❝ ချစ်သူလမ်းကြား မှ မမထား နှင့် အပါ ❞
ကျွန်တော် သည် ထိုနေ့ ညနေတော့ စိတ်ပြေလက်ပျောက် လျှောက်လည်တော့မည်ဟု ဆုံးဖြတ်ထားလေသည် ။
တက္ကသိုလ်သမဂ္ဂအဆောက်အအုံ အောက်ထပ် ဦးကံသိန်း ၏ ဆံပင်ညှပ်ဆိုင်တွင် ရေချိုးပြီး
အပေါ်ထပ်သို့ တက်လာခဲ့သည် ။ ကိုယ်ခန္ဓာနှင့် မျက်နှာတွင် အပေါက်အပေါက်တင်နေသော
ရေကို စင်အောင် မသုတ်ရသေးသဖြင့် တက်သွားရင်းပင် သုတ်လျက်ရှိပေသည် ။ ထို့ကြောင့်
လှေကားထိပ်မှာရပ်၍ ကျွန်တော်တက်အလာကို စောင့်နေကြသော သူနှစ်ဦးကို ဂရုမထားမိလိုက်ချေ ။
“ ဟေ့ ဖိုးတင်ထွန်း ၊ မောင်ရင့်ကို ကိုယ်တို့ လိုက်ရှာနေတယ် ” ဟု ကိုလှရွှေ က ဆီးပြောလိုက်တော့မှ
သူတို့နှစ်ယောက်ကို ကြည့်လိုက် မိသည် ။ ကိုလှရွှေ နှင့် ကိုဘဟိန်း ၊ သူတို့နှစ်ယောက် ယှဉ်ရပ်နေတော့ ကိုလှရွှေ က အခါတိုင်းထက် ပိုမည်း၍ ကိုဘဟိန်း က အခါတိုင်းထက် ပိုဖြူသည်ဟု
ထင်ရပေသည် ။ သို့သော် နှစ်ယောက်စလုံး ၏ အပြုံးများသည် ပြိုင်တူပွင့်လင်းလျက် ကြီးမား၍
ဖြူဖွေးသော သွားများကို ပြိုင်တူ ပြနေကြလေသည် ။
“ လိုက်ရှာနေကြတယ် ဟုတ်လား ”
“ ဟုတ်တယ် ၊ မောင်ရင့်ကို တာဝန်ပေးစရာ ရှိလို့ ”
“ ဘာတာဝန်လဲဗျ ”
“ ခု ဌာနချုပ် ကိုယ်စားလှယ်တွေကို နယ်တွေလွှတ်ပြီး သပိတ်လှန်ရတဲ့ အခြေအနေကို ရှင်းပြနေရတယ် ။ ကျောင်းသားလွှတ်တော်ကိုလည်း နယ်ကိုယ်စားလှယ်တွေ စနစ်တကျ တက်လာအောင်
စည်းရုံးရမယ် ၊ ရဲဘော်တင်ထွန်း က သရက် နဲ့ အာလံ ကို သွားရလိမ့်မယ် ”
ခါတိုင်းဆိုလျှင် တာဝန်ပေးအပ် ညွှန်ကြားသံကြားရက ကျွန်တော့်မှာ တက်ကြွမြူးထူးသွားလေ့
ရှိပေသည် ။ တာဝန်ပေးခြင်း ခံရသည်ကိုပင် ဂုဏ်တစ်ခုဟု ထင်မိသည် ။ ယခုမူကား ကိုလှရွှေ ၏
ညွှန်ကြားသံကို လက်ခံရသောအခါ ရင်လေးသွားပေသည် ။ ခေါင်းငိုက်စိုက် ချထားပြီး တွေနေသည် ။
ကိုလှရွှေ က ဆက်၍ -
“ ဒီနေ့ည ရထားနဲ့ ထွက်ရလိမ့်မယ် ဟုတ်လား ”
ကျွန်တော် က ဘာမျှ အင်း - အဲ မလိုက်ဘဲ သူတို့ကို ငေးကြည့်နေပြန်သောအခါ ကိုဘဟိန်း က
ဝင်၍ ပြောလေသည် ။
“ ကိုယ့်လူကို ကြည့်ရတာ အားမရစရာကြီးပဲ ။ ဘာဖြစ်နေလဲ ၊ ကိုယ်တို့ကို ပြောစမ်းပါဦး ”
ကျွန်တော် ရုတ်တရက် ပြန်မဖြေခြင်းမှာ ကျွန်တော့်စိတ်ထဲမှာ ရှိသမျှကို ဖွင့်မပြောရဲ၍ ဖြစ်လေသည် ။ သပိတ်လှန်ခြင်းကိစ္စ နှင့် ကိုသန်းတင် တို့နှင့် ကွဲခြင်း စသော ကိစ္စများတွင် ကျွန်တော်
ကိုယ်တိုင်က တွေဝေနေရာ ဘယ်သို့လျှင် နယ်ထွက်၍ ရှင်းလင်း ဟောပြောလိုပေလိမ့်မည်နည်း ။
“ ဘာမှမဖြစ်ပါဘူး ၊ နည်းနည်း နေမကောင်းလို့ပါ ”
ကိုလှရွှေ ၏ ညာဘက်လက် သုံးချောင်းသည် ကျွန်တော့် နဖူးပေါ်သို့ ချက်ချင်း ယုယပူနွေးစွာ
ရောက်လာပြီး
“ ပြစမ်း ပြစမ်း ၊ အဖျားများ ရှိနေသလား ”
ကိုလှရွှေ ၏ မျက်နှာမှာ အရွှန်းအနောက်ကင်းစင်ပြီး တကယ့်ဆရာဝန်ကြီးလို တည်ငြိမ်နေသည် ။
အတန်ကြာ စမ်းပြီး -
“ အဖျားတော့ မရှိပါဘူး“
ကိုဘဟိန်း က ရယ်လိုက်ပြီး -
“ ဘယ် အဖျားစမ်းလို့ ရမှာလဲ ၊ ရဲဘော်တင်ထွန်း က ခုပဲ ရေချိုးခန်းက တက်လာတဲ့ဥစ္စာ ”
ကိုလှရွှေ က ပြုံးလိုက်ပြီး ကျွန်တော့် လက်ကို ဆွဲဖမ်းကာ သွေးတိုးစမ်းပြန်လေသည် ။ ကျွန်တော့်မှာ
လိမ်မိခြင်းကြောင့် ရှက်သွား၏ ။ ကျောင်းပြေးချင်၍ နေမကောင်းပါဟု လိမ်မိသော သားအား
မိဘ လုပ်သူတို့က စိုးရိမ်တကြီး ယုယကုသကြသောအခါ ကျောင်းသွားချင်စိတ် ပေါက် မလာသေးသည့်တိုင်အောင် မိဘများအပေါ်တွင် အချစ်သစ် ပူနွေးမိသလို ရဲဘော်ကြီး ကိုလှရွှေ အပေါ်တွင်
ရဲဘော်စိတ် အသစ်သစ် ပူနွေးခြင်းဖြစ်မိသည် ။
“ သွေးအားအတိုးကလည်း ပုံမှန်ပါပဲ ၊ အဲဒီတော့ သွားမယ် မဟုတ်လား ”
“ နေမကောင်းတာတော့ အမှန်ပဲဗျ ၊ ငြီးစီစီကြီး ဖြစ်နေတယ် ။ တစ်ကိုယ်လုံးလည်း နုံးနေတယ် ။
ပြီးတော့ ”
ကျွန်တော်က ထပ်လိမ်ရမည်ကို နှောင့်နှေးနေစဉ် ကိုဘဟိန်း က ကြားဝင်၍ ဟားတိုက်ရင်း -
“ ဟား ဟား ပြီးတော့ ဘာဖြစ်သလဲ ကိုယ့်လူ ၊ လာချင် အနီးကလေး မလာချင် ခရီးဝေးတဲ့ ”
“ အဟုတ်ပါ ၊ ခုလည်းကိုယ်ရေးကိုယ်တာ ကိစ္စကလေးတွေ ရှိသေးလို့ သွားစရာ ရှိသေးတယ် ”
ကျွန်တော်က သည်လို လိမ်ပြီး တိမ်းရှောင်နေသော်လည်း ကိုလှရွှေ နှင့် ကိုဘဟိန်း ကား စိတ်ဆိုးပုံ
မပေါ် ။ ကိုလှရွှေ က ပြုံး၍ ကြည့်နေသည် ။ ကိုဘဟိန်း က ပြုံး၍ ပြောပြန်သည် ။
“ ဟော ကိုယ်ရေးကိုယ်တာကိစ္စ ပေါ်လာပြန်ပြီ ။ ခုလို အများကိစ္စတွေ အရေးတော်ပုံကိစ္စတွေ
အရေးကြီးနေတုန်း ၊ ကျောင်းသားသပိတ် ကလနားသတ်စရာတွေ အများကြီးလိုနေတုန်း ကိုယ်ရေးကိုယ်တာ ကိစ္စတွေဘာတွေ ထည့်တွက်နေတာဟာ ရဲဘော်တင်ထွန်း အတွက် သဘာဝ မကျဘူး ။
အဝှာအဝှာ တခြားအကြောင်း တစ်ခုခုကြောင့်သာ ရဲဘော် မသွားချင်တာ ဖြစ်ရမှာပဲ ”
ကျွန်တော်က ဘာမျှမပြောဘဲ ညှိုးငယ်သောမျက်နှာနှင့်သာ နေလိုက်လေသည် ။ ထပ်လည်း
