❝ ဘအို ❞
ကျွန်မတို့ အိမ်ရဲ့အရှေ့မျက်နှာစာ ဇောင်းအောက် မှာ ကွပ်ပျစ်တစ်ချပ် ခင်းထားတယ် ။ အုန်းပင်နှစ်ပင်ရဲ့ အလက်တွေက ဇောင်းပေါ်မှာ ဖြာကျနေတာမို့ စိမ်းမြကြည်လင်တဲ့ နေရာလေးပါ ။ အဲဒီ ကွပ်ပျစ်ပေါ်မှာ ဖျင်တဘက်ကြီး ခေါင်းပေါင်းပြီး တင်ပျဉ်ခွေ ထိုင်နေတတ်တဲ့ “ ဘ ” ကို အမြဲလိုလို တွေ့ရတတ်ပါတယ် ။
“ ဘ ” ဟာ ဥပဓိရုပ် အလွန်ကောင်းတဲ့ မြန်မာ အဘိုးကြီး တစ်ယောက်ပါ ။ ကော့ပျံနေတဲ့ မျက်ခုံးမွေး ဖြူဖြူကြီးနှစ်သွယ်ဟာ မျက်ခွံထက် မှ ထင်းခနဲမြင်ရတယ် ။ အသက်အရွယ် အိုမင်းလာပေမယ့် အသားအရေက ဝင်းဝါနေသလို နှုတ်ခမ်းထူပြည့်ပြည့်ဟာလည်း ရဲစိုနေဆဲပါ ။ နှုတ်ခမ်းမွေး ၊ ပါးသိုင်းမွေး မထားတဲ့ ဘရဲ့ မျက်နှာပြင်ဟာ ပကတိ ရှင်းသန့်နေတယ် ။ ထောင်ထောင်မောင်းမောင်း နဲ့ ကျန်းမာဖျတ်လတ်တဲ့ ဘ ဟာ အလွန်စိတ် အားထက် သန်တတ်သူ တစ်ယောက်လည်းဖြစ်ပါတယ် ။
“ ဘ ” ဟာ မာနကြီးပြီး ဆွေဂုဏ်မျိုးဂုဏ်ကို အလွန်ယူတတ်သူပါ ။ ကျွန်မတို့ မြေးတွေကို မကြာခဏ ပြောလေ့ရှိတဲ့ ဘ ရဲ့စကားကတော့ -
“ ဘ တို့ အမျိုးတွေဟာ ဘယ်တုန်းမှ အောက်တန်း မကျဘူး ၊ အစဉ်အဆက် ရွာကို အုပ်ချုပ်ခဲ့ကြသူတွေ သူကြီးမျိုးတွေ ပေါ့ကွာ ။ မဟုတ်မခံ သတ္တိရှိတဲ့ အမျိုး ၊ သူများက လက်တစ်လုံး ေကြာ သွားရင် ထမင်းတောင် မစားနိုင်တဲ့ အမျိုး ”
“ ဘ ” ဟာ စိတ်ထက်တယ် ။ အကင်းပါးတယ် ။ မှတ်ဉာဏ်ကောင်းပြီး စကားအရာလည်း ကြွယ်တယ် ။ တစ်ချိန်တုန်း က ရွာမှာ ဘ ဟာ မင်္ဂလာ စကားပြော အလွန် နာမည်ရဆိုပဲ ။
“ ဘ ” မင်္ဂလာစကားပြော ကောင်းတာကို ကျွန်မတို့ မကြားမမီ လိုက်ရပေမယ့် မြေးတွေကို ပုံပြင် ၊ ဇာတ် ၊ နိပါတ်တော်တွေ ပြောပြတဲ့ နေရာမှာတော့ သိပ်ကောင်းတယ် ။ ဘ နားမှာ ဝိုင်းပြီး ကျွန်မတို့က ဘ ကို အမြဲ ပုံပြောခိုင်းတာပေါ့ ။ ဘ ရဲ့ ပုံပြင်တွေကို စိတ်ဝင်တစား နားထောင်ရင်း စားဖို့ ၊ အိပ်ဖို့ကိုတောင် သတိမရဘူး ၊ အဲသလို ပြောပြတိုင်း နောက်ဆုံးမှာ သွေးသောက်ကြီးမျိုး ဆိုသူတွေနဲ့ နိဂုံးသတ်လေ့ရှိပါတယ် ။
“ မြင်းခြံ မြောက်လက်နယ် မှာ သွေးသောက်ကြီး ဆိုတာ နှယ်နှယ်ရရ မဟုတ်ဘူးကွ ၊ လက် မောင်းသွေးကို ဖောက်သောက်ပြီး ဘုရင့်သစ္စာတော် ခံခဲ့တဲ့ မင်းတို့ရဲ့ဘိုး သွေးသောက်ကြီး ဆိုတဲ့ နာမည်နဲ့ ဆယ့်နှစ်ရွာ အုပ်ချုပ်ခဲ့တာပေါ့ ”
ကျွန်မတို့က ဘိုး ကို မမီ ၊ ဘ ကို မီသူတွေလေ ။ ကျွန်မတို့မီတဲ့ ဘ တောင် ဒီလောက် မာန်ရှိတာ ဘိုး ဆိုရင် ဆိုတဲ့ စိတ်ကူးနဲ့ မှန်းဆကြည့်ကြတယ် ။ ကျွန်မတို့ မသိလိုက်ရတဲ့ ဘ ရဲ့ညီတော် နောင်တော်တွေအကြောင်း ပြောပြတိုင်း ကျွန်မတို့ တအံ့တဩ ဖြစ်ခဲ့ရတယ် ။
ဘ ဟာ သူ့မျိုးရိုးနဲ့ ပတ်သက်ပြီး ကြံဖန် ဂုဏ်ယူတတ်သလို ကျွန်မတို့ မောင်နှမတစ်တွေကိုလည်း ဂုဏ်ယူတတ်ဖို့ စည်းရုံးခဲ့တယ် ။ ကျွန်မတို့ဟာ ဘ ရဲ့ အမျိုးမာန်တွေ ကြားမှာ ကြီးပြင်းခဲ့ရသူတွေပေါ့လေ ။
°°°°° °°°°° °°°°°
လက်ဦးဆရာ ၊ မည်ထိုက်စွ ၊ ပုဗ္ဗစရိယ မိနှင့်ဖ လို့ ဆိုထားပေမယ့် ကျွန်မတို့ မောင်နှမ ခြောက်ယောက်စလုံးအတွက်တော့ ဘ က လက်ဦးဆရာ လို့ပြောရမှာပါ ။
ငယ်စဉ် ကလေးဘဝကို မှတ်မိစ အရွယ်ကတည်းက ဘ ရဲ့ ဆုံးမစကား ၊ သွန်သင်လမ်းပြမှုများနဲ့ အတူနေထိုင်ခဲ့တယ် ။ ဘ ရဲ့ အမူအကျင့် စဉ်းစားတွေးခေါ်ဉာဏ်တို့ဟာ ကျွန်မတို့အတွက် အလွန်အတုယူစရာ ကောင်းပါတယ် ။ တစ်ခါက ဘ ကို လူတစ်ယောက် လာမေးတဲ့အကြောင်း ပြောပြတော့ -
“ ဘိုးကံသာ လို့ မေးတာလား ၊ ဦးကံသာ လို့မေးတာလား ၊ ကိုကံသာ လို့ မေးတာလား ” တဲ့ ။
သူ့နာမည် အခေါ်အဝေါ်ကို ဖမ်းပြီး ဘယ်သူ ဆိုတာ ခန့်မှန်းရအောင်လို့တဲ့လေ ။
ကျွန်မတို့ကို ဆုံးမတဲ့ ဘ ရဲ့စကားလေးတွေဟာ မှတ်သားနာယူဖို့ အင်မတန် ကောင်းပါတယ် ။
“ မင်းတို့ တုံးအောက်က ဖားတော့ မဖြစ်စေနဲ့ ဟေ့ ” တဲ့ ။
“ တုံးအောက်က ဖားဆိုတာ ဘာကို ပြောချင်တာလဲ ဘ ”
ဘ ဟာ ထူထဲ ရဲစိုနေတဲ့ နှုတ်ခမ်းအစုံကို မိန့်မိန့်ကြီး ပြုံးတယ် ။ ဘ ဟာ လေးလေးနက်နက် စကားဆိုချင်တိုင်း အဲသလို ပြုံးတတ်တယ် ။
“ တုံးအောက်က ဖားများ ဘယ်လိုပဲ တုံးပေါ်တင်တင် တုံးအောက်ပဲ ပြန်ဝင်တာ ငါ့မြေးရဲ့” တဲ့ ။
ကျွန်မတို့ ပညာကြိုးစားဖို့ ဆုံးမတာတောင် ဘ က အမြှောက်အပင့်လေးနဲ့ ။
“ မင်းတို့ သိပ် ကံကောင်းတယ် ။ ခေတ်ကာလ ကောင်း နဲ့ ကြုံတော့ ပညာကို အေးအေးဆေးဆေး သင်ခွင့်ရတာပေါ့ ။ စာပညာတတ်ခြင်းက လူကို အထက်တန်းကျစေခြင်း တစ်မျိုးပဲကွ ၊ ပညာတတ်ရင် လူ့အောက် မကျဘူး ၊ အရာရာကို တွေးတောဆင်ခြင်နိုင်တဲ့ ဦးနှောက် ရှိလာမယ် ။ ဘဝကို မြင့်သထက် မြင့်အောင် လျှောက်လှမ်းနိုင်မယ် ၊ နည်းတဲ့ ပါရမီတွေလားကွာ ။ မှတ်ထားကြ ငါမြေးတွေ ၊ မင်းတို့ဟာ သွေးသောက်ကြီးတွေကွ ၊ ဘယ်တော့မှ အောက်တန်း မကျစေရဘူး ”
ကျွန်မတို့ အကြီးသုံးယောက် ဆယ်တန်းအောင်လို့ တက္ကသိုလ် ဆက်တက်ကြတော့ ဂုဏ်အယူဆုံးနဲ့ အားအပေးဆုံးသူဟာ ဘ ပါ ။ ဘ နဲ့ သိသမျှ လူတွေ ၊ ရွာက လာသမျှ လူတွေအားလုံးကို ဘ က သူ့မြေး သုံးယောက် အကြောင်းနဲ့ ဧည့်ခံတယ် ။ ကျွန်မတို့ စာကျက်သံတွေကို နားစွင့်ပြီး ပြန်ပြောတတ်တယ် ။
တစ်ခါမှာ ရွာက သူ့တူ ဘကြီးချော အိမ်ကို ရောက်လာတယ် ။ မောမောပန်းပန်း နဲ့ အထုပ်ကြီး ဘေးချပြီး ဘ ကို နှုတ်ဆက်တယ် ။
“ ဘကြီးကံ နေကောင်းလား ”
“ ကောင်းပါ့ မောင်ရာ ၊ မင်းလာတာ ဘာကိစ္စနဲ့လဲကွ ”
“ ဘုန်းကြီးက မီးစက်ဝယ်ဖို့ စုံစမ်းခိုင်းလိုက်လို့ပါ ”
“ ဟေ - မီးစက် ဟုတ်လား ၊ အင်း ငါမြေးတွေ စာကျက်ကြတဲ့ အထဲမှာတော့ လျှပ်စစ်မီးလုံးတွေအကြောင်း ပါတယ်ကွ ၊ သူတို့ ဘွဲ့ရရင် လျှပ်စစ်မီးလုံးတွေ လုပ်ခိုင်းပြီး မင်းတို့ရွာကို လာဆင်ပေးရဦးမယ် ”
ဘ စကား ကြားတော့ ကျွန်မတို့ ရယ်မိကြတယ် ။ ရယ်သာ ရယ်ကြတာပါ ။ ကျွန်မတို့ စိတ်မကောင်းဘူး ၊ ဘ ရဲ့ မျှော်လင့်ချက်အပေါ် ကျွန်မတို့ မလုံမလဲ ဖြစ်ကြရတယ် ။
ကျွန်မတို့လည်း ကျောင်းတက်ရ ၊ စာကျက်ရနဲ့ ဘ အနားကို မကပ်နိုင်ကြတော့ဘူး ။ ကျွန်မတို့တစ်တွေနဲ့ စကားလက်ဆုံကျချိန် မရှိသလောက် ဖြစ်လာတယ် ။ ကွပ်ပျစ်ပေါ်မှာ တစ်ယောက်တည်း ငူငူကြီး ထိုင်နေရှာတဲ့ ဘ ကို ကျွန်မ သိပ်သနားမိတယ် ။ ဟိုတုန်းက ကျွန်မတို့ကို စကားတွေ အများကြီး ပြောခဲ့တဲ့ ဘ ဟာ အခုတော့ ကျွန်မတို့ စာကျက်သံတွေကို နားထောင်သူ ဖြစ်လာခဲ့တယ် ။ ကျွန်မတို့ မြေးတွေ စာကျက်သံ အောက် မှာ ဘ ရဲ့ အမျိုးမာန် စကားတွေ လျော့ပါးလာခဲ့တယ် ။ မြေးတွေရဲ့ စာအုပ်ထဲက လောကဓာတ် အကြောင်းတွေက ဘ ရဲ့ သွေးသောက်ကြီးမျိုးကွ ဆိုတဲ့ အကြောင်းနေရာမှာ အစားထိုး နေရာယူလာတယ် ။
အိမ်ကို လာသမျှ ဧည့်သည်တွေဟာ ဘ ရဲ့မြေးတွေ ပညာရေးအကြောင်း နားထောင်ရတော့တာပေါ့လေ ။
°°°°° °°°°° °°°°°
“ ဘ ” ဟာ အစွဲတစ်ခုကို ယုံကြည်စွာ စူးနစ်သူလည်း ဖြစ်တယ် ။
ဘ ရဲ့ သားသမီး အားလုံးထဲမှာ မေမေ က စီးပွားရေး အတောင့်တင်းဆုံးပါ ။ အစားအသောက် အနေအထိုင် ချောင်လည်လို့ ဘ က ကျွန်မတို့ နဲ့ လာနေတာ မဟုတ်ဘူးတဲ့ ။ ကျွန်မတို့ မိသားစုက မန္တလေး မှာ နေတာမို့ အတူလာနေတာလို့ပြောပါတယ် ။
“ အသက်ကလေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခို တဲ့ ၊ မန္တလေး က မင်းနေပြည်တော် ကွ ၊ အခုထိ ကျုံးမြို့ရိုး အထင်အရှား ရှိသေးတယ် ။ ထီးရိပ်နန်းရိပ် အငွေ့မှာ နေရတာကိုက ကံထူးလို့ပဲ ။ ငါ မန္တလေး မှာပဲ သေတဲ့အထိ နေမယ် ”
ကျွန်မတို့ထက် ဘ ဟာ မန္တလေး ကို ချစ်တယ် ။ စွဲလန်းတယ် ။ ဘယ်လောက်အထိ စွဲလန်းသလဲဆိုရင် ဘ နဲ့ မေမေ စကားများတော့ ဘ က စိတ်ဆိုးပြီး ရွာပြန်သွားဖူးတယ် ။
စကားများရတာကလည်း သူ့မြေးအကြီး နဲ့ပတ်သက်လို့ပါ ။ အစ်ကို က လမ်းထဲက ရွယ်တူ ကောင်လေးတစ်ယောက်နဲ့ ရန်ဖြစ်တယ် ။ သွားဆွဲရင်း မိဘချင်း စကားဆက် များကြတာပေါ့လေ ။ မေမေ က စကားနည်း ရန်စဲ ပြန်လာပေမယ့် မိန်းမကြီး က စကားတစ်ခွန်း အတွန့်တက်လိုက်တယ် ။
“ အလကားနေရင်း သွေးနားထင် ရောက်နေတဲ့ ဟာတွေ ။ ဘယ်လို အမျိုးအစားတွေ ဖြစ်ဖြစ် တို့ကတော့ အထင်မကြီးဘူး ဟေ့ ”
ဒါကို ကြားလိုက်တဲ့ ဘ ဟာ တောင်ဝှေးဆွဲပြီး အိမ်ရှေ့ထွက်တော့တာပဲ ။
“ ဟေ့ သတ္တိရှိရင် ယှဉ်ချင်ရာနဲ့ ယှဉ်လိုက်စမ်း ၊ နားထင်ရောက်နေတဲ့ သွေး ဘယ်လောက် နီတယ်ဆိုတာ ပြလိုက်စမ်းမယ် ၊ ထွက်ခဲ့ကြ ”
ဘာညာနဲ့ ထွက်ရမ်းတော့ တစ်အိမ်သားလုံး ဘ ကို ထွက် ဆွဲရတာပေါ့ ။ ကျွန်မတို့ လက်ထဲမှာ ကန့်လန့်ကန့်လန့် နဲ့ ပါလာတဲ့ ဘ ဟာ အံ့ဩစရာ ကောင်းလောက်အောင် သန်မာနေခဲ့တယ် ။ ဘ ဟာ မကျေမနပ်နဲ့ အံ ကို တင်းနေအောင် ကြိတ်ထားတယ် ။ ဘ လက်ထဲက တောင်ဝှေးကို ဆွဲယူလို့ မရခဲ့ဘူး ။ သူပြောချင် သလောက် မပြောလိုက်ရတော့ ဘ က မေမေ့ ကို ဆက်ရမ်းတာပေါ့ ။ နိုင်အောင် မပြောရကောင်းလား ၊ အညံ့ခံခဲ့ရမလား ဆိုပြီး စကားများကြတယ် ။ ။ မေမေ က ပြန်အော်တော့ ဘ က စိတ်ဆိုးပြီး ရွာပြန်သွားတယ် ။
ဖေဖေ ရွာကို ပြန်ပြီးချော့မော့ခေါ်တယ် ။ မလိုက်ဘူး ၊ မေမေ ကိုယ်တိုင် ကျွန်မ နဲ့ နောက်ထပ် တစ်ခေါက် သွားခေါ်တယ် ၊ မလိုက်ဘူး ။
ဘယ်ကျမှ ဘ ပြန်လာသလဲ ဆိုရင် အပြင်းဖျားတော့မှ အရေးပေါ် ပြန်လာတာ ။ ဘ ပြန်လာတဲ့ နေ့ကို ကျွန်မ မှတ်မိပါသေးတယ် ။ ဘ ရဲ့ တူတွေ က ဘ ကို ပွေ့ပြီး အိမ်ထဲဝင်လာတော့ ဘ သတိလစ်နေတာ ။ ဘ ရဲ့ တစ်ကိုယ်လုံးလည်း ခြစ်ခြစ်တောက်ပူလို့ ။
ကျွန်မတို့လည်း ဆရာဝန် ချက်ချင်းပြေးပင့် ဆေးထိုး ၊ ဆေးသွင်း အားချင်း ကုကြတာပေါ့ ၊ ရက်တစ်ပတ်လောက် နေတော့ ဘ နာလန်ထလာတယ် ။ ကြက်စွပ်ပြုတ်ရည်လေး ၊ ဆန်ပြုတ်လေး သောက်နိုင်လာတယ် ။ တဖြည်းဖြည်းနဲ့ ဘ မျက်နှာ ပြန်ကြည်လင်လာတယ် ။
“ ဘ စ , ဖျားဖျားချင်း ဆေးသောက်ပါတယ် ။ မရဘူးကွ ၊ အပြင်းဖျားလာတော့ ဘ ကြောက်လာတယ် ။ သေရမှာကို ကြောက်တာ မဟုတ်ဘူး ။ ဘ ဆုံးဖြတ်ချက် ချထားတဲ့ မန္တလေး မှာ မသေရမှာကို ကြောက်တာ ။ ဒါကြောင့် ဆွေမျိုးတွေ တားတဲ့ ကြားက မန္တလေး ကို ဇွတ်ပြန်လာတာ ။ လမ်းမှာ မသေဖို့ ဘ က အားတင်းလာတာကွယ့် ။ မန္တလေး ကို ဝင်တော့မှ ဘ စိတ်လျှော့ချလိုက်တာ ”
မသေကောင်း မပျောက်ကောင်း ဘ တစ်ယောက် စိတ်ကြီးပုံတွေလေ ။ ကျွန်မတို့မှာ ငိုအား ထက် ရယ်အား သန် ရတော့မလို ၊ ကလေးဆိုးကြီး ဘ ကို အချစ်ပိုခဲ့ရတယ် ။
အဲသည်လောက်ထိ ဘ က မန္တလေးကို စွဲတာ ။
°°°°° °°°°° °°°°°
ကျွန်မတို့ ကျောင်းပြီးလို့ ဘွဲ့အသီးသီး ရကြတော့ ဘ က မေးတယ် ။
“ မင်းတို့ ဘွဲ့ရပြီ ၊ ဘာဆက်လုပ်ကြမလဲ ။ ဘ ကို ပြောကြစမ်း ”
ဘ ရဲ့ စိတ်အားထက်သန်နေတဲ့ မျက်နှာကြီးကို ကျွန်မ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး ။
အဲသလို ဘ က မေးတော့ ငယ်ငယ်တုန်းက ကျွန်မတို့ ရွတ်ဆိုခဲ့ဖူးတဲ့ ကဗျာလေးကို သတိရမိတယ် ။ “ လူလေးကြီးရင် ဘာလုပ်မယ် ၊ မေမေ မေးရင်ကွယ် ” ဆိုတဲ့ ကဗျာလေးကိုပါ ။
ဘ စိတ်ကျေနပ်အောင် တစ်ယောက် တစ်မျိုး အဖြေပေးလိုက်ရပေမယ့် ကျွန်မတို့အဖြေတွေအတိုင်း ဖြစ်မလာကြပါဘူး ။
အစ်ကိုကြီး က ဖေဖေ ရဲ့ အလုပ်ကို ဆက်လုပ်တယ် ။ အစ်ကိုလတ် က အရောင်းအဝယ် လုပ်တယ် ။ ကျွန်မကတော့ မူလတန်းပြ ဆရာမလေး ပေါ့ ။ တကယ်တန်း ကျောင်းသူ ကျောင်းသားဘဝကို စွန့်လွှတ်ပြီး အပြင် လောကကို ထိုးဖောက်ဝင်ရောက်ကြည့်ကာမှ ကျော်ဖြတ်ရတဲ့ အခက်အခဲတွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ကျွန်မတို့ သိလာရတယ် ။
အစ်ကိုကြီး က လုပ်ငန်းတွေ မကောင်းတော့တဲ့ အကြောင်း ၊ အစ်ကိုလတ် က အရောင်းအဝယ်မှာ စကားမပီတဲ့ သူတွေကို မထိုးဖောက်နိုင်တဲ့ အကြောင်း ၊ ကျွန်မ က ကလေးတွေရဲ့ အနာဂတ်အကြောင်း ဘ ကွယ်ရာမှာ ပြောဖြစ်ကြတယ် ။ ဘ ရှေ့မှာတော့ ကျွန်မတို့က တကယ့်ကို လူစွမ်းကောင်းကြီးတွေ လို အိုက်တင်အပြည့်နဲ့ ပေါ့လေ ။
ကျွန်မတို့ရဲ့ ဟန်ဆောင်မှုတွေကို ဘ မသိရှာပါဘူး ။ ဘ က အကင်းပါးပေမယ့် အိုရှာပြီလေ ။ ဘ ရဲ့ မျက်စိ တွေ နား တွေလည်း အိုကြပြီပေါ့ ။ ဒါပေမဲ့ ဘ က စိတ်မကျဘူး ၊ ကျွန်မရဲ့ အောက်က အငယ်သုံးယောက်ကို သူ့မျိုးရိုး အကြောင်း ၊ ကျွန်မတို့လို ပညာတတ်အောင် ကြိုးစားကြဖို့ အကြောင်းတွေ ပြောဟော ဆုံးမနေတုန်းပဲ ။
တစ်ညမှာတော့ ဘ က ကောက်ကာငင်ကာနဲ့ပဲ ။
“ မင်းတို့ မီးလုံးတွေ မလုပ်ကြသေးဘူးလား ၊ ငါက ရွာကို ကတိပေးထားတာကွ ၊ အဲဒါ ကြိုးစားကြဦး ” တဲ့ ။
ကျွန်မတို့လည်း တစ်ယောက် မျက်နှာကို တစ်ယောက် လှမ်းကြည့်ကြရင်းနဲ့ မျက်ရည်တွေ လည်လာတယ် ။ ဘ ကို ဘယ်လို နှစ်သိမ့်ရမလဲဆိုတဲ့ စကားစကို ရှာနေဆဲမှာပဲ လျှပ်စစ်မီးတွေ ပြတ်တောက်သွားတယ် ။
ကျွန်မတို့ ဘ ကို အဖြေမပေးလိုက် မိဘူးလေ ။
°°°°° °°°°° °°°°°
တစ်နေ့မှာ ကျွန်မတို့အိမ် ရွှေ့ပြောင်းရဖို့ အကြောင်းပေါ်လာတယ် ။ အနှစ် ( ၂၀ ) ကျော် နေလာတဲ့ ကျွန်မတို့ နေရာကို အရမ်းပဲ တွယ်တာ နေမိပြီ ။ သစ်ပင်ပန်းမာလ် တွေနဲ့ စိုပြည်နေတဲ့ ကျွန်မတို့ ခြံလေးကို ကြည့်ပြီး စိတ်မကောင်းဘူး ၊ ဘ ထိုင်နေကျ ကွပ်ပျစ်လေးကို မြင်လိုက်ရတော့ ကျွန်မ မျက်ရည်ကျလာတယ် ။
ဘယ်တတ်နိုင်မလဲ ။ ကျွန်မတို့ ရွှေ့ဖို့ပြောင်းဖို့ စီစဉ်ရတော့တာပေါ့ ။ ဘ မသိအောင် လှုပ်ရှားကြပေမယ့် ဘ က သိဖြစ်အောင်ကို သိသွားတယ် ။
“ ဘယ်ရွှေ့ကြမလို့လဲ ဟ ၊ နင်တို့ဟာ ”
“ ဟိုလေ ဒိထက် အေးဆေးတဲ့ နေရာကိုပေါ့ ဘရဲ့”
“ အိုဗျာ ၊ ဒီမှာ ဘာပူနေလို့လဲ ၊ မန္တလေး မှာပဲ ငါက နေမှာ ၊ နင်တို့ ရွှေ့ချင် ရွှေ့ကြ ”
“ အို ဘ ကလည်း မန္တလေး တော့ မန္တလေး ပါပဲ ဘ ရဲ့”
ကျွန်မတို့မှာ ပစ္စည်းတွေ သယ်ကြ ၊ ပြောင်းကြဖို့ အရေးက မခက်ခဲဘဲ ဘ ကို နားချဖို့ ခက်ခဲလာတယ် ။ အကျိုးအကြောင်းကို ဘ သဘောပေါက်အောင် ရှင်းပြပြီး အတော်ကြီးကို နားချယူရတယ် ။ ဒါပေမဲ့ ဘ က အစာကြေပုံတော့ မရပါဘူး ။
အသက် ( ၈၀ ) ကျော်လာတော့လည်း ဘ ရဲ့ သွေးသောက်ကြီးမျိုး ဆိုတဲ့ သွေးတွေလည်း မဆူပွက်နိုင်တော့ပါဘူး ။ ကျွန်မတို့နဲ့အတူ နေရာသစ်ကို လိုက်ခဲ့ရရှာတယ် ။
နေရာသစ်မှာ ဘ မပျော်ရှာဘူး ၊ ကျွန်မတို့ သိတာပေါ့ ၊ ကျွန်မတို့မှာ လောလောဆယ် ဘ ထိုင်ဖို့ ကွပ်ပျစ်ကလေး တစ်ချပ်တောင် ခင်းမပေးနိုင်သေးဘူး ။ အုန်းပင်ကလေးတွေလည်း မစိုက်နိုင်သေးဘူး ။
စိပ်ပုတီးကို တစ်ချောက်ချောက် စိပ်ရင်း ဘုရားခန်းအတွက် ကန့်ထားတဲ့ အဖီလေးအောက် မှာ ဘ ထိုင်နေတတ်တယ် ။ အလုပ်တွေ များနေလို့ မြေးတွေလည်း ဘ အနား မကပ်နိုင်ကြဘူး ၊ မျက်ခုံးမွေး ဖြူဖြူကြီးနှစ်သွယ်ကို တွန့်ချိုးထားတဲ့ ဘ ရဲ့ မကျေမနပ်မျက်နှာကြီးကိုပဲ မြင်နေရတယ် ။
စကား သိပ်ပြောချင်တဲ့ ဘ ဟာ ဘာစကားမှ သိပ်မပြောတော့ဘူး ၊ ကျွန်မတို့ကို လျှပ်စစ်မီးလုံးတွေ လုပ်ဖို့လည်း မတိုက်တွန်းတော့ဘူး ။
ကျွန်မကတော့ ထူထဲရဲစိုနေတဲ့ ဘ ရဲ့နှုတ်ခမ်းနှစ်လွှာကြား က ထွက်လာမယ့် စကားတွေကို ကြောက်ရွံ့စွာ စောင့်စားနေမိတယ် ။ ဒါပေမဲ့ ဘ ဟာ ခပ်တိုးတိုးတောင် မပြောတော့ဘူး ။
တကယ်တော့ ဘ ဟာ မျက်စိလုံးလုံး ကွယ်သလိုလည်း ဖြစ်သွားပြီ မှုတ်လား ။
◾ခင်ခင်ထူး
📖 ရုပ်ရှင်အမြူတေ မဂ္ဂဇင်း
၁၉၉၅ ခုနှစ် ၊ ဖေဖော်ဝါရီလ
koaungnaingoo.blogspot.com
.
No comments:
Post a Comment