Friday, October 8, 2021

ကျော်ထူး ၏ ကတ်တလောက် မှ လူပြောများတဲ့ လူပေါ


 

❝ ကျော်ထူး ၏ ကတ်တလောက် မှ လူပြောများတဲ့ လူပေါ ❞

ကျွန်တော် တနင်္လာသား ။

ကျွန်တော့်ကို ၁၉၅၈ ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၃၂၀ ၊ တော်သလင်းလဆန်း ( ၉ ) ရက် ၊ တနင်္လာနေ့ ၊ မကွေးမြို့၏ ကျက်သရေဆောင် မြသလွန် ဘုရားပွဲတော်ကျင်းပနေချိန် နံနက်ပိုင်း မြန်မာဂုဏ်ရှိန်မြင့်စိန် ၊ မင်းသမီးမိတ်ဆက် မတင်ရီ ပါဝင်တဲ့ ဇာတ်အဖွဲ့ မှာ အဖေက ပြဇာတ်မင်းသား မောင်မောင်အေး ၊ အမေက ပြဇာတ်မင်းသမီး ပွင့်စန်းရီ တို့က နောက်ပိုင်းဇာတ် ကနေချိန်မှာ အရပ်လက်သည် နဲ့ မွေးခဲ့ပြီး ၊ ကျွန်တော့် အချင်းကို မြသလွန်ဘုရား ရဲ့တစ်နေရာ ကျွန်းပင်ကြီးတစ်ပင်အောက် မှာ မြှုပ်ခဲ့တယ်လို့ ဆိုပါတယ် ။ ကျွန်တော်က အထက် မွေး ၊ အောက်ကြီး ပေါ့ ။ မကွေး မှာ မွေးပြီး ၊ ရန်ကုန် မှာ ကြီးပြင်းခဲ့တဲ့သဘောပါ ။

အထက်က ဖော်ပြခဲ့သလို ကျွန်တော့် ဖခင်ဟာ အနုပညာသမား နယ်ပေါင်းစုံ ၊ မြို့ပေါင်းစုံ ၊ ရွာပေါင်းစုံ လှည့်လည် ကပြဖျော်ဖြေနေရတာမို့ ၊ ကျွန်တော့်ကို ဇာတ်အဖွဲ့နဲ့ တစ်ပါတည်း ခေါ်မသွားနိုင်ပါဘူး ။ နီးစပ်ရာအမျိုးတော်တဲ့ ခရမ်း ၊ သုံးခွက " ဒေါ်ခင်ကြည် ” ဆိုတဲ့ အမျိုးသမီးကြီး တစ်ဦးထံမှာ နို့ဘူးနဲ့ ကြီးပြင်းခဲ့ရပါတယ် ။ မိဘ ဆိုတာ ဖြူသလား ၊ မည်းသလား ၊ မသိခဲ့ရဘူး ။

ကျွန်တော် ငါးနှစ် ၊ ခြောက်နှစ်သား အရွယ်မှာ ကျွန်တော့် မိခင်ဟာ အနုပညာအလုပ်ကို စွန့်လွှတ်ပြီး ၊ ဈေးရောင်းရင်းနဲ့ သားသမီးတွေကို ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ခဲ့ပါတယ် ။

ကျွန်တော့် ဖခင်ကတော့ မင်းသားဘဝကနေ လူရွှင်တော် တစ်ဦးနဲ့ ပေါင်းဖက် မိပြီး ၊ လူရွှင်တော် တောင်လုံး ( ခေါ် ) တောင်စိုး ဘဝကို ခံယူလိုက်ပါတယ် ။ ကျွန်တော်က အဖေ့ကို မေးကြည့်တယ် ။

“အဖေ .. ပြဇာတ်မင်းသားဘဝနဲ့ လူပြက်ဘ၀ ဘာ ကွာခြားလဲ .. ”

ဆိုတော့ အဖေ က ..

“ ငါ့သား. . ပြဇာတ်မင်းသားဆိုတာက အတည် နေရတယ် အတည် ပြောရတယ်.. ရုပ်ကလည်း လှရမယ်.. အပြောကလည်း ကောင်းရမယ်.. ပြီးတော့ အဖေတစ်ဦးတည်းကလို့ မရဘူး ... ပြဇာတ် မင်းသမီး .. လူရွှင်တော် ... လူကြမ်း ... မိန်းမကြမ်း ... စသည်ဖြင့် လူတော်တော်များများ ပါဝင်ကပြမှ ပြဇာတ်တစ်ပုဒ် ဖြစ်သလို အားလုံးညီညွတ်မှ ပြဇာတ်ကောင်းတစ်ပုဒ် ဖြစ်လာတယ် ”

လို့ ဆိုပါတယ် ။

“ အသက်ကြီးသွားရင် ပြဇာတ်မင်းသား အဖြစ် ပရိသတ် က လက် မခံတော့ဘူး ၊ လူရွှင်တော် ဆိုတာက အဖွဲ့အစည်း မလိုဘူး .. တစ်ယောက်တည်း ဘယ်သူနဲ့ ဖြစ်ဖြစ် တွဲဖက်လို့ ရတယ် .. မျက်နှာလှဖို့ မလိုဘူး .. ပြက်လုံးကောင်းဖို့ လိုတယ် .. လွတ်လပ်တယ် .. အသက်ကြီးသွားတဲ့အထိ အနုပညာအလုပ်တွေကို လုပ်သွားလို့ရ တယ် .. " ဝမ်းစာ ” ( အနုပညာနဲ့ ပတ်သက်သောအတီး အဆို အရေး စွယ်စုံ ) ပြည့်နေဖို့ လိုတယ်... ဒါပေမယ့် ငါ့သား ကိုတော့ အဖေ့ လို အနုပညာသမား မဖြစ်စေချင်ဘူး ... ဘာဖြစ်လို့ လဲဆိုတော့ အဖေတို့ အလုပ်က စိတ်ပင်ပန်း ... လူပင်ပန်းတယ် ပရိသတ်ကြိုက်အောင် လုပ်ရတာက စိတ်ပင်ပန်းတယ် .. လူပင်ပန်းတာက ‘ နှစ်ပါးမင်းသား ' ဆို ပြောဆိုဆိုခုန်ပေါက်က, မင်းသမီးဆိုလည်း ထိုနည်းလည်းကောင်း ၊ တစ်ညလုံး ပွဲက ၊ သူများတွေ အိပ်ချိန်ဟာ အဖေ တို့ဇာတ်သမားတွေအတွက် ပွဲကူး ၊ ပွဲကချိန်တွေပဲ ... ဇာတ်တစ်ခါ ပွဲကူးရင် အရမ်းပင်ပန်းတာ .. သုံးတန် ၊ လေးတန် အစရှိသဖြင့် ကားကြီးတွေပေါ်မှာ ဇာတ်ပစ္စည်းတွေ အပြည့်အမောက်တင် လူတွေက မိုးရွာရွာ နေပူပူ အဲဒီ ကားကြီး အပေါ်မှာ လိုက်ရတယ် တစ်နှစ်ပတ်လုံး နေရာပေါင်းစုံ ၊ နယ်ပေါင်းစုံ သွားလာရတယ် ... ဇာတ်ရုံဟာ အဖေတို့ အိမ်ပဲ ... ဒါကြောင့် ငါ့သားကို အဖေ့ လို အနုပညာသမား မဖြစ်စေချင်ဘူး .. စာကိုပဲ ကြိုးစားသင်ပါ .. "

လို့ပြောခဲ့ဖူးပါတယ် ။ ဒါပေမယ့် အဖေ့ဆန္ဒ မပြည့်ဝခဲ့ပါဘူး ... ကျွန်တော် ခုနစ်တန်းနှစ်ထဲက ကျိုက်ခေါက် ဘုရားပွဲ ၊ မယ်လမု ဘုရားပွဲ ၊ တာမွေ ရာပြည့် ဘုရားပွဲ ၊ မြေနီကုန်း ပဒုမ္မာကွင်း ၊ အင်းစိန် ၊ လှော်ကား ၊ ထောက်ကြံ့ ၊ ပဲခူး စသည်ဖြင့် ဇာတ်ပွဲ အငြိမ့်ပွဲတွေ ရှိရာကို လွယ်အိတ်ခေါင်းအုံး ၊ ဘိန်းမုန့်ကို လမ်းဘေးသောက်ရေနဲ့ စားပြီး ပွဲတွေ လျှောက်ကြည့်တတ်လာတယ် ။

သင်္ကြန် ဆိုလည်း ရပ်ကွက်ထဲက ပြည်တော်ချစ်မင်းသားကြီး ၊ နှစ်ဆယ်ရာစုအကယ်ဒမီ ၊ ပြည်သူ့တရားသျှင် ၊ စေတနာပါတဲ့ အလှပြကားတွေမှာ သံချပ်နောက်က အဖောက် ၊ သရုပ်ပြ နဲ့ ဝင်လုပ်တယ် ။

တစ်နှစ် ပေါ့ ။ အမေ အိပ်နေတုန်း အမေ့ ထဘီ အထက်ဆင် တောင် မတပ်ရသေးဘူး ။ သေတ္တာထဲက ခိုးပြီး သွားပေါင် ။ ရတဲ့ ငွေကို အလှပြကားထဲ လိုက်ဖို့ သွားပေးတယ် ။ သင်္ကြန်လည်း ပြီးရော ရပ်ကွက်ထဲက အန္တရာယ်ကင်း ပရိတ်ရွတ်တော့ အမေ တရားသွားနာဖို့ သေတ္တာထဲ ထဘီထုတ်ဝတ်မယ် လုပ်တော့ မရှိတော့ဘူး ။ ရိုက်လိုက်တာဗျာ .. တံမြက်စည်း တစ်ချောင်းလုံး ကုန်ရောပဲ .. ပြောပြောပြီး ရိုက် ၊ ငိုလိုက်တာ မပြောပါနဲ့တော့ .. မှုံရွှေရည် ဇာတ်ကားထဲက လိုလို ၊ သဘင်သည် မဝင်ရ ပြဇာတ်ထဲက လိုလိုနဲ့ ကျွန်တော်လည်း ဝမ်းနည်းလိုက်တာ.. မပြောပါနဲ့တော့.. ဘာကို လွမ်းမှန်း မသိဘူး ... အသားနာရမှန်းလည်း မသိဘူး.. ။

မိသားစုထဲမှာ ကျွန်တော်က အကြီးဆုံး ၊ ကျွန်တော့်မိဘတွေ ဖြစ်စေချင်တာ ကျောင်းစာ .. လက်တွေ့ ကျွန်တော် ဖြစ်နေတာက အနုပညာပိုး စဝင်နေပြီလေ ။ အမေက အဖေ့ဆီ စာလှမ်းရေးပေါ့... ကျွန်တော် ရှေ့က ဖြောင့်ဖြောင့် သွားမှ နောက်က ကျွန်တော့်ညီ , ညီမတွေ ဖြောင့်ဖြောင့် လိုက်တော့မှာပေါ့ ။ ဒါပေမယ့် ကျွန်တော်က သူတို့ လိုက်လို့ရအောင် သိပ် ကောက်ကောက်ကွေးကွေးကြီး မသွားပါဘူး ။ “ မကွေး မဖြောင့်ပေါ့ "  ။

ဒါပေမယ့်လို့ အမေ့ တံမြက်စည်း ဘယ်လောက်ကုန်ကုန် ကျွန်တော် ကတော့ ဦးတည်ချက် မပျက်ပါဘူး ။ တစ်ခါကလည်း ရပ်ကွက်ဒိုးဝိုင်းမှာ မင်းသားအကကောင်းလို့ ၊ ယာဉ်ထိန်းရဲရုံးခန်းရှေ့တုတ်တစ်ချောင်းနဲ့ လိုက်လို့ ၊ မင်းသားအဝတ်အစားကြီး ကိုးရို့ ကားယားနဲ့ ပြေးခဲ့ရပြီးပြီ ။ မျက်နှာက မလိမ်းတတ် လိမ်းတတ်နဲ့ အပေါစား မိတ်ကပ်တွေ လိမ်းထားပြီး ထန်းရည်ကလည်း မူးနေတော့ အဆီတွေ ပျံ ၊ မင်းသားဝတ်စုံက ပုံမကျ ပန်းမကျနဲ့ ၊ ဒီကြားထဲ ရပ်ကွက်ထဲက ကိုယ်တစ်ဖက်သတ် ကြိုက်နေတဲ့ ကောင်မလေး နဲ့  တန်းတိုးနေလို့ ကမန်းကတန်း မီးပွိုင့်ကြီးမှာ ကားပေါ်က ခုန်ဆင်းလို့ ယာဉ်ထိန်းရဲ အဖမ်းခံရ ၊ ဒဏ်ငွေဆောင် ။ အမေ က တုတ်တစ်ချောင်းနဲ့ လိုက်ရိုက် ၊ ငါးဆယ့်တစ်လမ်း ပလက်ဖောင်းမှာ ကိုးရို့ကားယားနဲ့ ပြေးလိုက်ရတာ ရုပ်ရှင်ဗွီဒီယို ရိုက်နေတဲ့ အတိုင်းပါပဲဗျာ ... မျောက်ပွဲတောင် ကျွန်တော့်လောက် လူစည်ကားမယ် မထင်ဘူး ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

No comments:

Post a Comment