မလိမ်ချင် ။ အကြောင်းစုံ ဖွင့်ပြောပြီး ကျွန်တော်တော့ စိတ်ပျက်နေပြီ ၊ ထွက်ထိုင်ပါရစေတော့
ဟုလည်း အမှန်အတိုင်း မပြောရဲသေး ။ စိတ်ထဲမှာ ကျိတ်၍ တွေဝေနေသည် ။ ၎င်းပြင် ဤ ချစ်စရာကောင်းသော ရဲဘော်များ ၏ ဆန္ဒ ကို ငြင်းဆန်ရန်လည်း အားနာနေလေသည် ။ ညှိုးငယ်သော ကျွန်တော့်မျက်နှာသည် သူတို့မျက်နှာတွင် ထင်ဟပ်လာလေသည် ။ သူတို့၏ အပြုံးများသည် တောင်စွယ်မှာ နေကွယ်သလို တဖြည်ဖြည်းကွယ်သွားရာ နှုတ်ခမ်း ရုတ်တရက် မဖုံးနိုင်၍
သွားကလေးများ ပေါ်နေရစ်ရုံသာ ကျန်တော့၏ ။ ကိုလှရွှေ က -
“ ကဲ - နောက် မှ ဆက်ဆွေးနွေးကြသေးတာပေါ့ ။ ရဲဘော်တင်ထွန်း ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို
ပြီးအောင် သွားလုပ်ချေဦး ၊ သို့ပေမယ့် ခေါင်းငြီးစီစီ ဖြစ်နေတယ် ၊ တစ်ကိုယ်လုံး ကိုက်ခဲနေတယ်
ဆိုရင် လုပ်ဖို့ကောင်းတာကတော့ ကောင်းကောင်းစားသောက်ပြီး နင်းကန် အိပ်ပစ်လိုက် ၊ ကဲ ကဲ
ကိုယ်တို့ သွားစရာရှိတာ သွားကြဦးစို့ရဲ့ ”
သူတို့နှစ်ယောက် ဆင်းကြလေသည် ။
ကျွန်တော်သည် စာကြည့်ခန်းထဲသို့ လာခဲ့၏ ။ စာကြည့်ခန်းကား ကျွန်တော်တို့၏ တည်းခိုရာ
အခန်း ဖြစ်နေပေသည် ။ တံခါးဒေါက် မှာ ဆွဲချိတ်ထားသော ကျွန်တော့်လွယ်အိတ်ကို ယူပြီး
ဒိုဘီပေးပြီး ရှပ်လက်တိုနှင့် ပန်းရောင်ပိုးနှင့် အနီရင့်ရောင်ချည်ကို အကွက်ငယ်ကလေးများ
ဖော်ကာ ရက်ထားသော ပိုးရောချည်ပါလုံချည်ကို ထုတ်ယူလေသည် ။ ခေါင်းဖြီး အဝတ်လဲရင်း
ကိုလှရွှေ တို့အား လိမ်ခဲ့သည်တို့ကိုသာ သတိရနေလေသည် ။ သူတို့ပေးသော တာဝန်ကို
ငြင်းပယ်ခဲ့မိ၍ စိတ်မကောင်းဖြစ်နေသည် ။ မြို့ထဲ သွားလည်ဖို့ပင် စိတ်မပါ့တပါ ဖြစ်နေပေ၏ ။
မြို့ထဲသို့ ဘတ်စ်ကားစီး၍ ထွက်လာခဲ့သည် ။ ဘယ်သူ့ဆီ သွားလည်မည်ဟုလည်း မည်မည်ရရ
ဆုံးဖြတ် မထား ။ ဘာကြည့်မည်ဟုလည်း ရည်ရွယ်ချက် မရှိ ။ ဘတ်စ်ကားပေါ်မှာ တောင်တွေး
မြောက်တွေး တွေးရင်းဖြင့် မမြမှီ ထံသို့ အလည်သွားရန် ဆုံးဖြတ်လိုက်ပေသည် ။ က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ
အဓိကရုဏ်းအတွင်းက ခင်မင်ရင်းနှီးခဲ့သော မမြမှီ ၊ ကျွန်တော့်အပေါ်မှာ စေတနာ ကောင်းရှာသော
မမြမှီ ၊ သွက်ခါပါဒ လိုက်နေသော လင်သည်အတွက် စိတ်ဆင်းရဲရရှာသော မမြမှီ ။ ယခု
တစ်ရက်နှစ်ရက်အတွင်း ဖြစ်ပွားခဲ့သည့် ဟိန္ဒူ - မွတ်ဆလင် အဓိကရုဏ်းကြားတွင် ဘယ်လိုများ
နေရှာပါလိမ့် ။ မမြမှီ ၏ နေအိမ်သည် မောင်ထော်လမ်း မှာ တည်ရှိသည် ဖြစ်၍ အလုပ်တိုက် မှာ
မဂိုလမ်း တွင် ဖြစ်ပေရာ က̶̶ု̶̶လ̶̶ာ̶̶း̶ကြားထဲမှာ နေရရှာသည် ။
အချိန်မှာ ညနေငါးနာရီ ကျော်ကျော်သာ ရှိသေးသဖြင့် မမြမှီ သည် အိမ်သို့ ပြန်ရောက်ကောင်းမှ
ရောက်ဦးမည် ။ ထို့ကြောင့် ကျွန်တော်သည် အလုပ်တိုက်သို့ ဝင်သွားလေသည် ။
မမြမှီ ကား သူ့အလုပ်စားပွဲပေါ်တွင် အလုပ်လုပ်တုန်းဖြစ်လေသည် ။ ဘာဘူတစ်ယောက် နှင့်
စကားပြောနေရင်း ကျွန်တော့်အား မြင်လျှင်မြင်ချင်း ဝမ်းသာအားရဖြင့် -
“ လာဟေ့ မောင်တင်ထွန်း မောင်တင်ထွန်း တို့ မျက်နှာကို မမြင်ရတာ ကြာပြီနော် ”
ဂန္ဒီဦးထုပ်အဖြူ နှင့် ဆွာဒေရှီပင်ဖြူကို ဖြူစင်သန့်ရှင်းစွာ ဝတ်ဆင်ထားသော ဘာဘူ သည်
ကျွန်တော့်ဘက်သို့ လှည့်ကြည့်လိုက်၏ ။ မုတ်ဆိတ်ကျင်စွယ် တို့ကိုလည်း ပြောင်ချောနေအောင်
ရိတ်ထားသည် ။ ကွမ်းသွေးအနည်းငယ်သည် စေ့ထားသော သူ့ပါးစပ်ထောင့်များတွင် ယိုထွက်
နေလေသည် ။
ကျွန်တော်က မမြမှီ ၏ ဝဲဘက်ရှိ ကုလားထိုင်ဆီသို့ သွားရင်း -
“ မမရယ် ၊ ကျွန်တော်တို့လည်း သပိတ်နဲ့ အလုပ်သိပ်များနေလို့ လာမလည်ရတာပါ ၊ ခုတော့
သပိတ်လှန်ပြီးပြီ ”
“ အေး ၊ မမ လည်း မအားလို့ မလာတာဘဲလို့ သိထားပါတယ်ကွယ် ၊ သပိတ်လှန်လိုက်ပြီ
ဆိုကတည်းက မမ မောင်လေး လာလည်မှာပဲလို့ မျှော်နေတာပဲ သိလား ”
ဘာဘူ သည် ဟင်ဒီစကားဖြင့် သွားတော့မည်ဟု နှုတ်ဆက်ရင်း ထလေသည် ။ သူ့ဖောင်းကြွသော
ဝမ်းဗိုက်ကြီးသည် ရှေ့ကစားပွဲစွန်းနှင့် မလွတ်သောကြောင့် ကုလားထိုင်ကို နောက်သို့ တွန်းရွှေ့ပြီးမှ ထနိုင်လေသည် ။ မမြမှီ သည် ဘာဘူ ၏ ကိစ္စတွင်သိပ် စိတ်မဝင်စားတော့သော လေသံဖြင့် -
“ နောက် မှ ဖြည်းဖြည်း စဉ်းစားကြသေးတာပေါ့လေ ”
ဘာဘူ သည် ကွမ်းမြုံ့နေသော ပါးစပ်ကို နောက်ထပ် မဟတော့ဘဲ မမြမှီ ကိုရော ကျွန်တော့် ကိုပါ
ဆလံပေး၍ ထွက်သွားလေသည် ။
“ ကဲ ဆိုစမ်းပါဦး ၊ ဘယ်ကလျှောက်လာသလဲ ”
“ ဒီကို သက်သက် လာတာပဲ မမရဲ့ ၊ သပိတ်လှန်ပြီးတော့ ပျင်းပျင်းရှိတာနဲ့ ၊ ပြီးတော့လည်း
တစ်နေ့က ဟိန္ဒူ - မွတ်စလင် အဓိကရုဏ်းဖြစ်တုန်းက မမတို့ ဘေးမသီ ရန်မခ ရှိမှ ရှိပါလေလားလို့ သိချင်တာနဲ့ ”
“ မမတို့မှာ ဘေးမသီရန်မခပါဘဲ မောင်ရယ် ။ ဒီလို သတိရဖော်ရလို့ ကျေးဇူးတင်ပါတယ် ။ ကဲအဆင်သင့်ပဲ မောင်တင်ထွန်း ကလည်း အပျင်းပြေ အလည်လာတယ် ၊ မမလည်း အပျင်းပြေ ကန်တော်ကြီး လမ်းလျှောက်ထွက် မယ် လိုက် မလား ”
ကျွန်တော်ကား မဆွတ်ခင်က ညွတ်ချင်သော အခြေအနေမှာ ရှိလေသည် ။
“ လိုက် မယ်လေ ”
“ ဒါဖြင့် ခဏထိုင်လိုက်ဦး ၊ မမ နောက်ဖေးခန်း ခဏဝင်ပြီး မျက်နှာသစ်လိုက်ဦးမယ် ”
မမြမှီ ၏ မျက်နှာမှာ သနပ်ခါးပေါင်ဒါများ ပြယ်သလောက်ဖြစ်နေလေပြီ ။ နှာခေါင်းနှင့် ပါးမို့
များတွင် အဆီဝင်းစပင် ပြုနေလေပြီ ။ နဖူးပြင်မှာ ပြောင်ထင်းနေလေပြီ ။ သို့သော် အလှနွမ်းရုံသာ
နွမ်းသည် ။ အလှကား မပျက်ပါ ။ ပြတင်းပေါက်အထက် ကျောက် မှန်မှ ထိုးဝင်နေသော
အလင်းရောင်တွင် စိန်နားကပ် နှင့် စိန်လက်ကောက် တို့သည် တဖျပ်ဖျပ် ဝင်းလက်နေကြ၏ ။
မမြမှီ သည် ဒရိုင်ဘာကို ခေါ်ပြီး ကားအဆင်သင့် လုပ်ရန်နှင့် ကျွန်တော့် အတွက် ဖာလူဒါတစ်ခွက်
မှာလိုက်ရန် ပြောပြီး နောက်ဖေးခန်းတွင်းသို့ ဝင်သွားလေသည် ။ ထိုအခန်းသည် လူနေလျှင်
မီးဖိုခန်းဖြစ်ဖို့ ရှိလေသည် ။ အလုပ်တိုက်ဖြစ်သဖြင့် မမြမှီ ၏ ခြယ်သရန်အခန်း ပြုလုပ်ထားဟန်
ရှိ၏ ။
မမြမှီ ကို စောင့်နေရင်း သတင်းစာတစ်စောင်ကို ဆွဲလှန်လိုက်သည် ။ သပိတ်လှန်ခြင်း အပြစ်ဆိုသော ဆောင်းပါးများနှင့် ရဲရဲတောက် ကိုသန်းတင် တို့အား ထောက်ခံသည့် အထက်တန်း
ကျောင်းသားသမဂ္ဂ ကြေညာချက် များ ကိုလည်းကောင်း ၊ ကျောင်းသား တောင်သူလယ်သမား နှင့်
အလုပ်သမားများ ကို ဆက်လက်ဖိနှိပ်ချုပ်ချယ်နေသော ပြည်တွင်းရေးသတင်းများကိုလည်းကောင်း
မဖတ်ချင်ဘဲ မြင်နေရသဖြင့် သတင်းစာကို ခပ်မြန်မြန် လှန်နေပေသည် ။ နိုင်ငံခြားသတင်းများ
ကိုသာ စေ့စေ့စပ်စပ်ပင် ဖတ်ကြည့်နေမိလေသည် ။
ချက်ကိုစလိုဗက်ကီးယားပြည် ရှိ ဂျာမန်လူနည်းစု ၊ ဟန်ဂေရီယံ လူနည်းစုများ သည် ဆူပူလှုပ်ရှား
နေကြသည် ။ ဟစ်တလာ နှင့် တကွသော နာဇီခေါင်းဆောင်ကြီးများ က ဂျာမန်လူနည်းစု ကို
ဝင်ရောက်ကယ်ဆယ်ရန်မှ တစ်ပါး အခြားလမ်းမရှိတော့ဟု ကြုံးဝါးနေကြလေသည် ။
တရုတ်ဗမာလမ်းမကြီးမှ နေ၍ တရုတ်ပြည် သို့ တင်ပို့သော ဓာတ်ဆီ ၊ ရေနံဆီ များကို အကောက်တော်ခွန် ပလပ်လိုက်ကြောင်းကိုလည်း တွေ့ရပေ၏ ။
က̶̶ု̶̶လ̶̶ာ̶̶း̶တစ်ယောက်က ဖာလူဒါတစ်ခွက် လာချသဖြင့် သတင်းစာကို ပစ်ချပြီး ဖာလူဒါကို
သောက်၏ ။ တစ်ဇွန်းစီ တစ်ဇွန်းစီ အရသာခံ၍သောက်ရင်း ရင်အေးသွားကာ အရသာခံမိသလောက် ဖတ်လိုက်မိသော နိုင်ငံခြားသတင်းများအတွက် ရင်မအေးနိုင် ဖြစ်နေပေသည် ။
အိန္ဒိယပြည်မှာလည်း အမျိုးသားကွန်ဂရက်ဥက္ကဌ ဆူဘတ်စ်ချန်ဒရာဘို့စ် က ' ဗြိတိသျှတို့အား
လွတ်လပ်ရေး ပေးမပေး ယတိပြတ်မေး၍ ရာဇသံပေးသင့်ပြီဖြစ်ကြောင်း ၊ အိန္ဒိယပြည်သူတို့သည်
အဆုံးသတ်လွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွဲရန် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်ကြောင်း '
ပြောဆိုလေသည် ။
“ ဪ ၊ ဒါကြောင့်လည်း ဒေါက်တာဘမော် က သူ့ဖြုတ်ချဖို့ အယုံအကြည်မရှိ အဆိုကို ဖြေကြားရာမှာ ဆူပူနေတာဟာ ကမ္ဘာနှင့်အဝှမ်း ဆူပူနေတာ ၊ ဗမာပြည်မှာသာ မဟုတ်ဘူး ၊ ဒါ့ကြောင့်
ဗမာပြည်ကို ငြိမ်းချမ်းစွာ မအုပ်ထိန်းနိုင်တာ သူ့အပြစ်မဟုတ်ကြောင်း ပြောပေတာပဲ ”
သို့ဖြင့် ကျွန်တော်မစဉ်းစားလိုသော နိုင်ငံရေးများကို စဉ်းစားဉာဏ်ရောက်နေပြန်လေသည် ။
ရှေ့ဆက် မစဉ်းစားတော့ဘူးဟု ကိုယ့်စိတ်ကိုယ် ထိန်းလိုက်ပြီး နောက်ဖေးခန်းဆီသို့ မျှော်ကြည့်လိုက်စဉ် မမြမှီ ထွက်လာလေသည် ။
မမြမှီ ၏ ဆံထုံးမှာ တစ်ပတ်လျှိုဘီးစိုက် နောက်ကွဲဆံထုံးဖြစ်သဖြင့် ခပ်ကြော့ကြော့ဖြစ်သည် ။
စောစောက ပြောင်တင်းနေသော နဖူးပြင်ပေါ်တွင် နံ့သာခြယ်ထားရုံမက ဗျာပါဆံနုကလေးများ
ချထားသဖြင့် ယဉ်စစဖြစ်သည် ။ နှုတ်ခမ်းကို သဘာဝရောင် ဆိုးထားသဖြင့် ဣန္နြေရသော
အလှကို ဆောင်နေပေသည် ။ ဝတ်ထားသောလုံချည်မှာ အပြာရင့်ရောင် စူရတီလုံချည်ဖြစ်၍
အဖြူပြောက်ကလေးများမှာ ဖောင်းကြွတက်နေသည်ဟု ထင်မှတ်ရပေ၏ ။
ဇာပန်းမပါသော ရှံသားအင်္ကျီ မထူမပါးကို စိန်ကြယ်သီးကြီးများတပ်၍ ဝတ်ထားသည် ။
ကျစ်လျစ်စိုပြည်သည့် နဂိုနေအတွင်းသဏ္ဌာန်ကို မူမှန်သော ကောက်ကြောင်းများနှင့် ပုံမပျက်စေဘဲ ပြေပြစ်ယဉ်ကျေးစွာ မွမ်းမံပေးသည့် အဆင်အပြင် ဖြစ်ပေသည်တကား ။
ကျွန်တော် စူးစိုက်ကြည့်နေသည်ကို မမြမှီ သည် ဝမ်းသာစွာနှင့် သတိပြုမိဟန် တူလေသည် ။
သူ့ကိုယ်သူ အရိပ်ကြည့်ရင်း ကျွန်တော့်နား ကပ်လာပြီး -
“ မောင်လေး စောင့်ရတာ ပျင်းမှာစိုးလို့ ကတိုက်ကရိုက် ပြင်ခဲ့ရတာပဲကွယ် ”
“ ကတိုက်ကရိုက်ပြင်တာ သေသေချာချာ အချိန်ယူပြင်တာတွေက ပဓာန မဟုတ်ပါဘူး မမရယ် ”
“ ဒါဖြင့် ဘာက ပဓာနလဲ မောင်ရင်ရယ် ” ဟု မေးပြီး မမြမှီ သည် မျက်စချီကာ ကျွန်တော့်အဖြေကို
စောင့်နေလေသည် ။ ကျွန်တော်ကမူ ရင်ထဲမှာ ခံစားနေရသော အဓိပ္ပာယ်အတွက် သင့်မြတ်သော
စကားများကို ရှာနေသည် ။
“ ဆိုစမ်းပါဦး မောင်ရင်ရယ် ၊ ဘာက ပဓာနတုံး ”
“ သည်ခရီး သည်ထီးနဲ့ တော်တယ် ၊ သည်အချိန် သည်ထဘီနဲ့ တော်တယ် စသည်ဖြင့် နရီကိုက်အောင် ရွေးချယ်ဝတ်ဆင်တတ်ခြင်းသာ ပဓာနပါ မမရဲ့ ”
“ အမယ်လေး ပြောတတ်လိုက်တာ အရွယ်နဲ့ မလိုက်ဘူး ၊ကောလိပ်ကျောင်းသားကြီးမို့ ဒီလို
ပြောတတ်တာ ထင်ပါရဲ့ ၊ ကဲ ထသွားကြစို့ ”
မမြမှီ သည် ပြောပြောဆိုဆို ရှေ့ကသွားရာ ကျွန်တော်က နောက်က လိုက်သည် ။ ကျွန်တော့်ဟန်မှာ
ခပ်ကုပ်ကုပ် ဖြစ်၏ ။ မမြမှီ က ကားတံခါးကို ဖွင့်ပေးပြီး ကျွန်တော့်အား အရင် တက်စေသည် ။
ကားပေါ်တွင် မမြမှီ က ခံ့ခံ့ထိုင်ပြီး ကျွန်တော် က မရဲတရဲ ထိုင်လိုက်သည် ။
“ ဖိုးအောင် ကန်တော်ကြီးကို မောင်းဟေ့ ”
ဤကားသမားသည်ပင် ဤကားတွင် ကျွန်တော် နှင့် အဖေ တို့အား တင်၍ ရန်ကုန်မြို့ကို လှည့်ပတ်
ပြခဲ့ပေသည် ။ သို့သော် ထိုစဉ်က သူ့နာမည်ကို မသိခဲ့ချေ ။ မေးလည်း မမေးမိချေ ။
ဆူးလေဘုရားလမ်း ရုပ်ရှင်ရုံများရှေ့သို့ ရောက်သောအခါ မမြင့်ဦး ကို ပြေး၍ သတိရလေသည် ။
မမြင့်ဦး သာ ရန်ကုန် မှာ ရှိလျှင် သူနှင့်သာ ရုပ်ရှင်ကြည့်နေပေလိမ့်မည် ။ အခုလို မမြမှီ နှင့်
ကန်တော်ကြီးသို့ လေညင်းခံထွက် မည် မဟုတ်ဟု ထင်သည် ။ မမြင့်ဦး ကို လွမ်းဆွတ်သလိုလို ၊
တမ်းတ သလုိလို ဖြစ်လာပေ၏ ။
“ မောင်လေးရဲ့ စကားမပြော ဘာမပြောနဲ့ ဘယ်သူ့အကြောင်းများ တွေးနေသလဲ ”
ကျွန်တော်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီးတော့ “ ဘယ်သူ့အကြောင်းမှ မတွေးပါဘူး ၊ ယခု
ပြနေတဲ့ ရုပ်ရှင်တွေအကြောင်း တွေးနေလို့ပါ ။ Mad About Music ဆိုတဲ့ရုပ်ရှင်ကားဟာ
သိပ်ကောင်းသတဲ့ ။ ဂျူဒီဂါလင် ဆိုတဲ့ ဇာတ်လိုက် ကောင်မလေးကို ကျွန်တော် က သိပ်ကြိုက်တာ
မမ ကြည့်ပြီးပြီလား ”
“ မမ က အင်္ဂလိပ်စာ သိပ်မတတ်တော့ အင်္ဂလိပ်ရုပ်ရှင် သိပ် မကြည့်ပါဘူးကွယ် ။ မောင်တင်ထွန်း
တော့ ကြည့်ပြီးပြီလား ”
“ မအားတာနဲ့ မကြည့်ရသေးဘူး ၊ သိပ်ကြည့်ချင်တာပဲ ”
“ မမ ပြမယ်လေ ၊ ကြည့်မှာလား ၊ ခုလို အင်္ဂလိပ်စာ ကောင်းကောင်းတတ်တဲ့လူနဲ့ ကြည့်ရတော့
မမ မှာလည်း နားလည်ပါးလည်နဲ့ အရသာခံနိုင်တာပေါ့ ”
“ ဟုတ်ကဲ့ ” ဟု ပြောပြီး ကျွန်တော်က ငြိမ်နေလိုက်သည် ၊
ကားသည် တိရစ္ဆာန်ရုံထောင့် ' ချစ်သူ့လမ်းကြား ' ( Lover's Lane ) ထိပ်သို့ ရောက်လာသော
အခါ မမြမှီ က -
“ ဖိုးအောင် ရေ ၊ ဘုတ်ကလပ်ဘက်ကို မောင်းကွယ် ။ အဲဒီဘက်ကနေပြီး မမတို့ နှစ်ယောက် သမ္ဗာန်နဲ့
အလယ်ကျွန်းကို ကူးကြမယ် ၊ မင်းက အလယ်ကျွန်းထိပ်ဝမှာ သွားပြီး စောင့်နေပေတော့ ”
ကားသည် ဘော်တယ်နီကယ် ဂါဒင် ဘက်သို့ ချိုးလိုက်ပြီးနောက် တစ်ခဏ၌ မမြမှီ က -
“ ဖိုးအောင် ရေ ၊ ရပ်ပေးစမ်းကွယ် ။ မမ တို့ ဟောဟို လမ်းကြားထဲကပဲ လျှောက်ပြီး သွားတော့မယ် ။
မင်းက အလယ်ကျွန်းထိပ်ကိုသာ သွားစောင့်ပေတော့ ။ တော်တော်ညောင်းနေတော့ လမ်းပိုလျှောက်
မှ ကောင်းမယ် ”
ကားရပ်လိုက်သည် ။ ကျွန်တော်တို့သည် ဆင်းပြီး ' ချစ်သူ့လမ်းကြား ' တွင်းသို့ ဝင်လေသည် ။
မဂိုလမ်း ဆူးလေဘုရားလမ်း စသည်တို့နှင့် ကွာခြားလှသော လမ်းကြားကလေးပင်တည်း ။
ရွက်သစ်တို့ဖြင့် စည်ကားလှသော ဝါးပင် ၊ သစ်ပင် ၊ ပန်းပင်တို့ကြောင့် ညနေခင်း အလင်းရောင်မှာ စိမ်းလဲ့လဲ့အရောင် ဟပ်နေပေသည် ။ ထို စိမ်းလဲ့လဲ့နောက်ခံအရောင်တွင် စိန်ပန်းပွင့် ၏
နီရဲသောအရောင် ၊ ငုနီလာ ၏ နီလာရောင် နှင့် ငုရွှေဝါ ၏ ရွှေဝါရောင် တို့က စုတ်တံကစား
ထားကြပေသည် ။ လေပြည်မှာလည်း လတ်ဆတ်သည် သာမက သင်းနေသည်ဟု ထင်ရပေ၏ ။
ကျွန်တော်တို့သည် ဘေးတိုက်လျှောက်သွားကြသည် ။ အခါတိုင်း မမြမှီ အား ကျွန်တော့်ထက်
အရပ်အမောင်း အနည်းငယ် မြင့်ဦးမည်ဟု ထင်ခဲ့၏ ။ ယခုလို ယှဉ်လျှောက်လိုက်တော့မှ
ကျွန်တော့်ထက်ပင် အနည်းငယ် နိမ့်နေသည်ကို အံ့ဩစွာ တွေ့ရပေသည် ။ ဒါ့ကြောင့်လည်း
ငယ်ငယ်တုန်းက ကိုရင်ကြီးကိုဘသန်း က ' ယောကျာ်းဟာ မိန်းမထက် ပိုဘုန်းကြီးတယ် ၊
ဒါ့ကြောင့် အချင်းချင်း ယှဉ်လိုက်ရင် ယောကျာ်းက ပိုမြင့်ခြင်း ဖြစ်တယ် ' လို့ ပြောခဲ့တာပဲ ။
နွေဦးရာသီ၏ စိမ်းလဲ့လဲ့ရောင်ခြည်များကြားတွင် ပြည့်ဖြိုးတောင့်တင်းသော ကိုယ်ပုံသဏ္ဌာန်နှင့်
လန်းဆန်းစွာ လှပနေသော မမြမှီ မှာ နုပျိုနေသည်ဟုပင် ကျွန်တော် ထင်မိသည် ။ ယင်းသို့သော
အကြောင်းတွေကြောင့် ကျွန်တော် နှင့် မမြမှီ တို့၏ ကြားဝယ် ဆယ်နှစ်မျှ ကွာခြားနေသော
အသက်တာသည် တစ်စစ ပျောက်ကွယ်သွားတော့သည် ။
“ မောင်တင်ထွန်း ဒီလမ်းကလေးရဲ့ နာမည်ကို ဘယ်လို ခေါ်သလဲကွဲ့ ”
“ Lover’s Lane တဲ့ မမမရဲ့ ၊ ဟဲဟဲ ချစ်သူလမ်းကြား ပါလို့ ဘာသာပြန်ကြပါစို့ မမရယ် ”
မမြမှီ ကလည်း ကိုယ်မလုံဟန်ဖြင့် သဲ့သဲ့ရယ်လိုက်ပြီး -
“ ချစ်သူ လမ်းကြားတဲ့နော် ၊ ဟဲ ဟဲ နာမည်ပေးသူကလည်း တော်တယ် ၊ ဘာသာပြန်တဲ့သူကလည်း
တော်တယ် ”
ကျွန်တော် ရော မမြမှီ ပါ တမြုံ့မြုံ့ပြုံးရင်း ခေါင်းငိုက်စိုက်ချကာ ဖြည်းဖြည်းကလေး လျှောက်နေကြလေသည် ။ တော်တော်နှင့် စကားစ မတွေ့နိုင်ကြ ။ သစ်ပင်မြင့်ဖျားဆီမှ ဥဩတွန်သံ ပေါ်လာသည် ။ ပြီးတော့ ရေမွှေးပက်ဖျန်းထားသော လက်ကိုင်ပုဝါကို ဖြန့်လျက် ယပ်ခတ်နေသည် ။
သင်းမြသော အနံ့ကလေးသည် ကျွန်တော့်အား ယစ်စေလေသည် ။
ကျွန်တော်က ငိုက်စိုက်ချထားသော မျက်နှာကို မော့ပြီး မမြမှီ အား ကြည့်လိုက်သည် ။ မမြမှီ သည်
ညှိုးငယ်သော မျက်နှာဖြင့် ရှေ့သို့ ငေးကြည့်နေသည် ။
“ မမ ကုသိုလ်ကံဟာ သိပ်ဆိုးတာပဲ ၊ ချစ်သူ ယောကျာ်း ရှိပေမယ့် သွားအတူ လာအတူ ပျော်ပျော်
ရွှင်ရွှင် မနေရဘူးကွဲ့ ၊ သူ့ကိုလည်း သနားပါတယ် ”
“ သူ့ရောဂါ ဘယ်တော့ပျောက် မှာတဲ့လဲ မမ ၊ ဆရာဝန်တွေက ဘယ်လို ပြောသလဲ ”
“ ဘယ်တော့မှ ပျောက် မယ်လို့ ဘယ်သူမှ မပြောနိုင်တဲ့ အခြေမှာ ရှိပါတယ်ကွာ ခက်တာပဲ ”
ကျွန်တော် သည် မမြမှီ အား တကယ်ပင် သနားမိသည် ။ ' စေ ' တစ်လုံးပိုင်လျှင် ကောင်းလေစွဟု
တောင့်တမိသည် ။ မမ ၏ ယောက်ျား သွက်ခါပါဒ အခြေမှ ချက်ချင်း ပျောက်စေဟု မန်းမှုတ်လိုက် မည် ဖြစ်၏ ။ ခုတော့ ဘာမျှ မရေရာသော စကားဖြင့်ပင် နှစ်သိမ့်စေရတော့၏ ။
“ တစ်နေ့တော့ ပျောက် မှာပေါ့ မမရာ ၊ ကံဆိုတာ အမြဲတမ်း နိမ့်နေရိုးထုံးစံ မရှိပါဘူး ”
ထိုအချိန်တွင် မျောက် များက အူလိုက်သည် ။ နောက်ဆက်ပြီး ကျားတွေ ၊ ခြင်္သေ့တွေက ဟောက်ကြသည် ။ နောက်ပြီး ဘာသံမှ ခွဲမရသော တိရစ္ဆာန်ရုံ ဆူသံကြီးကို ကြားရလေသည် ။
ကျွန်တော်တို့လည်း ဘုတ်ကလပ်အနီး ရောက်ကြလေပြီ ။ သမ္ဗန်တစ်စင်းကို ငှားကြ၏ ။
မမြမှီ က သမ္ဗန်ခတ်သူကို ကျောပေးလျက် သမ္ဗန်ဦးကို မျက်နှာမူကာ ထိုင်သည် ။ ကျွန်တော် က
သမ္ဗန်ဦးကို ကျောပေးလျက် မမြမှီ ကို မျက်နှာမူကာ ထိုင်သည် ။
ဆည်းဆာရောင်ခြည်သည် အတော်ပင်လင်းတုန်း ဖြစ်သည် ။ ကြည်လင်သော ကောင်းကင်ပြင်
ကလည်း တောက်ပနေပေသည် ။ လေညှင်းကလေးက တသုန်သုန် တိုက်ခတ်လျက်ရှိ၏ ။
မမြမှီ သည် ရွှင်ပြုံးလာပြန်ပြီး လက်ကို ရေထဲမှာ ချ၍ ကစားနေသည် ။
“ မောင်တင်ထွန်း ကြည့်တဲ့ ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးက ဘယ်ကားလဲ ”
“ ဘယ်ကားဟာ အကောင်းဆုံးလို့ ပြောဖို့ခက်တယ် မမရဲ့ ။ မကြာသေးခင်က ကြည့်လိုက်ရတဲ့
ကားတစ်ခုဟာ သိပ်ကောင်းတာပဲ ၊ ' မေရီယာဝယ်လူ့စ်ကာ ' တဲ့ ။ ဇာတ်လိုက်တွေက ဂရိတာဂါဘို နဲ့ ချားလ်ဘွိုင်ယာ ၊ ဂရိတာဂါဘို လောက် ကောင်းတဲ့ မင်းသမီး ကျွန်တော်တော့ တစ်ခါမှ
မတွေ့ဖူးသေးဘူး ”
မမြမှီ သည် လေညင်းကလေးက ဆွသဖြင့် ပွနေသော မဟာနဖူးဆံစများကို သပ်ရင်း -
“ ဇာတ်လမ်းကို ပြောပြပါဦးကွ ”
ကျွန်တော် သည် စကား မရှိလို့သာ ဤဇာတ်ကားအကြောင်းကို ပြောလိုက်ရသော်လည်း ဇာတ်လမ်း
ကိုကား မပြောချင် ။ ဇာတ်ကားကို ကြိုက် မိ၍သာ ကြိုက် မိကြောင်း ပြောလိုက်သော်လည်း
ဇာတ်လမ်း၏ သဘောကို မမြမှီ အား မသိစေချင် ။
“ ပြောစမ်းပါဦးကွ ၊ မမတို့က အင်္ဂလိပ်ဇာတ်ကားတွေ မကြည့်နိုင်တော့ မင်းတို့လိုက ဖောက်သည်ချမှကွယ့် ”
“ ဇာတ်လမ်းရဲ့ အတိုချုပ်ကတော့ ပိုလန်ပြည် ကို နပိုလီယံ စစ်ချီသွားတော့ အရွယ်အိုမင်းတဲ့
ပိုလန်မြို့စားကြီးတစ်ဦးရဲ့ အရွယ်နုပျိုတဲ့ မြို့စားကတော်နဲ့ တွေ့ကြတယ် ။ နပိုလီယံ က
တမ်းတမ်းစွဲ လိုက်ပိုးပြီး သိမ်းပိုက်တယ် ။ ပရဒါရကံ ကျူးလွန်တဲ့ ဇာတ်လမ်းမို့ သင်ခန်းစာက
မကောင်းဘူး မမရဲ့ ”
မမြမှီ က ငေးနားထောင်နေရာမှ ဝတ်ကျေတန်းကုန် ပြောလိုက်ဟန်ဖြင့် -
“ အေးပေါ့ မကောင်းဘူး ”
“ ဒါပေမဲ့ ချားလ်ဘွိုင်ယာ က နပိုလီယံ ကို အက်လုပ်တာ သိပ်ကောင်းတာပဲ ၊ ဂရိတာဂါဘို
မြို့စားကတော် လို အက်တင်းကလည်း သိပ်ကောင်းတယ် ၊ ဒါကြောင့် အဲဒီကားကို ကြိုက်တာ ”
မမြမှီ သည် ဘာမျှ မပြောဘဲ နီးကပ်လာပြီဖြစ်သော အလယ်ကျွန်းဆီသို့သာ ငေး၍ကြည့်နေသည် ။
သူ့မျက်လုံးများသည် ရှေ့ကထိုင်နေသော ကျွန်တော့်ကိုပင် မြင်ဟန်မရှိတော့ချေ ။ ကျွန်တော်
ပြောလိုက် မိတာ မှားသွားလေပြီလား ။ ကျွန်တော်သည် ဤဇာတ်လမ်းကို မသန့်ရှင်းသော
ရည်ရွယ်ချက်ဖြင့် ပြောသည်ဟု မမ က ထင်သွားလေပြီလား ။
မမ ၏ နှလုံးအိမ်တွင် စက်ဆုပ်ခြင်း ၊ ရွံမုန်းခြင်း စသည်တို့ ချင်းနင်းဝင်ရောက်သွားလေပြီလား ။
သို့မဟုတ် မမ ၏ နှလုံးအိမ်တွင် ကြာခိုသော ဇာတ်လမ်းခင်းပြီး မှောင်ကြီးကျနေပြီလော ။
ကျွန်တော်အဖို့ကား ထိုဇာတ်လမ်းသို့ ရည်ရွယ်ချက် မရှိဘဲ ရောက်သွားသည်မှာ အမှန်ဖြစ်၏ ။
ထိုခဏ ထိုအခိုက်ထိ မမြမှီ အပေါ်တွင် ကျွန်တော် ထားခဲ့သော မေတ္တာမှာ ရိုးသားစင်ကြယ်ရိုး ဧကန်မှန်ပါသည် ။ အကယ်တိ မမြမှီ ၏ ရူပါရုံ ဂန္ဓာရုံ စသည်တို့တွင် ကျွန်တော် ယစ်မူးခဲ့ပါမူ
သဘာဝဓမ္မ မလွန်ဆန်နိုင်၍သာ ဖြစ်ပါသည် ။ မမြမှီ ၏ ရုပ်အဆင်းက လှပေသကိုး ၊ လူမှန်လျှင်
အလှကို ချစ်မြတ်နိုးသည် မဟုတ်ပါလား ။ မမြမှီ ၏ ကိုယ်ခန္ဓာက တပ်မ က် ဖွယ် ကောင်းသကိုး ၊
လူမှန်လျှင် တပ်မ က် စရာကို တွယ်တာသည် မဟုတ်ပါလား ။ မမြမှီ အခြယ်အမှုန်းတို့က မွှေးကြိုင်ပေသကိုး ၊ လူမှန်လျှင် ဂန္ဓာရုံတွင် ယစ်တတ်သည် မဟုတ်ပါလား ။ သို့ရာတွင် ကျွန်တော့်
တုံ့ပြန်မှုများသည် ဤတွင်သာ ရပ်ခဲ့သည် ။
တစ်ဆင့်တက်၍ စိတ်မကစား ၊ ကာမပိုင်လင် ရှိသည် ဟူသော အသိနှင့် အသက်ကွာခြားမှုတို့က
တံတိုင်းကြီးတွေလို ကာဆီးထားခဲ့သည် ။ ခုတော့ မရည်ရွယ်ဘဲ နှင့် မေရီယာဝယ်လူစ်ကား
ဇာတ်လမ်း ကို ပြောမိရာမှ ကြာခိုသော ဇာတ်တွင် စိတ်ကစား ကြည့်နေမိလေပြီ ။ မရိုးမသား
တောတွေးတောင်တွေး တွေးမိလေပြီ ။ ကျွန်တော့် တစ်ကိုယ်လုံးသည် ချောက်ချားလာ၏ ။
ကျွန်တော့်စိတ်သည် ညစ်ညူးလာ၏ ။
ကမ်းပေါ်သို့ ကျွန်တော် က အရင်တက်ပြီး ကြိုနေရာ စောင်းသွားသောသမ္ဗန်မှ မမြမှီ သည်
ကျွန်တော့် ပုခုံးကို ကိုင်ပြီး တက်လိုက်လေသည် ။ ကမ်းပေါ်ရောက်သော်လည်း ကျွန်တော့်ပခုံး မှ
လက်ကို တော်တော်နှင့် မလွှတ် ။ လှုပ်ရှားစေသော ရူပါရုံ နှင့် ဂန္ဓာရုံ တို့ အပေါ်တွင် မရိုးမရွ
ဖြစ်နေသော ဖေဌဗ္ဗာရုံ က သရဖူဆောင်းပေးလိုက်ပြန်လေသည် ။ ကျွန်တော်ကား စိတ်လှုပ်ရှားသလောက် လူက ငြိမ်ရပ်နေသည် ။ ဘာလုပ်ရ ၊ ဘာကိုင်ရမှန်း မသိ ။ ယုတ်စွအဆုံး အုပ်လှေကား
အဆင့်ကလေးတွေတွင် တက်သွားရမည်ကိုပင် မသိ ဖြစ်ပါလေ၏ ။
ခဏ များစွာကြာအောင် ၂ ယောက်သား ငြိမ်ရပ်နေပြီးမှ မမြမှီ က လှုပ်နှိုးလိုက်သည် ။
“ ကဲ - မောင်လေး ဘာလုပ်နေသလဲ တက်လေ ”
အပေါ် ရောက်သောအခါ မမြမှီ သည် ထိုင်ခုံကလေး တစ်ခုပေါ်တွင် ထိုင်ပြီး ဘေးက ဝင်ထိုင်ရန်
ကျွန်တော့် အား ကိုယ်အမူအရာဖြင့် နေရာပေးနေလေသည် ။ ထိုအချိန်တွင် ကျွန်တော်သည်
ကိုယ့်ကိုယ်ကိုယ် အတော် ထိန်းနိုင်ပြီ ဖြစ်၍ -
“ ပြန်ကြဦးစို့လား မမ ရယ် ၊ တော်တော်ကြာ မှောင်လာတော့မယ် ”
“ ထိုင်ပါဦးကွာ ၊ တော်တော်နဲ့ မမှောင်သေးပါဘူး ၊ မတွေ့ဘူးလား လူများတွေလည်း မပြန်ကြသေးပါဘူး ”
ထိုအခါ မမြမှီ က ခပ်စူစူမျက်နှာ ထားလိုက်ပြီး အောင့်သက်သက် လေသံဖြင့် -
“ အောင်မယ်လေး မောင်ရင်ရယ် ၊ ဘယ်သူနဲ့ ချိန်းထားလို့ ဒီလောက် လောဆော်နေတာလဲ ၊
အားတယ် ပျင်းတယ် ဆိုလို့ မောင့် ကို မမ က ခေါ်လာတာ ။ ကဲ - ဒီလောက်တောင် ပြန်ချင်ရင်
ပြန်မယ် ”
မမ က ထပြန်တော့မည့်ဟန်ဖြင့် အောက်တွင် ချွတ်ချထားသော ဖိနပ်ကို လျှိုလိုက်သည် ။
ကျွန်တော်ကား ဝမ်းနည်းအားနာဖြစ်သွားကာ သူ့ဘေးက ဝင်ထိုင်ပြီး ပြုံးတုံးတုံး လုပ်နေလိုက်
လေသည် ။
လေညင်းကလေးက တသွင်သွင် တိုက်လာပြန်သည် ။ မမ သည် ရေမွှေးဆွတ်ဖျန်းထားသော
လက်ကိုင်ပုဝါဖြင့် ယပ်ခတ်နေပြန်သည် ။ ဟိုမှာ တစ်တွဲ ၊ ဒီမှာ တစ်တွဲ ၊ ဟိုမှာ သုံးယောက် ၊ ဒီမှာ
သုံးလေးယောက် တစ်ဖြောက်ဖြောက် တွေ့ရသေးသော်လည်း လူရှင်းစ ပြုလေပြီ ။ ဆည်းဆာ
ရောင်ခြည်ကား တစ်တစ်စ မှိန်ခဲ့လေပြီ ။
မမြမှီ သည် ပေါင်တစ်လုံးပေါ် တစ်လုံးထပ်ပြီး ခါးကိုကော့လျက် ထိုင်ခုံကျောမှီပေါ်တွင် တအားပစ်ပြီး မှီနေသည် ။ လက်နှစ်ဖက်ကို နောက်ပစ်ကာ ပတ္တာဆက်ထားပြီး မော့နေသော ခေါင်းအောက် မှာ ကပ်ထားသည် ။ အိစက်လုံးချောသော ပေါင်တံ ၊ ကျစ်လျစ်ပြည့်ဖြိုးသော တင် ၊
သွယ်ဝိုင်းသည့် ခါး နှင့် မောက် မို့သော ရင်သားတို့ကို ကောက်ကြောင်းထင်ရှားစွာ ပြနေသော
နေထိုင်ဟန်ပင်တည်း ။ ထိုသဏ္ဌာန်သို့ ကျွန်တော့်မျက်စိအစုံသည် အမှောင်ရိပ်များ တစ်လွှာပြီး
တစ်လွှာ ကျရောက်လာလေလေ ရစ်ဝဲမိလေလေ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ကျွန်တော်သည်
စကားမရှိ စကားရှာရလေသည် ။
“ မမ မြန်မာရုပ်ရှင်တွေကို ကြည့်တယ် ပြောတယ် ၊ ဘယ်ကားကို အကြိုက်ဆုံးလဲ ”
“ မြားနတ်မောင် ကို အကြိုက်ဆုံး ”
“ ဟင် ၊ ဟုတ်လား ”
“ မင်းကော မကြိုက်ဘူးလား ”
“ ကြိုက်ပါတယ် ၊ အတော်ကောင်းတဲ့ကားပဲ ၊ ကျွန်တော်တို့ ကျောင်းသားများသမဂ္ဂကတောင်
ရွှေတံဆိပ် ပေးသေးတာပဲ ”
သို့ဖြင့် မမထား နှင့် မောင်ကလေး အပါ တို့၏ ချစ်ခန်းတွင် စိတ်ကစားနေပြန်လေပြီ ။ မမထား
နေရာမှ မမြမှီ ၊ အပါ့ နေရာမှ ကျွန်တော်တင်ထွန်း ရောက်သွားလေပြီ ။ လှုပ်လေမြုပ်လေ
ဆိုသကဲ့သို့ ဤလို မသန့်ရှင်းသော အတွေးကို ရှောင်ခါမှ ထိုအတွေးစက်ကွင်းသို့ ဆိုက်ဆိုက်
မြိုက် မြိုက် ရောက်ရပေသည် ။ သည်စိတ်မျိုးမှာ စပရိန်လို ဖိလေ ကြွလေပါတကား ။ မဖြစ်ဘူး ။
ကြာကြာနေလို့ မဖြစ်ဘူး ။ ကျွန်တော် သည် ထိုင်ရာက ဆတ်ခနဲထလိုက်သည် ။
“ မမရေ ၊ သွားကြစို့ မှောင်လာပြီ ”
မမြမှီ သည် ကျွန်တော့် အား မော့၍ ချိုသာပျော့ပျောင်းစွာ ကြည့်လိုက်သည် ။ ပြီးလျှင် လက် များကို
ဆန့်တန်းကာ အညောင်းဖြေရင်း -
“ အေး ၊ ပြန်ကြမယ် ”
မမ စိတ်ထဲမှာ မချင့်မရဲပင် ဖြစ်နေသလား ။ သို့မဟုတ် ကျေကျေနပ်နပ် ဖြစ်သလား ။ ကျွန်တော် က
အကဲ မခတ်တတ်ပေ ။ မမ သည် ထိုင်ခုံမှ သွက်လက်စွာထပြီး ကျွန်တော့်ရှေ့ကပင် လျှောက်နှင့်၏ ။
ကျွန်တော် က နောက်က လိုက်နေရာ ကိုက် ၅ဝ လောက် ရောက်ကြလျှင် မမ သည် ကျွန်တော့်အား
ဘေးချင်းယှဉ်မိသည့် တိုင်အောင် စောင့်ပြီး လျှောက်၏ ။
“ မောင်တင်ထွန်း မှာ ရည်းစား ရှိသလား ”
“ ရည်စားရယ်လို့တော့ မရှိပါဘူး မမရယ် ”
“ အို - မင့်စကားက ဆန်းလှချေလားကွ ၊ ရည်းစားရယ်လို့ မရှိရင် ဘာအနေနဲ့ ရှိတာလဲ ”
“ ဒီလို မမရဲ့ ၊ ဝင်နီဖေ ဆိုတဲ့ ခင်သိန်းဝင်း ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ် ။ သူတို့
ကလည်း ကျွန်တော့်ကို လိုလားပါတယ် ၊ ကျွန်တော်ကလည်း ကြိုက် မိပါတယ် ၊ သို့ပေမယ့်
အတိအလင်း ဖွင့်မပြောရသေးဘူး ။ နောက်တော့ တစ်ယောက်နဲ့ တစ်ယောက် ဝါသနာချင်း
ရည်ရွယ်ချက်ချင်း မတူတာနဲ့ ခပ်ခွာခွာနေလိုက်တယ် ။ ခုတော့ ဝင်နီ ဟာ ယောက်ျားယူတော့မယ်
လို့တောင် ကြားတယ် ”
“ ဒါဖြင့် မင်း ကျန်ရစ်ပေါ့ကွ ”
“ ကျန်ရစ်လို့လည်း မဆိုနိုင်ပါဘူး ၊ ကျွန်တော်ကမှ ငမ်းငမ်းစွဲ မလိုက်တာပဲ ။ နောက်ပြီးတော့
တစ်ယောက် ရှိသေးတယ် ၊ ဒါကတော့ ကျွန်တော်နဲ့ ကျောင်းနေဖက် မမြင့်ဦး ပဲ ။ သူက
မြန်မာစာဂုဏ်ထူးတန်းက ၊ ကျွန်တော်ကလည်း သူ့ကိုချစ်တယ် ၊ သူကလည်း ကျွန်တော့်ကို
ချစ်တယ်လို့ တပ်အပ်ပြောနိုင်တယ် ။ သို့ပေမယ့် တစ်ယောက်တစ်ယောက် ဖွင့်မပြောရသေးဘူး ၊
သူငယ်ချင်းလည်း မက ရည်းစားလည်း မကျ ဆိုတာလိုပေါ့ မမရယ် ”
“ ဟင် မင်းဟာက မရေမရာကြီးကွာ ၊ ဒီလိုပဲ ဖွင့်မပြောဘဲ နေရင် လွဲသွားဦးမယ်နော် ။ ဘာဖြစ်လို့
ဖွင့်မပြောသလဲ ၊ တကယ်ချစ်ရင် ဖွင့်ပြောလိုက်ပေါ့ ”
“ ဒီလို မမရဲ့ ၊ စသိခါစက ကျွန်တော်က မိတ်ဆွေအနေနဲ့ သူ့ဆီ စာတစ်စောင်ရေးတယ် ၊
နည်းနည်း အရေးမှားသွားတဲ့ စကားကလေးကြောင့် သူ့ကို ရိသဲ့သဲ့ ပိုးတိုးတိုး လုပ်ရပါ့မလား
ဆိုပြီး ကျွန်တော့်ကို ရန်တွေ့တယ် ။ ဒီတော့ ကျွန်တော်ကလည်း မခံချင်တာနဲ့ ' တက်တက်စင်
ရိုးပါလျက်ကယ်နှင့် ၊ ကလက်တက်တက် ထင်သူရယ် ၊ တစ်မျိုးသဒ္ဓါမပျက်စေနှင့် ၊ အပိုးဝါသနာ
ဘက်ကိုတဲ့ ကွင်းသမို့ပယ် ၊ ငြင်းလို့ကွယ်နိုင်ပါရဲ့ ဖြောင့်စွာသဘော ၊ မင်းတို့အရွယ်ကိုဖြင့်
ကျောင်းတကာ မစော ' ဆိုတဲ့ သခင်ကိုယ်တော်မှိုင်း ရဲ့ လေးချိုးကြီးတစ်ပုဒ်ထဲက ကောက်နုတ်ပြီး
ပြန်ရှင်းတယ် ။ အခုလည်း မပိုးဘူး ၊ နောက်လည်း မပိုးဘူး ၊နှုတ်လွန်လက်လွန် ဖြစ်သွားတာပေါ့လေ ။ သူ နဲ့ ကျွန်တော် အဲဒီတုန်းကတည်းက ရင်းနှီးသွားကြတာပဲ ၊ တစ်စနဲ့ တစ်စ တစ်ယောက်
နဲ့ တစ်ယောက် ချစ်လာကြတယ် ။ သို့ပေမယ့် အဲဟို အစတုန်းက စကားလွန်ထားလို့ ဖွင့်ပြောရမှာ
ခက်နေပြီ ”
ကျွန်တော်သည် ပြောရင်း ပြောရင်း ကြေကွဲ ဝမ်းနည်းသံ ပါလာသည် ။ မမြမှီ ကတော့ ရယ်လိုက်သည် ။
“ အောင်မယ်လေး ဟဲ့ ၊ ဘာများ ခက်စရာ ရှိသေးသလဲ ၊ ဖွင့်သာ ပြောလိုက် ။ ယောက်ျားကလေးနဲ့
မိန်းကလေး တို့ရဲ့ အချစ်ဟာ မုန်းတယ် မချစ်ဘူး ဆိုတဲ့ စကားနဲ့ စတတ်ကြတာပဲ ။ အဲဒီတော့
နှုတ်လွန် လက်ကျွံနေတာကို ပြင်ရုံပဲ ရှိတယ် ။ မောင်လေး ရဲ့ ကိစ္စမှာ ချစ်တယ်ဆိုတဲ့ ကတိကို
တည်ဖို့ အရေးကြီးသလောက် ၊ မချစ်ဘူး မပိုးဘူး ဆိုတဲ့ ကတိကို ဖျက်ဖို့ အရေးကြီးတယ် ။
တော်တော်ကြာ ဖွင့် မပြောလို့ မောင်မင်းကြီးသားက မသေချာပါဘူးလေဆိုပြီး သည့်ပြင်လူကို
လက်ခံသွားရင် ကျန်ရစ် နှစ်ခါ ဖြစ်နေရဦးမယ် ဟဲ ဟဲ ”
“ ကျန်ရစ်ဖြစ်လည်း ကောင်းတာပါပဲလေ ” ဟု ကျွန်တော် က မူလကျီ လုပ်၍ သံဝေဂသံ ပေးလိုက်သောအခါ -
“ ဘာဖြစ်လို့လဲ ၊ နောက်ထပ် တစ်ယောက် တွေ့နေလို့လား ၊ ပြောစမ်းပါဦး နောက်ထပ် တွေ့သူ
ကလေးရဲ့ အကြောင်း ”
“ ဟဲ ဟဲ မတွေ့ပါဘူး ၊ တွေ့လို့ပြောတာ မဟုတ်ပါဘူး ”
ကျွန်တော်သည် ဘူးကွယ်လိုက်ရသော်လည်း ကိုယ်မလုံချေ ။ မခင်သစ် ကလေး တစ်ယောက်အား
နောက်ထပ် တွေ့ထားသည် မဟုတ်ပါလား ။ သို့သော် မခင်သစ် နှင့် ပတ်သက်ပြီး စိတ်ပိုင်းဖြတ်ထားခြင်းလည်း မရှိသေး ၊ ၎င်းပြင် ကျွန်တော်သည် မခင်သစ် အား ကိုယ်တစ်ဦးတည်းသာ
သိအပ်သော လျှို့ဝှက်အပ်သည့် ကျောက် မျက်ရတနာကလေး တွေ့ထားသည့်သဖွယ် သဘောထားပေသည် ။
မမြမှီ သည် အကင်းပါး၏ ။ ကျွန်တော်သ ည် တစ်စုံတစ်ရာကို ဖုံးကွယ်နေကြောင်း ရိပ်မိ၏ ။
“ နောက်ထပ် တွေ့ထားတဲ့ မိန်းကလေးအကြောင်းကိုတော့ မပြောတာက မမ ဖျက် မှာ စိုးလို့လား ”
“ အို မဟုတ်ပါဘူး မမ ကလည်း ၊ နောက်ထပ် မတွေ့လို့ ပြောတာပါ ”
“ နောက်ထပ်တွေ့ရင်လည်း ပြောဦးနော် ၊ မမ က အကြံဉာဏ် ပေးတတ်ပါတယ်ကွယ် ၊ မောင်လေး က
တွေ့ထားတဲ့ မိန်းကလေးတွေအကြောင်း ပြောပြရင် ဘယ်မိန်းကလေးဟာ မင်းကို ချစ်တယ် ၊
ဘယ်မိန်းကလေးဟာ သဘောသကာယ ကြီးတယ် ဆိုတာတွေကို မမ တို့ မိန်းမသားချင်းက
ပို သိနိုင်တယ် ။ ဒါကြောင့် သားများဟာ ကိုယ့်ရည်းစားအကြောင်း အမေ နဲ့ ဆွေးနွေးတိုင်ပင်ရင်
မမှားတတ်ဘူး ၊ မောင်တင်ထွန်း မှာတော့ အမေ နဲ့ ခွဲနေရတော့ မမ ကိုပဲ တိုင်ပင်ဆွေးနွေးပေါ့ကွယ်
ဟုတ်လား ”
“ ဟုတ်ကဲ့ မမ ”
အလယ်ကျွန်း အပေါက်ဝသို့ ရောက်လာကြလေပြီ ။ ပတ်လမ်းပေါ်တွင် ကားသုံးစီး ရပ်ထားသည်ကို မြင်ရသော်လည်း အမှောင်လွှမ်းနေပြီဖြစ်သဖြင့် ဘယ်ကားသည် ကျွန်တော်တို့၏ ကားဟုပင်
ခွဲခြား၍ မသိနိုင်ပြီ ။
ကားများဆီသို့ ကျွန်တော်တို့ လျှောက်လာကြစဉ် အက်ဒဝပ်ကြေးရုပ် ခြေရင်းတွင် ထိုင်နေသော
ဖိုးအောင် အား ကျွန်တော်တို့က သတိ မထားမိ ။ ဖိုးအောင် က ပြေးလိုက်လာပြီး ကားပေါ်ပြေးတက်သွားလျက် အတွင်းမီးကို ဖွင့်လိုက်သည် ။ မမြမှီ က ကားတံခါးကို ဖွင့်ပေးပြီး ကျွန်တော့် အား
အရင် အတက်ခိုင်းသည် ။ ကား သည် ဗဟန်းဘက်သို့ ထွက်လာသည် ။ မမြမှီ သည် ကူရှင်ပေါ်တွင်
ကိုယ်ကို လှန်ချပြီး မှီကာ သမ်းလိုက်သည် ။ ကားပေါ်တွင် ခံ့ညားလှသော တစ်ပွေ့တစ်ပိုက် မမြမှီ
ကြီးပါကလားဟု ကျွန်တော့်စိတ်တွင်းမှာ ကျိတ်၍ ဥဒါန်းကျူးနေမိပြန်ပါသည် ။
“ မောင်တင်ထွန်း ရုပ်ရှင်လိုက်ကြည့်မယ် မဟုတ်လား ”
“ ကနေ့တော့ အချိန် မရှိတော့ပါဘူး မမရယ် ၊ ကျွန်တော့်ကို ကျောင်းသာ ပြန်ပို့ပါတော့ ”
“ အို ဘယ်ဟုတ်ရမှာလဲ ၊ မြို့ထဲလိုက်ပြီး စားဦးမှပေါ့ ၊ နို့မဟုတ်ရင် မောင်လေး ဆာနေမယ် ”
“ မဆာပါဘူး ကျောင်းသာ ပြန်ပို့ပါတော့ မမရယ် ”
မမ သည် ဘာမျှ မပြောတော့ဘဲ ကျွန်တော့်အား အားမလို အားမရ မူဟန်ဖြင့် ကြည့်နေသည် ။
ကျွန်တော် သည် မမ ကို အားနာသွားသည်နှင့် -
“ မမ ဆာရင်တော့ ကျွန်တော် အဖော် လိုက်ခဲ့မယ်လေ ”
“ ဟင့်အင်း ၊ မောင်လေး မှ မဆာဘဲ မမက ကိစ္စ မရှိပါဘူး ။ ဖိုးအောင် ရေ ကောလိပ်ကျောင်းဘက်ကို
မောင်းဟေ့ ”
အင်းလျားကန်စောင်း ယူနီဘာစီတီရိပ်သာလမ်း သို့ ရောက်သည့်တိုင်အောင် ဘာမျှ မပြောကြတော့ပေ ။
လထွက်လာပြီ ။ သို့သော် ငွေရောင်ခြည်ကား မဖြာသေး ။ သို့သော် အင်းလျား၏ ရှုခင်းကား
မှုန်တိမှုန်ဝါး အကြမ်းခြယ်ထားသော ပန်းချီကားပမာ တစ်မျိုးလှနေ၏ ။ ညဉ့်ငှက်တို့၏ ပဏာမ
သီချင်းသံကို ကြားနေရလေပြီ ။ ကားထဲသို့ တိုးဝှေ့ဝင်လာသော လေပြည်သည် ကျွန်တော်တို့အား
ခပ်ကြမ်းကြမ်းပင် နမ်းရှုတ်ကြ၏ ။
“ သာယာတယ်နော် မောင်လေး ”
“ ဟုတ်တယ် ၊ သိပ်သာယာတာပဲ ၊ အလယ်ကျွန်းကို လှမ်းကြည့်လိုက်စမ်း မမ ၊ ကျွန်းဟာ ရေပေါ်မှာ
မျောနေတယ်ထင်ရတယ် ၊ ကြယ်တာရာတွေလည်း ရေမျက်နှာပြင်ပေါ်ကို ရွှေမှုန်ငွေမှုန်တွေ ကြဲချနေကြပြီ ”
“ ဟဲ ဟဲ အဲဒီလို ကဗျာစပ်ပြီး မမြင့်ဦး ဆီ ပို့လိုက်ပါလားကွာ ။ အဆုံးသတ်မှာတော့ မမြင့်ဦး ရေ
ရွှေမှုန်ငွေမှုန် နဲ့ မကျေနပ်ဘူး ၊ ရွှေတုံးငွေတုံးတွေ ကြဲချပေးပါ ။ အဖြူအမည်း သဲသဲကွဲကွဲ သိပါရစေလို့ ရေးထည့်လိုက် ဒါမှ ပြောပြီး ဆိုပြီး ဖြစ်သွားမှာကွဲ့ ဟဲ ဟဲ ”
မမ သည် သူ့ဟာသူ သဘောကျနေသည် ။ မမ ၏ သဲ့သဲ့ ရယ်နေသံသည် ကျွန်တော့်အား
ကလိဆွနေသလို ရှိနေပေသည် ။
ကားသည် သမဂ္ဂတိုက်အနီးသို့ ရောက်လာသောအခါ ကျွန်တော်က -
“ ကိုဖိုးအောင် ညာဘက် က အဆောက်အအုံဝင်းထဲ ဝင်ရမယ် ”
ကားသည် အဝိုင်းကလေးကို လှည့်နေစဉ် မမ က -
“ ကဲ ဘယ်တော့ မမ ဆီ လာတွေ့ဦးမှာလဲ ”
“ သုံးလေးရက်အတွင်း လာခဲ့မယ် ”
“ တစ်ည ရွှေမန်းတင်မောင်ဇာတ် သွားကြည့်ရအောင် ၊ မောင်လေး ကြည့်ဖူးရဲ့လား ”
“ နာမည်တော့ တော်တော်ကြီးနေတာပဲ ၊ သို့ပေမယ့် ခုထိ မကြည့်ဖူးသေးဘူး ”
“ အေး ၊ ဒါဖြင့် နောက်တစ်ခေါက် လာရင် ရွှေမန်းတင်မောင် သွားကြည့်ကြမယ် ”
ကျွန်တော်က ဖိုးအောင် အား ကားရပ်ရန် နေရာညွှန်းပြီးနောက် -
“ မမ သွားပေရော့နော် ”
မမ သည် ကျွန်တော့် အား ပြန်နှုတ်မဆက်တော့ဘဲ ကျွန်တော် ကားပေါ်ကဆင်းသွားသည်ကို
မကြည်မသာ မျက်နှာဖြင့် ငေးကြည့်ကာ ကျန်ရစ်လေသည် ။ ကားထွက်သောအခါ ဖိုးအောင် အား
မမက
“ ပြည်လမ်း သိန်းသိန်း တို့ အိမ်ကို မောင်းဟေ့ ” ဟု ပြောလိုက်သံ ကြားရပေသည် ။ က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ
အဓိကရုဏ်း အတွင်းက မမြမှီ အား ကျွန်တော်တို့ ပို့လိုက်ရသော သူ့ သူငယ်ချင်းများ၏ အိမ် ဖြစ်ဟန် ရှိပေသည် ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment