အောက်ကနေ၍ ပွက်ထနေသော စစ်လှိုင်းဖြင့် ခုံးထအုံကြွနေသည် ။

၁၃ဝဝ ပြည့် အရေးတော်ပုံတုန်းကလို ပြည်သူလူထုတစ်ရပ်လုံး အုံကြွလှုပ်ရှားခြင်း မရှိသော်လည်း သခင်များ ခေါင်းဆောင်သော သီးစားခ တိုက်ပွဲများ ၊ အလုပ်သမား တိုက်ပွဲများ ၊ နိုင်ငံရေးစည်းရုံးမှုများကား ဟိုမှာ သည်မှာ ပေါ်နေသည် ။ ကျောင်းသားတို့၏ သံမဏိတပ်များ လေ့ကျင့်နေကြသည် ။

သခင်စိုး က ဗမာ့တော်လှန်မှု ၊ သခင်ဘဟိန်း က အလုပ်သမားလောက ၊ သခင်လှဖေ က ကမ္ဘာ့ နိုင်ငံရေးမြေပုံ ၊ သခင်နု က ကျွန်တော်ဘုံဝါဒသမား စသည်ဖြင့် ရေးနေကြသည် ။

ဟစ်တလာ ဂျာမနီ က ဆိုဗီယက် ရုရှား နှင့် အပြန်အလှန် မကျူးကျော်ရေး စာချုပ် ချုပ်ဆိုလိုက်လေသည် ။

ကိုသိန်းဖေ က ထိုစာချုပ် ကို နဂါးနီဂျာနယ် မှာ ထောက်ခံရေးသားလိုက်၏ ။ ဆိုဗီယက်ယူနီယံ သည် အင်္ဂလိပ် ပြင်သစ် တို့နှင့် ပူးပေါင်း၍ လုံခြုံရေးစာချုပ်ဖြစ်အောင် လုပ်ခဲ့၏ ။ ချိန်ဘာလိန် တို့က ကဖျက်ယဖျက် လုပ်ခဲ့သည် ။ ဆိုဗီယက်ယူနီယံ သည် ဘယ်တိုင်းပြည်ကို မှ ကျူးကျော်စော်ကားမည် မဟုတ် ။ မည်သည့်နိုင်ငံနှင့် မဆို အချင်းချင်း မကျူးကျော်ရေးစာချုပ် ချုပ်နိုင်သည် ။ ဟစ်တလာ ဂျာမနီ နှင့်လည်း မကျူးကျော်မစော်ကားရေးစာချုပ် ချုပ်နိုင်သည် ။ ထို ကိုသိန်းဖေ ၏ ဆောင်းပါးကို အကြောင်းပြုပြီး အစိုးရတို့က နဂါးနီဂျာနယ် ကို သိမ်းလိုက်လေသည် ။

' နယ်ချဲ့စနစ်ကို ပြည်တွင်းစစ်သို့ ပြောင်းပစ် ' ဟူသော အသိဖြင့် သခင်စိုး ၊ သခင်နု ၊ သခင်အောင်ဆန်း ၊ သခင်သန်းထွန်း ၊ သခင်တင်မောင်ကြီး ၊ သခင်ကျော်စိန် ၊ သခင်မြ စသော ခေါင်းဆောင်များသည် နိုင်ငံရေးလုပ်ငန်းများ လုပ်နေကြလေသည် ။

၁၉၃၉ ခု ၊ စက်တင်ဘာလ ၁ ရက်နေ့ ။

ဟစ်တလာ သည် ပိုလန်ပြည် အား စစ်ကြေညာပြီး ဝင်ရောက် တိုက်ခိုက်ခြင်းအားဖြင့် ဒုတိယ ကမ္ဘာစစ်ကြီးကို စလိုက်သည် ။

၁၉၃၉ ခု ၊ စက်တင်ဘာလ ၃ ရက်နေ့ ။

ပြင်သစ် နှင့် အင်္ဂလန် တို့က ဂျာမနီ အား စစ်ကြေညာလိုက်လေသည် ။

အဖြစ်အပျက်တို့သည် တစ်ခုပြီး တစ်ခု လေမုန်တိုင်းကြီး ကျသလို ဆောင့်၍ ဆောင့်၍ တိုက်ခတ် လာပေသည် ။

ပိုလန်ပြည် သည် ခဏအတွင်း နာဇီ လေမုန်တိုင်းကြီးရှေ့တွင် ဗုန်းဗုန်းလဲကျ ပြိုလဲတော့မည်ကဲ့သို့ ရှိလေ၏ ။ ဆိုဗီယက် တပ်မတော်ကြီး သည် ၁၉၁၇ ခု ၊ တော်လှန်ရေး ပြီးခါစက ပိုလန်အစိုးရ အား ပေးထားရသော မိမိပိုင်နယ်များကို ဝင်ရောက်သိမ်းယူလေသည် ။

နာဇီဂျာမနီ နှင့် ဆိုဗီယက်ယူနီယံ တို့ တစ်ပြည်နှင့် တစ်ပြည် မကျူးကျော်ရေးစာချုပ် ချုပ်လိုက်သော အခါ ကျွန်တော်တို့ အယ်ဒီတာ က -

“ အင်း ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကြွယ်လို့ အဆိုရှိတဲ့ အတိုင်းပဲ တယ်ပြီး အသိ ခက်တာပဲ ၊ တို့ ဆိုဗီယက်ယူနီယံ ဟာ အင်္ဂလိပ် ၊ ပြင်သစ် တို့နဲ့ မဟာမိတ် ဖြစ်လိမ့်မယ်ထင်တာ ၊ ခုတော့ နာဇီ တွေနဲ့ မဟာမိတ် ဖြစ်သွားပြီ ”   ဟု ကျွန်တော့်အား ပြောလေသည် ။

ကျွန်တော်သည် နဂါးနီဂျာနယ် မှာ ပါသော ကိုသိန်းဖေ ၏ ဆောင်းပါးကို ဖတ်ထားပြီး ဖြစ်သဖြင့် -

“ မဟာမိတ်ဖွဲ့တာမှ မဟုတ်ဘဲ ဆရာရဲ့ ၊ အချင်းချင်း မကျူးကျော်ရေး ဆိုတာလောက်ဟာပဲ ၊ ငါ့ဟာငါ နေမယ် ၊ မင်းဟာမင်း နေလို့ ဆိုတာလောက်ပဲ ဆရာရဲ့ ”

“ မင်း ထင်သလောက် မရှင်းဘူးဟေ့ ၊ အထူးသဖြင့် ရုရှား ဟာ အသိ ခက်တယ်ကွ ”

ဂျာမနီ က ပိုလန် ဝင်သိမ်းပြီး အင်္ဂလိပ် နဲ့ ပြင်သစ် တို့က စစ်ကြေညာလိုက်သောအခါ ကျွန်တော့် အယ်ဒီတာ က ကျွန်တော့် အား တာဝန်သစ်တစ်ခု ပေးပြန်လေသည် ။ စစ်ကြီး ဖြစ်ပွားလာသောကြောင့် ဗမာ့ခေါင်းဆောင်များ နှင့် ပြည်သူပြည်သား အများတို့က ဘယ်သို့ ထင်မြင်ယူဆကြသည် ၊ ဘာတွေ ပြောဆိုနေကြသည် ၊ ဘယ်လို ဂယက်ရိုက်သည်များကို စနည်းနာပြီး သတင်းဆောင်းပါး ရေးရန် ဖြစ်လေသည် ။ ထိုတာဝန်သစ်နှင့်အတူ ခရီးစရိတ် ငွေ ၂ ကျပ် လည်း ထုတ်ပေးလိုက်သေး၏ ။

လူအများသည် စစ်ကို မလွှဲမရှောင်သာဖြစ်ရမည့် ကိစ္စတစ်ရပ်အနေနှင့် လက်ခံထားကြ၏ ။ ဥရောပ မှာ ဖြစ်နေသောကြောင့် ကိုယ်နှင့် မဆိုင်သလို လိုလည်း သဘောထားကြသည် ။ “ သူတို့ ဘာသာ ဖြစ် ဖြစ်ပါစေ ၊ တို့အပူ တစ်ပြားဖိုးမှ မပါပါဘူး ”  ဟု ဆိုသူက ဆိုသေး၏ ။ မြန်မာပြည် အစိုးရ သည် အင်္ဂလိပ်လက်အောက်ခံ အစိုးရ ဖြစ်၍ မြန်မာပြည်အစိုးရ ကလည်း ဂျာမနီ အစိုးရအား စစ်ကြေညာလိမ့်မည် ဖြစ်ကြောင်း ကျွန်တော် သတိပေးသောအခါတွင်လည်း “ မြန်မာပြည် အစိုးရက စစ်ကြေညာချင် ကြေညာပစေပေါ့ ၊ သူ့ဘာသာ တိုက်လိမ့်မပေါ့ ၊ ကျုပ်တို့က ကြည့်နေရုံပြင် ဘာလုပ်စရာ ရှိသလဲ ”  ဟု ငေါ့သူက ငေါ့လေသည် ။ နိုင်ငံရေး နိုးကြားမှု အထိုက်အလျောက်ရှိသော သူများကမူ အင်္ဂလိပ် ဒုက္ခရောက်ပြီ ဖြစ်သဖြင့် ဝမ်းသာနေကြသည် ။ အင်္ဂလိပ် ရှုံးရန် လိုလားနေကြ၏ ။ သခင်ခေါင်းဆောင်အချို့ ကသာ စစ်သည် မလိုလားအပ်သောအရာ ဖြစ်သည် ။ လောကမှာ စစ် ဆိုသော အရာ မရှိအောင် လုပ်ရမည် စသဖြင့် ပြောကြသည် ။ သို့သော် သူတို့သည် သည် နေရာတွင် မရပ် ၊ ကမ္ဘာလောကတွင် အရင်းရှင်စနစ် တည်ရှိနေသေးသမျှ စစ်ဖြစ်နေမည်ဟူသော ပိုင်းခြားဝေဖန်မှုကိုလည်း ပြုကြသည် ။ စစ်ဖြစ်စေသော အရင်းရှင်စနစ်ကို ဖျက်ဆီးပစ်ရမည် ။ နယ်ချဲ့သမားအချင်းချင်း စစ်ခင်းနေကြစဉ် ကိုလိုနီနိုင်ငံများက ပြည်တွင်းစစ် ဆင်နွဲရမည် စသည်ဖြင့်လည်း အလုပ်လမ်းညွှန်ကြပေသည် ။ ကျွန်တော် ရေးရသော သတင်းဆောင်းပါးတွင် ထိုကဲ့သို့သော သခင်ခေါင်းဆောင်အချို့၏ ထင်မြင်ချက် ၊ လမ်းညွှန်ချက် များကိုပါ ရေးချရာ အယ်ဒီတာသည် ဂယ်လီပရုတွေ မြင်ရသောအခါ မျက်လုံးမျက်ဆန် ပြူးသွားပြီး -

“ အေး ဒါမျိုးတွေ ရေးထည့်ရင်တော့ တို့သတင်းစာ ပိတ်ရမှာ သေချာတာပဲကွ ၊ အောင်ကျော် တို့ ကိစ္စတုန်းကထက် ဆိုးမယ် မောင်ရင်ရေ့ သတိထား ”  ဟု ဆိုလေသည် ။ ပြီးနောက် ၎င်းတို့ကို ပယ်ထုတ်လိုက်လေသည် ။

ကျွန်တော်သည် ထိုတာဝန်သစ်နှင့်ပတ်သက်ပြီး မဂိုလမ်း ( ရွှေဘုံသာလမ်း ) သို့လည်း ရောက်သွားခဲ့သေး၏ ။ ချက်ချင်း ရွှေဈေး တက်သွားသည် ။ အထည်အလိပ်နှင့် နိုင်ငံခြားကုန်ပစ္စည်း ဈေးများလည်း ခုန်၍ တက်သွား၏ ။ နိုင်ငံခြားသို့ ပို့ရန်ဖြစ်သော ဆန်စပါးနှင့် အခြား ကောက်ပဲသီးနှံ ဈေးများကား ဒလဟော ကျဆင်းသွားပေသည် ။ ကိုယ် နှင့် ဘာမျှ မဆိုင်ဘူး ထင်သော ဗမာအများ အား ထိခိုက်လေတော့မည် ။ မဂိုလမ်း တစ်ဝိုက်တွင် စနည်းနာပြီးနောက် မမြမှီ ထံသို့လည်း ဝင်သွားလေသည် ။ လူချင်း မတွေ့တာ ကြာပြီ ။ ကုန်သည်တစ်ယောက်အနေ နှင့် စစ်ကြီး ကို ဘယ်လို မြင်သလဲ ဟုလည်း မေးရဦးမည် ။

အခါတိုင်းလိုပင် ဖော်ရွှေပြုံးရွှင်သော မမြမှီ ။

“ ဟေ့ ဘယ်ကပေါက်လာသလဲ ၊ ထိုင် ထိုင် ၊ မလာတာ ကြာပါပကောလားကွ ”

ကျွန်တော်သည် ဤစကားမျိုးကို မျှော်လင့်ပြီးသားဖြစ်သဖြင့် ဆင်ခြေရှာပြီးသား ဖြစ်သည် ။ ပေးသော ကုလားထိုင်တွင် ဝင်ထိုင်ရင်း -

“ မအားလို့ပါ မမရယ် ”

“ ဘာများ မအားရပြန်တာလဲ ၊ တစ်ခါလာလည်း မအား ၊ တစ်ခါလာလည်း မအားနဲ့ ”

ကျွန်တော်က ဘာမျှပြန် မပြောဘဲ ပြုံးပြီး မမြမှီ အား စေ့စေ့ကြည့်နေစဉ် မမြမှီ ၏ မျက်နှာမှာ တည်တံ့ ငြိမ်သက်သွားသည် ။

“ စစ်ကြီးဖြစ်ပြီ ဆိုပဲ ၊ မောင်တင်ထွန်း ဘယ်လို ထင်သလဲ ၊ ဘာတွေများ ဖြစ်လာဦးမှာလဲကွယ် ”

“ ဟင် ကျွန်တော် မမ ဆီ လာတာက အဲဒီ မေးခွန်းကို မေးမယ်လို့ လာတာ ”

“ အို - မမ မှာ ဘာ ဗဟုသုတ ရှိလို့ မောင်လေး က မေးရမှာလဲ ”

“ ဒီမေးခွန်းကို ဖြေတဲ့နေရာမှာ ဗဟုသုတ မရှိဘူးဆိုတဲ့ ရိုးရိုးကုန်သည်တစ်ယောက် အနေနဲ့ မမ က ဖြေရမှာပါ ။ ဒီလိုပါ မမ ၊ ကျွန်တော် အခု သတင်းစာတိုက် မှာ လက်ထောက်အယ်ဒီတာ ဝင်လုပ်နေတယ် ၊ အခု စစ်ဖြစ်လာတယ် ဆိုတော့ ”

“ ကြည့်စမ်း ဘယ်တုန်းကများ ဝင်လုပ်လိုက်သတုံး ၊ မင်းကလေးဟာ မမ ကိုလည်း ဘာမှ မပြောပါဘဲကလား ”

“ ပြောရင် ဖျက်နေမှာ စိုးလို့ ၊ အခု စစ်ဖြစ်လာတယ်ဆိုတော့ စစ်ဖြစ်တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဗမာပြည်သူပြည်သားတွေ က ဘယ်လို ထင်မြင်တယ် ၊ ယူဆတယ် ၊ ဘယ်လို ဂယက်ရိုက်တယ် ဆိုတာ ကျွန်တော်တို့ရဲ့ သတင်းစာမှာ ထည့်သွင်းဖော်ပြဖို့ လိုတယ် ၊ ဒါကြောင့် မမ ဆီ တမင်လာပြီး မေးတာပါ ”

“ ဪ ဒီလိုကိုး ၊ စစ်ကြီးက ပို့လိုက်လို့ မောင်တင်ထွန်း မမ ဆီ ရောက်လာတာပေါ့နော် ၊ စစ်ကြီးကိုပဲ ကျေးဇူးတင်ရဦးမလို ဖြစ်နေပြီ ”

ကျွန်တော်က သည်လိုအပြောခံရတာ သဘောကျသလိုလို ရှိသော်လည်း မူရာမာယာလုပ်ပြီး နှုတ်ခမ်း စူလိုက်သည် ။

“ အို မမ ကလည်း ဒီလို မငေါ့စမ်းပါနဲ့ ၊ ကျွန်တော် မကြိုက်ဘူး ၊ ဆူတာ ဆဲတာ ကြိမ်းတာ ခံချင်သေးတယ် ၊ ရိုက်တာ ခံချင်သေးတယ် ”

ရှေ့မဆက်ဘဲ စူ၍သာ နေလိုက်သည် ။ မမ က အတန်ကြာ ပြုံးနေပြီးနောက် -

“ မမ နောက်ဘယ်တော့မှ မငေါ့ ပါဘူး ၊ မျက်နှာကြီး စူမထားစမ်းပါနဲ့ ၊ စူနေတဲ့ မျက်နှာကြီးကို မမ ကလည်း မကြည့်ချင်ပါဘူး ၊ ကဲ ကဲ မစူနဲ့တော့နော် ၊ တစ် - နှစ် - သုံး ပြုံးလိုက် ပြုံးလိုက် ဟော ဟော ဟုတ်ပြီ ”

ကျွန်တော်သည် မစူမအောင့်နိုင်တော့သည်မက ပြုံးရုံမျှဖြင့် မကျေနပ်နိုင်တော့ဘဲ တဟဲဟဲ ရယ်နေမိလေတော့သည် ။

“ ကဲ ပြောစမ်းပါဦး ၊ စစ်ကြီး ဖြစ်လာရပြီဆိုတော့ တို့ဆီမှာ ဘာတွေများ ဖြစ်ကုန်ဦးမှာလဲ ”

“ ကျွန်တော် မဂိုလမ်း တစ်ဝိုက် စုံစမ်းရသလောက်တော့ ဥရောပ မှာ စစ်ကြီးလည်း ဖြစ်တယ်ဆိုရော နိုင်ငံခြားက ကုန်ပစ္စည်းတွေ ဈေးတက်ပြီး ကျွန်တော်တို့ ပြည်ထွက် နိုင်ငံခြားပို့ဖို့ ကုန်တွေ ဈေးကျ ကုန်တယ် ”

“ အင်း ဒါတော့ အမှန်ပဲ ။ အပြင်လူတွေ သိတာက ဝိုင်သားတွေ ၊ ပိုးတွန့်တွေ ၊ စက္ကူတွေက ဈေးတက်သွားတာလောက်သာ သိကြတာ ၊ မမ တို့ ကုန်သည် အချင်းချင်း ဘာဘူတွေဆီက သိရတာက ဒါတွေ တက်တာက သိပ် အရေးမကြီးဘူး ။ ဒီက ကုန်သည်တွေက ဈေးမြှင့်ကြတာ ။ သံထည် ၊ သွပ်ထည် ၊ ဘိလပ်မြေ ၊ ဆေးဝါးဈေးတွေ တက်တာက ဟိုက ကို ကြေးနန်း နဲ့ ချက်ချင်း အကြောင်းကြားပြီး တက်တာ ။ မမ မှာ ဆန် နဲ့ ပဲ နိုင်ငံခြား ပို့စရာ ရှိနေတယ် ၊ သတ်မှတ်ထားတဲ့ ရက် သင်္ဘောရောက် မယ် မဟုတ်ဘူးတဲ့ ၊ ဟိုရောက်အောင် ပို့နိုင်ရင် ဈေးကောင်းရဖို့ သိပ်မခက်ပါဘူး ။ ခု ပို့ဖို့ သင်္ဘောလည်း ခက်ရော ဈေးတွေကလည်း ကျကုန်ရော ”

မမြမှီ က ထိုသို့ ရှင်းပြပြောဆိုနေစဉ် ကျွန်တော်သည် မမြမှီ ၏ ကြီးမားသော အလုပ်အကိုင် အကြောင်းကို စဉ်းစားမိသည် ။ မမြမှီ ၏ ကူးသန်းရောင်းဝယ်ရေး မှာ ပြည်တွင်းမှာ သာမက ပြည်ပ မှာလည်း ရှိသည် ။ ဗမာထဲတွင် ပြည်ပနှင့် ကူးသန်းရောင်းဝယ်နိုင်သူ ရှားလှ၏ ။ ခင်ပွန်းသည် မှာ အိမ်တွင် သွက်ချာပါဒဖြင့် လဲနေသူ ဖြစ်သော်လည်း မမြမှီ ကား အားမလျှော့ဘဲ စိတ်မပျက်ဘဲ ဤအလုပ်ကို နိုင်နင်းစွာ လုပ်နေပေသည် ။ စကားဖြတ်၍ ဘယ်လို နိုင်နင်းအောင် လုပ်သလဲဟု မေးချင်သည် ။ သို့သော် စကားဖြတ်ခွင့် မရ ။ မမြမှီ က ဆက်ပြောသည် ။

“ ကွယ် ဒါတွေက မမ အဖို့တော့ အရေး မကြီးပါဘူး ၊ နိုင်ငံခြားနဲ့ ကူးသန်းရောင်းဝယ်လို့ မရဘူး ဆိုလည်း ပြည်တွင်း ကူးသန်းရောင်းဝယ်ရေး တစ်ခုတည်း လုပ်နေမှာပါပဲ ။ ပြည်တွင်း ကူးသန်းရောင်းဝယ်ရေး လုပ် မရရင်လည်း ရှိတာကလေး ထိုင်စားနေရုံပါပဲ ၊ အရေးကြီးတာက စစ်ကြီးဟာ ဥရောပ တွင် မနေဘဲ တို့ အရှေ့ဘက်ကူးလာရင် ခက် မှာပဲ ၊ က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာအဓိကရုဏ်း အတိုက်အခိုက် မှာတောင် လူတွေ ဒီလောက် ဒုက္ခရောက်ကြရင် စစ်ကြီးများ ဒီကိုကူးလာရင် ဘယ်လောက် ဆိုးမလဲ ”

မမြမှီ သည် ထိုအတွေးဖြင့် အတော်ရင်လေးသွားဟန်တူသည် ။ စိတ်တွင်မက လူပါ မောလာဟန် ရှိသည် ။ သက်ပြင်းချပြီး ရပ်နားနေ၏ ။ ကျွန်တော်လည်း မမြမှီ ကဲ့သို့ပင် စစ်ကြီးများ ကူးလာရင် ဟူသော အတွေးဖြင့် ရင်လေးနေ၏ ။ ထိုစဉ်က ဥရောပစစ်ကြီး ကူးစက်ပြန့်ပွားလာမည်ကို ကြိုတင်စိတ်မောသူ အတော်ရှား၏ ။ ထိုရှားသူများအထဲတွင် အဖော်ဖြစ်နေကြသော မမြမှီ နှင့် ကျွန်တော် တို့သည် တစ်ယောက် နှင့် တစ်ယောက် ကိုယ်ချင်းစာနာစရာ ၊ လေးစားစရာ အများအပြား တွေ့နေကြလေသည် ။ နှစ်ကိုယ့်တစ်စိတ် ဖြစ်နေကြပေသည် ။

“ ကဲကွာ ရင်လေးစရာ စိတ်မအေးစရာတွေ မေ့ထားလိုက်ကြပါဦးစို့ရဲ့ ။ မောင်တင်ထွန်း က ဘယ့်နှယ်လုပ်ပြီး သတင်းစာအယ်ဒီတာ ဖြစ်သွားရတာတုံး ။ သူများတွေမှာ ဘီအေ အောင်တယ် ဆိုရင် မြို့အုပ် ၊ ဝန်ထောက် စသည်ဖြင့် လုပ်ကြတယ် ”

“ မြို့အုပ် ၊ ဝန်ထောက် ဆိုတာ ကျွန်အကြီးစားတွေပဲ မမ ရဲ့ ၊ ကျွန်တော် က အစိုးရလခစား ကျွန် မလုပ်ချင်ဘူး ၊ လွတ်လွတ်လပ်လပ် ”

“ အေးပေါ့လေ ၊ မင်းတို့ က သခင်တွေ ဆိုတော့ ဟုတ်တာပေါ့ ။ နို့နေပါဦး လခကော ဘယ်လောက်ရသလဲ ”

“ တစ်လ ခြောက်ဆယ့်ငါး ကျပ် ”

“ အို ဘာမှ မရပါဘဲလားကွ ၊ မင်း တစ်ဝမ်းတစ်ခါးမှ လောက်ရဲ့လားကွယ် ”

အကယ်စင်စစ် ကျွန်တော်သည် ဤလခကို မကျေနပ်ပါ ။ သို့သော် ကိုယ့်အလုပ်ကို မှိတ်၍ ကာကွယ်ရ၏ ။

“ လောက်ပါတယ် ”

“ မင်း တစ်ဝမ်းတစ်ခါးအတွက် လောက်တယ် ထားဦး ၊ မင်းမိဘ ကို ဘယ်မှာ ထောက်ပံ့နိုင်ပါ့မလဲ ။ ကိုယ်က ပညာတတ်ပြီး အလုပ်အကိုင် ရတယ်ဆိုရင် မိဘ ကို ကျေးဇူးဆပ်ရတယ် ။ ဆွေမျိုးသားချင်း ကို ထောက်ပံ့ရတယ် ”

“ ဒါတော့ မတတ်နိုင်ဘူး မမရဲ့ ၊ ကျွန်တော်က နိုင်ငံရေးတာဝန်ခံချက်တွေလည်း ရှိသေးတော့ ”

ကျွန်တော်က ရှေ့ဆက် မပြောတော့ဘဲ ခပ်တွေတွေ ခပ်ငေးငေး နေလိုက်သည် ။ နိုင်ငံရေးသမား လည်း လုပ်ချင် ၊ အသက် မွေးဝမ်းကျောင်း အလုပ်လည်း လုပ်ချင်သော ကျွန်တော့် အခက်အခဲများကို ထပ်မံ တင်ပြရလျှင် ဓာတ်စက် အပ်ကြောင်းထပ်သလို ရှိပေတော့မည် ။ မမြမှီ က ခပ်ငေးငေး ခပ်တွေတွေ လုပ်နေသာ ကျွန်တော့်အား အကဲခတ်၍သာ ကြည့်နေသည် ။

အပြင်ဘက် မှအုတ်အုတ်ကျက်ကျက် အသံများကို ကြားရသဖြင့် နောက်လှည့်ကြည့်လိုက်သည် ။ မမြမှီ လည်း ကျွန်တော် နှင့်အတူ အပြင်ဘက် သို့ လှမ်းကြည့်လေသည် ။ နေပူရာမှ မိုးဖွားများ ရုတ်တရက် ကျလာသောကြောင့် လူအများ ရုတ်ရုတ်ရက်ရက် ဖြစ်သွားခြင်း ဖြစ်လေသည် ။ ဘာဘူ က̶̶ု̶̶လ̶̶ာ̶̶း̶များကား ဒိုတီ စ ကို မကိုင်လျက် မိုးခိုရန် နီးရာဆိုင်သို့ ပြေးကပ်ကြသည် ။ လမ်းပေါ်မှ အစားအသောက်ဆိုင်ကလေးများကို အပြေးအလွှား ရုပ်သိမ်းသူက ရုပ်သိမ်းနေသည် ။ ဗမာ အသွားအလာ ရှားလှသောလမ်း ။

မျက်နှာချင်း ပြန်ဆိုင်မိကြသောအခါ မမြမှီ က -

“ ကူးသန်းရောင်းဝယ်ရေးကော စိတ်မပါဘူးလား ”

“ ဝါသနာ မပါဘူး မမရဲ့ ”

“ ဝါသနာ ဆိုတာ မွေးယူရတာပေါ့ကွယ် ၊ အမှန်မှာတော့ ကူးသန်းရောင်းဝယ်ရေး အလုပ်ဟာ ပိုပြီး လွတ်လပ်တာပေါ့ ၊ မင်း အယ်ဒီတာ အလုပ်ကမှ တိုက်ပိုင်ရှင်ရဲ့ ကျွန် ဖြစ်နေသေးတာမို့  မင်း ပြောသလောက် လွတ်လပ်မယ် မဟုတ်ပါဘူး ”

မမြမှီ ပြောသမျှကို ကျွန်တော် ချေဖျက်ရန် ခဲယဉ်းသည် ။

“ မမ ပြောတာ ဟုတ်တော့ဟုတ်တာပဲ ၊ ဒါပေမဲ့ ”

“ ဒါပေမဲ့ ဘာဖြစ်သလဲ ”

“ ကုန်ကူးသန်းရောင်းဝယ်ရေး ဆိုတာ အရင်းအနှီး လိုတယ် ၊ ကျွန်တော် က အရင်းအနှီး တစ်ပြားမှ မတတ်နိုင်ဘူး ”

“ မမ ပြောမယ် ၊ အရင်းအနှီး ဆိုတာ မောင်တင်ထွန်း လို ရိုးသားသူ ၊ ဉာဏ်ထက် မြက်သူ တစ်ယောက် အဖို့ ဘာမှ ခက်ခဲစရာ မရှိဘူး ။ မင်းကသာ ကုန်သည်လုပ်ဖို့ စိတ်ပါမယ် ၊ ဝါသနာ မွေးမြူမယ် ၊ ကြိုးစားမယ်ဆိုရင် ဖြစ်နိုင်တာပဲ ။ တို့ဗမာထဲ မှာ ကုန်သည်ကြီးတွေ ဘယ်လောက် နည်းသလဲ ။ ဒီ မဂိုလမ်း ပဲ လျှောက်ကြည့် ။ ဖရေဇာ ( အနော်ရထာ ) လမ်း ၊ ဒါလဟိုဇီ ( မဟာဗန္ဓုလ ) လမ်း ၊ တရုတ်တန်း ၊ ကုန်သည်လမ်း လျှောက်ကြည့် ၊ ကုလားတရုတ် အင်္ဂလိပ် ကုန်သည်ကြီးတွေသာ ကြီးစိုးနေတာ ။ ကြီးစိုးမှာပေါ့ ၊ မင်းတို့လို ခေတ်ပညာတတ်ကလေးတွေက ကုန်သည် လုပ်ရမှာ စိတ်မှ မပါဘဲ ။ ရှက်နေကြတယ် ထင်ပါရဲ့ ။ ဗမာထဲက ဆာဦးသွင် လို ကုန်သည်ကြီးတွေ ဘယ်လောက် ရှားသလဲ ၊ မရှိသလောက်ဘဲ မဟုတ်လား ။ ဆာဦးသွင် တို့ကတော့ ခေတ်ပညာတတ် ထဲက ထူးထူးခြားခြား ကုန်သည်လောကထဲ ဝင်လာလို့ ကြီးပွားတာ ။ ဆာဦးသွင် ဟာ ကုန်သည် မလုပ်ခင်က ပညာအုပ် လုပ်နေသတဲ့ကွဲ့ ။ ပညာအုပ် ဆက်လုပ်နေရင် ခုနေ ပညာဝန်လောက်သာ ဖြစ်မယ် မဟုတ်လား ။ မမ တို့ မိတ်ဆွေ ဘာဘူက̶̶ု̶̶လ̶̶ာ̶̶း̶တွေ ရှိတယ် ။ သားတွေက ဘီအေ ၊ အမ်အေ တွေ အောင်ကြတာပဲ ၊ ဒါပေမဲ့ ဈေးရောင်းပဲ ခိုင်းတာပဲ ။ ခေတ်ပညာတတ်သူက ဈေးရောင်းတော့ နိုင်ငံခြားနဲ့ ရင်ပေါင်တန်း လိုက်နိုင်တာပေါ့ ။ မမ တို့မှာ ခေတ်ပညာ မတတ်ဘဲ လုပ်နေရတော့ နိုင်ငံခြားသားတွေနဲ့ နင်လားငါလား မပြိုင်နိုင်ဘူး ။ မပေါက်ရောက်ဘူး ။ သူတို့နဲ့ပဲ ပေါင်းပြီး မှေးလုပ်နေရတယ် ။ ဒီတော့ တကယ့် စေတနာနဲ့ မင်း ကို မမ က အကြံပေးချင်တယ် ၊ ကုန်သည် လုပ်ဖို့ စဉ်းစားစမ်းပါ ”

“ မမ ပြောတာတွေက အမှန်ချည့်ပဲ ၊ သို့ပေမယ့် ”

“ လာပြန်ပြီ သို့ပေမယ့်တွေ ”

“ သို့ပေမယ့် ကျွန်တော် က ရုတ်တရက် ဟုတ်ကဲ့ လို့ မဖြေချင်ဘူး ၊ စဉ်းစားပါရစေဦး ”

“ တကယ် လေးလေးနက်နက် စဉ်းစားနော် ၊ မမ ကို အားနာလို့ စဉ်းစားပါ့မယ်ဆိုပြီး ရှောင်သွားတာ မဖြစ်စေနဲ့ ”

ကျွန်တော် က ပြုံးရုံသာ ပြုံးလိုက်တော့သည် ။ ကျောင်းသားအဖြစ် နှင့် အရေးတော်ပုံတွင်း ရောက်ခဲ့ရသည် ။ အရေးတော်ပုံတွင်းမှာ သခင်တို့နှင့် နီးစပ်ခဲ့ရသည် ။ သခင်တစ်ပိုင်း ဖြစ်ခဲ့ရသည် ။ ဆင်းရဲသား ပစ္စည်းမဲ့ သဘောတရားများ ကြားနာရသည် ။ ဓနရှင်လောက ကို မုန်းတီးခဲ့ရသည် ။ ထို့ကြောင့် ကုန်သည်ဓနရှင်လောက သို့ ဝင်ရန် မစဉ်းစားမိခဲ့ ။ မစဉ်းစားရသေးသော ကိစ္စကို ချက်ချင်းစဉ်းစားပြီး “ အင်း ”  မလိုက်လိုချေ ။ ခုချက်ချင်းမူ မမြမှီ ပြောသမျှမှာ ချေဖျက်ရန် ခက်သဖြင့် “ အင်း ”  လိုက်ရန်သာ ရှိပေလိမ့်မည် ။

ကျွန်တော် က ငေးနေသည် ၊ မမြမှီ က တွေးနေသည် ၊ အပြင်မှာတော့ မိုးစဲသွားပြီး နေကျဲကျဲ ပူလာလေပြီ ။

ကျွန်တော် က ပြန်ရန် စိတ်ကူးလိုက်စဉ် “ ရင်လေးစရာတွေ မေ့ထားကြပါစို့ ”  ဟု ပြောခဲ့သော မမြမှီ က မေ့ရဟန် မတူ ။

“ မင်းတို့က ဗဟုသုတ ရှိသူတွေဆိုတော့ ခု ဥရောပမှာဖြစ်နေတဲ့ စစ်ကြီး ဟာ ဒီ အရှေ့ဘက်ကို ကူးလာဖို့ မြင်သလား ”

“ ကမ္ဘာ့ရေးရာတွေဟာ ဆက်နေတယ်ဗျ ၊ ငြိမ်းချမ်းရေးဟာ ဆက်နေသလို စစ်ဖြစ်ရေးဟာလည်း ဆက်နေတာပဲ ၊ သို့ပေမယ့် ရုတ်တရက် ချက်ချင်း ကူးချင်မှ ကူးမယ်ပေါ့လေ ”

“ အေးကွယ် မကူးပါစေနဲ့လို့ ဆုတောင်းရမှာပဲ ”

“ ခု အနောက်ဘက် မှာ ဂျာမနီ က တစ်ဖက် ၊ အင်္ဂလိပ် ပြင်သစ် က တစ်ဖက် စစ်ဖြစ်နေကြတယ် ။ ဂျာမနီ နဲ့ ဂျပန် က အပြန်အလှန် ကူညီရေး စစ်မဟာမိတ် ဖွဲ့ထားတယ် ။ ဘာလင် တိုကျို ဝင်ရိုးတန်း လို့ ခေါ်တယ် ။ အင်္ဂလိပ် နဲ့ ပြင်သစ် က ကျွန်တော် တို့ အာရှ မှာ နယ်မြေတွေ ပိုင်ထားတယ် ၊ စီးပွားရေးစားကျက်တွေ ရှိတယ် ၊ ဂျပန် နဲ့ တရုတ် က စစ်ဖြစ်နေတာ နှစ်နှစ် ကျော်ပြီ ၊ အမေရိကန် က အခု စစ်ထဲ မဝင်သေးပေမယ့် အင်္ဂလိပ် ပြင်သစ် မဟာမိတ်အဖွဲ့ထဲ ဝင်လာမှာပဲ ။ အဲဒီလို ဆက်နေလို့ စစ်မီးကူးစက်မယ်လို့ ပြောတာပဲ ။ သို့ပေမယ့် စစ်ဆိုတာ ကမ္ဘာ့နိုင်ငံရေးမှာ ဈေးဆစ်တာ မသင့်မြတ်တော့တဲ့ နောက်ဆုံးမှ ချကြတာ ၊ ခုတော့ အရှေ့ဘက်က ဂျပန် နဲ့ အနောက်ဘက်က အမေရိကန် တို့ဟာ နိုင်ငံရေး ဈေးဆစ်နေကြတုန်း ၊ စစ်ဖြစ်လာရင် ကိုယ့်ဘက်က နိုင်အောင် အားစုကြတုန်း ။ အခွင့်ကောင်း စောင့်ကြတုန်း ။ ဒါကြောင့် ရုတ်တရက် ဒီဘက် ပျံ့နှံ့ မလာသေးတာပဲ ”

“ မမ ဖြင့် စစ်မဖြစ်ဘဲနဲ့ ဈေးဆစ်တာ တည့်သွားစေချင်တာပါပဲကွယ် ”

ထိုသို့ ပြောနေကြစဉ် တစ်ခါတုန်းက မမြမှီ ထံမှာပင် တွေ့ဖူးသော ဘာဘူ က̶̶ု̶̶လ̶̶ာ̶̶း̶ သည် အပြင်မှာ ပျစ်ခနဲ ကွမ်းတွေထွေးပစ်ခဲ့ပြီး ဝင်လာနေလေသည် ။ မမြမှီ က ဘာဘူက̶̶ု̶̶လ̶̶ာ̶̶း̶အား ကျွန်တော့် ဘေးရှိ ကုလားထိုင်မှာ ထိုင်စေလေသည် ။ ဘာဘူ ၏ ဆွာဒေရှီ ဖျင်အင်္ကျီ နှင့် ပိတ်ဒိုတီ တို့မှာ ဖြူဆွတ် နေ၏ ။ ခုနင်က မိုးသည် သူ့အား တစ်ပေါက်တလေမျှ စဉ်ဟန်မရှိချေ ။

ဘာဘူ သည် မမြမှီ ကို သာမက ကျွန်တော့် ကိုလည်း ရင်ဘတ်ပေါ်မှာ လက်ယှက်၍ နမတ်စ်တေး လုပ်ကာ နှုတ်ဆက်လေသည် ။ ဖောင်းကြွသော ကိုယ်ခန္ဓာကြီးကို သူ့ခြေက သယ်ရာမှာ နှေးသလောက် နမတ်စ်တေး လုပ်ရာမှာ သူ့လက်က သွက်သူဖြစ်သည် ။ ဘာဘူ သည် ထိုင်မိသော အခါ မမြမှီ နှင့် ကျွန်တော့်အား တစ်လှည့်စီ အကဲခတ်၍ ကြည့်နေလေသည် ။ မမြမှီ ကား အနောက်တိုင်း မဆန် ။ ကျွန်တော် နှင့် ဘာဘူ အား မိတ်ဆက် မပေး ။ ကျွန်တော့် မှာ ကြောင် တောင်တောင် ဖြစ်နေစဉ် ဘာဘူ ကပင် စ၍ မမြမှီ အား -

“ ချွတ်တားဆပ် က အမာ နဲ့ ဘာ တော်သလဲ ”

“ ကျွန်မရဲ့မောင် တော်တယ်လေ ၊ ဘီအေ အောင်ပြီးသား ”

“ ကောင်းတယ် ကောင်းတယ် ၊ အားကြီး ကောင်းတယ် ”

“ ခုတော့ သတင်းစာတိုက် မှာ အယ်ဒီတာ ဝင်လုပ်နေတယ် ”

ဘာဘူ သည် ထိုစကား ကို ကြားရသောအခါ လန့်ဖျပ်သွားဟန် ရှိသည် ။ ဖောင်းကြွသော ကိုယ်ခန္ဓာ ကို ကိုင်းညွတ်၍ အရိုအသေပြုခြင်းငှာ မစွမ်းသဖြင့် မျက်နှာမှ အစွမ်းကုန် ရိုသေသော လက္ခဏာကို ပြလေသည် ။

“ အယ်ဒီတာ ဟုတ်လား ၊ ကောင်းတယ် ကောင်းတယ် ၊ အားကြီး ကောင်းတယ် ။ ကျုပ်တို့ ဘုံဘေက အယ်ဒီတာတွေဟာ အင်ဂလေ ဂျီးဆာဟစ် အကြီးဆုံးကိုတောင် ဂရုမစိုက်ဘူး ”

ကျွန်တော်သည် ဘာဘူ ၏ အထင်ကြီးမှုကို ပြုံးရွှင်စွာ ခံယူနေသော်လည်း စိတ်ထဲမှာကား မသက် မသာ ဖြစ်နေသည် ။ ကိုယ်ကလည်း ဂနာမငြိမ် ဖြစ်လာသည် ။ အယ်ဒီတာ နာမည် ခံရသော်လည်း ဘာသာပြန်သာ လုပ်နေရကြောင်း ၊ လခ မှာ ၆၅ ကျပ် သာ ရကြောင်း သိသွားလျှင် ဘယ်လို ဖြစ်သွားမည်နည်း ။ ကျွန်တော်သည် ထိုင်ရာမှ ထရင်း -

“ သွားဦးမယ် မမ ၊ သွားဦးမယ် ဘာဘူကြီး ၊ ကျွန်တော့်တိုက်ကို အချိန်မှီ ပြန်ရဦးမယ် ”

ဘာဘူကြီး သည် ကျွန်တော် နှင့် ကြာရှည် စကားမပြောလိုက်ရသဖြင့် ဝမ်းနည်းသွားဟန်တူသည် ။

“ နောက် အမာ့ ဆီ လာရင် ကျွန်တော့်ဆိုင်လည်း ဝင်ပါနော် ၊ ဟိုနားတင်ပါ အမာ သိပါတယ် ”

“ ဟုတ်ကဲ့ ၊ ဝင်ပါ့မယ် ”

မမြမှီ က ကျွန်တော် နှင့် ရောထရင်း -

“ အေး သွားချင်ရင်လည်း သွားရော့လေ ၊ ဒီတစ်ခါ မေ့သွားတယ် ၊ ဘာမှ မကျွေးလိုက်ရဘူး ”

“ အို ကိစ္စ မရှိပါဘူး ”

မမြမှီ သည် ကျွန်တော့်နောက်က လိုက်လာသည် ။

“ ဪ မောင်တင်ထွန်း ရေ သီတင်းကျွတ်လောက် မှာ မမ ရှမ်းပြည် သွားလည်မလို့ ၊ မင်းလည်း လိုက်လည်ပါလားကွာ ၊ မမ သူငယ်ချင်း သိန်းသိန်း လည်း ပါမယ်လေ ”

“ ပြည်လမ်း က သိန်းသိန်း လား ”

“ ဟုတ်တယ် ။ တောင်ကြီး ၊ ကလော ၊ အင်းလေး ၊ လျှောက်လည်မယ် လိုက်ခဲ့မလား ”

ကျွန်တော် မရောက်ဖူးသော အရပ်များဖြစ်ပြီး အလွန် ရောက်ချင်သော မြို့လှ ၊ ရှုမြင်ကွင်းအလှများ ဖြစ်သည် ။

“ စရိတ်လည်း ပူစရာ မလိုဘူး ၊ တည်းခိုဖို့လည်း ပူစရာ မလိုဘူး ၊ လိုက် မယ် မဟုတ်လား ”

လိုက် မယ်ဟုပင် ကတိပေးချင်သည် ။ သို့သော် စဉ်းစားစရာတွေ ရှိသေးသည် ။

“ ကျွန်တော် စဉ်းစားပါဦးမယ် မမ ရယ် ၊ အောက်တိုဘာ ဆိုတော့ တစ်လလောက် အချိန် ရှိသေးတာပဲ ”

“ အေး စဉ်းစားလေ ။ မင်း စဉ်းစားစရာ နှစ်ခု ရှိတယ်နော် မှတ်ထား ၊ ကုန်သည် လုပ်ဖို့ရယ် ရှမ်းပြည် အလည် လိုက်ဖို့ရယ် ၊ ကဲ ကဲ သွားတော့ ”

မမြမှီ သည် သူ့စားပွဲသို့ ပြန်သွားလေသည် ။ ကျွန်တော်လည်း သူတို့ ကုမ္ပဏီမှ ထွက်ခွာလာခဲ့၏ ။

သတင်းစာတိုက်သို့ ရောက်သောအခါ ရေးစရာ ရှိသည်တို့ကို ရေးပေး ၊ ဘာသာပြန်စရာ ရှိသည် များကို ဘာသာပြန်ပေးပြီးနောက် နေထိုင်ရာအိမ်သို့ ပြန်လာခဲ့လေသည် ။

အချိန်မှာ ၁၂ နာရီ ကျော်လေပြီ ။ ရိုက်တာကြေးနန်းသတင်းများမှာ လာနေတုန်းပင် ဖြစ်သော်လည်း ဖောင်ကျပ်နေပြီဖြစ်၍ နေရာ မရနိုင်တော့ပြီ ။ ' စက်ရပ်သတင်း ' အတွက်ပင် ဘာသာပြန်ပေးခဲ့ပြီး ဖြစ်လေ၏ ။

သတင်းစာတိုက်ပေါ်မှ ဆင်းခဲ့ပြီးနောက် ကောင်းကင်သို့ မော့ကြည့်လိုက်သည် ။ မိုးသား တိမ်တိုက် များ ကင်းစင်လျက်ရှိ၏ ။ ကြယ်တာရာများပင် လက်နေကြသည် ။ လဆုတ်လခြမ်းသည် အရှေ့ဘက် မှ ထွက်လာပြီး လိမ္မော်ရောင်ဖြင့် ခပ်မှုန်မှုန်ခြယ်နေသည်ကို တိုက်ကြားများမှ မြင်ရ၏ ။ လေကား ငြိမ်ချက်သား ကောင်းလှသည် ။

ခရီးအသွားအလာများ ရပ်စဲကုန်ကြပြီ ။ ဓာတ်ရထား ၊ ဘတ်စ်ကား ၊ ထရော်လီ ၊ မြင်းရထား စသည်များလည်း ရုပ်သိမ်းပြီးကြလေပြီ ။ လမ်းထောင့်တွင် လန်ချား ၃ စီး ဆိုက်ရပ်နေ၏ ။ မီးကလေးတွေကား တလက်လက် ၊ ခြေတင်ခုံပေါ်တွင် လန်ချားကုလားများ က အိပ်စက်လျက် ။ အစတော့ လန်ချားကုလားနှိုးပြီး လန်ချားစီးသွားဖို့ စိတ်ကူးသေးသည် ။ နောက်တော့ အညောင်း လည်း ဖြေချင် ၊ ဝမ်းဟာသည်ကိုလည်း ဖြည့်ချင်သဖြင့် လမ်းလျှောက်သွားပြီး သတင်းစာတိုက် မှ ခရီးစရိတ် ထုတ်ထားသော ငွေ ၂ ကျပ် မှ ကျန်သော ၄ ပဲ ဖြင့် အသားသွတ်ပလာတာ ဝယ်စားရန် ဆုံးဖြတ်လိုက်လေသည် ။

ဖရေဇာလမ်း အတိုင်း မဂိုလမ်း ဘက်သို့ လျှောက်လာခဲ့၏ ။ လူစည်ကားလှသော ညဈေးတန်းကား ခြောက်နေ၏ ။ တစ်ဆိုင်မကျန် ပိတ်ထားသည် ။ ဈေးဝယ် ဟူ၍လည်း တစ်ယောက်တစ်လေမျှ မလျှောက် ။ ကြိုက်တာရွေးယူ ခြောက်ပြား ဆိုသော ခြောက်ပြား ဆိုင်မှ ခေါ်သံလည်း လုံးဝစဲလေပြီ ။ အချို့ဆိုင်ကြီးများရှေ့ ခတ်ထားသော သော့ခလောက်ကြီးများဘေးတွင် ပျင်းရိစွာ စောင့်နေသော ဒရဝမ်များမှ တစ်ပါး အားလုံးသော လှုပ်ရှားမှုများ ရပ်နေပြီဟု ထင်ရပေ၏ ။ အချို့ဆိုင်များရှေ့တွင် ထင်းရှူးသေတ္တာများကို ထပ်ပုံထားသည့် သေတ္တာပုံပေါ်တွင် အိပ်နေသူများမှာ ထင်းတုံးပမာ ငြိမ်နေကြ၏ ။ လမ်းလယ်ကောင် ပုလိပ်လမ်းပြတိုင် ကျောက်ထီးရိပ်အောက်တွင် မည်းမည်း မည်းမည်းနှင့် လှုပ်ရှားနေသောသဏ္ဍာန်များကို မြင်ရသဖြင့် ရှေ့တိုး၍ သေချာစွာ ကြည့်လိုက်သည် ။ စုတ်ပြတ်ညစ်ပတ်နေသော အရူးမ နှင့် တူသော မိန်းမတစ်ယောက်အား လုံချည်ဝတ် က̶̶ု̶̶လ̶̶ာ̶̶း̶တစ်ယောက် သည် ယုယုကြင်နာစွာ မုန့်ကျွေးနေသည်ကို တွေ့ရ၏ ။ ကျွန်တော်ကား ပြုံး၍သာ ရှေ့ဆက်လျှောက်ခဲ့၏ ။ နောက်သို့ လှည့်မကြည့် ။ နေ့ခင်းမှာ အသွားအလာ ရှုပ်လှသဖြင့် ပုလိပ် က လမ်းရှင်းပေးရသော ဤနေရာကား ညခင်းမှာ ဆိတ်ငြိမ်ကွယ်ရာ ထူးဆန်းသော စေတနာသဒ္ဒါတရား ပြသရာ ဖြစ်၍နေချေသည်တကား ။

အစားအသောက်ဆိုင်များလည်း ပိတ်သွားလေပြီ ။ အနံ့အသက် များနှင့် စာကြွင်းစားကျန်များသာ ကျန်တော့၏ ။ ပန်းကန် ၊ အိုးခွက် ဆေးကြောထားသော ရေများလည်း ချောင်းစီးနေကြ၏ ။ ခွေးဝဲစားတို့၏ စားကျက်ကောင်းပေတည်း ။

ဆိုင်ကြီးအချို့မှာ ဆိုင်းဘုတ်မီးများကို ငြိမ်းထားကြ၏ ။ အချို့မှာကား ဆိုင်းဘုတ်မီး မငြိမ်း ။ မည်သူတွေ သူတို့ဆိုင်းဘုတ်ကို ဖတ်စေလိုလို့ ထားသည်မသိ ။

မဂိုလမ်း တွင်ကား ပလာတာဆိုင် ၃ ဆိုင် ရှိသေးသည် ။ တစ်မြို့လုံး အိပ်ချင်အိပ်ကြ ၊ မဂိုလမ်း နှင့် တရုတ်တန်း ဆိုင်အချို့ကား မအိပ်ကြ ။

ဆိုင်တစ်ဆိုင်တွင် ထိုင်ပြီး ပလာတာ မှာစားနေစဉ် ဆလွန်းကားကြီးတစ်စီး ထိုးဆိုက်လာသည် ။ ပုံပန်းသဏ္ဍန်ကိုကြည့်ပြီး ပရိုက်ဗိတ်တက္ကစီ ဖြစ်ကောင်းဖြစ်မည်ဟု ခန့်မှန်းလိုက်သည် ။ ကားပေါ်မှ ယောကျာ်း ၄ ယောက် မိန်းမ ၂ ယောက် ဆင်းလာပြီး စားပွဲနှစ်လုံး အဆက်ခိုင်း၍ ထိုင်ကြသည် ။ ယောက်ျားနှစ်ယောက် မှာ ကော်လာတပ် ရှပ်လက်တိုကို ဝတ်ပြီး ပန့်ရှူး စီးထားကြသည် ။ အသက်အားဖြင့် ၂၅ နှင့် ၃ဝ ကြား တွင် ရှိလိမ့်မည်ဟု ခန့်မှန်းရ၏ ။ ကျန်နှစ်ယောက် မှာ ၄ဝ တစ်ဝိုက် မှာ ရှိလိမ့်မည် ။ နှစ်ယောက်စလုံး အပေါ်အင်္ကျီ ဝတ်ထားကြသည် ။ သူတို့၏ အပေါ်အင်္ကျီ အိတ်ထောင့်များသည် တွဲကျနေကြ၏ ။ တစ်ယောက်က ဝပြီးခေါင်းတုံးဆံတောက် နှင့် ဖြစ်သည် ။ ကျန်တစ်ယောက် မှာ သျှောင်ထုံးကြီးနှင့် ဖြစ်၏ ။

မိန်းကလေးနှစ်ယောက် အနက် တစ်ယောက် မှာ အသက် အစိတ် ခန့် ရှိပြီး ဖြူဖြူရှည်ရှည် ဖြစ်သည် ။ အသားခပ်ပြည့်ပြည့် ရှိသေးသော်လည်း စိုပြည်လန်းဆတ်သည့် အသွင်ကား လုံးဝ မရှိတော့ပေ ။ နောက်တွဲဆံထုံး တွင် စံပယ်ကုံး ရစ်ထားသည် ။ မျက်နှာကို ခြယ်သပုံမှာ ရိုးလှ၏ ။ နောက် တစ်ယောက် မှာမူ ၁၆ နှစ်မျှသာ ရှိပေဦးမည် ။ အသားခပ်ညိုညို နှင့် ကိုယ်ခန္ဓာမှာ တစ်တစ်ရစ်ရစ်ရှိ၏ ။ ဆံတောက်တဝဲဝဲနှင့် ဖြစ်သဖြင့် ပျိုမျစ်သောအသွင် ပို၍ ထင်ရှားနေပေ၏ ။ မျက်နှာခြယ်လိမ်းပုံ အစစအရာရာ အဆင်ပြေ အလောတော်ပင် ဖြစ်သော်လည်း လက် များကား ကြမ်းတမ်းလှသည် ။ လက်သည်းဆိုးဖို့ ထားဦး ၊ သနပ်ခါးမှ မှန်မှန်လိမ်းဟန် မတူချေ ။

သူတို့ အားလုံးအတွက် ခေါင်းတုံးဗိုလ်ကေ နှင့် အသက် ၄ဝ  ကျော်လူကြီး က စားသောက်စရာ မှာနေသည် ။ ဆိတ်ရိုး ဟင်းချို ၊ ကြက်ဥ မကျတ်တကျတ်ကြော် ၊ ကြက်သားကဘတ် ။

သျှောင်ထုံး နှင့် လူကြီး က ဝင်စွက်သည် ။

“ ကျုပ်ဖို့တော့ နို့အုံသားကပတ် ပေးပါ ”

ထိုအခါ မိန်းမရော ယောကျာ်းပါ ဝိုင်းရယ်ကြ၏ ။

ကျွန်တော်သည် ကျွန်တော့် ပလာတာကို ဖြောင့်အောင် မစားနိုင် ။ သူတို့အား အမျိုးမျိုး အကဲခတ်နေ၏ ။ သန်းခေါင်ကျော်အချိန် ၊ ပရိုက်ဗိတ် တက္ကစီ ၊ ယောကျာ်း ၄ ယောက် ၊ မိန်းမ နှစ်ယောက် ၊ အော်ဒါ လိုက်သော မိန်းကလေးများကို ထုတ်လာသူတွေ မဟုတ်ပါလော ၊ သို့သော် မိန်းကလေး နှစ်ယောက် ၏ အဝတ်အဆင်နှင့် လိမ်းခြယ်ပုံများမှာ ရိုးနေသဖြင့် ယတိပြတ်ကား မဆုံးဖြတ်ရဲ ။

သို့သော် သူတို့အား ခက်ခက်ခဲခဲ ထပ်မံ အကဲခတ် မနေရပါ ။ သူတို့သည် ကျွန်တော့်အား ရှိသည်ဟုပင် အမှတ်ထားဟန် မတူ ။ ဆိုင်ရှင်က̶̶ု̶̶လ̶̶ာ̶̶း̶ တို့ကိုလည်း ဂရုမစိုက် ၊ ထင်ရာတွေ လျှောက်ပြောနေကြသည် ။

လူငယ်တစ်ယောက်က သျှောင်ကြီးဗွေ အား -

“ ဦးလေးကြီး နော် ၊ အခု နို့အုံသားစားရင် တော်တော်ကြာ နို့အုံသား မစားရဘူး ၊ ဟဲ ဟဲ ဟုတ်တယ် မဟုတ်လား အညွန့် ”

သူက အကြီးမ အား ကြည့်ပြောလိုက်သည် ။ အညွန့် ဆိုသူက မျက်စောင်းထိုးလိုက်ပြီး -

“ အစ်ကို ကဖြင့် ပြောရော့မယ် ”

အားလုံးက ဝါးခနဲရယ်ကြသည် ။

က̶̶ု̶̶လ̶̶ာ̶̶း̶က ဆိတ်ရိုးဟင်းချိုကို ပန်းကန်စောက်ကြီးများနှင့် ထည့်ပြီး လာချသောအခါ ခေါင်းတုံး ဗိုလ်ကေ နှင့် လူကြီး က တစ်ပန်းကန်ကို ဆံတောက် မကလေး ရှေ့ ချပေးပြီး -

“ ဟဲ့ အတင် ၊ ကုန်အောင်သောက်နိုင်ပါ့မလား ”

ကောင်မလေးက ဘာမျှ မပြော ၊ ငုံ့၍သာ နေသည် ။

လူငယ်တစ်ယောက် က သူ့ဘာသာသူ သီချင်းညည်းသလိုလို နှင့် -

“ ပုစွန်ဆိတ်ကလေး ဘယ်လို ငယ် ပင်လယ်ကူးတော့ သန်သေးတယ် ”

အားလုံး ဝါးခနဲရယ်ကြပြန်၏ ။ ကောင်မကလေး က ရွှင်ကြွသောအသံဖြင့် ထပ်ဆိုပြန်သည် ။

“ ဟုတ်တယ် ဟုတ်တယ် ပုစွန်ဆိတ်ကလေး ဘယ်လိုငယ် ၊ ပင်လယ်ကူးတော့ သန်သေးတယ် ”

တစ်ယောက် က -

“ ကျွန်တော်တို့ ဘယ်သွားကြမှာလဲ ”

ခေါင်းတုံးဗိုလ်ကေ ဆရာကြီး -

“ အဲဗားဝင်း သွားမယ် ၊ အဲဒီမှာ လူများနေရင် လိတ်က်လင်း ပေါ့ ”

၎င်းနောက် က̶̶ု̶̶လ̶̶ာ̶̶း̶သည် ကြက်ဥကြော်များကို လာချသောအခါ -

“ ပိုလန် မှာ ဂျာမနီ က ဗုံးတွေကြဲနေပြီဆိုပါကလား ”

“ ဂျာမနီ က ဗုံးကြဲနေတာတွေ ဘေးချိတ်ထားလိုက်စမ်းပါ ၊ ကိုယ်တို့ အမြောက်ပစ်နိုင်အောင် ကြက်ဥကြော်တွေ စားလိုက်ကြဦးစို့ရဲ့ ”

အားလုံး တဟားဟား ရယ်လိုက်ကြလေသည် ။

ကျွန်တော်သည် ငွေတစ်မတ်ကို ကတိုက်ကရိုက်ပေးချေပြီး ထွက်လာခဲ့၏ ။ သူတို့၏ ဟားတိုက်သံ သည် ကျွန်တော့် နောက် မှ လိုက်နေလေသည် ။ ကုန်အရောင်းအဝယ်သံများ ရပ်စဲသောအချိန်တွင် လူအရောင်းအဝယ်သံများကား မရပ်စဲသေးပါတကား ။ ပိုလန် တွင် ဗုံးသံ အမြောက်သံတွေ ဆူညံနေစဉ်တွင် ကျွန်တော်တို့ ဆီမှာ အပျော်ပါးလိုက်စားသံတွေ ဆူညံနေသည်တကား ။ လမ်းလယ်ကောင် ပုလိပ်လက်ပြတိုင် ကျောက်ထီးရိပ်တွင် အရူးမ နှင့် က̶̶ု̶̶လ̶̶ာ̶̶း̶ဒါနရှင်တို့ကို မတွေ့ရတော့ပေ ။

၄၅ လမ်းသို့ လန်ချားဖြင့် ပြန်လာလို၏ ။ သို့သော် အိတ်ကပ်လက်ကျန်မှာ ပလာတာဆိုင်တွင် ကုန်ခဲ့လေပြီ ။

ပန်းဆိုးတန်း သို့ ရောက်သောအခါ လန်ချား ပေါ်မှာ ကိုးရိုးကားရား စီးလိုက်သွားသော အမူးသမား နှစ်ယောက်ကို မြင်လိုက်ရလေသည် ။

၎င်းနောက် ဆိတ်ငြိမ်ခြင်းကြားထဲသို့သာ တိုးဝင်ခဲ့ရလေသည် ။ ကျွန်တော့် ဖိနပ်သံမှ တစ်ပါး ဘာသံမျှ မကြားရ ။

အတွင်းဝန်ကြီးများရုံးဘေးမှ လျှောက်သွားရသောအခါ ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံကားချပ် သည် ကျွန်တော့် မျက်စိထဲမှာ ပေါ်လာသည် ။ ယခု တိတ်ဆိတ်ငြိမ်သက်ခြင်းကို ကျော်လွှားပြီး ဟိုတုန်းက ဆူပူလှုပ်ရှားခြင်းသို့ ပြန်ရောက်သွားလေသည် ။ ကျောင်းသားထုကြီးနှင့် အလံများ ၊ ကြွေးကြော်သံ များ ၊ မြင်းစီး ဂေါ်ရာများ ၊ နံပါတ်တုတ်ကိုင် ပုလိပ်များ ၊ ဗိုလ်အောင်ကျော် ၊ သူငယ်ချင်းဖြစ်သူ ဗိုလ်အောင်ကျော် သာ နတ်စိမ်းဖြစ်ခဲ့ပါမူ ငါ့အား ကိုယ်ထင်ပြပေ လတ္တံ ့ ။

ကြာရှည်စွာ အတွေးနယ် မကျယ်နိုင်ပါ ။ နောက် မှ ကားတစ်စီး လာသံကို ကြားရလေသည် ။ ထိုကား မှ ထိုကား အစစ် ၊ ခုနင်က ပလာတာဆိုင် မှာ တွေ့ခဲ့သော ပရိုက်ဗိတ်တက္ကစီကားပင် ဖြစ်သည် ။ လူစုံ တစ်ပြုံကြီး ပါသွားလေသည် ။ ဟားတိုက်သံလည်း လိုက်ပါသွားသည် ။

သူတို့သည် အဲဗားဝင်း သို့မဟုတ် လိတ်က်လင်းဟိုတယ် တို့သို့ မောင်းနှင်နေကြခြင်း ဖြစ်ပေလိမ့်မည် ။ ကျွန်တော့်မှာ ထိုဟိုတယ်များ ဘယ်မှာ ရှိသည်ဟု မသိ ။ ရန်ကုန် မှာ အိပ်ခန်းငှားနိုင်သော ဟိုတယ်များ ရှိသည်ဟုသာ ကြားဖူးသည် ။ တစ်ခေါက် မျှ မရောက်ဖူးပါ ။ အမှန်မှာ ကျွန်တော် အသက်အစိတ် နီးသော ထိုအရွယ်သို့ ရောက်ခဲ့ပြီဖြစ်သော်လည်း တစ်ခါမျှ မိန်းမပျက် နှင့် အပျော်အပါး လိုက်စားခြင်း မပြုဘူး ။ ကာလသားရောဂါကို ကြောက်၍ ရှောင်နေခြင်းဖြစ်သည် ။ ကာလသားရောဂါ ၏ အန္တရယ် ကို အတော်ပင် သိထား၏ ။ ဤတွင် ကျွန်တော်တို့ ကျောင်းသားများအား မိန်းမပျက် နှင့် အပျော်အပါးလိုက်စားခြင်း မှ ရှောင်ရှားရန် သွန်သင်ပေးလေ့ရှိသော ကိုကြီးနု ကို ကျေးဇူးတင်ရပေမည် ။ နောက် အစွဲတစ်ခုမှာ ကောင်းမွန်သော မိန်းမပျိုများ နှင့် အလွန် အကျူး ဖြစ်မိလျှင် ထိုမိန်းမပျို ကို လက်ထပ်ယူရမည်ဟူသော အစွဲတည်း ။ ငယ်စဉ် ကိုရင်ကြီး ဦးဘသန်း ၏ အယူအဆများဝင်စဉ်က ဤအစွဲမျိုး မရှိ ၊ သောမတ်စ်ဟာဒီ ၊ တော်လ်စတွိုင် စသော ကမ္ဘာ့စာရေးဆရာကြီးတို့၏ စာကြီးပေကြီးများ ဖတ်ပြီးမှ ဖြစ်လာသော အစွဲဖြစ်လေသည် ။

၄၅ လမ်း နေအိမ်သို့ ရောက်သောအခါ တံခါး မခေါက်ရဘဲ တံခါးဖွင့်ပေးသဖြင့် အံ့ဩသွားရလေသည် ။

ဗေဒကဝိန် ဆရာဦးတက်ရှိန် သည် ခုအချိန်ထိ မအိပ်သေး ။ ကန်တော့ပွဲ ၃ ပွဲ ချထားပြီး ဖယောင်းတိုင် နှင့် အမွှေးတိုင်များ ထွန်းထားသည် ။ ဆရာရှိန် ၏ ပါးစပ်မှ တတွတ်တွတ် ရွတ်ဖတ်နေသည် ။ ကျွန်တော့်အား တံခါးဖွင့်ပေးသောအခါမှာပင် ပါးစပ်မှ ရွတ်ဖတ်ခြင်း မပြတ်ခဲ့ချေ ။

“ ဆရာ ခုထိ မအိပ်သေးဘဲကိုး ”

“ အိပ်လို့ မဖြစ်ဘူး ၊ ဒီနေ့ည အပြီး ကန်တော့ပွဲ ပေးရမယ် ၊ ရွတ်ဖတ်ရမယ် ၊ ပုတီးစိပ်ရမယ် ၊ ဓာတ်ရိုက်ရမယ် ”

“ ဘာအတွက်လဲ ဆရာ ”

“ အတွင်းဝန်ကလေးတစ်ယောက် အတွက်ပါ ”

ကျွန်တော် နှင့် ဗေဒကဝိန်ဆရာဦးတက်ရှိန် တို့ အတူနေသည်မှာ အတော်ပင် ကြာသွားပါပြီ ။ သူ့အား သတင်းစာဗေဒင်ကဏ္ဍ စာရေးဆရာအဖြစ်ဖြင့်သာ သိရသည် ။ တစ်ခုခု အရေးကြီးသော ဆရာသမား အလုပ်များ လုပ်နေသည်ဟုလည်း ခန့်မှန်းမိခဲ့သည် ။ သို့သော် ယနေ့ညမှပင် သူ၏ လျှို့ဝှက်သောလုပ်ငန်း အခန်းတွင်းသို့ သော့ပေါက် မှ ချောင်းမြောင်းကြည့်ရတော့သည် ။ နောက်ရက် များတွင်ကား တဖြည်းဖြည်း ဆရာရှိန် က သူ့လျှို့ဝှက်သောအခန်းကို ဖွင့်လှစ်ပြသသည် ဆိုသော်လည်း သူကြည့်စေချင်သမျှကိုသာ ကြည့်ရလေသည် ။ ဆရာရှိန် သည် ရတနာ သုံးပါးကို ဦးထိပ်ထား၍ ဓာတ်ရိုက်ပေးသူ ဖြစ်သည် ။ တင်ပျဉ်ခွေ မျက်လွှာချ ပုတီးစိပ်ပြီး နတ်ဒေဝါ တို့ကို သူ့ရှေ့မှာ ခေါ်၍ မေးမြန်းနိုင်သူ ဖြစ်လေသည် ။ သူသည် ထိုအလုပ်များကို နေအိမ်မှာ လုပ်လေ့ မရှိ ။ သူ့အား ဖိတ်ခေါ်ကြသော မြင်းဘွတ်ကီဒိုင် ၊ ကုန်ဈေးကစားသူ ၊ ရုံပွဲသွင်းသူ ၊ အတွင်းဝန်ကလေး ၊ အတွင်းဝန်ကြီး ၊ ဝန်ကြီး ၊ ပါတီခေါင်းဆောင် စသော သူများ အိမ်သို့ လိုက်၍ ထိုကိစ္စများကို စီစဉ်ဆောင်ရွက်ပေးရလေသည် ။ ထို့ကြောင့်လည်း သူ့အား ဘုန်းကြီး ပင့်သလို ကားကြီးကားငယ်ဖြင့် ပင့်ခေါ်သွားသည်ကို တွေ့မြင်ရခြင်း ဖြစ်လေသည် ။

“ အတွင်းဝန်ကလေးက ဘာဖြစ်လို့လဲ ဆရာရဲ့ ”

“ အတွင်းဝန်ကလေးက ဝန်ကြီးဦးစော ရဲ့ လူ ၊ နန်းရင်းဝန်ဦးပု နဲ့ မတည့်ဘူး ။ ဒါကြောင့် ရာထူး တက်စရာ ရှိရက်နဲ့ မတက်ဘူး ”

“ သူတို့ အမျိုးသား ညွန့်ပေါင်းအစိုးရ ဝန်ကြီးအချင်းချင်း မတည့်ကြဘူးလား ၊ အံ့စရာပဲ ဆရာ ”

“ တခြားလည်း မပြောနဲ့ ၊ ကျုပ်ကတော့ အားလုံးနဲ့ တည့်တယ် ၊ သူတို့ အချင်းချင်းတော့ မတည့်ကြဘူး ။ ဦးပု ၊ ဦးစော ၊ ဦးဘဖေ ၊ ဆာထွန်းအောင်ကျော် ဘယ်သူ့ ဘယ်သူမှ မတည့်ကြဘူး ။ သူ့ လူစုနဲ့ သူ စောင်နေကြ ၊ တိုက်နေကြတာပဲ ။ ကဲ ကဲ ကိုတင်ထွန်း ရာ ဒါတွေ ထားလိုက်ပါဦး ၊ ဥရောပ စစ်ပွဲကြီးမှာ ဘယ်သူနိုင်မယ် ထင်သလဲ ”

ကျွန်တော်က နိုင်ငံရေးအစွဲဖြင့် ရုတ်တရက် -

“ ရုရှား နိုင်မှာပဲ ”

“ အို ရုရှား က စစ်တိုက်နေတာမှ မဟုတ်ဘဲ ၊ ခု ချနေကြတာက ဂျာမနီ က တစ်ဖက် ၊ အင်္ဂလိပ် ပြင်သစ် က တစ်ဖက် တိုက်နေကြတာပဲ ”

“ ရုရှား က စစ်ဝင် မတိုက်ရလို့ နိုင်မှာ ပြောတာ ဆရာရဲ့ ။ ဂျာမနီ တစ်ဖက် ၊ အင်္ဂလိပ် ပြင်သစ် တစ်ဖက် ကြက်နှစ်ကောင ်ခွပ်ကြရာမှာ မောကြတော့ ကြက်နှစ်ကောင်စလုံး ဖမ်းရုံပေါ့ ၊ ကျွန်တော့် အမြင်ကတော့ ဂျာမနီ နာဇီလည်း မကောင်းဘူး ၊ အင်္ဂလိပ် ပြင်သစ် နယ်ချဲ့တွေလည်း မကောင်းဘူး ၊ ဘယ်သူမှ မနိုင်စေချင်ဘူး ”

“ ဒီမှာ ကိုတင်ထွန်း ၊ ကျုပ်အမြင် ပြောမယ် ၊ ဗေဒင် တွက်ကြည့်တယ် ၊ ဒိဗ္ဗစက္ကုနဲ့လည်း ကြည့်ကြည့် တယ် ၊ နတ်တွေလည်း ခေါ်မေးထားတယ် ။ ဂျာမနီ နိုင်မှာပဲ ။ အင်္ဂလိပ် ခြင်္သေ့ကြီး အစွယ်ကျိုး သွားတာ မြင်ရတယ် ။ နာဇီ ဟစ်တလာ နှုတ်ခမ်းမွှေးထောင်နေတာ မြင်ရတယ် ”

ကျွန်တော် သည် ဗေဒကဝိန် ၏ ဗေဒင်ကို မဝေဖန်လို ၊ ဒိဗ္ဗစက္ကုကို သဲ နှင့် မပက်လို ၊ သူ့ နတ်တွေ ကိုလည်း မထိခိုက်လို ။ ထို့ကြောင့် -

“ စောင့်ကြည့်ရဦးမှာပေါ့ ဆရာ ၊ ဆရာ့ စကားကလည်း တယ်သေချာတာပဲ ”

“ စောင့်ကြည့်လေ ၊ ရေးမှတ်ချင်လည်း မှတ်ထား ”

ကျွန်တော်သည် အိပ်ရာခင်းနေလေသည် ။ ခေါင်းရင်းမှာ မီးထွန်းပြီး စာဖတ်ရန်လည်း ပြင်ဆင်နေပေသည် ။ ဗေဒကဝိန် ကား ကန်တော့ပွဲများရှေ့တွင် တတွတ်တွတ် နှင့် ရွတ်ဖတ်နေလေသတည်း ။ 

◾သိန်းဖေမြင့်

📖 အရှေ့က နေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment