Showing posts with label လူပြောများတဲ့လူပေါကြီး. Show all posts
Showing posts with label လူပြောများတဲ့လူပေါကြီး. Show all posts

Monday, October 18, 2021

လူပေါကြီးဘဝ ဆက်လျှောက်ခြင်း ❞


 ❝ လူပေါကြီးဘဝ ဆက်လျှောက်ခြင်း ❞


စာဖတ် ပရိသတ်များ ခင်ဗျား.. အထက် မှာ ကျွန်တော်ရေးခဲ့တာတွေဟာဖြင့် ကိုယ့်ကိုယ်ကိုယ် ဖော်တာ မဟုတ်ပါဘူး ၊ အရှိ ကို အရှိ ၊ အမှန် ကို အမှန် အတိုင်း ရေးချင်တာ ၊ ကျွန်တော့်ရဲ့ ပင်ကို စိတ်ပါ ။ ဘာဖြစ်လို့ ရေးရတာလဲ ဆိုတော့ အခြားခြား‌ေသာ လူငယ်တွေ ဝါသနာရှင်တွေ ဘဝကို ကြံ့ကြံ့ခံပြီး ၊ ကိုယ်လျှောက်ချင်တဲ့ အနုပညာလမ်း ကို ရဲရဲဝံ့ဝံ့ ဖောက်နိုင် ၊ လျှောက်နိုင် အောင်လို့ တွန်းအားပေးတဲ့ သဘောပါ ။


"ကျွန်တော်လူ‌ေပါကြီး ” ကတော့ ဆက်လက်ပြီး ၊ ဒီလမ်းကို ဖောက်နေဦးမှာပဲ လျှောက်နေဦးမှာပဲ ။ ပေးဆပ်မှုတွေ ၊ ရုန်းကန်မှုတွေ များစွာနဲ့ ဖြတ်သန်းခဲ့ရသော လူ‌ေပါကြီးပါဗျာ ... ။ ဒါပေမယ့် အဲလို ကျွန်တော်လူပေါ ဖြစ်ခဲ့ရတာ ၊ မိသားစု စားဝတ်နေရေးအတွက် အရာရာကို အောင့်အီးသည်းခံခဲ့ရပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော်သာ လူပျိုလူလွတ် ၊ မိသားစု ၊ မိဘတွေ မရှိရင် ... လူပေါကြီး အစား ၊ လူရိုင်းကြီးများဖြစ်လေမလားလို့ စဉ်းစားမိသေးတယ် ။ အဲဒီတော့ အယဉ်နဲ့ အရိုင်း ကြားမှာ မိသားစု စားဝတ်နေရေးအတွက် မိခင်ဖခင်တွေ အတွက် ကျွန်တော်လူပေါကြီးအဖြစ် ခံယူလိုက်ပါတယ် ။ ဒီဘဝ အတွက်ရော ၊ နောင်ဘဝ အတွက်ပါ ။


တစ်ခါတလေဗျာ .. ရှိပါသေးတယ် ။ “ မင်းသားက အသစ်ဖြစ်နေလို့ ၊ ဈေးလျှော့ပေးပါ ” ဆိုလို့ လျှော့ပေးရတာမျိုးရှိသလို ၊ “ မင်းသားက စူပါကြီး ဖြစ်နေလို့ ၊ သူမှာတင် တော်တော်လေး ပေးလိုက်ရလို့ပါ ... လျှော့ပါဦး .. နောက်ကားတွေ ခေါ် သုံးပါဦးမယ် .. ” ဆိုလာပြန်တော့ ကျွန်တော် လူပေါကြီး ၊ နောက်ကား မျှော်လင့်ချက်နဲ့ လျှော့ရပြန်ရော... ၊ ဟော - ရင်းနှီးတဲ့ ဒါရိုက်တာ ကျပြန်တော့လည်း “ သူ့ကန်ထရိုက်ယူထားရလို့ ” ၊ ထုံးစံအတိုင်း လျှော့ရပြန်ရော ..  ။


အိမ်က “ ထူးသခင် ” က ဈေးက ပြန်လာပြီဆိုတာနဲ့ “ ဝုန်း ” ဆို ဆွဲခြင်း ပစ်ချ ။ နဖူးက ချွေးတွေကို လက်ဖမိုးနဲ့သပ်ချပြီး ... မဲ့ကာရွဲ့ကာနဲ့ ပြောလာပြန်ရော ။


အင်း ... သူပြောလည်း ပြောချင်စရာပါ ။ ဒါပေမယ့် ကျွန်တော် လုပ်နေတဲ့ ၊ ကျင်လည်နေရတဲ့ဘဝကို သူ မသိစေချင်ဘူး ။ စဉ်းစားကြည့်လေ.. မင်းသားတွေက ( ၁၀ ) ရာခိုင်နှုန်း ၊ ကျွန်တော်တို့ ဇာတ်ပို့ဇာတ်ရံတွေက ( ၁ ) ရာခိုင်နှုန်း တော်တော်လေး ကွာပါတယ် ။ အဲ ... ကားရိုက်လို့ ရတဲ့ ငွေကို စုပုံ ၊ ဟောဒါက အိမ်လခ ၊ ဟောဒါက ကျူရှင်ခ ၊ ဟောဒါက မီးဖိုချောင်ကိစ္စ ၊ ဟောဒါက အဖေတို့ အမေတို့အတွက် ၊ ဒါက ဒီကားမှာ ငါဝတ်ဖို့ အဝတ်အစားဖိုး .. စသည်ဖြင့် ခွဲခြားပိုင်းခြားပြီး ၊ ဟောတစ်ပုံ ဟောတစ်ပုံ , ပုံလိုက်ရတာ ... ။


အံမယ် ... ဒါတောင် မင်းသားသူငယ်ချင်း သူဌေးသား ဆို သွားရောဗျာ ။ ခုခေတ် အဝတ်အစားဈေးကလည်း နည်းတာ မှတ်လို့ ။ တောကား ဆိုရင်တော့ နည်းနည်း သက်သာသေးတယ် ။ တစ်သက်လုံးတော့ ကားရိုက်နေရရင်တော့ OK ပေါ့ ။ ရှုတင်မန်နေဂျာ ဆိုတာကလည်း ကျွန်တော်တို့လို အလွှာကဆိုတော့ ကိုယ်ချင်းစာပါတယ် ။ သူ့လည်း နည်းနည်းပါးပါးတော့ ပေးကျွေးရသေးတယ် ။ ပေးမကျွေးလို့ကတော့ ရန်ကုန် မှာ ရှိနေလည်း မန္တလေး ရောက်နေတယ် ပြောချင် ပြောတာဗျ ။ ကိုယ်ကြိုက်ဈေးရမှ လိုက် မယ် ဆိုပြန်တော့လည်း TAXI သမားတွေလိုပဲ ကိုယ်က ရှေ့က တစ်ထောင် ခေါ်ရင် နောက်က ရှစ်ရာ နဲ့ လိုက် မယ့် လူတွေ တစ်ပုံကြီး ။ အချို့ ကုမ္ပဏီတွေက အရည်အချင်း ကြည့်တာ မှုတ်ဘူး ။ ဇာတ်နဲ့ လိုက်၏ ၊ မလိုက်၏ မကြည့်ဘူး ။ ငွေ သက်သာရရင် ပြီးရော ... တစ်ကျပ်ဖိုး ငါးကောင် နဲ့ လည်း ရိုက်လိုက်တာပဲ ... အဲဒီလို တစ်ကျပ်ဖိုး ငါးကောင်တွေ ရှိနေတော့ ကျွန်တော်တို့လို အနုပညာမာန်တွေ ရှိတဲ့ လူတွေ ငုတ်တုတ်မေ့ ပေါ့ဗျာ ။


ကြာတော့လည်း မိသားစု စားဝတ်နေရေးအတွက် အဲဒီ မာန်တွေ ခဝါချပြီး ၊ လူပေါကြီး ပြန်ဖြစ်ရပြန်ရော ။ ကိုယ်က ဘုန်းကြီးလူထွက် ၊ စစ်သားလူထွက် လိုပဲ ဒီ အနုပညာတစ်ခုပဲ လုပ်တတ်တာ ၊ အဲဒါမှ မလုပ်ရင် အခြား ဘာမှလည်း လုပ်ကိုင်စားသောက်တတ်တာ မှုတ်ဘူး ။ မကျွမ်းလည်း မကျွမ်းကျင်ဘူးလေ ။ ကျွမ်းကျင်ရအောင်ကလည်း အချိန်ပေးရဦးမယ် ။ အရင်းအနှီးကလည်း ရှိရဦးမယ် ။ အဲဒီ အရင်းအနှီး ကို ဘယ်လို စုဆောင်းရမလဲ ။


ရတဲ့ ငွေကို အဝတ်အစားဖိုးဝယ် ၊ မိသားစုဖို့ဖယ် ၊ ဟိုဖယ် ဒီပုံ နဲ့ တစ်ကား ပြီးသွားတာနဲ့ တစ်ပြားမှ မကျန်တော့ဘူး ။ နောက် တစ်ကား ထပ် မျှော် ၊ မစုမိ ၊ မဆောင်းမိတာတောင် ပုံမှန်ဖြစ်ဖို့တောင် တော်တော်လေး ကြိုးစားနေရတာ နည်းနည်းလေး ကျဲသွားလို့က တော့ ငယ်ငယ်က ပြောသလို " မန်းမန်း တူတူပုန်းပြီသာ မှတ် ”


အဲဒီတော့ တတ်ထားသော အနုပညာလေး နဲ့ပဲ လူ‌ေပါကြီး ကျွန်တော် ဘယ်အချိန် ဘယ်ကာလအထိ အသက်ရှင်နေသရွေ့ကာလပတ် အထိပေါ့လေ ။ ဆက်လက်ပြီး အနုပညာအလုပ်တွေကို လုပ်နေရဦးမှာပါ ... ။


မြန်မာနိုင်ငံမှာ ရှိနေကြသော အနုပညာရှင် အပေါင်းများစွာကို ထမင်းကျွေးကြတဲ့ “ ထမင်းရှင် ၊ ဟင်းရှင် ” မိဘပြည်သူ အပေါင်းကို ကျန်သော အနုပညာရှင်တွေရဲ့ ကိုယ်စား ကျွန်တော် ဒီစာအုပ်လေးနဲ့ ဂါရဝပြု ကန်တော့လိုက်ပါရစေလားဗျာ ...


ယခုတော့ဖြင့် ကျွန်တော် ကြိုးစားခဲ့သမျှ ပင်ပန်းခဲ့သမျှ အနစ်နာခံသမျှ “ ကျော်ထူး ” ဆိုတဲ့ နာမည်လေး တစ်လုံးကို ပရိသတ် ရင်ထဲ ရောက်အောင် ပို့နိုင်ခဲ့ပါပြီ ။ ယခုအချိန်အထိလည်း ပရိသတ်ကို အနုပညာဖြင့် စာပေနဲ့ တစ်မျိုး ၊ ဗွီဒီယိုဇာတ်ကားဖြင့် တစ်ဖုံ ၊ ရုပ်ရှင်ကားကြီးဖြင့် တစ်သွယ် ၊ အငြိမ့်နည်းဖြင့် တစ်နည်း ၊ နည်းမျိုးစုံဖြင့် ဖျော်ဖြေတင်ဆက်ကျေးဇူးဆပ်နေပါပြီ ။ ရှေ့လျှောက်လည်း “ ဇွဲ ” ၊ “ လုံ့လ ”  ၊ “ ဝီရိယ ” ကြိုးစားအားထုတ်ပြီး ၊ လူပြောများတဲ့ လူပေါကြီး ကျွန်တော်က အနုပညာဖြင့် ကျေးဇူးဆပ်ပါဦးမည် ခင်ဗျာ ... ။


◾ ကျော်ထူး


📖 လူပြောများတဲ့ လူပေါကြီး


koaungnaingoo.blogspot.com


.

ဟာသ မျက်ရည်


  ❝ ဟာသ မျက်ရည် ❞


ကျွန်တော် ဖြတ်သန်းခဲ့ရတာလေးတွေကို တစ်စိတ် တစ်ဒေသတော့ တင်ပြထားပြီးပါပြီ ။


အခု ရေးမယ့်အကြောင်းအရာကတော့ သွေးနဲ့ ကိုယ် သားနဲ့ကိုယ် တည်ဆောက်ထားတဲ့ လူရွှင်တော် ဟာသ သရုပ်ဆောင် ကျော်ထူး အငြိမ့်စင်ပေါ်မှာ က တဲ့ အချိန်လည်း မဟုတ်ပါဘူး ။ ရိုက်ကွင်းပေါ်မှာ သရုပ်ဆောင်နေတာလည်း မဟုတ်ပါဘူး ။ အပြင်မှာ ကျတဲ့ တကယ့် မျက်ရည် စစ်စစ် ပါ ။ 


ဒီလိုဗျ ၊ အချိန်အားဖြင့် နေ့လယ်မွန်းတည့်ချိန် ( ၁၂ : ၀၀ ) နာရီ ကျော်ကျော် ပေါ့ ။ ရန်ကုန် အပူ ဒီဂရီ ဖာရင်ဟိုက် က (၃၈ . ၃ ) ဒီဂရီ စင်တီဂရိတ် ( ၁၀၁ ) ဖာရင်ဟိုက် ။


နေရာက တာမွေ ၊ ဗိုလ်စိန်မှန်ရပ်ကွက် ဘောလုံးကွင်း အရိပ်အာဝါသက သိပ်မရှိဘူး ။ နေကလည်း ပူပြင်းလိုက်တာမှာ ။ ခေါင်းက ဆံပင်တွေ Dryer တောင် ဆွဲစရာမလိုဘူး ။ နဖူးကချွေး ခြေမကျ တယ်ဆိုတာ ဒါမျိုးလား မသိပါဘူး ။ ခြေမတင် မကပါဘူး ။ ဟိုဒင်း .. ဟိုဝှာ  ၊ တစ်ကိုယ်လုံးပါပဲ ။


တစ်ဖက် အသင်းကလည်း ဆွဲလာမယ့် ၊ ဖြတ်ပေးမယ့် လမ်းကြောင်းအပေါ် ဘောလုံး ကို မျက်တောင်မခတ် ကြည့်နေရတယ် ။


ကိုယ့် တာဝန်က နောက်တန်း ၊ တာဝန် မကျေလို့ ကတော့ ရပ်ကွက်ထဲ အလှူလိုက်ခံသလို ခဏ ၊ ခဏ ထည့်နေရတော့မှာ ။ ဆံပင် ကြားထဲက ကျလာတဲ့ ချွေး သုံးလေးစက်က နဖူးကို ကျော်ပြီး ၊ မျက်လုံးထဲ တန်း ဝင်သွားတယ် ။ မသကာ အင်မတန်မှ ပေါ်လွင်လှတဲ့ နှာခေါင်းလေး ပေါ် တင်နေပါလား ။


ခုတော့ဗျာ ။ မျက်လုံးထဲ ဝင်သွားတော့ စပ်ပြီပေါ့ ။ ကမန်းကတန်း လက်ဖမိုးနဲ့ ပွတ်ပစ်လိုက်တာ ပို ဆိုးသွားရော ။ လက် မှာက သဲတွေ ၊ ဖုန်တွေ ပေနေတာကိုး ။


အံမယ် ဒီကြားထဲ ဖျတ်ခနဲ ကြော်ငြာတစ်ခုကို သွား သတိရသေးတယ် ။ အစားအသောက် မစားခင် လက်ဆေးပါ ။ ဘာ ဆပ်ပြာ နဲ့ ဆိုလား ။ ဆပ်ပြာ နာမည် ထည့်ရေးရင် စိတ်ဆိုးမှာ စိုးလို့ .. ( အမှန်က စပွန်ဆာ မရလို့ပါ ... ) 


အဲ .. ခုနက လက်နဲ့ ပွတ်လိုက်တော့ စပ် က စပ် ၊ မှုန်ဝါးဝါးတွေ ဖြစ်ကုန်ရော ။ ခါးက အင်္ကျီစနဲ့ ပွတ်ပစ်မယ်လည်း လုပ်ရော တစ်ဖက်အသင်းက ထောင့်ဖြတ် ပေးလိုက်တဲ့ ဘောလုံး ရိပ်ခနဲ တွေ့လိုက်ရတယ် ။


“ ဟေ့ကောင် ... ပြောင်ကြီး ( ဧရာ ) ... လိုက်ကပ် ကိုဗေလုဝ ကို ဘာ ရပ်ကြည့်နေတာလဲ ... လိုက်ဖျက်ထုတ်လေ ... ”


အရေးထဲ ကိုဗေလုဝ က သူ စီးလာတဲ့ဖိနပ် သူ မသယ်နိုင်ဘူးလား မသိပါဘူး ။ တစ်ယောက်တည်း ဖုန်းခနဲ ဖုန်းခနဲ နဲ့ ပစ်ပစ်လဲ နေသေးတယ် ။


“ ဝှီး ” ဆိုတဲ့ အသံနှင့် အတူ ကျွန်တော့်ရဲ့ မဟာနှာခေါင်း ဘေးက ဘောလုံး ဖြတ်ထွက်သွားတယ် ။


“ ဟေ့ကောင် ကျော်ထူး .. ဘာလို့ ရှောင်ပေးလိုက်တာလဲ  ”


လို့ အသင်း ခေါင်းရှောင် ( အဓိပ္ပာယ် ) ဘောလုံးကို ဘယ်သော အခါမှ ခေါင်း နဲ့ မတိုက်ဘူး ။ ဘောလုံး ကွင်းဘေးက ချေးပုံထဲ ကျထားတာ မြင်ဖူးထားလို့တဲ့ ... ။


အဲ .. ကပ္ပတိန် ကိုအရိုင်း က လှမ်းအော်တော့ ..


“ ဟာ .. ဒီကောင့် ခြေသလုံးက အကြီးကြီးကွ .. ငါ့ ခြေသလုံးက သေးသေးလေး ... မတော် ပြုတ်ထွက်ပြီး ၊ ကွင်းဘေးမှာ ရှာမတွေ့ရင် မင်း တာဝန်ယူမလား ”


လို့ ပြန်ပြောလိုက်တယ် ။


တစ်ဖက် အသင်းကလည်း ငါတို့နဲ့ ကစားနေတာ အနုပညာ ဟာသ သရုပ်ဆောင်တွေပါလား ဆိုပြီး ၊ တစ်ချက်ကလေးမှ လျှော့ မထားဘူး ။


အဲဒီ အချိန်မှာ နောက်လူက ဖနောင့်တက်နင်းမိလို့ ကိုဗေလုဝ ဖိနပ်ချွတ်ပြီး ၊ ထပ်အလှည့်မှာ ဘောလုံးကွင်း ရဲ့ ဘယ်ညာမှာ ရပ်ကြည့်နေတဲ့ ပရိသတ်တ ဝေါခနဲ ဝိုင်းရယ်ကြရော ။ သွားထူပေးမယ် အလုပ် “ ဟိုး ... ကဒ် ” ဆို တဲ့ဒါရိုက်တာကြီး  “ သျှိုကြီး ” ရဲ့ အသံ ကြားလိုက်ရတယ် ။


ရှူတင် မန်နေဂျာ လိုက်ဝေနေတဲ့ ရေသန့်ဘူး တစ်ဘူးကို လူတွေ ကြားထဲ ကမန်းကတန်း လိုက်လုပြီး ၊ နီးစပ်ရာ သစ်ပင်အရိပ်လေးထဲ ဝင်ခိုလိုက်တယ် ။ အရိပ်ထဲကျမှ ချွေးတွေ ပို ကျလာသလိုပဲ ။ ဝတ်ထားတဲ့ နိုင်လွန် ဘောလုံးအင်္ကျီ ကလည်း ပူလိုက်တာ မပြောပါနဲ့တော့ ။


ရိုက်နေတဲ့ ဗီဒီယိုဇာတ်ကား က ဘောလုံး နဲ့ ပတ်သက်နေတဲ့ ဟာသကား လို့တော့ ပြောသံ ကြားတာပဲ ။ ဟာသ သရုပ်ဆောင် တွေက တော်တော်လေး စုံပါတယ် ။


တစ်ဖက် အသင်းကတော့ ဘယ် ရပ်ကွက်က ခေါ်လာတယ် မသိပါဘူး ။ တကယ့် အရပ်သားတွေ ။ ဆိုလိုတာက ရုပ်ရှင် ၊ ဗီဒီယို မရိုက်ဖူးကြဘူး ။ ဒီတော့ တစ်ခါ မှား တစ်ခါ ပြန်ရိုက် နဲ့ ၊ လေးငါး ဆယ်ခါ မှားတော့ နေပူကြီးထဲမှာ ပြန် ပြန်ရိုက်ရတာ ... ။ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ ။


နေက ပူပူ ဖုန်က ထူထူ ။ ဟာသ ငနဲတွေ မျက်နှာ လှမ်းကြည့်တော့ မည်းတဲ့ လူက ပြာ ၊ ဖြူတဲ့ လူက နီ ၊ ပြောင်တဲ့ လူက အဲ အဲဒါတော့ မပါဘူး.. ရှံုု့ တွနေကြတယ် ။


နဂိုကမှ မကျွမ်းကျင်ရတဲ့ ကြားထဲ နည်းနည်းနောနော ဘောလုံးကွင်းကြီး မှုတ်ပါဘူးဗျာ ။ ပတ်လည်ပြေးလွှားကစားနေတဲ့ ဟန်တွေကိုပါ ထည့်ရိုက်နေသေးတယ် ။


ကဲ .. ဒီတစ်ခါ လေ့ကျင့်ခန်း လုပ်နေတဲ့လမ်းကဒ် ၊ Seen ကို ရိုက် မယ် ။ ခါး လေ့ကျင့်ခန်း ။


ဦးမိုးကျော် က မိုက်ခရိုဖုန်းသဏ္ဌာန် ရှိတဲ့ဝါးလုံးတစ်ခုကို ကိုင်ပြီး ၊ ကြော်ငြာ ။


လူတွေက တန်းစီပြီး ၊ ရှေ့နောက်တစ်ယောက်ခြား ကျော်ပြီး ပြေး ။


အသင်းအုပ်ချုပ်သူ အသင်းခေါင်းဆောင် ကပ္ပတိန် အရိုင်း က ဘေးက ပြောလည်းပြော ၊ ဆူလည်း ဆူ ၊ ရိုက်လည်း ရိုက် ။


ပြီးရင် ကလေးတွေ ဖန်ခုန်တမ်း ကစားသလို ကျော်ဖြတ်ပြီးရင် ခြေထောက်တွေကို အုတ်နီခဲ တစ်ဖက် တစ်လုံးစီ ကြိုး နဲ့ ချည်ပြီး ၊ ပြေးခိုင်းမယ် ။


ဒါလေးပါပဲဗျာ ... ပြီးရင် ရိုက် မယ် ။


ရိုက်ရပြန်ပြီပေါ့ဗျာ ။ ကြိုး ကို ရှည်ရှည် မချည်တဲ့ ကောင်ကတော့ ခြေတစ်လှမ်း လှမ်းတိုင်း ဖနောင့်ကို အုတ်နီခဲ က ပြန်ပြန် ရိုက်ပြီလေ ။


အားပါး ... ပြောတော့လည်း အနုပညာ ပဲ ။ ခုမှ ဖိုက်တင်တွေ နေ့စဉ်နီးပါး ချနေရတဲ့ ကိုရွှေလူကြမ်း တွေကို စာနာ သနားမိတော့တယ် ။ ရိုက်ကွင်းဘေးက လာရပ်ကြည့်နေတဲ့ ပရိသတ်ကတော့ တဝေါဝေါ ပေါ့ ။ ရိုက်ကွင်းပေါ်တောင် ဒီလောက် ရယ်နေရင် ကားထွက် လာတဲ့အခါ ဘယ်လောက် များ ရယ်ကြမလဲပေါ့ ဆိုတဲ့ အပြုံး နဲ့ ပြုံး နေတဲ့ ဒါရိုက်တာကြီး ကလည်း ပြုံးလို့ပေါ့ ။


အဲဒီ Seen ရိုက်ပြီးတော့ ခဏနား ။


ဟိုဖက် အသင်း နဲ့ ဒီဖက် အသင်း နှစ်ဖက်အသင်း ကစားတာကို အကျယ် ပြန်ရိုက် မယ် ။ အဆင်သင့် လုပ်ထားပေးပါ ။ ကင်မရာတွေလည်း အဆင်သင့် ဖြစ်ရော ၊ ကွင်းထဲ ပြန်ဝင် ၊ တကယ် ကစားနေတဲ့ ဟန်တွေရော ၊ ဟာသလုပ်တဲ့ ဟန်တွေရော ရောနှောပြီး ၊ ပြန်ရိုက်ပေါ့ ။ အဲဒီ Seen ပြီးတော့ ကိုအရိုင်း ကို ဟာသ သရုပ်ဆောင်တွေ ခြံရံပြီး ၊ တစ်ဖက် အသင်း ကို ဂိုးသွင်းတဲ့ပုံစံ ထပ် ရိုက် ၊ နောက်တစ်ခါ ဗေလုဝ ဂိုးသွင်းခွင့်ရအောင် ဖန်တီးပေးတဲ့ ဟာသကို ထပ်ရိုတ် ။ နောက် ကျော်ထူး က ဘောလုံးဆွဲပြေးရင်း ၊ ဘောလုံးကွင်းဘေးမှာ စပွန်ဆာကြော်ငြာ တစ်ခုကို တွေ့ပြီး အိမ်ကို စိတ်ရောက်သွားတဲ့ အချိန် တစ်ဖက်အသင်းက ဘော်ဒီ နဲ့ ဝင်တိုက်ပြီး ၊ ဘောလုံး လုယူသွားတာ ရိုက် မယ်တဲ့ .. ။


အဲဒီ Seen ပေါ့ ရိုက်ရတာ လေးငါးဆယ်ခါထက် မနည်းဘူး ။ ခဏ ခဏ မှားတယ် ။ ဒါရိုက်တာ လည်း သူ လိုချင်တဲ့ ပုံစံ မရတော့ မလွှတ်ဘူး ။ ပြန်ရိုက် ၊ ပြန်မှား နဲ့ ခက်တာက ကျွန်တော်ရှေ့မှာ ရေးခဲ့သလို တစ်ဖက်အသင်းက ပါဝင်ကစားရိုက်ကူးမယ့် လူတွေက ရုပ်ရှင်သမားတွေ မဟုတ်ဘူး ဆိုတော့ ဘယ်လာ နပ်ပါ့ မလဲ ။ မှားပြီပေါ့ ။ တစ်ကိုယ်လုံးလည်း ကိုင်ရိုက်ထားသလို နာနေပြီ ။ နောက်ဆုံးကဒ် မှာ အရှိန်တော်တော်လေး ပြင်းတယ်ဗျာ ... ။ ဝင်တိုက်ထည့်လိုက်တာ ၊ ညာဘက် ပခုံး တော်တော်လေး အောင့်သွားသလို ဘယ်ဖက် ဒူးခေါင်း စုတ်ပြဲသွားတယ် ။ အဲဒီတော့မှ ဒါရိုက်တာက OK တဲ့ ။


အဲဒီလိုနဲ့ ရိုက်လိုက်တာ နေ့ခင်း ( ၁ ) နာရီနီးပါး ရောက်တော့မှ ထမင်းစား နားကြတယ် ။ အလေ့အကျင့် မရှိတာရယ် ၊ နေပူတာရယ် ၊ ပင်ပန်းတာရယ် ၊ ထမင်းပန်းကန်လုရတာရယ် ၊ အားလုံး စုပေါင်းလိုက်တော့ ထမင်း တစ်ပန်းကန်တောင် မကုန်တော့ပါဘူး ။


ဒါတောင် မဟာနှာခေါင်းလေး မထိခိုက်လို့ပေါ့ ။ ထိများ ထိရင် နောက်ထပ် ဘာကားမှ လတ်တလော ရိုက်နိုင်ဦးမှာမဟုတ်သေးဘူး ။ ထမင်းစားနေတုန်း ...


“ ပြီးရင် ငှက်ပျောကြော် နဲ့ ကျော်ထူး အသင်းခေါင်းဆောင် ပြောမယ့် စကားတွေ နားထောင်မယ့်ကဒ် ရိုက် မယ် ”


တဲ့ ။ ရိုက်ပေါ့ဗျာ ။


ကိုယ် က ငွေလိုချင်တာကို သူ့ ထမင်း စားရင် ရဲ ရတော့မှာ ပေါ့ နော် ... မှုတ်ဘူးလား ... ။


နေပဲ ပူပူ မိုးပဲ ရွာရွာ ချမ်းပဲ ချမ်းချမ်း ၊ မိသားစု အတွက်လေ ။ လုပ်လိုက်ဟ ပေါ့ ...  ။ ဒီဘက် ရိုက်ပြီးရင် တစ်ဖက် ရိုက်ကွင်း ကူးရဦးမှာ ။ ဟိုမှာက မင်းသားတောင်ရောက်နေပြီး လူစုံနေပြီလို့ ရှူတင်မန်နေဂျာ က ဖုန်းဆက်လှမ်းခေါ် နေပြီလို့ ငှက်ပျောကြော် က ပြောတယ် ။ ရုပ်ရှင်အထာ စကားနဲ့ ပြောရရင် ဒီဖက် မှာ လာ ခုတ်တာပေါ့ဗျာ ...  ။


Day ပေါ့  ။ Day ဆိုတာက တစ်ရက်စာ ( သို့ မဟုတ် ) တစ်မနက်ခင်း ပေါ့ ။ သုံးလေးပေါင်းလောက် ရရင် မနည်းဘူး ဆိုတဲ့ ဝေါဟာရပေါ့ ။


ဒီဖက် ဘောလုံးကိစ္စ ပြီးတာနဲ့ ရတဲ့ ငွေလေး ကျစ်ကျစ်ပါအောင် ဆုပ်ပြီး Taxi ငှား ၊ ရွှေဂုံတိုင်မှာ ရိုက်နေတဲ့ နောက်တစ်ကားဆီ အကူး ။ ပြေးရိုက် မယ်ပေါ့ ။ အဝတ်အစားထုပ်လေး ဆွဲပြီး ၊ Taxi ကားပေါ်က အဆင်း ...


“ အစ်ကို ... ကျွန်တော် စောင့်နေတာ ကြာပြီ .. ”


ဆိုတဲ့ အသံကြားလို့ ရှူတင်မန်နေဂျာ လားဆိုပြီး လှည့်ကြည့်လိုက်တော့ ကျွန်တော်တို့ ညီအစ်ကို ထဲမှာ အငယ်ဆုံး နို့ညှာ ကျွန်တော့် ညီ ဖြစ်နေတယ် ။ မျက်နှာကလည်း မသာမယာ နဲ့ ..


“ ဟာ .. အေး .. ငါနဲ့ အပေါ်ထပ် လိုက်ခဲ့ .. ငါတို့ ရိုက်ရမှာက လေးလွှာမှာ တစ်ကိုယ်လုံးလည်း မင်းတွေ့တဲ့အတိုင်း ညစ်ပတ်ပေကျံ နေတာကွ .. မင်းနှယ်ကွာ .. နေနိုင်လိုက်တာ ... အိမ်တောင် လာမလည်နိုင်ဘူး .. မင်းဈေးရောင်းမယ့် ကိစ္စ .. ငါ့ မိန်းမ ထူးသခင် တောင် ပြောထားသေးတယ်... မင်းက နောက်ထပ် မပေါ်လာတော့ဘူး. . မိန်းမ ဘယ်တော့ ယူမှာလဲ .. အဖေတို့ ... အမေတို့ရော ... နေကောင်းကြရဲ့လား .. ”


လို့ မေးလိုက်တော့ သူက ငိုပါလေရော ။ ဖြုန်းစားကြီး ဆိုတော့ ကျွန်တော် ကြောင်သွားတယ် ။


ပြီးတော့ အဖေ နဲ့ အမေ ကို လည်း စိုးရိမ်သွားတယ် ။ အဖေ က ကျွန်တော့် ဆီက ပြန်တာ ရက်ပိုင်းပဲ ရှိသေးတယ် ။ ပူရင်း ပူရင် အမေ ပေါ့ ။


“ ဟေ့ကောင် .. ဘာကိစ္စနဲ့ ငိုရတာလဲ .. ငါ့လည်း အကျိုးအကြောင်းပြောပါဦး .. "


လို့ဆိုတော့မှ..


“ အမေ တော်တော်လေး နေမကောင်း ဖြစ်နေတယ် အစ်ကို .. ဟောဒီမှာ ဆေးခန်းပြထားတဲ့ စာရွက်တွေ .. E.C.G ရိုက်ရမယ် ... သွေးစစ်ရမယ် .. အဆုတ်မကောင်းဘူး .. အသည်းကိုလည်း ဓာတ်မှန် ရိုက်ရမယ် ... စပေါ့ ( စ် ) တွေ တွေ့ရတယ်တဲ့ .. အဲဒါနဲ့ ကျွန်တော် အစ်ကိုဆီ လာခဲ့တာ ... ကျန်တဲ့ အစ်ကိုတွေက တစ်ယောက် မှ စီးပွားရေး အဆင်မပြေကြဘူး ... အဆင်ပြေတာဆိုလို့ အစ်ကို တစ်ယောက်တည်းပဲ ရှိတာ .. "


“ ဪ ... ငါ့ညီရယ် အဆင်ပြေတာဆိုလို့ ငါ့တစ်ယောက်ပဲ ရှိတယ်တဲ့လား ။ ငါ့မိသားစု ၊ ငါ့ဘဝ အခက်အခဲတွေကို မင်းမှ မသိသေးတာဘဲ "


လို့ ကျွန်တော့် ရင်ထဲက ပြောလိုက် မိပါတယ် ။


ခုနက ဘောလုံးကွင်းထဲက နေပူပူ မှာ ဗီဒီယိုရိုက်ခဲ့တဲ့ အပူဟာ ကျွန်တော့် ညီရဲ့ စကားလောက် ပူပြင်းတော့မယ် မထင်ပါဘူး ဗျာ ...  ။


“ ကဲ ... ရော့ ညီလေး ... ဒီငွေ ယူသွား .. အစ်ကို နောက် မှ လာခဲ့တော့မယ် ... ဒီဖက် မှာလည်း ကားရိုက်တာ ဒီနေ့မှ စတာ ။ အရမ်း အရေးကြီးရင် မင်း ကိုယ်တိုင်လာ ... မလာနိုင်လည်း တခြားတစ်ယောက်ယောက်ကို လွှတ်ပေးနော် .. ”


လက်ထဲမှာ ချွေးသံ တရွှဲရွှဲ ၊ ဖုန်တွေတလူးလူးနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ငွေလေးကို သူ့ပေးလိုက်တယ် ။


သူကတော့ အပြုံး တစ်ဝက် ၊ အငို တစ်ဝက်နဲ့ ...


“ ဒါဆို ကျွန်တော် သွားတော့မယ်နော် .. ”


ဆိုပြီး ကျွန်တော့်ရှေ့က ထွက်သွားတော့တယ် ။ သူ့ ရဲ့ ကျောပြင်ကို ကျွန်တော် ကြည့်နေတုန်းမှာပဲ ကျွန်တော့် ပါးပြင်ပေါ်ကို ပူပူနွေးနွေး အရည်တွေ တစ်စက် ပြီး တစ်စက် ကျလာတယ် ။


ချွေးတွေ လား ၊ မျက်ရည် လား တော့ ကျွန်တော် ကိုယ်တိုင် မခွဲခြားနိုင်တော့ပါဘူးဗျာ ။


ဘာပဲဖြစ်ဖြစ် ကျွန်တော့် နဖူး က ကျတဲ့ ချွေး ဟာ ကျွန်တော့်ကို အမေ မွေးတုန်းက ကျတဲ့ ‌ေချွး လောက် ကြီးမယ် မထင်ပါဘူး

လို့ ... ။


◾ ကျော်ထူး


📖 လူပြောများတဲ့ လူပေါကြီး


koaungnaingoo.blogspot.com


.

Sunday, October 17, 2021

ဒါရိုက်တာ လုပ်မိခြင်း


 

❝ ဒါရိုက်တာ လုပ်မိခြင်း ❞

ကျွန်တော်က လူတစ်မျိုးဗျ ။ ဘာပဲ လုပ်လုပ် လုပ်ချင်တဲ့ စိတ်လေး ( တခြား မတွေးပါနဲ့ ) စာရေးခြင်းက ကားရိုက်ခြင်းကို ပြောတာပါ ။

အဲ .. ခုနက စိတ်လေးပေါ့ ။ ပေါ်ပေါက်လာပြီဆိုတာနဲ့ အချိန်ရယ် ၊ အခါရယ် ၊ ဖြစ်နိုင်၏ ၊ မဖြစ်နိုင်၏ ဝေဖန်သုံးသပ် မနေတော့ဘူး ။

“ ဆင်ကန်း တောတိုး ” ပဲ မှန်တယ်ဆိုရင် ပီတိတွေ ဖြစ်ပြီး ၊ မှားရင် ဘယ်အတိုင်းအတာ အထိ ခံရ ခံရ ခံပစ်လိုက်တယ် ။

ခုလည်း ကြည့်လေ ၊ ကျွန်တော့် ရင်ထဲမှာ ရှိနေတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ကို ဒါရိုက်တာ တော်တော်များများ လိုက်ပြော ပြ ၊ ရေးပြီးသားလေး ပေးဖတ် ၊ ကုမ္ပဏီတွေလည်း ဒီအတိုင်းပါပဲ ။ ဘယ်သူ့ ဘယ်သူမှ စိတ်မဝင်စားကြဘူး ။

ကြာလာတော့ ရင်ထဲမှာ မခံစားနိုင်တော့ဘူးဗျာ .. ။

ဖြစ်ချင်ရာ ဖြစ် ၊ ကိုယ့်ဘာသာ ကိုယ် ငွေထုတ် ၊ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက် မယ်ဟဲ့ ဆိုပြီး ၊ ဆုံးဖြတ်လိုက်တယ် ။

အဲ ... လောလောဆယ် ကားရိုက်ဖို့ နေနေသာသာ ကန်တော့ပွဲ ပေးဖို့တောင် တစ်ပြားမှ မရှိဘူး..

ဒီတော့ ကျွန်တော် ဘာလုပ်တယ် မှတ်လဲ .. လှိုင်သာယာ မှာ ရှိနေတဲ့ ကျွန်တော့် မိဘတွေ ရဲ့ အိမ်ဂရန် ကို ခြောက်ကျပ်တိုး နဲ့ ပေါင်ပစ်လိုက်တယ် ။

ဖြစ်ပြီ ... လုပ်ငန်းစလို့ ရပြီပေါ့ ။

ကျွန်တော့် ဇနီး ထူးသခင် ကိုတော့ ဘယ်ကုမ္ပဏီက ငွေပေါ့ ... ကားနာမည်က “ ငွေဆယ်သိန်း နဲ့ လူလေးယောက် ”

( ၃၅ ) လမ်းထဲက ရှမ်းရိုးရာစားသောက်ဆိုင်မှာ စာနယ်ဇင်းသမားတွေ ဖိတ်ပြီး .. ကန်တော့ပွဲ တစ်ခု ဖန်တီးလိုက်တယ် ။

အဲဒီ ကန်တော့ပွဲမှာ ဘယ်သူက ပြောလိုက်တယ် မသိပါဘူး ... ကျွန်တော့် မွေးသဖခင် အဖေ ရောက်လာတယ် ။ ကျွန်တော် တော်တော်လေး တုန်လှုပ်သွားတယ် ။

“ ဘာကြောင့် အဖေ လိုက်လာတာလဲ "

လို့ မေးတော့ အဖေ က ပြုံးပြုံးကြီး နဲ့ ..

“ ငါ့သား ဒါရိုက်တာ လုပ်တယ် ကြားလို့ပေါ့ကွ .. ”

တဲ့ ။

အဲဒီတော့မှ ကျွန်တော်လည်း ပြုံးနိုင်တော့တယ် ။ ဒါနဲ့ ကမန်းကတန်း ...

“ ရော့ အဖေ ... ဒါက အဖေ့ အတွက်... ဒါက အမေ့ အတွက် .. "

ဆိုပြီး .. ငွေနှစ်သောင်း ကန်တော့လိုက်တယ် ။

အဲဒီတုန်းက များဗျာ ... အဖေ ရဲ့ အပြုံးကြီးတွေ အတုံးလိုက် ၊ အတစ်လိုက် နဲ့ မြင်စေချင်တယ် ။

“ ငါ့သား ... ဒါရိုက်တာ ကွ ... ”

ဆိုတဲ့ မျက်နှာကြီးနဲ့ ဓာတ်ပုံတွေကလည်း တဖျပ်ဖျပ်နဲ့ပေါ့ ..  ။

ကင်မရာမင်း စရံပေး ၊ စက်တွေ စရံပေး ၊ သရုပ်ဆောင် စရံပေး နဲ့ပေါ့ .... ရိုက်ဖြစ်ပြီဆိုပါတော့ ...

အရင်တုန်းက စကား တစ်ခု ကြားဖူးတယ်ဗျာ .. မိတ်ဆွေကောင်း စစ် မစစ် ဆိုတာ ခရီးအတူ သွားဖူးမှ ... အရက်အတူ သောက်ဖူးမှ .. ဖဲအတူ ရိုက်ဖူးမှတဲ့ ..

ခုဟာက ပြောင်းပြန်ကြီး ..

အဲဒီအဆင့် မရောက်လိုက်ဘူး ... ကားအတူ တွဲရိုက်ဖူးတော့မှ သိရတာ .. တော်တော်လေး ရင်းနှီးတဲ့ မိတ်ဆွေပါ ...

သူ့ ကား ရိုက်တုန်းက ဆိုရင် ကျွန်တော် လိုအပ်တာ ဝိုင်းလုပ်ပေးတယ် ။ မော်နီတာကအစ ကြည့်ပေးတယ် ။ သူ မအားရင် ဒါရိုက်တာ အနေနဲ့ ဝင်ရိုက်ပေးတယ် ။ ကြော်ငြာစပွန်ဆာလို တယ် ဆိုလည်း ကိုယ်တိုင် ဆိုင်ကယ်နဲ့ လိုက်ရှာပေးတယ် ။

ခု ကျွန်တော်လည်း ဒါရိုက်တာ လုပ်ရော ၊ မျက်နှာရော ၊ လေသံပါ ပြောင်းသွားရုံတင် မကဘူး ။ တကယ့် ဆရာကြီး တစ်ဆူလိုပဲ ။

ဒရင်းဘက်ကြီး နဲ့ ထိုင်ရာက မထဘူး ။ ရိုက်ခါနီး သွားသွား ပြောရတယ် ။ ရိုက်ကွင်းပေါ်ကိုလည်း ရောက်ချင်တဲ့အချိန် ရောက်တယ် ။

ဪ .. မိတ်ဆွေကောင်း ဆိုတာ ဒါမျိုးကိုးလို့ ရင်ထဲမှာ အသိအမှတ် ပြုလိုက်တယ် ။ ရင်ထဲမှာ မကောင်းလိုက်တာဗျာ .. ။

ကျွန်တော်က ဒါလေး လုပ်ချင်လို့ လုပ်တာပါ ။

ဒါရိုက်တာ လုပ်ချင်လို့ မဟုတ်ပါဘူး ။ ပင်ပန်းလိုက်တာ .. ကိုယ်တိုင် ရိုက် ၊ ကိုယ်တိုင် ဇာတ်ခွဲ ၊ ကိုယ်တိုင် သရုပ်ဆောင်  ။ အခြားသူများ ကားတွေ ဝင်ရိုက်ရတာ စိတ် တစ်ခုပဲ ပင်ပန်းတယ် ။ ခုဟာက အားလုံး ပင်ပန်း တာ ၊ မိသားစုပါ မနေရဘူး ။ ကား သာ ရိုက်နေရတာ စိတ် က ခုလောက်ဆို အတိုး က ဘယ်လောက် ရှိနေပြီလဲ ! .. ရိုက်တဲ့ ရက် နဲ့ ကားဆက် အပြီး ၊ ဆင်ဆာ တင် ၊ ဆင်ဆာ ပြင်ဆင်ချက် ပြန်လုပ် ၊ ပြန် တင် ၊ ကုမ္ပဏီတွေလိုက် ပြန်ရောင်း ၊ ရမှာနဲ့ ရက်တွေ တွက်လိုက်ရင် “ အမလေး .. ” ညည တော်တော်နဲ့ အိပ်မပျော်ဘူး ။

ဒီကြားထဲ နက်ဖြန် ဘယ်မှာ ရိုက်ရမယ် ။ ရိုက်ခွေ ဘယ်လောက် ထပ်ဝယ်ရဦးမလဲ ၊ ဘယ်သူကတော့ဖြင့် နေ့ဝက်ပဲ ရမယ် ။ ဘယ်သူက ဘယ်ရက် အထိပဲ ရမယ် ။ အကယ်၍ မပြောကောင်း ၊ မဆိုကောင်း ၊ ဒီ ဇာတ်ကားကို ပြန်ဝယ်မယ့်လူ မရှိရင် အဖေတို့ အိမ် ဂရံလေး ဘယ်လို ပြန်ရွေးပေးရပ ။ မရွေးနိုင်လို့ ဆုံးသွားရင် အဖေ နဲ့ အမေ အသက်ကြီးမှ လမ်းဘေးမှာ ပစ္စည်းတွေ ပုံပြီး ၊ ကျွန်တော့်ကို ကောင်းကောင်း မေတ္တာပို့ပြီး ၊ ငိုနေမှာ ကြိမ်းသေပဲ ..

ဆိုပြီး မျက်လုံးထဲမှာ ပြေးပြေးမြင်နေမိတယ် ။

ရိုက်ကွင်းပေါ်မှာလည်း မော်နီတာ ပြေးကြည့် ၊ စကားလုံးတွေ ပြောပြ ၊ ရိုက်ကွင်းနေရာ ပြေးရှာနဲ့ မျက်နှာကြီးက အဆီတွေ ပြန် ..

ညပိုင်း အိပ်မပျော်တော့ မျက်တွင်းက ဟောက်ပက် ။ ကားလည်း ပြီးသွားရော.. အရိုး နဲ့ အရေ ပဲ ကျန်ခဲ့တယ် ။

အဲဗျာ .. ကား ရိုက်ပြီးလို့ ဆင်ဆာတင်ရုံ ရှိသေးတယ် ။

ဘယ်သူ့ဆီက သတင်းကြားလိုက်တယ် မသိပါဘူး ။

အဖေ နဲ့ အမေ ငိုကြီးချက် မနဲ့ - ပေါက်ချလာတယ် ။

“ ငကျော်ထူး ... လုပ်ပြန်ပြီလား ဟင်.. ငယ်ငယ်တုန်းက သင်္ကြန်အသင်း လိုက်ဖို့ ငါ့ ထဘီ သွားပေါင်တာ အရေးမကြီးဘူး ဟဲ့ ... ခုဟာက ငါတို့ လင်မယား လှိုင်သာယာ ကွင်းထီးထီးကြီး ထဲမှာ ငုတ်တုတ်ထိုင်ပြီး ၊ ခွက်ဆွဲ တောင်းစားရအောင် လုပ်တာလားဟဲ့ .. ”

တဲ့ ။ တစ်ခါ အဖေ က ...

“ ငါ့သား .. ဒါရိုက်တာကြီး တော်လိုက်တာ .. မိဘ အပေါ် သိတတ်တယ် ... အဖေ နဲ့ အမေ ကို ငွေနှစ်သောင်း တောင် ကန်တော့လိုက်တယ် ဆိုပြီး .. ငါတို့ကတော့ ပျော်လိုက်ရတာ .. လက်စသတ် တော့ ငါတို့ အိမ်ဂရံ ခိုးပေါင်ပြီး ၊ ငါ့ ငွေနဲ့ ငါ့ကို ပေးတာကိုး ” ဆိုပြီး ၊ လက်သီး နဲ့  လိုက်ထိုး ၊ အမေ က လှမ်းဆွဲ ၊ ကျွန်တော့် မိန်းမ ထူးသခင်က ...

“ ဘယ့်နှယ့်ရှိစ ၊ ကိုရွှေဒါရိုက်တာကြီး ရိုက်ချင်ဦးလေ .. ”

ဆိုတဲ့ မျက်နှာပေးနဲ့ ... ။

“ ကြီးကောင်ကြီးမားကြီး နဲ့ ခုချိန်ထိ အရူးထနေတုန်းပဲလားကွ ... လူ‌ေပါကြီးရဲ့ .. ”

ဆိုတဲ့ အဖေ ရဲ့ အသံတွေကြောင့် ပတ်ဝန်းကျင်က ဝိုင်းကြည့်ကုန်ရောဗျာ ။

“ ကိုကျော်ထူး ... ဘာဖြစ်တာလဲ ”

လို့ မေးလည်း မေးရော ...

ကျွန်တော့် အမေ က ခုနစ်သံချီ ဟစ်ပါလေရောဗျာ .. ။

“ ဘာဖြစ်ရမှာလဲတော့.. ဟောဒီက လူရွှင်တော် လူပေါကြီး ကိုကျော်ထူး က ဒါရိုက်တာ တဲ့လေ .. သူ့ဟာ သူ ဗီဒီယို ရိုက်ချင်ရင် ကိုယ့်ပိုက်ဆံ နဲ့ ကိုယ် ရိုက်ပေါ့ ။ ခုတော့ ကျွန်မတို့ အိုကြီးအိုမ နေတဲ့ အိမ်စုတ်လေးရဲ့ ဂရံ ကို ခိုးပေါင်ပြီး ၊ ဒါရိုက်တာ လုပ်တယ်တဲ့... အရပ်ကတို့ ရေ ... ကျွန်မတို့ လင်မယား အသက်ကြီးမှ အိုးမဲ့အိမ်မဲ့ ဖြစ်တော့မယ် တော့ ..”

ပြီးတော့ ကျွန်တော့်မိန်းမ ထူးသခင် ဘက် လှည့်ပြန်ရော ။

“ ညည်းကလည်း ကိုယ့်ယောက်ျား အရူးအပေါ ကြီးကို ဘာမှ မပြောဘူးလား... နည်းနည်းပါးပါး ပြောကြပါဦးအေ .. ”

တဲ့ ။ ဒီတော့ ကျွန်တော့်ဇနီး ထူးသခင် က ...

“ အနုပညာနဲ့ ပတ်သက်လာရင် ဘာမှ ပြောလို့ မရပါဘူး အမေရေ့ ...  ကျွန်မ နေမကောင်းလို့ ခရီး မထွက်ပါနဲ့ ... ကလေးတွေ နေမကောင်းလို့ ... ဒီတစ်ရက်တော့ဖြင့် ဒါရိုက်တာကို တောင်းပန်ပြီး ၊ ဆေးခန်း သွားပြပေးပါ .. လို့ ဆိုတာတောင် သူများ ငြိုငြင်မယ် ... နောက် ခေါ် မသုံးရင် ဘယ့်နှယ် လုပ်မလဲ .. ငါက မင်းသား မဟုတ်ဘူး.. ဆိုပြီး ကျွန်မတို့ကို ပြန်ဆူတာ အမေရဲ့.. ”

ကျွန်တော်လည်း အဖေတို့ ၊ အမေတို့ ၊ ဇနီးမယား ကြားမှာ ဘယ်လို ပြန်ပြောရ ၊ ဘယ်လို နှစ်သိမ့်ရမလဲလို့ စဉ်းစားလို့ကို မရဘူး ၊ အဲဒီအချိန်မှာပဲ အဖေ က ..

“ ဟေ့ကောင် သောက်ရူး .. ငယ်ငယ်ကတည်းက အရူးထပြီး ဒုက္ခပေးတဲ့ပေါင်းများပြီ .. နယ်မြေ မချဲ့နဲ့... ကိုယ်က လူရွှင်တော် ... လူရွှင်တော် ဟာ လူရွှင်တော် အလုပ်ကို လုပ် .. အေး .. ငါတို့ လင်မယား အိမ်ဂရံ ပြန်မရွေးပေးနိုင်လို့ကတော့ ကျော်ထူး သော ဘာသော နားမလည်ဘူး.. မင်းတို့ ဘာလုပ်တဲ့ ... အုပ်ချုပ်တဲ့ ရုပ်ရှင်ကောင်စီရုံး ကို သွားတိုင်မယ် .. ဘာမှတ်လဲ လူပေါကြီးရဲ့”

တဲ့ ။ အဲ .. ကံကောင်းချင်တော့ ဇာတ်ကား ရောင်းပြီး ၊ နှစ်ပတ် အတွင်းမှာ အဖေ့ ကို အိမ်ဂရံလေး ပြန်ရွေးပေးနိုင်ခဲ့ပါတယ် ။ အဲ .. ဒါရိုက်တာ လုပ်မိတဲ့ အကျိုးအမြတ်ကတော့ အဖေတို့ အိမ် သွားလည်ရင် ဘာများ ယူမလဲ .. ဘာ ခိုးဦးမလဲ ဆိုတဲ့ မျက်လုံးတွေနဲ့ အလစ်မပေးဘူး ... ဘာလုပ်လုပ် လိုက်ကြည့်နေတယ် ။

ဝတ္ထု ၊ ဇာတ်ညွှန်း ၊ ဒါရိုက်တာ ၊ သရုပ်ဆောင်ခ တွေကတော့ အိမ်ဂရံ အတိုးပေးတဲ့ အထဲ ပါသွားပါလေရောဗျာ ... ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

ရုပ်ရှင်ကားကြီးဘက် လှည့်ခြင်း


 

❝ ရုပ်ရှင်ကားကြီးဘက် လှည့်ခြင်း ❞

“ ရွှင်ပြုံး ” ဆိုတဲ့ ကောင်ကိုလည်း ဆရာ တက္ကသိုလ်ဦးဟန်မြတ်မော် က နာမည်ပြောင်း ပေးလိုက်တယ် ။ “ အောင်ပန်း ” ဆိုပြီး တစ်ခိုင်လုံးရွှေ အငြိမ့်မှာ လူရွှင်တော် တစ်ဦး ထပ်တိုးသွားတယ် ။ အဲဒီတုန်းက လူရွှင်တော် တွေက ကွမ်းသီး ၊ လေးမောင် ၊ စွပ်ပရား ၊ ကျော်ထူး ၊ ဧရာ ၊ အောင်ပန်း ပေါ့ ။ ပထမ တစ်ရက် ရိုက်ပြီး ၊ ဒုတိယမြောက် မှာ ကိုမေတ္တာ ပြန်ဝင်လာပါတယ် ။ အဲဒီက စပြီး ၊ ရုပ်မြင်သံကြားမှာ ဇာတ်လမ်းတို ၊ ဇာတ်လမ်းရှည် ၊ အငြိမ့်စသည်ဖြင့် ကျွန်တော်တို့ ပါဝင်ခွင့်ရခဲ့တယ် ။

အဲဒီ နောက်ပိုင်း ရုပ်ရှင် ၊ ဗွီဒီယို ဘက်ကို ကူးပြောင်းခဲ့ပါ တယ် ။ ရုပ်ရှင်ကားကြီးမှာတော့ ပထမဦးဆုံး ရိုက်တဲ့ “ မင်းသား တော့ မင်းသား ” ဆိုတဲ့ ကားကြီးမှာ တစ်ခန်း ပါဝင်ခွင့် ရခဲ့တယ် ။ နောက် ဒါရိုက်တာစိန်သံမဏိ ရိုက်တဲ့ “ သား နဲ့ သွေး ” “ ဒီဇိုင်းအသစ် နဲ့ ချစ်ပြမယ် ” ..

“ သား နဲ့ သွေး ” ဆိုတဲ့ ကားကြီးမှာ တစ်ဇာတ်ကားလုံး စကားတစ်လုံးမှ မပြောရဘူး ။ မင်းသားရဲ့ တပည့် တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းမှာ လျှောက်ပြေးနေရတာနဲ့ အချိန်ကုန်သွားတယ် ။ ဇာတ်သိမ်းလည်း ကျရော ၊ ရဲထံ လက်နက်ချရင်း ၊ စကားတစ်လုံး ပြောလိုက်ရတယ် ။ “ ကျွန်တော် လက်နက်ချပါတယ် ” .. အဲဒီ စကား တစ်လုံး ပြောလိုက်ရတယ် ။

အဲဒီ ဇာတ်ကားကြီး ရိုက်တုန်းကလည်း ကံကောင်းလို့ မသေတယ် ။ တပ်မတော် က နောက်က လိုက် ၊ ကျွန်တော်တို့ အဖွဲ့က ရှေ့က ပြေးပေါ့ ။ မိုးကြိုးပစ်ရွာ နားက ရေတံခွန် အသေးစားလေး ၊ ခြေထောက် တစ်ချောင်း ချစာပဲ အုတ်ခုံလေးက ၊ အောက်က ရေတံခွန် ဘယ်လောက် နက်တယ် မသိဘူး ၊ အဲဒီ အုတ်ခံုလေးပေါ်က ဒါရိုက်တာက ဖြတ်ပြေးခိုင်းတယ် ။ မတော်လို့ ခြေချော်လက်ချော် ပြုတ်ကျရင် ပြဿနာ ၊ ကျွန်တော် က ရေမကူးတတ်ဘူး ၊ ချွေးတွေ တစ်ကိုယ်လုံး ရွှဲနစ်နေပြီ ။ ရုပ်ရှင်ကားကြီးဆိုတော့ ရိုက်လည်း ရိုက်ချင် ၊ ခုနက ရေတံခွန်ကိုလည်း မဖြတ်ရဲ ၊ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ။ ဒါရိုက်တာ ကလည်း ကင်မရာမင်း ဘကြီးစံ ( အကယ်ဒမီကျောက်ဖြူ ရဲ့ဖခင် ) ကို ကြိုးကရိန်းတွေ ဆင် ၊ ဘယ်က ဘယ်လို ယူမယ် ၊ သူပုန်အဖွဲ့ က ဘယ်လို ဖြတ်ပြေး ၊ တပ်မတော်စစ်ကြောင်း က ဘယ်ကို လိုက် မယ်နဲ့ သင်ကြားပြောဆိုနေတယ် ။

“ အားလုံး အဆင်သင့် .. ကင်မရာ ရယ်ဒီ .. ” ဆိုတဲ့အသံလည်း ကြားရော ၊ ကျွန်တော် ဒူးတွေ တဆတ်ဆတ် တုန်လာတယ် ။ “ အို .. သူများတွေတောင် လုပ်ရဲသေးတာ .. ငါဘာလို့ မလုပ်ရဲရမှာလဲ ... ရေနစ်လည်း လူတွေအများကြီး ဝိုင်းကယ်မှာပဲ ” .. ဆိုပြီး ကိုယ့်ကိုယ့်ကိုယ် အားပေးလိုက်တယ် ။

  “ ပြေး ”

ဆိုတဲ့ ဒါရိုက်တာ ရဲ့ အသံလည်း ကြားရော ၊ သေနတ်ဒင် ကို ပါးကပ်ပြီး ကျွန်တော် ပြေးတော့တာပါပဲ ။ “ ဗွမ်းဗွမ်း ... ဗွမ်းဗွမ်း ” နဲ့ ရေသံ ခြေသံတွေကြားထဲမှာ “ ဝုန်း ... အုန်း ... ဒိုင်း ” ဆိုပြီး ရေထဲမှာ ဘယ်အချိန်က မြှုပ်ထားတယ် မသိပါဘူး ၊ ရေမိုင်းတွေ ခွဲတော့ ယောင်ပြီး ၊ ခုန်လိုက်တာ တည့်တည့်မှ တည့်တည့်ဗျာ ။ ရေတံခွန်ထဲ ပြုတ်ကျ ၊ ခြေထောက် လှမ်းထောက်လိုက်တော့ မမီဘူး ။ ရေက လူတစ်ရပ်ကျော်ကျော် ဘွားခနဲ ကျွန်တော် ပြန်ပေါ်လာတော့ ခုနက ဖြတ်ပြေးတဲ့ အုတ်ခုံလေး တွေ့ရော ၊ ဝမ်းသာအားရနဲ့ ပြန်တက် မလို့ ၊ အုတ်ခုံလေးပေါ်လည်း လက်က ရောက်ရော ၊ ဖြတ်ပြေးတဲ့ လူဆိုးအဖွဲ့က လက်ကို တက်နင်းရောဗျ ။ နာတော့ ပြန်လွှတ် ပြန်မြုပ် ပြန်ပေါ် ၊ လက်ပြန်တင် ၊ တပ်မတော်အဖွဲ့ထပ်ဖြတ် ၊ ထပ်နင်း ၊ ပြန်လွှတ် ၊ ပြန်မြုပ် နဲ့ မြုပ်ချည် ပေါ်ချည် နဲ့ ။ နောက်ဆုံး ရေတံခွန်မှ တွဲလောင်းကြီး ကျန်ခဲ့ပါရော ။ ဒါရိုက်တာ က ဆူလိုက် ပြောလိုက်တာ မပြောပါနဲ့တော့ဗျာ ... ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

Saturday, October 16, 2021

ရုပ်မြင်သံကြား အငြိမ့်


 ❝ ရုပ်မြင်သံကြား အငြိမ့် ❞


ကြားဖြတ် ပြောရဦးမယ် ။ ကျွန်တော် ဟုမ်းလမ်း မှာ အိမ် မဖျက်ခင်ကပေါ့ ။


ရုပ်မြင်သံကြား ပေါ်ကာစ မြပုဏ္ဏမာ ၊ မိုးနတ်သူဇာ ၊ တစ်ခိုင်လုံးရွှေ ဆိုတဲ့ ရုပ်မြင်သံကြားအငြိမ့်တွေ ခေတ်စားချိန်ပေါ့ ။


ကျွန်တော် နဲ့ ကျွန်တော့်တပည့် ဧရာ နဲ့တိုင်ပင်တယ် ။ ငါတို့လည်း အငြိမ့်ရိုက်ရအောင်ဆိုပြီး သူက သူ့ အမေအပ်ချုပ်စက် လား ၊ နားကပ် လား ၊ ဘာလဲတော့ မသိဘူး ၊ တစ်ခုခုပဲ သွားပေါင်တယ် ။


ကျွန်တော်ကတော့ ကျွန်တော့် မိန်းမ နားကပ် ပေါင်ပြီး “ မြပုလဲသွယ် ” ဆိုတဲ့ အငြိမ့် ရိုက်ဖို့ ကြိုးစားတယ် ။ မြန်မာ့အသံက တက္ကသိုလ်ဦးဟန်မြတ်မော် ဆီကို သွားရတာဗျ .. အကြိမ်ကြိမ်ပေါ့ ။


ကုန်လိုက်တဲ့ စရိတ်တွေ ၊ မြေနီကုန်းက မိုးနတ်မယ် တို့ ၊ အလင်းရောင်ဆိုင်တွေမှာ ။ အဲဒါနဲ့ပဲ အငြိမ့် ရိုက်ဖြစ်သွားတယ် ဆိုပါတော့ ။


လူရွှင်တော်တွေက ကျော်ထူး ၊ ဧရာ ၊ ရွှင်ပြုံး ( အောင်ပန်း ) ၊ မင်းသမီးက ပန်တျာခင်သီတာမြင့် ( ဧရာ့ အမျိုးသမီး ) ၊ အဲဒီတုန်းက သူတို့ အိမ်ထောင် မကျသေးဘူး ။ အငြိမ့် ရိုက်တော့ အလုပ်တစ်ခုက ပိုလာပြန်ရော ၊ ဘယ်နေ့ ကိုယ့်အငြိမ့် ရုပ်မြင်သံကြားမှာ ပြမယ်ဆိုတာ သတင်းစာ ကြည့်ရတာ အမော ။ တစ်ရက်ကျတော့ “ မြပုလဲသွယ် အငြိမ့်အဖွဲ့ ဖျော်ဖြေခန်း " ဆိုပြီး ပါလာပြီဗျ ။ ဝမ်းသာလိုက်တာ မပြောပါနဲ့တော့ ... ။


ကိုယ့်အိမ်မှာက TV မရှိတော့ ဘယ်အိမ်ကများ TV ဖွင့်မလဲ ဆိုပြီး ၊ တစ်ရပ်ကွက်လုံး အိမ်တိုင်းစေ့ လိုက်ကြည့်တော့ ဘယ်အိမ်ကမှ TV မဖွင့်ဘူး ။ ဖွင့်တဲ့လူ ကျပြန်တော့လည်း အငြိမ့် လာခါနီးလည်း ကျရော ၊ ပိတ်ပစ်လိုက်ရောဗျာ ။ ဘာဖြစ်လို့ပါလိမ့်လို့ စဉ်းစားလိုက်တော့ အဲဒီ အချိန်က မိုးနတ်သူဇာ တို့ ၊ တစ်ခိုင်လုံးရွှေ တို့ ကျမှ ဖွင့်ကြတာကိုး ။ ကျွန်တော်တို့ အငြိမ့်က အဖွဲ့ကလည်း အသစ် ၊ လူရွှင်တော် ၊ မင်းသမီးတွေကလည်း အသစ်တွေ ဆိုတော့ ဘယ်သူမှ စိတ်မဝင်စားဘူး ။ အဲဒါနဲ့တစ်ရပ်ကွက်လုံး ဘယ်သူကြည့်ကြည့် ကြည့်လို့ရအောင် ဆိုပြီး ၊ သမဝါယမရုံးမျက်နှာစာမှာ ပြနေတဲ့ ရုပ်မြင်သံကြားကို ကမန်းကတန်း ပြေးကြည့်ရတယ် ။ ဘေးပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်တော့ ဆော့နေတဲ့ ကလေး လေးငါးယောက်ရယ် ခွေးတွေရယ် ၊ ကျွန်တော်ရယ်ပဲ ရှိတယ် ။ ကြည့်မယ့်လူ မရှိဘူး ။ အဲဒီလောက် အောင်မြင်တာဗျ ။


ဟော ... ရုပ်မြင်သံကြားမှာ ပိုက်ဆံတစ်ပြားတစ်ချပ် မှ မကုန်ရဘဲ ရိုက်ဖြစ်ချင်တော့ ဒီလိုဗျ .. ခုနှစ် သက္ကရာဇ် တော့ မမှတ်မိတော့ဘူး ၊ ပြည်ထောင်စုနေ့ဂုဏ်ပြုအငြိမ့် ဆိုပြီး ၊ တစ်ခိုင်လုံးရွှေ အေးအေးမြင့် အငြိမ့် ရိုက်တော့ ဆရာတက္ကသိုလ်ဟန်မြတ်မော် က ကျွန်တော်တို့ အုပ်စုကို ဆိုင်းပစ္စည်းတွေ စတူဒီယိုထဲ သယ်ခိုင်းရော ၊ အဲဒီအချိန်မှာ ကိုမေတ္တာ က မော်လမြိုင်သွားနေလို့ ၊ လူစားထိုးတဲ့ သဘောမျိုးနဲ့ ကျွန်တော်တို့ အုပ်စုကို ဝင်ရိုက်ခိုင်းတယ် ။ မိတ်ကပ်လိမ်းတဲ့ အခန်းထဲမှာ မိတ်ကပ်ဆရာ ဦးကြွယ် လိမ်းပေးနေတုန်း မျက်ရည်တွေ ကျလာတယ် ။ ဝမ်းသာလွန်းလို့ပါ ။


ကျွန်တော်တို့ပဲ ကြိုးစားလို့လား ၊ ကံတရားကပဲ တွန်းပို့သလား မသိပါဘူး ။ အဲဒီပြည်ထောင်စုအငြိမ့် မှာ “ ဖေဖေကြီး ... ဖေဖေကြီးကို ချစ်တယ် ” ဆိုတဲ့ ပြက်လုံးတစ်ခွင်ဟာ ပရိသတ် ရင်ထဲရောက်သွားပြီး ကျွန်တော်တို့ကို အသိအမှတ်ပြုခြင်း စတင် ခံစားလိုက်ရပါတယ် ။


◾ ကျော်ထူး


📖 လူပြောများတဲ့ လူပေါကြီး


koaungnaingoo.blogspot.com


.

ဗွီဒီယို နဲ့ မျှစ်ကြော်


 ❝ ဗွီဒီယို နဲ့ မျှစ်ကြော် ❞


အဲဒီလိုနဲ့ ပန်းဆိုးတန်း ကိုတင်လှိုင် လက်ဖက်ရည်ဆိုင်မှာ ဒါရိုက်တာ တော်တော်များများ ထိုင်တတ်တယ် ။ အနုပညာသမားတွေ တော်တော်များများ ထိုင်တတ်တယ် ဆိုလို့ သွားသွားထိုင်ရသေးတယ် ။ ဘယ်သူနဲ့မှတော့ သိပ်မသိပါဘူး ။ ပြုံးပြီး ရယ်ပြ ၊ ကိုယ့်ကိုယ်ကိုယ် မိတ်သွားဆက်ပေါ့လေ ။


နောက်တော့ ဒါရိုက်တာဦးမြင့်ကျော် ၊ ဦးဆွေဆက် ၊ ထွန်းအောင်ဇော် ၊ ဦးသန်းဖေလေး စသည်ဖြင့် ရင်းနှီးပြီး ၊ ကားတွေ တစ်ခန်းစ ၊ နှစ်ခန်းစ ရိုက်လာရတယ် ။ လှိုင်သာယာ အိမ်တော့ မပြန်တော့ပါဘူး ။


ပန်းလှိုင်အိမ်ရာ ( ယခင် ) ဟုမ်းလမ်း က ဦးလေး တစ်ဦးရဲ့ အိမ်ရှေ့ဝရန်တာမှာ ကျောတစ်နေရာစာလေး နေခွင့် ရခဲ့တယ် ။


သူတို့က ကလေး မရှိဘူးလေ ။ ထမင်းကြော် ရောင်းတယ် ။ မနက်စောစော ထ ၊ ဆိုင်ဝိုင်း ခင်း ၊ ပြီးမှ ရိုက်ကွင်းရှိရင် သွား ၊ မရှိရင် ပန်းဆိုးတန်း ကိုတင်လှိုင်ဆိုင် သွားထိုင် ၊ ညနေပြန် ပေါ့ ။


အဲဒီတုန်းကဗျာ ... မှတ်မိနေသေးတယ် ။ ကျွန်တော့်ရဲ့ တူတွေ ၊ တူမတွေ နဲ့ ကားလမ်းမကြီးပေါ်မှာ မျက်နှာချင်းဆိုင်တွေ့တာတောင် သူတို့လေးတွေက ရှောင်သွားကြတယ် ။ ပိုက်ဆံ ချေးမှာ စိုးလို့ ၊ ထမင်းကျွေးရမှာ စိုးလို့ ၊ ဒါလည်း သူတို့အပြစ် မဟုတ်ပါဘူးလေ ။


ကိုယ်က ဘာကောင်မှ မဖြစ်သေးတာပဲ ။ ဖြစ်လည်း ဖြစ်လာရော ၊ ကိုယ်တောင် သူတို့ကို မတွေ့ပါဘူး ။ လူကြားထဲ အတင်း လက်ဝင်ဆွဲပြီး ပါလာတဲ့ သူတို့ သူငယ်ချင်းတွေ ကို ...


“ အဲဒါ ငါတို့ လေးလေးကွ ...” ဆိုပြီး မိတ်ဆက်ပေးတယ် ။


“ အမေတို့က ထမင်းလာစားပါဦး .. ”


တဲ့လေ ။ ထမင်း ဆိုလို့ မှတ်မိနေသေးတယ် ။


တစ်ရက်ပေါ့ ။ ညနေပိုင်း ကျွန်တော် အပြင်က ပြန်လာတော့ အဒေါ် ဖြစ်သူက ဟင်းပန်းကန် ကို စားပွဲ အောက်ထဲ ဝှက်ထားလိုက်တယ် ။ ဦးလေး ကတော့ မသင့်တော်ဘူးထင်လို့နဲ့ တူပါတယ် ။ ဝတ်‌ေကျ တန်းကျေ ...


“ ဟေ့ကောင် ... တစ်ခါတည်း ဝင်စားပါလား .. "


လို့တော့ ခေါ်ပါတယ် ။


ဆာလိုက်တာဗျာ ။ မပြောပါနဲ့ ။ ပိုက်ဆံ ကလည်း မရှိဘူးလေ ။ ကားရိုက်လို့ ပိုက်ဆံလေး နည်းနည်း ရလာရင် လမ်းထိပ်က ဦးရွှေကြီး တွန်းလှည်းနဲ့ ရောင်းတဲ့ဆီမှာ မျှစ်ကြော် တစ်ကျပ်ဖိုး ၊ ငါးပိကြော် တစ်ကျပ်ဖိုး ၊ ထမင်းဖြူ ငါးမူးဖိုးနဲ့ .. စား ၊ တို့စရာလေး ဘာလေး နဲ့ ဗိုက်ပြည့်သွားရော ။


ပိုက်ဆံ မရှိတဲ့ ရက်ကတော့ ရေအဝ သောက်ပဲ ။


တစ်ပတ်နေ ၊ နှစ်ပတ်နေ မှ လှိုင်သာယာက ထူးသခင် လိုက်လာ ၊ စုဆောင်းထားတဲ့ ငွေလေး ပေးလိုက် ၊ သူက ပြန်သွား ။


တစ်ခါကလည်း ကားက မရိုက်ရ ၊ ဗိုက်ကလည်း အရမ်းဆာနေတော့ ...


ဟယ် .. မတတ်နိုင်တော့ဘူး ... မင်္ဂလာဦးတုန်းက ဝတ်တဲ့ လည်ကတုံး ရှပ်အဖြူ လက်ရှည်လေးကို ညဈေးတန်း အထည်ဟောင်းဆိုင်မှာ သွားရောင်းတော့ နှစ်ဆယ် ရတယ် ။ အဲဒီနေ့က ငါးကျပ်ဖိုး ၊ ဝက်သားဟင်း နဲ့ ထမင်းစားပြီး ပိုတဲ့ တစ်ဆယ့် ငါးကျပ် ကို ထူးသခင် ဆီ ပို့လိုက်တယ် ။


နောက် သိပ်မကြာပါဘူး ဗျာ ။ နှစ်ရက်လားပဲ ။


ဒါရိုက်တာ ဦးဒေါန ရိုက်တဲ့ကားမှာ လည်ကတုံး ဝတ်ရမယ် တဲ့ .. သွားပြီ ။


ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ...


မင်းသားက ကျော်ရဲအောင် ၊ မင်းသမီးက ဇင်မာဦး ၊ ကားနာမည်က “ ကံဆောင်တဲ့ဖူးစာ ” အရင်းနှီးဆုံး သူငယ်ချင်းရဲ့ အဖေဆီက ငှားဝတ်လိုက်တယ် ။ မတော်တာမှ တော်တော်ကြီးကို မတော်တာပါဗျာ ။ ပွပွကြီး ... လက်ခေါက်ဝတ်ပေါ့လေ ။


ဘဝများ ပြောပါတယ် ။ မရောင်းခင်က ရိုက်လိုက်ရရင် ပိုက်ဆံလည်း ရဦးမယ် ။ မျက်နှာလည်း မငယ်ရတော့ဘူးပေါ့ဗျာ ။


တစ်ခါတလေ ညဘက် Night Seen များ ရိုက်လို့ကတော့ စိတ်အဆင်းရဲဆုံးပဲ ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် နေရတာက သူများ အိမ်  ။ ကိုယ့်အိမ် ဆိုရင် ...


“ မိန်းမရေ ... ပြန်လာပြီဟေ့ .. တံခါးဖွင့်စမ်း .. ”


ဆိုပြီး ဖွင့်ခိုင်းလို့ရတယ် ။ မသကာ မိန်းမ မနိုးတောင် သားသမီး တစ်ယောက်ယောက်ကတော့ ထ ဖွင့်ပေးမှာပဲ ... ။


ခုဟာက သူများ အိမ် ၊ ဦးလေး ပေါ့ဗျာ ။ အဖေ့ ရဲ့ ညီအရင်းအိမ်  ။ ရောက်တဲ့အချိန်က နှစ်နာရီ  ။ မသိမသာ တံခါးလေး ခေါက်ကြည့်တယ် ၊ နိုးတယ်ဗျ ... ဒါပေမယ့် မဖွင့်ပေးဘူး ။ အိပ်ချင်ယောင် ဆောင်နေတယ် ။ အဲဒီ နှစ်နာရီထဲက အောက်ထပ် လှေကားထစ် ခွေးခါးထစ် အောက်ပေါ့လေ ။ အဲဒီနေရာမှ ပုဆိုးလေး ခြုံပြီး ၊ ငုတ်တုတ် ငိုက်ရတယ် ။ နံနက်လေးနာရီ မှ သူတို့ ထမင်းကြော်ဆိုင် ဖွင့်တယ် ။ ဆိုင် ခင်းတယ်ပေါ့ ။


အဲဒီတော့မှ ...


“ ဟာ ... မင်းကလည်း နှိုးရောပေါ့ကွာ ... ”


တဲ့ ။ တံခါး ခေါက်ရလွန်းလို့ လက်တွေလည်း ပွန်းပဲ့နေပါပြီ ။


“ အဟဲ .. ရပါတယ် .. ဦးလေးတို့က အစောကြီး ထပြီး .. ဆိုင်ဖွင့် ဈေးရောင်းရတာဆိုတော့ အားနာလို့ မနှိုးတော့ပါဘူး ”


ဆိုပြီး ဆိုင်ဝိုင်းခင်းပေးလိုက်တာ ၊ မနက် ( ၇ ) နာရီ နဲ့ ( ၈ ) နာရီ ရောက်သွားရော ။ မျက်နှာသစ်ရုံ ရှိသေးတယ် ရှူတင်ကား လာကြိုတော့ ပြန်ပါသွားရောဗျာ ။


တစ်နေကုန် ကားရိုက်တော့ ဘယ်လာ အိုက်တင်ပါတော့မလဲ ။ အတင်းကုန်းရုန်းပြီး ၊ ကြိုးစား သရုပ်ဆောင်ပေါ့ ။ နို့မို့ နောက်ကားတွေ ခေါ်မှာ မဟုတ်တော့ဘူး ။ ဘယ်သူ့ဘယ်သူကိုမှ အပြစ် မတင်တော့ပါဘူး ။ အတိတ် ရဲ့ ကံ က ပါလာတာကိုး ။


တစ်ခါတလေများ ရေချိုးချင်ရင် မိုးရေစောင့် ချိုးရတာ ပါသေးတယ် ။ သူတို့က ရေပိုက် နဲ့ လိုက်ထည့်တာလေ ။ ရေတစ်စည် ကို ဘယ်လောက်ပေါ့ ။ မျက်နှာသစ်ကို ရေနှစ်ခွက်လောက် ဖြစ်သွားရင် ဦးလေးမိန်းမ က အပေါ်ထပ်က အော်ပြီသာ မှတ် ။


“ ဟဲ့ .. ရေကြည့် သုံး .. ရေတစ်တိုင်ကီ ဘယ်လောက် မှတ်လဲ .. ”


“ဪ.. ဒုက္ခပါပဲ... မနေ့ကပဲ ငါ ဝယ်ထည့်ထားပါတယ် .. မျက်နှာသစ်တာလောက်နဲ့ မကုန်နိုင်ပါဘူး .. ”


ဆိုပြီး ဒေါသဖြစ်မိသေးတယ် ။ လမ်းထဲ ၊ ရပ်ကွက်ထဲက ကလေးတွေ ကလည်း ကျွန်တော် စားနေကျ မျှစ်ကြော်ကို အစွဲပြုပြီး ၊ ကျွန်တော့် တွေ့ရင် ...


“ ဦးလေးမျှစ်ကြော်... ဒီနေ့ ဗီဒီယို မရိုက်ဘူးလား .. ”


တဲ့ ။


◾ ကျော်ထူး


📖 လူပြောများတဲ့ လူပေါကြီး


koaungnaingoo.blogspot.com


.

Friday, October 15, 2021

ဗွီဒီယို စတင် ရိုက်ကူးခြင်း


 

❝ ဗွီဒီယို စတင် ရိုက်ကူးခြင်း ❞

သူ က ဗွီဒီယို မင်းသား ၊ ဝဇီရာ ပြဇာတ်မှာ ကနေချိန် ၊ ကျွန်တော် က သူ့နောက်လိုက် ပြန်ဖြစ်နေတယ် ။

အရင်က ကျွန်တော် ပွဲကနေရင် ဇာတ်စင်အောက်က လိုက် လိုက်ကြည့်တယ် ။

အခု သူ ပွဲကရင် ၊ သူ ကားရိုက်ရင် ကျွန်တော် က ပြန်ကြည့်နေရတယ် ။

ဘယ် နေရာ ၊ ဘယ် ပြက်လုံး ဆိုပြီး ၊ နောက်က ပြောပြပေးရတယ် ။

တစ်ရက်ပေါ့ ...

ဒါရိုက်တာ ပြက္ခဒိန်မောင်မောင်စိုး ရိုက်တဲ့ “ သင်္ကြန်ဖူးစာ " ဇာတ်ကားမှာ အဓိက မင်းသား က ကိုမေတ္တာ ၊ မင်းသမီး က ခင်သန်းနွယ် ။

အဲဒီကားမှာ ပထမဦးဆုံး တစ်ခန်း ပါဝင်ခွင့် ရတယ် ။ ကျွန်တော် ဆိုတဲ့ ကောင်ကလည်း သံယောဇဉ် ကြီးတယ်ဗျ ။

ကိုယ်တောင် မနည်း လုပ်နေရတဲ့ အချိန်မှာ ကျွန်တော့်ကောင် “ ဧရာ ” ကို မပါ,ပါအောင် ဒါရိုက်တာ ရော ၊ မင်းသား ရော ကို မနည်း ပြောပေးလို့ ၊ ဒီကောင် ဆရာဝန်ခန်း က တစ်ခန်း ပါလိုက်ရတယ် ။

နောက် ဒုတိယကား ဒါရိုက်တာ သန်းဇော် ရိုက်တဲ့ “ မိုးရဲ့အေးမ ”  ၊ မင်းသား က ကိုမေတ္တာ ၊ မင်းသမီး က မူမူမြင့်ရှိန် ( ယခု ခင်နွဲ့နွဲ့မူ ) ဆိုပြီး ၊ ကုမ္ပဏီ ထောင်ထားသူ ။

အဲဒီ အချိန်မှာပဲ လမ်းကြောင်းလေးက ပွင့်ချင်လာတော့ ဒါရိုက်တာ စိန်သံမဏိ နဲ့ မှော်ဘီကိုးလုံးကွင်း မှာ နှစ်ကား ရိုက်ရတယ် ။ တစ်ကားကို သုံးထောင် ရတယ် ။

အဲဒီ ပိုက်ဆံလေးနဲ့ပဲ လှိုင်သာယာ အိမ်လေးကို လောလောဆယ် လူနေဖြစ်ရုံလေး ဆောက်ဖြစ်သွားတယ် ။

မဆောက်လို့လည်း မရတော့ဘူး ။ တစ်ရပ်ကွက်လုံး အိမ်တွေ ဆောက်ပြီးနေပြီ ။ ကျွန်တော့် အိမ်တစ်လုံးပဲ ကျန်တော့တယ် ။

မိုး ကလည်း ကျနေပြီ ။ သွပ်ပြား အစုတ်လေးတွေကို ယာယီ မိုးပြီး မိသားစုက မိုးရွာရင် အစို ၊ နေပူရင် အခြောက် နဲ့ ဖြစ်သလို နေနေ ရတာကိုး ။

နှစ်ဖက် မိဘတွေကိုလည်း အားမကိုးပါဘူး ။

ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဖက်လုံး က သဘောမှ မတူဘဲ ။ ကျွန်တော့် မိန်းမ က အင်မတန် သတ္တိ ရှိတယ် ။ သူ ချစ်လို့ ယူထားတဲ့ အနုပညာသမား တစ်ယောက်ရဲ့ ဘဝကို ကျွန်တော် နှ င့်အတူ ရင်ဆိုင် ဖြေရှင်းတယ် ။

သူ ဖောက်ပြန်ချင်ရင် အလွယ်လေး ။

လက်တွဲ ဖြုတ်ချင်ရင် အလွယ်လေး ။ သူ့ မိဘဆီ ပြန်သွားရုံပဲ ။

မသွားဘူးဗျာ ... ဘဝကို ကြံ့ကြံ့ ခံတယ် ။

( လှိုင်သာယာ အိမ်ကိစ္စကတော့ ကျွန်တော့်ရဲ့စာအုပ် “ ထူးထူးရှယ် ဒိုင်ယာရီ ” ထဲမှာ ပါပြီးသွားပါပြီ )

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

ပလက်ဖောင်း လူရွှင်တော်


 

❝ ပလက်ဖောင်း လူရွှင်တော် ❞

လှိုင်သာယာ ကို ရောက်တော့ ချက်ချင်း အိမ်ပြန် မဆောက်နိုင်သေးပါဘူး ။

သစ်တွေ ဝါးတွေ ၊ ပျဉ်တိုပျဉ်စတွေ ၊ အားလုံး ပုံထားပေါ့ ။

အိမ်ဆောက်ဖို့ထက် ဗိုက်ပြဿနာက အရေးကြီးတယ်လေ ။

မနက်စောစော ထ ၊ ကားတိုး စီး ၊ သင်္ဘောတိုးစီးနဲ့ ရန်ကုန် မှာ အလုပ် လိုက်ရှာ ...

တစ်ခါတလေ ပြန်ချိန် မရလို့ ၊ သင်္ဘော မမီတဲ့ အခါမျိုးတွေမှာ စမ်းချောင်း တို့ ၊ ဟုမ်းလမ်း တို့မှာ ရှိနေတဲ့ အမျိုးတွေအိမ် တစ်ညတလေ အိပ်ပါရစေ ဆိုပြီး ခွင့်တောင်းတာ တောင်း ...

ဗေဒင်ကိန်းဂဏန်း အရ ခြေနှစ်ချောင်း မဝင်ကောင်းဘူး ။ ညအိပ်ညဉ့်နေ လက်ခံလို့ မရဘူး ပြောလွှတ်လို့ ...

ကြုံရာ သစ်ပင်အောက် ၊ ကြုံရာ ဓမ္မာရုံတွေမှာ ဝင်အိပ်ခဲ့ရတယ် ။

ကြည့်မြင်တိုင် ပန်းတဉ်းတန်း ဓမ္မာရုံဟာ ကျွန်တော့် ရဲ့ ခိုနားရာ ညအိပ် ဖဲမွေ့ယာ ဖြစ်ခဲ့တယ် ။

တူတွေ ၊ တူမတွေ ၊ အမျိုးတွေ ဆိုလည်း လမ်းတွေ့ရင် ပိုက်ဆံ ချေးမှာ စိုးလို့ ရှောင်သွားကြတယ်လေ ။

ဓမ္မာရုံ လူရှင်းတဲ့ အချိန်အထိ မယောင်မလည်နဲ့ စောင့်နေ ...

လူလည်း ရှင်းရော .. ဦးလေး ဦးပေါကြွယ် ကို ပြောပြပြီး ဝင်အိပ် ...

မနက်စောစော လူတွေ မတွေ့ခင် ဓမ္မာရုံ က အုတ်ကန်ထဲ က ရေနဲ့ မျက်နှာသစ် ပုဆိုး နဲ့ သုတ်ပြီး ... ပြန်ထွက် ... ခလုတ်တိုက်နဲ့ပေါ့ ။

မိသားစုကို ပြန်ပေးဖို့ နေနေသာသာ ကိုယ်တောင် မနက်စာ လွတ် ၊ ညစာ လွတ် နဲ့ ။

တစ်ရက်ပေါ့ ...

ကိုမေတ္တာ ဟာ သူ့ အိမ်မှာ လာ အိပ် ၊ လာစား တဲ့ ။

ဘယ်ဖြစ်မလဲဗျာ ။

သူ့ ဆီမှာက သူ့ ညီမ အပျိုတွေ ရှိတယ် ။

သူ နဲ့ ကျွန်တော် က ဆွေရိပ် မကင်း မျိုးရိပ် မကင်းပါ ။

ကျွန်တော် က အားနာတော့ တခြားနည်းကို စဉ်းစားသေးတယ် ။

မရတဲ့ အဆုံးကျတော့ သူ့စကားကို နားထောင်လိုက်တယ် ။

ကျွန်တော့် ဘဝမှာ ကျေးဇူးရှင် စာရင်းထဲမှာ သူက ထိပ်ဆုံးကပါပဲ ။

“ ကိုမေတ္တာ ”  ကျွန်တော်တို့ ရပ်ကွက် သင်္ကြန်အလှပြကား မှာ သံချပ်တိုင် သရုပ်ပြ လုပ်နေချိန်မှာ ...

ကျွန်တော်က တေးသံရှင်ခင်မာချို အငြိမ့်မှာ “ လူရွှင်တော် ” ကနေပြီ ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

Thursday, October 14, 2021

ငှက်ပျောသီး ထမ်းသမား ဘဝ


 

❝ ငှက်ပျောသီး ထမ်းသမား ဘဝ ❞

ဦးသိန်းတန် ဇာတ်အဖွဲ့မှာ တစ်နှစ်လောက် လိုက် အပြီး ၊ အငြိမ့်တွေ နဲ့ တစ်ဖန် ပြန် ဝေးသွားရပြီ ။ ကြုံရာ ကျပန်း လုပ်ရ ပြန်ရော ။ သီရိမင်္ဂလာဈေး မှာ ငှက်ပျောသီးထမ်းတဲ့အလုပ်သမားဘဝ ရောက်ပြန်ရောဗျ ။ မိဘ အတွက် ဆိုရင် အရိုးများသလေး ချေးခါးသလေး နဲ့ လုပ်နေဦးမှာ ။ ကိုယ်တိုင် မိဘနေရာ ရောက်တော့မှ မလုပ်လို့လည်း မရဘူးလေ ။ လူကောင် က သေးသေး ၊ ငှက်ပျောခိုင်တွေက ကြီးကြီး ၊ တစ်ခိုင် ကို ငါးမူး ရတယ် ။ ရှေ့ နှစ်ခိုင် ၊ နောက် နှစ်ခိုင် ဆိုတော့ နှစ်ကျပ် ရတယ်လေ ။ သားသမီးတွေ အတွက် လောဘ တက်ပြီး ၊ မရ ရအောင် ထမ်းတယ် ။ ရေကျချိန်ဆို သေရောပဲ ။

ဟိုး .. ရေစပ် သမ္ဗန်ပေါ်ကနေ ကုန်းပေါ်ကို ဆွဲ ၊ ပေါင်လယ်လောက် နက်တဲ့ ရွှံ့ထဲက ငှက်ပျောခိုင် နဲ့ ရုန်း လိုက်ရတာ.. ဘာပြောကောင်းမလဲ .. ပုလင်းကွဲ ရှ .. ဝါးငုတ်တို စူး နဲ့ .. ဘာပဲ စူးစူး .. ဘာပဲ ရှရှ ... ပိုက်ဆံ ရဖို့ အဓိက ဖြစ်နေတော့ ရုန်းရမှာပဲလေ ။

ငှက်ပျောထမ်း အလုပ်သမားဘဝ လုပ်နေရင်း ပွဲစား အတွေ့အကြုံလေးတွေကို ကျွန်တော့် အလုပ်ရှင် စိန်ဝင်းမောင် ဆီက တစ်ဆင့် သိရပြီး ၊ ကျွန်တော် အရေခွံ လဲပြန်ပြီ ၊ ငှက်ပျောပွဲစား ဘဝပေါ့လေ ။

ပွဲစား ဆိုလို့ အထင်တော့ မကြီးလိုက်ပါနဲ့ ။ ကုန်သည်တွေကို ပါးစပ်နဲ့ ချုပ်တာ ။ သူတို့က ကျွန်တော့်ကို ယုံတယ်လေ ။ ကျွန်တော့်ဆီ သူတို့ ငှက်ပျောကုန်တွေ အပ် ၊ ကျွန်တော်က ရန်ကုန်မြို့မှာရှိတဲ့ ဈေးပေါင်းစုံ က ဆိုင်တွေကို တစ်ဆင့် ပြန်ရောင်းပေး ၊ ပထမ ဝယ်ထားတဲ့ ငှက်ပျောဖိုးတွေ အရင်ရှင်း ၊ ပထမရှင်းတဲ့ ငွေကို ကုန်သည်တွေ ပြန်ပေး ၊ အဲဒီထဲကမှ တစ်ဖီးကို ဘယ်လောက် အခိုင်ရေ ၊ ဘယ်မျှ တွက်ပြီး ၊ ကော်မရှင်ခ ဖြတ်ယူ ။

သဘောကတော့ သူများ ငှက်ပျော ကို ပါးစပ်နဲ့ ရောင်းပေးပြီး ဈေးတကာ အကြွေးလိုက် တောင်းပေးပြီး မှ ရောင်းပေးခ ယူပေါ့ ... ဒီ သဘောပါပဲ ။ တစ်ခါတလေ ကိုယ့်လက်ထဲ ငွေစလေး အနည်းငယ် ရှိရင်ပဲ တခြား လူတွေဆီ က ငှက်ပျောတွေကို ဖြတ်ဝယ်ထား ၊ ဝယ်တဲ့လူ လာတော့ မူလဝယ်ဈေးထက် နည်းနည်း ပိုတင်ရောင်း ၊ အရင်းရော ၊ အမြတ်ပါ တစ်ခါတည်း ငွေပေါ်တာပေါ့ ။

ကုန်သည်တွေ အချိန်တန်လို့ မရောက်လာရင် ကိုယ်တိုင် နယ် ဆင်းဝယ် ၊ ပြန်ရောင်း နဲ့ မိသားစု စားဝတ်နေရေး ကို တစ်မျိုးတစ်ဖုံ လုပ်ရပြန်ရောဗျာ .. ။ တချို့ကုန်သည်တွေက လူလည် တွေဗျ ။ ကျွန်တော့်ဆီက ငွေ ကြိုတင် ယူပြီး ၊ ငှက်ပျောတွေ ကျတော့ ကျွန်တော့် ထက် ဈေးပိုပေးတဲ့ လူဆီ သွ ားရောင်းရင် ရောင်း ၊ မရောင်းရင် ငွေယူပြီး မလာတော့ဘူး ၊ မကြာခဏ ငွေလိမ်ခံရသေးတယ် ။ ဒီကြားထဲ စာရေးတာ ဝါသနာပါတော့ ကက်ဆက် ဇာတ်လမ်းလေးတွေက ခေတ်စားချိန် ဆိုတော့ ရေးလိုက်သေးသဗျာ ။ “ အမေနွဲ့တို့ ကတဲ့ အဖွဲ့” ဒေါ်မေနွဲ့ကြီး နဲ့ပေါ့ ။ ဦးအံ့ကျော် နဲ့က ... အဲ .. နိုင်လင်း ပါသေးတယ် ။

“ မျက်ရည်လေးတွေ စုထားမယ် ”  ၊ “ အချစ်မှတ်တိုင် ပါတယ် ”  ။ အဲဒီ ကက်ဆက်ဇာတ်လမ်း တစ်ခေတ်မှာ ဦးနီ ( မင်္ဂလာစိန် တေးသံသွင်း ) အတွက် ကိုကျင်ထွန်းအောင် က စီစဉ်ပေးပြီး ၊ ကျွန်တော်က ရေးပေါ့ ။ ကိုကျင်ထွန်းအောင် ဆိုတာကလည်း တခြားလူ မဟုတ်ဘူး ၊ တွံတေးဦးသိန်းတန် ရဲ့ တူအရင်း ဧရာ နဲ့ စသိပြီး ၊ သူ မိတ်ဆက်ပေးလို့ ရေးဖြစ်တာ ။ ကျွန်တော့် သား နဲ့ ညီ တွေကို ဇာတ်လမ်း ( ၁၀ ) ပုဒ်ရေး ၊ တစ်ပုဒ် ကို နှစ်ရာ ၊ ရတဲ့ ငွေနှစ်ထောင် နဲ့ ရှင်ပြုပေးလိုက်တယ် ။

အဲဒီ အချိန်မှာ ဝဇီရာ ပြဇာတ်တွေ ကနေပြီ ။ မေတ္တာ ၊ ကွမ်းသီး တို့ အရှိန်တော်တော်လေး ရနေပြီ ။ ဗွီဒီယိုတွေ ၊ ဘာတွေ ပါ ရိုက်နေပြီ ။ သူ က နေတဲ့ ဝဇီရာရုံ ကို သူ့ ဖိနပ်အိတ် ဆွဲပြီး လိုက်သွားတယ် ။

“ က ချင်လိုက်တာ ဗျာ .. မပြောပါနဲ့တော့ ၊ ကိုယ် နဲ့ သိတဲ့ လူကလည်း မရှိဘူးလေ ။ ကိုမေတ္တာ ကတော့ မုန့်ဖိုး တစ်နေ့ ငါးဆယ် , တစ်ရာ ပေးပါတယ် ။ ကျွန်တော်လည်း ပွဲစား အလုပ်ကို စွန့်ပြီး ၊ သူ့ နောက် လျှောက်လိုက်နေတော့တယ် ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

လူရွှင်တော် မိတ္တူ


 

❝ လူရွှင်တော် မိတ္တူ ❞

ကျွန်တော် ငယ်စဉ်အခါက ကျွန်တော် ပွဲ မကြည့်ချင်တဲ့ နေရာပေါ့ ။ ကျွန်တော့် အဖေတွေ က တဲ့ ၊ ပန်းတဉ်းတန်း ရွှေပြား ၊ ရွှေသင်္ကန်း ကပ်လှူ တဲ့ ပွဲမှာ ၊ ကျွန်တော်လူရွှင်တော် ဖြစ်စ အချိန်မှာ တေးသံရှင် ခင်မာချိုအငြိမ့် နဲ့ အဲဒီ နေရာမှာပဲ အငြိမ့် ပြန် ကရတယ် ။

အဖေ ပြီးတော့ သား အလှည့်ပေါ့ ။ “ က ” တာမှဗျာ .. မကြာခဏ ပါပဲ ။ ဒီတစ်ခါတော့ ကျွန်တော် မရှက်တော့ပါဘူး ။

ကျောင်းတုန်းက လူပြက်သား ၊ လူပြက်သား လို့ စကြ ၊ ပြောင်ကြ ၊ နောက်ကြ တဲ့ ကောင်တွေ ၊ ကောင်မလေးတွေ ကျွန်တော်တို့ ရဲ့ အငြိမ့်စင်ရှေ့အောက် မှာ ကျွန်တော့် ကို ပြန်ကြည့်နေရပြီလေ ။

ကျွန်တော့် အမေ နဲ့ ကျွန်တော်တို့ ထိုင်တဲ့ နေရာလေးမှာ ကျွန်တော့် အမေ ရယ် ၊ သူ့ချွေးမ ( ကျွန်တော့် မိန်းမ ) ရယ် ၊ သမီးရယ် .. ( အဲဒီတုန်းက သားသမီး တစ်ယောက်ပဲ ရသေးတယ် ။ ) ပေါ့ .. ။

မှတ်မှတ်ရရ ကျွန်တော့် ကို အရိုက်ကြမ်းတဲ့ ဆရာမ ဒေါ်ကျင်စီ နဲ့ ဆရာမ ဒေါ်တင်နု ပါ ပွဲလာကြည့်ကြတယ် ။

ပွဲပြီးတော့ ...

“ ငါ့တပည့် ကြိုးစား ... အများကြီး အလားအလာ ရှိတယ် ။ S.H.S 2 ထွက် အနုပညာသမား တစ်ယောက်တော့ တိုးပြီပေါ့ ”

တဲ့ ။ အဲ.. နောက်တစ်ဦး ထပ်တိုးလာတယ် ။

သူ့ နာမည် က ဧရာ ။

ကျွန်တော်တို့ ဗားကရာ မှာ အငြိမ့် ကတော့ သူက အရန်မီးသတ်ဝတ်စုံ ၊ ခရာ တရွှီရွှီ မှုတ်ပြီး ၊ ကားတွေလမ်း ရှင်းနေရတာ ။

တစ်ည သူပါ အငြိမ့် ကချင်တယ် လာပြောတော့ ကိုယ်ချင်းစာတယ်လေ ။ ကိုယ်လည်း အောက်ခြေက လာတာဆိုတော့ ခက်တာက သူ့ အတွက် တောင်ရှည်ပုဆိုး မရှိဘူး ။

ပြီးရင် အငြိမ့်ဆရာ ကို ခွင့်တောင်းရဦးမယ် ။ ခေါင်းဆောင်မင်းသမီး ကိုလည်း အကျိုးအကြောင်း ပြောပြထားမှ နို့မို့ဆို မလွယ်ဘူး ။

သူက လက်သံ ပြောင်တယ် ။ တော်ရုံတန်ရုံ လူရွှင်တော် သူ့စင်ပေါ် မတက်ရဲဘူး ။ သူကလည်း အတက် မခံဘူး ။

ဒါပေမယ့် ကျွန်တော် ရအောင် ပြောတယ် ။ အဆင်ပြေသွားတယ် ။ တောင်ရှည်တော့ ပြဇာတ်မင်းသား ဦးမောင်မောင် သူ အိပ်ပျော်နေတုန်း သူ့နောက်ပိုင်း နှစ်ပါးသွား ဝတ်တဲ့ ရွှေတစ်ဆုပ် အဖြူရောင် ကို ခိုးပြီး ပေးဝတ်လိုက်တယ် ။

ကျွန်တော့် ဘဝ ဆရာသမား ဦးတိုင်းကျော် တုန်းက လိုပေါ့ ။ အပေါ်က မီးသတ် အင်္ကျီ ၊ အောက်က ရွှေတစ်ဆုပ် နဲ့ ထွက်လည်း လာရော ၊ ပရိသတ်က ဝိုင်း ဟားရောဗျာ ။ ရယ်တာ မှုတ်ဘူးနော် ။ သူ့ ရပ်ကွက်ပွဲ ဆိုတော့ မလေးစားဘူးလေ ။ အရူး ၊ အပေါကြီး  ။

အို ... စုံနေတာပဲ .. ဒီကောင်ကလည်း မခေဘူး ။ မျက်နှာတော့ ရဲသား ။

ပရိသတ် ကျောပေးတာနဲ့ ပြက်လုံး ၊ တောင်တစ်လုံး ၊ မြောက်တစ်လုံး ၊ သူများ ပြက်လုံးမှန်း မသိ ၊ ကိုယ့် ပြက်လုံးမှန်း မသိတာတွေက လွဲရင်ပေါ့ ။ ကျွန်တော် ပြက် မယ့် ပြက်လုံးတွေထဲက ဖဲ့ပြီး ၊ သူ့ အနား ကပ်ပြော ၊ သူ က ထပြက် ပေါ့ ။ အဲဒီမှာတင် ပွဲပြီးသွားရင် ပြီးရော ပေါ့ဗျာ ။ မပြီးဘူး ၊ ကျွန်တော်တို့ အငြိမ့် ကတဲ့ နေရာ မှန်သမျှ လျှောက်လိုက်တော့တာပါပဲ ။

အံမယ် ... သူက တပည့် မွေးသေးတယ် ။ သူ့ တပည့် က အောင်ပန်း ( ခ ) ရွှင်ပြုံး ။ သမဝန်ကြီးရုံးချုပ် က “ ဝန်ထမ်း ” ၊ သူ့ ပါ ခေါ်လာပြီး ကျွန်တော့် ကို ထပ် အပ်တယ် ။ အဲဒီ အချိန်တုန်းက ဧရာ က ဗဟိုကော်မရှင်ရုံး မှာ ရုံးကား မောင်းနေရတယ် ။ တော်ပါသေးရဲ့ ၊ နှစ်ယောက်လုံးက ဝန်ထမ်းတွေ ဖြစ်နေလို့ ။ ရုံးပိတ်ရက်လောက်ပဲ အငြိမ့် လိုက် ကနိုင်တာ ။ သူတို့ လိုက်လိုက် ကတာ အကြောင်းမှုတ်ဘူး ။ ဇာတ်ဆရာ က သူတို့ အတွက် ပိုက်ဆံ ( ညကြေး ) ပေးတာ မှုတ်ဘူး ။ သူတို့ ပြန်ဖို့ လမ်းစရိတ်တွေ ဘာတွေ က ကျွန်တော် စိုက်ပေးရတာ ။ ပြက်လုံး သင်ပေးရုံတင် မှုတ်ဘူး ဇာတ်ခုံပေါ်မှာ ဖြစ်လာတဲ့ အခြား လူရွှင်တော်တွေ ကိစ္စပါ ရှင်းပေးနေရတာ ။ ရှေ့က မတ်တတ်ရပ်တဲ့ သဘောပေါ့ဗျာ ။

“ ဟေ့ လူတွေ .. ဒါ ကျုပ်လူတွေ ဖိုက် ချင်ရင် ကျုပ်နဲ့ ဖိုက် ၊ သူတို့ကို မထိနဲ့ ”

လို့ ပြောရတဲ့အခါ ပြောရသေးတယ် ။ တစ်ခါကလည်းဗျာ သာယာဝတီမြို့မှာ ပွဲသွားကတော့ ဒီလောက် ဝေးတဲ့ နေရာ ဒီ ကောင်တွေ လိုက်လာဖြစ်အောင် လိုက်လာသေးတယ် ။ ထုံးစံအတိုင်း ပွဲတစ်ည ကပြီ ။ မနက်စောစော ရန်ကုန် ပြန်ဖို့ လမ်းစရိတ် မရှိဘူး ဖြစ်နေတယ် ။ ကျွန်တော့် ညကြေးကလည်း ပွဲပြီးမှ ရှင်းတာ ။ လက်ထဲလည်း တစ်ပြားမှ မရှိဘူး ။ ဘာလုပ်ရမှန်း မသိဘူး ။ ဇာတ်ခုံ နောက်ဖက် မှာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ၊ နောက်ဆုံး ကျွန်တော်ပဲ ရင်းရတော့တာပေါ့ ။ ပွဲသိမ်းကို တစ်ညလုံး ပင်ပန်းပြီး ၊ အိပ်ပျော်နေတဲ့ ယိမ်းသမလေး တွေရဲ့ အိပ်ရာ ခြေရင်းမှာ ရှိတဲ့ မီးလုံး နဲ့ မီးခေါင်းတွေကို ဖြုတ် ။ နောက်တစ်ခါ လောင်းစပေါ့ ( ဇာတ်စင်ရဲ့ ဘယ် ၊ ညာ ကို အပေါ်စီးမှ ထိုးသော မီး ) ထိုးသောမီး ကို အောက်ခြေမှ သုံးလေးကိုက် ဖြတ်ပြီး ၊ ပွဲဈေးမှာ သွားရောင်းပြီး ၊ လမ်းစရိတ်ပေးလိုက်တယ် ။ အဲ .. ညလည်း ကျရော ၊ ယိမ်းမင်းသမီးတွေ မိတ်ကပ်လိမ်းဖို့ မီးကြိုး ၊ မီးလုံး ၊ မီးခေါင်းတွေ မရှိလို့ ပြဿနာ တက်ရော ။ ဆဲကြ ၊ ဆူကြ ၊ မေတ္တာပို့ကြနဲ့ ၊ ဖယောင်းတိုင်လေးတွေ ကိုယ်စီ ထွန်းပြီး မိတ်ကပ် လိမ်းရရှာတယ် ။ သူတို့ ပြဿနာကြီး စခါ စ ရှိသေးတယ် ။ ဇာတ်ဆရာ က မီးဒင်ဘာ ကိုင်တဲ့ မီးဆရာ မုတ်ဆိတ် ကို လက်သီး နဲ့ ထိုးပြန်ရော ။ လောင်းစပေါ့ မီးကြိုးတွေ ခိုးရောင်းရမလား ပေါ့လေ ။ သူ့ခမျာ သူ မလုပ်ရဘဲ နှုတ်ခမ်းတွေ ကွဲ ၊ သွားတွေ ကျိုး နဲ့ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ် ။

ဪ ... “ ကိုယ့်လူတော့ သာစေ ၊ သူများတော့ နာစေ " ဆိုတဲ့ သဘောဟာ မကောင်းပါလားပေါ့နော် .. ကျွန်တော်က တကယ့် ဆရာကြီး တစ်ဆူတော့ မဖြစ်သေးပါဘူး ။ ကျွန်တော် ရတဲ့ မုန့်ထဲက တစ်ဖဲ့စီ ဝေမျှကျွေးတဲ့ သဘောပါ ။ ကျွန်တော့်မှာ ရှိတဲ့ ပြက်လုံး ဆယ်လုံး ကို သူတို့ နှစ်ယောက် လေးလုံးစီပြက် ကျန်တဲ့ နှစ်လုံးပဲ ကျွန်တော် ပြက်ရတာပါ ။ ကျွန်တော် သူတို့ အပေါ်မှာ ငါ့လိုပဲ ဖြစ်ချင်ရှာမှာပဲ ဆိုတဲ့စိတ်လေးနဲ့ ကူညီပေးလိုက်တာပါ ။ ဘာ မျှော်လင့်ချက် မှ မရှိပါဘူး ။ သူတို့လိုပဲ ။ နောက်ထပ် ဂတုံးမကြယ်လေး ( နာမည်ရင်း ကြည်အေး ) ကီလီမှ ာ ဒီဇယ် အရောင်းအဝယ် လုပ်နေတဲ့ သူတို့လည်း ထိုနည်းလည်းကောင်း ပါပဲ ။ လမ်းစလေးတွေ လိုက်ဖောက်ပေးတယ် ။ “ ကျေးဇူးရှင်ကို ကျေးစွပ်တယ် " ဆိုတဲ့ စကားဟာ နိုင်ငံခြားမှာပဲ အသုံးများတာနဲ့ တူပါတယ် ။ ခုတော့ဖြင့် သူတို့လည်း သူတို့လမ်း သူတို့ လျှောက်နိုင်ခဲ့ပါပြီ ။ ကျွန်တော့် အဖေ ရဲ့ဆောင်ပုဒ်လေး အတိုင်း ...

" အဖေ ...အဖေ ပေးတဲ့ ဆန်ရယ် .. ထင်းရယ် .. ရေရယ် ကို ထမင်းတစ်အိုး အဖြစ် ချက်နိုင်ခဲ့ပါပြီ .. ဒါကြောင့် ကျွန်တော့် မိသားစု ထမင်းဝခဲ့ပါပြီ ... အနည်းတူ ကျန်သော သူများကိုလည်း ကျွန်တော် ဆန်ရယ် .. ထင်းရယ် ... ရေရယ်ကို မျှဝေပေးလိုက်ပါပြီ ”

သူတို့ တစ်တွေ တစ်သက်လုံး တစ်ဘဝလုံး ထမင်းအိုး တည်နိုင်ကြပါစေလို့ ....

စာကြွင်း ...
           သထုံပွဲ အမှတ်တရ


◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

Wednesday, October 13, 2021

သမင်လိုက်ခြင်း


 ❝  သမင်လိုက်ခြင်း  ❞


ကျွန်တော် လိုက်တဲ့ အငြိမ့်မှာ အမယ်စုံတယ်ဗျ ။ အငြိမ့်ခန်း ၊ အော်ပရာ ၊ နှစ်ပါးသွား ၊ ပြဇာတ် ။ အချိန်ရရင် နောက်ပိုင်းတောင် ကလိုက်သေးတယ် ။


အဲဒီတုန်းက ဖိုး ' က ' ချင် လေ ။


ဘယ်နေရာ ၊ ဘာဝင်လုပ်ပေးရမလဲ ၊ ဆုမတောင်းကောင်း တာတွေတောင် ဆုတောင်းတယ် ။


လူရွှင်တော်အစ ယိမ်းသမ အဆုံး ၊ ဆိုင်းအဖွဲ့ကလွဲရင် တစ်ယောက် မဟုတ် ၊ တစ်ယောက်ယောက် ကျန်းမာရေးချို့ယွင်းပါစေလို့ ...


အဲဒီလို တစ်ယောက်ယောက် နေထိုင်မကောင်းမှ သူတို့အစား ကျွန်တော် ဝင်ကရမှာ ။


အဲ .. မိတ်ကပ် မလိမ်းခင်တော့ ကျွန်တော့်ကို ဘာမှ ခိုင်း မရဘူး ။


မိတ်ကပ် လိမ်းပြီးသွားပြီ ဆိုရင် ဘာခိုင်းခိုင်း ကြိုက်တာခိုင်း ။


အကုန် လုပ်ပေးတယ် ။


ပွဲဈေးတန်းမှာ အကြော်ဝယ်ခိုင်းမလား ..


ရေနွေးသွား တောင်းပေးရမလား ...


ကွမ်းယာ ဝယ်ပေးရမလား ...


မိတ်ကပ်အဖွေး သားနဲ့ ဟိုလူက ကြည့် ၊ ဒီလူကကြည့် နဲ့ အကြည့် ခံချင်တာကိုး ... ။


အခေါက်ရေ ဆယ်ခေါက် သွားရ ... သွားရ မငြိုငြင်ဘူး ။


တစ်ခါကလည်း ပြဇာတ်ကခါနီး သူပုန်အဝတ်အစားကြီး ဝတ်ပြီး ၊ ပွဲဈေးမှာ ဈေးသွားဝယ်တော့ နယ်မြေ ရဲကင်းက တကယ့် သူပုန် မှတ်ပြီး ၊ ဝိုင်းဖမ်းလို့ အချုပ်ထဲ ရောက်သွားရသေးတယ် ။


မှောင်ထဲမည်းထဲ ဆိုတော့ ဇာတ်သမားမှန်း ဘယ်သူသိမှာလဲ ။


ဟိုရောက် မှ မျက်နှာ လက်နှိပ်ဓာတ်မီးထိုး ကြည့်လိုက်တော့ မိတ်ကပ်အဖွေးသားတွေနဲ့ ...


အဲဒါပဲ မိတ်ကပ် လိမ်းရတဲ့အကျိုးကျေးဇူး ။ မိတ်ကပ်သာ မလိမ်းမိရင် ဘယ်လိုရှင်းပြ ၊ ရှင်းပြ ယုံမှာ မဟုတ်ဘူး ။


တစ်ညပေါ့ ...


ကမယ့် အော်ပရာ က “ ပိလီယက္ခမင်း ” ဒုကုလ နဲ့ ပါရိက ၊ သား ရွှေအိုးထမ်း ။


မိဘနှစ်ပါးက မျက်စိနှစ်လုံး ကွယ်နေတဲ့အော်ပရာ ..


သား ဖြစ်သူက သမင်အပေါင်း ငါးရာ ခြံရံပြီးတော့ ရေခပ်အဆင်းမှာ တောကစားဝါသနာပါတဲ့ ရှင်ဘုရင် က ရွှေရောင် အဆင်းသဏ္ဌာန် ရှိတဲ့ သုဝဏ္ဏသာမ ကို ရွှေသမင် နဲ့ မှားပြီး ၊ လေးနဲ့ခွင်း ..


အဲဒီ အခန်းမှာ သမင်ယိမ်း ပါတယ် ။


မိန်းကလေးတွေ ချည်းပဲကရမှာ ...


အဲဒီအချိန်မှာပဲ ယိမ်းသမလေး တစ်ယောက်က အစာမှားပြီး ၊ ဝမ်းတွေသွား ၊ ဝမ်းတွေကိုက်နဲ့ ဖြစ်နေရော .. ။


အစားထိုး ဝင်ကမယ့်လူကလည်း မရှိဘူး ။


ယိမ်းမင်းသမီးတွေက ကွက်တိ ၊ သမင်တစ်အုပ်စု ၊ ရံရွေတော်က တစ်စု ၊ မန်နေဂျာ က ဇာတ်ဆရာ ဆူမှာစိုးလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ဖြစ်နေတယ် ။


အဲဒီအချိန်မှာ ဘယ်သူက ပြောလိုက်တယ်မသိပါဘူး ။


ကျွန်တော့်ကို နေမကောင်းတဲ့ ကောင်မလေး ဝတ်စုံတွေ လာဝတ်ပေးပြီး ၊ သမင်ယိမ်းထွက်ကခိုင်းပါလေရောဗျာ ။


“ ရေငတ်တုန်း ရေတွင်း ထဲကျ " တာပဲ.. ။


မိန်းမ နေရာဖြစ်ဖြစ် ၊ ဘယ်နေရာဖြစ်ဖြစ် အရေးကြီးတာက “ က ” ရဖို့ပဲ ။


ခုနက ပြောသလိုပေါ့ ။


မိန်းကလေးတွေ ကြားထဲမှာ ကလိုက်ရလို့ ပျော်လိုက်တာဗျာ ... မပြောပါနဲ့တော့ ။


တခြားစိတ်တော့ မရှိပါဘူး ။


ကျွန်တော် ဝါသနာပါတဲ့ အနုပညာ ဘယ်လောက် လုပ်နိုင်တယ်ဆိုတာ ဇာတ်ဆရာရော ၊ မန်နေဂျာ အပါအဝင် အငြိမ့်တစ်ဖွဲ့လုံး မြင်စေ ၊ တွေ့စေချင်တယ် ...


ကြွားချင်တာပေါ့ဗျာ .. ။


အဲ ... အဲဒီ ပွဲမှာပဲ ...


နောက်ပိုင်း ကျွန်တော် မိတ်ကပ်လိမ်းရမှာ တော်တော် ကြောက်သွားတယ် ။ ဖြစ်နိုင်ရင် မလိမ်းချင်တော့ဘူး ။


ဘာဖြစ်လို့လဲဆိုတော့ မိတ်ကပ်ကြောင့် ကျွန်တော့် ဘဝတစ်ခုလုံး ပျက်တော့ မလို့ဗျာ .. ။


ဒီလိုဗျ ...


ခုနက အော်ပရာ မှာ သမင်ယိမ်း ' က ' လို့အပြီး ၊ အပေါ့သွားချင်တာနဲ့ ဇာတ်ရုံရဲ့ နောက်ဘက် မှောင်ရိပ်ထဲကို သမင် အဝတ်အစား ဝတ်ပြီး ၊ ကျွန်တော် သွားတော့ နောက်က ခြေသံတွေ ကပ်လိုက်လာတာ ကြားရတယ် ။


ပထမတော့ သူတို့လည်း ငါ့လိုပဲ အပေါ့အပါး သွားကြတာပဲလေ ဆိုပြီး ...


ကိုယ့်ကိစ္စကိုယ် လုပ်မယ်ပေါ့ ... ။


ဒါပေမယ့် သူတို့တွေ ရဲ့စကားလည်းကြားရရော ...


သွားချင်တဲ့ အပေါ့တောင် ဘယ်ရောက်သွားလဲ မသိတော့ဘူး ။


ဘာတဲ့ ...


“ ဟေ့ကောင် .. ဟို ညာဘက်ထောင့်က သမင်မလေး သတိထားမိလား .. နှာတံပေါ်ပေါ်နဲ့လေ .. ”


“ အေး ... ခုနက ငါတို့ရှေ့က သွားနေတာ .. သူပဲ .. လာ .. လိုက်ရအောင် ”


တဲ့ ။


သူတို့တွေ ကျွန်တော့်ကို ဘယ်ညာနှစ်ဖက်ညှပ်ပြီး ၊ လာရပ်တဲ့ အချိန်မှာပဲ ကမန်းကတန်း သမင်ဘောင်းဘီ ကို အောက် လျှောချ ၊ မတ်တတ် ရပ်ပြီး ၊ ကိစ္စအဝဝကို ရှင်းလိုက်တော့မှ “ သကောင့်သား ” တွေ ...


“ ဟာ ... ယောက်ျားကြီးကွ ... ”


ဆိုပြီး ပြန်လှည့်သွားတော့တယ် ။


နောက်ဆို မိတ်ကပ် မလိမ်းရဲတော့ဘူး ။ ခါတိုင်း ညနေ ( ၆း၀၀ ) နာရီ ထိုးပြီး ၊ နေဝင်ရုံ ရှိသေးတယ် ။


မိတ်ကပ်စလိမ်းတာ ဘယ်သူလဲလို့ မမေးပါနဲ့ .. ကျွန်တော် ဝကျော်ထူး ပါ ။ ခုတော့ဖြင့် မိတ်ကပ်ဘူးတောင် မကိုင်ရဲတော့ပါဘူးဗျာ ။


◾ ကျော်ထူး


📖 လူပြောများတဲ့ လူပေါကြီး


koaungnaingoo.blogspot.com


.

လူရွှင်တော်ပတ်ပေါင်း နဲ့ ကျွန်တော်


 ❝ လူရွှင်တော်ပတ်ပေါင်း နဲ့ ကျွန်တော် ❞


တစ်နှစ်ပေါ့ .. ဂီတ ၊ ရုပ်ရှင် တွံတေးသိန်းတန် ဇာတ်အဖွဲ့ကြီးမှာ လိုက်ခွင့်ရတယ် ။


ကျွန်တော့် ဆရာလည်းဖြစ် ၊ ကျွန်တော့် ယောက်ဖလည်း ဖြစ်တဲ့ ပတ္တမြားဦးသိန်းဒီ က ပြောပေးလို့ ၊ ဇာတ်ဆရာ ဦးသိန်းတန် က ....


ညကျရင် နှစ်ပါးသွားလာကပေး ... အရည်အချင်း စစ်မယ်ဆိုတဲ့ သဘောပေါ့ ။


အဲဒါနဲ့ ညလည်းကျရော ၊ အမေ့ကို ကန်တော့  ၊ ဇနီးဖြစ်သူကို အကျိုးအကြောင်း ပြောပြပြီး ...


အလုံ ကွင်းကျောင်း ၊ အမှိုက်ပုံဘေး ဇာတ်ရုံက ထွက်လာခဲ့တယ် ။ လာသာ လာရတာ ရင်ထဲမှာ တထိတ်ထိတ်နဲ့ပေါ့ ။ ဇာတ်ကြီးကလည်း ဖြစ်ပြန် ၊ မင်းသားကလည်း နာမည် ကြီး ၊ လူရွှင်တော်တွေကလည်း တကယ့်ထိပ်ထိပ်ကျဲ ။ မင်းသားက နာမည်ကြီးပန်တာ ဦးကြည်လင် ၊ လူရွှင်တော်တွေကလည်း ဦးသိန်းဒီ ၊ ဦးရွှေဗျိုင်း ရဲ့ သား အောင်သူ ၊ ဦးချက်ကြီး ၊ အဲ .. ညပိုင်း ... ရှေ့ပိုင်း ၊ အော်ပရာ ၊ တစ်ခန်းရပ် ဟာသပြဇာတ် ၊ အဆိုတွေ ထွက်နေချိန်မှာ ကျွန်တော်ဇာတ်စင်ရဲ့ ထောင့်တစ်နေရာက ရပ်ကြည့်နေပေမယ့် ဘာတွေ ဆိုလို့ ဆိုမှန်း ၊ ဘာတွေ ကလို့ ကမှန်း မသိတော့ဘူး ။ ကျွန်တော့် စိတ်က နှစ်ပါးသွားကို ရောက်နေတာကိုး ။ ဒီဇင်ဘာဆောင်းတွင်းကြီး ချွေးပျံနေတာဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတယ် ။ အဲဒီလိုနဲ့ ပြဇာတ်ပြီးလို့ ခေတ္တ အားလပ်ချိန်ပေးတဲ့အချိန် မှာပဲ ပတ္တမြားဦးသိန်းဒီ က ..


“ ရော့ .. ပတ်ပေါင်း .. ”


တောင်ရှည် ၊ ရင်ဖုံးအင်္ကျီ တွေ ပေးတယ် ။ ပြီးတော့ ..


“ ကောင်လေး .. ကြိုးစားနော် ”


တဲ့ ။ ကျွန်တော့် ရင်တွေ လက်တွေ တုန်လာတယ် ။ ကျွန်တော်တို့ အငြိမ့်မှာက ပတ်ပေါင်း မပေါင်းရဘူး ။ တောင်ရှည် လောက်ကတော့ ဝတ်တတ်တယ် ။ ကျွန်တော့်ဘဝ အဲဒါပထမဦးဆုံး အခက်အခဲ တစ်ခုပါပဲ ။ ပတ်ပေါင်းစကို ကိုင်ပြီး တွေဝေနေမိတယ် ။ ဒီဇာတ်နဲ့က တစ်နှစ်လုံး သွားရမှာ ရှေ့တိုး မလား ၊ နောက်ဆုတ် မလား ။ စဉ်းစားချိန် ရသေးတယ် ။ အဲဒီ အချိန်မှာပဲ အဖေ့ရဲ့ စကားတစ်ခွန်းကို သွားသတိရမိတယ် ။


ဆရာဦးတိုင်းကျော် လက်ထဲ အပ်စဉ်က ပြောခဲ့တာ ..


“ မျက်နှာသုတ်ပဝါ ဖြစ်ချင်တယ် ... မီးဖိုချောင်က လက်နှီးစုတ် မဖြစ်ပါစေနဲ့ ”


ဆိုတဲ့ စကားစုပါ ၊ ပြီးတော့ ကျောင်းထားရမယ့်အရွယ် ရောက်နေပြီဖြစ်တဲ့ ကျွန်တော့် သမီး နဲ့ သား မျက်နှာလေးတွေ ပြန် မြင်ယောင်လာတယ် ။


“ ဟယ် .. မထူးတော့ပါဘူး.. ငါယောက်ျား ... ကြိုးစားမယ် ” ဆိုပြီး တတ်သမျှ မှတ်သမျှလေးနဲ့ ပတ်,ပေါင်းလိုက်တယ် ။ အဲ .. နှစ်ပါးသွား လေပြေ စထိုးပြီ ။ လူရွှင်တော်ကြီးတွေကို ဇာတ်စင်ပေါ်မှာ တစ်ယောက်ချင်း ကျွန်တော် လိုက်ကန်တော့တယ် ။ သူတို့ မျက်နှာတွေက ပြုံးစိစိ နဲ့ ၊ ကျွန်တော် ဘာမှားနေလို့လဲ မသိပါဘူး ။ “ ခွန်းထောက် " ဆိုပြီး ၊ ပရိကံစကားပြောရင်းနဲ့ လူရွှင်တော် အဘ တစ်ယောက် က ..


“ ဒီနှစ် ဂီတ ၊ ရုပ်ရှင် ၊ သဘင်အဖွဲ့ကြီးမှာတော့ ထူးထူးခြားခြား မန်းမြို့သားလေး ပန်တျာကြည်လင် နဲ့ တွံတေးသိန်းတန် တွဲဖက်လို့ပေါ့ဗျာ .. စွဲမ က် စရာတွေနဲ့ တစ်မျိုးတစ်ဖုံ ကြိုးစားသွားမှာ ဖြစ်သလို ဟော .. ဒီမှာ လူရွှင်တော် အသစ် ပွဲထုတ်ပေးပါရစေဦး.. သူ့နာမည်က ကျော်ထူး တဲ့ .. သူ့အဖေက လူရွှင်တော်.. သူ့ ဘကြီးက အငြိမ့်ဆရာ .. သူ့အစ်မက နာမည်ကြီး အငြိမ့်မင်းသမီး မျိုးရိုး လိုက်ပါတယ် .. ဘယ်လောက် မျိုးရိုးဂုဏ် ထိန်းလဲဆိုရင် ခေါင်းက ပတ်ပေါင်း,ပေါင်းလာတာ ကြည့်ပါ .. ( ..... ) ကို ပတ်တီးစည်းလာတဲ့အတိုင်းပဲတဲ့ ” ဗျာ .. ။


ပရိသတ်က ဝေါခနဲ ပေါ့ ။ ကျွန်တော့် မျက်နှာကြီး တစ်ခုလုံး ငရုတ်ရည်အိုးထဲ မှောက်လျက်လဲ သလိုပဲ ခံစားလိုက်ရတယ် ။ ကျွန်တော် အဲဒီ လူရွှင်တော်ဘကြီး ကို မစော်ကားပါဘူး ။ မေ့လည်း မမေ့ပါဘူး ။ ကျေးဇူးလည်း တင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော့်ကို မခံချင်စိတ် ဝင်သွားအောင် ဆွပေးလိုက်တယ် လို့ပဲ မှတ်ယူပါတယ် ။


အဲဒီ အလုံ ကနေ ပွဲကပြီးတော့ ပခုက္ကူ ၊ မိတ္ထီလာမြို့တွေပါ ဆက်ကူးရမယ် ။ ရတဲ့ ငွေစပေါ်လေးကို သံသေတ္တာ ဝယ် ၊ သံခုတင် ဝယ် ၊ ခန်းဆီးလိုက်ကာ ချုပ် ၊ ကျန်တဲ့ငွေလေး အနည်းငယ်ကို ဇနီးသည် နဲ့ အမေ့ ကို ကန်တော့ ... ကျွန်တော် ကတဲ့ အငြိမ့်မှာက ဘာပစ္စည်းမှ မလိုဘူး ။ ကျောပိုးအိတ်တစ်လုံး ရှိရင် ရပြီ ။ ဘဝရဲ့ တစ်ဆစ်ချိုး‌ေကွ့ ရောက်တဲ့သဘောပေါ့လေ ။ အလုံ ဇာတ်ရုံ ကနေ မနက်စောစော လေးနာရီလောက် ဇာတ်ကားတွေစထွက် မယ်ဆိုတော့ မနက် နှစ်နာရီခွဲ လောက် ထဲက လိုအပ်တဲ့ပစ္စည်းတွေ စု ၊ မိသားစုနဲ့မှာစရာ ရှိတာ မှာ ၊ အဲဒီအချိန်မှာ ကလေးတွေက အိပ်ကုန်ပြီ ။ ကျွန်တော့် ဇနီးသည်က အဝတ်အစားတွေ ပေါင်ပေါ် တင်ခေါက်ရင်း ၊ မျက်ရည်က တဖောက်ဖောက်နဲ့ ကျလာပြီ ။ ကျွန်တော်လည်း ခုလို ဇာတ်သမားဖြစ်မှ အဖေ့ ကို ကိုယ်ချင်းစာ မိတော့တယ် ။ တစ်နှစ်ပတ်လည်လုံး ရှိရှိသမျှသော ဇာတ်ရုံတွေကို အိမ်လို သဘောထားပြီး နေ နေရတဲ့ ဇာတ်သမား ဘဝကို စတင်လို့ ခံယူလိုက်ပါပြီ ။


ကျွန်တော်တို့ ဇာတ်ကားကြီး မနက် ဝေလီဝေလင်း အချိန်လေးမှာ စပြီး ထွက်တော့ တိတ်ဆိတ်နေတဲ့ ကျွန်တော်ရပ်ကွက်လေးကို ကြည့်ပြီး ရင်ထဲ မကောင်းလိုက်တာဗျာ .. တဖြည်းဖြည်းနဲ့ မီးရောင်တွေက လွဲရင် ဘာမှ မမြင်ရတော့ဘူး ။ ဆောင်းတွင်း ပွဲကူး တော့ချမ်းတာပေါ့ဗျာ ။ အနွေးထည်နဲ့တင် မလုံလောက်တော့ ပုဆိုးတစ်ထည် ထပ်ထုတ်ပြီး ခြုံလိုက်တယ် ။ ခါတိုင်း သုံးကျပ်ခွဲစား ဘဝတုန်းက ဇာတ်ကားရဲ့ နောက် မှီ ထမင်းအိုး ၊ သံခုတင် တွေ တင်တဲ့ နေရာက လိုက်ခဲ့ရာက ခုတော့ ဇာတ်ကားပေါ်မှာ လူရွှင်တော်ကျော်ထူး ဘဝနဲ့ နေရာတစ်နေရာ ရလာပါပြီ ။ ဇာတ်ကားပေါ်က စိတ်ကူးနဲ့ မိသားစုကို လှမ်းကြည့်မိသေးတယ် ။ သူတို့လေးတွေ စောင်လေးတွေခြုံပြီး သူတို့ မိခင်ရဲ့ ရင်ခွင်ထဲမှာ ကွေးနေလောက်ပြီ ။ ငါ့ မှာသာ လေက တဖြူးဖြူးနဲ့ ပုဆိုးလေး ခြုံပြီး ၊ သစ်ကိုင်း အန္တရာယ် ၊ ဓာတ်ကြိုး အန္တရာယ်ကို ရှောင်တိမ်းပြီး မငိုက်ရဲဘူး ။


အဲဒီလိုနဲ့ ပွဲကမယ့် မြို့ကို ရောက်တော့ သူများတွေက ပွဲကူးကြမ်းလို့ ပင်ပန်းတယ်ဆိုပြီး ၊ ခုတင်တွေ ခင်းအိပ်ကြတာပေါ့ ။ ကျွန်တော့်မှာသာ မအိပ်နိုင်သေးဘူး ။ ခုတင်ခင်းပြီး လိုက်တာ ခန်းဆီးကာ ၊ ခြင်ထောင် , ထောင် ၊ ခြင်ထောင်ထဲမှာ မှန်တစ်ချပ် ထောင်ပြီး ပတ်ပေါင်းကို စမ်းပြီး ပေါင်းကြည့်တော့တာပါပဲ ။


ဘယ်နေရာ ၊ ဘယ်မြို့ရောက်ရောက် ၊ ဘယ်လောက် ပင်ပန်းပင်ပန်း ကျွန်တော် မနားမနေ မှန်တစ်ချပ် နဲ့ ပတ်ပေါင်းလို့ လေ့ကျင့်လိုက်တာ .. နှစ်လ သုံးလ အတွင်းမှာပဲ ပတ်ပေါင်း , ပေါင်း တတ်သွားတယ် ။ ကျွန်တော့် ကို ပြောတဲ့ အဘ လူရွှင်တော်ကြီး ကို ကျွန်တော့် တစ်သက် မမေ့ပါဘူး ။ သူ ပြောလို့ ကျွန်တော် မခံချင်စိတ်နဲ့ ကြိုးစားလို့ တတ်မြောက်သွားတာပါ ။ သူသာ မပြောရင် ကျွန်တော် ဘယ်လာ တတ်ပါ့မလဲ ။ လူရွှင်တော် ပတ်ပေါင်းတင်လား ဆိုတော့ မဟုတ်သေးဘူး ။ နှစ်ပါးသွား ပြက်လုံးတွေပါ ထိုက်သင့်သလောက် တတ်မြောက်ခဲ့ပါတယ် ။


◾ ကျော်ထူး


📖 လူပြောများတဲ့ လူပေါကြီး


koaungnaingoo.blogspot.com


.

Tuesday, October 12, 2021

နွယ်တစ်ပင် ထပ်တိုးခြင်း


 

❝ နွယ်တစ်ပင် ထပ်တိုးခြင်း ❞

အထက် ဖော်ပြပါဆိုသလို ...

ကျွန်တော် သုံးဆယ့်ငါးကျပ် ရတဲ့ ဈေးသည်ကြီးဦးဆန်နီ ခင်မာချို အငြိမ့်မှာ တစ်ကျော့ပြန် , ပြန်ဝင်လာချိန်နဲ့ တန်းတိုးတော့တာပါပဲဗျာ ။

ဦးဆန်နီ က ကျွန်တော့်တွေ့ တော့ ..

“ မင်း မဆိုးဘူး .. အပြော နဲ့ လက်တွေ့တစ်ထပ်တည်းပဲ ”

ဆိုပြီး ...

ခေါင်းကို အသာယာ ပုတ်တယ် ။

အဲ ... ဦးဆန်နီ ၊ ဦးရာကျော် တို့နဲ့ ...

ပြီးတော့ နောက်နှစ် ငါးကျပ် ထပ် တိုးတယ် ။

ငါးဆယ် ရတဲ့ နှစ်မှာပဲ တွံတေး က အိုးလုပ်ငန်း ၊ အိုးကုန်သည် ဦးတင်အောင် ၊ ဒေါ်အေးမြင့် တို့ရဲ့ ဒုတိယသမီး မမြဝင်း ( ခ ) မယဉ်ယဉ်မြင့် နဲ့ ကျွန်တော် အိမ်ထောင်ကျတယ် ။

အိမ်ထောင်ကျတယ် ဆိုတာကလည်း ပွဲသွားကရင်း တွေ့တာ မှုတ်ပါဘူး ...

သူကလည်း ကျွန်တော့်လိုပဲ အနုပညာ ဝါသနာပါတော့ မင်းသမီး လုပ်မယ် ဆိုပြီး ....

အငြိမ့်ထဲကို သူ့မိဘတွေ မသိအောင် ခိုးလိုက်လာရင်းနဲ့ မင်းသမီး မဖြစ်လိုက်ရဘဲ “ ကျော်ထူးကတော် " ဖြစ်သွားရတယ် ။

အခုမှ ကျွန်တော့် အဖေ ကျွန်တော့် အမေတို့ရဲ့ ဘဝကို ကျွန်တော် ရောက်သွားပါပြီ ။

ကျွန်တော့် ဇနီး အိမ်မှာ သားဦးလေး မွေးချိန်မှာ ကျွန်တော်က ဗန်းမော် ၊ ကသာ ရောက်နေတယ်။

သံကြိုးစာ ရပေမယ့် ပြန်လို့ မရဘူး ဖြစ်နေတယ်။

ကျွန်တော့် သူငယ်ချင်း မြင့်အောင် ကပဲ အဖေ နေရာမှာ လက် မှတ် ထိုးပြီး ၊ ဗဟိုအမျိုးသမီး ဆေးရုံမှာ မွေးပေးတယ် ။

နောက် ဒုတိယမြောက်သား မွေးတုန်းကလည်း ကျွန်တော့် ဇနီးအနား မှာ ကျွန်တော် မရှိခဲ့ပါဘူး ။

ကျွန်တော့်ဇနီး ခမျာ မိဝေးဖဝေး ဆွေမျိုးဝေး နဲ့ သူ့ဒုတိယ ကိုယ်ဝန်ကို သတ္တိရှိစွာနဲ့မွေးဖွားခဲ့တယ် ။

အဲဒီအချိန် ကျွန်တော် ဟာ “ ကျော်ထူး ” မဖြစ်သေးပါဘူး။

ပွဲကတဲ့ နေရာ မြို့၊ ရပ်ကွက်တွေ လောက်ပဲ လူသိပါသေးတယ် ။

အိမ်ထောင်ကျပြီ ဆိုတော့ ခါတိုင်းလို ဝါသနာအရ လုပ်လို့ မရတော့ဘူးလေ။

ပိုပြီး ကြိုးစားရတော့မှာပေါ့။

ပိုပြီး လေ့လာရတော့မယ်။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

ဈေးသည်ကြီး နဲ့ တွေ့ဆုံခြင်


 

❝ ဈေးသည်ကြီး နဲ့ တွေ့ဆုံခြင်း ❞

ဒီလိုနဲ့ ပွဲတစ်ည သုံးကျပ်ခွဲ ကနေ ဆယ့်ငါးကျပ် ၊ ဆယ့်ငါးကျပ် ကနေ သုံးဆယ့်ငါးကျပ် ဖြစ်လာတဲ့ အချိန် ..

ကျောင်းသားလေး ချိုတူး ကနေ ကျွန်တော့် ဘကြီး ရေဒီယိုဦးစိန်ခင်မောင် က

ကျောင်းသားလေး “ ကျော်ထူး " ဆိုပြီး .. နာမည် ပြောင်းပေးတယ် ။

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် သုံးဆယ့်ငါးကျပ် ရတဲ့ နှစ်ပေါ့ ။

ကျွန်တော်ကတဲ့ တေးသံရှင်ခင်မာချို အငြိမ့်မှာ ဈေးသည်ကြီး ဦးဆန်နီ ပါဝင်လာတယ် ။

သူက အဲဒီအချိန်မှာ လျှမ်းလျှမ်းတောက် ပေါ့ ။

ပွဲညကြေး ၊ တစ်ည တစ်ရာ့ငါးဆယ် စပေါ် ( အသုံး ) တစ်သောင်းခွဲ လား ၊ နှစ်သောင်းခွဲလားပဲ သိပ် မမှတ်မိတော့ဘူး ။

ညဈေး အမြင့်ဆုံးစပေါ် အများဆုံး ၊ ကားစစီးတဲ့ ကျွန်တော် သိတဲ့ လူရွှင်တော်ဟာ ဈေးသည်ကြီးဦးဆန်နီ ပဲ ။

သူ နဲ့ ကျွန်တော် က ရာဇဝင် ရှိတယ် ။

ဒီလို ခင်ဗျ ။

ကျွန်တော် ခုနစ်တန်းနှစ် သန်လျင် ကျိုက်ခေါက် ဘုရားပွဲမှာ အဖေ တို့ ပါတဲ့ အငြိမ့် ခင်မာချိုပေါ့ ။

ပွဲကချိန် ကျွန်တော်ကလည်း ပွဲကြည့်ချင်တော့ အဖေ့ကို ပူဆာပြီး ...

ညနေပိုင်း ပုဇွန်တောင်က ထွက်တဲ့သီတာ ( ၁ ) ၊ သီတာ ( ၂ ) သင်္ဘောကြီး နဲ့ သန်လျင်ကျိုက်ခေါက်ဘုရားပွဲကို ရောက်သွားတယ် ။

ဟိုရောက်တော့ မျက်နှာသစ်နေတဲ့ ဈေးသည်ကြီး ဦးဆန်နီ ကို ဇာတ်ရုံရဲ့ နောက်ဘက် မှာတွေ့တော့ အဖေက ...

“ ဆန်နီ .. ဒါ ငါ့သားလေ .. ”

ဆိုပြီး မိတ်ဆက်ပေးတယ် ။

ဦးဆန်နီ က ..

“ မင်းကရော .. ဘာလုပ်မှာလဲ .. မင်း ဘကြီးက အငြိမ့်ထောင် ဆရာ ၊ မင်း အစ်မက နာမည်ကြီး အငြိမ့်မင်းသမီး ၊ မင်းအဖေ က လူရွှင်တော် ၊ မင်းကျမှ ဘာမှ သုံးမရတဲ့ ခဲမူးစေ့ မဖြစ်စေနဲ့ ”

လို့ ကျွန်တော့်ကိုပြောတယ် ။

အဲဒါနဲ့ ကျွန်တော် ကလည်း ...

“ ကြည့်လိုက်ပါဦး ဦးလေးရယ် ... တစ်ချိန် ဦးလေး နဲ့ ကျွန်တော် ဟောဒီ အငြိမ့်စင်ပေါ်မှာ ပြန်ဆုံစေရမယ် ”

လို့ လူငယ်ပီပီ မခံချင်စိတ် နဲ့ ပြန်ပြောလိုက်တော့ ဘေးက အသံဝိဇ္ဇာဦးသံချောင်း ( ကွယ်လွန် ) နဲ့ ပတ္တမြားဦးသိန်း ( ကွယ်လွန် ) လူရွှင်တော်ကြီးတွေက ဝိုင်းရယ်ရင်းနဲ့ ...

“ ဆန်နီ ရေ ... မင်းအတွက် ပြိုင်ဖက်အသစ်လေးပေါ်လာပြီ ... ပြေးနိုင်မှ လွတ်မှာနော် ”

ဟု ပြောခဲ့ဖူးပါတယ် ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

Monday, October 11, 2021

စိတ်ချသွားသော ဆရာ


 

❝ စိတ်ချသွားသော ဆရာ ❞

အဲဒီလိုနဲ့ ချိုချိုမွှေး အငြိမ့် မှာပဲ ပြန်ပါသွားပြီး တစ်ရက်ပေါ့ ။ အဲဒီ ရက်ဟာ ကျွန်တော့်ဘဝရဲ့ မမေ့နိုင်သော ရက်တွေထဲမှာ တစ်ရက် အပါအဝင်ပဲ ။

ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ချိုချိုမွှေးအငြိမ့် ပြည် တစ်ဖက်ကမ်း ၊ ပန်းတောင်း က.ပ.စ ( ၆ ) မှာ “ က " တော့ နောက်ဆုံးည ကျွန်တော့်ဆရာ ဦးတိုင်းကျော် တီဘီရောဂါနဲ့ သွေးအန်ပါလေရော ... ။

ဆရာက သူ့ကို ပွေ့ထားပေးပါလို့ လေသံတိုးတိုးလေးနဲ့ ပြောတယ် ... ။

ပွဲကလည်း ထွက်ခါနီးနေပြီ ။ ဇာတ်ဆရာနဲ့ အဖွဲ့သားတွေကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ။ ပျာယာခတ်နေတယ် ။

ဆရာဝန် သွားပင့်ဖို့ ပြောတော့ ကျွန်တော့်ဆရာ က လက်ကာ ပြတယ် ။ တစ်ကိုယ်လုံးလည်း သွေးတွေ ပေကျံနေပြီ ။

အဖွဲ့သားတွေက တီဘီရောဂါ ဆိုတော့ ကြောက်လို့နဲ့ တူပါတယ် ။ အနား သိပ် မကပ်ကြဘူး ။ ကျွန်တော်ကတော့ ကူးချင်လည်း ကူးပါစေတော့ .. ဆရာ့ကျေးဇူးတွေက အများကြီး .. ။

အဲဒီလိုပွေ့ထားတုန်းမှာ ဆရာက သူ့ခေါင်းအုံးလေး အောက်ကို မေးထိုးပြတယ် ။ ကျွန်တော်က လှမ်းပြီး နှိုက်လိုက်တော့ သူ့ရဲ့ လည်ကတုံးအဖြူလေး နဲ့ တောင်ရှည် ဖြစ်နေတယ် ။

ပြီးတော့ ဆရာက အနားကပ်ပြီး တိုးတိုးလေး ပြောပါတယ် ။

“ အရင်တုန်းက မင်းကိုဆဲခဲ့ ... ဆူခဲ့တာတွေဟာ မင်းကို ချစ်လို့ .. စိတ်မချလို့ပါ .. ခုတော့ စိတ်ချလို့ရသွားပြီ .. မင်း အပိုင် ယူလိုက်တော့ ... ”

လို့ ပြောပြီး ကျွန်တော့် လက်ပေါ် အသက်ပျောက်သွားတယ် ။

ဆရာ့ အလောင်း ကို ကျွန်တော် ဦးသုံးကြိမ်ချလိုက်ချိန်မှာပဲ ဇာတ်စင်ရဲ့အရှေ့က မြန်မာ့ဆိုင်းဝိုင်းကြီး က အငြိမ့်လေပြေ စထိုးတာနဲ့ သွားတိုက်ဆိုင်နေတယ် ။

ကျွန်တော့် ရင်ထဲ မကောင်းလိုက်တာဗျာ .. ။

အဖွဲ့သားတွေရဲ့ မျက်ဝန်းတွေထဲမှာတော့ မျက်ရည်တွေ အပြည့်နဲ့ပါ ။

အဲဒီညက ဆရာ သင်ပေးခဲ့တဲ့ “ ခွန်းထောက်” ကို ကျွန်တော် အားမာန်အပြည့်နဲ့ ဆိုချလိုက်ပါတယ် .. ။

ကျွန်တော်တို့လို အနုပညာသမား ဆိုတာ “ နေမကောင်းပါဘူးလို့ ပြောလို့ မရပါဘူး ။

ကျွန်တော့်ဆရာ သေနေလို့ ကျွန်တော်တို့ အငြိမ့်ဆက် မက နိုင်တော့ပါဘူးလို့လည်း ပြောလို့မရပါဘူး ..

လုပ်စရာ ရှိတာတော့ လုပ်သွားရတာပါပဲ .. ။

တစ်ခါတစ်ရံ ကျွန်တော် စဉ်းစားမိတယ်ဗျ ။

ကျွန်တော် ဒီပညာကို သင်ယူရတာ မလွယ်ပါဘူး ။

ဟိုလူ အဆူခံ ဒီလူ အဆူခံ ၊ ဟိုလူ လှောင်ပြောင်ခံနဲ့ .. ဆရာ့ ပုဆိုး ၊ ဆရာကတော် ထဘီ လျှော်ရတာတစ်မျိုး ။

သူတို့ ချိုးဖို့ ရေထမ်းပေးရတာ မကြာခဏ ။ ကိုယ့်အိမ်မှာ ကိုယ့်အမေ ထဘီတောင် လျှော်ပေးဖို့ နေနေသာသာ ... ကိုယ့် အဝတ်အစားတောင် ကိုယ်လျှော်ဝတ်တာမှုတ်ဘူး ။

ဒီ ပညာ ၊ ဒီ ဝါသနာ ကို လိုချင်တော့ အားလုံးကို ခဝါချလိုက်ပါတယ် ။

လူရွှင်တော် တစ်ယောက် ဖြစ်ဖို့အတွက် လေ့ကျင့်လိုက်ရတဲ့ “ ခွန်းထောက် " ...

ဝတ်လိုက်ရတဲ့ “ တောင်ရှည်ပုဆိုး ဝတ်နည်း " ပတ်ပေါင်း, ပေါင်းနည်း ...

“ လေ ” “ သန္ဓေ “ မျက်နှာပေး ” စသည်ဖြင့်ပေါ့လေ ...

လေ့လာလိုက်စား လိုက်ရတာ ၊ ကျက်လိုက်ရတဲ့ စာတွေ မနည်းပါဘူး ။

“ နတ်စာ ” “ သိကြားစာ ” “ ဘုရင်စာ ” “ လက်စွဲစာ ” “ ပုဏ္ဏစာ ” “ သူတောင်းစားစာ ” “ ဝန်စာ ” “ ဆိုင်းဆင့် ” “ တောလေပြေ ” “ တောင်လေပြေ ” “ နတ်ပျက်စာ ” ၊ ကျောင်းစာတောင် အဲဒီလောက် ကျက်ရမယ် မထင်ပါဘူး ။

ကျောင်းစာ ကျက်ရမှာ အင်မတန် ပျင်းတဲ့ ကျွန်တော် လူကြီးသူမတွေနဲ့ တွေ့မှ

အားလား ... လား မနက် ပွဲသိမ်းပြီ ဆိုတာနဲ့ သူများတွေ အိပ်ရာထဲ တန်းဝင်လို့ရတယ် ။ ကျွန်တော် ကတော့ ဗလာစာအုပ် တစ်အုပ်နဲ့ လိုက်ရေး ၊ လိုက် မှတ်နေရတုန်း ။

ဒီဘက်ခေတ် လူရွှင်တော်တချို့ကိုတွေ့တော့ အင်း .. ဘယ်လို ပြောရမလဲပေါ့လေ. . ပရိခံ တောင် ဖြောင့်အောင် မပြောနိုင်ကြသေးပါဘူး ။

ဒါပေမယ့် ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ အထင်လည်း မသေးပါဘူး ။ အထင်လည်းမကြီးပါဘူး ။ သူတို့လည်း သူတို့နည်း၊ သူတို့ဟန်နဲ့ ဖြတ်သန်းလာကြတာပဲ မှုတ်လား ။

ကျွန်တော့် ဆရာတွေလို ဇာတ်စင်ပေါ်က ကန်ချမယ် ။ ပတ်ပေါင်းပေါင်းတာ မဟုတ်လို့ အပြောခံရမယ် ။ အရိုက်အနှက် များ ခံရရင် ဘယ်လိုနေရမယ် မသိဘူးနော် ။

တစ်ခုတော့ ရှိတာပေါ့ ။ လွယ်လွယ် ဖြစ်ပြီး ၊ ကြာကြာခံဖို့တော့ လိုမယ်ထင်တာပဲလေ ။

အဲ ခုမှ သတိတစ်ခု ရတယ် ။

“ ခွန်းထောက် ” နဲ့ ပတ်သက်လို့ပေါ့ ။ ကျွန်တော်တို့ ဆရာတွေက မြို့ နယ် ၊ ရွာ ... ကာလံ ဒေသံ ပေါ့ ။

အဲဒီအလိုက် “ ခွန်းထောက် ” ဆိုရပါတယ်လို့ ပြောပါတယ် ။

ဥပမာ .. မြစ်တွေ ၊ ချောင်းတွေ နဲ့ နီးစပ်တဲ့ နေရာမှာ ပွဲကရမယ် ဆိုပါတော့။

မြစ်တွေ ၊ ချောင်းတွေ ပါအောင် ဆိုတဲ့ခွန်းထောက် ဆိုရတယ်ဗျ ။

“ အညာဆိုရင် အညာပါတဲ့ ခွန်းထောက် ” “ ခံစပ်ခြုံတို့ ... ရှားစောင်းတို့ .. "

စသည်ဖြင့်ပေါ့လေ ... ။

“ ဘုန်းကြီးပျံ ” ဆို တစ်မျိုး ။ “ အလှူ ” ဆို တစ်မျိုး ။

ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ကျင်းယက်ပြီး ဆိုရတယ် ။

ကျင်းယက်တယ် ဆိုတာကလည်း သောင်ထွန်းနေတဲ့ နေရာတွေမှာ လက်နှစ်ဖက်နဲ့ ရေရဖို့ ဘဲ တွေလို ယက်ရသလိုမျိုးပေါ့ ။ ကိုယ် လိုရာကို ရောက်အောင် စကားလုံး ၊ ပြက်လုံးတွေနဲ့ ရောက်အောင် ကျင်းယက်ယူတယ်လို့ ဆိုလိုပါတယ် ။

ခုနက ကျွန်တော်ပြောသလိုမျိုးပေါ့ ။

နီးစပ်ရာ ပတ်သက်ရာကို “ ခွန်းထောက် " လုပ်ဆိုတာနဲ့ ပတ်သက်ပြီး နယ်တစ်နယ်မှာ ပွဲသွားကတော့ ကျွန်တော် အဆဲ ခံခဲ့ရဖူးတယ်ဗျ .. ။

ဆရာတွေ သင်ထားတာက တစ်မျိုး ။ ကျွန်တော် ဆိုလိုက်တာက တစ်မျိုးဖြစ်သွားတာကိုး ။ မှတ်မှတ်ရရ ဗျာ .. ဘာတဲ့ .. အဲ ..

“ မြသားရယ်တဲ့ ရေယမုံ .. ငွေလှိုင်းတွေ ဖြူစွာနဲ့ မြစ်ဧရာ နဒီကြောမှာကွယ် .. မျောကြ ဒိုက်ပုံ ... "

စာသားပါ ။

အဲဒီလို ဖြစ်ရမှာကို ကျွန်တော်က ဘယ်လိုဆိုလိုက်လဲဆိုတော့ ...

“ မြသားရယ်နဲ့ ရေယမုံ ... ငွေလှိုင်းတွေ ဖြူစွာနဲ့ ... တစ်ပင်ကို နှစ်ပင်ယှက်တယ်ကွယ် ... "

အဲဒီလောက်ပဲ ရောက်သေးတယ် .. ဘေးက ထိုင်နေတဲ့ ဆရာသမားက ...

“ တစ်ပင်ကို နှစ်ပင်ယှက်တယ် .... ဟိုး .. ဟိုး ... ”

ဆိုပြီး အဆုံးသတ်ပေးလိုက်တယ် ။

ပရိသတ်ကလည်း “ ဝေါခနဲ " ရယ်ကြတာပေါ့ ။

ငါ ဘာမှားသွားလို့လဲလို့ အပြန်ပြန် အလှန်လှန် စဉ်းစားတယ် ...

လေးငါးရက်လောက်ကြာတော့မှ နှစ်ပုဒ် ကို တစ်ပုဒ်လုပ်ပြီး ပေါင်းဆိုမိတာကို စဉ်းစားမိတာကိုး .. ။

အင်း ... ခုခေတ် လူရွှင်တော်တွေများ ကျွန်တော့်လို မအေ နဲ့ ကိုင်တုတ်တာများ ခံရရင် ဘယ့်နှယ်နေမယ် မသိဘူးနော် ...

ကျွန်တော့် ဘဝမှာ အဆဲခံ၊ အဆူခံရတာတွေ ပြောရရင် တစ်နှစ် ကို ဘယ်နှကြိမ် ၊ လူရွှင်တော်ကြီးတွေ ဘယ်နှယောက် ဆိုတာ စာရင်းပြုစုလို့တောင် ပြီးမှာ မှုတ်ဘူး ။

ကိုယ် က ပညာ လိုချင်တာကိုး ။

ဒီလောက်တော့ ရှိမှာပေါ့ ။

တစ်ခါတလေ ရှိသေးတယ်ဗျ ။

ပွဲက ဒီည ကရတော့မှာ၊ ပွဲထွက်ခါနီး နာရီဝက်လောက် လိုတော့မှ

“ ဟဲ့ ... ကောင်လေး ... ဒီည အော်ပရာမှာ မင်းပါတယ် ... လာမှတ် ... မင်း ရွတ်ရမယ့်စာလာယူ " တဲ့ ..

“ မှန်အောင် မရွတ်နိုင်ရင်တော့ ဒီည ရမယ့် မင်းညကြေး ဖြတ်ပြီသာ မှတ် .. ”

ကိုင်း... ကောင်းရောဗျာ .. တစ်နေ့ခင်းလုံး အားနေတာခေါ်ပြောပါလား ..

ခုတော့ဗျာ ... မျက်ရည်မကျအောင် မနည်းကြီး ထိန်းထားရတယ် ... အံတော့ ကြိတ်မိပါတယ်...

ဒါတောင် လူရွှင်တော်တစ်ဦးရဲ့ သားနော် .. အနုပညာနဲ့ ဝေးတဲ့ လူစိမ်း မဟုတ်ဘူး ...

အံမယ် .. မျက်ရည် မကျဘူးဆိုတာတောင် စာရေးရင်းနဲ့ ဗလာစာအုပ်ပေါ် နှစ်ပေါက် ပေါက်လောက်တော့ ကျသေးသဗျ ။

အဲဒါကို ဆရာသမားတွေက တွေ့တယ် ။ မတွေ့ချင်ယောင် ဆောင်ပြီး ၊ ဘာပြောတယ် မှတ်လဲ ...

“ ဟေ့ ဇာတ်ဆရာ ရေ ... ဇာတ်ရုံက မိုးမလုံဘူးနဲ့တူတယ် ဒီကောင်လေး ရေးနေတဲ့ ဗလာစာအုပ်ပေါ် စပယ်ထစ်နေတယ် ဟ ”

စာကြွင်း ... စပယ် - မိုး
                    ထစ်   - ကျတယ်၊ ပေးတယ် ။

    ဇာတ်စကားအရ အသုံးအနှုန်း

ဟော .. နောက် တစ်နှစ်ပေါ့ ... နာမည်ကြီးလူရွှင်တော်ကြီး တစ်ဦးနဲ့ ထပ်တွေ့ရပြန်ပါပြီ ။ သူက အငြိမ့်လောကမှာရော ရေဒီယိုက ထုတ်လွှင့်တဲ့ “ ဟဒယရွှင်ဆေး ” ကဏ္ဍမှာ တော်တော် နာမည်ကြီး တဲ့ “ လူရွှင်တော်ကြီး ” ပါ ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

အမေ နဲ့ အနုပညာ လုပွဲ


 

❝ အမေ နဲ့ အနုပညာ လုပွဲ ❞

အမေ့ ခမျာမယ် သူ့သား ပါတဲ့အငြိမ့် ကြည့်ဖို့ မနက်ခင်းကတည်းက ဇာတ်စင်နဲ့ အနီးဆုံး ဆိုင်းဝိုင်းနားမှာ ဖျာစုတ်တစ်ချပ်ကို နေရာလုပြီးလာခင်း ..

ဖျာရဲ့ ပတ်ပတ်လည်မှာ တုတ်တစ်ချောင်းနဲ့ ငုတ်တွေ ရိုက် ၊ ဟိုလူနဲ့ ရန်ဖြစ် ၊ ဒီလူနဲ့ ရန်ဖြစ် ၊ နေပူရင် နီးစပ်ရာ သစ်ပင်လေး အရိပ်မှာ ပြေးခို ...

အိမ်မှာရှိတဲ့ ညီတွေ ၊ ညီမတွေလည်း မနေရဘူး ၊ တစ်လှည့်စီ ဖျာကို လာစောင့်နေရတယ် ။ သူများနေရာ လုသွားမှာ စိုးလို့တဲ့ ... ၊ ညပိုင်းလည်းကျရော .. ကျွန်တော် ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ။

အငြိမ့်ခန်းကို ကျွန်တော် ထွက်ချင်တယ် ။ အမေ့ကို ..

“ သား လူရွှင်တော် လူပြက်ဖြစ်နေပြီ အမေရေ .. "

လို့ ကြွားချင်တယ် ။

ခက်တာက အငြိမ့်ခန်း ထွက်ခွင့် မရှိဘူး ။

ရှိရင်လည်း ဝတ်စရာ တောင်ရှည် မရှိဘူး ။ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ။

နောက်ဆုံးတော့ မထူးပါဘူး ။ တစ်နည်းတော့ သုံးရမှာပဲ ။ နောက် မှ အရိုက်ခံချင် ခံရပါစေ ဆိုပြီး ...

ကျွန်တော့်ဆရာ ဦးတိုင်းကျော် ကို အမေ့ဆီက ခိုးလာတဲ့ ပိုက်ဆံ နဲ့ BE တစ်လုံးပြီး တစ်လုံး တိုက်လိုက်တယ် ။ ဆရာကလည်း သဘောတွေ ကျလို့ပေါ့ ။

နောက်ဆုံး ဆရာ “ ဖလက်ပြ " ပြီး မှောက်လဲ သွားရော ...

ဆရာ့ တောင်ရှည်ကို သူ့ခေါင်းအုံးအောက်က အသာအယာ ယူဝတ်ပြီး ၊ အငြိမ့်ခန်း ထွက်လာတော့တာပါပဲ ။

ကျန်တဲ့ လူရွှင်တော် ကိုပေါ်ဦး တို့ ၊ ကိုရွှေမိုး တို့က ...

“ ဒီကောင် သူ့ဆရာ တောင်ရှည် ဝတ်လာပုံ ထောက်ရင် သူ့ဆရာ ကိုယ်တိုင် ခွင့်ပြုလို့ပဲ ဖြစ်ရမယ် ”

ဆိုပြီး အံ့ဩပြီး ပြုံးနေကြတယ် ။

ခွန်းထောက်ပြီးလို့ သံချပ်ပဲ စထိုးရသေးတယ် ။ ဆရာဦးတိုင်းကျော် အပေါ်က စွပ်ကျယ် ချိုင်းပြတ် ၊ အောက်က ဘောင်းဘီ နဲ့ ထွက်လာပြီး ...

“ ခွေးမသား ... မင်း နဲ့ တန်လို့လား ”

ဆိုပြီး ၊ ပြေးကန်ချလိုက်တာ ဆိုင်းဝိုင်းပေါ်က ကျော်ပြီး အမေတို့ ကြည့်နေတဲ့ ဖျာရှေ့ ဝမ်းလျားမှောက် ကားခနဲပဲ ... ။

အမေ က ကျွန်တော့် ကို နားရွက်တွေ ဆွဲလိမ် ၊ ခေါင်း ကို တဂေါက်ဂေါက် နဲ့ ခေါက်ပြီး ...

“ လာ ပြန်မယ် ”

ဆိုပြီး အတင်းဆွဲခေါ် ကျွန်တော် ကလည်း ရုန်း နဲ့ ၊ ပရိသတ် ကတော့ တဝေါဝေါ ပေါ့ ။

မှတ်မှတ်ရရ ကျွန်တော်သာ အမေ နဲ့ ပြန်လိုက်သွားခဲ့ရင် “ ကျော်ထူး " ဆိုတာ ဖြစ်ပေါ်လာတော့မှာ မှုတ်ပါဘူး ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

တောင်ရှည် တစ်ထည် လက်ဖက်ရည် တစ်ခွက်


 

❝ တောင်ရှည် တစ်ထည် လက်ဖက်ရည် တစ်ခွက် ❞

ထမင်းစားတဲ့ အချိန်ရယ် ၊ ညနေ နေဝင်ရီပျိုးဖျ အချိန်ရယ်ဟာ အမြဲတမ်း ငိုနေရတာ ကျွန်တော့် ဘဝပါ ။ ထမင်းစားချိန် ဆိုရင် မိသားစု ထမင်းဝိုင်းကို ပြန်ပြန် သတိရတယ် ။

ဇာတ်ပွဲ ကူးတော့လည်း ဇာတ်ကားပေါ်မှာ ဘယ်သူ ကတော့ ဘယ်နေရာ ၊ ဘယ်ဝှါ ကဖြင့် ဘယ်နေရာ စသည်ဖြင့် တစ်နှစ် ပတ်လည်လုံး နေရာထိုင်ခင်း ကိုယ်စီ ရှိကြပေမယ့် ကျွန်တော့် အတွက်တော့ နောက်ဆုံး သံခုတင် ၊ ထမင်းအိုးတွေ တင်တဲ့ နေရာလေးမှာ မတ်တတ် တစ်လှည့် ၊ ငုတ်တုတ်တစ်လှည့် နဲ့ ကားသံတန်းတိုင် ကို ပုဆိုးကွင်း စွပ်ပြီး ၊ ပုခက်သဖွယ် မျက်နှာတင်ပြီး တစ်လမ်းလုံး ငိုက်ခဲ့ရပါတယ် ။

တစ်ခါတလေ လမ်းမှာ ကားနားလို့ သူများတွေ လက်ဖက်ရည်ဆိုင် ၊ မုန့်ဟင်းခါးဆိုင် တွေမှာ ထိုင်နေရင် အဲဒီက လာတဲ့ အနံ့ ရနံ့လေးတွေ ရှူရှိုက် မိရင် ဆာလိုက်တာ မပြောပါနဲ့တော့ ။

ဒီလိုနဲ့ ဖြတ်သန်းလာခဲ့ရတာ နောက်ပိုင်း ဇာတ်တွေမှာ တစ်ခန်း နှစ်ခန်း စပါလာရပြီ ။ နောက် နှစ်ပါးသွား ၊ လူရွှင်တော် ထွက်လာရတယ် ။

တောင်ရှည် မရှိတော့ ပြဇာတ်မှာ သုံးတဲ့ စားပွဲခင်း အကွက်ကြီးကို ပစ္စည်းထိန်းဆီက လက်ဖက်ရည်တစ်ခွက် အမြဲတမ်း တိုက်ပြီး ငှားရတယ် ။

ပြက်လုံး မှားရင် ဝိုင်းရယ် ၊ ဝိုင်းဆောင့်ကန် နဲ့ ၊ အငြိမ့်ဇာတ် စကားအရ ပြောရင် ကျွန်တော်ဟာ “ ဖိုးလုံး ... အုန်းသီး " ပေါ့ ။

အဲဒီလိုနဲ့ သုံးလေးနှစ် အကြာ ကျွန်တော့် နာမည်ကို ကျောင်းသားလေးချိုတူး ဆိုပြီး ဇာတ်ဆရာက နာမည်ပေးလိုက်တယ် ။

တစ်နှစ်ပေါ့ ...  ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ နေတဲ့ ဟုမ်းလမ်း ၊ ချင်းချောင်းရပ်ကွက်နဲ့ သိပ်မဝေးတဲ့ အလုံ ၊ ဆင်မင်းလမ်းမှာ ကျွန်တော်တို့ အငြိမ့်ကရမယ်လို့ ဇာတ်ဆရာ က ပြောတယ် ။ ဝမ်းသာလိုက်တာဗျာ .. မပြောပါနဲ့တော့ ... မိဝေးဖဝေးနဲ့ ခရီးရက်ရှည် ထွက်နေရတဲ့ နှစ်တွေလတွေ မနည်းတော့ဘူး ။

ရန်ကုန် ပြန်ရောက်ရောက်ချင်း အမေ့ ဆီ တန်းပြေးပြီး ၊ အမေ့  ရင်ခွင်ထဲမှာ တစ်ဝကြီး ငိုချလိုက်တယ် ။ ပြီးတော့ အမေ့ကို ..

“ အမေ .. သားတို့အဖွဲ့ ဆင်မင်းရပ်ကွက် မှာ ဒီည ' က ' ရမယ် .. အမေ လာကြည့်ပါလားလို့ ... ”

ပြောလိုက်တော့ အမေ က ..

“ ငါ့သား က ဘယ်နေရာက ပါမှာလဲ .. အငြိမ့်ခန်း ထွက်နေရပြီလား "

လို့ ပြန်မေးတော့ ကျွန်တော် ဘာပြန်ပြောရမှန်းမသိဘူး ဖြစ်နေတယ် ။

ဟုတ်တယ်လေ .. ကိုယ်က နှစ်ပါးသွား ကျမှ ထွက်ရမှာ ။ ပဲပြုတ်သည်တွေ ၊ ဆိုက်ကားသမားတွေ သွားလာလှုပ်ရှားချိန်မှ ထွက်ရမှာ ။ ဒါနဲ့ပဲ ..

“ အမေရယ် .. လာကြည့်တော့ သိရမှာပေါ့ .. ”

လို့ နှစ်သိမ့်လိုက်တယ် ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

Sunday, October 10, 2021

အဖေ့ စကား


 

❝ အဖေ့ စကား ❞

ကျွန်တော့် အဖေ က ကျွန်တော့် ကို ပခုံးဖက်ပြီး ၊ ကျွန်တော်တို့ အငြိမ့်ကားရှိရာ လိုက်လာပြီး ၊ သူ့သူငယ်ချင်း လူရွှင်တော်ခေါင်းဆောင် တောက်တဲ့ ( ခ ) ဦးတိုင်းကျော် ကို သေသေချာချာလေး အပ်ပါတယ် ။

“ တိုင်းကျော်ရေ ... ငါ့သား ကို မင်းလက်အပ်ပါတယ်ကွာ မလိမ္မာတာရှိရင် မင်း သား တစ်ယောက်လို .. မင်း တူ တစ်ယောက်လို ရိုက်နှက်ဆုံးမနိုင်ပါတယ် .. မျက်နှာသုတ် ပဝါလေးတစ်ထည် ဖြစ်ချင်တယ် ... မီးဖိုချောင်က လက်နှီးစုတ် မဖြစ်ရင် တော်ပါပြီကွာ.. ” တဲ့ ။

ကျွန်တော်တို့ အငြိမ့်ကားကြီး ထွက်လာတော့ အဖေ မျက်ရည်တွေဝဲပြီး ကျန်နေခဲ့တယ် ။ ကျွန်တော်လည်း ရင်ထဲမှာ တစ်မျိုးကြီးပါပဲ ။ ဘယ်လိုကြီးမှန်းလည်း မသိပါဘူး ။

အဲဒီလိုနည်းနဲ့ ကျွန်တော် “ လူပြက် ” မဖြစ် တဖြစ် ၊ ဟိုလူ ခိုင်း ဒီလူ ခိုင်းနဲ့ တစ်နှစ်တာ ကုန်သွားတယ် ။ မိုးလင်းခါနီး နောက်ပိုင်း ဇာတ်တွေမှာ တုတ်ထမ်း ၊ ဓားထမ်း ၊ ဘုရင့်သက်တော်စောင့် အဖြစ် ပါဝင်ခွင့် ရခဲ့ပြီး ပန်းကန်ပြားပိုတော့ မဟုတ်ဘူးပေါ့ ။ ( ဇာတ်အဖွဲ့ ၊ အငြိမ့်အဖွဲ့တွေမှာ ဘာအလုပ်မှ မလုပ်ဘဲ လိုက်လာရင် ထမင်းပန်းကန်ပြား တစ်ချပ် အပိုကုန်လို့ “ ပန်းကန်ပြားပို " လို့ ခေါ်ဆိုခြင်းပါ )

“ လူသစ် " ဆိုတော့ ပညာပေးတဲ့ လူတွေကလည်း ရှိသားလား ။ အဲဒါကတော့ ဘယ်လောက ဖြစ်ဖြစ်ပေါ့ ။ ရှိတတ်ကြစမြဲပါ ။ ကျွန်တော့်ကို “ လမိုင်းကပ် " အောင် ဆိုပြီး ၊ ပတ်မကြီး ခေါင်းပေါ်ရွက် ၊ ပတ်စာကို ခုနစ်လုံး မျိုပြီး ၊ ကွင်းထဲမှာ ဆောက်ထားတဲ့ဇာတ်ရုံကို ခုနစ်ပတ် , ပတ်ခိုင်းတယ်ဗျာ .. လူကို သေချင်ရောပဲ .. တစ်ဖွဲ့လုံး တဟီးဟီး တဟားဟား ပေါ့ ။

ကျွန်တော့် ဆရာကလည်း သောက်လိုက်ရတဲ့ အရက် ၊ ဘာ အရက် မှ မရွေးဘူး ။ ရောက်လေရာ အရပ် အရက် ရှာဝယ်ရတာ ကျွန်တော့် တာဝန် ။ တစ်ညလုံး ပွဲက မနက်အစောကြီး အိပ်ရာက ထ ၊ အိပ်ရာ ဆိုတာကလည်း သူများတွေလို ခုတင်တို့ ၊ စောင်တို့ ၊ မွေ့ယာတို့ မရှိပါဘူး ။ ဇာတ်ခုံပေါ်က “ ဘက်စီး "  ( နောက်ခံ ပိတ်ဖြူပေါ်မှာ ဘုရားပုံ ၊ ဘူတာပုံ ၊ ဇာတ်အဖွဲ့ နာမည် ၊ ပြဇာတ်မင်းသားနာမည်တွေကို မှန်ချပ်မှာ သင်္ဘောဆေးနဲ့ ရေးပြီး မီးထိုးတဲ့ နေရာ ) အဲဒီ ဘက်စီးကျင်းရဲ့ ကပ်ရက် ဒူပိတ် ၊ ဇာတ်ခုံပေါ် ဘယ်ညာ ၊ အရှည်လိုက် ။ ခါးဝက်သာသာ ကာထားသော ပိတ်အပြာရောင်ဘေး ၊ ပုဆိုးခြုံ၍ ကွေးအိပ်ရခြင်းပါ ။ မနက်ဆိုရင် ဇာတ်ဆရာကတော် နဲ့ ဈေးလိုက်သွား ။ တစ်ဖွဲ့လုံး စားဖို့အတွက် ဟင်းစားတွေ ဝိုင်းသယ် ။

ဟို ပြဇာတ် မင်းသား ၊ ဒီ ပြဇာတ်မင်းသား ၊ ဟို ဆိုင်းဆရာ ၊ ဒီ ဆိုင်းဆရာတွေရဲ့ အသီးသီး မှာလိုက်သော ဗာဟီရ ကိစ္စတွေကလည်း ဝယ်ပေးရ ၊ မေ့လာလို့ကတော့ ကျွန်တော့် အမေရဲ့ လက်သံထက် ၊ ကျောင်းက ဆရာ့ ကြိမ်လုံးထက် တောင်ပြောင်ကြသေး ။ တစ်ခါ တစ်ခါ ညနေပိုင်း ဇာတ်ရုံက လော်စပီကာဖွင့်တဲ့အချိန် ဇာတ်ရုံကလည်း လယ်ကွင်း ထီးထီး ၊ နေကလည်း ဝင် ၊ ကန်သင်းရိုးပေါ်မှာ တစ်ယောက်တည်း ငိုနေမိတယ် ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

လူပြက် တွန်းအား


 

❝ လူပြက် တွန်းအား ❞

တစ်ခါကလည်း မေ့လို့ မရနိုင်တဲ့ ပြဿနာလေးတစ်ခု ဖြစ်ခဲ့တယ် ။ အဲဒီ ပြဿနာက အဲ.. ကျွန်တော့်ကို “ လူရွှင်တော် " ဖြစ်ဖို့ တစ်ခါတည်း တိုက်တွန်းလိုက်သလို ဖြစ်သွားရတယ် ။ ပြဿနာက ဒီလိုဗျ .. ။

ကျွန်တော်ဟာ အရှက်အကြောက် တော်တော် ကြီးတယ် ။ မနက်ဆိုရင် လူတွေ မနိုးသေးခင် အမေ့ဈေးတောင်းကို ဈေးကို လိုက်ပို့ရတယ် ။ ဈေးကွဲပြီ ဆိုရင် ဈေးသွားသိမ်းပေးရတယ် ။ ဈေးသိမ်းချိန်မှာ အမေဟာ ဈေးထဲဝင်ပြီး အိမ်အတွက် ချက်ဖို့ပြုတ်ဖို့ ဟင်းစားသွားဝယ်နေတုန်း ကျွန်တော့်ကို ဈေးဗန်းနဲ့ ထားခဲ့တယ် ။ လာဝယ်ရင် ဘယ်လို ချိန် ၊ ဘယ်လို ရောင်း ဆိုပြီး ၊ ချိန်ခွင်ကအစ သင်ပေးပြီး ထွက်သွားရော ။

ကျွန်တော်က ရှက်တော့ ဈေးဗန်းကို ကျောပေးပြီး ငုတ်တုတ် ထိုင် ၊ မျက်နှာကို ပေါင်နှစ်လုံးကြားမှာ ဖွက်ထား ၊ လာဝယ်တဲ့ လူတွေလာရင် နောက်ပြန် လက်ခါပြပေါ့ ။ အဲဒါကို အမေက တွေ့သွားရောဗျာ... ။ ဘာပြောကောင်းမလဲ .. ရှက်ပါတယ်ဆိုမှ ဈေးလယ်ခေါင်မှာ ကျောပြင် ဗျောတင်ရော ။ ဒီကြားထဲ သာကေတ ရုပ်ရှင်ရုံမှာ ရှိတဲ့ ငါးပိရည်ချို ပင်မဆီ သွားပြီး ငါးပိယူခိုင်းတာ အဆိုးဆုံးပဲ ။ ဟိုတုန်းက ယိုးဒယားဆွဲခြင်းနဲ့ ငါးပိရေချို သွားသွား ဝယ်ရတာ ။ လက်ကလည်း ကြာကြာ မဆွဲနိုင်ဘူး ။ အချိန် တစ်ဆယ်နီးပါးလေ ။ ပခုံးပေါ်ထမ်းတော့လည်း အဲဒီ အရည်တွေက ပခုံးပေါ်ကတစ်ဆင့် ရင်ဘတ်အထိ စီးဆင်းလာသေး ။ ဘတ်စ်ကားပေါ် တင်ရင် စပယ်ယာတွေက အနံ့နံလို့ အတင်မခံ ။ တော်တော်လေး တောင်းပန်ပြီး တင်ရတယ် ။ အဲဒီ အနံ့အသက် မကောင်းတဲ့ ငါးပိကိုပဲ သူတို့ စပယ်ယာတွေ ၊ ဒရိုင်ဘာတွေ စားနေကြတယ် မှုတ်လားဗျာ ။

တစ်ရက်ပေါ့... ခုနက ငါးပိရေချို ဆွဲခြင်းကို ကားစပယ်ယာ က လက် မခံဘူး ။ ကျွန်တော် ကျောင်းချိန်ကလည်း နီးနေပြီ ။ ဘယ်လိုမှလည်း ပြောမရဘူး ။ အထုပ်ခ ပေးမယ်ဆိုလည်း သူက လက် မခံ ။ နောက်ဆုံး ကျွန်တော်ခြေနင်းခုံပေါ် အတင်းတိုးတက် ဘေးနောက်တန်းထိုင်ခုံအောက်ကို ဆွဲခြင်း ထိုးထည့်ပြီး ၊ လူက ခြေနင်းခုံမှာပဲ တွယ်လိုက် မယ်ပေါ့ ။ ဖြစ်ချင်တော့ဗျာ ...  ကျွန်တော်စီးတဲ့ ကားပေါ်မှာ ကျွန်တော့်ကို အမြဲ နောက်ပြောင်နေတဲ့ ကောင်တွေ ၊ ကောင်မလေးတွေနဲ့ တန်းတိုးတော့တာပါပဲ ။

“ ငါးပိသည်ကြီး ... တစ်ဆယ်သား .. ဘယ်လောက်လဲ ”

“ ငါးပိ လူပြက်ကြီး ”

ဆိုပြီး မကြားတကြား နောက်ပြောင်လာတယ် ။ ဒီမှာက စပယ်ယာနဲ့ အဆင်မပြေရတဲ့ ကြားက အဲဒီအချိန်မှာပဲ ကျွန်တော့်ကို စပယ်ယာ က ရင်ဘတ်လည်း လာတွန်းရော ၊ ကျွန်တော့် စိတ်တွေ ထိန်းမရတော့ဘူး ။ ဆင်းရဲတဲ့ ဘဝ ၊ နွမ်းပါးတဲ့ ဘဝ ၊ သူများတွေ အထင်သေးခံရတဲ့ ဘဝ ၊ ကျွန်တော့်မျက်လုံးတွေ ပြာသွားတယ် ။ ဘာတွေ ဖြစ်သွားမှန်း ကျွန်တော် မသိလိုက်ဘူး ။ သတိရလို့ ကြည့်လိုက်တော့ ကားစပယ်ယာရဲ့ မျက်နှာ.. ခေါင်းတွေမှာသွေးတွေနဲ့ .. ကျွန်တော့် မျက်နှာမှာလည်း သွေးတွေနဲ့ ။

ကျွန်တော့်ကို နောက်ပြောင်နေတဲ့ အုပ်စုအပြင် ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေရဲ့ မျက်လုံးတွေဟာ ကြောက်ရွံ့ခြင်း ၊ ရွံမုန်းခြင်း ၊ အထင်သေးခြင်းတွေနဲ့ ဝိုင်းကြည့်နေကြတယ် ။

ကျွန်တော် ကျောင်းထွက်လိုက်ပါပြီ ။ ရခိုင်ဘက်ကို ထွက် မယ့် ချိုချိုမွှေး ဆိုတဲ့ အငြိမ့်မှာ ကားဆွဲ ၊ တောက်တိုမယ်ရ ပွဲတစ်ည သုံးကျပ်ခွဲ နဲ့ ဘဝကို စတင်ပြီး ရွက်လွှင့်လိုက်ပါပြီ ။ ကံကောင်းချင်တော့ အမေ မသိအောင် ထွက်ခဲ့ပေမယ့် ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့မှာ ကျွန်တော့်အဖေ ပါတဲ့ ခင်မာချိုအငြိမ့် က အဲဒီမှာ ပွဲကနေတယ် ။ ကျွန်တော် ဇာတ်ဆရာကို ခွင့်တောင်းပြီး ၊ အဖေ့ဆီသွားပြီး ၊ အကျိုးအကြောင်း ပြောပြ ခွင့်သွားတောင်းတယ် ။ အဖေတို့ အဖွဲ့မှာက အဲဒီတုန်းက လူရွှင်တော်ပတ္တမြားဦးသိန်း ၊ အသံဝိဇ္ဇာစိန် သံချောင်း ၊ ဦးဩဘာ ၊ ကျွန်တော့်အဖေ ဦးတောင်စိုး ပေါ့ ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.

ပန်းချီ နှင့် ရန်ဖြစ်ခြင်း


 

❝ ပန်းချီ နှင့် ရန်ဖြစ်ခြင်း ❞

ကျောင်းတက်ပြန်တော့လည်း မူလတန်းထဲက မကြာခဏ အရိုက်ခံရတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ပန်းချီဆွဲလို့ ရတဲ့ ရှိသမျှ ဖတ်စာအုပ် ၊ ဗလာစာအုပ်တွေမှာ ပုံတွေ ဆွဲ ၊ အိမ်ရောက်တော့လည်း အိမ်ပတ်ပတ်လည် ဝါးထရံမှာ မီးသွေးခဲနဲ့ ပုံတွေဆွဲ ၊ ကျောင်းက ယူလာတဲ့ မြေဖြူနဲ့ရေး ၊ အမေက လက်ကို ရိုက် ၊ ယောက် မနဲ့ ခုတ် ၊ ကျောင်းကျတော့ ဆရာဦးသန်းထွေး က လက်ကိုပေတံနဲ့ ရိုက် ၊ ဘောဖျက်နဲ့ ခုတ်နဲ့ ။

တစ်ခါကလည်း အဖေ ပုဆိုးပေါင်ထားတဲ့ ဘောင်ချာစာရွက် မှာ ပုံတွေ ဆွဲထားလို့ ၊ ပစ္စည်းသွားရွေးတော့ အပေါင်ဆိုင်က စာတွေ ၊ ရက်တွေ မမြင်ရတော့ဘူး ။ လက် မခံဘူးဆိုလို့ အမေ နဲ့ အပေါင်ဆိုင်က တရုတ် နဲ့ စကားတွေများပြီး ပြန်လာတာနဲ့ ကျွန်တော့် ကျော ‌ေဗျာတင်တော့တာပါပဲ ။ အဲဒါက မူလတန်းတုန်းကပါ ။

အထက်တန်း ၊ အလယ်တန်းရောက်လာတော့ ရန်ဖြစ်တတ်လာပြီ ။ မူလတန်းတုန်းက ပန်းချီဆွဲလို့ ၊ မကြာခဏ မိဘ အခေါ်ခံရတယ် ။ နောက်တော့ ရန်ဖြစ်လို့ မိဘအခေါ်ခံရတယ် ။ ရန်ဖြစ်တယ် ဆိုတာကလည်း ဖြစ်ချင်လို့ ဖြစ်ရတာ မှုတ်ဘူး ။ အထက် ဖော်ပြပါ ကျွန်တော့်အဖေ က လူရွှင်တော် ဆိုတော့ ကျွန်တော့်ကို ကျောင်းက ကောင်တွေက “ လူပြက်သား ” ၊ “ လူပြောင်သား ” လို့ မကြာ ခဏ စကြ ၊ နောက်ကြ ၊ ပြောင်ကြရင်းနဲ့ မကြာခဏ ရန်ပွဲတွေဖြစ် လာရတာပါ ။

ကျွန်တော်ဟာ အနုပညာသမားတစ်ယောက်ရဲ့ သားသမီး ဖြစ်လို့ပဲလားတော့ မသိဘူး ။ အနေအေးတယ် ။ သူငယ်ချင်း နည်းတယ် ။ စကားနည်းတယ် ။ တော်ရုံတန်ရုံကိစ္စ သည်းခံတတ်တယ် ။ ဆင်းရဲတာလည်း ပါတာပေါ့လေ ၊ လူများများနဲ့ မနေဘူး ။ တစ်ဦးတည်း နေလေ့နေထ ရှိတယ် ။ ဒါပေမယ့်လို့ပေါ့ဗျာ.. ငါးပိသည်မ သား.. လို့ ကျွန်တော့်မိခင်လုပ်ငန်းကို ကျွန်တော်ပြောတာ ခံနိုင်ပေမယ့် လူပြက်သား ၊ လူပြောင်သားဆိုတဲ့ ကျွန်တော့် အဖေရဲ့ အနုပညာအသက် မွေးဝမ်းကျောင်းလုပ်ငန်းကိုတော့ ကျွန်တော် ဆတ်ဆတ်ထိ မခံနိုင်ဘူး ။

ကျွန်တော့်အဖေ က ဘယ်သူ့မှ မစော်ကားဘူး ။ ဘယ်သူ့ကိုမှ မျက်ရည်ပေါက်ကြီးငယ် ကျအောင် မလုပ်ခဲ့ဖူးဘူး ။ လူတွေပျော်အောင်လုပ်တဲ့ လူကိုမှ သူတို့က မလေးစားချင်ဘူး ။ အရူးသဖွယ် လူပြောင်ကြီးလို့ သတ်မှတ်ချင်ကြတယ် ။

ပိုဆိုးတာက ကျွန်တော့်တို့ ဟုမ်းလမ်း ( ယခင် ) ဆွမ်းသိမ်းပွဲ ။ ဗားဂရာ ၊ ထီးတန်း ၊ ရွှေပြားသင်္ကန်းကပ်လှူပွဲတွေဆိုရင် အဖေပါတဲ့ အငြိမ့်ပဲ ငှားကြတယ် ။ အဲဒီ ပွဲတွေကပြီဆိုရင် ပွဲအင်မတန် ဝါသနာပါတဲ့ ကျွန်တော် လုံးဝသွားမကြည့်ချင်ဘူး ။ သွားမကြည့်ရင် ၊ မလိုက်ရင် အမေရိုက် မှာစိုးလို့ လိုက်သာ လိုက်ရတယ် ။ စိတ်က မပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မိသားစုက ဇာတ်ခုံရဲ့ ဝဲယာခုံပေါ်က ကြည့်ရတယ် ။ ပရိသတ်ကို လှမ်းမြင်နေရသလို ပရိသတ်ကလည်း ကျွန်တော်တို့ကို လှမ်းမြင်ရတယ် ။ အမေ့ကို သနားတာလည်း ပါပါတယ် ။ သူ့ခမျာ သူ့ယောက်ျားနဲ့တွေ့ဖို့ရာ တစ်နှစ်ပတ်လုံးမှာ ဒီပွဲလေး တစ်ပွဲသာ တွေ့ရတာ ။ တစ်နှစ်လုံး မြန်မာပြည်အနှံ့ အထက်ရော ၊ အောက်ပါ စုန်ချည်ဆန်ချည် လျှောက် ကနေတော့ အမေနဲ့က စာတွေ့ပဲ တွေ့နေရတာ ။ သား တွေ ၊သမီးတွေ မိသားစု စုံစုံလင်လင်နဲ့ တွေ့ရတာ ဒီပွဲတစ်ပွဲပါပဲ ။ ဒီပွဲပြီးရင် နယ်ကို ပြန်ထွက်သွားပြန်ရောဗျ ... ။

အဲ.. ခုနက ကျွန်တော်ဇာတ်ခုံ အပေါ်အောက်ကိစ္စ ပြန်ဆက်လိုက်ရအောင်..  ။ အငြိမ့်ခန်းထွက်တော့ အဖေ က ပြက်လုံးပြက်ရော ၊ ပရိသတ်ကလည်း ရယ်ပေါ့ ၊ အဖေပြက်လုံး ပြက်ရင် ဇာတ်ခုံအောက်က ကောင်တွေက “ ဒါလား . . မင်းအဖေ ... လူပေါကြီး ” ဆိုတဲ့ မျက်နှာ ၊ မျက်လုံးတွေနဲ့ မရယ်ချင် ရယ်ချင် မျက်နှာပေးတွေနဲ့ ကျွန်တော့်ကို လှမ်းလှမ်းလုပ်ပြတယ် ။ စိတ်ကို တော်တော်လေး ချုပ်တည်းရပါတယ်ဗျာ .. ။

အငြိမ့်ဆိုတာလည်း ထုံးစံအတိုင်း သူ့သားသမီး ၊ ကိုယ့်သားသမီး ၊ သူ့ဆွေမျိုး ၊ ကိုယ့်ဆွေမျိုး ၊ သူ့မိန်းမ ၊ ကိုယ့်မိန်းမပြက်လုံး ထုတ်ကြတယ် ။ အဲဒီအခါ ပိုဆိုးတော့တာပါပဲ ။ ဥပမာ ကျွန်တော့် အမေ ကို တခြားလူရွှင်တော်တစ်ဦးက ပြက်လုံးထုတ်ရင် ဇာတ်ခုံအောက်က ကောင်တွေက အမေ့ကို လက်ညှိုးထိုးပြီး ၊ ဝိုင်းရယ်တယ် ။ အမေကတော့ မျက်နှာကြီး နီပြီးခေါင်းကြီး ငုံ့လို့ပေါ့ ။

အဖေက အနားကပ်လာပြီး ..

“ မိန်းမ .. မရှက်ပါနဲ့ .. ကိုယ့်ရပ်ကွက်ပွဲပဲ .. ပြက်လုံးထုတ်တာ ဘာဆန်းလဲ ” တဲ့ ။

အဲဒီမှာတင် ပြီးရင် ဘာမှမဖြစ်ဘူး ။ နောက်နေ့ အမေ ဈေးသွားရောင်းရင် ...

“ ဟဲ့ ညည်းယောက်ျား ပြောတဲ့အတိုင်းလား .. ”

“ ညည်းယောက်ျား တော်တော် မျက်နှာပြောင်တယ် ”

စသည်ဖြင့် မနေ့ညက ပြောခဲ့တဲ့ ပြက်လုံးတွေ တစ်‌ေဈးလုံး ပျံ့နှံ့ပြီး စမြုံ့ပြန် “တဟီးဟီး.. တဟားဟား ” ပေါ့ ။ အမေ့ခမျာ ဘယ်လို မျက်နှာထားရမှန်း မသိဘူး ။ အဲဒါက အမေ့ အပိုင်း.. ။

ကျွန်တော့်အပိုင်းက ကျွန်တော်တို့အတန်းပိုင် ဆရာ ၊ ဆရာမတွေက အစ ...

“ ဟဲ့ .. လူပြောင်သား .. ထစမ်း .. ”

ဘာရယ် မဟုတ် ၊ ဆရာ ၊ ဆရာမတွေက ချစ်လို့ ၊ ချစ်စနိုး နောက်ပြောင် ခေါ်ကြပေမယ့် မုန့်စားလွှတ်ချိန် ၊ ကျောင်းလွှတ်ချိန်မှာ ဆရာ ၊ ဆရာမတွေရဲ့ သံယောင်လိုက်ပြီး ကျွန်တော့်ကို စကြတော့တာပါပဲ ။ သည်းခံခွင့်လွှတ်နိုင်တဲ့ အဆင့်တွေ ကျော်လာတော့ ကျောင်းမှာ နာမည်ဆိုးကြီးတစ်လုံးကို ပိုင်ဆိုင်တဲ့ လူမိုက်တစ်ယောက် ဖြစ်လာရတယ် ။

ကြာလာတော့ ကျောင်းတက်ရမှာ ဝန်လေးလာတယ် ။ ကျောင်းစာတွေကို စိတ်မဝင်စားချင်တော့ဘူး ။ လွယ်အိတ်နဲ့ ကျောင်းစာအုပ်တွေဟာ ကျွန်တော့်ဘဝအတွက် ဘာမှ မလိုအပ်တော့ဘူးလို့ ထင်လာတယ် ။

ကျောင်းမှာရှိတဲ့ ကျောင်းသားတွေကို ရန်သူတွေလို မြင်လာတယ် ။ ကျောင်းသူတွေရှေ့မှာ ဖြတ်လျှောက်ရမှာ ရှက်လာတယ် ။ အဌမတန်း နှစ် မှာပဲ ကျောင်းပြေးတတ်လာတယ် ။ ရန်ပိုဖြစ်လာတယ် ။ ကျောင်းမှာ မကြာခဏ ပြဿနာလိုက်လိုက်ရှင်းရတာက “ အမေ ”

မျက်ရည်နဲ့မျက်ခွက်ဖြစ်ရတာ အမေ ၊ သူ့ခမျာ ကျွန်တော့် ကိစ္စတွေ လိုက်ရှင်းပေးရတာ တစ်ဖက် ၊ အငယ်ကောင်တွေ ကျောင်းကြို ကျောင်းပို့ လုပ်ရတာက တစ်ဖက် ၊ ဈေးရောင်းရတာက တစ်ဖက်နဲ့ တော်တော်လေး ကသီလှပါတယ် ။ ညညဆို ကြိတ်ကြိတ်ပြီး ငိုနေသံကို တစ်ခါတစ်ရံ ကျွန်တော် ကြားမိတယ် ။

◾ ကျော်ထူး

📖 လူပြောများတဲ့ လူပေါကြီး

koaungnaingoo.blogspot.com

.